Saturday, December 15, 2012

သူပုန်ကျောင်းသာတဦးရဲ့ မာရသွန် ခရီး ၁၈

ဘုရားသုံးဆူစခန်းမှ  တောတွင်းတက္ကသိုလ်ဆီသို့

စန်ခရဘူရီကနေ ကန်ချနဘူရီအထိ ရိုးရိုးဘတ်စကားအနီ၊ ကန်ချနဘူရီကနေ ဘန်ကောက်ကိုတော့ အဲယားကွန်းအစိမ်းရောင်ကားကို စီးပြီး ညနေ ၆ နာရီကျော် ၇ နာရီလောက်မှာ ဘန်ကောက် စိုင်တိုင်းမိုင် (တောင်ပိုင်းဒေသကားဂိတ်) ဆီ ကျနော်တို့ ၅ ဦး ချောချောမောမော ဆိုက်ရောက်လာပါ တယ်။ ဒါပေမယ့် ဘန်ကောက်ကိုရောက်တာနဲ့ ပြဿနာက စပါလေရော။


သီဘောဘိုးစခန်းမှ တောတွင်းတက္ကသိုလ်နဲ့ လုံခြုံရေးတာဝန်ကျ တပ်ဖွဲ့ဝင်တချို့

ကိုယ့်ပုံကိုယ် မြို့သားပုံပေါက်နေပြီလို့ ထင်ထားပေမယ့် ထိုင်းရဲတွေ မျက်စိထဲမှာတော့ ကျနော်တို့ပုံတွေက ဖမ်းချင်စရာကြီး ဖြစ်နေပုံရပါတယ်။ ကျနော်တို့ ၀တ်စားထားတဲ့ပုံက ထိုင်းထောက်လှမ်းရေးလိုလို ပုံဖမ်းထားပေမယ့် တရုတ်လုပ် စစ်ကျောပိုးအိတ်တလုံးစီ လွယ်လာမိတယ်ဆိုတာကို သတိမထားဖြစ်လိုက်ပါ။ ဆိုတော့ ငွေညှစ်ဖို့ စောင့်နေတဲ့ ရဲတွေအတွက် သားကောင်ဖြစ်ခဲ့ရပြန်ပေါ့။

ဒါပေမယ့် ကျနော်တို့ကို ငွေညှစ်တဲ့ရဲက ယူနီဖောင်းဝတ်မထားဘူး။ ကျနော်တို့ငှားတဲ့ တက္ကစီပေါ် အတင်းတက်လာပြီး မင်းတို့ ဘယ်သူတွေလဲ၊ ဘယ်ကိုသွားမှာလဲ၊ ဘတ် (အလုပ်သမားလက်မှတ်) ပါလားဆိုပြီး စစ်ပါတယ်။ တကယ်ကတော့ စိုင်တိုင်းမိုင်ကနေ လပလောင် (Lat Phrao) လမ်းရှိ ဗဟိုဆက်သွယ်ရေးရုံးဆီ သွားဖို့ တက္ကစီငှားစဉ် လပလောင်ကို မြန်မာတွေခေါ်တဲ့အတိုင်း လက်ပလောင်အို ဆိုပြီး ပြောလိုက်တာမှာ ကားသမားက နားမလည်လို့ ဘေးကလူကို မေးရာကနေ အဲဒီငွေညှစ်တဲ့လူ ကားပေါ်ရောက်လာတာ ဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီရဲက ယူနီဖောင်း ဝတ်မထားတော့ ကျနော်တို့က ရဲမှန်းမသိ။ ငွေညှစ်မယ့် လူဆိုး၊ လူလိမ်တဦးဦး လို့ထင်ပြီး “ဒီကောင် ငါတို့ကို တခုခုလုပ်ရင်တော့ ၀ိုင်းချမယ်” ဆိုပြီး ကျနော်က ပဒိုလောင်း ၄ ဦးကို အမိန့်ပေးထားပါတယ်။ အဲဒီလူနဲ့ ကားသမားကလည်း ကျနော်တို့ပြောနေတဲ့ ထားဝယ်စကားကို နားမလည်ပေမယ့် ကျနော်တို့ရဲ့ မျက်နှာအနေထားနဲ့ တကယ်လုပ်မယ့်ပုံကိုများ ခန့်မှန်းမိသလားမသိပါ။ ထောက်လှမ်းရေးလက်မှတ်ကို ဖင်ပြန်ခေါင်းပြန် ကြည့်ပြီးတဲ့နောက် အဲဒီလူ ကားပေါ်ကနေ ပြန်ဆင်းသွားပါတယ်။ ပြီးတော့ တက္ကစီသမားက တောင်းတောင်းပန်ပန်နဲ့  လပလောင်အို ၁၀၁ ဆွိုင် ၁ ထဲက ရုံးခန်းရှေ့အထိ လိုက်ပို့ပေးခဲ့ပါတယ်။ ကျနော်တို့လည်း ဒီတော့မှ သက်ပြင်းချနိုင်ပြီး ထိုင်းစကား မပီတဲ့ဒုက္ခကို ပြောရင်း ၀ိုင်းရယ်ကြပါတယ်။

ဘန်ကောက်ကနေ မဲဆောက်အဆင်းမှာတော့ နာမည်ကြီး တာခ်ခရိုင် တောင်ကြားဂိတ်မှာ အစစ်ခံရပြန်ပါတယ်။ ဒီတောင်ကြားဂိတ်ဟာ မြန်မာတွေကို ဖမ်းတဲ့နေရာမှာ နာမည်အကြီးဆုံးနေရာဖြစ်ပြီး အခုချိန်အထိ နာမည်ကြီးနေဆဲ ဖြစ်ပါတယ် (တချို့ကုန်တင်ကားတွေကို သံဆူးချွန်နဲ့ထိုးပြီး ရှာတဲ့အတွက် သစ်သီးသစ်ရွက်တွေကြား ပုန်ပြီးလိုက်လာတဲ့ မြန်မာနိုင်ငံသားတွေ ဒဏ်ရာရတာတွေ၊ အသက်ရှု ပိတ်ပြီး သေဆုံးတဲ့အထိ ဖြစ်ခဲ့ရတာတွေ ရှိခဲ့ပါတယ်)။

မဲဆောက်-ဘန်ကောက်ကို အသွားအလာများတဲ့ ဗဟို ကော်မီတီဝင်တွေဆီကနေ  ကြားဖူးတဲ့စကားတွေအရ အိပ်ပျော်နေသူကို ရဲကနှိုးပြီး စစ်လေ့မရှိဘူးဆိုပါတယ်။ ဒါကြောင့် စစ်ဆေးရေးရဲ ကားပေါ်တက်လာရင် အားလုံး အိပ်ပျော်ချင်ယောင်ဆောင်နေဖို့ ပဒိုလောင်း ၄ ဦးကို ကျနော်က ညွှန်ကြားထားပါတယ်။ ဒါပေမယ့် ကျောင်းသားတွေနဲ့ ခဏခဏ တိုးဖူးပြီး မြန်မာစကားတောင် နည်းနည်းတတ်နေပြီဖြစ်တဲ့အထိ တိုးတက်ပြောင်းလဲနေတဲ့ ရဲတွေရဲ့အခြေနေကို ကျနော်တို့က မသိလိုက်။ ကားပေါ်တက်လာတဲ့ ရဲက တခါတည်းတန်းပြီး အိပ်ပျော်နေတဲ့လူတွေကိုမှ ရွေးပြီး အရင်ဆုံး စစ်တော့တာပါပဲ။ ဒီလိုနဲ့ အိပ်ပျော်ချင်ဟန် ဆောင်နေတဲ့ ကျနော်တို့ ၅ ဦးထဲက အသားအညိုဆုံး ပုဂ္ဂိုလ် ကိုတင်စိုးကို ရဲက ဆွဲပါလေရော။

“ဘတ်ရှိလား၊ လက်မှတ်ပါလား” ဆိုပြီး အဲဒီရဲက မြန်မာလို မပီတပီနဲ့ မေးနေပါတယ်။ ဒီတော့မှ ခပ်တည်တည်နဲ့ ထိုင်းယောင်ဆောင်နေတဲ့ ကျနော်လည်း မနေသာတော့ပဲ ထောက်လှမ်းရေးလက်မှတ်ကို ထုတ်၊ ထိုင်းတ၀က်၊ အင်္ဂလိပ်တ၀က် လက်ဟန်ခြေဟန်တ၀က်နဲ့ တတ်သမျှမှတ်သမျှ ၀င်ရှင်းရပါတယ်။ ဒါပေမယ့် အဲဒီရဲက လက်မခံဘဲ ကျနော်တို့ ၅ ဦးကို ကားပေါ်ကဆွဲချပြီး ဂိတ်တဲထဲ ခေါ်သွားပါတယ်။ နောက်ဆုံးမှာတော့ တာဝန်အကြီးဆုံး ရဲအရာရှိက ထောက်လှမ်းရေးလက်မှတ်ကို ဖင်ပြန်ခေါင်းပြန် ကြည့်ပြီး ကားပေါ်ပြန် တင်ပေးလိုက်မှပဲ ဒုတိယမ္ပိ သက်ပြင်းချနိုင်ပါတယ်။


တောတွင်းတက္ကသိုလ်နဲ့ နိုင်ငံရေးမှူးသင်တန်း

မဲဆောက်ကိုရောက်ပြီး နောက်တရက်မှာတော့ မဲဆောက်-မော်လီချိုင်း (မလူးချိုင်း) လိုင်းကားကိုစီးပြီး သီဘောဘိုးစခန်းဆီ ကျနော်တို့ ၅ ဦး ခရီးနှင်ခဲ့ပါတယ်။ သီဘောဘိုးဟာ ကျနော်တို့ ကျောင်းသားတွေအကြား နာမည်အကြီးဆုံး စခန်းတခုဖြစ်ပေမယ့် အဲဒီအချိန်ထိ ကျနော်တခါမှ မရောက်ဖူးသေးပါ။ ကားဂိတ်ဆုံးတဲ့ ထိုင်းရွာကနေ သောင်ရင်းမြစ်ဖျားကို ဖြတ်သွယ်ထားတဲ့ ကြိုးတံတားလေးကို ၁၀ မီတာလောက် ဖြတ်လျှောက်လိုက်တာနဲ့ KNU လုံခြုံရေးဂိတ်ကို ရောက်ပါတယ်။

ကံကဆိုးချင်တော့ KNU လုံခြုံရေးဂိတ် အနီးနားမှာ ကျနော်နဲ့သိတဲ့ ကျောင်းသားတဦးမျှမရှိ။ ကျနော်တို့မှာ ထိုင်းထောက်လှမ်းရေး လက်မှတ်ရှိနေတယ်ဆိုပြီး ဗိုလ်မှူးစိုးစိုးဆီက လက်မှတ်ကို ယူမလာခဲ့တာကလည်း ကျနော်တို့ အမှားပါပဲ။ နယ်မြေကော်မီတီက ရေးပေးလိုက်တဲ့ ခရီးသွားလက်မှတ်ကို ထုတ်ပြပေမယ့် KNU ဂိတ် စစ်ဆေးရေးအရာရှိက လက်မခံပါဘူး။


တောတွင်းတက္ကသိုလ်မှာ နိုင်ငံရေးသင်တန်းတခု ပေးနေစဉ်

သီဘောဘိုးမှာ ဘယ်သူနဲ့သိလဲ၊ ဘယ်ကနေ ဘယ်လိုရောက်လာတာလဲ၊ မေးခွန်းတွေက စုံနေတာပါပဲ။ ကျနော်တို့ကလည်း ဘန်ကောက်က ထိုင်းရဲကိုတောင် ရိုက်မယ်နှက်မယ် ဟန်ရေးပြပြီး လုပ်လာသူတွေဆိုတော့ အဲဒီအရှိန်က မပျောက်သေး။ ဒီလိုနဲ့ ဂိတ်မှူးနဲ့ကျနော် အခြေအတင်စကားများရင်း ၁၅ မိနစ်လောက် ကြာသွားတယ်လို့ ထင်ပါတယ်။

နောက်ပိုင်းမှ ပြန်သိရတာကတော့ ကျနော့်ပုံစံဟာ မြို့ပေါ်က ထိုင်းရဲတွေအတွက် ထိုင်းနိုင်ငံသားတဦးလို ပုံမှားရိုက်လို့ ရလောက်အောင် ထိုင်းတဦးနဲ့ တူနေပေမယ့် တောထဲက KNU စစ်ဆေးရေးအရာရှိတဦးရဲ့ အမြင်မှာတော့ တောထဲကကျောင်းသားနဲ့ မတူဘဲ ဘန်ကောက်က ဆင်းလာတဲ့ ကျောင်းသားလိုလို၊ သံရုံးကလူလိုလို၊ ပွဲစားလိုလို ပုံပေါက်နေတဲ့အတွက် မယုံသင်္ကာဖြစ်ပြီး အခုလို အသေချာအစစ်ခံခဲ့ရတာလို့ ပြန်သိခဲ့ရပါတယ်။
နောက်ဆုံးမှာတော့ သီဘောဘိုး စခန်းကော်မီတီနဲ့ ၀ါကီတော်ကီ အဆက်အသွယ် ရသွားပြီး သွားလို့ရပြီလို့ ဂိတ်မှူးက ပြောပါတယ်။ တကယ်က နယ်စပ်ဂိတ်နဲ့ သီဘောဘိုးရွာက သိပ်မဝေး၊ ၁၅ မိနစ်လောက် လမ်းလျှောက်လိုက်ရုံနဲ့ ရောက်ပါတယ်။

ဟော … သီဘောဘိုးရွာကို ရောက်ပါပြီ။ ဓာတ်ပုံထဲမှာ မြင်ထားရတဲ့အတိုင်းပါပဲ။ ကလက်ဒေးရွာနဲ့ အတော်အဆင်တူပါတယ်။ ဒါပေမယ့် သီဘောဘိုးက ပိုစည်းကားပြီး ရေလိုင်း၊ မီးလိုင်း ဆက်သွယ်ထားမှုက ပိုစနစ်ကျတယ်လို့ ကျနော် ထင်မိပါတယ်။ အဲဒီမှာ ခနနား၊ အအေးတခွက်စီသောက်ပြီး နောက်ထပ် ချောင်းတခုကိုဖြတ်၊ တောလမ်းတွေအတိုင်း နာရီဝက်ကျော်ကျော် လမ်းလျှောက်ပြီးချိန်မှာတော့ ကျောင်းသားတွေရဲ့ သီဘောဘိုးစခန်းနဲ့ တောတွင်းတက္ကသိုလ်ကို ရောက်ပါတယ်။

သီဘောဘိုးမှာ တွေ့ရတဲ့ အဆောက်ဦတွေက ကျနော်တို့ မင်းသမီးနဲ့ ဘုရားသုံးဆူကလို ၀ါးတဲ၊ သက်ကယ်မိုးတွေ မဟုတ်သလို ကလက်ဒေး သံလွင်ဘက်ကလို သစ်စက်ကထွက်တဲ့ ကျွန်းသစ်တွေနဲ့ အခိုင်အမာ ဆောက်ထားတာမျိုးလဲ မဟုတ်ပါ။ ဒီ ၂ ခုကြားက အခြေနေလို့ မြင်မိပါတယ်။ ခြေသလုံး လောက်ရှိတဲ့ ကျွန်းသစ်နဲ့ အခြားသစ်မာတွေကို တောထဲကနေ အပင်လိုက် ခုတ်ယူလာပုံရတဲ့ တိုင်ငယ်တွေနဲ့ ဆောက်ထားတဲ့ မြေစိုက်တဲတွေဖြစ်ပြီး အမိုးကတော့ အင်ဖက်ဖြစ်ပါတယ်။ ပြီးတော့ ကျွန်းတောတွေကြားမှာ စခန်းဆောက်ထားတာမို့ ကျနော်တို့ မင်းသမီး၊ ဘုရားသုံးဆူစခန်းတွေနဲ့စာရင် အရိပ်ကောင်းပြီး နည်းနည်း ပိုအေးတဲ့သဘော၊ ငှက်ဖျားပိုထူမယ့်သဘောရှိပါတယ်။

အဲဒီကာလ စခန်းကော်မီတီ ဥက္ကဌက အက်စ်အောင်လွင် (အခု ဂျာမနီ)၊ အတွင်းရေးမှူးက ကိုအောင်နိုင်ဦး (နောက်ပိုင်း ဗဟိုနိုင်ငံခြားရေးဌာန တာဝန်ခံ၊ အခု ဗဟုဖွံ့ဖြိုးရေးအင်စတီကျု အဖွဲ့သားနဲ့ နိုင်ငံရေးအကဲခတ်အဖြစ် လူသိများနေသူ) ဖြစ်ပါတယ်။ တောတွင်းတက္ကသိုလ် ကျောင်းအုပ်ကြီးကလည်း ကိုအောင်နိုင်ဦးပဲဖြစ်ပြီး ပဒိုသင်တန်း သို့မဟုတ် နိုင်ငံရေးမှူးသင်တန်းကို တာဝန်ယူထားတဲ့ သင်တန်းမှူးကတော့ ရှေ့နေ ဦးအောင်ထူး (နောက်ပိုင်း ဗဟိုအတွင်းရေးမှုး ၁ နဲ့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီ အတွင်းရေးမှူးဖြစ်လာသူ) ဖြစ်ပါတယ်။ ဦးအောင်ထူးဆီမှာ ပဒိုလောင်းလျာ ၄ ဦးကို အသေချာ အပ်နှံပြီးတဲ့နောက် သီဘောဘိုးကနေ မဲဆောက်ကို ကျနော် ပြန်လာခဲ့ပါတယ်။

မဲဆောက်ဒေသကနေ မင်းသမီးဘက်ဆီ အပြီးမပြန်ခင်မှာ နိုင်ငံခြားဧည့်သည်တွေကို ပို့ရင်းနဲ့ သီဘောဘိုးစခန်းကို နောက်ထပ် ၃ ခေါက်လောက် ထပ်ရောက်သေးတယ်လို့ ထင်ပါတယ်။ နောက်တခါ သီဘောဘိုးရဲ့ စခန်းခွဲတခုဖြစ်တဲ့ မောကဲစခန်းကိုလည်း ၂ ခေါက်လောက် ကျနော်ရောက်ခဲ့ပါသေးတယ်။ အဲဒီကာလ မော်ကဲစခန်းဥက္ကဌဟာ ဦးတင်ရွှေ (ကွယ်လွန်) ဖြစ်ပြီး စာရင်းစစ်တာဝန်နဲ့ ရောက်ခဲ့တာပါ။ နောက်တခါ ဝေါလေရွာဘက်ကိုလည်း ကျနော် တခေါက်ရောက်သေးပေမယ့် တပ်မဟာ ၆ အတွင်းပိုင်းကိုတော့ တခါမှ မရောက်ဖူးလိုက်ပါ။ နောက်ထပ် စာရင်းစစ်တာဝန်နဲ့ ကျနော်ရောက်ဖြစ်ခဲ့တဲ့ခစန်း တခုကတော့ ရေကျော်စခန်းဖြစ်ပါတယ်။

စောထစခန်းကိုတော့ Burma Coordinating Group (BCG) မှ နိုင်ငံခြားအလှူရှင် ဧည့်သည်တွေကို လိုက်ပို့ရင်းနဲ့ တခေါက်ရောက်ခဲ့ပါတယ်။ BCG ဟာ အဲဒီကာလက ကျောင်းသားစခန်းတွေကို ရိက္ခာနဲ့ နေရေးထိုင်ရေး အဓိက ကူညီထောက်ပံ့ပေးနေတဲ့ အဖွဲ့ကြီးဖြစ်ပါတယ်။ ကျန်းမာရေးကိစ္စကိုတော့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) က ကူညီပေးပါတယ်။
အဲဒီကာလဟာ ကျောင်းသားလှုပ်ရှားမှုသတင်း အထွတ်အထိပ် ရောက်နေချိန်ဖြစ်တာမို့ နိုင်ငံတကာက အလွတ်သတင်းထောက် အတော်များများကိုလည်း ကျောင်းသားစခန်းတွေမှာ လနဲ့ချီနေပြီး သတင်းယူနေတာကို တွေ့ရဖူးပါတယ်။ အဲဒီထဲက ကျနော်မှတ်မိနေသူ ၂ ဦးကတော့ ABSDF အကြောင်း ရုပ်သံ မှတ်တမ်းရိုက်နေတဲ့ Image Asia မှ သြစတေလျးသူ သတင်းထောက် ညီအစ်မနှစ်ဦး ဖြစ်ပါတယ်။ သူတို့ဟာ မြန်မာစကားကိုလည်း အတော်ပြောတတ်ပြီး ကျောင်းသားတွေနဲ့ ရင်းရင်းနှီးနှီးနေခဲ့တဲ့ အနောက်တိုင်းသူတွေအဖြစ် ကျနော်အမှတ်ရ နေပါတယ်။


သီဘောဘိုးစခန်းမှ တပ်ဖွဲ့ဝင်တချို့ စစ်ကြောင်းထွက်ရန် ပြင်နေစဉ်
KNU နယ်မြေရှိ ကျောင်းသားစခန်း ၇ ခုထဲက ကျနော် မရောက်ဖူးလိုက်တဲ့ တခုတည်းသော စခန်းကတော့ မင်းသမီးစခန်းနဲ့ အနီးဆုံး၊ မင်းသမီးစခန်းရဲ့ အောက်ဘက်နား မြိတ်ဒေသမှာရှိတဲ့ မောတောင်စခန်းပဲ ဖြစ်ပါတယ်။

ကျနော်ဟာ မြန်မာနိုင်ငံမှာနေစဉ် ကျောင်းသားဘ၀တုန်းကလည်း ထားဝယ်ကနေ မော်လမြိုင်၊ ပဲခူး၊ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းကနေ မုံရွာ၊ ဖိုးဝင်းတောင် အထိ ရောက်ခဲ့ဖူးပေမယ့် ထားဝယ်ရဲ့အောက်ဘက်နားက ပုလော၊ မြိတ်၊ ကော့သောင်းဘက်ကို တခါမှ မရောက်ဖူးခဲ့ပါ။ ဒါကြောင့် လူတွေဟာ အပေါ်ဘက် သို့မဟုတ် ဗဟိုဘက်ကို ဦးစားပေးတဲ့ အလေ့အထရှိတာကြောင့် အောက်ဘက်ကို မဆင်းဖြစ်ဘဲ အပေါ်ဘက်ကိုချည်း သွားဖြစ်ခဲ့ကြတာ ဖြစ်နေလေမလားလို့ ပြန်စဉ်းစားနေမိပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More