ညစ်ပတ်ပေရေမှုများကို ဆန်းစစ်ခြင်း
ရန်ကုန်ရောက်ရင် မပျက်မကွက် ထိုင်လေ့ရှိတဲ့ လက်ဖက်ရည်ဆိုင်မှာ ပထမဆုံးကြုံရတဲ့ စိတ်မသတီမှုကတော့ ရေအေးနဲ့ စိမ်ထားတဲ့ ရေနွေးခွက်တွေပါပဲ။ ဘယ်သူက ဘယ်အချိန်မှာ ဒီနည်းကို ထွင်လိုက်လဲ မသိပါ။ လွန်ခဲ့တဲ့ ၂၅ နှစ်က ဒါမျိုးမရှိဘူးလို့ ထင်ပါတယ်။

သူတို့အတွက် ဒီအတိုင်း ယူသောက်နေတာ ရိုးနေပြီ ဖြစ်ပေမယ့် အဝေးက ပြန်လာသူ တစ်ဦးအတွက်တော့ ဆေးကြောခြင်း မရှိဘဲ ဒီအတိုင်း ယူသောက်ဖို့ အဆင်သင့် မဖြစ်သေးပါ။ သောက်ပြီးသူတွေ ထွက်သွားရင် ဒီခွက်တွေကို အသစ်ပြန်ဆေးသလားဆိုပြီး အသေအချာ ထိုင်ကြည့်ပေမယ့် တစ်ခါမှ ပြန်ဆေးတာ မတွေ့မိပါဘူး။ သောက်ပြီးသားခွက်ကို စားပွဲထိုးတွေကယူပြီး အဲဒီ ရေအေးခွက်ထဲပဲ ပြန်စိမ်ထားလိုက်တာပါပဲ။ ရေနွေးတွေ၊ ဆပ်ပြာတွေနဲ့ အသစ်ပြန်ဆေးပြီး ဧည့်သည်လာမှ သန့်သန့်ပြန့်ပြန့်နဲ့ လာချပေးရင် ဘယ်လောက် ကောင်းလိုက်မလဲ။
“အဲဒါဆို ပန်းကန်ဆေးစက်တွေ မင်းဝယ်ပေးထားခဲ့ပေါ့ကွာ” ဆိုပြီး သူငယ်ချင်းတစ်ဦးက နောက်ပြောတော့မှ မြန်မာနိုင်ငံက လက်ဖက်ရည်ဆိုင် အတော်များများမှာ ပန်းကန်ဆေးစက် မသုံးကြသေးဘူး ဆိုတာကို သတိထားမိပါတယ်။ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင်တော့ ဒီမသန့်ပြန့်မှုက ပန်းကန်ဆေးစက် မသုံးနိုင်သေးခြင်း သို့မဟုတ် လျှပ်စစ်မီးတွေ၊ တိုင်းပြည်ရဲ့ အခြေခံ အဆောက်အဦတွေပေါ် မူတည်နေတဲ့အတွက် အခြေခံ အဆောက်အဦ တိုးတက်လာရင် လက်ဖက်ရည်ပန်းကန် မသန့်ပြန့်တဲ့ ကိစ္စက သူ့အလိုလို အဆင်ပြေသွားနိုင်တဲ့ သဘောတော့ ရှိနေပါတယ်။
ဒုတိယ ကိစ္စကတော့ အခြေခံ အဆောက်အဦ တိုးတက်လာရုံနဲ့ ပြေလည်သွားမယ့်ပုံ မရသေးပါ။ အဲဒါက ဘာလဲဆိုရင် ရန်ကုန်လေဆိပ်ကနေ မြို့ထဲသွားတဲ့ လမ်းတစ်လျှောက်လုံး ကွမ်းသွေးတွေ ပေကျံနေခြင်းပါပဲ။ လေယာဉ်ကွင်း တက္ကစီသမား အားလုံးနီးပါး ကွမ်းစားကြတယ်လို့ ထင်ပါတယ်။ ကျွန်တော်ရဲ့ ခရီးစဉ် သုံးခေါက်စလုံးမှာ ကွမ်းမစားတဲ့ တက္ကစီဆရာ မတွေ့ဖူးသေးပါ။ သူ့ဟာသူ ကွမ်းစားတာ ခင်ဗျားနဲ့ ဘာဆိုင်လဲ။ ခရီးသည်ကို အနှောင့်အယှက် ဖြစ်စေလို့လားဆိုပြီး မေးစရာ ရှိပါတယ်။
ပြည်တွင်း ခရီးသည်တွေအတွက် အထူးအဆန်း မဟုတ်ပေမယ့် ပြည်ပကနေ ပြန်လာသူတစ်ဦး အဖို့တော့ ဒီမြင်ကွင်းက စိတ်ချမ်းသာဖွယ် မရှိပါ။ မီးပွိုင့်မှာ ကားရပ်တာနဲ့ ကားတံခါးကိုဟပြီး တက္ကစီသမား၊ ကားသမားတိုင်းလိုလိုက ကွမ်းသွေး ထွေးကြပါတယ်။ ကိုယ့်ကိစ္စ ကိုယ်တာဝန်ယူတဲ့ အနေနဲ့ ပလတ်စတစ်အိတ်တွေ၊ တခြားခွက်တွေနဲ့ ကိုယ့်ကားထဲ ကိုယ်ထွေးတာ မဟုတ်ဘူး။ အများသွား ကတ္တရာလမ်းမကြီးပေါ် ‘ဗျစ်’ ဆိုပြီး ဒီအတိုင်း ထွေးချနေကြတာပါ။
ဒီတစ်ခေါက်မှာတော့ တက္ကစီဆရာ အဲဒီလို ထွေးနေတုန်း မီးပွိုင့်ဂိတ်က ယာဉ်ထိန်းရဲတစ်ဦး ထွက်လာပြီး ကျွန်တော်တို့ကားဆီ တည့်တည့် တန်းလာပါတယ်။ ‘တက္ကစီဆရာတော့ စည်းကမ်းမဲ့ ကွမ်းသွေးထွေးမှုနဲ့ ဒဏ်ရိုက်ခံရတော့မယ် ထင်တယ်။ သူ့ကားကို ဖမ်းထားရင် တက္ကစီအသစ်များ ထပ်ငှားရမလား မသိဘူး’ ဆိုပြီး ကျွန်တော် စိတ်ထဲ စိုးရိမ်သွားပါတယ်။ တကယ်တော့ ဒီလိုအရေးယူမှု များများလုပ်ပေးမှ ရန်ကုန်ကလမ်းတွေ ပိုပြီး သန့်ရှင်းသန့်ရှင်း လာမှာပေါ့။ ကိုယ်တက္ကစီ အသစ်ငှားရလည်း ဘာအရေးလဲ။
ဒါပေမဲ့ တကယ့်အဖြစ်အပျက်က ကျွန်တော် စိတ်ကူးထားသလို မဟုတ်ပါ။ “ကွမ်းယာအပိုပါရင် တစ်ယာလောက် ပေးထားခဲ့ပါဦး” ဆိုပြီး အဲဒီရဲက ပြောပါတယ်။ ဒါရန်ကုန်မှာတင်လား ဆိုတော့ မဟုတ်ပါ။ တစ်နိုင်ငံလုံးမှာ ကွမ်းစားခြင်း၊ စည်းကမ်းမဲ့ ကွမ်းသွေးထွေးခြင်းတွေကို အတော် ဆိုးဆိုးဝါးဝါး တွေ့ခဲ့ရပါတယ်။
အရင်ကဆိုရင် အမျိုးသား လူငယ်တွေသာ အစားများလေ့ရှိတဲ့ ကွမ်းယာဟာ အခုတော့ အမျိုးသမီးတွေပါ စားလို့။ လွန်ခဲ့တဲ့ ၂၅ နှစ်တာအတွင်း ကွမ်းစားသူဦးရေ နှစ်ဆလောက်များ တိုးလာသလားဆိုပြီး တွေးမိပါတယ်။ ကျွန်တော်တို့ ထားဝယ် ဘက်မှာဆိုရင် စပါးဈေး၊ ရော်ဘာဈေး မကောင်းပေမယ့် ကွမ်းသီးဈေးက အတော်ကောင်းနေတာကို တွေ့ခဲ့ရပါတယ်။ ကွမ်းသီးဈေး ကောင်းလွန်းတဲ့အတွက် ရော်ဘာပင်တွေကို ခုတ်လှဲပြီး ကွမ်းခြံအဖြစ် ပြန်လုပ်နေတာ၊ အိမ်နောက်ဖေး ဟင်းသီးဟင်းရွက် စိုက်တဲ့နေရာမှာ ကွမ်းရွက်ပင်တွေကို ဦးစားပေး စိုက်လာတဲ့အထိ ကွမ်းစားသူ ဦးရေနဲ့ ‘ကွမ်းစီးပွားရေး’ က အလွန်တရာ ထွန်းကားလာနေပါတယ်။
ဆိုတော့ ဘာကြောင့် မြန်မာတွေ ဒီလောက်အထိ ကွမ်းစားနေကြတာလဲ။ ကျန်းမာရေးအတွက် ဆိုးကျိုး ကောင်းကျိုးက ဘယ်လိုရှိသလဲ။ စနစ်တကျ သုတေသန လုပ်ထားတဲ့ စစ်တမ်းမျိုး မတွေ့မိသေးတဲ့အတွက် ကွမ်းစားတာ လုံးဝ အကျိုးမရှိဘူးလို့တော့ အပြတ်မပြောနိုင်သေးပါ။ ဒါပေမဲ့ သေချာတာ တစ်ခုကတော့ ကွမ်းသွေးထွေးခြင်းဟာ ပတ်ဝန်းကျင်ကို ညစ်ပတ်စေတယ် ဆိုတာကိုတော့ ဘယ်သူမှ ငြင်းနိုင်မယ် မထင်ပါ။
ဒီအတွက် ဘယ်လို ထိန်းသိမ်းပြုပြင်ကြမလဲ။ လောလောဆယ်ကတော့ ဝန်ကြီးတွေ၊ လွှတ်တော် အမတ်တွေ၊ ယာဉ်ထိန်းရဲတွေကအစ ကွမ်းစားနေဆဲ ဖြစ်တဲ့အတွက် ဥပဒေထုတ် ချက်ချင်း အရေးယူဖို့တော့ မဖြစ်နိုင်သေးပါ။ ကာလတစ်ခုအထိ စောင့်ပြီးရင်တော့ ကျန်းမာရေးအသိ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအသိ၊ နိုင်ငံတကာ သန့်ရှင်းသန့်ပြန့်မှု အဆင့်အတန်းနဲ့ နှိုင်းယှဉ်ရဲတဲ့ အသိတွေ ဝင်လာတဲ့ တစ်နေမှာတော့ တဖြည်းဖြည်းချင်း ပြုပြင်လာနိုင်မယ်လို့ မျှော်လင့်မိပါတယ်။
ကွမ်းသွေး ကိစ္စအပြီး ကျွန်တော်တို့ ထပ်ဆွေးနွေးမိတဲ့ ခေါင်းစဉ်က နေအိမ်၊ အဆောက်အအုံတွေကို နှစ်စဉ် ပုံမှန်သန့်ရှင်းရေး လုပ်ပြီး ထိန်းသိမ်းခြင်း Maintaining ကိစ္စပါ။ ဘာကြောင့်လဲဆိုရင် ရန်ကုန်မှာ တွေ့ရတဲ့ အဆောက်အအုံတွေက ဘန်ကောက်နဲ့ ဥရောပက အဆောက်အအုံတွေ နဲ့စာရင် အတော်ဟောင်းနွမ်း ညစ်ထေးနေပြီး ကွမ်းသွေးတွေလည်း ပေကျံနေလို့ ဖြစ်ပါတယ်။
ဟောင်းနွမ်းတယ်ဆိုတာ အသစ်ဆောက်တဲ့ ခေတ်မီ တိုက်တာတွေက နည်းနေပြီး ကိုလိုနီခေတ်က လက်ကျန် အဆောက်အအုံတွေ များနေတယ်လို့ မဆိုလိုပါ။ အမှန်တိုင်း ပြောရရင် ကိုလိုနီခေတ် လက်ကျန်တွေကမှ ဂုဏ်သရေရှိစွာ ဟောင်းနွမ်းနေပြီး မလဆခေတ် နှောင်းပိုင်းနဲ့ နဝတ စစ်အစိုးရခေတ်မှာ ဆောက်တဲ့ အဆောက်အအုံတွေကမှ ပုံပျက်ပန်းပျက် ဟောင်းနွမ်းနေတာကို တွေ့ရပါတယ်။
ဟောင်းနွမ်းတာချင်း အတူတူ ဘယ်လိုလုပ် ကိုလိုနီခေတ် အဆောက်အအုံက ဂုဏ်သရေ ရှိနေတာလဲ။ အပြင်က ပြန်လာသူတွေမှာ အနောက်တိုင်းကို အထင်ကြီးတဲ့ ရောဂါစွဲနေလို့လား ဆိုပြီး မေးခွန်း မထုတ်ပါနဲ့။ အရင်ခေတ်က ဆောက်တဲ့တိုက်တွေနဲ့ စစ်အစိုးရခေတ်မှာ ဆောက်တဲ့ တိုက်တွေကို အသေအချာ ယှဉ်ကြည့်ပါ။
ဥပမာ-ပြင်ဆင်မွမ်းမံမှု မလုပ်နိုင်တော့လို့ ဖြိုဖျက်ရတော့မယ်၊ ပုဂ္ဂလိကဆီ ရောင်းချရတော့မယ်လို့ ပြောနေတဲ့ ဆူးလေဘုရား အနီးက တရားရုံးချုပ် အဆောက်အအုံကို ကြည့်ကြပါ။ နှစ်ကြာလို့ ဟောင်းနွမ်းသွားတယ် ဆိုပေမယ့် မည်းမည်းသည်းသည်း ပုံပျက်ပန်းပျက် ဟောင်းနွမ်းသွားတာမျိုး မဟုတ်ပါ။ ဘေးနားဝန်းကျင်ရှိ စစ်အစိုးရခေတ်မှာ ဆောက်ထားတဲ့ အဆောက်အအုံ ဟောင်းတွေနဲ့စာရင် တရားရုံးချုပ် ဟောင်းတာက အဟောင်း ဂုဏ်ရှိစွာနဲ့ ဣနြေ္ဒ ရှိနေတယ်လို့ စိတ်ထဲခံစားရပါတယ်။
ဒါ ရန်ကုန်မှာတင် မဟုတ်။ ထားဝယ်မှာလည်း အလားတူ အခြေအနေမျိုးကို တွေ့ခဲ့ရပါတယ်။ စစ်အစိုးရခေတ်မှာ အသစ်ဆောက်ထားတဲ့ လက်ရှိ ထားဝယ် တက္ကသိုလ်နဲ့ ကျွန်တော်တို့ ကျောင်းသားဘဝက တက်ခဲ့ဖူးတဲ့ ဒေသကောလိပ် အဆောက်အအုံ နှစ်ခုကို ယှဉ်ကြည့်ပါ။ လက်ရှိ ထားဝယ် တက္ကသိုလ်က ၁၉၉၀ ရွေးကောက်ပွဲ နောက်ပိုင်း ကျောင်းသားတွေကို နယ်ပို့ရေး အစီအစဉ်ဆွဲပြီးမှ ဆောက်တာဆိုတော့ အလွန်ဆုံးရှိလှ နှစ် ၂၀ ကျော်ကျော်လေးပေါ့။ ဒါပေမဲ့ အက်ကွဲရာတွေ၊ ရေညှိရာတွေနဲ့ အဟောင်းပုံ ပေါက်နေပါပြီ။
ထားဝယ် အကျဉ်းထောင်အနီးက ဒေသကောလိပ် အဆောက်အအုံဟောင်း (အခု ပညာရေးကောလိပ်) ကိုကြည့်ပါ။ ကိုလိုနီခေတ် လက်ကျန်ဆိုတော့ အတော်တော့ ဟောင်းနေပါပြီ။ ဒါပေမဲ့ ရှေ့မှာ တင်ပြခဲ့တဲ့အတိုင်း ဆူလေးဘုရား အနီးက တရားရုံးချုပ်လိုပဲ ဂုဏ်သရေရှိစွာနဲ့ ဟောင်းနွမ်းတဲ့ ပုံပေါက်နေပါတယ်။
ဒါဟာ ဥရောပ တိုင်းပြည်တွေမှာ နွေရောက်ပြီ ဆိုတာနဲ့ အိမ်ဟောင်းတွေ၊ ရုံးဟောင်းတွေ၊ ကျောင်းဟောင်းတွေ အားလုံးကို တစ်နှစ်တာ ပြင်ဆင်မွမ်းမံမှု လုပ်လေ့ရှိခြင်းရဲ့ အကျိုးဆက်လို့ ထင်ပါတယ်။ မြန်မာနိုင်ငံမှာတော့ စေတီပုထိုးတွေကို ထုံးသုတ်တာ (ထုံးသင်္ကန်းကပ်တာ) ကလွဲရင် အိမ်တွေ၊ ကျောင်းတွေ၊ ရုံးတွေကို နှစ်စဉ် ပြန်လည် မွမ်းမံပြင်ဆင်တဲ့ အလေ့အထ မတွေ့မိသေးပါ။ ဒါကြောင့် တစ်နှစ်တစ်ခါ Maintaining လုပ်ကြမယ်ဆိုရင် ညစ်ထေးတဲ့ မြင်ကွင်းတွေ နည်းသွားပြီး လှပတဲ့ မြင်ကွင်းတွေ ပြန်များလာလိမ့်မယ်လို့ ထင်မိပါတယ်။
နောက်ဆုံး ဆွေးနွေးဖြစ်တဲ့ အကြောင်းအရာကတော့ ရန်ကုန်မှာ အမှိုက်ပုံး ရှားပါးခြင်း ပြဿနာပါပဲ။ ကွမ်းသွေးကို လမ်းဘေးမှာ ‘ဗျစ်’ ခနဲ ထွေးချနေသူတွေအဖို့ ဆေးလိပ်တို၊ အမှိုက်စတွေကိုလည်း လမ်းဘေးမှာ ပစ်ချဖို့ ဝန်လေးနေဖွယ် မရှိပါ။ ဒါပေမဲ့ ဒီအလေ့အထနဲ့ နှစ်ပေါင်းများစွာ ကင်းကွာ နေသူတွေအဖို့တော့ ဒါမျိုး ပြန်လုပ်ရမှာကို စိုးကြောက်နေဆဲပါ။
ဒီတော့ နှပ်ချေးညှစ်ထားတဲ့ တစ်ရှူးစတွေ၊ ပီကေ (Chewing Gum) ဝါးပြီးသား လက်ကျန်တွေ၊ ရေသန့်ဘူး အဖုံးခွာရာကနေ ထွက်လာတဲ့ ပလတ်စတစ်စတွေကို ဘယ်နား ပစ်ရမှန်းမသိ။ အမှိုက်ပုံး မတွေ့မချင်း လက်ထဲမှာ ကိုင်ပြီးသွားနေရင်လည်း သူများမြင်လို့ မကောင်း။ ဒီတော့ ဘောင်းဘီအိတ်ထဲ ထိုးထည့်ထားတဲ့ နည်းက အကောင်းဆုံးပါပဲ။ အဲဒီနည်းနဲ့ ယာယီသိမ်းထားပြီး အမှိုက်ပုံ တွေ့တဲ့အခါမှ သိမ်းထားသမျှ သွန်ချပေတော့။ ဒါဟာ ရန်ကုန်မှာ အသင့်တော်ဆုံး အမှိုက်သိမ်းနည်းပါပဲ။
ဒါက တစ်ကိုယ်စာ လမ်းသွားရင်း ကြုံရတဲ့ အမှိုက်ကိစ္စပါ။ တစ်အိမ်စာ၊ တစ်လမ်းစာ၊ တစ်ရပ်ကွက်စာ အမှိုက်ဆိုရင် ဘယ်လိုလုပ်မလဲ။ ဘောင်းဘီအိတ်ထဲ ထည့်သိမ်းထားလို့ မရတော့ပါ။ ဒီတော့ အိမ်နောက်ဖေး လမ်းကြားတွေနဲ့ အမှိုက်မပစ်ရဆိုတဲ့ ဆိုင်းဘုတ်တွေရှေ့မှာ ဒီတိုင်းသာ သွားလောင်း ချထားပေတော့။ ဒါ ရွဲ့ပြောတာ မဟုတ်ပါ။ လူအတော်များများ ဒီတိုင်းပဲ လုပ်နေကြတာ တွေ့ခဲ့ရပါတယ်။
စည်ပင်က ပုံမှန် အမှိုက်မသိမ်းတဲ့ကိစ္စ၊ လူတစ်ဦးချင်းစီက စနစ်တကျ အမှိုက် မစွန့်ပစ်တတ်တဲ့ ကိစ္စက ဘယ်လောက်အထိ ကြီးနေသလဲဆိုရင် ပြီးခဲ့တဲ့ ဒီဇင်ဘာလက ကျင်းပတဲ့ ရန်ကုန် စည်ပင်သာယာ ရွေးကောက်ပွဲဝင်မယ့်သူ တချို့က သူတို့အနိုင်ရရင် အမှိုက်သိမ်းတဲ့ ကိစ္စနဲ့ မြို့တော် သန့်ရှင်းရေးကိစ္စကို ဦးစားပေး ဖြေရှင်းပေးပါ့မယ် ဆိုပြီး မဲဆွယ်တဲ့ အထိပါပဲ။ ဆိုရှယ်မီဒီယာတွေ ပေါ်မှာလည်း ဒီအမှိုက် ပြဿနာကို အတော်လေး ဆွေးနွေး ငြင်းခုံနေကြတာကို တွေ့ရပါတယ်။
ကျွန်တော်တို့ ထားဝယ်ဘက်မှာလည်း ဒီပြဿနာ အတော်ဆိုးနေတာကို တွေ့ခဲ့ရပါတယ်။ ကျောင်းသားဘဝ အလွမ်းပြေဆိုပြီး ထားဝယ် အ.ထ.က (၂) ရှိရာဘက် ကျွန်တော် သွားလည်တော့ ကျောင်းမရောက်မီ ချောင်းကူး တံတားလေးကို လူနှစ်ရပ်စာလောက် မြင့်တဲ့အထိ ခြံစည်းရိုး ကာထားတာ တွေ့ရပါတယ်။
“ကလေးတွေ ချောင်းထဲ ပြုတ်ကျမှာစိုးလို့လား၊ မူလတန်းကျောင်းပါ ဒီဘက်မှာ တွဲဖွင့်ထားလား” ဆိုပြီး လိုက်ပို့တဲ့ သူငယ်ချင်းတွေကို မေးမိပါတယ်။
“မဟုတ်ဘူး။ အမှိုက်တွေကို ချောင်းထဲ လာပစ်ချလွန်းလို့ ခြံစည်းရုံး မြင့်မြင့်ခတ်ပြီး ကာထားရတာ” တဲ့။
ချောင်းဆိုတာ အမှိုက်ပစ်တဲ့ နေရာမှ မဟုတ်ဘဲနဲ့။ သဘာဝအတိုင်း ဒီရေ အတက်အကျ ရှိနေတဲ့ ချောင်းတွေ တိမ်ကော သွားတော့မှာပေါ့။ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင်တော့ အမှိုက်ပုံး ပြဿနာဟာ ရန်ကုန် စည်ပင်ရွေးကောက်ပွဲတင်မက ၂၀၁၅ ရွေးကောက်ပွဲ အတွက်ပါ မဲဆွယ်သင့်တဲ့ ကိစ္စတစ်ခု ဖြစ်လာနေပါတယ်။
ပညာရှင်တချို့နဲ့ နိုင်ငံရေး အကဲခတ် တချို့ကတော့ ဒါတွေဟာ နိုင်ငံရေးစနစ်ပေါ်မှာ မူတည်နေပြီး နိုင်ငံရေး စနစ်ပြောင်းရင်၊ ဒီမိုကရေစီ အစိုးရသစ်တစ်ရပ် တက်လာရင် အားလုံး သူ့အလိုလို ပြောင်းသွားလိမ့်မယ်လို့ ပြောနေကြပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ မထင်ပါဘူး။ အရာ အတော်များများဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ မပြောင်းနိုင်သေးတဲ့ ကိစ္စ၊ နိုင်ငံရေး အပေးအယူ မလုပ်နိုင်သေးတဲ့ ကိစ္စတွေနဲ့ တိုက်ရိုက် ဆက်စပ်နေတာ မှန်ပေမယ့် နိုင်ငံသား တစ်ဦးချင်းစီက ကိုယ့်အသိနဲ့ကိုယ် တာဝန်ယူ ပြင်ဆင်ရမယ့် အပိုင်းတွေလည်း အများရှိနေသေးတယ်လို့ မြင်ပါတယ်။
(၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သင့်ကြောင်း ဆွေးနွေးနေတဲ့ လွတ်တော်။ ဓာတ်ပုံ-ထက်အောင်ကျော်)
အခုတင်ပြခဲ့တဲ့ ညစ်ပတ်ပေရေမှု ကိစ္စတွေ၊ ပြီးခဲ့တဲ့ တစ်ပတ်က တင်ပြခဲ့တဲ့ လာဘ်စားမှုလိုမျိုး ကိစ္စတွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်လိုက်ရုံ၊ အစိုးရ အသစ်တစ်ရပ် ပြောင်းလိုက်ရုံနဲ့ သူ့အလိုလို ပြေလည် မသွားနိုင်ပါ။ ရွေးကောက်ခံ လွှတ်တော်အမတ်တွေ၊ အစိုးရ ဝန်ကြီးတွေ၊ လူမှုအသင်းအဖွဲ့တွေ အားလုံးက ဦးဆောင်ပြီး နိုင်ငံသား တစ်ဦးချင်းစီက အသိစိတ်နဲ့ ပါဝင် ပူးပေါင်း ဆောင်ရွက်နိုင်မှသာ အိမ်နီးချင်းနိုင်ငံတွေ၊ အခြားနိုင်ငံကြီးတွေကို ယှဉ်နိုင်တဲ့အဆင့်ဆီ တက်လှမ်းနိုင်လိမ့်မယ်လို့ ထင်မြင်မိပါတယ်။ ။
ထက်အောင်ကျော်