Sunday, July 31, 2016

လွိုင်ကော်-တောင်ငူကားလမ်းမှ နေပြည်တော်-ရန်ကုန် မီးရထားလမ်းဆီသို့

The Voice Daily, 31-07-2016

ကယန်းပြည်သစ် အာဇာနည်ဗိမာန်ဆီသို့

တောင်ကြီး၊ လွိုင်ကော်အပါဝင် နယ်မြို့တွေရှိ လိုင်းကားငယ်တွေရဲ့ အားသာချက်ကတော့ ခရီးသည်တွေကို အိမ်တိုင်ရာရောက် လိုက်ခေါ်၊ လိုက်ပို့ပေးခြင်းပါ။ ဟိုတယ်မှာတည်းတဲ့သူကို အရင်ဦးစားပေးခေါ်တယ်ဆိုပြီး မနက် နာရီ ၁၅ မီနစ်လောက်မှာ အဲဒီလိုင်းကားက ကျနော့်ဆီရောက်လာပါတယ်။ တကယ်တန်း ကား ထွက်မဲ့အချိန်က မနက် နာရီ။ ဒါပေမဲ့ မြို့တပတ်ပတ်ပြီးခရီးသည်တွေကိုလိုက်ခေါ်ရင်းနဲ့ ဂိတ်ကို ရောက်တော့ နာရီတောင် ကျော်စပြုနေပြီ။


ဓတ်ပုံရိုက်ချင်လို့ ရှေ့ခန်းကိုအသေအချာပြောထားပေမဲ့ ဒီတခါလည်း ကံမကောင်းပြန်ဘူး။ ဒီနေ့ခရီးစဉ်မှာ ဘုန်းတော်ကြီးတွေမပါလို့ အိုကေ ပြီလို့ထင်ထားပေမဲ့ ခရီးသည်တွေထဲက အမျိုးသမီးကြီးတဦးဟာ ၀လွန်းတဲ့အတွက် နောက်ခုံမှာ ထိုင်ဖို့အဆင်မပြေဖြစ်နေပါတယ်။ ဒီလိုနဲ့သူ့ကိုဦးစားပေးရင်း ကျနော်ဟာ ရှေ့ခန်းနဲ့လွဲခဲ့ရပြန်ပါတယ်။ လွိုင်ကော်ကနေ ဒီမောဆိုအထိက တနေ့က ပဒေါင်ရွာတွေဆီသွားတဲ့ လမ်း အတိုင်းပါပဲ။ ပဒေါင်ရွာတွေအလွန်မှာ လမ်းကပိုဆိုးလာပါတယ်။

ကယားပြည်နယ်၊ ဒီမောဆိုမြို့နယ်အလွန်မှာ ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်ဆိုတဲ့ ဆိုင်းဘုတ်ကိုပြန်တွေ့ရတော့ နဲနဲအံ့သြသွားပါတယ်။ ဖယ်ခုံက အတော်ကျယ်တဲ့မြို့နယ်ပဲ။ မိုးဗြဲဆည်ဘေးကနေ ကယားပြည်နယ်ကို ကျော်၊ ကရင်ပြည်နယ်နယ်စပ်အထိ ရှိနေတဲ့မြို့နယ်ဖြစ်ပါတယ်။ ဖယ်ခုံမြို့နယ်ကြီးထဲမှာမှ ဆီးဘူးဆိုတဲ့ မြို့နယ်ခွဲလေးရှိပါတယ်။ အဲဒီမြို့နယ်ထဲမှာ အာဇာနည်ဗိမာန်ရှိတယ်ဆိုလို့ ဒီလမ်းကြမ်းကို ကျနော်ရွေးခဲ့တာ မဟုတ်ပါလား။

ဒီမောဆိုကနေ ဆီးဘူးအကြားမှာ တောင်သက်သက်။ တခြားကားလမ်းတွေလို ရွာတွေသိပ်မရှိပါ။ တောင်တွေက မြင့်မားတဲ့အပြင် လမ်းတွေကလည်း ကွေ့ကောက်သလားမမေးနဲ့။ မီတာ ၁၀၀ လောက်တောင် လမ်းဖြောင့်မရှိပါ။ ဒီတော့ ကားမူးတတ်သူတွေ မအော့မအန်ပဲ ဘယ်နေနိုင်ပါ့မလဲ။ ကားသမားက အသက် ၂၀ ကျော်သာရှိသေးတဲ့ ကယားလူငယ်။ ခရီးသည်အများစုက တောင်ငူမှာနေတဲ့ ကရင်တွေ။ တောထဲမှာနေတုန်းက နဲနဲပါးပါးတတ်ခဲ့တဲ့ ‘’၀ါလဲဂေး၊ နီလဲဂေး’’ နဲ့နှုတ်ဆက်ရင်း အားလုံးနဲ့ မိတ်ဆွေဖွဲ့ရပါတယ်။

‘’တခြားလိုင်းကားတွေလဲ မတွေ့ပါလား၊ ညဖက်စီးတဲ့လူ ပိုများလို့လား’’ ဆိုပြီး ကားသမားကိုမေးတော့ ချက်ချင်းပြန်မဖြေပဲ ကြောင်ကြည့်နေပါတယ်။ ပြီးတော့မှ ‘’ဒီလမ်းမှာ ကျနော်တို့တလိုင်းပဲရှိတယ်လေဆရာ။ တောင်ငူက တက်လာတဲ့ကားကို သံတောင်လောက်မှာ တွေ့နိုင်ပါတယ်’’ လို့ သူကဆိုပါတယ်။ သေပြီ ဆရာပဲ။ ဒီလမ်းမှာ လိုင်းကားပြေးနေတယ်ဆိုတော့ တခြားလမ်းတွေလိုပဲ ကားတွေအများကြီးပြေးနေ တယ်လို့ ကျနော်ကထင်ထားတာ။ အခုတော့ မိုင် ၁၂၀ (ကီလိုမီတာ ၂၀၀ နီးပါး) စလုံး ကျနော်တို့စီးလာတဲ့ ကားတစီးတည်း။ ကိုယ်ပိုင်ကားငယ် တစီးစ နှစ်စီးစ၊ (ငြိမ်း) အဖွဲ့အစည်းပိုင် လေးဘီးရက်ကား  တစီးစ နှစ်စီးစ၊ တောစီး (တောင်ယာသွားတဲ့) မော်တော်ဆို င်ကယ်တစီးနှစ်စီးကို လမ်းကွေ့တွေမှာ တခါတလေ တွေ့ရတာမှအပ ပတ်ဝန်းကျင်တခုလုံး တောနဲ့တောင်စွယ်ချည်း

မတော်တဆ ကားများပျက်လို့ကတော့ မလွယ်ပါ။ ရွာကလဲမရှိ။ တခြားအစားထိုးစီးနိုင်တဲ့ ကားလဲမရှိ ဆိုတော့ တောထဲမှာ ညအိပ်ရမဲ့ကိန်း။ ကံကောင်းချင်တော့ ကားက ဘာမှမဖြစ်ပါ။ ကံဆိုးချင်တော့ လမ်းတလျောက်မှာ ရွာမရှိ၊ ရှိတဲ့ရွာမှာ ဆိုင်မရှိတဲ့အတွက် ရေနဲ့မုန့် ၀ယ်မရပါ။ တော်သေးတယ်။ ကျောပိုးအိပ်ထဲ ရေပုလင်းအမြဲဆောင်ထားလို့၊ နို့မို့ရင် ရေဆာတဲ့ကိစ္စက ဒုက္ခပေးနိုင်ပါတယ်။ 

ဒီလိုတွေးရင်း၊ လှပတဲ့တောင်တန်းတွေကိုငေးရင်းနဲ့ ‘’ဆီဘူးမြို့နယ်မှ ကြိုဆိုပါ၏’’ ဆိုတဲ့ ဆိုင်းဘုတ် ကိုတွေ့လိုက်ရပါတယ်။ ဆိုင်းဘုတ်အလွန် နောက်ထပ်ရွာငယ်တခုဆီရောက်တော့ ပျောက်ကျား ယူနီဖောင်ဝတ် လက်နက်ကိုင်တွေစောင့်နေတဲ့ ၀ါးတားဂိတ်တခုနဲ့တိုးပါတယ်။ ဒါဟာ ကယန်းပြည်သစ် ပါတီဌာနချုပ် ဂိတ်ပါပဲ။ လမ်းရဲ့ယာဖက်မှာ ဗဟိုရုံးခန်းနဲ့ ဆိုင်းဘုတ်တွေအများကြီးချိတ်ထားတဲ့ အဆောက်ဦတလုံးကိုလည်းတွေ့ရပါတယ်။ ဓတ်ပုံရိုက်ချင်ပေမဲ့ အမေးအမြန်းထူနေမှာစိုးတာနဲ့ မရိုက်ဖြစ်လိုက်ပါဘူး။ 

အဲဒီဂိတ်ကိုကျော်၊ ဂငယ်ကွေ့တောင်တလုံးကို တက်တဲ့အခါမှာတော့ ကားကမတက်နိုင်ပဲ နောက်ပြန် ဆုတ်ဆင်းလာပါတယ်။ အရင်ခေတ်ကဆိုရင်တော့ ကားစပယ်ယာ အမြန်ပြေးဆင်းပြီး ကြမ်းတုံးခု။ ခရီးသည်တွေအားလုံးဆင်းပြီး ၀ိုင်းတွန်းရမဲ့ကိန်းပေါ့။ အခုတော့ အဲဒီလိုမဟုတ်။ ကားတွေက အတော်ခေတ်မီသွားပြီ။ ဘယ်သူမှ ဆင်းတွန်းစရာမလိုပါ။ နဲနဲနောက်ပြန်ဆုတ်၊ ဂီယာချိန်း၊ နောက်တခါ ထပ်တက်တော့ အိုကေ သွားပါတယ်။ အဲဒီအကွေ့ အလွန်ရှိ ဗွက်အိုင်ကိုကျော်ပြီးတဲ့နောက် ကယန်းပြည်သစ်ပါတီရဲ့ အာဇာနည်ဗိမာန်ကို ဘွား ကနဲမြင်လိုက်ရပါတယ်။


ကားသမားကို အတင်းရပ်ခိုင်းပြီး ဓတ်ပုံဆင်းရိုက်မယ်ပြင်တော့ ခရီးသည်အတော်များများ ကျနော့်နောက် လိုက်လာကြပါတယ်။ လှလိုက်တဲ့မြင်ကွင်း။ မြင့်မားလှတဲ့ နောက်ခံတောင်တန်းတွေပေါ် မြူခိုးတွေဆိုင်းနေ ပါတယ်။ ကြယ်နီတဆိပ်ပါတဲ့ ဗိမာန်ဝန်းကျင်မှာတော့ ရာနဲ့ချီရှိတဲ့ အုတ်ဂူငယ်လေးတွေ အစီအရီ။ ကန်ချန ပူရီ၊ သံဖြူဇရပ်တို့မှာ မြင့်ခဲ့ဖူးတဲ့ မဟာမိတ်စစ်သချိုင်းနဲ့တူနေသလိုလို။ ‘’ဗိမာန်တံခါးဝတွင်သော့ချိတ်ထား သည်’’ ဆိုတဲ့ စာတန်းကိုမြင်တော့ အထဲထိ ၀င်ကြည့်ချင်စိတ်ပေါ်လာပါတယ်။

ဒါပေမဲ့ ကားသမားက ဘယ်လောက်ကြာကြာ ရပ်စောင့်နိုင်မယ်မှန်းမသိ။ ကျန်တဲ့ခရီးသည်တွေကိုလည်း အားနာတော့ ခြံထဲထိမသွားတော့ပဲ ကားလမ်းဘေးကနေပဲ ရသမျှရိုက်ယူခဲ့ရပါတယ်။ ကျနော်သိ သလောက်ဆိုရင်တော့ သူပုန် (တော်လှန်ရေး) အဖွဲ့တွေထဲမှာ အာဇာနည်ဗိမာန်ကို ဒီလိုမျိုး သားသား နားနားလုပ်ထားတာဆိုလို့ ကယန်း ပြည်သစ်တခုပဲရှိပါသေးတယ်။ ကျနော်ပါဝင်ခဲ့ဖူးတဲ့ ကျောင်းသား တပ်မတော် ABSDF ကလည်း ဒီလိုမျိုး ဗိမာန် လုပ်ပြီး ကျဆုံးသွားတဲ့ ရဲဘော် ၆၀၀ ကျော်ကို ဂုဏ်ပြု မှတ်တမ်းတင်ချင်နေပါတယ်။ ဒါပေမဲ့ စဉ်ဆက်မပြတ်လုပ်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာတော့ ပေးဆပ်သွားတဲ့ရဲဘော်တွေကို ဘယ်လိုဂုဏ်ပြုပေးမယ်ဆိုတဲ့ အဆိုပြုချက်၊ ဆုံးဖြတ်ချက်မျိုး အခုချိန်ထိ မကြားရသေးပါ။


ရှမ်း-ကယားနယ်စပ်မှ ကရင်-ပဲခူးနယ်စပ်ဆီသို့   

ကံကောင်းတာက အာဇာနည်ဗိမာန်ကို ဓတ်ပုံရိုက်ပြီး ကားပေါ်ပြန်တက်မှ မိုးကသဲသဲမဲမဲရွာချလိုက်ပါတယ်။ ကားဆရာလည်း ခေါင်းမိုးပေါ်က အိပ်တွေမိုးမစိုအောင် မိုးကားတွေနဲ့အတင်း အုပ်ရင်နေပါတယ်။ အာဇာနည်ဗိမာန်အကျော်၊ ဆီးဘူးမြို့အလွန်မှာတော့ လမ်းကပိုဆိုး၊ ပိုအကောက်အကွေ့များလာပါတယ်။ ရှေ့ပိုင်းအကွေ့အကောက်မှာကတည်းက ကားမူနေသူတွေဟာ ဒီဖက်ပိုင်းရောက်တဲ့ အခါမှာတော့ ခေါင်းတောင်မထူနိုင်တော့ပါဘူး။ 




လှုပ်လှုပ်ရှားရှားရှိနေတာဆိုလို့ ကားဆရာနဲ့ ကင်မရာဆရာပဲကျန်ပါတယ်။ များလိုက်တဲ့အကွေ့အကောက် တွေ။ ကားဟွန်းသာမတီးဘူးဆိုရင် တဖက်ကလာတဲ့ကား၊ အထူးသဖြင့်မော်တော်ဆိုင်ကယ်တွေနဲ့ အချိန်မရွေးထိပ်တိုက် တိုးနိုင်တဲ့အနေအထားကြီး။ ဆီးဘူးမရောက်ခင်အထိနေရာအတော်များများမှာ တောင်တွေကိုဖြိုပြီး လမ်းတွေပြင်နေပေမဲ့ ဆီဘူးအလွန်နဲ့ ကရင်ပြည်နယ် နယ်စပ်အထိအပိုင်းမှာတော့ ဘာမှမပြင်ပဲ အရင်လမ်းဟောင်းအတိုင်း ဆိုးဝါးနေဆဲပါ။

ကန္တရ၀တ္တီကနေ ကေတုမတီဆီဆင်းလာတဲ့လမ်းဟာ ကယားနယ်ကိုဖြတ်၊ ရှမ်းနယ်ကိုကျော်ပြီး ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်ဆီ ၀င်လာပါတယ်။ ဒီလောက်အကွေ့အကောက်များပြီး တောင်အတက်-အဆင်း များလှတဲ့လမ်းမှာ ကုန်ကားတချို့ကိုတွေ့ရတဲ့အခါ လက်ဖျားခါမိပါတယ်။

ကရင်ပြည်နယ်ထဲရောက်ပြီးသိပ်မကြာခင်မှာ နေ့လည်စာစားဖို့ တခုတည်းသော ထမင်းဆိုင်ကိုတွေ့ရ ပါတယ်။ ကားသမားကြိုပြောထားတဲ့အတိုင်း တောင်ငူက တက်လာတဲ့ကားနဲ့ လွိုင်ကော်ကဆင်းလာ တဲ့ကား အဲဒီဆိုင်မှာဆုံပြီး ခရီးသည်အားလုံး ထမင်းစားကြပါတယ်။ မနက်စာကောင်းကောင်း မစားခဲ့ရ၊ လမ်းမှာလဲ မုန့်ဝယ်စားခွင့်မရတဲ့အပြင် လမ်းဆိုးပြီးကားဆောင့်ထားတော့ ဗိုက်ကအတော်ဆာနေပါတယ်။ ဒါပေမဲ့ ဒီရွာက ထမင်းဆိုင်မှာက ဆန်ကြမ်းနဲ့ ချက်ထားတဲ့ထမင်းရယ်၊ အမဲခြောက်ဟင်းရယ်၊ အသီး အရွက်ဟင်းရယ်မှအပ တခြားဘာမှရွေးချယ်စရာမရှိ။ ကိတ်မုန့်တွေ၊ ပေါင်မုန့်တွေလဲမရှိ။ 

ဒီတော့ ရှိတာကိုပဲ အောင့်ပြီး ကြိတ်ပေါ့။ ကျနော်တို့စီးလာတဲ့ လိုင်းကားငယ်တွေအပြင် ခပ်ကြီးကြီး ကားတစီး အဲဒီထမင်းဆိုင်ရှေ့မှာ ပျက်လို့ ကားသမားတွေ မြန်မာ့နည်းမြန်မာ့ဟန်နဲ့ပြင်နေတာကိုလဲ တွေ့ခဲ့ရပါတယ်။ ဘေးနားမှာတော့ NLD ပါတီ ကျေးလက်ရုံးခန်းတခု။ အဲဒီနဲ့မျက်နှာချင်းဆိုင်မှာ ကြီးမားတဲ့ ခရစ်ယန်ဘုရားကျောင်းတခုကိုတွေ့ရပါတယ်။ ဒီရွာကိုကျော်ပြီး ကရင်ပြည်နယ်ထဲရောက်လာကတည်းက တောင်ယာတွေ၊ ကွမ်းသီးပင်ခြံတွေကိုတွေ့ လာရပါတယ်။

ရန်ကုန်နဲ့မြို့ကြီးဒေသတွေမှာ ကွမ်းမစားရေး လှုပ်ဆော်မှုတွေလုပ်နေတယ်ဆိုပေမဲ့ ဒီလမ်းတလျောက်မှာ တော့ အဲဒီသတင်းကို ဘယ်သူမှသိပုံမရသေးပါ။ ကျနော်မှအပ ကားတစီးလုံးမှာ ကွမ်းစားသူတွေချည်း။ ကွမ်းသွေးရော၊ ရှိသမျှ ပလစတစ်၊ စက္ကူအမှိုက်အားလုံးကို လမ်းတလျောက် ကားပြူတင်းပေါက်ကနေ ပစ်ချနေလိုက်ပုံများ သဘာဝအလှ တောတောင်တွေကိုမှအားမနာ။ NLD ပါတီဝင်တွေများ ဒီလမ်းကြောင်းမှာ ကားစီးမိမယ်ဆိုရင်တော့ လမ်းဘေးဝဲယာမှာ အမှိုက်ပစ်တာတွေ၊ ကားပေါ်ကနေ အမှိုက်ပစ်ချတာတွေ တဖြေးဖြေးနဲသွားမယ်ထင်ပါရဲ့။

သံတောင်ကြီးမြိုနယ်ကအထွက်မှာတော့ လိပ်သိုမြို့နယ်ထဲရောက်လာပါတယ်။ မြေပြန့်နဲ့နဲနဲနီးလာတယ် ပြောရမလား။ ရွာတွေ၊ ဆိုင်တွေပိုများလာပါတယ်။ ဒူးရင်း၊ ကြက်မောက် စသဖြင့် ဒေသထွက် ရာသီသီးနှံတွေ တင်ရောင်းနေတဲ့ လမ်းဘေးဆိုင်တွေကိုတွေ့ရပါတယ်။ တခါတလေဖြတ်သွားတဲ့ အဖွဲ့အစည်းပိုင်ကားတွေရဲ့ တံဆိပ်တွေလ ည်းပြောင်းလာတာတွေ့ရပြီး ရှမ်း-ကယားနယ်စပ်က ငြိမ်းတံဆိပ်တွေအစား KNU တံဆိပ်တပ် ကားတွေကို မြင်လာရပါတယ်။



နှုတ်ခွန်းဆက်သပါ၏ ကရင်ပြည်နယ် ဆိုတဲ့ ဆိုင်းဘုတ်အလွန်မှာတော့ ပဲခူးတိုင်း တောင်ငူခရိုင်ဆီ ၀င်လာပါတယ်။ နာရီလောက်သာကြမယ်လို့မှန်းခဲ့ပေမဲ့ မနက် နာရီမှစထွက်ခဲ့တဲ့ကားဟာ နာရီခွဲမှ တောင်ငူမြို့ထဲဝင်နိုင်ပါ တယ်။ ဒါပေမဲ့ ဘာဖြစ်ဖြစ်၊ ၁၂၀၀ ကျပ်ပေးစီးရုံနဲ့ ကိုယ်မြင်ဖူးချင်တဲ့ အာဇာနည် ဗိမာန်ကို မြင်ခွင့်ရခဲ့တဲ့အတွက် ဒီခရီးစဉ်ကိုတန်တယ်လို့ပြောရမှာပါ။ 


မြန်မာ့မီးရထား ဘာတွေမှားခဲ့သလဲ

တောင်ငူရောက်တော့ ဘယ်မှာတည်းရမှန်းမသိ။ တောင်ငူမှာ ကိုယ်နဲ့သိတဲ့တဦးတည်းသောပုဂ္ဂိုလ်က ဘလော့ဂါ ဒေါက်တာလွဏ်းဆွေ။ သူ့ဆီအကြံတောင်းတော့ ကျုံဟောင်းဘေးနားရှိ ဟိုတယ်တခုကို ညွန်းပါတယ်။ ‘’အသစ်တုန်းကပဲကောင်းပြီး ဟောင်းသွားရင်မကောင်းတော့တာ မြန်မာတွေရဲ့ သဘာဝ ပဲလေဆိုတဲ့အတိုင်း ဦးသိန်းစိန် အစိုးရခေတ်ကမှ ဆောက်တယ်ဆိုတဲ့ ဒီဟိုတယ်ဟာ ထိမ်းသိမ်းမှုအားနဲ လို့ ထင်ပါရဲ့။ နဲနဲယိုယွင်းစပြုနေပါပြီ။ 


ဒါပေမဲ့ ကိုယ်က တညပဲအိပ်မှာဆိုတော့ ပြသာနာမရှိပါ။ ကိုလွဏ်းဆွေနဲ့ညစာစားပြီးအပြန် ဟိုတယ် ၀ရန်တာမှာ ထိုင်ပြိး ကျုံးပတ်လည်ကိုငေးနေတုန်း ရထားတစီးဖြတ်သွားတာ မြင်လိုက်မိပါတယ်။ ‘’တခါမှမစီးဖူးသေးတဲ့ ရထားကို စီးကြည့်ဦးမှ’’ ဆိုပြီး စိတ်ကူးပေါ်လာပါတယ်။ ပြည်တော်ပြန် ပထမ ခရီးစဉ်တုန်းက ရန်ကုန်မြို့ပတ်ရထားကို ခဏတက်စီးဖူးရုံမှတပါး အဝေးပြေးရထားတွေကို တခါမှမစီး ဖူးသေးပါ။ ရန်ကုန်-ထားဝယ် ရထားကိုစီးမယ်ဆိုပြီး ပြင်ခဲ့ပေမဲ့ မိတ်ဆွေတွေက ကန့်ကွက်တာကြောင့် မစီးဖြစ်သေးပါ။

အခုက တောင်ငူ-ရန်ကုန် ဆိုတော့ သိပ်မဝေးဘူးမို့လား။ ကားနဲ့သွားရင် နာရီပဲကြာတဲ့ခရီးဆိုတော့ ရထားလည်း ကြာလှ နာရီ နာရီပေါ့။ မနက်ဖြန် နေ့လည်ထွက်သွားရင် ညနေ နေမ၀င်ခင် ရန်ကုန် ဘူတာကြီးဆီရောက်ပြီပေါ့။  စိတ်ကူးပေါ်တုန်း အမြန်အကောင်ထည်ဖေါ်မှဆိုပြီး ဟိုတယ်ကောင်တာမှာ သတင်းသွားမေးတော့ ကောင်တာမှာထိုင်နေတဲ့လူငယ်က ကျနော်ကိုအထူးအဆန်းသဘွယ် ကြောင်ကြည့် နေပါတယ်။ ပြီးတော့မှ ‘’ရထားလက်မှတ်တော့ ကျနော်တို့လည်း မသိဘူးဗျ။ ခရီးသည်အားလုံးက အမြန်ကားတွေနဲ့ပဲသွားနေတာဆိုတော့ ဆရာလဲ အမြန် ကားပဲစီးပါလား၊ ရထားက မသေချာဘူး’’ ဆိုပြီး အကြံပေးပါတယ်။

အဲဒါမှ ဒုက္ခ။ ဒါပေမဲ့ သူအဲဒီလိုပြောမှ လူတွေ ဘာကြောင့်ရထားမစီးကြတာလဲဆိုတာကို သိချင်တဲ့စိတ်က ပိုများလာပါတယ်။။ ဒီလိုနဲ့ နောက်တနေ့မနက် ၁၀ နာရီလောက်မှာ တက္ကစီဆိုင်ကယ်ငှားပြီး တောင်ငူ ဘူတာဆီ ထွက်လာခဲ့ပါတယ်။ တက္ကစီ ဆိုင်ကယ်ဆိုလို့ ပြောရဦးမယ်။ တောင်ငူက တက္ကစီဆိုင်ကယ် သမားတွေက မော်လမြိုင်၊ ထားဝယ်ဖက်မှာလို သီးခြားဝတ်စုံ မ၀တ်ကြပါ။ ဒီတော့ အခကျေးငွေယူပြီး ခရီးသည်ပို့နေတဲ့ တက္ကစီသမားလား၊ ရိုးရိုးဆိုင်ကယ်သမားလားဆိုတာ ခွဲရ အတော်ခက်ပါတယ်။

‘’ရိုးရိုးတန်းက ၂၀၀၀ ကျပါတယ်။ ဒါ အသက်အာမခံပါပြီးသားပါ’’ ဆိုပြီး လက်မှတ်ရောင်းသူကပြောတော့ နဲနဲ လန့်သွားပါတယ်။ သူထုတ်ပေးလိုက်တဲ့ လက်မှတ်က လက်တလုံးစာလောက်သာရှိတဲ့ စက္ကူထူပြား သေးသေးလေး။ ၁၉၈၈ မတိုင်မီက အခြေအနေကိုတောင် လွမ်းမိပါရဲ့။ ဒါပေမဲ့ လွမ်းနေဖို့အချိန်မရလိုက်။ ဆိုက်လာတဲ့ရထားပေါ် အမြန်ပြေးတက်ရပါတယ်။ စီးတဲ့သူမရှိသလောက်နည်းနေလိမ့်မယ်လို့ ထင်ထားပေမဲ့ အဲဒီလိုမဟုတ်ပါ။ ထိုင်စရာမပြောနဲ့ ခြေချစရာနေရာတောင်မရှိပါ။

လက်မှတ်မှာ ထိုင်ခုံနံပတ်ပါတယ်ဆိုတော့ လူကြားထဲတိုးပြီး ထိုင်ခုံနံပတ်လိုက်ရှာပါတယ်။ ဒါပေမဲ့ ကိုယ့် ထက်ဦးသူက ထိုင်ထားပြီးသား။ ကိုယ့်မှာက အထုပ်အပိုးလည်းပါတယ်။ ဘေးမှာကလည်းချေချစရာတောင် မရှိဘူးဆိုတော့ ဒီတိုင်းရပ်လိုက်ဖို့မလွယ်။ ဒီတော့ အရဲစွန့်ပြီး လက်မှတ်ကိုထုတ်ပြ၊ နေရာဖယ်ပေးဖို့ပြောရ ပါတယ်။ သိပ်တော့မလွယ်ပါ။

ကျောချင်းကပ် နှစ်ယောက်ထိုင် သစ်သားခုံမှာ ကိုယ်နဲ့တွဲကျသူက ကလေးနို့တိုက်နေတဲ့ အမျိုးသမီးတဦး။ မျက်နှာချင်းဆိုင်မှာလည်း ကလေးတွဲလောင်းနဲ့အမျိုးသမီးတဦးနဲ့ ပြူတင်းပေါက်ကနေ မကြာခဏ ကွမ်းသွေးထွေးနေတဲ့ လူငယ်တဦး။ ကျနော်ရတဲ့ခုံက ရထားဦးတည်ရာကိုကျောပေးထားရတဲ့အတွက် အပြင်လေကို တိုက်ရိုက်မရပါ။ ဓတ်ပုံရိုက်ဖို့လဲ မြင်ကွင်းကမကောင်းပါ။ နေရာလဲပေးနိုင်မလားဆိုပြီး မျက်နှာချင်းဆိုင်က သားအမိကိုညှိတော့ သူတို့ကလည်း လေမရရင် မူးတတ်တဲ့အတွက် လဲမပေးနိုင်ဘူးလို့ ဆိုပါတယ်။ အပေါ်မှာ ပန်ကာတွေရှိနေပေမဲ့ ဘာကြောင့် ဖွင့်မပေးမှန်း မသိပါ။ ဘယ်သူကမှလည်း ပန်ကာ ဖွင့်ပေးဖို့ တောင်းဆိုတာ မတွေ့မိပါ။ 


လေကောင်းလေသန့်လဲမရ၊ အိုက်ကလဲအိုက်လို့ စိတ်ညစ်နေရတဲ့အထဲ ‘’ကွမ်းယာ၊ ဆေးလိပ်၊ နေကြာစေ့’’ လို့ အော်ပြီးဈေးရောင်းသူတွေ ကျနော်ရှေ့ရောက်လာပါတယ်။ ‘’နန်းကြီးသုပ်၊ ခေါက်ဆွဲသုပ်၊ လဖက်သုပ်’’ လို့ အော်တဲ့လူတွေ၊ ‘’သောက်ရေသန့်တွေရမယ်၊ လဖက်ရည်၊ ကော်ဖီရမယ်’’ လို့ အော်တဲ့လူတွေ စသဖြင့် တသုတ်ပြီးတသုတ်ဈေးသည်တွေက နည်းတာမဟုတ်။ မနေ့က တောလမ်းမှာတော့ ဈေးဆိုင်မရှိလို့ စိတ်ညစ်ခဲ့ရ။ ဒီနေ့ ရထားပေါ်မှာတော့ ဈေးသည်များလွန်းလို့ စိတ်ညစ်ခဲ့ရပြန်ပေါ့။

ဒါပေမဲ့ စိတ်ညစ်နေရုံနဲ့မပြီး။ ရထားပြူတင်းပေါက်ကနေ မြင်နေရတဲ့ ထွန်ယက်ဆဲလယ်ကွင်းပြင်တွေ၊ ကောက်စိုက်သမလေးတွေ၊ စိမ်းစိုစပြုနေတဲ့ စပါးပင်တွေ၊ ခပ်ဝေးဝေးက စေတီပုထိုးတွေကို လှမ်းပြီး ဓတ်ပုံရိုက်ရပါသေးတယ်။ တောင်ငူကထွက်တော့ ကျွဲပွဲမြို့တဲ့။ ပြီးတော့ ဇေယျဝတီ၊ ဖြူး၊ ညောင်ပင်သာ ဘူတာတွေ။ အဲဒီမှာ ထပ်တက်လာတဲ့ ခရီးသည်တွေထဲ ဆေးရောင်းတဲ့ ကြော်ငြာသမားတွေပါလာပါတယ်။ သူတို့က အရင်ဈေးသည်တွေလို ပါးစပ်နဲ့ အော်ပြောရုံနဲ့မကျေနပ်။ လက်ကိုင်လော်စပီကာကိုင်ပြိး ဆေး ရောင်းနေပါတယ်တော့တယ်။

‘’တော်တော်လေးများစားရင် မော်တောလေးများသွားသလို’’ ဆိုတဲ့ ၁၉၈၈ မတိုင်မီကာလ မြို့ပတ် ရထားပေါ်က ကြော်ငြာတွေကိုတောင် ပြန်လွမ်းမိပါရဲ့။ မော်တော်လေးများသွားသလိုဆိုမှ နာမည်ကြီးလှတဲ့ မြန်မာ့မိးရထားတွဲက အိမ်သာတွေကို သတိရလာပါတယ်။ အခုလဲ အိမ်သာတွေက ပိုးလိုးပက်လက်ပဲလား ဆိုပြီး ဘေးကလူတွေကို မေးကြည့်တော့ မဟုတ်တော့ဘူး။ ဘိုထိုင်တွေနဲ့ဖြစ်နေပြီလို့ပြောပါတယ်။ ကိုယ်တိုင်သွားကြည့်ချင်ပေမဲ့ ကွန်ပြူတာအိတ်အပါဝင် ပစ္စည်းတွေက ဒီတိုင်းထားခဲ့လို့မဖြစ်။

ဒါပေမဲ့ အရဲစွန့်ပြီး တချက်တော့သွားကြည့်လိုက်ပါတယ်။ အိမ်သာမီးကဖွင့်မရတော့ မှောင်မှောင်မဲမဲနဲ့ ဘာမှကောင်းကောင်းမမြင်ရ။ သေချာတာကတော့ အရင်လို ပက်လက်အိမ်သာမျိုးမဟုတ်တော့ပါ။ ဒါပေမဲ့ စနစ်တကျပြုပြင်ထိမ်းသိမ်းမှုလုပ်မထားတဲ့အတွက် သေးစော်၊ ချေးစော်နံပြီး တခန်းလုံး စိုစွတ်လဲချော်နိုင်တဲ့ အနေအထားဖြစ်နေပါတယ်။ အဲဒီအိမ်သာကိုကျော်ပြီကြည့်လိုက်တော့ အထူးတန်းအတွဲ၊ အစိမ်းရောင်၊ အဖြူရောင် ပိတ်စတွေ၊ ဆိုဗာခုံတွေနဲ့ဆိုတော့ အထူးတန်းကတော့ မဆိုးလောက်ဘူးထင်ပါတယ်။ အဲဒီဖက်ဆက်သွားကြည့်နေရင် ကိုယ့်အထုတ် ပျောက်သွားမှာစိုးတာနဲ့ အသေချာသွားမကြည့်ဖြစ်လိုက်ပါ။



နေပြည်တော်-ရန်ကုန်အမြန်ရထားဆိုပေမဲ့ ရှိသမျှဘူတာအကုန်ရပ်တဲ့အပြင် ရထားတစီးနဲ့ တစီးစောင့်ရ တာကြောင့် (အသွားအပြန် တလမ်းစီမရှိသေးပဲ တလမ်းတည်းကို အသွားအပြန်မောင်းနေရလို့ ဘူတာမှာ ရပ်ရပ်ပြီးစောင့်နေရဆဲ) ခန့်မှန်းထားတာထက် အချိန်အများကြီးနောက်ကျသွားပါတယ်။ ပြွန်တံဆာ စက်ခေါင်းရုံဆိုတဲ့နေရာမှာ ရပ်ကတည်းက ညနေ နာရီကျော်နေပြီ။ ကားနဲ့သွားမယ်ဆိုရင် ရန်ကုန်မြို့ထဲ ရောက်နေလောက်ပြီပေါ့။

ပဲခူးဘူတာရောက်တော့ ညနေ နာရီကျော်လို့ မှောင်စပြုနေပြီ။ ခရီးသည်တွေရော၊ ဈေးရောင်းသူတွေပါ အတော်များများ ပဲခူးမှာဆင်းသွားတာ သတိထားမိပါတယ်။ ပဲခူးနဲ့ ရန်ကုန်က မိုင် ၅၀ ဆိုတော့ သွားပါပြီ။ နာရီထိုးရင်တောင် ဘူတာကြီးရောက်ပါ့မလားမသိပါ။ ဒါပေမဲ့ ဇွဲတော့လျော့လို့မဖြစ်။ ညောင်လေးပင်၊ ဇေယျဝတီလောက်မှာကတည်းက ရထားပေါ်က ဆင်းပြေးချင်စိတ်ပေါက်နေတဲ့ကျနော်ဟာ ပန်းတိုင် မရောက်မှာစိုးတာနဲ့ ကိုယ်ဘာသာ အတင်းအားပေးပြီး ဘူတာကြီးရောက်တဲ့အထိ သီးခံစီးမယ်လို့ သန်ဓိဌာန်ချထားရပါတယ်။

တိုးကြောင်ကလေးရောက်တော့ ဘေးနားက ကလေးအမေအမျိုးသမီးဆင်းသွားပါတယ်။ မဆင်းခင် သူနဲ့ပြောကြည့်သလောက်က သူဟာ တောင်ငူကနေ မြောက်ဒဂုံဆီသွားမဲ့သူဖြစ်ကြောင်း၊ ရထားခ ၂၀၀၀ သာပေး ရတဲ့အပြင် တိုးကြောင်ကလေးကနေ မြောက်ဒဂုံဆီ ဘတ်စ်ကားစီးရင် ၂၀၀ နဲ့ရတယ်။ ဒါကြောင့် ၂၂၀၀ နဲ့ တောင်ငူကနေ မြောက်ဒဂုံအထိရောက်တယ်။ ကားနဲ့ဆိုမလွယ်ဘူး။ မတတ်နိုင်ဘူးလို့ပြောပါ တယ်။ သူပြောမှ ရထားစီးတဲ့ခရီးသည်တွေကို အသေချာကြည့်မိပါတယ်။ အမြန်ကားစီးတဲ့ ခရီးသည်တွေ လို တောက်တောက်ပြောင်ပြောင်မရှိကြပါ။ တချို့ဆို ၁၉၈၈ မတိုင်ခင်က စတိုင်နဲ့ သံသေတ္တာကြီးထမ်းပြီး သွားနေကြတုန်း။

တနည်းအားဖြင်ေ့ပြာမယ်ဆိုရင်တော့ မရှိဆင်းရဲသားအများစုဟာ ဈေးသက်သာပြိး မြို့လယ်အထိရောက်တဲ့ မီးရထားကို အားကိုနေရဆဲပါ။ ဒါပေမဲ့ ဒီနေ့မီးရထားတွေ ဘာကြောင့် ဒီလောက်ဆုတ်ယုတ်သွားမှန်းမသိ။ ၁၉၈၈ ကျနော်တို့ကျောင်းသားဘ၀ကဆို ရန်ကုန်ဘူတာကြီးမှာ ရထားလက်မှတ် မောင်ခိုတိုးရတာအမော။ ခရီးသွားမဲ့လူအားလုံး ရထားမှရထား။ မန္တလေးသွားမလား၊ မော်လမြိုင် (မုတ္တမ) သွားမလား။ အားလုံး ရထားချည်း။ ဘယ်သူမှ ကားမစီးကြပါ။


အခုတော့ ဘယ်သူမှ ရထားမစီးတော့ပါ။ အားလုံးက အမြန်ကားမှ အမြန်ကားဖြစ်နေပါတယ်။ ဘာကြောင့် ဒီလို ပြောင်းသွားတာလဲ။ ကားလမ်းတွေက ရထားလမ်းတွေထက် ပိုကောင်းသွားလို့လား။ ကားတွေက ရထားတွေထက် ပိုမြန်ပြီး ပိုအချိန်မှန်လို့လား။ ဒါမှမဟုတ် ကားလိုင်းတွေကို ပုဂ္ဂလိကပိုင်ပေးပြိး ရထားတွေ ကို အစိုးရပိုင်ဆက်လုပ်ထားလို့လား။ တနည်းအားဖြင့် ပုဂ္ဂလိကကုပဏီဝန်ထမ်းတွေက အစိုးရ၀န်ထမ်းတွေ ထက် လုပ်ရည်ကိုင် ရည်ပိုရှိနေလို့လား။

ဒီလိုပြောဖို့လဲခက်နေပြန်ပါတယ်။ ဘာကြောင့်လဲဆို နိုင်ငံတကာရှိ ရထားလိုင်းအားလုံးကို သက်ဆိုင်ရာ အစိုးရတွေကပဲ ထိမ်းချုပ်ထားတယ်မဟုတ်ပါလား။ ဒါပေမဲ့ တခြားနိုင်ငံက မီးရထားတွေခေတ်မီတိုး တက်နေချိန်မှာ မြန်မာ့မီးရထား အခုလို ဖြစ်နေတာကတော့ တခုခုမှားယွင်းနေတယ်လို့ထင်ပါတယ်။ အရှုံးခံပြီးပြေးနေရလို့ဆိုပြီး ပြည်နယ်-တိုင်း တချို့က ရထားလမ်းတွေ ပိတ်လိုက်ပြီလို့လဲ သတင်းတွေ ထွက်နေပါတယ်။ သေချာတာကတော့ မြန်မာ့မီးရထား ၀န်ဆောင်မှုလုပ်ငန်းကို အမြန်ဆုံးပြုပြင်ပြောင်းလဲဖို့ လိုနေပြီဖြစ်ပါတယ်။        

Share

Twitter Delicious Facebook Digg Stumbleupon Favorites More