Thursday, September 21, 2017

ထားဝယ်မှ ပုလောသို့

The Voice Daily, 20-Sep-2017.

တနင်္သာရီတိုင်းသို့ အဝင်

ဒီတစ်ခေါက် တနင်္သာရီတိုင်း ခရီးစဉ်အတွင်း စစ်ဆေးရေးဂိတ်တွေ အများကြီး ဖြတ်ရပါတယ်။ အရင်နှစ် တွေက ဒါမျိုးမကြုံခဲ့ဖူးပါ။ ပထမဆုံး သတိထားမိတာက ဝေါမြို့အဝင်လို့ ထင်ပါတယ်။ ထင်တာဆိုတာက လူကလည်း အိပ်တစ်ဝက် နိုးတစ်ဝက်၊ အပြင်မှာကလည်း ည ၁၀ နာရီ ဝန်းကျင်ဆိုတော့ မှောင်နေပြီပေါ့။ ယူနီဖောင်းဝတ် ရဲ ၃ ဦး လက်နှိပ်ဓာတ်မီးတွေ ထွန်းပြီး တက်လာပါတယ်။ ဘာမှမမေးဘဲ ဘတ်စ်ကား ထိပ်ကနေ နောက်ဆုံးခုံအထိ လျှောက်ပြီး ခရီးသည် တစ်ဦးချင်းကို (Scan) စကင်ဖတ်သလို ကြည့်သွား ပါတယ်။ 

တခြားလူတွေ ဘယ်လို ခံစားရသလဲတော့မသိ။ စာရေးသူစိတ်ထဲမှာတော့ အရင် တောခိုကျောင်းသား ဘဝက ထိုင်းနိုင်ငံထဲ ဘတ်စ်ကား စီးသွားတဲ့အချိန် မဲဆောက်နဲ့ တာ့ခ်မြို့ကြားမှာ ဒီလိုမကြာခဏ အစစ်ခံရ တာကို ပြေးမြင်မိပါတယ်။ ဒါဟာ လုံခြုံရေးဘက်မှာ တိုးတက်လာခြင်းလား၊ မလိုအပ်ဘဲနဲ့ ဟန်ရေးပြနေတာတွေလား။ အတွေးတောင် မဆုံးသေး။ စစ်တောင်း တံတားထိပ်မှာ နောက်တစ်အုပ် တက်လာစစ်နေပြန်ပါရော့လား။ စစ်တောင်းတံတားကတော့ ပဲခူးတိုင်းနဲ့ မွန်ပြည်နယ် နယ်ခြားမို့ စစ်သင့်ပါတယ်။ တခြားနေရာတွေတော့ မလိုဘူးထင်တာပါပဲ။

တံတားအလွန် ကျိုက်ထို မဝင်ခင်လေးမှာ ကား ခဏရပ်ပြီး ထမင်းစားခွင့် ပေးပါတယ်။ ကားပေါ်မှာ ဘယ်သူမှမနေရ၊ အားလုံး ဆင်းပါ။ လုံခြုံရေးအရ ကားကို သော့ပိတ်ထားမယ်လို့ စပယ်ယာကပြောပါ တယ်။ ဒါဟာ မြန်မာနိုင်ငံက ဘတ်စ်လောကအတွက် အထူးအဆန်း မဟုတ်ပါဘူး။ ၂၀၁၃ ခုနှစ် ပထမ ခရီးစဉ်ကတည်းက ၁၁၅ မိုင်မှာ အလားတူ ကြုံခဲ့ရဖူးပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ အိမ်နီးချင်းထိုင်းမှာ ဒီလို မဟုတ်ပါ။ မဆင်းဘဲ အိပ်နေလည်း ရပါတယ်။ ရှေ့တံခါးရော၊ နောက်တံခါး (ရှေ့မှာပြောခဲ့တဲ့ ပစ္စည်းတွေ ပိတ်တင်ထားတဲ့ အရေးပေါ်တံခါး) ပါ ဒီတိုင်း ဖွင့်ထားခဲ့တာပါပဲ။ ဘယ်သူမှ တက်ခိုးတာ မတွေ့မိပါဘူး။

သိပ်စဉ်းစားနေလို့မဖြစ်။ မိနစ် ၃၀ အတွင်း အပေါ့သွား၊ မျက်နှာသစ်၊ သွားတိုက်၊ ထမင်းစား အားလုံး အပြီးလုပ်ရမှာ။ ဆိုးတာက ဒီဆိုင်တွေမှာ ထိုင်းမှာလို ဆန်ပြုတ် အခမဲ့ မကျွေးပါ။ ပြီးတော့ နေ့လယ်စာ၊ ညစာ၊ ညဥ့်နက်စာ၊ အဆာပြေစာဆိုပြီး သီးခြား မရှိ။ ညသန်းခေါင်ချိန်မှာလည်း နေ့လယ်စာ စားသလို အဝအပြဲ စားနေသူတွေ အများကြီး။ ကိုယ်က ချက်ထားပြီးသား မြန်မာထမင်းအေး၊ ဟင်းအေးတွေကို မစားရဲလို့ ခေါက်ဆွဲကြော် မှာစားမိပါတယ်။ ကားထွက်ခါနီးမှ စားစရာက ရောက်လာတော့ ကားသမားကို ခဏ လက်ကာပြပြီး မဝါးဘဲ ဗိုက်ထဲ လောင်းချသလို ပူပူလောင်လောင် စားလိုက်ရပါတယ်။ 

ဗိုက်ထဲမှာ အစာရှိပြီဆိုတော့ အဆီတက်ပြီး ငိုက်သွားလိုက်တာ မနက် ၄ နာရီလောက်မှ နိုးလာပါတယ်။ မော်လမြိုင်ကို ဘယ်အချိန်က ဖြတ်သွားမှန်း မသိလိုက်။ အခု ရေးမြို့နယ်ထဲက ထမင်းဆိုင် တစ်ခုမှာ ကားရပ်နေပြီ။ မကြာခင် မလွဲတောင်ကို တက်ရတော့မှာတဲ့။ မိုးရွာပြီး လမ်းတွေပြိုနေလို့ မလွဲတောင်ကို နေထွက်စချိန်မှာတက်ဖို့ ကားသမားက အချိန်ကိုက်အောင် မောင်းနေပုံရပါတယ်။

ဒီဒေသရဲ့ အမြင့်ဆုံးတောင်၊ အရင်ခေတ်က မကြာခဏ ဓားပြတိုက်ခံရတဲ့ တောင်ကိုကျော်လို့ မပြီးခင်မှာ “မွန်ပြည်နယ်မှ နှုတ်ခွန်းဆက်သပါ၏”၊ “တနင်္သာရီတိုင်းမှ ကြိုဆိုပါ၏”ဆိုတဲ့ ဆိုင်းဘုတ်တွေကို တွေ့ရပြီး ကားထိုးရပ်သွားပါတယ်။ “အားလုံး ကားပေါ်ကဆင်းပါ။ မှတ်ပုံတင် ကိုင်ပြီး ဂိတ်ကို တစ်ဦးချင်းဖြတ်ရမယ်” လို့ စပယ်ယာက ပြောပါတယ်။ တော်သေးတယ်၊ တစ်ညလုံး ရွာနေတဲ့မိုးက ဒီနားရောက်မှ စဲသွားလို့။ ပဲခူးတိုင်းနဲ့ မွန်ပြည်နယ် နယ်စပ် စစ်တောင်းတံတားမှာတုန်းကလို ရဲတွေ၊ လဝကတွေက ကားပေါ် တက်စစ်လို့ မရဘူးလား။ 

ဘာကြောင့် အားလုံးဆင်းပြီး တစ်ဦးချင်း လမ်းလျှောက် အစစ်ခံဖို့ လိုအပ်တာလဲ။ တခြားနယ်စပ်တွေမှာ မစစ်ဘဲ မွန်-တနင်္သာရီ နယ်စပ်မှာကျမှ အထူးစစ်နေတာက တနင်္သာရီတိုင်းသားတွေကို တမင် ဒုက္ခပေး နေတာတော့ မဟုတ်ဘူးထင်ပါရဲ့။ (အရင်နှစ်တွေက သွားဖူးခဲ့တဲ့ ရန်ကုန်-တောင်ကြီး၊ ရန်ကုန်-လွိုင်ကော်၊ ရန်ကုန်- ပုဂံ စသဖြင့် ရန်ကုန်ကနေ အထက်ဘက်တက်တဲ့ ကားမှန်သမျှ ဘယ်ဂိတ်မှ ဒီလို အစစ်မခံရ ဖူးပါ)။


ပုလောမြို့ဆီသို့

မနက် ၈ နာရီခွဲလောက်မှာတော့ VIP အထူးကားဟာ ထားဝယ် ကားဝင်းထဲ ဆိုက်ပါတယ်။ လကမ္ဘာ ကြမ်းပြင်လို ချိုင့်ခွက်တွေ အများကြီး ထနေတယ်ဆိုတဲ့ ထားဝယ်ကားဝင်း ဒီတစ်ကြိမ်မှာတော့ ကွန်ကရစ်ခင်းတွေ ဘာတွေနဲ့ အသေအချာ ပြင်ထားတာ တွေ့ရပါတယ်။ စားသောက်ဆိုင်တွေ၊ အိမ်သာတွေလည်း နည်းနည်းလေး တိုးတက်လာတယ်ပေါ့။ ပြည်တော်ပြန်ခရီးစဉ် ငါးခေါက်တောင် ရှိနေပြီဆိုတော့ ဘယ်သူ့ကိုမှ တကူးတက လာကြိုမခိုင်းတော့ပါ။ နီးရာ ဆိုင်ကယ်တက္ကစီကိုငှားပြီး သဟာရ လက်ဖက်ရည်ဆိုင်ကို မောင်း။ အဲဒီဆိုင်ဟာ ဒီနေ့အတွက် ကျွန်တော့်ရုံးခန်းပါပဲ။


ဘော်ဘော်တွေ၊ ရဲဘော်ဟောင်းတွေနဲ့တွေ့။ တစ်ဖွဲ့ပြီးတစ်ဖွဲ့ပြောင်း၊ တစ်ဆိုင်ပြီးတစ်ဆိုင်ပြောင်းနဲ့ ည ၇ နာရီကျော်မှ ရွာက မိဘအိမ်ဆီ ရောက်တယ်ဆိုပါတော့။ စောစောအိပ်မှဖြစ်မယ်။ မနက်ဖြန်မနက် ပုလောမြို့ဆီသွားဖို့ သူငယ်ချင်း တစ်ယောက်နဲ့ချိန်းထားတယ် မဟုတ်ပါလား။ ပုလောဆိုတာ ထားဝယ်နဲ့ မိုင် ၁၀ဝ (၁၅၆ ကီလို) သာဝေးပေမယ့် အသက် ၅၀ ကျော်တဲ့အထိ တစ်ခါမှ မရောက်ဖူးသေးပါ။ 

နယ်က လူအများစုဟာ ရန်ကုန် (အခုတော့ နေပြည်တော် ဖြစ်မလားမသိပါ) မြို့တော်ဆီ ရာက်ဖူးသည် ရှိအောင် သွားလေ့ရှိပေမယ့် အနီးအနား ဝန်းကျင်က မြို့ရွာတွေဆီ သိပ်မရောက်ဖြစ်ပါ။ ဒါ ၁၉၈၈ မတိုင်မီ လမ်းပန်းဆက်သွယ်ရေး မကောင်းခင်က အခြေအနေကို ပြောတာပါ။ အခုတော့ လမ်းတွေ ကောင်းနေပြီ ဆိုတော့ ထားဝယ်-ပုလော-မြိတ်-တနင်္သာရီ-ဘုတ်ပြင်း-ကော့သောင်း မီနီဘတ်စ်တွေကို ကြိုက်တဲ့အချိန် ထစီးလို့ရနေပါပြီ။

မိုင် ၁၀ဝ အတွက် ကားခက ၇၀ဝ၀။ ခုံအပြည့်ဆိုရင် ခရီးသည် ၁၂ ဦးပေါ့။ မပြည့်သေးရင်လည်း လမ်းမှာ တားစီးသူတွေကို ထပ်တင်ပါတယ်။ တယ်လီဖုန်း ဆက်သွယ်ရေးက အရမ်း ကောင်းနေတော့ ဘယ်သူ ဘယ်နား စောင့်စီးမယ် ဆိုတာကို ကားလိုင်းဆီ ဖုန်းတစ်ချက် ဆက်လိုက်ရုံမျှသာ။ ထားဝယ်ကနေ ၁၈ မိုင်အကွာ သရက်ချောင်းမြို့အထိသာ ရောက်ဖူးတဲ့ စာရေးသူအတွက် သရက်ချောင်း အလွန်ကစပြီး တွေ့ရ သမျှ တောတောင်တွေ၊ ပင်လယ်ကမ်းခြေတွေ၊ ချောင်းလက်တက်တွေဟာ တကယ့် အသစ်အဆန်းတွေ ပါပဲ။

ဒီဘက်လမ်းက မော်လမြိုင်-ထားဝယ်လမ်းလို ပင်လယ်ကမ်းနဲ့ အဝေးကြီးမဟုတ်။ ကမ်းနားတစ်လျှောက် လည်း မဟုတ်ဘဲ ကမ်းနားဘက် ရောက်လိုက်၊ တောင်ပေါ် တက်လိုက်နဲ့ အတော် လှပနေပါတယ်။ သရက်ချောင်းအလွန် ပြင်းဖြူသားနဲ့ စုံစင်ကြားတောင် တန်းတွေ၊ ပြီးတော့ မင်းဒပ်ချောင်း။ ဒီရေအတက် အကျရှိတဲ့ ဒီဘက်ချောင်းတွေက ကျယ်ပြီး ရေစီးလည်း သန်ပုံရပါတယ်။ လမ်းတွေ အတော်ကောင်းနေပြီ ဆိုပေမယ့် မင်းဒပ်တံတားကတော့ ဒုတိယကမ္ဘာစစ် လက်ကျန်ကို ပြန်လည် မွမ်းမံထားတဲ့ သံကိုင်းတံတား ဘောင်တွေနဲ့ ရှိနေတုန်းပါ။

မင်းဒပ်ဟာ ပုလော-မြိတ်ဘက်သွားတဲ့ ကား အားလုံးရပ်ပြီး နေ့လယ်စာ စားတဲ့နေရာ။ မင်းဒပ်ပြီးတော့ ရငဲ။ ဒီရွာအလွန်လမ်းခွဲကနေ ပင်လယ်ဘက် ထွက်သွားရင် လှပတဲ့ကမ်းခြေနဲ့ နာမည်ကြီး တံငါရွာ ကနက်သီရိ ကို ရောက်တယ်ဆိုပါတယ်။ အခုတော့ အဲဒီဘက် မသွားနိုင်သေး။ ကားလမ်းမအတိုင်း ဆက်လာတော့ အစ်အစ်ရွာ၊ ပြီးတော့ ဘုတ်တောင်။ ထားဝယ်- မြိတ် ကားလမ်းက ဘုတ်တောင်ဆိုတာ မော်လမြိုင်-ထားဝယ် လမ်းပေါ်က မလွဲတောင်လိုပါပဲ။ အရင်ခေတ်က ဓားပြတိုက်မှုတွေ မကြာခဏ ဖြစ်ပွားတဲ့နေ ရာပေါ့။

အဲဒီတောင်ပေါ်ကဆင်း၊ ဆီအုန်းခြံတွေကိုဖြတ် ပြီးတဲ့နောက် ပလောက်ရွာ (ပလောက်မြို့နယ်ခွဲ) ကို ရောက်ပါတယ်။ ရွာအဝင်မှာတော့ ခုနက မင်းဒပ်လိုပဲ ရေစီးသန်တဲ့ ဒီရေချောင်းလက်တက်တစ်ခုရှိပြီး တံတားကတော့ ကွန်ကရစ် တံတားသစ် ဖြစ်နေပါပြီ။ ရေး-ထားဝယ် ကားလမ်းဘေးနဲ့စာရင် ဒီဘက်မှာ ရော်ဘာတော သိပ်မရှိသေးဘဲ သဘာဝ တောတောင်တွေ အတော် ကျန်ပါသေးတယ်။ တောတောင်တွေ ကို ငေးရင်းနဲ့ တစ်ချိန်က တောခိုကျောင်းသားတွေရဲ့ ရှေ့တန်းစခန်း ထောက်ဖြစ်ခဲ့ဖူးတဲ့ ပြည်ခြားရွာဆီ ရောက်လာ ပါတယ်။

ဒီရွာတန်းတွေဆီ ကျွန်တော် နောက်ဆုံးရောက်ခဲ့ဖူးတာ ၁၉၉၆ ဆိုတော့ ၂၁ နှစ်တောင် ကြာခဲ့ပြီပေါ့။ ရွာထိပ်မှာ ဆိုင်းဘုတ်သာ ထောင်မထားရင် ဘယ်လိုမှ မှတ်မိဖို့ မလွယ်အောင်ကို ပြောင်းလဲကုန်ပါပြီ။ အဲဒီ ခေတ်က ဒုတိယကမ္ဘာစစ်လက်ကျန် သစ်သားဘော်ဒီ ကားကြီးတစ်စီးသာ တစ်နေ့တစ်ခေါက် ပုလောနဲ့ ထားဝယ်ကြား (အဲဒီခေတ်က ပုလောတံတား၊ ပလောက် တံတားတွေ မရှိသေးပါ) ပြေးနေပါတယ်။ အဲဒီကားကို ပြည်ခြားမှာ ခဏတားပြီး သူပုန်ကျောင်းသားတွေ နိုင်ငံရေးတရား ဟောခဲ့ဖူးတယ်။ မြိတ်နဲ့ သရက်ချောင်းကြား ကားလမ်းတစ်လျှောက်ကို သူပုန်ကျောင်းသားတွေနဲ့ KNU တပ်တွေက နှစ်ပေါင်း များစွာ ထိန်းချုပ်ထားခဲ့ဖူးတာကို ပြန်တွေးနေမိပါတယ်။

အခုတော့ ငြိမ်းချမ်းရေးခေတ် ဖြစ်သွားပြီ။ လမ်းပန်းဆက်သွယ်ရေးကလည်း အရမ်းကို တိုးတက်နေပါပြီ။ အရင်က မြေနီလမ်းကြမ်းကနေ အခု ကတ္တရာလမ်းဖြစ်နေပါပြီ။ အရင်က တစ်နေ့မှ ကားတစ်စီးသာ ရှိရာကနေ အခု ကားပေါင်း ရာနဲ့ချီ၊ ဆိုင်ကယ်ပေါင်း ထောင်နဲ့ချီပြီး ဒီလမ်းပေါ် နေ့ရော ညပါ ပြေးနေကြ ပါပြီ။ လမ်းပန်းဆက်သွယ်မှုနဲ့ တယ်လီဖုန်း ဆက်သွယ်မှုတွေက လူနေမှုဘဝ ပုံစံတွေကို အရှိန်အဟုန်နဲ့ တိုးတက် ပြောင်းလဲစေသလား။ အဲဒီလိုတွေးလို့ကောင်းတုန်း ကားက ပုလောမြို့ထဲ ဝင်လာပါတယ်။


ပုလောမြို့မှာ လည်ပတ်စရာ

ပုလောဟာ ထားဝယ်နဲ့ မြိတ်ကြားက မြို့ငယ်လေးဆိုတော့ ဟိုတယ် ကောင်းကောင်း မရှိသေးပါ။ ဧည့်သည်အများစုက ပုလောမှာ မတည်းဘဲ မြိတ် သို့မဟုတ် ထားဝယ်မြို့ဆီ ရောက်အောင်သွားပြီး ည အိပ်လေ့ရှိတာကြောင့် ပုလောမှာ ဟိုတယ်ဆောက်ရင် မကိုက်လောက်ဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ တည်းခိုခန်းငယ် တစ်ခုနှစ်ခုရှိတယ်ဆိုပေမယ့် ဘိုထိုင် အိမ်သာ မရှိဘူးလို့ ဆိုပါတယ်။


ဘိုထိုင်အိမ်သာပါတဲ့ မြို့နယ်အသင်း ရိပ်သာမှာ ပစ္စည်းတွေ နေရာချပြီးတဲ့နောက် သူငယ်ချင်းရဲ့ အမျိုးတွေ အိမ်ဆီ လျှောက်လည်။ ညနေစာအတွက် မြို့ပြင်နားရှိ စားသောက်ဆိုင်ဆီရောက်တော့ ထိုင်းစားသောက် ဆိုင်တစ်ခုကို ရောက်သွားသလိုပါပဲ။ စားဖိုမှူးက ထိုင်း-မလေးပြန်လို့ဆိုပါတယ်။ ဒေသထွက် ပင်လယ်စာ တွေကို စားဖိုမှူး လက်စွမ်းပြထားလေရဲ့။ တကယ်တော့ ထိုင်းအစားအစာတွေ လွှမ်းမိုးနေတာ ပုလော တစ်ခုတည်းတော့ မဟုတ်ပါဘူး။ မွန်၊ ကရင်၊ ကယား၊ ရှမ်းပြည်နယ် ဒေသအစုံပါပဲ။ ရန်ကုန်က ကုန်တိုက်ကြီးတွေမှာတောင် ထိုင်းစားစရာတွေက ထိပ်တန်းရောက်နေတယ် မဟုတ်ပါလား။ 

ပုလောမှာ ပိုထူးတာက ဒူးရင်း၊ မင်းကွတ်၊ စုံပတတ် (ပိန္နဲသီးတစ်မျိုး) သီးတွေ ဖောဖောသီသီ စားရခြင်းပါ။ ထားဝယ်မှာလည်း ဒီအသီးတွေ ရှိပေမယ့် တစ်ခါမှ အသေအချာ အရသာခံပြီး မစားဖြစ်။ အခုတော့ နှစ်ပေါင်း များစွာ ကွဲကွာနေတဲ့ ကျောင်းနေဖက် သူငယ်ချင်းတစ်ဦးက သူ့အိမ်မှာ အလှူလုပ်သလို ကျွေးနေတာနဲ့ အပီဆွဲခဲ့တယ်ဆိုပါတော့။ ဒီလူက ထူးထူးခြားခြား သူကိုယ်တိုင် အရက်မသောက်ဘဲနဲ့ အရက်ပုလင်း အရွယ်အစား မျိုးစုံကို ဧည့်ခန်းမှာ အလှပြထားတာ တွေ့မိပါတယ်။ “အဲဒါ အရက်မဟုတ်ဘူး။ ကမ်းဇော်ဆီတွေလေ”ဆိုမှ အခုတစ်လော တနင်္သာရီတိုင်းမှာ နာမည်ကြီးနေတဲ့၊ ကင်ဆာရောဂါကိုတောင် ပျောက်စေနိုင်စွမ်း ရှိတယ်ဆိုတဲ့ ကမ်းဇော်ဆီဆိုတာကို စမြင်ဖူးတယ်ဆိုပါတော့။

အရင်က ဒီအမည်ကို ကျွန်တော်မကြားဖူးပါ။ သစ်စေ့ကိုကြိတ်ပြီး ထုတ်ထားတဲ့ဆီမှန်းလည်း မသိပါ။ အိမ်ရှင်က ဆေးညွန်းတွေ၊ ကမ်းဇော်ပင်ပုံတွေပါ ထုတ်ပြတော့မှ ဒီအပင်တွေဟာ မြိတ်-ဘုတ်ပြင်းဘက် မှာသာ ပေါက်ပြီး ၃ နှစ်မှတစ်ခါ အသီးသီးတယ်လို့ သိရပါတယ်။ ဈေးကလည်း အရက် အကောင်းစားတွေ ထက်တောင် ကြီးနေပါတယ်။ Grand Royal ပုလင်းတွေနဲ့ထည့်ထားတဲ့ အကြီးဆုံးပုလင်းက ငါးသောင်းတဲ့။ ဒါတောင် ပုလောမှာမို့လို့။ ရန်ကုန်၊ မန္တလေးမှာ ဆိုရင် ဒီထက် ဈေးပိုမြင့်ပါတယ်။

ဝါတွင်း ကာလမို့လားမသိ။ နောက်တစ်နေ့ မနက်စောစော ဒေသခံတွေ ဦးစားပေးလိုက်ပို့တဲ့ နေရာတွေက ဘုန်းကြီးကျောင်းနဲ့ တရားစခန်းတွေချည်း ဖြစ်နေပါတယ်။ သီလရှင်ဦးစီးတဲ့ တရားစခန်း တစ်ခုကိုလည်း ထူးခြားစွာ တွေ့ခဲ့ရပါတယ်။ မြို့နဲ့ ခပ်ဝေးဝေးရှိ တောင်ပေါ်က ဘေးမဲ့တောလို နေရာမျိုးက တရားစခန်းဆို ရင် အတော်ဆိတ်ငြိမ်ပါတယ်။ တရား ထိုင်နေတဲ့သူတွေကလည်း အများကြီး။ ကိုယ်တွေက ဘုန်းကြီး ကျောင်းတောင် မရောက်ဖြစ်တာကြာလှဆိုတော့ အချိန်ရရင် တရားထိုင်တာလေးတော့ စမ်းကြည့်ဦးမှ။

တရားစခန်းတွေကနေအပြန် တက်ခွင့်ရလိုက်တဲ့ မော်သာယာတောင်က အတော်လှပါတယ်။ အရင်ကဆို လမ်းလျှောက်ပြီး တစ်နာရီလောက် တက်ရတယ်ဆိုတဲ့တောင်ဟာ အခုတော့ (ကျိုက်ထီးရိုးနဲ့ တခြား တောင်ပေါ် စေတီတွေလိုပဲ) တောင်ထိပ်အထိ ကားလမ်း ပေါက်နေပါပြီ။ ဒီတောင်ပေါ်ကနေ ပုလောတစ်မြို့ လုံးကို လှမ်းမြင်ရတဲ့မြင်ကွင်းက ရှုမောဖွယ်။ မိုးရွာပြီးခါစမို့ ဟိုး ခပ်ဝေးဝေးက တောင်တန်းတွေမှာ မြူခိုး တွေဆိုင်းနေခြင်းက တစ်ချိန်က အဲဒီတောင်တန်းတွေမှာ တိုက်ပွဲတွေဖြစ်ပြီး ကျဆုံးခဲ့ရတဲ့ ပုလောမြိုနယ်က ရဲဘော်တွေကိုတောင် ပြန်သတိရမိစေပါတယ်။

တကယ်တော့ ပုလောကိုလာတဲ့ ရည်ရွယ်ချက်ထဲမှာ ကျဆုံးသွားတဲ့ ရဲဘော်တွေကို သတိရလို့၊ ပုလော ဝန်းကျင်ရှိ ရဲဘော်ဟောင်းတွေနဲ့ တွေ့ဖို့လည်း ပါပါတယ်။ ဒီတော့ တောင်ပေါ်ကအဆင်း ပထမဦးစားပေး သွားမယ့်နေရာက ပုလောမြို့တစ်ဖက်ကမ်းရှိ ရှပ်ပုံရွာပါပဲ။ ကွယ်လွန်သွားပြီဖြစ်တဲ့ ဆရာဦးဟန်လင်းဆိုတာ ဒီရွာကနေ မိသားစုအလိုက် မင်းသမီးစခန်းဆီ တောခိုလာသူပေါ့။ အရင် တံတားမရှိခင်က (ဒီကွန်ကရစ် တံတားက ၂၀၁၄ ကမှ ပြီးပါတယ်) ဒီရွာတွေနဲ့ ပုလောမြို့ကြား ဆက်သွယ်ရေးက အတော်ခက်ခဲပြီး လှေကိုသာ အားကိုးခဲ့ရတယ် ဆိုပါတယ်။ အခုတော့ ဆိုင်ကယ် တဝီဝီနဲ့။ လမ်းတွေကလည်း ကွန်ကရစ် ခင်းထားပါတယ်။
(ဓာတ်ပုံ... ရှပ်ပုံကျေးရွာ ရှုခင်းများ တင်ကြမယ် စာမျက်နှာမှ)

ရွာကနေ အထွက်မှာတော့ ဆရာဦးဟန်လင်းနဲ့ သူ့မိတ်ဆွေတွေ တည်ထားကိုးကွယ်ခဲ့တဲ့ မြတ်ဂမှုန်း တောင်ပေါ်စေတီဆီ တက်ပါတယ်။ ဒီတောင်ပေါ် မြင်ကွင်းကလည်း အတော် လှနေပြန်ပါရော။ မိုးရွာထားလို့ လမ်းက အတော်ဆိုးနေ ပေမယ့်လည်း ဒေသခံတွေရဲ့ တိုက်တွန်းချက်အရ ဒီဒေသရဲ့ အလှပဆုံးနေရာ ဖိုးရှမ်းဘုရားနဲ့ကမ်းခြေအထိ ရောက်အောင် သွားခဲ့ကြပါတယ်။ ဖိုးရှမ်းဘုရားဟာ ရေလယ် စေတီလေးလို ဖြစ်နေတဲ့အတွက် ကျိုက်ခမီ ဘုရားနဲ့တူတယ် ပြောရမလား။ ရှုခင်းနဲ့ ကမ်းခြေကတော့ အတော့်ကို လှပနေပါတယ်။ တခြားလည်ပတ် စရာ ကမ်းခြေတွေကလည်း ပုလောမြို့နယ်အတွင်း မနည်းလှပါ။ ရေပူစမ်းတွေ၊ ရေတံခွန်တွေ၊ သဲဖြူကျွန်း တွေ ပြီးတော့ ဘုရားဖူးချင်သူတွေအတွက်တော့ ခြေတော်ရာတွေနဲ့ တရားစခန်းတွေက အများကြီး။ 

ပုလောကနေ မိုင် ၆၀ (၁၀၃ ကီလို) လောက် ဆက်ဆင်းသွားမယ်ဆိုရင်တော့ လှပတဲ့ကမ်းခြေတွေ၊ တောင်ပေါ်စေတီတွေ၊ ဒူးရင်း၊ ရော်ဘာခြံတွေ၊ ဆီ အုန်းစိုက်ခင်းတွေ ပြီးတော့ အခုတစ်လော နာမည်ကြီး နေတဲ့ကမ်းဇော်ပင်တွေကို တွေ့ရနိုင်ပါတယ်။ ကျောက်ဖျာ-ကွဲကူးတံတားကျော်ရင်တော့ တနင်္သာရီတိုင်းရဲ့ အလှပဆုံး စီးပွားရေးမြို့တော် မြိတ်ကိုရောက်နိုင်ပါတယ်။ မြိတ်မြို့ဝန်းကျင်က ကျွန်းတွေဟာ နိုင်ငံခြား ခရီး သွားတွေကို အထူး ဆွဲဆောင်မှု ရှိနေပါတယ်။ စာရေးသူကတော့ အချိန်မရလို့ ပုလောကနေပဲ လှည့်ပြန် လာခဲ့ရပါတယ်။      ။
(ဓာတ်ပုံ... ရှပ်ပုံကျေးရွာ ရှုခင်းများ တင်ကြမယ် စာမျက်နှာမှ)

Wednesday, September 20, 2017

ရန်ကုန်မှ ထားဝယ်သို့

The Voice Daily, 10-Sep-2017. (Travel)

ရန်ကုန်မှာ ခဏတာ

ဒီတစ်ခေါက်ခရီးစဉ်က ဘတ်ဂျက်ခရီးဆိုတော့ ဟိုတယ်ကိုရှောင်ပြီး အသိအိမ်တွေမှာ လိုက်တည်းရမှာ။ အင်းလျားကန်နဲ့ သိပ်မဝေးတဲ့အရပ်က မိတ်ဆွေတစ်ဦးရဲ့အိမ်ကိုရောက်တော့ ည ၁၁ နာရီလောက် ရှိနေပြီ။ လေယာဉ်ကွင်းမှာ တယ်လီဖုန်းကတ် အသစ်ဝယ်ထည့်တာ လုပ်ရင်းနဲ့ မြန်မာငွေလဲဖို့ သတိမရလိုက်။ တည်းတဲ့အိမ်နားက လက်ဖက်ရည်ဆိုင်မှာ (ဒီက လက်ဖက်ရည်ဆိုင်တွေမှာ ထမင်းလည်း ရပါတယ်) ညစာစားပြီး ငွေရှင်းတော့မှ မြန်မာငွေက မရှိ။


ခရက်ဒစ်ကတ်နဲ့လည်း ပေးလို့မရ၊ ဒေါ်လာလည်း ပေးလို့မဖြစ်ဆိုတော့ မိတ်ဆွေအိမ်မှာ အခမဲ့တည်းတဲ့ အပြင် ငွေပါ ထပ်ချေးရဦးမှာပေါ့။ ဒီနေရာက မြို့ပြင်ဘက် နည်းနည်းကျတော့ ငွေလဲကောင်တာလည်းမရှိ၊ ATM စက်တွေလည်း မတွေ့မိပါ။ ၂၄ နာရီဖွင့်တယ်ဆိုတဲ့ ABC, g & g ဆိုင်တွေမှာများ ATM စက်ရှိမလား လို့ ဝင်ရှာပေမယ့် မရှိပါဘူး။ နိုင်ငံတကာမှာ ဖွင့်ထားတဲ့ ဆဲဗင်းအဲလဗင်းဆိုင်တွေနဲ့ အတော်ဆင်ပေမယ့် စပျစ်သီး၊ လိမ္မော်သီး၊ ငှက်ပျောသီး စသဖြင့် သစ်သီးတွေလည်း ဒီဆိုင်မှာမတွေ့ပါ။ ကိုယ်က အစာစားပြီး ရင် သစ်သီးစားတာ အကျင့်ပါနေတော့ ဒုက္ခ။ လက်ဖက်ရည်ဆိုင်မှာကလည်း ကွမ်းသီး (ကွမ်းယာ)ပဲရှိပါ တယ်။ အသီးချင်း တူပေမယ့် လိမ္မော်သီးနဲ့ ကွမ်းသီး အာနိသင်ချင်း ဘယ်တူပါ့မလဲ။

ကိုယ်က အဲဒီလို တွေးနေပေမယ့် ရန်ကုန်မှာရှိတဲ့ ဘော်ဘော်တွေ အားလုံးက တစ်ချိန်လုံး ကွမ်းသီး (ကွမ်းယာ) ပဲ ဝါးနေတာပါ။ ဆေးလိပ်သောက်နှုန်းလည်း ပိုမြင့်လာနေတယ်လို့ ထင်မိပါတယ်။ ဒီနှစ်ခုကို လျှော့ချသင့်ကြောင်း စာရေးသူ မကြာခဏ ရေးလေ့ရှိပေမယ့် ကွမ်းယာထုတ်တဲ့ တိုင်းပြည်နဲ့ ဆေးလိပ်ထုတ်တဲ့တိုင်း ပြည်ကြားမှာ ဒီနိုင်ငံကရှိတာ နေတာဆိုတော့ သိပ် မလွယ်လှပါဘူး။ ကျန်းမာရေး ဗဟုသုတ နည်းတယ် ပြောဖို့ကလည်း အခက်။ ပညာတတ်တွေ၊ လွှတ်တော် အမတ်တွေ အပါအဝင် အားလုံးက ကွမ်းစားနေကြတယ် မဟုတ်ပါလား။

ဆေးလိပ်မီးခိုးအူနေပြီး ကွမ်းသွေးတွေပေနေတဲ့ လက်ဖက်ရည်ဆိုင်ထဲကနေ ပြန်ထွက်လာတော့ သန်းခေါင်ကျော် စပြုနေပြီ။ စောစောအိပ်မှ။ မနက်ဖြန် မနက် ရွှေတိဂုံဘုရား တက်ဖူးရဦးမယ် မဟုတ်ပါလား။ ကံက ဆိုးချင်တော့ မနက် ၉ နာရီအထိ မိုးက မစဲသေး။ ဒီမနက် ဘုရားဖူးမယ်ဆိုပြီး အစီအစဉ် ဆွဲထားတော့ မိုးရွာထဲမှာပဲ တက္ကစီငှားပြီး ဘုရားဆီ ထွက်လာခဲ့ပါတယ်။ အနောက်ဘက်မုခ်နား က စားသောက်ဆိုင်တစ်ခုမှာ မနက်စာ စားပြီးတဲ့အထိ မိုးကသည်းနေတုန်း။ မတတ်နိုင်။ မိုးရွာထဲမှာပဲ စွန့်ထွက်လာတော့ ရေက ခြေချင်းဝတ်ကျော်နေပြီး ရှူးဖိနပ်တွေအကုန် ရေစို။

ဖိနပ်ချွတ်၊ ဘုရားပေါ် တက်မယ်ပြင်တော့ ဒီတန်ဆောင်းမှာ စက်လှေကား အသစ်ကြီးတွေနဲ့။ “ဖိနပ် မပါဘဲ စက်လှေကား မစီးရ”ဆိုတဲ့ ကုန်တိုက်တစ်ခုက သတိပေးစာကို ပြေးမြင်မိပါတယ်။ ဒါပေမဲ့ အခုက ကုန်တိုက်မဟုတ်။ ဖိနပ်စီးခွင့် မရှိတဲ့ ဘာသာရေး အဆောက်အအုံ။ ဖြစ်ပါ့မလား။ ခြေဖဝါးညပ်မိမှာထက် ရေစိုပြီး ဓာတ်လိုက်မှာကို စိတ်ထဲ ပိုစိုးရိမ်နေမိပါတယ်။ ဒါပေမဲ့ လုံခြုံရေးရဲတောင် ဖိနပ်မပါပဲ စက်လှေကားစီးပြီး ကိုယ့်ရှေ့မှာ တက်သွားတော့ ကိုယ်က ကြောက်နေလို့ ဘယ်ဖြစ်ပါ့မလဲ။ 

ဘာသာရေးအမြင်နဲ့ ကျန်းမာရေးအမြင်ကြားမှာ ကိုယ်ဟာ ကြားညှပ်ရင်း သည်းခံခဲ့ရပြန်ပေါ့။ တော်သေးတယ်။ စက်လှေကား နှစ်ဆင့်စလုံး ဘာပြဿနာမှ မတက်ခဲ့လို့။ ဘုရားပေါ် ရောက်တဲ့အထိ မိုးကသည်းတုန်း။ လူရေစိုတာ ပြဿနာမရှိ၊ ကျောပိုးအိတ်ထဲက ကင်မရာနဲ့ ကွန်ပျူတာ ရေစိုသွားရင် ဘဝပျက်ပြီ။ ဒီတော့ တန်ဆောင်းတစ်ခုမှာ မိုးခိုပြီး ပလတ်စတစ်တွေ၊ မိုးကာတွေနဲ့ ဒီနှစ်ခုကို အသေအချာ ထုပ်ပိုးရပါတယ်။ ဘုရားကို တစ်ပတ်ပတ်ပြီး ပြန်ဆင်းလာတော့ မိုးစဲစပြုပြီ။ ဒါပေမဲ့ ဖိနပ်၊ ခြေအိတ်၊ ဘောင်းဘီအောက်ပိုင်း အားလုံး စိုနေပြီဖြစ်လို့ လူက မအီမလည်ကြီး။ ဖိနပ်မပါဘဲ သွားနေလို့ကလည်း မဖြစ်။ ဒီတော့ ရေစိုနေတဲ့ ခြေအိတ်နဲ့ ဖိနပ်ကိုပဲ မလွဲမသာ ပြန်စီးလိုက်ရပြန်ပေါ့။

ဒါဟာ ရောဂါကို စတင်ဖိတ်လိုက်မိမှန်း ချက်ချင်း သတိမထားလိုက်မိပါ။ ရေစိုဖိနပ်နဲ့ တစ်နေကုန် မြို့ထဲ လမ်းသလားနေပြီး ညနေပိုင်းမှာ ဘော်ဘော်တွေနဲ့  မြန်မာပလာဇာမှာတွေ့။ အဲဒီကနေတစ်ဆင့် ဘီယာဘားတွေ၊ အကင်ဆိုင်တွေဆီသွား။ နောက်တစ်ဆိုင် ထပ်ပြောင်းနဲ့ အိမ်ပြန်ရောက်တော့ မနက် ၁ နာရီ။ အအေးမိ နှာရည်ယိုပြီး နှပ်ချီးထွက်လာတာကြောင့် နော်ဝေကပါလာတဲ့ အလဂျီဆေးကိုသောက်။ ဒါပေမဲ့ ဒီအအေးက နော်ဝေမှာမိသလို ပုံမှန်အအေး ဟုတ်ပုံမရ။ ဒီဆေးနဲ့တားနိုင်မယ့်ပုံ မပေါ်တော့ပါ။


H1N1 မဟုတ်လို့ တော်သေးတယ်

ထင်ထားတဲ့အတိုင်းပါပဲ။ နှာရည်ယိုခြင်းက ပုံမှန်အဆင့်ကိုကျော်ပြီး ကိုယ်အပူချိန်ကလည်း တက်လာတဲ့ အတွက် တစ်ညလုံး ကောင်းကောင်း မအိပ်လိုက်ရပါ။ လမ်းထိပ်ထွက်ပြီး ပါရာစီတမော သွားဝယ်တော့ ကွမ်းယာဆိုင်မှာ ရောင်းတဲ့ဆေးက နော်ဝေကဆေးနဲ့လည်း မတူဘူးရယ်။ စိတ်ထဲ နည်းနည်း စိုးရိမ်လာ တာနဲ့ ဆရာဝန်မိတ်ဆွေ၊ ဆေးကျောင်းထွက် ဘော်ဘော်တွေဆီ သတင်းပို့ပြီး ဘယ်ဆေးခန်းသွားပြရင် ကောင်းမလဲ အကြံတောင်းရပါတယ်။ 


“H1N1 ဖြစ်နေချိန်ဆိုတော့ ပေါ့လို့မဖြစ်ဘူး။ ပြီးတော့ ခင်ဗျားတို့က သိပ်သန့်ပြန့်တဲ့ တိုင်းပြည်က လာတဲ့လူတွေ၊ ဒီကလူတွေလို ခံနိုင်ရည်ရှိတာ မဟုတ်ဘူး၊ ဖြစ်ချင်းဖြစ် ခင်ဗျားတို့ အရင်ဆုံးဖြစ်မှာ”ဆိုပြီး မိတ်ဆွေတစ်ဦးက ပြောတော့ ပိုတောင်လန့်သွားပါတယ်။ နော်ဝေကနေ ထွက်လာတုန်းက ကာကွယ်ဆေး ထိုးမလာမိတာ မှားများ မှားပြီလား။ (နော်ဝေကနေ မြန်မာနိုင်ငံဆီ လာလည်သူ အားလုံးနီးပါး ကာကွယ်ဆေး ထိုးလာလေ့ ရှိပေမယ့် စာရေးသူက တစ်ခါမှ ထိုးဖို့သတိ မရခဲ့ပါ)။ ဆေးမထိုးပေမယ့် ခရီးသွား ကျန်းမာရေး အာမခံတော့ လုပ်လာပါတယ်။ တစ်ခုခုဖြစ်ရင် အဲဒီဌာနဆီ သတင်းပို့ရမှာပေါ့။

လောလောဆယ်တော့ ဆေးခန်းသွားပြမှဖြစ်မယ်။ နာမည်ကြီး ပုဂ္ဂလိကဆေးရုံ အာရှတော်ဝင်ဆီ သွားပါဆိုပြီး မိတ်ဆွေတွေက အကြံပေးတာကြောင့် လှိုင်မြို့နယ်ထဲကနေ စမ်းချောင်းအထိ တက္ကစီနဲ့ ထပ်သွားရပြန်ပါတယ်။ ဆေးရုံရောက်တော့ ပြင်ပလူနာဌာန မတွေ့ပါဘူး။ လူအများတိုးပြီး ငွေပေးနေ တဲ့နေရာက စာရေးမကိုမေးတော့ “ဘယ်ဆရာဝန်နဲ့ တွေ့ချင်တာလဲ”တဲ့။ နောက်ဆုံးတော့ အဲဒီငွေလက်ခံဌာနဘေးက အပြာရောင်ခန်းဆီးစတွေနဲ့ကာထားတဲ့ ခုတင်တွေရှိတဲ့နေရာဟာ လူနာလက်ခံတဲ့နေရာပါပဲ။

ကိုယ်က မြန်မာနိုင်ငံမှာ ဆေးခန်းမပြဖူးတာ ၁၉၈၈ ကတည်းကဆိုတော့ နှစ် ၃၀ နီးနေပြီ။ နော်ဝေမှာတော့ ပုဂ္ဂလိကဆေးခန်းကို တစ်ခါမှ မသွားဖူးပါ။ လူတိုင်းမှာ မိသားစုဆရာဝန်ဆိုပြီး ရပ်ကွက်အလိုက် ချပေးထားတဲ့ ဆေးခန်းတွေမှာ ဆရာဝန်တွေ ရှိပါတယ်။ ဒါက ပုံမှန် အနေအထားအတွက် ဆေးခန်းပေါ့။ အရေးပေါ် အခြေအနေဆိုရင်တော့ ၂၄ နာရီဖွင့်တဲ့ အရေးပေါ် ဆေးရုံဆီ ပြေးရပါတယ်။ အားလုံး အခမဲ့ဆိုတော့ ပုဂ္ဂလိက ဆေးခန်းဆိုတာကို တစ်ခါမှ မတွေ့ဖူးသေးပါ။ ရန်ကုန်မှာတော့ အစိုးရဆေးရုံကို ဘယ်သူမှ အလေးမထား။ အားလုံး ပုဂ္ဂလိက ဆေးရုံကိုချည်း တက်နေကြတယ် မဟုတ်ပါလား။

ဆေးဖိုးဝါးခ ပိုသက်သာလို့ များလား။ အဲဒီလို တွေးနေတုန်း သူနာပြုဆရာမ နှစ်ဦးက သွေးပေါင်ချိန်တိုင်း၊ ပါးစပ်ထဲ ပြဒါးတိုင်ထည့် စသဖြင့် လုပ်ပါတယ်။ ဒါပေမဲ့ သွေးဖောက်စစ်တာ မလုပ်ပါဘူး။ နော်ဝေမှာ ဆိုရင်တော့ သွေးဖောက်စစ်တာကိုပဲလုပ်ပြီး သွေးပေါင်ချိန်တိုင်းတာ မတွေ့မိပါ။ အဲဒီလို စစ်နေရင်းနဲ့ အမည်၊ အသက်၊ နေရပ်မေးပါတယ်။ ပါးစပ်ထဲမှာ ပြဒါးတိုင်ရှိနေလို့ ကိုယ်ရေး အချက်အလက် အကုန်ပါတဲ့ ဘဏ်ကတ်ကို ထုတ်ပေးလိုက်ပါတယ်။ ဒါပေမဲ့ သူတို့က ၁၁ လုံးနံပါတ်ပါတဲ့ အဲဒီကတ်ကို စိတ်မဝင်စားပါဘူး။ မွေးနေ့ အတိအကျကိုလည်း မမေးပါဘူး။ နေရပ် လိပ်စာကိုလည်း သဘောလောက်ပဲ ယူတယ်ထင်ပါတယ်။

ခဏကြာတော့ ဆရာဝန်လာပြီး ရောဂါဘယ်လို ဖြစ်တာလဲ မေးပါတယ်။ ဖြစ်ကြောင်းစုံလင်ကို ရှင်းပြလိုက်တော့ “ဘာမှစိုးရိမ်စရာမရှိဘူး။ သောက်တာ များသွားလို့၊ ရာသီဥတု အပြောင်းအလဲ ဖြစ်လို့ပါ”တဲ့။ ပြီးတော့ ဆေးစာရွက်တစ်ခု သူနာပြုတွေဆီ ရေးပေးထားခဲ့ပါတယ်။ ကွန်ပျူတာခေတ်မှာ ဆရာဝန်လက်ရေးဆိုတာကို အခုမှ ပြန်တွေ့ရပါတယ်။ အနှစ်ချုပ်လိုက်တော့ ဆရာဝန်စစ်ခက ၆၅၀ဝ။ ဆေးဖိုးက ၁၇၀ဝ၀ တဲ့။ ပေးလိုက်တဲ့ဆေးတွေက နည်းတာမဟုတ်။ တောခို ကျောင်းသားဘဝတုန်းက KNU ဆေးခန်းတွေက ပေးလေ့ရှိတဲ့ ဆေးညွှန်းနဲ့ခပ်ဆင်ဆင်။ 

တက္ကစီပေါ်ရောက်မှ လူနာမှတ်ပုံတင် စာရွက်ကို အသေအချာ ဖတ်မိပါတယ်။ အမည် သတ်ပုံမှားတဲ့အပြင် လိပ်စာကလည်း လှိုင်မြို့နယ်အစား လှိုင်သာယာလို့ ရေးထားပါတယ်။ မြို့နယ်ပဲပါပြီး အိမ်နံပါတ်၊ လမ်းနံပါတ်၊ ရပ်ကွက်အမည် ဘာမှမပါဘူး။ အသက်ကလည်း မွေးတဲ့နှစ်ပဲပါပြီး လနဲ့ နေ့က မပါပြန်ဘူးဆိုတော့ ဒီလူနာကို ဒီဆေးရုံက (ကျန်းမာရေးဌာနက) ဘယ်လိုများ စာရင်း ပြန်ရှာလေမလဲ။ နောက်တစ်ခါလာရင် စာရင်းအသစ်တစ်ခုရေး၊ မှတ်တမ်းအသစ်တစ်ခု ပြန်တင်လုပ်ရဦးမှာလား။ မြန်မာနိုင်ငံမှာ e-Government စနစ်နဲ့ သွားနေပြီဆိုပြီး ပြောနေပေမယ့် လက်တွေ့မှာတော့ ဒီလိုဆေးရုံကြီးတွေမှာတောင် ကွန်ပျူတာနဲ့ မှတ်တမ်းတင်တဲ့စနစ် မရှိသေးပါ။ မြန်မာနိုင်ငံ ကျန်းမာရေးဌာန e-Government ဖြစ်အောင် သူတို့ဌာနက ကူပေးနေပါတယ်ဆိုပြီး ဦးသိန်းစိန်ခေတ်ကတည်းက ပြောခဲ့ဖူးတဲ့ နော်ဝေပညာရှင်အဖွဲ့နဲ့တွေ့ရင် ပြန်မေးခွန်း ထုတ်ရမယ့်ပုံပါပဲ။


ရန်ကုန်မှ ထားဝယ်သို့

မြန်မာဆေးတွေက အရေအတွက် များများ သောက်ရလို့ စိတ်ညစ်ရပေမယ့် အာနိသင်တော့ ရှိသား။ ၂ ရက်အတွင်း တုပ်ကွေး လုံးဝ ပျောက်သွားပါတယ်။ မူလ အစီအစဉ်ထက် ၃ ရက် နောက်ကျသွားတဲ့ ထားဝယ် ခရီးစဉ်ကို အခုမှ စတင်ရတော့မှာပေါ့။ ရန်ကုန်ကနေ နယ်သွားပြီဆို စိတ်ညစ်ရတာက မြို့ထဲကနေ အောင်မင်္ဂလာကားဂိတ်ဆီ တစ်နာရီလောက် တက္ကစီစီးရတဲ့ ဒုက္ခ။ ကားခကလည်း ကြည့်ဦး။ မြို့ထဲကနေ အဝေးပြေးဆီ တက္ကစီခက ၈၀ဝ၀ ကျပ်။ ကားဂိတ်ကနေ နေပြည်တော်အထိ အဝေးပြေး ဘတ်စ်ခက ၆၀ဝ၀ ကျပ်တဲ့။ ပထမ အခေါက်တုန်းက ကြုံခဲ့ဖူးတာ။


အခုက မြို့ပြင်နားတည်းတာဆိုတော့ တက္ကစီခက အဲလောက်မများ။ ဒါပေမဲ့ ထားဝယ်သွားမယ့်ကားဂိတ်ကို ဘာကြောင့်များ မြောက်ဥက္ကလာမှာ သွားထားလဲ မတွေးတတ်။ ထောက်ကြန့်ဘက်ထားရင် ပိုမကောင်းပေဖူးလား။ မေးကြည့်မိသလောက်တော့ ဧရာဝတီတိုင်းဘက်သွားတဲ့ ကားဂိတ်ကလွဲရင် တစ်နိုင်ငံလုံး ရှိသမျှကား အောင်မင်္ဂလာကပဲ သွားနေရသတဲ့။

လောလောဆယ်တော့ ဘာမှမတတ်နိုင်။ ကားထွက်ချိန်က ညနေ ၅ နာရီဆိုပေမယ့် ကားကျပ်ပြီး နောက်ကျမှာစိုးလို့ စောပြီးထွက်လာတာ ၄ နာရီက တည်းက အဲဒီကြပ်ညပ် ပိတ်လှောင် ကားဂိတ်ဆီ ရောက်သွားပါတယ်။ ထိုင်းမှာဆို တောင်ပိုင်းသွားတဲ့ ကားဂိတ်မှာ အခုလို စောရောက်နေသူတွေ အချိန်ဖြုန်းနိုင်ဖို့ ကုန်တိုက်ပါ ဖွင့်ပေးထားပါတယ်။ ဒီမှာတော့ ကားရပ်တဲ့ ပလက်ဖောင်းတွေ အသေအချာ မရှိသေးတဲ့အပြင် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်တွေကလည်း သိပ်သန့်သန့်ပြန်ပြန့် မရှိသေးပါ။

ဒါပေမဲ့ ကိုယ်စီးမယ့်ကားက VIP။ ဈေးနှုန်းက ၂ သောင်းကျော်ဆိုတော့ လေယာဉ်ခထက် တစ်ဝက်လောက်ပဲ သက်သာပါတယ်။ ဒါက ရန်ကုန်မှာနေတဲ့ လူတွေကို ပြောတာပါ။ ကိုယ်က နိုင်ငံခြားသားစာအုပ် ကိုင်ထားသူဆိုတော့ ၂ ဆ။ ပုံမှန် ၅ သောင်းဆို ကိုယ်က တစ်သိန်းပေးရမှာပေါ့။ တော်သေးတယ်၊ ကားခပါ နှစ်ဆမယူလို့။ ဒါပေမဲ့ ကားစီးတဲ့ နိုင်ငံခြားသား အတော်နည်းပါတယ်။ ထားဝယ်ဘက်ကို ပြောတာပါ။ အရင်နှစ်တွေက သွားခဲ့ဖူးတဲ့ ပုဂံနဲ့ အင်းလေးဘက် ကားတွေမှာတော့ နိုင်ငံခြားသားက အများစုပါ။

ဆိုးတာက ကားဂိတ်ရှိ TV စခရင်မှာ ကားအဝင်၊ အထွက်ဇယားတွေ၊ ထားဝယ်မှာဖြစ်နေတဲ့ H1N1 တွေအကြောင်းမပြဘဲ ရုပ်ရှင်ပြနေပါတယ်။ ဒုက္ခပါပဲ။ ကိုယ်တိုင် တုပ်ကွေးကောင်းကာစ၊ ထားဝယ်မှာကလည်း တုပ်ကွေးပျံ့နေလို့ စာသင်ကျောင်းတွေပါ ပိတ်နေတယ်ဆိုတော့ ဒီခရီးစဉ် ဆက်သွားသင့် မသင့်တောင် ကိုယ်က သိပ်မသေချာလှ။ ဒါပေမဲ့ ဒီကားဂိတ်မှာထိုင်ပြီး ထားဝယ်-ပုလော-မြိတ်-ကော့သောင်းသွားဖို့ စောင့်နေတဲ့ ခရီးသည်အားလုံးကတော့ အေးဆေးပါပဲ။ အားလုံး ရုပ်ရှင်ပဲ ထိုင်ကြည့်နေကြပါတယ်။

မဖြစ်သေးပါဘူး။ လက်ဖက်ရည်ဆိုင် သွားထိုင်မှဆိုပြီး ထွက်လာတော့ ဘောလုံးပွဲနဲ့ တိုးနေပြန်ပါတယ်။ သတင်းကို ဘယ်သူမှ မကြည့်ကြတော့ပါလား။ ဒါမှမဟုတ် ဒီနေ့ မြန်မာနိုင်ငံမှာ ရေးပန်းအစားဆုံး ဆိုရှယ်မီဒီယာ Facebook ကနေများ ဒီလူတွေ သတင်းကို ရထားပြီးသားလား။ ဘေးနားက လူငယ်တွေသုံးနေတဲ့ စမတ်ဖုန်းတွေကို မသိမသာ ချောင်းကြည့်တော့ အားလုံး မက်ဆင်ဂျာဖွင့်ပြီး ပွားနေလေရဲ့။ အင်း ... လူငယ်တွေ အတော်များများ ဆိုရှယ်မီဒီယာကို အတော် စွဲလမ်းနေကြပါလား။

ဟော ... ကားထွက်တော့မယ်။ VIP ဆိုတော့ ၃ ခုံတန်းပေါ့။ ဒါပေမဲ့ ခေါင်းမိုးပေါ်က ကျောပိုးအိတ်တင်ရတဲ့ နေရာလေးက အတော်ကျဉ်းတော့ ကွန်ပျူတာအိတ်ကို မနည်းထိုးသွင်းခဲ့ရပါတယ်။ အပေါ့သွားချင်လို့ အိမ်သာရှာတော့ VIP မှာလည်း အိမ်သာမရှိပါ။ ထိုင်းကကားတွေလို ကိတ်မုန့်၊ ကော်ဖီကျွေးတာမျိုးလည်း မရှိပါ။ တော်သေးတယ် ရေသန့်တစ်လုံး ပေးထားလို့။ အဲလိုမှန်းသိရင် ကိတ်မုန့်လေး၊ သစ်သီးလေး ဝယ်လာပါတယ်။

အခုတော့ ညနေစာက မစားရသေး။ ကျိုက်ထို ရောက်မှ ညစာ စားရမှာဆိုတော့ သေပြီဆရာပဲ။ ကံကောင်းချင်တော့ ကားက လမ်းမှာ ခဏခဏရပ်ပြီး ပစ္စည်းတင်၊ လူတင်လုပ်နေပါတယ်။ VIP ကားတွေ ဒီလိုရပ်ခွင့်၊ တင်ခွင့်ရှိ မရှိ မသိပါ။ ကိုယ့်အတွက်တော့ အဲဒီလိုကား ရပ်ထားတုန်း အပေါ့သွားတာ၊ လမ်းဘေးဆိုင်တွေကနေ ဖီးကြမ်းသီးနဲ့ ပေါင်မုန့်ခြောက် တချို့ ဝယ်စားရတာ အမြတ်ပါပဲ။ အခုမှ နည်းနည်းနေသာ ထိုင်သာ ရှိသွားပါတယ်။ အန် ... ပစ္စည်းတွေက နည်း တာမဟုတ်ဘူး။ အောက်ကပစ္စည်းထားတဲ့နေရာမှာ မဆံ့တော့လို့ ခလယ်က လူထွက်ပေါက် (အရေးပေါ် ထွက်ပေါက်လို့လည်း ခေါ်နိုင်) မှာ လာတင်ထားတာ တံခါးတောင်ဖွင့်လို့ မရနိုင်တော့ပါ။

ဒါပေမဲ့ ဒါဟာ အထူးအဆန်း မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ခရီးစဉ်တွေအတွင်း စီးဖူးသမျှ ကားတွေအားလုံး ဒီလိုပဲ လူထွက်ပေါက်ကိုပိတ်ပြီး ပစ္စည်းတင်နေကြ။ တချို့ကားတွေဆို အရေးပေါ် ထွက်ပေါက်တောင် မပါဘူး။ ကားသမားဘေးက အပေါက်တစ်ခုပဲ ရှိပါတယ်။ အရေးပေါ် ထွက်စရာရှိရင် ဘယ်လိုလုပ်မလဲ။ တစ်လောက နေပြည်တော် အဝေးပြေးလမ်းမှာ ကားမှောက်တော့ မှန်ကိုမခွဲနိုင်လို့ အသက်ရှူကျပ်ပြီး လူတွေသေတယ်ဆိုတာ ဒါမျိုးလားမသိဘူး။ အရေးပေါ် ထွက်ပေါက်ကို ပိတ်မထားရဘူးဆိုတာ နိုင်ငံတကာ ဥပဒေပဲလေ။

ကိုယ်က နော်ဝေမှာ အနေကြာသွားလို့လား မသိဘူး။ ကားစီးရင်ဖြစ်စေ၊ ဟိုတယ်၊ တည်းခိုခန်းဖြစ်စေ၊ အထပ်မြင့်တဲ့ အသိအိမ်တွေဆီ သွားရင်ဖြစ်စေ၊ အဲ ... မြေအောက်ထပ်က KTV မှာဖြစ်စေပေါ့။ အရေးပေါ် ထွက်ပေါက်ကို အမြဲတမ်း သတိထားလေ့ရှိတဲ့ဒုက္ခက မသေးလှ။ ကိုယ်ကသာ အဲလို လျှောက်တွေးနေ တာပါ။ ကျန်ခရီးသည် အားလုံးက အေးဆေးပါပဲ။ ကားရပ်ပြီး ပစ္စည်းတင်နေတဲ့အပေါ်၊ အရေးပေါ် ထွက်ပေါက် ပိတ်နေတဲ့အပေါ် ဘယ်သူကမှ ဘာမှ မပြောကြပါဘူး။ 


ခုံမှာဆင်ပေးထားတဲ့ စခရင် အသေးလေးပေါ်မှာ ရုပ်ရှင်ကို သဲကြီးမဲကြီး ကြည့်နေကြလေရဲ့။ အတော် ခန္တီပါရမီရှိတဲ့လူတွေ။ ဘုရားကြီးအလွန် စစ်တောင်း တံတားဘက် နီးလာချိန်မှာ အဲကွန်းက သိပ်အေးနေသလို ခံစားမိတဲ့အတွက် နော်ဝေ ရေခဲပြင်ကလာတဲ့လူတောင် စောင်ခြုံနေရပါတယ်။ ခေါင်းစွပ်ပါ စွပ်ထားရမယ့်ကိန်း။ စပယ်ယာကိုပြောပြီး အအေးဓာတ် နည်းနည်း လျှော့ခိုင်းတော့ “လျှော့လို့မရဘူး။ ထားဝယ်ဘက် သွားတဲ့လူတွေက အဲလိုအေးမှကြိုက်တယ် ဦးလေး”တဲ့။ သေပြီ ဆရာပဲ။ အအေးပတ်ပြီး တုပ်ကွေးပြန် ဖောက်လာရင် ဒုက္ခ။ မဖြစ်သေးပါဘူးဆိုပြီး စောင်ကို ခေါင်းပါခြုံလိုက်မှ နည်းနည်း အဆင်ပြေသွားပါတယ်။

Tuesday, September 19, 2017

ရခိုင်မြောက်ပိုင်း ပြဿနာ ဘယ်လိုအဖြေရှာမလဲ

The Voice Daily, 19-Sep-2017  

အော်စလိုက ဆန္ဒပြပွဲ

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ပြဿနာတွေအပေါ် နော်ဝေအစိုးရနဲ့ နိုင်ငံတကာဘက်က ကူညီဖြေရှင်းပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲတစ်ခု အော်စလိုမြို့ နော်ဝေပါလီမန်ရှေ့မှာ စက်တင်ဘာလ ၁၃ ရက်နေ့က ကျင်းပခဲ့ပါတယ်။ ညနေ ၅ နာရီကနေ ၆ နာရီအထိ ကျင်းပတဲ့ အဲဒီပွဲကို ပရိသတ် ၃၀၀ ကျော်အထိ တက်ရောက်ခဲ့ပြီး နော်ဝေမီဒီယာတွေကလည်း အထူးစိတ်ဝင်စားတာ တွေ့ရပါတယ်။ ဘဂါင်္လီ (နိုင်ငံတကာမီဒီယာ အခေါ် ရိုဟင်ဂျာ) တွေအပေါ် ဖိနှိပ်သတ်ဖြတ်နေတာတွေရပ်ဖို့၊ အရေးပေါ်ကယ်ဆယ် ရေးတွေ အမြန်ပေးဖို့ စသဖြင့် ပိုစတာမျိုးစုံ ကိုင်ထားတဲ့ ကလေးငယ်တွေ၊ အမျိုးသမီးတွေ၊ အမျိုးသားတွေ ကို တွေ့ရပါတယ်။


စင်ပေါ်တက်ဟောပြောသူတွေကတော့ ဒီဖြစ်စဉ်တွေအပေါ် ရေငုံနှုတ်ပိတ်နေတဲ့ နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ တိုက်ခိုက်မှု လုပ်နေတဲ့ အစိုးရ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ တစ်ကျိတ်တည်း တစ်ကြံတည်း ဖြစ်တယ်လို့ စွပ်စွဲခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီနေ့ ဆန္ဒပြပွဲဆီ သီးခြားရောက်လာတဲ့ ကရင်ဒုက္ခသည်ဟောင်း အမျိုးသမီးတစ်ဦးကတော့ မြန်မာနိုင်ငံမှာ ဖိနှိပ်ခံနေရတာ ရိုဟင်ဂျာ တစ်ခုတည်း မဟုတ်ဘူး။ ကရင်အပါအဝင် တိုင်းရင်းသားအားလုံးလည်း ဖိနှိပ်ညှဉ်းပန်းခံနေရတယ်။ ဒီဖိနှိပ်မှုတွေကို စစ်ဘက်က လုပ်နေတာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်မှာ အဲဒီစစ်ဘက်ကို တားဆီးနိုင်တဲ့အာဏာ မရှိဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်မတင်သင့်ဘူး။ ပြီးတော့ အခုချိန်ဟာ ဒီမိုကရေစီ အသွင်ကူး ပြောင်းရေးကာလ ဖြစ်တာမို့ ဒီပြဿနာတွေကြောင့် ဒီမိုကရေစီကနေ လမ်းချော်သွားမှာကို စိုးရိမ်မိတယ် ဆိုပြီး သူမက နော်ဝေမီဒီယာတွေကို ပြောသွားပါတယ်။

သတင်းအနှစ်ချုပ်က ဒီလောက်ပါပဲ။ ဒါပေမဲ့ ဒီသတင်းကို ဘယ်လိုတင်ပြမှာလဲ။ ပြည်တွင်းမီဒီယာတွေက ဘယ်လောက်အထိ ဖော်ပြရဲမှာလဲဆိုတာက ဒီနေ့ မြန်မာ့မီဒီယာလောက လွတ်လပ်မှုအတွက် မေးခွန်း တစ်ခု ဖြစ်လာနေပါတယ်။ သတင်းသမားတစ်ဦးချင်းရဲ့ လွတ်လပ်ခွင့် အနေအထားကို ဆက်ပြောရ မယ်ဆိုရင် ဒီလိုပွဲမျိုးကို သွားသင့် မသင့်။ ဒီကိစ္စတွေကို ရေးသင့် မသင့် ဆိုတာက စာရေးသူအတွက် ကျဉ်းထဲကျပ်ထဲပါပဲ။ 

ဘာကြောင့်လဲဆို သတင်းသမားတစ်ဦး အနေနဲ့ဖြစ်စေ၊ တော်လှန်ရေးထဲ ပါဝင်ခဲ့ဖူးသူတစ်ဦး အနေနဲ့ ဖြစ်စေ မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို မီးမောင်းထိုးပြဖို့၊ အဖြေရအောင် ဝိုင်းရှာပေးဖို့ တာဝန်ရှိတယ်လို့ ကိုယ်ဘာသာ ခံယူထားပါတယ်။ အခြားတစ်ဖက်မှာကလည်း ဒီကိစ္စမျိုးတွေမှာ တစ်ခုခု ဝင်ပြောတာထက် ဘာမှမပြောပဲ ခေါင်းရှောင်နေတာက ပိုအမှတ်ရတယ် ဆိုတာကို အတွေ့အကြုံတွေအရ သိထားပြီး ဖြစ်ပါတယ်။ 

ဒါပေမဲ့ အဲဒီလို ခေါင်းရှောင်နေမှတော့ ဘယ်လိုလုပ် အမှန်တရားကို ပြောရဲတဲ့ သတင်းသမား ဖြစ်တော့မလဲ။ အချောင်သမား ဖြစ်သွားတော့မှာပေါ့။ ဒီလို စိတ်ကိုအားတင်းနေတုန်း ခင်ဗျားတို့က ဆန္ဒပြပွဲဆီသွားပြီး ရိုဟင်ဂျာတွေကို ထောက်ခံနေတာလား။ ရိုဟင်ဂျာတွေကို ကန့်ကွက်ပြီး မျိုးချစ်ဗမာတွေနဲ့ အတူရပ်ပြနေတာလား With us or with them? ဆိုပြီး Facebookပေါ်မှာ မေးခွန်းထုတ်လာသူတွေက အများကြီး။


ရခိုင်မြောက်ပိုင်းမှာ အမှန်တကယ် ဘာတွေဖြစ်နေတာလဲ

လူသူအရောက်အပေါက်နည်းပြီး သွားလာရခက်ခဲတဲ့၊ နိုင်ငံတကာ မီဒီယာတွေကို သတင်းယူခွင့် ပိတ်ပင်ထားတဲ့ ရခိုင်မြောက်ပိုင်းမှာ အမှန်တကယ် ဘာတွေဖြစ်နေသလဲ ဆိုတာ ဘယ်သူမှ အတိအကျ မသိနိုင်ပါ။ တပ်မတော်နဲ့ အစိုးရဘက်က ထုတ်ပြန်ချက်တွေ၊ ဘင်္ဂါလီတွေဘက်က ထုတ်ပြန်ချက်တွေ၊ နိုင်ငံတကာမီဒီယာတွေမှာ ပြသနေတဲ့ ပုံရိပ်တွေပေါ် ကြည့်ပြီး လေ့လာသူတွေ၊ အကဲခတ်တွေ အားလုံးက ခန့်မှန်းပုံဖော်နေကြရတာမျိုးပါ။ 


ဒါပေမဲ့ သေချာတာတစ်ခုကတော့ အဲဒီဒေသမှာ လူတွေရာနဲ့ချီ သေတဲ့အထိ၊ သိန်းနဲ့ချီ ထွက်ပြေးရတဲ့အထိ ပြဿနာ ကြီးကြီးမားမား ဖြစ်ပွားနေပါတယ်။ ဘယ်လိုဖြစ်တာလဲ၊ ဘာကြောင့်ဖြစ်တာလဲ စသဖြင့် ဘ ၆ လုံးစုံအောင် သိဖို့ကျတော့ သိပ်ခက်ပါတယ်။ စာရေးသူကိုယ်တိုင် အဲဒီဒေသဆီ တစ်ခါမှ မရောက်ဖူးပါ။ ဝေဖန်သုံးသပ်သူ အများစုထဲမှာလည်း ရောက်ဖူးသူ အတော်နည်းပါလိမ်မ့ယ်။ ဒါဖြင့် မရောက်ဖူးရင် ဝေဖန်သုံးသပ်လို့ မရတော့ဘူးလား။

ရပါတယ်။ ဒါပေမဲ့ ဝေဖန်သုံးသပ်ချက် မလုပ်ခင် ခိုင်မာတဲ့ အချက်အလက်တွေတော့ ရထားဖို့ လိုပါတယ်။ အခုက ရှေ့ မှာနိဒါန်းချီခဲ့တဲ့အတိုင်း အဲဒီဒေသဆီ လွတ်လပ်တဲ့ မီဒီယာသမားတွေကို သွားခွင့်မပေးတဲ့ အတွက် တပ်မတော်နဲ့ အစိုးရဘက်က ထုတ်ပြန်ပေးသမျှကိုသာ အများပြည်သူက သိခွင့်ရနေပါတယ်။ မေးစရာ ဖြစ်လာတာက အဲဒီထုတ်ပြန်ချက်တွေက ဘယ်လောက်မှန်ကန်မှု ရှိပါသလဲ။ သေချာတာကတော့ အရင်စစ်အစိုးရ ခေတ်မှာဆိုရင် အစိုးရက ထုတ်ပြန်သမျှကို ဘယ်သူကမှ မယုံပါ။

ဒါပေမဲ့ အခုက လူထုက ရွေးချယ်ထားတဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် အစိုးရက ထုတ်ပြန်တဲ့ ကြေညာချက်ဆိုတော့ လူအတော်များများက ယုံကြည်နေပုံ ရပါတယ်။ ဒါက သာမန်လူတွေကို ပြောတာပါ။ သတင်းသဘောအရတော့ အစိုးရက ထုတ်ပြန်တာဟာ အစိုးရအာဘော်သာ ဖြစ်ပြီး အမှန်တရား မဟုတ်ပါ။ လူထုက ရွေးကောက်ထားတဲ့ အစိုးရ ထုတ်ပြန်သမျှ အမှန်တရားဆိုရင် ဒီမိုကရေစီ ရှိပြီးသား အနောက်နိုင်ငံတွေမှာ လွတ်လပ်တဲ့ သတင်းဌာနတွေ ဘယ်လိုတော့မလဲ။ အားလုံး အစိုးရ ထုတ်ပြန်ချက်နဲ့ လုံလောက်နေပြီပေါ့။

ဒါက အစိုးရဘက်က ထုတ်ပြန်ချက် တစ်ခုတည်းပေါ် မှီခိုနေရတဲ့ သတင်းသမားတွေရဲ့ အားနည်းချက်။ ကဲ... အခြားတစ်ဖက်က ထုတ်ပြန်ချက်၊ ပြောဆိုချက်တွေကကော ဘယ်လောက်ခိုင်မာပါသလဲ။ ဒါကတော့ နိုင်ငံတကာမီဒီယာတွေကပဲ ရေးရဲမယ် ထင်ပါတယ်။ ပြည်တွင်းမီဒီယာမှာတော့ အကြမ်းဖက်သမားအဖြစ် သတ်မှတ်ခံထားရတဲ့ အဖွဲ့ကထုတ်တဲ့ ကြေညာချက်ကို သွားကိုးကား ဖော်ပြရင် အဖမ်းခံရမှာပေါ့။

ဒီလိုအခြေအနေအောက်မှာ နိုင်ငံတကာ မီဒီယာမျိုးစုံက ဘင်္ဂလားဒေ့ရှ်- မြန်မာနယ်စပ်ဆီ သွားပြီး ထွက်ပြေးလာသူတွေနဲ့ အင်တာဗျူးလုပ်၊ နတ်မြစ်တစ်ဖက်ကမ်း မြန်မာဘက်မှာ မီးလောင်နေတဲ့ ပုံတွေကိုပြ၊ နိုဘယ်လ်ဆုရှင်တွေ၊ လူ့အခွင့်အရေးအဖွဲ့တွေ၊ နိုင်ငံတကာအစိုးရတွေရဲ့ ဝေဖန်ချက်တွေ နဲ့ပေါင်းပြီး စတိုရီ လုပ်လိုက်တဲ့အခါမှာတော့ သတင်းသမားတွေကို အဲဒီဒေသဆီ သွားခွင့်မပေးတဲ့ မြန်မာအစိုးရနဲ့ မြန်မာ့တပ်မတော်အကြီး အကျယ်ခံလိုက်ရပါလေရော။

အခုဆိုရင် ကုလသမဂ္ဂ လုံခြုံကောင်စီမှာ ဆွေးနွေးရတဲ့ အခြေအနေထိ ဖြစ်လာနေပြီ။ ဘင်္ဂလားဒေ့ရှ်နယ် စပ်ထဲ ထွက်ပြေးလာသူ ၄ သိန်းအထိတောင် ရှိနေပြီလို့ ကုလသမဂ္ဂဘက်က ပြောနေပါတယ်။ ဒီကိန်းဂဏန်းတွေကို ယုံကြည်ဖို့ အတော်ခက်ပေမယ့် အခင်းဖြစ်နေတဲ့ နေရာဆီ သတင်းထောက်တွေကို ဝင်ခွင့်မပေးမှတော့ ဒါကို ငြင်းဖို့ခက်နေပြန်ပါတယ်။ 

ဒါပေမဲ့ ပြည်တွင်းရှိ ပြည်သူအများစုရဲ့ အမြင်၊ မြန်မာနိုင်ငံမှာ လူသုံးအများဆုံးဖြစ်တဲ့ ဆိုရှယ်မီဒီယာ Facebook User တွေရဲ့ အမြင်ကတော့ နိုင်ငံတကာ မီဒီယာတွေဟာ နှစ်ဖက်စလုံးရဲ့အခြေအနေကို မျှတစွာ ဖော်ပြတာမလုပ်ပဲ ရိုဟင်ဂျာတွေဘက်ကချည်း တစ်ဖက်သတ် ဘက်လိုက်ဖော်ပြနေတယ်။ တကယ်အကြမ်းဖက် တိုက်ခိုက်သူက ရိုဟင်ဂျာ ကိုယ်စားပြု ARSA (Arakan Rohingya Salvation Army) ဖြစ်ပြီး ခံရသူတွေက ဒေသခံ ရခိုင်တိုင်းရင်းသားတွေ ဖြစ်တယ်။ ဒါကိုမပြောပဲ လုံခြုံရေးတပ်ဖွဲ့ရဲ့ လက်ချက်ကြောင့် ထိခိုက်တဲ့ ရိုဟင်ဂျာတွေ အကြောင်းပဲ ပြောနေတယ်။ ဒါကြောင့် ဘက်လိုက်တဲ့ နိုင်ငံတကာ မီဒီယာတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေကို ဆန့်ကျင်ရမယ်ဆိုတဲ့အထိ ဖြစ်လာနေပါတယ်။

ဒီလိုဝေဖန်တဲ့အထဲ ထင်ရှားတဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ၊ နိုင်ငံရေးသမားတွေ၊ အဲ... လူ့အခွင့်အရေး လှုပ်ရှားသူတချို့ပါ ပါလာတဲ့အခါ နိုင်ငံတကာရဲ့အမြင်က နောက်တစ်မျိုး ထပ်တိုးလာပြန်ပါတယ်။ တစ်နေ့က ထွက်လာတဲ့ နိုင်ငံတကာသတင်း ဝေဖန်ချက်တစ်ပုဒ်မှာ ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီ၊ တပ်မတော်နဲ့ ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့ မြန်မာနိုင်ငံသား အများစုဟာ ရိုဟင်ဂျာအရေးပေါ် လူအခွင့်အရေးကိစ္စအဖြစ် မမြင်တော့ပဲ နိုင်ငံတော်လုံခြုံရေး ပြဿနာအဖြစ် မြင်လာနေတယ်။ တစ်ချိန်က သူတို့ကို ဖမ်းဆီးထောင်ချနှိပ်စက်ခဲ့တဲ့ စစ်အုပ်စုနဲ့တောင်မှ ဒီလူတွေ သဘောထား တစ်ထပ်တည်း ဖြစ်သွားတာ အံ့သြစရာဆိုပြီး မေးခွန်းထုတ်ထားတာ တွေ့ရပါတယ်။


ဘယ်လိုအဖြေရှာမှာလဲ

အဖြေမရှာခင် ပြဿနာက ဘာလဲ။ ဘာကြောင့်ဖြစ်တာလဲ ဆိုတာကို အရင်ရှာဖို့ လိုပါတယ်။ ပြီးရင်တော့ နိုင်ငံတကာမှာ ဖြေရှင်းနေတဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း တစ်ဆင့်ပြီးတစ်ဆင့် ဖြေရှင်းသွားရုံပါပဲ။ ကိုဖီအာနန်ရဲ့ အကြံပေးချက်ကလည်း ရှိပြီးသားမို့ သိပ်ခက်မယ် မထင်ပါ။


ခက်နေတာက ဒီဖြစ်စဉ်အပေါ် အမြင်မတူတဲ့ လူတွေရဲ့ သဘောထားပါပဲ။ နိုင်ငံတကာ အဖွဲ့အစည်းတွေ ဘက်က ဒီပြဿနာအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုလို့ မြင်ပါတယ်။ လူမျိုးတုံး သတ်ဖြတ်မှုရဲ့ အစောပိုင်း လက္ခဏာတွေ ဖြစ်တယ် ဆိုတဲ့အထိ ပြောလာနေပါတယ်။ ဒါပေမဲ့ မြန်မာအာဏာပိုင်တွေနဲ့ ဗုဒ္ဓဘာသာ နိုင်ငံသား အများစုကတော့ ဒီပြဿနာဟာ လူ့အခွင့်အရေးကိစ္စ မဟုတ်ပဲ နိုင်ငံတော် အချုပ်အခြာအာဏာ ကိစ္စ၊ အမျိုးဘာသာ စောင့်ရှောက်ရေးကိစ္စအဖြစ် မြင်နေကြပါတယ်။ လူဆိုတာ သူတို့ ရောက်ရှိနေထိုင်တဲ့ နေရာကို ဗဟိုပြု ကြည့်ရှုလေ့ ရှိတာကြောင့် ဒီလိုအမြင် မတူတာ သိပ်တော့မဆန်းပါ။

ဆန်းနေတာက အမြင်မတူ တို့ရန်သူဆိုတဲ့ အဆင့်ကို မကျော်နိုင်သေးတဲ့ ကိစ္စပါ။ ရခိုင်နိုင်ငံရေးသမားတွေ အပါအဝင် ဗုဒ္ဓဘာသာ အစွန်းရောက်သူတွေက ဘင်္ဂါလီတွေ အားလုံးဟာ ဘင်္ဂလားဒေ့ရှ်ကနေ ခိုးဝင်လာ သူတွေ ဖြစ်တယ်။ ဒါကြောင့် ဒီလူတွေအားလုံးကို ပြန်မောင်းထုတ်ရမယ်လို့ ပြောနေပါတယ်။ ဒါပေမဲ့ ဘင်္ဂါလီတွေဘက်ကနေ ပြောနေတာက သူတို့ဟာ အရင်နှစ်ပေါင်းများစွာကတည်းက ဒီဒေသမှာ နေထိုင်လာသူတွေ ဖြစ်တယ်။ အခုခေတ်ကျမှ သူတို့ဆီကနေ နိုင်ငံသားသက်သေခံလက်မှတ်တွေ ပြန်သိမ်းတယ်။ ခရီးသွားခွင့်၊ ပညာသင်ခွင့်၊ စီးပွားရှာခွင့် စသဖြင့် အားလုံးကို ပိတ်ပင်တားဆီးလာတယ်လို့ ပြောပါတယ်။

ဝေဖန်ဆန်းစစ်သူတွေကတော့ ဒီလူတွေထဲက တချို့ဟာ တရားမဝင် ခိုးဝင်လာသူတွေ ဖြစ်နိုင်ပေမယ့် လူအားလုံး ခိုးဝင်နေထိုင်တာတော့ မဟုတ်လောက်ဘူး။ အရင်နှစ်ပေါင်းများစွာ ကတည်းက နေထိုင်သူတွေ လည်း ရှိနိုင်ပါတယ်။ ဒါကို နိုင်ငံတကာ လုပ်ထုံးလုပ်နည်းတွေအညီ အသေအချာ စိစစ်လက်ခံဖို့ လိုတယ်လို့ ပြောပါတယ်။ အရင်အစိုးရနဲ့ လက်ရှိအစိုးရ ဝန်ထမ်းတချို့ ပြောတာကတော့ နိုင်ငံသား စိစစ်ရေးအတွက် အစိုးရဘက်က ဆောင်ရွက်ပေးပေမယ့် ဘင်္ဂါလီတွေဘက်က လက်မခံဘဲ ငြင်းဆိုရာ ကနေ အခုလို ပြဿနာ ဖြစ်လာတာလို့ ဆိုပါတယ်။

အနှစ်ပြန်ချုပ်ရမယ် ဆိုရင်တော့ ရိုဟင်ဂျာအမည် ရှိမရှိ ဆိုတာကို ခဏမေ့ထားလိုက်ပါ။ လောလောဆယ် ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ရေး၊ ဒုက္ခသည်တွေအတွက် အရေးပေါ် ကယ်ဆယ်ရေး၊ အဲဒီကတစ်ဆင့် ပြန်လည်နေရာချထားရေးတွေအတွက် ဦးစားပေး ဆောင်ရွက်ဖို့ လိုနေပါတယ်။ ဒီမကျေလည်မှုအပေါ် အခွင့်ကောင်းယူပြီး အကြမ်းဖက်ခိုက်မှု လုပ်လာတဲ့ အဖွဲ့တွေကို မြန်မာနယ်ထဲ အခြေချခွင့် မရအောင် ဝိုင်းတားဆီးဖို့ လိုပါတယ်။

မြန်မာနိုင်ငံသားအများစု လောလောဆယ် မကျေမနပ် ဖြစ်နေတဲ့  နိုင်ငံတကာ မီဒီယာတွေက ဘက်လိုက်ဖော်ပြနေတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေက ဘက်လိုက်ပြောဆိုနေတယ် ဆိုတာကို ပြေလည်စေဖို့ အတွက်တော့ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြန်ကြားရေး ဝန်ကြီးဌာနနဲ့ ပြည်တွင်းမီဒီယာ တွေက ပူးပေါင်းပြီး နိုင်ငံတကာ ပရိသတ်ကို စနစ်တကျ ရှင်းလင်းတင်ပြဖို့ လိုနေပါတယ်။ နိုင်ငံတကာမီဒီယာတွေ၊ နိုင်ငံတကာ လေ့လာရေးအဖွဲ့တွေကိုလည်း ဖိတ်ခေါ်ပြီး အဲဒီဒေသဆီ သွားခွင့်ပေးဖို့ လိုပါတယ်။


ဒီလို အားလုံးပူးပေါင်းဆောင်ရွက်မယ်ဆိုရင် နှစ်ဖက်မကျေလည်မှုတွေ၊ အမြင်မတူမှုတွေ တစ်စုံတစ်ရာ ပြေလည်သွားပါလိမ်မ့ယ်။ ဘာသာရေးအမြင်၊ လူမျိုးရေး အမြင်တွေကို လျှော့ချနိုင်ရင် လူသားချင်းစာနာ နိုင်တဲ့ အမြင်တွေ တိုးတက်လာပါလိမ့်မယ်။ အဲဒီကမှတစ်ဆင့် လောလောဆယ် မေ့ပျောက်ခံနေရသလို ဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ့ မူလလုပ်ငန်းစဉ်၊ NLD အစိုးရရဲ့ ဦးစားပေးလုပ်ငန်းစဉ် ဖြစ်တဲ့ စစ်အာဏာရှင် အောက်က လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးဆီ နိုင်ငံသားတွေ ပြန်လည်စိတ်ဝင်စား လာအောင် မီဒီယာက လမ်းပြပေးရပါလိမ်မ့ယ်။      ။ 

Thursday, September 7, 2017

ရေဒီယိုအသံလှိုင်း- အွန်လိုင်းမီဒီယာ-လွတ်လပ်စွာရပ်ပါ

The Voice Daily, 06-Sept-2017.

ပွင့်လင်းခေတ်မှာ သတင်းအရှိန်ကျလာသလား

ဒီတစ်ခေါက် ပြည်တော်ပြန် ခရီးစဉ်အတွင်း မီဒီယာအသိုင်းအဝိုင်းက ပုဂ္ဂိုလ်တွေ၊ နိုင်ငံရေးသမားတွေ၊ သတင်းနားထောင်သူ (အခုတော့ သတင်းပွတ်သူတွေလို့ ပြောရမယ်ထင်) ပရိသတ်တွေနဲ့ အချိန်ယူစကား ပြောဖြစ်ခဲ့ပါတယ်။ သတင်းနဲ့ပတ်သက်ပြီး ပထမဆုံး သတိထားမိတာက အောင်မင်္ဂလာ အဝေးပြေး ကားဂိတ်တွေရဲ့ TV စခရင်မှာ သတင်းမပြဘဲ ရုပ်ရှင်ပြနေခြင်းပါပဲ။ သတင်းကြည့်ချင်လို့ ကားဂိတ်ဘေး နားက လက်ဖက်ရည်ဆိုင် ပြောင်းထိုင်တော့ ဘောလုံးပွဲနဲ့ တိုးနေပြန်ပါတယ်။


အင်း ... ဒီနေ့ မြန်မာတွေ သတင်း မကြည့်ကြတော့ဘူးလား။ သာမန်အချိန်ဆိုရင်တော့ ထားလိုက်ပါတော့။ အခုက ထားဝယ်မှာ H1N1 တုပ်ကွေးဖြစ်နေလို့ စာသင်ကျောင်းတွေ ပိတ်ထားရတယ်။ ကိုယ့်ခရီးစဉ် တောင် ဖျက်သင့်ရင် ဖျက်ရမယ်ဆိုပြီး မသေမချာနဲ့ အောင်မင်္ဂလာဆီရောက်လာတဲ့ကျွန်တော် နည်းနည်းတော့ တွေဝေသွားပါတယ်။ အပြင်မှာ ဖြစ်ချင်တာဖြစ်နေ၊ ငါတို့ကတော့ ရုပ်ရှင်ထဲကလို အေးရာအေးကြောင်း ခပ်ပျော်ပျော်နေတော့မယ်ဆိုပြီး ဒီလူတွေစိတ်ထဲ ဆုံးဖြတ်ထားလေသလား။ ဒါမှမဟုတ် မြန်မာတွေဟာ သတင်းအချက်အလက် Information ထက် ဖျော်ဖြေရေး Entertainment ကို ပိုနှစ်သက်ကြလေသလား။

နိုင်ငံတကာ ကားဂိတ်၊ လှေဂိတ်၊ လေဆိပ်တွေမှာဆိုရင်တော့ ဒီလိုသတင်းတွေကို Breaking News အဖြစ် TV တွေက ဆက်တိုက်ပြနေမှာပေါ့။ အော်စလို လေယာဉ်ကွင်း ရထားပေါ်မှာဆိုရင် Text TV လို့ ခေါ်တဲ့ မီဒီယာပလက်ဖောင်းအသစ်ကနေ TV မှာ စာတန်းတွေ ထိုးပြနေမှာပေါ့။ မြန်မာနိုင်ငံမှာတော့ Text TV ကို မတွေ့မိသေး။ ခုနက ရုပ်ရှင်အောက်ခြေမှာများ အရေးပေါ် သတင်းအတွက် စာတန်းတိုတွေများ ထိုးထားမလားဆိုပြီး လိုက်ကြည့်မိပါသေးတယ်။ သတင်းကို စာတန်းမထိုးဘဲ စီးပွားရေး ကြော်ငြာတွေကိုသာ စာတန်းထိုးနေတာ တွေ့မိပါတယ်။

ထူးတာက ကြော်ငြာခ ကောင်းကောင်းရတဲ့ ကုန်ပစ္စည်းကြော်ငြာတွေပဲ တွေ့ခဲ့ရပြီး ပညာပေးကြော်ငြာ (ဥပမာ - အမှိုက်ကို စနစ်တကျ ဘယ်လို ပစ်သင့်တယ်၊ သစ်တောသစ်ပင်နဲ့ သဘာဝ ပတ်ဝန်းကျင်ကို ဘယ်လိုထိန်းသင့်တယ်၊ လူ့သား အချင်းချင်း အသားအရောင် မခွဲခြားဘဲ ဘယ်လိုဆက်ဆံသင့်တယ်၊ အခုဖြစ်နေတဲ့ H1N1 ကာကွယ်ရေးအတွက် ဘာတွေဆောင်၊ ဘာတွေရှောင်သင့်တယ် စသဖြင့်) မတွေ့မိပါ။ စာရေးသူပဲ မျက်စိလျှမ်းတာလား။ TV ချန်နယ်တွေကပဲ ငွေရမယ့်ပစ္စည်းချည်း ရွေးပြီး ကြော်ငြာပေးနေသလား မသိပါ။ ကြော်ငြာနဲ့ဆိုင်တဲ့ ကျင့်ဝတ်ပိုင်း ဘယ်လိုရှိမှန်းလဲ မမေးဖြစ်ခဲ့ပါဘူး။

လွတ်လပ်တဲ့ မီဒီယာတွေ အားလုံး ကြော်ငြာခနဲ့ ရပ်တည်နေရတယ်ဆိုလို့ အတွေး နည်းနည်းလွန်သွား တာပါ။ ထားတော့။ ဒါဖြင့် ဒီလူတွေ သတင်းကို ဘယ်ကနေ ရနေကြသလဲ။ မြန်မာပြည်မှာ ရေပန်းအစားဆုံး ဖြစ်နေတဲ့ Facebook ကများ ရနေသလား။ ဘေးနားမှာထိုင်ပြီး တယ်လီဖုန်း ပွတ်နေတဲ့ ထားဝယ်က လူငယ်တစ်ဦးကို လှမ်းကြည့်မိတော့ မက်ဆင်ဂျာဖွင့်ပြီး သူ့ကောင်မလေးနဲ့ ပွားနေလေရဲ့။ H1N1 အကြောင်း သူ စိုးရိမ်ပုံမရှိပါ။ 


လှိုင်းတိုရေဒီယိုမရှိ Facebook သာရှိ

ဒီနေ့လူငယ်တွေဟာ Mainstream Media ကပေးတဲ့ သတင်းထက် ဆိုရှယ်မီဒီယာပေါ်က ရတဲ့သတင်းပေါ် ပိုမှီခိုနေတယ်ဆိုပြီး အပြစ်မြင်နေတဲ့ကျွန်တော် ထားဝယ်ဒေသ မွေးရပ်မြေရောက်မှ မီဒီယာလောကကြီး လုံးဝ ပြောင်းလဲနေပြီ ဆိုတာကို တွေ့လိုက်ရပါတယ်။ ဒီလိုပြောလို့ ကျွန်တော်တို့ရွာမှာ TV စတေရှင်တွေ၊ သတင်းစာတိုက်တွေ ရှိနေတယ်လို့ မထင်လိုက်ပါနဲ့။ အရင်က ညနေ ၆ နာရီထိုးကနေ ၉ နာရီကျော်တဲ့ အထိ နိုင်ငံခြား ရေဒီယိုလိုင်းပေါင်းစုံကို နေရှင်နယ်လိုင်းတိုရေဒီယိုလေးတွေနဲ့ ဖမ်းပြီး နားဆင်နေသူတွေ ဒီနေ့ မရှိတော့ပါ။ အသက် ၈၀ တန်း ကျွန်တော့်အဖေ၊ ဦးလေးတွေတောင် ရေဒီယို နားမထောင်တော့ဘဲ Facebook ပေါ်က သတင်းတွေကို ဖတ်နေကြပါရော့လား။


“ခေတ်ပြောင်းသွားပြီလေကွာ။ ဒီလှိုင်း (NLD ပါတီစာစောင်) တောင် အရှုံးပေါ်လို့ ဒီတစ်ပတ် နောက်ဆုံးပဲ တဲ့။ နောက်ဆို အားလုံးကို အင်တာနက်ပေါ်ကပဲ ဖတ်ရတော့မှာ”ဆိုပြီး NLD ပါတီဝင် အိမ်နီးချင်း မိတ်ဆွေတစ်ဦးက ပြောလာတော့ အတော် အံ့ဩသွားပါတယ်။ ဟုတ်တယ်လေ။ ဒါ ငါးနှစ်အတွင်း မဟာ ပြောင်းလဲမှုကြီးပါပဲ။ ၂၀၁၂ ကမှ ပုဂ္ဂလိကပိုင် သတင်းစာတွေ မြန်မာနိုင်ငံမှာ စထုတ်ခွင့်ရတယ် မဟုတ်ပါလား။ အခု ပါတီဝင်သန်းချီရှိတဲ့ NLD စာစောင်တောင် အရှုံးပေါ်နေတယ်ဆိုမှတော့ ပုဂ္ဂလိက သတင်းစာတွေ တစ်စောင်ပြီးတစ်စောင် ပြုတ်နေတာ ဘာဆန်းမလဲ။

ပုံနှိပ်မီဒီယာ (Print Media) တွေ အရှုံးပေါ်နေသလို အသံလွှင့်မီဒီယာ (Broadcast Media) တွေကလည်း အခြေအနေ မကောင်းလှပါဘူး။ ၂၀၁၃ ခုနှစ် မေလမှာ မြန်မာနိုင်ငံဆီ (၁၉၈၈ နောက်ပိုင်း) ပထမဆုံး အကြိမ် ကျွန်တော်စရောက်တော့ အဖေတို့၊ ဦးလေးတို့၊ ခုနက NLD ပါတီဝင်တို့အားလုံး ရေဒီယိုလေးတွေနဲ့ VOA, RFA, BBC တွေကို အသည်းအသန် နားထောင်နေတုန်း။ “အရင်ကဆို မင်းအသံကို ကြားချင်လို့ နော်ဝေရေဒီယိုကို ငါတို့အားလုံး ခိုးနားထောင်ခဲ့တာပေါ့။ မင်းတို့ ရေဒီယိုကလည်း ဖမ်းရခက်မှ ခက်ကွာ”ဆိုတဲ့ ဦးလေးရဲ့ အသံကိုတောင် ကြားယောင်နေဆဲ။



အခု ၂၀၁၇ မှာ လုံးဝ ခေတ်ပြောင်းသွားပြီ။ ၂၀၁၃ တုန်းက လက်ကိုင်တယ်လီဖုန်းတွေ သိန်း ၁၀ ကျော်ကနေ ၁၅၀ဝ ကျပ်အထိ ဈေးကျနေပေမယ့် လူတိုင်း မသုံးနိုင်သေးပါ။ အတိအကျ ပြောရမယ်ဆိုရင် အဲဒီအချိန်အထိ ကျွန်တော်တို့ရွာမှာ MPT တာဝါတိုင်ပဲ ရှိသေးပြီး တယ်လီနော်နဲ့ အူရီဒူးက တာဝါတိုင် စိုက်ဖို့ မြေနေရာတိုင်းနေတုန်း။ အခု အဲဒီကုမ္ပဏီ သုံးခုစလုံးရဲ့ တာဝါတိုင်တွေ ရွာနောက်က တောင်ကုန်းပေါ်မှာ အပြိုင်အဆိုင်။ ၂၀၁၃ တုန်းက တစ်အိမ်မှာ ဖုန်းတစ်လုံးစီရှိဖို့ မလွယ်သေးပေမယ့် အခု လူတစ်ဦးစီမှာ ဖုန်းတစ်လုံးမက ရှိနေပါပြီ။

အလွတ်သဘောသိရတဲ့ စာရင်းဇယားတွေအရ MPT သုံးသူ သန်း ၂၀ ကျော်၊ တယ်လီနောသုံးသူ သန်း ၂၀ နီးပါးနဲ့ အူရီဒူးသုံးသူ ၁၀ သန်းကျော်ရှိပါတယ်။ မြန်မာနိုင်ငံ လူဦးရေက ၅၃ သန်းတည်းဆိုတော့ မွေးကင်းစကလေးတွေပါ တယ်လီဖုန်း သုံးနေသလို ဖြစ်နေပါတယ်။ ထူးတာက မြန်မာနိုင်ငံမှာ တယ်လီဖုန်းတစ်လုံး Sim Card ၂ ခု ထည့်သုံးသူတွေ အများကြီး။ ဖုန်း ၂ လုံးသုံးသူဆို Sim Card ၄ ခု။ ဖုန်းနံပါတ် ၄ ခုရှိနေတဲ့ သဘောပေါ့။

မြန်မာနိုင်ငံမှာ စမတ်ဖုန်းသုံးသူ သန်း ၅၀ ဆိုတော့ Facebook သုံးသူ သန်း ၅၀ ရှိနေတဲ့သဘောလား။ ဒီလိုလည်း မဟုတ်သေးပြန်။ ဖုန်းနံပါတ် ၃ ခုရှိပေမယ့် Facebook အကောင့်က တစ်ခုပဲရှိတယ်လို့ ဆိုကြပြန်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်။ အရင်ခေတ်က ကျွန်တော်တို့မှန်းခဲ့တဲ့ လှိုင်းတိုရေဒီယို (ပြည်ပရေဒီယို)ကို နားထောင်သူဦးရေ ၂ သန်းလောက် ရှိတာအမှန်ဆိုရင် အခု Facebook သုံးသူ (သန်း ၅၀ ကျော်ကို သုံးပုံ တစ်ပုံ လျော့ရင်တောင်) သန်း ၂၀ လောက် ရှိနေတဲ့အတွက် သတင်းစိတ်ဝင်စားသူ အရင်ထက် ၁၀ ဆ တိုးလာတယ်လို့ ပြောနိုင်မလား။


Mainstream Media ရဲ့ မနက်ဖန်

အဲလို ပြောလို့မဖြစ်ပါ။ အရင် ၂ သန်းက ပြည်ပရေဒီယိုက လွှင့်သမျှကို အသည်းအသန် နားထောင်နေတဲ့ တကယ့် အမာခံပရိသတ်တွေ။ အခု သန်း ၂၀ က ဘာလာလာ ဆွဲမယ်ဆိုတဲ့ ခေတ်သစ် ပရိသတ်တွေ။ ဥပမာအားဖြင့် တစ်ချိန်က ဩဇာကြီးခဲ့တဲ့ (အခုချိန်ထိလည်း ဩဇာကြီးဆဲပါ) နိုင်ငံခြား အသံလွှင့်ဌာန BBC, VOA, RFA လွှင့်ချက်တွေကို Facebook ပေါ် Live နားထောင်သူ၊ ကြည့်ရှုသူ 3k, 4k လောက်ပဲ တွေ့ရပြီး မအေးသောင်းလို Celebrity (ဆယ်လီ) တစ်ဦးရဲ့ Live ကို ဝင်ကြည့် သူက 30k လောက် ရှိနေတာကိုကြည့်ခြင်းအားဖြင့် Facebook User တွေရဲ့ စိတ်ဝင်စားမှုက သတင်းအပေါ် အဓိက မဟုတ်ဘူး ဆိုတာ ခန့်မှန်းနိုင်ပါတယ်။


သာမန်ကြည့်လိုက်ရင် ဒီစာရင်းက အရေးမကြီးဘူး ထင်နိုင်ပါတယ်။ ဒါပေမဲ့ လူကြည့်များမှုအပေါ် မူတည်ပြီး ကြော်ငြာခရတဲ့ ဒီနေ့ အွန်လိုင်း မီဒီယာခေတ်မှာတော့ သတင်းသမားတွေက ဖျော်ဖြေရေး သမားတွေလို ကြော်ငြာခရဖို့မလွယ်ပါ။ သတင်းစာ၊ ဂျာနယ်စောင်ရေထိုးကျမှု၊ TV ရေဒီယို ဘတ်ဂျက် ပြတ်လပ်မှုတွေကြောင့် မီဒီယာအများစုက အရင်းအနှီး သက်သာတဲ့ အွန်လိုင်းဘက်ကို အလုံးအရင်းနဲ့ ရွှေ့လာနေကြပါတယ်။ Facebook မှာ လူကြည့် အများဆုံးဖြစ်အောင် အပြိုင်အဆိုင် ကြိုးစားလာ နေကြပါတယ်။

ရှေ့မှာ ဥပမာပေးခဲ့တဲ့ အသံလွှင့်ဌာနသုံးခုက သက်ဆိုင်ရာ အစိုးရတွေကနေ ထောက်ပံ့ပေးထားတာမို့ ဘဏ္ဍာရေးအရ သိပ်ပြဿနာ မရှိပေမယ့် ပြည်ပနေ ပြည်တွင်း ပြန်ဝင်လာတဲ့ သတင်းဌာနတွေနဲ့ ပြည်တွင်းမှာပဲ ပုံနှိပ်မီဒီယာ လုပ်နေကြတဲ့ သတင်းဌာနတွေကတော့ ဘဏ္ဍာရေး အတော် အခက်ကြုံနေ ရတယ်လို့ သိပါတယ်။ နိုင်ငံတကာ အလှူရှင်တွေကလည်း ထောက်ပံ့မှုလျှော့ချ၊ ကြော်ငြာခကလည်း ထင်ထားသလောက်မရဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒီလို ပုဂ္ဂလိက မီဒီယာတွေ အခက်ကြုံချိန်မှာ အားလုံးက ပြေးမြင်လာတာကတော့ နိုင်ငံတော် ဘဏ္ဍာငွေနဲ့ လည်ပတ်နေတဲ့ အစိုးရမီဒီယာ (အသံလွှင့်-ပုံနှိပ်) တွေပါပဲ။ သူတို့ဟာ နိုင်ငံတော် ဘတ်ဂျက်နဲ့ လည်ပတ်တဲ့အပြင် ကြော်ငြာတွေကိုလည်း လက်ဝါးကြီး အုပ်ထားတယ်လို့ စွပ်စွဲခံနေရပါတယ်။ သူတို့နဲ့တစ်တွဲတည်း စွပ်စွဲခံနေရသူတွေကတော့ ခေတ်ပျက်ကာလမှာ မီဒီယာ အခွင့်အရေး အားလုံးနီးပါးကို သူခိုးဈေးနဲ့ရယူသွားတဲ့ ခရိုနီပိုင် TV လိုင်းတွေပါပဲ။ မြေနေရာ၊ စတူဒီယိုပစ္စည်း၊ အသံလွှင့်ရုံ စသဖြင့် အတော်များများဟာ ခရိုနီတွေ လက်ထဲရောက်နေတယ်လို့ ပုဂ္ဂလိက မီဒီယာ သမားတွေက ပြောပါတယ်။

ဒါပေမဲ့ ခက်တာက အဲဒီခရိုနီတွေက အမြတ်အစွန်း ရဖို့ပဲ အဓိကထားပြီး သတင်းကို စိတ်ဝင်စားမှုမရှိပါ။ ငွေရနိုင်တဲ့ ဖျော်ဖြေရေး လုပ်ငန်းကိုသာ စိတ်ဝင်စားကြပြီး ငွေမရတဲ့အပြင် အချိန်မရွေး အဖမ်းအဆီးပါ ခံရနိုင်တဲ့ သတင်းလုပ်ငန်းအပေါ် သူတို့ စိတ်မဝင်စားတာ သဘာဝတော့ ကျပါတယ်။ ဒါဖြင့် သတင်း လုပ်ငန်းကို ငွေမရတဲ့အလုပ်၊ အဖမ်းခံရနိုင်တဲ့အလုပ် ဆိုပြီး ဒီတိုင်း ပစ်ထားကြတော့မလား။ အဲလိုပြောကြေးဆို ဒီနေ့ကမ္ဘာမှာ လူကြည့် အများဆုံး ၂၄ နာရီ သတင်းချန်နယ်တွေဖြစ်တဲ့ CNN, BBC, Aljazeera တို့ ဘယ်ရှိတော့မလဲ။

၂၄ နာရီ များပါသေးတယ်။ ကျန်တဲ့အချိန် ငွေရနိုင်တဲ့ဟာပြ၊ တစ်နာရီတစ်ခါ သတင်းချည်း ၁၅ မိနစ် လောက်ပြနိုင်တဲ့ ချန်နယ်တွေ မြန်မာနိုင်ငံမှာ ပေါ်လာနိုင်မလား။ တစ်လောကမှ ပုဂ္ဂလိက ရုပ်/သံလိုင်း အသစ် လိုင်စင် ၅ ခုပေးထားတယ်ဆိုတော့ ဒါတွေ ဖြစ်လာနိုင်တာပေါ့။ ဒါပေမဲ့ သူတို့လည်း ရှေ့က ပြောခဲ့တဲ့ အစိုးရပိုင်မီဒီယာ၊ ခရိုနီပိုင်မီဒီယာကို ယှဉ်နိုင်ဖို့ သိပ်မလွယ်လှပါဘူး။ အနည်းဆုံး တစ်နှစ် လောက် အရှုံးခံပြီးလုပ်နိုင်မှ (အရှုံးခံနိုင်ဖို့ ငွေအရင်းရှိမှ) ဒီ ရုပ်/သံလိုင်းတွေ ဆက်လက် ရှင်သန်နိုင်မှာ ဖြစ်တယ်လို့ မီဒီယာသမားတွေက ပြောပါတယ်။


အရင်အစိုးရခေတ်က လုပ်ခဲ့ဖူးတဲ့ Public Service Broadcast အများပြည်သူ့ဝန်ဆောင်မှု အသံလွှင့်ဌာန၊ အများပြည်သူ ဝန်ဆောင်မှု သတင်းလုပ်ငန်း ဆွေးနွေးပွဲတွေကိုတောင် ပြန်လွမ်းမိသလိုလို။ အနောက်နိုင်ငံ တွေမှာလုပ်သလိုမျိုး TV လိုင်စင်ကြေးကနေ အခွန်ကောက်ပြီး လည်ပတ်ဖို့ဆိုတာ မြန်မာမှာ မဖြစ်နိုင်သေး လို့ အဲဒီစီမံကိန်း အဖျားရှူးသွားတာမျိုးလား။

သေချာတာကတော့ ဒီနေ့ မြန်မာနိုင်ငံ အခြေအနေဟာ စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ဆီ အသွင်ကူးပြောင်းနေတဲ့ကာလဖြစ်ပါတယ်။ ဒီမိုကရေစီ မရသေးပါဘူး။ ဒီလိုကာလမှာ အစိုးရက အစိုးရ အကြိုက်၊ တပ်မတော်ကလည်း တပ်မတော်အကြိုက်၊ သူပုန်ကလည်း သူပုန်အကြိုက်၊ ပါတီတွေ အဖွဲ့အစည်းတွေကလည်း သူတို့အကြိုက်ပဲ ပြောဆိုနေ၊ သတင်း ထုတ်ပြန်နေပါတယ်။

ဒီလိုအခြေအနေမှာ အဲဒီပြောဆိုချက်၊ ထုတ်ပြန်ချက်တွေအပေါ် စနစ်တကျ ဝေဖန်ဆန်းစစ်နိုင်တဲ့၊ ဘယ်အဖွဲ့အစည်းကိုမှ ကြောက်စရာ မလိုဘဲ လွတ်လပ်ပွင့်လင်းစွာ ဝေဖန်ရဲတဲ့ စတုတ္ထမဏ္ဍိုင် ပုဂ္ဂလိက မီဒီယာ သို့မဟုတ် အများပြည်သူ ဝန်ဆောင်မှု မီဒီယာတွေပေါ်လာဖို့ အရေးတကြီး လိုအပ်နေပါတယ်။ ဒီအတွက် မီဒီယာအရေး စိတ်ဝင်စားသူတွေအပြင် အစိုးရ၊ လွှတ်တော်နဲ့ နိုင်ငံတကာဘက်ကလည်း အလေးထား စဉ်းစားပေးဖို့ လိုနေပါတယ်။

Monday, September 4, 2017

ဘန်ကောက်မှ ရန်ကုန်သို့

The Voice Daily, Travel (03-09-2017)

ဘန်ကောက်ဝန်းကျင်မှာ လည်ပတ်စရာ

ဟိုတယ်ကောင်တာမှာ Passport ပြပြီး အခန်း သော့ယူတော့ “အစ်ကိုတို့က မြန်မာတွေလား” တဲ့။ ကောင်တာထိုင် လူငယ်တစ်ဦးက မြန်မာဘာသာနဲ့ မေးပါတယ်။ အိန္ဒိယနွယ်ဖွားဖြစ်ပုံရတဲ့ ဒီလူငယ်ဟာ ထိုင်းစကားရော၊ အင်္ဂလိပ်စကားပါ အတော်ကောင်းပါတယ်။ မြန်မာအချင်းချင်း တွေ့ပြီဆိုတော့ ထုံးစံအတိုင်း အခန်းခ Disscount မရဘူးလားဆိုပြီး ဈေးစစ်ကြည့်တာပေါ့။ 

(ရေပေါ်ဈေးမှာ ဆင်စခန်းလဲရှိပါတယ်)

“မနက်ဖြန်ကျရင် လိုကယ်နှုန်းနဲ့ ပေးမယ်လေ။ အစ်ကိုက အင်တာနက်ကနေ ဝယ်ထားတာဆိုတော့ ကျွန်တော်တို့က လျှော့ပေးလို့မရဘူး ဖြစ်နေတယ်”လို့ သူက ဆိုပါတယ်။ တကယ်ဆို သူပြောတာနဲ့ ကျွန်တော် နားလည်ထားတာနဲ့က ပြောင်းပြန်။ ဥရောပမှာဆို အင်တာနက်ကနေ ဝယ်မှ ဈေးသက်သာတာ။ ဒီမှာတော့ လူကိုယ်တိုင် လာဝယ်မှ ဈေးသက်သာသတဲ့။ ဟိုမှာက အင်တာနက်ကနေ ဝယ်ရင် ဝန်ထမ်းအင်အား သုံးစရာ မလိုတဲ့အတွက် ဈေးပေါတာဖြစ်ပြီး ဒီမှာကျတော့ အင်တာနက် Booking တွေအတွက် ကော်မရှင်ပေးရလို့ ဈေးတက်သွားတယ် ဆိုပါတယ်။

ဟိုတယ်အခန်းထဲ ပစ္စည်းချ၊ ရေမိုးချိုးပြီးတာနဲ့ တစ်ရေး အိပ်လိုက်တာ ညနေ ၆ နာရီကျော်မှ နိုးလာပါတယ်။ BTS မိုးပျံရထားစီးပြီး MBK မာဘိုခလောင်း ကုန်တိုက်ဆီသွားတော့ ၇ နာရီကျော်နေပြီ။ ရထားခက ၂၈ ဘတ်တဲ့။ တစ်ဒေါ်လာတောင် မပြည့်ဘူး။ မြန်မာ ငွေ ၁၀ဝ၀ ကျပ်ပဲ ထားပါစို့။ ဒါပေမဲ့ ဒီက ငွေစက္ကူတွေက မြန်မာလောက် မစုတ်ပြတ်။ ထူးတာက အခုထိ အကြွေစေ့တွေ သုံးနေတုန်း။ တစ်ဘတ်စေ့၊ ငါးဘတ် စေ့၊ ၁၀ ဘတ်စေ့ စသဖြင့် တွင်ကျယ်စွာ သုံးနေဆဲပါ။ အထူးသဖြင့် ဒီလိုရထားလက်မှတ်ဝယ်တဲ့အခါ အကြွေစေ့ မဖြစ်မနေ သုံးခွင့်ရအောင် အစိုးရက စီစဉ်ပေးထား ပုံရပါတယ်။

မြန်မာနိုင်ငံမှာတော့ အကြွေစေ့ မရှိတော့ပါ။ အနိမ့်ဆုံး ငွေစက္ကူက ၅၀ ကျပ်တန် ဖြစ်နေပြီမဟုတ်လား။ ဒါပေမဲ့ ကျောင်းစာအုပ်ထဲက ငွေကြေးစနစ်ထဲမှာတော့ ငါးပြားစေ့၊ ဆယ်ပြားစေ့၊ တစ်မတ်စေ့၊ ငါးမူးစေ့၊ တစ်ကျပ်စေ့ စသဖြင့် ပြား ၁၀ဝ ကို တစ်ကျပ်ဟု ခေါ်သည့်စနစ်နဲ့ သွားနေတုန်း။ ကလေးတွေက အကြွေ ဆိုတာ ဘာမှန်းမသိတော့လို့ အကြွေစေ့ကို ပုံဆွဲပြပြီး စာသင်နေရတယ်လို့ ဆရာတစ်ဦးက ပြောဖူးတာကို အမှတ်ရမိပါတယ်။ တစ်နိုင်ငံနဲ့တစ်နိုင်ငံ မတူတဲ့ငွေကြေးစနစ်တွေကြားမှာ အားလုံး ခရက်ဒစ်ကတ် သုံးလိုက်ရင် ကိစ္စပြတ်သွားလေမလား။ 

သိပ်စိတ်ကူးယဉ်နေလို့ မဖြစ်သေး။ လောလောဆယ် ကိုယ့်လူတွေမှာ ATM ငွေထုတ်ကတ်တောင် ရှိသေးတာမဟုတ်။ ဘူတာနဲ့ MBK ကုန်တိုက်အကြား ပြင်ဆင်ထားလိုက်ပုံတွေက လွန်ခဲ့တဲ့ ၄ နှစ်နဲ့ တခြားစီ။ ဘန်ကောက်ဟာ တစ်နှစ်ထက်တစ်နှစ် အလွန် တိုးတက်နေပါလား။ မူလ အစီအစဉ်တိုင်းဆိုရင် ဝတ်ကောင်းစားလှတွေအကြောင်း မြန်မာဧည့်သည်တွေကို ကုန်တိုက်ပတ်ပြီး လိုက်ပြမလို့။ ဒါပေမဲ့ အားလုံး ဗိုက်ဆာနေတာနဲ့ ၆ ထပ်က Food Center ဆီ အရင်ဆုံး သွားမိကြပါတယ်။

ရန်ကုန်မှာ ကျပ်သုံးထောင်လောက် ပေးနေရတဲ့ ကြက်ဆီထမင်း၊ ဝက်ခြေထောက်ထမင်း၊ ဖတ်ကပေါင်၊ ဖတ်ထိုင်း၊ ကွိတီယို၊ သင်္ဘောသီးထောင်း စသဖြင့် တစ်ခွက်မှ ၃၅ ဘတ်တည်းရယ်။ တစ်ဘတ်ကို ၄၀ ကျပ် နဲ့ တွက်ရင်တောင် ၁၅၀ဝ ကျပ် မပြည့်ဘူး။ မူလအရသာကို ဈေးနှုန်း ချိုသာစွာနဲ့ စားရတဲ့အပြင် ဆိုင်အပြင်အဆင်နဲ့ သပ်ရပ်မှုက ရန်ကုန်ထက် အများကြီးသာပါတယ်။ ထိုင်းစားစရာတွေကို မြန်မာလိုမပြန်ဘဲ ထိုင်းအသံထွက်အတိုင်း ရေးလိုက်လို့ အပြစ်ပြောချင်နေတာလား။ တက္ကသိုလ်ထဲက ဆိုင်တန်းတွေ အပါအဝင် မြန်မာနိုင်ငံ ဒေသအသီးသီးက စားသောက်ဆိုင်တွေမှာ ထိုင်းအသံထွက်တိုင်း ရေးထားတဲ့ Menu တွေ များမှများ။

စားရင်း ပွားရင်းနဲ့ ည ၉ နာရီ ထိုးသွားပါတယ်။ ဒီအချိန် ဘယ်သွားလည်ရင် ကောင်းမလဲ။ ဘန်ကောက် တစ်မြို့လုံးကို အပေါ်စီးကနေလှမ်းမြင်နိုင်တဲ့ ၉၉၇ ပေ မြင့်ပြီး ၈၇ ထပ်အထိရှိတဲ့ Baiyoke တာဝါပေါ့။ လွန်ခဲ့တဲ့ ၄ နှစ်က ဝင်ကြေး ၂၀ဝ ဘတ်သာပေးရပေမယ့် အခု ၄၀ဝ ဖြစ်သွားပြီ။ ဒါပေမဲ့ ဒီတာဝါဆီ လာလည်တဲ့ ကမ္ဘာလှည့် ခရီးသည်ကတော့ အရင်နှစ်တွေထက်တောင် ပိုများလာနေပါတယ်။ ၃၆၀ ဒီဂရီမြင်ခွင့်ရအောင် လည်ပတ်နေတဲ့ တာဝါထိပ်က ရှုခင်းသာပေါ်ကနေ ဘန်ကောက်တစ်မြို့လုံးကို လှမ်းကြည့်ရတာ အရသာက သိပ်ထူး။ တကယ်တော့ အပေါ်စီးကနေ ကိုယ့်ထက် နိမ့်တဲ့နေရာဆီ လှမ်းကြည့်ခွင့်ရတာကို နှစ်သက်ကြတာ လူ့သဘာဝတစ်ခုပါပဲလေ။

မီးရောင်စုံတွေနဲ့ လှပနေတဲ့ ကြီးမားကျယ်ပြန့်လှတဲ့ ဘန်ကောက်မြို့ကိုကြည့်ပြီး မီးမကြာခဏ ပြတ်လေ့ရှိတဲ့ ရန်ကုန်နဲ့ ထားဝယ်ကိုတောင် လွမ်းသလိုလို။ ဒါပေမဲ့ ဒီမီးတွေက ကျွန်တော်တို့ ထားဝယ်ဘက်ကထွက်တဲ့ ရတနာဓာတ်ငွေ့ပိုက်လိုင်းကနေ လာတာဖြစ်နိုင်တယ်ဆိုပြီး မိတ်ဆွေတစ်ယောက်က ပြောတော့ စိတ်ထဲမှာ တစ်မျိုးကြီးရယ်။ လောလောဆယ်တော့ ဘာမှမတတ်နိုင်။ ၄၀ဝ ဘတ်ထဲမှာ ပါပြီးသားဖြစ်တဲ့ ဘီယာ သို့မဟုတ် အချိုရည် တစ်ခွက်စာကို သောက်နိုင်ဖို့ Sky Bar ရှိတဲ့ ၈၅ ထပ်ဆီ ပြန်ဆင်းပြီး စိတ်ညစ်စရာတွေကို ဘီယာနဲ့မျှောချခဲ့ရပေါ့။


ဆာဖရီ၊ ရေပေါ်ဈေးနဲ့ မြဘုရား

မနက်အစောပိုင်းမှာ ဆေးရုံ ဆေးခန်းကိစ္စတွေ ပြောဆိုပြီးတဲ့နောက် ဘယ်နားသွားလည်ရင် ကောင်းမလဲ ဆွေးနွေးကြပြန်ပါတယ်။ ဆေးခန်းဆိုလို့ ထိုင်းဆေးရုံတွေက ရန်ကုန်ထက် ဈေးနည်းနည်းလေးများတယ် ဆိုပေမယ့် စက်ပစ္စည်းစုံတာမို့ ရောဂါအကြောင်း အတိအကျ သိရတယ်။ ကုထုံးအကြောင်းလည်း အသေးစိတ် သိရတယ်။ မြန်မာစကားပြန်တွေလည်း ကောင်းကောင်းရှိတယ်။ ဒါကြောင့်မို့ ဒီမှာလာကုရတာ စိတ်ချမ်းသာတယ်။ မြန်မာဆရာဝန်တွေက လူနာသက်သာဖို့ထက် အသပြာရရေးဘက်ကို ဦးစားပေးနေတယ် ဆိုပြီး ကျွန်တော့်မိတ်ဆွေက စွပ်စွဲပါတယ်။

(ဘန်ကောက် မိုးပျံရထား)

သတင်းသမားဖြစ်သူ ကျွန်တော့်အတွက် ဒီလို ညည်းသံကြားရတာ ဒါ ပထမဆုံးအကြိမ် မဟုတ်ပါ။ ဒါပေမဲ့ မြန်မာဆရာဝန်တွေမှာ ဘာတွေ အခက်အခဲရှိနေသလဲ ကျွန်တော်တစ်ခါမှ အသေအချာ မမေးဖြစ်သေးပါ။ ကိုယ့်မိတ်ဆွေ ဆရာဝန်တွေ၊ ဆေးကျောင်းသားဟောင်းတွေကလည်း ဆေးမကုဘဲ နိုင်ငံရေးသမားလိုလို စာရေးဆရာလိုလို လုပ်နေကြတော့ မေးရတာ ခက်သား။ တကယ်တော့ ဆရာဝန်ဆိုတာ ကျွန်တော်တို့ သတင်းသမားတွေလိုပါပဲ။ ဘယ်နိုင်ငံမှာပဲ ဆေးဝါး ကုသသည်ဖြစ်စေ ဆရာဝန်ကျင့်ဝတ်ဆိုတာ တစ်ကမ္ဘာလုံး အတူတူပဲ မဟုတ်ပါလား။ 

မတူတာက နိုင်ငံအလိုက် ကွဲပြားနေတဲ့ အုပ်ချုပ်ရေးစနစ်။ အဲဒီစနစ်တွေက ဆရာဝန်တွေ အပါအဝင် လူသားအားလုံးရဲ့ မူလကျင့်ဝတ်တွေကိုပါ ကျိုးပျက်စေတတ်သလား။ အုပ်ချုပ်ရေးစနစ် ပျက်လို့ ကျင့်ဝတ်ပျက်တာလား၊ ကျင့်ဝတ်ပျက်လို့ အုပ်ချုပ်ရေးစနစ် ပျက်တာလား၊ ဘယ်ဟာက အရင်ပျက်မှန်း မသိပေမယ့် မြန်မာနိုင်ငံမှာ အဲဒီနှစ်ခုစလုံး ပျက်နေတယ်လို့ စာရေးသူက မြင်ပါတယ်။

ပြန်မပြင်နိုင်သေးတဲ့ ပျက်စီးမှုတွေအကြောင်း စဉ်းစားပြီး စိတ်ညစ်နေလို့ မဖြစ်သေး။ အချိန်ရတုန်း လျှောက်လည်ဦးမှ။ တစ်ရက်တာ နေ့ချင်းပြန်ခရီးတိုတွေအကြောင်း ဟိုတယ်ကောင်တာမှ မေးကြည့်တော့ ဆာဖရီ (သဘာဝဘေးမဲ့တောလိုနေရာမျိုး)၊ ပတ္တရား (ကမ်းခြေ)၊ ကန်ချနပူရီ (ဒုတိယကမ္ဘာစစ်လက်ကျန် သေမင်းတမန် ရထားလမ်း)၊ အယုဒ္ဓယ (မြန်မာဘုရင်တွေ တိုက်လို့ ပျက်ခဲ့တယ်ဆိုတဲ့မြို့) ရေပေါ်ဈေး စသဖြင့် ဘယ်သွားသွား တစ်ယောက် ၂၀ဝ၀ ဘတ်။ နေ့လည်စာ ကျွေးမယ်၊ ပြပွဲတွေကို အခမဲ့ ကြည့်ခွင့်ရ မယ်။ ဟိုတယ်က အားလုံး စီစဉ်ပေးတယ်ဆိုပါတယ်။

၂၀ဝ၀ ဆို များတာပေါ့။ ဆာဖရီဝင်ကြေးက ၂၀ဝ ဘတ်ပဲ ပေးရတယ်ဆိုပြီး ကိုယ့်ဘာသာ လမ်းဘေးတက္ကစီကို ငှားထွက်လာခဲ့ပါတယ်။ တက္ကစီခက ၇၀ဝ ဆိုတော့ မဆိုးလှ။ တစ်ယောက်မှ ၁၀ဝ စီပဲ ကျတယ်ပေါ့။ ဒါပေမဲ့ ဝင်ကြေးက တစ်ယောက် ၁၀ဝ၀ စီတဲ့။ ကိုယ်သိထားတဲ့ ၂၀ဝ ဆိုတာ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က နှုန်းမှန်း အခုမှ သတိရတယ်။

ဒါပေမဲ့ အမှတ်က မရှိသေး။ နောက်တစ်နေ့မနက် ရေပေါ်ဈေး သွားမယ်ပြင်တော့ ဟိုတယ်ဘေးနားရှိ တက္ကစီသမားတစ်ဦးက ရေပေါ်ဈေးလည်း ပို့ပေးမယ်။ အပြန်မှာ မြဘုရားဆီလည်း ဝင်ပို့ပေးမယ်။ အားလုံးမှ ကားခ ၅၀ဝ ဘတ်ပဲ ပေးပါတဲ့။ အင်း ... ၅၀ဝ ဆိုတော့ ၂၀ဝ၀ ထက် အများကြီး သက်သာတာပေါ့။ ဒါပေမဲ့ ဟိုရောက်တော့ ခုနက ဆာဖရီလိုပဲ ဝင်ကြေး ၁၀ဝ၀ ထိ ပြန်ပေါ့။ လှေစီးခက ၁၀ဝ၀။ ဆင်စီးမလား၊ ငှက် ကြည့်မလား၊ မျောက်ကြည့်မလား၊ မြွေကြည့်မလား၊ မိကျောင်းကြည့်မလား၊ ခရီးကြမ်း လေးဘီးယက်ကား ငယ်လေးတွေ စီးမလား၊ တစ်မျိုးစီတိုင်းအတွက် နောက်ထပ် ၁၀ဝ၀ စီ ပေးရမယ်တဲ့။ ကဲ ... မိတ်ဆွေသွားမယ် ဆိုရင် ကျွန်တော့်လို စိတ်ကူးတည့်ရာ လျှောက်မလုပ်နဲ့။ ဟိုတယ်က အစီအစဉ်နဲ့ လိုက်သွားတာကမှ ဈေး သက်သာဦးမယ် မဟုတ်ပါလား။


ဘန်ကောက်မှ ရန်ကုန်သို့

ဘန်ကောက်-ရန်ကုန် လေယာဉ်လက်မှတ်ဝယ်ဖို့ ဟိုတယ်ဘေးနားက Tour ဆိုင်တစ်ခုမှာ မေးကြည့်တော့ Thai Lion Air က ဈေးသက်သာတယ်။ အသွားအပြန်မှ ဘတ် ၄၀ဝ၀ တည်းတဲ့။ ဒေါ်လာ ၁၂၀ သို့မဟုတ် မြန်မာငွေ တစ်သိန်းခွဲ ဝန်းကျင်ဆိုတော့ တန်တာပေါ့။ ရန်ကုန်-ထားဝယ် ခရီးစဉ်တောင် တစ်ခြမ်းကို ခုနစ်သောင်း ဝန်းကျင်ဆိုတော့ အသွား အပြန် တစ်သိန်းခွဲ။ နိုင်ငံခြားသား စာအုပ်ကိုင်ထားသူက နှစ်ဆ ပေးရတဲ့အတွက် သုံးသိန်း ပေးခဲ့ရဖူးတာကို စိတ်နာလို့မဆုံး။



 (မင်္ဂလာဒုံကွင်းမှာတွေ့ရတဲ့ Thai Lion Air တစီး)

ဒီမှာတော့ ဘာစာအုပ် ကိုင်ထားထား လေယာဉ်ခ၊ ဟိုတယ်ခ နှစ်ဆပေးစရာ မလိုပါ။ လူကို လူလိုဆက်ဆံပြီး နိုင်ငံတွေ၊ အသားအရောင်တွေပေါ် ခွဲခြားဆက်ဆံခြင်း မရှိပါ။ ဒါပေမဲ့ လေယာဉ်ကွင်းကတော့ နိုင်ငံတကာ အဆင့်မီ သုဝဏ္ဏဘုမိ မဟုတ်ဘဲ ကွင်းဟောင်း ဒေါင်း မောင်းကနေ ထွက်ခွာရမှာတဲ့။ ပိုတောင်ကောင်းသေး။ စာအုပ်အတုကိုင်ပြီး နော်ဝေကို ထွက်ခါစနှစ်တွေက မကြာခဏ အရစ်ခံရဖူးတာကိုတောင် ပြန်လွမ်းမိပါရဲ့။ ၂၀ဝ၀ ပြည့်နှစ် ဝန်းကျင်ကာလတွေက ရန်ကုန်ပြန်ပို့ခံမှာကို သေမလောက် ကြောက်ခဲ့တဲ့ကျွန်တော် အခုတော့ ရန်ကုန်ပြန်ခွင့်ရဖို့အရေး အသည်းအသန် ကြိုးစားနေရပြန်။

ဘဝဆိုတာ ဒီလိုပါပဲ။ အမြဲတမ်း တစ်သမတ်တည်း ရှိမနေဘူးလို့ ဆိုကြတယ် မဟုတ်ပါလား။ လွန်ခဲ့တဲ့ နှစ် ၃၀ နီးပါးက တက္ကသိုလ် စာသင်ခန်းကိုစွန့်ပြီး လက်နက်ကိုင် တော်လှန်ရေးထဲ ခြေစုံပစ်ဝင်ခဲ့ဖူးတဲ့ လူငယ်တစ်ဦး၊ တိုက်ပွဲတွေ၊ ငှက်ဖျားတွေကြား မသေမပျောက် ကျန်ခဲ့သူတစ်ဦးရဲ့ ၂၉ နှစ်ကြာ အိမ်အပြန်လမ်းဟာ ဒေါင်း မောင်းလေဆိပ်မှာ ဒီလို ပြန်ကြုံရလိမ့်မယ်လို့ ဘယ်သူကများ ကြိုတင်မှန်းဆထားပါ့မလဲ။ 

ဒေါင်းမောင်းဟာ အိုစာပေါက်နေတယ်ဆိုပေမယ့် သိပ်အဆိုးကြီးတော့ မဟုတ်သေးပါ။ ရန်ကုန်လေယာဉ် ကွင်းထက်တော့ အများကြီးသာပါသေးတယ်။ ၂၀ဝ၇ ခုနှစ် မတ်လမှာတုန်းကတော့ ဒီလေယာဉ်ကွင်းတစ်ခု လုံးကိုပိတ်ပြီး သုဝဏ္ဏဘူမိဆီ အပြီးပြောင်းဖို့ ထိုင်း အစိုးရက ဆုံးဖြတ်ခဲ့ပါတယ်။ နှစ်အနည်းငယ် ကြာပြီးတဲ့အခါမှာတော့ ဒီကွင်းကို ဒီတိုင်းပစ်ထားမယ့်အစား ပြည်တွင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေဆီပြေးတဲ့ ဈေးပေါတဲ့လေယာဉ်လိုင်းတွေအတွက် ဖွင့်ပေးရင် ကောင်းမယ်ဆိုပြီး အခုလို တစ်ခါပြန်လည်ရှင်သန်လာတာ ဖြစ်ပါတယ်။

သုဝဏ္ဏဘူမိဆီသွားတဲ့ မိုးပျံရထားလမ်းလိုမျိုး မြို့ထဲနဲ့ ဒေါင်းမောင်းကြား ဖောက်နေတာ မကြာခင် ပြီးပါတော့မယ်။ ဒေါင်းမောင်းနဲ့ သုဝဏ္ဏဘူမိကြား (လေယာဉ်လက်မှတ် ပြနိုင်သူတွေအတွက်) အခမဲ့ ဘတ်စ်ကားတွေ ဆွဲပေးနေပါတယ်။ ဥရောပနဲ့ ခရီးဝေး ပြေးတဲ့ လေယာဉ်အားလုံး သုဝဏ္ဏဘူမိကထွက်ပြီး ပြည်တွင်းနဲ့ အရှေ့တောင်အာရှလေယာဉ် အတော်များများ ဒေါင်းမောင်းကနေ ထွက်တာမို့ ဒီလေယာဉ် ကွင်းနှစ်ခုကြား အချိတ်အဆက်မိအောင် ထိုင်းအစိုးရက အသေအချာ စီစဉ်ပေးထားပုံပါပဲ။

ဒေါင်းမောင်းမှာ ကောင်းတာက သုဝဏ္ဏဘူမိလို Pastport Control မှာ သိပ်အကြာကြီး တန်းစီစရာ မလိုပါ။ ဟိုမှာ လူ ၃၀ဝ၀ လောက် တန်းစီနေချိန် ဒီမှာ လူ ၃၀ဝ ကျော်လောက်ပဲ တန်းစီရပါတယ်။ အဲ ... ရန်ကုန်ကွင်းမှာတော့ လူ ၃၀ လောက်နဲ့တင် လဝကတွေက အတော် အလုပ်ရှုပ်နေပုံပါပဲ။ ဒါပေမဲ့ အစိုးရသစ် ပြောင်းသွားလို့လားမသိ။ လဝကတွေရဲ့ ဆက်ဆံရေးက နည်းနည်း အရပ်သားဆန်လာပါတယ်။ “ဒီစက်က တစ်ခါကော်ပီကူးပြီးရင် တစ်ခါရပ်သွားလို့ ပြန်ပြန်ဖွင့်နေရတယ်။ ဆောရီးနော် မောင်လေး”တဲ့။ လဝက အရာရှိ အမျိုးသမီးက ကျွန်တော့်စာအုပ်ပေါ် တုံးထုရင်း လှမ်းပြောပါတယ်။

ရပါတယ်ဆိုပြီး ပခုံးတွန့်ပြလိုက်တော့ ဘယ်လို သဘောပေါက်သွားမှန်းမသိ။ “ဆိုရှယ်ဗီဇာ မလျှောက်ဘဲ ဘာကြောင့် e-Visa နဲ့လာသလဲ။ ဟိုတယ်ခတွေ အများကြီး ကုန်နေမှာပေါ့”တဲ့။ သူက မေးခွန်းထုတ်နေပြန်ပါတယ်။ သံရုံးသွားပြီး ဖောင်ဖြည့်ရတာကို မကြိုက်လို့၊ အီးဗီဇာက ဘာမှပြောစရာမလိုဘဲ ချက်ချင်း ရလို့ပါဆိုပြီး ဖြေလိုက်ပါတယ်။

“ဒါဆို မောင်လေးရဲ့ဖခင်အမည်လေး ပြောခဲ့ပါဦး”တဲ့။ ရုတ်တရက် ကြောင်သွားပါတယ်။ ဘယ် လေယာဉ်ကွင်းမှာမှ ဒီလို အမေးမခံရဘူးတော့ ဘာဖြေရမှန်းမသိ။ Passport ထဲမှာပါပြီးသား အချက်တွေ ထက်ပိုပြီး ဘာများ ထပ်သိချင်သေးလို့လဲ။ ထောက်လှမ်းရေးက မေးခိုင်းထားတာမျိုးလားလို့တောင် သံသယ ဝင်မိပါသေးတယ်။ နောက်မှ စဉ်းစားမိတာက မြန်မာမှာ မိသားစုအမည်မရှိလို့ သားအမည်နဲ့ ဖခင်အမည်ကို တွဲမသိကြ။ ဒါကြောင့်မေးတာဖြစ်မယ်။ မြန်မာ့နည်း မြန်မာ့ဟန် ဖြစ်မယ်လို့ပဲ သဘောထားလိုက်ပါတယ်။

နောက်ထပ် တိုးတက်ခြင်းတစ်ခုကတော့ ပစ္စည်းရွေးတဲ့နေရာမှာ စောင့်ပြီး ၅ ဒေါ်လာ၊ ၁၀ ဒေါ်လာ တောင်းစားတဲ့လူတွေ ဒီတစ်ခေါက် မတွေ့ရတော့ပါ။ ပိုသေချာအောင် အကောက်ခွန်အရာရှိကို သွားမေးကြည့်မိပါသေးတယ်။ “ခေတ်ပြောင်းသွားပြီလေ အစ်ကို”တဲ့။ အထုပ်အပိုးတွေကိုတောင် သူက အခမဲ့ ကူသယ်ပေးလိုက်ပါသေးတယ်။ ရန်ကုန်မြို့ကြီး တယ် ဟုတ်နေပါလားပေါ့။

ဒါပေမဲ့ ဆိုးတာက နိုင်ငံတကာ လေယာဉ်ကွင်းတွေမှာလို ရန်ကုန်ကွင်းမှာ အင်တာနက် အခမဲ့ မရသေးပါ။ (အပြန်ခရီးစဉ်မှာတော့ ရခဲ့ပါတယ်။ အသွားတုန်းက ဘာတွေ လွဲခဲ့မှန်းမသိပါ)။ ဒီတော့ အပြင်မှာ လာကြိုဖို့ချိန်းထားသူနဲ့ Facebook မက်ဆင်ဂျာကနေ ဆက်သွယ်လို့ မရပါ။ ကောင်းတာကတော့ နော်ဝေ တယ်လီဖုန်းလိုင်းတွေက ဒီတစ်ခေါက်မှာ ရန်ကုန်အထိ လိုင်းမိနေခြင်းပါ။ (အရင်ခေါက်တွေက လိုင်းမမိပါ) နော်ဝေပိုင် တယ်လီနော် ကုမ္ပဏီရဲ့ အကျိုးကျေးဇူးကြောင့်များလား။ နော်ဝေဖုန်းနဲ့ပဲ ရန်ကုန်နံပါတ်ကို ခေါ်လိုက်ရတယ်ဆိုပါတော့။    


တော်သေးတယ်။ အပြင်မှာ ကိုယ့်လူတွေ လာစောင့်နေလို့။ အချိန်က ည ၉ နာရီကျော်ပြီဆိုတော့ ခပ်လန့်လန့်ရယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီကမှ ရှေ့နေကြီးဦးကိုနီ ဒီလေယာဉ်ကွင်းက အထွက်မှာ ပစ်သတ်ခံဖူးတယ် မဟုတ်ပါလား။ အခုချိန်ထိ တရားခံကို မမိသေး။ ဒီတော့ ရန်ကုန်လေယာဉ်ကွင်းမှာ ဘန်ကောက်ကွင်းလို ပေါ့ပေါ့ဆဆနေလို့မဖြစ်။ တက္ကစီတွေ၊ ကားဆရာတွေကလည်း ဘန်ကောက်လို စနစ်တကျ မှတ်ပုံတင်လုပ်ထားတာ မဟုတ်။ ကားအဆင့်အတန်းကလည်း တစ်ယောက် တစ်မျိုးစီ။ ဒီတော့ အသိဘော်ဘော်တွေဆီ မက်ဆင်ဂျာကနေ သတင်းပို့ပြီး အခုလို လာကြိုခိုင်းထားတာဟာ လောလောဆယ်အတွက် အကောင်းဆုံးနည်း မဟုတ်ပါလား။      ။
...




https://youtu.be/lCsxpnerlbU


Share

Twitter Delicious Facebook Digg Stumbleupon Favorites More