Showing posts with label ABSDF. Show all posts
Showing posts with label ABSDF. Show all posts

Friday, October 23, 2026

ABSDF ရဲဘော်ဟောင်း အများစုရှိရာ Fort Wayne မြို့သို့ ခရီးသွားခြင်း... (အပိုင်း- ၁)

 ABSDF ရဲဘော်ဟောင်း အများစုရှိရာ Fort Wayne မြို့သို့ ခရီးသွားခြင်း... (အပိုင်း- ၁)


(၂၄ အောက်တိုဘာ ၂၀၂၆)


(၁) - နယူးယောက်မြို့က UN ဌာနချုပ်ရုံးရှေ့သို့...


ဒီတခေါက် အမေရိကားခရီးစဉ်ရဲ့ အဓိက ဦးတည်ချက်က Fort Wayne မြို့ ဆိုပေမယ့် တကယ် ပထမဆုံး ဝင်ဖြစ်တဲ့နေရာက UN ဌာနချုပ်တည်ရှိရာ နယူးယောက်မြို့...



ဘာကြောင့်လဲဆို... အဲဒီ Fort Wayne က ရဲဘော်တွေကပြောပါတယ်။ စက်တင်ဘာ ၁၉၊ စနေနေ့မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ခံပွဲ UN ရုံးရှေ့မှာ လုပ်ဖို့ရှိနေတယ်၊ အဲဒီမှာ လူစုံမယ်၊ သူတို့လည်း အဲဒီပွဲကို လာဖို့ရှိတယ်၊ အခြားရဲဘော်ဟောင်းတွေအများကြီးကိုလည်း အဲဒီမှာ အူးလေးတွေ့ခွင့်ရလိမ့်မယ်တဲ့...။


သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ခံဆန္ဒပြပွဲလုပ်မယ့်နေရာဆီ ကျနော်ရောက်သွားတဲ့အချိန်က မနက် ၁၁ နာရီကျော်ကျော်လောက်ပဲ ရှိဦးမယ်။ ပွဲက နေ့လည် တနာရီမှာစမှာဆိုတော့ လူသိပ်မရှိသေး...


ဟိုနားဒီနားလျောက်ကြည့်တော့ ဒီနေရာဟာ လွန်ခဲ့တဲ့ နှစ် ၂၀၊ ... ၂၀၀၆ တုန်းက ကျနော် ပထမ အခေါက်ရောက်စဉ်... (သမ္မတ George W. Bush ရဲ့ ကတော် Laura Bush က ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး၊ မြန်မာ့အရေးဆွေးနွေးပွဲတခု UN မှာကျင်းပစဉ် DVB ကို တကူးတကာ့ဖိတ်ကြားတဲ့အတွက် ရောက်ခဲ့ဖူးပါတယ်)...


ကျနော်တို့မင်းသမီးခစန်းက ဦးဟန်လင်းနဲ့အဖွဲ့ ဆန္ဒပြနေတဲ့နေရာဆိုတာ ပြန်အမှတ်ရလာပါတယ်။ အဲဒီခေတ်က ဆန္ဒပြပွဲတွေ၊ လမ်းလျောက်ချီတက်ပွဲတွေကို ဦးဆောင်ခဲ့တဲ့ ဦးဟံလင်း၊ ကိုအောင်ကြည်ဦးတို့ကတော့ ကွယ်လွန်သွားခဲ့ပါပြီ...။


အခုက ၂၀၂၁ မျိုးဆက်သစ် လူငယ်တွေက ဦးဆောင်တဲ့ ဆန္ဒပြပွဲ၊ အင်အားကလည်း အရင် လူ ၃၀ လောက်ရှိရာကနေ အခုက လူ ၃၀၀ ကျော်မလားပဲ...


နောက် အရင် NCGUB ခေတ်က UN ကိုယ်စားလှယ်က ဒေါက်တာသောင်းထွန်း၊ ဒီ UN ရုံးကြီးနဲ့ သိပ်မလှမ်းတဲ့နေရာက အဆောက်ဦအကြီးကြီးတခုထဲက အခန်းသေးလေးတခုမှာ ရုံးခန်းဖွင့်ထားပါတယ်။ 


အဲဒီအချိန်က DVB ဟာ NCG ရဲ့ အသံလွှင့်ဌာနဆိုတာ့ မောင်ထက်အောင်ကျော်တို့ရဲ့ နယူးယောက်ရုံးခန်းဟာလည်း ဒေါက်တာသောင်းထွန်းရဲ့ ရုံးခန်းပဲပေါ့။


အခုတော့ ဦးကျော်မိုးထွန်းဟာ အရင် NCG ခေတ်ကလို UN ရုံးဘေးမှာ ရုံးခန်းငယ်ဖွင့်ပြီး ဘေးတိုက် စည်းရုံးရေးဆင်းနေရတဲ့ အနေအထား မဟုတ်ဘူး။ UN ရုံးထဲမှာ တရားဝင် နေ့စဉ် တင်ပြခွင့်ရနေတဲ့အထိ နေရာရနေတာဖြစ်ပါတယ်။


ပြီးတော့ ဆန္ဒပြလူထုအင်အားက ၃၀၀ ကျော်၊ ခုနက UN ရုံးရှေ့မှာ စုရုံးထောက်ခံ ဆန္ဒပြတာအပြင် နယူးယောက်မြို့လယ်မှာ တနာရီလောက် စီတန်းလှည့်လည်ဆန္ဒပြခွင့်ရနေတာကိုပါ မြင်ရတော့ အတော်အားတက်မိပါတယ်။


ဒီလို ဆန္ဖ္ဒပြပွဲမျိုး လွန်ခဲ့တဲ့ နှစ် ၂၀ က မရှိခဲ့ဖူးပါဘူး။ အဲ... မောင်ထက်အောင်ကျော်တို့ရဲ့ ဥရောပမဲဇာနဲ့ ဥရောပ အခြားမြို့ကြီးတွေမှာလည်း လူ ၃၀၀ ကျော် မြို့ထဲ လှည့်လည် ဆန္ဒပြတာမျိုး မတွေ့ဖူးသေးပါဘူး။ 


ဒါတောင် ၅ နှစ်ကြာလို့ လူနည်းသွားတာ... အရင်နှစ်တွေကဆို ဒီထက်ပိုများတယ်လို့ နှစ်စဉ် ဆန္ဒပြပွဲထဲ ပါနေတဲ့ ရဲဘော်ဟောင်းတွေက ပြောပါတယ်။




ရဲဘော်ဟောင်းတွေဆိုမှ Albany ကလာတဲ့ ရဲဘော်ဟောင်း ကိုဇော်ကိုကိုနိုင်က ABSDF ကိုယ်စား စစ်ယူနီဖောင်းဝတ်ပြီး အဲဒီအခန်းနားမှာ စကားပြောပါတယ်။ ပြီးတော့ Fort Wayne က လာတဲ့ ရဲဘော်ကိုကောင်းရှိန်၊ မေရိလန်းက ရဲဘော်ကိုယဉ်ထွေး...


နောက် ၈၈ မျိုးဆက် နိုင်-ကျဉ်း ဟောင်းတွေထဲက ကိုနေတင်မြင့်၊ ကိုဇော်ဝင်း... စသဖြင့် ပြည်နယ်အလိုက်၊ အဖွဲ့အစည်းအလိုက်ပြောနေကြတာ တယောက်ပြီးတယောက်...


ပြီးတော့ အခု ၂၀၂၁ နောက်ပိုင်း အမေရိကားရောက်လာတဲ့ မျိုးဆက်သစ် လူငယ်တွေအများကြီး... တယောက်ပြီးတယောက်...။ ရှေ့ထွက်စကားပြောသူ ၃၀ ခန့်၊ အားပေးထောက်ခံသူ ၃၀၀ ကျော်ရှိတယ်ဆိုတော့ အတော်အရှိန်အဟုန်ကောင်းတဲ့ပွဲ လို့ပြောနိုင်ပါတယ်။


ဒါပေမယ့် သတင်းလာယူတဲ့ သတင်းထောက်တွေထဲမှာတော့ ကျနော့်လို ဆိုရှယ်မီဒီယာ သတင်းသမားတွေကိုပဲတွေ့ရပြီး အမေရိကန်အစိုးရ ဘတ်ဂျက်နဲ့ ဝါရှင်တန်မှာ အခြေစိုက်ပြီး အသံလွှင့်နေတဲ့ VOA, RFA သတင်းဌာနတွေက လူတွေကို မတွေ့မိပါ။ (VOA က လုံးဝရပ်နားထားပြီး RFA ကတော့ အွန်လိုင်းမှာ နည်းနည်းပြန်လွှင့်နေဟုဆို)


ပြီးတော့ လွန်ခဲ့တဲ့နှစ် ၂၀ တုန်းက...  အော်စလိုကနေ နယူးယောက်အထိလာပြီး UN ရုံးမှာ သတင်းယူရတဲ့ဖြစ်စဉ်မျိုး၊ အိမ်ဖြူတော်ကပါ မြန်မာသတင်းထောက်တွေကို တကူးတကာ့ဖိတ်ပြီး ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး၊ မြန်မာ့အရေးဆွေးနွေးပွဲတွေကို First Lady ကိုယ်တိုင် ဦးစီးကျင်းပတဲ့ပွဲတွေလည်း မကြားမိတော့ပါ။


အိမ်ဖြူတော်က ဒေါ်အောင်ဆန်းစုကြည်လွတ်ပေးရေး၊ မြန်မာ့ဒီမိုကရေစီအရေး ပြောဖို့နေနေသာသာ အခုဆိုရင် အာဏာသိမ်း စစ်အစိုးရနဲ့တောင် တိုက်ရိုက်စကားပြောနေပြီလို့ သတင်းတွေထွက်လာနေပါတယ်။


ဘာကြောင့် ဒီလိုပြောင်းသွားတာလဲ...


အမေရိကားရောက် မြန်မာတွေ ရာနဲ့ချီပြီး ဆန္ဒပြနေတာကို အိမ်ဖြူတော်က အစိုးရမင်းတွေ၊ လွှတ်တော်က အမတ်မင်းတွေ မကြားမိ-မမြင်မိလို့လား၊ အမေရိကန်အခြေစိုက် သတင်းဌာနကြီးတွေဖြစ်တဲ့ VOA, RFA က အသံမလွှင့်တော့လို့ အမေရိကန်အမတ်မင်းတွေ မကြားမိတော့တာမျိုး၊ ကြားဖို့ တာဝန်မရှိတော့တာမျိုးလား...


လက်ရှိ သမ္မတလူကြမ်းအဖွဲ့က ပြောင်းချင်းလို့ကိုပြောင်းသွားတာဆိုတော့ ကိုယ်တွေရဲ့ လှုပ်ရှားနိုင်စွမ်းနဲ့တော့ သိပ်မဆိုင်လှဘူးထင်ပါတယ်။ ဒါဖြင့် ဒီလှုပ်ရှားမှုတွေက မထိရောက်တော့ဘူးလား...


ဒီလိုပြောဖို့လည်း ခက်ပါတယ်။ ဘာမှမလုပ်တော့ရင် အခြေနေက ပိုဆိုးမှာပေါ့။ ပြည်တွင်းလှုပ်ရှားမှုတွေ ဒီထက် ပိုအရှိန်ကောင်းလာရင် အခြေနေက တမျိုးပြောာင်းလာနိုင်သလား...


ဒါမှမဟုတ် အချိန်က စကားပြောတယ်ဆိုသလို... လုပ်စရာရှိတာဆက်လုပ်ရင်း နောက် ၂ နှစ်လောက် စိတ်ရှည်ရှည်စောင့်နိုင်မယ်ဆိုရင် ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးကို ဦးစားပေးတဲ့ အမေရိကန်အစိုးရနဲ့ ကမ္ဘာ့အခင်းအကျင်း ပြန်ပေါ်လာနိုင်သလား...


ဒါမှမဟုတ် ရှေ့အပတ်ကျင်းပမယ်ဖို့ရှိနေတဲ့ Midterm Elections ပြီးရင်တောင်... ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဖက် ပိုယိမ်းတဲ့ လွှတ်တော်အမတ်တွေပိုများလာတာကို မြင်လာရလေမလား...


ဒါက စင်မြင့်ပေါ်မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း စကားပြောနေတာကို ငေးကြည့်ရင်း... လွန်ခဲ့တဲ့နှစ် ၂၀ အခြေနေနဲ့ ယှဉ်ပြီးတွေးတောမိတာတွေပါ။


လောလောဆယ်ကတော့ လူစုမကွဲခင် တွေ့မိသမျှ ABSDF ရဲဘော်ဟောင်းတွေ၊ လူဘောင်သစ်တွေ၊ နိုင်-ကျဉ်းတွေ၊ NLD တွေ၊ သတင်းသမားတွေ၊ ၂၀၂၁ နောက်ပိုင်းရောက်လာတဲ့ မျိုးဆက်သစ်ထဲက ကိုယ်တွေ့ဖူးသူတွေကို အပြေးအလွှား လိုက်နှုတ်ဆက်ရပါအူးမယ်...။

---


(အပိုင်း ၂ - “မေရိလန်းမှာ ခနတာ”- ကို အောက်တိုဘာ ၂၈၊ အပိုင်း ၃ - “Fort Wayne မြို့အဝင်” ကိုတော့ ABSDF နှစ်ပတ်လည်အမီ အောက်တိုဘာ ၃၁ မှာ တင်ပြရန် စီစဉ်ထားပါကြောင်း)။

Tuesday, October 6, 2026

ကျနော်တွေ့ခွင့်မရလိုက်တဲ့ NCG ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း...

 ကျနော်တွေ့ခွင့်မရလိုက်တဲ့ NCG ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း...

-







မကြာသေးခင်ကသွားခဲ့တဲ့... အမေရိကန်ပြည်ထောင်စု အရှေ့ဖက်ကမ်း ပြည်နယ်များခရီးစဉ်အတွင်း ABSDF ရဲဘော်ဟောင်းတွေ၊ မဟာမိတ်အဖွဲ့အသီးသီးက ရဲဘော်ဟောင်းတွေ၊ မီဒီယာလောက လုပ်ဖေါ်ကိုင်ဖက် မိတ်ဟောင်း-ဆွေဟောင်းတွေအတော်လေး အစုံအလင် တွေ့ခွင့်ရခဲ့ပါတယ်။


ဒါပေမယ့် တွေ့မယ်ပြောထားပြီးမှ တွေ့ခွင့်မရလိုက်သူ တဦးကတော့ NCG ဝန်ကြီးချုပ်၊ DVB တည်ထောင်သူ ဒေါက်တာစိန်ဝင်း...ပဲဖြစ်ပါတယ်။


မနှစ်က အနောက်ဖက်ကမ်း ပြည်နယ်တွေဆီသွားပြီး ရဲဘော်ဟောင်းတွေနဲ့တွေ့နေစဉ်မှာ ဝန်ကြီးချုပ်ကတော် ဒေါ်စီစီသွယ်က ဖိတ်ခေါ်ပါတယ်။...“ဒီဖက်ကိုလည်း လာကြဦးလေ၊ ဆရာက လူဟောင်းတွေကို တွေ့ချင်နေတယ်”...တဲ့။


လူဟောင်းဆိုတာ DVB မာနယ်ပလော ခေတ်ဦးပိုင်းကနေ DVB ပြည်တော်ပြန်ဝင်သွားတဲ့ကာလအထိ တာဝန်ထမ်းခဲ့သူတွေ၊ ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းကို မကြာခန အင်တာဗျုးသူတွေ၊ ဒေါ်စီစီသွယ် ဝန်ကြီးချုပ်ဆီမသွားခင် အော်စလိုမှာ စောင့်နေရစဉ်ကာလက ရင်းနှီးစွာ တွေ့ခဲ့ဖူးသူတွေကို ဆိုလိုတာလို့ ယူဆရပါတယ်။


“ဒီနှစ်တော့ အနောက်ဖမ်းကမ်းလောက်ပဲ၊ ရှေ့နှစ်ကျမှ အဲဒီဖက် လာခဲ့မယ် ... မစီ၊ ဝန်ကြီးချုပ် နေကောင်းတယ်မို့လား...” အနာဂတ်ကို ကြိုမသိတော့ ဒီလိုပဲ ဝတ်ကျေတန်းကျေ ပြောခဲ့မိတာပေါ့။


ဒါပေမယ့် မထင်မှတ်ပဲ ဝန်ကြီးချုပ်ဒေါက်တာစိန်ဝင်း (အသက် ၈၃ နှစ်) က ၂၀၂၆ ခုနှစ်၊ ဖေဖေါ်ဝါရီ ၆ ရက်မှာ ကွယ်လွန်သွားခဲ့ပါပြီ...။

---


ဒေါ်စီစီသွယ်ရဲ့ ဖိတ်ခေါ်ချက်အရ ဝန်ကြီးချုပ်အိမ်ကိုရောက်သွားပေမယ့် ဝန်ကြီးချုပ်က မရှိတော့ပါ...။ သူ့ကိုယ်စား သူ့ဓာတ်ပုံတွေနဲ့ စာအုပ်ပုံကြီးတွေကိုသာ တွေ့ခွင့်ရပါတော့တယ်။


“ဆရာက သူ့စာအုပ်တွေကို အရမ်းတန်ဖိုးထားတယ်၊ နေရာရွှေ့တာ မကြိုက်ဘူး”... ဆိုပြီး ဒေါ်စီစီက ဒေါက်တာစိန်ဝင်းအကြောင်း အမှတ်တရတွေ၊ ဆေးရုံတက်ရပုံတွေ စသဖြင့် ပြန်ပြောပြနေပါတယ်။


“ဆရာ့ကို ကိုထက်အောင်ကျော် အင်တာဗျုးထားတဲ့ နောက်ဆုံးအင်တာဗျုးဖြစ်မယ်ထင်တယ်၊ ၂၀၁၉ ရန်ကုန်ရောက်တုန်းက ဗျုး ထားတာ ပြန်တွေ့လို့ လရောင်ကို မကြာခန ပြန်နားထောင်ခိုင်းထားတယ်”...ဆိုတာလည်း ပါ ပါတယ်။


လရောင်ဆိုတာက ဒေါက်တာစိန်ဝင်းရဲ့ သားငယ်၊ အကြီးမအမည်က လပြည့်၊ နတ်မောက်နယ်က ဗိုလ်လရောင်နဲ့ ဗိုလ်အောင်ဆန်းတို့ရဲ့ မျိုးဆက်တွေပေါ့...။


ဗိုလ်ချုပ်အောင်ဆန်းရဲ့ မျိုးရိုး၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဝမ်းကွဲအကိုဆိုပေမယ့် ဒေါက်တာစိန်ဝင် နေထိုင်ပုံက သိပ်အေးပါတယ်။

---


ဝန်ကြီးချုပ်ကို ပထမ ဆုံးအကြိမ် ကျနော်တွေ့ဖူးတာ ၁၉၉၁ အစောပိုင်း ဖေဖေါ်ဝါရီလလို့ ထင်ပါတယ်။၊ ဘန်ကောက်က ဆူခွန်ဗစ်လမ်းသွယ်တခုထဲရှိ ဦးစိုးပိုင်ရဲ့ အိမ်မှာ...


မာနယ်ပလောမှာ အမျိုးသားညွန့်ပေါင်အစိုးရ - NCGUB ဖွဲ့ပြီးကာစ နိုင်ငံတကာသံတမန်တွေနဲ့တွေ့ဆုံရေးအတွက် ဘန်ကောက်ကို ခနတက်လာတာ...။ အဲဒီနောက် ကျနော်တို့တပ်တွေရှိရာ မင်းသမီးခစန်းဆီ ဝန်ကြီးချုပ်နဲ့အဖွဲ့ ရောက်လာပါတယ်။


နောက်ပိုင်းတော့ မတွေ့ဖြစ်တော့ပါဘူး။ သူက ဝန်ကြီးချုပ်...  ကိုယ်က မင်းသမီးစခန်းက ထောက်ပံ့ရေးတာဝန်ခံ ဒုရဲဘော်... ထပ်တွေ့စရာ အကြောင်း ဘယ်ရှိပါ့မလဲ...


ဒါပေမယ့် အနာဂတ် ကံတရားဆိုတာ ဘယ်ကြိုသိနိုင်ပါ့မလဲ...


၁၉၉၅ မှာ ကိုယ်က DVB တောတွင်း သတင်းထောက်ဖြစ်လာ၊ ၁၉၉၉ မှာ DVB အော်စလိုရုံးကို စတင်ရောက်ဖူး၊ ၂၀၀၀ ပြည်လွန်နှစ်တွေမှာ ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းနဲ့ အော်စလိုမှာ ပြန်တွေ့၊ အင်တာဗျုးတွေလုပ်...။ နောက် တနှစ်တကြိမ် DVB ဘုတ်အဖွဲ့အစည်းဝေးလား... ပုံမှန်တွေ့ဖြစ်တယ်ဆိုပါတော့။


၂၀၁၂ ဇွန်လမှာလို့ထင်ပါတယ်၊ ဝန်ကြီးချုပ်ဒေါက်တာစိန်ဝင်းကို အော်စလိုမှာ နောက်ဆုံးတွေ့ခဲ့တာ...။


အဲဒီအချိန်က ဒေါ်အောင်ဆန်းစုကြည် နိုဗယ်ဆုလက်ခံရယူဖို့ နော်ဝေကို ပထမ ဆုံးအကြိမ်ရောက်လာစဉ်မှာ ဝန်ကြီးချုပ်ဒေါက်တာစိန်ဝင်းလည်း နော်ဝေကို ရောက်လာတာဖြစ်ပါတယ်။


အဲဒီနောက်ပိုင်းတော့ DVB လည်း နေပြည်တော်ဖက် ခြေလှမ်းချဲ့၊ ကိုယ်တွေလည်း DVB နဲ့ဝေးရာဖက် ကန်ထုတ်ခံရ၊ ဒေါက်တာစိန်ဝင်းလည်း DVB ဘုတ်အဖွဲ့ဝင် မဟုတ်တော့တဲ့အခါ... တွေ့စရာအကြောင်းက မရှိတော့ပါ။


ဒါပေမယ့် တိုက်တိုက်ဆိုင်ဆိုင် ၂၀၁၉ ခုနှစ်ရဲ့ နွေဦးရာသီတခုမှာ ဒေါက်တာစိန်ဝင်း ပြည်တော်ပြန်လာမယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့ရှိတယ်၊ မြန်မာနိုင်ငံမှာ ကျောင်းဆရာပြန်လုပ်မယ်ဆိုတဲ့သတင်း ဝင်လာပါတယ်။


အဲဒီအချိန် ကျနော်က ရန်ကုန်အခြေစိုက် မီဒီယာတခုမှာ တာဝန်ထမ်းနေတော့ ဒေါက်တာစိန်ဝင်းကို ဆက်သွယ်ပြီး အင်တာဗျုး ရအောင် တောင်းခဲ့ဖူးပါတယ်။ ... ခုနှက ဒေါ်စီစီသွယ် ညွှန်းဆိုနေတဲ့ ...ဒေါက်တာစိန်ဝင်းနဲ့ နောက်ဆုံးအင်တာဗျုး ဆိုတာ အဲဒါ ပါပဲ။


ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းအကြောင်း ဒီလို အမှတ်တရတွေ ပြောပြီးတဲ့နောက် ... သူရဲ့ ဓာတ်ပုံတွေ၊ ပန်းချီကားတွေကို ဓာတ်ပုံရိုက်၊ သူ့ရဲ့ စာအုပ်စင်ကို ဓာတ်ပုံရိုက်၊ အဲ... သူရဲ့ အိမ်ရှေ့မှာ ဓာတ်ပုံရိုက်ပြီး... သူမရှိတော့တဲ့ သူရဲ့ နေအိမ်ကို နုတ်ဆက် ထွက်ခွာလာခဲ့ရပါတယ်...။

Tuesday, June 2, 2026

ဗိုလ်မှူးကြီး ဗထူးရဲ့ ဇာတိရွာ လေးသွန်းခံသို့ ရောက်ခဲ့စဉ်က...

 ဗိုလ်မှူးကြီး ဗထူးရဲ့ ဇာတိရွာ လေးသွန်းခံသို့ ရောက်ခဲ့စဉ်က...


(၂ ဇွန် ၂၀၂၆) 



ဒီနေ့ ဇွန် ၂ ရက်ဟာ လွတ်လပ်ရေးတိုက်ပွဲဝင် ဗိုလ်မှူးကြီး ဗထူးကွယ်လွန်ခြင်း ၈၁ နှစ်ပြည့်နေ့၊ ဗိုလ်ဗထူးနေ့အဖြစ် ထားဝယ် သပိတ်ကော်မီတီ-  Democracy Movement Strike Committee-Dawei က ဆောင်းပါးတပုဒ်ရေးတင်ထားတာ ဖတ်မိတော့ ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်တွေအတွင်း ဗိုလ်ဗထူးရဲ့ မွေးရပ်မြေ လေးသွန်းခံရွာလေးဆီ ရောက်ခဲ့ဖူးတာကို ပြန်သတိရမိပါတယ်။

---


(၁) - သမိုင်းစာအုပ်ထဲက ဗိုလ်ဗထူး...


ဒုတိယ ကမ္ဘာစစ်ဖြစ်နေစဉ်ကာလ ၁၉၄၁ နှစ်လယ်လောက်မှာ ဂျပန်ပြန် ရဲဘော်သုံးကျိပ်တပ်တွေဟာ ထိုင်းနိုင်ငံ ဘန်ကောက်၊ ကန်ချနပူရီကတဆင့် (အခု ထီးခီး- မင်းသမီး- ထားဝယ်လမ်းပေါ်က) အများသွားတောင်ကြားလမ်းကိုဖြတ်ပြီး တသာင်္ရီမြစ်အတိုင်း ချီတက်ကာ မေတ္တာရွာဆီ ရောက်လာ၊ အဲဒီကတဆင့် တောင်သုံးလုံးရွာ (တောင်သုံးလုံးရွာမှာ BIA ကျောက်တိုင်ရှိနေဆဲ) ကိုရောက်...


နောက် ထားဝယ်မြို့ကိုသိမ်းပိုက်ပေါ့။ ထားဝယ်ကိုမသိမ်းခင် တောင်သုံးလုံးရွာ အရောက်မှာ ဗိုလ်ဗထူးဖြစ်လာမယ့် လူငယ်လေး အပါဝင် ထားဝယ်လူငယ် အတော်များများ BIA ထဲဝင်ကြ...


ဂျပန်နဲ့ပေါင်းပြီး ဗြိတိသျှကို တော်လှန်ကြ... တနသာင်္ရီတိုင်းနဲ့ မြန်မာပြည်အောက်ပိုင်း လွတ်လပ်ရေးရ...။ နောက် ဒုတိယ ကမ္ဘာစစ်နှောင်းပိုင်းရောက်လာတော့ ဗြိတိသျှနဲ့ပေါင်းပြီး ဂျပန်ကို ပြန်တော်လှန်ကြ... ၁၉၄၈ မှာ မြန်နိုင်ငံ လွတ်လပ်ရေးရ...


လွတ်လပ်ရေးမရခင် ဂျပန်ကို စတင်တော်လှန်စဉ် ၁၉၄၅ ဇွန်လ ၂ ရက်၊ အောင်ပန်းမြို့မှာ (အခုတော့ ဗထူးတပ်မြို့လုပ်ထား) ဗိုလ်ဗထူး ငှက်ဖျားမိပြီး ကွယ်လွန်...


ဒါတွေက ငယ်ငယ်က သင်ခဲ့ဖူးတဲ့ ကျောင်းစာအုပ်ထဲက မှတ်မိသလောက်အချက်အချိုု့နဲ့ ဂိုဂယ်ခေါက်ပြီး ပြန်ရေးထားတာ။

---


(၂) - ဗိုလ်ဗထူးရဲ့ မွေးရပ်မြေက မြေပြင်အနေအထား...


နယ်ချဲ့တော်လှန်ရေးသမိုင်းမှာ အဲဒီလိုအရေးပါတဲ့ ဗိုလ်ဗထူးကို ကျောင်းသင်္ခန်းစာအတွင်း တခမ်းတနားရေးထားပေမယ့် သူ့ မွေးရပ်မြေဇာတိ လောင်းလုံးမြို့နယ်၊ လေးသွန်းခံရွာမှာ ဘာမှမရှိ။ (ဗထူးတပ်မြို့မှာတော့ အရင်ကတည်း ရုပ်ထုရှိဟုဆို)


ဘာကြောင့်မရှိတာလဲ...


လွတ်လပ်ရေးတိုက်ပွဲဝင် လူဟောင်းတွေနဲ့ လက်ရှိ စစ်တပ်အရာရှိတွေက ထားဝယ်နယ်ကို အလေးမထားလို့လား...။ ဒါမှမဟုတ် လေးသွန်းခံရွာဆီ သွားလာရ ခက်ခဲ့လို့လား...။


၂ ခုစလုံးဖြစ်နိုင်ပါတယ်။ ပထမ တခုကို တာဝန်ရှိသူတွေ ပြန်ပြောမှ သိရမှာဖြစ်ပေမယ့် ဒုတိယ အချက်ကတော့ လူတိုင်း လေးသွန်းခံရွာဆီ သွားကြည့်လို့ရနိုင်ပါတယ်။


လေးသွန်းခံဆိုတာ လောင်းလုံးမြို့နဲ့ ဝေးလှ ၅ မိုင်- ၆ မိုင်ပေါ့၊ ထားဝယ်မြို့နဲ့ဆိုရင် မိုင် ၂၀ လောက်ပဲရှိမှာပါ။ ဒါတောင် ကမြောကင်းတံတားဖက်ကနေ လာရင်ပြောတာ။ အရင် တံတားမရှိခင်၊ မင်းရပ်ကူးတို့ဖက်ကနေ သွားမယ်ဆိုရင်၊ ဒါမှမဟုတ် အဖြောင့်တိုင်းမယ်ဆိုရင် ၁၀ မိုင်လောက်ပဲ ဝေးမယ်ထင်ပါတယ်။


ဒါဖြင့် တာဝန်ရှိသူတွေက ဘာကြောင့် ဘာမှမလုပ်ကြတာလဲ၊ ၁၀ မိုင်ကြားမှာ၊ ၅ မိုင်ကြားမှာ တောင်တွေ၊ မြစ်တွေခြားပြီး သွားလာရ သိပ်ခက်နေလို့လား...။


အဲလိုလည်း မဟုတ်ပြန်ဘူး။ ထားဝယ်နဲ့ လောင်းလုံးကြားမှာ ထားဝယ်မြစ်ကြီးခြားနေလို့ဆိုပြီး ပြောနိုင်ပေမယ့် လောင်းလုံးနဲ့ လေးသွန်းခံကြားမှာ ဘာ အတားအဆီးမှ မရှိဘူး။


ဒါပေမယ့် ဘာကြောင့်မှန်းတော့ မသိဘူး။ ၁၉၈၈ အရေးတော်ပုံကာလမတိုင်မီ ၂၄ နှစ်တာ ထားဝယ်မှာနေခဲ့စဉ်အတွင်း လေးသွန်းခံရွာကို စာရေးသူ တခါမှ မရောက်ဖူးပါ။ 


လောင်းလုံးကိုကျော်ပြီး အောက်ရေဖြူ၊ သကျက်တော စတဲ့ ရှင်မော်အငူ ဆီသွားတဲ့ ကားလမ်းတလျောက်ရောက်ခဲ့ဖူးပေမယ့် (တခုတလော တိုက်ပွဲသတင်းတွေမှာ ခနနခ ပါနေတဲ့) ညင်းမော်ရွာကနေ မြေနီလမ်းကြမ်း- အရင်ကတော့ လှည်းလမ်းကြမ်း တိုင်း ၄ မိုင်လောက်သာဝင်ရတဲ့ လေးသွန်းခံကို တခါမှ မရောက်ဖြစ်ခဲ့ပါ။


ဆိုလိုတာက အဝေးကြီးမဟုတ်ပေမယ့် ထားဝယ်-လောင်းလုံး- ကျောက်နီမော်- ရှင်မော် ကားလမ်းမပေါ်မှာ မဟုတ်ပဲ တကူးတကာ့ ဝင်ရတဲ့နေရာဖြစ်တာကြောင့် အသွားအလာနည်းပြီး တာဝန်ရှိသူတွေဖက်က တခုခု လုပ်ပေးဖို့ တုန့်နှေးနေတာလည်းဖြစ်နိုင်ပါတယ်။

---


(၃) ဗိုလ်ဗထူး ရုပ်တုတွေ ရှိလာပြီ...



၈ လေးလုံးအရေးတော်ပုံအလွန်ကာလ၊ ၂၀၁၃ ခုနှစ်မှာ ပထမ ဆုံးအကြိမ် ပြည်တော်ပြန်ခွင့်ရတော့ ထားဝယ်ကနေ လောင်းလုံးဖက်ကိုအသွား ကမြောကင်းတံတား ထိပ်မှာ ဗိုလ်ဗထူး ကျောက်ရုပ်ကို ရုတ်တရက်တွေ့လိုက်ရတော့ အတော်အံ့သြသွားပါတယ်။


ထားဝယ်သားတွေ မျိုးချစ်စိတ်နိုးကြားလာပြီပေါ့၊ ကျောက်ရုပ်အောက်က မှတ်တမ်းစာကိုဖတ်ကြည့်တော့ ၁၉၉၁၊ ဒီဇင်ဘာလ ၁ ရက်နေ့တဲ့။ ၈၈ အလွန် နဝတ ခေတ်ကိုရောက်တာနဲ့ စစ်ဗိုလ်တွေက ထားဝယ်သားတွေကို စည်းရုံးရေး ဆင်းထားတာဖြစ်မယ်။


ဒါပေမယ့် အဲဒီအချိန်အထိ လေးသွန်းခံရွာမှာ ဘာမှမရှိသေး၊ စာရေးသူလည်း ထားဝယ်မှာနေစဉ် ၂၄ နှစ်တာအတွင်း တခါမှမရောက်ဖူးခဲ့တဲ့ လေးသွန်းခံရွာကို ၂၀၁၃ ခုနှစ် ဇွန်လထဲမှာ NLD ပါတီ စည်းရုံးရေးမှူးတွေနဲ့အတူ ပထမ ဆုံးအကြိမ် ရောက်ခဲ့ဖူးပေါ့။


ဒါပေမယ့် သိပ်မကြာဘူး။ ၂၀၁၆ ဗိုလ်ဗထူး ရာပြည့်နှစ်မှာ (ဗိုလ်ဗထူးက ၁၉၁၆ မှာမွေး၊ ၁၉၄၅ မှာကွယ်လွန်) ထားဝယ်အမျိုးသားပါတီက ဦးဆောင်ပြီး လေးသွန်းခံရွာမှာ ဗိုလ်ဗထူး ရုပ်တုစိုက်ထူလိုက်ပါတယ်။


ထားဝယ်ရောက်ရင် မောင်းမကန်ကမ်းခြေဖက် သွားလည်သူများပေမယ့် လေးသွန်းခံရွာဆီသွားပြီး ဗိုလ်ဗထူးရုပ်တုကို တကူးတကာ့ သွားအလေးပြုသူကတော့ နည်းတာပေါ့။ ဒါပေမယ့် စာရေးသူကတော့ ထားဝယ်ကို ပြန်ရောက်တိုင်း လေးသွန်းခံအထိသွားပြီး ဗိုလ်ဗထူးရုပ်တုကို အလေးပြုဖြစ်ပါတယ်။


နောက်ဆုံးရောက်တာ ၂၀၁၉ သီတင်းကျွတ်အလွန်ကာလ၊ အဲဒီနေ့က မိုးတွေ ရွာနေတာ သတိထားမိပါတယ်။ စစ်တပ်က အာဏာသိမ်းပြီး ၂၀၂၁ နောက်ပိုင်းမှာတော့ လေးသွန်းခံရွာဆီမရောက်ဖြစ်တာ အခုချိန်အထိပါပဲ။

---


(၄)- ဗိုလ်ဗထူး ရုပ်တုနှင့် မျိုးဆက်သစ်တို့ရဲ့ တော်လှန်ရေး...



စာရေးသူတို့လို ၈၈ မျိုးဆက်ဟောင်းတွေ မရောက်နိုင်တော့ပေမယ့် မျိုးဆက်သစ်လူငယ်တွေက ဗိုလ်ဗထူးရုပ်တုဆီသွားပြီး နှစ်စဉ်အလေးပြု၊ နှစ်စဉ် ဗထူးနေ့ အခမ်းနားကျင်းပနေတာ ထားဝယ် သပိတ်ကော်မီတီ-  Democracy Movement Strike Committee-Dawei ရဲ့ ကြေညာချက်တွေထဲ တွေ့နေရပါတယ်။


တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ အရင်ခေတ်က သွားလာရေး ခက်ခဲလို့ဆိုပြီး ဘယ်သူမှ သတိမထားမိတဲ့ လေးသွန်းခံရွာလေးဟာ အခုတော့ လောင်းလုံးမြို့နယ်၊ ထားဝယ်မြို့နယ်က လူငယ် တော်လှန်ရေးသမားတွေရဲ့ နိုင်ငံရေးတရားဟောရာနေရာ၊ လူထု စည်းရုံးရေးလုပ်ရာ ဒေသဖြစ်လာနေပါတယ်။


အရင်က တိုက်ပွဲအသံ၊ သေနတ်အသံနဲ့ဝေးခဲ့တဲ့ (ဗိုလ်ဗထူးတောင် BIA ထဲဝင်ဖို့ လေးသွန်းခံကနေ တောင်သုံးလုံးအထိ၊ ထိုင်းနယ်စပ် မေတ္တာရွာဖက်အထိ လာရတာ) လောင်းလုံးမြို့နယ် အောက်ပိုင်းဒေသရှိ လေးသွန်းခံ၊ စစ်ပြဲ၊ ညင်းမော်၊ အောက်ရေဖြူ စတဲ့ ရွာတွဟာ အခုတော့ တိုက်ပွဲသတင်းတွေထဲမှာ မကြာခန ကြားနေရပေါ့။


ဂျပန်နယ်ချဲ့၊ အဂ်လိပ်နယ်ချဲ့လက်အောက်ကနေ မြန်မာပြည်လွတ်မြောက်အောင် တိုက်ပွဲဝင်ရင်း အသက်ပေးသွားတဲ့ ဗိုလ်ဗထူးတယောက် အရင်က တိုက်ပွဲသံ၊ သေနတ်သံမကြားဖူးပဲ ငြိမ်းချမ်းလှတဲ့ သူရွာဝန်းကျင်မှာ... အခု တိုက်ပွဲသံတွေ၊ ဗုံးသံတွေ ကြားနေရတယ်ဆိုရင်...


တမလွန်က ဗိုလ်ဗထူး စိတ်ဆိုးမာန်ဆိုးနဲ့ ပြန်ထလာပြီး သူ့လက်ထဲက ဂျပန်ကင်ဒိုဒါးကြီးနဲ့ လက်ရှိ ဗိုလ်ချုပ်တွေများ ကြိမ်းမောင်း ဆုံးမနေလေမလား...


အရင်ခေတ် ဗိုလ်ချုပ်တွေနဲ့ လက်ရှိ ဗိုလ်ချုပ်တွေ စစ်ပွဲနဲ့ပတ်သက်ပြီး စဉ်းစားတွေးခေါ်ပုံ ဘယ်လောက်အထိ ကွာသွားပြီလဲ...

ဗိုလ်ဗထူးရဲ့ လေးသွန်းခံရွာလေး ဝန်းကျင်မှာ သေနတ်သံတွေတိတ်ပြီး ငြိမ်းချမ်းရေးအမြန်ရပါစေ...။

===

Sunday, May 10, 2026

စာအုပ်ကြော်ညာ တလတာ...

 စာအုပ်ကြော်ညာ တလတာ...


“သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး” Ebook စာအုပ်ကို စတင်ရောင်းချနေပြီဖြစ်ကြောင်း ဧပြီ ၁၁၊ သင်္ကြန်အကြိုနေ့မှာ ကြော်ညာခဲ့တဲ့အတွက် ဒီနေ့ တလ ပြည့်ပါပြီ။


တလတာအတွင်း အုပ်ရေ ၄၀ ကျော်သာ အားပေးတဲ့အတွက် မှန်းထားတာထက် တော်နည်းတယ်လို့ ဆိုရပါမယ်။ လူငယ်တွေပြောနေတဲ့ စကားလုံးအတိုင်းဆိုရင် ကမ်ပိန်း တာ့ဂတ်ပြည့်ဖို့ အများကြီးလိုသေးတယ်ပေါ့။


ကြော်ညာကို တလထက်ပို မထည့်သင့်ဘူးထင်တဲ့အတွက် ဒီနေ့မှာ Pin Post မထားတော့ပါဘူး။ ဒါပေမယ့် အဲဒီလင့်မှာ ဆက်လက်ဝယ်ယူ အားပေးနိုင်ပါသေးတယ်။

- 


စာအုပ်တွေအများကြီးရောင်းရမယ်ထင်ပြီး... ရောင်းရငွေထဲက အချို့ကို မင်းသမီးစခန်းက အာဇာနည်ဗိမာန်အတွက် အသုံးပြုမယ်ဆိုပြီး အာချောင်မိတာ ပြန်တောင်းပန်ရမလိုဖြစ်နေပါတယ်။


အခုတိုင်းကတော့ Ebook ရောင်းရငွေက ပုံနှိပ်စာအုပ်အဖြစ် ပြန်ထုတ်ဝေဖို့တောင် အနိုင်နိုင်ပဲ။ (ဒါပေမယ့် အာဇာနည်ဗိမာန်ကိစ္စကိုလည်း နိုင်ငံရေးအခြေအနေ ပြောင်းလဲမှုတွေပေါ်မူတည်ပြီး ရဲဘော်ဟောင်းတွေနဲ့ ဆွေးနွေးကာ ဆက်လက် ဆောင်ရွင်သွားမှာဖြစ်ပါတယ်)


ကျေးဇူးတင်ဖို့ကောင်းတာကတော့ တအုပ်ကို ၅ ဒေါ်လာ သတ်မှတ်ထားပေမယ့် ၁၀ ဒေါ်လာမက ပေးဝယ်သူတွေ၊ ထူးထူးခြားခြား ဒေါ်လာ ၁၀၀ အထိ ပေးဝယ်သူ ရဲဘော်ဟောင်း ၃ ဦးကိုလည်း ကျေးဇူးအထူးတင်ပါကြောင်း ဒီနေရာကနေ မှတ်တမ်းတင်ချင်ပါတယ်။

-


နောက်တချက်ကတော့ ဒီစာအုပ်ကို ဖတ်ပြီး ၁၉၈၈- ၉၀ ဝန်းကျင်က လက်နက်ကိုင်တော်လှန်ရေးအခြေအနေ၊ နိုင်ငံရေးအခြေအနေတွေကို အများကြီးလေ့လာနိုင်ခဲ့တယ်လို့ လက်ရှိ နွေဦးတော်လှန်ရေးကို ဦးဆောင်တိုက်ပွဲဝင်နေတဲ့လူငယ်တဦးက ပြန်ပြောပြတာကို ကြားမိတဲ့အတွက် ဂုဏ်ယူမိပါတယ်။


၈ လေးလုံးအရေးတော်ပုံနဲ့ ABSDF မှတ်တမ်းအဖြစ် ဒီစာအုပ်ကို ထုတ်ဝေတယ်ဆိုပေမယ့် အဲဒီကာလတိုက်ပွဲအတွင်း ပါဝင်ခဲ့သူတွေ၊ သူတို့ရဲ့ မိသားစုတွေအတွက် မှတ်တမ်းအဖြစ်သိမ်းထားဖို့အပြင် မျိုးဆက်သင့် လူငယ်တွေ သမိုင်းအဖြစ် လေ့လာနိုင်ဖို့လည်း ပါဝင် ပါတယ်။


၁၉၄၈ လွတ်လပ်ရေးရပြီးကတည်းကနေ ၁၉၈၈ အလွန်ခေတ်အထိ မြန်မာ့လက်နက်ကိုင်တော်လှန်ရေးဟာ ရှေ့ကိုမတက်ပဲ ဒီဘူတာမှာပဲ ပြန်-ပြန်ဆိုက်နေတယ်လို့ ဝေဖန်သူတွေက ဆိုကြပါတယ်။


အခုတကြိမ်မှာတော့ ဒီဘူတာကို ပြန်မဆိုက်ပဲ ပန်းတိုင်ရောက်တဲ့အထိ ချီတက်နိုင်ဖို့အရေးမှာ ဒီစာအုပ်က တစုံတရာ တွန်းအားဖြစ်စေမယ်၊ ဒီစာအုပ်ကိုဖတ်မိပြီး အရင်က မှားခဲ့တဲ့ အမှားတွေကို ရှောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

-


၂၀၁၃ ခုနှစ်၊ မေလ၊ နိုင်ငံရေးရာသီဥတု ကောင်းစဉ်တုန်းက ဒီစာအုပ်ကို ရန်ကုန်မှာ ပထမ အကြိမ် ထုတ်ဝေခဲ့ဖူးပေမယ့် အခုချိန်မှာတော့ ပြည်တွင်းမှာ ထုတ်ဖို့ မဖြစ်နိုင်သေးပါဘူး။


ဆိုတော့ ပြည်ပမှာ ထုတ်ဝေရေးအတွက် ကြိုးစားသွားမှာဖြစ်ပါတယ်။ ပြင်ဆင်ချိန်၊ စာတွေ ပြန်စီပြန်စစ်ချိန်၊ ပုံနှိပ်ချိန်တွေအားလုံးညှိုနှိုင်းပြီးရင်တော့ ၈ လေးလုံး ၃၈ နှစ်ပြည့်နေ့မှာ ထုတ်ဝေနိုင်အောင် ကြိုးစားသွားမှာဖြစ်ပါကြောင်း စာဖတ်ပရိသတ်တွေ၊ ရဲဘော်တွေအားလုံးကို အသိပေး တင်ပြလိုက်ရပါတယ်။


အားလုံးကို လေးစားစွာဖြင့်...


ရဲဘော်ဝင်းထိန် @ ထက်အောင်ကျော်

(၁၀ မေ ၂၀၂၆)

---

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး ebook ကို https://ebooks.akmoe.uk မှာ ဝယ်ယူအားပေးနိုင်ပါပြီ။


Saturday, May 2, 2026

တခါက ရန်ကုန်မှာကြုံခဲ့ဖူတဲ့ နိုင်ငံတကာသတင်းလွတ်လပ်ခွင့်နေ့

 တခါက ရန်ကုန်မှာကြုံခဲ့ဖူတဲ့ နိုင်ငံတကာသတင်းလွတ်လပ်ခွင့်နေ့


(၃ မေ ၂၀၂၆)

ဒီနေ့ မေ ၃ ရက်ဟာ နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်နေ့ပါ။ UNESCO က ဦးဆောင်ပြီး ကမ္ဘာတလွှားမှာ အခမ်းနားတွေ ကျင်းပကြပါလိမ့်မယ်၊ ဒါ့အပြင် နိုင်ငံအသီးသီးရှိ သတင်းအဖွဲ့တွေကလည်း ဟောပြောပွဲတွေ၊ အသိပညာပေးပွဲတွေ လုပ်ကြမှာပါ။


ပြီးခဲ့တဲ့ ရက်ပိုင်းကထုတ်ပြန်တဲ့ နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၆ ခုနှစ် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်အညွှန်းကိန်း (World Press Freedom Index) အရ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်အခြေနေဟာ ၂၅ နှစ်အတွင်း အနိမ့်ဆုံးအဆင့်ကို ကျဆင်းသွားတယ်လို့ သိရပါတယ်။


ကမ္ဘာအခြေနေတောင် အတော်ဆိုးနေတယ်ဆိုတော့ မြန်မာ့အခြေအနေကတော့ ပိုဆိုးမှာပေါ့။ နိင်ငံပေါင်း ၁၇၉ ခုမှာ မြန်မာက နံပါတ် ၁၆၆ ချိတ်တယ်။ ဒါတောင် မနှစ်က ၁၆၉ ကနေ ၃ ဆင့်ပြန်တက်လာတယ်လို့ ဆိုပါတယ်။


၂၀၂၁ စစ်တပ် အာဏာမသိမ်းခင် သတင်းလွတ်လပ်ခွင့်က ဘယ်လိုအခြေအနေရှိသလဲ... RSF မှတ်တမ်းတွေကို ပြန်ဖတ်ကြည့်တဲ့အခါ NLD အစိုးရခေတ် ၂၀၁၆-၁၇ မှာ ၁၃၁ နဲ့ အဆင့်အမြင့်ဆုံးအထိ တက်ခဲ့ဖူးတာကို တွေ့ရပါတယ်။


ဒါက ဒီနေ့ သတင်းလွတ်လပ်ခွင့်အခြေအနေ...

---


စာရေးသူပြောချင်တဲ့အကြောင်းက ၂၀၁၃ ခုနှစ်၊ ဦးသိန်းစိန်အစိုးရခေတ် (ဦးသိန်းစိန်အစိုးရနဲ့ မင်းအောင်လှိုင်အစိုးရ နှိုင်းယှဉ်ဖို့မလွယ်သေး) မှာ ကြုံခဲ့ဖူးတဲ့ တိုးတက်မှုတွေအကြောင်းပါ။


RSF မှတ်တမ်းတွေအရ ၂၀၁၃ မြန်မာ့သတင်းလွတ်လပ်ခွင့်အခြေနေဟာ ၁၅၁ အဆင့်သာရှိပေမယ့် နဝတ-နအဖ ခေတ်ထက် အများကြီးတိုးတက်လာတယ်၊ စာပေစီစစ်ရေးတွေဖျက်၊ နိုင်ငံတကာသတင်းထောက်တွေကို ပြည်ဝင်ခွင့်ပေး၊ ပြည်ပမီဒီယာတွေကိုပါ ပြန်လည်အခြေချခွင့်ပေးနေချိန်ပေါ့။


အဲဒီလို (ဒီမိုကရေစီ) အသွင်ကူးပြောင်းမှုလုပ်နေစဉ်မှာ စာရေးသူလည်း ၂၅ နှစ်တာအတွင်း ပထမ ဆုံးအကြိမ် ပြည်တော်ပြန်ဖို့ ဗီဇာရ၊ “သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး” စာအုပ်ထုတ်ခွင့်ရ...



ရန်ကုန်ရောက်တာက မေလ ၁ ရက်၊ သတင်းလွတ်လပ်ခွင့်နေ့က မေ ၃၊ စာအုပ် ထုတ်ဝေပွဲက မေ ၅ ဆိုတော့... ၅ ရက်လောက်အတွင်း ရန်ကုန်သတင်းလောက တိုးတက် ပြောင်းလဲနေပုံတွေကို လေ့လာခွင့်ရလိုက်ပါတယ်။


၃ ရက်နေ့ မွန်းတည့် ၁၂ နာရီလောက်မှာ သတင်းစာဆရာကြီး ဦးဝင်းတင်ရဲ့ နေအိမ်ဆီ ကျနော်ရောက်သွားပါတယ်။ DVB မှာတုန်းက တယ်လီဖုန်းနဲ့ မကြာခန အင်တာဗျုး လုပ်ခဲ့ဖူးပေမယ့် အခုမှ ပထမ ဆုံးအကြိမ် လူချင်းတွေ့ခွင့်ရတာပါ။


UNESCO က ဦးစီးကျင်းပတဲ့ သတင်းလွတ်လပ်ခွင့်နေ့ အခမ်းနားကနေ အခုလေးတင် ပြန်ရောက်တာတဲ့... ဆရာကပြောပါတယ်။ “ညနေလည်း တပွဲရှိသေးတယ်- အမျိုးသားဇတ်ရုံမှာ၊ ခင်ဗျားတို့ လာမှာမို့လား”...တဲ့ ဆရာကမေးပါတယ်။


“ညနေပွဲလည်း ဆရာက အဲဒီ အကျီနဲ့ပဲ တက်မှာလား”၊ ထောင်အကျီကို အပြင်ယူသွားလို့ တရားစွဲမယ်ဆိုပြီး ပြောသံကြားနေရတယ်...လို့ ကျနော်က နောက်တော့ ဆရာက အဲဒီ အပြာရောင် ထောင်အကျီအကြောင်း ဇတ်လမ်းအရှည်ကြီးကို ပြောပြပါတယ်။


ညနေပွဲမှာတော့ ပြောထားတဲ့အတိုင်းပဲ အဲဒီအကျီနဲ့ပဲ ဆရာပွဲလာတက်ပါတယ်။ ၂၅ နှစ်တာလုံးလုံး နယ်စပ်ပွဲတွေ၊ ပြည်ပပွဲတွေကိုသာ တက်ခဲ့ဖူးတဲ့ ကျနော်ဟာလည်း ရန်ကုန်က အဲဒီပွဲကို အတော်အားကျမိပေါ့။


လူလည်းအတော်စုံတယ်ပြောရမယ်၊ VOA, RFA, BBC, DVB ရေဒီယိုသတင်းဌာန ဌာနမှုးတွေ၊ ဧရာဝတီ၊ မဇျိမ အပါဝင် သတင်းဌာန အတော်များများက အယ်ဒီတာတွေ၊ သတင်းသမားတွေကို ဒါဇင်နဲ့ချီတွေ့ရပါတယ်။


ပြည်တွင်းသတင်းဌာနတွေဖြစ်တဲ့ The Voice တို့၊ ဆဲဗင်းဒေးတို့ ကျနော် မသိသေးတဲ့ သတင်းဌာနတွကလည်း အများကြီး...


၂၀၁၃ အတွက် အကောင်းဆုံးသတင်းဆု၊ ဆောင်းပါးဆု၊ ရုပ်သံ ဆု စသဖြင့် ဆုပေးပွဲကို နာမည်ကြီး အဆိုတော်တွေရဲ့ ဖျော်ဖြေမှုနဲ့အတူ ကျင်းပတာဆိုတော့ အခမ်းနားက အတော်ကြီးကျယ်ပါတယ်။


ပြည်ပကနေ ပြန်ဝင်လာတဲ့ သတင်းသမားတွေ၊ ရဲဘော်ဟောင်းတွေကိုလည်း အဲဒီပွဲမှာ အတော်ပြန်တွေ့လိုက်ရပါတယ်။ အခြေအနေက တကယ့်ကို အပြောင်းအလဲတခုဆီ ဦးတည်နေပြီ၊ အားလုံးရဲ့ မျက်နှာတွေမှာ အနာဂတ်မျှော်လင့်ချက်တွေနဲ့...


အဲဒီ ၂၀၁၃ ကစပြီး ၂၀၁၉ အကုန်၊ ၂၀၂၀ အစောပိုင်း ကိုဗစ် မဖြစ်ခင်လေးအထိ အခြေအနေဟာ မြန်မာ့မီဒီယာ ရွှေခေတ် လို့ပြောရမယ်ထင်ပါတယ်။ 


ဒါပေမယ့် ၂၀၂၁ စစ်တပ်က အာဏာပြန်သိမ်းတဲ့အချိန်မှာတော့ အရာရာဟာ သုညအောက်ကိုဆင်းပြီး အနုတ်လက္ခဏ ပြန်ပြသွား၊ ခုနက သတင်းလွတ်လပ်ခွင့် အခမ်းနားမှာတွေ့ခဲ့ရတဲ့ သတင်းသမားတွေ၊ ရဲဘော်ဟောင်းတွေအားလုံးလည်း ပြည်ပကို တခါ ပြန်ထွက်ပြေးရန်ပြန်ပေါ့...


အခုတော့ ပြေးရင်း လွှားရင်း ၅ နှစ်ကြာသွားပြီ...


ဒီလိုပြေးရင်းနဲ့ပဲ တခါက ကြုံခဲ့ရဖူးတဲ့ မြန်မာသတင်းလွတ်လပ်ခွင့်နေ့ အခမ်းနားကို ဒီနေ့မှာ ပြန်လည်အမှတ်ရနေမိပါတယ်။

Saturday, April 4, 2026

မကြာခင် ထုတ်ဝေမည့်... “သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး” Ebook စာအုပ်...

 နော်ဝေနိုင်ငံက... တောရိုင်းသတ္တာဝါနဲ့ သဘာဝအလှတွေအကြောင်း မနေ့ကရေးပြီးတဲ့နောက်...  တောတွင်းကာလ ထိုင်း-မြန်မာနယ်စပ်မှာ ကြုံခဲ့ရဖူးတဲ့  တောရိုင်းသတ္တာဝါနဲ့ သဘာဝအလှတွေအကြောင်း ဆောင်းပါးကို ပြန်လည်တင်ပြချင်တဲ့အတွက် ပြန်လည်ဖေါ်ပြလိုက်ရပါတယ်...


မကြာခင် ထုတ်ဝေမည့်... “သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး” Ebook စာအုပ်...





(အပိုင်း ၅- အခန်း-၅၂- မှ ကောက်နုတ်ချက်)


ပုံ - ၁ (ABSDF ကျောင်းသားတွေ ပါဝင်ဖွဲ့စည်းခဲ့ဖူးတဲ့ Green November 32 သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ကို တွေ့ရစဉ်။)


(၁) မျောက်သားစားချင်ရင် အလှူရှင်မျက်နှာ မကြည့်နဲ့...


“မျောက်သားစားချင်ရင် မျောက်မျက်နှာ မကြည့်နဲ့” ဆိုတဲ့ ဆိုရိုးစကားကို စာဖတ်သူတွေ ကြားဖူးကြမယ် ထင်ပါတယ်။ ဒါပေမယ့် တောထဲမှာ ငတ်ပြတ်နေတဲ့ ကျနော်တို့ ကျိုးဖိုးတွေအဖို့ကတော့ မျောက်မျက်နှာ ကြည့်ရုံတင်မက၊ မျောက်တကောင်လုံးကို အသေချာကြည့်ပြီး စားနေကြသူတွေဆိုတော့ အဲဒီ ဆိုရိုးစကားက မမှန်တော့ပါဘူး။


၁၉၉၄ နိုဝင်ဘာ သို့မဟုတ် ဒီဇင်ဘာလထဲမှာလို့ ထင်ပါတယ်။ ထောက်ပံ့ရေးတာဝန်နဲ့ ဟွာဟင်ဒေသက စခန်းသစ်ဆီ နိုင်ငံခြားသား NGO ဝန်ထမ်းတဦးကို ကျနော်ခေါ်သွားဖူးပါတယ်။


စခန်းသစ်တည်ဆောက်ကစ ABSDF အခြေအနေကို မျက်မြင်ကိုယ်တွေ့ သိချင်လို့ဆိုပြီး လိုက်ကြည့်သူကတော့ ဘန်ကောက်မြို့ ဆူခွန်ဗစ်လမ်းထဲမှာ ရုံးခန်းဖွင့်ထားတဲ့ နာမည်ကြီး NGO တခုက အသက် ၃၀ ဝန်းကျင်အရွယ် အနောက်တိုင်းသူတဦးပါ။


ဘန်ကောက်ကနေ မနက်အစောကြီး သူတို့ရုံးကကားနဲ့ထွက်လာတဲ့အတွက် ဟွာဟင်ကမ်းခြေမြို့ကို မနက် ၁၁ နာရီလောက်ရောက်ပါတယ်။ အဲဒီကနေ ဘန်လာဥ ရေတံခွန်ဆီ ၁၂ နာရီ၊ နယ်စပ်က ခေါင်ယိုင် သံပရာခြံရောက်တော့ နေ့လည် ၂ နာရီကျော်ပဲရှိပါသေးတယ်။ ဒါပေမယ့် တောထဲဝင်ဖို့ စကောစကဖြစ်နေတဲ့အတွက် သံပုရာခြံမှာ ညအိပ်လိုက်ပါတယ်။


ငှက်ဖျားပေါလှတဲ့ နယ်စပ်ဒေသဆီ ရောက်လာတဲ့ မရွှေချောက ခြင်ဆေးတွေ၊ ဆေးစိမ် ခြင်ထောင်တွေ၊ ရေသန့်ဗူးတွေ၊ လက်နှိပ် ဓာတ်မီးတွေ အစုံအလင်နဲ့ပေါ့။ ဒီလိုနဲ့ နောက်တနေ့ မိုးလင်းတော့ အဲဒီ NGO အမျိုးသမီးရယ်၊ ထိုင်း ကားဆရာရယ်၊ ကျနော်ရယ်၊ နောက် သံပုရာခြံ ဂိုထောင်က ရဲဘော် ၂ ဦးရယ် စခန်းသစ်ဆီ ချီတက်လာကြပါတယ်။


တောကနက်နက်၊ သစ်ပင်ကြီးတွေအောက်က စမ်းချောင်းလေးရဲ့ရေက အေးမြမြဆိုတော့ ဆန်ကီလို ၂၀-လောက်ထမ်းပြီး နေ့စဉ်သွားနေရတဲ့ ရဲဘော်တွေအဖို့ ငိုချင်စရာကြီး ဖြစ်နေပေမယ့် မြို့ပေါ်က အနောက်တိုင်းသူ မရွှေချောအတွက်တော့ စိတ်ကြည်နူးစရာ၊ ပျော်ရွင်စရာကြီး ဖြစ်နေပုံရပါတယ်။


တောတောင် စမ်းရေ သာယာတဲ့အကြောင်း စကားတပြောပြောနဲ့ လျောက်လာလိုက်တာ မောပန်းရမှန်းတောင် မသိပဲ ခရီးတဝက်လောက် ပေါက်လာပါတယ်။ ဒီလိုနဲ့ နေ့လယ် ၁၂-နာရီ ဝန်းကျင်မှာ နေ့လယ်စာ စားဖို့ ထမင်းထုတ်ဖြည်ပါတယ်။


အနီးအနားက ခပ်ကြီးကြီး သစ်ရွက်တွေကိုခူး၊ ချောင်းဘေးနားက ကျောက်တုံးပေါ်မှာ အသေအချာခင်း၊ ပလတ်စတစ်နဲ့ ထုတ်လာတဲ့ ထမင်းတွေကိုဖြည်ပြီး အဲဒီသစ်ရွက်တွေ ပေါ်မှာတင်၊ ဆီရွှဲနေတဲ့ ငါးသေတ္တာဟင်းကို လောင်းပြီး ဇွန်းမပါ၊ လက်ဗလာနဲ့ သုံးဆောင်တော်မူပေါ့။


မရွှေချောကတော့ အသင့်သယ်လာတဲ့ ပလတ်စတစ်ခွက်ထဲ ထမင်းထည့်၊ ပလပ်စတစ် ဇွန်း-ခရင်းနဲ့ပေါ့။ ဒီအထိ ပြဿနာ ကြီးကြီးမားမား မတက်သေးပါဘူး။


“သစ်ရွက်တွေကို ဘာလို့ မလိုအပ်ပဲ လျှောက်ခူးနေတာလဲ၊ ချောင်းရေကို ဒီတိုင်း မသောက်ရဘူး၊ ကြိုချက်ပြီးမှ သောက်ရတယ်လေ” လို့ ပြောပြီး သူ့ရေသန့်ဗူးကို မော့သောက်နေပါတယ်။ ကျနော်တို့ တောထဲက ပုဂ္ဂိုလ်တွေကတော့ သူ့လို ရေသန့်ဗူး ဘယ်သောက်နိုင်မလဲ။


ဒီတော့ ဆီပြန်နေတဲ့ ချောင်းရေကိုပဲ ကြည်အောင် ခဏစောင့်ပြီး လက်ခုပ်နဲ့ ခပ်သောက်၊ ဒီရေထဲမှာပဲ လက်ဆေး၊ လက်မှာ ကပ်ကျန်နေတဲ့ ထမင်းလုံးတွေ၊ အဆီတွေလည်း အဲဒီချောင်းရေထဲမှာ မျောပါပေါ့။ ချောင်းက ရေစီးနေတယ်ဆိုတော့ ဘာမှ မဖြစ်ဘူးလို့ ထင်ခဲ့တာပါပဲ။


ဒါပေမယ့် ကျနော်တို့ အဲဒီလို လုပ်နေတာကို မရွှေချောက အသေအချာကြည့်ပြီး “တောကြီးမျက်မည်းထဲက ဒီလောက် သန့်ပြန့်နေတဲ့ စမ်းချောင်းကို မင်းတို့မို့ ညစ်ပတ်အောင် လုပ်ရက်တယ်” လို့ ပြောပြီး ကျနော်တို့ ပစ်ချခဲ့တဲ့ ထမင်းလုံးတွေကို လိုက်ဆယ်၊ ပလတ်စတစ်စ တွေကိုလိုက်သိမ်း လုပ်နေပါတယ်။


ဒီတော့ ကျနော်လည်း မနေသာပဲ လိုက်ကူရတာပေါ့။ “ဒီတောကြီးမျက်မည်းထဲမှာ ဘယ်ရဲက လာစစ်မှာမို့လဲကွာ” ဆိုပြီး သူနားမလည်နိုင်တဲ့ ထားဝယ်စကားနဲ့ ကျနော်တို့ အချင်းချင်း ပြောပြီး ရယ်လိုက်ပါသေးတယ်။

---


ပုံ - ၂ (တောတောင်ထူထပ်လှတဲ့ စခန်းသစ်နေရာကို နယ်စပ်တောင်ကျော်ပေါ်ကနေ မြင်ရစဉ်။)


(၂) သူပုန်စစ်သားနှင့် NGO ဝန်ထမ်းတို့၏ တောရိုင်းသတ္တဝါတွေအပေါ် မတူတဲ့ သဘောထား...


အဲဒီကနေ ခရီးဆက်ပြီး စခန်းသစ်ရောက်မှ သူဟာ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးသမား၊ အထူးသဖြင့် တောရိုင်းတိရစ္ဆာန်တွေကို အထူးအလေးထားတဲ့ သူမှန်း သိလိုက်ရပါတယ်။


သိလိုက်ရပုံကလဲ ကြည့်ပါဦး။ နိုင်ငံခြားသူ လှပျိုဖြူ အလှူရှင်ကို အထူးဧည့်သည်အဖြစ် ရှားပါးအသားနဲ့ ဧည့်ခံလိုက်ရာကနေ တောင်းပန်လို့ မရတော့တဲ့ ပြဿနာကြီး ဖြစ်ခဲ့တာမျိုးပါ။


မောမောပန်းပန်းနဲ့ ရောက်လာတဲ့ ကျနော်တို့ကို ရဲဘော်တွေ ဧည့်ခံကျွေးမွေးတဲ့ အသားဟင်းက မျောက်သား ဖြစ်နေပါတယ်။ အသားမစားရတာ ကြာပြီဖြစ်တဲ့ ကျနော့်အတွက် အိုကေ-ပေမယ့် NGO မယ်တော်အတွက်ကတော့...


“မျောက်ဆိုတာ တောရိုင်းသတ္တဝါပဲ၊ တောရိုင်းသတ္တဝါကို ထိမ်းသိမ်းကာကွယ်ရမယ်ဆိုတာ မင်းတို့ မသိဘူးလား” လို့ အော်ပြောပြီး ငိုတော့မလိုဖြစ်နေလို့ မနည်းဖြေရှင်းတောင်းပန်ရပါတယ်။


ကျနော်က အဲဒီလို တောင်းပန်နေပေမယ့် ရဲဘော်တွေက သဘောမပေါက်။ “မျောက်သား မစားစေချင်ရင် သူတို့ NGO က အသား၊ ငါးတွေ များများလှူထားပေါ့ဗျာ။ ငါးပိလောက်ပဲ လှူပြီး မျောက်ပစ်စားတာကို အပြစ်တင်နေလို့ ဘယ်ဖြစ်မလဲ” ဆိုပြီး ရဲဘော်တဦးက ဝင်ပြောပါတယ်။


နောက်ထပ် ရဲဘော်တဦးကလည်း “ဟုတ်တာပဲ၊ တခြားစားစရာ ရှိနေရင် ကျည်ဆံအကုန်ခံ၊ ပင်ပန်းခံပြီး ကျနော်တို့ ဘယ် မျောက်ပစ်စားနေမလဲ” ဆိုပြီး ဝင်ထောက်ပါတယ်။


ကျနော်ဟာ အဲဒီအချိန်အထိ သဘာဝပတ်ဝန်းကျင်နဲ့ တောရိုင်းတိရစ္ဆာန်တွေအပေါ် အနောက်တိုင်း သားတွေ၊ အထူးသဖြင့် လူသားချင်းစာနာရေး အကူအညီပေးနေတဲ့ NGO ဝန်ထမ်းတွေ ဘယ်လောက်အထိ အလေးထားမှန်း နားမလည်သေးပါ။


ရှေ့က ရဲဘော် ၂-ဦးအမြင်နဲ့ ကျနော့်အမြင် အတူတူ ဖြစ်နေတဲ့အတွက် အဲဒီ စကားကိုပဲ ထောက်ခံ ဆွေးနွေးလိုက်မိ ပါတယ်။ အဲဒီတော့ မရွှေချောက ငိုသံနဲ့အပြစ်တင်၊ ကျနော်တို့က ဝိုင်းရယ်ပေါ့။

---


ပုံ - ၃ (ထိုင်းနယ်စပ် သံပုရာခြံကနေ စခန်းသစ်ဆီ ၁၂ မိုင်ခရီးကို ဆန်သယ်တဲ့ရဲဘော်များ စမ်းချောင်းဘေးမှာ အနားယူနေစဉ်။)


(၃)  မျောက်ပစ်မုဆိုးများ ဒဏ်ခတ်ခံရခြင်း...


အဲဒီထက် ပိုဆိုးတာက နောက်တနေ့မနက် အိပ်ယာနိုးချိန်၊ မနက်စောစော နေထွက်စ၊ မျောက်မြူးချိန်မှာ မျောက်ပစ်နေကြ ထုံးစံအတိုင်း စခန်းဝန်းကျင်ရှိ သစ်ပင်ကြီးတွေပေါ်က မျောက်တွေကို ရဲဘော်တွေလိုက်ပစ်တဲ့ သေနတ်သံကြားပြီး ကျနော်တို့ နိုးလာပါတယ်။


အဲဒီနောက် သေနတ်ဒဏ်ရာနဲ့ သွေးတွေစွန်းနေတဲ့ မျောက်တွေကိုသယ်လာတာ၊ အချို့မျောက်တွေဆိုရင် အမြီးကိုခေါင်းမှာချည်ပြီး တုတ်တန်းနဲ့ စလွယ်သိုင်း သယ်လာတာတွေကို မရွှေချောက ထပ်မြင်သွား ပြန်ပါတယ်။


ဒီတကြိမ်မှာတော့ NGO မရွှေချောကို ဘယ်လိုမှ ရှင်းပြတောင်းပန်လို့ မရတော့ပဲ ငိုတော့တာပါပဲ။ ဒါပေမယ့် ကျနော်က သူ့ခံစားချက်ကို အဲဒီအချိန်အထိ နားကိုမလည်နိုင်ပါဘူး။ အဲဒီကိစ္စက ဒီလောက်အထိဖြစ်စရာလားလို့ပဲ တွေးနေဆဲပါ။


ဒီလိုနဲ့ လာရင်းကိစ္စဖြစ်တဲ့ စခန်းသစ်က လူဦးရေစာရင်း၊ လိုအပ်တဲ့ ရိက္ခာစာရင်း၊ ဆေးဝါးစာရင်း၊ စိုက်ပျိုးရေးအတွက် လိုအပ်တဲ့ မျိုးစေ့၊ ပေါက်တူး စသဖြင့် ပစ္စည်းတွေ၊ စာရင်းဇယား ကိစ္စတွေကို ရှင်းလင်းပြောပြပြီး စခန်းကနေ ခေါင်ယိုင်ကို ပြန်ထွက်လာခဲ့ပါတယ်။


ခေါင်ယိုင်ကနေ ဘန်ကောက် ပြန်တက်တဲ့ အခါမှာတော့ ကျနော်ဟာ ဘန်ကောက်အထိ မလိုက်တော့ပဲ ရတ်ချပူရီမှာဆင်းပြီး မင်းသမီးစခန်းဆီ ပြန်ဝင်လာ ခဲ့ပါတယ်။ စခန်းသစ်က မျောက်ကိစ္စဟာလည်း ဒီမှာပဲ တစခန်း ရပ်သွားပြီလို့ ထင်ခဲ့တာပါ။


ဒါပေမယ့် NGO မရွှေချောက ကျနော်တို့ မျောက်ပစ်သမားတွေကို အတော် စိတ်နာသွားပုံ ရပါတယ်။ ကျနော် မင်းသမီး စခန်းဆီရောက်ပြီး သီတင်း တပတ်တောင် မကြာပါဘူး၊ ဗဟိုကနေ သတိပေး ကြေးနန်း ဝင်လာပါတယ်။


“စခန်းသစ်ဘက်က ရဲဘော်တွေ၊ ရှားပါး တောရိုင်းတိရစ္ဆာန်တွေကို ပစ်သတ်နေတာ အမြန်ဆုံး ရပ်တန့်ဖို့ … NGO အဖွဲ့က သတိပေး လာပါတယ်။


တကယ်လို့အချိန်မီ မရပ်ဘူးဆိုရင် သူတို့အဖွဲ့ရဲ့ အလှူငွေတွေ ရပ်ကောင်းရပ်ရလိမ့်မယ်လို့ ပြောလာတဲ့အတွက် အဲဒီကိစ္စကို တောင်ပိုင်း ဗလဖ-ကော်မတီက အလေးအနက်ထား ဆက်လက် ဆောင်ရွက်ရန် ညွှန်ကြား” လို့ အဲဒီကြေးနန်းစာထဲမှာ ပါရှိတာကို ကျနော် အမှတ်ရ နေပါတယ်။

===

Thursday, March 12, 2026

ပေးဆပ်သူတို့ရဲ့ ဒဏ်ရာများ...

 ပေးဆပ်သူတို့ရဲ့ ဒဏ်ရာများ...





လာမယ့် မတ်လ ၁၃ ရက်နေ့ဟာ ၃၈ နှစ်မြောက် ဖုန်းမော်နေ့ - မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ဖြစ်ပါတယ်။
တနည်းအားဖြင့် (၈-၈-၈၈) ရှစ်လေးလုံးအရေးတော်ပုံ စတင်ပေါက်ဖွားတဲ့ ပထမဆုံးနေ့၊ ၃၈ နစ်မြောက်နေ့ပေါ့။
၈-၈-၈၈ နှစ်ပတ်လည်နီးလာချိန်မှာ ၈၈၈၈ လေးလုံးမှာ ပါဝင်ခဲ့သူတွေ၊ ၈၈ မျိုးဆက်တွေအပေါ် ဝေဖန်တိုက်ခိုက်မှုတွေ တိုးလာနေတာ ဆိုရှယ်မီဒီယာပေါ် တွေ့နေရပါတယ်။
လူတိုင်းမှာ လွတ်လပ်စွာဝေဖန်ခွင့်ရှိတဲ့အတွက် ဘာမှမပြောမလိုပါ။
ဒါပေမယ့် တာဝန်ရှိသူ၊ အပြစ်ရှိသူကို အတိအကျပြောဖို့လိုပါတယ်။ မျိုးဆက်တခုလုံးကို ဝေဖန်တာမျိုး မလုပ်သင့်ပါ။
စစ်အာဏာရှင်ပြုတ်ကျရေး၊ ဒီမိုကရေစီရရှိရေးအတွက် ရိုးသားစွာပေးဆပ်သွားသူတွေကို လေးစားဖို့ လိုအပ်ပါတယ်။
---
စိတ်ထဲမှာ ဒီလိုဝေဖန်ချက်တွအပေါ် မကျေမနပ်ဖြစ်နေစဉ်မှာ...
ရဲဘော်ဟောင်းတဦးက ဒီမနက် ဖုန်းဆက်လာပါတယ်။
ABSDF - မင်းသမီးခစန်းအကြောင်း မနေ့ကရေးထားတာတွေ့လို့...
ကျဆုံးရဲဘော်တွေထဲက စောလားဒိုရဲ့ ဓာတ်ပုံမှတ်တမ်းများရှိလား... သူ့ ဆွေမျိုးတယောက်က မေးလာလို့...တဲ့။
သူမေးမှ ကိုယ်လည်း အသဲအသန် လိုက်ရှာရတယ်...။ တော်သေးတယ်၊ မှတ်တမ်းပုံ သေးသေးလေး တပုံတွေ့လို့၊ ကူးပြီး ပို့ပေးလိုက်ရပါတယ်။
စောလားဒိုနဲ့အတူ မင်းသမီးစခန်းမှာ သေဆုံး-ကျဆုံးသွားတဲ့ ရဲဘော် ၈၀ ကျော်ရှိပါတယ်။
ABSDF တခုလုံးဆိုရင် ကျဆုံး-သေဆုံး ရဲဘော် ၆၀၀ ကျော်ရှိပါတယ်။ ဒါ ၂၀၁၃ ငြိမ်းချမ်းရေးကာလက စာရင်းကိုပြောတာ။ အခုဆိုရင် ABSDF က နွေဦးတော်လှန်ရေးမှာ ဆက်လက်တိုက်ပွဲဝင်နေတဲ့အတွက် ကျဆုံး-သေဆုံးစာရင်း ထပ်တိုးနေနိုင်ပါတယ်။
ဒီလူတွေပေးဆပ်သွားတာနဲ့... ဟိုလူတွေရဲ့ ဝေဖန်မှုကိုခံရတာ တန်ပါရဲ့လား...
ကိုဖုန်းမော်နေ့မှာ အချင်းချင်းဝေဖန်မှုတွေကို လျော့ချပြီး မျိုးဆက်အားလုံး လက်တွဲဆောင်ရွက်ရေးဖက် ဦးစားပေးကြဖို့ နိုးဆော်လိုက်ပါတယ်။
---
ပေးဆပ်သွားသော ရဲဘော်များအားလုံးကို ဒီနေရာကနေ အလေးပြုလိုက်ပါတယ်။
မင်းသမီးစခန်းက (၁၉၈၈- ၁၉၉၈- အကြား) ကျဆုံး-သေဆုံး ရဲဘော် ၈၀ ကျော်ထဲက ရရှိသမျှ မှတ်တမ်းပုံကို တင်ပေးလိုက်ပါတယ်။
သာမန်စာဖတ်ပိတ်သတ်အတွက် ဒီ ဓာတ်ပုံတပုံက ဘာမှမဟုတ်ဘူးလို့ထင်ရပေမယ့် ကျဆုံး-သေဆုံးသွားတဲ့ ရဲဘော်တွေရဲ့ မိသားစုအတွက်တော့ ဒီဓာတ်ပုံတပုံဟာ တန်ဖိုးမဖြတ်နိုင်တဲ့ ပုံတခုဖြစ်ပါတယ်။
(အရေးပေါ်ကာလက ကူးထားတဲ့အတွက် ပုံတွေက သိပ်မရှင်းပါ။ မူရင်း ပုံရှိသူများ၊ အခြားပုံရှိသူများ မျှဝေပေးကြပါရန် တိုက်တွန်းပါသည်)။
လေးစားစွာဖြင့်...
ရဲဘော်ဝင်းထိန် @ ထက်အောင်ကျော်။
(၈- မတ် - ၂၀၂၆)။

“ဖုန်းမော်နေ့မှာ အချင်းချင်းဆဲတာတွေရပ်ပါ၊ စကမ ကိုသာ ဦးတည်တိုက်ခိုက်ကြပါ”

 “ဖုန်းမော်နေ့မှာ အချင်းချင်းဆဲတာတွေရပ်ပါ၊ စကမ ကိုသာ ဦးတည်တိုက်ခိုက်ကြပါ”


(၁၂ မတ် ၂၀၂၆)



(၁) -


ခေတ်ကိုက ဆိုရှယ်မီဒီယာခေတ်ဆိုတော့ တနေ့တနေ့ ဆိုရှယ်မီဒီယာပေါ် ဘယ်သူက ဘာပြောလိုက်ပြန်ပြီ၊ ဘယ်သူကတော့ ဘယ်လိုပြန်တုန့်ပြန်လိုက်ပြီ၊ ဘယ်အဖွဲ့ကတော့ ဘယ်လိုကြေညာချက်ထုတ်လိုက်ပြီ... ဒီလိုဟာတွေနဲ့ပဲ အချိန်တွေကုန်နေကြသလား...


ဒီလို အားအားယားယား ပြောကြတဲ့အထဲ ၈၈ မျိုးဆက်တွေ အသုံးမကျဘူးဆိုတဲ့ ဝေဖန်မှုမျိုးပါလာတာကတော့ ဝမ်းနည်းစရာပါပဲ။ တဦးချင်းကိစ္စ၊ တဖွဲ့ချင်းကိစ္စနဲ့ မျိုးဆက်အလိုက်ကိစ္စကို မကွဲပြားကြတာလား...


၈၈ မျိုးဆက်တွေကို ၃၈ နှစ်ပြည့် ဖုန်းမော်နေ့အမီ အစီစဉ်ရှိရှိ တိုက်ခိုက်လာတာမျိုးလား...။

---


(၂) - 


၈၈ မျိုးဆက်အပေါ် ဝေဖန်တိုက်ခိုက်မှုတွေ ဘယ်ကနေ ဘယ်လို စတင်လာသလဲ...


“ဗိုလ်နဂါးနဲ့အဖွဲကို NUG က အင်အားသုံး နှိမ်နှင်းတာကို ကန့်ကွက်ရာကနေ သဘောထားကွဲပြီး ၈၈ အပေါ် ဝေဖန်ရေး တိုးလာတာ” လို့ အကဲခတ်တဦးကပြောပါတယ်။


ဒါ လတ်တလောဖြစ်ပေါ်မှူအတွက် ဟုတ်လောက်ပါတယ်။ ဒါပေမယ့် ဒီ့မတိုင်ခင်ကတည်းကလည်း ၈၈ မျိုးဆက်အပေါ် ဝေဖန်မှုတွေကို ခပ်တိုးတိုး ကြားနေရတာပါ။


ဘာကြောင့် ဒီလိုဝေဖန်ရတာလဲ၊ ဒီလိုဝေဖန်သင့်သလား...။

---


(၃) - 


မျိုးဆက်တွေအကြောင်းပြောမယ်ဆိုရင်...


၈၈ မျိုးဆက်မတိုင်ခင်မှာ ၆၂ မျိုးဆက်၊ ၇၄ မျိုးဆက် ဆိုတာတွေရှိပါတယ်။


၈၈ မျိုးဆက်တွေ လက်နက်ကိုင်တော်လှန်ရေးအတွက် (ဥပမာ - ABSDF) နယ်စပ်ဒေသကိုရောက်တော့... အရင်မျိုးဆက်တွေဖြစ်တဲ့ ၆၂ မျိုးဆက် (ဥပမာ- ဗမာပြည်ကွန်မြူနစ်ပါတီ)၊ ၇၄ မျိုးဆက် (ဥပမာ -ပြည်သူ့ပြည်ချစ်ပါတီ) တွေကို ခင်ဗျားတို့ မျိုးဆက်တွေ အသုံးမကျလို့ ၈၈ မျိုးဆက်တွေ တောထဲရောက်လာရတာ...ဆိုပြီး ပြောဆိုဝေဖန်သံ တခါမှ မကြားမိပါ။


ဒါဖြင့် ဘာကြောင့် အခု ၂၀၂၁ မျိုးဆက်ခေတ်ရောက်မှ သူ့အရင် မျိုးဆက် ၈၈ တွေ အသုံးမကျဘူးဆိုပြီး ဝေဖန်ရတာလဲ...။


ဝေဖန်သူတွေဟာ မျိုးဆက်ကို ကိုယ်စားပြုသူတွေလား၊ ထင်ရာမြင်ရာ လျောက်ပြောသူတွလား...


အသေချာ ဆန်းစစ်ဝေဖန်ဖို့ လိုလာပါတယ်။

---


(၄) - 


အချက်အလက်တွေအရ အခု နွေဦးတော်လှန်ရေးထဲ ၈၈ မျိုးဆက်တွေ အရေးကြီးနေရာတွေမှာ တာဝန်ထမ်းနေကြတယ်ဆိုတာ သိနိုင်ပါတယ်။


NUCC မှာ ကိုမင်းကိုနိုင်ရှိနေပါတယ်။ NUG ထဲက ဝန်မင်းတွေထဲမှာလည်း ၈၈ ကို မီခဲ့သူတွေရှိမယ်လို့ ထင်ပါတယ်။


NUCC, NUG ကိုကျော်ပြီး ERO တွေဖက် ကြည့်လိုက်မယ်ဆိုရင်... 


KIO/KIA က ဗိုလ်ချုပ်ဂွန်မော်ဟာ ၈၈ မျိုးဆက်ပါ။

အလားတူ KNU က ပဒိုစောတောနီး၊ KNPP က ကိုအောင်ဆန်းမြင့်၊ CNF က ဆလိုင်းထက်နီ၊ TNLA က ဗိုလ်ချုပ်တာဘုန်းကျော်တို့ဟာလည်း ၈၈ တွေပါပဲ။


အဲ... AA က ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ အသက်နည်းနည်းငယ်သေးတယ်ဆိုတော့ ၉၆ မျိုးဆက်လောက်ဖြစ်မယ်ထင်ပါတယ်။ သေချာတာက အခု ၂၀၂၁ နွေဦးတော်လှန်ရေးမတိုင်ခင်ကတည်းက လက်နက်ကိုင်တော်လှန်ရေး လုပ်နေကြတဲ့ လူတွေဖြစ်ပါတယ်။


ဆိုတော့... ၈၈ မျိုးဆက်အပေါ် အသုံးမကျဘူးဆိုပြီး ဝေဖန်စရာအကြောင်း ဘာမှမရှိပါ။


၈၈ ထဲက လူတဦးစ၊ နှစ်ဦးစ ပြောတာဆိုတာ၊ ပြောပေါက်ဆိုပေါက်ကို မကြိုက်လို့ ဝေဖန်ရာကနေ ၈၈ မျိုးဆက်ကို ဝေဖန်တဲ့သဘောဖြစ်သွားတာလို့ ယူဆပါတယ်။

---


(၅) -


အဲတော့... အဲဒါ ဘယ်သူတွေလည်း ဆိုတာကိုတော့ အမည်တွေ ထည့်မရေးတော့ပါဘူး။ 


အဲလူတွေအားလုံး ဒီစာကိုဖတ်ပြီး ဆင်ခြင်ကြကုန်လော့...။


အဲလူတွေပြောတဲ့နောက် သံယောင်လိုက်ပြီး ဟိုဖက်ပတ်ဆဲ... ဒီဖက်ပတ်ဆဲ လုပ်နေသူတွလည်း ရပ်လိုက်ကြတော့...။


ဒီနေ့ ကျရောက်တဲ့ ၈၈ မျိုးဆက်၊ ၈ လေးလုံးအရေးတော်ပုံဖြစ်ပေါ်လာအောင် အသက်ပေးလှူသွားတဲ့ RIT ကျောင်းသား ကိုဖုန်းမော်နဲ့ ကိုစိုးနိုင် အပါဝင် ဒီမိုကရေစီနဲ့ လူ့အခွင့်ရေး၊ ဖက်ဒရယ်အရေးအတွက် အသက်ပေးသွားတဲ့ ခေတ်အဆက်ဆက်က ကျောင်းသားတွေအားလုံးကို လေးစားသောအားဖြင့်...


အချင်းချင်း ဆဲတာတွေရပ်ပါ...


စကမ ကိုသာ ဦးတည်ဆဲကြပါ။

ဘုံရန်သူကိုသာ ဦးတည်တိုက်ကြပါ။


မိတ်ဖက်ပဋိပက္ခနဲ့ ရန်ဖက်ပဋိပက္ခကို ရှင်းရှင်းလင်းလင်း မြင်နိုင်စွမ်းရှိပြီး...

တော်လှန်ရေးသမားကောင်းတွေ ဖြစ်လာကြပါစေသတည်း...။

===

Monday, March 2, 2026

(သေ့ဘောဘိုးစခန်းရှိ တောတွင်းတက္ကသိုလ်နဲ့ လုံခြုံရေး ရဲဘော်များ။)

 အခန်း-၁၈-


ပုံ - ၁ (သေ့ဘောဘိုးစခန်းရှိ တောတွင်းတက္ကသိုလ်နဲ့ လုံခြုံရေး ရဲဘော်များ။)




(၁) ထိုင်းစကား မပီတဲ့ နန်စူစန် ဖမာ့များ...


စန်ခရဘူရီကနေ ကန်ချနဘူရီအထိ ရိုးရိုးဘတ်စကား အနီ၊ ကန်ချနဘူရီကနေ ဘန်ကောက်ကိုတော့ အဲယားကွန်း အစိမ်းရောင်ကားကို စီးပြီး ညနေ ၆ နာရီကျော် ၇ နာရီလောက်မှာ ဘန်ကောက် စိုင်တိုင်းမိုင် (တောင်ပိုင်းဒေသ ကားဂိတ်ဟောင်း- အခု အသစ်နေရာမဟုတ်ပါ) ဆီ ကျနော်တို့ ၅ ဦး ချောချောမောမော ဆိုက်ရောက်လာပါတယ်။


ဒါပေမယ့် ဘန်ကောက်ကိုရောက်တာနဲ့ ပြဿနာက စပါလေရော။ ကိုယ့်ပုံကိုယ် မြို့သားပုံပေါက်နေပြီလို့ ထင်ထားပေမယ့် ထိုင်းရဲတွေ မျက်စိထဲမှာတော့ ကျနော်တို့ပုံတွေက ဖမ်းချင်စရာကြီး ဖြစ်နေပုံရပါတယ်။ ကျနော်တို့ ဝတ်စားထားတဲ့ပုံက ထိုင်းထောက်လှမ်းရေးလိုလို ပုံဖမ်းထားပေမယ့် တရုတ်လုပ် စစ်ကျောပိုးအိတ်တလုံးစီ လွယ်လာမိတယ်ဆိုတာကို သတိမထားဖြစ်လိုက်ပါ။ ဆိုတော့ ငွေညှစ်ဖို့ စောင့်နေတဲ့ ရဲတွေအတွက် သားကောင်ဖြစ်ခဲ့ရပြန်ပေါ့။


ဒါပေမယ့် ကျနော်တို့ကို ငွေညှစ်တဲ့ ရဲ က ယူနီဖောင်းဝတ်မထားဘူး။ ကျနော်တို့ငှားတဲ့ တက္ကစီပေါ် အတင်းတက်လာပြီး မင်းတို့ ဘယ်သူတွေလဲ၊ ဘယ်ကိုသွားမှာလဲ၊ ဘတ် (အလုပ်သမားလက်မှတ်လိုမျိုး ထိုင်းကထုတ်ပေးထားတဲ့ ခရီးသွားခွင့် လက်မှတ်တခုခု) ပါလားဆိုပြီး စစ်ပါတယ်။


တကယ်ကတော့ စိုင်တိုင်းမိုင်ကနေ လပလောင် (Lat Phrao) လမ်းရှိ ဗဟိုဆက်ဆံရေးရုံးဆီသွားဖို့ တက္ကစီငှားစဉ် လပလောင်ကို မြန်မာတွေခေါ်တဲ့အတိုင်း “လက်ပလောင်အို” ဆိုပြီး ပြောလိုက်တာမှာ ကားသမားက နားမလည်တဲ့အတွက် ဘေးကလူကို မေးရာကနေ အဲဒီငွေညှစ်တဲ့လူ ကားပေါ်ရောက်လာတာ ဖြစ်ပါတယ်။


ဒါပေမယ့် အဲဒီရဲက ယူနီဖောင်း ဝတ်မထားတော့ ကျနော်တို့က ရဲမှန်းမသိ။ ငွေညှစ်မယ့် လူဆိုး၊ လူလိမ်တဦးဦး လို့ထင်ပြီး “ဒီကောင် ငါတို့ကို တခုခုလုပ်ရင်တော့ ဝိုင်းချမယ်” ဆိုပြီး ကျနော်က ပဒိုလောင်း ၄ ဦးကို အမိန့်ပေးထားပါတယ်။ အဲဒီလူနဲ့ ကားသမားကလည်း ကျနော်တို့ပြောနေတဲ့ ထားဝယ်စကားကို နားမလည်ပေမယ့် ကျနော်တို့ရဲ့ မျက်နှာအနေထားနဲ့ တကယ်လုပ်မယ့်ပုံကိုများ ခန့်မှန်းမိသလားမသိပါ။


ကျနော်ထုတ်ပြတဲ့ ထောက်လှမ်းရေးလက်မှတ်ကို ဖင်ပြန်ခေါင်းပြန် ကြည့်ပြီးတဲ့နောက် အဲဒီလူ ကားပေါ်ကနေ ပြန်ဆင်းသွားပါတယ်။ ပြီးတော့ တက္ကစီသမားက တောင်းတောင်းပန်ပန်နဲ့  လပလောင်အို ၁၀၁၊ ဆွိုင် ၁ ထဲက ရုံးခန်းရှေ့အထိ လိုက်ပို့ပေးခဲ့ပါတယ်။ ကျနော်တို့လည်း ဒီတော့မှ သက်ပြင်းချနိုင်ပြီး ထိုင်းစကား မပီတဲ့ဒုက္ခကို ပြောရင်း ဝိုင်းရယ်ကြပါတယ်။


ဘန်ကောက်ကနေ မဲဆောက်အဆင်းမှာတော့ နာမည်ကြီး တာခ်ခရိုင် တောင်ကြားဂိတ်မှာ အစစ်ခံရပြန်ပါတယ်။ ဒီတောင်ကြားဂိတ်ဟာ မြန်မာတွေကို ဖမ်းတဲ့နေရာမှာ နာမည်အကြီးဆုံးနေရာဖြစ်ပြီး အခုချိန်အထိ နာမည်ကြီးနေဆဲ ဖြစ်ပါတယ် (တချို့ကုန်တင်ကားတွေကို သံဆူးချွန်နဲ့ထိုးပြီး ရှာတဲ့အတွက် သစ်သီးသစ်ရွက်တွေကြား ပုန်ပြီးလိုက်လာတဲ့ မြန်မာနိုင်ငံသားတွေ ဒဏ်ရာရတာတွေ၊ အသက်ရှု ပိတ်ပြီး သေဆုံးတဲ့အထိ ဖြစ်ခဲ့ရတာတွေ ရှိခဲ့ပါတယ်)။


မဲဆောက်-ဘန်ကောက်ကို အသွားအလာများတဲ့ ဗဟို ကော်မီတီဝင်တွေဆီကနေ  ကြားဖူးတဲ့စကားတွေအရ အိပ်ပျော်နေသူကို ရဲကနှိုးပြီး စစ်လေ့မရှိဘူးဆိုပါတယ်။ ဒါကြောင့် စစ်ဆေးရေးရဲ ကားပေါ်တက်လာရင် အားလုံး အိပ်ပျော်ချင်ယောင်ဆောင်နေဖို့ ပဒိုလောင်း ၄ ဦးကို ကျနော်က ညွှန်ကြားထားပါတယ်။


ဒါပေမယ့် ကျောင်းသားတွေနဲ့ ခဏခဏ တိုးဖူးပြီး မြန်မာစကားတောင် နည်းနည်းတတ်နေပြီဖြစ်တဲ့အထိ တိုးတက်ပြောင်းလဲနေတဲ့ ထိုင်း ရဲတွေရဲ့အခြေနေကို ကျနော်တို့က မသိလိုက်။ ကားပေါ်တက်လာတဲ့ ရဲက တခါတည်းတန်းပြီး အိပ်ပျော်နေတဲ့လူတွေကိုမှ ရွေးကာ အရင်ဆုံး စစ်တော့တာပါပဲ။ ဒီလိုနဲ့ အိပ်ပျော်ချင်ဟန် ဆောင်နေတဲ့ ကျနော်တို့ ၅ ဦးထဲက အသားအညိုဆုံးပုဂ္ဂိုလ် ကိုတင်စိုးကို ရဲက ဆွဲပါလေရော။


“ဘတ်ရှိလား၊ လက်မှတ်ပါလား” ဆိုပြီး အဲဒီရဲက မြန်မာလို မပီတပီနဲ့ မေးနေပါတယ်။ ဒီတော့မှ ခပ်တည်တည်နဲ့ ထိုင်းယောင်ဆောင်နေတဲ့ ကျနော်လည်း မနေသာတော့ပဲ ထောက်လှမ်းရေးလက်မှတ်ကို ထုတ်၊ ထိုင်းတဝက်၊ အင်္ဂလိပ်တဝက် လက်ဟန်ခြေဟန်တဝက်နဲ့ တတ်သမျှမှတ်သမျှ ဝင်ရှင်းရပါတယ်။


ဒါပေမယ့် အဲဒီရဲက လက်မခံပဲ ကျနော်တို့ ၅ ဦးကို ကားပေါ်ကဆွဲချပြီး ဂိတ်တဲထဲ ခေါ်သွားပါတယ်။ နောက်ဆုံးမှာတော့ တာဝန်အကြီးဆုံး ရဲအရာရှိက ထောက်လှမ်းရေးလက်မှတ်ကို ဖင်ပြန်ခေါင်းပြန် ကြည့်ပြီး ကားပေါ်ပြန် တင်ပေးလိုက်မှပဲ ဒုတိယံပိ သက်ပြင်းချနိုင်ပါတယ်။

---


ပုံ ၂ (တောတွင်းတက္ကသိုလ်မှာ သင်တန်းတခု ပို့ချနေစဉ်။)


(၂) တောတွင်းတက္ကသိုလ်နဲ့ ပဒို-နိုင်ငံရေးမှူးသင်တန်း


မဲဆောက်ကိုရောက်ပြီး နောက်တရက်မှာတော့ မဲဆောက်-မော်လီချိုင်း လိုင်းကားကိုစီးပြီး သေ့ဘောဘိုးစခန်းဆီ ကျနော်တို့ ၅ ဦး ခရီးနှင်ခဲ့ပါတယ်။ သေ့ဘောဘိုးဟာ ကျနော်တို့ ကျောင်းသားတွေအကြား နာမည်အကြီးဆုံး စခန်းတခုဖြစ်ပေမယ့် အဲဒီအချိန်ထိ ကျနော်တခါမှ မရောက်ဖူးသေးပါ။


ကားဂိတ်ဆုံးတဲ့ ထိုင်းရွာကနေ သောင်ရင်းမြစ်ဖျားကို ဖြတ်သွယ်ထားတဲ့ ကြိုးတံတားလေးကို ၁၀ မီတာလောက် ဖြတ်လျှောက်လိုက်တာနဲ့ KNU လုံခြုံရေးဂိတ်ကို ရောက်ပါတယ်။ ကံကဆိုးချင်တော့ KNU လုံခြုံရေးဂိတ် အနီးနားမှာ ကျနော်နဲ့သိတဲ့ ကျောင်းသားတဦးမျှမရှိ။


ကျနော်တို့မှာ ထိုင်းထောက်လှမ်းရေး လက်မှတ်ရှိနေတယ်ဆိုပြီး ဗိုလ်မှူးစိုးစိုးဆီက လက်မှတ်ကို ယူမလာခဲ့တာကလည်း ကျနော်တို့ အမှားပါပဲ။ နယ်မြေကော်မီတီက ရေးပေးလိုက်တဲ့ ခရီးသွားလက်မှတ်ကို ထုတ်ပြပေမယ့် KNU ဂိတ် စစ်ဆေးရေးအရာရှိက လက်မခံပါဘူး။


သေ့ဘာဘိုးမှာ ဘယ်သူနဲ့သိလဲ၊ ဘယ်ကနေ ဘယ်လိုရောက်လာတာလဲ၊ မေးခွန်းတွေက စုံနေတာပါပဲ။ ကျနော်တို့ကလည်း ဘန်ကောက်က ထိုင်းရဲကိုတောင် ရိုက်မယ်နှက်မယ် ဟန်ရေးပြပြီး လုပ်လာသူတွေဆိုတော့ အဲဒီအရှိန်က မပျောက်သေး။ ဒီလိုနဲ့ ဂိတ်မှူးနဲ့ကျနော် အခြေအတင်စကားများရင်း ၁၅ မိနစ်လောက် ကြာသွားတယ်လို့ ထင်ပါတယ်။


နောက်ပိုင်းမှ ပြန်သိရတာကတော့ ကျနော်ဝတ်စားထားတဲ့ စတိုင်ဟာ မြို့ပေါ်က ထိုင်းရဲတွေအတွက် ထိုင်းနိုင်ငံသားတဦးလို ပုံမှားရိုက်လို့ ရလောက်အောင် ထိုင်းတဦးနဲ့ တူနေပါတယ်။ ဒါပေမယ့် တောထဲက KNU စစ်ဆေးရေးအရာရှိတဦးရဲ့ အမြင်မှာတော့ ဒီလူက ကျောင်းသားနဲ့ မတူပဲ ဘန်ကောက်က ဆင်းလာတဲ့ လူလိုလို၊ သံရုံးကလူလိုလို၊ ပွဲစားလိုလို ပုံပေါက်နေတဲ့အတွက် မယုံသင်္ကာဖြစ်ပြီး အခုလို အသေချာအစစ်ခံခဲ့ရတာလို့ ပြန်သိခဲ့ရပါတယ်။


နောက်ဆုံးမှာတော့ သေဘောဘိုး စခန်းကော်မီတီနဲ့ အဲဒီဂိတ်မှုး ဝါကီတော်ကီ အဆက်အသွယ် ရသွားပြီး “သွားလို့ရပြီ” လို့ ဂိတ်မှူးက ပြောပါတယ်။ တကယ်က နယ်စပ်ဂိတ်နဲ့ သေဘောဘိုးရွာက သိပ်မဝေး၊ ၁၅ မိနစ်လောက် လမ်းလျှောက်လိုက်ရုံနဲ့ ရောက်ပါတယ်။


ပုံ - ၃ (သေ့ဘောဘိုးစခန်းက ရဲဘော်များ စစ်ကြောင်းထွက်ရန် ပြင်နေစဉ်။)


ဟော … သေ့ဘောဘိုးရွာကို ရောက်ပါပြီ။ ဓာတ်ပုံထဲမှာ မြင်ထားရတဲ့အတိုင်းပါပဲ။ ကလက်ဒေးရွာနဲ့ အတော်ဆင်တူပါတယ်။ ဒါပေမယ့် သေဘောဘိုးက ပိုစည်းကားပြီး ရေလိုင်း၊ မီးလိုင်း ဆက်သွယ်ထားမှုက ပိုစနစ်ကျတယ်လို့ ကျနော် ထင်မိပါတယ်။ အဲဒီမှာ ခနနား၊ အအေးတခွက်စီသောက်။ ပြီးတော့ နောက်ထပ် ချောင်းတခုကိုဖြတ်၊ တောလမ်းတွေအတိုင်း နာရီဝက်ကျော်ကျော် လမ်းလျှောက်ပြီးချိန်မှာတော့ ကျောင်းသားတွေရဲ့ သေ့ဘောဘိုးစခန်းနဲ့ တောတွင်းတက္ကသိုလ်ကို ရောက်ပါတယ်။


သေ့ဘောဘိုးမှာ တွေ့ရတဲ့ အဆောက်ဦတွေက ကျနော်တို့ မင်းသမီးနဲ့ ဘုရားသုံးဆူကလို ဝါးတဲ၊ သက်ကယ်မိုးတွေ မဟုတ်သလို ကလက်ဒေး၊ သံလွင်ဘက်ကလို သစ်စက်ကထွက်တဲ့ ကျွန်းသစ်တွေနဲ့ အခိုင်အမာ ဆောက်ထားတာမျိုးလဲ မဟုတ်ပါ။ ဒီ ၂ ခုကြားက အခြေနေလို့ မြင်မိပါတယ်။


ခြေသလုံး လောက်ရှိတဲ့ ကျွန်းသစ်နဲ့ အခြားသစ်မာတွေကို တောထဲကနေ အပင်လိုက် ခုတ်ယူလာပုံရတဲ့ တိုင်ငယ်တွေနဲ့ ဆောက်ထားတဲ့ မြေစိုက်တဲတွေဖြစ်ပြီး အမိုးကတော့ အင်ဖက်ဖြစ်ပါတယ်။ ပြီးတော့ ကျွန်းတောတွေကြားမှာ စခန်းဆောက်ထားတာမို့ ကျနော်တို့ မင်းသမီး၊ ဘုရားသုံးဆူစခန်းတွေနဲ့စာရင် အရိပ်ကောင်းပြီး နည်းနည်း ပိုအေးတဲ့သဘော၊ ငှက်ဖျားပိုထူမယ့်သဘောရှိပါတယ်။


အဲဒီကာလ စခန်းကော်မီတီ ဥက္ကဌက အက်စ်အောင်လွင် (အခု ဂျာမနီ)၊ အတွင်းရေးမှူးက ကိုအောင်နိုင်ဦး (နောက်ပိုင်း ဗဟိုနိုင်ငံခြားရေးဌာန တာဝန်ခံ၊ ဦးသိန်းစိန်ခေတ် MPC မှာ တာဝန်ထမ်းသူ) ဖြစ်ပါတယ်။


တောတွင်းတက္ကသိုလ် ကျောင်းအုပ်ကြီးကလည်း ကိုအောင်နိုင်ဦးပဲဖြစ်ပြီး ပဒိုသင်တန်း သို့မဟုတ် နိုင်ငံရေးမှူးသင်တန်းကို တာဝန်ယူထားတဲ့ သင်တန်းမှူးကတော့ ရှေ့နေ ဦးအောင်ထူး (နောက်ပိုင်း ဗဟိုအတွင်းရေးမှုး ၁ နဲ့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီ၊ အခု ဥပဒေအထောက်ကူပြုအဖွဲ့တည်ထောင်သူ)  ဖြစ်ပါတယ်။ ဦးအောင်ထူးဆီမှာ ပဒိုလောင်းလျာ ၄ ဦးကို အသေချာ အပ်နံှပြီးတဲ့နောက် သေ့ဘောဘိုးကနေ မဲဆောက်ကို ကျနော် ပြန်လာခဲ့ပါတယ်။


ပုံ - ၄ (သေ့ဘောဘိုးစခန်းသို့ နိုင်ငံခြား သတင်းထောက်တွေ ရောက်နေစဉ်)


မဲဆောက်ဒေသကနေ မင်းသမီးဘက်ဆီ အပြီးမပြန်ခင်မှာ နိုင်ငံခြားဧည့်သည်တွေကို လိုက်ပို့ရင်းနဲ့ သေ့ဘောဘိုးစခန်းကို နောက်ထပ် ၃ ခေါက်လောက် ထပ်ရောက်သေးတယ်လို့ ထင်ပါတယ်။ နောက်တခါ သေဘောဘိုးရဲ့ စခန်းခွဲတခုဖြစ်တဲ့ မောကဲစခန်းကိုလည်း ၂ ခေါက်လောက် ကျနော်ရောက်ခဲ့ပါသေးတယ်။


အဲဒီကာလ မော်ကဲစခန်းဥက္ကဌဟာ ဦးတင်ရွှေ (ကွယ်လွန်) ဖြစ်ပြီး နယ်မြေကော်မီတီ စာရင်းစစ်တာဝန်နဲ့ ကျနော် ရောက်ခဲ့တာပါ။ နောက်တခါ ဝေါလေရွာဘက်ကိုလည်း ကျနော် တခေါက်ရောက်သေးပေမယ့် တပ်မဟာ ၆ အတွင်းပိုင်းကိုတော့ တခါမှ မရောက်ဖူးလိုက်ပါ။ နောက်ထပ် စာရင်းစစ်တာဝန်နဲ့ ကျနော်ရောက်ဖြစ်ခဲ့တဲ့ခစန်း တခုကတော့ ရေကျော်စခန်းဖြစ်ပါတယ်။


စောထစခန်းကိုတော့ Burma Coordinating Group (BCG) က နိုင်ငံခြားအလှူရှင် ဧည့်သည်တွေကို လိုက်ပို့ရင်းနဲ့ တခေါက်ရောက်ခဲ့ပါတယ်။ BCG ဟာ အဲဒီကာလက ကျောင်းသားစခန်းတွေကို ရိက္ခာနဲ့ နေရေးထိုင်ရေး အဓိက ကူညီထောက်ပံ့ပေးနေတဲ့ အဖွဲ့ကြီးဖြစ်ပါတယ်။ ကျန်းမာရေးကိစ္စကိုတော့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) က ကူညီပေးပါတယ်။


အဲဒီကာလဟာ ကျောင်းသားလှုပ်ရှားမှုသတင်း အထွတ်အထိပ် ရောက်နေချိန်ဖြစ်တာမို့ နိုင်ငံတကာက အလွတ်သတင်းထောက် အတော်များများကိုလည်း ကျောင်းသားစခန်းတွေမှာ လနဲ့ချီနေပြီး သတင်းယူနေတာကို တွေ့ရဖူးပါတယ်။


အဲဒီထဲက ကျနော်မှတ်မိနေသူ ၂ ဦးကတော့ ABSDF အကြောင်း ရုပ်သံ မှတ်တမ်းရိုက်နေတဲ့ Image Asia မှ သြစတေးလျသူ သတင်းထောက် ညီအစ်မနှစ်ဦး ဖြစ်ပါတယ်။ သူတို့ဟာ မြန်မာစကားကိုလည်း အတော်ပြောတတ်ပြီး ကျောင်းသားတွေနဲ့ ရင်းရင်းနှီးနှီးနေခဲ့တဲ့ အနောက်တိုင်းသူတွေအဖြစ် ကျနော်အမှတ်ရ နေပါတယ်။


KNU နယ်မြေရှိ ကျောင်းသားစခန်း ၇ ခုထဲက ကျနော် မရောက်ဖူးလိုက်တဲ့ တခုတည်းသော စခန်းကတော့ မင်းသမီးစခန်းနဲ့ အနီးဆုံး၊ မင်းသမီးစခန်းရဲ့ အောက်ဘက်နား မြိတ်ဒေသမှာရှိတဲ့ မောတောင်စခန်းပဲ ဖြစ်ပါတယ်။


ကျနော်ဟာ မြန်မာနိုင်ငံမှာနေစဉ် ကျောင်းသားဘဝတုန်းကလည်း ထားဝယ်ကနေ မော်လမြိုင်၊ ပဲခူး၊ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းကနေ မုံရွာ၊ ဖိုလ်ဝင်တောင် အထိ ရောက်ခဲ့ဖူးပေမယ့် ထားဝယ်ရဲ့အောက်ဘက်နားက ပုလော၊ မြိတ်၊ ကော့သောင်းဘက်ကို တခါမှ မရောက်ဖူးခဲ့ပါ။


ဒါကြောင့် လူတွေဟာ အပေါ်ဘက် သို့မဟုတ် ဗဟိုဘက်ကို ဦးစားပေးတဲ့ အလေ့အထရှိတာကြောင့် အောက်ဘက်ကို မဆင်းဖြစ်ပဲ အပေါ်ဘက်ကိုချည်း သွားဖြစ်ခဲ့ကြတာ ဖြစ်နေလေမလားလို့ ပြန်စဉ်းစားနေမိပါတယ်။


ပုံ - ၅ (သေ့ဘောဘိုးစခန်းရဲ့ သောက်ရေ- သုံးရေ အဓိကနေရာ မဲဂလောင်ချောင်း)

===


(အများသွားတောင်ကြားလမ်းပေါ်မှ စစ်သည်တော်များ)

((FB မှာ တင်ထားတာတွေ ပြန်ရှာရခက်လို့ ဒီမှာ ကော်ပီလာတင်ထားတာဗျို့...) 


အပိုင်း-၃- (အများသွားတောင်ကြားလမ်းပေါ်မှ စစ်သည်တော်များ) 




အခန်း-၁၇-


ပုံ - ၁ (ဗဟိုဥက္ကဌ ကိုထွန်းအောင်ကျော်၊ မင်းသမီးခစန်းဥက္ကဌ ကိုမင်းအောင်နှင့်အဖွဲ့ အား ၁၉၈၉ က အမာရာစခန်းမှာ တွေ့ရစဉ်။)


(၁) နယ်မြေကော်မီတီမှ မင်းသမီးစခန်းသို့ ခဏပြန်ခြင်း...


KNU နယ်မြေကော်မတီမှာ တာဝန်ထမ်းနေစဉ်အတွင်း မင်းသမီးခစန်းကို ၂ ခေါက် ပြန်ဖြစ်တယ်လို့ ထင်ပေမယ့် နေ့ရက်အတိအကျကိုတော့ မမှတ်မိတော့ပါ။ ပထမတခေါက် ပြန်ဖြစ်တာကတော့ ကလက်ဒေးမှာ ကျင်းပတဲ့ နယ်မြေကော်မတီဖွဲ့ပြီးကာစ ၁၉၈၉၊ ဇန်နာဝါရီလ လယ်လောက်မှာလို့ ထင်ပါတယ်။ 


ကျနော်နဲ့ ကိုကျော်ထင်တို့ ၂ ဦးဟာ KNU ပဒိုတဦးရဲ့ ကားကြုံနဲ့ ကလက်ဒေးကနေ မင်းမသီးစခန်းဆီ ပြန်လိုက်သွားပြီး နယ်မြေအစည်းဝေး အတွေ့အကြုံနဲ့ ဗဟိုဘက်က အခြေနေတွေကို စခန်းမှာ ရှင်းပြခဲ့ပါတယ်။


ကျနော်တို့ ပြန်သွားတဲ့အချိန်မှာ စခန်းက မောင်တော်မှာ ဆက်ရှိနေဆဲဖြစ်ပေမယ့် ထားဝယ်ဘက်က ကျောင်းသားတချို့ကတော့ ရှေ့ပိုင်းမှာ တင်ပြခဲ့တဲ့ ဗိုလ်စိုးသိန်း (ပြည်ချစ်ဟာင်း၊ KNU နဲ့တွဲထားတဲ့ ထားဝယ်သားတပ်ရဲ့ တပ်ရင်းမှူး) ပေးတဲ့သင်တန်းကို မတက်ချင်တာကြောင့် KNU ကပေးတဲ့ သင်တန်းကို တက်နိုင်ဖို့ဆိုပြီး ထီးခီးက ရေကန်ကြီးရှိရာ စစ်သင်တန်းကျောင်းမှာ ရောက်နေကြပါတယ်။


ထီးခီးကနေ မိနစ် ၃၀ ကျော် လမ်းလျှောက်သွားရတဲ့ ရေကန် စစ်သင်တန်းကျောင်းဟာ ကန့်သတ်နေရာဖြစ်ပြီး ခွင့်ပြုချက်မရပဲ သွားခွင့်မရှိပါ။ အဲဒီလမ်းမှာ လက်နက်ပြင်စက်ရုံနဲ့ တခြားအရေးကြီးတဲ့နေရာတွေ ရှိပါတယ်။ KNU ကားကြုံနဲ့ အဲဒီရေကန်ဆီ ကျနော်တို့ရောက်သွားတော့ သင်တန်းသားတွေနေတဲ့ ၂ ထပ် သစ်သားဆောင် အကောင်းစား အကြီးကြီးတခုကို တွေ့ရပါတယ်။


ရေကန်သင်တန်းမှာ ဆရာအောင်မြင့် (နောက်ပိုင်း ဒု တပ်ရင်းမှူးဖြစ်လာသူ) အပါဝင် ထားဝယ်အုပ်စုက ကျောင်းသား ၄၀ ခန့်ကိုတွေ့ရပြီး နယ်မြေကော်မတီရဲ့ အခြေနေတွေကို ကျနော်တို့ ရှင်းပြခဲ့ပါတယ်။ သူတို့ဘက်ကလည်း လက်ရှိစခန်း အခြေအနေနဲ့ အခက်ခဲတွေကို ရှင်းပြခဲ့တယ်လို့ ကျနော်မှတ်မိနေပါတယ်။


အဲဒီမှာ ကျနော် ခပ်သဲ့သဲ့ကြားခဲ့ရတဲ့ သတင်းတခုကတော့ ကိုတင်လေးနဲ့ တခြားကျောင်းသား ၂ ဦးဟာ ကျနော်တို့ မရောက်ခင် ၂ ပတ်လောက်ကတည်းက ထိုင်းထဲထွက်သွားတာ အခုအထိ ဘာ အဆက်သွယ်မှ မရပဲ ပျောက်ဆုံးနေတယ် ဆိုတဲ့သတင်း ဖြစ်ပါတယ်။ ဒီသတင်းကို ခပ်ဝါးဝါးသာကြားရပြီး အသေချာလည်း ဘယ်သူမှမသိကြပါ။


မသိဆို ကိုတင်လေး၊ ကိုအောင်မိုးမြတ်နဲ့ ကိုကျော်အောင်တို့ဟာ ဒီသင်တန်းသားတွေနဲ့အတူ ရေကန်သင်တန်းကျောင်းမှာ လာနေတာလည်းမဟုတ်။ မောင်တော်စခန်းမှာ နေတာလည်း မဟုတ်ပဲ ထီးခီး-KNU ခရိုင်ရုံးရှေ့က ကျောင်းသားတွေအတွက် ပေးထားတဲ့ ဆက်သွယ်ရေး ခစန်းထောက် ဂိတ်တဲလေးမှာနေရင်း ထိုင်းနဲ့ အဝင်အထွက် အဆက်သွယ်အလုပ်ကို သူတို့က အဓိကလုပ်နေတာလို့ သိရပါတယ်။ ဒါကြောင့် သူတို့ပျောက်သွားတာကို ရေကန်သင်တန်းကျောင်းကလူတွေက အတိအကျ မသိတာလည်း ဖြစ်နေနိုင်ပါတယ်။


ရေကန်စခန်းကနေ မောင်တော်စခန်းဆီသွားပြီး စခန်းကော်မီတီနဲ့ တွေ့သေးတယ်လို့ ကျနော် အမှတ်ရပေမယ့် အသေးစိတ်ကိုတော့ မမှတ်မိတော့ပါ။ (ကျနော် မင်းသမီးစခန်းမှာ တာဝန်ပြန်ကျပြီး ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ အလားတူ ပျောက်ဆုံးမှု၊ သေဆုံးမှုတွေအတွက် ABSDF-KNU ပူးတွဲ စုံစမ်းမှုတွေ လုပ်ခဲ့ဖူးတဲ့အတွက် အဲဒီအခန်းရောက်မှ ဒီကိစ္စအပါဝင် ပျောက်ဆုံး၊ သေဆုံး ဖြစ်ခဲ့ရတဲ့ ရဲဘော်တွေ အကြောင်းကို ဆက်လက် ဖော်ပြပါမယ်။)


ဒုတိယတခေါက် မင်းသမီးခစန်းဆီ ကျနော်ပြန်ရောက်တဲ့ အချိန်ကတော့ ဇူလိုင်လကုန်ပိုင်း သို့မဟုတ် သြဂုတ်လ အစောပိုင်းလို့ ထင်ပါတယ်။ ဘာကိစ္စအတွက် ပြန်သလဲဆိုတာ မမှတ်မိတော့ပေမယ့် ကျနော် ပြန်ရောက်တဲ့အချိန်မှာ ကျနော်တို့စခန်းက မောင်တော်မှာ မဟုတ်တော့ဘဲ အမရာဆီ ရောက်နေပါပြီ။


အဲဒီကာလ စခန်းကော်မတီမှာ တာဝန်ယူထားသူတွေကတော့ မော်လမြိုင်တက္ကသိုလ်ကနေ ဓာတုဗေဒနဲ့ ကျောင်းပြီးကာစ ပုလောမြို့နယ်က ကိုမင်းအောင်က ဥက္ကဋ္ဌ (နောက်ပိုင်း ဗဟိုကော်မတီဝင်၊ အခု အမေရိကန်)၊ ကံပေါက်ဒေသက တိ-မွေးကု ဆရာဝန်တဦးဖြစ်သူ ကိုဌေးအောင်က ဒု ဥက္ကဌ (နောက်ပိုင်း ဗဟိုကော်မတီဝင်၊ အခု သြစီ)၊ ကံပေါက်မိုင်းက အင်ဂျင်နီယာတဦးဖြစ်သူ ကိုသိန်းဆောင်က အတွင်းရေးမှူး (နောက်ပိုင်း တောင်ပိုင်းဒေသကော်မတီ၊ အမေရိကားမှာ ကွယ်လွန်)။


မော်လမြိုင်တက္ကသိုလ်ကနေ သတ္တဗေဒနဲ့ ကျောင်းပြီးကာစ ထားဝယ်က ကိုမင်းဇော်ရွှေက တွဲဖက် အတွင်းရေးမှူး (နောက်ပိုင်း တပ်ရေးဗိုလ်၊ အခု သြစီ)။ ကံပေါက်မိုင်းက ရုံးအဖွဲ့မှူး ကိုခင်သန်းက စခန်းကော်မတီရုံး အဖွဲ့မှူး (နောက်ပိုင်း ဗဟိုသုတေသနဌာနမှူး၊ ABSDF က ပို့တဲ့ သတင်းတွေကို DVB အတွက် တည်းဖြတ်ပေးရသူ၊ ၁၉၉၉ မှာ အော်စလိုကနေ မဲဆောက်ကိုအပြန်မှာ မြဝတီဘက် ပြန်ဝင်သွားသလိုလိုနဲ့ သတင်းပျောက်သွားသူ) တို့ ဖြစ်ပါတယ်။

---


ပုံ -၂ (ဘုရားသုံးဆူဒေသရောက် ကျောင်းသားအချို့ကို သုံးဆူရှေ့မှာ တွေ့ရစဉ်။)


(၂) မွန်ပြည်သစ်နယ်မြေဆီ ရောက်သွားခြင်း...


ထီးခီးနဲ့ အမရာစခန်းမှာ ဗဟိုကအတွေအကြုံတွေ ရှင်းပြပြီးတဲ့နောက် မဲဆောက်ကိုအပြန်မှာ စခန်းကော်မတီက ကျနော့်ကို ပေးလိုက်တဲ့တာဝန်တခုက သေ့ဘောဘိုးစခန်းမှာ ဖွင့်ထားတဲ့ တောတွင်းတက္ကသိုလ်ဆီ တပ်ဖွဲ့ဝင် ၄ ဦးကို ခေါ်သွားပေးဖို့ပါ။


ပဒို သင်တန်းတက်ဖို့ (အဲဒီကာလက နိုင်ငံရေး စိတ်ဝင်စားသူတွေကို ပဒို၊ စစ်ရေး စိတ်ဝင်စားသူတွေကို သူးခို စသည်ဖြင့် ကရင်ဘာသာစကားနဲ့ ခေါ်ဝေါ်လေ့ရှိပါတယ်) ကျနော်နဲ့အတူပါလာတဲ့ ပုဂ္ဂိုလ်တွေကတော့ ကိုကြည်ေ၀ (အခု သြစတေးလျ)၊ ကိုလှေ၀ (အခု အမေရိကန်)၊ ကိုတင်စိုး (ပြည်တွင်း ပြန်ဝင်) နဲ့ ကျနော် အမည် မမှတ်မိတော့တဲ့ နောက်တဦး ဖြစ်ပါတယ်။ ကျနော်တို့ ၅ ဦးဟာ မင်းသမီးစခန်းကနေ ဘုရားသုံးဆူ စခန်းဆီ KNU ကားကြုံနဲ့ လိုက်လာခဲ့ပါတယ်။


အဲဒီကာလဟာ သူပုန်တွေ အင်အားအကောင်းဆုံးအချိန် ဖြစ်နေတဲ့အတွက် ဘုရားသုံးဆူကနေ မဲဆောက်ဘက်က KNU တပ်မဟာ ၆ နယ်မြေ မက္ကသာ-ကျိုက်ဒုံ-သေ့ဘောဘိုးအထိ KNU ကားတွေ တောလမ်းကနေ သွားလို့ ရနေဆဲပါ။


ရှေ့ပိုင်းမှာ တင်ပြခဲ့တဲ့ DAB စစ်ကြောင်းအတွက် မာနယ်ပလောနဲ့ ကော့မူးရာစခန်းရောက် မင်းသမီးခစန်းက ရဲဘော် ၂၀ ဦးပါ စစ်ကြောင်းဟာ အသွားရော၊ အပြန်ပါ ဒီလမ်းကြောင်းအတိုင်း သွားခဲ့တာဖြစ်ပါတယ်။


ဒါပေမယ့် ကံဆိုးချင်တော့ ကျနော်တို့ရောက်သွားတဲ့ အချိန်ကျမှ မက္ကသာဒေသမှာ စစ်ကြောင်းတွေရှုပ်နေလို့ ဘုရားသုံးဆူ၊ မက္ကသာ၊ ကျိုက်ဒုံ၊ ဝေါလေ၊ သေ့ဘောဘိုး ဘက်သွားတဲ့ကား မရှိတော့ပါဘူး။


“ခင်ဗျားတို့ ဘန်ကောက်ဘက်ကနေပဲ ပြန်ပတ်ပြီးသွားပါ” လို့ KNU ကားသမားက ပြောပါတယ်။ ဒါပေမယ့် ကျနော်တို့မှာ ဘာလက်မှတ်မှ မပါပဲနဲ့ ဘန်ကောက်ကို ဒီတိုင်းသွားလို့ ဘယ်ဖြစ်မလဲဆိုပြီး ကျနော်က မေးခွန်းထုတ်ပါတယ်။


ဒီလိုငြင်းခုန်ရင်း အဖြေမထွက်တဲ့အတွက် နောက်ဆုံးမှာတော့ ကျနော်တို့ ၅ ဦးကို ဘုရားသုံးဆူကနေ စံခရဘူရီဘက် ပြန်မောင်းလာပြီး နန်းမကိတ်ရွာအနီးရှိ ကားလမ်းဘေးက တောင်ထိပ်မှာ ခွပ်ဒေါင်းအလံ လွှင့်ထူထားတဲ့ ABSDF ၁၀၁ စခန်းမှာ ချပေးထားခဲ့ပါတော့တယ်။


ဒီလိုနဲ့ မမျှော်လင့်ဘဲ နန်းမကိတ်မှာ သတင်း ၂ ပတ်လောက် သောင်တင်သွားပါတယ်။ အဲဒီကာလက စံခရ-သုံးဆူကားလမ်းဟာ မြေနီလမ်းအဆင့်ပဲရှိသေးပြီး လိုင်းကားတွေကတော့ အခုလိုပဲ တနာရီ တစီးနှုန်း ပြေးဆွဲနေပါတယ်။


ဒါပေမယ့် ကားလမ်းတလျှောက်လုံးကို မွန်ပြည်သစ်က ထိန်းချုပ်ထားပြီး ကားလမ်းရဲ့တဘက်ခြမ်းက ထိုင်းနယ်မြေ။ ကျောင်းသားစခန်းနဲ့ မွန်ပြည်သစ်ပါတီ ဌာနချုပ်ရှိတဲ့ အခြမ်းကိုတော့ မြန်မာနယ် မြေဖြစ်တယ်လို့ သတ်မှတ်ထားပါတယ်။


(ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ် ထိုင်းခရီးစဉ်အတွင်း ဘုရားသုံးဆူဘက်ကို ကျနော်ရောက်ခဲ့ပေမယ့် နန်းမကိတ်ရွာ နေရာကို ဘယ်လိုမှ ရှာမတွေ့တော့ပါ။ ဒါပေမယ့် ကျနော်လိုပဲ နယ်စပ်ကိုလွမ်းတဲ့ ဘုရားသုံးဆူစခန်းက အမေရိကန်ပြန် ရဲဘော်တဦးရဲ့ ပြောပြချက်အရ အခု တောချတော နယ်ခြားစောင့်တပ်က စစ်ဆေးရေးဂိတ် ဖွင့်ထားတဲ့နေရာဟာ နန်းမကိတ်ရွာ ရှိနေတဲ့နေရာလို့ သိရပါတယ်။ နန်းမကိတ်ရွာ၊ မွန်ပြည်သစ်ပါ တီဌာနချုပ်နဲ့ ကျောင်းသားတပ်ရင်း ၂ ခုစလုံးရဲ့ နေရာတွေဟာ ၁၉၉၀ မတ်လလောက်မှာ နဝတ လက်ထဲ ကျဆုံးခဲ့ပါတယ်။)


ကျနော်တို့ ၅ ဦးကို ယာယီနေထိုင်ခွင့်ပေးထားတဲ့ ၁၀၁ တပ်ရင်းဟာ စံခရ-သုံးဆူ ကားလမ်းပေါ်ရှိ နန်းမကိတ်ရွာနဲ့ ၁၀ မိနစ်လောက်ပဲ လမ်းလျှောက်ရပြီး ကားလမ်းကို နည်းနည်းကျော်လိုက်တာနဲ့ ကျောင်းသားစခန်း လုံခြုံရေးဂိတ်တဲကို ရောက်ပါတယ်။ ဒီစခန်းက ကျနော်တို့ မောင်တော်စခန်းနဲ့ ခပ်ဆင်ဆင်တူပြီး တဲတွေ၊ ဘားတိုက်တွေ၊ ရုံးခန်းတွေ အားလုံးဟာ သက်ကယ်မိုး၊ ဝါးတဲတွေသာဖြစ်ပါတယ်။


အဲဒီကာလ စခန်းကော်မတီ ဥက္ကဋ္ဌက ကိုတင်စိုးနောင်လို့ ထင်ပါတယ်။ လူစာရင်းကို အသေချာ ကျနော် မမှတ်မိတော့ပေမယ့် ထိုင်းစကားပြောတတ်ပြီး ကျနော်တို့ကို ထောက်လှမ်းရေးလက်မှတ် လိုက်လုပ်ပေးတဲ့ ကိုစိုးအောင်ကိုတော့ ကျနော် မှတ်မိနေပါတယ်။


ပုံ ၃ (၈-၈-၈၈ -ရှစ်လေးလုံး တနှစ်ပြည့် အခမ်းအနား သုံးဆူမှာ ကျင်းပနေစဉ်။)


အခု ဒီဆောင်းပါးရေးဖို့ ပြန်လည်မေးမြန်းချိန်မှာ ဆက်စပ်သိရသလောက်ကတော့ ကျနော်တို့အဖွဲ့ ဘုရားသုံးဆူကို ရောက်တဲ့အချိန်ဟာ ၁၉၈၉ သြဂုတ်လလယ်လို့ ယူဆရပါတယ်။ ရှစ်လေးလုံးအရေးတော်ပုံ တနှစ်ပြည့်အခမ်းအနား ကျင်းပပြီးကာစ။ အဲဒီအခမ်းအနားအတွင်း မွန်ပြည်သစ်ပါတီ ဒု ဥက္ကဋ္ဌ နိုင်နွန်လာ မိန့်ခွန်းပြောနေရင်း နှလုံးရောဂါ ဖောက်လာပြီး ကွယ်လွန်မှုဖြစ်ပြီးကာစ အချိန်လေးလို့ သိရပါတယ်။


အဲဒီချိန်မှာ ကိုတင်စိုးနောင်က ၁၀၁ ဥက္ကဋ္ဌဖြစ်နေပြီး ကိုအောင်သူငြိမ်းနဲ့ အဖွဲ့က ၁၀၁ ကနေ ထွက်သွားကာစလို့ ဆိုပါတယ်။ နောက်တခါ ကိုသီရိညွန့်အပါဝင် ၁၀၂ ရဲဘော်တွေကတော့ ၁၀၁ ကနေ မိနစ် ၂၀ ခန့် လမ်းလျှောက်ရတဲ့ ဂျပန်ရေတွင်းရွာအနီး အခြေစိုက်ထားတယ်လို့ သိရပါတယ်။


နောက်ပိုင်း ဗဟုအဖွဲ့ရဲ့ ညွှန်မှူးတာဝန်ယူနေသူ ကိုဇော်ဦးကတော့ မွန်နယ်မြေ (ကျနော်တို့ရဲ့ KNU နယ်မြေကော်မတီနဲ့ပုံစံတူ၊ ဒါပေမယ့် သူတို့အောက်မှာ ၁၀၁ နဲ့ ၁၀၂ တပ်ရင်း ၂ ရင်းပဲရှိပါတယ်) ကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ယူနေတဲ့အချိန်လို့ ဘုရားသုံးဆူစခန်း ရဲဘော်ဟောင်းတွေဆီကနေ သိရပါတယ်။

---


ပုံ - ၄ (သုံးဆူဒေသရောက် ကျောင်းသားများ ဝါရင်းတုတ်နဲ့ လေ့ကျင့်ခန်းဆင်းနေစဉ်။)


(၃) ကျိုးဖိုးကနေ ကွတ်ဖယ် ဖြစ်သွားခြင်း...


ဒီလိုနဲ့ ဘုရားသုံးဆူမှာ သောင်တင်နေစဉ် ၂ ပတ်တာ ကာလအတွင်း နန်းမကိတ် ဗီဒီယိုရုံဆီ တခြားကျောင်းသားတွေနည်းတူ လက်မှတ်ကို မိတ္တူပွား ခိုးကြည့်တဲ့အထဲ ကျနော်တို့အုပ်စုလည်း အပါဝင်ဖြစ်ပါတယ်။ မိတ္တူကူးတယ်ဆိုပေမယ့် အခုခေတ်လို မိတ္တူကူးစက်ကြီးနဲ့ ကူးတယ်လို့ မထင်လိုက်ပါနဲ့။ အဲဒီကာလက လက်မှတ်ကို စက္ကူနဲ့ ထုတ်ပေးတာမျိုး မဟုတ်ဘဲ ရုံထဲဝင်သူတဦးချင်းရဲ့ လက်ဖျံမှာ မှင်နီတုံးနဲ့ ထုပေးလိုက်တာသာ ဖြစ်ပါတယ်။


ထုံးစံအတိုင်း ဝင်ငွေတပြားမှမရှိတဲ့ ကျနော်တို့ ကျိုးဖိုး။ အဲ .. ဒီဒေသမှာတော့ ကျိုးဖိုး မဟုတ်တော့ပါဘူးခင်ဗျား။ “ကွတ်ဖယ်” လို့ မွန်ဘာသာနဲ့ခေါ်ပါတယ်။ ဆိုတော့ ကွတ်ဖယ်တွေလည်း အများသူငါလို ရုပ်ရှင်ကြည့်ချင်တာပေါ့။


ဒီတော့ ငွေ ၂ ဘတ်လောက်ကို ဝိုင်းစုပြီး သူရဲကောင်းတဦးကို ရွေးချယ်၊ အဲဒီပုဂ္ဂိုလ်က ရုံထဲဝင်ပြီး သူ့လက်ဖျံမှာ မှင်နီတုန်းတံဆိပ် ရအောင်အရင်လုပ်။ မှင်နီတံဆိပ် ရပြီးတာနဲ့ ချက်ချင်း အပြင်ကိုပြန်ထွက်။ အပြင်ရောက်တာနဲ့ တန်းစီစောင့်နေတဲ့ ဘော်ဘော်တွေကို အဲဒီမှင် မခြောက်ခင်မှာ လက်ဖျံချင်းထိ တိုက်ရိုက် မိတ္တူကူးကြလေသတည်းပေါ့။ ဒီလိုနဲ့ ရုံသာလူပြည့်သွားတယ်၊ ဝင်ကြေးက သိပ်မရလို့ ဗီဒီယိုရုံပိုင်ရှင်လည်း စိတ်ညစ်နေမလားပဲ။


ဒေသခံစကားတွေနဲ့ ပတ်သက်ပြီး မှတ်မိသမျှကို ထပ်ပြောရမယ်ဆိုရင် “ကွတ်ဖယ်-ဟမယ်” (ကျောင်းသား-မြန်မာ)၊  မောင်းရှိ ခေါ:ဟာ (နေကောင်းလား)၊ ရှိပိန်းဒွေး ရဟာ (ထမင်းစားပြီးပလား) ဆိုတဲ့စကားလုံးတွေကို မှတ်မိနေဖို့လိုပါတယ်။


မွန်ဒေသရောက်တဲ့ ကျောင်းသားတွေက မွန်ဘာသာ၊ ကရင်ဒေသရာက်သူတွေက ကရင်ဘာသာ အခြေခံလေးတွေတော့ တတ်အောင် လေ့ကျင့်ထားကြရပါတယ်။ ရှေ့တန်းဒေသမှာဆိုရင် စကားမတတ်တဲ့ပြဿနာက ပိုဆိုးပါတယ်။ ရွာအတော်များများမှာ ဗမာလို မပြောကြပါဘူး။ ကရင်ရွာမှာ ကရင်လို မပြောတတ်ရင်၊ မွန်ရွာမှာ မွန်လိုမပြောတတ်ရင် ထမင်းငတ်ခြင်းအပါအဝင် အခက်အခဲမျိုးစုံနဲ့ကြုံရနိုင်ပါတယ်။


ကျနော်လည်း အဲဒီလို ဟိုသွားဒီသွားနဲ့ သူ့ဒေသမှာ သူ့စကားပြောတတ်မှဖြစ်မယ်၊ သူ့စကားကို ကိုယ်မတတ်တိုင်း သူက ကိုယ့်စကား လိုက်ပြောရမယ်ဆိုတာ မဟုတ်သေးဘူး၊ တိုင်းရင်းသားတွေက ဗမာစကားပြောတတ်ပြီး ဗမာတွေက တိုင်းရင်းသားစကား တခုမှ မတတ်ဘူးဆိုတာ သိပ်တရားမျှတမှု မရှိဘူး၊ သဘာ၀ မကျဘူးဆိုတာကို ဒီဆောင်းပါးရေးရင်းနဲ့ ပြန်စဉ်းစားနေမိပါတယ်။


နောက်တခါ မြို့ပြဒေသမှာ ဗမာတွေက လူများစုဖြစ်ပြီး တိုင်းရင်းသားတွေက လူနည်းစု ဖြစ်နေလေ့ရှိပါတယ်။ ဒါပေမယ့် အခု ကျနော်တို့ရောက်နေတဲ့ နယ်စပ်မှာတော့ ကျနော်တို့ကျောင်းသားတွေက လူနည်းစုဖြစ်နေပြီး တိုင်းရင်းသားတွေက လူများစုဖြစ်နေပြန်ပါတယ်။ ဆိုလိုတာကတော့ ကိုယ်က လူများစုဖြစ်နေစဉ်မှာ လူနည်းစုရဲ့ ခံစားချက်ကို နားလည်ဖို့ မလွယ်ပေမယ့် ကိုယ်က လူနည်းစုဖြစ်သွားတဲ့အခါမှာတော့ လူနည်းစုရဲ့ခံစားချက်ကို ကိုယ်တိုင်ခံရသလို ဖြစ်သွားပြီး တိုင်းရင်းသား လူနည်းစုတွေရဲ့ခံစားချက်အပေါ် ပိုပြီး နားလည်လာတယ်လို့ စိတ်ထဲမှာ ထင်နေမိပါတယ်။


အဲဒီ “ကွတ်ဖယ်-ဟမယ်” စခန်းအနီးက ဗီဒီယိုရုံရှိတဲ့ နန်းမကိတ်ရွာဟာ မွန်ပြည်သစ်ပါတီက မိသားစုတွေနဲ့ ဒေသခံ မွန်တိုင်းရင်းသားတွေနေထိုင်တဲ့ ရွာကြီးဖြစ်ပါတယ်။ အဲဒီရွာကနေ ၁၅ မိနစ်လောက် လမ်းလျှောက်လိုက်ရုံနဲ့ မွန်ပြည်သစ်ပါတီဌာနချုပ်ကို ရောက်နိုင်ပါတယ်။ ကိုတင်စိုးနောင်နဲ့အတူ မွန်ဌာနချုပ်ဆီ ကျနော် တခေါက်ရောက်ဖူးတာကို မှတ်မိနေပေမယ့် အသေးစိတ်ကိုတော့ မသိတော့ပါ။


နောက်တခါ ထူးထူးခြားခြား KNU နယ်မြေမှာ တခါမှမတွေ့ဖူးတဲ့ (ထိုင်ဝမ်ကလို့ ထင်ပါတယ်) ဗုဒ္ဓဘာသာ ကူညီကယ်ဆယ်ရေး NGO တခုကိုလည်း မွန်ပြည်သစ်နယ်မြေမှာ တွေ့ခဲ့ရပါတယ်။


နောက်တရက်မှာတော့ နန်းမကိတ်ကနေ လိုင်းကားစီးပြီး ဘုရားသုံးဆူရွာကို ကျနော်တို့ သွားလည်ဖြစ်ပါတယ်။ ဒီနေ့ကာလလိုမျိုး စေတီ သုံးဆူနဘေးမှာ ဈေးတန်းမရှိသေးပေမယ့် အဲဒီစေတီတွေဆီ မရောက်ခင် အပေါ်ဘက်နားက ဈေးတန်းကတော့ အခုရှိနေတဲ့ ဈေးတန်းအတိုင်း စည်းကားနေပါတယ်။ ပစ္စည်းမျိုးစုံ၊ စားသောက်ဖွယ်မျိုးစုံ၊ ကုန်သည်မျိုးစုံနဲ့ မက်သလေဈေးထက်တောင် ပိုစည်နေတယ်လို့ ကျနော်စိတ်ထဲ ထင်မိပါတယ်။


ဒါပေမယ့် မြန်မာဘက် ဘုရားသုံးဆူကတော့ ဒီနေ့အခြေနေနဲ့ ဘာမှမဆိုင်ပါ။ စစ်ပြီးကာစ ပြန်လည်ထူထောင်ရေး ကာလဆိုတော့ အခုလို ဈေးဆိုင်တွေ၊ တိုက်တာတွေ ဘာမှမရှိသေး။ ကျနော်တို့ ကျောင်းသားတွေ ရန်ကုန်နဲ့ တခြားမြို့ကြီးတွေမှာ (၈-၈-၈၈) ရှစ်လေးလုံးအရေးတော်ပုံနဲ့ အလုပ်ရှုပ်နေစဉ် နယ်စပ်က ဒီဒေသမှာတော့ NMSP မွန်ပြည်သစ်နဲ့ KNU ကရင့်အမျိုးသားအစည်းအရုံး တပ်တွေကြားမှာ အကြီးအကျယ် တိုက်ပွဲဖြစ်နေခဲ့တယ်လို့ သိရပါတယ်။


စက်တင်ဘာလနှောင်းပိုင်း ကျောင်းသားတွေ ဘုရားသုံးဆူဒေသဆီ ရောက်တဲ့အချိန်ဟာ မွန်ပြည်သစ်နဲ့ KNU စစ်ပွဲပြီးကာစ အချိန်လေးဖြစ်ပြီး မဒတ၊ (NDF) က ကြားဝင်ပြီး ဆွေးနွေးပွဲတွေလုပ်၊ ဘုရားသုံးဆူကို မွန်-ကရင် ပူးတွဲ အုပ်ချုပ်ရေး ချထားတဲ့အချိန် ဖြစ်ပါတယ်။


သုံးဆူရွာထဲဝင်ပြီး ဟိုကြည့် ဒီကြည့် လုပ်ခဲ့ပေမယ့် တရွာလုံးအနှံ့တော့ မရောက်ဖြစ်ပါ။ အဲဒီက အပြန်မှာတော့ ဘုရားသုံးဆူအနီးက ကျောင်းသားတချို့ အလုပ်လုပ်နေတဲ့ သစ်စက်တခုဆီဝင်ပြီး စကားပြောဖြစ်ခဲ့ပါတယ်။ ပြီးတော့ အဲဒီကနေ လမ်းလျှောက်ပြန်လာပြီး ဂျပန်ရေတွင်းရွာအနီးက ၁၀၂ တပ်ရင်းဆီ ဝင်ရောက်ခဲ့သေးတယ်လို့ မှတ်မိနေပါတယ်။ ဒီလိုနဲ့ သုံးဆူဒေသမှာ သတင်း ၂ ပါတ်လောက် ကြာပြီးတဲ့အခါမှာတော့ ထောက်လှမ်းရေး လက်မှတ်ရလို့ ဘန်ကောက်မြို့ဆီ ကျနော်တို့ ၅ ဦး ချီတက်လာပါတယ်။

===

Sunday, May 28, 2023

“လူထုထောက်ခံမှုရော၊ တော်လှန်ရေးတပ်တွေအနေအထားပါ အရင်ထက် ပိုအားကောင်းတဲ့အတ...



“လူထုထောက်ခံမှုရော၊ တော်လှန်ရေးတပ်တွေအနေအထားပါ အရင်ထက် ပိုအားကောင်းတဲ့အတွက် ဒီတကြိမ်မှာ စစ်အာဏာရှင် နိဂုံးချုပ်မှာ သေချာပါတယ်”

- ရဲဘော်မင်းဌေး (စစ်ကြောင်းမှူူး - ABSDF Column -3 )

(၂၈ -၅ - ၂၀၂၃)

“ဒီနေ့ နွေဦးတော်လှန်ရေးဟာ အရင် ၈၈ တော်လှန်ရေးနဲ့စာရင် လူထုထောက်ခံမှုရော၊ တော်လှန်ရေးတပ်တွေရဲ့ အင်အားရော၊ နိုင်ငံတကာထောက်ခံမှုပါ ပိုအားကောင်းတဲ့အတွက် ဒီတကြိမ်မှာ စစ်အာဏာရှင် နိဂုံးချုပ်ပြီး ပြည်သူတွေ အောင်ပွဲရမှာသေချာတယ်” လို့ ယောဒေသအခြေစိုက် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) အမှတ် ၃ စစ်ကြောင်းမှုး ရဲဘော်မင်းဌေးကပြောပါတယ်။

နွေဦးတော်လှန်ရေး ၂ နှစ်တာကာလအတွင်း (ABSDF) တပ်တွေနဲ့ PDF တွေ ဘယ်လိုပူးပေါင်းတိုက်ပွဲဝင်နေသလဲ၊ လက်ရှိတော်လှန်ရေးအနေအထားနဲ့ အရင် ၈၈ အနေအထား ဘာတွေကွာသလဲ...စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- ယောနယ်၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်း-မြောက်ဒေသမှာ (ABSDF) တပ်တွေ ဘယ်လို တိုက်ပွဲဝင်နေသလဲ...

- ယောနယ်အပါဝင် ချင်းတောင်တန်းနဲ့ မကွေး-စစ်ကိုင်းဒေသမှာ လွတ်မြောက်နယ်မြေ အတော် ကျယ်ပြန့်နေပြီလား...

- G-Z တွေဦးဆောင်နေတဲ့ နွေဦးတော်လှန်ရေးနဲ့ အရင် ၈၈ တော်လှန်ရေး ဘာတွေတူပြီး ဘာတွေကွာသလဲ...

- စစ်အာဏာရှင်လုံး၀ နိဂုံးချုပ်တော့မယ်လို့ ဘယ်အချက်တွေပေါ် အခြေခံပြောနိုင်တာလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာနက်လိုင်း အားနည်းတဲ့အတွက် အချို့နေရာတွေမှာ အသံမကြည်မလင်ဖြစ်နေအပေါ် တောင်းပန်အပ်ပါသည်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More