Friday, October 31, 2014

အပစ်ခတ်ရပ်စဲပြီးရင် ဘာဆက်လုပ်မလဲ

ထက်အောင်ကျော် (၀၁-၁၁-၂၀၁၄)

ဒီနေ့ နိုဝင်ဘာလ တရက်နေ့ဟာ ကျနော်တို့ကိုယ်တိုင်ပါဝင်ခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ၂၆ နှစ်ပြည့် မွေးနေ့ပါ။ တနည်းအားဖြင့် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ကျောင်းသားတွေကို သေနတ်နဲ့ပစ်ခတ်ဖြိုးခွင်းတဲ့ စစ်တပ်ကို လက်ကိုင်ပြီး ပြန်တိုက်မှရမယ်၊ ဒါးဒါးချင်း လှံလှံချင်း တုန့်ပြန်မှရမယ်ဆိုတဲ့ ခံယူချက်နဲ့ လက်နက်ကိုင်တော်လှန်ရေးလုပ်ဖို့ တောခိုခဲ့တဲ့ ကျောင်းသားလူငယ်တွရဲ့ ၂၆ နှစ်ပြည့် တော်လှန်ရေးနေ့လဲဖြစ်ပါတယ်။


တောစခိုစဉ်က ကျောင်းသားလူငယ်တွေရဲ့ မဟာရည်မှန်း ချက်ကတော့ ကျောင်းသားတပ်မတော်ကိုဖွဲ့စည်းပြီး မြန်မာ့တပ်မတော်ကို တွန်းလှန်တိုက်ခိုက်ဖို့၊ ကျောင်းသား တပ်မတော်ဦးစီးတဲ့ စစ်ကြောင်းတွနဲ့ တနိုင်ငံလုံးကိုပြန်လည်သိမ်းပိုက်ဖို့၊ ကျောင်းသား တွေကို ပစ်သတ်တဲ့အထိ အခြေနေဆိုးနေတဲ့ မြန်မာ့တပ်မတော်ကို စနစ်တကျပြန်လည်စုဖွဲ့ဖို့ဖြစ်ပါတယ်။

ဒါ လွန်ခဲ့တဲ့ ၂၆ နှစ် ၈ လေးလုံးအရေးတော်ပုံကို စစ်တပ်ကပစ်ခတ်ဖြိုခွဲလို့ နယ်စပ်ဒေသဆီ ထွက်ပြေးခဲ့ကြ ရတဲ့ ကာလ၊ နယ်စပ်တကျောမှာ လက်နက်ကိုင်တိုက်ပွဲတွေပြင်းထန်နေစဉ်၊ စင်ပြိုင်အစိုးရတွေ၊ တပ်ပေါင်းစုတွေ ဖွဲ့ပြီး မြန်မာစစ်အစိုးရကို ဘက်ပေါင်းစုံကနေ တိုက်ခိုက်နေကြတဲ့၊ မာနယ်ပလောအခြေစိုက် သူပုန် အဖွဲ့တွေ အင်အား အကောင်းဆုံးအခြေနေကိုပြန်ပြောနေတာပါ။ 

အခု ၂၆ နှစ်ကြာပြီးတဲ့အခါမှာတော့ အခြေနေတွေက အဲဒီလိုမဟုတ်တော့ပါ။ ABSDF အပါဝင် နယ်စပ်ဒေသ တလျောက်ရှိ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အားလုံးနီးပါး စစ်အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးပြီး သွားကြပါပြီ။ တဖွဲ့ချင်းလက်မှတ်ထိုးတဲ့အဆင့်ကိုကျော်ပြီး အဖွဲ့အားလုံး တပြိုင်တည်းလက်မှတ်ထိုးတဲ့ တပြည် လုံး အပစ်ရပ်ရေးစာချုပ်ချုပ်ဖို့ UNFC, (ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ)၊ TTNC (တနိုင်ငံလုံး အပစ်ရပ်ရေး ကော်မီတီ) တို့နဲ့ မြန်မာအစိုးရရဲ့ MPC ( ငြိမ်းချမ်းရေးစင်တာ)တို့ ဒီနှစ်ထဲမှာ အသဲအသန်ဆွေးနွေးေ နကြပါတယ်။

တကယ်ကတော့ စစ်ပွဲတွေရပ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးတယ်ဆိုတာကောင်းတာပေါ့။ ဒါပေမယ့် မေးစရာကျန် နေတာက လွန်ခဲ့တဲ့ ၂၆ နှစ်၊ ၈ လေးလုံးအရေးတော်ပုံအပြီး တောစခိုစဉ်က ချမှတ်ခဲ့တဲ့ ရည်မှန်းချက်တွေ အခု ရနေပြီလား။ အဲဒါတွေရသွားလို့ အပစ်ရပ်လိုက်တာလား။ အဲဒါတွေ ရဖို့အတွက် အပစ်ရပ်လိုက်တာလား။ အပစ် ရပ်ပြီးရင် ဘာဆက်လုပ်မှာလဲ။ မူလ ဦးတည်ချက်ဆီရောက်အောင် ဘယ်လိုဆက်လုပ်မှာလဲဆိုတာပါပဲ။

ဒါဟာ ABSDF တဖွဲ့တည်းအတွက်မေးခွန်းမဟုတ်ပါဘူး။ အပစ်ရပ်လိုက်တဲ့ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့ တွေအားလုံးအတွက်မေးခွန်းဖြစ်ပါတယ်။ 

တကယ်တန်းပြောမယ်ဆိုရင်တော့ ဦးသိန်းစိန်အစိုးရနဲ့ အပစ်ရပ်လိုက်တာဟာ နယ်စပ်က လက်နက်ကိုင် တော် လှန်ရေးအဖွဲ့တွေတင်မကပါဘူး။ NLD (အမျိးသားဒီမိုကရေစီအဖွဲ့ချုပ်) နဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေအပါဝင် ပြည်တွင်းရှိ နိုင်ငံရေးပါတီတွေ၊ ဒီမိုကရေစီအင်အားစုတွေ အားလုံးနီးပါးကလဲ နယ်စပ်ကအဖွဲ့တွေထက် တောင်စောပြီး အပစ်ရပ်လိုက်ကြတာလို့ပြောနိုင်ပါတယ်။

အတိအကျပြောရမယ်ဆိုရင် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကိုဝင်မယ်လို့ကြေငြာကတည်းက နိုင်ငံရေးအရ အပစ် ရပ်လိုက်တာပါပဲ။ လက်နက်ကိုင်အဖွဲ့အချင်းချင်း အပစ်ရပ်လိုက်လို့ ၂ ဖက်အသေပျောက်နည်းသွားသလို အစိုးရနဲ့ အတိုက်ခံ အကြား အပစ်ရပ် (အပြန်အလှန်ဝေဖန်တိုက်ခိုက်တာရပ်) ပြီး ပူးပေါင်းဆောင်ရွက်တော့  ဖမ်းဆီးခံ နိုင်ငံရေးသမားတွေပြန်လွတ်လာတာ၊ နောက်ထပ်အဖမ်းမံရတော့တာ၊ အကျဉ်းထောင် အတွင်းသေဆုံးတာတွေ နည်းသွားတာပေါ့။ 

ဒါပေမယ့် နယ်စပ်က အဖွဲ့တွေအပစ်ရပ်ပြီး ဘာဆက်လုပ်မှာလဲဆိုတဲ့ မေးခွန်းအထုတ်ခံရသလို NLD၊ ၈၈၊ တိုင်းရင်း သား ပါတီတွေနဲ့ ဒီမိုကရေစီအင်အားစုတွေအားလုံးကိုလဲ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲဝင်ပြီး ဘာဆက်လုပ် မှာလဲ။ တနည်းအားဖြင့် ရွေးကောက်ပွဲမ၀င်ခင်ကပေးခဲ့တဲ့ အခြေခံဥပဒေပြင်ဆင်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် NLD က ဘယ်လိုဆက်လုပ်မှာလဲ။

အပစ်ခတ်ရပ်စဲရေးကနေ နိုင်ငံရေးဆွေးနွေးပွဲတွေဆီသွားမယ်၊ အခြေနေတွေ တဖြေးဖြေးနဲ့ပိုကောင်းလာလိမ့်မယ် လို့ နယ်စပ်တကျောက လက်နက်ကိုင်အဖွဲ့တွေမျော်လင့်ခဲ့သလို NLD နဲ့ လွတ်တော်နိုင်ငံရေးကိုလက်ခံခဲ့တဲ့၊ ဦး သိန်းစိန်အစိုးရကို ထိပ်တိုင်ရင်မဆိုင်တော့ပဲ ပူးပေါင်းဆောင်ရွက်ရေးမူကိုလက်ခံခဲ့တဲ့ နိုင်ငံရေးအင်အားစုအားလုံး လည်း အလားတူမျော်လင့်ခဲ့ကြမယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။

ဒီလိုမျော်လင့်ချက်တွေနဲ့ လွှတ်တော်ထဲဝင်သွားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ကနေ အခု ၃ နှစ်တာကာလအတွင်း ဘာတွေဆောင်ရွက်နိုင်ခဲ့သလဲ။ နှစ် ၂၀ နီးပါး ထောင်ကျခံခဲ့ပြီးမှ ဦးသိန်းစိန်အစိုးရနဲ့ပူပေါင်းဆောင်ရွက်မှရမယ်လို့ ပေါ်လစီပြောင်းလိုက်တဲ့ မင်းကိုနိုင်နဲ့ ၈၈ မျိုးဆက်တွေ လွန်ခဲ့တဲ့ ၃ နှစ်တာအတွင်းဘာတွေဆောင်ရွက်နိုင်ခဲ့သလဲ။

ကတိပေးထားတဲ့အတိုင်း မလုပ်ပြနိုင်တဲ့အတွက် လွှတ်တော်လမ်းကြောင်းကိုစွန့်ပြီး လူထုတိုက်ပွဲလမ်းကြောင်းကို NLD ကပြန်ရွေးမလား။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဦးသိန်းစိန်အစိုးရနဲ့ ကြံ့ခိုင်ရေးပါတီဖက်က မပြင်ပေးဘူး ဆိုရင် ၂၀၁၅ ရွေးကောက်ပွဲကို သပိတ် မှောက်မလား။ ဒါတွေဟာ NLD အပါဝင် ပြည်တွင်း အင်အားစုအားလုံး ဒီနေ့ ဒီနေ့ရင်ဆိုင်နေရတဲ့ အဓိက မေးခွန်းတခုပါပဲ။

ဒါပေမယ့် နယ်စပ်က လက်နက်ကိုင်တွေရော၊ ရန်ကုန်က နိုင်ငံရေးပါတီတွေကြားမှာပါ တူညီနေတဲ့အချက်တခုက တော့ ဦးသိန်းစိန်အစိုးရဖက်က မရိုးသားတာ။ နိုင်ငံရေးဝါဒဖြန့်နေတာကိုသိပါလျက်နဲ့ လက်ရှိအခြေနေကနေ ရုန်း ထွက်ဖို့မဖြစ်နိုင်ဘူး။ လက်ရှိရနေတဲ့နိုင်ငံရေးအခွင့်အခါကောင်းတွေကို ငြင်းပယ်လိုက်မယ်ဆိုရင် တိုက်ပွဲတွေ ပြန်ဖြစ်လာမယ်၊ အဖမ်းဆီးတွေ ပြန်ဖြစ်လာမယ်။ ပြည်သူလူထုပိုနစ်နာမယ်။ 

ဒါကြောင့် ဖွဲ့စည်းပုံ ပြင်ပြင်မပြင်ပြင် ရွေးကောက်ပွဲဝင်မှဖြစ်မယ်။ မပြင်ပေးလို့ မ၀င်ဘူးဆိုပြီး သပိတ်မှောက်လိုက် ရင် အစိုးရဖက်က ပိုကြိုက်တဲ့အတွက် သူ တို့အကွက်ထဲဝင်သွားမယ်။ မကြိုက်သော်လည်း အောင့်ကာနမ်း ရတော့မဲ့အခြေနေရောက်နေပြီဆိုပြီး NLD ဖက်က ပြောဆိုသံတွေကို ၂၀၁၅ ရွေးကောက်ပွဲနီးလေ ပိုကြားလာ ရလေဖြစ်လာနေပါတယ်။ ဒါကြောင့်လဲ အတိုက်ခံတို့အသံ တဖြေးဖြေးနဲ့ လုံးပါးပါးလာနေပြီဆိုပြီး ဝေဖန်သံတွေ ထက်လာနေတာပေါ့။


ဘယ်လိုပဲဖြစ်ဖြစ် အခုလို ၈ လေးလုံးအရေးတော်ပုံကနေ တဆင့် မွေးဖွားလာတဲ့ ABSDF ၂၆ နှစ်ပြည့်မွေးနေ့ တော့ အပစ်ခတ်ရပ်စဲရေးလုပ်နေကြတဲ့ နယ်စပ်တလျောက်က လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေအားလုံး၊ လွှတ်တော် နိုင်ငံရေး၊ ရွေးကောက်ပွဲနိုင်ငံရေး၊ အစိုးရနဲ့လက်တွဲဆောင်ရွက်ရေးလမ်းကြောင်းပေါ် ရောက်နေကြတဲ့ ပြည်တွင်းရှိ ဒီမိုကရေစီအင်အားစုအားလုံးအနေနဲ့ အခြေနေအရ ရွေးချယ်ခဲ့ရတဲ့ ယာယီလမ်းကြောင်းတွေ အလုပ်ဖြစ်မဖြစ် စနစ်တကျ ပြန်လည်သုံးသပ်ဖို့ လိုအပ်နေပြီဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

သတင်းသမား ကာကွယ်ရေးအတွက် ဘာလုပ်ကြမလဲ

သူ့အတွေး သူ့အမြင်
မီဒီယာ, ကိုပါကြီး, လူ့အခွင့်အရေး
အလွတ် သတင်းထောက် ကိုပါကြီး အသတ်ခံရမှု အမှုမှန် ဖော်ထုတ်ရေး အတွက် တက်ကြွ လှုပ်ရှားသူများက အေက်တိုဘာလ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့၌ ဆန္ဒထုတ်ဖော်နေစဉ် (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)
အလွတ်သတင်းထောက် ကိုအောင်ကျော်နိုင် ခေါ် ကိုပါကြီး အသတ်ခံရမှုကို လွတ်လပ်စွာ စုံစမ်းဖော်ထုတ် အရေးယူပေးဖို့ ၈၈ မျိုးဆက်အပါဝင် လူ့အခွင့်ရေးအဖွဲ့တွေ၊ အရပ်ဖက် အဖွဲ့စည်းတွေက ရန်ကုန်မြို့တော် ခန်းမရှေ့မှာ ဆန္ဒပြတောင်းဆိုကြတာ သတင်းတွေထဲ တွေ့ရပါတယ်။
ဒါပေမယ့် ထူးထူးခြားခြား သတင်းစာအဖွဲ့စည်းတွေ၊ ဂျာနယ်လစ်အဖွဲ့စည်းတွေက အဲဒီလိုတောင်းဆိုတာ မတွေ့ရသေးပါဘူး။ သမ္မတ ဦးသိန်းစိန် အစိုးရသစ်လက်ထက်မှာ အတိုးတက်ဆုံးနေရာဟာ မီဒီယာ အခန်းကဏ္ဍ ဖြစ်ပါတယ်လို့ ပြောထားတဲ့အချိန်မှာ သတင်းထောက်ကို ဘာကြောင့်သတ်တာလဲ။
စာရေးသူသည် ထိုင်း-မြန်မာ နယ်စပ်တွင် အခြေစိုက်သော ကျောင်းသား လက်နက်ကိုင် ABSDF အဖွဲ့ဝင်ဟောင်း ဖြစ်ပြီး DVB ၏ သတင်းထောက် ဟောင်းလည်း ဖြစ်သည်။ ယခုအခါ နော်ဝေနိုင်ငံတွင် နေထိုင်လျက် ရှိသည်
ဒီလိုသတ်ဖြတ်မှုအပေါ် သတင်းလွတ်လပ်ခွင့် အဖွဲ့စည်းတွေက ဘာကြောင့် မဝေဖန်ဘဲ ငြိမ်ခံနေကြတာလဲ။ နိုင်ငံတကာရှိ သတင်းသမား ကာကွယ်ရေးအဖွဲ့တွေ၊ သတင်းလွတ်လပ်ခွင့် အဖွဲ့တွေကရော မြန်မာသတင်းထောက်တွေရဲ့ အခြေအနေကို အရင်လို အလေးထားပါသေးရဲ့လား။
ဒီအကြောင်းကို သိချင်တဲ့ကျနော်ဟာ အောက်တိုဘာလ ၂၉  ရက်နေ့က နော်ဝေနိုင်ငံ၊ အော်စလိုမှာ ကျင်းပတဲ့ သတင်းသမားများ သတ်ဖြတ်ခံရမှု တားဆီးရေး နိုင်ငံတကာနေ့ (The International Day to End Impunity for Crimes against Journalists) ဆွေးနွေးပွဲဆီ ရောက်သွားခဲ့ပါတယ်။
Fritt Ord (လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်) အဖွဲ့က ဦးစီးကျင်းပတဲ့ အဲဒီဆွေးနွေးပွဲမှာ ယူနက်စကို ဌာနေကိုယ်စားလှယ်က အဖွင့်စကားပြောပြီး နော်ဝေနိုင်ငံခြားရေးဌာမှ ဒုဝန်ကြီး၊ ဥရောပ သတင်းစာဆရာများ အသင်းမှ ကိုယ်စားလှယ်တဦးနဲ့ နော်ဝေ ဂျာနယ်လစ်သမဂ္ဂ၊ နော်ဝေ စာရေးဆရာအဖွဲ့၊ နော်ဝေ သတင်းစာအသင်း၊ နော်ဝေ အယ်ဒီတာအသင်းက သတင်းသမားတွေနဲ့ စိတ်ဝင်စားသူ ၆၀ ခန့် တက်လာကြတာတွေ့ရပါတယ်။
နိုဝင်ဘာ ၂ ရက်နေ့မှာ ကျရောက်တဲ့ ဒီနိုင်ငံတကာနေ့ကို မြန်မာနိုင်ငံမှာ ကျင်းပဖို့ရှိ မရှိတော့ မသိရသေးပါ။
ဒီပွဲမှာ အဓိက ဆွေးနွေးတဲ့အကြောင်းအရာက ဥပရောတိုက်အတွင်းက သတင်းသမားတွေရဲ့ အခြေနေဆိုတော့ မြန်မာနိုင်ငံက ကိုပါကြီးကိစ္စ တင်ပြဖို့ အခွင့်မသာဘူး ဖြစ်နေပါတယ်။ ဒီလိုနဲ့ ဆွေးနွေးပွဲ ခဏနားချိန်မှာ ဥရောပ သတင်းဆရာအသင်းမှ ကိုယ်စားလှယ် ဝီလျံ ဟော်စလေ (William Horsley) ဆီသွားပြီး နော်ဝေရောက် မြန်မာတွေက နော်ဝေအစိုးရဆီ ပို့ထားတဲ့ သတင်းထုတ်ပြန်ချက်ကို သွားပေးမိပါတယ်။
“ခင်ဗျားတို့နိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ရေးလမ်းကြောင်းကို အနောက်နိုင်ငံတွေက စံပြအဖြစ်တောင် ဥပမာ ပေးနေကြတာပဲ။ ဘာကြောင့် ဒီလိုဖြစ်နေရတာလဲ’’ လို့ သူက မေးခွန်းထုတ်ပါတယ်။ ပြီးတော့ အောင်ဆန်းစုကြည်လည်း အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်၊ ငြိမ်းချမ်းရေးလည်း ဆွေးနွေးနေတယ်ဆိုတော့ ဘာမှ ပြဿနာ မရှိတော့ဘူးဆိုပြီး အနောက်တိုင်း သတင်းစာဆရာတွေက နားလည်ထားတယ်လို့ သူကဆိုပါတယ်။
ဆိုလိုတာက မြန်မာ့အရေးဟာ ကမ္ဘာ့သတင်းလောကက စိတ်ဝင်စားတဲ့အရေး မဟုတ်တော့ပါ။ ဆီးရီးယားနဲ့ အီရတ်မှာ သောင်းကျန်းနေတဲ့၊ သတင်းထောက်တွေကို ခေါင်းဖြတ်သတ်နေတဲ့ ISIS အရေးက သူတို့အတွက် အဓိကဖြစ်နေပြီ။ ယူကရိန်း အရှေ့ပိုင်းပြသာနာက ဒုတိယနေရာ ယူထားပါတယ်။ နောက် ပါလက်စတိုင်း၊ အစ္စရေး တိုက်ပွဲ စသဖြင့်။
မြန်မာ့အရေးကို တိုက်ရိုက် စိတ်ဝင်စားမှု မရှိဘူးဆိုပေမဲ့ သူတို့ဆွေးနွေးတဲ့ အကြောင်းအရာတွေက မြန်မာ သတင်းသမားတွေအတွက် စိတ်ဝင်စားဖို့ အတော်ကောင်းပါတယ်။ ဥရောပနိုင်ငံတွေမှာ သတင်းသမားတွေကို ဘယ်လို မှတ်ပုံတင် လုပ်ပေးသလဲ၊ ဘယ်လို အလုပ်ခန့်သလဲ၊ လုံခြုံရေးတာဝန်၊  အသက်အာမခံကြေး ဘယ်လို လုပ်ပေးသလဲ။ ပြီးတော့ ဒီဘက်နိုင်ငံတွေမှာ ခေတ်စားလှတဲ့ အလွတ်သတင်း ထောက် (Freelance Journalist) တွေရဲ့ တာဝန်နဲ့ လုံခြုံရေးအကြောင်း။
တခါ ကမ္ဘာ့ဒေသတချို့က သတင်းသမားတွေရဲ့ လုံခြုံရေးအကြောင်း အော်စလို တက္ကသိုလ်က သုတေသလုပ်ထားတဲ့ မှတ်တမ်းနဲ့ ဖိလစ်ပိုင်နိုင်ငံမှာ သတင်းသမားတွေ အစုအပြုံလိုက် အသတ်ခံရမှုအကြောင်း ဗီဒီယို မှတ်တမ်းကလည်း စိတ်ဝင်စားဖွယ် ကောင်းလှပါတယ်။ ဒါပေမယ့် ထူးခြားတာက မြန်မာနိုင်ငံမှာ သတင်းထောက်ကို သတ်သူက အစိုးရတပ်ဖြစ်နေပြီး တခြားနိုင်ငံတွေမှာတော့ အကြမ်းဖက်သမားတွေ၊ ခွဲထွက်ရေးသူပုန်တွေ၊ မာဖီးယားဂိုဏ်းတွေ ဖြစ်နေခြင်းပါပဲ။
သုတေသီ မာတီ ဟားဗစ်ခ် (Marte Havik) ရဲ့ တွေ့ရှိချက်အတိုင်းဆိုရင် သတင်းဌာနတခုအတွက် အဓိက စိန်ခေါ်ချက်ဟာ ငွေကြေးနဲ့ တခြားကိစ္စတွေ မဟုတ်ဘဲ သတင်းသမားတွေရဲ့ လုံခြုံရေးဖြစ်တယ်လို့ ပြောပါတယ်။ ပဋိပက္ခ ဖြစ်နေတဲ့ဒေသမှာ သတင်းယူမယ့် သတင်းထောက်တွေအတွက် ရှေးဦးသူနာပြုသင်တန်း၊ လုံခြုံရေးသင်တန်း၊ အသက်အာမခံတွေကို အသေအချာ လုပ်ပေးစေချင်တယ်လို့ သူမေးမြန်းခွင့်ရခဲ့တဲ့ သတင်းထောက်တွေက ပြောတယ်လို့ ဆိုထားပါတယ်။
ကျနော်တို့ မြန်မာနိုင်ငံမှာရော သတင်းသမားတွေကို တွေ့ဆုံမေးမြန်းပြီး သုတေသန လုပ်တာမျိုး ရှိပါရဲ့လား။ တက္ကသိုလ်တွေမှာ မီဒီယာဌာန အသေအချာ ရှိပါရဲ့လား။ ထားတော့။ ဒါတွေက အစိုးရဘက်က တာဝန်ယူရမယ့် အပိုင်းပါ။ သတင်းသမားတွေ ကိုယ်တိုင် ပါဝင်ဖွဲ့စည်းထားတဲ့ ဂျာနယ်လစ်ကွန်ရက်တို့၊ စာနယ်ဇင်းကောင်စီ (ယာယီ) တို့မှာရော သတင်းသမား ကာကွယ်ရေးနဲ့ ပတ်သက်ပြီး မူဝါဒတွေ၊ လုပ်ငန်းစဉ်တွေ ရှိပါရဲ့လား။
ဦးသိန်းစိန်အစိုးရ လက်ထက် အစောပိုင်းကာလတွေမှာ သတင်းလွတ်လပ်ခွင့် တိုးတက်လာတယ်ဆိုပေမယ့် သတင်းသမားအခွင့်အရေး တိုးတက်လာတာမျိုးတော့ မတွေ့မိသေးပါ။ လောလောဆယ် သတင်းထောက် ၁၀ ဦး ဖမ်းဆီးထောင်ချခံထားရပါတယ်။ ပြန်ကြားရေးဝန်ကြီး ကိုယ်တိုင်က ဂျာနယ်တွေကို တရားစွဲဆိုထားပါတယ်။ အခုတော့ အလွတ် သတင်းထောက်ကိုပါ ပစ်သတ်တဲ့အဆင့်အထိ ရောက်လာတယ်ဆိုတော့ န၀တ၊ မဆလ ခေတ်ထက်တောင် အခြေနေက ပိုဆိုးသွားတယ်လို့ ပြောနိုင်ပါတယ်။
တခါ သတင်းထောက်အခွင့်ရေးကို ပြောမယ်ဆိုရင် ပြန်ကြားဌာနတခုတည်းနဲ့ မဆိုင်တော့ဘဲ အလုပ်သမားဌာနတို့၊ အခွန်ဌာနတို့ အပါဝင် ဌာနအတော်များများနဲ့ ဆက်စပ်နေမယ်လို့ ထင်ပါတယ်။
ဥပမာ သတင်းစာတိုက်၊ ဂျာနယ်တိုက်တွေ အများကြီးပေါ်လာပေမယ့် အဲဒီ သတင်းစာတိုက်တွေဟာ ဘယ်လို အဆင့်တန်းရှိရမယ်။ ၀န်ထမ်းဘယ်နှဦး ခန့်ရမယ်။ ၀န်ထမ်းတွေကို ဘယ်လိုအဆင့်တန်းနဲ့အညီ ထားရမယ်။ သတင်းထောက်တွေကို ဘယ်လို လစာပေးရမယ်၊ ဘယ်လို တာဝန်ခံရမယ်၊ အသက်အာမခံကြေး အပါအ၀င် သတင်းထောက်အတွက် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မှု ရှိမရှိ ဘယ်အဖွဲ့စည်းတွေ တာဝန်ယူ စစ်ဆေးနေသလဲ။
တခါ သတင်းထောက်တွေကို ဘယ်လို မှတ်ပုံတင်လုပ်ပေးသလဲ။ အလွတ်သတင်းထောက်ကိုရော ဘယ်လို သတ်မှတ်သလဲ။ အစိုးရဆီ အခွန်ဘယ်လို ဆောင်သလဲ။ အစိုးရဘက်ကရော သတင်းထောက်တွေအတွက် ဘာလုပ်ပေးသလဲ။ ပြန်ကြားရေး ၀န်ကြီးဌာန ကိုယ်တိုင်မှာရော တနိုင်ငံလုံးက သတင်းထောက်စာရင်း ရှိပါရဲ့လား။ စသဖြင့် စဉ်းစားစရာတွေ အများကြီး ပေါ်လာပါတယ်။
အနှစ်ပြန်ချုပ်ရမယ် ဆိုရင်တော့ ဒီမိုကရေစီ လိုလားသူတွေ၊ သတင်းလွတ်လပ်ခွင့် လိုလားသူတွေဟာ ဒီမိုကရေစီ အခွင့်ရေးနဲ့ သတင်လွတ်လပ်ခွင့်ကို တောင်းဆိုတာ အပြင် ဒီမိုကရေစီတိုက်ပွဲ၊ သတင်းလွတ်လပ်ခွင့် တိုက်ပွဲအတွင်း ပါဝင်ခဲ့သူတွေ၊ ထိခိုက်ဒဏ်ရာရသူတွေ၊ ကျဆုံးသွားသူတွေအတွက် ဘယ်လို တာဝန်ယူပေးမလဲ ဆိုတာကိုပါ ထည့်သွင်းစဉ်းစားဖို့ လိုလာနေပါတယ်။
အရင်က မစဉ်းစားဖြစ်ရင်တောင် အခုစဉ်းစားဖို့ လိုလာပါပြီ။ အထူးသဖြင့် မြန်မာနိုင်ငံမှာ ဖွဲ့စည်းကာစ သတင်းအဖွဲ့တွေ၊ မီဒီယာအဖွဲ့တွေဟာ သတင်းလွတ်လပ်ခွင့် တောင်းဆိုတာအပြင် သတင်းသမား ကာကွယ်ရေးအတွက် ဘာလုပ်ပေးကြမလဲ ဆိုတာကိုပါ အသေအချာ စဉ်းစားဖို့ လိုလာနေပြီ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ဒီလို သတင်းအဖွဲ့ထဲမှာ မပါသေးတဲ့ သတင်းသမားတွေ၊ သတင်းစာတိုက်၊ ဂျာနယ်တိုက်တွေကလည်း ဒီအဖွဲ့တွေထဲ ၀င်ရောက်တာဝန်ထမ်းပြီး သတင်သမားကွယ်ရေးအတွက် ပူးပေါင်းဆောင်ရွက်သင့်ပါတယ်။
အလားတူ မြန်မာနိုင်ငံ သတင်းလွတ်လပ်ခွင့်အတွက် အကူညီပေးနေပါတယ်ဆိုတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အစိုးရတွေအနေနဲ့လည်း သတင်းထောက်သင်တန်း ပေးဖို့ချည်း လုပ်မနေဘဲ သင်တန်းပေးလိုက်တဲ့ သတင်းထောက်တွေရဲ့ လုံခြုံရေးအတွက်ပါ ထည့်သွင်းစဉ်းစားဖို့ လိုလာနေပါတယ်။
သတင်းထောက်တွေရဲ့ လုပ်ငန်းခွင်အခြေအနေ ဘယ်လိုရှိသလဲ။ လစာနဲ့ တခြား အခွင့်အရေးတွေ ဘယ်လို ပေးထားသလဲ။ အသက်အာမခံကြေး အပါအ၀င် ထိခိုက်ဒဏ်ရာရမှု အတွက် ဘယ်လိုမူတွေ၊ လုပ်ထုံးလုပ်နည်းတွေ ရှိသလဲ။ ဒါတွေကို အသေချာစဉ်းစားဖို့ လိုပါတယ်။
အချိန်ယူလုပ်ရမယ့် အဲဒီလုပ်ငန်းစဉ်တွေ မတိုင်မီ အခုလောလောဆယ် ထလုပ်သင့်တာကတော့ မီဒီယာလွတ်လပ်ခွင့် အဖွဲ့အစည်းတွေ၊ နာမည်ကြီး သတင်းစာတိုက်၊ ဂျာနယ်တိုက်တွေ အားလုံး စုစည်းပြီးဖြစ်စေ၊ မစုစည်းနိုင်ရင်လည်း သီးခြားစီဖြစ်စေ အသတ်ခံလိုက်ရတဲ့ အလွတ်သတင်းထောက် ကိုပါကြီးအတွက် တစုံတရာထုတ်ပြောဖို့ အရေးပေါ် လိုအပ်နေပြီဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

Wednesday, October 29, 2014

ဖြေရှင်းရမယ့် သတင်းထောက်သတ်မှု

မျက်မှောက်ရေးရာ / သတင်းသုံးသပ်ချက်

ဖြေရှင်းရမယ့် သတင်းထောက် သတ်မှု


ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ အလွတ်သတင်းထောက် ကိုပါကြီးကို စစ်တပ်က ပစ်ခတ် အသေဖမ်းဆီးလိုက်တယ်ဆိုတဲ့ ကိစ္စဟာ မြန်မာနိုင်ငံ တရားဥပဒေ စိုးမိုးရေးကိုသာမက သတင်းလွတ်လပ်ခွင့်ကိုပါ ဆိုးဆိုးဝါးဝါး ထိခိုက်သွားစေတယ်လို့ သုံးသပ်သူတွေက ဆိုကြပါတယ်။ မြန်မာနိုင်ငံ လူ့အခွင့်အရေးရှေ့ နေ ဦးသိန်းသန်းဦး၊ မြန်မာ့နိုင်ငံရေး လှုပ်ရှားသူလည်းဖြစ် သတင်းသမားတဦးလည်းဖြစ်တဲ့ ဦးထက်အောင်ကျော်တို့နဲ့ ဦးကျော်ဇံသာက ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံး ကိုထက်အောင်ကျော်နဲ့ စပါရစေ။ ကိုထက်အောင်ကျော်တို့က တချိန်က ၈၈ တောခိုခဲ့တဲ့ ကျောင်းသား။ နောက်ပိုင်းမှာ သတင်းထောက် ဖြစ်လာခဲ့တယ်ဆိုတော့ မြန်မာနိုင်ငံ ဒီလို အခြေအနေမျိုးမှာ အထူးသဖြင့် နယ်စပ်ဒေသမှာ activists နဲ့ နိုင်ငံရေးလှုပ်ရှားသူနဲ့ သတင်းသမားဆိုတာ ခွဲခြားရ၊ ပြတ်ပြတ်သားသား ရှိပါသလား။

ဦးထက်အောင်ကျော် ။ ။ အဲဒီလို ပြောဖို့တော့ ခက်မယ်ထင်တယ်။ ဥပမာ ကျနော်တို့ဆိုရင် ၈၈ မှာ ပါခဲ့တယ်။ ကိုပါကြီးလည်း ၈၈ မှာ ပါခဲ့တယ်။ သုံးရောင်ခြယ်အဖွဲ့မှာ ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးမှာပါတယ်။ ဓါတ်ပုံတွေထဲမှာ တွေ့ရတယ်။ အခု အဖမ်းခံရတာ အသတ်ခံရတဲ့အချိန်မှာတော့ အလွတ်သတင်းထောက် ဖြစ်တယ်ပေါ့။ ကျနော်တို့လည်း လိုအပ်ချက်အရ ဗမာပြည်နိုင်ငံရေး၊ ဗမာပြည် သတင်းလောကရဲ့  လိုအပ်ချက်အရ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်မှာ နိုင်ငံရေးအရ ပြောင်းလဲဖို့လုပ်သလို၊ သတင်းမီဒီယာကလည်း နိုင်ငံရေးမှာ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်မှာ အရေးကြီးတဲ့အတွက် တာဝန်ဝင်ထမ်းကြတယ်လို့ မြင်တယ်။ ကျနော်တို့က activist-turn journalist ပေါ့ ဖြစ်လာခဲ့တယ်။ တခြားနိုင်ငံတွေမှာလည်း ရှိပါတယ်။ တော်လှန်ရေး ရှိတဲ့ နိုင်ငံတွေမှာ။

ဦးကျော်ဇံသာ ။ ။ Activist ဖြစ်ခဲ့တယ်ဆိုတိုင်း အခု သူတို့ ပစ်သတ်လိုက်ရအောင် ကြီးကျယ်တဲ့ အပြစ်တော့ မဟုတ်ဘူး ထင်ပါတယ်။ ဒီသတင်းသမားတယောက်ဟာ activist ဖြစ်ရင်လဲ ဆရာသိန်းသန်းဦး ဘယ်လို သဘောရပါလဲ။

ဦးသိန်းသန်းဦး ။ ။ ဒီဟာကတော့ ပြဿနာ မဟုတ်ဘူးဗျ။ Out of question ပဲ။ သူဟာသူ သတင်းသမားဖြစ်ဖြစ်၊ သူပုန်ပဲဖြစ်ဖြစ်၊ ဓမြပဲဖြစ်ဖြစ် ဖမ်းဆီးတဲ့အခါမှာ ပြဌာန်းချက်တွေရှိတယ်။ ညဉ်းပမ်းနှိပ်စက်ပြီးတော့ မေးမြန်းတာ၊ စစ်ကြေတာကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၃၃၁) အရ တားဆီးထားတယ်။ အဲဒီတော့ ကိုပါကြီးဟာ အလွတ်သတင်းထောက်လား၊ Activist လား၊ သူပုန်လားဆိုတာ ပြဿနာ မဟုတ်ဘူး။ ဒီလူကို ဘယ်လိုဆက်ဆံသလဲ။ ဆက်ဆံဆောင်ရွက်ချက်တွေက ဥပဒေနဲ့ ကိုက်ညီရဲ့ လားဆိုတာကို ကျနော်တို့ ဆုံးဖြတ်ရမှာပဲ။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ သူ့အပေါ်ကို ဆက်ဆံခဲ့တာနဲ့ ပတ်သက်လို့ ဥပဒေလောက က အမှန်တကယ် ဖော်ထုတ်နိုင်ပါ့မလား။ သူဟာ ဘယ်လို စစ်ဆေးခြင်း ခံခဲ့ရတယ်ဆိုတာမျိုးကို ဖော်ထုတ်နိုင်မယ့် အခြေအနေရှိပါသလား။ မြန်မာနိုင်ငံ တရားစီရင်ရေးလောကမှာ။

ဦးသိန်းသန်းဦး ။ ။ အခုအနေအထားကတော့ ထူးခြားချက်လေးပေါ့။ ပြောင်းလဲလာတဲ့ အနေအထား။ ဒီလို အဖြစ်အပျက်မျိုးက ကျနော်တို့ တိုင်းပြည်မှာ စစ်အာဏာရှင် အုပ်စိုးတဲ့ တိုင်းပြည်မှာ စစ်အာဏာရှင်ရဲ့  ယဉ်ကျေးမှုပါပဲ။ ဒီလို စစ်ကြောရေးစခန်းတွေမှာ အသက်ဆုံးရှုံးခဲ့တဲ့လူတွေ အများကြီးပါ။ ကျနော်တို့ကိုယ်တိုင်လည်း ဗိုလ်ခင်ညွှန့် စစ်ထောက်လှမ်းရေး စစ်ကြောစခန်းတွေမှာ လူမဆန်တဲ့ ညဉ်းပမ်းနှိပ်စက်မှုမျိုးစုံ ခံခဲ့ရတယ်။ ကျနော်တို့ခေတ် ၁၉၉၀ မှာ မန္တလေးမှာ … အတွင်းရေးမှုး ဦးမောင်ကို၊ ရန်ကုန်တိုင်းက အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးမောင်ကို၊ ခရမ်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်းတို့ စစ်ကြောရေး ထောက်လှမ်းရေးစခန်းမှာ အသက်ဆုံးရှုံးခံခဲ့ရတယ်။ အသတ်ခံခဲ့ရတယ်။ သေတဲ့အထိ ညဉ်းပမ်းနှိပ်စက်ခံခဲ့ရတယ်။ အဲဒီအမှုတွေ ပြန်မဖော်နိုင်ဘူး။ ဒါပေမဲ့ အခုထူးခြားတဲ့ အခြေအနေကတော့ ကျနော်တို့မှာ ဒီမိုကရေစီရှိသလိုလို ပြောနေပြီးတော့ အခု တိုင်းပြည်အုပ်ချုပ်တယ်ဆိုတဲ့ ပုဂ္ဂိုလ်များက သူတို့ဟာ အရပ်သားတွေ ဖြစ်ပါတယ်။ ဒီမိုကရေစီ ဖော်ဆောင်တဲ့လူတွေ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့လူ ဖြစ်ပါတယ်။ တရားဥပဒေ စိုးမိုးရေးနဲ့ လူ့အခွင့်အရေးတော့ ရှိနေလို့ လူ့အခွင့်အရေး အစီရင်ခံစာတွေတောင် ရပ်ပါတော့လို့ ပြောတဲ့အချိန်မှာ ဒီလူသတ်မှုကြီးက ဘွားဘွားကြီးပေါ်လာတာ ဖြစ်တဲ့အတွက် ဒီအဆင့်မှာတော့ ဥပဒေနဲ့အညီ စုံစမ်းစစ်ဆေးခွင့် ရမယ်ဆိုရင် သူမှာ ဘာဒဏ်ရာတွေရှိလဲ။ အလောင်းဖော်ခွင့်ရတယ်ဆိုရင် ဘာဒဏ်ရာတွေ ရှိလဲ။ ဘယ်လို အနေအထားတွေ ဖြစ်နေသလဲ။ ဒါတွေကို ကျနော်တို့ အလင်းရောင်အောက်မှာ နိုင်ငံတကာ မျက်စိအောက်မှာ စစ်ဆေးခွင့်ရမယ်လို့ ကျနော် ယုံကြည်တယ်။

ဦးကျော်ဇံသာ ။ ။ နယ်စပ်ဒေသမှာ အဲဒီလိုပဲ ကိုပါကြီးလိုပဲ လှုပ်ရှားမှုသတင်းတွေကို လိုက်နေတဲ့ သတင်းထောက်တွေရဲ့  အခုလက်ရှိ လုံခြုံရေး အခြေအနေ ဘယ်လောက်အထိ ရှိပါသလဲ။

ဦးထက်အောင်ကျော် ။ ။ ဗမာပြည်မှာက အခု ပွင့်လင်းလာတယ်။ အရင်ကတော့ ထားတော့။ ပွင့်လင်းလာတဲ့အခါမှာ သတင်းသမဂ္ဂတို့၊ ဂျာနယ်လစ်ကွန်ရက်တို့ အဖွဲ့တွေလည်း ပေါ်လာတာပေါ့။ ဂျာနယ်တိုက်တွေ ရှိသလို၊ အလွတ်သတင်းထောက်တွေ၊ ဆိုရှယ်မီဒီယာတွေလည်း ရှိတယ်အခါကြတော့ Netizens တွေလည်းရှိတော့ ဒါက လွတ်လပ်စွာ သတင်းယူခွင့် ရှိရမှာပေါ့။ အခုနပြောသလို အခုက ပြောင်းလဲနေပြီ။ နယ်စပ်မှာရှိတဲ့ အဖွဲ့တွေအားလုံးနဲ့လည်း ငြိမ်းချမ်းရေး ဆွေးနွေးပြီးတော့ အပစ်အခတ်ရပ်စဲရေး လုပ်ပြီးတော့ ဒီမိုကရေစီ သွားနေပြီ။ ဖယ်ဒရယ်ကိစ္စ ဆွေးနွေးနေပြီဆိုတဲ့အခါကြတော့ ဒီလိုမျိုးက လုံးဝမဖြစ်သင့်ဘူး။ အားလုံး ဘယ်သတင်းထောက်ပဲဖြစ်ဖြစ် လွတ်လပ်စွာ သတင်းယူခွင့်ရှိအောင် လုပ်ပေးဖို့လိုတယ်။ အစိုးရအဖွဲ့ကရော လက်နက်ကိုင်အဖွဲ့တွေက အာမခံဖို့ လိုတယ်လို့ အဲဒီလိုမြင်တယ်။

ဦးကျော်ဇံသာ ။ ။ နယ်စပ်ဒေသမှာ အစိုးရရဲ့  တရားဥပဒေ စိုးမိုးမှုက သိပ်ကြီးကြီးမားမား ထိရောက်မှု မရှိဘူးလို့ဆိုရင် ရလိမ့်မယ်လို့ ထင်ပါတယ်။ နယ်စပ်ဒေသမှာတော့ ကိုပါကြီး သေဆုံးခဲ့တဲ့ နေရာတွေမှာဆိုရင်။ ဆိုတော့ ဒီလို ကိုထက်အောင်ကျော် ပြောသလို သတင်းထောက်တွေ လွတ်လပ်စွာ သတင်းယူခွင့်နဲ့ ပတ်သက်ပြီး အာမခံချက် အပြည့်အဝရှိဖို့လိုတယ် ဆိုတဲ့ကိစ္စကို ဆရာသိန်းသန်းဦး ဘာဖြည့်ပြောလိုပါလဲ။ ပြည်တွင်းထဲမှာ အဲဒီလိုမျိုး ရှိပါသလား။

ဦးသိန်းသန်းဦး ။ ။ ယခုဟာကတော့ လောလောဆယ် သိပ်မကြာသေးခင်က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နဲ့ သတင်းအဖွဲ့တွေ တွေ့တော့။ ဗိုလ်ချုပ်နှစ်ယောက်ကို တာဝန်ပေးမယ်။ နောက်တခါ သတင်းယူခွင့်ရအောင် ထုတ်ပြန်ပေးမယ်။ ဒါက ကောင်းတဲ့အလားအလာပေါ့။ ကျနော်တို့ တိုင်းပြည်မှာ တခါမှ မရှိခဲ့သေးဖူးဘူး။ အဲဒီအနေအထား ပြောနေရင်တန်းလန်းနဲ့ ဒါကတော့ အောက်ခြေက ဖြစ်သွားတယ်လို့ ထင်ပါတယ်။ မထိန်းနိုင်မသိမ်းနိုင်ဘဲနဲ့ သူတို့က ကျင့်သုံးနေကြကို။ ဒီလို အလုပ်တွေက လုပ်နေကြဖြစ်နေတော့ အထက်က ထိန်းသိမ်းဖို့ အချိန်မမီလိုက်ဘဲ ဖြစ်သွားတယ်လို့ ကျနော် ယူဆပါတယ်။ အကာအကွယ်ပေးမှ သတင်းထောက်တွေရဲ့  ဘဝက အထူးသဖြင့် သတင်းယူတဲ့နေရာမှာ နယ်စပ်ဒေသတွေလို နှစ်ဖက် ဘယ်သူလက်ထဲ အာဏာရှိမှန်းမသိတဲ့ နေရာတွေမှာ တော်ကြာ ဟိုဖက်က သတ်သလို၊ ဒီဖက်က သတ်သလိုကိစ္စမျိုးတွေ ပေါ်ပေါက်လာမှာ ဖြစ်တဲ့အတွက် အဲဒီလို အစီအစဉ်မျိုးတွေတော့ ကျနော်တို့ ကြိုဆိုရမှာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဗိုလ်ချုပ်မှူးကြီးက ဖွဲ့ပေးတဲ့ ဗိုလ်ချုပ်နှစ်ယောက်ကို သတင်းထုတ်ပြန်ရေးဆိုပြီး ပြောလိုက်တဲ့ မကြာခင်မှာပဲ အခုကိစ္စ ဖြစ်လာတာပါ။ အဲဒီလိုဆိုတော့ ကိုပါကြီးကိစ္စကို သူတို့ဆီကပဲ သတင်းထုတ်ပြန်ပါတယ်။ ထုတ်ပြန်တဲ့သတင်းအပေါ် ကိုထက်အောင်ကျော် သတင်းသမားတဦးအနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ဦးထက်အောင်ကျော် ။ ။ ကျနော်တို့ တွေ့ရသလောက်တော့ ထုတ်ပြန်တဲ့သတင်းက ကလိုထူးဖော - ဒီကေဘီအေနဲ့ ကျနော် သတင်းတွေကြားရတယ်။ တိုက်ပွဲတွေဖြစ်တယ်။ ဒီကေဘီအေ က အစိုးရစစ်သားတွေကို ဖမ်းတယ်ပေါ့။ အဲဒီအချိန်မှာ သတင်းယူဖို့သွားတဲ့ ကိုပါကြီးကို ဖမ်းမိပြီးတော့ ကိုပါကြီးက ဒီကေဘီအေဖက်က ဗိုလ်ကြီးအဆင့်ရှိတဲ့ ပြန်ကြားရေးတာဝန်ခံ ဘာညာပေါ့။ စစ်တပ်က ထုတ်ပြန်တဲ့အထဲမှာ တွေ့ရတယ်။ ဓါတ်ပုံကလည်း ကိုမိုးသီးတို့နဲ့ ပုံကိုတင်ပြီးတော့ သတင်းထောက်မဟုတ်ဘူး၊ ဒီကေဘီအေ က လူဆိုပြီးတော့ အဲဒီလို ဓါတ်ပုံနဲ့ တင်ထားတာကို တွေ့ရတယ်။ ပြီးတော့ ဖမ်းဆီးစစ်ဆေးနေချိန်မှာ လက်နက်ယူပြီးတော့ ထွက်ပြေးတယ်ဆိုတာကတော့ လုံးဝမဖြစ်နိုင်ဘူး။ အဲဒါက သူက သတင်းထောက် လက်နက်ယူပြီး ထွက်ပြေးတယ်ဆိုတာ အဲဒါက ဟာသ ဖြစ်နေတယ်။ အဲဒီ ဖြစ်စဉ်တခုလုံးကို ဥပဒေကလည်း ရှင်းရှင်းလင်းလင်းမရှိ၊ အပေါ်က ညွှန်ကြားချက်ကလည်း သတင်းသမားတွေနဲ့ ပတ်သက်ပြီးဖြစ်ဖြစ်၊ ညွှန်ကြားချက်က ရှင်းရှင်းလင်းလင်း မရှိတော့ အောက်ခြေက စစ်ဆေးပြီးတော့ လက်လွန်သွားတဲ့အခါကြမှ ဖြစ်သလို ထုတ်ပြန်လိုက်ရတဲ့ ယုတ်တိမရှိတဲ့ သတင်းထုတ်ပြန်ချက်လို့ အဲဒီလို မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ တချိန်တည်းမှာပဲ စစ်တပ်ဖက်က ထုတ်ပြန်သလို၊ ဒီကေဘီအေ ကလည်း ပြောပါတယ်။ ကျနော်တို့ သတင်းထောက်ကမေးတယ် ကိုပါကြီး က ခင်များတို့ဆီကလားဆိုတော့ ဒီကေဘီအေ က မဟုတ်ပါဘူး၊ လုံးဝမရှိဘူးဆိုပြီး လုံးဝငြင်းပါတယ်။ အဲဒီ ပြန်ကြားရေးကောင်စီက။ အဲဒီအဖွဲ့တောင် မရှိဘူးလို့ ဆိုပါတယ်။ ဆိုတော့ တရားရုံးမှာ တကယ်တမ်း တရားဥပဒေအရ ဒီကိစ္စကို စစ်ဆေးကြမယ်ဆိုရင် ဒီလို ညဉ်းပမ်းနှိပ်စက်တာအပြင် ကိုပါကြီးဟာ သူပုန်ဟုတ်မဟုတ် ဆိုတာနဲ့ ပတ်သက်တဲ့အချက်ကို စစ်ဆေးစရာအကြောင်းတရာ ဖြစ်လာနိုင်ပါသလား။ အဲဒီလို ဖြစ်လာနိုင်တယ်ဆိုရင် အစိုးရရဲ့  စွပ်စွဲချက်၊ စစ်တပ်ရဲ့  စွပ်စွဲချက်တခုတည်းကိုပဲ အတည်ယူကြမလား။ ဒီကေဘီအေဖက်ရဲ့  ချေပချက်ကို ဘယ်လို စဉ်းစားမလဲ။ တရားဥပဒေအရ မြန်မာနိုင်ငံမှာ။

ဦးသိန်းသန်းဦး ။ ။ ကိုပါကြီးက မြန်မာနိုင်ငံသားတယောက်ဖြစ်တယ်။ မြန်မာနိုင်ငံသား တယောက်မဟုတ်ရင်လဲ လူတယောက်ကို စိတ်တိုင်းကျ License to kill,  James Bond မှ မဟုတ်ဘဲ သတ်ခွင့် ဘယ်ရှိပါ့မလဲ။ အခု ကိုပါကြီးကိစ္စက သက်ဆိုင်ရာ သူ့ဇနီးကလည်း အလောင်းစစ်ဆေးခွင့်တွေ တောင်းထားတယ်။ အလောင်းဖျောက်တာ ပုဒ်မ ၂၀၁ ဥပဒေအရ ပြောရလို့ရှိရင်။ စစ်ကြောရေးမှာ ညဉ်းပမ်းနှိပ်စက်တာ ပုဒ်မ ၃၃၁။ နောက် ဒါက လူသတ်မှုဖြစ်တယ်။ ဒါတွေက ပွင့်လင်းမြင်သာတဲ့ စုံစမ်းရေးကော်မရှင်တရပ်နဲ့ စုံစမ်းမှသာ ဖြစ်နိုင်တယ်။ အဲဒီ ကော်မရှင်မှာလည်း လက်ကိုင်တုတ်တွေ မပါဝင်ဘဲနဲ့ ပြည်သူလူထု လေးစားတဲ့ နိုင်ငံရေးပါတီခေါင်းဆောင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ လွတ်လပ်တဲ့ ဥပဒေပညာရှင်တွေ ပါပြီးတော့ စုံစမ်းစစ်ဆေးမှုလုပ်မှ ဖြစ်နိုင်တဲ့ကိစ္စ ဖြစ်ပါတယ်။ ကျနော်တို့တိုင်းပြည်မှာ တရားဥပဒေ စိုးမိုးမှု တကယ်ရှိသလား။ ဥပဒေအရာမှာ နိုင်ငံသားတိုင်း တန်တူခွင့်ရှိသလား။ ဥပဒေက နိုင်ငံသားတိုင်းကို အကာအကွယ်ကို တန်တူရထိုက်တဲ့ ဟုတ်မဟုတ်ကို ဒီအမှုက အဖြေပေးမှာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ စစ်တပ်ရဲ့  ထုတ်ပြန်ချက်မှာတော့ လက်နက်လုပြီး ထွက်ပြေးလို့ ပစ်သတ်ရတယ်လို့ ဆိုထားပါတယ်။ အဲဒီအချက်ကရော။

ဦးသိန်းသန်းဦး ။ ။ လက်နက်လုပြီး ထွက်ပြေးလဲ ခြေထောက်ပစ်လို့ ရပါတယ်။ ခြေထောက်ပစ်ပြီးတော့ လဲသွားအောင် လုပ်လို့ရပါတယ်။ ဒါတွေက ဟုတ်တယ်မဟုတ်ဘူးဆိုတာ ဘယ်သူမှ မသိဘူး။ ဒါက သူတို့ ထုတ်ပြန်ချက်သက်သက်ပဲ ဖြစ်တယ်။ ဒါကို စုံစမ်းစစ်ဆေးမှရမယ်။ နောက်ပြီးတော့ အမှုက ဖြစ်ဖြစ်ချင်း ကိုပါကြီးကို စက်တင်ဘာလကုန်မှာ ဖမ်းတယ်။ အဲဒီလို ဖြစ်သွားရင် ချက်ချင်းထုတ်ပြန်ပေါ့။ အခုက မိသားစုက ပျောက်လို့လိုက်ရှာ။ ဟိုက ဒီဖက်လွှဲချ၊ နယ်ဝန်ကြီးက တဖက်ကလွှဲချ၊ တပ်က ဒီလွှဲချ။ ဟို ဖမ်းသွားတဲ့လူက ကျနော်မသိဘူး သူဖမ်းပေးတာ။ အဲဒီလို ကသောင်းကနင်းတွေ ဖြစ်ပြီးမှ သတင်းထွက်လာတော့မှ ထုတ်ပြန်တဲ့အတွက် ကျနော်တို့ ဥပဒေစကားနဲ့ ပြောရင်တော့ After-thought နောက်မှ အကြံရပြီးတော့ ထုချေတာပေါ့။ စောစောစီးစီးက ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်းဆိုရင် တမျိုးပေါ့။ ကျနော်တို့ ဖမ်းလိုက်တယ်။ ဒီအချိန်မှာ ဒီလိုထွက်ပြေးလို့ ဒီလိုဖြစ်သွားပါတယ်လို့ ဦးအောင်ထုတ်ခဲ့ရင်တော့ ဒီဟာ လက်ခံဖွယ်အကြောင်းရှိတယ်။

ဦးကျော်ဇံသာ ။ ။ ကိုထက်အောင်ကျော်ကို ကျနော် မေးချင်တာက အဲဒီလိုဆိုရင် မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်စွာရယူခွင့်၊ သတင်းထောက်တွေရဲ့  အလားအလာ ဘယ်လိုဖြစ်လာမလဲလို့ စဉ်းစားမိပါလဲ။ ကိုထက်အောင်ကျော်က တိုင်းပြည်ထဲပြန်ပြီးတော့ ၂၀၁၅ ရွေးကောက်ပွဲ အကြိတ်အနယ်ယှဉ်ပြိုင်တဲ့အခါမှာ မှန်တဲ့ဟာကို စုံစမ်းစစ်ဆေးပြီးတော့ အမှန်အတိုင်း ပြောနိုင်မယ့် အခွင့်အရေးမျိုး ရနိုင်မယ်လို့ ထင်ပါလား။

ဦးထက်အောင်ကျော် ။ ။ အားလုံးသိတဲ့အတိုင်း ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ နောက်ပိုင်းမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်တယ်။ သိသာစွာ မီဒီယာ ပြောင်းလဲမှုလို့ ပြောကြတယ်။ အပြင်က ဦးကျော်ဇံသာတို့ ဗွီအိုအေ၊ ဒီဘီဗွီတို့ အထဲတောင် ရောက်သွားပြီဆိုတော့ ဒီလိုမျိုး ပြန်ကြတာတွေရှိတယ်။ အထဲမှာ ပုဂ္ဂလိက သတင်းစာတွေ ထုတ်ခွင့်ရတယ်။ စာပေစီစစ်ရေးတွေ မရှိတော့ဘူး။ ဒါတွေကြောင့်မို့ မီဒီယာ လွတ်လပ်ခွင့်က ဦးသိန်းစိန်အစိုးရလက်ထက်မှာ သိသာစွာ တိုးတက်မှုလို့ ပြောကြတယ်။ ဒါပေမဲ့ အခု ကျနော်တို့ ပြန်ကြည့်တဲ့အခါမှာ အခုနှစ်ထဲမှာ သတင်းထောက်တွေ အဖမ်းခံရတယ်။ ယူနီတီဂျာနယ်ပုဂ္ဂိုလ်တွေဆိုရင် ဆယ်နှစ်လောက် ချခံရတယ်။ Bi မွန်းတည်နေ ဆိုရင်လည်း ငါးနှစ်လား၊ သုံးနှစ်လား ချထားတယ်။ ဦးရဲထွဋ် ပြန်ကြားရေးဝန်ကြီးကိုယ်တိုင်က ဂျာနယ်တွေကို တရားစွဲတယ်။ အခြေအနေက ပထမပိုင်းမှာ ကောင်းပေမဲ့ အခု ၂၀၁၄ ထဲမှာ အတော်လေးဆိုးလာတယ်။ ဆိုးလာပြီး အခုဆိုရင် ပိုဆိုးသွားပြီ၊ သတင်းထောက်ကို သတ်တဲ့အမှုဆိုတော့။ မဆလခေတ်၊ နဝတခေတ်က ဆိုးတယ်ဆိုပေမဲ့ ထောင်ထဲထည့်ပြီး နှိပ်စက်တာပဲရှိတယ်၊ သတ်တာမရှိဘူး။ အခုက သတင်းထောက်ကို သတ်တယ်ဆိုတော့ အခြေအနေက လုံးဝကို နောက်ပြန်ဆုတ်သွားတယ်လို့ ပြောလို့ရတယ်။ တော်တော်ကြီး မေးခွန်းထုတ်စရာလို့ မြင်တယ်။ ရှေ့ အလားအလာ မကောင်းဘူးလို့ မြင်တယ်။ ၂၀၁၅ ရွေးကောက်ပွဲတွေမှာ လွတ်လပ်စွာ သတင်းယူခွင့်ဆိုတာ တော်တော်လေးကို ပြန်စဉ်းစား သုံးသပ်ရမယ့် အခြေအနေ ဖြစ်လာပြီလို မြင်တယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် နောက်တခု စဉ်းစားမိတာက တချို့ ကပြောတယ် ကိုပါကြီးဟာ ပြည်တွင်းနာမည်ကြီးတချို့ မှာလည်း သတင်းတွေ ရေးခဲ့ပါတယ်။ အခုအချိန်အထိ အဲဒီပြည်တွင်းမီဒီယာတွေ ကိုပါကြီးရဲ့  သတင်းတွေကို လက်ခံဖော်ပြခဲ့တဲ့ ပြည်တွင်းနာမည်ကျော် မီဒီယာတွေက ကိုပါကြီးက သူတို့ဆီက သတင်းထောက်ပါဆိုပြီး တစွန်းတစမှ တခွန်းမှ ပြောသံမကြားဘူးလို့ ဆိုပါတယ်။ ဆရာသိန်းသန်းဦး တွေ့မိပါသလား။ သူတို့ ပြောတာကို။ ဘယ်လို ပြောလိုပါလဲ အဲဒီကိစ္စကို။

ဦးသိန်းသန်းဦး ။ ။ ကျနော်လည်း မတွေ့မိဘူး။ ဒီဟာကို သူတို့ကိုယ်တိုင်လဲ ကြောက်နေကြတယ်ထင်တယ်။ သတင်းထောက်ကို သတ်ပြလိုက်တော့။ ကိုယ့်သတင်းထောက်ဆိုရင် ငါတို့များ ဆက်သတ်နေမလားဆိုပြီ။ အဲဒီလိုများ ဖိနှိပ်ချုပ်ချယ်ခံ၊ ကြောက်လို့ပေါ့။ ကျနော့်အတွက်ကတော့ အခုနပြောသလိုပဲ ကျနော်က ဥပဒေရှေ့ နေဆိုတော့ ဥပဒေအရပြောရင် ကိုပါကြီးက သတင်းထောက် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ ဒီကေဘီအေ က သူပုန်ဖြစ်စေ မဖြစ်စေ။ သူပုန်ဆိုရင် ၁၇ (၁) ရှိပါတယ်။ မတရားအသင်းနဲ့ အရေးယူပေါ့။ လက်နက်ကိုင်လို့ ဥပဒေတွေ အကုန်ရှိပါတယ်။ ဥပဒေနဲ့အညီ ဆောင်ရွက်ပေါ့။ သတ်ပစ်လို့တော့ မရဘူး။

ဦးထက်အောင်ကျော် ။ ။ ကျနော် နည်းနည်းပြောချင်တယ် အခုနပြောတဲ့အထဲမှာ အခုထက်ထိတော့ ကျနော်သိသလောက် ဟိုနေ့ကဆိုရင် ကိုမင်းကိုနိုင်တို့ ဆူလေးဘုရားရှေ့ မှာ ဟောပြောပွဲလုပ်တယ်။ ဂျာနယ်လစ်ကွန်ရက်က လူတွေလည်းလာတယ်။ ပြောတယ်။ ဒါပေမဲ့ အခုန ရှေ့ နေပြောသလို သူက ဘယ်သူပဲဖြစ်ဖြစ် နိုင်ငံသားတယောက်အနေနဲ့ ပြောကြတယ်။ ရှေ့ နေကော တခြားလူတွေကော နိုင်ငံသားတယောက်အနေနဲ့ ပြောပေါ့။ ဒါပေမယ့် ဂျာနယ်လစ်ဆိုရင် ဂျာနယ်လစ်ဖက်က ပြောဖို့လိုတယ်လို့ မြင်တယ်။ အထူးသဖြင့် ဂျာနယ်လစ်ကွန်ရက်တွေ၊ အခုဖွဲ့ထားတဲ့ သတင်းသမားကာကွယ်အဖွဲ့အစည်းတွေက သေသေချာချာ ပြောဖို့လိုတယ်၊ အခုက ဘယ်သူမှ မပြောဘူး။ ၈၈ ပဲပြောတယ်။ NLD ဆိုရင်လဲ သုံးရောင်ခြယ် ဒေါ်စု လုံခြုံရေးယူခဲ့တဲ့လူပဲ ဘာဖြစ်လို့ မပြောတာလဲ။ ကျနော်ထင်တယ် အပြင်က RSF တို့ CPJ တို့လို နိုင်ငံတကာအဖွဲ့အစည်းတွေက ပြောမှာပဲ။ ဒါပေမဲ့ အထဲက မီဒီယာအဖွဲ့အစည်းတွေ က ဘာကြောင့်မပြောကြတာလဲ ဆိုတာ မေးခွန်းထုတ်စရာပဲ…။

Wednesday, October 22, 2014

တော်လှန်ရေးသတင်းသမားတဦးရဲ့ ဒိုင်ယာရီ (၃၃)

DVB-TV စတင်ပေါ်လာခြင်း

ဒီမိုကရက်တစ်မြန်မာ့အသံ DVB ရေဒီယိုစတင်ပေါ်ပေါက်လာတဲ့နေ့ကို ၁၉၉၂ ခုနှစ် ဇူလိုင်လ ၁၉ ရက် နေ့လို့ တရားဝင်သတ်မှတ်ထားပေမဲ့ DVB-TV ပေါ်လာတဲ့နေ့ကို အဲဒီလို အတိအကျမှတမ်းတင်ထား တာမျိုး မတွေ့ရသေးပါဘူး။ (ကျနော်မတွေ့တာလဲဖြစ်နိုင်ပါတယ်။ သိသူတွေ ဖြည့်ပေးကြပါရန်)။ ကျ နော မှတ်မိသလောက်ကတော့ ၂၀၀၅ ခုနှစ်အစောပိုင်းမှာ TV လွှင့်ဖို့ အလှူရှင်ရလာတယ်ဆိုတဲ့ သ တင်း စကြားရပါတယ်။

(DVB-TV ရဲ့ ပထမ ဆုံး ပရီစန်တာတဦးဖြစ်သူ မအေးအေးမွန်)

ဒါပေမယ့် ဒီ TV ကို အော်စလိုသတင်းခန်းက တာဝန်ယူစရာမလိုပဲ ထိုင်းနိုင်ငံမှာအခြေစိုက်တဲ့ ကိုသင်း ကိုကိုနဲ့ မစန္ဒာတို့က ဦးစီးဆောင်ရွက်မှာဖြစ်တယ်လို့ ညွန်ကြားရေးမှုးတွေကရှင်းပြပါတယ်။ DVB-TV ဟာ ၂၀၀၇ ရွေဝါရောင်တော်လှန်ရေးကာလနဲ့ ၂၀၀၈ နာဂစ်မုန်တိုင်းကာလတွေမှာ အထွန့်အထိပ် အထိရောက်အောင် အောင်မြင်ခဲ့ပေမဲ့ အဲဒီကာလကတော့ TV လွှင့်မယ်ဆိုတဲ့သတင်း ဟာ တကယ့်ကိုစိတ်ကူးယဉ်မှု တခုပါပဲ။ ရေဒီယိုကိုတောင် ခိုးပြီးနားထောင်ရေတဲ့ခေတ်မှာ စလောင်း TV ကြီးကို ပရိတ်သတ်တွေ ပေါ်တင်နားထောင်ဖို့ဆိုတာဖြစ်နိုင်ပါ့မလား။ ရေဒီလှိုင်းကိုတောင် အသံ ဖျက်စက်နဲ့လိုက်ဖျက်နေတဲ့ နအဖ အစိုးရက စလောင်းလိုင်းကိုမဖျက်ပဲ ဒီတိုင်းကြည့်နေပါ့မလားဆိုပြီး ကျနော်တို့သတင်းသမားတွေကြား အတော်အငြင်းပွါးခဲ့ပါသေးတယ်။ ပြီးတော့ စလောင်းကလဲ အဲဒီအ ချိန်က အတော်ဈေးကြီးပြီး သိန်းနဲ့ချီပေးရဆဲဖြစ်ပါတယ်။

အော်စလိုကသတင်းခန်းအတွင်း ဒီလိုအငြင်းပွါးမှုရှိတယ်ဆိုပေမဲ့ တကယ်တန်းတာဝန်ယူတာက အော် စလိုက အမြဲတန်းဝန်ထမ်းတွေမဟုတ်ပဲ ဘန်ကောက်က သီးခြားစီမံကိန်းဝန်ထမ်းတွေဆိုတော့ အခြေ နေ အသေးစိပ်ကို ဘာမှမသိပါ။ ကျနော်မှတ်မိသလောက်ကတော့ ၂၀၀၅ မတ်လလောက်ကစပြီး ၁၅ မီနစ်စာကနေ မီနစ် ၃၀ စာခန့် ရုပ်-သံ မှတ်တန်းတွေကို (ပထမ ပိုင်းမှာ သတင်းမထည့်နိုင်ခဲ့ပါ) စနေ နေ့တိုင်း ထုတ်လွှင့်ပေးခဲ့ပါတယ်။ အဲဒီလို လွှင့်မယ်ဆိုတာကို DVB ရေဒီယိုကနေ အပတ်စဉ် ကြော် ငြာပေးခဲ့တာကို အမှတ်ရနေပါတယ်။ ကိုယ်နဲ့တိုက်ရိုက်မဆိုင်ဘူးဆိုတော့ ဒီထက်ပိုမသိပါ။

ဒါပေမယ့် သိပ်မကြာပါဘူး။ ကိုယ်နဲ့မဆိုင်ဘူးလို့ထင်ထားတဲ့ အဲဒီ TV က ကိုယ့်ခေါင်းပေါ် တည့်တည့် ရောက်လာပါတယ်။ ''အခြေနေအရပ်ရပ်ကြောင့် ဘန်ကောက်ကလူတွေကို TV အစီစဉ် တာဝန်ဆက် ပေးလို့မရတော့ဘူး။ အော်စလိုက လွဲပြောင်းတာဝန်ယူမှရမယ်'' လို့ ညွန်မှုး ၂ ဦးက ကျနော်တို့သတင်း သမားအားလုံးကိုခေါ်ယူ ရှင်းပြပါတယ်။

ဒါပေမယ့် ဘာကြောင့် ဆက်တာဝန်ပေးလို့မရတာလဲ။ DVB ညွန်မှုးတွေနဲ့ ကိုသင်းကိုကိုတို့အကြား ဘာကြောင့် အကွဲအပြဲတွေဖြစ်ခဲ့ရသလဲဆိုတဲ့ အသေးစိပ်ကိုတော့ ညွန်မှုးတွေကရှင်းပြခြင်းမရှိပါ။ ဒီတော့ အမှန်တကယ် ဘာတွေဖြစ်ခဲ့သလဲဆိုတာ ကျနော်တို့မသိပါ။ ညွန်မှုးတွေဖက်ကပြောတာကိုပဲကြားရပြီး ကိုသင်းကိုကို တို့ဖက်ကနေ အခုချိန်ထိ တခါမှ တရားဝင် ရှင်းလင်းချက်ထုတ်တာမတွေ့ရသေးပါ။ 


Radio သမားတွေကို TV သမားအဖြစ်အသွင်ပြောင်းတဲ့အခါ

သေချာတာတခုကတော့ အဲဒီလိုညွန်မှုးတွေကခေါ်ပြောပြီး တလလောက်အတွင်းမှာတင် ကျနော်တို့ ရေဒီယိုသတင်းသမားတွေအားလုံး TV သင်တန်းတက်ဖို့ပြင်ဆင်ရပါတယ်။ ရေဒီယိုသတင်းတွေနဲ့ မ အားမလပ်ဖြစ်နေတဲ့ကြားထဲ နောက်ထပ် TV တာဝန်တခုပါ ထပ်တိုးလာမယ်ဆိုတော့ ဘယ်လွယ်ပါ့ မ လဲ။ မာရသွန်ပြေးပွဲမှာ ပန်းဝင်လာတဲ့လူကို နောက်ထပ် ၁၀ မိုင်လောက်ထပ်ပြေးပါဦးလို့ အပြောခံရ သလိုဖြစ်နေမလားပါပဲ။

(Burma VJ ရုပ်ရှင်မှတ်တန်းအတွက် DVB-TV စက်ခန်းအတွင်း ရိုက်ကူးနေစဉ်)

ဒါပေမယ့် ဒီနေရာမှာ အားကစားသမားတွေနဲ့ သတင်းသမားတွေ လာတူနေတယ်လို့ကျနော်ထင်ပါ တယ်။ ဥပမာ ဘော်လုံးပွဲတွေမှာ ကစားသမားတဦးဦး ပင်ပန်းလွန်းနေတယ်ထင်လို့ သူ့ရဲ့ နည်းပြဆရာ ကယူဆတဲ့အတွက် အဲဒီလူကိုအနားပေးပြီး နောက်တဦးနဲ့ အစားထိုးတာ၊ ပွဲမပြီးခင်အနားပေးခံရတာ ကို ဘော်လုံးသမားတွေ ကြိုက်လေ့မရှိပါ။ အဲဒီလိုပါပဲ သတင်းသမားတွေကြားမှာလဲ ပင်ပန်းတာ၊ အချိန် ပိုလုပ်ရတာကို ငြင်းဆိုသူအတော်နည်းပြီး ကိုယ်လိုက်တဲ့သတင်း များများပါစေချင်သူ၊ ရေဒီယိုနဲ့ TV မှာ ကိုယ့်အသံ၊ ကိုယ့်ပုံပါချင်သူက ပိုများနေတယ်လို့ထင်ပါတယ်။

ဘာကြောင့်လဲဆိုရင် လစာကိုတိုးမပေးပဲ အလုပ်တာဝန်ကိုပဲတိုးပေးတဲ့အပေါ်၊ တခုစာအတွက်ပဲ လစာပေးပြိး ၂ ခုစာခိုင်းမယ်ဆိုတဲ့စီမံချက်အပေါ် မတရားဘူးလို့ ကန့်ကွက်သူတဦးမှမရှိလို့ပါ။ သတင်း အယ်ဒီတာ ကိုမိုးအေး၊ နေစဉ်တာဝန်ကျအယ်ဒီတာ ကျနော်၊ သတင်းခန်းဝန်ထမ်းတွေဖြစ်တဲ့ မခင်နှင်း ထက်၊ မအေးအေးမွန်နဲ့ နန်းခမ်းကယောက်တို့ အားလုံး TV သင်တန်းတက်ဖို့သဘောတူလိုက်ပါတယ်။

ဒါပေမယ့် ကန့်ကွက်သူ လုံးဝမရှိတာမျိုးတော့မဟုတ်ပါဘူး။ အပတ်စဉ်ကဏ္ဍတာဝန်ခံ ကိုစိုးဝင်းညို (ဒီလို ငြင်းဆိုတဲ့အတွက် နောက်ပိုင်းမှာ အလုပ်ထုတ်ခံရပြီး ၂၀၀၇ ဒီဇင်ဘာမှာ ကွယ်လွန်သွားသူ) ကတော့  ဒီလို TV အစီစဉ်တိုးမယ်ဆိုတဲ့အပေါ် ကန့်ကွက်ပါ တယ်။ မာနယ်ပလောခေတ်ကတည်းကစပြီး သူကို ရေဒီယိုမှာ အလုပ်ခန့်ထားတာသာဖြစ်တဲ့အတွက် ရေဒီယို တခုပဲလုပ်နိုင်မယ်။ TV လုပ်ဖို့အတွက်နည်းပညာတွေထပ်သင်ရမှာကို သူမကြိုက်ဘူး။ ရေဒီ ယို တခုတည်းကိုပဲ နိုင်နိုင်နင်းနင်းလုပ်ပါရစေလို့ တောင်းဆိုခဲ့ပါတယ်။

ဒီလိုနဲ့နောက်ဆုံးတော့ ကိုစိုးဝင်းညိုမပါတော့ပဲ ကျနော်တို့ သတင်းသမား ၅ ဦး၊ ၀က်ဆိုက်ဌာနတာဝန်ခံ မသီတာနဲ့ ဒုညွန်မှုး ကိုခင်မောင်ဝင်းအပါဝင် အားလုံး ၇ ဦး TV ကင်မရာသင်တန်းနဲ့ တည်းဖြတ်မှု သင်တန်းတက်ကြရပါတယ်။ သင်တန်းဆရာက ဘန်ကောက်အခြေစိုက် AsiaWorks Television မှ အမေရိကန် ၀ါရင့် VJ (Video Journalist) သမား။ သင်တန်းအချိန်က စုစုပေါင်းမှ ၁၄ ရက်တည်း။

၁၄ ရက်တည်းဆိုပေမဲ့ သတင်းသမားတွေအားလုံး ၁၄ ရက်အလုပ်နားပြီး သင်တန်းတက်တဲ့ဖြစ်စဉ်မျိုး DVB သမိုင်းမှာ ဒါ ပထမဆုံးပါပဲ။ တကယ်က အားလုံးတပြိုင်တည်းနားပြီး ဒီလိုသင်တန်းတက်နေချိန် မှာ ပုံမှန်လွှင့်နေကြ ရေဒီယိုအစီစဉ်တွေမထိခိုက်အောင်အတွက် ရေဒီယိုသတင်းထောက် လူသစ် သင် တန်းတခုကို ဒီသင်တန်းမစခင်လေးကမှ အရေးပေါ်အရင်ပေးခဲ့ရပါသေးတယ်။ ကျနော်တို့ TV သင် တန်းတက်နေချိန်မှာအဲဒီပုဂ္ဂိုလ်တွေက ရေဒီယိုကို တာဝန်ယူပေးထားတာပေါ့။ (အဲဒီသင်တန်းသား ရ ဦးအကြောင်းကို သီးခြား ထပ်ရေးပါဦးမည်)။


Radio နဲ့ TV ဘာကွာသလဲ

ကျနော်တို့ အားလုံးဟာ ၀ါရင့်ရေဒီယိုသတင်းထောက်တွေဖြစ်ပေမဲ့ TV ကင်မရာကိုတော့ တခါမှ မကိုင် ဖူးပါ။ TV ကင်မရာဆိုတာ အမေရိကန်ဒေါ်လာ ၃ ထောင်ဝန်းကျင်ပေးရတဲ့ နိုင်ငံတကာအဆင့်မှီ Sony HDV ကိုပြောတာပါ။ ဘတ်တသောင်းဝန်းကျင်ရှိတဲ့ ရုပ်သေကင်မရာနဲ့ ဗွီဒီယိုကင်မရာတွေကိုတော့ ၁၉၉၇ ခုနှစ်ဝန်းကျင်၊ တောထဲမှာနေစဉ်ကတည်းက ကျနော်ကိုင်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ရှေ့အခန်းတွေ မှာတင်ပြခဲ့တဲ့အတိုင်း ကြားဖူးနားဝနဲ့ သင့်သလိုရိုက်ခဲ့တာသာဖြစ်ပြီး ကင်မရာအကြောင်းစနစ်တကျ တခါမှမသင်ခဲ့ဖူးပါ။
(DVB-TV သင်တန်းသားတဦး မြို့ထဲမှာ ရိုက်ကူးရေးလေ့ကျင့်နေစဉ်)

တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ အသံရဲ့သဘောတရား၊ အသံတည်းဖြတ်မှုတွေနဲ့ ၁၀ နှစ်ကျော် ရင်းနှီးခဲ့ဖူးတဲ့ ကျနော်တို့ဟာ အရုပ်ရဲ့သဘောတရား၊ အရုပ်တည်းဖြတ်မှုတွေကို အခုမှ ABCD ကနေ စသင်ရမှာဖြစ်ပါတယ်။ ဒေါ်လာ သုံးထောင်တန်ကင်မရာတွေ၊ တည်းဖြတ်စက်တွေသုံးပြီး အမေရိကန် သင်တန်း ဆရာက အသေချာသင်ပေးဖို့ပြင်နေပါပြီ။

သူသင်ပေးတဲ့ ဗွီဒီယိုကင်မရာသဘောတရား အားလုံးကိုမမှတ်မိတော့ပေမဲ့ အကြမ်းဖျင်းအားဖြင့်က တော့ ရုပ်-သံ မှတ်တန်းတိုတခုအတွက် အနည်းဆုံးရိုက်ကွက် ၅ ခုလိုတယ်ဆိုတာကိုတော့ အခုထိ အ မှတ်ရနေပါတယ်။ Establishing shot (သရုပ်ဖေါ်ရိုက်ချက်)၊ Wide shot (မြင်ကွင်းကျယ်ရိုက်ချက်)၊ Medium shot (အနေတော်ရိုက်ချက်)၊ Close up shot (အနီးကပ်ရိုက်ချက်) နဲ့ Over shoulder shot (ပခုံးကျော်ရိုက်ချက်)တို့ လိုအပ်တယ်လို့ပြောပါတယ်။

အချိန်ယူရိုက်နိုင်တဲ့ ရုပ်-သံ စတိုရီအတွက်ပြောတာပါ။ အရေးပေါ်သတင်းတွေအတွက်တော့ အဲဒီစံ တွေနဲ့သွားတိုင်းနေလို့ဘယ်ဖြစ်မလဲ။ ရတဲ့နေရာမှာ အကောင်းဆုံးဖြစ်အောင် ရိုက်ပေတော့ပေါ့။ ကျနော်တို့ကိုသင်တာက နိုင်ငံတကာသတင်းဌာနကြီးတွေလို သတင်းထောက်၊ ထုတ်လုပ်ရေးမှုး၊ ကင် မရာ သမား၊ အသံဖမ်းအင်ဂျင်နီယာ၊ နည်းပညာကျွမ်းကျင်သူ စသဖြင့် အသင်းလိုက်သတင်းယူတဲ့ နည်းမဟုတ်။ အဲဒီအချိန်က DVB သတင်းခန်းတခုလုံးပေါင်းမှ ၀န်ထမ်းက ၅ ဦးတည်းသာရှိတဲ့အတွက် ဒီလိုနည်းနဲ့လဲ အလုပ်မဖြစ်နိုင်ပါ။

ဒီတော့ ဒုညွှန်မှုး ကိုခင်မောင်ဝင်း ခဏခဏညွှန်းဆိုလေ့ရှိတဲ့အတိုင်း All In One ပေါ်လစီအရ DVB သတင်းသမားတိုင်းဟာ ကွန်မန်ဒိုတွေဖြစ်တယ်။ အားလုံးကိုတတ်မြောက်ထားရမယ်၊ အားလုံးကိုတဦး တည်းနဲ့ဆောင်ရွက်နိုင်ရမဲ့ဆိုတဲ့မူအတိုင်း သင်ပေးပါတယ်။ သင်တန်းအမည်ကိုက TV သတင်း ထောက်သင်တန်းမဟုတ်ပါ။ VJ (Video Journalist) ဗွီဒီယို ဂျာနယ်လစ်သင်တန်းသာဖြစ်ပါတယ်။ ဗွီဒီယို ကင်မရာတလုံးကိုင်ပြီး တဦးတည်းခရီးသွား၊ တဦးတည်းရိုက်၊ တဦးတည်းတည်းဖြတ်၊ တဦး တည်း ထုတ်လုပ်နိုင်တဲ့နည်းပေါ့။

အားလုံးက ၀ါရင့်သတင်းသမားတွေဆိုတော့ စတိုရီတခုတည်ဆောက်ရေးအတွက် ဘာမှ မခက်ပါ။ ကင်မရာသဘောတရားကလဲ အတွေ့အကြုံနည်းနည်းရှိလာရင် အလုပ်ဖြစ်ပါတယ်။ ဒါပေမယ့် ပုံတွေကို တည်းဖြတ်တဲ့အခါမှာတော့ ပြသာနာနည်းနည်းရှိပါတယ်။ ဘာကြောင့်လဲဆိုရင် အသံတွေကိုတည်း ဖြတ်နေကြဖြစ်တဲ့ ရေဒီယိုသမားတွေဟာ အရုပ်တွေကိုလဲ အသံတွေလိုသဘောထားပြီး လိုတဲ့နေရာ လောက်ပဲရွေးပြီးယူလိုက်တော့ အားလုံး Jam Cut တွေဖြစ်ကုန်ပါတယ်။

(Text) စကားလုံး၊ (Voice) အသံ၊ Image (ဓတ်ပုံ) နဲ့ Visual (ပုံရိပ်) တွေကိုတည်းဖြတ်ရတဲ့ သဘော တရားချင်းတူပေမဲ့ နည်းပညာချင်းမတူဘူးလို့ပြောရမယ်ထင်ပါတယ်။ ကျနော်တဦးတည်းအဖို့တော့ စ ကားလုံးတွေကိုတည်းဖြတ်ရတာ အလွယ်ဆုံးလို့ထင်ပါတယ်။ လွယ်တယ်ဆိုတာက နည်းပညာသဘော ကို ပြောတာပါ။ သတင်းထောက်တဦးဦးရေးပို့လာတဲ့ သတင်းစာသားကို အယ်ဒီတာလုပ်သူက မလိုတဲ့ နေရာတွေဖြတ်ထုတ်ပြီး လိုတဲ့စကားလုံးနည်းနည်းထပ်ထည့်၊ ဒါမှမဟုတ် စကားပိုဒ်တွေကို ရှေ့တိုး၊ နောက်ဆုတ်လုပ်လိုက်လို့ရပါတယ်။ တခါ ရုပ်သေဓာတ်ပုံကိုလဲ အဲဒီလိုပဲ လိုသလောက်ဖြတ်ယူ လိုက် လို့ ရနိုင်ပါတယ်။

ဒါပေမယ့် အသံနဲ့ ရုပ်-သံ မှာ အဲဒီလိုလုပ်ဖို့မလွယ်ပါ။ ရေဒီယိုသတင်းပေးပို့ချက်တခုကို အယ်ဒီတာက မကြိုက်လို့ပြင်မယ်ဆိုရင် မလိုတာကိုဖြတ်ထုတ်ရုံပဲရနိုင်ပါတယ်။ ရှေ့တိုး နောက်ဆုတ်လုပ်ဖို့မလွယ်ပါ။ အသံတွေလည်ပင်းညှစ်ခံရသလိုဖြစ်သွားနိုင်ပါတယ်။ အသစ်ထပ်ထည့်ဖို့ဆိုတာကတော့ လုံးဝ မဖြစ် နိုင်ပါ။ ဒီတော့ သတင်းထောက်ပို့လာတဲ့အတိုင်း သင့်သလိုဖြတ်ပြီး လွှင့်ချင်လွင်၊ မလွှင့်ချင်ရင် ကိုယ်လို တဲ့ပုံစံကိုပြောပြီး သတင်းထောက်ကို အသစ်ပြန်ပြင်ပို့ခိုင်းတဲ့နည်းပဲရှိပါတယ်။

ဗွီဒီယိုကျတော့ ပိုဆိုးသွားပါတယ်။ Jam Cut ဆိုတာကြီးရှိနေတဲ့အတွက် လိုတဲ့နေရာချည်း ကွက်ပြီး ဖြတ်ယူဖို့မလွယ်ပါ။ အဲဒီလိုယူနိုင်ဖို့အတွက်၊ တနည်းအားဖြင့် Jam Cut မဖြစ်စေဖို့၊ Jam Cut ကိုဖုံးဖိ နိုင်ဖို့အတွက် Cut away လို့ခေါ်တဲ့ ကြားညှပ်သုံးနိုင်မဲ့ ရိုက်ကွက်လေးတွေကို သတင်းယူစဉ်ကတည်း က စဉ်းစားပြီးရိုက်လာဖို့လိုပါတယ်။ ဆိုလိုတာက အင်တာဗျုးပုံအပြင် အဲဒီလူရဲ့ လက်လှုပ်နေပုံလေး၊ အကျီပေါ်က NLD တံဆိပ်လေး၊ ယူနီဖောင်းနဲ့ဆိုရင်လဲ လက်မောင်နဲ့ ရင်ဘတ်က ဘက်တံဆိပ်လေး စ သဖြင့်ပေါ့။ သူပါးစပ်က မနားတမ်းပြောနေတဲ့အချိန်မှာ အဲဒီ Cut away လေးနဲ့ ပါးစပ်ကိုပိတ်လိုက်ပြီး ကိုယ်လိုချင်တဲ့နောက်တသံ၊ နောက်တကွက်နဲ့ဆက်ရတဲ့ တည်းဖြတ်မှုမျိုးပေါ့။

တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ ပုံနှိပ်မီဒီယာ၊ ရေဒီယိုနဲ့ TV မီဒီယာ၊ အွန်လိုင်းမီဒီယာတို့အားလုံး ဟာ သတင်းသဘောတရားချင်းတူပေမဲ့ နည်းပညာသဘောမှာ အတော်ကွာသွားပါတယ်။ ရေဒီယိုနဲ့ TV သမားတွေဟာ သတင်းပညာအပြင် စက်ပိုင်းဆိုင်ရာကိစ္စတွေကိုပါ တီးမိခေါက်မိဖို့လိုလာပါတယ်။ သတင်းကကောင်းနေပေမဲ့ အသံကမကြည်လင်ရင် အဲဒီရေဒီယိုသတင်းက ပျက်သွားနိုင်ပါတယ်။ အ လားတူ အရုပ်မကြည်လင်ရင်လဲ TV သတင်းက ပျက်သွားနိုင်ပါတယ်။

DVB-TV တွေကိုကြည့်ရင်းနဲ့ ကျနော်တို့သတင်းသမားတွေအချင်းချင်းနောက်လေ့ရှိတဲ့စကားတလုံး ရှိပါတယ်။ ဒီသတင်းကတော့ကွာ ''အသံကို ဖျက်ပြီး အရုပ်ကိုဝါးပေးပါ'' လို့တောင်းဆိုထားသလားမသိပါဘူး။ ဆိုးလိုက်တဲ့ အဖြစ်ဆိုတဲ့စကားပါ။ DVB-TV ရဲ့ ခေတ်ဦးပိုင်းကာလတွေမှာ ပရိတ်သတ်ဆီကနေ သူတို့လုံခြုံရေး အတွက် အဲဒီလိုမျိုးတောင်းဆိုမှုတချို့ တကယ်ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ သတင်း ထောက်တွေက သူတို့ပုံကိုဝါးပေးရင်တောင် ပရိတ်သတ်ကလက်မခံတော့ပဲ ပေါ်တင်ထည့်ပေးပါ၊ ထင် ထင်ရှားရှားထည့်ပေးပါ။ ဘယ်သူမှမကြောက်တော့ဘူးလို့တောင်းဆိုလာပါတယ်။

ဒါပေမယ့် ကင်မရာမကျွမ်းကျင်မှု၊ နည်းပညာအားနည်းမှု၊ တစုံတရာလွဲချော်မှုတွေကြောင့် DVB-TV ရဲ့ ပုံရိပ်တချို့ဟာ နောက်ပိုင်းကာလတွေအထိ တုန်မှုန်နေလေ့ရှိပါတယ်။ ဒါကြောင့်လဲ ခုနကပျက်လုံး ကျ နော်တို့အကြား ထွက်ပေါ်လာတာပေါ့။ ''အသံကိုဖျက်ပြီး အရုပ်ကိုဝါးပေးပါ'' လို့တောင်းဆိုထားသလား မသိပါဘူး ဆိုတဲ့ နောက်ပြောင်မှုမျိုး နောက်ထပ်မကြားရအောင် ကျနော်တို့သတင်းသမားတွေအားလုံး အစဉ်သတိထား ကြိုးစားသွားဖို့ လိုနေတယ်မဟုတ်ပါလား။    ။
.........................................................................................................

၁၄ ရက်သင်တန်းအပြီးမှာ အစမ်းရိုက်ရင်းနဲ့ သတင်းလွှင့်နိုင်တဲ့အဆင့်ထိရောက်သွားတဲ့ ကျနော်ရဲ့ လက်ရာတခု...



..................................................................................................................................................

အဲဒီသင်တန်းကာလအတွင်း ကိုခင်မောင်ဝင်း ထုတ်ဝေခဲ့တဲ့ ဓာတ်ပုံအခြေခံ စာအုပ်ငယ်...။


......................................................................................................

Saturday, October 18, 2014

တော်လှန်ရေးသတင်းသမားတဦးရဲ့ ဒိုင်ယာရီ (၃၂)

နော်ဝေးစကား သင်ဖို့လိုအပ်ပါသလား

သက်တန်းကုန်သွားတဲ့ မြန်မာစာအုပ်အတုတွေကိုပြန်အပ်၊ ဒီနိုင်ငံကထုတ်ပေးတဲ့ နော်ဝေးမှာနေထိုင် ခွင့် ယာယီစာအုပ်တွေကိုင်ပြီဆိုတော့ လိုလိုမယ်မယ် နော်ဝေးစာ သင်ထားမှဖြစ်မယ်လို့ စိတ်ကူး ပေါ်လာပါတယ်။ အဲဒီလို စိတ်ကူးပေါ်လာတဲ့အချိန်ဟာ ၂၀၀၄-၂၀၀၅ ခုနှစ်ဖြစ်တဲ့အတွက် ဒီနိုင်ငံကို ရောက် ပြီး ၅ နှစ်ကြာမှ စိတ်ကူးပေါ်လာတဲ့သဘောပါ။ တနည်းအားဖြင့်ပြောမယ် ဆိုရင်တော့ နော်ဝေးစကား မတတ်ပဲ နော်ဝေးမှာ ၅ နှစ်လောက်နေပြီးမှ ဒီလိုစိတ်ကူးပေါ်လာတာပါ။

(၂၀၀၇ ရွှေဝါရောင်တော်လှန်ေ၇းကာလ အော်စလုံးရုံးမြင်ကွင်းတခု)

ဒါဟာ သူ့စကားမတတ်ရင် ဘယ်လိုမှ နေလို့မဖြစ်တဲ့ ထိုင်းနိုင်ငံနဲ့ နော်ဝေးနိုင်ငံကြား အဓိကကွာခြား ချက်လို့ကျနော်ထင်ပါတယ်။ တကယ်တော့ ဖြတ်သွား၊ ဖြတ်လာနဲ့ ၅ နှစ်လောက်နေခဲ့ဖူးတဲ့ ထိုင်း နိုင်ငံ ကိုခဏထားပါဦး။ ၁၉၈၈ ခုနှစ် စက်တင်ဘာလကနေ ၁၉၉၇ နှစ်ကုန်ပိုင်းအထိ ၁၀ နှစ်နီးပါးနေခဲ့ဖူးတဲ့ ကရင်ဒေသမှာလဲ ကရင်စကားမတတ်ရင် ရေရှည်နေဖို့ ဘယ်လိုမှမလွယ်ပါ။

ဒီလိုနဲ့ ကရင်နယ်ကို စရောက်ရောက်ချင်း ကျနော်တို့ကျောင်းသားတွေ ကရင်စကားသင်ကြတယ်ဆို ပါတော့။ နောက်တန်းမှာအနေများတဲ့ ကျနော်က ကရင်စကားမတတ်လို့သိပ်ပြသာနာမရှိပေမယ့် ရှေ့တန်း သွားနေတဲ့ ရဲဘော်အများစုကတော့ ကရင်စကားမတတ်လို့မဖြစ်ပါ။ ကျောင်းသားတွေ အဓိက အခြေခံ ထားရတဲ့နယ်မြေက ကရင်ရွာတွေဆိုတော့ ကရင်စကားမတတ်ရင် ထမင်းငတ်နိုင်ပါတယ်။ ပြီးတော့ မ ဟာမိတ်ကရင်ရဲဘော်တွေကလဲ ကရင်စကားပြောမှ ကြိုက်ကြတယ် မဟုတ်ပါလား။

ဒါက ကရင်နယ်က အခြေနေ။ ထိုင်းရောက်တော့ အခြေနေက ပိုဆိုးပါတယ်။ ထိုင်းစကားမတတ်ရင် ချက်ချင်း ထိုင်းရဲဖမ်းတာခံသွားရနိုင်ပါတယ်။ ဒီလိုနဲ့ ထိုင်းရဲအဖမ်းမခံရအောင်ဆိုပြီး ထိုင်းစကား၊ ထိုင်းစာသင်လိုက်ကြတဲ့ ကျောင်းသားတွေ ဘယ် နည်းပါ့မလဲ။ တော်လှန်ရေးတာဝန်နဲ့ ထိုင်းနိုင်ငံတလွှားသွားနိုင်ဖို့ ထိုင်းယောင်ဆောင်ခဲ့ရတဲ့ ကာလ တွေကို အခုထိအမှတ်ရနေဆဲပါ။ တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ ဘာသာစကားအသစ်တခု မြန် မြန်သင်ဖြစ်ဖို့၊ မြန်မြန်တတ်ဖို့ဆိုတာ လုံလောက်တဲ့ ဖိအားတခုခှုရှိဖို့လိုမယ်ထင်ပါတယ်။

ကရင်နယ်နဲ့ ထိုင်းနိုင်ငံတို့ဆီ ရောက်ရောက်ချင်း သက်ဆိုင်ရာ ဘာသာစကားကိုသင်ခဲ့ဖူးတဲ့ ကျနော် ဟာ နော်ဝေးကိုရောက်တော့ နော်ဝေးစကားကို အဲဒီလိုသင်ဖို့လိုတယ်လို့ တခါမှ စိတ်ထဲမထင်ခဲ့ပါ။ လူ ၅ သန်းလောက်သာသုံးတဲ့ ဒီစကားကိုသင်ပြီး ဘယ်မှာသွားသုံးမှာလဲဆိုတဲ့ စောဒကတက်မှုက ကျနော် တို့ DVB ၀န်ထမ်းတွေကြား အမှန်တကယ်ရှိခဲ့ဖူးပါတယ်။

နေ့စဉ်လက်တွေ့အခြေနေမှာလဲ နော်ဝေးစကားမတတ်ပဲ အင်္ဂလိပ်စကားပြောလဲအလုပ်ဖြစ်နေသားပဲဆိုပြီး ဒီလိုပဲနေလာခဲ့တာလဲဖြစ်နိုင်ပါတယ်။။ အဓိက အချက်က ထိုင်းမှာလို ထိုင်းစကားမတတ်ရင် ရဲဖမ်းတာမျိုး ဒီ နိုင်ငံမှာမရှိတာကြောင့်လို့ ထင်ပါတယ်။ တနည်းအားဖြင့် လုံလောက်တဲ့ဖိအားပေးမှုမှ ဘာမရှိတဲ့အတွက် ၅ နှစ်လောက်ကြာတဲ့အထိ နော်ဝေးစာကို သင်ဖို့လိုအပ်တဲ့ ဘာသာစကားတခုအဖြစ် ကျနော်တို့ မစဉ်းစားမိတာဖြစ်မယ်လို့ ထင်မိပါတယ်။


ကိုယ့်အခွင့်ရေးကိုယ်မသိရှာတဲ့ DVB သတင်းသမားများ

ပုံမှန်အားဖြင့်ဆိုရင်တော့ သူစကားမတတ်ပဲနဲ့ သူ့နိုင်ငံမှာ ရေရှည်နေလို့ဘယ်ဖြစ်ပ့ါမလဲ။ ဒါပေမယ့် ကျ နော်တို့ DVB ၀န်ထမ်းတွေက ကုလသမဂ္ဂဒုက္ခသည်အစီစဉ်နဲ့ နော်ဝေးမှာ အခြေချနေထိုင်ဖို့ ရောက် လာသူတွေလဲမဟုတ်၊ နိုင်ငံခြားကုပ္ပဏီဝန်ထမ်းလို့ ပြောဖို့ကလဲ တခြား အမေရိကန်နဲ့ ဗြိတိန်နိုင်ငံရှိ မြန်မာ အသံလွှင့်ဌာနတွေဝန်ထမ်းတွေလို သက်ဆိုင်ရာအစိုးရဌာနတွေကနေ တရားဝင် စာချုပ်စာတန်း နဲ့ငါးရမ်းထားတာမျိုးလည်းမဟုတ်။

(၁၉၉၂ ဇူလိုင်လ ၁၉ ရက်နေ့ DVB ပထမဆုံးအကြိမ်အသံလွှင့်မှုကို ကူညီပေးခဲ့တဲ့ Kvitsøy ကျွန်းက အသံလွှင့်ရုံ)

တော်လှန်ရေးတာဝန်ထမ်းဖို့ နယ်စပ်ဒေသကနေ နော်ဝေးနိုင်ငံဆီ ယာယီသဘောရောက်လာသူတွေ ဆိုတော့ နော်ဝေးမှာရေရှည်နေမယ်။ နော်ဝေးစာ၊ နော်ဝေးစကား တတ်ဖို့လိုတယ်လို့ တခါမှ အသေချာ မစဉ်းစားဖြစ်ခဲ့ပါ။ ဒါပေမယ့် အခုတော့ နော်ဝေးနိုင်ငံကထုတ်ပေးတဲ့ ယာယီနေထိုင်ခွင့် စာအုပ်ကို တောင်ကိုင်ပြီဆိုတော့ နော်ဝေးစာလေးတော့ နည်းနည်းပါးပါး သင်ထားမှဖြစ်မယ်ဆိုပြီး (Rosenhof) ရိုစင်ဟော့ကျောင်းဆီ ရောက်သွားပါတယ်။

တကယ်က နော်ဝေးကိုစရောက်တဲ့နေ့ကတည်းက အဲဒီ ကျောင်းဆီသွားရမှာ။ နော်ဝေးမှာအခြေချ နေ ထိုင်ဖို့ရောက်လာတဲ့ ဒုက္ခသည်တွေ၊ နိုင်ငံခြားကုပ္ပဏီဝန် ထမ်းတွေအားလုံးကို ဒီကျောင်းက နော်ဝေး စာ အခမဲ့သင်ပေးနေပါတယ်။ အခမဲ့ ဆိုတာ အဲဒီ ၂၀၀၄ ၀န်းကျင်ကအခြေနေကိုပြောတာပါ။ အခု တော့ မရတော့ပါဘူး။ တနာရီ ခရိုနာ ၅၀ ဖြစ်သွားပြီ။

ဒါက နိုင်ငံခြားကုပ္ပဏီဝန်ထမ်းတွေ၊ နိုင်ငံခြားအလုပ်သမားတွေကိုပြောတာပါ။ ကုလသမဂ္ဂအစီစဉ်နဲ့ ရောက်လာတဲ့ ဒုက္ခသည်တွေ။ ဒီနိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့်ရသူတွေကိုတော့ Introduction Program မိတ်ဆက်အစီစဉ်အရ ၂ နှစ်တာ အခမဲ့သင်ပေးနေဆဲဖြစ်ပါတယ်။ အဲဒီ ၂ နှစ်တာကလာအတွင်း စား သောက်၊ နေထိုင်ဖို့အတွက်လဲ နော်ဝေးအစိုးရက တာဝန်ယူပေးပါတယ်။

ဒါပေမယ့် ရှေ့မှာတင်ပြခဲ့တဲ့အတိုင်း ဒုက္ခသည်လဲမဟုတ်၊ နိုင်ငံခြားကုပ္ပဏီဝန်ထမ်းလို့ခေါ်ဖို့လဲ အခက် ဖြစ်နေတဲ့ ဟိုမရောက်၊ ဒီမရောက် DVB ၀န်ထမ်းတွေကတော့ Introduction Program လဲမရ။ ကုပ္ပ ဏီလား၊ NGO လား။ သူပုန်သတင်းဌာနလား သိပ်မကွဲပြားလှတဲ့ အဖွဲ့စည်းကလဲ ဘာမှမစီစဉ်ပေးတော့ ကိုယ့်မှာ ဘာအခွင့်ရေးတွေရှိလို့ ရှိမှန်းမသိပါ။ ဘယ်လောက်အထိ မသိလဲဆိုရင် ပထပပိုင်းနှစ်တွေမှာ ကိုယ့်လစာ ဘယ် လောက်ရလို့ရမှန်း မသိပါ။ လစာသိပြန်တော့ အခွန်ဖြတ်ပြီးသားလစာကိုသာသိပြီး အခွန်မဖြတ်ခင်လစာ ဘယ်လောက်ရှိသလဲမသိပါ။ နှစ်ပေါင်းအတော်ကြာပြီးမှ ပြန်သိရတာက ကျနော် တို့ DVB သတင်း သမားတွေရတဲ့လစာဟာ (တသောင်းကျော်ကျော်လေးသာရှိပါတယ်) နော်ဝေးနိုင်ငံသား တဦးရဲ့လစာ တ၀က်လောက်ပဲရှိပါတယ်တဲ့။

အရာရာကိုတော်လှန်ရေးတာဝန်လို့သဘောထားပြီး နယ်စပ်မှာနေသလိုနေနေတော့ တဦးချင်းရသင့် တဲ့အခွင့်ရေးနဲ့ တဖွဲ့လုံးဆိုင်ရာအခွင့်ရေးတွေကို သိပ်ကွဲကွဲပြားပြားမသိလိုက်ပါ။ ကိုယ့်အလုပ်က သ တင်းထောက်ဆိုတော့ နေ့စဉ်သတင်းလွှင့်နိုင်အောင်ပဲ ၂၄ နာရီအာရုံစိုက်နေပြီး ကျန်တဲ့ကိစ္စတွေကို တော့ အုပ်ချုပ်ရေးပိုင်းက တာဝန်ယူပေးလိမ့်မယ်ပေါ့။ ဒီလိုပဲ အလွယ်တွေးပြီး အနာဂတ်တခုလုံးကို အဲ ဒီညွန်ကြားရေးမှုး ၂ ဦးတည်းအပေါ် ပုံအပ်ထားမိခဲ့ကြတယ်ဆိုပါတော့။

ဥပမာ အားဖြင့် အမေရိကန်နဲ့ဗြိတိန်မှာရှိတဲ့ အသံလွှင့်ဌာနတွေက မြန်မာဝန်ထမ်းတွေ သက်ဆိုင်ရာ နိုင်ငံမှာ အမြဲတန်းနေထိုင်ခွင့်ရအောင်၊ ရှေ့မှာတင်ပြခဲ့တဲ့ Introduction Program ရအောင် နိုင်ငံ ရေးခိုလှုံမှု လျှောက်ခွင့်ရှိပေမဲ့ DVB မှာ အဲလိုလျှောက်ခွင့်မရှိဆိုပြီး ပိတ်ပင်ထားပါတယ်။ ဒါပေမယ့် တရားဝင်စာထုတ်ပြီး ပိတ်ထားတာမဟုတ်။ အလွတ်သဘော နှုတ်နဲ့ပြောဆို ပိတ်ထားတာဖြစ်တဲ့ အ တွက် ၀န်ထမ်းတိုင်းသိနေသော်လည်း သက်သေပြစရာအထောက်အထား ဘာမှမရှိပါ။


အလုပ်ပြုတ်မှ နော်ဝေးစာသင်ခွင့်ရ

ထားတော့။ နော်ဝေးစာသင်ရေးဖက်ပြန်လှည့်ရမယ်ဆိုရင် ကျနော်မှတ်မိသလောက်ကတော့ ၂၀၀၃-၂၀၀၄ ၀န်းကျင်မှာ ကိုအေးချမ်းနိုင်နဲ့ ကိုဖိုးခွါးတို့ ၂ ဦး မနက်အစောပိုင်းမှာ နော်ဝေးစာ သင်တန်း ကျောင်း သွားနေတာတွေ့ရပါတယ်။ မနက် ၈ နာရီခွဲကနေ ၁၁ ခွဲလောက် အထိဖြစ်မယ်ထင် ပါတယ်။ သူတို့ ၂ ဦးစလုံးက အုပ်ချုပ်ရေးပိုင်းကဆိုတော့ ရုံးချိန် နည်းနည်းနောက်ကျတာ ပြသာနာသိပ်မရှိ။ ဒါပေမယ့် ကျနော်တို့ သတင်းခန်းကလူတွေက အဲဒီလိုသွားလို့မဖြစ်။ မနက် ၁၀ နာရီကနေ ညနေ ၆ နာရီ၊ ၇ နာရီလောက်အထိ မနားတန်းလုပ်ရတာဆိုတော့ မနက်ပိုင်း ကျောင်းသွားဖို့ဘယ်လိုမှ မဖြစ်နိုင်။

(၂၀၀၇ ၀န်းကျင် အော်စလိုသတင်းခန်း မြင်ကွင်းတခု)

ဒီတော့ ညနေပိုင်းအလုပ်ခပ်စောစောဆင်းပြီး ၅ နာရီအတန်းကိုသွားတယ်မယ်လို့ ကြိုးစားကြည့်ပါ တယ်။ အလုပ်မပြီးရင်လည်း ကျောင်းကအပြန် ည ၉ နာရီလောက်မှာ လက်စလာသတ်နိုင်ရင် မနက် ပိုင်း အသံလွှင့်ချိန်မှီနိုင်ပါတယ်ပေါ့။ ဒါပေမယ့် အဆင်မပြေပါဘူး။ တနေကုန် အလုပ်ကပင်ပန်းထား တော့ သင်တဲ့စာက ခေါင်းထဲမ၀င်ပါ။ မနေ့တနေ့ကမှ ရောက်လာတဲ့ အတန်းဖေါ် ဖိလပိုင် အိမ်ဖော်မ လေးတွေက (နော်ဝေးရောက် ဖိလပိုင်အိမ်ဖော်တွေနဲ့ ထိုင်းမှာတွေ့ရတဲ့ မြန်မာအိမ်ဖေါ်တို့ အခွင့်ရေး ကွာခြားပုံကိုတော့ သီးခြားရေးပါဦးမည်) ကိုယ်တွေထက် အများကြီးသာနေတာကိုတွေ့မိတော့ ကိုယ့် ဘာသာ စိတ်ပျက်လာမိပါ တယ်။

ဒီလိုနဲ့နော်ဝေးစာသင်ရေးဟာ ကျောင်းရောက်လိုက်၊ ပြန်ပျက်လိုက်နဲ့ လုံးချာလည်ခဲ့ပါတယ်။ ၂၀၀၅ အစောပိုင်း DVB-TV ပေါ်လာချိန်မှာတော့ ရေဒီယိုရော၊ TV ပါ တွဲလုပ်ရတဲ့အတွက် တခါတလေ ည ၉ နာရီ၊ ၁၀ နာရီအထိ အလုပ်ကမပြီးပါ။ နောက်ဆုံး ဘယ်လိုမှအချိန်မရတော့တဲ့အတွက် နော်ဝေးစာ သင်ကြားခြင်းအလုပ်ကို ၂၀၀၅ နှောင်းပိုင်းမှာ လုံးဝရပ်လိုက်ရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၁ နဲ့ ၂၀၁၂ ခုနှစ်တွေမှာတော့ သတင်းအယ်ဒီတာအပါဝင် သတင်းအဖွဲ့သား ၅ ဦးစလုံးကို မရေရာတဲ့အကြောင်းပြချက်တွေနဲ့ DVB ရဲ့လူကြီးမင်းတွေက အလုပ်ထုတ်ပစ်ခဲ့ပါတယ်။ (အဲဒီကာလ အခြေနေကို နောက်ပိုင်းမှ သီးခြားရေးပြပါဦးမည်)။ ဒီလိုအလုပ်ထုတ်ခံရပြီးတော့မှပဲ ရွေးစရာလမ်းမရှိ ပဲ နော်ဝေးစာသင်ကြားရေးကျောင်းဆီ အချိန်ပြည့်ရောက်သွားပါတော့တယ်။

တဖက်မှာလဲ ဒီလို ချက်ချင်းကြီး အလုပ်ဖြုတ်ခံရပြီးတော့မှပဲ ကိုယ့်ဘ၀တခုလုံးရဲ့အနာဂတ်ကို DVB အုပ်ချုပ်ရေးမှုးတွေအပေါ် လုံးဝပုံအပ်ထားမိတာ မှားသွားမှန်းသိလိုက်ပါတယ်။ DVB သတင်းလုပ်ငန်း တာဝန်ကို တော်လှန်ရေးတာဝန်တခုအဖြစ်သဘောထားပြီး ၂၄ နာရီအာရုံစိုက် လုပ်ခဲ့မိတာ၊ ကိုယ့် ဘ၀အတွက် ကိုယ်ဘာမှမပြင်၊ ကိုယ့်အနာဂတ်အတွက် ကိုယ်ဘာမှမကြည့်ဖြစ်ခဲ့ပါလားလို့ စဉ်းစားမိ ပါတယ်။

ဒါပေမယ့် နောင်တတော့မရပါဘူး။ ဒီလမ်းကို ကိုယ်ယုံကြည်လို့ ရွေးခဲ့တာပဲလေ။ ပန်းတိုင်ရောက်တဲ့ အထိဆက်လျောက်ရေး မီဒီယာလွတ်လပ်ခွင့် လမ်းမကြီးပေါ်မှာ၊ လူ့အခွင့်ရေးနဲ့ ဒီမိုကရေစီရရှိရေး တိုက်ပွဲလမ်းကြောင်းပေါ်မှာ ဘယ်သူတွေဘယ်လိုရပ်တည်ခဲ့သလဲ။ ဘယ်သူတွေ  ဘယ်လောက်တာ ၀န်ကျေခဲ့သလဲဆိုတာ ငွေရောင်ပိတ်ကားပေါ် ဆက်ကြည့်ရဦးမယ် မဟုတ်ပါလား။        ။

Tuesday, October 14, 2014

Sunday, October 12, 2014

Facebook ပေါ်က မီဒီယာသမားများအကြောင်း...။

( Facebook ပေါ်မှာတွေ့ရတဲ့ မီဒီယာလောကအတွင်းရေးတွေထဲ ဟောဒီအငြင်းပွါးမှုနဲ့ ရေးသားမှုတွေဟာ လူငယ်မီဒီယာသမားတွေအတွက် လေ့လာ-ဆန်းစစ်သင့်တယ်ထင်တယ်အတွက် ကူးယူဖေါ်ပြလိုက်ပါတယ်။

နာမည်ကြီးစာနယ်ဇင်းသမားတွေကိုယ်တိုင်ရေးတဲ့ ဝေဖန်ချက်တွေဟာ လက်ရှိ မြန်မာ့စာနယ်ဇင်း အဆင့်တန်းနဲ့ အနာဂတ်အခြေနေကိုတစုံတရာခန့်မှန်းနိုင်မယ်လို့ယူဆပါတယ်။

ဒီထဲကလူတွေနဲ့ ကျနော်နဲ့ ပုဂ္ဂိုလ်အရမသိပါ။ ဆောင်းပါးကိုလဲ သိပ်စိတ်မ၀င်စားပါ။ ဒါပေမယ့် အောက်မှာရေးထားတဲ့ ထင်မြင်ချက်တွေကို မီဒီယာလေ့လာသူတဦးအနေနဲ့ စိတ်ဝင်စားလို့ ကူးယူဖေါ်ပြလိုက်ခြင်းသာဖြစ်ပါကြောင်း....။)

(Than Htaik Thu added 2 new photos. Facebook မှ ကူးယူဖေါ်ပြသည်)

အလဲဗင်းမီဒီယာနှင့် မည်သည့်စေစပ်ညှိနှိုင်းမှုမျိုးမှပြုလုပ်ခဲ့ခြင်းမရှိ
============================================
တောင်းပန်ရန်လည်းမရှိ၊ အမှုရင်ဆိုင်နေဆဲဖြစ်ပါကြောင်း
=======================================
Eleven Media နဲ့ ပြန်ကြားရေးတို့ စတင်တရားရင်ဆိုင်ပြီလို့သိလိုက်ရချိန် ၁၀ ရက်နေ့ထုတ် ဒေးလီးအလဲဗင်း မျက်နှာဖုံးမှာအဲဒီကိစ္စပြန်လည်ရှင်းလင်းတယ်လို့ယူဆရတဲ့
ဒေါက်တာသိန်းမြင့်ရဲ့ ' ကျွန်တော်တို့ မရှုံးနိုင်ပါ ' ဆိုတဲ့ ဆောင်းပါးပါဝင်လာတာကိုတွေ့ရပါတယ်။

အဲဒီဆောင်းပါးရဲ့ အတွင်းပိုင်း စာသားမှာ ' ကျွန်တော်တို့ ရုတ်သိမ်းပေးလိုက်တဲ့အမှုတွေရှိတယ်။ ဥပမာ ဆရာမာဂျေ ဆို ကျွန်တော်တို့ ရုတ်သိမ်းပေးလိုက်တယ်။ စီရင်ချက်မချခင်လေးမှာပဲ။ သူ့ကို အစိုးရဘက်ကလည်း အငြိုးထားတော့ ထောင်ကျသွားမှာ စိုးတာနဲ့။ အတင်း သွားရုတ်သိမ်းပေးလိုက်တယ်။ နောက် ဆရာမြတ်ခိုင်တို့၊ မြန်မာပို့စ် တို့ကိုလည်း ဘာမှတောင်းပန်စရာလည်း မလိုဘူး။ ကြေညာစရာလည်းမလိုဘူး။ ဒီလိုပဲ ရုတ်သိမ်းပေးလိုက်တယ်။ အခုလောလောဆယ်မှာတောင် မွန်းတည့်နေဂျာနယ်နဲ့ စည်သူအောင်မြင့် အမှုတစ်ခုကိုလည်း ရုတ်သိမ်းပေးလိုက်တယ် ' ဆိုတဲ့ စာသားပါဝင်လာခဲ့ပါတယ်။

မီဒီယာလောကသားအချင်းချင်းအပေါ် သဘောထားကြီးပါကြောင်း ပြသလိုတဲ့သဘောနဲ့ ရေးသားထားတဲ့ပုံစံမျိုးကိုတွေ့ရပါတယ်။ အမှန်အတိုင်းပြောရရင် ကျွန်တော်တို့ဟာ ဘယ်တုန်းကမှ ဘယ်သူ့ဘယ်သူကိုမှတရားစွဲခဲ့ခြင်းမရှိပါဘူး။ အလဲဗင်းကသာ သူ့အကြောင်း နည်းနည်းပါလာတာနဲ့ ပါတဲ့ဂျာနယ် ချက်ချင်းတရားစွဲဆိုတာမျိုးလုပ်တာကို တွေ့ရပါတယ်။

ဒါပေမယ့် ကျွန်တော်တို့ မြန်မာပို့စ်၊ မြန်မာပို့စ်ဂလိုဘယ်အဖွဲ့သားတွေဟာ ဘယ်တုန်းကမှ အလဲဗင်းမီဒီယာနဲ့ စေ့စပ်ညှိနှိုင်းမှုမရှိခဲ့သလို တောင်းပန်ရန်လည်း မရှိပါဘူး။ ယခုလ (၉) ရက်နေ့မှာပဲ အလဲဗင်းနဲ့ အမှုအတွက် တရားရုံးသွားခဲ့ပြီး နောက်တစ်ပတ်ရုံးချိန်းမှာ ယခုလ ၂၁ ရက်နေ့ဖြစ်ပါကြောင်း သိစေအပ်ပါတယ်။ နှစ်ပေါက်အောင်ကြာနေပြီဖြစ်တဲ့ အဲဒီအမှုကို ကျွန်တော်နဲ့ ကိုစည်သူအောင်မြင့်တို့ မပျက်မကွက် သွားရောက်ရင်ဆိုင်လျက်ရှိနေပါတယ်။ နှစ်ဦးစလုံး မည်သည့်အခါကမှ အလဲဗင်းနဲ့ စေ့စပ်ညှိနှိုင်းမှုမပြု ခဲ့ပါဘူး။ အမှုကိုလည်း ဥပဒေဘောင်အတွင်းကနေသာရင်ဆိုင်သွားမှာဖြစ်ပါတယ်။

ဒေါက်တာသိန်းမြင့် ဆောင်းပါးပါ စာသားတွေဟာ လက်ရှိအခြေအနေလို့ ထင်ယောင်ထင်မှားဖြစ်စေပြီး ကျွန်တော်များအယ်ဒီတာအဖွဲ့နှင့် ကိုစည်သူအောင်မြင့်တို့အပေါ် အသာစီးရယူကာ အထက်စီးမှ မလှိမ့်တပတ်ရေးသားထားတာဖြစ်နေတာကိုတွေ့ရပါတယ်။

မြန်မာပို့စ်သတင်းဂျာနယ် စတင်ထုတ်ဝေခါစအချိန်ကာလမှာ ယခင်အယ်ဒီတာအဖွဲ့နဲ့ အလဲဗင်းတို့ အမှုရင်ဆိုင်ခဲ့ဘူးတဲ့အခြေအနေကို ယခုအချိန်မှာ လုံးချ ပြီးရေးထားတာဖြစ်ပါတယ်။ ထိုစဉ်ထိုအချိန်အခါက ကျွန်တော်အပါအ၀င် လက်ရှိတာဝန်ထမ်းဆောင်နေကြသော အယ်ဒီတာအဖွဲ့ဝင် မည်သူတစ်ဦးတစ်ယောက်မှ မြန်မာပို့စ်တွင် တာဝန်ထမ်းဆောင်ခြင်းမရှိကြသေးပါ။

ကျွန်တော်များ အယ်ဒီတာအဖွဲ့မှ တာဝန်ယူဆောင်ရွက်ချိန်ကစပြီး အလဲဗင်းမီဒီယာနှင့် မည်သည့်ညှိနှိုင်းဆောင်ရွက်မှုမှ မရှိကြောင်း၊ မည်ကဲ့သို့မျှသော တောင်းပန်မှုမျိုးမှ ပြုလုပ်သွားရန်မရှိပါကြောင်း နှင့် လက်ရှိ အချိန်ထိ အလဲဗင်းက စွဲဆိုထားတဲ့အမှုကိုလည်း မပျက်မကွက်ရင်ဆိုင်လျက်ရှိပါကြောင်း အတိအလင်းပြန်လည်ရှင်းလင်းအပ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တနင်္လာနေ့မှာ ထွက်ရှိမယ့် မြန်မာပို့စ်ဂျာနယ်မှာလည်း အလဲဗင်းမီဒီယာထံသို့ တရားဝင်ပြန်လည်ရှင်းလင်း ကြေညာချက်ထုတ်မှာဖြစ်ပါတယ်။

လေးစားလျက်
သန်းထိုက်သူ ....။။
(ဓာတ်ပုံတွေကတော့ ဗိုလ်တထောင်တရားရုံးမှာ ကျွန်တော်နဲ့ ကိုအောင်မြင့်တို့ အမှုရင်ဆိုင်နေကြဆဲပုံဖြစ်ပြီး ကျန်ပုံက ၉ ရက်နေ့ထုတ် ဒေးလီးအလဲဗင်း မျက်နှာဖုံးပုံဖြစ်ပါတယ်)


Than Htaik Thu's photo.........................................................................................................
ထင်မြင်ယူဆချက်များ...


  • Middle Man ရဲထွဠ် ကို ကြောက် နေတာ ပါ
  • Middle Man ဟို ကောင် တကယ် မ မှာ မှန်းသိတယ်
  • Thein Naing ဇီးသီးဗန်းမှောက် တာဝင် လုတဲ့eleven
  • Engr Mi Mi Htike အဲ့ဒီ Eleven က ဘယ်လောက် မီဒီယာကောင်းပီသ လဲဆို...လွန်ခဲ့တဲ့ နှစ်နှစ်လောက်က အဓိကရုန်းတွေကို ပိုဖြစ်အောင် သွေးထိုးလှုံ့ဆော်တဲ့ သတင်းတွေရေးထားတဲ့ ပို့စ်အောက်မှာ အကျိုးသင့်အကြောင်းသင့် ကွန်မင့်ဝင်ပေးဖူးတာ ကိုယ့်ကွန်မင့်ကို Like ၅၀လောက်ထိလဲ ဝိုင်းပေးကြရော ....ကျွန်မကို ဘန်းပါလေရော....
  • Mical Wistan Engr Mi Mi Htike
    ပြောတာအမှန်ဘဲဗျာ
    ကျွန်တော်လဲရဲထွဋ္ဌ်နဲ့ပတ်သက်တဲ့ကွန်မင့်လေးရေးမိတာ
    ဒီကနေ့အထိပေးလို့မရတော့
    ဘူးဗျာ Eleven ကအစိုးရနဲ့
    ပုလင်းတူဗူးစို့ပါဘဲဗျာ။
  • Moehtet Nyein ကျနော်လည်း အလဲဗင်းကို
    like လုပ်ထားပေမဲ့
    ကွန်မန့်ပေးမရဘူး
    why?
  • ဗုံ ဗုံ elevenက မှန်တာပြောရင် ဘမ်းတယ် ကိုယ်တွေ့ အရင်တုန်းကကောင်းတယ် အခုတော့အကိုးကွယ်မှားတာကိုး
  • Axl Thet Wai ကမာရွတ်လည်းအတူတူပဲဗျ
    အလှမယ်ကိစ္စမှာ ကိုးရီးယားတွေကို ဆဲဆိုဖို့လှုံ့ဆော်တဲ့သတင်းမှာ
    သွားပြိုင်ကတည်းက အမှားတွေ
    အကျိုးသင့်အကြောင်းသင့်ထောက်ပြတဲ့ ကွန်မန့်ရေးလိုက်တာ
    ကွန်မန့်ဖျက်ယုံမကဘူး
    ဘလော့သွားတယ်
    မီဒီယာတွေလည်း သေချာခွဲခြားဖို့လိုနေပြီ
  • Wai Phyo ကိုသန်းထိုက်သူ
    ခင်ဗျားရေးတာတွေ မှားနေတယ်။ Dr သိန်းမြင့်ရေးတာက Myanmar Post၊ ခင်ဗျားကို တရားစွဲတာက Global Post က အယ်ဒီတာချုပ်အနေနဲ့ပါ။
    ဂျာနယ်လစ်တစ်ယောက်အနေနဲ့ အချက်အလက် ခိုင်မာမှ မီဒီယာအချင်းချင်း ဝေဖန်ရပါတယ်။ ခင်ဗျားတို့ Myanmar Post နဲ့ ကျွန်တော်တို့ Bi Weekly Eleven အမှု ၃ ခု ဖြစ်ဖူးတယ်။ Myanmar Post ဘက်က လာတောင်းပန်လို့ ကျေအေးပေးလိုက်တဲ့ သက်သေတွေ ရှိပါတယ်။ Myanmar Post အနေနဲ့က တစ်မှု (ခင်ဗျားက တရားမစွဲဖူးဘူးဆိုလို့ပါ) ကျွန်တော်တို့က နှစ်မှု၊ စွဲပြီး အပြန်အလှန် ပြေငြိမ်းခဲ့တဲ့ဟာ ကျွန်တော်တို့မှာ သက်သေ ရှိပါတယ်။ Bi မွန်းတည့်နေနဲ့ ကိုစည်သူအောင်မြင့်ကိုလည်း တရားစွဲထားတာကို ပြန်ရုပ်တဲ့စာ ရှိပါတယ်။ Dr သိန်းမြင့်ရေးတဲ့စာဟာ ခင်ဗျားနဲ့ ကိုစည်သူအောင်မြင့်ကို စွဲထားတဲ့အမှုနဲ့ပတ်သက်ပြီး ဘာမှ စောင်းပါးရိပ်ခြည်တောင် ဖော်ပြထားတာ မရှိပါဘူး။ အခုခင်ဗျားရေးထားတာက အသေရေဖျက်သလိုဖြစ်နေပါတယ်။ ခင်ဗျားကို ကြိုသတိပေးတာပါ။
  • Salai San Lynn သေချာအောင်သာ လုပ်ကြပါ ကြားကားက ၀င်ပြီး ဆွဲမသွားစေချင်ဘူး ပြည်သူတွေအထိတ်တလန့်မဖြစ်စေချင်ဘူး မှန်မှန် ကန်ကန် သာ၇ပ်ပေးပါ အောင်မြင်မှာပါ
  • Lynn Aung Mon လုပ်ပါကွာ မမှန်ရေးသောmedia ကို ကောင်းကောင်းဆုံးမ ပေးရမယ်
  • Htet Khaung မြန်မာပိုစ့် အယ်ဒီတာချုပ် ကိုသန်းထိုက်သူ ပြည်သူဘက်ကရပ်တည်ပြီး အမုန်းခံ တရားအစွဲဆိုခံ ဒုက္ခအမျိုးမျိုးခံပြီး သတင်းတွေ ဖောပြပေးနေတဲ့အတွက် အားကျလေးစားမိပါတယ်ဗျာ်
  • Renai Ssance ဇင်သော်နိုင်က သန်းထိုက်သူထက်သာတယ်။ ဒီလိုပါပဲ လောကမှာ တန်ရာ တန်ရာဆိုတာ။ ဇင်သော်နိုင်က သန်းထိုက်သူအောက်ကပေမဲ့ သူ့ရပ်တည်တာ သူ့သိက္ခာ ထိန်းသေးတယ်။ သန်းထိုက်သူက အချောင်ကစ်နေသလိုလို ကိုဇင်သော်နိုင်နဲ့ ကျွန်တော် မသိဘူးနော် ဒါပေမဲ့ သူက ပိုင်မှ ပြောတာ သိတယ်။ ခင်ဗျားက ဝါးလုံးချီးပန်း။ EMG အယ်ချုပ်ပြောတာ ပြန်ရှင်းလေ။ အဲ့ဒါဆို ဝါးလုံးချီးပန်းမဟုတ်ကြောင်း ပြန်ပြောပေးမယ် ခ်ခ်။ အဲ့လိုထောက်တာ မောင်ကျော်မင်းဆွေလေး ကျုပ်ကို ဘလော့သွားလေရဲ့။
  • Renai Ssance တရားဥပဒေက ကျွန်တော် မသိပါဘူး ဆိုတာနဲ့ ကင်းလွတ်ခွင့် မရဘူး ညီလေး။
  • Aung Khine Nyunt Eleven က အယ်ဒီတာချုပ် ကိုဝေဖြိုးကို ပြန်ပြီး အသိပေး ချင်တာက

    (၁) ကိုသန်းထိုက်သူဟာ မြန်မာပို့စ်နဲ့ ဂလိုဘယ် နှစ်စောင် စလုံးရဲ့ အယ်ဒီတာချုပ် ဖြစ်ပါတယ်။

    (၂) ကိုဝေဖြိုး အခု ပြောနေတဲ့ Eleven နဲ့ မြန်မာပို့စ် အပြန်အလှန် တရားစွဲတယ် ဆိုတဲ့ ကိစ္စဟာ ကိုသန်းထိုက်သူ အပါအ၀င် လက်ရှိ အယ်ဒီတာ အဖွဲ့ဝင်တွေ တစ်ယောက်မှ မြန်မာပို့စ်ကို မရောက်ရှိခင် ဟိုးအရင်က ဖြစ်တဲ့ ကိစ္စ ဖြစ်ပါတယ်။

    (၃) အရင်လူတွေ ဘယ်လို မူဝါဒတွေ ရှိခဲ့ ရှိခဲ့ ကိုသန်းထိုက်သူ အယ်ဒီတာချုပ် အဖြစ် တာဝန်ယူခဲ့ ပြီးတဲ့ နောက်ပိုင်း ဘယ်တရား စွဲမှုကိုမှ ပြန်လည် တောင်းပန်ပြီး ကြေအေး ခဲ့တာမျိုး မရှိခဲ့ဘဲ တရားရုံးမှာပဲ ထိပ်တိုက် ရင်ဆိုင် ဖြေရှင်း ခဲ့ပါတယ်။

    (၄) လက်ရှိမှာလည်း Eleven က မြန်မာပို့စ်မှာ ပါတဲ့ စည်သူအောင်မြင့် ဆောင်းပါးနဲ့ ပတ်သက်ပြီး ကိုသန်းထိုက်သူကို တရားစွဲထား ပါတယ်။

    (၅) ဒီအမှုအတွက် ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်နေ့ကပဲ ကိုသန်းထိုက်သူ ကိုယ်တိုင် တရားရုံးမှာ အမှု ရင်ဆိုင်ခဲ့ပြီး ၂၁ ရက်နေ့မှာ နောက်ထပ် ရုံးချိန်း ထပ်တက်ရပါမယ်။

    (၆) ဒေါက်တာ သိန်းမြင့် ဆောင်းပါးမှာ ပါရှိတဲ့ မြန်မာပို့စ်ကို အမှုကျေအေး ပေးတယ် ဆိုပြီး အထက်စီးက ရေးထားတဲ့ စာသားဟာ လက်ရှိ ရင်ဆိုင်နေဆဲ အမှုလို့ နှစ်ခွ အဓိပ္ပါယ် ထွက်စေပါတယ်။

    ဒါကြောင့် ဒေါက်တာ သိန်းမြင့်ရဲ့ ရေးသားမှုကလည်း မြန်မာပို့စ် အယ်ဒီတာ အဖွဲ့ကို ဂုဏ်သိက္ခာ ကျဆင်းစေလို့ အသရေ ဖျက်ရာ ရောက်တဲ့အပြင် တရားရုံးတော်ကို မထီမဲ့မြင် ပြုရာလည်း ရောက်တယ် ဆိုတာ ပြန်ပြီး သတိပေးလိုက် ပါတယ်။

    လောလောဆယ် ကိုသန်းထိုက်သူ အွန်လိုင်း မရှိတဲ့အတွက် မြန်မာပို့စ် ဂလိုဘယ်ရဲ့ တာဝန်ခံ အယ်ဒီတာ တစ်ယောက် အနေနဲ့ ကျွန်တော် ၀င်ပြောတာ ဖြစ်ပါတယ်။ သူတက်လာရင်လည်း ဒီကိစ္စကို ဆက်ပြီး ဆွေးနွေး ပါလိမ့်မယ်။
  • Renai Ssance ရော် ကိုယ်ပြောတဲ့ စကားက side effect ရှိမှန်းသိသိ ပြောပြီး ထွက်ပြေးတယ်။ အောက်က ချာတိတ်တစ်ယောက်ကို လူလုံးပြ အကြံထုတ်နေတယ်ပေါ့။ သနားစရာပဲ ညီလေး သန်းထိုက်သူရေ။ ယောက်ျားဆိုတာ တည့်တည့်ရှင်းရတယ်ဟ
  • Renai Ssance အခု emg နဲ့ မြန်မာပို့စ် အပြန်အလှန်စွဲကြောင်း သိပြီ။ ထုတ်ဝေသူဝင်းအောင်ကြီး emg ကို တောင်းပန်ခိုင်းတာလည်း သိပြီ။ ဘာလုပ်မလည်း ညီလေး သန်းထိုက်သူ။ အောက်ကလူ ရှင်းခိုင်းယုံနဲ့ ပြီးရောလား။
  • Lumin Thaungtun တာဝန်ယူမူ တာဝန်ခံမှုဆိုတာ ရှိတယ်လေ။ တာဝန်ခံအယ်ဒီတာတစ်ယောက်က ပြန်ရှင်းတာကို အောက်က ချာတိတ်တစ်ယောက်ဆိုတဲ့ အသုံးအနှုန်းက တော်တော်လေးကို ရိုင်းစိုင်းလွန်းပါတယ် ( Renai Ssance )။ နောက်ပြီး ဂျာနယ်တိုက်ရဲ့ ပေါ်လစီချုပ်ကိုင်ထားတဲ့ အယ်ဒီတာချုပ်ရဲ့ တုန့်ပြန်ရေးသားချက်ကို မစီမဆိုင် (မြန်မာပို့စ်ရဲ့ တာဝန်ခံအယ်ဒီတာ) နဲ့ ချိတ်ဆက်ပြီး အောက်ကသူက အထက်လူထက်ပိုသာပါတယ်ဆိုမျိုးက တစ်ပူးရဲ့ကျင့်သုံးနေတဲ့ ပေါ်လစီမူမျိုးနဲ့ တုန့်ပြန်လိုက်တာလို့ထင်ပါရဲ့။ ကျွန်တော်တို့က မီဒီယာသမားလေးဗျာ။ ကလေးဆန်တဲ့ တုန့်ပြန်မှုမျိုးနဲ့ မတုန့်ပြန်ချင်ပါနဲ့။ ဂျာနယ်တိုက်တစ်ခုရဲ့ အယ်ဒီတာချုပ်ကို ညီလေးတို့ ခေါ်လိုက်တာက တော်တော်လေးကို အဆင့်အတမ်းနိမ့်တဲ့သူတွေ သုံးတဲ့ အသုံးအနှုန်းပါ။ Renai Ssance တို့ရဲ့ အယ်ချုပ်ကတောင် ကိုသန်းထိုက်သူ ဆိုပြီး တစ်ယောက်နဲ့ တစ်ယောက် လေးစားသမှုနဲ့ သုံးရသေးတာပဲ။ ဘာလို့ ကိုယ့်က အဆင့်နိမ့်သူတစ်ယောက်အဖြစ်နဲ့ ညီလေးဆိုတဲ့ ရိုင်းတဲ့အသုံးအနှုန်းကို သုံးရတာလဲ။ ကျွန်တော် မှတ်ချက်ပေးလာခဲ့တဲ့ အရာတွေကို ပြန်ကြည့်ပါ။ ဘယ်ဂျာနယ်တိုက်ရဲ့ ဘယ်သူ့ကိုမှ မလေးမစားနဲ့ လုပ်ခဲ့တာမျိုးမရှိဘူးလေ။ ဒါက ကျွန်တော်တို့ ငယ်ငယ်က လောကနီတိထဲမှာ သင်ခဲ့ပြီးသားပါ။ အခုဟာကလဲ ကိုသန်းထိုက်သူက ကျွန်တော်တို့ အယ်ဒီတာအဖွဲ့ မရောက်ခင်က ဖြစ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြန်ရှင်းချက် ထုတ်တာလေ။ ခင်ဗျားတို့ဘက်ကလဲ ပြန်ရှင်းခွင့်ရှိပါတယ်။ ကိုဝေဖြိုးလိုတော့ လေးလေးစားစားနဲ့ ပြန်ဝေဖန်ရှင်းချက်ထုတ်လို့ရပါတယ်။ Renai Ssance ရေ… ခင်ဗျား သုံးတဲ့ အသုံးအနှုန်းတွေက ရိုင်းနေတဲ့အပြင် အယ်ဒီတာအဖွဲ့ကို ရန်တိုက်ပေးတဲ့ပုံမျိုးနဲ့ စော်ကားတဲ့ပုံစံမျိုးတွေကိုတော့ ပြန်ရှင်းစေချင်တယ်ဗျာ။ ကျွန်တော်တို့က သတင်းသမားတွေပါ။ သတင်းသမားခြင်း လေးစားစေချင်ပါတယ်။
  • Renai Ssance အဲ့ဒါက ကျွန်တော့် အကျင့်ပါ လေးစားရလောက်သူက လေးစားရနိုင်တဲ့ အဆင့်ပြနိုင်ရင် ကိုယ့်ထက် အသက်ငယ်တောင် ဆရာ အကို ခေါ်ဖို့ ဝန်မလေးပါဘူး။ ဒါပေမဲ့ ပေါက်ပန်းလေးဆယ် လျှောက်ပြောရင်တော့ အသက်ဘယ်လောက်ကြီးကြီး ညီလေးဘဲ အကိုခေါ်တယ်။ မင်း ရဲထွဋ် ကို ဆရာလို့ ရဲရဲဝံ့ဝံ့ ခေါ်ရဲသလား ကိုလူမင်းသောင်းထွန်း။
  • Renai Ssance ကို ဇင်သော်နိုင်နဲ့ အခုထိ မရင်းနှီးပါဘူး။ ရန်တိုက်ပေးရအောင်လည်း သူနဲ့ စကားမပြောဖူးဘူး။ ရန်ပဲ ဖြစ်တဲ့ အနေအထား။ ဒါပေမဲ့ သူ့ကို respect ပေးထားတယ်။ ခင်ဗျား အယ်ချုပ်လည်း res လိုချင် မှန်ကြောင်းလာရှင်းပါ။ ကျနော်ရေးတဲ့စာတိုင်းက Renai Ssance ဆိုတဲ့ ဖြိုးဝေဝင်းကိုပဲ တာဝန်ခံပါတယ်။
  • Sithu Aung Myint Renai Ssance ရေ၊ မင်းဘယ်သူလဲ ငါမသိဘူး။ ငါကတော့ အသက် ၅၀ ရှိပြီ။ မင်းတို့ဆရာ သိန်းမြင့်ရဲ့ ဆောင်းပါးလိုလို ဘာလိုလို စာကို ပြန်ဖတ်ကြည့်၊ တစ်ချက်ခြင်း လေ့လာကြည့်၊ ငါပြောမယ် ပြည့်တန်ဆာရဲ့ ဟ၀ှာလောက်တောင် အဆင့်အတန်း မရှိတဲ့ ပြောစကားမျိုး တွေ့ရလိမ့်မယ်။ အဲဒါ ငါ့ရဲ့ မှတ်ချက်ပဲ
  • Renai Ssance ကိုဇင်သော်နိုင်နဲ့ အကြီးအကျယ် ငြင်းချိန်မှာ သူက res တစ်ခု ထားခဲ့ဖူးတယ်။ အခုလည်း သူ့ကို res ပြန်ထားပေးတာပါ။ emg အယ်ချုပ်ရဲ့ cmt က emg အယ်ချုပ်ရဲ့ cmt ပါပဲ။ ငါ့ညီပြောသလို ရန်တိုက်ပေးတာ မဟုတ်ပါဘူး။ လောကကြီးမှာ အထက်လူထက် အောက်လူက တရားမျှတမှု တွေးခေါ်တတ်မှု အပြည့်ရှိတတ်တာ နေရာတိုင်း ဖြစ်နေတာပါပဲ။ အခု ညီလေး သန်းထိုက်သူကသာ အမှန်တရားတစ်ခုထွက်ရှင်းပြပါ။ လက်ခံနိုင်တဲ့ အမှန်တရားဆို တောင်းပန်ဖို့ ဝန်မလေးပါဘူး။ ကို့နာမည် ဖြိုးဝေဝင်းပါ။ ကိုရေးတဲ့ cmt တိုင်းက ကိုယ်နဲ့ပဲ ဆိုင်ပါတယ်။
  • Sithu Aung Myint အခုခင်ဗျားရေးထားတာက အသေရေဖျက်သလိုဖြစ်နေပါတယ်။ ခင်ဗျားကို ကြိုသတိပေးတာပါ။ Wai Phyo ရေ မင်း ငါ့ကို အဲလို တရားစွဲလို့ရအောင် ပြောပြပေးလိုက်မယ်နော်၊ မင်းဟာ သန်းထွဋ်အောင်ရဲ့ ခွေးတစ်ကောင်ပါပဲကွာ၊ တရားစွဲနော်။ နောက်ထပ်ပြောဦးမယ် အမှားတွေကို မင်း ပြောတယ်။ Bi မွန်းတည့်နေနဲ့ ကိုစည်သူအောင်မြင့်ကိုလည်း တရားစွဲထားတာကို ပြန်ရုပ်တဲ့စာ ရှိပါတယ်။ ငါ့ကို တရားစွဲတာ ငါတောင် ဘာမှ မသိရပါလားကွာ။ အဲဒါ တရားစွဲတယ်လို့ မည်တာလား၊ မင်းတို့ ဒေါက်တာသိန်းမြင့်ရဲ့ ပါးစပ်က ပြည့်တန်ဆာ အ၀ှာလောက် တည်တည်ငြိမ်ငြိမ် မရှိ ပြောတာကို လိုက်ကာကွယ်တာ မလုပ်ပါနဲ့နော်။ မင်း ငယ်ပါသေးတယ်။ လူဆိုးဂိုဏ်း သေးသေးလေးထဲက လူဆိုးသေးသေးလေး အဖြစ်မခံချင်ပါနဲ့။ ငါ့နာမည် စည်သူအောင်မြင့်ပါ။ အပြင်မှာ နေရပ်လိပ်စာ အားလုံး သိကြတယ်။
  • Renai Ssance အသက်ကြီးပြီး အချိန်မစီးသူတွေ အများကြီးပါ။ ညီလေး စည်သူ ငါ့ညီပြောတာတွေကရော ဖာသည်မ နှုတ်ထွက်လောက်တောင် လေးနက်ရဲ့လား။
  • Lumin Thaungtun Renai Ssance ရေ... ကျွန်တော်ပြောပြီးပါကောလား....။ ကျွန်တော်တို့က သတင်းသမားလေ။ သမ္မတကို မလေးစားပေမယ့် တွေ့ဆုံပြီး မေးရမယ်ဆိုရင် အနည်းဆုံး ဦးသိန်းစိန်တော့ ခေါ်ရတယ်မှလား။ အဲဒီလိုပဲ ဦးရဲထွဋ်နဲ့ တွေ့မေးရမယ့် အချိန်မှာ ဟေ့ရဲထွဋ်လို့ ခေါ်လို့မရဘူးလေ။ အနည်းဆုံး ဦးရဲထွဋ်ဆိုပြီးတော့ မေးရတယ်မှလား။ ကျွန်တော်လဲ ဘယ်သူ့ကိုမှ ဆရာမခေါ် ခိုင်းပါဘူးဗျား။ ကျွန်တော်လဲ ကိုယ်လေးစားမှ ဆရာခေါ်တာပါ။ ကျွန်တော်တို့က သတင်းသမားလေ။ အချက်အလက်ကျကျနဲ့ ဝေဖန်စေချင်တာပါ။
  • Sithu Aung Myint Wai Phyo ရေ မင်းတို့ရဲ့ ဂိုဏ်းစတားကြီး သန်းထွဋ်အောင်က ပျက်စီးနေတဲ့ တရားစီရင်ရေး စနစ်ကို အသုံးချပြီး မီဒီယာသမားတွေကို ဗိုလ်ကျတဲ့ ခေတ် တဖြေးဖြေး ကုန်တော့မယ်။ မင်းတို့ဆရာ အရင်က တွေ့ခဲ့ဖူးတဲ့ လူတွေနဲ့ ငါတို့ လုံးဝ မတူဘူး။ မင်းတို့ထက် အဆပေါင်းများစွာ အင်အားကြီး၊ အဆပေါင်းများစွာ ကြောက်စရာကောင်းတဲ့ အင်စတီကျူးရှင်းကိုတောင် ငါတို့ ရဲရဲဝန့်ဝန့် အမှန်တရားနဲ့ ရင်ဆိုင်ခဲ့တယ်။ မင့်းဆရာလောက်တော့ ပျင်းတောင် ပျင်းသေးတယ်။ မင်းကိုလဲ အခု လာဝင်ပြောလို့ ဆုံးမရတာ။ ကိုယ့်ဘ၀ ကိုယ်သိ၊ လူ့လောက အပြင် ထွက်ကြည့်ဦး ငတရဲ့။
  • Aung Khine Nyunt Renai ssance ဆိုတဲ့ ချာတိတ်။ မင်းက ရှူးတိုက်ပေးတိုင်း လိုက်ဟောင် နေတဲ့ အကောင်လို ဖြစ်နေတယ်။ လူကြီး လူကြီး မှန်းလည်း နားမလည်။ ပြောစရာရင် မင်းအယ်ဒီတာချုပ်ကို ပြောခိုင်း လိုက်ပါ။ နောက်ကနေ ထိုင်ပြီး ရှူးတိုက်ခိုင်း မနေပါနဲ့။ ဒါလူကြီး လူကောင်း ဆန်ဆန် ရှင်းနေတဲ့ ကိစ္စပါ။ ကလေးကလားနဲ့ ဆေးရိုးသည် ၀င်မလုပ်နဲ့။
  • Renai Ssance ဒီလိုပါပဲ။ ကျွန်တော် ပြောချင်တာ အခုက ပြသနာရှာသူတွေ ဖြေရှင်းသူတွေ ထွက်မလာဘဲ ကြားထဲက ပြောနေကြတာကို ဝင်ထောက်တာ။ အရာရာတိုင်းက ကိုယ့်တရားကိုယ် စီရင်တာပဲ။ မှားသူခံ ဖားသူခံပဲ။ ဒါပေမဲ့ လာဘ်စားသူ မှားသူကို အစဉ်တစိုက်ဖော်ပြတာ အငြိုးကြီးတာ သတ်မှတ်သူရဲ့ ဦးနှောက် ကိုတော့ အံ့သြမိရဲ့။ အေးပေါ့လေ။ သူ့အတွက်က ရပ်တည်ရာ ကမ်းပါးကျဉ်းလာပြီကိုး။ ဒီတော့လည်း သူနဲ့တန်ရာကနေပြောပြီပေါ့
  • Renai Ssance ဟ ဟ လာဟောင်သူ များလှပါချည့်လားကွယ်။ သူများရှုးတိုက်ယုံနဲ့ပါအောင် ကျုပ်က ခင်ဗျားမဟုတ်ဘူး ညီလေးအောင်ခိုင်ညွန့် Renai ရေးသမျှအားလုံး Renai ပဲ တာဝန်ယူတယ်။ ဘယ်သူ့မှ လက်ပူမတိုက်ဘူး။ ငါ့ညီရော ကိုယ့်ကိုယ်ကိုယ် တာဝန်ယူရဲလား
  • Renai Ssance သန်းရွှေကို သန်းခြောက်ဆယ်က ဘယ်တော့မှ မလေးစားဘူး။ မင်းတို့လည်း သန်းရွှေတို့ရဲထွဋ်တို့ သိန်းစိန်တို့ မင်းအောင်လှိုင်တို့လို ရွံရှာမှု အပြည့်နဲ့ အခေါ်မခံချင်ရင် ကိုယ့်ကိုယ့်ကိုယ် မှန်အောင်ကြိုးစား။ ငါ့ဘဝမှာ ငါက ကိုးကွယ်ရာပဲ။ အခု သန်းထိုက်သူအတွက် ဝင်ငြင်းနေတဲ့ ကောင်တွေ ကိုယ့်ဘဝအတွက် ကိုယ် ရပ်တည်နေတယ် ပြောရဲလား။ ငါမှန်တယ် ထင်ရင် ရဲထွဋ်အတွက်လည်း ပြောရဲတယ် သိန်းစိန်အတွက်လည်း ပြောရဲတယ်။ ငါ့အမှန်တရားအတွက် ငါကပဲ တာဝန်ခံတယ်။
  • Renai Ssance ငါသာ emg ကဆို ငါပြောတာနဲ့ ငါ့အမှန်တရားအတွက် အထုတ်ခံနေရပြီ။ ငါ့စကား ငါ တာဝန်ယူတယ်
  • Aung Khine Nyunt ချာတိတ်။ မင်းက ငါမွေးရင် ငါ့သား အငယ်ဆုံးလောက်ပဲ ရှိတယ်။ တုဖက်ပြီး ပြောရမယ့် အစားမဟုတ်ဘူး။ ပြောစရာ ရှိရင် မင်း အယ်ဒီတာချုပ် ကိုယ်တိုင် ပြောခိုင်း။ ဒါမှမဟုတ်လည်း မင်းထက် ကြီးတဲ့ အယ်ဒီတာ တစ်ယောက်ယောက် ခေါ်ခဲ့။ ဒါမင်းကို တုံ့ပြန်တာ နောက်ဆုံး စကားပဲ။ အိပ်ရေး အပျက်ခံပြီး မင်းဟောင်သမျှ ထမကြည့်နိုင်ဘူး။
  • Renai Ssance နောက်ဆုံးတော့လည်း မင်းတန်ရာစကားပဲ မင်းရွေးချယ်တာပါပဲ ငါ့ညီ
  • Thunder Rain လုပ်ကြပါဦးMEDIA တွေချကုန်ကြပြီ။CMT ကိုဝင်ဖတ်ကြည့်ကြပါ။နွားကွဲရင်ကျားဆွဲမှာကိုမမေ့ကြပါနဲ့ BRO တို့
  • Wai Phyo ကိုစည်သူအောင်မြင့်
    ခင်ဗျားကို မပြောချင်ပေမယ့်ပြောလိုက်ပါ့မယ်။ အခုကိစ္စမှာ ကိုသန်းထိုက်သူကို ရှင်းဖို့လိုလို့ နာမည်တပ်ပြီးကောင်းကောင်းမွန်မွန်ပြန်ရှင်းပြတာပါ။ လိုအပ်ရင်သူပြန်ပြောပါလိမ့်မယ်။
    ကျွန်တော်ကို ကျွန်တော့်မီဒီယာက ဆရာရဲ့ တိရိစ္ဆာန်တစ်ကောင်လို့ခင်ဗျားပြောတယ်ဆိုရင် ၊ အသက် ၅၀ တောင်ရှိနေပြီလို့ပြောတဲ့ ခင်ဗျားကရော ကိုသန်းထိုက်သူရဲ့ဘာအနေနဲ့ကျွန်တော့်ကိုလာပြောတာလဲ။ ကျွန်တော်ကတော့ ပြောသင့်တာကို ပြောသင့်တဲ့သူကို တိုက်ရိုက်ပြောရဲပါတယ်။ ခင်ဗျားလိုတော့ ဟိုလိုလိုဒီလိုလိုမပြောဘူး။
  • Yar Moe OO ချွေးနဲစာရတာလေးနဲ့တပတ်တပတ်ခင်ဗျားတို့ဂျာနယ်တွေကိုဝယ်ဖတ်နေရတဲ့ကျွန်တော်ကတော့ တော့တော့စိတ်မကောင်းဘူးဗျာfbပေါ်မရှင်းကြပါနဲ့ဗျာ
  • Wai Phyo ကိုစည်သူအောင်မြင့်
    သတ္တိဆိုတာကို Facebook comment မှာ သက်သေလာပြရမယ့်ခေတ်ဟုတ်သေးရဲ့လား။
    လူတစ်ယောက်ရဲ့ မှန်ကန်တဲ့ရပ်တည်ချက်နဲ့ ရဲရင့်မှု ကို သူဖြတ်သန်းခဲ့တဲ့သမိုင်းနဲ့ သူလုပ်ခဲ့တဲ့၊ သူလုပ်နေတဲ့ လုပ်ဆောင်မှုတွေ၊ ရလဒ်တွေနဲ့ပဲ လူအများကတိုင်းတာကြတယ်ထင်ပါတယ်။ ဟာသကာတွန်းလေးတစ်ခုလိုပေါ့။ သတ္တိရှိသူဆိုပြီး လက်မှာမှင်နဲ့ရေးထားတဲ့ သတ္တိစာသားကိုလူတကာလိုက်ပြလို့ ဟုတ်တယ်ဟလို့ လက်ခံတဲ့သူတွေရှိတာမျိုးဆိုရင်တော့ ကျွန်တော်ဘာမှမပြောချင်တော့ပါဘူး။
  • Aung Kyaw Myint elevenကကောင်တွေကမြစ်ဆုံကိစ္စမှာဘာမှမသိတဲ့ဒေါ်အောင်ဆန်းစုကြည်ကိုတောင်သူတို့ဟာသူတ်ု့ဝေဖန်ပြီပြည်သူနဲ့ထိပ်တွေ့မယ်လေဘာလေနဲ့မလိမ့်တပတ်ပြည်သူနဲ့တိုက်ပေးသေတယ်
    23 hrs · Like · 1
  • Aung Kyaw Myint elevenကသန်ထွဋ်အောင်ကမီဒီယာသြဇာထူထောင်ပြီးစီပွားရေလုပ်နေတဲ့မီဒီယာခရိုနီတဦပါဘဲ
    ကြာရင်ပြည်သူကပေးတဲ့နံပတ်သုညဖြစ်တော့မယ်
    23 hrs · Like · 1
  • Sithu Aung Myint Wai Phyo ရေ မင်းက ခွေးကလေး ပီပီသသ ဟောင်ပြတာကို တွေ့တော့ အံ့သြပြီး ငါ ပထမ ဦးဆုံး Facebook မှာ ၀င်မန့်တာပါ။ ပထမ ဦးဆုံး အကြိမ်ပါ။ မင်း ငါ့သမိုင်းကို သိအောင် နည်းနည်းလေးတော့ မေးကြည့် စမ်းကြည့်ပါဦးနော။ မင်း သခင်တွေကိုတော့ မမေးနဲ့ပေါ့။ မင်းသခင်တွေ ငါ့ခြေမှုန်လောက် ဖြတ်သန်းမှုရှိခဲ့သလား၊ မေးကြည့်စမ်းပါဦး။
    18 hrs · Like · 7
  • Soe Myimt မြန်မာပြည်ကိုအများဆုံးဒုက္ခပေးနေတာအချင်းချင်းမညီညွတ်မှူ့တွေဘဲ ခင်များတို့ ကမှရန်ဖြစ်နေမှတော့ကျွန်တော်တို့ စာဖတ်သူပြည်သူလူထုကဘာကိုယုံကြည်ရတော့မလည်း
    18 hrs · Like · 6
  • Renai Ssance ဧရာဝတီက ကန်ထုတ်လိုက်လို့ ရှက်ရမ်း ရမ်းနေတာလား အသက် ၅၀ ကြီး
    16 hrs · Like · 1
  • Thet Min ဦးစည်သူအောင်မြင့်ရေ
    ရှက်ဖို့ကောင်းပါတယ်ဗျာ
    ဂျာနယ်လစ်လို့တောင်အမည်ခံမနေပါနဲ့တော့
    အရေးအသားတွေကခင်ဗျားအတွင်းစိတ်နဲ့ရပ်တည်ချက်ကို
    ကိုယ်စားပြုနေပါတယ်
    ခင်ဗျားက EMGကိုဝေဖန်တာမဟုတ်ပဲ
    အပုပ်ချတိုက်ခတ်နေတယ်ဆိုတာ
    ဧရာဝတီမှာဖော်ပြခဲ့တဲ့ဆောင်းပါးက
    သိပ်သိသာလွန်းနေပါတယ်
    ဘာအချက်အလက်တိတိပပမှမပါဘဲ
    ရေးတဲ့ဆောင်းပါးအမည်ခံစာစုဟာ
    ခင်ဗျားရဲ့ဝမ်းစာပြည့်မှုမပြည့်မှုဆိုတာထက်
    အပုပ်ချချင်ရုံသက်သက်စိတ်ဓာတ်ကိုပေါ်လွင်စေပါတယ်
    ကိုယ့်ရဲ့အတွင်းစိတ်ကဖြစ်ပေါ်တဲ့
    ခံစားမှုသက်သက်ကိုစာဖတ်သူဆီပေးတာက
    ရှက်တတ်ရင်တော့ရှက်စရာပေါ့ဗျာ
    မထူးဆန်းပါဘူး
    အဲဒါကြောင့်လည်းကိုဝေဖြိုးကိုဒီလို
    စကားလုံးကြမ်းတွေနဲ့ရေးသား
    စော်ကားတာပေါ့
    အရပ်ထဲကအတင်းပြောသလို
    စိတ်ဓာတ်နဲ့စကားလုံးတွေကို
    စာမျက်နှာပေါ်တင်ရဲတာပေါ့
    ဒီလောက်ပါပဲ
    ကိုယ့်သမိုင်းကိုယ်အရင်နဖူးပေါ်လက်တင်ပြန်မေးကြည့်လိုက်ပါဦးဗျာ
    14 hrs · Like · 6
  • Khin Maung Htay မင်းတို့ အချင်းချင်း ကိုက် နေမဲ့အစား ဘုံရန်သူကို တိုက် ကြပါ။ ဘုံရန်သူဟာ ပြည်သူ့ ပိုက်ဆံနဲ့  လုပ်ချင်ရာလုပ်နေတယ်။ ၁ ကျပ်တန်ကို ၁ ထောင်စာရင်းပြတယ်။ ဘုံရန်သူကို ညီညီညွတ်ညွတ် တိုက်ကြပါ။
    12 hrs · Like · 1
  • တက် လူငယ် တက်လူငယ် သူတို့အချင်းချင်းထဲမှာကိုဘုံရန်သူတယောက်ပါနေတာ
    11 hrs · Like · 1
  • Thet Min ဂျာနယ်လစ်တွေညီညွတ်ဖို့ပြောတာတော့ ရိုးရိုးသားသားပဲခေါင်းခါပါ့မယ်
    ဘယ်ဂျာနယ်တိုက်မဆို
    သူ့မူဝါဒနဲ့သူပါပဲ
    အမြင်တွေမတူနိုင်ပါဘူး
    ဂျာနယ်လစ်တွေရဲ့တာဝန်တစ်ခုကတော့အမှန်တရားပေါ်မှာ
    ရပ်ပေးဖို့ပါ
    အမှန်တရားကိုမမြင်တဲ့သူ
    အမှန်တရားနဲ့သွေဖယ်သူကတော့
    ဘုံရန်သူပေါ့
    EMG ကပြည်သူသိစေဖို့
    ပြန်ကြားရေးကဝယ်တဲ့စက်တွေဈေးကွာတာကိုရေးတယ်
    အဲဒါကိုဦးစည်သူအောင်မြင့်က
    အမှန်တရားကနေသွေဖယ်စေတဲ့
    အချက်အလက်အခြေမခံတဲ့
    ယုံထင်ကြောင်ထင်ဖြစ်မယ့်
    ရမ်းတုတ်ဆောင်းပါးပြန်ရေးတယ်
    အဲဒီလောက်ဆို ဘုံရန်သူအကြောင်းသဘောပေါက်မယ်ထင်ပါတယ်
    နောက်ပြီးဦးစည်သူအောင်မြင့်ကိုတစ်ခုသိစေချင်တာက
    ဂျာနယ်လစ်ကောင်းတစ်ဦးအတွက်
    အသိအမှတ်ပြုမှု recognize ဆိုတာကို
    သူ့စာဖတ်သူကပဲသတ်မှတ်ပေးထားတာပါ
    ပေးတဲ့နေရာမှာနေရတာပေါ့
    ကိုယ်ကငါဘာကောင်ဆိုပြီး
    ထပြောနေစရာမလိုပါဘူး
    ငါဘယ်လောက်ဖြတ်သန်းခဲ့ဖူးတယ်လို့
    ဟံသာဝတီဦးဝင်းတင်ပြောခဲ့သလား
    လူထုစိန်ဝင်းပြောခဲ့သလား
    ကိုယ့်သမိုင်းကိုစာဖတ်သူကပဲ
    ဆုံးဖြတ်ပေးသွားတာပါဗျာ
    10 hrs · Edited · Like · 3
  • Than Htaik Thu ခရီးဝေးက ပြန်ရောက်ပြီးနားနေတာ။ အခုထကြည့်လိုက်တော့ ဒီနေရာမှာ တော်တော်လေး ညစ်ပတ်သွားတာတွေ့လိုက်ရတယ်။ ကဲ ညီအစ်ကိုမောင်နှမအားလုံးတို့ ဒီကိစ္စကို ကျွန်တော်ရယ်၊ ကိုဝေဖြိုးရယ် ၊ ဦးစည်သူအောင်မြင့်ရယ်ပဲ ရှင်းလိုက်ကြပါမယ်။ လူမှုကွန်ရက်စာမျက်နှာမှာ အပြင်ကစာဖတ်သူတွေဝင်ဖတ်လိုက်တာနဲ့ သတင်းစာဆရာတွေ၊ သတင်းထောက်တွေအားလုံးဟာ ဒီလိုတွေပါလားဆိုတာမျိုး ဖြစ်ကုန်ကြတော့မယ်။ ကိုဝေဖြိုးနဲ့ပတ်သက်လို့ တရားစွဲပါလို့ ကျွန်တော်တင်လိုက်ပါပြီဗျာ။ ထပ်ပြီး စာမျက်နှာတွေ မညစ်ညမ်းပါစေနဲ့တော့။
    10 hrs · Like · 5
  • Than Htaik Thu လေးစားလျက်
    10 hrs · Like · 1
  • Aung Thu သတ္တိ တွေ ကောင်း နေကြ ပုံ များ ဖြစ် နေ လိုက် ကြ တာ တိုင်း ပြည် နဲ့ လူ မျိုး ကောင်း စား ရေး အတွက် တစ် ပြား သား မှ မပါ ဘဲ ကိုယ် ကျိုး စီး ပွါးတွက်အငြင်း ပွါး နေ လိုက် ကြ တာ အော် မြန် မာ ပြည် က မီ ဒီ ယာ လေး စား လောက် ပါ ရဲ့ ဗျာ
    9 hrs · Like · 2
  • Thet Min ကိုယ်ရေးတာကိုယ်တာဝန်ခံရတာပါပဲ
    ဖေ့ဘွတ်ခ်မှာရေးရေး
    print မှာရေးရေးပါ
    ...See More
    9 hrs · Like · 3
  • Chan Mya Ohn ဆရာတို့ အနေနဲ့ message box ကနေ ပြောကြရင် ပိုကောင်းလိမ့်
    မယ်လို့ ထင်ပါတယ်
    တစ်လောကသားချင်း အမြင်တွေ မတူတဲ့ အခါ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ ဖြစ်စဉ် ကလေးတွေ ဆိုပေမယ့် ပုဂ္ဂိုလ်ရေးပိုဆန်တဲ့ ပြောဆိုမှု လေးတွေက လူတိုင်းသိဖို့ မဖြစ်သင့်ပါဘူး
    8 hrs · Like · 3
  • Hein Htet ဟာ့ Thet Min မင်းဥာဏ်တော်တော်ကောင်းလာပါလား။ဒါပေမဲ့ မင်းမန့်တာတော့မဖြစ်နိုင်ဘူး။မင်းဒီလောက် ဥာဏ်မကောင်းတာ ငါသိတယ်။အခုတော့ ဥာဏ်ကောင်းရင် ကောင်းလောက်ပါပြီ။ဘာလို့လဲဆို EMG က မီဒီယာတွေ ဆန္ဒပြတိုင်းကြွေးတဲ့ ကြက်ကြော် မင်းအစားများလို့ ဥာဏ်ကောင်းလာတာဖြစ်မယ်။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More