Wednesday, February 25, 2015

“ ကိုးကန့် ပြသနာ ဘယ်လို နားလည်၊ ဘယ်လို ဖြေရှင်းရမလဲ ”

စည်သူအောင်မြင့်
ပြည်သူ့ခေတ် ဂျာနယ်။ ၂၅-၂-၁၅။

(နောက်ခံသမိုင်းကြောင်းသိချင်သူများအတွက် ထပ်မံမျှဝေပါသည်)။

အားလုံးသိကြပြီဖြစ်တဲ့အတိုင်း ခုဆိုရင် ရှမ်းပြည်နယ် ကိုးကန့်ဒေသမှာ ၂၀၀၉ ခုနှစ်က ထွက်ပြေးတိမ်းရှောင်သွားခဲ့ရတဲ့ ဦးဖုန်းကြားရှင်းရဲ့ တပ်နဲ့ အစိုးရတပ် တိုက်ပွဲတွေ ဖြစ်ပွားနေပြီး နိုင်ငံတော် သမ္မတ က စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ဖို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို အာဏာ လွှဲအပ်ထားလိုက်ပြီဖြစ်ပါတယ်။ ဒါကို လွှတ်တော်ကလည်း အတည်ပြုလိုက်ပါပြီ။ အခုနောက်ဆုံး အခြေအနေအရ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးသူတွေ၊ အလုပ်ခွင်တွေကနေ ထွက်ခွာကြရသူတွေ တစ်သိန်းကျော်သွားပါပြီ။ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ တစ်ခုလုံး စစ်မြေပြင် ဖြစ်သွားပြီး တည်ငြိမ်အေးချမ်းမှုလည်း ပျက်ပြား၊ နယ်စပ်ကုန်သွယ်ရေးတွေလည်း ရပ်ဆိုင်းသွားခဲ့ပါပြီ။ 

ကိုးကန့်လို့ ခေါ်တဲ့ ရှမ်း အထူးဒေသ(၁) ဘယ်လို ပေါ်ပေါက်လာခဲ့တာပါလဲ၊ ၂၀၀၉ မှာ ဘာ ပဋိပက္ခတွေဖြစ်ခဲ့ပြီး အခု ဘယ်အခြေအနေ ပြန်ရောက်နေပြီလဲ၊ ဖြစ်ပွားခဲ့တဲ့ အခြေအနေတွေအရ တပ်မတော်ရဲ့ တိုက်ခိုက်ရေး စွမ်းရည် ကျဆင်းနေပြီလို့ ပြောလို့ရမလား၊ အခု ပြသနာမှာ တရုတ်အစိုးရက နောက်ကွယ်က ပါဝင်ပတ်သက်နေသလား၊ တိုက်ပွဲနဲ့ ပတ်သက်ပြီး ပြည်သူတွေက ဘယ်လို တုန့်ပြန်ကြသလဲ၊ စစ်အုပ်ချုပ်ရေး ပြဌာန်းလိုက်လို့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ဖြစ်လာလေမလား၊ ငြိမ်းချမ်းရေးကို ထိခိုက်လာလေမလား၊ ဒီ ပြသနာ နောက်ဆက်တွဲ ဘာတွေ ဖြစ်လာနိုင်မလဲ ဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။

ကိုးကန့်ပြသနာ နောက်ခံသမိုင်း

ကိုးကန့်နယ်မြေ အကြောင်းပြောရင် ၁၉၆၇ ခုနှစ် မြန်မာနိုင်ငံကို စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေ၀င်း အုပ်ချုပ်ခဲ့စဉ် ဖြစ်ပွားခဲ့တဲ့ တရုတ်-ဗမာ အရေးအခင်းအကြောင်းက စ ပြောရပါလိမ့်မယ်။ ၁၉၆၇ ဇွန်လမှာ တရုတ်-ဗမာ အရေးအခင်းဖြစ်ပြီး ရန်ကုန်နဲ့ နယ်မြို့ အတော်များများမှာ တရုတ်လူမျိုးတွေ အသတ်ခံရ၊ အကြမ်းဖက်ခံရ၊ တရုတ်သံရုံး တိုက်ခိုက်ခံရမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီပဋိပက္ခကြီး ဖြစ်ပွားပြီးနောက် မြန်မာပြည်ပေါက် တရုတ်လူမျိုး အတော်များများ မြန်မာပြည်ကနေ စွန့်ခွာ ထွက်ပြေးကြပါတယ်။ မြန်မာနိုင်ငံအတွင်း ခုလို ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး တရုတ်ကွန်မြူနစ်ပါတီနဲ့ တရုတ် အစိုးရ ခေါင်းဆောင်တွေ အလွန် စိတ်ဆိုးပါတယ်။

ဒီလိုနဲ့ တရုတ်နိုင်ငံထဲ ၀င်ရောက်ခိုလှုံနေတဲ့ ကချင်စစ်ဗိုလ် နော်ဆိုင်း၊ ကိုးကန့် ခေါင်းဆောင် ဖုန်ကြားရှင်း အပါအ၀င် အင်အားစု တစ်ချို့ကို ဗမာပြည် ကွန်မြူနစ် ပါတီ (ဗကပ) အလံအောက်မှာ စုစည်းပြီး ၁၉၆၈ ခုနှစ် ဇန်န၀ါရီ ၁ ရက်နေ့မှာ ရှမ်းပြည်နယ်ကို လက်နက်လူသူအင်အား အလုံးအရင်းနဲ့ ၀င်ရောက်တိုက်ခိုက်ပါတော့တယ်။ မြန်မာနိုင်ငံထဲက သူပုန်တွေကို ဗကပ အလံအောက်မှာ စုစည်း တိုက်ခိုက်စေတယ် ဆိုပေမယ့် တကယ် တိုက်ခိုက်တဲ့ဆီမှာ တရုတ်နိုင်ငံသား ဗော်လံတီယာ တပ်ဖွဲ့တွေလည်း အများအပြား ပါဝင်ခဲ့ပါတယ်။ နောက်ပိုင်း အဲဒီ တရုတ်နိုင်ငံသားတွေဟာ ဗကပ တပ်ဖွဲ့ထဲမှာ ရာထူးကြီးတဲ့ တပ်မဟာ နိုင်ငံရေးမှူး၊ တပ်မဟာမှူး တာဝန်တွေအထိ ထမ်းဆောင်ကြပါတယ်။

အဲဒီအချိန် မြန်မာနိုင်ငံထဲ ၀င်ရောက်တိုက်ခိုက်ဖို့ တရုတ်အကြံပေးတွေနဲ့ ဗကပ တွေ ရွေးချယ်ခဲ့တဲ့ နေရာကတော့ လက်ရှိ တိုက်ပွဲတွေ ပြန်ဖြစ်နေတဲ့ ကိုးကန့်ဒေသပါ။ ဇန်န၀ါရီ (၁) ရက်နေ့မှာ တရုတ်တပ်ဖွဲ့၊ နော်ဆိုင်း တပ်ဖွဲ့နဲ့ ဗကပ ကိုယ်စားလှယ်တွေ ပါဝင်တဲ့ ပူးပေါင်းတပ်ဖွဲ့ဟာ ကိုးကန့်ဒေသ မုန်းကိုး က အစိုးရတပ် ခလရ ၄၅ စခန်းကို ၀င်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ပါတယ်။ ဇန်န၀ါရီလ ၃ ရက်နေ့မှာတော့ တရုတ်တပ်ဖွဲ့၊ ဖုန်ကြားရှင်း တပ်ဖွဲ့နဲ့ ဗကပ ကိုယ်စားလှယ် ပူးပေါင်း တပ်ဖွဲ့ဟာ ကိုးကန့်ဒေသက လုံထန် အစိုးရ စခန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့ပြန်ပါတယ်။ ပြောရရင် ကိုးကန့်နယ်မြေ ဆိုတာဟာ တရုတ်တပ်တွေ ဗကပ အလံထောင်ပြီး ၀င်တိုက်ခဲ့တဲ့ ပထမဦးဆုံး မြန်မာ့ပိုင်နက် နယ်မြေပါ။

နောက်ပိုင်း အဲဒီ အရှေ့မြောက်ဒေသမှာ ဗကပ ရဲ့ အင်အားသောင်းချီ တပ်နဲ့ လွတ်မြောက်နယ်မြေကြီး ပေါ်ပေါက်လာပါတယ်။ အဲဒီ နယ်မြေတွေထဲမှာ ကိုးကန့်၊ ၀၊ မိုင်းလားနဲ့ ကချင်ပြည်နယ်က ၁၀၁ စစ်ဒေသတွေပါဝင်ပါတယ်။ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းမှာ ခုလို တရုတ်ကျူးကျော်မှု ပေါ်ပေါက်ပြီးနောက် ကြောက်လန့် နောင်တ ရသွားတဲ့ စစ်အာဏာရှင် ဦးနေ၀င်းဟာ တရုတ်နိုင်ငံကို ကောင်းကောင်းမွန်မွန် ပြန်ဆက်ဆံပါတယ်။ ဆက်ဆံရေးကောင်းအောင် ပြန်တည်ဆောက်ပါတယ်။ ဒီလိုနဲ့ ၁၉၈၀ မှာ တရုတ်ကွန်မြူနစ်ပါတီဟာ ဗကပ ကို ကူညီထောက်ပံ့မှုတွေ တဖြေးဖြေး ရပ်ဆိုင်းလိုက်တဲ့အတွက် အခြေအနေယိုယွင်းလာပြီး ဘိန်းစိုက်၊ ဘိန်းကုန်ကူးရတဲ့ အခြေအနေအထိ ရောက်သွားခဲ့ပါတယ်။

ဗကပ ခေါင်းဆောင်တွေဟာ အဲလို ယိုယွင်းသွားတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး တိုင်းရင်းသားခေါင်းဆောင်တွေ အပေါ် အပစ်ပုံချဖို့ ကြိုးစားခဲ့ပါတယ်။ တိုင်းရင်းသားခေါင်းဆောင် ဒါမှမဟုတ် စစ်ဘုရင်တွေ ဖြစ်ကြတဲ့ ဖုန်ကြားရှင်း၊ ကျောက်ညီလိုင်၊ ပေါက်ယူချန်း တို့လို ခေါင်းဆောင်တွေ အပေါ်ကိုပါ။ ဒါကို ကြိုတင်သိမြင်တဲ့ နိုင်ငံရေးပါးနပ်တဲ့ ဖုန်ကြားရှင်းဟာ ၁၉၈၉ ခုနှစ်မှာ ဗမာပြည်ကွန်မြူနစ်ပါတီ ဗကပ ဗဟိုကို ပုန်ကန်တဲ့ ပထမ ဦးဆုံးသူဖြစ်လာပြီး ကိုးကန့်ဟာ ဗကပ ခေါင်းဆောင်မှုကို တော်လှန်တဲ့ ပထမ ဦးဆုံးနယ်မြေ ဖြစ်လာပါတယ်။

ဖုန်ကြားရှင်းရဲ့ တော်လှန်ပုန်ကန်မှုကို ဗကပ ခေါင်းဆောင်တွေ အလွန်စိတ်ဆိုးကြပါတယ်။ ဖုန်ကြားရှင်းနဲ့ ကိုးကန့်တပ်ဖွဲ့ကို ဖေါက်ပြန်တဲ့ ရန်သူတွေအဖြစ် သတ်မှတ်ပြီး ချေမှုန်းဖို့ ကြိုးစားပါတယ်။ ပေါ်လစ်ဗျူရို အဖွဲ့ဝင်လည်းဖြစ် အရှေ့မြောက် စစ်ဒေသမှူးလည်း ဖြစ်တဲ့ ရဲဘော်စိုးသိမ်းကို ခေါင်းဆောင်စေပြီး ကိုးကန့်ကို တိုက်ဖို့ စေလွှတ်ပါတယ်။ ဒါပေမယ့် ၀ တပ်ဖွဲ့ခေါင်းဆောင်တွေဟာ ကိုယ့်တိုင်းရင်းသား အချင်းချင်း ကိုးကန့်ကို မတိုက်ချင်ပါဘူး။ ဒီလိုနဲ့ပဲ ပေါ်လစ်ဗျူရို ရဲဘော်စိုးသိမ်း၊ ၀မြောက်ခရိုင်မှူး ရဲဘော်မြသန်းတို့ကို အကျယ်ချုပ်နဲ့ ဖမ်းဆီးပြီး တပ်တွေ ပန်ဆန်းဘက် ပြန်လှည့်၊ ဗကပ ဗဟိုဌာနချုပ်ကို အာဏာသိမ်းဖို့ လုပ်ခဲ့ကြတာဖြစ်ပါတယ်။

ဝ တပ်ဖွဲ့တွေဟာ ၁၉၈၉ ဧပြီ ၁၇ ပန်ဆန်းဗဟိုဌာန ချုပ်ကို အာဏာသိမ်း၊ သခင်ဗသိန်းတင် အပါအ၀င် ဗကပ ခေါင်းဆောင်တွေကို တရုတ်နိုင်ငံဘက်အခြမ်း မောင်းထုတ်လိုက်ကြပါတယ်။ တရုတ်နယ်မြေထဲ ရောက်သွားတဲ့ ဗကပ ခေါင်းဆောင်တွေ ဟာ လက်ကျန်ကေဒါတွေကို စုစည်းပြီး တပ်ဖွဲ့ပြန်ဖွဲ့ မြန်မာနိုင်ငံထဲ ပြန်ဝင်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ အဲဒီအချိန် တရုတ်ကွန်မြူနစ်ပါတီကလည်း ဗကပ ကို အကူအညီပေးနေဆဲဖြစ်ပါတယ်။ မြန်မာပြည်အတွင်း ၀င်ရောက်တိုက်ခိုက်ဖို့ နောက်ဆုံး ရွေးချယ်ခဲ့တဲ့ နေရာကတော့ ကိုးကန့်ဒေသပဲ ဖြစ်နေပြန်တာပါ။

ဗကပ လက်ကျန်တပ်ဖွဲ့ဟာ လက်နက်ဂိုဒေါင်တွေရှိတဲ့ ကိုးကန့်ဒေသ မုန်းကိုး တဖက်ကမ်းမှာ စုစည်းပြီး မြန်မာနိုင်ငံထဲ ၀င်ရောက်ဖို့ ကြံစည်ပါတယ်။ ဒါကို သတင်းအစအန ရသွားတဲ့ ဖုန်ကြားရှင်းဟာ အာဏာသိမ်း ဗမာအစိုးရတပ်နဲ့ မြန်မြန် အပစ်ရပ်ပြီး အစိုးရတပ်ကိုပါ သူ့နယ်မြေထဲ ခေါ်သွင်းခဲ့ပါတယ်။ တကယ်လို့ ဗကပ လက်ကျန်တပ်တွေ တရုတ်ပြည်ဘက်ကနေ ၀င်တိုက်လာရင် ခုခံနိုင်အောင်လို့ပါ။ ဖုန်ကြားရှင်းရဲ့ အဲလို လက်ဦးမှုရယူ ပြင်ဆင်နိုင်ခဲ့လို့ ဗကပ လက်ကျန်တပ်ဖွဲ့ဟာ ကိုးကန့်ဒေသကနေ မြန်မာပြည်ထဲ ၀င်ဖို့ အခွင့်မသာတော့ပဲ တရုတ်ကွန်မြူနစ်ပါတီ အကူအညီနဲ့ တရုတ်နယ်မြေထဲကနေ အမြှောက်လက်နက်တွေ သယ်ယူပြီး ကချင်ပြည်နယ် ကမ်ပိုင်တီဘက် ရွှေ့ပြောင်းသွားခဲ့ရပါတယ်။

၁၉၈၉ ခုနှစ်ကတည်းက အစိုးရနဲ့ အပစ်ရပ်ထားတဲ့ ကိုးကန့်ဒေသဟာ နိုင်ငံရေးအရ ဖြေရှင်းမှု တစ်စုံတစ်ရာမှ မရခဲ့ပါဘူး။ ဦးဖုန်ကြားရှင်းရဲ့ ဦးဆောင် အပစ်အခတ် ရပ်စဲမှု လုပ်ခဲ့လို့သာ အဲဒီအချိန်က ပြည်သူကို အကြမ်းဖက် အာဏာသိမ်းခဲ့တဲ့ န၀တ စစ်အစိုးရ စစ်ရေး၊ နိုင်ငံရေးအရ အသက်ရှူချောင်သွားခဲ့တာ ဖြစ်ပါတယ်။ ဗကပ တပ်တွေ ပြိုကွဲ၊ အပစ်ရပ်လိုက်နိုင်ပြီမို့ တောင်ပိုင်းက ကေအဲန်ယူနဲ့ မဟာမိတ်တပ်တွေကို ဖိတိုက်နိုင်သလို၊ မြို့ပေါ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်၊ အင်န်အယ်လ်ဒီ နဲ့ အတိုက်အခံတွေကို အပြင်းအထန် နှိပ်ကွပ်နိုင်ခဲ့ပါတယ်။ ပြောရရင် ဗမာ စစ်အစိုးရ သက်တန်းကြာရှည်အောင် ဦးဖုန်ကြားရှင်က ကောင်းကောင်း အလုပ်အကျွေးပြုခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဗမာစစ်အာဏာရှင်တွေဟာ တိုင်းရင်းသားတွေကို တန်းတူအခွင့်အရေး မပေးခဲ့ပါဘူး။ နိုင်ငံရေးပြသနာ ဖြေရှင်းမပေးပါဘူး။ ၂၀၀၈ မှာ သူတို့ စိတ်ကြိုက်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံကို အတင်းအကြပ် အတည်ပြုပြီးတဲ့နောက် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကို နယ်ခြားစောင့် တပ်ဖွဲ့ဖို့ အတင်းအကြပ် ဖိအားပေးပါတော့တယ်။ အဲဒီအထဲမှာ ၀၊ ကချင်၊ မိုင်းလား တပ်ဖွဲ့တွေနဲ့ အတူ ကိုးကန့်တပ်ဖွဲ့တွေပါဝင်ပြီး သူတို့ဟာ နယ်ခြားစောင့်တပ်ဖွဲ့ရေး လက်မခံပါဘူး။ 

ဒီအခါ အစိုးရတပ်ဟာ တပ်ဖွဲ့တစ်ခုခုကို အင်အားသုံးဖြေရှင်းဖို့ ကြံစည်ပါတယ်။ ဖြစ်ချင်တော့ ကိုးကန့်နယ်မြေထဲမှာ အစိုးရ စစ်တပ် ရောက်နေနှင့်ပြီးသားပါ။ အခြား တပ်ဖွဲ့နယ်မြေနဲ့ မတူပါဘူး။ အဲဒီမှာတင်ပဲ မူးယစ်ဆေးဝါး နဲ့ အချင်းချင်း ပဋိပက္ခဆိုတာတွေ အကြောင်းပြပြီး ဦးဖုန်းကြားရှင်းရဲ့ တပ်တွေကို တိုက်ထုတ်ပစ်လိုက်ပါတယ်။ ဦးဖုန်ကြားရှင်းလည်း လွတ်ရာ ကျွတ်ရာ ထွက်ပြေးရပါတယ်။ ကိုးကန့်နယ်မြေ ဖြစ်ပေါ်လာပုံကြည့်မယ် ဆိုရင် စစ်ဘုရင်တစ်ယောက်ဖြစ်တဲ့ ဦးဖုန်ကြားရှင်းအနေနဲ့ သူ အလုပ်အကျွေးပြုခဲ့တဲ့ ဗမာစစ်တပ်၊ ဗမာအစိုးရကို ဘယ်လောက် နာကျည်းနေမလဲ ခန့်မှန်းနိုင်ပါတယ်။ စစ်အာဏာရှင်တွေ အကျိုးကို အများကြီး သယ်ပိုးခဲ့သူတစ်ယောက် အနေနဲ့ သစ္စာဖေါက်ခံရလေခြင်း လို့လဲ ခံစားသွားနိုင်ပါတယ်။

ဦးဖုန်ကြားရှင်းဟာ နိုင်ငံရေးပရိယာယ် ကြွယ်ဝ ပါတယ်။ အခုနောက်ဆုံး တရုတ်ပြည်က သူတို့ ဘဏ်စာရင်းတွေကို ပြန်ဖွင့်ပေးတာ၊ ကေအိုင်အေ နဲ့ အစိုးရတပ် ပဋိပက္ခ၊ မြန်မာ့နိုင်ငံရေး စတဲ့ အခြေအနေတွေ အားလုံးကို အသုံးပြုပြီး သူ့တပ်ဖွဲ့ သူ ပြန်တည်ထောင်နိုင်ခဲ့ပါပြီ။ လက်ရှိ တိုက်ပွဲဝင်နေတဲ့ MNDAA တပ်ဖွဲ့ ပြောခွင့်ရသူ ပြောသလောက် ဆိုရင် သူ့တပ်ဖွဲ့ အင်အား တစ်ထောင်လောက် ရှိမယ် ဆိုပါတယ်။ ဘယ်က ထုတ်နှုတ်အင်အားတွေနဲ့ ဖွဲ့စည်းထားတယ် မသိနိုင်ပေမယ့် နည်းတဲ့ အင်အားတော့ မဟုတ်ပါဘူး။ ၀န်ကြီးဦးအောင်မင်းကတော့ ဖုန်ကြားရှင်းရဲ့ တပ်ဖွဲ့ထဲမှာ တရုတ်နိုင်ငံထဲက မျိုးနွယ်တူ ကိုးကန့်လူမျိုးတွေလည်း ပါဝင်နိုင်တယ်လို့ မှတ်ချက်ပေးထားပါတယ်။

တပ်မတော် တိုက်စွမ်းရည် ကျလာသလား

အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း ကိုးကန့်တိုက်ပွဲ စ ဖြစ်ဖြစ်ချင်း တပ်မတော်ဘက်က အကျအဆုံး အလွန်များခဲ့ပါတယ်။ အရာရှိ၊ စစ်သည်နဲ့ ရဲတပ်ဖွဲ့ဝင် ၅၀ ကျော်ကျဆုံးပြီး အရာရှိ၊ စစ်သည် ၇၀ ကျော် ဒါဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ဒါနဲ့ပါတ်သက်ပြီး တပ်မတော်ရဲ့ တိုက်ရေးခိုက်ရေး စွမ်းရည်နဲ့ ပါတ်သက်ပြီး မေးခွန်းထုတ်တာ ရှိလာပါတယ်။ တိုင်းပြည်မှာ နိုင်ငံ့ဘတ်ဂျက် အများဆုံး အသုံးပြုခွင့်ရနေတဲ့ တပ်မတော်ဟာ ဘာကြောင့် ဒီလို အရည်အသွေး ကျဆင်းရသလဲ ဆိုတာပါ။

ကိုးကန့်ဖြစ်စဉ် ကို သုံးသပ်မယ်ဆိုရင် အရင် ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို အကျဉ်းလောက် ပြန်ပြောဖို့ လိုပါလိမ့်မယ်။ ၂၀၀၉ ခုနှစ်မှာ တပ်မတော်က တိုက်ထုတ်တာ ခံလိုက်ရတဲ့ ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင်ရဲ့ MNDAA တပ်ဖွဲ့ လှုပ်ရှားမှုဟာ ၂၀၁၄ ခုနှစ်မှာ ပီပီပြင်ပြင် ပြန်ပေါ်လာပါတယ်။ ရှမ်းပြည်မြောက်ပိုင်းမှာ တအောင်း၊ ပလောင် တပ်ဖွဲ့တွေနဲ့ အတူတူ အစိုးရတပ်ကို တိုက်ခိုက်တဲ့ တိုက်ပွဲတွေမှာပါ။ ခေတ်သစ်မှာ လက်နက်ကိုင် တိုက်ပွဲနဲ့အတူ မီဒီယာ တိုက်ပွဲပါ ရှိနေတဲ့အတွက် အဲဒီ တိုက်ပွဲတွေမှာ ကိုးကန့်တပ်ဖွဲ့တွေ ပါဝင်ကြောင်း သတင်းထုတ်ပြန်တာလုပ်၊ ကမ္ဘာကို ကြိုတင် သိစေခဲ့တာ ဖြစ်ပါတယ်။ မြန်မာပြည်တွင်းက ပြည်သူတွေ သိကြသလို၊ တပ်မတော်ဘက်ကလည်း သိကြမှာပါ။

ဒါတင်မက ကိုးကန့်နယ်ထဲမှာ တိုက်ပွဲတွေ မဖြစ်ခင် တရုတ်ကွန်မြူနစ်အာဘော် ဂလိုဘယ်လ်တိုင်းမ် သတင်းစာက ဦးဖုန်ကြားရှင်ရဲ့ အင်တာဗျူးကို ဖော်ပြပေးခဲ့ပါတယ်။ အဲဒီမှာ သူပြောခဲ့တာက အစိုးရအနေနဲ့ ကိုးကန့်ကိစ္စ သူ့ရဲ့ MNDAA တပ်ဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးစေချင်တယ်၊ အခု သူတို့ တပ်ဖွဲ့တွေဟာ အခြား မဟာမိတ် တိုင်းရင်းသားတွေနဲ့ ပူးပေါင်းပြီး တိုက်ပွဲဝင်နေတယ်၊ သူနဲ့ သူ့တပ်ဖွဲ့ဟာ သူတို့ဇာတိ ကိုးကန့်နယ်မြေ အိမ်ကို ပြန်မယ် ဆိုပြီး ပြောဆိုခဲ့ပါတယ်။ တစ်နည်းပြောရရင် အစိုးရက သူတို့ကို လက်ခံဆွေးနွေးတာ မလုပ်ရင် သူတို့ အိမ် ကိုးကန့်နယ်မြေ ကို ပြန်တိုက်ယူမယ်လို့ ပြောလိုက်တာပါပဲ။

ပြောရရင် ကိုးကန့်နယ်မြေထဲ တိုက်ပွဲတွေ ဖြစ်ပွားလာတာဟာ ဘယ်လို အကြောင်းအချက်မှ မရှိပဲ ရုတ်တရက် ကောက်ခါငင်ကာ အလစ်အငိုက် တိုက်တဲ့ သဘောမျိုး မဟုတ်ပါဘူး။ ကြိုတင် ကြေငြာထားတဲ့ တိုက်ပွဲမျိုးပဲ ဖြစ်ပါတယ်။ ဒါကို တပ်မတော်ဘက်က လုံလောက်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်မထားဘူး ဆိုတာ လောက်ကိုင် တိုက်ပွဲက သက်သေပြသလို ဖြစ်နေပါတယ်။

တပ်မတော်ရဲ့ သတင်းထုတ်ပြန်ချက်အရ ကိုးကန့်ဒေသထဲ တိုက်ခိုက်ရေးသမားတွေ စိမ့်ဝင်တယ်၊ အသေအခြာ ပြင်ဆင်၊ ယူနီဖေါင်း အသစ်တွေ ၀တ်ပြီးမှ ထ တိုက်တယ် ဆိုတာပါ။ ဒါဟာ စစ်ပွဲတွေ၊ တိုက်ပွဲတွေမှာ သိပ်ပြီး ဆန်းကြယ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ တိုက်ပွဲအတွင်း အခြားဖြစ်စဉ်နဲ့ အတူ တပ်မတော် ယာဉ်တန်းလည်း စောင့်ကြို တိုက်ခိုက်ခံရပါသေးတယ်။ အဲဒီမှာ အရာရှိ၊ စစ်သည် ကျဆုံးမှု အများဆုံး ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုးကန့်တိုက်ပွဲဖြစ်စဉ် ရက်ပိုင်းအတွင်း တပ်မတော်ဘက်က တိုက်လေယာဉ်၊ ရဟတ်ယာဉ်တွေသုံးပြီး လေကြောင်းပစ်ကူတွေ ပေးခဲ့တာတောင် အရာရှိ စစ်သည် အယောက် ၅၀ နီးပါး ကျဆုံးခဲ့တာဟာ အလွန်များပြားပါတယ်။ ဒီလို ကျဆုံးမှုကို ကြည့်ရင် တပ်မတော်ရဲ့ တိုက်ခိုက်ရေး စွမ်းရည် ကျဆင်းနေတယ်ဆိုတာ ပြသနေတဲ့ ထင်ရှားတဲ့ အချက်လည်း ဖြစ်ပါတယ်။

တကယ်ဆိုရင် ခုလို အကျအဆုံးများတဲ့ ကိစ္စ၊ တပ်မတော် အမိန့်ပေး စနစ် ဘယ်အဆင့်မှာ ဘယ်လို ဖြစ်ခဲ့သလဲ၊ အသေအခြာ ပြန်ဆန်းစစ်ဖို့ လိုပါတယ်။ နိုင်ငံတကာ တပ်မတော်တွေမှာ ဒီလောက် ထိခိုက်ကျဆုံးမှု များတယ်ဆိုရင် ခုံရုံးဖွဲ့ စစ်ဆေးနေလောက်ပါပြီ။ သင်ခန်းစာ ယူနေပါပြီ။ ဒါပေမယ့် ထူးခြားချက်ကတော့ တပ်မတော်အနေနဲ့ အခုလောက် အကျအဆုံးများခဲ့တာတောင် တိုက်ခိုက်ရေး စွမ်းရည် ကျတာ မဟုတ်ဘူး၊ မြေပြင်သတင်း အချက်အလက် မရလို့ ဖြစ်ရတာ ဆိုပြီး တပ်မတော်အရာရှိတစ်ချို့က အားနည်းချက်ကို ၀န်မခံချင်ကြပါဘူး။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ခုရက်ပိုင်းပြုလုပ်ခဲ့တဲ့ အင်တာဗျူးတွေမှာ ကိုးကန့် တိုက်ပွဲတွေနဲ့ ပါတ်သက်ပြီး တပ်မတော် တိုက်စွမ်းရည် ကျသွားတယ် ဆိုတာကို လက်မခံပါဘူး။ဒါပေမယ့် ဒါဟာ စဉ်းစားသုံးသပ်သင့်တဲ့ ကိစ္စ တစ်ခုတော့ ဖြစ်ပါတယ်။ ဒါက တိုက်ရည်ခိုက်ရည် စွမ်းရည်နဲ့ ပါတ်သက်ပြီး ပြန်သုံးသပ်ဖို့ လိုနေတာပါ။

နောက်ကွယ်မှာ တရုတ် အစိုးရ ပါဝင်ပတ်သက်နေသလား

ပြီးခဲ့တဲ့ လပိုင်းလောက်က တရုတ်ကွန်မြူနစ်ပါတီ အာဘော် ဂလိုဘယ်လ်တိုင်းမ် သတင်းစာမှာ ကိုးကန့်ခေါင်းဆောင်ဟောင်း ဖုန်ကြားရှင်ရဲ့ အင်တာဗျူးကို ဖော်ပြပေးတာ၊ အင်တာဗျူးမှာ ဖုန်ကြားရှင်က သူ့နေရပ် ကိုးကန့်ကို ပြန်မယ် (ပြန်တိုက်ခိုက်ရယူမယ်) ဆိုပြီး ပြောခဲ့တာ၊ ကချင်ပြည်နယ်မှာ တရုတ်နိုင်ငံသား သစ်ခိုးထုတ်သူ အယောက် ၁၀၀ ကျော်ကို ဖမ်းဆီး၊ သစ်တင်ကားနဲ့ ယာဉ်ယန္တရား ၅၀၀ နီးပါး သိမ်းယူခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့တာ၊ နောက်ဆုံး အခု ကိုးကန့်နယ်မြေထဲမှာ အစိုးရတပ်နဲ့ ဖုန်ကြားရှင် တပ်ဖွဲ့ တိုက်ပွဲကြီးတွေ ဖြစ်ပွားခဲ့တာမို့ ဒီဖြစ်စဉ် နောက်ကွယ်မှာ တရုတ်အစိုးရ ရှိနေသလား ဆိုပြီး ပြည်သူတွေ သံသယ ပွားကြတာပါ။ ဒီအတွက် မြန်မာပြည် ပြည်တွင်းစစ် သမိုင်းမှာ တရုတ်အစိုးရ၊ တရုတ်ကွန်မြူနစ်ပါတီ ဘယ်လို ပါဝင်ပတ်သက်ခဲ့သလဲ ဆန်းစစ်ကြည့်သင့်ပါတယ်။

၁၉၆၈ ဇန်န၀ါရီ ၁ ရက်နေ့ ဗမာပြည် ကွန်မြူနစ်ပါတီ အလံထောင်ပြီး တရုတ် ဗော်လံတီယာတပ်တွေ အလုံးအရင်းနဲ့ ၀င်တိုက်ခဲ့စဉ်တုန်းကတော့ တရုတ်နိုင်ငံဟာ မြန်မာ့ အချုပ်အခြာ အာဏာကို ပြောင်ပြောင်တင်းတင်း ချိုးဖေါက်ခဲ့တာပါ။ ၁၉၈၉ ခုနှစ် ဗကပ လက်ကျန်တွေ တရုတ်နယ်မြေထဲကနေ ကိုးကန့်ကို ၀င်တိုက်ဖို့ လက်နက်တွေ ထုတ်ပေး၊ ပြင်ဆင်ခွင့်ပေးခဲ့တာ၊ အဆင်မပြေတော့ လူတွေ လက်နက်တွေ အားလုံး ကိုးကန့်ကနေ ကချင်ပြည်နယ် အထိ တရုတ်နယ်မြေ ထဲကနေ ပို့ပေးလိုက်တာတွေကတော့ သွယ်ဝိုက်တဲ့နည်းနဲ့ ပါဝင်ပါတ်သက်ခဲ့တဲ့ သဘောဖြစ်ပါတယ်။ ပြောရရင် ၁၉၈၉ ခုနှစ်မှာလည်း တရုတ်နိုင်ငံဟာ မြန်မာ့ပြည်တွင်းရေးမှာ ၀င်ရောက် စွက်ဖက်နေသေးတယ် ဆိုတဲ့ သဘောပါပဲ။

နောက်ပိုင်းမှာတော့ တရုတ်အစိုးရရဲ့ ပေါ်လစီ ပြောင်းသွားပါတယ်။ နိုင်ငံရေးထက် စီးပွားရေးကို ပိုအာရုံစိုက်ပြီး မြန်မာ့အရေး စွက်ဖက်မှုမှာလည်း ပုံစံ မတူတော့ပါဘူး။ ၁၉၈၈ မှာ ပြည်သူတွေကို ရက်ရက်စက်စက်ဖိနှိပ်ပြီး အာဏာသိမ်းတက်လာတဲ့ စစ်အစိုးရကို ကောင်းကောင်း အသိအမှတ်ပြုပါတယ်။ ပြည်သူကလည်းမကြိုက် မနှစ်သက်၊ ကမ္ဘာကလည်း လက်မခံတဲ့ အာဏာရှင်တွေကို နိုင်ငံတကာအလည်မှာ အထီးကျန်မဖြစ်အောင် အကာအကွယ်ပေးပါတယ်။ ကုလသမဂ လုံခြုံရေးကောင်စီက တစ်စုံတစ်ခု ဆုံးဖြတ်ချက်ချလိုက်တိုင်း မြန်မာစစ်အာဏာရှင်တွေဘက်က ရပ်တည်ပြီး ဗီတိုအာဏာသုံး ပယ်ချပေးပါတယ်။ ဒီလိုနည်းနဲ့ တရုတ်အစိုးရဟာ မြန်မာနိုင်ငံထဲကနေ စီးပွားရေးဆိုင်ရာ အခွင့်အလမ်း အများကြီးရခဲ့ပြီး အမြတ်ထုတ် သွေးစုတ်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် အခြားတစ်ဖက်မှာလည်း တရုတ်အစိုးရဟာ မြန်မာစစ်အစိုးရနဲ့ အပစ်ရပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပေါင်းပြီး သစ်၊ ကျောက်စိမ်းနဲ့ သတ္တုသယံဇာတ တူးဖေါ်ရေးတွေ အကြီးအကျယ် လုပ်ပါတယ်။ နောက် အဲဒီ တပ်ဖွဲ့တွေကို လက်နက်ခဲယမ်းမီးကျောက် ရောင်းချပေးပါတယ်။ ပြောရရင် အခုနောက်ဆုံး အနှစ် ၂၀ ကျော်ကာလအတွင်း တရုတ်အစိုးရဟာ အစိုးရပိုင်နက်နယ်မြေထဲကရော၊ လက်နက်ကိုင် တိုင်းရင်းသားတွေ ထိန်းချုပ်ထားတဲ့ နယ်မြေထဲကပါ သစ်၊ ကျောက်စိမ်း၊ သတ္တုနဲ့ သယံဇာတတွေကို မျိုးကန်းကုန်သည်အထိ၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီး၊ ရာသီဥတု ဆိုးဆိုးရွားရွား ပြောင်းလဲသည်အထိ ထုတ်ယူပါတယ်။ 

အခြားတစ်ဖက်မှာတော့ အစိုးရကိုရော၊ သူပုန်တွေကိုပါ နှစ်ဖက်စလုံးကို လက်နက်တွေ ရောင်းချပါတယ်။ စစ်အစိုးရကို တရုတ်အစိုးရက တိုက်ရိုက်ရောင်းတာဖြစ်ပြီး တိုင်းရင်းသား သူပုန်တွေကိုတော့ ယူနန်ပြည်နယ်ထဲက ဒေသခံ လက်နက်မှောင်ခိုတွေက ရောင်းချကြတာဖြစ်ပါတယ်။ မြန်မာတွေ စည်းလုံးညီညွတ်မှု မရှိ၊ တစ်ဖက်က တရုတ်အစိုးနဲ့ ကုမ္ပဏီတွေရဲ့ ကိုယ်ကျိုးရှာ စွက်ဖက်မှုကြောင့် မြန်မာ့ပြည်တွင်းစစ် ရှည်ကြာနေတယ်လို့တောင် မှတ်ယူနိုင်ပါတယ်။

အခုဖြစ်စဉ်မှာလည်း ကိုးကန့်တပ်ဖွဲ့က အသုံးပြုတဲ့ လက်နက်တွေဟာ တရုတ်လက်နက်မှောင်ခိုတွေဆီက ရတဲ့ လက်နက်တွေဖြစ်ဖို့ ရာခိုင်နှုန်းများပါတယ်။ တရုတ်နိုင်ငံဘက်အခြမ်းကနေ မြန်မာနိုင်ငံထဲ ၀င်လာတာတွေပါ။ ဖုန်ကြားရှင်ကို တရုတ် ဗဟိုအစိုးရက အားပေးကူညီလိမ့်မယ်လို့တော့ မယူဆနိုင်ပါဘူး။ ဒါပေမယ့် ၁၉၈၉ ဖြစ်စဉ်တုန်းကလို ယူနန်ပြည်နယ် အောက်ခြေ အာဏာပိုင်တွေ တိုက်ရိုက် ပါဝင်ပတ်သက်မှု ရှိမရှိကိုတော့ မပြောနိုင်သေးပါဘူး။ လက်နက်နဲ့ တပ်ဖွဲ့ဝင်တွေ ရွှေ့ပြောင်းနိုင်ရေး တရုတ်နယ်မြေ အသုံးပြုခွင့် ပေးတဲ့ အထောက်အထား မရှိသေးရင်တော့ ပြသနာ နောက်ကွယ်မှာ တရုတ်အစိုးရ အားပေးအားမြှောက် လုပ်တယ်လို့ မစွတ်စွဲနိုင်ပါဘူး။

ပြည်သူတွေရဲ့ တုန့်ပြန်မှု

လက်ရှိ ကိုးကန့် တိုက်ပွဲ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အစိုးရနဲ့ တပ်မတော်ဘက်က ပုံဖော်တာကတော့ အချုပ်အခြာ အာဏာ ထိပါးခံရတယ် လို့ အဓိပ္ပါယ် ဖွင့်ဆိုပါတယ်။ သတင်းထုတ်ပြန်ချက်တွေမှာ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆိုတာ ပြည်ထောင်စု မြန်မာနိုင်ငံရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တယ်၊ ဒီ အစိတ်အပိုင်းတစ်ခုကို သူပုန်တပ်ဖွဲ့တွေက ၀င်ရောက်တိုက်ခိုက်တယ် ဆိုတာဟာ အချုပ်အခြာ အာဏာကို ထိပါးတာဖြစ်တယ်ဆိုပြီး စွတ်စွဲတာ ဖြစ်ပါတယ်။ 

ဒါနဲ့ပါတ်သက်ပြီး အနီးဆုံး ဖြစ်စဉ်တစ်ခုကြည့်ရင် နယ်ခြားစောင့်တပ် ဖွဲ့တာကို လက်မခံတဲ့ တပ်မှူး စောလားပွယ်ခေါ် ဗိုလ်နှုတ်ခမ်းမွေး ဦးဆောင်တဲ့ တပ်ဖွဲ့ဟာ အစိုးရ ရုံးစိုက်ရာ နယ်စပ် မြ၀တီမြို့ကို ၀င်ရောက်တိုက်ခိုက်တဲ့ ဖြစ်စဉ် တစ်ခု ပေါ်ပေါက်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲဒါကို အစိုးရဘက်က အချုပ်အခြာအာဏာကို ထိပါးတာ ဆိုပြီး ပုံဖော်တာမျိုးတော့ မကြားမသိခဲ့ရပါဘူး။

တကယ်တော့ အပစ်အခတ် ရပ်စဲမထားတဲ့ အစိုးရအဖွဲ့နဲ့ သူပုန် အဖွဲ့ဆိုတာဟာ ကိုယ်က သူ့နယ်မြေ သူ့စခန်း ၀င်တိုက်၊ သူကလည်း ကိုယ့်နယ်မြေ ကိုယ့်စခန်း ၀င်တိုက် တစ်ဖက်ကို တစ်ဖက် လက်ဦးအောင် တိုက်ခိုက်နေကြတဲ့ ဖြစ်စဉ်ပါ။ သိပ် အထူးအဆန်းကြီးတော့ မဟုတ်ပါဘူး။ ကိုယ့်နယ်မြေ သူများလက် ပါမသွားအောင် ခုခံကာကွယ်ရတာဟာ တပ်မတော်ဘက်ကရော၊ သူပုန်အဖွဲ့ဘက်ကပါ ကြိုးစားကြရတာပါ။ 

အခု ကိုးကန့်ဖြစ်စဉ်မှာတော့ တပ်မတော်ဘက် အထိအခိုက် အကျအဆုံး အလွန်များတာ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေ တစ်ခုလုံး တည်ငြိမ်မှု ပျက်ပြားသွားတာကို အကြောင်းပြုပြီး အချုပ်အခြာ အာဏာ ထိပါးတယ် လို့ အဓိပ္ပါယ် ဖွင့်လိုက်ပုံရပါတယ်။ ဒါကြောင့်လည်း သူဌေးကြီးတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ၊ အနုပညာရှင်တွေက တပ်မတော်ကို ငွေကြေးနဲ့ ရုပ်ဝတ္တုတွေ လှူဒါန်းကြ၊ အမျိုးဘာသာ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး လို အဖွဲ့နဲ့ အဖွဲ့အစည်းတစ်ချို့က တပ်မတော်ကို ထောက်ခံကြောင်း ကြေငြာချက်တွေ ထုတ်ကြတာ ဖြစ်ပါတယ်။

အခု တိုက်ပွဲဖြစ်စဉ်နဲ့ ပါတ်သက်ပြီး စဉ်းစားရမှာ နှစ်ချက်ရှိပါတယ်။ ပြည်ပ ကျူးကျော်မှုလား၊ ပြည်တွင်းစစ်လား ဆိုတာပါ။ အခုရက်ပိုင်းအတွင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ပြည်တွင်း မီဒီယာ (၆) ခုနဲ့ အင်တာဗျူး လုပ်ထားပြီး အခု ကိုးကန့်တိုက်ပွဲ ပြသနာတွေကိုလည်း ဖြေကြားထားပါတယ်။ သူ့ဖြေကြားချက်တွေထဲမှာ အိမ်နီးချင်း တရုတ်နိုင်ငံ တနည်းအားဖြင့် ပြည်ပ ကျူးကျော်ရန်စမှု၊ တရုတ်အစိုးရရဲ့ အားပေးကူညီမှု ပါတယ်လို့ တစ်ခွန်းတစ်ပါဒမှ ပြောမထားပါဘူး။ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကိုယ်တိုင် အခုကိစ္စ တရုတ်နိုင်ငံ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်လို့ ဆိုထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် ဒီ ပြသနာကို ပြည်ပ ကျူးကျော်မှုပြသနာ သို့မဟုတ် ၀င်ရောက်စွက်ဖက်မှု ပြသနာ၊ အချုပ်အခြာ အာဏာ ပြသနာအဖြစ် ပုံဖော်တာ မှန်ကန်မှု မရှိပါဘူး။

နောက်တစ်ချက် ဒီ ကိုးကန့်တပ်ဖွဲ့ MMDAA ဟာ လက်နက်ကိုင် တိုင်းရင်းသားတွေ စုပေါင်းထားတဲ့ UNFC ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ အဖွဲ့ဝင် ဖြစ်တဲ့အပြင် သူတို့နဲ့အတူ အခြား တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေလည်း ကူညီ တိုက်ပွဲဝင်နေတယ်လို့ ဆိုပါတယ်။ အစိုးရနဲ့ အပစ်ရပ်ရေး ဆွေးနွေးရာမှာ ပါတဲ့ တအောင်းပလောင် တပ်ဖွဲ့နဲ့ ရခိုင်တိုင်းရင်းသား လက်နက်ကိုင် AA အဖွဲ့ပါတယ်ဆိုတာ အဲဒီ တပ်ဖွဲ့ တာဝန်ရှိသူတွေကိုယ်တိုင်က မှန်ကန်တယ် ဆိုပြီး အတည်ပြုထားပြီ ဖြစ်ပါတယ်။ ကေအိုင်အေ နဲ့ မြောက်ပိုင်း ရှမ်းပြည်တပ်မတော်ကတော့ သူတို့မပါဘူးလို့ ငြင်းဆိုထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဖြစ်စဉ်ဟာ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် သူပုန်အုပ်စုတွေရဲ့ တိုက်ပွဲဖြစ်ပြီး ပြည်တွင်းစစ် အစိတ်အပိုင်း တစ်ခုပဲဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရဟာ တက်လာကတည်းက ပြည်တွင်းစစ် ပြသနာကို အပစ်ရပ်ရေး၊ နိုင်ငံရေးအရ ဆွေးနွေး အဖြေရှာရေး နည်းလမ်းနဲ့ ငြိမ်းချမ်းရေး တည်ဆောက်သွားမယ် ဆိုပြီး ပြောဆို အကောင်အထည် ဖော်နေပါတယ်။ ဒီနေရာမှာ မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ ဗမာအပါအ၀င် တိုင်းရင်းသား ညီအကို မောင်နှစ်မတွေအားလုံးဟာ စစ်ပွဲကို မဟုတ်ပဲ ငြိမ်းချမ်းရေးကို အားပေးအားမြှောက် ပြုသင့်ပါတယ်။ လက်ရှိ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ တိုက်ပွဲမှာ တပ်မတော်ဘက်က အကျအဆုံး အထိအခိုက် များတာကို အကြောင်းပြုပြီး နိုင်ငံတော်အချုပ်အခြာ အာဏာကို ထိပါးတာဖြစ်တယ်ဆိုတဲ့ စွတ်စွဲချက်ကိုပါအသားပေးဝါဒဖြန့်လာကြယင် အမုန်းတရားတွေ ပိုပွား၊ ပြည်တွင်းစစ်မီးကြီး ပိုတောက်လောင်လာဖို့ပဲ ရှိပါတယ်။

အားလုံးမှတ်မိကြပါဦးမယ်။ သိပ်မကြာသေးခင် ကာလ တုန်းက တပ်မတော်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကေအိုင်အို လိုင်ဇာ စခန်းက တိုင်းရင်းသားဗိုလ်လောင်း ၂၀ ကျော် တစ်ပြိုင်နက်တည်း အသက်ဆုံးရှုံးခဲ့ရတဲ့ ဖြစ်စဉ် ရှိခဲ့ဖူးပါတယ်။ အဲဒီ ဖြစ်စဉ်ကြောင့်ဆိုပြီး ကချင်တွေ၊ ရခိုင်တွေ၊ ပလောင်တွေက KIA တို့ AA တို့ TNLA တို့ကို အားပေး ကူညီ ထောက်ခံခဲ့မယ်ဆိုရင် ပဋိပက္ခတွေ ဘယ်တော့မှ ပြီးဆုံးတော့မှာ မဟုတ်ပါဘူး။

မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဆိုတာ လွတ်လပ်ရေးနဲ့ အတူ ပေါက်ဖွားလာတာ ဖြစ်ပါတယ်။ ပြည်တွင်းစစ် ရှည်ကြာလာတာနဲ့ အမျှ တိုင်းပြည်လည်းနစ်နာ၊ ပြည်သူတွေလည်း အတိဒုက္ခရောက်ခဲ့ရပါတယ်။ တစ်ဖက်မှာ ဗမာစစ်ဘုရင်တွေ ပေါ်ပေါက်ခဲ့သလို တိုင်းရင်းသား စစ်ဘုရင်တွေလည်း ပေါ်ပေါက်လာ၊ ပြည်တွင်းစစ် ရှည်သထက် ရှည်ကြာနေရတာ ဖြစ်ပါတယ်။ ဗမာ အပါအ၀င် တိုင်းရင်းသား ညီအစ်အစ်ကို မောင်နှစ်မတစ်တွေဟာ ကိုယ့်ညီအစ်ကို အချင်းချင်း သတ်ဖြတ်နေကြတဲ့ ဒီ စစ်ပွဲမှာ စစ်ပွဲရှည်ကြာစေမယ့် ဘယ် ဘက်တစ်ဖက်ဖက်ကမှ ရပ်တည်အားပေးတာမျိုး မလုပ်သင့်ပဲ ငြိမ်းချမ်းရေး ကိုသာ တစိုက်မတ်မတ် တောင်းဆိုသင့်ပါတယ်။

တပ်မတော် အနေအထား ငြိမ်းချမ်းရေး ရစေမလား

အခုဆိုရင် ကိုးကန့်မှာ တပ်မတော်က ဖွဲ့စည်းပေးထားတဲ့ နယ်ခြားစောင့် တပ်ဖွဲ့ ၁၀၀၆ ဟာ ဦးဖုန်ကြားရှင် တပ်ဖွဲ့နဲ့ ပူးပေါင်းလိုက်ပါပြီ။ ဒါက ဘာကိုပြသလဲ ဆိုရင် တိုင်းရင်းသား နယ်မြေတွေနဲ့ ပတ်သက်ရင် တပ်မတော်က ဘယ်တော့မှ မထိမ်းသိမ်းနိုင်ဘူး ဆိုတာပါ။ အကြောင်းကတော့ တပ်မတော် ဖွဲ့စည်းပုံနဲ့ ဆိုင်ပါတယ်။ မြန်မာနိုင်ငံမှာ ၁၉၄၈ ဇန်န၀ါရီ ၄ ရက် လွတ်လပ်ရေးရပြီးနောက် အဲဒီနှစ် မတ်လ ၂၈ ရက်နေ့မှာ ဗမာပြည်ကွန်မြူနစ်ပါတီ ဗကပ ပုန်ကန်ပါတယ်။ ၁၉၄၉ ဇန်န၀ါရီ ၃၁ ရက်နေ့မှာ ကရင်တိုင်းရင်းသားတွေ လက်နက်ကိုင် တော်လှန်ပါတယ်။ အဲဒီအခါ လွတ်လပ်ရေးရပြီးစ တပ်မတော်ထဲ ရှိနေတဲ့ အစိတ်အပိုင်း အတော်များများ သူပုန်တပ်ဖွဲ့တွေ ဖြစ်သွားကြပါတယ်။ အဲဒီအချိန်ကစ တပ်မတော်ခေါင်းဆောင်တွေဟာ တပ်ထဲမှာ ပုန်ကန်နိုင်တဲ့သူ၊ ပုန်ကန်နိုင်တဲ့ တိုင်းရင်းသား လူမျိုးစုတွေကို နေရာ သိပ်မပေးတော့ပါဘူး။

၁၉၆၂ အာဏာသိမ်း ဗိုလ်ချုပ်နေ၀င်းဟာ တပ်မတော် သန့်စင်ရေး လုပ်ပါတယ်။ သူ့သြဇာ မခံသူတွေ၊ ပြိုင်ဘက်တွေကို တပ်က ထုတ်ပစ်တာပါ။ ၁၉၈၈ အာဏာသိမ်းပြီးတက်လာတဲ့ စစ်အစိုးရနဲ့ နောက်ပိုင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက် တပ်မတော် အရာရှိတွေထဲမှာ လက်နက်ကိုင် တိုင်းရင်းသားတွေရော၊ လက်နက်မကိုင်တဲ့ တိုင်းရင်းသားတွေပါ မပါအောင် လုံးဝ သန့်စင်ပစ်ပါတယ်။ 

ဒီလိုနဲ့ အင်အား ၅ သိန်းလောက်ရှိတယ်လို့ ခန့်မှန်းရတဲ့ တပ်မတော်ကြီးဟာ ပြည်ထောင်စု တပ်မတော်၊ နိုင်ငံ့ရဲ့ တပ်မတော်၊ တိုင်းရင်းသား ပေါင်းစုံပါဝင်တဲ့ တပ်မတော် မဟုတ်တော့ပဲ ဗမာ့တပ်မတော် ပုံစံ၊ လူမျိုးကြီးဝါဒ ကျင့်သုံးတဲ့ ပုံစံ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရား စတဲ့ ဗမာ ပဒေသရာဇ် စစ်ဘုရင်တွေကို စံပြုအားကျတဲ့ တပ်မတော် ပုံစံ ဖြစ်ခဲ့ပါတယ်။ ဒီလို လုပ်ခဲ့ကြောင်း စစ်ဗိုလ်ချုပ်ဟောင်း တစ်ယောက်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တစ်ခုမှာ တရားဝင် ၀န်ခံထားပြီး၊ နောက်ပိုင်း အဲလို မလုပ်တော့ပါဘူးလို့ ပြောဆိုခဲ့တာလည်း ရှိပါတယ်။

တိုင်းရင်းသား သူပုန်တွေကို မနှိမ်နင်းနိုင်တာ၊ တိုင်းရင်းသားနယ်မြေတွေကို မစိုးမိုးနိုင်တာဟာ ဗမာ့ တပ်မတော် ပုံစံ ဖြစ်နေလို့ပါပဲ။ တပ်မတော်ဟာ ဘယ်တိုင်းရင်းသား နယ်မြေ ရောက်ရောက် နယ်မြေကို သိမ်းလို့ ရချင်ရမယ်၊ တိုင်းရင်းသား ပြည်သူတွေကိုတော့ စိုးမိုးချုပ်ကိုင်လို့ မရပါဘူး။ တိုင်းရင်းသားတွေဘက်ကလည်း တပ်မတော်ကို ဗမာတပ်အဖြစ်ပဲ မြင်ကြပြီး၊ စစ်နိုင်လို့ သူတို့နယ်မြေမှာ လာနေကြသူတွေလို့သာ မှတ်ယူကြတာ ဖြစ်ပါတယ်။ 

ဒီလိုနဲ့ တိုင်းရင်းသားနယ်မြေတွေကို စိုးမိုးလို့ မရနိုင်တဲ့ တပ်မတော်ဟာ အဲဒီ တိုင်းရင်းသားတွေထဲက သူတို့ကို ထောက်ခံမယ့် အင်အားစုတွေကို မွေးမြူတာတွေ လုပ်ရပါတော့တယ်။ ဒီလိုနည်းနဲ့ တိုင်းရင်းသား နယ်မြေတွေမှာ လက်နက်ကိုင် အင်အားစု နှစ်စု သုံးစု မက ရှိနေပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပြည်သူ့စစ် အဖွဲ့ပေါင်း ငါးထောင်ကျော် ရှိနေတာက ဒီ ပြသနာကို မီးမောင်းထိုးပြသလို ရှိနေစေတာ ဖြစ်ပါတယ်။

ပြောရရင် တပ်မတော်ရဲ့ ဖွဲ့စည်းမှု ပုံသဏ္ဍန်ကို ပြည်ထောင်စု တပ်မတော်၊ ဒါမှမဟုတ် တကယ့် နိုင်ငံသားတွေ အားလုံးရဲ့ တပ်မတော် ပုံစံ မပြင်နိုင်တာကြောင့် တိုင်းပြည်မှာ လက်နက်ကိုင် အစုအဖွဲ့ပေါင်း အမြောက်အများ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ အရင် ရှိခဲ့ဖူးတဲ့ ပလောင် တပ်ဖွဲ့ လက်နက် အပ်လိုက်ပြီးနောက် လက်ရှိ တအောင်းပလောင် တပ်ဖွဲ့ ပြန်ပေါ်လာတာ၊ ဖုန်ကြားရှင်ကို တိုက်ထုတ်နိုင်ပေမယ့် အခု ကိုးကန့်တပ်ဖွဲ့ပြန်ပေါ်၊ နယ်ခြားစောင့်တပ်ကလည်း အဲဒီအဖွဲ့နဲ့ ပေါင်း ဆိုတဲ့ အနေအထား ဖြစ်ပေါ်လာတာ သာဓက ပါပဲ။

လက်ရှိ ဖြစ်ပွားနေတဲ့ ကိုးကန့် ပြသနာတွေတင်မက တိုင်းပြည်မှာ ဖြစ်နေတဲ့ ပြည်တွင်းစစ်ပြသနာ ဖြေရှင်းမယ် ဆိုရင် တပ်မတော်ဟာ ဗမာ့တပ်မတော် အဖြစ်ကနေ ပြည်ထောင်စု တပ်မတော်အဖြစ် ပြောင်းလဲဖို့ ကြိုးစားရပါမယ်၊ လက်ရှိ အစိုးရကိုယ်တိုင် ခံယူထားပြီး ဖြစ်တဲ့အတိုင်း နိုင်ငံရေးကြောင့် ဖြစ်ပေါ်လာတဲ့ ပြသနာကို နိုင်ငံရေးအရ စေ့စပ်ညှိနှိုင်း ဆွေးနွေးတဲ့ နည်းနဲ့သာ အဖြေရှာရပါမယ်၊ စစ်ရေးအရ ဖြေရှင်းတယ် ဆိုတာဟာ ရေရှည်မှာ အောင်မြင်မှု မရဘူးဆိုတာ ပြည်တွင်းစစ် နှစ်ပေါင်း ၆၀ ကျော် သမိုင်းက သက်သေပြခဲ့ပြီ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်။

Tuesday, February 24, 2015

တော်လှန်ရေးသတင်းသမားတဦးရဲ့ ဒိုင်ယာရီ (၄၇)

ဒေါ်စု မပါ၊ ကိုယ့်လမ်းကိုယ် ထွင်လျောက်ကြတဲ့အခါ

၂၀၁၀ ရွေးကောက်ပွဲအကြိုကာလ ဒီမိုကရေစီအင်အားစုတွေကြားက သဘောထားကွဲမှုတွေဟာ ကျနော်တို့ သတင်းသမားတွေကိုလည်း အတော်ကရက်ရိုက်ခဲ့ပါတယ်။ ကျနော်မှတ်မိသလောက် ဆိုရင် ၂၀၁၀ မတိုင်မီအထိ အတိုက်ခံလှုပ်ရှားမှုဟာ ဒေါ်အောင်ဆန်းစုကြည်ကို အလယ်မှာထားပြီး အားလုံးက ၀န်းရံရေးပါပဲ။ ဒါပေမယ့် ၂၀၁၀ ရွေးကောက်ပွဲကို ဒေါ်အောင်ဆန်းစုကြည်က (နေအိမ်အကျယ်ချုပ် ကျခံနေရလို့ သူ့ရှေ့မှတဆင့်) သပိတ်မှောက် လိုက်တဲ့အခါမှာတော့ ဒီမိုကရေစီအင်အားစုတချို့နဲ့ တိုင်းရင်းသားအင်အားစုတချို့ဟာ ကိုယ်လမ်းကို လျှောက်မှ ရမယ်ဆိုတဲ့အမြင်တွေ ရှိလာတယ်လို့ ထင်ပါတယ်။

(၂၀၁၀ ရွေးကောက်ပွဲကာလ နော်ဝေးမီဒီယာတွေရဲ့မေးမြန်းချက်ကို ဖြေကြားနေတဲ့ ကိုအေးချမ်းနိုင်)

ဒီလို လမ်းကြောင်းဖျာထွက်လာတဲ့အပေါ် ကျနော်တို့ မီဒီယာက ဘယ်လို ကာဗာလုပ်ပေးမလဲဆိုတာ မေးခွန်းဖြစ် လာပါတယ်။ တခြားမီဒီယာတွေတော့ မသိပါ။ DVB ကတော့ ၁၉၉၂ ကနေ ၂၀၁၀ အထိ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD သတင်းကို ထိပ်မှာတင်ပြီး နေ့စဉ်လွှင့်လာခဲ့တာပါပဲ။ အဲဒီကာလ DVB လွှင့်နေတဲ့သတင်းတွေကို ပြန်လည် ဆန်းစစ်မယ်ဆိုရင် သာမန်သတင်းလွှင့်တဲ့အဆင့်ကိုကျော်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD နောက်မှာ အားလုံး စုစည်းကြ၊ တိုင်းရင်းသားတွေလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကိုထောက်ခံကြဆိုတဲ့ လမ်းကြောင်းပေါ်ရှိနေတာကို သတိပြုမိပါလိမ့်မယ်။

ဒီလမ်းကြောင်းဟာ DVB ရဲ့ မူအရဖြစ်နေတာလား။ DVB မှာ တာဝန်ထမ်းနေတဲ့ အယ်ဒီတာတွေရဲ့ NLD အပေါ် တိမ်းညွန့်မှုကြောင့်ဖြစ်နေတာလားဆိုတာကတော့ သိပ်မကွဲပြားလှပါ။ ဆိုလိုတာက ၂၀၁၀ အကြိုကာလမှာ NLD ကနေ ခွဲထွက်လာတဲ့ ဒီမိုကရေစီအင်အားစုတွေ၊ CRPP, UNA တို့မှအပ NLD နောက်မလိုက်ပဲ သီးခြားရပ်မယ်လို့ ခွဲထွက်လာတဲ့ တိုင်းရင်းသားအင်အားစုတွေရဲ့ လှုပ်ရှားမှုကို သတင်းကာဗာလုပ်တဲ့အခါမှာ သတင်းသမား ကိုယ်တိုင်လည်း NLD နောက်လိုက်ကနေ ခွဲထွက်လာပြီလား၊ ပင်မလမ်းကြောင်းကနေ သွေဖီသွားပြီလားဆိုတဲ့ မေးခွန်းထုတ်မှုတွေနဲ့ကြုံလာရပါတယ်။

ဒီထက်ပိုရှင်းအောင်ပြောရရင်တော့ ရွေးကောက်ပွဲဝင်မဲ့ ပါတီပြောခွင့်ရပုဂ္ဂိုလ်တွေ၊ လွှတ်တော်ကိုယ်စား လှယ် လောင်းတွေနဲ့ အဓိကတာဝန်ယူ အင်တာဗျုးလုပ်ရတဲ့ ကျနော့်အပေါ် ဒီလိုမေးခွန်းထုတ်မှုတွေရှိလာ ပါတယ်။ Pro-Election ဖြစ်နေပြီလား။ ရွေးကောက်ပွဲဝင်ရေးဖက်ကို ဇောင်းပေးတဲ့ အင်တာဗျုးတွေ၊ သုံးသပ်ချက်တွေလုပ်နေ ပြီလားဆိုပြီး မေးခွန်းထုတ်ခံလာရပါတယ်။

တခြားသတင်းသမားတွေရဲ့ စိတ်ထဲ ဘယ်လိုရှိသလဲတော့ ကျနော်မမေးဖြစ်ခဲ့ပါ။ ကျနော့်တဦးတည်းရဲ့ အမြင်မှာတာ့ ရွေးကောက်ပွဲမတိုင်မီအထိ ဒေါ်အောင်ဆန်းစုကြည်နောက်မှာ အားလုံးရပ်နေတာဟာ မှန်တယ်။ ရှေ့ လျောက်လည်း ဒီလိုပဲရပ်သင့်ပါတယ်။ ဒါပေမယ့် အခြေနေအရ အားလုံးစုပြီး တသံတည်း မထွက်နိုင်တော့ဘူး ဆိုရင်၊ တနည်းအားဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို အတိုက်ခံအားလုံးက သပိတ်မှောက်တာမျိုးမလုပ်နိုင်ပဲ တချို့ကမှောက်ပြီး တချို့က၀င်မယ်ဆိုရင်တော့ သပိတ်မှောက်သူနဲ့ ၀င်တဲ့သူတွေကြား ရန်ဖက်ဖြစ်မသွားအောင် တိထားဖို့လိုတယ်လို့ထင်မိပါတယ်။

ဒါပေမယ့် အခြေနေက ကျနော်မျှော်လင့်သလိုဖြစ်မလာခဲ့ပါဘူး။ NLD က ခွဲထွက်သွားတဲ့ NDF ကိုမဲပေးတာနဲ့ စာရင် ကြံ့ခိုင်ရေးကိုပေးတာကမှကောင်းသေးတယ်ဆိုတဲ့အထိ အစွန်းရောက်ပြောဆိုမှုတွေထွက်လာခဲ့ပါတယ်။ တိုင်းရင်းသားပါတီသစ်၊ ခေါင်းဆောင်သစ်တွေကိုလည်း စစ်အစိုးရနဲ့ပေါင်းသူတွေ၊ စီးပွါးရေးအခွင့်အလမ်း မျှော်ကိုးသူတွေဆိုတဲ့ဝေဖန်ချက်တွေ အတော်ထွက်လာခဲ့ပါတယ်။ ဒီလိုဝေဖန်မှုတွေကြားထဲမှာ အဲဒီလို မူလလမ်း ကြောင်းကနေ၊ ဒေါ်အောင်ဆန်းစုကြည်နောက်ကနေ ခွဲထွက်ပြီး လမ်းသစ်ထွင်သူတွေနဲ့ အင်တာဗျုးလုပ်ရတာ သိပ်တော့ အပြောအဆိုမလွတ်ခဲ့ပါဘူး။

၂၀၁၀ ရွေးကောက်ပွဲနဲ့ DVB-TV Live လွှင့်ခြင်း

ကျနော်အမှတ်မမှားဘူးဆိုရင် (အမှတ်မှားနေရင် ပြန်လည်ပြင်ဆင်ပေးပါရန်) ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပတဲ့ နိုဝင်ဘာလ ရက် နေ့ဟာ DVB-TV Live တိုက်ရိုက်စလွှင့်တဲ့နေပါပဲ။ ဒီလို တိုက်ရိုက်လွှင့်နိုင်ဖို့ ကြိုးစားနေခဲ့ တာတော့ ကြာပါပြီ။ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး၊ ၂၀၀၈ နာဂစ်မုန်တိုင်းနဲ့ အခြေခံဥပဒေဆန္ဒခံယူပွဲလုပ်စဉ် ကတည်းကဆိုပါတော့။  Burma VJ လို့ နောက်ပိုင်းမှာလူသိများလာတဲ့ UG ဗီဒီယိုအဖွဲ့ကလည်း ပြည်တွင်းက Footage တွေကို အတော်ပို့ပေးနိုင်ပြီ ဖြစ်တဲ့အတွက် တိုက်ရိုက်လွှင့်မယ်ဆိုရင် ပရိတ်သတ်ပိုတိုးလာမယ်၊ ပိုပြီး ရင်ခုန်ဘွယ်ကောင်းမယ်ပေါ့။

 (အဓိက ပရီစန်တာတဦးဖြစ်သူ မအေးအေးမွန်)

ဒီလိုတိုက်ရိုက်လွှင့်ဖို့အတွက် စတင်စမ်းသပ်တဲ့အချိန်ကတော့ ၂၀၁၀ ခုနှစ် မေလ ၁၇၊ နော်ဝေး အမျိုးသားနေ့မှာပါ။ သတင်းထောက်လည်းဖြစ်၊ နည်းပညာတာဝန်ခံလည်းဖြစ်တဲ့ ကိုသန်းဝင်းထွဋ်က အခန်းနားကျင်းပရာ ဘုရင့်နန်းတော်ရှေ့ကနေသတင်းပို့ပါတယ်။ စတူဒီယိုထဲမှာတော့ ပရီစန်တာ မအေးအေးမွန်က နော်ဝေးရှိ မြန်မာတချို့ ကိုဖိတ်ကြားထားပြီး နော်ဝေး ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မြန်မာဖွဲ့စည်းပုံဘယ်လိုကွာသလဲဆိုပြီး ဆွေးနွေးတာကို တိုက်ရိုက်ထုတ်လွင့်ပေးခဲ့တယ်လို့ သိရပါတယ်။

ပရီစန်တာတွေအားလုံးအတွက် တိုက်ရိုက်ထုတ်လွင့်မှုစမ်းသပ်ခြင်းကိုတော့ ၂၀၁၀ ခုနှစ် အောက်တိုဘာ မှာစတင်ပါတယ်။ News Brief လို့ခေါ်တဲ့ နောက်ဆုံးရသတင်းတို မီနစ်ကနေ မီနစ်စာကို တိုက်ရိုက် ထုတ်လွှင်ပြီး ကျန်တဲ့ မီနစ် ၅၀ စာ ကိုတော့ Pre package ကြိုတင်အသံသွင်း ထုတ်လွှင့်ခဲ့ပါတယ်။ အဲဒီလို တဖြေးဖြေးစမ်းလာပြီး တနာရီစာစလုံး တိုက်ရိုက် အစမ်းကိုတော့ အောက်တိုဘာ နောက်ဆုံး သတင်းပတ် မှာပြုလုပ်ခဲ့ပါတယ်။

ကံကောင်းတာလား၊ ကံဆိုးတာလားမပြောတတ်။ ရွေးကောက်ပွဲလုပ်တဲ့နေ့ နိုဝင်ဘာ ရက်နေ့မှာ TV ပရီစန်တာ တာဝန်ကျသူက ကျနော်ပါ။ အဲဒီကာလက အလှည့်ကျ ပရီစန်တာလုပ်နေသူစာရင်းကတော့ တနလာင်္မှာ မခင်နှင်းထက် အင်္ဂါမှာ နန်းခမ်းကယောက်၊ ဗုဒ္ဒဟူးမှာ ထက်အောင်ကျော်၊ ကြာသပတေးမှာ မအေးအေးမွန်နဲ့ သောကြာအတွက် တော့ ဦးထဲက တဦးက အလှည့်ကျ ပြန်တာဝန်ယူပေးပါတယ်။ စနေ၊ တနင်္ဂနွေမှာတော့ တိုက်ရိုက်မလွှင်ပဲ သောကြာနေ့တာဝန်ကျသူက စနေ၊ တနင်္ဂနွေအတွက်ပါ သောကြာ ညနေကတည်းက ကြိုတင်ရိုက်ထားလေ့ရှိပါ တယ်။

တိုက်ရိုက်လွှင့်ရင် အလွဲအမှားတွေပါမှာစိုးလို့ - ခါလောက် အသေအချာကြိုလေ့ကျင့်ထားတာတောင် နည်းနည်း တော့မှားဖြစ်အောင် မှားလိုက်ပါသေးတယ်။ ရွေးကောက်ပွဲကျင်းပတဲ့နေ့လည်းဖြစ်၊ တိုက်ရိုက်စလွှင့်တဲ့နေ့လည်ဖြစ် တယ်ဆိုတော့ နော်ဝေးမီဒီယာတချို့ကလည်း ရုံးမှာရောက်နေပြီး မှတ်တန်းရိုက်နေကြပါတယ်။ အဲဒီထဲက နော်ဝေး အမျိုးသမီး မှတ်တန်းရုပ်ရှင်သမားတဦးဆိုရင် DVB အကြောင်း ရုပ်-သံ မှတ်တန်းရိုက်နေတာ နှစ်လောက်ရှိ နေပြီ။ ကျနော်ရဲ့အမှားတွေကို သူရဲ့နာမည်ကြီးသတင်းမှတ်တမ်း Burmas stemme (မြန်မာ့ရွေးကောက်ပွဲ) မှတ်တမ်း ရုပ်သံ ထဲမှာ ပြန်တွေ့မိတာပါ။ တနာရီစာအဲဒီမှတ်တမ်းကို ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့မှာ နော်ဝေး TV NRK ကနေ ပြသခဲ့ပါတယ်။

ပုံပျက်ပန်းပျက်အမှားမဟုတ်တဲ့အတွက် သာမန်ပရိသတ်တွေ သိလိုက်မယ်မထင်ပါ။ ဒါပေမယ့် ရုပ်သံ မီဒီယာနဲ့ နီးစပ်သူတွေကတော့ သတိပြုမိကြမယ်ထင်ပါတယ်။ အဖွှင့်သတင်းတို News Brief ဖတ်နေတုန်း တပုဒ်နဲ့တပုဒ် ကြားမှာ ဘာလုပ်ပါ၊ ညာမလုပ်ပါနဲ့ဆိုပြီး ကွန်ထရိုးခန်းက ပုဂ္ဂိုလ်တဦးက ကျနော်ကို ၀င်ပြောပါတယ်။ တခြား မီဒီယာတွေမှာတော့ အယ်ဒီတာက ကွန်ထရိုးခန်းမှာထိုင်ပြီး ပရီစန်တာကိုညွန်ကြားတယ်လို့ဆိုကြပါတယ်။ ကျနော်တို့ DVB မှာတော့ အဲဒီလိုမဟုတ်။ 

အယ်ဒီတာက သတင်းရှာ၊ သတင်းဖြတ်၊ သတင်းတနာရီစာပြည့်အောင်ပဲ အာရုံစိုက်နေရပြီး ကွန်ထရိုးခန်းရှိ စက် ဆရာကပဲ ပရီစန်တာကိုညွန်ကြားခွင့်ရနေသလိုဖြစ်နေခဲ့ပါတယ်။ ဥပမာ အဲဒီနေ့က ပရီစန်တာ တာဝန်ကျတဲ့ ကျနော်ဆိုရင် နေ့စဉ်တာဝန်ကျ သတင်းအယ်ဒီတာ။ ဒါပေမယ့် စတူဒီယိုခန်းထဲ ရောက်ရင်တော့ စက်ဆရာအမိန့်ပေးတဲ့အတိုင်းသာ လိုက်လုပ်ပေတော့။ ဒီလိုနဲ့ ပရီစန်တာနဲ့ စက်ဆရာတို့ အကြား ဘယ်သူက အမိန့်ပေးပိုင်ခွင့်ရှိသလဲ ဆိုတာနဲ့ ပတ်သက်ပြီး မကျေလည်မှုနည်းနည်းရှိနေခဲ့တယ်လို့ ကျနော်ထင်ပါတယ်။

အဲဒီကာလ ကွန်ထရိုးခန်းမှာ တာဝန်ယူသူတွေကတော့ စက်ပိုင်းဆိုင်ရာတာဝန်ခံ ကိုသန်းဝင်းထွဋ်၊ ကိုဇော်မိုးဝေနဲ့ ကိုနေဇော်နိုင်တို့ဖြစ်ပါတယ်။ သတင်းအယ်ဒီတာက ကိုမိုးအေးဖြစ်ပေမဲ့ ကွန်ထရိုးခန်းထဲ ထိုင်လေ့မရှိပဲ တတိယထပ် သတင်းခန်းမှာသာ သတင်းရှာဖွေ၊ တီးဖြတ်ရေးနဲ့အလုပ်များနေလေ့ရှိပါတယ်။ တခြား TV ဌာတွေမှာ ဘယ်လိုစီစဉ်သလဲတော့မသိပါ။ 

ကျနော်တို့မှာက ရေဒီယိုစတူဒီယိုအတွေ့ အကြုံသာရှိပြီး ရေဒီယိုမှာတော့ စက်ဆရာက သူကိုပေးထားတဲ့ Running Order စာရွက်အတိုင်း ပရီစန်တာရဲ့ လက်ဟန်ကိုကြည့်ပြီး ခလုတ်နှိပ်ရပါတယ်။ တနည်းအားဖြင့် ရေဒီယိုစတူဒီယိုမှာက ပရီစန်တာပြောတာကို စက်ဆရာကလိုက်လုပ်ရပြီး TV စတူဒီယိုမှာက စက်ဆရာ ပြောတာကို ပရီစန်တာက လိုက်လုပ်နေရတဲ့သဘောမျိုးဖြစ်နေပါတယ်။ ရေဒီယိုမှာတုန်းက လက်ထဲပါ လာတဲ့ အသင့်ရေးထားတဲ့စာရွက်ကို တန်းဖတ်လို့ရပေမဲ့ TV မှာက ကွန်ထရိုးခန်းက ကွန်ပြူတာခလုတ် နှိပ်ပေးမှ စာကိုမြင်ရပြီး သူနှိပ်ပေးတဲ့အရှိန်အတိုင်း မီအောင်လိုက်ဖတ်ရပါတယ်။

ဒီမကျေလည်မှုက အခုလို တိုက်ရိုက်လွှင့်ချိန်မျိုးဆို ဘယ်လိုမှ ဖုံးဖိလို့မရ။ သတင်းတပုဒ်ဖတ်ပြီးလို့ တီးလုံးနဲ့ အယ်နီမေးရှင်းဝင်နေစဉ် ၁၀ စက္ကန့်လောက်အတွင်း ဘာလုပ်ပါ၊ ညာလုပ်ပါဆိုပြီး စက်ဆရာတဦးက ၀င်ပြောတော့ ပရီစန်တာ ကျနော်က နည်းနည်းစိတ်ဆိုးပြီး ပြန်ပြောမိပါတယ်။ ၁၀ စက္ကန့်ကျော်ပြီး တီးလုံးသံငြိမ်တဲ့အထိ ကျနော်ပြန် ပြောတဲ့ အသံက မပြီးသေးတဲ့အတွက် အဲဒီအသံနည်းနည်းလေး လေလှိုင်းပေါ် ပါသွားခဲ့ပါတယ်။ တခါ ပရီစန်တာ မျက်နှာကြီး မကြည်လင်မှုကလည်း TV စခရင်မှာ ပေါ်သွားခဲ့ပါတယ်။

ဒါဟာ အတွေ့အကြုံကနေရလိုက်တဲ့ သင်္ခန်းစာတခုပါပဲ။ ဒါပေမယ့် ကွန်ထရိုးခန်းနဲ့ ပရီစန်တာအကြား ဘယ်သူက ပိုတာဝန်ကြီးသလဲ။ ကွန်ထရိုးခန်းကပြောသမျှ ပရီစန်ကလိုက်လုပ်ရမှာလား။ တနည်းအားဖြင့်ပြောမယ်ဆိုရင် သတင်းသမားက အယ်ဒီတာစကားကိုနားထောင်ရမှာလား။ ကွန်ထရိုးခန်းက စက်ဆရာစကားကိုနားထောင်ရ မှာလားဆိုတဲ့ မေးခွန်းပေါ်လာပါတယ်။ ဒါပေမယ့် ၂၀၁၁ ခုနှစ်မှာ ဘတ်ဂျက်မရှိလို့ဆိုပြီး ကျနော်တို့ TV ပရီစန်တာ ဦးကို (ထက်အောင်ကျော်၊ ခင်နှင်းထက်၊ နန်းခမ်းကယောက်) အလုပ်ထုတ်ပစ်ခံရတဲ့အချိန်ထိ အဲဒီမေးခွန်းက မေးခွန်းအဖြစ်ပဲဆက်ရှိနေပြီး အဖြေရှာနိုင်ခြင်းတော့ မရှိခဲ့ပါ။

ကြိုတင်မဲနဲ့ ဗိုလ်နှုတ်ခမ်းမွေး

ရွေးကောက်ပွဲ ရလာဒ်အခြေနေတွေကိုဆက်ပြောရမယ်ဆိုရင် နိုဝင်ဘာ ရက်နေ့ ညနေပိုင်းရတဲ့ သတင်းတွေအရ မန္တလေးတိုင်း နေရာအတော်များများမှာ NDF ပါတီက အနိုင်ရထားကြောင်း လွှတ်တော်အမတ်တွေကိုယ်တိုင်က ကျနော်တို့ DVB ကိုပြောကြားခဲ့ပါတယ်။ တခါ တိုင်းရင်းသားပြည်နယ်တွေမှာ၊ အထူးသဖြင့် ရှမ်း၊ ရခိုင်၊ မွန်နဲ့ ချင်း ပြည်နယ်တွေမှာ တိုင်းရင်းသားပါတီတွေက အပြတ်အသတ်အနိုင်ရထားတယ်လို့လဲ သတင်းတွေဝင်ခဲ့ပါတယ်။

(၂၀၁၀ ရွေးကောက်ပွဲကာလ မြ၀တီ၊ ဘုရားသုံးဆူတိုက်ပွဲအကြောင်း ဆွေးနွေးဖို့ပြင်နေစဉ်)

ဒါပေမယ့် နောက်တနေ့မနက် ကော်မရှင်က တရားဝင်ထုတ်ပြန်တဲ့စာရင်းတွေထဲမှာတော့ အရင်နိုင်ထားတဲ့လူတွေ ပြန်ရှုံးပြီး ရှုံးထားတဲ့ ကြံ့ခိုင်ရေးအမတ်တွေက ပြန်ုနိင်သွားပါတယ်။ ဘာကြောင့်လည်းဆိုပြီးလိုက်မေးတော့ ကြိတင် မဲတွေက ညသန်းကောင် မဲရုံပိတ်ခါနီးမှ သောင်းနဲ့ချီပြီး အထုတ်လိုက်ရောက်လာလို့ပါတဲ့။ NDF နဲ့ တိုင်းရင်းသား ပါတီတချို့က ကန့်ကွက်တာတွေ၊ တရားစွဲတာတွေလုပ်ခဲ့ပေမဲ့ နောက်ဆုံးတော့ ကြံ့ခိုင်ရေးကပဲ ၈၀ ရာခိုင်နှုန်း ကျော်နဲ့ အနိုင်ရသွားတာပါပဲ။

အဲဒါက ရန်ကုန်၊ မန္တလေးနဲ့မြို့ကြီးတွေကအခြေနေ။ ကရင်ပြည်နယ် မြ၀တီနဲ့ ဘုရားသုံးဆူဖက်မှာတော့ အခြေနေ က နောက်တမျိုး။ ဒီရွေးကောက်ပွဲကို အယုံအကြည်မရှိလို့ဆိုပြီး ဗိုလ်နှုတ်ခမ်းမွေးဦးဆောင်တဲ့ DKBA ကရင့်အမျိုး သားအကျိုးပြုတပ်မတော်ကနေ မြ၀တီနဲ့ ဘုရားသုံးဆူမြို့တွေကို ၀င်သိမ်းလိုက်ပါတယ်။ နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် နယ်စပ်မြို့တိုက်ပွဲတွေဖြစ်လာပြီး ဒုက္ခသည်တွေ သောင်းနဲ့ချီပြိး သောင်းရင်းမြစ်ကနေတဆင့် မဲဆောက်မြို့ဆီ ထွက်ပြေးလာကြပါတယ်။ ဘုရားသုံးဆူဖက်မှာလည်း အလားတူ ထွက်ပြေးလာကြပါတယ်။

ဒီလိုနဲ့ ၂၀၁၀ ရွေးကောက်ပွဲဟာ တဖက်မှာ မဲလိမ်မှု၊ တဖက်မှာ တိုက်ပွဲဖြစ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်ဆိုပါတော့။ မှတ်မှတ်ရရ နိုဝင်ဘာလ ရက်နေ့၊ မအေးအေးမွန် ပရီစန်တာ တာဝန်ကျတဲ့နေ့မှာ ဗိုလ်နှုတ်ခမ်းမွေးတို့တိုက်ပွဲ နဲ့ ရွေးကောက်ပွဲအလားလာအကြောင်း တိုက်ရိုက်သုံးသပ်ချက်တခုလုပ်ပေးဖို့ ညွန်ချုပ် ကိုအေးချမ်းနိုင်က ကျနော့်ကို တာဝန်ပေးပါတယ်။ တောထဲကအကြောင်း၊ တိုက်ပွဲအကြောင်းဆို ပြောချင်လို့ယားနေတဲ့ ကျနော်ကလည်း ဘယ် ငြင်းပါ့မလဲ။ တခါတည်း လက်တန်း ၀င်ပြောတော့တာပါပဲ။

ဒါပေမယ့် ကျနော်နဲ့ သူတို့ (ညွန့်ချုပ် ကိုအေးချမ်းနိုင်နဲ့ ကွန်ထရိုးခန်းမှ ကိုသန်းဝင်းထွဋ်) အကြား အသေအချာ ကြိုမညှိဖြစ်ခဲ့တာက ကျနော်ကို သတင်းသမားတဦးအနေနဲ့ သတင်းတွေထဲက အချက်လက်တွေ သက်သက်အပေါ် သုံးသပ်ခိုင်းတာလား။ အရင်က ကျနော်တာဝန်ထမ်းခဲ့ဖူးတဲ့ ABSDF တောတွင်းတိုက်ပွဲအတွေ့အကြုံတွေ၊ မဟာ မိတ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အခြေနေတွေကိုပါ ထည့်သွင်းသုံးသပ်ခိုင်းတာလားဆိုတဲ့အချက်ပါပဲ။

ဒါကိုမသိတော့ ကျနော်လည်း တောထဲမှာတုန်းက တိုက်ပွဲဖြစ်ရင် ဘယ်လိုလုပ်ကြတယ်။ မဟာမိတ်တွေက ဘယ်လို။ အခု တိုက်ပွဲတွေအတွင်း ကျန်တဲ့မဟာမိတ်တွေက ပါမလာဘူးဆိုရင် သိပ်ကြာကြာထိမ်းနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီပွဲဟာ တခြားတိုင်းရင်းသားတွေက ဗိုလ်နှုတ်မွေးနဲ့ ဘယ်လောက်အပေးအယူ ရှိသလဲ။ ဘယ်လောက် မဟာတ်မိတ်ဖွဲ့ထားသလဲဆိုတဲ့အချက်ပေါ်မူတည်ပြီး အဖြေထွက်လာလိမ့်မယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။

ဒီလိုနဲ့ ၁၂ မီနစ်စာ TV ဆွေးနွေးပွဲ ပရိုဂရမ်တခု ကောင်းကောင်းရလိုက်ပါတယ်။ ဒါပေမယ့် စတူဒီယိုထဲကနေ အပြင်ကိုရောက်တာနဲ့ ညွန်မှုးနဲ့တတွဲတွဲဖြစ်နေသူ ကွန်ထရိုးခန်းမှ ကိုသန်းဝင်းထွဋ်က ခင်ဗျားကို သတင်းသမားတဦးအနေနဲ့ပြောခိုင်းတာ တောထဲမှာတုန်းကဆိုတဲ့ သူပုန်ဖြစ်ခဲ့ကြောင်း အသုံးအနှုန်းတွေ ဘာကြောင့် ထည့်ပြောတာလဲဆိုပြီး ဝေဖန်သံပါတဲ့ မေးခွန်းထုတ်ခဲ့တာကို အမှတ်ရနေဆဲဖြစ်ပါတယ်။
.........................................

၂၀၁၀ ရွေးကောက်ပွဲ လပိုင်းအလို (၂၂-၀၈-၂၀၁၀)က ထုတ်လွှင့်ခဲ့တဲ့ တနင်္ဂနွေသတင်းအစီစဉ်ကို အောက်ပါ Links ကို နှိပ်ပြီး နားဆင်နိုင်ပါတယ်...။




............


............

Share

Twitter Delicious Facebook Digg Stumbleupon Favorites More