Friday, July 31, 2015

အသွင်ကူးပြောင်းရေး ကာလနှင့် တပ်မတော်များ ပြန်လည်စုဖွဲ့ရေး ပြဿနာ

အသွင်ကူးပြောင်းရေး ကာလနှင့် တပ်မတော်များ ပြန်လည်စုဖွဲ့ရေး ပြဿနာ

  • Friday, 31 July 2015, The Voice Daily.
- See more at: http://www.thevoicemyanmar.com/index.php/perspective/item/7747-atp#sthash.21IT12SA.dpuf

Tuesday, July 28, 2015

(22. Juli-senteret) ၄ နှစ်မြောက် ပြတိုက်မှ ပုံတချို့

22-July Center (22. Juli-senteret) ၄ နှစ်မြောက် ပြတိုက်မှ ပုံတချို့ မျှဝေလိုက်ပါတယ်။
ဒီနေ့ နေ့လည် ၂ နာရီမှာ အများပြည်သူကြည့်နိုင်ဖို့ ပြတိုက်ဖွင့်ပေးတဲ့အတွက် ၀င်ရောက်လေ့လာဖြစ် ခဲ့ပါတယ်။
....................
ဒီနေ့ ဇူလိုင် ၂၂ ဟာ ၂၀၁၁ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့ကဖြစ်ပွါးခဲ့တဲ့ လူ ၈၀ နိးပါး အစုအပြုံ လိုက် သတ်ဖြတ်ခံရမှု ၄ နှစ်ပြည့် နှစ်ပတ်လည်ဖြစ်ပါတယ်။ ဒီနှစ်စဉ် အောက်မေ့ဘွယ်အခမ်း အနားကျင်းပနေကြဖြစ်ပေမဲ့ ဒီနှစ်မှာတော့ ထူးထူးခြာခြား အောက်မေ့ဘွယ်ပြတိုက်ပါ ဖွင့်မှာတဲ့။

ဖွင့်မဲ့နေရာက ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားခဲ့တဲ့ ၀န်ကြီးချုပ်ရုံး၊ အစိုးရရုံး (ဟောင်း) အဆောက်ဦမှာ။ အစိုးရဆိုလို့ နေပြည်တော်လို လူတွေနဲ့ဝေးတဲ့နေရာမှာ သံတတိုင်းကာပြီး ဆောက်ထားတယ်လို့ မထင်လိုက်ပါနဲ့။ အော်စလို မြို့လယ်ခေါင်တည့်တည့် ကားလမ်းဘေးမှာ ဘာအကာ အရံမှ မရှိပါ။
မနက်ပိုင်းတုန်းက လက်ရှိဝန်ကြီးချုပ်အပါဝင် နိုင်ငံရေးသမားတွေက အဲဒီရုံးရှေ့မှာ အောက်မေ့ ဘွယ်တရားဝင်အခန်းအနားကျင်းပပြီး အများပြည်သူအတွက်တော့ နေ့လည် ၂ နာရီမှ ဖွင့်ပေး မယ်လို့ TV က ကြေညာပါတယ်။ 
အဲဒီရုံးရှေ့ ကျနော်ရောက်သွားတော့ တနာရီခွဲပဲရှိသေးတယ်။ လူ ၅၀ လောက် တန်းစီစောင့်နေ ပြီ။ ဇူလိုင် ၂၂ ဟာ နော်ဝေးရဲ့နွေလယ်ရာသီဆိုပေမဲ့ မပြောမဆို မိုးရွာချလိုက်ပါတယ်။ ဒါပေမဲ့ လူတွေကနောက်ဆုတ်မသွားကြပါဘူး။ တဖြေးဖြေးနဲ့ ပိုများလာပါတယ်။ ၂ နာရီ ပြတိုက်စဖွင့် ချိန်မှာ တန်းစီလူ ၂၀၀ လောက်အထိ ရှိလာပါတယ်။
ပြတိုက်ဆိုလို့ တခြား အနုပညာပြတိုက်တွေလိုမျီုး အသေချာပြင်ဆင်ထားတာမျိုးမဟုတ်ပါ။ ဗုံးခွဲ ခံရတဲ့ (အထပ် ၂၀ လောက်ရှိမယ်ထင်ပါရဲ့) ရုံးရဲ့ လုံခြုံ့ရေးအခန်းတွင်းက အပျက်အစီးတွေ ကြားမှာ ဓာတ်ပုံမှတ်တမ်းတွေကိုပြသထားတာပါ။
နေရာကကျင်းပြီး ၀င်ကြည့်မဲ့သူကများတော့ တကြိမ်မှာ ၁၅ ဦးစီလောက်ပဲ ၀င်ခွင့်ပေးပါတယ်။ တနာရီကျော်ကြည့်ပြီး ပြန်ထွက်လာတဲ့အထိ အပြင်မှာစောင့်နေသူက တရာကျော်လောက်ရှိ နေဆဲ။
ဓာတ်ပုံတွေ၊ ဗီဒီယိုမှတ်တမ်းတွေအပြင် အဲဒီနေ့က လူသတ်သမားသုံးသွားတဲ့ (ဗုံးခွဲတဲ့) ကားအပျက်အစီးတွေကို ပြတိုက်အလယ်မှာပြသထားပါတယ်။ ပြီးတော့ Utøya ကျွန်းမှာ အသတ်ခံရတဲ့ လူငယ်လေးတွေဆီက ကျန်ခဲ့တဲ့ လက်ကိုင်ဖုန်းတွေ၊ ကင်မရာတွေကို ပြသထား ပါတယ်။ စိတ်ဝင်စားဖို့အကောင်းဆုံးကတော့ လူသတ်သမား Anders Behring Breivik ရဲ့ ရဲအတုမှတ်ပုံကပ်ပြားပါပဲ။

ရဲဝတ်စုံဝတ်၊ ဗင်ကားတစီးကိုမောင်း၊ အစိုးရရုံးဘေးနားမှာ ကားရပ်ပြီး (အချိန်ကိုက်ဗုံးလို့ ယူဆရ) ၂၂ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်မှာ အော်စလိုမြို့လယ်က အစိုးရရုံးကို ဗုံးခွဲ တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်း လူ ၈ ဦး သေဆုံးခဲ့ပါတယ်။
ဒီလို ဗုံးကွဲမှုကြောင့် ရဲတွေအားလုံး အလုပ်ရှုပ်နေချိန်မှာ ခပ်တည်တည်နဲ့ နောက်ကားတစီးကို Utøya ကျွန်းဆီ ဆက်မောင်းသွားပါတယ်။ အဲဒီကျွန်းမှာက အာဏာရ (အဲဒီအချိန်က) အလုပ်သ မားပါတီရဲ့ နိုင်ငံတကာလူငယ်ပွဲတော်ကျင်းပနေတာပါ။ ကျွန်းပေါ်ရောက်တဲ့အခါမှာတော့ တွေ့ သမျှလူငယ်တွောအားလုံးကို စက်သေနတ်နဲ့ပစ်တဲ့အတွက် ဆယ်ကျော်သက်လူငယ် ၇၉ ဦး ပွဲချင်းပြီးသေဆုံးခဲ့ရပါတယ်။
သူကို ရဲကဖမ်းပြီး ထောင်ထဲထည့်ထားပေမဲ့ နော်ဝေးမှာ သေဒဏ်မရှိပါ။ ထောင်ဆိုတာကလဲ မြန်မာနိုင်ငံကထောင်တွေနဲ့စာရင် ဟိုတယ်လိုဖြစ်နေတယ်လို့ပြောရမလားမသိပါ။ အကျဉ်းသား ရပိုင်ခွင့်အားလုံးပေးထားတဲ့အပြင် တနေ့ကဆိုရင် အော်စလိုတက္ကသိုလ်မှာ နိုင်ငံရေးသိပ္ဗံဘာ သာရပ် သင်ကြားခွင့်တောင် ပေးလိုက်တယ်လို့သိရပါတယ်။
အခုတော့ အဲဒီလူသတ်မှု ၄ နှစ်ပြည့်အဖြစ် အောက်မေ့ဘွယ်ပြတိုက်ဖွင့်လိုက်ပါပြီ။ ဒီအပေါ်မှာ ပြတိုက်ထားသင့်သလား၊ မေ့ပစ်သင့်သလား စသဖြင့် နော်ဝေးလူထုကြား အပြန်အလှန် ငြင်းခုန် နေဆဲပါ။ 
စာဖတ်သူတွေကော ဘယ်လိုထင်ကြပါသလဲ။ အမှတ်တရ ပြတိုက်လုပ်ထားသင့်သလား။ မေ့ပစ်လိုက်သင့်သလား...။ သင်္ခန်းစာယူစရာ ဘာတွေရှိမလဲ...။ ။
............။     ။

Monday, July 27, 2015

Tour de France တတိယသတင်းပတ် စာစုများ။

Tour de France ၁၇ ရက်မြောက်နေ့ Simon Geschke အနိုင်ရ။

ပြင်သစ်နိုင်ငံမှာ ကျင်းပနေတဲ့ ၂၁ ရက်ကြာ ကမ္ဘာ့နာမည်အကြီးဆုံး ပရိုဖက် ရှင်နယ် စက်ဘီးပြိုင်ပွဲ Tour de France ၁၇ ရက်မြောက်နေ့မှာ Simon Geschke (Ger) Team Giant-Alpecin က 4:12:17 နာရီနဲ့ တကိုယ်တော် ပထမ ရသွားပါတယ်။

သူ့နောက်မှာတော့ Andrew Talansky (USA) Cannondale-Garmin Pro Cycling Team က 0:00:32 စက္ကန့်နောက်ကျပြီး ဒုတိယနဲ့ Rigoberto Uran (Col) Etixx - Quick-Step က 0:01:01 မီနစ်နောက်ကျပြီး တတိယ ရပါ
တယ်။
GC အ၀ါရောင်အကျီကတော့ အပြောင်းအလဲမရှိပဲ Christopher Froome က ပဲ ဆက်ထိမ်း ထားပါတယ်။
(Breakaway အုပ်စု ဘာကြောင့် ပြတ်အောင်မပြေးနိုင်သလဲ...)
တတိယ သတင်းပတ်ရဲ့ပွဲစဉ်အစ Digne-les-Bains ကနေ Pra-Loup အထိ 161 km ကီလိုမီတာပြိုင်ပွဲတလျောက် ရာသီဥတုက တာထွက်ချိန်မှာ ၃၃ အထိပူပြိး ပန်းဝင်ချိန်မှာ ၂၂ ပဲရှိပါတယ်။ ထုံးစံအတိုင်း တာထွက်ပြီးသိပ်မကြာခင်မှာကတည်းက အစိမ်းရောင်အကျီပိုင်ရှင် ပီတာဆာဂန်အပါဝင် ၂၇ ဦးပါ Breakaway အဖြစ် ထွက်ပြေးလွတ်မြောက်သွားပါတယ်။ ပထမ ပိုင်းမှာ ၄ မီနစ်လောက်ပြတ်နေရာကနေ တဖြေးဖြေးနဲ့ ၁၂ မီနစ်လောက်အထိ Peloton ကို ဖြတ်ထားနိုင်ခဲ့ပါတယ်။
ဒါပေမယ့် အချင်းချင်းဟန်ချက်ညီ မစီးနိုင်တဲ့အတွက် အရှိန်က အရင်နေ့တွေကလောက် ပြတ် မသွားခဲ့ပါ။ ပန်းဝင်ဖို့ ကီလို ၄၀ အလိုဝန်းကျင်မှာတော့ အခု ပထမ ရသွားတဲ့ Simon Geschke တကိုယ်တော် ထွက်ပြေးပါတယ်။ သူလိုက်မလိုလို ကိုယ်လိုက်မလိုလိုနဲ့ ဘယ်သူ မှအသေချာမလိုက်ပဲနဲ့ စက္ကန့် ၃၀ ခန့်အထိ ပြတ်သွားခဲ့ပါတယ်။ 
နောက်ပိုင်းမှာ တချို့က အသဲအသန်လိုက်ပေမဲ့ Sagan အပါဝင်တချို့ကကျန်ခဲ့ပြီး Peloton နဲ့ ပြန်ပေါင်းလိုက်ပါတယ်။
(အ၀ါရောင်အုပ်စုထဲက ဒုက္ခများ...)
GC အ၀ါရောင်အကျီအတွက် အသဲအသန်ပြိုင်နေကြတဲ့ အဓိကပြိုင်ဖက်တွေထဲက Christopher Froome ရဲ့နောက်မှာ ၃ မီနစ်ခွဲပြတ်ပြီး တတိယ နေရာကနေ ကပ်လိုက်နေတဲ့ BMC အသင်းခေါင်းဆောင် Tejay Van Garderen (USA) BMC Racing Team ဒီနေ့ ပြိုင်ပွဲကနေ ထွက်သွားခဲ့ရပါတယ်။
သူဟာ ပွဲစဉ် ၁၃ တုန်းကကြုံခဲ့ရတဲ့ အအေးဒဏ်ကြောင့်နေမကောင်းဖြစ်နေတယ်လို့ဆိုပါ တယ်။ မနေ့ကနားရက်မှာကောင်းကောင်းနားပြီး ဒီနေ့ရက်ဒီဖြစ်မယ်လို့ထင်ထားပေမဲ့ ကီလို ၅၀ ၀န်းကျင် တောင်အတက်မှာ ကြွက်သားတွေအလုပ်မလုပ်တော့ဘူးလို့သိရပါတယ်။ ဒါကြောင့် ဘာမှမတတ်နိုင်ပဲ ပြိုင်ပွဲကိုစွန့်လိုက်ရပါတယ်။ တကယ်နှမျောဖို့ကောင်းပါတယ်။
ဒုတိယ ဒုက္ခကတော့ နံပတ် 5 နေရာကနေ 0:04:23 မီနစ်ပြတ်ပြီး ကပ်လိုက်နေတဲ့ Alberto Contador (Spa) Tinkoff-Saxo ချော်လဲခြင်းပါ။ ပန်းဝင်ဖို့ ၁၀ ကီလိုဝန်းကျင်အလို နောက် ဆုံးတောင်မတက်ခင် အရင်တောင်အဆင်းမှာ ချော်လဲတယ်လို့ယူဆရပါတယ်။ TV က လဲတဲ့ ပုံမရပဲ စက်ဘီးပျက်နေတဲ့ပုံနဲ့ ဘောင်းဘီစုတ်ပြဲနေတဲ့ပုံတွေကိုသာတွေ့ရပါတယ်။
ဒီလိုချော်လဲပြီး စက်ဘီးပြန်ပြင်နေစဉ် ကျန် အ၀ါရောင်အုပ်စု အဓိကပြိုင်ဖက်အားလုံးက ထွက်ပြေးသွားပါတယ်။ ဒီလိုနဲ့ နောက်ဆုံးပန်းဝင်တော့ Christopher Froome ထက် ၂ မီနစ် နောက်ကျသွားပါတယ်။ ဒါကြောင့် နံပတ် ၃ နေရာက Tejay Van Garderen ထွက်သွားလို့ သူဟာ နံပတ် ၄ ကိုရောက်လာရမဲ့အစား ၂ မီနစ်နောက်ကျပြီး (၆-၄၀ မီနစ်) နံပတ် ၅ ပဲ ပြန် ဖြစ်သွားပါတယ်။
တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ မေလတုန်းက အီတလီမှာ ရထားတဲ့ Giro d’Italia- ပန်းရောင်အကျီရော၊ Tour de France ကရမဲ့ အ၀ါရောင်အကျီရော တနှစ်အတွင်း ထိပ်တန်း ဆု ၂ ခု double ရဖို့ဆိုတဲ့ အိပ်မက် ပျက်ပျယ်စပြုသွားတဲ့သဘောဖြစ်ပါတယ်။
(အ၀ါ၊ အစိမ်း၊ အဖြူ။ ကွက်ကြား..)
၁၇ ရက်အပြီး GC အမှတ်အများဆုံး အ၀ါရောင်အကျီပိုင်ရှင်အဖြစ် Christopher Froome (GBr) Team Sky၊ အစိမ်းရောင်အကျီ Point အများဆုံးအဖြစ် Peter Sagan (Svk) Tinkoff-Saxo၊ အဖြူရောင်လူငယ်ခြေတက်ပိုင်ရှင်အဖြစ် Nairo Quintana (Col) Movistar Team နဲ့ ဖြူ-နီ-ကျား တောင်တက်ဘုရင်အဖြစ် Christopher Froome (GBr) Team Sky တို့က ရထားပါတယ်။
၁၇ ရက်တာအပြီး သို့မဟုတ် ပန်းဝင်ဖို့ ၄ ရက်အလိုအထိ GC ၁-၁၀ ရထားသူတွေကတော့.. 
# Rider Name (Country) Team Result
1 Christopher Froome (GBr) Team Sky 69:06:49 
2 Nairo Quintana (Col) Movistar Team 0:03:10 
3 Alejandro Valverde (Spa) Movistar Team 0:04:09 
4 Geraint Thomas (GBr) Team Sky 0:06:34 
5 Alberto Contador (Spa) Tinkoff-Saxo 0:06:40 
6 Robert Gesink (Ned) Team LottoNL-Jumbo 0:07:39 
7 Vincenzo Nibali (Ita) Astana Pro Team 0:08:04 
8 Mathias Frank (Swi) IAM Cycling 0:08:47 
9 Bauke Mollema (Ned) Trek Factory Racing 0:11:47 
10 Warren Barguil (Fra) Team Giant-Alpecin 0:13:08 တို့ဖြစ်ပါတယ်။
မနက်ဖြန်မှာတော့ Gap ကနေ Saint-Jean-de-Maurienne အထိ 186.5 km ကီလိုမီတာ ကို ဆက်လက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ ပေ ၃၀၀၀၊ ၄၀၀၀ နဲ့ ၆၀၀၀ ကျော်အထိပါတဲ့ တောင် ၃ လုံးအပါဝင် တနေကုန်တောင်တွေတက်ရမှာမို့ Sprinter တွေအတွက်တော့ သိပ် မျော်လင့်ချက်မရှိတော့ပါ။ GC သမားတွေ၊ အခုချိန်ထိ ခြေမပေါ်သေးတဲ့ ရွက်ပုံးသိးတောင် တက်သမားတွေထဲက ဘယ်သူရမလဲဆိုတာ မနက်ဖြန်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ။
.........

Tour de France ၁၈ ရက်မြောက်နေ့ Romain Bardet ဒု-အကြိမ် အနိုင်ရ။

ပြင်သစ်နိုင်ငံမှာ ကျင်းပနေတဲ့ ၂၁ ရက်ကြာ ကမ္ဘာ့နာမည်အကြီးဆုံး ပရိုဖက် ရှင်နယ် စက်ဘီးပြိုင်ပွဲ Tour de France ၁၈ ရက်မြောက်နေ့မှာ Romain Bardet (Fra) AG2R La Mondiale က 5:03:40 နာရီနဲ့ တကိုယ်တော် ပထမ ရသွားပါတယ်။

သူ့နောက်မှာတော့ Pierre Rolland (Fra) Team Europcar က 0:00:33 စက္ကန့်နောက်ကျပြီး ဒုတိယနဲ့ Winner Anacona (Col) Movistar Team က 0:00:59 စက္ကန့်နောက်ကျပြီး တတိယ ရပါတယ်။
GC ၁၈ ရက်ပေါင်း အမှတ်အများဆုံး အ၀ါရောင်အကျီကတော့ အပြောင်း အလဲမရှိပဲ Christopher Froome က ပဲ ဆက်ထိမ်း ထားပါတယ်။
(Breakaway အလုပ်ဖြစ်...)
Gap ကနေ Saint-Jean-de-Maurienne အထိ 186.5 km ကီလိုမီတာပြိုင်ပွဲအတွင်း ပေ ၆၀၀၀ ကျော်မြင့်တဲ့တောင်အပါဝင် တောင် ၆ လုံးပါတဲ့အတွက် ဒီနေ့ပွဲဟာ ၂၁ ရက်တာ အတွင်း တောင်အများဆုံးပွဲဖြစ်ပါတယ်။
ပွဲဟာ မနေ့ကလို့ပဲ တာထွက်ပြီး သိပ်မကြာခင်ကတည်းက ၂၉ ဦးပါ Breakaway တခု ထွက်ပြေးလွတ်မြောက်သွားပါတယ်။ မနေ့ကလို Peloton ကို ၁၀ မီနစ်အထိ မဖြတ်နိုင်ပဲ ၃ မီနစ်ကျော်သာဖြတ်နိုင်ပေမဲ့ အဲဒီမီနစ်ကို ပန်းဝင်တဲ့အထိ ထိမ်းထားနိုင်ခဲ့ပါတယ်။
၁၀၇ ကီလိုမီတာရှိ Sprint ဆွဲတဲ့နေရာကနေစပြီး ၂၉ ဦးဟာ စတင်ကွဲပြဲပါတယ်။ အခု ပ-ဒု-တ ရသူတွေအပါဝင် လူ ၁၀ ဦးလောက်ပဲ ပထမ အုပ်စုမှာကျန်ပြီး ကျန်လူတွေ တဖြေးဖြေး ပြတ်ကျန်ခဲ့ပါတယ်။ အခု ပထမ ရတဲ့ Bardet နဲ့အတူ Fuglsang က ဦးဆောင်စီးနင်းနေစဉ် နောက်ပြန်လှည့်ကြည့်တုန်း Fuglsang ချော်လဲသွားပါတယ်။ အဲဒီအချိန်ကစပြိး Bardet တကို်ယ်တော် စပြေးတာ ပန်းဝင်တဲ့အထိပါပဲ။
(အ၀ါရောင်အုပ်စုအတွင်း တိုက်ခိုက်မှုများ...)
အ၀ါရောင်အုပ်စုအတွင်း ပထမ ဆုံးနဲ့ အသိသာဆုံးတိုက်ခိုက်သူကတော့ နံပတ် ၅ နေရာ ကနေလိုက်နေတဲ့၊ မနေ့ကပွဲမှာချော်လဲလို့ ၂ မီနစ်ဆုံးရှုံးခဲ့ရတဲ့ Alberto Contador (Spa) Tinkoff-Saxo ပါပဲ။ ပန်းဝင်ဖို့ ကီလို ၄၀ ၀န်းကျင်အလို အမြင့်ဆုံးတောင်အတက်မှာ သူက အခုလို တိုက်ခိုက်တာဖြစ်ပြီး ၄၅ စက္ကန့်အထိပြတ်သွားခဲ့ပါတယ်။ 
အ၀ါရောင်အကျီပိုင်ရှင် ဖရိုးနဲ့ စကိုင်းအသင်းသားတွေ ရုတ်တရက်အငိုက်မိပြီး ချက်ချင်း မလိုက်နိုင်ခဲ့ပါဘူး။ ဒါကြောင့် ကွန်တာဒါဟာ ရှေ့ပြေး-နောက်ကျန် ၄ ဦးအုပ်စုနဲ့ သွားပေါင်း မိသွားပါတယ်။ တမီနစ်နီးပါး ပြတ်သွားတဲ့အတွက် ကွန်တာဒါ လွတ်သွားပြီလို့ ထင်ခဲ့မိပါ တယ်။ ဒါပေမယ့် မလွတ်ပါ။ နောက်ဆုံး ၁၂ နှစ်ထွေ တောင်အတက်မှာ အ၀ါရောင်အုပ်စု က ပြန်မိသွားပါတယ်။


(၁၂ ထွေတောင်နဲ့ သဘာဝရှုခင်းများ...)
ဒီနေ့ဖြတ်ခဲ့သမျှ တောင်တွေထဲမှာ စိတ်လှုပ်ရှားဖွယ်အကောင်းဆုံး၊ ဒါမှမဟုတ် ကြည့်လို့ အကောင်းဆုံးတောင်ကတော့ နောက်ဆုံးတက်ရတဲ့ ၁၂ ထွေ တောင်တန်းပါပဲ။ ကျိုက်မ ရောက ၇ နှစ်ထွေတို့၊ မေမြို့က ၃ ထပ်တို့နဲ့စာရင် တကယ့် အကွေ့အကောက် တောင်တက် လမ်းကြမ်းပါ။ 
အဲဒီမရောက်ခင် ရှေ့ပိုင်းကအမြင့်ဆုံးတောင်တွေဟာ ဘယ်လောက်အထိမြင့်သလဲဆိုရင် တိမ်တွေက တောင်ခါးပန်းရောက်နေပါတယ်။ တိမ်ပေါ်မှာ တောင်ထိပ်ကိုမြင်နေရပြီး တချို့ တောင်ထိပ်တွေမှာ အခုနွေလယ်ရာသီအထိ ရေခဲတွေရှိနေတုန်းပါ။
(၁၈ ရက်အပြီး သို့မဟုတ် ပန်းဝင်ဖို့ ၃ ရက်အလို GC ၁-၁၀ ရထားသူများ)
# Rider Name (Country) Team Result
1 Christopher Froome (GBr) Team Sky 74:13:31 
2 Nairo Quintana (Col) Movistar Team 0:03:10 
3 Alejandro Valverde (Spa) Movistar Team 0:04:09 
4 Geraint Thomas (GBr) Team Sky 0:06:34 
5 Alberto Contador (Spa) Tinkoff-Saxo 0:06:40 
6 Robert Gesink (Ned) Team LottoNL-Jumbo 0:07:39 
7 Vincenzo Nibali (Ita) Astana Pro Team 0:08:04 
8 Mathias Frank (Swi) IAM Cycling 0:08:47 
9 Bauke Mollema (Ned) Trek Factory Racing 0:12:06 
10 Romain Bardet (Fra) AG2R La Mondiale 0:12:52 တို့ဖြစ်ပါတယ်။
(စက်ဘီးထဲ မော်တာ ထည့်ထားသလား...)
ဒီနေ့ပွဲစဉ်အပြီး ထူးထူးခြားခြားထွက်လာတဲ့သတင်းတပုဒ်ကတော့ အ၀ါရောင်အကျီပိုင်ရှင် Christopher Froome (GBr) Team Sky ရဲ့ စက်ဘီးအပါဝင် ထိပ်တန်းစက်ဘီးသမား ၆ ဦး ရဲ့ စက်ဘီးတွေကို UCI နည်းပညာအဖွဲ့က စစ်ဆေးခဲ့တယ်လို့သိရပါတယ်။
အခြား ၅ ဦးကတော့ ဒီနေ့ပထမရတဲ့ Romain Bardet (Ag2r-La Mondiale), အစိမ်းရောင် အကျီပိုင်ရှင် Peter Sagan (Tinkoff-Saxo), အ၀ါရောင်အတွက် ဒုတိယ နေရာက ကပ် လိုက်နေသူ အဖြူရောင်အကျီပိုင်ရှင် Nairo Quintana (Movistar), Joaquim Rodriguez (Katusha) နဲ့ Pierre Rolland (Europcar) တို့ စက်ဘိးတွေဖြစ်ပါတယ်။
ဘာကိုအဓိကစစ်သလဲဆိုတော့ ဒီလူတွေ ဒီလောက်ကောင်းနေတာ စက်ဘီးထဲ လျှို့ဝက် မော်တာ တပ်ထားတာကြောင့်ဖြစ်မယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့်ပါ။ ဒါဟာ ရယ်စရာလိုလို ထင်ရပေမဲ့ ဒီလိုစွပ်စွဲချက် မကြာခဏထွက်ပေါ်လေ့ရှိပါတယ်။ ပြီးခဲ့တဲ့ မေလက အီတလီမှာ ကျင်းပတဲ့ Giro d’Italia ပွဲတုန်းကလည်း ပန်းရောင်အကျီပိုင်ရှင် Alberto Contador (Spa) Tinkoff-Saxo ရဲ့ စက်ဘီးကို ဒီလိုပဲ စစ်ဆေးခဲ့ပါသေးတယ်။
(မနက်ဖြန်ပွဲ ဘယ်သူ အနိုင်ရမလဲ...)
မနက်ဖြန်မှာတော့ Saint-Jean-de-Maurienne ကနေ La Toussuire - Les Sybelles အထိ 138 km ကီလိုမီတာကို ဆက်လက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ ပေ ၇၀၀၀ နီးပါး တလုံး၊ ၅၀၀၀ နီးပါး ၃ လုံးအပါဝင် တနေကုန် တောင်တက်ရမှာမို့ ဒီနေ့လိုပဲ တာတိုသမားတွေ အ တွက်မရှိပါ။ တောင်တက်ဘုရင်တွေ၊ အထူးသဖြင့် အ၀ါရောင်အုပ်စုထဲက ၃ မီနစ် ၄ မီနစ် ပြတ်နေသူတွေ မနက်ဖြန်မှာ နောက်ဆုံးအခွင့်အရေးအဖြစ် လက်ရှိအ၀ါရောင်ပိုင်ရှင် Christopher Froome (GBr) Team Sky ကို တတ်နိုင်သမျှ ဖြတ်နိုင်အောင် ကြိုးစားလိမ့် မယ်လို့ မျှော်လင့်ရပါတယ်။ ။
.........

Tour de France ၁၉ ရက်မြောက်နေ့ Nibali အနိုင်ရ။

ပြင်သစ်နိုင်ငံမှာ ကျင်းပနေတဲ့ ၂၁ ရက်ကြာ ကမ္ဘာ့နာမည်အကြီးဆုံး ပရိုဖက် ရှင်နယ် စက်ဘီးပြိုင်ပွဲ Tour de France ၁၉ ရက်မြောက်နေ့မှာ ၂၀၁၄ ချန်ပီ ယံ Vincenzo Nibali (Ita) Astana Pro Team က 4:22:53 နာရီနဲ့ တကိုယ် တော် ပထမ ရသွားပါတယ်။

သူ့နောက်မှာတော့ အ၀ါရောင်အကျီအတွက် ဒုတိယ နေရာက ကပ်လိုက်နေ သူ Nairo Quintana (Col) Movistar Team က 0:00:44 စက္ကန့်နောက်ကျ ပြိး ဒုတိယ ရပါတယ်။
လက်ရှိအ၀ါရောင်အကျီပိုင်ရှင် Christopher Froome (GBr) Team Sky က 0:01:14 မီနစ်နောက်ကျပြီး တတိယ ရပါတယ်။ ဒီနေပွဲဟာ အကြိတ်အနယ်ရှိ လှပေမဲ့ အ၀ါရောင်အကျီကိုတော့ Froome ကပဲ 0:02:38 မီနစ်အသာနဲ့ ထိမ်း ထားဆဲဖြစ်ပါတယ်။
(Breakaway အဖွဲ့ ပြန်ဖမ်းမိခြင်း...)
Saint-Jean-de-Maurienne ကနေ La Toussuire - Les Sybelles အထိ 138 km ကီလိုမီတာ ပြိုင်ပွဲဟာ တောင်တက် သက်သက်လိုဖြစ်နေတဲ့အတွက် တာတိုသမားတွေ အခြေနေမကောင်းပါ။ ဒါပေမယ့် ၂၁ ဦးပါ Breakaway တခု တာထွက်ပြီးသိပ်မကြာခင်မှာ ကတည်းက ထွက်ပြေးခဲ့ပါတယ်။
၎ မီနစ်နီးပါးအထိ Peloton ကိုဖြတ်ထားနိုင်ခဲ့ပေမဲ့ ပန်းဝင်တဲ့အထိ အဲဒီလို ထိမ်းမထားနိုင်ခဲ့ ပါ။ ဒါပေမဲ့ Breakaway ၂၁ ဦးထဲက နောက်ဆုံးလက်ကျန်ဖြစ်တဲ့ Pierre Rolland (Europcar) ဟာ ပန်းဝင်ဖို့ ၁၅ ကီလိုလောက်အထိ သို့မဟုတ် ဒီနေ့ ပထမ ရသွားတဲ့ Vincenzo Nibali (Ita) Astana Pro Team သူ့ကို မမိခင်အထိ ရှေ့ဆုံးကနေ ဦးဆောင် နိုင်ခဲ့ပါတယ်။
(Nibali ထွက်ပြေးလွတ်မြောက်ခြင်း...)
ဒီနေ့ပွဲဟာ တာထွက်ကတည်းက တောင်တက်ရတာမို့ ပထမ တောင်မှာတင် အ၀ါရောင် အုပ်စုအတွင်း တိုက်ခိုက်မှုအတော်များများဖြစ်ခဲ့ပါတယ်။ ကံဆိုးချင်တော့ အ၀ါရောင်အကျီ ပိုင်ရှင် Froome ရဲ့ အဓိက အသင်းဖေါ်လဲဖြစ်၊ GC နံပတ် ၄ နေရာကနေလိုက်နေသူလဲဖြစ်တဲ့ Geraint Thomas ပြတ်ကျန်ခဲ့ပါတယ်။
ပေ ၆၀၀၀ ကျော်မြင့်တဲ့ ဒုတိယတောင်ကိုတက်နေစဉ် Christopher Froome ရဲ့ စက်ဘီး ဟာ ကျောက်လုံးတခုနဲ့တိုက်မိပြီး ချိန်းကြိုးကျသွားတယ်လို့ယူဆရပါတယ်။ အဲဒီအချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် အခု ပထမ ရသွားတဲ့ Nibali က ၂ ကြိမ်တိတိ အသေချာလှည့်ကြည့် ပြီး တကိုယ်တော်အရှိန်တင်ထွက်ပြေးပါတယ်။ အဲဒီအချိန်ဟာ ပန်းဝင်ဖို့ ၆၂ ကီလိုတောင်လို သေးတဲ့အတွက် အလွန်စွန့်စားတဲ့ ထွက်ပြေးမှုအဖြစ် အကဲခတ်တွေကဆိုပါတယ်။
ဒါပေမယ့် Froome ကတော့ သူဒုက္ခရောက်နေစဉ်မှာ Nibali ဒီလိုထွက်ပြေးတာဟာ အားကစားသမားကောင်းမပီသဘူးလို့ ဝေဖန်ပါတယ်။ နီဘာလီကတော့ ဖရူး ဒုက္ခရောက် နေချိန်မှာတမင်ထွက်ပြေးတာ မဟုတ်ရပါဘူးလို့ငြင်းဆိုခဲ့ပါတယ်။

(အ၀ါရောင်အုပ်စုအတွင်း ချိန်ခွင်အပြောင်းအလဲ...)
ပြီးခဲ့တဲ့ ၁၈ ရက်တာလုံးလုံး နောက်မှာချည်းကျန်နေလို့ ဝေဖန်ခံနေရတဲ့ ၂၀၁၄ ချန်ပီယံ Vincenzo Nibali ဟာ ဒီနေ့မှာတော့ အံ့သြလောက်ဘွယ်ခြေကောင်းနေပါတယ်။ ပြီးတော့ ကံလည်းကောင်းတယ်ပြောရမှာပါ။ သူ စပြေးချိန်မှာ ဖရိုး ဒုက္ခများနေတဲ့အပြင် တခြားလူတွေ ကလည်း သူကိုမိအောင် ပြန်မဖမ်းကြပါဘူး။
ဒီလိုနဲ့တဖြေးဖြေးအရှိန်ရလာပြီး ရှေ့ကပြေးနေတဲ့ ၂၁ ဦးပါ Breakaway ထဲက လက်ကျန်လူ အတော်များများကို ကျော်ဖြတ်လာနိုင်ခဲ့ပါတယ်။ နောက်ဆုံးတော့ ရှေ့မှာ တဦးတည်း ဦးဆောင်နေသူ Pierre Rolland (Europcar) ကိုပါ နီဘာလီက မိသွားပါတယ်။ အဲဒီအချိန် မှာ သူနဲ့ အ၀ါရောင်အုပ်စုကြား Gap က ၂ မီနစ်ခွဲနီးပါးအထိ ရှိနေခဲ့ပါပြီ။
ပန်းဝင်ဖို့ ၅ ကီလိုအလိုမှာတော့ အ၀ါရောင်အုပ်စုတွင်း ဒုတိယနေရာကလိုက်နေသူ Nairo Quintana (Col) Movistar Team က အသားကုန်စတင်တိုက်ခိုက်ပါတယ်။ Christopher Froome နဲ့ Alejandro Valverde (Spa) Movistar Team၊ Alberto Contador (Spa) Tinkoff-Saxo တို့ ချက်ချင်းထလိုက်ပေမဲ့ မမီတော့ပါ။ 
ပိုဆိုးတာက Valverde နဲ့ Contador တို့ဟာ ဖရိုးနဲ့ပေါင်းပြီး ဆက်မလိုက်ပဲ နောက်မှာ ကျန် ခဲ့တဲ့လူတွေနဲ့ပြန်ပေါင်းလိုက်ပါတယ်။ ဖရိုးအသဲအသန်လိုက်ပေမဲ့ ကိုလံဘီယာ လူပုလေး ကင်တားနားရဲ့ အရှိန်က သိပ်ကောင်းနေတဲ့အတွက် တဖြေးဖြေးနဲ့ပြတ်ပြီး ပန်းဝင်ချိန်မှာ စက္ကန့် ၃၀ အထိ ပြတ်သွားခဲ့ပါတယ်။
ဒါကြောင့် ဒီနေ့တာထွက်စဉ်က GC ဇယားနဲ့ အခု ပွဲအပြီး ဇယားအတော်ပြောင်းသွားခဲ့ပါ တယ်။ တာထွက်စဉ်က နံပတ် ၄ နေရာမှာရှိနေခဲ့သူ Geraint Thomas နံပတ် ၁၅ အထိ လျော့ကျသွားပါတယ်။ တခါ ပထမ ရတဲ့ Nibali က နံပတ် ၇ ကနေ ၄ နေရာအထိတက်လာ ခဲ့ပါတယ်။
(၁၉ ရက်အပြီး သို့မဟုတ် ပန်းဝင်ဖို့ ၂ ရက်အလို ၁-၁၀ ရထားသူစာရင်း)
General classification after stage 19# Rider Name (Country) Team Result
1 Christopher Froome (GBr) Team Sky 78:37:34 
2 Nairo Quintana (Col) Movistar Team 0:02:38 
3 Alejandro Valverde (Spa) Movistar Team 0:05:25 
4 Vincenzo Nibali (Ita) Astana Pro Team 0:06:44 
5 Alberto Contador (Spa) Tinkoff-Saxo 0:07:56 
6 Robert Gesink (Ned) Team LottoNL-Jumbo 0:08:55 
7 Mathias Frank (Swi) IAM Cycling 0:12:39 
8 Bauke Mollema (Ned) Trek Factory Racing 0:13:22 
9 Romain Bardet (Fra) AG2R La Mondiale 0:14:08 
10 Pierre Rolland (Fra) Team Europcar 0:17:27
(မနက်ဖြန် ဘယ်သူနိုင်မလဲ...)
မနက်ဖြန်မှာတော့ Modane Valfréjus ကနေ Alpe d'Huez အထိ 110.5 km ကီလိုမီတာ ကို ဆက်လက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ မနက်ဖြန်ပွဲဟာလည်း ဒီနေ့လိုပဲ တောင်တက်သက် သက်ဖြစ်တဲ့အတွက် GC သမားတွေပဲ အကြိတ်အနယ်ပြိုင်ရလိမ့်မယ်လို့ ခန့်မှန်းနိုင်ပါတယ်။ အထူးသဖြင့် လက်ရှိ အ၀ါရောင်အကျီပိုင်ရှင် Christopher Froome ရဲ့နောက်မှာ ၂ မီနစ် ခွဲ ပြတ်နေသူ Quintana ခြေစွမ်းပြမဲ့နေ့လို့ ဟောကိန်းထုတ်ချင်ပါတယ်။
တခါ ဒီနေ့ ပထမ ရသွားတဲ့ လက်ရှိချန်ပီယံ Vincenzo Nibali ဟာလဲ ဒီနေ့ခြေစွမ်းမျိုးကိုသာ မနက်ဖြန်ဆက်ရမယ်ဆိုရင် အ၀ါရောင်အကျိလုပွဲဟာ အခြေနေတမျိုးပြောင်းသွားနိုင်ပါတယ်။ တချိန်တည်းမှာပဲ စပိန်ကချန်ပီယံ Valverde နဲ့ Giro d’Italia ပန်းရောင်အကျီပိုင်ရှင် Contador တို့ကိုလည်း လျော့တွက်ထားလို့ မဖြစ်ပါဘူး။ 
အစဉ်အလာအားဖြင့်ဆိုရင်တော့ မနက်ဖြန်ပွဲဟာ GC အ၀ါရောင်အကျီ ဘယ်သူရမလဲဆိုတာ ကို ဆုံးဖြတ်တဲ့နေ့ပါပဲ။ နောက်ဆုံးနေ့ တနင်္ဂနွေမှာ ပဲရစ်ကိုဝင်ရင် GC သမားတွေ အကြိတ် အနယ်စီးလေ့မရှိတော့ပါ။ နောက်ဆုံးနေ့တာထွက်ကတည်းက လက်ရှိအ၀ါရောင်အကျီပိုင် ရှင်က ရှန်ပိန်သောက်ပြီး ကြိုတင်အောင်ပွဲခံလေ့ရှိပါတယ်။
ဒါကြောင့် မနက်ဖြန်ပွဲမှာ Quintana (Col)၊ Valverde (Spa)၊ Nibali (Ita) နဲ့ Contador (Spa) တို့ Froome (GBr) ကို ဘယ်လောက်အထိဖြိုနိုင်မလဲ။ ၂ မီနစ် ၃ မီနစ်အထိ ဖြတ်နိုင် မလားဆိုတာဟာ အတော်စိတ်ဝင်စားဘွယ်ဖြစ်နေပါကြောင်း....။ ။
..........

Tour de France ၂၀ ရက်မြောက်နေ့ Pinot အနိုင်ရ။

ပြင်သစ်နိုင်ငံမှာ ကျင်းပနေတဲ့ ၂၁ ရက်ကြာ ကမ္ဘာ့နာမည်အကြီးဆုံး ပရိုဖက် ရှင်နယ် စက်ဘီးပြိုင်ပွဲ Tour de France ၂၀ ရက်မြောက်နေ့မှာ Thibaut Pinot (Fra) FDJ.fr က 3:17:21နာရီနဲ့ တကိုယ်တော် ပထမ ရသွားပါတယ်။

သူ့နောက်မှာတော့ GC ဒုတိယ နေရာမှ ကပ်လိုကနေသူ Nairo Quintana (Col) Movistar Team က 0:00:18 နောက်ကျနဲ့ ဒုတိယ ရပါတယ်။ Ryder Hesjedal (Can) Cannondale-Garmin Pro Cycling Team က 0:00:41 စက္ကန့် နောက်ကျနဲ့ တတိယ ရပါတယ်။
ဒါပေမဲ့ GC ပထမနေရာ အ၀ါရောင်အကျီကိုတော့ အပြောင်းအလဲဖြစ်အောင် မလုပ်နိုင်ခဲ့ကြ တဲ့အတွက် Christopher Froome ကပဲ ဆက်ထိမ်းထားဆဲဖြစ် ပါတယ်။
(Breakaway အလုပ်ဖြစ်သလား...)
Modane Valfréjus ကနေ Alpe d'Huez အထိ 110.5 km ကီလိုမီတာ ပြိုင်ပွဲတလျောက် ဟာ တောင်တက်သက်သက်ဖြစ်တဲ့အတွက် တာတိုသမားတွေ ရှေ့မတက်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ တချို့ကတော့ တာလွှတ်ကတည်းက ထွက်ပြေးကြပါတယ်။ ၄ ဦး လောက်လွတ်သွားပေမဲ့ သိပ်မကြာခင်မှာ Peloton က ပြန်မိသွားပါတယ်။
ဒါပေမဲ့ ပေ ၆၀၀၀ ကျော်မြင့်တဲ့ ဒုတိယတောင်အတက်မှာတော့ အဲဒီ ၄ ဦးပါ Breakaway အဖွဲ့ဟာ ၇ မီနစ်နီးပါးအထိ Peloton ကိုဖြတ်ထားနိုင်ခဲ့ပါတယ်။ အဲဒီချိန်မှာ အ၀ါရောင် အုပ်စု နဲ့အတူ တဖွဲ့လုံးလိုက်ပါနေတဲ့ကြားထဲက တိုက်ခိုက်မှုတချို့ရှိပြီး ၁၀ ဦးခန့် ထွက်ပြေးလွတ် မြောက်သွားပါသေးတယ်။ ဒါပေမယ့် သူတို့ဟာ ရှေ့ပြေး ၄ ဦးကိုမမိပဲ Peloton က ပြန်မိသွား ပြန်ပါတယ်။
ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် Breakaway ထဲမှ Geniez (Fdj) ဟာ ပန်းဝင်ဖို့ ၁၀ ကီလို ၀န်းကျင်အလိုအထိအ၀ါရောင်အုပ်စုကို ၂ မီနစ်ခွဲပြတ်အောင် တကိုယ်တော် စွမ်းဆောင်သွား ခဲ့တာကတော့ မှတ်တမ်းပါပဲ။

(သိပ်ကောင်း၊ ဒါပေမဲ့ သိပ်နောက်ကျသွားတဲ့ ကင်တားနား...)
ဒီနေ့စိတ်ဝင်စားဖို့အကောင်းဆုံးစက်ဘီးသမားကတော့ GC အတွက် ၂ မီနစ်ခွဲနီးပါးပြတ်ပြီး ဒုတိယနေရာက ကပ်လိုက်နေသူ ကိုလံဘီယာလူပုလေး ကင်တားနားပါပဲ။ မနေ့က ကြိုတင် ဟောကိန်းထုတ်ခဲ့တဲ့အတိုင်း ဒီနေ့ဟာ သူ့အတွက် အရေးကြီးဆုံးနဲ့ နောက်ဆုံးနေ့ပါပဲ။ 
ဒါကြောင့် ပန်းဝင်ဖို့ကီလို ၆၀ ၀န်းကျင်အလိုမှာကတည်းက သူစတင်တိုက်ခိုက်တာကိုတွေ့ ရပါတယ်။ ၀ုန်းကနဲထွက်ပြေးသွားတဲ့အရှိန်ကြောင့် ၁၅ စက္ကန့်လောက်အထိ ဖရူးကိုဖြတ် ထားနိုင်လိုက်ပါတယ်။ တခါ ရှေ့မှာပြေးနေတဲ့ သူ့ရဲ့အသင်းဖေါ် Valverde နဲ့တွဲမိသွားတဲ့ အတွက် သူတို့ ၂ ဦး လွတ်အောင်ပြေးနိုင်လိမ့်မယ်လို့ပဲ ကျနော်က ထင်ခဲ့ပါတယ်။
ဒါပေမယ့် ဘာအတွက်အချက်မှားသလဲ၊ တကယ်ပဲ မစီးနိုင်လို့လျော့လိုက်တာလား၊ သိပ်မကွဲ ပြားပဲနဲ့ အရှိန်လျော့ချပြီး အ၀ါရောင်အုပ်စုနဲ့ပြန်ပေါင်းလိုက်ပါတယ်။ အဲဒီလို လျော့လိုက်တဲ့ အတွက် တကွဲတပြားစီဖြစ်နေတဲ့ စကိုင်းအသင်း ပြန်လည်စုစည်းခွင့်ရတဲ့အပြင် နောက်မှာ ပြတ်ကျန်နေခဲ့တဲ့ Peloton တခုလုံး တစုတည်းတခါပြန်ဖြစ်သွားပြန်ပါတယ်။
ကျနော်တဦးတည်းအမြင်ဆိုရင်တော့ ဒါဟာ ကင်တားနားရဲ့ မဟာဗျုဟာအမှားပါပဲ။ ပန်းဝင် ချိန် နောက်ဆုံးတင်ပြေးတဲ့အချိန်တွေ့ရတဲ့ သူ့ခြေစွမ်းဟာ ဖရူးထက်အများကြီးသာပါတယ်။ တကယ်လို့ အဲဒီ ကီလို ၆၀ အလိုဝန်းကျင်ကတည်းကသာ ဖရူးကိုပြတ်အောင်ဖြတ်ပြီး ပြေး နိုင်မယ်ဆိုရင် အခုရတဲ့ တမီနစ်ခွဲမကပဲ၂ မီနစ်ခွဲအထိပြတ်ပြီး အ၀ါရောင်အကျီတောင် ရသွား နိုင်တယ်လို့ မြင်မိပါတယ်။
(Pinot ဘယ်လို ပထမ ရသွားသလဲ...)
အ၀ါရောင်အုပ်စုအတွင် အဲဒီလိုအကြိတ်အနယ်ပြိုင်နေစဉ်၊ ဒါမှမဟုတ် နာမည်ကြီးတွေ အချင်းချင်းစောင့်ကြည့်နေချိန်မှာ အခု ပထမ ရသွားတဲ့ Pinot နဲ့ ၄ ဦးပါအဖွဲ့တခုက အ၀ါ ရောင်အုပ်စုကိုကျော်ပြီး ရှေ့ကိုတက်လာပါတယ်။
ဒီအုပ်စုဟာ တဖြေးဖြေးနဲ့ ရှေ့မှာကျန်နေတဲ့ Breakaway လက်ကျန်တွေနဲ့ပေါင်းမိပြီး ၆-၇ ဦး အထိရှိလာပြီး အရှိန်ပိုကောင်းလာပါတယ်။ ဒါပေမယ့် Geniez က ၂ မီနစ်ခွဲအထိဖြတ်ပြီး ရှေ့ မှာပြေးနေပြီး သူ့နောက်မှာလဲ အခြားတဦးက တမီနစ်ပြတ်နဲ့ကပ်လိုက်နေတဲ့အတွက် သူတို့ အုပ်စု အဲဒီရှေ့ပြေး ၂ ဦးကို မမီနိုင်တော့ဘူးလို့ ထင်ခဲ့မိပါတယ်။
ဒါပေမယ့် Pinot နဲ့ Pierre Rolland တို့ ၂ ဦးပေါင်းလိုက်ရင်းနဲ့ ပန်းဝင်ဖို့ ၁၀ ကီလိုဝန်းကျင် အလို နောက်ဆုံးတောင်အတက် တ၀က်ခရီးလောက်မှာ Geniez ကို သူတို့မိသွားပါတယ်။ အဲဒီနောက် သူတို့ ၂ ဦး ပထမ ရဖို့အကြိတ်အနယ်ယှဉ်ပြိုင်ပါတယ်။
တချိန်တည်းမှာပဲ ရှေ့မှာတင်ပြခဲ့တဲ့ ကိုလံဘီယာ လူပုလေး ကင်တားနားကလဲ နောက်ဆုံး အကြိတ်ကြိုးစားခြင်းအဖြစ် ပန်းဝင်ဖို့ ၅ ကီလိုဝန်းကျင်အလိုမှာ အသားကုန်တင်ပြီး အ၀ါရောင်အုပ်စုကနေ မလွတ်လွတ်အောင် ထွက်ပြေးနိုင်ခဲ့ပါတယ်။ ဖရုးအတော် ခြေကုန် လက်ပန်းကျနေတာကိုတွေ့ရပြီး သူ့ရဲ့အသင်းဖေါ် ၂ ဦးက ဦးဆောင်ခေါ်ယူတာကိုတောင် မနိုင် တနိုင်နဲ့ ပန်းဝင်စည်းရောက်တဲ့အထိ လိုက်လာခဲ့ရပါတယ်။
(၂၀ ရက်နေ့အပြီး သို့မဟုတ် ပန်းဝင်ဖို့တရက်အလို ၁-၁၀ ရထားသူတွေ...)
# Rider Name (Country) Team Result
1 Christopher Froome (GBr) Team Sky 81:56:33 
2 Nairo Quintana (Col) Movistar Team 0:01:12 
3 Alejandro Valverde (Spa) Movistar Team 0:05:25 
4 Vincenzo Nibali (Ita) Astana Pro Team 0:08:36 
5 Alberto Contador (Spa) Tinkoff-Saxo 0:09:48 
6 Robert Gesink (Ned) Team LottoNL-Jumbo 0:10:47 
7 Bauke Mollema (Ned) Trek Factory Racing 0:15:14 
8 Mathias Frank (Swi) IAM Cycling 0:15:39 
9 Romain Bardet (Fra) AG2R La Mondiale 0:16:00 
10 Pierre Rolland (Fra) Team Europcar 0:17:30 တို့ဖြစ်ပါတယ်။
(မနက်ဖြန် ဘယ်သူနိုင်မလဲ...)
မနက်ဖြန်မှာတော့ Sèvres - Grand Paris Seine Ouest ကနေ Paris Champs-Elysees အထိ 109.5 km ကီလိုမီတာကို ဆက်လက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ ဆက်လက်ယှဉ်ပြိုင် တယ်ဆိုပေမဲ့ အ၀ါရောင်အကျီအတွက် အဖြေကတော့ ဒီနေ့ ၂၀ ရက်ပွဲစဉ်မှာရထားတာကို အပြောင်းအလဲမဖြစ်နိုင်တော့ပါဘူး။
အဓိပါယ်ကတော့ Quintana (Col) Movistar Team မနက်ဖြန်မှာ သေအောင်ကောင်းနေပါ စေ။ Christopher Froome (GBr) Team Sky ကိုပြတ်နေတဲ့ 0:01:12 မီနစ်ကို ဘယ်လိုမှ ပြန်မဖြည့်နိုင်တော့ပါ။ နောက်ဆုံးနေ့မှာ ဒီလိုဖြည့်နိုင်ဖို့ အကြိတ်အနယ်ပြိုင်တဲ့ ထုံးစံလဲမရှိပါ။
ဒါကြောင့် အ၀ါရောင်အကျီပိုင်ရှင် GC ကို Christopher Froome က ရသွားပြီဖြစ်ပါတယ်။ မနက်ဖြန် တာထွက်တာနဲ့ Christopher Froome နဲ့ စကိုင်းအသင်းသားအားလုံး စက်ဘီး စီးရင်း ရှန်ပိန်သောက်ပြတော့မှာဖြစ်ပါတယ်။ 
တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ ၂၀၁၃ ခုနှစ်ကအတိုင်း Christopher Froome က ပထမ နဲ့ Quintana က ဒုတိယ ရသွားပြီဖြစ်ပါတယ်။ 
အလားတူ အစိမ်းရောင်အကျီကိုလဲ Peter Sagan (Svk) Tinkoff-Saxo က ၄ နှစ်ဆက် တိုက်ရသွားပြီဖြစ်ပါတယ်။ မနက်ဖြန် ပါရီအ၀င် Champs-Elysees မှာ နာမည်ကြီး Sprinter တဦးဦးအနိုင်ရမှာသေချာပေမဲ့ အဲဒီလူဟာ Sagan ဟုတ်ချင်မှဟုတ်ပါလိမ့်မယ်။ ဒါပေမယ့် ပြသာနာမရှိ။ သူရဲ့လက်ရှိအမှတ်က 420၊ ဒုတိယ နေရာက ကပ်လိုက်နေသူ André Greipel (Ger) Lotto Soudal က 316၊ John Degenkolb (Ger) Team Giant-Alpecin က 281 နဲ့ Mark Cavendish (GBr) Etixx - Quick-Step က 192 ဆိုတော့ တခြားလူတွေ ပထမ ရ ရင်တောင် အများဆုံးအမှတ်က ၅၀ ပဲရမှာမို့ အစိမ်းရောင်ကို ဆာဂန်က ရထားပြီးသားဖြစ် နေပါပြီ။
လူငယ်ခြေတက် အဖြူရောင်အကျီကိုတော့ GC ဒုတိယရတဲ့ ကင်တားနားက ရထားပြီးသား ဖြစ်ပါတယ်။ ဖြူ-နီ-ကျား တောင်တက်ဘုရင်ဆုကိုတော့ Quintana နဲ့ Froome ဘယ်သူရ မလဲ မသေချာသေးပါ။ ဒါမှမဟုတ် တခြားတဦးကိုလဲ ပေးကောင်းပေးနိုင်ပါတယ်။
မနက်ဖြန် Champs-Elysees မှာ ပထမ ရနိုင်တဲ့သူကို ဟောကိန်းထုတ်ပါဆိုရင်တော့ ရှေ့မှာ တင်ပြခဲ့တဲ့ Peter Sagan, André Greipel, John Degenkolb, Mark Cavendish နဲ့ Alexander Kristoff တို့ ၅ ဦးထဲက တဦးရလိမ့်မယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။ ။
..........

သတင်း ၃ ပတ်ကြာ Tour de France ပြိုင်ပွဲ Chris Froome အ၀ါရောင် အကျီရရှိ။

ပြင်သစ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၁ ရက်ကြာ ကမ္ဘာ့နာမည်အကြီးဆုံး ပရိုဖက် ရှင်နယ် စက်ဘီးပြိုင်ပွဲ Tour de France ၂၁ ရက်မြောက်နေ့၊ နောက်ဆုံးနေ့ ပွဲစဉ်မှာ André Greipel (Ger) Lotto Soudal က 2:49:41 နဲ့ ပထမ ရသွား ပါတယ်။

ပဲရစ်မြို့ အောင်ပွဲခံလမ်းမကြိး Champs-Elysees ကိုပတ်စီးတဲ့ပွဲမှာ ဒုတိယ ရသူကတော့ Bryan Coquard (Fra) Team Europcar ဖြစ်ပြီး တတိယ ကိုတော့ နော်ဝေးနိုင်ငံသား Alexander Kristoff (Nor) Team Katusha တို့ ရရှိပါတယ်။
နောက်ဆုံးနေ့ပွဲမှာ ပထမ ရဖို့ အခုလို အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြပေမဲ့ ၂၁ ရက်ပေါင်း ပထမ သို့မဟုတ် အ၀ါရောင်အကျီကတော့ မနေ့ပြောခဲ့တဲ့အတိုင်း Christopher Froome (GBr) Team Sky ကပဲ 84:46:14 နာရီနဲ့ အေးဆေး စွာရရှိ သွားပြီဖြစ်ပါတယ်။
(ပါရီတော့ ဖြေးဖြေးပေါ့...)
Sèvres - Grand Paris Seine Ouest ကနေ Paris Champs-Elysees အထိ 109.5 km ကီလိုမီတာပွဲမစခင်ကတည်းက မိုးရွာပြီးရာသီဥတုဆိုးနေတဲ့အတွက် တာထွက်စဉ်ကနေ ပါရီ မြို့ထဲရောက်တဲ့အထိ ဖြေးဖြေးချင်းသာ စီးနင်းတာကိုတွေ့ရပါတယ်။
ရာသီဥတုအကြောင်း ကြားဖြတ်တခုပြောရမယ်ဆိုရင် Tour de France အုပ်စု တာမထွက် ခင်မှာ La Course လို့ခေါ်တဲ့ အမျိုးသမီး စက်ဘီးအသင်းများရဲ့ ချန်ပီလုပွဲကို ပါရီမြို့လယ် Champs-Elysees လမ်းမပေါ်ကျင်းပခဲ့ပါတယ်။ အမျိုးသမီးတွေဖြစ်လို့ အရှိန်မထိမ်းတတ် တာလားမသိပါဘူး။ မိုးရွာလို့ ချောနေတဲ့လမ်းပေါ် လဲလိုက်တဲ့အကြိမ် မနည်းလှပါဘူး။
ဒီတော့အမျိုးသားအဖွဲ့က ညနေ ၄ ခွဲလောက်မှာတာထွက်ပြီး မြို့ထဲ အေးအေးဆေးဆေးဝင် လာပါတယ်။ မိုးကတဖြေးဖြေးနဲ့ပါးလာပြီး တဖြေးဖြေးချင်းအရှိန်တက်လာပါတယ်။ ပါရီမြို့ကို ၁၀ ပတ် ပတ်တဲ့အထဲက နောက်ဆုံး ၄ ပတ်လောက်ကျန်မှာမှ အရှိန်စတင်ပြီး ၃ ဦးပါ Breakaway အဖွဲ့တခု ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။
ဒါပေမယ့် စက္ကန့် ၃၀ ထက်ပိုပြီးမပြေးနိုင်ပါဘူး။ ၂ ပတ်အလိုမှာတော့ နောက်တဦးပါ ထပ် ထွက်ပြေးပြီး အဲဒီ ၃ ဦးနဲ့သွားပေါင်းတဲ့အတွက် ရှေ့ပြေးအဖွဲ့မှာ ၄ ဦးဖြစ်သွားပါတယ်။


(နောက်ဆုံးနေ့ဟောကိန်းနဲ့ Greipel ...) 
မနေ့ညနေက ဟောကိန်းထုတ်ခဲ့တဲ့အတိုင်း နောက်ဆုံးနေ့ Champs-Elysees လမ်းမပေါ် ပထမ ရမဲ့သူဟာ နာမည်ကြီး Sprinter ၅ ဦးထဲက တဦးဖြစ်လိမ့်မယ်ဆိုတဲ့အတိုင်း Point အစိမ်းရောင်အကျီအတွက် ဒုတိယ နေရာက ကပ်လိုက်နေသူ André Greipel (Ger) Lotto Soudal က ပထမ ရသွားပါတယ်။
တတိယ အဖြစ်လဲ ကျနော်မှန်းခဲ့တဲ့ ၅ ဦးထဲက တဦးဖြစ်သူ Alexander Kristoff (Nor) Team Katusha ကရရှိပါတယ်။ လွဲတာဆိုလို့ ဒုတိယ ရသွားတဲ့ ပြင်သစ်လူငယ်လေး Bryan Coquard (Fra) Team Europcar တဦးသာရှိပါတယ်။ ဒီနေ့ ပထမ ရအောင်ကြိုး စားမယ်လို့ပြောခဲ့သူ၊ အရင်ကလည်း ရနေကြဖြစ်သူ Mark Cavendish (GBr) Etixx - Quick-Step ကတော့ ဒီနေ့ပွဲမှာ ကံခေပြီး နံပတ် ၆ ဖြစ်သွားခဲ့ပါတယ်။
(အ၀ါရောင်အကျီ၊ Christopher Froome နဲ့ Team Sky...)
မနေ့က ကြိုတင်အစီရင်ခံခဲ့တဲ့အတိုင်း ၂၁ ရက်တာအတွက် ပထမ အ၀ါရောင်အကျီကို Christopher Froome က အေးအေးဆေးဆေးလေးနဲ့ ယူသွားပြီဖြစ်ပါတယ်။ မိုးရွာထဲ တာစထွက်စဉ်ကတည်းက ရှန်ပိန်သောက် အောင်ပွဲခံခဲ့ပြီးသားပါ။ သူ ဒီလိုရနိုင်အောင် စကိုင်း အသင်းသားတွေက အများကြီးကူညီပေးခဲ့ပါတယ်။
ဒါပေမယ့် အသင်းလိုက် ပထမ ဆုကိုတော့ စကိုင်းကမရပဲ ဒုတိယ ရတဲ့ ကင်တားနားရဲ့ Movistar Team အသင်းက 55:24:24 နာရီနဲ့ ပထမ ရသွားပါတယ်။ Team Sky က 0:57:23 မီနစ်နောက်ကျပြီး ဒုတိယနဲ့ ဆာဂန်တို့ရဲ့ Tinkoff-Saxo 1:00:12 နာရီနောက်ကျ ပြိး တတိယရပါတယ်။

(အ၀ါ၊ အစိမ်း၊ အဖြူနဲ့ ပျောက်ကျား အကျီပိုင်ရှင်များ...)
၂၁ ရက်တာအတွက် ပထမ ဆု အ၀ါရောင်ကျီကို Team Sky မှ Christopher Froome ရ သွားပြီး ဒုတိယနဲ့ တတိယ ကိုတော့ Movistar အသင်းမှ Nairo Quintana (Col) နဲ့ Alejandro Valverde (Spa) တို့ကရရှိပါတယ်။ ဒီနှစ်ရလာဒ်ဟာ ၂၀၁၃ နဲ့အတော်တူပြီး ပထမ ရသူနဲ့ ဒုတိယ ရသူတို့ဟာ ၂၀၁၃ တုန်းကလည်း အခုလိုပဲ ရရှိခဲ့ကြပါတယ်။
အစိမ်းရောင်အကျိ Point အများဆုံးဆုကိုတော့ Peter Sagan (Svk) Tinkoff-Saxo က 432 မှတ်နဲ့ ရသွားပါတယ်။ သူဟာ အရင်နေ့တွေက Breakaway တွေထဲပါပြီး ရသမျှ Point တွေကိုယူနိုင်တဲ့အတွက် အခုလိုရသွားတာပါ။ ဘာကြောင့်လဲဆိုရင် ဒီနေ့ ပထမ ရတဲ့ André Greipel (Ger) Lotto Soudal က ပထမ ရတဲ့အတွက် Point ၅၀ ထပ်ရတာကြောင့် မနေ့က အမှတ်မှာ ၅၀ ထပ်ပေါင်းပြီး 366 မှတ်အထိရှိလာလို့ဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ပီတာဆာဂန်ဟာ အစိမ်းရောင်အကျီကို ၄ နှစ်ဆက်တိုက်ရသူအဖြစ် မှတ် တမ်းဝင်သွားပါတယ်။ တခါ ဒီနှစ်ပွဲအတွင်း ပထမ တကြိမ်မှ မရလိုက်ပေမဲ့ ဒုတိယ ချည်း ၅ ကြိမ်ရသူ။ ၄ နှစ်တာပွဲစဉ်အတွင်း ဒုတိယ ၁၆ ကြိမ်ရသူအဖြစ် မှတ်တမ်းဝင်သွားပါတယ်။
အဖြူရောင်အကျီ လူငယ်ခြေတက် စက်ဘီးသမားဆုကိုတော့ တပွဲလုံးအတွက် ဒုတိယ ရသူ ကိုလံဘီယာလူငယ် Nairo Quintana (Col) Movistar Team က ရသွားပါတယ်။ ၂၁ ရက် စလုံးအတွက် တောင်တက်ဘုရင်ဆု ဖြူ-နီ ကွက်ကျားအကျီကိုတော့ ပထမ ရတဲ့ Christopher Froome ကပဲ ပူးတွဲရယူသွားခဲ့ပါတယ်။

(၂၁ ရက်တာအပြီး GC ၁-၁၀ ရသူများ...)
Final general classification after stage 21# Rider Name (Country) Team Result
1 Christopher Froome (GBr) Team Sky 84:46:14 
2 Nairo Quintana (Col) Movistar Team 0:01:12 
3 Alejandro Valverde (Spa) Movistar Team 0:05:25 
4 Vincenzo Nibali (Ita) Astana Pro Team 0:08:36 
5 Alberto Contador (Spa) Tinkoff-Saxo 0:09:48 
6 Robert Gesink (Ned) Team LottoNL-Jumbo 0:10:47 
7 Bauke Mollema (Ned) Trek Factory Racing 0:15:14 
8 Mathias Frank (Swi) IAM Cycling 0:15:39 
9 Romain Bardet (Fra) AG2R La Mondiale 0:16:00 
10 Pierre Rolland (Fra) Team Europcar 0:17:30 တို့ဖြစ်ပါတယ်။

(သြဂုတ်လမှ ပြန်တွေ့မယ်...)
၂၁ ရက်ကြာ မဟာပြိုင်ပွဲကြီးတခုပြီးသွားလို့ စက်ဘီးသမားတွေနားသလို ကျနော်လည်း ခေတ္တအနားယူပါ့မယ်။ လာမဲ့သြဂုတ်လထဲ စပိန်မှာကျင်းပမဲ့ ဒီနှစ်အတွက် နောက်ဆုံး ၂၁ ရက်တာပွဲ (22 August- 13 September) Vuelta a España ကျမှ ပြန်ဆုံကြပါစို့လို့ နှုတ် ဆက်လိုက်ပါတယ်။
ဒါပေမဲ့ ဒီကြားထဲမှာလည်း အချိန်ရမယ်ဆိုရင် WT အဆင့်ပွဲတိုလေးတွေဖြစ်တဲ့ ... (03 August- 09 August) Tour of Utah။ (10 August- 16 August) Eneco Tour Road Netherlands/Belgium။ (13 August- 16 August) Arctic Race of Norway Road Norway တို့ကိုလည်း ကြိုးစားတင်ပြပေးသွားမှာဖြစ်ပါတယ်။ ။
.....................။   ။

သဘာဝအလှကို ခြံစည်းရုံးခတ် ကာကွယ်ဖို့ မလိုပါ

Sunday, July 26 , 2015. The Voice Daily. 

ဟောလီးဒေးရာသီမှာ ဘယ်သွားခဲ့ကြသလဲ

ဝါဆို ၀ါခေါင် ရေဖောင်ဖောင်ဆိုတဲ့အတိုင်း မြန်မာနဲ့ အာဆီယံ ဒေသနိုင်ငံတွေမှာ ရေးကြီး ရေလျှံမှုတွေ ဖြစ်နေပေမဲ့ နော်ဝေးနဲ့ ဥရောပမှာတော့ ဒီအချိန်ဟာ နွေရာသီဖြစ်ပါတယ်။ အထူးသဖြင့် ဇူလိုင်လဟာ ဥရောပသားတွေ ဟောလီးဒေး (Vacation) ထွက်တဲ့လ ပါ။

လူ ဦးမှာ ဦး ဒီရာသမီမှာ ဟောလီးဒေးထွက်တယ်လို့ နော်ဝေးမီဒီယာတွေကရေးပါတယ်။ အဲဒီထဲက ၅၁ ရာခိုင်နှုန်းဟာ နိုင်ငံရပ်ခြားဆီထွက်ကြပြီး နေရာအသစ်၊ ယဉ်ကျေးမှုအသစ်၊ အစားအသောက်အသစ် အဆန်းတွေကို ရှာဖွေကြတယ်လို့ဆိုပါတယ်။ ဒါကြောင့် ဖြစ်မယ်။ ဇူလိုင်လဆန်းပိုင်းကစပြီး အခု တတိယ သတင်းပတ်အထိ အော်စလိုမြို့လယ်လမ်းတွေ၊ ကုန်တိုက်တွေ၊ ကားဂိတ်တွ၊ မြေအောက်ရထားဘူတာ တွေမှာ လူအတော်နည်းသွားတာ၊ ချောက်ကပ်ကပ်ဖြစ်သွားတာကို သတိထားမိပါတယ်။ 

ဒီနှစ်နွေမှာ ပြည်ပခရီးမသွားဖြစ်တဲ့ ကျနော်ကတော့ နော်ဝေးနိုင်ငံရဲ့ အနောက်တောင်အရပ်ရှိ ကမ္ဘာကျော် ကျောက်ဖျာတခုဆီ သွားလည်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ နော်ဝေးဘာသာနဲ့ Preikestolen အင်္ဂလိပ် ဘာသာနဲ့ the Pulpit Rock လို့ခေါ်တဲ့ ဒီကျောက်ဖျာဟာ ချင်းတိုင်းရင်းသားအများစုပါတဲ့ မြန်မာနိုင်ငံသားတွေ ရာနဲ့ချီအခြေချနေထိုင်တဲ့ ရေနံမြို့တော် Stavanger ဒေသမှာရှိပါတယ်။ 


လေယဉ်လက်မှတ်ဝယ်ပြီး အဲဒီမြို့ဆီ ကျနော်ရောက်သွားတဲ့အချိန်က မနက် ၁၁ နာရီလောက်ပဲရှိပါ သေးတယ်။ ကျောက်တုံးကြီးဆီ ဘယ်လိုသွားရမလဲ၊ အခုသွားရင် ညနေပြန်ရောက်နိုင်သလားဆိုပြီး မေးကြည့်တော့ဟောဒီ ဆိပ်ကမ်းကနေ Ferry စီးပါ။ ဟိုဖက်ကမ်းရောက်ရင် ဘတ်စ်ကားကြိုနေပါလိမ့် မယ်။ ကားဂိတ်ဆုံးကနေ ကျောက်တုံးဆီလျောက်မယ်ဆိုရင် အနည်းဆုံး နာရီခွဲ ကြာနိုင်ပါတယ်ဆိုပြီး ဟိုတယ်ဝန်ထမ်းကဖြေပါတယ်။

လှေနဲ့ ကားစီးချိန်ကလည်း တနာရီလောက် ထပ်ကြာဦးမယ်တဲ့။ အားလုံးပေါင်းလိုက်တော့ အသွားတခြမ်း တင် နာရီကျော်နေပြီ။ အပြန်နဲ့ပေါင်းရင် နာရီထားလိုက်။ တောင်ပေါ်မှာ ဟိုငေး၊ ဒီ ကြည့် လုပ်မဲ့အချိန်ပါ ပေါင်းရင် အနည်းဆုံး နာရီလောက် အချိန်ယူရမဲ့ခရီးပေါ့။ နွေရာသီဖြစ်လို့ ၁၀ နာရီမှ နေ၀င်တယ်ပဲထား။ အဲဒီကပြန်တဲ့ နောက်ဆုံးဘတ်စ်ကားက နာရီအထိပဲ ရှိသတဲ့။

ဒါတွေကို ကိုယ်က အသေးစိပ်သိမထားပါ။ Stavanger နဲ့ Preikestolen က ၂၅ ကီလိုပဲဝေးတယ်ဆိုတော့ နာရီဝက်လောက် ဘတ်စ်ကားစီးရင် အေးဆေးရောက်ပြီပေါ့။ တောင်ပေါ်တက်တယ်ဆိုရင်လည်း ကျိုက်ထိးရိုးစေတီဆီ တက်သလိုမျိုး ကားနဲ့တက်ပြီး နည်းနည်းပဲ လမ်းလျောက်ရမယ်လို့ ထင်ထားခဲ့တာပါ။


သစ်သားအိမ်နဲ့ ရေနံပြတိုက်

အခုတော့ အဲဒီလိုမဟုတ်။ ရာသီဥတုကလည်း နေ မသာပဲ မိုးက ခပ်အုပ်အုပ်။ လမ်းမှာမိုးမိရင် ဒုက္ခ။ လေကလည်း တိုက်သလားမမေးနဲ့။ ဒီတိုင်းဆိုရင်တော့ ဒီနေ့အတွက် စိတ်လျော့မှ ဖြစ်မယ်။ မနက်ဖြန်စောစောမှ ထတက်တော့မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ 


ဒါပေမဲ့ ဒီအထိလာပြီးမှ ဟိုတယ်ပေါ်ဒီတိုင်းတက်အိပ်နေလို့ ဘယ်ဖြစ်မလဲ။ တန်အောင်လျောက်လည်မှ ဆိုတဲ့ စိတ်ကူးနဲ့ မြို့ထဲလမ်းလျောက်ထွက်လာခဲ့ပါတယ်။ Stavanger ဟာ နော်ဝေးနိုင်ငံရဲ့ စတုတ္တ အကြီးဆုံးမြို့ဖြစ်ပြီး လူဦးရေ တသိန်းခွဲနီးပါးရှိတဲ့ ဆိပ်ကမ်းမြို့ဖြစ်ပါတယ်။ နိုင်ငံတကာရေနံကုပ္ဗဏီတွေ ရုံးစိုက်တဲ့မြိုံ၊ ပင်လယ်ကူးသဘောင်္တွေ ဆိုက်ကပ်တဲ့မြို့ဖြစ်တဲ့အတွက် အတော်စည်ကားပါတယ်။


ပြီးတော့ ထူးထူးခြားခြား အဖြူရောင်၊ အ၀ါနုရောင်ဆေးသုတ်ထားတဲ့ သစ်သားအိမ်ဟောင်း အတော် များများကို မြို့လယ်မှာ တွေ့ရပါတယ်။ ဒါတွေဟာ ၁၈ ရာစုနဲ့ ၁၉ ရာစုက သစ်သားအိမ်တွေဖြစ်ပြီး heritage ရှေ့းဟောင်းအမွေ အနှစ်ဖြစ် ထိမ်းသိမ်းထားတာဖြစ်တယ်လို့ ဆိုပါတယ်။ ထိမ်းသိမ်းထားတယ်ဆိုတာ ပြတိုက်လိုမျိုး ဘယ်သူမှ မတို့မထိပဲ ထားတာမျိုးမဟုတ်ပါ။ သူ့အိမ်ကိုယ့်အိမ်လိုပဲ သာမန်လူတွေ မိသားစုအလိုက်နေထိုင်နေတဲ့ မြို့ထဲကပုံမှန် လူနေအိမ်တွေသာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ လူနေအိမ်ကို ဒီလိုထိမ်းထားဖို့နေနေသာသာ ရှေးဟောင်း တိုင်တရာဘုန်းကြီး ကျောင်းတွေတောင် မရှိတော့ပါဘူး။ သစ်သားကျောင်းအိုတွေအစား တိုက်သစ်ကျောင်းဆောက်လှူမှ ခေတ်မီတယ်ဆိုတဲ့ တကာတွေရဲ့ဆန္ဒအရ နှစ် ၁၀၀ ၀န်းကျင်က ပျဉ်းကတိုးကျောင်းတွေကိုဖြိုချပြီး ကွန်ကရစ်ကျောင်းဆောင်တွေကို လက်ခံလိုက်ရတယ်လို့ ကျနော်တို့ရွာက တောရကျောင်းဆရာတော် မိန့်တာကို သွားအမှတ်ရမိပါတယ်။ 

နောက်ထပ် ထူးထူးခြားခြားတွေ့မိတာက ရေနံပြတိုက်။ မြန်မာနိုင်ငံမှာလည်း ရေနံထွက်ပေမဲ့ ရေနံပြတိုက်ရှိ တယ် လို့ တခါမှမကြားမိပါ။ ဒီမှာတော့ ရေနံကို ဘယ်လိုရှာဖွေတယ်၊ ဘယ်လိုတူးတယ်၊ ရရှိတဲ့ငွေတွေကို ဘယ်လို သုံးစွဲတယ် စသဖြင့် အသေးစိပ်ပြသထားပါတယ်။

၁၉၆၀ လွန်နှစ်တွေအတွင်း နော်ဝေးကမ်းလွန်မှာရေနံစတွေ့တဲ့အချိန်ဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာ စသိမ်းတဲ့အချိန်ပေါ့။ အဲဒီလိုရေနံမတွေ့မီအထိ နော်ဝေးဟာ ဘာမှတိုးတက်ကြီးပွါးမှု မရှိသေးပါ။ မြန်မာနိုင်ငံက အဲဒီ အချိန်မှာ အာဆီယံရဲ့ စီးပွါးရေးထိပ်ဆုံး။ ဒါပေမယ့် အခု ၅ နှစ်လောက်ကြာ ပြီးတဲ့ အခါမှာတော့ ရေနံထွက်တာခြင်းတူတဲ့ နိုင်ငံ ခု ဘယ်လောက်အထိ ကွာခြားသွားသလဲ။ ဘာကြောင်လဲ။

တကယ်တော့ ရေနံဆိုတာ တူးပြီးရောင်းစားရုံနဲ့ ကိစ္စပြီးတာမဟုတ်။ ရေနံတွေတူးလို့ကုန်သွားရင် ဘယ်လို လုပ်မလဲ၊ ဒီအတွက် ရေနံအစား တခြားစွမ်းအင်တွေကိုရှာဖို့ နော်ဝေးကကြိုးစားနေပါတယ်။ လောင်စာကို မီးရှို့ရာကနေ ထွက်လာတဲ့ အပူငွေ့တွေဟာ လေထုညစ်ညမ်းမှုကို အတော်ဆိုးဝါးစေတယ်လို့ဆိုပါတယ်။ ဒါကြောင့် ရေနံ၊ ဓာတ်ငွေ့၊ ကျောက်မီးသွေးလို တွင်းထွက်လောင်စာတွေအစား မီးခိုးမထွက်တဲ့ (ကာဗွန် မထွက်တဲ့) ရေအား၊ လေအား၊ နေ အားနဲ့ လည်နိုင်မဲ့ စွမ်း အင်တွေကို နော်ဝေးက ဦးဆောင်ပြီး ရှာဖွေနေတယ်။

၂၀၂၀ မှာ အားလုံးအစားထိုး ပြောင်းသုံးနိုင်ဖို့မသေချာသေးပေမဲ့ ၂၀၄၀ လောက်ဆို တကယ်ဖြစ်လာနိုင် တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာတော့ အခုထိ ရေနံတွင်းသစ်တွေ၊ ဓာတ်ငွေတွင်းသစ်တွေ၊ ကျောက်မီးသွေးတွင်းသစ် တွေ ရှာဖွေတူးဖေါ်လို့ကောင်းတုန်း၊ လျှပ်စစ်မီးမရသူက ၇၀ ရာခိုင်နှုန်းအထိ ရှိနေတုန်း။


Preikestolen ဆီ ချီတက်ပါတော့မည်

နွေလယ်ရာသီဆိုပေမဲ့ ကမ်းရိုးတန်းမြို့ရဲ့အပူချိန်က ၁၅ ဒီဂရီလောက်ပဲရှိပါတယ်။ လေတိုက်နှုန်းကလည်း - ကီလို လောက်ပြင်းပါတယ်။ ဒါပေမယ့် ဒီနေ့ မိုးမရွာဘူးလို့ပြထားတဲ့အတွက် မနက် နာရီခွဲလောက် ကတည်းက သဘောင်္ဆိပ်ဆီ ကျနော်ရောက်နေပါတယ်။ ဒီမြို့ကနေ Tau အထိ သဘောင်္စီး၊ ပြီးမှ ဘတ်စ်ကားနဲ့တဆင့် တောင်ခြေအထိသွား၊ အဲဒီကိုရောက်မှ လမ်းလျောက်တက်ရမယ်တဲ့။ ဒီအတွက် အသွားအပြန် လှေခ၊ ကားခ ၂၅၀ ခရိုနာ။ 


တကယ်လို့ လမ်းမလျောက်ချင်ဘူး၊ တောင်မတက်နိုင်ဘူးဆိုရင် ဒီနေရာကနေ ရေလက်ကြားတလျောက် သွားတဲ့ သဘောင်္ကိုစီး။ အသွားအပြန်မှ နာရီဝန်းကျင်ပဲကြာမယ်။ ကျောက်ဆောင်ပေါ် မရောက်နိုင်ပေမဲ့ ရေထဲကနေ ပေါ်မော်ကြည့်ပြီး ပြန်လာနိုင်တယ်။ ဒီအတွက် လှေခက ၄၂၀ ခရိုနာ။ 

ကိုယ်က ကျောက်ဆောင်ပေါ်တက်ချင်သူဆိုတော့ ပထမ နည်းကိုပဲရွေးလိုက်ပါတယ်။ ဒီနည်းက မေလ ရက်နေ့ ကနေ စက်တင်ဘာ ၃၀ ရက်နေ့အထိ ( ) ပဲ ရှိပါတယ်။ ကျန်တဲ့အချိန်သွားချင်တယ်ဆိုရင် ဒုတိယ နည်းကိုသာရွေးပေတော့။ Ferry ဆိုပေမဲ့ မော်လမြိုင်-မုတ္တမ (သံလွင်တံတားမရှိခင်က) ပြေးတဲ့ ဇက်တွေလို ခပ်သေးသေးမဟုတ် ပါ။ ကားအစိး ၂၀ လောက် တင်နိုင်တဲ့ ထပ် ရေယဉ်ကြီး။


လှစီး၊ ကားစီးပြီး တနာရီလောက်အကြာမှာတော့ တောင်ခြေရင်း ဟိုတယ်ဆီရောက်သွားပါတယ်။ ဟိုတယ်လည်း လူလျှံနေပြီထင်ပါရဲ့။ ဘေးနားက မျက်ခင်းပြင်နဲ့ သစ်တောစပ်ကကွင်းပြင်ထဲမှာ ရွက်ဖျက်တဲထိုးပြီး နေရာယူထားသူတွေက ရာနဲ့ချီရှိနေပါတယ်။ အတော်များများက အိပ်ခန်း၊ မီးဖိုခန်းတွေပါတဲ့ အပန်းဖြေခရီးထွက်တဲ့ ကားတွေနဲ့။ ကျနော်နဲ့အတူ တောင်တက်သူတွေထဲမှာတော့ ဘတ်စ်ကားစီးလာသူက အများစုပါ။

နာရီခွဲစာ တောင်တက်ခရီးကို ဘယ်လိုသွားရမလဲဆိုပြီး ကိုယ်ကစိုးရိမ်နေပေမဲ့ အနောက်တိုင်းသား ပင်စင်စား အဖိုး၊ အဖွားတွေက တုတ်ကောက်ကိုယ်စီနဲ့ ကိုယ့်ကိုကျော်တက်သွားခဲ့ပေါ့။ တချို့လူလတ်ပိုင်း တွေက လသားခလေးငယ်လေးကိုတောင် ကျောမှာပိုးပြီးခပ်သွက်သွက်တက်လို့။ ကျောင်းသားလေးတွေ၊ ဆယ်ကျော်သက်လေးတွေကတော့ ခုပေါက်ပြေးလွှားပြီး ဖြတ်ကျော်သွားကြလေရဲ့။ 

တောင်ခြေကနေ ကီလိုဝက်ခန့် မတ်စောင့်လှတဲ့ တောင်ကိုတက်ပြီးတဲ့နောက် နားနေစခန်း မြေပြန့်နေရာ လေးတခုကို တွေ့ပါတယ်။ လူသွားလမ်းကြမ်းမှအပ သစ်ပင်ကြီးတွေ၊ ကျောက်ဆောင်ကျောက်တုံးတွေက တကယ့်သဘာဝအတိုင်း။ သစ်မြစ်တွေက လမ်းပေါ်မှာ ကန့်လန့်ခံလိုခံ၊ ကျောက်တုံးတွေက မညီညာတဲ့ လှေကားထစ်တွေ။ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က တက်ခဲ့ဖူးတဲ့ ကျိုက်ထီးရိုးတောင်တက်လမ်းကို လွမ်းချင် စရာကြီး။

ပထမ ဆုံးတောင်ကို မြင့်လှပြီလို့ထင်ပေမဲ့ နောက်ထပ်တွေ့ရတဲ့တောင်အားလုံးက သူ့ ထက်မြင့်တာချည်း ပါ။ ထူးခြားတာကတော့ လူတွေထောင်၊ သောင်းချီသွားနေပေမဲ့ လမ်းကိုအသေချာပြင်ထား မပေးပါ။ သဘာဝအတိုင်း ရှိနေအောင် တမင်ပစ်ထားပုံရပါတယ်။ တချို့ရေအိုင်တဲ့နေရာတွေမှာတော့ လူနှစ်ဦး အသွား-အပြန် လျောက်သာရုံ သစ်သားတံတားလမ်းလေးထိုးပေးထားပါတယ်။ တောင်ခြေကနေ တောင်ထိပ်အထိ ကီလိုသာရှိတယ်ဆိုပေမဲ့ ၁၄ ကီလိုနဲ့မှား နေသလား၊ မရောက်နိုင်တော့ပါလားဆိုပြီး ခံစားရပါတယ်။

ကီလိုမှတ်တိုင်အနီးရှိ တောင်ကျောက မတ်စောင့်ဆုံးဖြစ်ပြီး ကျောက်ဆောင်ကို တွယ်တက်ရတဲ့အတွက် လူကို ''ဟောဟဲ'' ဖြစ်စေပါတယ်။ ရေကလဲစိုနေတော့ ဖိနပ်မကောင်းရင် ဂျိုင့်ထဲချော်ကျနိုင်ပါတယ်။ ဖိနပ် ဆိုလို့ ဒီတောင်ပေါ် တက်မယ်ဆိုရင် ခပ်ကောင်းကောင်း လမ်းလျောက်ဖိနပ်စီးလာဖို့လိုပါတယ်။ ၀တ်စုံ ကလည်း အားကစားဝတ်စုံနဲ့မှ အဆင်ပြေ နိုင်ပါတယ်။ ပြီးတော့ ခပ်သေးသေးကျောပိုးအိတ်ကိုလွယ်ပြိး အဲဒီထဲမှာ ရေ၊ အဆာပြေစားစရာနဲ့ သစ်သီးတချို့ ထည့်လာဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုရင် အသွား-အပြန် နာရီကျော်ခရီးစဉ်အတွင်း ဘာဆိုင်၊ ဘာတဲမှ မရှိပါ။ ကျိုက်ထီးရိုးတောင်နဲ့ မတူပါ။


တောင်ထိပ်ဆီရောက်ဖို့ တကီလိုခန့်အလိုမှာတော့ ရွှေရင်စို့ တောင်ကျောလို့ခေါ်နိုင်တဲ့ တကယ့်ကို တောင်နံရံ ပါးပါးလေးပေါ် ကပ်လျောက်သွားရတဲ့ လမ်းကျဉ်းလေးကိုဖြတ်ရပါတယ်။ မှတ်မှတ်ရရ လက်ကိုင်စရာနံရံပါတဲ့ သစ်သားတံတားငယ်ဆိုလို့ ဒီနေရာလေးတခုပဲရှိပါတယ်။ ကျန်နေရာတွေအားလုံး ပိုးလုံးပက်လက်။

အဲဒီ ရွှေရင်စို့ တောင်ကျောကိုကျော်ပြီးတာနဲ့ ကျောက်ဆောင်ကြီးအောက်က ရေလက်ကြားကို လှမ်းမြင် ရပါတယ်။ ပေ ၂၀၀၀ လောက်နက်တဲ့ ရေလက်ကြားနဲ့ တောင်နံရံကြားက လူသွားလမ်းပါးပါးလေးက ပေ၀န်းကျင်တောင် မရှိ။ ဘာအကာအရံမှလည်းမရှိ။ အသွားမတော်တလှမ်းဆိုသလို ခြေနဲနဲချော် သွားလို့ကတော့ မတွေးဝံ့စရာ။


ကိုယ်ကသာ မတွေးဝံ့ဖြစ်နေတာ။ လူငယ်တွေက ပြေးလွှားခုန်ပေါက်လို့။ အဲဒီ လမ်းကျဉ်းလေးကို ကျော်လိုက်တာနဲ့ ကမ္ဘာကျော် Preikestolen သို့မဟုတ် the Pulpit Rock ဆီရောက်ပြီလေ။ Wow! တကယ့်ကို အံ့မခန်းမြင်ကွင်းပါပဲ။ သဘာဝအလှဟာ တခါတရံမှာ စိတ်ကူးယဉ်ထားတာထက်တောင် ပိုလှနေတတ်ပါကလား။

ဒီကျောက်ဖျာရဲ့အကျယ်ဟာ ၂၅ မီတာ (၇၅ ပေ၀န်းကျင်) ပတ်လည်ရှိတယ်လို့သိရပေမဲ့ လူများလွန်းလို့ ခြေချစရာ နေရာတောင် မရှိပါဘူး။ အထူးသဖြင့် လာလည်သူတိုင်း ဓာတ်ပုံရိုက်ကြတဲ့ ကျောက်ဖျာရဲ့ အစွန်နေရာမှာ ဓာတ်ပုံရိုက်နိုင်ဖို့အရေး ၁၀ မီနစ်ခန့် တန်းစီစောင့်ရပါတယ်။ ဒီကျောက်ဖျာဟာ အောက်မှာမြင်နေရတဲ့ Lysefjord ရေလက် ကြားမျက်နှာပြင်ထက် ၆၀၄ မီတာ (ပေ ၂၀၀၀ နီးပါး) မြင့်ပါတယ်။ ဒီလောက်သဲထိပ်ရင်ဖို ကျောက်ဖျာစွန်းမှာမှ ခြေချိတ်ထိုင်ပြီး ဓာတ်ပုံရိုက်ရဲတဲ့ သူကရှိသေး။




အမြင့်ကြောက်တဲ့ ကိုယ်ကတော့ ခြေတွေလက်တွေ တုန်လို့။ ဒီထက်ပုံကောင်းကောင်းရချင်ရင် ဒီကျောက် ဖျာ နောက်ကျောက တောင်ကုန်းပေါ်တက်ပြီး အပေါ်စီးကနေရိုက်သင့်ပါတယ်။ အဲဒီလိုရိုက်နိုင်ဖို့ လူငယ်အတော်များများ ကျောက်တုံးတွေကိုဖက်ပြီးတက်နေကြပေမဲ့ ကိုယ်က ဆက်မတက်ရဲတော့ပါ။ လူတိုင်းတက်နိုင်အောင် လူသွားလမ်းအဖြစ်လဲ ပြင်ထားမပေးပါ။

တကယ့်ကို သဘာဝအတိုင်းရှိနေတဲ့ ကျောက်တောင်ကြီး။ ဒီကျောက်ဖျာကိုမြင်ရဖို့အရေး နှစ်စဉ် ဧည့်သည် သိန်း ခွဲခန့် လာလည်လေ့ရှိတယ်လို့သိရပါတယ်။ တချို့ဧည်တွေက ကျောက်ဖျာကြီးကို ဒီတိုင်း အကာ အရံမရှိပဲ ထားတာဟာ အန္တာရယ်များလွန်းတယ်၊ အချိန်မရွေးပြုတ်ကျနိုင်တဲ့အတွက် ကျောက်ဖျာ ဘေးနားတလျောက်ကို သံတိုင်တွေနဲ့ အခိုင်အမာခြံစည်းရိုးခတ်ထားသင့်တယ်လို့ အကြံပြုဖူးတယ် ဆိုပါတယ်။ ဒါပေမယ့် နော်ဝေးအာဏာပိုင်တွေ ဖက်ကတော့ အဲဒီလိုကာလိုက်ရင် သဘာဝ အလှ ပျက်သွားမယ်။ သဘာဝကို သဘာဝအတိုင်း ပဲထားသင့်တယ်လို့ ဆုံးဖြတ်ခဲ့ကြောင်းသိရပါတယ်။





တကယ်လို့ ဒီကျောက်ဖျာကြီးသာ နော်ဝေးမှာမဟုတ်ပဲ မြန်မာနိုင်ငံမှာရှိနေမယ်ဆိုရင် အာဏာပိုင်တွေက ခြံစည်းရုံးခတ်ပြီး ကာကွယ်လေမလား။ ကျိုက်ထီးရိုးစေတီဆီတက်သလိုမျိုး တောင်ထိပ်အထိ ကားလမ်း ဖောက်လိုက်လေ မလား။ ကျောက်ဆောင်ဆီသွားတဲ့လမ်းတလျောက်မှာ ဈေးဆိုင်တွေ၊ ဟိုတယ်တွေ ဆောက်ခွင့်ပေးလိုက်လေ မလား။ သစ်ပင်ကြီးတွေ၊ ကျောက်ဆောင်တွေကြားမှာ ဘီယာဗူးခွံ၊ ရေသန်ဗူးခွံ၊ ပလစတစ်စတွေနဲ့ ရှုတ်ပွနေလေ မလား။ တကယ်တော့ သဘာဝအလှဆိုတာ သဘာဝအတိုင်းရှိနေမှ တန်ဖိုးရှိမယ်မဟုတ်ပါလား။        

Share

Twitter Delicious Facebook Digg Stumbleupon Favorites More