Friday, February 28, 2014

ကိုခင်သန်းဆိုတာ ဘယ်သူလဲ။ ဘာကြောင့် DVB မှာပြန်တာဝန်ပေးတာလဲ။


(၂၇-၀၂-၂၀၁၄ ရက်နေ့က DVB ၀န်ထမ်းတဦး Facebook မှာတင်ထားတဲ့ ဓာတ်ပုံ)

Aljazeera သတင်းထောက်လွှတ်ပေးရေးတောင်းဆိုတဲ့ DVB ၀န်ထမ်းအုပ်စုထဲ ကိုခင်သန်းပုံကို မြင်ရတော့ အတော်အံ့သြသွားပါတယ်။

ကိုခင်သန်းဟာ အရင်က ABSDF သုတေသနဌာနမှုး၊ DVB အတွက် ABSDF သတင်းအယ်ဒီတာအဖြစ်တာဝန်ယူနေစဉ် DVB ရုံးချုပ်ရှိရာ အော်စလိုကနေ မဲဆောက်ကိုအပြန် ၁၉၉၉ အစောပိုင်းက ပျောက်ဆုံးသွားခဲ့တာပါ။

ပျောက်စဉ်က ထောက်လှမ်းကပဲ ဖမ်းပြီး မြ၀တီကိုဆွဲသွားသလိုလို၊ ဒါမှမဟုတ် ဒီလူဟာ နဂိုကတည်းက ထောက်လှမ်းရေးဖြစ်ပြီး ABSDF နဲ့ DVB ဆီ သတင်းနှိုက်ဖို့ အတွင်းထဲအထိလာပြီး သူလျှိုလုပ်သူအဖြစ် အဲဒီကာလက ABSDF တာဝန်ရှိသူတွေကပြောခဲ့ပါတယ်

အခုတော့ သူက DVB မှာ ၀န်ထမ်းပြန်ဖြစ်နေပြီလား။ ၁၉၉၉ ကနေ ၂၀၁၃ အကြားမှာ ဘာတွေဖြစ်ခဲ့သလဲ။ ဘာကြောင့်ပြန်ဝင်ပြီး ဘာကြောင့်အဖမ်းမခံရသလဲ။ ဘယ်လိုလုပ် ဒီဗွီဘီ ဆီပြန်ရောက်လာသလဲဆိုတာကို ရှင်းမပြတော့ဘူးလား။


ကဲ...ABSDF တာဝန်ရှိသူတွေ၊ DVB တာဝန်ရှိသူတွေဘယ်လိုရှင်းပြမလဲ...။ တချိန်က အမှတ် ၂၀၁ တပ်ရင်း မင်းသမီးခစန်းမှာ ကိုခင်သန်းကိုတွေ့ဖူးသူတွေ၊ နောက် ABSDF ဗဟိုက ပုဂ္ဂိုလ်တွေ ဘာပြောကြမလဲ...။

မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် တခုခုလွဲချော်နေပြီလား...။

(From The Irrawaddy
INTELLIGENCE Page
JUNE, 1999 - VOLUME 7 NO.5)

ABSDF Research Chief Defects

It has been confirmed that Khin Than, head of the research department of the All Burma Students’ Democratic Front (ABSDF) surrendered to Burmese military authorities in late March. Rumors that he had been abducted by the SPDC proved to be incorrect, as reliable eyewitnesses reported that they saw Khin Than boarding a vehicle with official Burmese license plates on the day of his disappearance from the Thai border town of Mae Sot.

Khin Than was regarded as the best informed member of the ABSDF’s intelligence wing, with extensive knowledge of operations being carried out by the ABSDF and other opposition groups on the Thai-Burma border. His defection raised concerns amongst Burmese dissidents about how the SPDC might use sensitive information to undermine its opponents’ activities.

A staunch supporter of Ne Win’s Burmese Socialist Program Party (BSPP) government prior to the 1988 uprisings, Khin Than later joined the 8-8-88 pro-democracy movement and like many other activists fled to the border area following the military’s crackdown on opponents. He later became a senior member of the ABSDF and head of the research department.

တော်လှန်ရေး သတင်းသမားတဦးရဲ့ ဒိုင်ယာရီ (နိဒါန်း)


ထက်အောင်ကျော် (၀၁-၀၃-၂၀၁၄)

DVB (ဒီမိုကရက်တစ် မြန်မာ့အသံ) အကြောင်း အခန်းဆက်ဆောင်းပါးတွေကို လာမဲ့ ကြာသပတေးနေ့၊ မတ်လ ၁၃ ရက်နေ့မှာကျရောက်တဲ့ မြန်မာနိုင်ငံလူ့အခွင့်ရေးမှစတင်ကာ အပတ်စဉ် ကြာသပတေးနေ့တိုင်း ဖေါ်ပြပေးသွားမည်ဖြစ် ပါကြောင်း ကြိုတင် ကြော်ငြာဝင်ပါသည်။
.....................................................


တော်လှန်ရေး သတင်းသမားတဦးရဲ့ ဒိုင်ယာရီ (နိဒါန်း)

အခု ကျနော်ရေးသားတင်ပြမယ့် ''တော်လှန်ရေး သတင်းသမားတဦးရဲ့ ဒိုင်ယာရီ'' ဟာ DVB (Democratic Voice of Burma) ဒီမိုကရက်တစ်မြန်မာ့အသံရဲ့ သမိုင်းမဟုတ်ပါ။ အော်စလိုအခြေစိုက် DVB ရဲ့ ၂၁ နှစ်တာဖြတ်သန်းမှုထဲက ကျနော်ပါဝင်ခဲ့ဖူးတဲ့ ၁၉၉၅ ကနေ ၂၀၁၁ ခုနှစ်အထိ ၁၆ နှစ်တာ အတွင်း အောက်ခြေသတင်းထောက်တဦး ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကို မျှဝေခြင်းမျှသာ ဖြစ်ပါ တယ်။

၁၉၉၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှာ ဒီမိုကရေစီလှုပ်ရှားသူများရဲ့အသံအဖြစ် စတင်ထုတ်လွှင့်ခဲ့တဲ့ DVB ဟာ မူလအခြေစိုက်ရာ နော်ဝေးနိုင်ငံ အော်စလိုမြို့ကနေ မြန်မာနိုင်ငံ ရန်ကုန်မြို့နဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တို့ဆီ ၂၀၁၃ နှစ်ကုန်ပိုင်းမှာ လုံးဝအပြီး ပြောင်းရွှေ့သွားပြီဖြစ်ပါတယ်။

အမျိုးသားညွန့်ပေါင်းအစိုးရ NCGUB (National Coalition Government of the Union of Burma) အသံလွှင့်ဌာနအဖြစ် စတင်ခဲ့ပြီး လွတ်လပ်တဲ့သတင်းဌာနတခုအဖြစ် တဖြည်းဖြည်း အသွင်ပြောင်း သွားခဲ့တဲ့ DVB ရဲ့ ၂၁ နှစ်တာ ဖြတ်သန်းမှုကာအတွင်း အောင်မြင်မှုတွေ အများကြီးရှိခဲ့သလို ဝေဖန် စရာတွေလည်း အများကြီးကျန်ခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် DVB ဟာ ၈ လေးလုံးအရေးတော်ပုံနောက်ပိုင်း ပေါ်ပေါက်လာတဲ့ ဒီမိုကရေစီကိုယ်စားပြု မီဒီယာတွေထဲမှာ တခုတည်းသော အသံလွှင့်ဌာနဖြစ်ပါတယ်။ ဒါကြောင့် တခေတ်ပြောင်းသွားပြီဖြစ်တဲ့ DVB အကြောင်းကို အခုချိန်မှာ မှတ်တမ်းတင်ထားသင့်တယ်လို့ ကျနော်ယုံကြည်ပါတယ်။

DVB အကြောင်း မှတ်တမ်းရေးမယ်ဆိုပြီး ပြောနေပေမယ့် တကယ်တော့ ကျနော်ဟာ DVB စတင်ဖွဲ့ စည်းစဉ်မှာ ပါဝင်ခဲ့သူတဦးမဟုတ်သလို ခရီးဆုံးတဲ့အထိ လိုက်ပါခွင့်ရသူတဦးလည်း မဟုတ်ပါ။ ဒါဖြင့် ဘာကို ရေးမှာလဲလို့ မေးစရာရှိပါတယ်။ ABSDF (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး) အကြောင်းရေးတဲ့အတိုင်းပါပဲ။ ကိုယ်ပါဝင် တာဝန်ထမ်းဆောင်ခဲ့စဉ် ကြုံခဲ့ရတဲ့ အခြေနေ တွေကိုသာ ရေးသားတင်ပြမှာဖြစ်ပါတယ်။

ABSDF နဲ့ DVB ဘာကွာသလဲဆိုရင် ABSDF က စေတနာ့ဝန်ထမ်း အဖွဲ့စည်းသက်သက်ဖြစ်ပြီး DVB ကတော့ လခပေးစနစ်နဲ့သွားတဲ့ Professional အဖွဲ့ဖြစ်တယ်လို့ ကျနော်ထင်ပါတယ်။ ဒီလိုအခြေခံ ကွာတဲ့အတွက် နှစ် ၂၀ ကျော်ကြာပြီးတဲ့အခါမှာ ABSDF နဲ့ DVB ဟာ သီးခြားစီဖြစ်သွားတယ်လို့လည်း ယူဆပါတယ်။

အခုရေးသားမှုဟာ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ တော်လှန်ရေးကာလ သတင်းသမားတဦးရဲ့ အခက်ခဲ၊ DVB ခေတ်ဦးပိုင်း အခြေနေတွေကို သမိုင်းလေ့လာသူတွေ၊ အထူးသဖြင့် ဒီနေ့ လူငယ် မီဒီယာသမား တွေ လေ့လာသိရှိနိုင်ဖို့ အဓိကရည်ရွယ်ပါတယ်။    

ဒီလိုရေးသားတဲ့နေရာမှာ သိမ်းဆည်းထားတဲ့ မှတ်တန်းတချို့နဲ့ မှတ်မိသမျှကိုသာ စဉ်းစားပြီး ပြန်ရေးရ မှာ ဖြစ်တဲ့အတွက် အချက်လက် မှားယွင်းတာ၊ လွှဲချော်တာတွေရှိပါက လုပ်ဖော်ကိုင်ဖက်များ၊ ရဲဘော် ရဲဘက်များအနေဖြင့် ပြန်လည်ထောက်ပြပေးကြဖို့လည်း ဖိတ်ခေါ်အပ်ပါတယ်။။

စာဖတ်ပရိတ်သတ်အားလုံးကို လေးစားလျက်
ထက်အောင်ကျော်။
.........................။

Thursday, February 27, 2014

ရှေ့သုံးလှမ်းတိုး နောက်နှစ်လှမ်းပြန်ဆုတ်တဲ့ မြန်မာ့မီဒီယာလောက

ထက်အောင်ကျော် (၂၈-၀၂-၂၀၁၄)

၂၀၁၀ ရွေးကောက်ပွဲကနေ စတင်ခဲ့တယ်ပဲဆိုဆို၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲပြီးမှာမှ တကယ်ဖြစ် လာတာလို့ပဲပြောပြော၊ လက်ရှိသွားနေတဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်မှာ အမြင် သာဆုံး တိုးတက်မှုကိုပြပါဆိုရင် မီဒီယာလောကကိုပဲ လက်ညှိုးထိုးပြရပါလိမ့်မယ်။

(သတင်းလွတ်လပ်ခွင့်ရှိတယ်ဆိုပေမဲ့ စလောင်းတွေကိုသာ အားကိုးနေရဆဲ)

ဖမ်းဆီးခံ သတင်းသမားအားလုံးကို အကျဉ်းထောင်တွေကနေ လွတ်ပေးလိုက်တာ၊ စာပေဆင်ဆာအဖွဲ့ ကို လုံးဝဖျက်သိမ်းလိုက်တာ၊ ပုဂ္ဂလိကပိုင် သတင်းစာတွေ ထုတ်ဝေခွင့်ပေးလိုက်တာ၊ ပြည်ပကနေ၀င် လာတဲ့ တချိန်ကအတိုက်ခံဖက်ယိမ်းတဲ့ မီဒီယာတွေကို ပြည်တွင်းမှာအခြေချခွင့်ပေးလိုက်တာ၊ နိုင်ငံတ ကာ မီဒီယာသမားတွေကို သတင်းထောက် ဗီဇာပေးပြီး ရန်ကုန်မှာ ရုံးခွဲတွေဖွင့်ခွင့်ပေးလိုက်တာတွေ ဟာ အခုနှစ်ပိုင်းအတွင်း မီဒီယာလောကရဲ့ မဟာခုန်ပြန်ကျော်လွှားမှုတွေပေါ့။

ဒါပေမဲ့ အဲဒါတွေဟာ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းတွေစတင်ခါစ လွန်ခဲ့တဲ့ ၂၀၁၂ နဲ့ ၂၀၁၃ အစောပိုင်း ပိုင်းက ဖြစ်ပေါ်ခဲ့တဲ့တိုးတက်မှုတွေသာဖြစ်ပြီး အခု ၂၀၁၃ နှောင်းပိုင်းနဲ့ ၂၀၁၄ အစောပိုင်းတွေမှာတော့ အခြေနေဟာ အရင်ကလောက် အရှိန်မကောင်းတော့ဘူးလို့ မီဒီယာလွတ်လပ်ခွင့်စောင့် ကြည့်ရေးအဖွဲ့ တွေက ထုတ်ပြောလာပါတယ်။

''မြန်မာနိုင်ငံရဲ့သတင်းလွတ်လပ်ခွင့် ၂၀၁၄ အခြေနေဟာ ၂၀၁၃ ထက်တော့ ၆ ဆင့် ပိုတိုးတက်လာပါ တယ်။ ဒါပေမဲ့ ၂၀၁၃ တုန်းကဆိုရင် ၂၀၁၂ အခြေနေထက် ၁၈ ဆင့်တောင် တက်လာတာတွေ့ရ တယ်'' လို့ နယ်ခြားမဲ့ သတင်းသမားကာကွယ်ရေးအဖွဲ့ RSF ကပြောပါတယ်။ ပြီးခဲ့တဲ့သတင်းပတ်က ထုတ်ပြန်ခဲ့တဲ့ Index ခေါ် တမ္ဘာလုံးရှိ နိုင်ငံပေါင်း ၁၈၀ ရဲ့အခြေနေကို အဆင့်လိုက်ဖေါ်ပြတဲ့ အစီရင်ခံ စာအတွင်း အခုလို ဖေါ်ပြထားတာဖြစ်ပါတယ်။

စာရင်းအတိအကျကိုပြောရမယ်ဆိုရင် နိုင်ငံပေါင်း ၁၈၀ မှာ မြန်မာနိုင်ငံအခြေနေက ၁၄၅ နေရာမှာရှိ ပါတယ်။ မနှစ်က ၁၅၁ နေရာမှာရှိခဲ့တဲ့အတွက် ၆ ဆင့် တက်လာတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၂၀၁၂ တုန်းကတော့ ၁၆၉ နေရာကနေ ၂၀၁၃ မှာ ၁၅၁ အထိတက်လာတဲ့အတွက် ၁၈ ဆင့်အထိ ခုန်တက်လာတယ်။ ဒါကြောင့် ၂၀၁၃ နဲ့စာရင် ၂၀၁၄ ဟာ သတင်းလွတ်လပ်ခွင့်တိုးတက်မှု နှုန်းထား အရှိန်ပြန်ကျသွားတယ်။ ၁၈ ဆင့်တိုးရာကနေ ၆ ဆင့်သာတိုးတော့တဲ့အတွက် ရှေ့ ၃ လှမ်းတိုးပြီး နောက် နှစ်လှမ်းပြန်ဆုတ်သွားတယ်လို့ ဆိုလိုတာပါ။

၂၀၁၄ စာရင်းတွေအရ မြန်မာထက်နိမ့်တဲ့နိုင်ငံပေါင်း ၃၀ ခန့်ထဲမှာတော့ အိမ်နီးချင်းအာဆီယံနိုင်ငံတွေ ဖြစ်တဲ့ စင်ကာပူ၊ မလေးရှား၊ ဖိလပိုင်၊ လာအိုနဲ့ ဗီယက်နမ်တို့ပါဝင်နေတာ အံ့သြွဘွယ်ဖြစ်ပါတယ်။ တခါ တောင်အာရှဖက်က အိမ်နီးချင်းတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ သိရိလကာင်္နဲ့ ပါကစ္စတို့ဟာလဲ မြန်မာ ရဲ့အောက်ကိုရောက်နေပါတယ်။ ပြီးတော့ မြန်မာရဲ့အဓိကမဟာမိတ် တရုတ်နိုင်ငံဟာ အောက်ဆုံးက နေ ပြန်ရေတွက်ရင် နံပတ် ၆ နေရာမှာရှိနေပြီး မြောက်ကိုးရီးယားကတော့ အောက်ဆုံးရဲ့ ဒုတိယ နေရာမှာရှိနေတာကို တွေ့ရပါတယ်။ အပေါ်ဆုံး ၃ နေရာကိုတော့ ဥရောပတိုက်က ဖင်လန်၊ နယ်သာ လန်နဲ့ နော်ဝေတို့က ၃ နှစ်ဆက်တိုက် ယူထားတာတွေ့ရပါတယ်။

(ဒီနှစ် သတင်းဆုပေးပွဲမှာ ရေဒီယိုနဲ့ အွန်လိုင်းကိုပါ ထည့်ပေးလာမလား)

အပေါ်ဆုံးကိုရောက်ဖို့ ဒါမှမဟုတ် နော်ဝေးနဲ့ ဥရောပတိုက်ရဲ့ မီဒီယာအဆင့်တန်းကိုမှီဖို့ မြန်မာနိုင်ငံ အနေနဲ့ နောက်ထပ်အဆင့် ၁၄၀ ကျော်လိုသေးတယ်ဆိုပေမဲ့ ပြုပြင်ပြောင်းလဲရေးကာလ ၃ နှစ် လောက်အတွင်း အောက်ဆုံးနီးပါးအဆင့်ကနေ အဆင့်ပေါင်း ၃၀ လောက် ခုန်တက်လာတယ်ဆိုတာ ဟာ နည်းတဲ့နှုန်းထားမဟုတ်ပါ။ ဒါပေမဲ့ ၂၀၁၄ မှာ ဘာကြောင့် တိုးတက်နှုန်းကျသွားသလဲဆိုတာက တော့ စဉ်းစားစရာဖြစ်လာနေပါတယ်။

အစိုးရနဲ့ လွှတ်တော်ကဆွေးနွေးနေတဲ့ မီဒီယာဥပဒေတွေဟာ နိုင်ငံတကာအဆင့်တန်းနဲ့ ကိုက်ညီမှုမရှိ တဲ့အပြင် တချို့ဥပဒေတွေကို မီဒီယာသမားတွေနဲ့ညှိနှိုင်းမှုမရှိပဲ အစိုးရက တဖက်သတ်ဆောင်ရွက်နေ တာတွေဟာ လက်ခံနိုင်ဘွယ်မရှိဘူးလို့ RSF ကပြောပါတယ်။ ပုံနှိပ်ထုတ်ဝေခြင်းဆိုင်ရာ ဥပဒေမူကြမ်း နဲ့ အသံလွှင့်ခြင်းဆိုင်ရာ ဥပဒေမူကြမ်းပါ အခြေခံလွတ်လပ်ခွင့်တွေကိုပေးလိုက်ရင် ဖြစ်ပေါ်လာမဲ့ အ ကျိုးရလာဒ်အပေါ် အစိုးရဖက်က ဒွိဟဖြစ်နေဆဲဖြစ်ပုံရတယ်လို့ ထောက်ပြထားပါတယ်။

နိုင်ငံပေါင်း ၁၈၀ ရဲ့အခြေနေကိုတန်းစီပြောတာဖြစ်တဲ့အတွက် အသေးစိပ်အချက်လက်တွေတော့ အစီ ရင်ခံစာထဲမှာ မတွေ့ရပါ။ ဒါပေမဲ့ အခုတလော ထွက်ပေါ်လာနေတဲ့ မီဒီယာလောက နောက်ပြန်ဆုတ်မှု အချက်လက်တွေကို ဒီနေရာမှာ စုစည်းတင်ပြရမယ်ဆိုရင် Unity ဂျာနယ်မှ အမှုဆောင်အရာရှိချုပ် ဦး တင့်ဆန်း၊ သတင်းသမားတွေဖြစ်တဲ့ ကိုလူမော်နိုင်၊ ကိုပိုင်သက်ကျော်၊ ကိုရာဇာဦးနဲ့ ရုံးအဖွဲ့မှုး ကို အောင်နိုင်ထွန်းတို့ ၅ ဦးကို နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှုနဲ့ စွဲချက်တင်ပြီး အစိုးရက ဖမ်းဆီစစ် ဆေးနေပါတယ်။

တခါ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကလဲ Eleven ဂျာနယ်မှ သတင်းသမားတဦးကို လာဒ်စားတဲ့သတင်းရေးသားမှု နဲ့ ထောင်ဒဏ် ၃ လ ချံခဲ့ဖူးပါတယ်။ နောက်တခါ ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၄ ရက်နေ့ကလဲ မုံရွာဖက်က ကြေးနီမိုင်းဆန္ဒပြပွဲကို သတင်းယူတဲ့ သတင်းထောက်နှစ်ဦးရဲ့ ဓာတ်ပုံတွေကို အာဏာပိုင်တွေက အ တင်းအကျပ်ဖျက်ဆီးခိုင်းခဲ့တာမျိုးလဲရှိခဲ့ပါသေးတယ်။

ဖမ်းဆီးနှောက်ယှက်မှုကနေ ကန့်သန့်ချုပ်ချယ်မှုတွေအကြောင်းကို ဆက်ပြောရမယ်ဆိုရင် ရခိုင်ဖက် မှာဖြစ်ပွါးခဲ့တဲ့ ပဋိပက္ခနဲ့ပတ်သက်ပြီး နိုင်ငံခြားသတင်းဌာနကြီးတခုရဲ့ သတင်းဖေါ်ပြချက်ဟာ မှားယွင်း တယ်လို့ပြန်ကြားဝန်ကြီးဌာနဖက်ကယူဆတဲ့အတွက် အဲဒီသတင်းဌာနက သတင်းထောက်တွေ အပါ ၀င် နိုင်ငံခြားသတင်းထောက်တွေကို ဂျာနယ်လစ်ဗီဇာထုတ်ပေးမှု တင်းကျပ်လိုက်တယ်လို့သိရပါတယ် ။

နောက်တချက်ကတော့ အစိုးရပိုင်မီဒီယာနဲ့ ပုဂ္ဂလိကပိုင် မီဒီယာတွေရဲ့အားပြိုင်မှုကြီးထွားလာခြင်းလို့ ပြောရမယ်ထင်ပါတယ်။ ပုဂ္ဂလိကပိုင် သတင်းစာနဲ့ဂျာနယ်တွေက အစိုးရသတင်းစာမှာသွားထည့်တဲ့ ကြော်ငြာတွေကို အစိုးရသတင်းစာက ဆင်ဆာဖြတ်လိုက်ပါတယ်။ ဒုတိယအချက်ကတော့ အစိုးရအဖွဲ့ တွင်းက အရေးကြီးသတင်းတွေကို ပုဂ္ဂလိကပိုင်သတင်းလောကဆီမပေးပဲ အစိုးရပိုင်းမီဒီယာတွေကို သာ ဦးစားပေးထုတ်ပေးနေတယ်။ ပြန်ကြားရေးဝန်ကြီးဌာနဟာ နိုင်ငံတော်ဘဏ္ဍကိုအသုံးပြုးပြိး ပုဂ္ဂလိ က မီဒီယာလောကအပေါ် အနိုင်ကျင့်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေထွက်လာနေပါတယ်။

ဒါက ပုဂ္ဂလိက မီဒီယာသမားတွေအပေါ် အစိုးရဖက်က ဖိနှိပ်လာမှုအပိုင်းပါ။ ဒီကြားထဲ ပုဂ္ဂလိကပိုင် မီဒီယာလောကမှ သတင်းသမားတွေဟာ သတင်းကျင့်ဝတ်ကိုမသိဘူး၊ စံချိန်စံညွှန်း မမီဘူးဆိုတဲ့ စွပ်စွဲ ချက်တွေလဲ ထွက်လာနေပါတယ်။ ရှေ့မှာတင်ပြခဲ့တဲ့ Unity ဂျာနယ်ရဲ့ သတင်းဖေါ်ပြမှုကိုတောင် သ တင်းကျင့်ဝတ်နဲ့မညီဘူး၊ စံချိန်စံညွှန်းကိုမသိဘူးဆိုပြီး ဝေဖန်တဲ့ လူတွေလဲရှိလာနေပါတယ်။

တခါ အခုရက်ပိုင်းအတွင်းထုတ်ဝေတဲ့ နာမည်ကြီးဂျာနယ်တခုမှ နာမည်ကြီး အဆိုတော်လူငယ်တဦး ရဲ့ဆောင်းပါးထဲမှာလဲ သူကို အင်တာဗျုးလာလုပ်တဲ့ သတင်းသမားဟာ မူးရူးနေတဲ့အပြင် အင်တာဗျုး မဲ့အကြောင်းအရာကိုလဲ ဘာမှကြိုတင်လေ့လာမထားဘူး။ အိမ်စာလဲ လုပ်မလာဘူး။ သူ့အမည်ကို တောင် မှန်အောင်မခေါ်တတ်ဖူး။ မီဒီယာသမားတွေဟာ ဖွ ဖို့လောက်၊ စောင်ရေများအောင်လောက်ပဲ စိတ်ဝင်စားနေတယ်ဆိုပြီး ပြင်းပြင်းထန်ထန် ဝေဖန်ထားတာတွေ့ရပါတယ်။

ဒီလိုနှစ်ဖက်အမြင်တွေ ငြင်းခုန်လို့ကောင်းတုန်းမှာ မြန်မာနိုင်ငံရဲ့ ပထမ ဆုံး မီဒီယာကျောင်းဖြစ်တဲ့ Myanmar Journalism School ကို ဒီနှစ်ထဲ ဖွှင့်နိုင်ဘွယ်ရှိတယ်လို့ သတင်းတွေထွက်လာ ပါတယ်။ ပွင့်လင်းကာစ မြန်မာ့မီဒီယာလောကမှာ အတွေ့အကြုံရှိသူ၊ နိုင်ငံတကာအဆင့်မှီသူ သတင်း သမားတွေနည်းနေသေးလို့ ဒီလိုကျောင်းတွေဖွင့်တာကို မူအရကြိုဆိုသင့်ပါတယ်။ ဒါပေမဲ့ ဒီကျောင်းကို ပြန်ကြားရေးဝန်ကြီးဌာနက ချုပ်ကိုင်ဖို့ပြင်နေတဲ့အတွက် မီဒီယာသမားတွေက မကျေမလည်ဖြစ်နေ တယ်လို့ ဆိုပါတယ်။

အနှစ်ပြန်ချုပ်ရမယ်ဆိုရင်တော့ မြန်မာ့မီဒီယာလောက တိုးတက်မှုအခြေနေဟာ နိုင်ငံရေးအသွင်ကူး ပြောင်းမှုလုပ်ငန်းစဉ်တိုးတက်ခြင်းနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။ နိုင်ငံရေးအသွင်ကူးပြောင်းမှုတိုး တက်မှ မီဒီယာလွတ်လပ်ခွင့်လဲ တိုးတက်သလိုဖြစ်နေပါတယ်။ ဆိုလိုတာကတော့ ဥပဒေတွေ၊ မူလ ရပိုင်ခွင့်တွေ၊ Institutions တွေအရ မီဒီယာလွတ်လပ်ခွင့်ကို အသေအချာကာကွယ်ပေးထားတဲ့ အ ဆင့်ဆီမရောက်သေးပါ။

(လွှတ်တော်မှာဆွေးနွေးနေတဲ့ မီဒီယာဥပဒေတွေက ဘယ်လောက်အထိ အာမခံချက်ရှိမလဲ)

နိုင်ငံရေးအခြေနေအရ ကြည့်ပျော်ရှုပျော်ဖြစ်အောင် ပေးထားတဲ့သဘော၊ သမ္မတကဖြစ်ဖြစ်၊ လွှတ် တော်ဥက္ကဌကဖြစ်ဖြစ်၊ ပြန်ကြားရေး ၀န်ကြီးကဖြစ်ဖြစ် ပုဂ္ဂိုလ်ရေးသြဇာအရ ပေးထားတဲ့အဆင့်မှာသာ ရှိနေပြီး ဥပဒေအရ၊ Institutions အရ အာမခံထားတဲ့အဆင့် မတွေ့ရသေးပါ။ ဒါကြောင့် နိုင်ငံရေးအ ခြေနေမကောင်းတာနဲ့ ရထားတဲ့မီဒီယာလွတ်လပ်ခွင့်တွေလဲ ချက်ချင်းပြန်ဆုံးရှုံးသွားနိုင်ပါတယ်။

တနည်းအားဖြင့်ပြောမယ်ဆိုရင် ရှေ့သုံးလှမ်းတိုးပြီး နောက်နှစ်လှမ်း ပြန်ဆုတ်သွားတဲ့အခြေနေမျိုး ထပ် မကြုံရလေအောင် စာနယ်ဇင်းကောင်စီ (ယာယီ) အပါဝင် မီဒီယာသမားအားလုံးက စည်းလုံးညီညွတ် စွာနဲ့ ရပ်တည်တိုက်ပွဲဝင်ဖို့လိုပါတယ်။ စာနယ်ဇင်းဆိုတဲ့ ပုံနှိပ်မီဒီယာအပြင် အသံလွှင့်မီဒီယာ ဖြစ်တဲ့ ရေဒီယိုနဲ့ ရုပ်မြင်သံကြားဖက်က သတင်းသမားတွေ၊ အွန်လိုင်းမီဒီယာလို့ခေါ်တဲ့ အင်တာနက် အခြေ ခံမီဒီယာသမားတွေပါ ပါဝင်ခွင့်ရတဲ့ မီဒီယာကောင်စီကိုအခိုင်မာဖွဲ့ပြီး အာဏာပိုင်အဖွဲ့မျိုးစုံးရဲ့ ဖိနှိပ်မှု တွေကို တွန်းလှန်ဖို့၊ မီဒီယာအခွင့်ရေးအပြည့်အ၀ရအောင် လက်တွဲဆောင်ရွက်ဖို့ အရေးတကြီးလိုအပ် နေပါကြောင်း တင်ပြလိုက်ရပါတယ်။    ။

Wednesday, February 26, 2014

ဧရာဝတီ အမှတ် ၂ (ကြွေးကြော်သံတွေကြား ပိတ်မိနေတဲ့ မြန်မာပြည်)

ဧရာဝတီ အမှတ် ၂ (ကြွေးကြော်သံတွေကြား ပိတ်မိနေတဲ့ မြန်မာပြည်- စာ ၃၃)


undefined

ဧရာဝတီ အမှတ် ၄ (မြန်မာစံတော်ချိန် ဘယ်တော့ပြောင်းမလဲ)

ဧရာဝတီ အမှတ် ၄ (မြန်မာစံတော်ချိန် ဘယ်တော့ပြောင်းမလဲ- စာမျက်နှာ ၃၄)


undefined

ဧရာဝတီ အမှတ် ၈ (ခင်ဗျား မြန်မာပြည်က မဟုတ်ဘူးနဲ့တူတယ်)

 ဧရာဝတီ အမှတ် ၈ (ခင်ဗျား မြန်မာပြည်က မဟုတ်ဘူးနဲ့တူတယ်- စာမျက်နှာ ၃၁)


undefined

Sunday, February 23, 2014

ကတ္တရာလမ်းခင်းပေးရန် ကံပေါက် ဒေသခံ ၁၅၀၀ ကျော် ဆန္ဒပြ

၊Dawei Watch၊ ထားဝယ်၊ ဖေဖော်ဝါရီ ၂၂

ကတ္တရာလမ်းခင်းပေးရေးနှင့် သဘာဝပတ်ဝန်းကျင် ကာကွယ်ပေးရေးအတွက် သဘာဝဓာတ်ငွေ့ ကုမ္ပဏီများကို တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ကံပေါက်ဒေသမှ ကျေးရွာပေါင်း ၁၆ ရွာမှ ဒေသခံ ၁၅၀၀ ကျော်က ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် ဆန္ဒပြခဲ့ကြကြောင်း ဦးဆောင်စီစဉ်သူတစ်ဦးထံမှ သိရသည်။

TOTAL, PTTEP နှင့် PETRONAS သဘာဝ ဓာတ်ငွေ့ ကုမ္ပဏီများက အသုံးပြုနေသည့် လမ်းကို ကတ္တရာလမ်းခင်းပေးရန် ဒေသခံများက တောင်းဆိုသော်လည်း လိုက်လျောမှု မရှိသေးသဖြင့် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း ဆန္ဒပြရန် စီစဉ်သူများက ပြောသည်။

ဆန္ဒပြ ခွင့်ပြုမိန့် တောင်းခံစဉ်က ခန့်မှန်း လူအင်အား တစ်ရာ ဖြင့် တင်ပြထားသော်လည်း ဆန္ဒပြရန် စုဝေးသည့် အချိန်တွင် လူအင်အား တစ်ထောင်ခန့် ရောက်ရှိလာပြီး ဆန္ဒထုတ်ဖော်သည့် လမ်းတစ်လျှောက်တွင်လည်း ဒေသခံများ ထပ်မံ ပူးပေါင်းလာကြသဖြင့် အင်အား ၁၅၀၀ ကျော် သွားကြောင်း ဆန္ဒပြပွဲကို ဦးဆောင်စီစဉ်သူများအနက် တစ်ဦးဖြစ်သည့် ဦးကျော်မိုးဦးက ပြောသည်။

“ ၁၀ တန်းစာပေးပွဲ ပြီးတဲ့အထိ စောင့်ကြည့်မယ်၊ မထူးခြားရင် ဆက်တိုက် ထပ်ပြမယ်၊ အဲဒါမှ မရဘူးဆိုရင် သပိတ်စခန်းဖွင့်ဖို့အထိ အစီအစဉ်ရှိတယ်” ဟု ဦးကျော်မိုးဦးက ဆိုသည်။

ကံဘောက်ကျေးရွာအဝင် သစ်တောလမ်းဆုံမှ ဓမင်းဆိပ်လမ်းဆုံအထိ ၁၅ မိုင်ခန့် (၂၄ ကီလိုမီတာ)ရှိသည့် အနက် ၄.၅ ကီလိုမီတာ ကို ကွက်ကျား ကွန်ကရစ် လမ်းခင်းပေးခဲ့ပြီး ကျန်ရှိနေသော ၁၂.၂ မိုင် (၁၉.၅ကီလိုမီတာ)ကို ထပ်မံခင်းပေးရန် ဒေသခံများက တောင်းဆိုထားသည်။

“မြေနီလမ်းမှာ ကားတွေ မောင်းနေတာ နောက်ကလိုက်ကြည့်ရင် ဒေသခံတွေ ဘယ်လိုခံစားနေရလဲဆိုတာ သိလိမ့်မယ်၊ ဖုန်ထလို့ ယာဉ်တိုက်မှု ယာဉ်လမ်းဘေးထိုးကျမှုတွေလည်း ကြုံနေရတယ်”ဟု ကံပေါက် ဒေသခံ ဦးကိုကိုကြီးက ဖွင့်ဟသည်။

မိကျောင်းအိုင်ကျေးရွာ ရတနာဝတ်မှုံကြက်ခြံအရှေ့မှ စပြီး PTTEP ကုမ္ပဏီ၊ TOTAL ကုမ္ပဏီများရှေ့မှ ဖြတ်ပြီး PETRONAS ကုမ္ပဏီအရှေ့တွင် ဆန္ဒပြပွဲကို အဆုံးသတ်ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ သဘာဝဓာတ်ငွေ့ ကုမ္ပဏီများကို ဒေသခံများ စုပေါင်း ဆန္ဒပြခြင်းသည် ကံပေါက်ဒေသတွင် ပထမဆုံးအကြိမ်ဖြစ်ပြီး ယခင်က လုပ်ငန်းခွင်အတွင်း ဆန္ဒထုတ်ဖော်မှုများသာ ရှိခဲ့သည်။
..........................................

နောက်ဆက်တွဲ သတင်း...။



Dawei Watch| ထားဝယ်၊ ဖေဖော်ဝါရီ ၂၂

လမ်းခင်းပေးရန်နှင့် သဘာဝပတ်ဝန်းကျင် ကာကွယ်ပေးရေး ကံပေါက်ဒေသခံများ သဘာဝဓာတ်ငွေ့ထုတ် ကုမ္ပဏီများကို ဆန္ဒပြချိန်တွင် ယင်းဒေသရှိ သဘာဝဓာတ်ငွေ့ထုတ်လုပ်ရာ ကုမ္ပဏီကြီး သုံးခုစလုံး အလုပ်ရပ်နားထားပြီး ကုမ္ပဏီတစ်ခု၏ ဆိုင်းဘုတ်များဖြုတ်ချထားကြောင်း ဒေသခံများက ပြောကြားသည်။

နိုင်ငံတကာ သဘာဝဓာတ်ငွေ့ ကုမ္ပဏီများဖြစ်သည့် TOTAL, PTTEPI နှင့် PETRONAS ကုမ္ပဏီများအနက် ထောင်ချီသော ကံပေါက်ဒေသခံများ ဖေဖော်ဝါရီ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် ဆန္ဒပြစဉ် မလေးရှား အခြေစိုက်ကုမ္ပဏီ PETRONAS ၏ ဆိုင်းဘုတ်များဖြုတ်ချထားကြောင်း ဒေသခံများက ပြောကြားသည်။

“သတိထားမိသလောက် PETRONAS ဆိုက်မှာတော့ သူ့ကုမ္ပဏီ ဆိုင်းဘုတ် လုံးဝမတွေ့ရဘူး။ အဲဒါတော့ သေချာတယ်”ဟု ဦးဆောင်ဆန္ဒပြသူတစ်ဦးဖြစ်သည့် ဦးဝဏ္ဏတိုးက ပြောကြားသည်။

ပုံမှန်အားဖြင့် စနေနေ့သည် ယင်းကုမ္ပဏီများ အလုပ်ရပ်နားထားခြင်းမရှိသော်လည်း ဆန္ဒပြသည့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် အလုပ်ရပ်နားထားပြီး ရုံးခြံဝင်းများလည်း ပိတ်သိမ်းထားကြောင်း ဒေသခံများက အတည်ပြုပြောကြားသည်။

PETRONAS ကဲ့သို့သော နိုင်ငံတကာ အဆင့်ရှိ ကုမ္ပဏီတစ်ခု အနေနှင့် ဆန္ဒပြစဉ် ယင်းသို့ ကုမ္ပဏီဆိုင်းဘုတ် ဖြုတ်ချလိုက်ရသည်အထိ ဖြစ်သွားရခြင်းသည် ကုမ္ပဏီအနေနှင့် ရင်မဆိုင်ရဲသည့် မည်သို့သော အမှားများကျူးလွန်ထားသည်ကို မေးခွန်းထုတ်လိုကြောင်း ထားဝယ်တိုင်းရင်းသားများပါတီ ဗဟိုအလုပ်မှုဆောင် ကော်မတီ အတွင်းရေးမှူး (၁) ဦးရဲလင်းမြင့်က ပြောကြားသည်။

“ဆန္ဒပြတာကို ရင်မဆိုင်ရဲရလောက်အောင် အခြေအနေရှိနေလားလို့ပဲ မေးခွန်းထုတ်ချင်တယ်”ဟု ဦးရဲလင်းမြင့်က ဆိုသည်။

ဆိုင်းဘုတ်ဖြုတ်ခြင်း၊ ရုံးပိတ်ထားသည့် ကိစ္စနှင့် ပတ်သက်၍ TOTAL နှင့် PETRONAS ကုမ္ပဏီများထံ ဆက်သွယ်နိုင်ခြင်း မရှိသေးဘဲ PTTEPI ကမူ ဆန္ဒပြသူများအတွက် လမ်းကြောင်းရှင်းရန် အလုပ်ရပ်နားထားခြင်းသာ ဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ဆန္ဒပြ ခွင့်ပြုမိန့် တောင်းခံစဉ်က ခန့်မှန်း လူအင်အား တစ်ရာ ဖြင့် တင်ပြထားသော်လည်း ဆန္ဒပြရန် စုဝေးသည့် အချိန်တွင် ကျေးရွာပေါင်း ၁၆ ရွာမှ လူ တစ်ထောင်ခန့်ဖြင့် စတင်ခဲ့ပြီး လမ်းတစ်လျှောက် လာရောက် ပူးပေါင်းကြသဖြင့် လူအင်အား ၁၅၀၀ ကျော်သွားကြောင်း ဆန္ဒပြပွဲကို ဦးဆောင်စီစဉ်သူများအနက် တစ်ဦးဖြစ်သည့် ဦးကျော်မိုးဦးက ပြောသည်။

ဆန္ဒပြရန် ခွင့်ပြုချက်တောင်းခံစဉ်က ကတ္တရာလမ်းခင်းပေးရေး၊ ၂၄ နာရီ လျှပ်စစ်မီးရရှိရေးနှင့် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး စသည့် အချက် ၃ ချက်ကို တောင်းဆိုရန်  စီစဉ်ခဲ့သော်လည်း ၂၄ နာရီ လျှပ်စစ်မီးရရှိရေးမှာ တိုင်းဒေသကြီး လျှပ်စစ်ဝန်ကြီးက အာမခံထားပြီးဖြစ်သည့်အတွက် လျှပ်စစ်မီးရရှိရေးကို ဆန္ဒပြရာတွင် မထည့်ရန် ရေဖြူမြို့နယ် အုပ်ချုပ်ရေးမှူးက ပြောဆိုခဲ့သဖြင့် လမ်းနှင့် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးကိုသာ အဓိကထား ဆန္ဒပြခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ကံပေါက်ရွာသည် သဘာဝဓာတ်ငွေ့ထွက်ရှိမှုကြောင့် အဆင်ပြေနေကြောင်း ခရိုင် ပြန်/ဆက်၏ ရေးသားမှုကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ နောက်ကျောဖုံးတွင် ဖော်ပြမှုအပြီး လေးရက်အကြာတွင် ယင်းသို့ ဆန္ဒပြမှု ကြုံလာခြင်း ဖြစ်သည်။

သဘာဝဓာတ်ငွေ့အများအပြားထွက်ရှိသဖြင့် ၁၉၉၆-၉၇ ခုနှစ်မှ စ၍ ကုမ္ပဏီများလာရောက်မှုအပြီး ကံပေါက်ဒေသခံတို့၏ လမ်းပန်းဆက်သွယ်ရေး၊ အလုပ်အကိုင်အခွင့်အလမ်း စသည်တို့တိုးတက်လာပြီး ကံပေါက်ရွာသည်လည်း ပိုမိုတိုးတက်လာကြောင်း ‘ဒေသခံတို့ အဆင်ပြေနေသော သဘာဝဓာတ်ငွေ့ထွက်ရာ ကံပေါက်ရွာ’ ဟု ခေါင်းစဉ်တပ်ထားသော အထက်ပါ ဆောင်းပါးတွင် ဖော်ပြထားသည်။

သို့သော် ကံပေါက်ရွာတွင် လျှပ်စစ်မီးတစ်ယူနစ်လျှင် ကျပ် ၆၀၀ ကျော်ဖြင့် သုံးစွဲနေရခြင်း၊ ကတ္တရာလမ်း မခင်းပေးဘဲ မြေနီလမ်းများတွင် မောင်းနှင်နေသော ယာဉ်များကြောင့် ဖုန်အလွန်ထူခြင်း၊ ယာဉ်မတော်တဆမှုဖြစ်ခြင်း စသည့် အကြောင်းအရာများကို ဆောင်းပါးတွင် ဖော်ပြထားခြင်းမရှိပေ။

ကံပေါက်ဒေသ စီမံကိန်း အသီးသီးမှ သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၇၀၀ မှ ၉၀၀ အထိ နေ့စဉ်ထွက်ရှိနေပြီး ၇၅ ရာခိုင်နှုန်းကို ပြည်ပသို့လည်းကောင်း၊ ၂၅ ရာခိုင်နှုန်းကို ဘားအံမြို့နယ် မြိုင်ကလေးဘိလပ်မြေစက်ရုံသို့ ပို့လွှတ်နေကြောင်း ယင်းဆောင်းပါးတွင် ဖော်ပြထားသည်။
Dawei Watch

Friday, February 21, 2014

‘ရေဘူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ်’ ဆိုတဲ့အမိန့် ခေတ်ကောင်းနေဆဲလား

Written by  ထက်အောင်ကျော်
Wednesday, 19 February 2014. The Voice Daily.

နေ့စဉ်ရက်ဆက်လိုလို ဖြစ်ပွားနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒပြပွဲ၊ သိမ်းဆည်းခံ လယ်ယာမြေ ပြန်ရရှိရေး ဆန္ဒပြပွဲ၊ လုပ်အားခ တိုးပေးရေး ဆန္ဒပြပွဲ၊ သတင်းလွတ်လပ်ခွင့်ပေးရေး ဆန္ဒပြပွဲတွေကြားမှာ (Bulldozer) မြေထိုးစက်ကြီးနဲ့ ထိုးဖြိုခံလိုက်ရတဲ့ ရွာလေးတစ်ရွာက အိမ်လေးတစ်လုံး အကြောင်းကိုလည်း မြန်မာနိုင်ငံရဲ့ လွတ်လပ်မှု အရှိဆုံး ဆိုရှယ်မီဒီယာ Facebook ပေါ်မှာတွေ့လိုက်ရပါတယ်။

Share လုပ်သူ ၄၀၀၀ နီးပါး၊ Like လုပ်သူ တစ်ထောင်နီးပါး၊ Comment ရေးသူ ၃၀၀ နီးပါးရှိတဲ့ အဲဒီ ဗီဒီယိုကလစ်ကို တွေ့မိတော့ အခုချိန်ထိ မြန်မာနိုင်ငံမှာ ဒီလိုမျိုး အနိုင်ကျင့်တာတွေ ရှိနေဆဲလားဆိုပြီး အတော်စိတ်မကောင်း ဖြစ်မိပါတယ်။ ချက်ချင်းဆိုသလိုပဲ ဒီဗီဒီယိုကလစ်ဟာ အစစ်ကော ဟုတ်ရဲ့လား။ (Setting) ဆက်တင်ဆင်ပြီး ရုပ်ရှင်ရိုက်နေတာကိုများ တစ်ယောက်ယောက်က နောက်ပြီး တင်လိုက်သလားလို့လည်း သံသယ ဝင်မိပါတယ်။

ဒီလိုနဲ့ သတင်းနောက်ခံ အချက်လက်တွေကို အွန်လိုင်းပေါ် လိုက်ရှာကြည့်တော့ ဒီဗီဒီယိုကလစ်ဟာ Setting မဟုတ်ပါ။ ရုပ်ရှင်ရိုက်နေတာလည်း မဟုတ်ပါ။ ရန်ကုန်နဲ့ သိပ်မဝေးတဲ့အရပ်မှာ ဖေဖော်ဝါရီလ ပထမ သီတင်းပတ်တွင်းက အမှန်တကယ် ဖြစ်ပျက်သွားခဲ့တာပါ။

ရန်ကုန်တိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီး နယ်စပ်အနီးရှိ လှည်းကူး မြို့နယ်မှ အိမ်ခြေ  ၄၀၀ ဝန်းကျင်ရှိ သမီးကလေး ကျေးရွာဟာ စစ်တပ်ပိုင်တဲ့ မြေပေါ်မှာ ရှိနေတဲ့အတွက် သီတင်းတစ်ပတ်အတွင်း ဖယ်ရှားပေးရမယ်လို့ မြို့နယ် အုပ်ချုပ်ရေးမှူးကနေ ဇန်နဝါရီလ ၂၇ ရက်နေ့မှာ အမိန့်စာထုတ်တယ်လို့ ဆိုပါတယ်။ ရွာသားတွေက မပြောင်းဘဲ တင်းခံနေတဲ့အတွက် ဖေဖော်ဝါရီ လ ၄ ရက်နေ့မှာ အခုလို အင်အားသုံး ဖြိုဖျက်ခဲ့တာ ဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဒီလို အင်အားသုံး ဖြိုဖျက်တဲ့အပေါ် အတော်များများက လူသားချင်း စာနာမှုကင်းမဲ့တဲ့ လုပ်ရပ်လို့ ဝေဖန်ရှုတ်ချကြပေမယ့် ‘ကျူးကျော်အိမ်ရာဆိုရင် ဒီလိုပဲ ရှင်းပစ်ရမှာပေါ့’ ဆိုတဲ့ အမြင်တွေ၊ မြေထု၊ ရေထုအားလုံးကို နိုင်ငံတော်နဲ့ စစ်တပ်ကပိုင်တယ်၊ စစ်ရေး လိုအပ်ချက်အရ ဒါမျိုးလုပ်ခွင့် ရှိတယ်ဆိုတဲ့ အမြင်တွေကိုလည်း အဲဒီ Link ထဲမှာ ဖတ်ခဲ့ရပါတယ်။

တစ်နည်းအားဖြင့်ပြောမယ် ဆိုရင်တော့ စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ဆီ အသွင်ကူးပြောင်းနေချိန် ဆိုပေမယ့် အာဏာပိုင်တွေနဲ့ သူတို့နဲ့ နီးစပ်သူတွေကြားမှာတော့ ခေတ်ဟောင်းက (Mindset) စဉ်းစားပုံတွေ မပျောက်သေးဘူး ဆိုတဲ့သဘော ဖြစ်ပါတယ်။
‘ရေဘူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ်’ ဆိုတဲ့အမြင် ခေတ်ကောင်းနေဆဲ ဖြစ်ပြီး ဘာကြောင့် ရေဘူးပေါက်နေတာလဲ ဆိုတာကို စဉ်းစားရကောင်းမှန်း မသိသေးတဲ့သဘော။ အများပြည်သူရဲ့ ဘဝထက် အပေါ်က အမိန့်ပေး ခိုင်းစေလာသူရဲ့ ဆန္ဒကိုသာ ဦးစားပေးနေဆဲဆိုတဲ့ သဘောကိုသာ တွေ့နေရဆဲ ဖြစ်ပါတယ်။

စစ်အစိုးရခေတ်ကိုတော့ ထားလိုက်ပါတော့။ ဒါပေမဲ့ အခုက အများပြည်သူက ရွေးချယ်ထားသူတွေ အုပ်ချုပ်နေတဲ့ခေတ် မဟုတ်ပါလား။ ဆိုတော့ ဘာကြောင့် လူတွေ ရာ-ထောင်ချီပြီး ကျူးကျော်ရပ်ကွက်မှာ လာနေကြတာလဲ။ ဒီကနေ မောင်းထုတ်လိုက်ရင် ဒီလူတွေ ဘယ်မှာ သွားနေကြမှာလဲ။ ဒီအတွက် အစိုးရက ဘာတွေ စီစဉ်ပေးထားသလဲ။ ဒါတွေဟာ လူထုက ရွေးထားတဲ့ အစိုးရတစ်ရပ်အနေနဲ့ မဖြစ်မနေ ထည့်သွင်းစဉ်းစားရမယ့် အခြေခံ အချက်တွေ မဟုတ်ပါလား။

ဒါပေမဲ့ ကျွန်တော်ကသာ အဲဒီလို စဉ်းစားနေတာ။ အာဏာပိုင်တွေကတော့ ဒီလိုမစဉ်းစားတဲ့အပြင် နေအိမ်အဖြိုခံရလို့ ထွက်ပြေးလာပြီး အနီးနားရွာက ဘုန်းကြီးကျောင်းမှာ ခိုလှုံနေရတဲ့ အဲဒီရွာသားတွေကို တစ်ပတ်အတွင်း အဲဒီကျောင်းကနေ ထပ်ဖယ်ရှားပေးရမယ်လို့ မြို့နယ် အုပ်ချုပ်ရေးမှူးက အမိန့်ထပ်ပေးထားတယ်လို့ သိရပါတယ်။

သတင်းထဲမှာ ပါတဲ့အတိုင်း အတိအကျ ပြောရမယ်ဆိုရင် ‘အောင်သိဒ္ဓိ ဘုန်းတော်ကြီး ပညာသင်ကျောင်းတွင် ယာယီ ခိုလှုံနေထိုင်သော သမီးကလေး ကျေးရွာမှ မိသားစုများအနက် အခြေခံပညာ သင်ကြားမည့် ကျောင်းသား ကျောင်းသူ မရှိသော အိမ်ထောင်စုပေါင်း ၅၆ စု၊ လူဦးရေ ၂၀၀ ကျော်ကို ဖေဖော်ဝါရီလ ၉ ရက်နေ့မှစတင်ကာ တစ်ပတ်အတွင်း ဖယ်ရှားပေးရန်’ မြို့နယ် အုပ်ချုပ်ရေးမှူးက အမိန့် ထပ်ထုတ်ထားပါတယ်တဲ့။

“ဒါဟာ မြန်မာနိုင်ငံရှိ ပြည်နယ်-တိုင်းဒေသကြီး ၁၄ ခုထဲက လူဦးရေ ၄၀၀ ရှိ ရွာလေးတစ်ရွာရဲ့ သာဓကသာ ရှိပါသေးတယ်။ ရန်ကုန်နဲ့ နီးနေလို့ လူသိသွားတဲ့ အဖြစ်အပျက်လေး တစ်ခုသာဖြစ်ပြီး လူမသိသူမသိနဲ့ အလားတူ အတင်းအဓမ္မ ပြောင်းရွှေ့ခံလိုက်ရတဲ့ ရွာတွေ ဘယ်လောက်များများ ရှိနေမှန်း ဘယ်သူမှ အတိအကျ မသိနိုင်ပါ။

နောက်ထပ် ဝင်လာတဲ့ သတင်းတစ်ပုဒ်အရဆိုရင် ရန်ကုန် အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် အစိုးရ ပလပ်မြေပေါ်က ကျူးကျော်နေအိမ် ၄၀၀၀ ကျော်ကို ဖေဖော်ဝါရီ ၁၆ ရက် နောက်ဆုံးထား ဖျက်ဖို့ အမိန့်ထုတ်ထား ပါတယ်တဲ့။

နောက်တစ်ပုဒ်ကတော့ ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်၊ ဘုရားကုန်း ကျေးရွာအုပ်စုရှိ ကွမ်းခြံကုန်း ကျေးရွာကို ဖျက်သိမ်းပေးရန်နှင့် ယင်းကျေးရွာရှိ နေအိမ် ၁၄၀၀ ကျော်ကို နှစ်ပတ်အတွင်း ပြောင်းရွှေ့ပေးရန် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဦးစီးဌာနက ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားပါတယ်တဲ့။

ကဲ ... ဘယ်လိုလုပ်ကြမလဲ။ ဒါတောင် ရန်ကုန်ဝန်းကျင်က သတင်းတွေ လောက်ကိုသာ ရွေးပြီး တင်ပြထားခြင်း ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ဆီ ဦးတည် ချီတက်နေပါတယ်ဆိုတဲ့ နေပြည်တော်ရဲ့ ကတိစကားတွေကို ဘယ်သူတွေက အယုံအကြည် ရှိတော့မှာလဲ။ နိုင်ငံတကာ အလှူရှင် နိုင်ငံတွေဆီကနေ လူသားချင်း စာနာတဲ့ အကူအညီတွေ လက်ခံနေတဲ့ မြန်မာအစိုးရ ဝန်ကြီးတွေဟာ ကိုယ့်နိုင်ငံသား အချင်းချင်းကျတော့ လူသားချင်း မစာနာတော့ဘူးလား။

အစိုးရ တာဝန်ရှိသူတွေ ဘက်ကတော့ ဒီကိစ္စတွေအပေါ် တုံ့ပြန်ပြောဆိုတာ ဘာမှမကြားရသေးပါဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ရန်ကုန်-နေပြည်တော်လမ်းပေါ်ရှိ ၁၁၅ မိုင်က ကျူးကျော်ဆိုင်ခန်းတွေ ဖျက်စဉ်တုန်းကဆိုရင် ဒီလိုဖျက်တာ ကောင်းမွန်တဲ့အကြောင်း၊ နိုင်ငံခြားသား ဧည့်သည်တွေ အမြင်သပ်ရပ်သွားပြီး စည်းကမ်းတကျ ဖြစ်လာတာဟာ ဂုဏ်ယူစရာ ဖြစ်တယ်လို့ ဝန်ကြီးတစ်ယောက်က သူ့ရဲ့ Facebook မှာ မှတ်ချက်ရေးတာ ကို တွေ့ရဖူးပါတယ်။

အနှစ်ပြန်ချုပ်ရမယ် ဆိုရင်တော့ ဒီမိုကရေစီစနစ်ကို တကယ်ယုံကြည်ရင်၊ စစ်အာဏာရှင် စနစ်ကနေ ဒီမိုကရေစီစနစ်ဆီ တကယ်ပဲ အသွင်ကူးပြောင်းဖို့ လိုနေပြီလို့ ယုံကြည်ရင် အာဏာပိုင်များအနေနဲ့ ခေတ်ဟောင်းက Mindset စိတ်အမူအကျင့်တွေကို အမြန်ဆုံး ပြုပြင်ဖို့ လိုနေပါတယ်။
“ရေဘူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ်” ဆိုတဲ့ စစ်တပ်ထဲက အမိန့်ပေးတဲ့စနစ်နဲ့ တိုင်းပြည်ကို အုပ်ချုပ်လို့ မရနိုင်ပါ။ ဘာကြောင့် ရေဘူးပေါက်နေတာလဲဆိုတဲ့ နောက်ခံ အချက်အလက်ကို ရှာဖွေဖို့ လိုပါတယ်။ နိုင်ငံသားတွေရဲ့ အခက်အခဲကို ကူညီဖြေရှင်းပေးဖို့ လိုပါတယ်။

စနစ်ဟောင်းကနေ စွဲကပ်ပါလာတဲ့ အမိန့်ပေးစနစ် နေရာမှာ အများပြည်သူနဲ့ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်နိုင်တဲ့ စနစ်သစ် အုပ်ချုပ်ရေးမှူးတွေ အမြန်ဆုံး ပေါ်ပေါက်လာအောင် အားလုံးဝိုင်းဝန်း ဆောင်ရွက်ဖို့ လိုနေပါကြောင်း အလေးအနက် တင်ပြလိုက်ရပါတယ်။






 http://www.htetaungkyaw.net/2014/02/blog-post_3035.html

တနသာင်္ရီ အပတ်စဉ် ၃၇။

Tuesday, February 18, 2014

ထားဝယ်တိုင်းရင်းသားများပါတီ ဗဟိုအလုပ်မှုဆောင်ကော်မီတီရွေးချယ်

Dawei Watch | ထားဝယ်၊ ဖေဖော်ဝါရီ ၁၈

စတင်ထည်ထောင်စ ပါတီတစ်ခုဖြစ်သော ထားဝယ်တိုင်းရင်းသားများပါတီ၏ ဗဟိုအလုပ်မှုဆောင်ကော်မတီမှာ သက်တမ်း ၂ နှစ်သာ တာဝန်ယူသွားဖြစ်ကြောင်း ပါတီ ဥက္ကဋ္ဌ ဦးအေးမင်းက ပြောကြားသည်။ 

 (ဓာတ်ပုံကို ထားဝယ်မြို့တော် Facebook မှ ယူထားပါသည်)

ပါတီ၏ ဗဟိုကော်မတီဝင်များကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ရွေးချယ်အတည်ပြုပြီးနောက် ဗဟိုကော်မတီအစည်းအဝေး ချက်ချင်းကျင်းပပြီး ပါတီ၏ ဗဟိုအလုပ်မှုဆောင် ကော်မတီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

စတင်ထည်ထောင်စဖြစ်သောကြောင့် ကျယ်ကျယ်ပြန့်ပြန့် ညီလာခံဖြင့် မရွေးနိုင်သေးသဖြင့် ပါတီတည်ထောင်သူများက နာယကအဖွဲ့သို့ တင်သွင်းသော ဗဟိုကော်မတီဝင်များကို လက်ရှိ စည်းရုံးရေးဆင်းထားသော ကျေးရွာများမှ ကိုယ်စားလှယ်များ၊ ပါတီ နာယက အဖွဲ့ဝင်များ၏ သဘောတူညီမှုဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း ဦးအေးမင်းက ပြောကြားသည်။

ယင်းနောက် ၂၀၁၆ ခုနှစ်တွင် ကျယ်ပြန့်သော ညီလာခံဖြင့် ရွေးကောက်ပွဲ ပြန်လည်ကျင်းပကာ ငါးနှစ်သက်တမ်းရှိ ဗဟိုကော်မတီဝင်များကို ရွေးချယ်မည်ဖြစ်ပြီး ယင်းမှ တဆင့် ဗဟိုအလုပ်မှုဆောင် ကော်မတီကို ရွေးချယ်မည်ဖြစ်ကြောင်း ဦးအေးမင်းကဆိုသည်။

ပါတီတွင် ဥက္ကဋ္ဌ အဖြစ် ဦးအေးမင်း၊ ဒုတိယ ဥက္ကဋ္ဌ (၁) အဖြစ် ဦးလူအေး၊ ဒုတိယ ဥက္ကဋ္ဌ (၂) အဖြစ် ဦးမောင်မောင်အေး၊ အထွေထွေ အတွင်းရေးမှူးအဖြစ် ဒေါ်နွယ်နီသိန်း၊ အတွင်းရေးမှူး  (၁) အဖြစ် ဦးရဲလင်းမြင့်၊ အတွင်းရေးမှူး (၂) အဖြစ် ဦးအောင်လင်း တို့ပါဝင်သော ဗဟို အလုပ်မှုဆောင် ကော်မတီဝင် ၂၁ ဦးက ယခု ၂ နှစ် သက်တမ်းကို တာဝန်ယူသွားမည်ဖြစ်ကြောင်း ယင်းပါတီထံမှ သိရသည်။

ထားဝယ်တိုင်းရင်းသားများပါတီသည် ထားဝယ်လူမျိုး သက်တမ်းတစ်လျှောက် ပထမဆုံး ပေါ်ပေါက်လာသော နိုင်ငံရေးပါတီဖြစ်ပြီး ပြီးခဲ့သည့် ဒီဇင်ဘာလက မှတ်ပုံတင်ခွင့် ပြုခဲ့သည်။

Monday, February 17, 2014

ဒုတိယ အကြိမ် ပြန်တော်ပြန်ခရီးစဉ် (နိဂုံးပိုင်း)

ထက်အောင်ကျော် (၁၇-၀၂-၂၀၁၄)
အော်စလို။


နောက်တနေ့ ညနေပိုင်းမှာတော့ ရန်ကုန်ကနေ ဘန်ကောက်ကိုပြန်ထွက်ဖို့အတွက် မင်္ဂလာဒုံလေယဉ် ကွင်းဆီ ကျနော်ရောက်လာပါတယ်။ လေယဉ်ကွင်းမှာ တွန်းလှည်းယူတော့ ထုံးစံအတိုင်း လေယဉ်ကွင်း ၀န်ထမ်းတဦးက လိုက်ပါဆောင်ရွက်ပေးပါတယ်။ ၁၀၀၀ တန်တရွက်ပေးလိုက်တော့ ကပ်စေးနည်းလှ ချည်လားဆိုတဲ့ အကြည့်မျိုးနဲ့ ပြန်ကြည့်နေလေရဲ့။

(ကမ္ဘာလှည့်ခရီးသည် အ၀င်-အထွက်များလာတဲ့ ရန်ကုန်လေဆိပ်)

Check In ၀င်တော့လဲ အရင်ကပြောဖူးတဲ့အတိုင်းပါပဲ။ ဘာမှကိုအသေချာမစစ်ပါ။ လေယဉ်ပေါ်တက်ခွင့် လက်မှတ်ယူတဲ့နေရာမှာတော့ အရှေ့တောင်အာရှအားကစားပွဲကပြန်တဲ့လူတွေနဲ့ အတော်အလုပ် ရှုပ်နေတာတွေ့ရပါတယ်။ ''ရော့အကို အဲဒီဖုန်းကဒ်ထည့်လိုက်ရင် အခမဲ့သုံးခွင့်ရှိတယ်'' လို့ ကောင်တာထိုင် ကောင်မလေးတယောက်က SIM Card တခုထည့်ပေးလိုက်ပါတယ်။

''ခင်ဗျားတို့ဗျာ။ ရန်ကုန်ကိုရောက်ရောက်ချင်းပေးတာမဟုတ်ဘူး။ သုံးသောင်းတန် SIM Card တွေရှိ တယ်ဆိုလို့ ကျနော်လိုက်ရှာတာလဲ ဘယ်မှာမှမတွေ့ဘူး။ အခုမှ ဒီကဒ်ရတော့ ဘယ်မှာသွားသုံးတော့ မှာလဲ'' ဆိုပြီး အားမလိုအားမရနဲ့ နှုတ်ကအသံထွက်သွားပါတယ်။ ''မဟုတ်ဘူးအကို၊ အဲဒီကဒ်က ဒီမှာ သုံးဖို့မဟုတ်ဘူး၊ ဘန်ကောက်ရောက်မှ သုံးဖို့ပေးတာပါ'' တဲ့။

သေပြီဆရာပေါ့။ ကိုယ်ကလဲ ကဒ်ကိုအသေချာမကြည့်ပဲနဲ့ ထင်တာတွေလျောက်ပြောသလိုဖြစ်သွားပါ တယ်။ မြန်မာနိုင်ငံဆီရောက်ရောက်ချင်းပေးရမဲ့ အခမဲ့ SIM Card တွေကို ပေးဖို့မေ့နေပြီး အခုမှ ထုတ် ပေးဖြစ်တာလို့ ထင်လိုက်မိတာပါ။ တကယ်က အဲဒီလိုမဟုတ်။ ဘန်ကောက်ရောက်ရင် နိုင်ခြားဧည့် သည်တွေအလွယ်တကူသုံးနိုင်ဖို့အတွက် ထိုင်းဆက်သွယ်ရေးကုပ္ပဏီတခုက မြန်မာ့လေကြောင်းလိုင်း တွေကို SIM Card တွေ လက်ဆောင်ပေးထားတာပါ။

လွဲတဲ့အခါလဲ လွဲမှာပေါ့လေ။ ဘန်ကောက်ရောက်မှတော့ အဲဒီကဒ်ကမလိုတော့ပါ။ ကျနော်ရဲ့ Iphone က မြန်မာနိုင်ငံကလွဲရင် ထိုင်းနဲ့ ဥရောပနိုင်ငံတွေအကုန်လုံးမှာ ဒီတိုင်းသုံးလို့ရပါတယ်။ စိတ်ပျက်ဘွယ် ကောင်းတဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအကြောင်းစဉ်းစားရင်း Passport Control ဆီရောက်လာပါတယ်။ ''ဒီအကိုကြီးက DVB မှာ သတင်းကြေငြာတဲ့ တယောက်မို့လား'' လို့ လ၀က အရာရှိကမေးပါတယ်။

အင်း... ဇတ်လမ်းတော့ စပြီနဲ့တူပါတယ်။ မဟုတ်ဘူးဆိုပြီး ငြင်းလို့ကလဲမဖြစ်။ ဟုတ်တယ်ပြောလိုက်ရင်လဲ အရစ်ခံရမဲ့ကိန်းပေါ့။ ''ဟုတ်ပါတယ်။ ဒါပေမဲ့ အခုကျနော် အဲဒီမှာမလုပ်တာကြာပြီ။ ခင်ဗျားတို့ ၀န်ထမ်း တွေလဲ DVB ကြည့်တာပဲလား'' ဆိုပြီးပြန်မေးလိုက်ပါတယ်။ ''ကြည့်တာပေါ့ဗျာ။ ဦးကတုံးကြီး ကိုလည်း ပြောပေးပါဗျာ။ တံခါးဖွင့်တဲ့အစီစဉ်ကို အားပေးနေပါတယ်လို့'' ဆိုပြီး လ၀က အရာရှိလူငယ်က ပြုံးပြုံး ရည်ရည်နဲ့ပြောပါတယ်။ အင်း...ဒီလို ပွင့်လင်းခေတ်မီတဲ့ လူငယ်ဝန်ထမ်းတွေလဲ အစိုးရအဖွဲ့ထဲမှာ ရှိသားပဲလို့တွေးရင်း လက်ရှိအပြောင်း အလဲပေါ် အားတက်သလိုတောင် ဖြစ်မိပါတယ်။

ဒါပေမဲ့ သူ့လို ပွင့်လင်းခေတ်မှီတဲ့ဝန်ထမ်း ဘယ်နှစ်ယောက်ရှိမှန်း မခန့်မှန်းတတ်။ လွန်ခဲ့တဲ့ခရီးစဉ်ရော၊ အခုခရီးစဉ်မှာပါ ကျနော်တွေ့ဖူးသလောက် အစိုးရ၀န်ထမ်းအတော်များများဟာ အရင်ခေတ်ဟောင်း ကအတိုင်း လူတွေ့ရင် ''ဟောက်စား'' လုပ်တဲ့အကျင့်တွေက မပျောက်သေးပါ။ ခရီးသည် အဆင်ပြေအောင်၊ သာမန်နိုင်ငံသားတွေအဆင်ပြေအောင်လုပ်ပေးရဖို့ ငါတို့ဝန်ထမ်းတွေမှာတာဝန်ရှိတယ်ဆိုတဲ့ အသိစိတ် ရှိလာတဲ့ ၀န်ထမ်းမျိုးအတော်နည်းသေးတယ်လို့ထင်ပါတယ်။

တချိန်တည်းမှာပဲ လွန်ခဲ့တဲ့ မေလခရီးစဉ်နဲ့ အခု ဒီဇင်ဘာခရီးစဉ်အကြား ၆ လအတွင်း မြန်မာနိုင်ငံမှာ ဘာတွေတိုးတက်ပြောင်းလဲခဲ့သလဲဆိုပြီး လေယဉ်စောင့်ရင်းနဲ့ကျနော်စဉ်းစားနေမိပါတယ်။ ပထမ ဆုံး တိုးတက်မှုကတော့ လွန်ခဲ့တဲ့ ၆ လက နိုင်ငံခြားသား၊ အထူးသဖြင့်အနောက်တိုင်းသားခရီးသည် ဆယ်ဂဏန်းသာ ရန်ကုန်လေဆိပ်မှာမြင်ခဲ့ရပေမဲ့ အခုခရီးစဉ်မှာတော့ ရာနဲ့ချီမြင်ခဲ့ရပါတယ်။

ကမ္ဘာလှည့်ခရီး သွားလုပ်ငန်းတိုးတက်လာတယ်ဆိုတာ ငြင်းစရာမရှိပါ။ ဒါပေမဲ့ တက္ကစီခ၊ လေယဉ်ခ၊ ဟိုတယ်ခတွေကတော့ အဆမတန်များနေဆဲဖြစ်ပြီး ကားဆရာတွေ၊ ဟိုတယ်ဝန်ထမ်းတွေ ၀န်ဆောင် လုပ်ငန်းကျွမ်းကျင်မှု အားနဲနေဆဲဖြစ်ပါတယ်။

နောက်တချက်ကတော့ အဝေးပြေးကားလိုင်းတွေတိုးလာပြီး ကားလမ်းတွေအထူးဦးစားပေး ပြုပြင်တိုး ချဲ့လာတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံတောင်ဖက်စွန်း ဟိုး...ထားဝယ်ကနေ အရှေ့မြောက်စွန်း ရှမ်းပြည် နယ် လင်းခေးမြို့အထိ လမ်းတလျောက်မှာ တိုးချဲ့ပြုပြင်နေတဲ့လမ်းတွေကိုတွေ့ရပါတယ်။ ကျနော်တို့ ထားဝယ်နယ်မှာဆိုရင် လမ်းအများစုဟာ လွန်ခဲ့တဲ့ ၆ လကထက် ၂ ဆနီးပါး ကျယ်ဝန်းကောင်းမွန်လာ တာတွေ့ရပါတယ်။ အဝေးပြေးကားတွေလဲ အတော်ဝန်ဆောင်မှုကောင်းမွန်တိုးတက်လပါတယ်။

(နိုင်ငံတ၀ှမ်း လမ်းများတိုးချဲ့ပြုပြင်နေပါတယ်)

အစားအသောက်နဲ့ သန့်ရှင်းသန့်ရပ်မှုပိုင်းမှာလဲ လွန်ခဲ့တဲ့ ၆ လထက်တော့ နဲနဲလေး တိုးတက်လာ တယ်လို့ထင်ပါတယ်။ ဥပမာ ၁၉ လမ်းကလမ်းဘေးအကျော်ဆိုင်တွေဟာ လွန်ခဲ့တဲ့မေလက မိုးရာသီမို့ လို့လားတော့မသိပါဘူး။ ညစ်ပတ်စုတ်ပြတ်နေပြီး အောက်မှာ ကြွက်တွေပြေးလွှားနေတာကို မြင်နေရပါ တယ်။ အခု ဒီဇင်ဘာမှာတော့ အဲဒီလောက်ထိ မညစ်ပတ်တော့ပါ။ ထိုင်းနဲ့နဲနဲတူလာပြီး အကျော်ဆိုင်မှာ မှန်အုပ်ဆောင်းတွေ၊ အဖုံးအကာတွေတပ်ဆင်လာတာတွေ့ရပါတယ်။

ဒါက ရုပ်ပိုင်းဆိုင်ရာတိုးတက်မှုထဲက သိသာတဲ့အချက်တချို့ပါ။ စိတ်ပိုင်းဆိုင်ရာတိုးတက်မှုတွေကိုပြော ရမယ်ဆိုရင်တော့ သာမန်အရပ်သားတွေရဲ့ အာဏာပိုင်တွေပေါ်မကျေလည်မှု၊ လူလည်ကျမှုတွေအပေါ် ဝေဖန်သံတွေဟာ အရင် ၆ လကထက် များစွာအသံကျယ်လာပါတယ်။ ၈ လေးလုံးအရေးတော်ပုံ နောက်ပိုင်း ပထမဆုံးအကြိမ် လူထုဆန္ဒပြပွဲတွေကို ဒေသအတော်များများမှာ တွေ့လာရပါတယ်။

စစ်တပ်ကသိမ်းထားတဲ့မြေတွေပြန်ပေးဖို့ လယ်သမားတွေက ဆန္ဒပြနေကြပါတယ်။ လုပ်အားခတိုးပေးဖို့ အလုပ်သမားတွေက ဆန္ဒပြနေကြပါတယ်။ ကြေးနီတောင်စီမံကိန်းရပ်ဆိုင်းဖို့ ဒေသခံတွေက ဆန္ဒပြ နေကြပါတယ်။ သတင်းလွတ်လပ်စွာယူခွင့်ပေးဖို့ သတင်းသမားတွေက ဆန္ဒပြနေကြပါတယ်။ နောက်ဆုံး ၈၈ ကျောင်းသားခေါင်းဆောင်တွေပါဝင်တဲ့ နိုင်ငံရေးသမားတွေကလဲ ပုဒ်မ ၁၈ ရုတ်သိမ်းရေးအပါဝင် နိုင်ငံရေးတောင်းဆိုချက်တွေအတွက် ရန်ကုန်မြို့လယ်မှာ ဆန္ဒပြပွဲတွေကျင်းပတဲ့အထိ လူထုရဲ့အသံကို လွတ်လပ်စွာထုတ်ဖေါ်ပြသနိုင်နေပြီဖြစ်ပါတယ်။

ဒါတွေဟာ လွန်ခဲ့တဲ့ ၆ လထက် အများကြီးတိုးတက်လာတဲ့ သာဓကတွေပါပဲ။ ဒါပေမဲ့ ဆန္ဒပြခွင့်ပဲရှိပြီး အဲဒီဆန္ဒပြသမားတွေတောင်းဆိုတဲ့အတိုင်းရအောင်တော့ အာဏာပိုင်တွေက မဖြေရှင်းပေးနိုင်သေးပါ။ ''ပေးကားပေး၏ မရ'' ဆိုသလိုပါပဲ။ သမ္မတရုံးနဲ့လွှတ်တော်ကတော့ လွတ်လပ်ခွင့်အဆို အမိန့်တွေချပေး နေပါတယ်။ ဒါပေမဲ့ အောက်ခြေမှာတော့ ဒုံရင်းကနေ တက်မလာသေးပါ။ လယ်တွေပြန်ပေးနေဆဲမှာ တောင် ပြန်သိမ်းတာတွေမျိုးတွေလဲရှိနေဆဲပါ။

(လွှတ်တော်ရုံးနဲ့ လွှတ်တော်အမတ်တွေ ခန်းနားထည်ဝါနေသော်လဲ အောက်ခြေမှာ ဘာမှမရှိသေး)

ဒီကြားထဲနောက်ပြန်ဆွဲတဲ့ခြေလှမ်းတွေကိုလဲ စိတ်ပျက်ဘွယ်တွေ့လာနေရပြန်ပါတယ်။  ပြည်ထောင်စု ၀န်ကြီးတဦးကိုယ်တိုင်က နယ်လှည့်ပြီး ပါးရိုက်မယ်ဆိုတဲ့အဖြစ်မျိုး။ လှည်းကူးမြို့နယ်ဖက်ကရွာတွေကို ဘူဒိုဇာနဲ့ အင်အားသုံးထိုးဖြိုခဲ့တာမျိုး။ ရန်ကုန်ဆင်ခြေဖုံးနဲ့ နေပြည်တော် ၁၁၅ မိုင်ဝန်းကျင်က ကျုးကျော် ဆိုင်တွေ၊ ကျုးကျော်တဲတွေကို အင်အားသုံးဖြိုဖျက်ခဲ့တာမျိုးတွေဟာ ''ရေဗူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲလိုချင်တယ်'' ဆိုတဲ့ စနစ်ဟောင်းက Mindset တွေကို အာဏာပိုင်တွေဖက်က မပြောင်းလဲ နိုင်သေးဘူးဆိုတာကို ပြသနေတဲ့ သင်္ကေတတွေဖြစ်ပါတယ်။

နိုင်ငံရေးဖက်ကိုကြည့်မယ်ဆိုရင်တော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ဒေါ်အောင် ဆန်းစုကြည်ကိုယ်တိုင် နယ်တွေဆီခရီးထွက်ပြီး စည်းရုံးနေတာတွေ့ရပါတယ်။ အခုရက်ပိုင်းအတွင်း ထွက်လာတဲ့ကြေငြာချက်အရဆိုရင် ဒီကိစ္စအတွက် NLD နဲ့ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့စည်းတို့ ပူးတွဲ ဆောင်ရွက်ကြမယ်လို့သိရပါတယ်။ ဒါပေမဲ့ ကြေငြာချက်ပဲတွေ့ရပြီး အားရလောက်တဲ့ လက်တွေ့ ဆောင်ရွက်မှုတော့ မတွေ့ရသေးပါ။

လွှတ်တော်ထဲကိုကြည့်မယ်ဆိုရင်တော့ ဒေသခံလူထုတွေရဲ့အခက်ခဲအတော်များများကို အမတ်တွေက အရင်ထက်ပိုပြီး တင်ပြပေးလာတာကိုတွေ့ရပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ သူရဲ့မဲဆန္ဒနယ်ဆီပြန် မလာတဲ့အမတ်တွေ၊ အမတ်ကိုမတွေ့ဖူးတဲ့ မဲဆန္ဒရှင်တွေလဲရှိလာနေပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲ အတွက် မဲဆွယ်ချိန်နီးလာတာနဲ့အမျှ အမတ်ဟောင်း၊ အမတ်လောင်းတွေအားလုံးနီးပါး ကျေးလက်ဒေသ တွေအထိဆင်းလာကြလိမ့်မယ်လို့တော့ မျှော်လင့်ရပါတယ်။

နယ်စပ်ဒေသက ငြိမ်းချမ်းရေးဆွေးနွေးမှုဖက်ကိုကြည့်မယ်ဆိုရင်တော့ လွန်ခဲ့တဲ့ ၆ လထက် နောက်ပြန် ဆုတ်သွားတယ်လို့တောင် ပြောရမလားပါပဲ။ ဘာကြောင့်လဲဆို လွန်ခဲ့တဲ့ မေလခရီးစဉ်တုန်းကဆိုရင် မနက်ဖြန်သဖက်ခါမှာ တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်တော့မလိုလို ဖြစ်နေပါတယ်။ တချိန်က ကျနော်တာဝန်ထမ်းခဲ့ဖူးတဲ့ ABSDF (မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး) ကိုယ်တိုင် ရန်ကုန်မြို့ဆီဝင်လာပြီး သြဂုတ်လ ၅ ရက်နေ့မှာ အပစ်ရပ်ရေးလက်မှတ်ရေး ထိုးခဲ့ပါ တယ်။

ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာတော့ လွိုင်ဇာအစည်းဝေး၊ လော့ခီးလာအစည်းဝေးတွေ ဆက်တိုက်ဖြစ်လာပြီး အခုချိန်ထိ လက်မှတ်မထိုးနိုင်သေးပါ။ ကချင်နဲ့ရှမ်းဖက်မှာ တိုက်ပွဲတွေတောင် ပြန်ဖြစ်နေတယ်လို့ သတင်းတွေထွက်လာနေပါတယ်။ ဒါပေမဲ့ အခြေနေဟာ လမ်းကြောင်းမှန်ပေါ်မှာရှိနေဆဲလို့ယူဆရပြီး ဆွေးနွေးညှိနှိုင်းမှုတွေ ဆက်လုပ်သွားလိမ့်မယ်လို့တော့ မျှော်လင့်ရပါတယ်။

နိုင်ငံတကာဆက်ဆံရေးဖက်မှာတော့ ဦးသိန်းစိန်အစိုးရဖက်က လုံးဝအသာစီးရသွားတာကိုတွေ့ရပါတယ်။ အရင်က စစ်အစိုးရကိုအပြင်းအထန်ဝေခဲ့တဲ့ အနောက်တိုင်းကအစိုးရတွေအားလုံး ဦးသိန်းစိန် တို့ရဲ့ လမ်းပြမြေပုံကို ထောက်ခံပြောဆိုနေပြီဖြစ်ပါတယ်။ လေနဲ့ထောက်ခံတာအပြင် ငွေအင်အား၊ နည်းပညာ အင်အားတွေအရပါ ထောက်ပံ့ပေးနေတာ အားလုံးအသိဖြစ်ပါတယ်။ အရင်က စစ်အစိုးရကို အပြင်း အထန်ဝေဖန်ခဲ့တဲ့ ပြည်ပအခြေစိုက် နိုင်ငံရေးအဖွဲ့စည်းအတော်များများဟာလဲ ဦးသိန်းစိန်ရဲ့ လမ်းပြ မြေပုံနောက်ကိုလိုက်ပြီး ပြည်တွင်းမှာရုံးခန်းဖွင့်ဖို့ကြိုးစားနေကြပြီဖြစ်ပါတယ်။

၆ လကိုကျော်ပြီး တနှစ်လောက်အခြေနေကိုပြန်ကြည့်မယ်ဆိုရင်တော့ လာမဲ့ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့ဟာ သမ္မတဦးသိန်းစိန် နော်ဝေးနိုင်ငံနဲ့ ဥရောပတိုက်ဆီ ပထမဆုံးတရားဝင်လည်ပတ်တဲ့ခရီးစဉ် နှစ်ပတ် လည်နေ့ဖြစ်ပါတယ်။ ဒါဟာ နှစ် ၅၀ နီးပါး ပိတ်ဆို့ခံထားရတဲ့ စစ်အာဏာရှင်ဟောင်းနိုင်ငံတခုက စစ်ဗိုလ်ဟောင်းသမ္မတတဦးအတွက် အတော်ထူးခြားတဲ့ခရီးစဉ်ပါ။ ဒီခရီးစဉ်အတွင်း သံတမန်ရေးရာအရ အောင်မြင်မှုတွေရခဲ့သလို ဘဏ္ဍရေးအရလဲ နော်ဝေနိုင်ငံဆီ ပြန်လည်ပေးဆပ်ရန် ကျန်နေတဲ့ ခရိုနာ ၃ ဘီလီယံ (အမေရိကန်ဒေါ်လာ သန်းပေါင်း ၅၄၀ ခန့်)ကို နော်ဝေးအစိုးရက လျှော်ပေးလိုက်တာကို တွေ့ရ မှာဖြစ်ပါတယ်။

ဒါအပြင် ဥရောပသမဂ္ဂနဲ့တွေ့စဉ်မှာလဲ စီးပွါးရေးပိတ်ဆို့မှုတွေရုတ်သိမ်းပေးမယ်ဆိုတဲ့ သဘောတူညီချက်ကို သမ္မတဦးသိန်းစိန်ကရသွားပြန်ပါတယ်။ အခုဆိုရင် စီးပွါးရေးရုတ်သိမ်းတာအပြင် အကူညီတွေ တောင်ပေး နေပါပြီ။ ငြိမ်းချမ်းရေးကိစ္စတွေအတွက် နော်ဝေးနဲ့ အီးယူက အဓိကကူညီနေပါတယ်။ အမေရိကန်ဖက် ကလဲ ကူညီမှုတွေရှိလာနေပြီဖြစ်ပါတယ်။

 (ကြွေးကြော်သံတွေ တိုးတက်လာသော်လဲ ရွာသားတွေဘ၀ကတော့ မတိုးတက်သေးပါ)

ဒါပေမဲ့ ထူးခြားတာတခုကတော့ နော်ဝေးက ဒေါ်လာ သန်း ၅၄၀ ကျော်အကြွေးလျှော်ပေးလိုက်သလို ပြီးခဲ့တဲ့ သတင်းပတ်ကမှ မြန်မာနိုင်ငံဆီရောက်ရှိခဲ့သူ ဂျာမဏီသမ္မတ Joachim Gauck ကလဲ မြန်မာကို ချေးထားတဲ့ အကြွေးစုစုပေါင်းထဲက ၅၀%ကိုလျှော်ပစ်ဖို့ သဘောတူ လက်မှတ်ရေးထိုးခဲ့တယ်လို့ ပြော ပါတယ်။ ဆိုတော့ ဒီလိုအကြွေးလျှော်တဲ့နိုင်ငံတွေစာရင်းကိုပေါင်းလိုက်ရင် အစိုးရဟောင်းခေတ်က တင်နေတဲ့ကြွေးမြီက နဲနဲနောနောမဟုတ်။ ဘယ်တုံးကချေးပြီး ဘယ်နေရာတွေမှာ သုံးစွဲထားမှန်း အစိုး ရဖက်က တခါမှသတင်းမထုတ်ပြန်တဲ့အတွက် အခုလိုကြွေးရှင်နိုင်ငံတွေက အကြွေးလျှော်ပေးမှသာ ပြည်သူတွေက သိခွင့်ရတဲ့သဘောမျိုးဖြစ်နေပါတယ်။

အစိုးရဟောင်းလက်ထက်ကလုပ်ထားတာတွေဆိုတော့လဲ အခုအစိုးရသစ်ခေတ်မှာ သွားပြောနေလို့ မဖြစ်တော့ပါ။ ဒါပေမဲ့ သမ္မတဦးသိန်းစိန်ကိုယ်တိုင် အရင်စစ်အစိုးရဟောင်းခေတ်က ၀န်ကြီးချုပ်လုပ် လာသူဆိုတော့လဲ အဟောင်းအသစ်ပြောင်းလဲမှုဖြစ်စဉ်ကလဲ မြန်မာနိုင်ငံမှာ သိပ်ရှင်းရှင်းလင်းလင်းရှိ တယ်လို့ မဆိုနိုင်သေးပါ။

ဒီကြားထဲ ဘာသာရေးအစွန်းရောက်သူတွေပေါ်လာတာ၊ အမျိုးသားရေးအစွန်းရောက်သူတွေပေါ်လာ တာကလဲ အပြောင်းအလဲဖြစ်စဉ်အတွက် စိုးရိမ်ဘွယ်ဖြစ်ပါတယ်။ ဒါတွေဟာ သဘာဝအရ မတော်တ ဆဖြစ်လာတာတွေလား။ နောက်ကွယ်မှာ လက်တွေရှိနေသလားဆိုတာကလဲ သိပ်မရှင်းလှပါ။ ဆိုလို တာကတော့ ဒီလူတွေကို လွတ်လပ်ခွင့်ပေးလို့မရသေးဘူး။ စစ်တပ်နဲ့ထိမ်းထားမှ အဆင်ပြေမှာဆိုတဲ့ အမြင်မျိုးဖြစ်လာအောင်၊ အဲဒီအကွက်ထဲဝင်လာအောင် တစုံတဦး၊ တဖွဲ့ဖွဲ့က စနစ်တကျစီစဉ်ထားသ လားဆိုတာဟာ မေးခွန်းတခုအဖြစ်ရှိနေဆဲပါ။

အစိုးရဟောင်းခေတ်က တာဝန်ယူခဲ့တဲ့ ဒီလူဟောင်းတွေကပဲ ခေါင်းစဉ်သစ်အမျိုးမျိုးတပ်ပြီး တိုင်းပြည်ကို မောင်းနှင်နေဆဲဆိုတော့ လာမဲ့ ၆ လမှာလဲ သိပ်ထူးခြားတဲ့ တိုးတက်ပြောင်းလဲမှုတွေ မြင်ရလိမ့်မယ်လို့ မျှော်လင့်ဘွယ်မရှိပါ။ ဒါပေမဲ့ ဒီလိုမျိုး ၆ လတခေါက်နီးပါး ပြည်တော်ပြန်ခွင့်ရတာ၊ တွေ့သမျှတွေကို အခုလို ပြန်ရေးပြန်ဝေဖန်ခွင့်ရတာကိုပဲ အရင်စစ်အစိုးရခေတ်ကနဲ့စာရင် တိုးတက်မှုတခုဖြစ်ပါတယ် ဆိုပြီး ပြောမယ်ဆိုရင်တော့ ဘာမဟုတ် ညာမဟုတ် တိုးတက်မှုသေးသေးလေးတွေတော့ မြန်မာနိုင်ငံမှာ ရှိနေပါပြီလို့ ဆိုနိုင်ပါတယ်။

(မီဒီယာလွတ်လပ်ခွင့်ပေးထားသည်ဟုဆိုသော်လဲ စလောင်းတွေကို အားကိုးနေရဆဲ)

အစိုးရသစ်လက်ထက်မှာ မီဒီယာအခန်းကဏ္ဍဟာ လွတ်လပ်ခွင့်အရှိဆုံးလို့ တချို့ကပြောနေပေမဲ့ တကယ် တော့ ရာခိုင်နှုံးအပြည့်မမှန်သေးပါ။ ပုံနှိပ်မီဒီယာလို့ခေါ်တဲ့ စာ-နယ်-ဇင်း လောက်ကိုပဲ လွတ်လပ်ခွင့်ပေး ထားပြီး အသံလွင့်မီဒီယာခေါ် ရေဒီယို၊ ရုပ်-သံ (သတင်းလိုင်း) တွေကို လုံးဝ ထိမ်းချုပ်ထားဆဲဖြစ်ပါတယ်။ ပုဂ္ဂလိကပိုင်အဖြစ် ခွင့်ပြုဘွယ်လဲမမြင်ရသေးပါ။

ဒါကြောင့် လက်ရှိအပြောင်းအလဲဖြစ်စဉ်ဟာ ဒီမိုကရေစီ အခြေခံတွေကို တည်ဆောက်ပေးနေပြီဟု အစိုးရဖက်က အသံကောင်းဟစ်နေသော်လဲ လက်တွေ့မှာတော့ ''ပေးကားပေး၏ မရ'' ဆိုတဲ့အတိုင်း နေပြည်တော်ကပေးနေပြီဟုဆိုသော်လဲ ''အောက်ခြေမှာတော့ ဘာမှမရသေးပါ'' ဒုံရင်းဒုံရင်း ရှိနေဆဲပါ လို့ပဲ ဆိုရမှာဖြစ်ကြောင်းပါ။  ။

Friday, February 14, 2014

တနသာင်္ရီ အပတ်စဉ် ၃၆။

Thursday, February 13, 2014

ဒုတိယ အကြိမ် ပြန်တော်ပြန်ခရီးစဉ် (၁၃)

ထက်အောင်ကျော် (၁၄-၀၂-၂၀၁၄)
ရန်ကုန်။


ပင်လုံကအပြန် တောင်ကြီးမှာ တညအိပ်ပြီးရင် မနက်ပိုင်းကားနဲ့ ရန်ကုန်ပြန်မယ်။ အလာတုန်းက မြင်ခွင့် မရလိုက်တဲ့ ကားလမ်းတလျောက်က မြို့ရွာတွေကိုအပြန်မှာ တ၀ကြိးကြည့်မယ်ဆိုပြီး စိတ်ကူးယဉ် လာတဲ့ကျနော် ကားလက်မှတ်အရောင်းဌာနရောက်မှ ဒုက္ခရောက်ပါတော့တယ်။ ''မနက်ပိုင်းကား မရှိ ဘူးအကို၊ ညနေဖက်ပဲ ရှိပါတယ်'' တဲ့။

ဘာကြောင့်မရှိတာလဲဆိုပြီးဆက်မေးတော့ မနက်ပိုင်းထွက်ရင် ရန်ကုန်ကိုမှောင်မှရောက်တော့ ခရီး သည်တွေ အသွားအလာခက်တယ်။ အဆင်မပြေဘူး။ ဒါကြောင့် ရန်ကုန်ကို မနက်စောစောရောက်နိုင် အောင် ညနေပိုင်းကားတမျိုးပဲစီစဉ်ထားတယ်ဆိုပြီး ကားလက်မှတ်ရောင်းဌာနက ရှင်းပြပါတယ်။


သူ့အကြောင်းပြချက်နဲ့သူ ဟုတ်သလိုလိုရှိနေတော့ ဘာမှမတတ်နိုင်။ ဟဲဟိုးကနေ လေယဉ်သွားစီး မယ်ဆိုရင်လဲ ဈေးက ၂ ဆပေးရမှာဆိုတော့ မတန်ပါဘူး။ စင်းလုံးဖြတ်ကားငှားရလောက်အောင်ကလဲ လက်ထဲမှာ ပိုက်ဆံကသိပ်မကျန်တော့ပါ။ ဒီတော့ ညနေကားကိုစောင့်ရင်း တောင်ကြီးမှာ တနေကုန် အချိန်ဖြုန်းဖို့ဆုံးဖြတ်လိုက်ရပါတယ်။

တောင်ကြီးမြို့ကိုအပေါ်စီးကနေ လှမ်းမြင်ရတဲ့ မြစိမ်းတောင်၊ မြဘုန်းပွင့်အပါဝင် တောင်ပေါ်တန်းတလျောက် သွားလည်ဖြစ်ပါတယ်။ တောင်ကြီးမြို့မြင်ကွင်းက အတော်လှပနေပြိး အစီအရီရှိနေတဲ့ တိုက်တာတွေ အလွန်မှာ ဟဲဟိုးချိုင့်ဝှမ်းကို နှင်းမြူတွေကြားမှာ ခပ်ဝါးဝါးမြင် နေရပါတယ်။ ဘုရားဖူးရင်းနဲ့ ထူးခြားတဲ့ အလှူရှင်တဦးရဲ့ဆိုင်းဘုတ်ကိုလဲ ဒီတောင်ပေါ်မှာတွေ့မိပါတယ်။ ကမ္ဘောဇဘဏ်လီမီတက် ဥက္ကဌ ၀ဏ္ဏကျော်ထင်စည်သူ ဦးအောင်ကိုဝင်းမိသားစုကောင်းမှုတဲ့။

ဦးအောင်ကိုဝင်းကို ဆရာကျောင်းလို့ ဒီဒေသမှာလူသိများပါတယ်။ ဦးတေဇတို့လောက် နာမည်မကြီးပေမဲ့ သူရဲ့ပိုင်ဆိုင်မှုကလဲ နည်းတာမဟုတ်။ ပြည်ပနေကပြန်လာတဲ့ သူပုန်ဟောင်း ကျနော်တောင် သူရဲ့ ပိုင်ဆိုင်မှု နဲ့မကင်းနိုင်ပါ။ ဘာကြောင့်လဲဆိုရင် ထားဝယ်ကနေ ရန်ကုန်ပြန်လာတော့ သူပိုင်တဲ့ ကမ္ဘောဇ လေကြောင်းလိုင်းနဲ့။ ဒီမနက် လက်ထဲမှာပိုက်ဆံကုန်သွားလို့ ATM ရှာပြီး သွားထုတ်တော့လဲ တောင်ကြီးမြို့မဈေးဘေးက ကမ္ဘောဇဘဏ်မှာပဲ သွားထုတ်ခဲ့ရပြန်ပါတယ်။

အရင် DVB မှာတာဝန်ထမ်းစဉ်တုန်းကတော့ ဒီပုဂ္ဂိုလ်တွေကို စစ်အစိုးရနဲ့ပေါင်းပြီးစီးပွါးရေးလုပ်နေသူတွေ၊ ခရိုနီ ခရိုပြာတွေဆိုပြီး အကြီးအကျယ်ဝေဖန်ခဲ့ဖူးတာပေါ့။ အခု မြန်မာနိုင်ငံဆီ လူကိုယ်တိုင် ပြန်လာတော့ သူတို့ရဲ့ပိုင်ဆိုင်မှုတွေ၊ ၀န်ဆောင်မှုတွေမပါရင် ကိုယ်က ခရီးဆက်လို့မရနိုင်တဲ့အခြေနေမျိုးအထိ ဖြစ်နေပါရော့လား။

''လျောက်ပြောမနေနဲ့ဟေ့လူ။ ခင်ဗျားသောက်နေတဲ့ Myanmar Beer ဆိုတာ ဦးပိုင်က ထုတ်တာ၊ အဲဒါ ခင်ဗျား စစ်တပ်ကိုအားပေးနေတဲ့သဘောပဲ'' ဆိုတဲ့ ပြည်တော်ပြန်သူငယ်ချင်းတယောက်က အင်းယား ကန်စောင်းက ဘီယာဆိုင်မှာထိုင်စဉ် ဟာသနှောပြောဆိုမှုကို သွားသတိရမိပါတယ်။ ခက်တော့လဲ ခက်သား။ ဒီလူတွေ၊ ဒီမူတွေကိုဆန့်ကျင်ပါတယ်ဆိုပါမှ ပြည်ပက ခဏပြန်လာသူတောင် သူတို့ရဲ့စက် ကွင်းကနေ မလွတ်ဘူးဆိုတော့ ပြည်တွင်းကလူတွေဆို ပိုဆိုးမှာပေါ့။


ရှိသမျှအားလုံးကို သူတို့ကပိုင်ထားတော့ ဘယ်လွတ်ပါ့မလဲလေ။ တကယ်လို့ ဒီမိုကရေစီအင်အားစု ဖက်တွေကပိုင်တဲ့ လေကြောင်းလိုင်းတွေ၊ စားသောက်ကုန်ကုပ္ပဏီတွေသာရှိရင် ဦးပိုင်နဲ့ ကမ္ဘောဇကို ဘယ်အားပေးပါ့မလဲ။ အခုတော့ အဲဒီလိုမရှိသေး။ ဒီမိုကရေစီအင်အားစုတွေဖက်ကပိုင်တဲ့ စီးပွါးရေး လုပ်ငန်း၊ ၀န်ဆောင်မှုလုပ်ငန်းမျိုး မြန်မာနိုင်ငံမှာရှိနေပြီလို့ အခုချိန်ထိ မကြားဖူးသေးပါ။

ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကနေ၊ ၈၈ မျိးဆက်ပွင့်လင်းလူ့အဖွဲ့စည်းကနေ တချိန်က အဲဒီခရိုနီ၊ ခရိုပြာတွေရဲ့အလှူငွေကို လက်ခံလိုက်ပြီးတဲ့နောက်မှာတော့ ဒီမိုကရေစီအင်အားစုတွေနဲ့ ခရို နီခရိုပြာတွေကြားဆက်ဆံရေးဟာ ကွဲကွဲပြားပြားမရှိလှတော့ပါ။ ထားတော့။ ခရိုနီတွေအကြောင်း ဒီမှာ ခဏရပ်ပြီး လက်ရှိပြောင်းလဲမှု ဖြစ်စဉ်အပေါ် သာမန်ကျောင်းဆရာတဦးရဲ့အမြင်ကိုတင်ပြလိုပါတယ်။

ရှေ့ကအခန်းမှာတင်ပြခဲ့တဲ့အတိုင်း ကျနော်နဲ့အတူ ကားကြုံစီးလာတဲ့ ကျောင်းဆရာမကြီးက ကျနော့် ကင်မရာကို ကွက်ကြည့်ကွက်ကြည့်လုပ်ပြီး ''ဒီခေတ်က မီဒီယာတွေကိုလဲကြောက်နေရတယ်နော်'' လို့ ပြောလာပါတယ်။ ဘာဖြစ်လို့လဲဆိုပြီးမေးတော့ ''မီဒီယာတင်မကဘူး။ လွှတ်တော်ကိုလဲ ကြောက်ရတယ်။ နိုင်ငံရေးပါတီတွေကိုလဲကြောက်ရတယ်။ အရင်ခေတ်ကလို စစ်တပ်တခုတည်းကို ကြောက်နေရတာမျိုး မဟုတ်တော့ဘူး။ ကြောက်ရသူတွေ များလာတယ်'' လို့ တွေးတွေးဆဆနဲ့ဖြေပါတယ်။

ပညာတတ်တဦးဆီကနေ အခုလိုကြားရတော့ နဲနဲတော့ထူးဆန်းနေသလိုပါပဲ။ ဒါပေမဲ့ ဒါဟာ ပထမဆုံး အကြိမ်ကြားရခြင်းတော့မဟုတ်ပါဘူး။ ထားဝယ်နယ်ဖက်က စီးပွါးရေးသမားတဦးဆီကနေ အလားတူ လေသံမျိုး ကျနော်ကြားခဲ့ရဖူးပြီးဖြစ်ပါတယ်။ ''အခုခေတ်က အရင်လိုစီးပွါးဖြစ်ဖို့မလွယ်တော့ပါဘူးကွာ။ အရင်ခေတ်ကဆို တိုင်းမှုးနဲ့ပိုင်ရင် အားလုံးပြီးတယ်။ အခုဟာက အဖွဲ့တွေများလွန်းတော့ ဘယ်သူ့ကို ပိုင်အောင်ပေါင်းရမှန်းတောင် မသိတော့ဘူး'' ဆိုပြီး အဲဒီပုဂ္ဂိုလ်ကဆိုပါတယ်။

စာဖတ်သူကော သူတို့အမြင်ကို ဘယ်လိုထင်ပါသလဲ။  အဲဒီလိုအမြင်ရှိနေသူတွေ၊ ခေတ်ဟောင်းထဲမှာ ခေါက်ရိုးကျိုးပြီးကျန်နေခဲ့သူတွေ ဘယ်လောက်များများရှိနေသေးတယ်လို့ထင်ပါသလဲ။ အဲဒီလိုစဉ်းစား ရင်းနဲ့ညနေ ၆ နာရီလောက်မှာတော့ ရန်ကုန်ကားဂိတ်ရှိရာ အေးသာယာမြို့ဆီ ကျနော်ဆင်းလာပါတယ်။ အဝေးပြေးကားကြီးတွေ တောင်ကြီးမြို့ပေါ်တက်ခွင့်မရှိတဲ့အတွက် မီနီဘတ်စ် (အံစာတုန်းကား) လေးတွေနဲ့ တဆင့်လာရတာပါ။

အေးသာယာမှာတော့ ကားဝင်းကအကျယ်ကြီး။ ဒါပေမဲ့ ပထမ အခေါက်ခရီးစဉ်တုန်းက တင်ပြခဲ့တဲ့ အတိုင်း ပါပဲ။ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ တောင်ကြီး ဘယ်မြို့မှာပဲဖြစ်ဖြစ် ကားဂိတ်တွေစနစ်တကျ ဆောက်ထားတာ မတွေ့ရသေးပါ။ ဥရောပနိုင်ငံတွေကို ခဏမေ့ထား။ အိမ်နီးချင်းထိုင်းနိုင်ငံနဲ့ယှဉ်ရင် တောင် ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းဖက်မှာ အများကြီးဆောင်ရွက်ဖို့လိုနေပါသေးတယ်။

တောင်ကြီး-ရန်ကုန် ကားခက ၁၇၀၀၀ (တသောင်းခုနှစ်ထောင်)။ နေပြည်တော်၊ ပုဂံဖက်က ကားတွေ လောက်မကောင်းပေမဲ့ ၃ ခုံတန်း VIP ဆိုတော့ သက်တောင့်သက်သာရှိပါတယ်။ ဒါပေမဲ့ အိမ်သာက ပျက်နေပြီး အိမ်သာပေါက်ဝမှာ ပစ္စည်းတွေ ပိတ်တင်ထားပါတယ်။ ကားထွက်ချိန်မှာတော့ စိုင်းထီးဆိုင် သီချင်းလေးဖွင့်ပေးတဲ့အတွက် မဆိုးပါဘူး။ ရှမ်းပြည်ခရီးစဉ်တလျောက် နားထောင်ချင်နေတဲ့ ရှမ်း အဆိုတော်ရဲ့အသံကို အခုမှကြားခွင့်ရပါတော့တယ်။

ဒါပေမဲ့ ကံဆိုးချင်တော့ အသံရှင်ကိုမမြင်ရပဲ သီချင်းစာသားနဲ့ လိုက်လျောညီထွေမရှိတဲ့ သရုပ်ဆောင် ချက်တွေကိုသာ မြင်နေရတဲ့အခါမှာတော့ စိတ်ပျက်မိပါတယ်။ မြန်မာနိုင်ငံက MTV အတော်များများဟာ သီချင်းရေးသူနဲ့ MTV ဖန်တီးသူကြား ပူးပေါင်းဆောင်ရွက်မှုမရှိလို့လားမပြောတတ်ပါ။ သီချင်းစာသား ကတခြား၊ သရုပ်ဆောင်ချက်တွေကတခြားစီဖြစ်နေတာကို အတော်များများတွေ့ခဲ့ရပါတယ်။

ဒီလိုနဲ့ ကျနော်တို့ရဲ့ကားဟာ ဟဲဟိုး၊ အောင်ပန်း၊ ကလောမြို့တွေကိုလွန်လာပြီး စားသောက်ဆိုင်ကြီး တခုရှေ့မှာရပ်ပါတယ်။ ခရီးသည်ကား ၅ စီး ၆ စီးလောက်အဲဒီဆိုင်မှာတပြိုင်တည်းရပ်ထားတာတွေ့ရပါ တယ်။ ဒီဆိုင်မှာ သန့်စင်ခန်းတွေလဲအတော်ကောင်းမွန်ပါတယ်။ ဒါပေမဲ့ ထုံးစံအတိုင်း ညဖက်စားနိုင်တဲ့ အစာပျော့တွေ ဒီဆိုင်မှာလဲ မရပြန်ပါဘူး။ ဒီတော့ ခေါက်ဆွဲကျော်ကိုပဲ အားပေးခဲ့ရပေါ့။

ကားပေါ်မှာအဆာပြေသောက်ဖို့ နွားနို့နဲ့အချိုရည်လိုက်ရှာတော့ အားလုံးနီးပါးသောဆိုင်တွေနည်းတူ ဒီဆိုင်မှာလဲ နွားနို့မရှိပြန်ပါဘူး။ နွားနို့ဆိုလို့ သမ္မတပြောမှ နို့သောက်တယ်လို့မထင်ကြစေလိုပါ။ ဥရောပမှာ နေသူအတော်များများ မနက်စာ စားတိုင်း နွားနို့သောက်ကြပါတယ်။ ဒါကြောင့် သမ္မတဦးသိန်းစိန်ကနေ အရက်မသောက်ပဲ နွားနို့သောက်ကြဖို့တိုက်တွန်းတာကို ကျနော်အပြည့်အ၀ ထောက်ခံပါတယ်။

ဒါပေမဲ့ အခု ကျနော်ရောက်နေတဲ့ တောင်ကြီး-ရန်ကုန်အဝေးပြေးကားလမ်းပေါ်က ဈေးဆိုင်ကြီးအပါဝင် ဆိုင်အတော်များများမှာ နွားနို့မတင်ပဲ ဘီယာနဲ့အရက်ကိုသာ နင်းကန်တင်ရောင်းနေတယ်ဆိုတာကို သမ္မတကြီးသိပါရဲ့လားလို့တော့ သံသယ၀င်မိပါတယ်။ သမ္မတရဲ့ တိုက်တွန်းချက်မထုတ်ခင်မှာ နွားနို့တွေ အလွယ်တကူဝယ်ယူနိုင်အောင် အစိုးရကစီမံပေးသင့်ပါတယ်။ သမ္မတရဲ့နှုတ်ထွက်စကားဆိုတာဟာ ပြီးပြီးရော မပြောသင့်။ နိုင်ငံသားတိုင်းလိုက်နာဆောင်ရွက်ရမဲ့ လမ်းညွှန်ချက်ဖြစ်သင့်ပါတယ်။


မြန်မာနိုင်ငံမှာခရီးသည်ကားဂိတ် ကောင်းကောင်းမရှိသေးဘူးဆိုပြီး ပြောမိတဲ့ကျနော် နည်းနည်းဆန္ဒ စောသွားတာဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် တောင်ကြီး-ရန်ကုန် ကားဆိုက်တဲ့ အောင်မင်္ဂလာ အဝေးပြေးကားဂိတ်ဟာ ထိုင်းက ကားဂိတ်တွေလိုပဲ အသေချာပြင်ထားတာတွေ့ရပါတယ်။ လေယဉ် ကွင်းမှာလို ခရီးဆောင်အိတ် လက်တွန်းလှည်းတွေဘာတွေနဲ့။ ''တာမွေဆိုရင် ၇၀၀၀ (ခုနှစ်ထောင်) ယူတယ်အကို။ တဦးတည်းလား၊ ဘယ်နှစ်ယောက်လဲ'' လို့ တက္ကစီပွဲစားကပြောပါတယ်။

တက္ကစီပွဲစားဆိုလို့ နားရှုပ်မသွားပါနဲ့။ တက္ကစီသမားက ကားပေါ်မှာထိုင်နေပြီး အခု ကျနော်ကို လာမေး နေသူ၊ အထုတ်ဆွဲနေသူတွေက ဒီကားဂိတ်မှာ ဘာတာဝန်ယူထားမှန်း ကျနော်မသိလို့ပါ။ ''တက္ကစီငှား တာပဲဗျာ။ ဘယ်နှစ်ယောက်စီးစီး၊ ၄ ဦးထက်မပိုရင်ပြီးတာပဲမဟုတ်လား'' လို့ ကျနော်ကပြန်ပြောတော့ ''အဲဒါဆို အကိုက စင်းလုံးငှားတက္ကစီယူမှာလား'' လို့ အဲဒီပွဲစားကပြန်မေးပါတယ်။

''တက္ကစီငှားပါတယ်ဆိုမှ စင်းလုံးမငှားလို့ ဘယ်လိုငှားရမလဲ'' ဆိုပြီး ကျနော်ကပြန်မေးတော့ စကားသံက နည်းနည်းကျယ်သလိုဖြစ်သွားတယ်နဲ့တူပါတယ်။ ကားပေါ်အရင်တက်ပါဆိုပြီး တက္ကစီရပ်ထားတဲ့ဆီ ကျနော်ကိုခေါ်လာပါတယ်။ ပြီးတော့ ပစ္စည်းတွေကို ကားနောက်ဖုံးထဲ ထည့်ပါတယ်။ ကျနော့်ကို ရှေ့ခန်းမှာ ထိုင်ခိုင်းပါတယ်။ ပြီးတော့ အနောက်ခန်းမှာ နောက်ထပ် ခရီးသည်နှစ်ဦးကိုတင်လိုက်ပါ တယ်။ ''သြော် ဒါကြောင့် စင်းလုံးငှားမလားလို့ မေးနေတာကိုး'' ဆိုတာကို အဲဒီချိန်ကျမှ ကျနော်သဘောပေါက် လိုက်ပါ တယ်။

''စင်းလုံးငှားရင် တသောင်းကျော်ကျမယ်။ အကိုလဲမကိုက်ဘူး။ ကျနော်လဲမကိုက်ဘူး။ ဒီတော့ မြန်မာ့ နည်းမြန်မာ့ဟန် Share စနစ်ပေါ့အကိုရာ'' လို့ကားဆရာကပြောပါတယ်။ ဒီကားဆရာက ရိုးရိုးမဟုတ်။ ဘွဲ့ရတက္ကစီသမားလို့ သူကိုယ်သူမိတ်ဆက်ပါတယ်။ သဘောင်္လိုက်ဖို့စောင့်ရင်းနဲ့ အိမ်ကကားကို အပျော်မောင်းနေရာကနေ တက္ကစီဆရာဖြစ်သွားတာလို့ သူကဆိုပါတယ်။

''၇၀၀၀ ဆိုတာ ၁၀ ဒေါ်လာတောင်မရှိပါဘူး အကိုရာ။ နိုင်ငံခြားမှာဆို ဘယ်စီးစီး ဒေါ်လာ ၁၀ အထက်မှာ ချည်းပဲမဟုတ်လား'' ဆိုပြီး ကားသမားက ပြောပါတယ်။ ''ဟိုမှာ တရက်ဘယ်လောက်ရတယ်ဆိုတာလဲ ထည့်ပြောဦးလေဗျာ။ တရက် ဒေါ်လာ ၁၀၀ ကျော်ရနေသူက ၁၀ ပေးရတာဘာအကြောင်းလဲ။ ဒီမှာက တရက် ၃၀၀၀ ပဲရပြိး ကားခက ၇၀၀၀ ဆိုရင် ဘယ်အလုပ်ဖြစ်တော့မလဲ'' ဆိုပြီး ကျနော်ကပြောတော့ ကားသမားက သိပ်လက်ခံချင်ပုံမရပါ။

သူဘွဲ့ရ တက္ကစီသမားဖြစ်နေတာကိုပဲ ခဏခဏပြန်ပြောနေပါတယ်။ အဲဒီလိုပြောရင်း ကားဂိတ်ကနေ လမ်းမကြီးပေါ်ထွက်လာတော့ လမ်းကို ရဲကအရေးပေါ်ပိတ်ထားလို့ တက်ခွင့်မရပါ။ ''မြန်မာတွေပဲဗျာ။ လုပ်သလိုမဖြစ်တော့လဲ ဖြစ်သလိုလုပ်ရမှာပေါ့'' လို့သူကညီးပြီး ကားကိုဂငယ်ကွေ့မြန်မြန်ကွေ့ကာ ရေဝေးသုသာန်ဖက်ကနေ ပတ်မောင်းလာပါတယ်။ ဒီကားဂိတ်ဆီ ၃-၄ ခေါက်ရောက်ဖူးပြီးဖြစ်ပေမဲ့ ရေဝေး နဲ့ ကားဂိတ် ဒီလောက်နီးနီး ကပ်ကပ်ရှိနေမှန်း ကျနော်မသိပါ။

ကျနော့်ကိုပြည်တော်ပြန်မှန်းရိပ်မိသွားတဲ့ ဘွဲ့ရတက္ကစီဆရာဟာ သူရဲ့လက်ကိုင်ဖုန်းကိုထုတ်ပြီး မြောက် ဥက္ကလာက တံခိုးကြီးဘုရားပုံတွေကိုပြကာ ဘယ်ဘုရားဖူးချင်လဲ။ လိုက်ပို့ပေးမယ်လို့ကမ်းလှမ်းလာပါ တယ်။ ဘုရားကိုစိတ်မ၀င်စားဘူးဆိုတော့ စားသောက်ဆိုင်တွေ၊ ကပွဲရုံတွေဆီသွားမလားလို့ မြူဆွယ် လာပြန်ပါတယ်။ အဲဒါတွေလဲစိတ်မ၀င်စားဘူး၊ သတင်းပဲစိတ်ဝင်စားဆိုပြိးပြောလိုက်တော့ ဘယ်လိုနား လည်သွားလဲမသိပါ။ ''ဟောဒီမှာ သစ်ထူးလွင်ဆိုက်လေ။ သတင်းအတော်မြန်တယ်'' လို့ တက္ကစီဆရာ ကပြောပြိး သူရဲ့လက်ကိုင်ဖုန်းကို ထောင်ပြနေပါတယ်။

တကယ်က သစ်ထူးလွင်ဆိုတာ တခြားလူမဟုတ်။ အရင်က ကျနော်နဲ့ DVB မှာအတူတာဝန်ထမ်းခဲ့ဖူးသူ။ DVB သတင်းထောက်ဟောင်း၊ RFA သတင်းထောက်ဟောင်း။ အခုတော့ သူရဲ့ Blog က မြန်မာ အင်တာနက်လောကမှာ လူကြည့်အများဆုံးဝက်ဆိုက်တခုဖြစ်နေပြီး ပြီးခဲ့တဲ့ ဇန်နာဝါရီတလအတွင်း မှာတင် ၀င်ကြည့်သူဦးရေ ၃၃ သန်းရှိပါတယ်။ တရက်ကို တသန်းကျော်ဝင်ကြည့်တဲ့သဘောဆိုတော့ နည်းတဲ့ပရိတ်သတ်မဟုတ်။

ပြည်တွင်း-ပြည်ပ သတင်းဌာနအားလုံးက တင်သမျှသတင်းအားလုံးကို စက္ကန့်မဆိုင်းပဲ သူ့ရဲ့ ၀က်ဆိုက် မှာတင်ပေးနိုင်သူ။ သူ့ဆိုက်ကိုဝင်ကြည့်လိုက်ရုံနဲ့ ထူးသမျှသတင်းအားလုံးကို စက္ကန့်ပိုင်း၊ မီနစ်ပိုင်းအတွင်း သိနိုင်တယ်ဆိုတော့ ပရိတ်သတ်အတော်များများက အချိန်ကုန်ခံပြီး မူရင်းဆိုက်တွေဆီ သွားမနေတော့ပါ။ သစ်ထူးလွင်ကိုပဲ အရင်ဝင်ကြည့်ကြပြီး အဲဒီကမှတဆင့် မူရင်းဆိုက်တွေဆီသွားကြည့် လေ့ရှိတယ်လို့ သိရပါတယ်။

ညနေပိုင်းမှာတော့ ချိန်းမထားပဲတောင် သတင်းသမားတွေဆုံလေ့ရှိတဲ့နေရာလို့ နာမည်ကြီးတဲ့ ၁၉ လမ်းက စားသောက်ဆိုင်တန်းဆီ ကျနော်ရောက်သွားပါတယ်။ ပြီးခဲ့တဲ့ မေလခရီးစဉ်တုန်းကဆိုရင် ဒီလမ်းကို ၃-၄ ခေါက်လောက်ရောက်ပြီး ပြည်တော်ပြန်တွေအပါဝင် သတင်းသမား၊ NGO သမား၊ အနုပညာသမား၊ စာပေသမား စသဖြင့် မိတ်ဟောင်းဆွေဟောင်းအတော်များများနဲ့ဆုံတွေ့ခွင့်ရခဲ့ပါတယ်။

ဒါပေမဲ့ ဒီနေ့ကျတော့ ည ၈ နာရီလောက်အထိ၊ Jack Daniel's ပုလင်း တ၀က်ကျိုးတဲ့အထိ အလုပ်ကိစ္စနဲ့ ချိန်းထား သူ ၃-၄ ဦးကလွဲရင် တခြားသတင်းသမား၊ NGO သမားတဦးမှမတွေ့မိ။ ဘာကြောင့်လဲဆိုပြီး မေးကြည့်တော့ ဒီနေ့က တနင်္ဂနွေနေ့ဖြစ်နေလို့ပါတဲ့။ သေပြီဆရာပေါ့။ ဆိုလိုတာက တနင်္ဂနွေ ရုံးပိတ် ရက်ဆိုတော့ ဘယ်သူကမှ အိမ်ကနေလာပြီး ဒီမှာတကူးတကလာမထိုင်ပါ။ ကျန်တဲ့ရုံးဖွင့်ရက်တွေမှာတော့ ရုံးကဆင်းတာနဲ့ အလိုလိုဒီကိုစုရပ်အဖြစ်ရောက်လာကြတာဖြစ်တယ်လို့ ရန်ကုန်နေသတင်းသမားတွေက ပြောပါတယ်။

လွဲတဲ့အခါလဲလွှဲမှာပေါ့လေ လို့ပြောရုံမှတပါး ဘာမှမတတ်နိုင်။ မနက်ဖြန် နော်ဝေးကို ပြန်တော့မှာဆိုတော့ နောက်တခေါက်လာမှ ပြန်တွေ့ကြသေးတာပေါ့လို့ပဲ နှုတ်ဆက်ခဲ့ရတော့မယ်ထင်ပါရဲ့။ အင်း.. မိတ်ဟောင်း ဆွေဟောင်း သတင်းသမားတွေက တနင်္ဂနွေမှာရုံးပိတ်လို့မလာဘူးဆိုပေမဲ့ ပိတ်ရက်မရှိတဲ့ ၁၉ လမ်း ခိုင်ထူးရဲ့ သီချင်းသံကိုတော့ ကျနော်ကောင်းကောင်းနားထောင်ခွင့်ရခဲ့ပါတယ်။


''...ဆီးနှင်းတို့ကျစတညမှာ အိမ်ကိုပစ်ပြီးတော့... မပြေလည်နိုင်မဲ့လမ်းမှန်း သိရက်နဲ့တလှမ်းချင်းလှမ်း ကာရင်ဆိုင်နေဆဲက... အိမ်ပြန်ချင်တဲ့အလွမ်းစိတ် တိတ်ဆိတ်ရောက်လာတယ်''။ ''...စိမ်ခေါ်နေတဲ့လမ်း ...ဆူးခင်းနဲ့စီးချင်းထိုးကာ မြေလှန်ပစ်ပြီးတော့... စိုပြေနိုင်မဲ့နည်းလမ်း ရှိရက်နဲ့ မနီးစပ်သေးခင် ရှာဖွှေနေ ဆဲက... အိမ်ပြန်ချင်တဲ့အလွမ်းစိတ် တိတ်ဆိတ်ရောက်လာတယ်...''။

''...အမေအိုမျှော်မယ်မှန်းလဲ သိရက်နဲ့ခရီးကြမ်းဖျက်ကာ ပြန်မလာနိုင်သေးခင်... ''။    ။

Wednesday, February 12, 2014

ပင်လုံစိတ်ဓာတ်နဲ့ သုံးပွင့်ဆိုင် ဆွေးနွေးရေး

Written by  ထက်အောင်ကျော်

Wednesday, 12 February ( The Voice Daily) 
 
ဒီနေ့ ကျရောက်တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ဟာ (၆၇) နှစ်မြောက် ပြည်ထောင်စုနေ့ ဖြစ်ပါတယ်။ ပြည်ထောင်စုနေ့ ရောက်တိုင်း အလံတင်၊ အလံသယ် အခမ်းအနားတွေ၊ ပျော်ပွဲရွှင်ပွဲ၊ အားကစားပွဲ အခမ်းအနားတွေ၊ ယဉ်ကျေးမှု ပြပွဲပြိုင်ပွဲတွေ မြို့တိုင်းလိုလိုမှာ နှစ်စဉ် ကျင်းပကြပါတယ်။

အထူးသဖြင့် ပြည်ထောင်စုနေ့မှာ ကျင်းပတဲ့ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု ပြခန်းတွေဟာ လူစိတ်ဝင်စားမှု အများဆုံး ဖြစ်ပါတယ်။ ပြည်နယ်- တိုင်း မြို့တော်အသီးသီးမှာ ကျင်းပကြတဲ့အပြင် ရန်ကုန် ကျိုက္ကဆံ ကွင်းမှာလည်း ခမ်းနားထည်ဝါစွာ ကျင်းပလေ့ရှိပြီး လူတွေတိုးမပေါက်အောင် စည်ကားလေ့ ရှိပါတယ်။

အဲဒါ ၁၉၈၈ ခုနှစ် ၈ လေးလုံး အရေးတော်ပုံ မတိုင်ခင် ကျွန်တော်တို့ ကျောင်းသားဘဝက အခြေအနေကို ပြောတာပါ။ အခုချိန် အဲဒီလိုသွားပြောရင် “ခင်ဗျား ဘယ်မှာအိပ်ပျော်ပြီး ကျန်ခဲ့တာလဲ”  လို့ အမေးခံရနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် အဲဒီလို အလံသယ်တာ၊ ယဉ်ကျေးမှုပြပွဲ ကျင်းပတာတွေ ခမ်းခမ်းနားနား မလုပ်တာ နှစ်ပေါင်း အတော်ကြာနေပြီလို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

“ကျိုက္ကဆံကွင်းက အခုအားကစားသိပ္ပံ ဖြစ်နေပြီ။ စစ်အစိုးရခေတ်ကဆို ယာယီ ထိန်းသိမ်းရေးစခန်းတောင် ဖြစ်လိုက်သေးတယ်လေ” လို့ တက္ကသိုလ် ဆရာတစ်ဦးက ပြောပါတယ်။ ပြီးတော့ သူကဆက်ပြီး “ဒီနေ့ ကလေးတွေက ပြည်ထောင်စုနေ့တို့၊ ဗိုလ်ချုပ်မွေးနေ့တို့ သိပ်မသိတော့ဘူးဗျ။ သူတို့သိတာ ဖေဖော်ဝါရီ ၁၄ နဲ့ ချစ်သူများနေ့ပဲ” လို့ သူကဆိုပါတယ်။

ဒါကိုပင် ၂၅ နှစ်အတွင်း ထူးခြားတဲ့ အပြောင်းအလဲလို့ ပြောရတော့မလား။ စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ဆီ အသွင်ပြောင်းနေပါတယ်ဆိုတဲ့ ဒီနေ့ကာလမှာကော ပြည်ထောင်စုနေ့နဲ့ ဗိုလ်ချုပ် မွေးနေ့တွေကို အရင်ခေတ်ကလို ပြန်လည် ဖော်ထုတ်သင့်ပါသလား။

ကံကောင်းတာ တစ်ခုကတော့ ပြည်နယ်-တိုင်းမြို့တော်တွေမှာ အရင်လို ပြည်ထောင်စုနေ့ အခမ်းအနား အကြီးအကျယ် မလုပ်တော့ပေမယ့် နေပြည်တော်မှာတော့ ပြည်နယ်-တိုင်းပေါင်းစုံက ယဉ်ကျေးမှု အဖွဲ့တွေကို ဆင့်ခေါ်ပြီး ကပွဲ၊ ပြိုင်ပွဲတွေ ကျင်းပနေဆဲ။ ပြည်ထောင်စုနေ့ ညစာစားပွဲတွေ ကျင်းပနေဆဲလို့ သိရပါတယ်။

မနှစ်က အခြေအနေကို ပြန်ကြည့်မယ်ဆိုရင် နေပြည်တော်မှာ အဲဒီလို ပြည်ထောင်စု ယဉ်ကျေးမှုကပွဲတွေ၊ ညစာစားပွဲတွေ ကျင်းပနေချိန်မှာ ကချင်ပြည်နယ် လိုင်ဇာမှာတော့ တိုက်ပွဲတွေ အကြီးအကျယ် ဖြစ်နေပါတယ်။ ဒီနှစ်အတွက် ကံကောင်းတာကတော့ ပြည်ထောင်စုနေ့မှာ အဲဒီလို တိုက်ပွဲကြီးတွေ မရှိတော့ပါ။ ဒီထက် ပိုကံကောင်းမယ်ဆိုရင် မနှစ်က အဲဒီလို တိုက်နေဆဲဖြစ်တဲ့ KIO (ကချင်လွတ်လပ်ရေးအဖွဲ့) အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်  တော်လှန်ရေး အဖွဲ့ခေါင်းဆောင်တွေကိုတောင် နေပြည်တော်က ပြည်ထောင်စု ညစာစားပွဲဆီ သမ္မတက ဖိတ်ခေါ်ကောင်း ဖိတ်ခေါ်နိုင်ပါတယ်။

ဘာကြောင့်လဲဆိုရင် ပြီးခဲ့တဲ့ ၂၀၁၃ တစ်နှစ်လုံး ဦးသိန်းစိန် အစိုးရရဲ့ အဓိက ဦးစားပေး လုပ်ငန်းစဉ်ထဲမှာ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးတာ၊ တစ်ဖွဲ့ချင်းစီနဲ့ လက်မှတ်ထိုးတာတွေ လုပ်နိုင်ခဲ့ပြီး အဖွဲ့အားလုံး ပါနိုင်တဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အဆင့်ဆီ သွားဖို့ ကြိုးစားခဲ့လို့ပါ။ ငွေကုန်ကြေးကျများပြီး နိုင်ငံတကာ အသိုင်းအဝိုင်းကပါ ပါဝင် ပတ်သက်နေတဲ့ ဒီလုပ်ငန်းစဉ်ဟာ အခုအချိန်ထိ တိကျတဲ့ အဖြေထွက် မလာသေးပေမယ့် မှန်ကန်တဲ့ လမ်းကြောင်းတစ်ခုဆီ ဦးတည်နေပြီလို့တော့ မှန်းဆနိုင်ပါတယ်။

မေးစရာ ကျန်နေတာကတော့ အဲဒီလို တစ်နိုင်ငံလုံး အပစ်ရပ်ရေး သဘောတူညီချက် ရပြီဆိုရင် ဘာဆက်လုပ်ကြမှာလဲ ဆိုတာပါပဲ။ အားလုံး ပြောနေကြတဲ့အတိုင်း “နိုင်ငံရေးမူဘောင် ဆွေးနွေးရေး” ပေါ့လို့ ဖြေကြမယ် ထင်ပါတယ်။ ဒါပေမဲ့ သံတမန်ဆန်လှတဲ့ အဲဒီစကားလုံးက ဘာကိုဆိုလိုတာလဲ။ အဓိပ္ပာယ်က ဘာလဲ။

‘နိုင်ငံရေး မူဘောင်’ ဆိုတာ ဘာကိုဆိုလိုမှန်း ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် သိန်းနဲ့ချီရှိတဲ့ တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင် တပ်ဖွဲ့တွေကို အနာဂတ်မှာ ဘယ်လို ရှင်သန်ခွင့်ပေးမလဲ။ အဖွဲ့တစ်ခုချင်းစီက လိုချင်တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ဘယ်လိုခွင့်ပြုပေးမလဲ။ တိုင်းရင်းသား တစ်စုချင်းအလိုက် စာပေ၊ ယဉ်ကျေးမှု၊ ကိုယ်ပိုင် လက္ခဏာ အသိအမှတ်ပြု ခံရရေးအတွက် ဘယ်လို သဘောတူကြမလဲဆိုတဲ့ အချက်တွေ အဲဒီ ‘မူဘောင်’ ထဲမှာ ပါဝင်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်။

ဒီလို မူဘောင် သတ်မှတ်နိုင်ရေးအတွက် ဘာကိုအခြေခံပြီး ဆွေးနွေးကြမှာလဲ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ တို့တာဝန် အရေးသုံးပါးလား။ ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ခင်ညွန့် လက်ထက်က တို့တာဝန် အရေးသုံးပါး အခြေခံနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်ခဲ့ပြီးပါပြီ။ ပန်းတိုင်ဆီ မရောက်ဘဲ သူပါ အဖမ်းခံရပြီး အားလုံး ပျက်သွားခဲ့ပါတယ်။ ဒါဆိုရင် ၂၀၀၈ ဥပဒေနဲ့လား။ ဒါကိုလည်း အများက လက်မခံနိုင်လို့ ပြန်ပြင်ရေးအဖွဲ့တောင် လွှတ်တော်ထဲမှာ ဖွဲ့ထားပြီးပြီဆိုတော့ ဒါလည်း မဖြစ်နိုင်ပြန်ပါဘူး။

ဒါဖြင့် ဘာကို အခြေခံယူပြီး ဆွေးနွေးကြမှာလဲ။ ‘ပင်လုံစာချုပ်နဲ့ ပင်လုံစိတ်ဓာတ်’ လို့ပဲ ဖြေရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် တကွဲတပြားစီ ဖြစ်နေတဲ့ မြန်မာနိုင်ငံတွင်းက လူမျိုးစု အားလုံးနီးပါးဟာ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ အတွင်းက ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့မှာ ဆုံတွေ့ပြီး နယ်ချဲ့ လက်အောက်ကနေ လွတ်လပ်ရေး အရယူနိုင်ဖို့အတွက် အတူတကွ ယှဉ်တွဲနေ ထိုင်ရေးမူကို လက်မှတ် ရေးထိုးနိုင်ခဲ့လို့ ဖြစ်ပါတယ်။

KIO အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ တွရော လက်နက်မကိုင်တဲ့ တိုင်းရင်းသား ပါတီတွေကပါ ပင်လုံစာချုပ်နဲ့ ပင်လုံစိတ်ဓာတ်အကြောင်း အခုတစ်လော အလေးပေး ပြောဆိုလာကြတာကို နိုင်ငံရေး စိတ်ဝင်စားသူတိုင်း သတိထားမိကြမှာပါ။

ကဲ...အဲဒီ ပင်လုံစာချုပ်ထဲမှာ ဘာတွေပါသလဲ။ ဘယ်အချက်တွေကို တိုင်းရင်းသား အဖွဲ့တွေက အဓိက ကိုးကား ထောက်ပြချင်နေတာလဲ။ ဒုတိယ ပင်လုံညီလာခံ ခေါ်မယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကကော ပင်လုံစာချုပ်ပါ ဘယ်အချက်တွေကို ညွှန်းဆိုချင်နေတာလဲ။ ဖက်ဒရယ်စနစ်ကို လက်ခံပါတယ်လို့ ပြောလာတဲ့ ဦးသိန်းစိန်၊ ဦးရွှေမန်းနဲ့ ကြံ့ခိုင်ရေးပါတီကကော ဘယ်လိုဖက်ဒရယ်ကို ဆိုလိုတာလဲ။

ပင်လုံစာချုပ်ပါ အချက်ကိုးချက်ကို အသေအချာ ဖတ်ကြည့်မယ်ဆိုရင် လွတ်လပ်ရေး ရပြီးတဲ့နောက် ဘယ်လို ပြည်ထောင်စုမျိုး တည်ဆောက်မယ်ဆိုတဲ့ အတိအကျ ညွှန်းဆိုချက် မတွေ့ရပါဘူး။ တောင်တန်းဒေသအတွက် ကိုယ်စားလှယ်တစ်ဦးကို ရွေးချယ်ပြီး ဘုရင်ခံ အမှုဆောင် ကော်မတီထဲမှာ ထည့်ကာ တောင်တန်းဒေသကို အလေးပေး ဆောင်ရွက်ပေးဖို့သာ အဓိက တောင်းဆိုထားတာ တွေ့ရပါတယ်။

ဒါဖြင့် ဘာကြောင့် ပင်လုံစာချုပ်ကို အားလုံးက ကိုးကားပြောဆို နေကြတာလဲလို့ မေးစရာ ရှိလာပါတယ်။ အဲဒီ ပင်လုံညီလာခံကို တက်ခဲ့သူ ရှမ်းဝါရင့် ခေါင်းဆောင်ဦးရွှေအုန်းရဲ့ ‘ကိုယ်တိုင်ရေး ကိုယ်ရေး အတ္တုပ္ပတ္တိစာအုပ်’ ကို ကိုးကားရမယ်ဆိုရင် ‘စာနဲ့ရေးမထားတဲ့ သဘောတူညီချက်များ’ 'Unwritten  Agreement' ဆိုတာ ရှိပါတယ်။ အဲဒီအချက်က ရှေ့မှာပြောခဲ့တဲ့ ပင်လုံစာချုပ်ပါ အချက်ကိုးချက်ထက် ပိုအရေးကြီးပါတယ်။ ပင်လုံရဲ့ တကယ့် အနှစ်သာရဟာ ‘စာနဲ့ရေးမထားတဲ့ သဘောတူညီချက်များ’ ဖြစ်တယ်လို့ နားလည်မိပါတယ်။

အဲဒီ အချက်ကိုးချက်ရဲ့ နိဒါန်းမှာ ဘာရေးထားသလဲဆိုရင် “ရှမ်းပြည်နယ်များ၊ ကချင်တောင်တန်း ဒေသများနှင့် ချင်းတောင်တန်း ဒေသတို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသော ပင်လုံမြို့တွင် ကျင်းပသည့် အစည်းအဝေးကြီးတွင် ကြားဖြတ် မြန်မာအစိုးရနှင့် ချက်ချင်း ပူးပေါင်းခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းတို့သည် လွတ်လပ်ရေးကို ပိုမို၍လျင်မြန်စွာ ရရှိလိမ့်မည်ဟု ကန့်ကွက်သူမရှိဘဲ သဘောတူညီကြလေသည်” လို့ ရေးထားတာ တွေ့ရပါတယ်။

ဆိုလိုတာကတော့ တောင်တန်းနဲ့ပြည်မ ပူးတွဲပြီး တစ်ပြိုင်တည်း လွတ်လပ်ရေး အရယူနိုင်ဖို့အတွက် ဒီပင်လုံစာချုပ်ကို လက်မှတ် ရေးထိုးလိုက်တာပါ။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ကြားဖြတ်အစိုးရနဲ့ တိုင်းရင်းသားတွေ ပူးတွဲ ဆောင်ရွက်နိုင်ဖို့ ဒီစာချုပ်ကို လက်မှတ်ရေးထိုး လိုက်တာပါ။

လွတ်လပ်ရေး ယူဖို့အတွက်သာ စာချုပ်မှာ အဓိက ရေးသားထားပြီး အနာဂတ်နိုင်ငံတော် တည်ဆောက်ရေး အတွက်တော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားတွေ ဆက်ဆွေးနွေး ညှိနှိုင်းသွားမယ်။ ပင်လုံရဲ့ အနှစ်သာရ၊ ပင်လုံရဲ့စိတ်ဓာတ် ဆိုတာဟာ တောင်တန်းသားတွေနဲ့ ပြည်မက လူတွေအကြား အပြန်အလှန် နားလည်မှုရှိပြီး တန်းတူရည်တူ ဆွေးနွေးညှိနှိုင်းခြင်းလို့ အဓိပ္ပာယ် ရတယ်လို့ ကျွန်တော် ထင်ပါတယ်။

ဒီအတွက် ပင်လုံစာချုပ်၊ ပင်လုံညီလာခံ၊ ပင်လုံစိတ်ဓာတ်ဆိုပြီး အားလုံးက ညွှန်းဆိုနေတာလို့ နားလည်ပါတယ်။ ဒီလိုညွှန်းဆိုတယ် ဆိုတာကို အခုလို ပြည်ထောင်စုနေ့မှာ နိုင်ငံရေး အဖွဲ့စည်းအားလုံးက အသေအချာ ရှင်းပြသင့်ပါတယ်။ ဒါဟာ နေပြည်တော်က ပြည်ထောင်စုနေ့မှာ သမ္မတနဲ့အတူ ညစာစားပွဲ တက်ဖို့ထက် ပိုအရေးကြီးပါတယ်။ ယဉ်ကျေးမှုက ပွဲထက်လည်း ပိုအရေးကြီးပါတယ်။ အပေါ်ယံ အခင်းအကျင်းတွေကို နည်းနည်းလျှော့ပြီး အနှစ်သာရတွေကို ထုတ်ဖော်ပြောဆို ဆွေးနွေးငြင်းခုံဖို့ နိုင်ငံရေး သမားတွေမှာ တာဝန်ရှိပါတယ်။

အနှစ်ပြန်ချုပ်ရမယ် ဆိုရင်တော့ အနာဂတ် မြန်မာနိုင်ငံတော်ကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပေါ် အခြေပြု တည်ဆောက်လို့ မရနိုင်ပါ။ ပင်လုံစိတ်ဓာတ်ပေါ်မှာသာ အခြေခံ တည်ဆောက်လို့ ရနိုင်မှာ ဖြစ်ပါတယ်။ ဒီအတွက် ၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံသူရော၊ လက်မခံသူရော၊ ပါလီမန်တွင်းရော၊ ပါလီမန်ပရော နိုင်ငံရေး အင်အားစုအားလုံး ပါဝင်နိုင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲ တစ်ခုလုပ်ဖို့ လိုနေပါတယ်။

ဒီထက်ပိုရှင်းအောင် ပြောရရင် ‘သုံးပွင့်ဆိုင် ဆွေးနွေးပွဲ’ လုပ်ဖို့ လိုနေပါတယ်။ သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ လက်ရှိအာဏာရ စစ်အုပ်စုဟောင်းတွေရယ်၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီ အင်အားစုတွေရယ်၊ ပြည်တွင်း-ပြည်ပ တိုင်းရင်းသား အင်အားစုတွေရယ် အားလုံး တန်းတူရည်တူ ဆွေးနွေးဖို့ လိုအပ်နေပါတယ်။

လက်ရှိသွားနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ပါလီမန် လမ်းကြောင်း ဆိုတာဟာ မလွှဲမရှောင်သာလို့ တရွတ်တိုက် လိုက်ပါနေရတဲ့ လမ်းကြောင်းတစ်ခုသာ ဖြစ်တယ် ဆိုတာကို ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသား တန်းတူရေးကို ယုံကြည်တဲ့ နိုင်ငံရေးသမားတိုင်း သတိပြုမိဖို့ လိုပါတယ်။ အားလုံးပါနိုင်တဲ့ သုံးပွင့်ဆိုင် ဆွေးနွေးရေး လမ်းကြောင်းကို အင်အားစု အားလုံးက ပြန်တောင်းဆိုဖို့ လိုနေပါတယ်။

အဲဒီလို မတောင်းဆိုဘဲ လက်ရှိအာဏာရ ကြံ့ခိုင်ရေးပါတီက အများစု ယူထားတဲ့ ပါလီမန်က ပြောတဲ့အတိုင်း၊ ဦးသိန်းစိန် အစိုးရက လမ်းညွှန်တဲ့အတိုင်း ဆက်သွားနေမယ် ဆိုရင်တော့ ၂၀၀၈ ဖွဲ့စည်းပုံ လမ်းပြမြေပုံ ‘မူဘောင်’ ထဲကနေ ထိုးထွက်နိုင်ဖွယ် မရှိပါ။ ပင်လုံစိတ်ဓာတ်တွေ၊ ဖက်ဒရယ် မူတွေဆီလည်း ဦးတည်နိုင်ဖို့ မလွယ်ပါ။

ဒါကြောင့် အင်အားစုအားလုံး ပါဝင်ခွင့်ရတဲ့ နိုင်ငံရေး ဆွေးနွေးပွဲ၊ သုံးပွင့်ဆိုင် ဆွေးနွေးပွဲ တစ်ရပ်ကို ပင်လုံစိတ်ဓာတ်ပေါ် အခြေခံပြီး အမြန်ဆုံး ပြုလုပ်ဖို့၊ အဲဒီဆွေးနွေးပွဲကနေ ထွက်လာတဲ့ ရလဒ်ပေါ် အခြေခံပြီး အနာဂတ် နိုင်ငံတော် တည်ဆောက်ရေး ‘မူဘောင်’ ချမှတ်နိုင်ဖို့ အရေးတကြီး လိုအပ် နေပါကြောင်း ဒီနေ့ ကျရောက်တဲ့ ပြည်ထောင်စုနေ့မှာ အလေးအနက် တင်ပြ လိုက်ရပါတယ်။

ပင်လုံမြေသို့ အလည်တခေါက်...။


ထက်အောင်ကျော် (၁၂-၀၂-၂၀၁၄)

ဒီနေ့ ဖဖေါ်ဝါရီလ ၁၂ ရက်နေ့ဟာ ၆၇ ကြိမ်မြောက် ပြည်ထောင်စုနေ့ဖြစ်ပါ တယ်။ ပြည်ထောင်စုနေ့ ရောက်တိုင်း အလံတင်၊ အလံသယ်အခန်းနား၊ ပျော်ပွဲရွှင်ပွဲ၊ အားကစားပွဲအခန်းနားတွေ မြို့တိုင်းလိုလို မှာနှစ်စဉ်ကျင်းပနေကြဖြစ်ပေမဲ့ ဒီနှစ်ကတော့ အရင်နှစ်တွေထက် ပိုထူး ခြားမှုရှိမယ်လို့မျှော်လင့်ရပါတယ်။

(ပြည်မ-တောင်တန်း ပူးပေါင်းရေးစာချုပ်ကျောက်တိုင်)

ဘာကြောင့်လဲဆိုရင် ပင်လုံစိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်၊ ဖက်ဒရယ်စနစ်၊ ဖက်ဒရယ်တပ်မတော် စသဖြင့် ကြွေးကြော်သံတွေ ဒီနှစ်ထဲမှာအသံကျယ်ကျယ်လောင်လောင်ကြားနေပြီး အပစ်ခတ်ရပ်စဲရေး ဆွေးနွေးပွဲ၊ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကလဲ ဟိုး-မြောက်ဖက်ဖျား ကချင်ပြည်နယ် လိုင်ဇာ ကနေ တောင်ဖက်ဖျား ကရင်ပြည်နယ် လောခီးလာအထိ ဆက်တိုက် ပြုလုပ်နေလို့ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ပြည်ထောင်စုနေ့ကိုစတင်ဖွေးဖွားပေးခဲ့တဲ့ ပင်လုံမြို့က သမိုင်းဝင် ကျောက်တိုင်ကို ပြန်လည်မွန်းမံပြင်ဆင်ဖို့ ရှမ်းပြည်နယ်အစိုးရက ကြိုးစားနေပါတယ်။ အဲဒီလိုမွန်းမံပြုပြင်မှု တွေလုပ်နေ တဲ့ ပင်လုံကျောက်တိုင်ဆီ ပြိးခဲ့တဲ့လအတွင်းက ကျနော်ရောက်သွားခဲ့ပါတယ်။

ရှမ်းပြည်တောင်ပိုင်းမြို့တော် တောင်ကြီးကနေ ပင်လုံမြို့ဆီ မိုင် ၆၀ ကျော်သာ ဝေးပေမဲ့ တောင်တက်၊ တောင်ဆင်းများလွန်းတာကြောင့် ၂ နာရီကျော် ကားစီးရပါတယ်။ ဟိုပုံး၊ မိုင်းပွန်နဲ့ လွိုင်လင်မြို့တွေကို ဖြတ်ပြီးတဲ့နောက် ပင်လုံကိုရောက်လာပါတယ်။ တကယ်ဆိုရင် လွိုင်လင်နဲ့ ပင်လုံက နီးနီးလေး။ ၆ မိုင် ဆိုတော့ ၁၅ မီနစ်လောက်ပဲကြာပါတယ်။

ဒါပေမဲ့ တောင်ကြီး-လင်းခေး၊ တောင်ကြီး-တာချီလိတ်ဖက်သွားတဲ့လိုင်းကားတွေက လမ်းကြောင်း မ သင့်လို့ ပင်လုံဆီမ၀င်ကြပါဘူး။ မြို့အ၀င်ဝရောက်တာနဲ့ ''လှိုက်လှဲစွာကြိုဆိုပါ၏၊ ပင်လုံမြို့'' ပင်လယ် ရေမျက်နှာပြင်ထက် ပေ ၄၄၄၀ လို့ ရေးထားတဲ့ ဆိုင်းဘုတ်ကိုတွေ့ရပါတယ်။ ရေကန်ကြီးတခုကိုဖြတ် ပြီးတဲ့နောက် ပင်လုံဈေးရှေ့နားက ဒေသခံအသိတဦးရဲ့အိမ်ဆီ ၀င်လည်ပါတယ်။

ပင်လုံကိုတခါမှမရောက်ဖူးတော့ ဒေသခံတဦးဦးကလိုက်ပို့မှ၊ နောက်ခံအချက်လက်တွေကိုရှင်းပြမှ ပို အဆင်ပြေမယ်မဟုတ်ပါလား။ သူ့ကိုခေါ်ပြီးပြန် ထွက်လာတာ့ ကျောက်တိုင်က ခုနက ရေကန်ဘေးနား လေးမှာပါပဲ။ အဲဒီရေကန်ဘေးမှာ နေပြည်တော်က  ရွှေတိဂုံသစ်နဲ့ ပုံစံတူ စေတီအကြီးကြီးတဆူ တည် ထားတာတွေ့ရပါတယ်။

(ပင်လုံကျောက်တိုင်ရှေ့မှာ တည်ထားတဲ့ ရွှေတိဂုံပုံစံတူစေတီတော်)

''အရင်က အဲဒီစေတီမရှိဘူးလေ။ ဒီကားလမ်းပေါ်ကနေတောင် ကျောက်တိုင်လှမ်းမြင်နေရတာ'' လို့ ဒေသခံကပြောပါတယ်။ ''အဲဒီလိုမမြင်ရအောင် ဒီစေတီကို တမင်လာတည်ထားလားမှမသိတာ'' ဆိုပြီး ကျနော်ကပြောတော့ သူကဘာမှပြန်မပြောပါ။ ဘုရားဝင်ပေါက်မုဒ်ဦးမှာရေးထားတဲ့ စေတီအမည်ကို ဖတ်ကြည့်တော့ ''မဟာရဋ္ဌာ ဘိသာမဂ္ဂီ စေတီ''။ ကောဇာသက္ကရာစ် ၁၃၆၇ မှာတည်သည်လို့ရေးထား တာတွေ့ရပါတယ်။ ဒီနှစ် ၁၃၇၅ မှာ ၁၃၆၇ ကို နုတ်လိုက်တော့ လွန်ခဲ့တဲ့ ၈ နှစ်ကမှ တည်တဲ့သဘော။ တနည်းအားဖြင့် နေပြည်တော်တည်တဲ့ နှစ်မှာမှ ဒီစေတီကိုတည်တယ်လို့ အဓိပ္ပါယ်ထွက်နေပါတယ်။

အဲဒီစေတီကိုကျော်ပြီး ကျောက်တိုင်ဆီလမ်းလျောက်လာတော့ မြက်ခင်းတွေ၊ ပန်းပင်ကို မြေတူးစက်နဲ့ ဖယ်ရှားနေတာ။ ကျောက်တိုင်ရှေ့မှာ ရေကန်အသစ်တခုတူးနေတာ။ ကျောက်တိုင်ဘေးမှာ သဲတွေ၊ အုတ်တွေ ပုံလိုက်ရှိနေတာကိုမြင်ရပါတယ်။ ကျနော့်စိတ်ထဲတော့ စစ်ရေးပြကွင်းလုပ်မဲ့ပုံစံမျိုးလို့ ခံစားမိ ပါတယ်။ ဒါပေမဲ့ အသေချာမေးကြည့်တော့ ''ပင်လုံကျောက်တိုင်ပန်းခြံ အဆင့်မြှင့်တင်ရေးလုပ်ငန်းစဉ်'' ကို ပြည်နယ်အစိုးရကိုယ်တိုင်က ဦးစီးဆောင်ရွက်နေတာလို့သိရပါတယ်။

ကျောက်တိုင်ဘေးနားအထိ နီးနီးဝင်သွားပြီးကြည့်တော့ ''ပြည်မ-တောင်တန်း ပူးပေါင်းရေးစာချုပ် ကျောက်တိုင်။  ၁၉၄၇ ဖေဖေါ်ဝါရီလ ၁၂ ရက်'' ဆိုတဲ့စာတန်းကိုတွေ့ရပါတယ်။ ဒီစာသားဟာ မူရင်း စာသားလား။ ပြန်ပြင်ထားတာလား ဆိုတာကတော့ သိပ်မသေချာလှ။ ဘာကြောင့်လဲဆိုရင် တချို့ဝေ ဖန်သူတွေက မူရင်းစာသားဟာ တောင်တန်း-ပြည်မ ပူးပေါင်းရေးစာချုပ်လို့ရေးထားတာဖြစ်ပြီး စစ်အစိုး ရခေတ်ရောက်မှ ပြည်မကို ရှေ့တင် လိုက်တာလို့ပြောနေကြလို့ ဖြစ်ပါတယ်။

(ပင်လုံကျောက်တိုင် ပန်းခြံအဆင့်မြင့်တင်ရေးလုပ်ငန်းခွင်)

ဒီကျောက်တိုင်ရဲ့နောက်ခံအချက်လက်နဲ့ ပင်လုံစာချုပ်အကြောင်းသိချင်လို့ လက်ကမ်းစာစောင်တွေ၊ မှတ်တန်းတွေ၊ ပြတိုက်တွေများရှိမလားဆိုပြီး ကျောက်တိုင်ဝန်းကျင်ကိုလိုက်ကြည့်ပေမဲ့ ဘာမှမရှိပါ။ ရွှေတိဂုံစေတီဘေးရှိ အာဇာနည်းကုန်းကိုရောက်စဉ်က အာဇာနည်ခေါင်းဆောင်ကြီးတွေအကြောင်း မှတ်တန်းလိုက်ရှာမိတဲ့အဖြစ်ကို သွားသတိရမိပါတယ်။

''အာဇာနည်းကုန်းမှာ ဘာမှတ်တန်းမှမရှိပါ'' ဆိုပြီးရေးသလိုမျိုး ''ပင်လုံကျောက်တိုင်မှာ ဘာမှတ်တန်းမှ မရှိပါ'' ဆိုပြီး ထပ်ရေးရမဲ့ကိန်းပါပဲ။ ဒါပေမဲ့ လွိုင်လင်ကပြတိုက်ထဲမှာတော့ ဒီလိုနောက်ခံ အချက်လက် တွေရှိနိုင်ပါတယ်လို့ ဒေသခံကပြောပါတယ်။

ဒေသခံတွေပြောပြတဲ့ ပါးစပ်ရာဇ၀င်ကို ကိုးကားရမယ်ဆိုရင် အခုမြင်နေရတဲ့ လူ ၂ ရပ်လောက်မြင့်တဲ့ ကျောက်တိုင်ဟာ မူလက သစ်သားနဲ့လုပ်ထားတဲ့ ကျောက်တိုင်ငယ်ကို အပြင်ကနေဖုံးအုပ်ထားတဲ့ ကျောက်တိုင်သစ်ဖြစ်တယ်လို့သိရပါတယ်။

''ကျမကတော့ ဒီကျောက်တိုင်ကိုအားမရဘူး။ ရန်ကုန်က လွတ်လပ်ရေးကျောက်တိုင်လို အကြီးကြီး လုပ်စေချင်တာ။ အခုဟာက သေးသေးလေးရယ်'' ဆိုပြီး ကျနော်နဲ့အတူ ကားကြုံလိုက်လာတဲ့ ကျောင်း ဆရာမတဦးက ၀င်ပြောပါတယ်။ ''ဟုတ်တယ်ဗျ။ ကျနော်တို့ဒေသခံတွေကလဲ အဲဒီလိုအကြီးကြီး ဖြစ် စေချင်ပါတယ်။ ပင်လုံကျောက်တိုင်က ဒါလေးပဲလားဆိုပြီး ဧည့်သည်တွေမေးတာ ခဏခဏခံနေရ တယ်'' လို့ ဒေသခံက ၀င်ထောက်ခံပါတယ်။

သေပြီဆရာပေါ့။ သမိုင်းဝင်မူလလက်ရာတွေကို ပြုပြင်ချဲ့ထွင်ချင်နေသူတွေထဲမှာ အာဏာပိုင်တွေတင် မကပဲ ဒေသခံတွေ၊ ပညာတတ်တွေပါ ပါနေတယ်ဆိုတာကို သိလိုက်ရတော့ ကျနော်အတော် တုန်လှုပ် သွားပါတယ်။ မူလလက်ရာ ဟောင်းနွမ်းဆွေးမြေ့နေတဲ့ကျောက်တိုင်အစား ကြီးကြီးမားမား တောက် တောက်ပြောင်ပြောင်တွေကိုသာ မြင်လိုတဲ့စိတ်၊ အဲဒီလိုတောက်ပြောင်နေတာကိုမှ အထင်ကြီးတဲ့စိတ် တွေ ဒေသခံနဲ့ပညာတတ်တွေဆီ ဘယ်လိုများကူးစက်သွားပါလိမ့်။

သေချာတာကတော့ သမိုင်းကိုသမိုင်းအချက်လက်အတိုင်း လက်ခံနိုင်အောင် ကျနော်တို့ကြိုးစားဖို့လို နေဆဲပါ။ ချဲ့ထွင်တာတွေ၊ ထုံးသုတ်တာတွေကို ရပ်တန့်ဖို့သင့်နေပါပြီ။ အစိုးရတရပ်ပြောင်းတိုင်း သမိုင်း တွေကိုပါလိုက်ပြောင်းတဲ့၊ သမိုင်းတွေကိုပြန်ပြင်ရေးတဲ့စနစ် လက်ရှိအစိုးရလက်ထက်မှာ ကုန်ဆုံးသင့် ပြီထင်ပါတယ်။ ဒီအတွက် အခုပြန်လည်ပြင်ဆင်နေတဲ့ ပင်လုံကျောက်တိုင်ဘေးမှာ ကျောက်တိုင်နဲ့ဆိုင် တဲ့နောက်ခံသမိုင်း၊ ပင်လုံညီလာခံ၊ ပင်လုံစာချုပ်နဲ့ဆိုင်တဲ့နောက်ခံသမိုင်း ပြတိုက်တခုကိုပါ ထားပေး သင့်တယ်လို့အကြံပြုချင်ပါတယ်။

(အင်တာနက်ပေါ်မှာတွေ့ရတဲ့ ပင်လုံကျောက်တိုင် အဟောင်းနှင့် အသစ်)

ပင်လုံညီလာခံကိုတက်ခဲ့သူ ရှမ်းဝါရင့်ခေါင်းဆောင် ဦးရွေအုန်းရဲ့ ''ကိုယ်တိုင်ရေး ကိုယ်ရေးအတ္တုပ္ပတ္တိ'' စာအုပ်ကို ကိုးကားရမယ်ဆိုရင် ပထမ အကြိမ်ပင်လုံညီလာခံကို ၁၉၄၆ ခုနှစ် မတ်လအတွင်းက ကျင်း ပခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်စား ဦးနုတို့ အဖွဲ့တက်ခဲ့တယ်လို့ဖေါ်ပြထားပါတယ်။ ဒုတိယ ပင်လုံညီ လာခံကိုတော့ ၁၉၄၇ ဖေဖေါ်ဝါရီ ၈ ရက်နေ့မှာ စတင်ခဲ့တယ်လို့သိရပါတယ်။

ဗိုလ်ချုပ် အောင်ဆန်းတို့ရောက်လာတဲ့ ၈ ရက်နေ့မတိုင်မှီ ဖေဖေါ်ဝါရီလ ၇ ရက်နေ့မှာ ရှမ်းစော်ဘွား တွေနဲ့ ရှမ်းလူထုအဖွဲ့စည်းကိုယ်စားလှယ်တွေကြား ညီညွတ်မှုရရှိခဲ့ပြီး နယ်ချဲ့အင်္ဂလိပ်အစိုးရကို အာခံ တဲ့ ကြေငြာချက်တခုကို ပူးတွဲထုတ်ပြန်နိုင်ခဲ့တယ်လို့သိရပါတယ်။ ဒါအပြင် ပင်လုံညီလာခံတက်မဲ့ ရှမ်း ပြည်ကိုယ်စားလှယ်အဖွဲ့ကိုလဲ ဒီ ၇ ရက်နေ့အစည်းဝေးကနေ ရွေးချယ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ ဒါ ကြောင့် ၇ ရက်နေ့ကို ရှမ်းအမျိုးသားနေ့၊ နောက်ပိုင်းမှာ ရှမ်းပြည်နယ်နေ့အဖြစ် သတ်မှတ်နိုင်ခဲ့တယ် လို့ ဦးရွေအုန်းကရေးထားပါတယ်။

၈ ရက်နေ့ကနေ ၁၂ ရက်နေ့အထိဆွေးနွေးပွဲအပြီးမှာတော့ မြန်နိုင်ငံလွတ်လပ်ရေးအတွက် အရေးကြီး လှတဲ့ ပင်လုံစာချုပ်ကို တောင်တန်းသားတွေနဲ့ မြန်မာအစိုးရကိုယ်စားလှယ် ဗိုလ်ချုပ်အောင်ဆန်းတို့ လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ တောင်တန်းသားတွေထဲမှာ ရှမ်းကိုယ်စားလှယ်အများစုနဲ့အတူ ကချင်နဲ့ ချင်းကိုယ်စားလှယ်တွေပါဝင်တာတွေ့ရပါတယ်။

အဲဒီသဘောတူညီမှု ပင်လုံစာချုပ်ကနေတဆင့် ၁၉၄၈ ခုနှစ် ဇန်နာဝါရီလ ၄ ရက်နေ့မှာ ဗြိတိသျှလက် အောက်ကနေ မြန်မာနိုင်ငံလွတ်လပ်ရေးရယူနိုင်ခဲ့တဲ့အတွက် ပင်လုံစာချုပ် သို့မဟုတ် ပင်လုံစိတ်ဓာတ် ဟာ မြန်မာ့နိုင်ငံရေးသမိုင်းမှာ အခုချိန်ထိအရေးပါနေတာဖြစ်ပါတယ်။

လွတ်လပ်ရေးရပြီးနောက်ပိုင်းကာလ၊ အထူးသဖြင့် အခုလို နှစ် ၆၀ ကျော်ကြာ ပြည်တွင်းစစ်ကို ရပ်စဲပြီး တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ အပစ်ခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးဆွေးနွေးနေစဉ် ကာလမှာ တောင်တန်-ပြည်မ ပူးပေါင်းဆောင်းရွက်ရေးဆိုတဲ့ မူ။ မြန်မာနိုင်ငံအတွင်းရှိ လူမျိုးစုအားလုံး အတူတ ကွငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး၊ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေးဆိုတဲ့ မူ တွေအတွက် ပင် လုံစိတ်ဓာတ် ဆက်လက်ရှင်သန်ရေးဟာ အထူးလိုအပ်နေဆဲဖြစ်ပါတယ်။    ။

Tuesday, February 11, 2014

ကျောင်းသားတပ်မတော် မြိတ်-ထားဝယ်ခရိုင် ပြည်တွင်း ရဲဘော်ဟောင်းများအဖွဲ့ ဖွဲ့စည်းမည်

|Dawei Watch| ထားဝယ်၊ ဖေဖော်ဝါရီ ၁၁

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)
ကျောင်းသားတပ်မတော် မြိတ်-ထားဝယ်ခရိုင် ပြည်တွင်း
ရဲဘော်ဟောင်းများအဖွဲ့ကို လာမည့် ဧပြီလတွင် ဖွဲ့စည်းမည်ဖြစ်ကြောင်း
ကျောင်းသားတပ်မတော် ၂၀၁ တပ်ရင်း၊ ဒုတိယ တပ်ရင်းမှူးဟောင်း ဦးအောင်မြင့်က
ပြောကြားသည်။

(

(၂၀၁ ဒုရင်းမှုးဟောင်းဆရာအောင်မြင့်အား တောတွင်းစခန်းတခုမှာတွေ့ရစဉ်)

နောက်ပိုင်းတွင် ရင်ဆိုင်ကြုံတွေ့လာရမည့် အခက်အခဲများကို
စုပေါင်းဖြေရှင်း ကူညီနိုင်ရန် ရည်ရွယ်ကာ ကျောင်းသား
ရဲဘော်ဟောင်းအဖွဲ့ကို ဖွဲ့စည်းရန် စီစဉ်ရခြင်းဖြစ်သည်ဟု ဦးအောင်မြင့်က
ပြောသည်။

“တိုင်းအတွင်း မြို့နယ်တွေမှာရှိတဲ့ ရဲဘော်ဟောင်းတွေနဲ့
လိုက်လံတွေ့ဆုံပြီး ဆွေးနွေးမှုတွေ လုပ်နေတယ်”ဟု ဦးအောင်မြင့်က ဆိုသည်။
ကျောင်းသားတပ်မတော် မြိတ်-ထားဝယ်ခရိုင် လက်အောက်ခံတပ်ရင်းများဖြစ်သော
တပ်ရင်း၂၀၁၊ ၂၀၂၊ ၂၀၃နှင့် ၁၀၁တို့တွင် တာဝန်ထမ်းဆောင်ခဲ့သူ
တစ်ထောင်ကျော်ခန့်ရှိပြီး လက်ရှိ တနင်္သာရီတိုင်းအတွင်း ကောက်ခံရရှိထားသည့်
စာရင်းအရ ပြည်တွင်းတွင် ရဲဘော်ဟောင်း ၁၁၀ကျော် ရှိသည်ဟု သိရ သည်။

ဖမ်းဆီးချုပ်နှောင်ခြင်းခံရမည် စိုးသဖြင့် မိမိဇာတိနေရပ်မှ ပြောင်းရွေ့
နေထိုင်ခြင်း၊ သက်မွေးဝမ်းကြောင်း လုပ်ငန်းများ ပိတ်ဆို့ခံခဲ့ရခြင်း
အပါအ၀င် အခြားသော ဖိနှိပ်မှုများကို ခံခဲ့ရခြင်းကြောင့် အချို့
ရဲဘော်များသည် ABSDF ရဲဘော်ဖြစ်သည်ကို ထုတ်ဖော် မပြောရဲခြင်း၊ လာရောက်
တွေ့ဆုံရန်ပင် ကြောက်ရွံ့နေခြင်းတို့ကြောင့် စာရင်းပြုစုရာတွင်
ပြည့်စုံစွာ မရရှိဘဲ နှောင့်နှေးကြန့်ကြာမှုများ ကြုံတွေ့နေရသည်ဟု
ဦးအောင်မြင့်က ရှင်းပြသည်။

လာမည့် ဧပြီလဆန်းတွင် တနင်္သာရီတိုင်းဒေသကြီးရှိ မြို့သုံးမြို့တွင်
ကျင်းပပြုလုပ်မည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်
တပ်ဦး(ABSDF) ကျောင်းသားတပ်မတော် ဖွဲ့စည်းတည်ထောင်ခြင်း(၂၅) နှစ်မြောက်
ငွေရတုဂုဏ်ပြု အခမ်းအနားသို့ တက်ရောက်လာမည့် ဗဟိုဌာနချုပ်မှ ကျောင်းသား
ခေါင်းဆောင်များနှင့် ရဲဘော်ဟောင်းများ တွေ့ဆုံပြီးသည့်နောက်
ဖွဲ့စည်းသွားမည်ဟု ၎င်းထံမှ သိရသည်။

၂၅နှစ်မြောက်ငွေရတုအခမ်းအနားကို ဧပြီလ ၁ ရက်နေ့တွင်
ထားဝယ်မြို့၌လည်းကောင်း၊ ဧပြီလ ၃ ရက်နေ့တွင် ပုလောမြို့၌လည်း ကောင်း၊
ဧပြီလ ၆ ရက်နေ့တွင် မြိတ်မြို့တွင်လည်းကောင်း အသီးသီးပြုလုပ်သွားမည်ဟု
သိရသည်။

ခိုင်ထူးသီချင်းများ နားဆင်ချင်လို့...။

၁၉ လမ်းမှာထိုင်ရင်း ၁၉ လမ်းခိုင်ထူးရဲ့သီချင်းတွေကိုနားထောင်ရင်းနဲ့ သတိရလာလို့ ခိုင်ထူးသီးချင်းများကို ကူးယူတင်လိုက်တာပါ...။
















သန်းခေါင်စာရင်းကောက်ယူမှု သတင်းရေးနည်းသင်တန်းဖွှင့်မည်...။

“NewsLab for Myanmar’s Census 2014 ”

(9-week Reporting Workshop for Journalists)

“၂၀၁၄ မြန်မာ့သန်းခေါင်စာရင်းကောက်ယူမှုကို သတင်းရေးသားတင်ပြခြင်း”


လက်တွေ့သတင်းရေးသားထုတ်လုပ်မည့် ၉ ပတ်ကြာသင်တန်း
၂၀၁၄ခုနှစ် မတ်လ (၃)ရက်နေ့စတင်ရန် စီစဉ်ထားပါသည်။

ရန်ကုန်မြို့တွင် ကျင်းပမည်။

မြန်မာနိုင်ငံတွင် ဆယ်စုနှစ် ၃ခုကြာမှ ပြန်လည်ကျင်းပနိုင်မည့် သန်းခေါင်စာရင်းကောက်ယူမှုကျင်းပရန် နီးကပ်လာသည်နှင့်အမျှ လူထု၏ စိတ်ဝင်စားမှု ပိုမိုများပြားလာသည်ကို တွေ့ရပါသည်။ သန်းခေါင်စာရင်း ကောက်ယူမှုတွင် တိုင်းပြည်အတွက် အရေးကြီးသော အချက်အလက်များ ရယူနိုင်ရန်အတွက် မှန်ကန်တိကျသော အချက်အလက်များ ဖြစ်ရန်လိုအပ်ပါသည်။ ပြည်သူလူထုထံမှ နားလည်စွာ ပူးပေါင်းပါဝင်မှုလည်း လိုအပ်ပါသည်။ တစ်ချိန်တည်း၌ပင် ကောက်ခံသည့် အချက်အလက်များသည်လည်း နိုင်ငံရေးအာဏာ သယံဇာတခွဲဝေမှု စသည့် ကိစ္စရပ်များအတွက် ဆုံးဖြတ်နိုင်ရန် အခြေခံသည့်အချက်များ ဖြစ်နိုင်ပါသည်။ ထို့အတွက် ပြည်သူလူထု၏ အနေအထားမှန်ကို ဖော်ပြမှသာ  နိုင်ငံရေး စီးပွားရေး ဖွံ့ဖြိုးရေးစီမံကိန်းဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် မှန်ကန်မှု မျှတမှု ရှိနိုင်မည်ဖြစ်ပါသည်။

သန်းခေါင်စာရင်းကောက်ယူမှုတွင် ပြည်သူလူထု သိရှိသင့်သည်များကို မီဒီယာများက ဖော်ထုတ်ပေးနိုင်ရန် ရေးသားဖော်ပြနိုင်ရန် လိုအပ်ပါသည်။ သတင်းမီဒီယာသမားများ ကိုယ်တိုင်လည်း သန်းခေါင်စာရင်းကောက်ယူမှု နှင့်ဆက်နွယ်သည့် အကြောင်းအရာများကို သေချာစွာ နားလည်သဘောပေါက်ရန် လိုအပ်နေပါသည်။

Internews Myanmar အနေဖြင့် ပြည်သူလူထုက သန်းခေါင်စာရင်းကောက်ယူမှုကို သိရှိနားလည်စေရန်၊ မီဒီယာများကလည်း လူထုသိရှိသင့်သည့် အကြောင်းအရာများကို ရှင်းလင်း ပြည့်စုံစွာ ရေးသားနိုင်ရန်၊ သတင်းထောက်များအကြား သန်းခေါင်စာရင်းနှင့် ဆက်နွယ်နေသည့် အကြောင်းအရာများကို နားလည်သဘောပေါက်ပြီး အချိန်မှီ ရေးသားဖော်ပြနိုင်ရန် ဦးတည်၍ ၂၀၁၄ မြန်မာ့သန်းခေါင်စာရင်းကောက်ယူမှုကို သတင်းရေးသားတင်ပြခြင်း အလုပ်ရုံသင်တန်းကို ကျင်းပမည်ဖြစ်ပါသည်။ နိုင်ငံတကာမှ ကျွမ်းကျင်ဆရာ ဆရာမများ၏ ဦးဆောင်မှုဖြင့် သန်းခေါင်စာရင်းကောက်ယူမှု ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၏ ဟောပြောချက်များ ပါဝင်ကာ လက်တွေ့သတင်းရေးသားကြမည်ဖြစ်ပါသည်။

သင်တန်းနေရာ။                Internews J-School,   ရန်ကုန်မြှို့။

(နယ်ဝေးမှ လာသူများအတွက် နေရေး စားရေး တာဝန်ယူပေးပါမည်။)

နေ့ရက်။                              ၂၀၁၄ မတ်လ ၃ရက်နေ့မှ မေလ ၁၆ရက် အထိ။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More