Sunday, August 30, 2020

ကမ္ဘာ့မြောက်ဖျားအငူ North Cape သို့ ခရီးသွားခြင်း (၃)

နော်ဝေ-ဖင်လန်-ရုရှား ၃ နိုင်ငံနယ်စပ် တြိဂံဒေသသို့...


ဒီနေ့ ဇူလိုင် ၂၃- ကြာသပတေးဆိုတော့ ခရီးထွက်လာတာ ၅ ရက်ထဲဝင်လာပြီ။ အဓိက ဦးတည်ချက်ဖြစ်တဲ့ Nordkapp ကို ဒီနေ့ တက်မလား၊ ဒါမှမဟုတ် နော်ဝေ-ဖင်လန်-ရုရှား ၃ နိုင်ငံနယ်စပ် တြိဂံဒေသကို အရင်သွားပြီးမှ တက်မလားပေါ့။ လမ်းတလျောက်လုံး ကျနော်တို့ ၃ ဦးကြား အငြင်းပွားမှုမရှိပေမယ့် ဒီကိစ္စမှာတော့ နည်းနည်းသဘောထားကွဲပါတယ်။ အဓိက ဦးတည်လာတာကိုပဲ ဦးစားပေးပါ။ ရုရှား နယ်စပ်မှာ ဘာတွေထူးတာရှိလို့လဲ၊ အဲမှာ မတော်တဆ တခုခုဖြစ်ရင် (ကားပျက်-တာယာပေါက် စသဖြင့်) ခရီးစဉ်တခုလုံး လွဲကုန်မယ်ဆိုပြီး တဦးက ကန့်ကွက်ပါတယ်။


ဒါပေမယ့် အားလုံး မငြင်းနိုင်တာက ရာသီဥတုအခြေအနေ။ မနေ့ညနေပိုင်းက စပြီး နေနည်းနည်းသာနေတယ်ဆိုပေမယ့် တိမ်တွေက အများကြီး။ Nordkapp မှာ သောကြာနေ့မှ နေက အလုံးလိုက်သာမယ်ဆိုပြီး Yr.no က အသေချာဆိုထားပါတယ်။ တခါ မနေ့ညက ဆောင်နာမှာတွေ့တဲ့ ဆွင်ဇလန်က ပုဂ္ဂိုလ်ကလည်း တောင်ပေါ်မှာနေမသာသေးလို့ ဒီ ဟီတာမှာ အနားယူပြီးစောင့်နေတာ ၂ ရက်ရှိပြီတဲ့။ သောကြာနေ့မှာ တက်ကြပါဆိုပြီး တိုက်တွန်းထားပါတယ်။ ဒီတော့ သူတို့လိုပဲ တရက်စာကို ဘယ်မှာမသွားပဲ ဟီတာမှာ ထိုင်နေမလား...။ ရုရှားနယ်စပ်ဖက် ရသမျှ စမ်းသွားကြည့်မလားပေါ့...။

ရာသီဥတုကို အပြစ်ပုံချရင်း ရုရှားနယ်စပ်သွားရေး အဆိုက အနိုင်ရသွားပါတယ်။ ဒါပေမယ့် ခရီးက အဝေးကြီး- ကီလို ၄၆၀ ကျော်ကို အသွား-အပြန်မောင်းရမှာ။ ဒါတောင် Kirkenes မြို့အထိပဲရှိသေးတယ်။ အဲဒီမြို့ကနေ နယ်စပ်ကို ကီလို ၆၀ ကျော်၊ ခရီးကြမ်တး နာရီခွဲလောက် ထပ်မောင်းရအူးမယ်ဆိုပါတယ်။ လမ်းကလည်း ဒီဖက်လိုမကောင်းတော့ဘူး။ ကျဉ်းလည်းကျဉ်- အကွေ့အကောက်နဲ့တောင်တွေကများ တယ်လို့ဆိုပါတယ်။ ဒီတော့ တနာရီ ၇၀ ထက်ပိုမောင်းလို့မရဘူး။ ကီလိုမီတာ ၆၀၀ နီးပါးဆိုတော့ အသွား-အပြန် အနည်းဆုံး ၁၅ နာရီ ကြာမယ်။ ဒါတောင် လမ်းမှာနားတာ၊ ကားဆီဖြည့်တာ၊ လူအစာစားတဲ့အချိန်တွေ မပါသေးဘူး။

အဲတော့- မနက်ဖန် သောကြာညနေအမီ Nordkapp ကို ပြန်ရောက်ပါ့မလား။ တခါ စနေနေ့ကို တောင်ပေါ်က ပြန်ဆင်းပြီး တနလာင်္နေ့ည လီးလီးဟားမားကို အရောက်ပြန်မောင်းရမယ်တဲ့...(အလာတုန်းက ၆ ရက်ခရီးကို ၃ ရက်နဲ့ အရောက်ပြန်ရမယ်) ခရီးစဉ်က အဲဒီလို လုံးဝ- နားချိန်မရှိ၊ ကားပျက်ချိန်မရှိ၊ တခုခု ဖြစ်ရင် တကယ့်ကို တခုခုဖြစ်မှာ...။

-စိတ်မပူပါနဲ့ အူးလေးဒေ- ကျနော်မောင်းပြပါ့မယ်-တဲ့။ ကိုမင်းမင်းက အာမခံတော့ ဆက် ဒိုးပေါ့။ ထင်ထားတဲ့အတိုင်းပါပဲ။ လမ်းကကျဉ်း ပြီး အကွေ့အကောက်က အတော်များပါတယ်။ ၂ နာရီလောက်မောင်းပြီးချိန်မှာ Nordkapp နဲ့ Kirkenes လမ်းခွဲနေရာ၊ တနည်းအားဖြင့် E69 နဲ့ E6 လမ်းခွဲနေရာ Olderfjord ကို ရောက်ပါတယ်။ ရည်ရွယ်ချက်နဲ့ အတော်နီးလာပြီဆိုတော့ အားလုံး ကားပေါ်ကဆင်းပြီး အမှတ်တရ ဓာတ်ပုံရိုက်ပေါ့။ တခြားကားတွေကတော့ ကွက်ကြည့်-ကွက်ကြည့်။ ဘာကြောင့်လဲဆို အနောက်တိုင်းသားတွေက သိပ်မရိုက်ဘူး၊ အာရှကလူတွေပဲ ဓာတ်ပုံအရိုက်များတယ် မဟုတ်ပါလား။


လမ်းဆုံနားက ဓာတ်ဆီဆိုင်မှာ ကားဆီဖြည့်၊ လူ ဗိုက်ဖြည့် ပြီးတော့ ပင်လယ်ကမ်းနားတလျောက် တနာရီလောက်မောင်း။ ပြီးတော့ မြစ်ကြောင်း (တောင်ပေါ်ချောင်းထင်ပါတယ်) တလျောက် တနာရီကျော်လောက်မောင်းပြီးချိန်မှာ ဆာမိ ပြတိုက်ဆိုတဲ့ ဆိုင်းဘုတ်ကို တွေ့ပါတယ်။ ဆိုင်းဘုတ်ပြထားတဲ့အတိုင်း ကားကိုကွေ့ဝင်သွားတော့ NRK ဆာမိ တွီဗွီ စတေရှင်ဆိုတာကို မထင်ပဲနဲ့ တွေ့လိုက်ရ ပါတယ်။ NRK နော်ဝေ အစိုးပိုင် အသံလွှင့်ဌာနမှာ ဆာမီလို ရုပ်သံနဲ့ ရေဒီယို အစီစဉ်ရှိပါတယ်။ (မြေပုံမှာတော့ RiddoDuottar Muse- Karasjok မြို့လို့ဖေါ်ပြထားပါတယ်)။



ဆာမိဆိုလို့... နော်ဝေမြောက်ပိုင်းကို ၀င်လာပြီးကတည်းက လမ်းဘေးနေရာအချို့မှာ ဆာမိး အမှတ်တရပစ္စည်းရောင်းတဲ့ ဆိုင်တွေကို တွေ့ရပါတယ်။ အထူးသဖြင့် မြောက်ပိုင်းက သမင်းကြီးတွေ၊ ၀က်ဝံတွေကိုဖမ်းပြီး သရေတွေကိုပြန်ရောင်းတာ၊ ဆောင်းတွင်းဆို အဲအမွေးပွ သရေတွေနဲ့မှ အအေးဒဏ်ကို ခံနိုင်တာမဟုတ်လား။ ဒါပေမယ့် ဈေးက အတော်ကြီးပါတယ်။ တခုကို တထောင်ကျော်ဆိုတော့ ဒေါ်လာ ၂၀၀ လောက်ရှိနေပြီ။

အခုကတော့ ပြတိုက်၊ အထဲဝင်ရင် ၇၀ ပေးရမယ်၊ အပြင်မှာလျောက်ကြည့်ရင်တော့ အခမဲ့ပေါ့။ အဲတော့ အခမဲ့ရတုန်း အိမ်သာခန်းကို အရင်ပြေး၊ ပြီးတော့ ကော်ဖီတခွက်ဝယ်၊ ဓာတ်ပုံတွေကို လျောက်ငေးပေါ့။ ဆာမိလူမျိုးတွေက ဒီတိုင်းကြည့်လိုက်ရင် နော်ဝေနဲ့ သိပ်မကွာဘူး။ နည်းနည်းတော့ ခန္တာကိုယ်သေးတယ်လို့ထင်ရပြီး ဘာသာစကားက မတူဘူး။ ဆာမီးစကား သီးခြားရှိပါတယ်။ အခု မြောက်ပိုင်းနယ်စပ်နဲ့နီးလာတဲ့အခါ လမ်းညွန်ဆိုင်းဘုတ်တွေကိုတောင် ဘာသာစကား ၄ မျိုးနဲ့ရေးထားတာတွေ့ရပါတယ်။ နော်ဝေ-ဆာမိ-ရုရှား-ဖင်လန် ၄ မျိုးနဲ့ (အင်္ဂလိပ်ဘာသာ မပါဘူး)။

ဝတ်စား ဆင်ရင်မှုလည်း သီးခြားရှိပေမယ့် အဲဒီအ၀တ်တွေက ပွဲလမ်းသဘင်ရှိမှ ၀တ်တယ်နဲ့တူပါတယ်။ အခုပြတိုက်မှာရှိတဲ့လူတွေက သာမန် နော်ဝေ တွေလိုပါပဲ၊ ဘာမှထူးမနေပါဘူး။ -ခင်ဗျားတို့က ဆာမီးတွေလား-လို့ မရဲတရဲ မေးကြည့်တော့ ဟုတ်ပါတယ်တဲ့။ မရဲတရဲဆိုတာက ခွဲခြားဆက်ဆံတယ် အထင်ခံရမှာစိုးလို့။ ဒါပေမယ့် သူတို့ကတော့ သူတို့ဆာမိးဖြစ်တယ်ဆိုတာကို ဂုဏ်ယူစွာနဲ့ပြောနေကြတာပါ။

နော်ဝေမြောက်ပိုင်း၊ အခုသွားမယ့် ဖင်လန်၊ ရုရှားမြောက်ပိုင်းမှာ ဆာမီးကို်ယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆာမီလွှတ်တော်ရှိတယ်လို့ သိရပေမယ့် အသေးစိပ် မလေ့လာဖြစ်သေးပါ။ သေချာတာကတော့ ကျနော်တို့ ငယ်ငယ်တုန်းက စာအုပ်တွေထဲဖတ်ဖူးတဲ့ အက်စကီမိုးဆိုတာနဲ့ အခုတွေ့နေတဲ့ ဆာမီးလူမျိုး မတူပါဘူး။ (အရင်က အတူတူလို့ထင်ခဲ့မိပါတယ်။ အသေးစိပ် မလေ့လာရသေးပါ)။

ထားတော့၊ အခုက ပြေးရင်းလွှားရင်းနဲ့လမ်းကြုံဝင်လေ့လာတာဆိုတော့ သာမန် မြင်ရသလောက်ကိုပဲ ပြန်ပြောပြနိုင်မှာပါ။ အဲဒီက ပြန်ထွက်ပြီး နောက်ထပ် တနာရီလောက်ထပ်မောင်းတော့ လမ်းပြင်နေလို့ တောထဲကဖြတ်မောင်းရတဲ့နေရာနဲ့ လေယဉ်ကွင်းကြီးတခုကို တွေ့ရပါတယ်။ နော်ဝေမြောက်ပိုင်းက မြို့အတော်များများမှာ လေယာဉ်ကွင်းရှိတာကို သတိထားမိပါတယ်။ မရှိလို့မဖြစ်ဘူးလေ။ ရထား လမ်းကလည်းမရှိ၊ (ရထားလမ်းက Mo i Rana အထိပဲရှိပြီး ဘိုဒိုနဲ့ ထရိုးဟိန်းကြား ရထားလမ်းက အတော်လှတယ်ဆိုပါတယ်) ကားနဲ့မောင်းမယ်ဆိုရင်လည်း အခု ကျနော်တို့သွားနေသလို ၅ ရက်လောက်မောင်းမှ ရောက်မယ်ဆိုတော့ လေယဉ် ရှိမှဖြစ်မှာပေါ့။

အဲဒီလေယဉ်ကွင်းအကျော် ကုန်းဆင်းတခုမှာတော့ လှပတဲ့ တံတားဖြူတစင်းနဲ့ ကြည်လင်နေတဲ့ မြစ်တခုကို ၀ိုး ကနည်း မြင်လိုက်ရပါတယ်။ အားလုံးဆင်းပြီး ဓာတ်ပုံရိုက်ပေါ့။ အချိန်က ၃ နာရီလောက်ရှိနေပြီဆိုတော့ ဗိုက်ကလည်း အတော်ဆာနေပြီ။ လမ်းတလျောက်မှာ အာရှဆိုင်ကလည်း တဆိုင်မှမတွေ့ဘူး။ ရှေ့မှာမြင်နေရတဲ့ အဲဒီတံတားရှေ့ကဆိုင်မှာ တခုခုစားမှဖြစ်တော့မယ်ဆိုပြီး ၀င်လိုက်တော့ ဟိုတယ်နဲ့တွဲထားတဲ့ ဆိုင်ကြီးဖြစ်နေပါတယ်။ အာရှစာ (ထမင်း-ခေါက်ဆွဲ) မရတဲ့အပြင် ဈေးကလည်း မြောက်သလားမမေးနဲ့။ ဒါပေမယ့် တခြားဆိုင်လည်း မတွေ့ဘူး။ ဗိုက်ကလည်းအတော်ဆာနေပြီဆိုတော့ ဘိုစာ စားမှဖြစ်တော့မယ်ပေါ့။



မြေပုံမှာထောက်ကြည့်တော့ Tana မြစ်ဘေးမှာ။ ခုနက တံတားက တာနာမြစ်ပေါ်ရှိ တံတားဟောင်းဘေးမှာ တံတားအသစ် ဆောက်နေတာ။ အဖြူရောင်တိုင်အမြင့်ကြီးတလုံးနဲ့ ကြိုးဆိုင်းပြီးဆောက်ထားတာဆိုတော့ မြင်ကွင်းက အတော်လှပ ထူးခြားနေပါတယ်။ တံတားနဲ့ အနီးဆုံးမြို့က Tana Bru တဲ့။ ဒီနေ့ရာသီဥတုကကောင်းပြီး နေသာနေတော့ အဲဒီဆိုင်မှာ လူတွေက မနည်းဘူး။ ဥရောပသားတွေဆိုတော့ ဆိုင်ထဲမှာမထိုင်ပဲ အပြင်က နေရောင်အောက်က စားပွဲမှာ နေရာရဖို့အရေး အလုအရက်။

ဟန်ဘာဂါစာရင်း ဘေးကလူတွေနဲ့စကားစပ်ပြီး ရုရှား-ဖင်လန် နယ်စပ်ကို သွားလယ်မလို့... လမ်းဆိုးသလား- ဘယ်လိုရှိလဲ.. စသဖြင့် တီးခေါက်ကြည့်မိပါတယ်။ ဒီကလူတွေက ရုရှားကို သိပ်အကောင်းမမြင်ကြဘူးထင်ပါတယ်။ ဘာသွားလုပ်မှာလဲ ဒီလောက်အဝေးကြီး- လမ်းကလည်း ဆိုးသေး၊ မတော်ရင် မင်းတို့ကို ရုရှားတွေက ခေါ်ပြီး ကွာရင်တင်း ၁၄ ရက် ၀င်ခိုင်းထားမှာတဲ့...၊ အင်း- ဒုက္ခ။

ကိုယ်တွေကတော့ မရဘူး။ အဲဒီအထိ သွားမယ်လို့လာပြီးမှ လှည့်ပြန်လို့ဘယ်ဖြစ်မလဲ...။ ဆက်မောင်းဆရာပေါ့။ မြစ်ကိုဖြတ်-တောင်ကိုကျော်- နောက်ထပ် မီနစ် ၉၀ လောက်ထပ်မောင်းတော့ ဒီဒေသရဲ့မြို့တော် ရှိကနက်စ်- Kirkenes ဆီ ရောက်လာပါတယ်။ မြို့က အတော်လှပေမယ့် ကိုယ်တွေက မြို့လယ် ဘယ်နားမှန်းမသိ။ ဟို-ဒီ ပတ်မောင်းရင်းနဲ့ ကမ်းနားက စကင်းဒစ်ဟိုတယ်ရှေ့ ရောက်သွားပါတယ်။ အဲဟိုတယ်ရှေ့မှာတွေ့တယ်လူတွေကို စကားစပ်ပြီး ရုရှားနယ်စပ် ဘယ်လိုသွားရသလဲ မေးတော့ သူတို့က နော်ဝေစကားမရဘူး။ ရုရှားတွေဖြစ်နေတယ်။



ဒီတော့ GPS အားကိုးနဲ့ပဲ ဆက်မောင်းရမှာပေါ့။ တကယ်ဆို ရုရှားနယ်စပ်သွားမယ်ဆို ဒီမြို့ထဲအထိ ၀င်လာစရာမလိုဘူး။ မြို့ပြင် လမ်းခွဲကနေ E105 (E6-ကနေ 105 သို့) ဖက် ဆက်မောင်းသွားရမှာ။ လမ်းကကျဉ်းပြီး သိပ်မကောင်းတဲ့အပြင် အသွားအလား ကားတွေလည်း သိပ်မတွေ့ရဘူး။ အချိန်ကလည်း ညနေ ၇ နာရီကျော်နေပြီ။ နေသာနေဆဲဖြစ်တယ်ဆိုပေမယ့် နယ်စပ်မှာ တဲထိုးအိပ်ခွင့်မရှိဘူးဆိုထားတော့ ဟိုရောက်ရင် ဟိုတယ်အခန်းရပါ့မလား။ ညမအိပ်ပဲ ပြန်ဆင်းလို့မီပါ့မလား...။ နယ်စပ်ကရွာရောက်ရင် ၃ နိုင်ငံ နယ်စပ်က ကျောက်တုံးဆီရောက်ဖို့ မီနစ် ၃၀ ခန့် တောလမ်းကိုလျောက်ရသေးတယ်လို့ မြေပုံညွန်းကဆိုထားတော့ …အင်း ဖြစ်ပါ့မလားပေါ့။

အဲလို တွေးလို့ကောင်းတုန်း ကားလမ်းက ချက်ချင်းကြီး ကတ္တရာလမ်းကနေ မြေနီလမ်းကြမ်းဖြစ်သွားပါတယ်။ -ဟ မဖြစ်ဘူးထင်တယ်နော်၊ လမ်းပေါ်မှာ ကျောက်စရစ်ခဲလေးတွေရှိတယ်။ အဲဒါနဲ့ထိမိပြီး ကားတာယာပေါက်သွားရင် ကျနော်တို့ခရီးစဉ်တွေ အကုန် လွဲကုန်နိုင်တယ်- ဆိုပြီး ကားမောင်းနေတဲ့ ကိုမင်းမင်းက ပြောပါတယ်။ အဲဒါမှ ဒုက္ခ... ဒီအထိ လာပြီးမှ လှည့်ပြန်စရာလား...။

-မပြန်လို့မဖြစ်ဘူးလေ၊ ကားက တလျောက်လုံး ကတ္တရာလမ်းပေါ် မနားတမ်းမောင်းထားတာဆိုတော့ ကျောက်တုံးလေးတွေနဲ့ညှိပြီး တာယာပေါက်နိုင်တာပေါ့။ အဲလို တခုခုဖြစ်ရင် ခရီးစဉ်က အကုန်လွဲမှာ သေချာတယ်။ ဒီတော့ - စိတ်လျော့- အူးလေးဒေ၊ ရုရှားနယ်စပ် ရောက်ဖို့ထက် မြောက်ပိုင်းအငူရောက်ဖို့က ပိုအရေးကြီးတယ်- ဆိုပြီး နယ်စပ်မရောက်ခင် တနာရီခန့်အလိုကနေ အောင်မြင်စွာ ဆုတ်ခွာခဲ့ ပြန်ပေါ့။ အင်း... ကိုယ့်အတွက်တော့ ၂ ခါရှိပြီ။ တောင်ပိုင်း ကျောက်ညှပ်တောင်တုန်းက တခါ၊ အခုတခါဆိုတော့ ၃ ခါတော့ အဖြစ်မခံနိုင်ဘူး။ မြောက်ပိုင်းအငူကိုတော့ တွက်တိရောက်မှ ဖြစ်မယ်...။
……………………

မြောက်ပိုင်း အငူ Nordkapp ကို တကယ်သွားပါပြီ
......................

ရုရှားနယ်စပ်ကနေ အောင်မြင်စွာဆုတ်ခွာလာသူ ၃ ဦးဟာ အချင်းချင်း အပြန်အလှန်အားပေးရင်းနဲ့ လာလမ်းအတိုင်း ပြန်လှည့်လာခဲ့ပေါ့။ အဆင်မပြေမှုနဲ့တွေ့မှ ဗိုက်ကလည်း ပိုဆာလာသလိုလို။ ရှိကနဲမြို့အ၀င်က ပီဇာ ဆိုင်မှာ ညစာ စားမလားဆိုတော့ မဖြစ်ဘူး။ ထမင်းပဲစားချင်တာတဲ့- ဆရာသမား ၂ ယောက်ကဆိုပါတယ်။ အဲတော့ ဓာတ်ဆီဆိုင်မှာ ကားဆီဖြည့်ရင်းနဲ့ မီးပလပ်ပေါက်ရှာပြီး ထမင်းအိုးတည်ရအောင်တဲ့... အန်- သူများတွေက အထူးအဆန်းအဖြစ် အကြည့်ခံရတော့မှာပဲ။

ကံကောင်းတယ်ပြောရမလား... ပလပ်ပေါက်က အပြင်မှာမရှိဘူး။ ဆိုင်ထဲက စားပွဲအောက်မှာပဲရှိတာ။ အဲဒါက အစာစားရင်း ကွန်ပြူတာ သုံးဖို့ဖြစ်မှာပေါ့...။ ဒီနေရာမှာ ထမင်းချက်ဖို့တော့ ဘယ်သူမှ စဉ်းစားထားပုံမရဘူး...။ အာ့ဆိုရင် ၅ ဂါလံဝင်တဲ့ ရေပုံးကို ရေအပြည့်ဖြည့် (ဒီမှာက ကားရေးဆေးတဲ့ ပိုက်ရေက သုံးလို့ သောက်လို့ရတယ်)။ တခါသုံး မီးဖိုကိုဝယ်၊ မီးကင်ဖို့ ၀က်အူချောင်း၊ အသားပြားတွေဝယ်ပြီး ကားပေါ်ပြန်တက်။ အလာတုန်းက တွေ့ထားတဲ့ လမ်းဘေးစခန်းတခုဆီ အရောက်ပြန်မောင်းမယ်၊ အဲဒီမှာ ဒီည စခန်းချမယ်ပေါ့...။

ည ၁၀ နာရီလောက်မှ အဲ နေရာကိုရောက်တယ်။ အသွားတုန်းက အတိုင်း ဟိုတယ်ကား ၃ ဦးစီးလောက်ရပ်ထားတာကလွဲရင် တခြား ပြောင်းလဲမှု ဘာမှမရှိ။ တောင်ပေါ်တောလမ်းဘေးမှာဆိုတော့ ဒီနေရာမှာ လျှပ်စစ်မီးမရှိဘူး။ ရေလောင်းအိမ်သာ မရှိဘူး။ ရေချိုမရှိဘူး။ ကုန်းပေါ်ကဆင်းရင်တော့ ပင်လယ်ကမ်းခြေရှိတယ်။ ငါးမျှားလို့ရတယ်ပေါ့။ ဆရာသမားတွေက ငါးမျှားချင်နေတာ...။ ခက်တာက ထမင်း ဘယ်လိုချက်မလဲ...။ လွယ်ပါတယ်ဆိုပြီး ဂစ်မီးဖိုပေါ် ထမင်းအိုးကြီးကို ဒီတိုင်းတင်ပြီးချက်လိုက်တာ... အိုးပါ ပျက်ရော...။


အိုးပျက်တာ ပြသာနာမရှိ- ထမင်းတော့ ကောင်းတယ်မို့လား...။ တခါသုံးမီးသွေးဖိုပေါ်မှာ ၀က်အူချောင်းနဲ့ အသားပြားတွေကို ဘာဘီကျုး ကင်ပြီး ညစာလွေးပေါ့။ … ငါးကင်လား...၊ အင်း အခုထိ တကောင်မှ မမိသေးဘူးလေ...။ ည ၁၀ နာရီကျော်နေပြီဆိုတော့ ဘေးက ဟိုတယ်ကားတွေပေါ်ကလူတွေ အိပ်ကုန်ကြပြီထင်တယ်။ ဘာအသံမှမကြားရဘူး။ ကိုယ်တို့ ၃ ဦးပဲ အလုပ်ရှုတ်နေတာ။

လျှပ်စစ်မီးမရှိဘူးဆိုမှ တယ်လီဖုန်းက အားကုန်၊ လက်နှိပ်ဓာတ်မီးကလည်း ပါမလာဘူး။ ရန်ကုန်မှာတုန်းက အမြဲဆောင်ထားတဲ့ ပါဝါဘဏ်နဲ့ လက်နှိပ်ဓာတ်မီးက အော်စလိုရောက်မှ ချန်ထားခဲ့တာ။ နော်ဝေမှာခရီးသွားတယ်ဆိုတော့ ဒါတွေ မလိုလောက်ဘူးပေါ့။ အင်း...လူတွေကလည်း လျှပ်စစ်မရှိ၊ အင်တာနက်မရှိရင် မနေတတ်တော့အောင် ဖြစ်နေပါရော့လား...။ အရင် ၁၉၉၀ ပြည်လွန်နှစ်တွေက ထိုင်း-မြန်မာနယ်စပ် တောထဲမှာ ဆယ်နှစ်ကျော်နေခဲ့တာ ဘာလျှပ်စစ်မှမရှိ၊ တယ်လီဖုန်းမရှိ၊ အင်တာနက်မရှိ။ လိုင်းတိုရေဒီယိုလေးတလုံးနဲ့ အိုကေ နေတာပဲ။ အခုတော့ မရတော့ဘူး၊ တောထဲက တော်လှန်ရေးသမားတွေတောင် FB ပေါ်ပုံတွေတင်နေမှတော့ ဥရောပမှာ ရောက်နေသူက မီးမရှိ၊ အင်တာနက်မရှိရင် ဘယ်နေတတ်တော့မလဲ...။

မြောက်ပိုင်းအတော်ရောက်သွားလို့ဖြစ်မယ်၊ ၁၁ နာရီကျော်တဲ့အထိ နေက မ၀င်ဘူး။ ဒါပေမယ့် တိမ်နည်းနည်းရှိနေတဲ့အတွက် မြင်ကွင်းက သိပ်မရှင်းလှ။ ၁၂ အထိစောင့်ကြည့်ပြီးရင်တော့ အိပ်မှဖြစ်မယ်။ မနက်ဖန် တောင်ပေါ်ရောက်မှ တညလုံး မအိပ်ပဲ ကြည့်ကြပေါ့- ဆို ပြီး တဲ ထိုးဖို့ပြင်ပါတယ်။ တဲထိုးရင် ကြာတယ်၊ လေလည်းတိုက်နေတယ်ဆိုတော့ ဟိုမှာရှိပြီးသား (ဘတ်စ်ကားမှတ်တိုင်လို ဟာမျီုး) အဆောင်ထဲ ၀င်အိပ်လိုက်ရအောင်တဲ့...။


အင်း- ကိုမင်းမင်းရဲ့ အကြံပြုချက်အရ တဲမထိုးတော့ပဲ တဲကိုအခင်းလုပ်ပြီး လမ်းဘေးက ဘတ်စ်ကားဂိတ်လိုနေရာမှာ ပထမ ဆုံးအကြိမ် အိပ်ခဲ့ဖူးပြီပေါ့။ လူ့စိတ်ဆိုတာကလည်း ခက်သား။ တဲထိုးအိပ်လည်း ဒီမြေကြီးပေါ်မှာပါပဲ။ ဒါပေမယ့် တဲထဲမှာ အိပ်တယ်ဆိုရင် ဒါမဆိုးဘူး။ အခုတော့ အများသုံး ဘတ်စ်ကားဂိတ်လိုနေရာမှာ ဒီတိုင်းအိပ်ရတယ်ဆိုပြီး စိတ်ထဲမှာ သိပ်မသန့်လှ။ မကြာပါဘူး- Sovepose တန်ဂိုးနဲ့ အိပ်ပျော်သွားတာ မနက် ၇ နာရီအထိ တရေးပဲရပါတယ်။

အိပ်ယာနိုးတော့ ထုံးစံအတိုင်း အိမ်သာပြေးရ။ ဒီမှာရှိတဲ့ အိမ်သာက ရေလောင်းအိမ်သာ မဟုတ်ပဲ နွေရာသီ လမ်းဘေး အိမ်သာ။ အနံက နည်းနည်းဆိုးတယ်။ စွယ်တာကို နှာခေါင်းပေါ်အထိတင်ပြီး သွားရင် အဆင်ပြေတယ်လို့ ကိုကျော်သူကင်းကတော့ ပြောပါတယ်။ ဒါပေမယ့် ကိုယ်က မရဘူး။ အရင် ရွာမှာနေတုန်း၊ တောထဲမှာနေတုန်းက ဒီလိုအိမ်သာပဲ တသက်လုံးသုံးလာတာ အခုတော့ ဖင်ခေါင်းကျယ်ပြီ။ အဲအိမ်သာပေါ်ထိုင်လိုက်တာနဲ့ အနံဆိုးကိုခံရတာအပြင် အောက်ကနေ အပူငွေ့တခုက ကိုယ့်ကို လာဟပ်သလိုမျိုးခံစားရ။

အင်း...မဖြစ်ချေဘူး။ ရဲဖမ်းလည်းဖမ်းတော့ဆိုပြီး လမ်းတဖက်ကမ်းက တောအုပ်ထဲဝင်ပြေးပြီး မြန်မာ့နည်း မြန်မာ့ဟန်နဲ့ ဖြေရှင်းခဲ့ရပေါ့။ တော်သေးတယ်။ ဘယ်သူကမှ ကိုယ့်ကို လိုက်ပြီးကြည့်မနေလို့...။ တောထဲမှာဆိုတော့ CCTV လည်း မရှိလောက်ဘူးထင်ပါတယ်။ တော်ကြာ အိမ်ရောက်မှ ရဲကနေ မှတ်တမ်းဓာတ်ပုံပို့ပြီး ဒဏ်ကြေးဆောင်ခိုင်းရင်တော့... အင်း. ရှက်စရာကြီး...။

ဒီလိုမျီိးလည်းရှိခဲ့ပါတယ်ပေါ့။ ခုနကပြောတဲ့ ဟိုတယ်ကားနဲ့ဆိုရင်တော့ အဲကားပေါ်မှာ အိမ်သာပါ ပါတဲ့အတွက် ဘာပူစရာလိုမလဲ...။ အင်း... ပင်လယ်မှာလည်း ရေငံတွေပဲရှိတယ်ဆိုသလို... မနေ့ကတည်းက ရေမချိုးရသေးပေမယ့် ပင်လယ်ရေလည်း ဆင်းချိုးလို့မဖြစ်သေး။ ရေချို မရှိဘူးဆိုရင် ကပ်စေးစေးဖြစ်နေမှာပေါ့။ အရင်နေ့တွေက မိုးရွာနေလို့ ရေချိုးချင်စိတ်မရှိပေမယ့် ဒီနေ့က နေသာပြီး အပူချိန်က ၂၀ ကျော်နေတော့ ရေချိုးချင်စိတ်က တဖွားဖွားပေါ်နေ။


လမ်းမှာ ရေချိုကန်တွေ့ရင် ကားရပ်ပြီး ဆင်းကူးရအောင်ဆိုပြီး မနက် ၈ နာရီလောက်မှာ ခရီးစတင်။ ဒီညနေတော့ မြောက်ပိုင်းအငူ Nordkapp ဆီ အရောက်ချီမည်ပေါ့။ ရေချိုကလည်း ရှာမှရှားလိုက်တာ၊ ဘာကန်မှမတွေ့ပဲနဲ့ မနေ့ညနေက နေ့လည်စာစားခဲ့တဲ့ Tara မြစ်ဘေးက ဆိုင်ကိုတောင် ပြန်ရောက်လာခဲ့။ တခြားနေရာကလည်း မရှိတော့ ဈေးကြီးပါတယ်ဆိုတဲ့ အဲဆိုင်မှာပဲ မနက်စာ စားဖြစ်ပြန်ပေါ့။

တောင်ပေါ်ကပြန်အဆင်း ပင်လမ်းကမ်းစပ်ဖက်ရောက်ချိန်မှာတော့ ရှေ့မှာတင်ပြဖူးတဲ့ သမင်တွေကို လမ်းဘေးမှာ အတော်များများ တွေ့လာရပါတယ်။ ရေကန်လား- ပင်လယ်အစပ်ကမ်းခြေလား သိပ်မကွဲပြားတဲ့တနေရာမှာတော့ ကားတွေ အများကြီးရပ်ထားတာ တွေ့တာနဲ့ ကိုယ်တွေကားကိုလည်း အဲမှာ ထိုးရပ်လိုက်ပါတယ်။ ၂ နာရီလောက်မောင်းပြီးတိုင်း တခါလောက်တော့ နားဦးမှပေါ့...။ အဲ…တကယ်က အဲ-ကားတွေက ဒီတိုင်းနားနေတာမဟုတ်။ ချောင်းထဲ ရေဆင်းသောက်နေတဲ့ သမင်တွေကို ဓာတ်ပုံရိုက်နေကြတာ။




W0W- ဒီလောက်ကြီးတဲ့ သမင်းအရှင်လတ်လတ်တွေကို အခုမှ အနီးကပ်တွေ့ဖူးပါတယ်။ အနီးကပ်ဆိုပေမယ့် သိပ်ကပ်သွားလို့မရဘူး။ သမင်အရိုင်းတွေဆိုတော့ ချိုနဲ့ခတ်ထည့်လိုက်မှ ဒုက္ခရောက်နေဦးမယ်။ ဒါပေမယ့် သမင်တွေကိုယ်တိုင်ကလည်း အကပ်မခံဘူး။ ကိုရိုနာ ဗိုင်းရပ်အကြောင်း သူတို့သိပုံမရပေမယ့် ၆ ပေအထိတောင် အကပ်မခံကြပါဘူး။ တကယ်က ဒီရေကျချိန်မှာ ကမ်းစပ်ကိုဆင်းပြီး ဆားဓာတ်ယူကြတာတဲ့။ ကြားဖူးသလိုလို ရှိပေမယ့် အခုမှ တကယ်မြင်ဖူးတာ...။ ဒါဇင်နဲ့ချီတဲ့ သမင်တွေဟာ ကမ်းစပ်က သောင်ပြင်ပေါ် ဟိုပြေး ဒီပြေး..။ နှစ်ကောင်လောက်က ကားလမ်းမကိုဖြတ်ပြီး တောင်ပေါ်ပြန်တက်တော့ ကားတွေအားလုံးက ရပ်ပေးထားကြရ...။

အင်း... မြန်မာပြည်မှာဆို ဘယ်လိုနေမလဲ...။ ငယ်ငယ်တုန်းက ရွာက ဘောလုံးကွင်းဘေးရောက်လာတဲ့ သမင်းငယ် (ဂျေ) တကောင်ကို ၀ိုင်းဖမ်းပြီး အားပေးလိုက်တာကို ပြန်မြင်ရောင်မိ။ အခုတော့ အဲလို လုပ်လို့မရတော့ဘူး။ ပြစ်မှုကြီးတယ်တဲ့- ဒီမှာက..။ ပြီးတော့ သဘာဝ ပတ်ဝန်ကျင်ထိမ်းသိမ်းရေးအကြောင်း မကြာခဏပြောနေပြီး အဲလို သွားလုပ်လို့ဖြစ်မလား...။

သမင်လိုက်ပွဲကနေ ငါးဖမ်းပွဲဖက်လှည့်ရအောင်။ အဲဒီနေရာကနေ နောက်ထပ် တနာရီနီးပါးထပ်မောင်းတော့ တောင်ကုန်းလေးတခုရဲ့ ဘေးနားမှာ ဆာမီးပြတိုက်ဆိုတဲ့ ဆိုင်းဘုတ်နဲ့အတူ ဟိုး…ပင်လယ်ထဲမှာ ဆော်လမွန်ငါးမွေးမြူရေးကန်တွေကို လှမ်းမြင်ရပါတယ်။ ဒီမြောက်ပိုင်းခရီးစဉ်တခုလုံးမှာ ခုနက သမင်တွေကို မကြာခဏလမ်းဘေးမှာ တွေ့ရသလို ဆော်လမွန်ငါးမွေးကန်တွေကိုလည်း ပင်လယ်ကမ်းစပ် လမ်းတလျောက်ကနေ မကြာခဏ လှမ်းမြင်ရလေ့ရှိပါတယ်။

ပင်လယ်ထဲမှာဆိုတော့ သွားကြည့်ဖို့မလွယ်ဘူး။ ဒါပေမယ့် ကမ်းစပ်ကျောက်တောင်နဲ့ အနီးဆုံးနေရာအထိ သွားကြည့်ကြမယ်ပေါ့။ အဝေးကနေ မြင်ရတဲ့မြင်ကွင်းကတော့ အကျယ် ပေ ၂၀ လောက်ရှိတဲ့ အစိမ်းရောင် မွေးမြူရေကန် ၁၀ ခု သို့မဟုတ် တဒါဇင်လောက် ရှိမယ်။ အဲဒီဘေးမှာ သဘောင်္ငယ်တစီးရှိမယ်။ -အဲသဘောင်္ပေါ်က လူကတော့ ဘယ်မှာမသွားပဲ ဒီတိုင်းနေရတာ မချောင်ဘူး- ဆိုပြီး တွေးမိပါတယ်။

ကိုယ်ကတော့ ဆော်လမွန်ငါးဆိုတာကို နော်ဝေမရောက်ခင်အထိ တခါမှ မတွေ့ဖူး၊ မစားဖူးဘူး။ ငါး-အမည်ကိုတောင် -ခင်ဝမ်း- သီချင်းထဲမှာပဲ ကြားဖူးတာ။ -ဆော်လမွန်-ငါးတို့အပြန်-တဲ့။ သူက ပင်လယ်မှာ သန္တေတည်ပြီး သားမွေးခါနီးရင် မြစ်ရေကိုဆန်ကာ ချောင်းဖျားမှာတက်မွေးတယ်ဆိုပါတယ်။ ဒါက သဘာဝဖြစ်စဉ်ပေါ့။ အခုကတော့ ပင်လယ်ထဲမှာ မွေးထားတယ်ဆိုတော့ သဘာဝအလွန်၊ ဆော်လမွန်ငါးကို Mass production လုပ်တဲ့သဘောလို့ယူဆရပါတယ်။

ဒါက ဘာမှအသေချာမသိသေးသူတဦးက ငါးမွေးကန်ဆီလည်း ရောက်ခွင့်မရသေးပဲနဲ့ ခန့်မှန်းယူဆချက်သာဖြစ်ပါတယ်။ Laks လို့ နော်ဝေလို ခေါ်ကြတဲ့ ဒီငါးဖမ်းလုပ်ငန်းဟာ နော်ဝေရဲ့ အဓိက စီးပွားရေးလုပ်ငန်းတခုဖြစ်တဲ့အတွက် အသေချာလေ့လာသင့်ပါတယ်။ ကိုယ်ကတော့ သာမန် ငါးကန်ရှေ့ဖြတ်သွားတဲ့ ခရီးသွားတဦးရဲ့အမြင်ကို မျှဝေခြင်းမျှသာဖြစ်ပါတယ်။ 

ကိုယ့်စိတ်ကူးထဲ မြင်နေတဲ့ ဆော်လမွန်ငါးဆိုတာက -ဆော်လမွန်ငါးကို ပါးပါးလေးလှီးပြီး (စူရှီနဲ့တို့စားတဲ့) ၀ါဆာဘီ-နဲ့ အစိမ်းလိုက် တို့စား- ယာမကာလေးနဲ့ မြည်းလိုက်ရရင်တော့- ဆိုတဲ့အဆင့်ထက် သိပ်ပိုတာ မဟုတ်ပါဘူး။ မဖြစ်ပါဘူး။ ငါးတွေ့လည်း အမြည်း၊ သမင်းတွေ့လည်းအမြည်းချည်းစဉ်းစားနေလို့မဖြစ်ဘူး။ အာဂျင်ဒါ မြန်မြန်ပြောင်းမှဖြစ်မယ်။



အဲနေရာကနေ နောက်ထပ် တနာရီကျော်ထပ်မောင်းပြီးတဲ့အခါမှာတော့ မနေ့ကတွေ့ထားတဲ့ E6 နဲ့ E69 လမ်းခွဲ Oldfjord ကိုပြန်ရောက်ပါတယ်။ အချိန်က နေ့လည် ၂ နာရီဆိုတော့ ဒီအချိန်တောင်ပေါ်သွားလို့မကောင်းသေး။ နေကလည်းအတော်ပူနေတော့ လူတွေက ရေချိုးချင်စိတ် အတော်ပြင်းပြနေပြီ။ အနီးနားဝန်းကျင်မှာ ဟီတာတခုလောက်ရှာပြီး ရေချိုး-ထမင်းချက် လုပ်မယ်ဆိုပြီး ဂိုဂယ်ခေါက်လိုက်တာ လမ်းဆုံနဲ့နီးနီးလေးမှာပဲ ဟီတာတခုတွေ့ပါတယ်။ 

ကားရပ်ပြီး ဈေးဝင်မေးတော့ မီးဖိုချောင်သုံးမယ်၊ ရေချိုးမယ်ဆိုရင် ၄၀ ခရိုနာပေးရမယ်တဲ့။ တယောက်ကို ၄၀ လားဆိုတော့ မဟုတ်ဘူး။ အားလုံးမှ ၄၀ တဲ့။ WoW ဒီလောက်ဈေးသက်သာတဲ့ ဟီတာ တခါမှမတွေ့သေး။ ဟီတာတွေက လမ်းတဖက်ခြမ်း ပင်လယ်ကမ်းစပ်မှာ။ တောင်ပေါ်မတက်သေးပဲ ဒီဟီတာတွေမှာ ရပ်ထားတဲ့ ဟိုတယ်ကားတွေက အများကြီး။ ဒီကလူတွေကလည်း ဟိုတယ်ကားရှိရဲ့သားနဲ့ ဘာလို့ ဟီတာတွေမှာ လာတည်းနေမှန်းကို မသိဘူး။

ကိုယ်တွေကတော့ မီးဖိုချောင်ရှေ့မှာ ကားရပ်။ ထမင်းအိုးတွေ၊ ချက်စရာပစ္စည်းတွေ အကုန်သယ်ပြီး အားလုံးအတွက် မီးဖိုချောင်ကို ကိုယ်ပိုင်လိုသဘောထားပြီး ချက်ပြုတ်ရေးစတင်။ အခန်းက ကျယ်တဲ့အပြင် စားပွဲတွေလည်းရှိတယ်၊ အင်တာနက်လည်း ဖရီးပေးထားတယ်ဆိုတော့ မီးဖိုချောင်ကို ရုံးခန်းလိုသဘောထားပြီး ကွန်ပြူတာတွေဖွင့်- အီးမေးလ်ချက်၊ FB ချက်၊ ဖုန်းပြောနဲ့ ကိုယ့်အိမ်ကိုယ့်ယာ ရောက်နေသလားမှတ်ရတယ်။ ဒီမှာတည်းနေတဲ့လူတွေ ဟင်းချက်ဖို့ ခဏ၀င်လာတာတောင် ကိုယ်တွေကိုကြည့်ပြီး ပြန်ထွက်သွားလေရဲ့။

ပြီးတော့ ဘေးနားက ရေချိုးခန်းကလည်း ကောင်းသလားမမေးနဲ့။ ကောင်းဆို သူက ဆောက်လက်စ အသစ်စက်စက်၊ အချောတောင် မသတ်ရသေးဘူး။ တခြားနေရာတွေမှာ အကြွေတဆယ်စေ့ထည့်မှ ရေထွက်လာပေမယ့် ဒီမှာက ဒီတိုင်းထွက်နေတာ။ ရေပူလိုမှ အကြွေ ထည့်ဖို့လိုပါတယ်။ အဲ…ဒီဒေသမှာ ရေအေးနဲ့ချီုးလို့တော့ ဘယ်ဖြစ်မလဲ... သိတယ်မို့လား...။ အေးပါတယ်ဆိုမှ...။

အဲဒီမှာ ရေချိုး-ထမင်းစား-အနားယူပြီး ညနေ ၅ နာရီလောက်မှ တောင်ပေါ်ခရီးစပါတယ်။ ဒီကနေ တောင်ထိပ်ကို ကီလို ၁၂၀ ကျော်ရှိပြီး ၂ နာရီကျော် မောင်းရမယ်လို့ GPS မှာ ပြနေပါတယ်။ လမ်းတလျောက် ဟိုနား ဒီနားနဲ့ဆို ည ၉ နာရီလောက်ရောက်ရင် အတော်ပဲပေါ့။ E69 က E6 ထက်ပိုကျည်းပြီး ပိုအကွေ့အကောက်များပါတယ်။ ကမ်းနားတလျောက်မောင်းရင်းနဲ့ တောင်ပေါ်တက်ရတဲ့လမ်း။ တနာရီလောက်မောင်းပြီးတဲ့အခါမှာတော့ Nordkapp Kommune (မြောက်ပိုင်းအငူ မြူနီစပယ်ဒေသ) ဆိုတဲ့ ဆိုင်းဘုတ်တခုကို ကားလမ်းဘေး ပင်လယ်ကမ်းစပ်မှာ တွေ့ရပါတယ်။


အားလုံးဆင်းပြီး ဓာတ်ပုံရိုက်ပြန်ပေါ့။ အဲဒီနေရာကနေ တနာရီလောက် ထပ်မောင်းပြီးတဲ့အခါမှာတော့ တောင်ကုန်းတခုထိပ်မှာ ကျောက်တုံးကြီးတခုကိုတွေ့ရပါတယ်။ မြင်ကွင်းက လှပထူးခြားနေလို့ ကားကို လမ်းဘေးမြေနီလမ်းလေးထဲထိုးရပ်၊ အဲဒီကျောက်တုံးဆီ လမ်း လျောက်သွားကြည့်ကြ။ ဒီနေ့ နေကလည်းသာနေတယ်ဆိုတော့ လူတွေက နည်းနည်းတက်ကြွနေပုံရပါတယ်။ ခရီးထွက်လာတာ ၆ ရက်ရှိနေပြီဆိုပေမယ့် တချိန်လုံး ကားပေါ်ထိုင်နေတာပဲများပြီး ဒီလို ကျောက်ဆောင်ပေါ်တက်တာ အခုမှ ပထမ ဆုံးအကြိမ်။



နေရာကလှပနေပေမယ့် လူသွားလမ်းရှိတာမဟုတ်။ ကျောက်နံရံကို ဒီလိုပဲ ကုပ်ကပ်တက်ရတာ။ အဓိက အလုပ်က ဓာတ်ပုံရိုက်ဖို့။ ကြိုလည်းကြည့်ထားတာ မဟုတ်တော့ ဘယ်နေရာမှန်းလဲ မပြောတတ်။ အဲဒီကပြန်ဆင်းပြီး တောင်ကတုံးတွေပေါ် နည်းနည်း ထပ်မောင်း လိုက်တော့ ဒီဒေသရဲ့မြို့တော် Honningsvag ကိုရောက်ပါတယ်။ ဒါ မြောက်ပိုင်းအကျဆုံးမြို့ပေါ့။ အချိန်မပေးနိုင်လို့ ကားမစီးပဲ လေယာဉ်နဲ့လာမယ်ဆိုရင် ဒီမြို့မှာ လေယာဉ်ကွင်းရှိပါတယ်။ ဟိုတယ်ရှိပါတယ်။ ဒီမြို့မှာတည်းပြီး တောင်ထိပ်ကို သွားလယ်နိုင်ပါတယ်။

ကိုယ်တွေကတော့ ခဏ၀င်ကြည့်ရုံမျှသာ၊ ဓာတ်ဆီဆိုင်မှာ ကားခနရပ်ပြီး ပြန်ထွက်လာခဲ့။ နာရီဝက်လောက် မောင်းပြီးချိန်မှာတော့ ဟိုတယ်တခုနဲ့ Nordkapp Camping ယဉ်ရပ်နားစခန်းဆိုတာကိုတွေ့ရပါတယ်။ ဆိုလိုတာက ဒီနေရာဟာ နောက်ဆုံးဟိုတယ်နဲ့ ယာဉ်ရပ်နားနိုင်တဲ့ နေရာပါပဲ။ ရှေ့မှာ ဟိုတယ်မရှိတော့ဘူး။ အားလုံးသဘာဝအတိုင်း ကျောက်တောင်တွေပဲရှိတော့မယ်ဆိုတဲ့ သဘောပါ။

ဆိုင်းဘုတ်တွေကြည့်ပြီး ဆက်မောင်းတော့ တောင်ထိပ်မရောက်ခင် ၁၀ ကီလိုအလိုလောက်မှာလို့ထင်ပါတယ်။ လမ်းခွဲတခုကိုတွေ့ရပြီး အဲဒီကနေ တောင်ပေါ်တက်တဲ့လမ်းကတော့ တကယ်ကို တောင်နံရံမှာ ကပ်ဖောက်ထားတဲ့ ရင်ခုန်စရာ လမ်းကလေးပါပဲ။ တဖက်မှာ တောင်၊ တဖက်မှာ ပင်လယ်ကြီး။ လမ်းကောင်းလို့သာပေါ့။ မကောင်းရင် ဟိုဖက်ထဲ ကျသွားနိုင်တယ်။ ကိုယ်ကသာ အဲလိုတွေးနေတာ။ ဒီလောက်မြင့်တဲ့တောင်ကို စက်ဘီးစီးပြီး တက်လာနေသူတွေကလည်း အများကြီး။ အော်စလိုကနေ နင်းလာတာတော့ မဖြစ်လောက်ဘူး။ ဟိုအောက်တောင်ခြေ ဟိုတယ်ကနေ တက်လာသူတွေဖြစ်မှာပေါ့။

……

မြောက်ဖျားအငူက သန်းခေါင်ယံနေကို ဖမ်းချုပ်ခြင်း

....................

ဟောဟိုမှာ ရောက်ပါပြီ။ မြောက်ပိုင်းအငူ Nordkapp (Nord Cape)။ ဂိတ်ဝင်ကြေး ၂၀၀ လားမသိဘူး ပေးလိုက်ရတယ်။ ဒါတောင် ပြတိုက်ဝင်ခွင့်မပါဘူး။ ပြတိုက်ပါဝင်မယ်ဆို ၇၀၀ ထင်ပါတယ်။ နေရာတိုင်း မြန်မာလိုတွေးတွေးနေမိတော့ ခက်တယ်။ အဲဒီဂိတ်က ကျနော်တို့ဝင်လာတဲ့ ည ၁၀ နာရီလောက်မှာပဲ ၀င်ကြေးကောက်ပြီး ည ၁ နာရီနောက်ပိုင်း ဂိတ်မှာ လူမရှိတော့ဘူး။ ဒီတိုင်း ၀င်လာလို့ရတယ်။ အင်း...လူတွေကလည်း ည ၁၂ နာရီ သန်းခေါင်ချိန် နေမ၀င်ညကို ကြည့်ချင်ကြတယ် မဟုတ်ပါလား... တနာရီမှလာပြီး ဘာသွားလုပ်မှာလဲ...။



ကိုယ်ကသာ ဈေးကြီးတယ်ထင်နေတာ။ တောင်ပေါ်မှာ ကားရပ်စရာ နေရာတောင် မကျန်သလောက်ပဲ။ ဟိုတယ်ကားတွေက အများဆုံးပေါ့။ ကားရပ်ပြီးတာနဲ့ တဲ မထိုးအားသေးဘူး။ နေရောင်ရှိတုန်း တောင်ထိပ်သွားပြီး (ဓာတ်ပုံတွေထဲ မကြာခနမြင်ဖူးနေတဲ့) ကမ္ဘာလုံးရှေ့မှာ ဓာတ်ပုံသွားရိုက်ရဦးမယ်။ အချိန်က ည ၁၀ နာရီခွဲလောက်ဆိုတော့ လူတွေက တဖြေးဖြေးနည်းများလာနေပါတယ်။ ကံကောင်းတယ်ပြောရမယ်၊ နေက ဒီနေ့မှာ သာတာတဲ့။ အရင်နေ့တွေက ဒီကိုရောက်ခဲ့တဲ့ လူတွေဟာ နေမသာ မိုးရွာထဲမှာ ဘာမှမမြင်ရပဲ ဒီတိုင်း ပြန်သွားကြရတယ်တဲ့။

နေသာတယ်ဆိုပေမယ့် လေက တိုက်သလားမမေးနဲ့။ ကျောက်တောင်ထိပ်ဆိုတော့ သစ်ပင်ကလည်း တပင်မှမရှိဘူး။ တောင်အောက်မှာတုန်းက နေပူလို့ ချွေးပြန်နေပေမယ့် အခုတော့ အနွေးထည်ပြန်ဝတ်ရတဲ့အပြင် ခေါင်းစွပ်ပါ စွပ်ထားလိုက်ရပါတယ်။ ကားပါကင်မှာ ကားရပ်တော့ ကိုယ့်ရှေ့မှာ ဟိုတယ်ကားတွေကအများကြီး။ တချို့က အမိုးတွေချ- ထိုင်ခုံတွေချပြီး နေရောင်အောက်မှာ အေးဆေး ဇိမ်ယူနေလေရဲ့။ အစီး တရာနီးပါးရှိတဲ့ ကားပါကင်ကိုကျော်ပြီးတဲ့နောက် ဓာတ်ပုံတွေထဲ မကြာခဏတွေ့ဖူးတဲ့ ကမ္ဘာလုံးပုံကို ဟိုဖက်နားမှာ လှမ်းမြင်ရပါတယ်။ 

ကားပါကင်ရဲ့ ဒီဖက်မှာတော့ အဆောက်ဦ အကြီးကြီးတခု။ အဲဒီထဲမှာ ပြတိုက်၊ စားသောက်ဆိုင်နဲ့ အမှတ်တရပစ္စည်းအရောင်းဆိုင်တွေ ရှိပါတယ်။ မြေအောက်ထပ်လည်း ရှိသေးတယ်လို့ သိရပေမယ့် အထဲမ၀င်ဖြစ်လိုက်ပါ။ လောလောဆယ်တော့ ရသမျှနေရာကနေ ဓာတ်ပုံတွေလှမ်းရိုက်၊ ဆယ်ဖီဆွဲပေါ့။ ဒီနေရာကို ရောက်အောင်လာဖို့ဆိုတာ တသက်မှာတခါ- သိပ်မလွယ်ဘူးမဟုတ်လား။

သဘာဝကို သဘာဝအတိုင်းထားပါတယ်ဆိုတဲ့ နော်ဝေမှာလည်း ဒီအငူမှာကျတော့ ချောက်က မြင့်လွန်းလို့ဖြစ်မယ်... သဘာဝအတိုင်း မထားဘူး။ အငူရဲ့ ကမ်းနားတလျောက်လုံးကို သံဇကာတွေနဲ့ အသေချာကာပေးထားပါတယ်။ မကာလို့မဖြစ်ဘူး။ ကျောက်ဆောင်က မြင့်တဲ့အပြင် ဘာသစ်ပင်မှာလဲမရှိ၊ ပြုတ်ကျသွားရင် ဟိုး…ပင်လယ်ထဲ တခါတည်းရောက်သွားမှာ။ အနက်က ပေ ၃၀၀ လောက်ရှိမလားပဲ။ ဒီတော့ မြောက်စွန်းအငူရဲ့ ကမ်းနားတလျောက်လုံးကို သံဇကာနဲ့ ကာထားရမှာပေါ့။

ည ၁၂ နာရီနီးလေ၊ လူတွေက ပိုများလာလေပါပဲ။ တောင်စောင်းတလျောက် ရိုက်သူ၊ ကမ္ဘာလုံးနောက်ခံနဲ့ရိုက်သူ၊ သန်းခေါင်းယံနေ နောက်ခံနဲ့ရိုက်သူ စသဖြင့် တိုးမပေါက်ဘူး။ ဒီကြားထဲ ကလေးတယောက်ဆိုရင် ကမ္ဘာလုံးပေါ်တက်ပြီး ရိုက်နေလို့ အားလုံးက တအံ့တသြ ၀ိုင်းကြည့်နေကြပါတယ်။ သန်းခေါင်ယံနေရောင်က ဘယ်လိုရှိတယ်ပြောရမလဲ...။ မနက်စောစောနေရာင်နဲ့လည်းမတူ၊ ညနေ ဆည်းဆာနေရောင် နဲ့လည်းမတူ..။ သန်းခေါင်ယံနေပါဆိုမှ အခြားအချိန်နေရောင်တွေနဲ့ ဘယ်တူပါ့မလဲ...။ လ ၁၀ လုံးစာအလင်းရှိနေတယ်လို့ ပြောသင့်သလား...။ အတော် ရိုမက်တစ် ဆန်တယ်လို့ပဲပြောရမယ်ထင်ပါတယ်။



ကျနော်က ၂၀၀၉ ခုနှစ် ဇွန်လတုန်းက ထရိုစွန်း tromsø မြို့ကို သွားပြီး နေမ၀င်ညကို မှတ်တမ်းရိုက်ဖူးထားတယ်ဆိုတော့ အဲဒါနဲ့ ယှဉ်ပြောရင် ပိုကောင်းမယ်ထင်ပါတယ်။ သန်းခေါင်းယံနေကို တခါမြင်ဖူးထားပြီးသားဆိုတော့ ဒီတခါမှာ အဲလောက် ရင်မခုန်တော့ပါဘူး။ ကွာ တာက ထရိုစွန်းမှာတုန်းက ဘုရားကျောင်းနားကနေ ရေလက်ကားကိုကျော်ပြီး တောတန်းနောက်ခံနဲ့ ရိုက်တာဆိုတော့ တောင်စွယ်မှာ နေကွယ် မကွယ်ကိုပြောလို့ကောင်းတယ်။ ဒီမှာက ဟိုဖက်မှာ ဘာတောင်မှမရှိဘူး။ ပင်လယ်သက်သက်။ ကမ္ဘာဆုံးအထိရောက်နေတာ။ ဒီတော့ မောင်းမကန်ကမ်းခြေမှာ နေ၀င်သလိုမျိုးဖြစ်နေလေမလား...။ဒါလည်းမဟုတ်သေးဘူး။ ဟိုဖက်မှာ ဘာကျွန်းမှမရှိတော့ဘူး။ ကမ္ဘာမြေကြီးတောင် မရှိတော့ပါဘူးဆိုမှ...။

ဒါပေမယ့် ည ၁၂ နာရီနီးတဲ့အထိ နေလုံးနဲ့ ပင်လယ်ရေပြင်က အဝေးကြီးကျန်နေသေးတယ်။ ၀ိုင်းဝိုင်းနဲ့ မျိုးကြီးတို့သီဆိုထားတဲ့ လမင်းနဲ့ ပင်လယ်သီချင်းကိုတောင် ပြန်ကြားရောင်မိ။ ဒီညအတွက်တော့ လမင်းဟာ ပင်လယ်ဆီ ရောက်လာမယ့် ပုံမရှိတော့ပါ။ ဒီညအဖို့ နေမ၀င်တော့တာကတော့ သေချာတယ်။ နေလုံးက အောက်ဖက် နည်းနည်ချင်းဆီ နိမ့်ဆင်းရာကနေ ခနရပ်ပြီး အလျားလိုက် နည်းနည်းရွေ့သွားသလား ... သိပ်မသေချာဘူး။ ပြီးတော့ နည်းနည်ချင်းစီ ပြန်ထောင် တက်လာတယ်ပေါ့...။ တောင်စွယ်မရှိတာကလွဲရင် အရင်တခါ ထရိုစွန်းမှာတုန်းက မြင်ဖူးထားတာနဲ့အတူတူပါပဲ။

လူတွေကလည်း အဲဒီတုန်းက အတိုင်းပဲ။ မေးမိတဲ့လူအတော်များများ ဟန်းနီမွန်းလာသူတွေ၊ တခါမှ မရောက်ဖူးလို့ တသက်တခါ ရောက်ဖူး အောင်ဆိုပြီး လာကြည့်သူတွေအတော်များပါတယ်။ နော်ဝေအပြင် ဖင်လန်၊ ဆွင်ဇလန်၊ နယ်သာလန်၊ ဂျာမဏီ၊ ပြင်သစ်၊ အီတလီ. အတော်စုံပါတယ်။ ဥရောပတိုက်ထဲကလူတွေများပါတယ်။ အမေရိကားနဲ့ အာရှဖက်ကလူတွေကို သိပ်မတွေ့မိပါဘူး။ လေယဉ်တွေ မပြေးသေးလို့လည်းဖြစ်နိုင်ပါတယ်။



အရင်တခါတုန်းကတော့ ရုံးက ကင်မရာအကြီးစားနဲ့ရိုက်တာ၊ အခုက ကင်မရာအသေးနဲ့၊ ထရိုင်ပွတ်လည်း မပါဘူးဆိုတော့ ရိုက်ရတာ သိပ်အားမရ။ တချိန်လုံး ဓာတ်ပုံပဲရိုက်နေပြီး အခုမှ ဗွီဒီယို ရိုက်တာဆိုတော့ လက်က သိပ်မသွက်။ ပုံသက်သက်နဲ့မဖြစ်သေး။ အင်တာဗျုးကလည်း လိုက်မေးရသေးတယ်။ တာဝန်အရမဟုတ်ပေမယ့် ၀ါသနာက မနေနိုင်ဘူး။ ဒါပေမယ့် ကိုယ်ကသာ အဲလိုမှတ်တမ်းရိုက်ပြီး ပြန်လွှင့်ဖို့စိတ်ကူးနေတာ၊ ဟို ဆရာနှစ်ယောက်က FB ကနေ လိုက်ဖ် လွှင့်နေလို့ စကားတောင်ပြောမအားဘူး။

အဲဒီလို သန်းခေါင်းယံရောက်တဲ့အချိန်ကျမှ ပင်လယ်ထဲမှာ အပျော်စီးလှေ ၃-၄ စီး ဘယ်ကနေ ရောက်လာမှန်းမသိ။ ဟိုး…အောက်ကနေ လက်ပြ နှုတ်ဆက်နေလေရဲ့...။ နေမ၀င်ညရဲ့ သဘာဝတရားကတော့ အတော်ကိုလှပါတယ်။ မပြောပြတတ်အောင်လှပပြီး မရေးပြတတ်အောင် ရိုမက်တစ် ဆန်နေပါတယ်။

ငယ်ငယ်တုန်းက ကြားဖူးခဲ့တဲ့ ပြဇတ်ထဲက စကားလုံးတွေလည်း ဒီနေရာမှာ သုံးစားမရတော့ဘူးနဲ့တူပါတယ်။ -တောင်စွယ်မှာ နေကွယ်ရင် ဒီလူကို သတ်စေ...၊ တောင်ထိပ်ကြာပေါက်ပြီး အနောက်က နေထွက်မှ ငါ့ကို မင်းတို့ဖမ်းနိုင်မယ်...ဆိုတာတွေ ဒီနေရာမှာ ဘယ်သုံးစားလို့ ရတော့မလဲ။

ပြီးတော့ ကျောင်းစာအုပ်တွေထဲမှာပါတယ်မို့လား... နေထွက်ရာအရပ်သည် အရှေ့၊ နေ၀င်ရာအရပ်သည် အနောက်။ အခုတော့... နေက မ၀င်ပဲနဲ့ ပြန်ထောင်တက်လာတယ်ဆိုတော့ အဲဒီနေရာကို အနောက်လို့ခေါ်မလား၊ အရှေ့လို့ ခေါ်သင့်သလား...။ နေဟာ အရှေ့ကထွက်ပြီး အနောက်မှာဝင်တယ်ဆိုတာကို ထာဝရ အမှန်တရားလို့ထင်ထားပေမယ့် အခု တော့ ဘာတွေမှန်းမသိတော့ဘူး။ ကိုယ်နေတဲ့နေရာ၊ နိုင်ငံ၊ တိုက်လောက်ကိုပဲ ကြည့်ပြီး အမှားအမှန်ဆိုတာကို သတ်မှတ် လို့မဖြစ်ဘူး။ ကိုယ်နေရာမှာ အမြဲမှန်နေတယ်ထင်ရတဲ့ အရာတခုဟာ အခြေားနေရာမှာ မှန်ချင်မှ မှန်မယ်ဆိုတာကို စဉ်းစားမိလာစေပါတယ်။




အင်း... သန်းခေါင်းယံမှာ အတွေးချော်ရင်းနဲ့
အရုဏ် တက်တော့မယ်။ အရုဏ်တက်ဆိုမှ... အရုဏ်တက်ချိန်မှာ ဆွမ်းခံကြွတဲ့ ကိုရင်လေးတွေ၊ အရုဏ်တက်ချိန်မှာ ဆွမ်းဘုန်းပေးတဲ့ ဘုန်းတော်ကြီးတွေလည်း ဒီနေရာမှာဆို ဘယ်လိုလုပ်ကြမလဲ...။ နေမွန်းမတည့်ခင် ဆွမ်းကပ်ရမယ်၊ နေလွဲညစာ မစားရဆိုတာတွေကော နေမ၀င်တဲ့နေရာ၊ နေမထွက်တဲ့နေရာတွေမှာ ဘယ်သုံးလို့ဖြစ်တော့မလဲ...။

နေ ထန်းတဖျားလောက်ရောက်မှ အိပ်ယာထကြတာပေါ့ ဆိုပြီး သွားလုပ်နေလို့လည်း မဖြစ်သေး။ သစ်ပင်တောင် မရှိဘူးဆိုမှ ထန်းပင်က ဘယ်လိုရှိမလဲ။ (အအေးပိုင်းဒေသမှာ ထန်းပင်၊ အုန်းပင်တွေ မရှိပါ)။ နေမ၀င်ဘူးဆိုတော့ မအိပ်ကြတော့ဘူးလား။ ဒီလိုလည်း ဘယ်ဖြစ် မလဲ။ ၁၂ နာရီခွဲလောက်ကြတော့ ဒီနေရာမှာ လူသိပ်မကျန်တော့ဘူး။ တောင်အောက်ပြန်ဆင်းသူ၊ ဟိုတယ်ကားတွေဆီပြန်ပြီး ၀င်အိပ်သူ စသဖြင့်ပေါ့။

ကိုယ်တွေက ဘာလုပ်မှာလဲ... ည ၁ နာရီလောက်မှ တဲ ထိုးရအူးမယ်။ လေကလည်း တိုက်သမလားမမေးနဲ့။ တဲ ပစ္စည်းတွေ လေနဲ့အတူ လွှင့်ပါမသွားအောင် မနည်းထိမ်းနေရတယ်။ တောင်ထိပ်က ကွင်းပြင်မှာ သစ်ပင်မရှိသလို မြက်ခင်းလည်းမရှိဘူး။ ကျောက်စရစ်ခဲတွေပဲ ရှိနေပါတယ်။ တဲထိုးပြီး ကြိုးဆိုင်းတဲ့အခါ သံငုတ်တွေကို အဲဒီကျောက်တုံးတွေကြား ၀င်အောင် စိုက်ရတာ သိပ်မလွယ်ဘူး။ ဒီလောက် သာယာနေတာကို တညလုံး ထိုင်ငေးနေသင့်တာပေါ့။ ဒီတည မအိပ်လို့ ဘာဖြစ်မှာလဲ...၊ မွေးကတည်းက ညစဉ် အိပ်လာတာ ဘယ်နှစ်ညရှိနေပြီလဲ..။

-မလုပ်နဲ့ အူးလေး...မနက်ဖန် မနက်စောစောထပြီး ကားမောင်းရအူးမယ်-။ …အင်း... ဒီလိုနဲ့ ၆ ရက်တာ ခရီးစဉ်ဟာ (ကီလိုမီတာ ၂၀၀၀ ကျော်၊ အပြန်ပါပေါင်းရင် ကီလို ၄၅၀၀-ခန့်) မြောက်ပိုင်းအငူမှာ အောင်မြင်စွာ ပန်းဝင်။ ရာသီဥတုကလည်း လုံးဝ ကွက်တိ။ နေရောင်အပြည့်နဲ့ သန်းခေါင်ယံနေကို မြင်လိုက်ရပြီ မဟုတ်ပါလား။ အရင် နှစ်ကြိမ် အောင်မြင်စွာဆုတ်ခွာခဲ့ရဖူးလို့ ဒီတကြိမ်မအောင်မြင်ရင်ဒုက္ခ ...ဆိုတဲ့ စိတ်ပူမှုလည်း အခုမှ တကယ်ပျောက်သွားပါတော့တယ်။ 

လူ အဟာရရှိဖို့အပြင် စိတ်အဟာရရှိဖို့အတွက်လည်း ဒီလို စိတ်ကူးတည့်ရာတွေ လျောက်လုပ်ကြည့်အူးမှပေါ့...။ စိတ် လွတ်ကိုယ်လွတ် ခရီးသွားခြင်းဆိုတာ ဒါမျိုးကိုခေါ်တာဖြစ်မယ်။ ၆ ရက်လုံးလုံး အအိပ်ပျက်- အစားပျက် ပင်ပမ်းခဲ့ပေမယ့် အခုတော့ အဲဒါတွေ အားလုံး ပျောက်သွားပြီ။

တသက်မှာတခါ ရောက်ဖို့မလွယ်တဲ့နေရာကို အခု တကယ်ရောက်ခဲ့ပြီပေါ့။ အောင်မြင်ခြင်း အထိမ်းအမှတ်အနေနဲ့ လက်ကျန် ယာမကာ အကုန်လုံးကို အပြောင်ရှင်းပြီး အောင်ပွဲခံ-အော်ဟစ်။ သဘာဝတရားကြီး လှချက်ကတော့ တကယ်ရက်စက်တယ်။ စာနဲ့ရေးပြ၊ ပုံနဲ့ ရိုက်ပြဖို့ မလွယ်လောက်အောင်ကို လှလွန်းနေတဲ့ မြင်ကွင်းတခုပါလို့စဉ်းစားရင်း နေမ၀င် ညရဲ့ ရိုမင့်တင့် နေရောင်အောက်က တဲငယ် ထဲမှာ အိပ်ပျော်သွားပါတယ်။. ။
..............................................


......................



..........................................





.........................



...............

Sunday, August 23, 2020

ကမ္ဘာ့မြောက်ဖျားအငူ North Cape သို့ခရီးသွားခြင်း (၂)

Nord Norge နှင့် Arctic Circle 66.33 N များဆီသို့


မိုးဖွဲဖွဲအောက်က ပလစတစ်တဲထဲ ကွေးလိုက်တာ မနက် ၆ နာရီအထိ တရေးပဲရပါတယ်။ တော်သေးတယ် ၃ ယောက်စလုံး ဘယ်သူမှ အကျယ်ကြီးမဟောက်တတ်လို့၊ ဒါမှမဟုတ် ဟောက်တဲ့သူက သူတို့ထက်အရင်စောပြီး အိပ်ပျော်သွားတာကြောင့် ဘာအသံမှမကြားရတာလဲဖြစ်နိုင်ပါတယ်။ ပြသာနာက အိပ်ယာနိုးနိုးခြင်း အိမ်သာသွားလေ့ရှိတဲ့အကျင့်။ ကိုယ့်အိမ်မှာကိုယ်နေတဲ့အချိန် ပြသာနာမရှိပေမယ့် အခုလို အများသုံးအိမ်သာဆီပြေးရမယ်၊ တဲ ထိုးထားတဲ့နေရာနဲ့ အိမ်သာက ၂ မီနစ်လောက် လမ်းလျောက်ရမယ်။ အနောက်တိုင်းဆန်ဆန် အိပ်ထားတာဆိုတော့ အပြင်မထွက်ခင် အ၀တ်ဝတ်-ဖိနပ်စီးချိန်က ကြာအူးမယ်။




ကံ ကဆိုးချင်တော့ အိမ်သာရောက်ချိန်မှာ ညက ဘယ်သူတွေများပြီ အားပေးသွားလဲမသိပါ။ အိမ်သာ ၂ လုံးမှာ တလုံးက သုံးလို့မရတော့ဘူး။ အံဖတ်တွေ၊ တစ်ရှုးစတွေ၊ မစင်တွေနဲ့ပိတ်နေလို့ မနေ့ကပြောခဲ့တဲ့ ကောင်တာမှာထိုင်တဲ့ ဆယ်ကျော်သက်ကောင်မလေးနဲ့ သန့ှ်ရှင်းရေးလာလုပ်တဲ့ ကောင်မလေးတယောက်က စွယ်တာ အင်ကျီကို နခေါင်းအပေါ်အထိဆွဲတင်ပြီး အိမ်သာရှင်းဖို့ကြိုးစားနေပါတယ်။ ကိုယ်ကလည်း ဒီမှာ မအောင့်နိုင်တော့ဘူး။ သူ့တို့ကို ၀င်မကူနိုင်ပဲ ဘေးခန်းဝင်လို့ရလားလို့မေးပြီး ချီးစော်နံနေတဲ့ကြားကပဲ မလွယ်ထားနိုင်တဲ့ကိစ္စကို မျက်နှာပူပူနဲ့ အမြန်ရှင်းခဲ့ရပေါ့။

မနက်စောစော အိမ်သာအကြောင်းပြောနေတယ်ဆိုပြီး အပြစ်တင်မစောပါနဲ့။ မြန်မာပြည်က ကလေးတွေဆို ဒီလိုလုပ်ပါ့မလား၊ ဒီလိုတာဝန်ယူပါ့မလားဆိုတာ စဉ်းစားမိလို့ပါ။ သူတို့မှာ မလုပ်ပဲနေလည်း နေပိုင်ခွင့်ရှိတာပဲလေ။ ခုနက နွေရာသီအလုပ်ဆင်းတဲ့ ကျောင်းသူလေးတွေအကြောင်း နည်းနည်းထပ်ပြောရမယ်ဆိုရင် ဒီမှာက ဇွန်-ဇူလိုင်-သြဂုတ် နွေရာသီ ၃ လအတွင်း အလုပ်သမားအတော်များများက ဟောလီးဒေးယူပြီး ခရီး ထွက်ကြပါတယ်။ ဒီတော့ အဲဒီနေရာတွေမှာ (ကျောင်းပိတ်ချိန်လည်းဖြစ်တော့) ကျောင်းသား-ကျောင်းသူတွေက အချိန်ပိုင်း အလုပ် ၀င်လုပ်ကြပါတယ်။ နွေရာသီ ယာယီအလုပ်ဆိုတော့ အခွန်ပေးစရာမလိုဘူး။ တလ- ၄၅ ရက်လေက်လုပ်ထားတဲ့ လုပ်အားခက ကျောင်း သားတွေအတွက် အများကြီးအထောက်အကူဖြစ်ပါတယ်။

ငွေရတာအပြင် စိတ်ဓာတ်အရလည်း မိဘကိုအားမကိုးဘူး၊ ကိုယ်ဘာသာ ၀င်ငွေရှာနိုင်တယ်ပေါ့...။ (ကျောင်းလခနဲ့ အသုံးစရိတ် အတွက်လည်း အစိုးရ ကချေးပေးတဲ့ ကျောင်းချေးငွေရှိပါတယ်။ အလုပ်ရမှ ပြန်ဆပ်နိုင်တဲ့အတွက် မိဘကို သိပ်အားကိုးစရာမလိုပါ)။ အနောက်တိုင်းမှာ ဒီလိုအစဉ်အလာ ရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ လူငယ်အတော်များများက မိဘတွေဆီကနေပဲ လက်ဖြန့်တောင်းနေကြဆဲဖြစ်ပုံရပါတယ်။ -အလုပ်ဟူသမျှ ဂုဏ်ရှိစွ- ဆိုတာ စာရွက်ပေါ်မှာပဲရှိပြီး လက်တွေ့မှာတော့ ဒီလို အောက်ခြေသိမ်းအလုပ်ကို ကျောင်းသား လူငယ်တွေ လုပ်နေတာမျိုး မတွေ့မိသေးပါဘူး။

အဲ…မနက် စောစော အိမ်သာအရှုပ်တော်ပုံအပြီးမှာတော့ ကော်ဖီသောက်-မနက်စာ စားပေါ့။ အဲ- မနက်စာက ဘာမှရှိတာမဟုတ်ဘူး။ နီးနီးနားနား လဖက်ရည်ဆိုင်တွေ၊ မုန့်ဟင်းခါးဆိုင်တွေလည်း မရှိဘူးဆိုတော့ ခုနကကောင်တာမှာ နော်ဝေ ခေါက်ဆွဲဗူးကိုမှာပြီး ရေနွေးနဲ့ပြုတ်သောက်ပေါ့။ နော်ဝေ ခေါက်ဆွဲက ချိစ်ပါတဲ့အတွက် ထိုင်းကလာတဲ့ မားမားခေါက်ဆွဲထက် ပိုအဟာရရှိတယ်ဆိုပါတယ်။ ဒါပေမယ့် မြန်မာအများစုကတော့ အာဟာရထက် လျှာအရသာနောက်ပဲလိုက်ပြီး စားကြတယ်လို့ ဝေဖန်သူတွေက ဆိုပါတယ်။

ဒါပေမယ့် ကိုမင်းမင်းကတော့ မရဘူး။ ထမင်းစားရမှ ကားမောင်းနိုင်မှာတဲ့။ မနေ့ညက ကျန်နေတဲ့ ထမင်းကိုနွေးပြီး အမြန်စား။ ညက အိပ်ထားတဲ့ တဲကို အမြန်သိမ်း၊ တဲ သိမ်းတာမြန်ပေမယ့် အိပ်ယာလိပ် Sovepose ကို ပုံစံဝင်အောင်ခေါက်ပြီး အိတ်ထဲပြန်ထည့်ရတာ အတော် လက်ဝင်ပါတယ်။ အားလုံးပြီးတော့ မနက် ၉ နာရီ။ ဒီနေ့အတွက် ကီလို ၄၆၀ ၀န်းကျင်ရှိ နော်ဗစ် Narvik မြို့ဆီ အရောက်မောင်း ရမယ်တဲ့။ ကိုမင်းမင်းနဲ့ ကိုကျော်သူကင်းတို့က GPS ထောက်ပြီးပြောနေပါတယ်။ ကိုယ်က နောက်ခန်းက ထိုင်လိုက်တဲ့ ခရီးသည်လိုဖြစ် နေတယ်ဆိုတော့ အင်း- အင်း ပေါ့...။

လမ်းတလျောက်မှာ ဘယ်လိုစိတ်ဝင်စားစရာနေရာရှိလဲ.ဆိုတော့..၊ ဘာမှကြိုကြည့်ထားတာ မရှိဘူး။ စိတ်ဝင်စားမယ်ထင်ရတဲ့နေရာမှာ ကားထိုး ရပ်ပြီးဝင်ကြည့်ကြတာပေါ့တဲ့။ အင်း...ဒီလူတွေအကြောင်း နည်းနည်းမိတ်ဆက်ပေးရအူးမယ်။ တကယ်ဆို တခါမှ အတူခရီးမသွားဖူးတဲ့ လူ ၃ ဦးပေါင်းပြီး အတူသွား-အတူစား-အတူအိပ် ၁၀ ရက်လောက်ခရီးအတူသွားဖို့ဆိုတာ သိပ်လွယ်တာမဟုတ်။ ကိုမင်းမင်းက ကရင်ပြည်နယ် ဖက်က။ အရင်က နှစ်ခါလောက်ပဲတွေ့ဖူးပြီး ပြီးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ပန်းခြံခရီးစဉ်မှာမှ အတူသွားဖူးတာ။

တခါ ကိုကျော်သူကင်းကိုလည်း တနယ်တည်းသား ပုလောမြို့က လွှတ်တော်အမတ်ရဲ့သားမှန်း သိပေမယ့် အော်စလိုမှာ နှစ်ခါလားမသိဘူး၊ ဒီလောက်ပဲတွေ့ဖူးပါတယ်။ အဲလို အချင်းချင်း သိပ်မသိကြသေးတဲ့သူ ၃ ဦးပေါင်းပြီး ခရီးထွက်လာတော့ အခုမှ တဦးအကြောင်း တဦးလေ့လာနေရတာ...။

ထူးတာကတော့ သူတို့ နှစ်ယောက်စလုံးက ဆံပင်ရှည်ကိုစည်းထားတဲ့ လူငယ်စတိုင်ဖမ်းထားသူတွေပေါ့။ အသက်ကွာတာက ပြသာနာမရှိဘူး။ သွားချင်တဲ့နေရာ၊ နားချင်တဲ့နေရာတူနေရင် ပြီးတာပဲမဟုတ်လား။ သူတို့ကတော့ ပြောပါတယ်၊ စိတ်တူကိုယ်တူမဟုတ်ရင် ခရီးသွားဖို့မလွယ်ဘူး။ မနက် ကားပေါ်တက်တာနဲ့ သွားချင်တဲ့နေရာကို တယောက်မျိုးပြော၊ အထူးသဖြင့် အခုလို ၁၀ ရက်လောက်သွားရမယ့် မြောက်ပိုင်းခရီးဆိုရင် ပိုဆိုးပေါ့။ ကြားဖူးသလောက်ဆိုရင် အဲဒီမြောက်ပိုင်းကိုသွားရင်းနဲ့ ဝေးလွန်းလို့ဆိုပြီး Nordkapp အထိ မသွား တော့ပဲ လမ်းတ၀က်ရှိ ကျွန်းတွေမှာလည်း နေမ၀င်တဲ့ညကို ကြည့်နိုင်သားပဲဆိုပြီး ၃ ရက်မောင်းခရီးလောက်ကနေ လှည့်ပြန်လာကြသူ တွေရှိတယ်ဆိုပါတယ်။

ကိုယ်တွေထဲမှာတော့ လှည့်ပြန်ချင်တဲ့သူ မရှိလောက်ပါဘူး။ ကျနော်နဲ့ ကိုကျော်သူကင်းက ဒီဖက်ကို ကားနဲ့တခါမှ မရောက်ဖူးသေးပေမယ့် ကိုမင်းမင်းက ဒီခရီးကို လွန်ခဲ့တဲ့ ၁၀ နှစ်က ကားမောင်းပြီး တခေါက်သွားဖူးထားတယ်ဆိုပါတယ်။ ဒါပေမယ့် ဆယ်နှစ်ဆိုတော့ လမ်းကအများကြီးပြောင်းသွားပြီ။ သူလည်း GPS နဲ့ ဂိုဂယ်ကိုပဲ အားကိုးနေရပုံရပါတယ်။ သူက ကျနော်တို့ထက် အသက် ၁၀ နှစ်ကျော်ငယ်တဲ့အပြင် နော်ဝေစကားကလည်း အတော်ကောင်းပါတယ်။ ဒီမှာက နော်ဝေလိုပြောမှ ပိုအဆင်ပြေပါတယ်။ အင်္ဂလိပ်လိုပြောနေရင် တော်ရုံနဲ့လိုရင်းမရောက်ဘူး။ ပြီးတော့ သူက ထိုင်းလိုလည်း အတော် -ကိန်- ပါတယ်။ ကရင်လိုလည်း ရတယ်။ သွက်သွက်လက်လက်လည်း ရှိတယ်ဆိုတော့- ခရီးစဉ်တလျောက် သူ့ကိုပဲ အဓိက ရှေ့တန်းတင်ထားရတယ်ပေါ့။


ဒီလူတွေက လမ်းတလျောက်က စိတ်ဝင်စားဘွယ်လေ့လာစရာနေရာကို ကြိုကြည့်မထားဘူးလို့သာဆိုတယ်။ သဘာဝပတ်ဝန်းကျင် နည်းနည်းလှတာမြင်တာနဲ့ တယ်လီဖုန်းထုတ်- တခါတည်း ဖေ့စ်ဘုတ်ကနေ လိုက်ဖ် တင်တော့တာပါပဲ။ အဲလိုလုပ်နေတုန်း Wow ဆိုပြီး Nord Norge ဆိုတဲ့ ဆိုင်းဘုတ်အကြီးကြီးတခု လမ်းမကြီးကိုဖြတ်ပြီး တင်ထားတာတွေ့လိုက်ရပါတယ်။ ဘေးနား ကြည့်လိုက်တော့ ကားရပ်တဲ့နေရာနဲ့ အိမ်သာ၊ ပြီးတော့ အမှတ်တရပစ္စည်းရောင်းတဲ့ဆိုင်။ ဒါဆို ကားရပ်ပြီး လေ့လာရေးဝင်သင့်တာပေါ့...။

မြောက်ပိုင်းခရီးထွက်လာတာ ၃ ရက်ရှိနေပြီ၊ အခုမှ နော်ဝေမြောက်ပိုင်း ဧရိယာကို စတင်ဝင်ရောက်တာတဲ့။ နော်ဝေကလည်း မြန်မာပြည် မြေပုံလိုပါပဲ။ အရှေ့နဲ့အနောက်ကိုဖြတ်သွားရင် နီးနီးလေး၊ အခုက တောင်နဲ့မြောက်ကိုဖြတ်သွားနေတာဆိုတော့ ဧရာဝတီမြစ်ကို အလျားလိုက် ကူးသလိုကြီးဖြစ်နေလေမလား...။ ရန်ကုန်ကနေ ထွက်လာတာ အခုမှ မန္တလေးကျော်ရုံလေး၊ သွားရမယ့်ခရီးက ပူတာအိုအထိ ဆိုပါတော့...။

ကျန်တာ နောက်မှစဉ်းစား၊ လောလောဆယ် အိမ်သာတက်၊ ကော်ဖီသောက်၊ အမှတ်တရပစ္စည်းဆိုင်ထဲ ဟိုငေး-ဒီငေး လုပ်ပြီး ခရီးဆက်ရဦးမယ်။ မြောက်ပိုင်းရောက်လေ- ခုနကပြောတဲ့ ဟိုတယ်ကားတွေက ပိုများလာလေ။ ဒီကလူတွေအားလုံး အလုပ်မလုပ်ပဲ ဟောလီးဒေးချည်း ထွက်နေကြလား မသိပါဘူး။ သတင်းတွေထဲဖတ်မိသလောက်ဆိုရင်တော့ ဒီနှစ်ကွန်ဗစ်ဖြစ်နေလို့ နော်ဝေအတော်များများ အပြင်ကို (ပြည်ပခရီး) ခရီးမသွားပဲ ပြည်တွင်းမှာပဲ၊ အထူးသဖြင့် အခုကျနော်တို့သွားနေတဲ့ မြောက်ပိုင်းအရပ်ဆီ သောင်းနဲ့ချီ သွားနေကြတယ်လို့ဆိုပါတယ်။ ကျနော်တို့လိုပဲ အိမ်စီးကားတွေနဲ့ ၃-၄ ဦးသွားနေကြသလို ဟိုတယ်ကားတွေနဲ့သွားနေသူတွေကလည်း မနည်းလှပါဘူး။

အဲကားတွေက ဈေးကြီးတယ်။ ခရိုနာ ၇ သိန်း (အမေရိကန်ဒေါ်လာ တသိန်းဝန်းကျင်) နီးပါးရှိတယ်။ ငှားမယ်ဆိုရင်တော့ တရက် နှစ်ထောင်ထက် မပိုဘူးတဲ့... ကားအကြောင်းကျွမ်းကျင်တဲ့ ဆ၇ာသမား နှစ်ဦးကပြောပါတယ်။ အာ့ဆို မဆိုးဘူး... ဟိုတယ်ခကလည်း တရက် ၂၀၀၀-လောက်ကျတယ်ဆိုတော့ နောက်တခါသွားရင် ဟိုတယ်ကားတွေကိုပဲ ငှားစီးရအောင်လို့.. ပြောဖြစ်ကြပါသေးတယ်။ အခု တော့ မငှားနိုင်သေး၊ ကိုယ့်ကားကိုယ်မောင်း... Narvik ရောက်အောင် သွားရအူးမယ်။

လာပြန်ပြီ- နောက်တနေရာ။ တနာရီကျော်ထပ်မောင်းပြီးချိန် သစ်ပင်တွေမရှိတဲ့တောင်ကုန်းပေါ်မှာ ရေခဲတွေကျန်နေပြီး လှလှပပ ဖြစ်နေတဲ့အတွက် ကားခနရပ်- ဓာတ်ပုံရိုက်- လိုက်ဖ်လွှင့်ပေါ့။ ကားရပ်မယ့်နေရာက ကျဉ်းကျဉ်းလေးဆိုတော့ ဖြတ်သွားတဲ့ ကားတွေက ကိုယ်တွေကို ကွက်ကြည့်ကွက်ကြည့်လုပ်သွားလေရဲ့။ ကားပေါ်ပြန်တက်ပြီး ၅ မီနစ်မောင်းလိုက်တာနဲ့ Wow ဆိုပြီး အာတိတ်စက်ဝိုင်း ယာဉ်ရပ်နားစခန်း Arctic Circle 66.33 N ဆိုတာကိုတွေ့တော့မှ ဒီလူတွေ အာတိတ်စက်ဝိုင်းမှာမရပ်ပဲ ဘာလို့ လမ်းဘေးမှာရပ်နေသလဲဆိုပြီး ခုနကလူတွေ ကွက်ကြည့်၊ ကွက်ကြည့်လုပ်သွားတာဖြစ်မှာပေါ့။ ပြီးတော့ ၃ ဦးစလုံးက အာရှကလာတဲ့ ခေါင်းမဲတွေ။ အဖြူလည်းမပါ- အမည်းလည်းမပါ၊ အမျိုးသမီးနဲ့ကလေးလည်းမပါဘူးဆိုတော့ အများအမြင်မှာ နည်းနည်းထူးနေတဲ့ ခရီးသွားတွေ ဖြစ်နေပုံရပါတယ်။

မြောက်ပိုင်းခရီးစဉ်အတွင်း တွေ့သမျှနေရာထဲမှာ ဒီနေရာက အစည်ကားဆုံး နေရာတခုပါပဲ။ ကားတွေ ဒါဇင်နဲ့ချီ ရပ်ထားတာတွေ့ရပြီး အဝေးပြေး အကောင်းစား မော်တော်ဆိုင်ကယ်တွေကိုလည်း တွေ့ရပါတယ်။ လိပ်ခုံးပုံ (ဆောင်းတွင်း ခေါင်မိုးပေါ် ရေခဲတင်နေမှာ စိုးလို့ထင်) စားသောက်ဆိုင်နဲ့ပြတိုက်ထဲမှာလည်း လူတွေက အပြည့်။ တဦးနဲ့တဦး တမီတာ ကွာရဲ့လားတောင် သတိမထားမိတော့ပါဘူး။ ဗိုက်ဆာပြီဆိုတော့ ဟော့ဒွတ်နဲ့ ကော်ဖီကို အားပေးရပြန်ပေါ့။ ပြီးတော့မှ စားသောက်ဆိုင်နောက်က တောင်ကုန်းပေါ်တက်ပြီး ဓာတ်ပုံရိုက်ရပါတယ်။ 




ဒီကလူတွေလည်း တောင်ပေါ်မှာ စေတီတည်တာ စိတ်ဝင်စားလား မသိဘူး။ တောင်အမြင့်တွေ (တောင်ကတုံးတွေ) တိုင်းမှာ ကျောက်တုံးငယ်လေးတွေကို စေတီပုံစံလိုမျိုး တလုံးပေါ်တလုံး ထပ်တင်ထား ကြာတာကို တောင်အမြင့်တွေတိုင်းလိုလိုမှာတွေ့ရပါတယ်။ ဒီဒေသကို မြန်မာဘယ်နှစ်ဦးရောက်ဖူးသလဲ... ခုနက စားသောက်ဆိုင်ထဲရှိ ဧည့်မှတ်တမ်းထဲ ရှာကြည့်တော့ မတွေ့မိဘူး။ 

ဒီတော့ ကိုယ်တို့ ၃ ဦးရဲ့အမည်တွေကိုရေးပြီး မြန်မာနိုင်ငံကနေ ဒီအထိ ဒါရိုက်လာပြီး လေ့လာရေးဆင်းတဲ့ သူဌေးတွေလိုလို၊ ခရိုနီတွေလိုလိုနဲ့ နေရပ်မှာ ရန်ကုန်-မြန်မာဆိုပြီး ခပ်တည်တည် ဖြည့်ထားခဲ့ပေါ့။ ဘာပြောပြော မနေ့ကနဲ့စာရင်တော့ ခရီးက အတော်ပေါက်လာပြီ။ နော်ဝေမြောက်ပိုင်းဆိုတဲ့ ဆိုင်းဘုတ်လည်းတွေ့ပြီ၊ အာတိတ်စက်ဝိုင်း Arctic Circle 66.33 N ဆိုတာကိုလည်းတွေ့ပြီဆိုတော့ ကျနော်တို့ရဲ့ အဓိကပစ်မှတ် မြောက်ပိုင်းအငူ Nordkapp 71-N ကိုရောက်ဖို့ ၅ ဒီဂရီလောက်ပဲ လိုတော့တယ်ပေါ့...။
……………………

ချောင်းတွေ့ရင် ဇက်နဲ့ကူး၊ တောင်တွေ့ရင် ဂူဖောက်....
…..

၅ ဒီဂရီက စာရွက်ပေါ်မှာ သိပ်မဝေးပေမယ့် မြေပြင်မှာကတော့ နောက်ထပ် ကီလို ၈၀၀ လောက်သွားရဦးမယ်လို့ GPS မှာ ပေါ်နေပါတယ်။ ကျနော်တို့နောက်ထပ်သွားချင်နေတဲ့ ရုရှား-ဖင်လန်နယ်စပ်က ရှိကနက်စ် Kirkenes မြို့ကိုဆိုရင် ကီလို ၁၁၀၀ ကျော်ဆိုပြီး ပေါ်နေပါတယ်။ အင်း..မဖြစ်ချေဘူး။ မိုးကလည်းရွာနေဆဲဆိုတာ့ ဒီညပစ်မှတ် Norvik ကို ရောက်အောင် အမြန်မောင်းမှဖြစ်မယ်။ အမြန်မောင်းပါတယ်ဆိုမှ တနာရီ တောင်မကြာလိုက်ဘူး။ Skarberget မြို့မှာ လမ်းဆုံးသွားပြီ။ ကားတွေအားလုံး လှေ (ဇက်) နဲ့ ဟိုဖက်ကမ်းကို ကူးရမယ်တဲ့။ ဒီက ဇက်တွေက ရန်ကုန်-ဒလ ကူးတဲ့ ဇက်တွေနဲ့တခြားစီ။ မသိရင် သဘောင်္ကြီးပေါ် ကားတွေမောင်းဝင်သွားတဲ့အတိုင်း။ ရေထဲပြုတ်ကျမလားဆိုပြီး စိုးရိမ်စိတ် လုံးဝမဖြစ်မိ။ (ရန်ကုန်-ဒလ ကားတင်ပြီးကူးတဲ့ ဇက်တွေကိုလည်း ဒီလို အဆင့်မြှင့်နိုင်ရင် ကောင်းမယ်)





ရန်ကုန်-ဒလ ဇက်အကြောင်းစဉ်းစားရင်းနဲ့ ဇက် မှားစီးမိတော့မလို့...။ တကယ်က E6 လမ်းအတိုင်းမောင်းလာတဲ့ ကားတွေရော၊ E10 လမ်းအတိုင်းမောင်းလာတဲ့ကားတွေရော ဒီမှာလာဆုံကြတာ။ ဒါကိုကြိုမသိတော့ ပထမ တွေ့တဲ့ ဇက်ဆိပ်မှာပဲ ကားကိုထိုးရပ်လိုက်တာ ပေါ့။ ဇက်ပေါ်တက်ခါနီး အသေချာမေးကြည့်တော့မှ E6 ဆိုရင် ဟိုရှေ့က ဆိပ်ကမ်းကိုသွားပါ။ ဒါက E10-လမ်း၊ Lofoten ကျွန်းတွေဖက် ရောက်မယ်တဲ့။ ကိုယ်တွေက အဲဒီအချိန်အထိ Lofoten ကျွန်းတွေဆိုတာ ဘာမှန်းမသိသေး။ Nordkapp မှတပါး အခြားမသိဖြစ်နေဆဲ ပေါ့။ (တကယ်က အဲဒီ Lofoten ဖက်ကိုလည်း အတော်များများသွားလယ်ကြတယ်လို့ သိရပါတယ်)။

ဇက်က တနာရီနီးပါး စီးရပါတယ်။ ဒါပေမယ့် ပျင်းစရာမရှိပါဘူး- အပေါ်ထပ်တက်ပြီး သဘာဝအလှတွေကိုငေးမလား၊ ဒုတိယ ထပ်က စားသောက်ခန်းထဲဝင်ပြီး အဆာပြောတခုခုခုစားမလား။ နှစ်ခုစလုံးလုပ်မလား- ရတယ်လေ၊ ကို်ယ့်စိတ်ထဲမှာတော့ ရန်ကုန်မှာတုန်းကစီးဖူးတဲ့ ဒလ-ရန်ကုန် ကားတင်တဲ့ဇက်ကိုပဲ ပြေးမြင် မြင်နေမိပါတယ်။ အဲဒီဇက်မောင်းသူတွေက ခရီးသည်တွေကို အလေးမထားဘူး။ ခရီးသည်ပါတဲ့ကားတွေကို ကွန်တိန်ကားတွေများထင်နေလားမသိဘူး။ တစီးနဲ့တစီး ပူးကပ်ထားခိုင်းတာ ကားတံခါးတောင် ဖွင့်မရဘူး။ အတက်- အဆင်းလုပ်ရတဲ့နေရာကလည်း အနိမ့်အမြင့်မညီတော့ အတော်ဒုက္ခများပါတယ်။ စိတ်ထဲမှာ လိုက်လာမိတာမှားပြီ။ လှိုင်သာဖက် ပြန်ပတ်မောင်းရင်တောင် ဟုတ်ဦးမယ်ပေါ့။ ဒီမှာကတော့ စိတ်ထဲ အဲလိုမဖြစ်မိ။ တနာရီလောက် ကားမောင်းသူ အနားယူနိုင်ပြီး သက်တောင့်သက်သာပါပဲ။

ဟိုဖက်ကမ်းကို ဇက်ဆိုက်ပြီး တနာရီလောက် ထပ်မောင်းပြီးတဲ့အခါမှာတော့ ဒီည စခန်းချမယ့် နော်ဗစ်မြို့ကိုရောက်ပါပြီ။ ဒီဒေသမှာ အတော်စည်ကားတဲ့ ဆိပ်ကမ်းမြို့ကြီးဖြစ်ပါတယ်။ အချိန်က ည ၈ နာရီလောက်ရှိပြီဆိုတော့ ဗိုက်က တကွိကွိ အော်နေပြီ။ ဘယ်နား စခန်းချရမှန်း မသိသေး။ ဂိုဂယ်ခေါက်ပြီး ဟီတာ ရှာတော့ မြို့နဲ့ မီနစ် ၂၀ ကျော်မောင်းရတဲ့နေရာမှာ စခန်းတခုတွေ့ပါတယ်။ အင်း- အဲဒီအထိမောင်းပြီမှ ထမင်းချက်မယ်ဆိုရင်တော့ ငါတို့ ဒီညမလွယ်ဘူး။ ဒီမြို့မှာပဲ အာရှဆိုင်တခုခု ရှာပြီး အရင်ဗိုက်ဖြည့်မှဖြစ်မယ်ပေါ့။ လမ်းတလျောက်မြို့တော်အတော်များများမှာ တရုတ်ဆိုင်၊ ထိုင်းဆိုင်တွေ တွေ့မိပေမယ့် မြန်မာထမင်းဆိုင်တော့ မတွေ့မိသေးပါဘူး။ မြန်မာနိုင်ငံဆီ နော်ဝေတွေ သိပ်မရောက်ဖူးသေးလို့ မြန်မာ အစားအစာဆိုင်တွေ နော်ဝေမှာ မပေါက်သေးတာလား၊ မြန်မာအစားအစာကိုယ်တိုင်က အဆီတွေများလွန်းလို့ အနောက်တိုင်းအကြိုက် မဖြစ်သေးတာလား...။ အင်း... နောက်မှ ဆက်ဆွေးနွေးရအောင်၊ ... လောလောဆယ်တော့ တရုတ်ဆိုင်ကိုသာမောင်းပေတော့ ဆရာရေ။

တရုတ်ဆိုင်ဆိုလို့- အခုနောက်ပိုင်း ဂျက်မတို့လို ကမ္ဘာကျော် တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေပေါ်နေချိန်မှာတောင် နော်ဝေရှိ တရုတ်ဆိုင်တွေက ပေသီးတွက်နည်းနဲ့သွားနေတုန်း။ ဟုတ်တယ်လေ- ဘယ်ဆိုင်ဝင်ဝင် အင်တာနက် ဖရီးဖွင့်ပေးထားတဲ့ခေတ်မှာ ဒီဆိုင်က အင် တာနက်မရှိဘူး။ ဖွင့်ပေးထားရင် ဘယ်လောက်ထပ်ကုန်မှာမို့လဲ။ ၀င်စားတဲ့ခရီးသည်တွေလည်း စိတ်ချမ်းသာပြီး နောက်တခါ ထပ်လာ မှာပေါ့။ အခုတော့ ဒီဆိုင်တော့ပြီ- နောက်တခါမလာတော့ဘူး- စိတ်ထဲ ဒီလိုဖြစ်သွားပါတယ်။ ဂျက်မနဲ့တွေ့မှ တရုတ်တွေ ပေသီးတွက် ခေတ်ကနေ ကွန်ပြူတာခေတ်စဉ်းစားပုံဆီပြောင်းပေးပါဆိုပြီး ပြောရအူးမယ်။

ထမင်းစားပြီးထွက်လာတော့ အဲဒီဆိုင်ရှေ့နားမှာတင်ရှိတဲ့ ဒီမြို့မှာ အကြီဆုံးဟိုတယ်ဖြစ်ပုံရတဲ့ ၁၂ ထပ်ရှိ Scandic ဟိုတယ်ရှေ့မှာ အမှတ်တရ ဓာတ်ပုံရိုက်။ ပြီးတော့- ခရီးသည်များပြီး ဟိုတယ်ခန်းတွေ အလွတ်မရှိတော့လို့ မတည်းလိုက်ရသောဟိုတယ်- ဆိုပြီး FB တင်။ မရယ်နဲ့လေ- သတင်းလိုက်နေတာမဟုတ်ဘူး။ ဟောလီးဒေးသွားနေတာဆိုတော့ ဒီလိုလည်း တခါတလေ စိတ်လွတ်ကိုယ်လွတ် လျောက်လုပ်အူးမှပေါ့...။

အဲလို ၂၀၀၀ ကျော်တန် ဟိုတယ်ရှေ့မှာ ဓာတ်ပုံရိုက်ပြီး တကယ်လာတည်းတဲ့ ဟီတာက ၇၀၀ တန်။ (၇၀၀ လည်း ဒေါ်လာ ၁၀၀ လောက်ရှိပါတယ်) အာရှအစာ စားလာပြီးပြီဆိုတော့ ထမင်းချက်စရာမလိုတော့ဘူး။ ဒါပေမယ့် မနက်ဖန်အတွက် ရက်ဒီဖြစ်နေအောင် မီးဖိုရတုန်း ချက်ထား မယ်တဲ့- ကိုမင်းမင်းကပြောပါတယ်။ ကိုယ်ကတော့ ရေချိုးခန်းရတုန်း နံနေတဲ့ အတွင်းခံဘောင်းဘီနဲ့ တီရှပ် တချို့ကို အမြန်လျှော်မှ ဆိုပြီး ရေချိုးခန်းထဲဝင်ပါတယ်။ ပြီးတော့ ရေချိုးခန်း နံရံတွေနဲ့ ကုတင်ခြေရင်းမှာ တိုးလိုးတွဲလောင်းလှန်းပေါ့။ တကယ်က ဒီလို လုပ်ခွင့်မရှိဘူးဆိုပါတယ်။ နော်ဝေလိုဆို အီကယ်-လော (Ikke Lov) ပေါ့။ လျှော်ချင်ရင် မနေ့ကတွေ့ခဲ့တဲ့ အ၀တ်လျှော်စက်တွေထဲ ထည့်လျှော်ခဲ့ရမှာတဲ့၊ အဲမှာ အခြောက်လှန်းစက်ပါ ပါတယ်ဆိုပါတယ်။ ကိုယ်ကတော့ မြန်မာဆန်ဆန်လေး- ဖြစ်သလိုတွေးပေါ့...။



(ဟီတာ အကြောင်းနည်းနည်းပြောရဦးမယ်။ Hytter ကို မြန်မာလို တဲ လို့အလွယ် ဘာသာပြန်ပေမယ့် တကယ်က မြန်မာပြည်က တဲလိုမျိုးတော့ မဟုတ်ပါ။ ဟိုတယ်၊ မိုတယ်တွေလို ၀န်ဆောင်မှုမပါ၊ စားသောက်စရာမပါတဲ့ သာမန်တည်းခိုဆောင်လို့ ပြောသင့်ပါတယ်။ ဘန်ဂလိုပုံစံ မြေစိုက်ဆောက်ထားတဲ့ တဲတလုံးစီမှာ ကုတင်၊ မီးဖိုချောင်၊ အိမ်သာ၊ ရေချိုးခန်းပါ ပါတယ်။ တချို့အဆောင်တွေက အိပ်စရာ ကုတင်ပဲပါပြီး ရေချိုးခန်း- အိမ်သာကို အများသုံးနေရာမှာ သွားသုံးရပါတယ်။ ဒီ ဟီတာတွေက ဟိုတယ်၊ မိုတယ်တွေလို အမြဲတန်းဖွင့်ထားတာမဟုတ်ပဲ အခုလို ဟောလီးဒေးရာသီမှာ ခုနက Camping Car နဲ့လာသူတွေ၊ ကိုယ်ပိုင်ကားနဲ့လာပြီး လမ်းကြုံလို့ ၀င်တည်းသူတွေအတွက် အဓိကထားတာ ဖြစ်ပါတယ်။)

အခု ကျနော်တို့ရတဲ့အခန်းက ၄ ယောက်အိပ်အခန်း။ နေရာက သိပ်မကောင်းဘူး (မနေ့ကလို ကန်စပ်တွေ၊ ချောင်းစပ်တွေလို ရှုခင်းမကောင်းဘူး)။ သစ်ပင်တွေကြားက ကွင်းပြင်တခုမှာ။ ၁၅ ပေလောက်ကျယ်တဲ့အခန်းထဲမှာ ၂ ထပ်ပါတဲ့ ကုတင်နှစ်လုံးရှိပါတယ်။ ပြီးတော့ တီဗွီ၊ ဆက်တီတစုံ၊ ထမင်းစား စားပွဲတစုံ၊ လျှပ်စစ်မီးဖိုနဲ့ အံဆွဲထဲမှာ အိုး-ခွက်-ပန်းကန် အစုံပါ ပါတယ်။ ဒီနောက်ဖက်မှာတော့ ရေချိုးခန်းနဲ့ အိမ်သာပါတဲ့အခန်းကလည်း ၈ ပေလောက်ရှိပါတယ်။ ကုတင်ပေါ်မှာ စောင်နဲ့ ခေါင်းအုံးလည်းထားပေးထားပါတယ်။

ဒါပေမယ့် အစွပ်တွေမပါဘူး။ ဒီမှာတည်းတဲ့လူတွေမှာ အစွပ်တွေပါတယ်။ ဒါမှမဟုတ် ဒီကဟာတွေကိုမသုံးပဲ ကိုယ်မှာပါလာတာတွေပဲသုံးတယ်။ ဒီကပစည်းတွေကို လက်ယာမပျက် ဒီတိုင်းပြန်ထားပေးရတယ်ဆိုပါတယ်။ ကိုယ်တွေမှာက အိပ်ယာလိပ်တခုပဲပါတာ။ ဒီတော့ ခေါင်းအုံးပေါ် မျက်နှာသုတ်ပုဝါတင်ပြီး အိပ်ပေါ့။ နောက်နေ့မနက် အခန်းပြန်အပ်ချိန်မှာ သန့်ရှင်းရေးလုပ်ရမယ်။ ကိုယ် အခန်းထဲ စ၀င်တဲ့အချိန်က ရှိတဲ့အတိုင်း ပြန်လုပ်ပေးခဲ့ရမယ်တဲ့...။

ဒါပေမယ့် ဘယ်သူကမှ လာစစ်တာမဟုတ်ဘူး။ ကောင်တာမှာထိုင်တဲ့လူက ညနေက တချက်ပဲလာပြီး ပြန်သွားပြီ။ ဒီမှာ အားလုံး ဧည့် သည်တွေချည်းပဲ။ ကိုယ့်ပြန်ထွက်တဲ့အချိန်မှာ အခန်းသော့ကို ကောင်တာက စာတိုက်ပုံးထဲ ထည့်ထားခဲ့ရမှာ။ ဒီတော့ အခန်းမရှင်းပဲ ထွက်သွားရင် ဘယ်သူကသိမှာလဲ။ အိုး-ခွက်-ပန်းကန်တွေ မဆေးပဲထားခဲ့ရင် ဘယ်သူက သိမှာလည်း။ ကိုယ်လည်း နောက်တခေါက် ဘယ်တော့ရောက်မယ်မှန်းမသိ။ သူ့လည်း ကိုယ်ကိုမှတ်မိတာမဟုတ်။ ငွေချေတာလည်း ခရက်ဒစ်နဲ့မဟုတ်ပဲ ငွေသားပေးထားတာပဲဟာ -သူဘယ်လိုက်ရှာမလဲပေါ့...။

တခါစားမလုပ်နဲ့ အူးလေး။ နိုင်ငံကြီးသား ပီသပါ။ ဒီလို အခကြေးငွေနဲ့ငှားတဲ့ ဟီတာကို မပြောနဲ့။ လူသူအရောက်နည်းတဲ့ တောတောင် တွေထဲက ဟီတာတွေမှာလည်း ဒီလိုပဲ ပစည်းတွေထားပေးထားတယ်။ စနစ်တကျသာ လုပ်သွားပါ။ သင်က မလုပ်ဘူးဆိုရင် နောက်လူတွေ ဒုက္ခရောက်မယ်။ ကိုယ့်ကြောင့် တခြားသူ ဒုက္ခမရောက်ပါစေနဲ့ပေါ့...။ ကိုယ့်တာဝန်ကိုယ်ယူတဲ့ စနစ်လေးက ဒီမှာ မူကြိုကတည်းက ပါလာကြတယ်ဆိုပါတယ်။ ကိုယ်တွေဆီမှာတော့ ဒီလို အပျော်သွားတည်းတဲ့နေရာ ထားလိုက်တော့။ ဒုက္ခရောက်လို့ အလားကား ပေးတည်းတဲ့ ဘုန်းကြီးကျောင်းက ကွာရင်တင်းစခန်းတွေမှာတောင် ဖြစ်သလိုလုပ်ထားခဲ့တဲ့ ဓာတ်ပုံတွေကို မကြာခဏ မြင်နေရဆဲ မဟုတ်ပါလား...။
………………

Fjord ရေလက်ကြားက နော်ဝေမှာပဲ ရှိတာလား...
------------------------

မြန်မာပြည်အကြောင်း ယှဉ်ယှဉ်ပြီး စဉ်းစားရင်းနဲ့ ခရီးက ရှေ့ကိုသိပ်မရောက်ဘူးဖြစ်နေပြီ။ မင်းမြောက်ပိုင်းအငူကလည်း အခုထိ မရောက်နိုင်သေးဘူးလားဆိုပြီး ပရိသတ်က ထအော်တော့မယ်။ ခဏတော့ သီးခံပါ အူးလေး...။ (၉ ရက်တောင် ကားမောင်းပြီးသွားထားရတယ်ဆိုတော့ ၃ ရက်တပုဒ်နှုန်းနဲ့ ၃ ပိုင်းတော့ သီးခံပြီးဖတ်ပေါ့...)။ ဒီနေ့ Narvik-နားဗစ် နဲ့ Alta -အာလ်တာ- ကြားခရီးစဉ်ကိုတော့ ခပ်ကျဉ်းကျဉ်းရေးမှဖြစ်တော့မယ်။ ဒီနေ့ ၄ ရက်မြောက်ခရီးစဉ်က နောက်ထပ် ကီလို ၆၂၀ ကျော်ထပ်မောင်းရမယ့် Alta -အာလ်တာမြို့ဆီ။ အဲဒီရောက်ပြီးမှ မြောက်ပိုင်းအငူကို တခါတည်းတက်မလား၊ ရုရှားနယ်စပ်ဖက်သွားမလား... ရာသီဥတုအခြေအနေပေါ်မူတည်ပြီး ဆုံးဖြတ်ရမှာ...။






ဒီနေ့ကမဆိုးဘူး။ မိုးနည်းနည်းပါးသွားပြီး နေရောင်ပြပြလေး မြင်လာနေရပြီ။ အခြေအနေက ကိုယ်ဖက်ပါလာနေပြီပေါ့။ ဒီဖက်မှာ သမင်လေးတွေကို စတွေ့ရတယ်လို့ထင်ပါတယ်။ နော်ဝေနိုင်ငံက အဝေးပြေးလမ်းအတော်များများမှာ -သမင်တွေ လမ်းဖြတ်ကူးတဲ့နေရာရှိသည်- သတိထားမောင်းပါ- ဆိုတဲ့ သမင်ပုံပါတဲ့ ဆိုင်းဘုတ်တွေ တွေ့ရလေ့ရှိပါတယ်။ ဒီဖက်မှာတော့ ဆိုင်းဘုတ်အပြင် သမင်အရှင်လတ်လတ်တွေ လမ်းကူးနေတာကိုပါ တွေ့လာရပါတယ်။ မြောက်ဖက်ကျလေ ပိုတွေ့ရလေလို့ ဆိုပါတယ်။ ဘာကြောင့်လဲဆို တော- တောင်တွေက သစ်ပင်နည်းပြီး မြက်ခင်းတွေချည်းများနေလို့လို့ ထင်ရတာပါပဲ။

တကောင်လောက် ကားနဲ့ဝင်တိုက်ပြီး သမင်သား မျည်းကြည့်မလား.ဆိုတော့.. သွားမလုပ်နဲ့အူးလေး... အဲဒါ ပြစ်မှုအတော်ကြီးတယ်တဲ့...။ ရေကန်ဘေးမှာတွေ့နေရတဲ့ ဘဲလေးတွေကိုတောင်မှ ဘာမှလုပ်လို့မရတာ- ဒီလိုဘေးမဲ့ပေးထားတဲ့ အကောင်ကြီးဆိုရင်တော့ အင်း- ထောင်ဘယ်လောက်ချခံရမလဲ မသိဘူး။ နော်ဝေရောက်ရင် နော်ဝေလိုတွေးလေ... မြန်မာလိုချည်းပဲတွေး-တွေးနေတော့ သမင်တွေ လည်း ကိုယ်တွေကိုကြောက်လို့ ထွက်ပြေးကုန်ပြီနဲ့တူပါတယ်။

မြန်မာလိုမတွေးနဲ့ဆိုပါမှ မြန်မာနဲ့နိုင်းယှဉ်ပြောစရာတွေကလည်း တခုပြီးတခုပေါ် ပေါ်လာနေပြန်ပါတယ်။ ခုနက ထရိုးဟိန်းမြို့အလွန် မြောက်ပိုင်းခရီးစဉ်စတင်ကတည်းက လမ်းအသစ်တွေပြင်ထားတာတွေ့ရပါတယ်။ ကျနော်တို့ ရေး-ထားဝယ် ကားလမ်းက မလွဲတောင်ကို ဖြိုပြီး လမ်းအကွေ့အကောက်တွေကို အဖြောင့်ပြန်လုပ်ထားတဲ့ ပုံစံမျိုးပေါ့။ ဒါပေမယ့် ဒီမှာက နည်းပညာမြင့်လို့လား မသိဘူး။ တောင်ကို မဖြိုပဲ ဂူဖောက်လိုက်တာ အတော်များပါတယ်။ အခု ဒီနေ့သွားမယ့်ခရီးစဉ်မှာဆိုရင် ဒီလမ်းတလျောက် ဂူတွေအများဆုံး ဒေသလို့ဆိုပါတယ်။

မြန်မာပြည်မှာတော့ ကျောက်တွေက နော်ဝေလို သက်တန်းမရင့်သေးတဲ့အတွက် ဂူဖောက်ရခက်တယ်။ ပြိုကျ နိုင်ခြေများတယ်လို့ ကြားဖူးပါတယ်။ (နေပြည်တော်-မြိုင် ၀န်းကျင်းရှိ စစ်သုံးလိုင်ဂူတွေက လွဲရင်ပေါ့)။ ဒီက လှိုင်ဂူတွေက အချို့နေရမှာဆို ၈ ကီလိုလောက်အထိရှည်တယ်။ ဂူ ထဲရောက်နေတုန်း မီးပျက်သွားရင် ဘယ်လိုလုပ်မတုန်းတဲ့...။ ကိုမင်း မင်းက ကားမောင်းရင်းနဲ့ နောက်ပါတယ်။ နွေရာသီဆိုတော့ တချို့ဂူတွေက ပြန်ပြင်နေတာတွေရှိတယ်။ ဂူတခုဆိုရင် လမ်းအတော်ဆိုးပါတယ်။ မြန်မာပြည်မှာဆို လျှပ်စစ်မီးက ခဏခဏပျက်နေတော့ ဒီလိုဂူတွေနဲ့ဖြစ်ပါ့မလားပေါ့...။

နော်ဝေဟာ ဂူတွေများတဲ့အပြင် ကမ္ဘာ့အရှည်ဆုံလှိုင်ဂူဆိုပြီး ၂၄.၅၁ ကီလိုကျော်နဲ့ စံချိန်ချိုးထားတဲ့ Lærdal Tunnel ဆိုတဲ့ လှိုင်ဂူတခု တောင်ပိုင်းက ဒုတိယမြို့တော် ဘာဂင်ဆီသွားတဲ့လမ်းပေါ်က Aurland ဒေသမှာရှိပါတယ်။


ဓာတ်ပုံ- (https://www.oglaend-system.com/news/latest-news/top-10-world-s-longest-road-tunnels-article25715-832.html)
သီချင်းတွေဖက် လှည့်ရအောင်။ ကားမောင်းလာတာ ၄ ရက်ရှိပြီဆိုတော့ သီချင်းတွေကလည်း ထပ်နေပြီ။ စိုင်းထီးဆိုင်၊ ခိုင်ထူး၊ ခင်မောင်တိုး၊ ထူးအိမ်သင်၊ ဇော်ဝင်းထွတ်၊ လေးဖြူ၊ အာဇာနည်၊ ၀ိုင်းဝိုင်း၊ မျိုးကြီး၊ ဇော်ပိုင်၊ ဝေလ၊ စိုင်းစိုင်း- အတော်စုံနေပြီ။ တနေ့ ၈ နာရီလောက် ကားပေါ်ထိုင်နေတယ်ဆိုတော့ တနာရီတယောက်နှုန်းနဲ့တောင် အဆိုတော်က တရက် ၈ ယောက်ရှိနေပြီ။ အထူးသဖြင့် ကားမောင်းနေစဉ် အိပ်မငိုက်အောင် သီးချင်းနားထောင်ပါတယ်ဆိုမှ တချို့သီချင်းတွေက ခံစားချက်ကို ဆွဲခေါ်သွားပြီး ငိုက်သလိုလို ဖြစ်သွားလေရဲ့။ နောက်ဆုံးတော့ ကိုမင်းမင်း ဘယ်ကရှာလာလဲ မသိဘူး။ (အားလုံးက စီဒီတွေ၊ ယူအက်စ်ဘီတွေနဲ့ဖွင့်တာမဟုတ်ဘူး။ အွန်လိုင်း ကနေ တိုက်ရိုက်ရှာဖွင့်တာ) နေ၀င်းရဲ့ -ဆွေမျိုးပါမေ့- ဆိုတဲ့ ဟစ်ဟွတ်နဲ့တွေ့မှ နည်းနည်း အိပ်ငိုက်ပြေသွားပါတယ်။

အိပ်ငိုက်ပြေချိန်မှ ဖုန်းက ၀င်လာပါတယ်။ ကိုဇော်ဝင်းလွင်ဆီက (သူပုန်ကျောင်းသား စာအုပ်ထဲက ABSDF ဗဟိုကော်မီတီဝင်ဟောင်း၊ အခု ရောင်ချည်ဦး အလုပ်သမားရေး ဆောင်ရွက်နေသူ) သူတို့လည်း မြောက်ပိုင်းကိုသွားနေတယ်။ အခု Lofoten ကျွန်းတွေဆီ ရောက်ခါနီးပြီတဲ့။ ဟ- ဘယ်နားလဲ လိုဖိုတယ်၊ ခင်ဗျားတို့က Nordkapp မလာဘူးလားဆိုတာ့... ဝေးလွန်းလို့တဲ့။ မိသားစုလည်းပါလို့၊ ကားမောင်းတဲ့သူကလည်း တယောက်တည်းဆိုတော့ ကျနော်တို့လို တရက် ကီလို ၆၀၀ မမောင်းပဲ ၃၀၀ လောက်ပဲ မောင်းနိုင်တယ်တဲ့...။

အင်း- တကယ်က သူတို့မိသားစု မြောက်ပိုင်းသွားနေမှန်း ကြိုမသိဘူး။ FB တင်ထားတဲ့ပုံတွေအရ ကျနော်တို့ အာတိတ်စက်ဝိုင်းက ထွက်လာပြီး မကြာခင်မှာ သူတို့က အဲဒီမှာ ရိုက်ထားတဲ့ပုံတွေ တင်ထားတာတွေ့လိုက်လို့ မက်ဆင်ဂျာကနေ လှမ်းမေးထားလို့ သူက ဖုန်း ပြန်ခေါ်လာတာ။ သိတယ်မို့လား ခေတ်ကိုက။ ဘယ်သူ ဘာလုပ်နေလဲ ဆိုတာ စစ်မေးရင်ဖြေချင်မှဖြေမယ်။ ဒါပေမယ့် FB မှာ ပုံမတင်ရ ရင် မနေနိုင်တဲ့ခေတ်ဆိုတော့ စစ်မေးစရာမလိုဘူး။ နော်ဝေက အခြားမြန်မာအတော်များများလည်း အော်လီစွန်း၊ ဘာဂင်နဲ့ တောင်ပိုင်းက သိပ်လှတဲ့တောင်တန်းတွေ၊ ရေလက်ကြားတွေဆီ သွားလယ်နေကြတဲ့ပုံတွေ FB ပေါ်မှာ အများကြီး။

သူတို့လည်း နော်ဝေတွေလိုပဲ။ ပြည်ပ ထွက်မရလို့ ပြည်တွင်းမှာ ဟောလီးဒေးသွားနေသူတွေ။ အရင်နှစ်တွေကဆိုရင်တော့ ဒီရာသီမှာ မြန်မာနိုင်ငံက အမျိုးတွေဆီ ပြန်ရောက်နေချိန်ပေါ့။ မြန်မာပြည်အကြောင်း မတွေးဘူးဆိုပါမှ မြန်မာအကြောင်းက ပြန်ပြန်ပေါ်လာနေတယ်။ ဒီလိုပြောရင်းနဲ့ ကားက အတော်ခရီးပေါက်လာပြီ။ လမ်းတလျောက်မြင်ရတဲ့အကြောင်းတော့ သိပ်မပြောတော့ပါဘူး။ Alta -အာလ်တာမြို့ကို ၀င်ခိုင်းလိုက်ပါတော့မယ်။

ကံကောင်းထောက်မစွာနဲ့ ဒီမြို့မှာလည်း ဟီတာ အခန်းရပါတယ်။ နေရာက ပင်လယ်ကမ်းစပ်လေးမှာ။ ရောက်တဲ့အချိန်က ၇ နာရီဆိုတော့ နေသာနေတုန်း။ မြောက်ပိုင်းအတော်ရောက်လာပြီဆိုတော့ ဒီည နေမ၀င်လောက်တော့ဘူးထင်ပါတယ်။ အချိန်ရတုန်း ထမင်းချက် မလားဆိုတော့... မဟုတ်ဘူး။ ဒီနေ့ငှားမျှားမယ်တဲ့- ဆရာသမားနှစ်ဦးကဆိုပါတယ်။ ကောင်တာမှာမေးကြည့်တော့ ဒီနားမျှားလို့မရဘူး။ ဟိုး..မှာမြင်နေရတဲ့ အငူဖက်ကားမောင်းသွားပြီး အဲဒီမှာ မျှားပါတဲ့။ အင်း- ဒီဆရာသမားနှစ်ဦးကလည်း ငါးမျှားဝါသနာပါတာ အုံးမလီက ကရင်တိုင်းရင်းသားတွေအတိုင်းပဲ။ ကွာတာက ဟိုလူတွေက ငါးမျှားတိုင်း မိပြီး အိမ်က ရေခဲသေတ္တာထဲမှာ ငါးတွေအပြည့်။ ဒီ နှစ်ယောက်က ငါးမျှားတန်တကားကားနဲ့ အသေချာမျှားနေပေမယ့် အခုထိ တကောင်မှ မမိသေး။


ဟိုမှာ ငါးကင်ဖို့ မီးဖိုကအသင့်၊ ဘီယာကလည်း အသင့်။ ဒါပေမယ့် ငါးက မမိဘူးဆိုတော့ ကားနောက်ခန်းထဲက ဘလောင်ချောင်ဘူးတွေကိုပဲ ယူပြီး မြည်းခဲ့ရပေါ့။ -ငါးမမိလည်း ရေချိုးပြန်ပေါ့- ဆိုပြီး မြန်မာစကားပုံရှိပေမယ့် ဒီမှာတော့ အဲတိုင်း သွားလုပ်လို့မဖြစ်။ ရေက အတော်အေးတာ၊ လေကလည်း တိုက်နေသေး။ ဒီတော့ ဟီတာဘေးက ဆောင်နာကို (Sauna- ချွေးထုတ်ခန်း) ၀င်မှဖြစ်မယ်။ ဒီက ဟီတာက မနေ့ကလို မီးဖိုးချောင်နဲ့ ရေချိုးခန်းတွဲပြီးမပါဘူး။ ကောင်တာဘေးရှိ မီးဖိုချောင်ဘေးမှာ ရေချိုးခန်းရှိပြီး အမျိုးသား- အမျိုးသမီး ရေချိုးခန်းကြားမှာ ဆောင်နာရှိပါတယ်။

သူတို့ နှစ်ယောက်က ဆောင်နာထဲ ပူလွန်းလို့ မ၀င်ချင်ဘူးတဲ့။ ကိုယ်ကတော့ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ဖင်လန်နိုင်ငံဆီ သွားလည်ပြီး ကတည်းက ဆောင်နာကိုကြိုက်နေတာ။ ဖင်လန်က အိမ်တိုင်းလိုလိုမှာ ဆောင်နာရှိပေမယ့် နော်ဝေမှာက မရှိဘူး။ ဒီလို ဟီတာတွေ၊ ရေကူးကန်တွေ၊ ဟိုတယ်တွေမှာပဲရှိတာ။ (နော်ဝေ-ဒိန်းမတ်-ဂျာမဏီသွားတဲ့ သဘောင်္တွေပေါ်မှာလည်း ရှိပါတယ်)။ အလကားရတုန်း ၀င်ထားအူးမှ ဆိုပြီး ၀င်လိုက်တာ...။ အန်- အထဲမှာ စုံတွဲတတွဲက အ၀တ်ဗလာ သူ့ချည်းသာ...။



ဆောင်နာဝင်ပါတယ်ဆိုမှ ဘယ်သူက အ၀တ်ပါမှာလဲ...။ အားလုံး ကိုယ်တုံးလုံးဝင်ရတာမျိုး။ ဒါပေမယ့် သိတယ်မို့လား... အာရှက လာတဲ့လူတွေဆိုတော့ အတွင်းခံလေးတော့ ၀တ်ထားအူးမှပေါ့...။ အဲဒီ အသက်ကြီးစုံတွဲက အေးဆေးပဲ၊ လွတ်တဲ့နေရာမှာ ၀င်ထိုင်ပါပေါ့။ ကိုယ်က ရှက်ပြီး ကြောင်အန်းအန်း၊ ရပါတယ်- ခင်ဗျားတို့ ပြီးမှ ၀င်မယ်- ရေအရင်ချိုးလိုက်အူးမယ်ပေါ့။ (ဆောင်နာက ရေချိုး- ကိုယ်လက် သန့်စင်ပြီးမှ ၀င်ရတာ)

ခဏနေတော့ အဲဒီထဲက အမျိုးသားက ပြန်ထွက်လာပါတယ်။ ကျနော် ၀င်လို့ရပြီးလား ဆိုတော့- ရပြီ- ဒါပေမယ့် ငါ့ အမျိုးသမီးတော့ ကျန်နေသေးတယ်-တဲ့။ - ဟာ မလုပ်ပါနဲ့ အူးလေးရယ်-လို့ပြောပြီး သူ့အမျိုးသမီးမထွက်ခင်အထိ ရေချိုးခန်းဘေးမှာရပ်ပြီး စကားမရှိ စကားရှာပြောနေရပါတယ်။ တကယ်က သူတို့ဟာ နော်ဝေတွေ မဟုတ်ဘူး။ ဆွင်ဇလန်ကနေ Nordkapp အထိ တကူးတကာ့ လာလည်တာတဲ့။ အိမ်ထောင်သက် ၅ နှစ်ပြည့် ဟန်းနီးမွန်းလို့ ဆိုပါတယ်။

လေယာဉ်တွေမပြေးသေးလို့ ဟိုး…ဆွင်ဇလန်ကနေ Camping car တစီးနဲ့ ဂျာမဏီကိုဖြတ်၊ ဒိန်းမတ်ကိုဖြတ်ပြီး (ရှေ့မှာ တင်ပြခဲ့ဖူးသလို ဆွီဒင်က ပိတ်ထားဆဲဆိုတော့ ဒိန်းမတ်ကနေ နော်ဝေတောင်ပိုင်းဆိပ်ကမ်းကို ဇက်နဲ့ဖြတ်ကူး) စခရစ်စတာဆန်း ဆိပ်ကမ်းကနေ ဒီကိုမောင်းလာတာတဲ့။ WoW. ကိုယ်တွေက အော်စလိုနဲ့ Nordkapp အတော်ဝေးနေပြီဆိုပြီး ညီးနေတာ။ သူတို့က ဟိုး…ဆွိဇလန်ကနေတောင် ဒီအထိ ကားမောင်းပြီးလာတယ်တဲ့...။

ထွက်လာတာ ဘယ်လောက်ကြာပြီလဲ၊ ဆွင်ဇလန်မှာလည်း လှပတဲ့ တောတောင်တွေရှိတာပဲ မို့လားဆိုပြီး (စာရေးသူက လွန်ခဲ့တဲ့ ၁၀ နှစ်ခန့်က ဂျီနီဗာကို တခေါက် ရောက်ဖူးပါတယ်) အတွန့်တက်မိပါတယ်။ ၁၀ ရက်လောက်ရှိနေပြီ၊ ခွင့်က ၆ ပတ် (၄၅ ရက်) ယူထားတာတဲ့၊ သေပြီ ဆရာ။ ကိုယ်တွေက ၁၀ ရက်ကို အတော်များနေပြီထင်တာ။

ပြီးတော့ သူကပြောပါတယ်။ -တောတောင် သဘာဝ အလှတွေ၊ ရေခဲလျှောစီးတဲ့ တောင်တန်းတွေ ဆွင်ဇလန်မှာနာမည်ကြီးပေမယ့် ပင်လယ်မရှိဘူး။ ကမ်းခြေမရှိဘူး။ အထူးသဖြင့် နော်ဝေမှာနာမည်ကြီးတဲ့ ရေလက်ကြား Fjord တွေ မရှိဘူးတဲ့...။ ကိုယ်လည်း သူပြောမှပဲ အသေချာ စဉ်းစားမိပါတယ်။ Fjord ဆိုတဲ့စကားလုံးက နော်ဝေမှာပဲရှိတယ်။ ရေလက်ကြားလို့ အလွယ်ဘာသာပြန်ပေမယ့် မြန်မာနိုင်ငံက ရေလက်ကြားတွေလိုမဟုတ်ဘူး။ ကျောက်တောင်ပေါ်ကနေ သဘာဝအတိုင်း စိမ့်ထွက်လာတဲ့ရေတွေက ချောင်းငယ်သဘောမျိုး စီးဆင်းရာကနေ ကျောက်တောင်တွေကြားမှာ ရှိနေတဲ့၊ စိတ်ကူးယဉ်ဆန်လှတဲ့ တောင်ပေါ်မြစ်-လို့ ခေါ်ရမယ်ထင်ပါတယ်။


(ဓာတ်ပုံ- https://authentic-scandinavia.com/themes/fjord-tours)


ကျောက်စိမ့်ရေဆိုပေမယ့် တကယ်ကတော့ ကျောက်တောင်တွေပေါ်က ရေခဲတွေအရည်ပျော်ပြီးဆင်းလာတဲ့ ရေတွေဖြစ်ဖို့များပါတယ်။ ဒီတော့ ချောင်းက စမ်းချောင်းသဘောမျိုးမဟုတ်ပဲ ပင်လယ်ကူးသဘောင်္တွေသွားနိုင်တဲ့အထိ ကြီးမား-ကျယ်ပြန့်တဲ့ ကျောက်တောင်တွေကြားက လှို့ဝှက်မြစ်များလို့ ခေါ်သင့်တယ်ထင်ပါတယ်။

ဒီလိုထူးခြားတဲ့ သဘာဝအလှတွေရှိတာကြောင့် ဥရောပတလွှားကလူတွေ (အခုချိန်မှာ ဥရောပပြင်ကိုလည် သွားခွင့်မရှိ၊ ဥရောပထဲမှာတောင် ဖွင့်လိုက်-ပိတ်လိုက်ဖြစ်နေ) နော်ဝေမြောက်ပိုင်းကို လာလယ်နေကြတာဖြစ်ပါတယ်။. ။

(ရုရှား-ဖင်လန် နယ်စပ်နဲ့ နေမ၀င်ညများရှိတဲ့ Nordkapp အကြောင်းကိုတော့ ရှေ့တပတ် စောင့်မျှော်တော်မူပါရန်)။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More