Friday, August 29, 2014

တော်လှန်ရေးသတင်းသမားတဦးရဲ့ ဒိုင်ယာရီ (၂၅)

ဒေါ်အောင်ဆန်းစုကြည်နှင့် အင်တာဗျုးခြင်း

ကျနော်တို့ ကားဒစ်သင်တန်းကျောင်းကအပြန် သိပ်မကြာခင်မှာ သတင်းအယ်ဒီတာ ကိုမိုးအေးက သ တင်းပညာ မဟာတန်းတက်ဖို့ ခရီးထွက်သွားတဲ့အတွက် ကျနော်က ယာယီ-သတင်းအယ်ဒီတာအဖြစ် တာဝန်ယူရပါတယ်။ အဲဒီအချိန်ဟာ DVB ၁၀ နှစ်ပြည့်အခန်းနားကျင်းပပြီးခါစဖြစ်လို့ နယ်သတင်း ထောက်တွေ အတော်များများလဲ အော်စလိုရုံးမှာရှိနေကြပါတယ်။

(အော်စလိုရုံးချုပ်မှာ နှစ်ပေါင်းများစွာချိတ်ဆွဲထားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံနှင့် သတင်းခန်းမှ နာရီလက်တံများ)

ကျနော်မှတ်မိသလောက်ဆိုရင် ထိုင်းနိုင်ငံ ရနောင်းဖက်မှ မြင့်မောင်မောင် (အခု သစ်ထူးလွင် ဘလော့ ကို တာဝန်ယူနေသူ)။ အိန္ဒိယဖက်မှ ကိုသက်နိုင်နဲ့ ကိုခင်မောင်စိုးမင်း။ ထိုင်းဖက်က ရောက်လာတဲ့ သ တင်းထောက်အသစ်တွေဖြစ်တဲ့ ကိုအောင်လွင်ဦး၊ နော်နန္ဒာချမ်းနဲ့ ခိုင်သဇင်တို့ရှိနေပါတယ်။ အဲဒီလို သတင်းအယ်ဒီတာအဖြစ် တာဝန်ယူနေစဉ် ပထမဆုံး ကြုံရတာကတော့ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှု ခေါင်းဆောင် NLD ပါတီအထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်တာဗျုး လုပ်ဖို့တာဝန် ပေးခံရခြင်းပါပဲ။

၂၀၀၃ ခုနှစ် ဒီပဲရင်းအရေးခင်းမဖြစ်ခင်၊ မှတ်မှတ်ရရ မတ်လ ၁၃ ရက်နေ့ ဖုန်းမော်နေ့မတိုင်ခင် ရက် ပိုင်းလေးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်တာဗျုးလုပ်ခွင့်ရပါတယ်။ အရင်က သတင်းအယ်ဒီတာ ကို မိုးအေး လုပ်ခဲ့တဲ့တာဝန်တခုကို ကျနော်က ကြားဖြတ်ဝင်ထမ်းရတဲ့သဘောပါ။ အဲဒီအင်တာဗျုးမှာ ဘာ တွေမေးမှန်းမမှတ်မိတော့ပေမဲ့ ထူးထူးခြားခြား မှတ်မိနေတာတခုကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အင်တာဗျုးထဲမှာ ဘယ်လိုညွှန်းဆိုမလဲဆိုတဲ့ ကိစ္စပါ။

အရင် ကိုမိုးအေး ဗျူးစဉ်က ဒေါ်အောင်ဆန်းစုကြည်လို့မခေါ်ပဲ ''အန်တီ'' လို့ခေါ်ပြီး ဒေါ်အောင်ဆန်းစု ကလည်း ''သား'' လို့ပြန်ခေါ်တဲ့အပေါ် လွတ်လပ်တဲ့သတင်းသမားဆိုသူတချို့က ဝေဖန်ကြပါတယ်။ ''သတင်းသမားက နိုင်ငံရေးသမားကို အင်တာဗျုးလုပ်နေတာဟုတ်ရဲ့လား၊ ပါတီခေါင်းဆောင်ကို ပါတီ ၀င်က ပင့်ပြီးမေးတာမျိုးလား'' လို့တောင် တချို့ကဝေဖန်ကြပါတယ်။ အဲဒီဝေဖန်မှုကိုကြားဖူးတဲ့ ကျနော် ဟာ ကိုယ့်အလှည့်မှာတော့ အန်တီလို့မခေါ်ပဲ ဒေါ်အောင်ဆန်းကြည်လို့ပဲခေါ်မယ်ဆိုပြီး စိတ်ကူးထား ပါတယ်။

ဒါပေမယ့် NLD ရုံးအဖွဲ့မှုး ဦးသိန်းဦးကတဆင့် ဒေါ်အောင်ဆန်းစုကြည်ဆီဖုန်းလွဲပေးပြီးတဲ့နောက် နှုတ် ကျိုးနေတဲ့အတိုင်း ''အန်တီ'' လို့ နှုတ်ကနေ အလိုလိုထွက်သွားပါတယ်။ သူကလဲ ကျနော်ကို ''သား'' လို့ ပဲပြန်ခေါ်ပါတယ်။ အဲဒီလိုခေါ်မှလဲ ပိုရင်းနှီးပြီး ပြောရတာ ပိုအသက်ဝင်သလို ခံစားမိပါတယ်။ အဲဒီ အချိန်က အခေါ်ဝေါတွေကို ပြောရမယ်ဆိုရင် NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးလွင်ကို အန်ကယ်၊ ၀ါရင့်နိုင်ငံ ရေးသမား သခင်သိန်းဖေနဲ့ သခင်ချန်ထွန်းကို အဘ၊ (အဘဆိုတာ အသက်အရွယ်အရကြီးရင့်လွန်း သူတွေကိုခေါ်တာဖြစ်ပြီး စစ်ဗိုလ်တွေသုံးတဲ့ ''အဘ'' နဲ့အဓိပ္ပါယ်နဲ့မတူပါ၊ ဒါပေမယ့် DVB သတင်းတွေ ကို မော်နီတာလုပ်ပြီးအင်္ဂလိပ်ဘာသာနဲ့ပြန်ရေးလေ့ရှိတဲ့ BBC Monitoring က အဘကို စစ်သားတွေ သုံးလေ့ရှိတဲ့ အဓိပ္ပါယ်နဲ့ပြန်တဲ့အတွက် အဘ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို အဘိဓန်ထဲထည့်ရေးဖို့လိုနေပါ တယ်)။ NLD က အမျိုး သမီးခေါင်းဆောင်တွေကို အန်တီ စသဖြင့်ခေါ်တာ ကျနော်တို့ နှုတ်ကျိုးနေ ပါပြီ။

ဒီတော့ ဒေါ်အောင်ဆန်းစုကြည်ကို အန်တီ လို့ခေါ်တာ ဘာထူးလဲပေါ့။ ဒါပေမယ့် နိုင်ငံတကာ သတင်း အသုံးအနှုံးမှာ ဒီလိုမျိုးတင်စားခေါ်ဝေါတာမတွေ့မိပါ။ အန်တီတွေ၊ အန်ကယ်တွေ၊ အဘတွေ၊ အဘိုး တွေ၊ ညီတွေ၊ ညီမတွေ စသဖြင့်ညွှန်းဆိုတဲ့ စကားလုံးအပိုတွေမကြားမိပါ။ လွန်လှကျွံလှ MR President, MR Prime Minister,  MR Chairman  ဆိုပြီး ခေါ်ရုံလောက်ပဲရှိမှာပေါ့။ (အနောက်တိုင်း အခေါ်ဝေါ်ကိုဆိုလိုခြင်းသာဖြစ်ပါတယ်။ အာရှနဲ့ အာဖရိကဖက်မှာ ကျနော်တို့မြန်မာတွေလိုပဲ ခေါ်ကြ သလား၊ မခေါ်သလား ကျနော်မလေ့လာရသေးပါ)။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကျတော့ သမ္မတတွေ၊ ၀န်ကြီးချုပ်တွေ၊ ဥက္ကဌတွေ စသဖြင့် ရာထူး တာဝန်တပ်ပြီး ဘယ်သူမှခေါ်တာမတွေ့ဖူးပါ။ အခု NLD ဥက္ကဌတာဝန်ယူနေစဉ်မှာလဲ ဒေါ်အောင်ဆန်း စုကြည်ကို ''ဥက္ကဌကြီးအနေနဲ့ဘာပြောချင်လဲ'' ဆိုပြီးမေးတဲ့ သတင်းထောက်တဦးမှမတွေ့မိသေး။ ကျ နော်တို့ခေတ်က ''အန်တီ'' ခေါ်သလို အခုခေတ်သတင်းထောက်တွေကလဲ ''အမေ'' လို့ခေါ်နေတာဟာ မြန်မာ့သတင်းလောက်က ဝေါဟာရအသုံးအနှုံးရဲ့ ထူးခြားချက်တခုလို့ပြောရမလားပါပဲ။


အစိုးရဖက်က လူတွေကိုကော အန်အယ်၊ အန်တီလို့ ရင်းရင်းနှီးနှီးခေါ်တာပဲလား


အဲဒီကာလအထိ အစိုးရဖက်ကလူတွေနဲ့အင်တာဗျုးဆိုလို့ ဘန်ကောက်မှာကျင်းပတဲ့ အာဆီယံ အစည်း ဝေးမှာတွေ့ဖူးတဲ့ နိုင်ငံခြားရေးဝန်ကြီးဦးဝင်းအောင်၊ ပြည်ထဲရေးက သူရမြင့်မောင်၊ ခရီးသွားလာရေး ၀န် ကြီးနှစ်ပါးနဲ့ ထောက်လှမ်းရေးက ဗိုလ်မှုးကြီးကျော်သိန်းတို့လောက်ကိုသာ လူချင်းတွေ့ ဗျုးဖူးပါတယ်။ အော်စလိုရောက်ပြီးကတည်းက အစိုးရဖက်ကလူတွေနဲ့ အင်တာဗျုးတခုမှ မရဖူးပါဘူး။ DVB မှ မ ဟုတ်ပါ။ တခြားရေဒီယိုတွေကိုလဲ အစိုးရဖက်က အင်တာဗျုးပေးလေ့မရှိပါ။

(ဒေါ်အောင်ဆန်းစုကြည်တို့ ယဉ်တန်း ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းကြားမှာ တားဆီးခံထားရစဉ်)

အဲဒီလိုသတင်းအမှောင်ချထားတဲ့ခေတ်မှာ အစိုးရဖက်ကလူတွေနဲ့စကားပြောခွင့်ရဖို့ဆိုတာ ဘယ်လွယ် ပါ့မလဲ။ အဲဒီမလွယ်တဲ့ကြားထဲက အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှုးလှမင်းနဲ့ ကျနော်စကားပြောခွင့်ရ လိုက်ပါတယ်။ စစ်ထောက်လှမ်းရေးအရာရှိတဦးဖြစ်တဲ့ ဗိုလ်မှုးလှမင်းဟာ မြန်မာမီဒီယာတွေကို စကား ပြောလေ့မရှိပေမဲ့ ရန်ကုန်ရောက်နိုင်ငံခြားသတင်းထောက်တွေကို အင်တာဗျုးပေးလေ့ရှိတဲ့အတွက် သူ အမည်ကသတင်းလောကမှာ လူသိများနေပါတယ်။

တကယ်ကတော့ သူနဲ့အင်တာဗျုး ရတာမဟုတ်ပါဘူး။ NLD ရုံးက ဖုန်းအပါဝင် ဘယ်ဖုန်းမှခေါ်မရလို့ စိတ်ညစ်ညစ်နဲ့ တယ်လီဖုန်းစာအုပ်ထဲက ဖုန်းတွေကိုတန်းစီခေါ်ရာကနေ စစ်ထောက်လှမ်းရေးရုံးဆီ ဖုန်းဝင်သွားပြီး သူနဲ့တန်းတိုးတာပါ။ NLD ရုံးကိုခေါ်မရဆို အဲဒီနေ့က ဒေါ်အောင်ဆန်းစုကြည်တို့ ယဉ် တန်း ဧရာဝတီတိုင်းကိုအသွား ရန်ကုန်တိုင်းနဲ့ဧရာဝတီတိုင်းအစပ်ရှိ တံတားတခုအနီးမှာ တားဆီးခံ ထားရတဲ့အချိန်ပါ။

သူနဲ့ပြောဆိုတဲ့အချက်တွေကို အတိအကျမမှတ်မိတော့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အဖွဲ့ကို ဖမ်း ထားတာမဟုတ်တဲ့အကြောင်း၊ စိတ်ချလုံခြုံရတဲ့နေရာတခုမှာ ရှိနေတဲ့အကြောင်း၊ ဘယ်သူတွေက ဘယ်လိုတာဝန်ယူနေတဲ့အကြောင်းတွေကို သူက အလွတ်သဘောပြောပြသွားတာပါ။ ဒါပေမယ့် အဲဒီ နေ့က ထောက်လှမ်းရေးရုံးမှအပ ဘယ်မှဖုန်းခေါ်မရလို့ ဘာအသံမှလွှင့်စရာမရှိဖြစ်နေတဲ့ကျနော်တို့ဟာ ဒီအသံကို တည်းဖြတ်ပြီး ထုတ်သုံးဖို့ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီမှာပြသာနာတက်တော့တာပါပဲ။ ဘာ ကြောင့်လဲဆိုရင် အဲဒီအသံကို လွှင့်ပြီးညတွင်းချင်း ဗိုလ်မှုးလှမင်းတို့ရုံးကနေ ဒီလိုလုပ်တာ သတင်းကျင့် ၀တ်နဲ့မညီတဲ့အကြောင်း Fax နဲ့ ကန့်ကွက်စာပေးပို့လာပါတယ်။

မှန်ပါတယ်။ တရားဝင်အင်တာဗျုးလုပ်တာလဲမဟုတ်၊ အသံသုံးမယ်လို့ခွင့်ပြုချက်လည်းမတောင်းပဲနဲ့ ဒီတိုင်းလွှင့်ချလိုက်တာ သတင်းကျင့်ဝတ်နဲ့ ဘယ်ညီပါ့မလဲ။ ဒါပေမယ့် အသံသုံးဖို့ကော သူတို့ဖက်က ဘယ်တုန်းက အင်တာဗျုးပေးဖူးလို့လဲ။ သူတို့ဖက်ကလူတွေကကော အစိုးရကျင့်ဝတ်နဲ့ဘယ်လောက် ညီနေလို့လဲ။ ကျင့်ဝတ်မရှိသူကို ကျင့်ဝတ်အပြည့်နဲ့ သွားဆက်ဆံနေရင် ဘယ်အလုပ်ဖြစ်ပါ့မလဲဆိုပြီး ကျနော်တို့သတင်းသမားအချင်းချင်းကြား ငြင်းခုန်ခဲ့ ကြတာကို အမှတ်ရနေပါတယ်။

တဆက်တည်းတင်ပြချင်တဲ့နောက်ဥပမာတခုကလဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အလားတူ တားဆီးခံ ခရီးစဉ်တခုနဲ့ ဆက်စပ်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ မန္တလေးကိုသွားဖို့ကြိုးစားစဉ် အစိုးရ ဖက်က အတားအဆီးအမျိုးမျိုးလုပ်ခဲ့ပြီး နောက်ဆုံးတော့ ဒေါ်အောင်ဆန်းစုကြည်ပါတဲ့ ရထားတွဲတခု လုံးကိုဖြုတ်ပြီး ချန်ထားခဲ့လိုက်ပါတယ်။ ထုံးစံအတိုင်း အရပ်သတင်းနဲ့ စက်သတင်း (နယ်စပ်ရှိ ကြား ဖြတ်စက်ကနေ ဖမ်းယူရရှိတဲ့သတင်း) အဖြစ်သာ ဒါကို ကြားရပြီး NLD ရုံးအပါဝင် ဘယ်ကိုမှဖုန်းခေါ် လို့မရပါ။

အဲဒီအချိန်မှာ သတင်းအယ်ဒီတာကိုမိုးအေးနဲ့ အပတ်စဉ်ကဏ္ဍတာဝန်ခံကိုစိုးဝင်းညိုတို့ ၂ ဦးညှိနှိုင်းပြီး ရန်ကုန်ဘူတာကြီး ရုံးကိုဖုန်းခေါ်တာဝင်သွားပါတယ်။ အဲဒီအချိန်မှာ DVB ကလို့ပြောပြီး ရိုးရိုးမိတ်ဆက် အင်တာဗျုးတောင်းရင် တခါတည်းဖုန်းချသွားမှာပေါ့။ ဒီိတော့ ''ဟေ့ကောင်တွေ နောက်ဆုံးအခြေနေကို ပြောပြစမ်း၊ ငါ ဗိုလ်မှုး...၊ ထောက်လှမ်းရေးတပ် ...ကနေ မေးတာ'' ဆိုပြီး ကိုစိုးဝင်းညိုက မန္တလေး လေ သံနဲ့ ဟောက်ထည့်လိုက်ပါတယ်။ ဒီတော့ ဟိုဖက်ကရုံပိုင်လား၊ ရထားရဲအရာရှိလားမသိပါဘူး။ ထိပ် ထိပ်ပြာပြာနဲ့ ဖြစ်စဉ်အသေးစိပ်ကို အစီရင်ခံပါတော့တယ်။ ဒီလိုနဲ့သတင်းတခုလုံးကိုကျနော်တို့ ရလိုက် တယ်ဆိုပါတော့။

ဒါကို သတင်းကျင့်ဝတ်ချိုးဖောက်တယ်လို့ပြောရင် ငြင်းစရာမရှိပါဘူး။ ဒါပေမယ့် သတင်းအမှောင်ချ ထားတဲ့ အဲဒီကာလလိုအခြေနေမျိုးမှာ ဒီလိုမလုပ်ရင် ဘယ်လိုနည်းနဲ့သတင်းရနိုင်မလဲ။ သမ္မတက အစ၊ ၀န်ကြီးတွေ၊ ဌာနဆိုင်ရာတွေအထိ သတင်းထောက်တွေကိုယ်တိုင်သွားပြီးမေးမြန်းခွင့်ရနေတဲ့ ဒီနေ့ အ ခြေနေနဲ့စာရင် လွန်ခဲ့တဲ့ ၂၀၀၀ ခုနှစ်ဝန်းကျင်အခြေနေဟာ နှိုင်းယှဉ်ပြလို့မရအောင် ကွာခြားလှ တယ်ဆိုတာကို တင်ပြလိုခြင်းသာဖြစ်ပါတယ်။    ။

Monday, August 25, 2014

တနင်္သာရီတိုင်းအတွင်းမှ စစ်ဘေးရှောင်သူများကို ထီးခီးနှင့် မောတောင်တွင် နေရာချထားမည်

|Dawei Watch|ထားဝယ်၊ ဩဂုတ် ၂၃

ထိုင်းနိုင်ငံနယ်စပ် ဒုက္ခသည်စခန်းများတွင် ခိုလုံလျက်ရှိသော တနင်္သာရီတိုင်းအတွင်းမှ စစ်ဘေးရှောင်သူများ ပြန်လာလျှင် ထီးခီးနှင့် မောတောင်နယ်စပ်ဒေသများတွင်နေရာချထားပေးရန် စီစဉ်လျက်ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဟာဗီက ပြောကြားသည်။

(ပြန်လည်နေရာချပေးမဲ့စခန်း ၂ ခုထဲက တခုဖြစ်တဲ့ ထန်ဟင်ဒုက္ခသည်စခန်း)

တိုင်းဒေသကြီးအတွင်းမှ စစ်ဘေးရှောင်သူများသည် ပြည်တွင်း၌ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားအချိန်တွင် ကျေးရွာများကို စွန့်ခွာ၍ ထိုင်းနယ်စပ်ရှိ ထန်မဟင်နှင့် ဘန်တောင်ရမ်းဒုက္ခသည်စခန်းများ၌ ခိုလုံကာ နေထိုင်လျက်ရှိပြီး အများစုသည် သရက်ချောင်းမြို့နယ်၊ ရေဖြူမြို့နယ်၊ ပုလောမြို့နယ်နှင့် မေတ္တာမြို့နယ်ခွဲတို့မှ ဒေသခံများဖြစ်သည်ဟု သိရသည်။

စစ်ဘေးရှောင်သူများကို နေရာချထားပေးရန်အတွက် မောတောင်ဒေသတွင်မြေဧက နှစ်ရာဝန်းကျင်ကို တိုင်းဒေသကြီးအစိုးရသို့ တင်ပြထားပြီး ထီးခီးဒေသတွင် နေရာချထားပေးနိုင်ရန် မြေဧကနှစ်ရာ ဝန်းကျင်ကိုလည်း လျာထားကြောင်း ဝန်ကြီးက ပြောဆိုသည်။

တနင်္သာရီမြစ်တစ်လျှောက်ရှိကျေးရွာများမှ ကျေးရွာတစ်ရွာလျှင် လူဦးရေ ၁၀ဦးစီခန့်သာ နယ်စပ်ဒုက္ခသည် စခန်းများမှ ပြန်လည်ရောက်ရှိခဲ့ပြီး ယင်းနယ်စပ်ဒုက္ခစခန်းမှ လူဦးရေ  ၁၀ဦးလျှင် တစ်ဦးနှုန်းခန့်သာ တတိယနိုင်ငံများသို့ ထွက်ခွာသွားခဲ့ကြသည်ဟု ဝန်ကြီး ဦးစောဟာဗီက  ပြောသည်။

အဆိုပါစစ်ဘေးရှောင်များ မူလနေထိုင်ရာ ကျေးရွာများရှိ မြေနေရာများနှင့် မြေလွတ်မြေရိုင်းများကို စီးပွာရေးလုပ်ငန်းရှင်များက စီမံကိန်းများ အကောင်အထည်ဖော်ကာ ဝင်ရောက်လုပ်ကိုင်နေသည့်အတွက် ၎င်းတို့နေရပ်သို့ ပြန်ရောက်ချိန်တွင် နေထိုင်လုပ်ကိုင်စားသောက်ရန် မြေနေရာမရှိဖြစ်ကာ အခက်အခဲကြုံတွေ့နေရသည်ဟု အဆိုပါကျေးရွာများမှ ဒေသခံများထံမှ သိရသည်။

“တဖက်နိုင်ငံကို အနေအထားတစ်ခုအရ သွားရောက်ခိုလုံနေရပေမယ့် သူ့တို့ရဲ့မြေယာက ပြည်တွင်းမှာပဲရှိတော့ သူတို့ရဲ့ မူလရပိုင်ခွင့်ကို စီးပွားရေးကုမ္ပဏီကြီးတွေကလည်း နားလည်ရမည်။ အစိုးရရော၊ အဖွဲ့အစည်းရော နားလည်ရမည်။ မူလပိုင်ရှင်က သူတို့ဖြစ်လို့ သူတို့ရပိုင်ခွင့်ကို ငြင်းပယ်လို့မရဘူး။ ကျွန်တော်တို့ အသိအမှတ်ပြုရမယ်”ဟု  ကရင်အမျိုးသားအစည်းအရုံး (ဗဟိုဌာနချုပ်)မှ အထွေထွေအတွင်းရေးမှူးချုပ် ဖဒိုကွယ်ထူဝင်းက ပြောဆိုသည်။

ဒုက္ခသည်များကို ပြန်လည်ပို့ဆောင်သည့်အခါ ၎င်းတို့၏ဘ၀လုံခြုံမှုနှင့် အနာဂတ်အတွက် အာမခံချက်ရှိသည့်အချိန်မှ ပြန်လာကြမည်ဖြစ်၍ မူလထွက်လာသည့် ရွာကိုပြန်မည် သို့မဟုတ်  IDP အဖြစ် သတ်မှတ်ထားသည့် နေရာတွင် ဆက်နေမည် သို့မဟုတ် နေရာသစ်တစ်ခုခုသို့ ပြောင်းမည်စသည်တို့ကို စုံစမ်းစစ်ဆေးပြီးမှ ဆုံးဖြတ်ရမည်ဖြစ်ကြောင်း အထွေထွေ အတွင်းရေးမှူးချုပ်က ပြောဆိုသည်။

“သူတို့တွေ ပြန်လာလို့ရှိရင် ဟိုဖက်ဒုက္ခသည်စခန်းကနေ ဒီဖက်ဒုက္ခသည်စခန်း မဖြစ်စေချင်ဘူး”ဟု ဖဒိုကွယ်ထူးဝင်းကဆို သည်။

ယင်းစစ်ဘေးရှောင်သူများ ပြန်ရောက်လာလျှင် နေထိုင်အစားအသောက်အတွက် ကူညီထောက်ပံ့ရန် အင်န်ဂျီအိုများ၏ အကူအညီဖြင့် လုပ်ဆောင်သွားမည်ဟု ဝန်ကြီး ဦးစောဟာဗီက ပြောသည်။

ထန်မဟင်ဒုက္ခသည်စခန်းနှင့် ဘန်တောင်ရမ်း ဒုက္ခသည်စခန်းတို့တွင် တိုင်းဒေသကြီးအတွင်းမှ လူဦးရေ ၅၀၀၀ခန့်စီ ခိုလှုံလျက်ရှိသည်ဟု ဝန်ကြီးက ခန့်မှန်းသည်။

Dawei Watch

Sunday, August 24, 2014

ကားတင်သွင်းသလို တွေးခေါ် စဉ်းစားပုံလည်း တင်သွင်းဖို့ လိုနေပြီလား

သူ့အတွေး သူ့အမြင်
  
ငြိမ်းချမ်းရေး, ကားပါမစ်, တိုင်းရင်းသား လက်နက်ကိုင်, MPC
ရန်ကုန်မြို့လယ် တနေရာတွင် ယာဉ်ကျောပိတ်ဆို့နေသည့် မြင်ကွင်း (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

မြန်မာငြိမ်းချမ်းရေးစင်တာ(MPC) က ဦးစီးဆောင်ရွက်နေတဲ့ ဦးသိန်းစိန်အစိုးရနဲ့ တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင် အဖွဲ့တွေ ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အတော်အလားလာကောင်းနေတယ် လို့ သတင်းတွေကြားရပါတယ်။
တချိန်တည်းမှာပဲ ငြိမ်းချမ်းရေးရဲ့အသိးအပွင့်တခုလို့ တချို့က ခေါ်ဝေါ်နေကြတဲ့ ကားပါမစ်ကိစ္စကလည်း အဲဒီသတင်းနဲ့အတူ အရိပ် လို ပါလာနေပါတယ်။

တဖွဲ့ကို အစီး ၆၀ ကနေ ၁၂၀ အထိရကြတဲ့ အဖွဲ့ ၂၀ နီးပါးထဲမှာ ဇီမ်ခံကား တစီးတင်သွင်းခွင့်အတွက် ဒေါ်လာ ၅ သောင်းတောင် ပါမစ်ဖိုး ရတယ်ဆိုတော့ အစီး ၁၂၀ ဆို ဘယ်လောက်များ ရလိုက်မလဲ။

စာရေးသူသည် ထိုင်း-မြန်မာ နယ်စပ်တွင် အခြေစိုက်သော ကျောင်းသား လက်နက်ကိုင် ABSDF အဖွဲ့ဝင်ဟောင်း ဖြစ်ပြီး DVB ၏ သတင်းထောက် ဟောင်းလည်း ဖြစ်သည်။ ယခုအခါ နော်ဝေနိုင်ငံတွင် နေထိုင်လျက် ရှိသည်
နိုင်ငံရေးအမြင်ကိုဘေးဖယ်ပြီး စီးပွားရေးအမြင် သက်သက်နဲ့ကြည့်မယ် ဆိုရင်တော့ မြန်မာနိုင်ငံမှာ ကားတွေများလာတာ ကောင်း တာ ပေါ့။ ဒါပေမယ့် အဲဒီလိုဈေးကြီးပေး တင်သွင်းလာတဲ့ ကားတွေကို ဘယ်သူ တွေက စီးခွင့်ရနေတာလဲ။ လက်တဆုပ်စာ ခရိုနီ ခရိုပြာတွေနဲ့ အစိုးရအသိုင်းဝိုင်း၊ လက်နက်ကိုင် အသိုင်းဝိုင်းက လူတွေသက်သက်လား၊ အများပြည်သူကော ဒီကားတွေကို စီးခွင့်ရနေပြီ လား ဆိုတာက မေး ခွန်းထုတ်စရာပါပဲ။

သူပုန်တွေကို ပေးတဲ့ ကားပါမစ်ထဲမှာ ခရိုနီတွေစီးမယ့် ဇိမ်ခံကားတွေပဲပါပြီး အများပြည်သူစီးနိုင်တဲ့ ဘတ်စ်ကားပါမစ်တွေ ဘာကြောင့် များ မပါတာလဲဆိုပြီး ကြံကြံဖန်ဖန်တွေးမိပါသေးတယ်။ ဒီလိုမတွေးလို့မဖြစ်၊ ငြိမ်းချမ်းရေးအသီးအပွင့်ဆိုတာ လက်နက်ကိုင် အဖွဲ့တွေချည်း (အစိုးရနဲ့ သူပုန်) ခံစားနေလို့ ဘယ်ဖြစ်မလဲ။ အစိုးရရော၊ သူပုန်ရော၊ နိုင်ငံရေးပါတီတွေရော အားလုံးပြောနေကြတာ က အများပြည်သူကောင်းစားရေးအတွက် သူတို့တွေ အနစ်နာခံ၊ တချို့ဆိုအသေခံ တိုက်ပွဲဝင်နေကြတယ် မဟုတ်ပါလား။ ခရိုနီ အတွက် ဇီမ်ခံကား ၁၀ စီးသွင်းရင် အများပြည်သူအတွက် ဘတ်စ်ကားတစီး လောက်တော့ သွင်းပေးသင့်တာပေါ့။ မဟုတ်ဘူးလား။

“ဘတ်စ်ကားအကြောင်း ပြောနေတာကတော့ ဟုတ်ပါပြီ။ နိုင်ငံခြားမှာနေတဲ့ ခင်ဗျားက ရန်ကုန်မှာ ကိုယ်တိုင် ဘတ်စ်ကား တိုးစီးဖူး လို့လား”လို့ မေးခွန်းထုတ်ချင်သူတွေ ရှိကောင်းရှိနိုင်ပါတယ်။ စီးဖူးတာပေါ့။ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလအတွင်းက သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် နော်ဝေး အထိ လာပြီး ပြည်ပရောက် ၈၈ မျိုးဆက်တွေ ပြည်တော်ပြန်လာပြီး တိုင်းပြည် တည်ဆောက်ရေးမှာ ပါဝင်ကူညီကြပါ ဆိုပြီး တရားဝင်တိုက်တွန်းခဲ့လို့ ၂၀၁၃ ခုနှစ်အတွင်း ရန်ကုန်မြို့ဆီ ၂ ခေါက်တောင် ရောက်ခဲ့ပါတယ်။ ၂ ခေါက်စလုံးမှာ ဘတ်စ် ကားရော၊ မြို့ပတ်ရထားကိုပါ အခြေနေသိနိုင်ဖို့အတွက် တိုးစီးဖူးခဲ့ပါတယ်။

“နော်ဝေးက ဘတ်စ်ကားတွေ၊ မြို့ပတ်ရထားတွေနဲ့ ရန်ကုန်က ဘတ်စ်ကားတွေ၊ မြို့ပတ်ရထားတွေ ဘာကွာသလဲ” ဆိုပြီး ထပ်မေး မလို့လား။ ကွာတာမှ အတော်ကွာပါတယ်ဗျာ။ ဥရောပတိုက်က ဖွံဖြိုးပြီးနိုင်ငံ တွေကိုထားလိုက်ပါ။ ဖွံဖြိုးဆဲလဲဖြစ်၊ လောလောဆယ် စစ်တပ် အုပ်ချုပ်နေတဲ့ အိမ်နီးချင်းနိုင်ငံလဲဖြစ်တဲ့ ထိုင်းက ဘတ်စ်ကားတွေနဲ့ မိုးပျံရထားတွေ၊ မြေအောက်ရထားတွေကိုပဲကြည့်ပါ။ မြန်မာနိုင်ငံက ကားတွေထက် အများကြီးပိုသာပါတယ်။ မြို့ပတ် ရထား အခြေနေကတော့ မနှိုင်းယှဉ်လောက်အောင်ကို ကွာသွားပါပြီ။

“ခင်ဗျားဗျာ၊ နိုင်ငံခြားက ပြန်လာပြီး ဘတ်စ်ကား တိုးစီးနေရတယ်လို့၊ တက္ကစီငှားစီးပါလား”ဆိုပြီး အထွန့်တက်ချင်သူတွေ ရှိကောင်း ရှိနိုင်ပါတယ်။ ပိုက်ဆံရှိရင် ဘယ်သူမဆို တက္ကစီ ငှားစီးနိုင်တယ်၊ ကိုယ်ပိုင်ကားလည်း ၀ယ်စီးနိုင်တယ်ဆိုတာ လူတိုင်းသိပါတယ်။ ဒါပေမယ့် ကျနော် အခုဆွေးနွေးနေတဲ့ကိစ္စက တက္ကစီ မစီးနိုင်တဲ့ကိစ္စ မဟုတ်။ အများပြည်သူ ခရီးသွားလာရေးနဲ့ဆိုင်တဲ့ Publish Transportation ကိစ္စ၊ Mass Transportation ကိစ္စ၊ ထိုင်းနဲ့မြန်မာ ဘာကြောင့် ဒီလောက်အထိ ကွာသွားသလဲဆိုတဲ့ ကိစ္စဖြစ်ပါတယ်။

ဒီလို စဉ်းစားနေတုန်း ၀င်လာတဲ့ သတင်းတပုဒ်ကတော့ လာမယ့် ၂၀၁၆ ကနေ ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာလည်း လျှပ်စစ် ရထား (ကိုလိုနီခေတ်က ရှိခဲ့ဖူးတဲ့ ဓတ်ရထား) တွေပြေးဆွဲတော့မှာဖြစ်တယ်လို့ ရထားဝန်ကြီး ဦးသန်းဌေးက သြဂုတ်လ ၁၆ ရက်မှာ ပြောကြားလိုက်တယ် ဆိုတဲ့သတင်းပါ။ စာဖတ်သူ တွေစိတ်ထဲ ဘယ်လိုခံစားရသလဲတော့ မသိပါ။

ကျနော့်စိတ်ထဲတော့ “လာရွှီးနေပြန်ပြီ” လို့ပဲ ပြောလိုက် မိပါတယ်။ ဟုတ်တယ်လေ။ ၂၀၁၆ ဆိုတာ ၂ နှစ်ပဲလိုတော့တာ။ အခုချိန် အထိ ဘာမှပြင်ဆင်တာ မတွေ့ရသေး။ လက်ရှိပြေးနေတဲ့ ရန်ကုန်မြို့ပတ် ရထားလမ်းနဲ့ ရထားကိုတောင် ပြန်လည်ပြင်ဆင်မှုမလုပ် သေးဘဲနဲ့ ၂၀၁၆ မှာ ဘယ်လိုလုပ် ဓတ်ရထားစီးဖို့ ဖြစ်နိုင်မှာလဲ။

ဒါပေမယ့် ၂၀၁၆ မှာဖြစ်နိုင်တာ၊ မဖြစ်နိုင်တာကိုအပထား။ ၀န်ကြီးတွေ၊ ခရိုနီတွေ၊ သူပုန်ဟောင်းတွေ ဇိမ်ခံကားစီးပြီး အဆင်ပြေ နေ ရုံနဲ့ မဖြစ်သေးဘူး။ အများပြည်သူအတွက် Publish Transportation, Mass Transportation ကိစ္စကိုလည်း ဒီလိုပြောဖော်ရလာတဲ့ အတွက်တော့ ရထားဝန်ကြီးကို ကျေးဇူးတင်ရမှာပါ။ တချို့ ၀န်ကြီးတွေဆို ဒီလိုမစဉ်းစားမိကြဘူး မဟုတ်ပါလား။

သမ္မတ ဦးသိန်းစိန်နဲ့အတူ နော်ဝေးခရီးစဉ်အတွင်း လိုက်ပါလာတဲ့ သမ္မတရုံး ၀န်ကြီး ဦးစိုးသိန်းကဆိုရင် အများပြည်သူနဲ့ ဆိုင်တဲ့ Publish Transport ကိစ္စကိုမပြောဘဲ သူတို့အစိုးရလက်ထက်မှာ ရန်ကုန်က လမ်းမတွေပေါ် ကားတွေပို များလာတယ်၊ ဒါဟာ အရင် အစိုးရ လက်ထက်ကထက် ပိုတိုးတက်လာတဲ့ သဘော၊ လူတွေအရင်ကထက် စီးပွားရေး ကောင်းလာတဲ့သဘော၊ ၀င်ငွေပိုကောင်း လာတဲ့ သဘောလို့ ပြောသွားပါတယ်။ ပြီးတော့ တလောကလုပ်ခဲ့တဲ့ စင်ကာပူအခြေစိုက် သတင်းဌာနတခုနဲ့ အင်တာဗျုးမှာလည်း မြန်မာနိုင်ငံမှာ ကားတွေများလာတာကိုပဲ တိုင်းပြည်တိုးတက်ခြင်းရဲ့ သင်္ကေတတခုအဖြစ် သူက ထပ်မံပြောဆိုသွားခဲ့ပါသေးတယ်။

စိတ်ဝင်စားဖို့ ကောင်းတာကတော့ ဦးစိုးသိန်း အဲဒီလိုပြောပြီး ရက်အပိုင်းတွင်း (သြဂုတ်လ ၆ ရက်နေ့) Facebook ပေါ်တက်လာတဲ့ Post တခုပါ။ ပိုပြီးစိတ်ဝင်စားဖို့ ကောင်းတာကတော့ အဲဒီ Post ကို တင်လာသူက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့ မြေး၊ လက်ရှိ သမ္မတ ဦးသိန်းစိန်ရဲ့ လူမှု စီးပွား အကြံပေးအဖွဲ့ဝင်ဖြစ်တဲ့ သမိုင်းပညာရှင် ဒေါက်တာ သန့်မြင့်ဦး ဖြစ်နေခြင်းပါပဲ။

သူ့ Post ထဲမှာ ဘာရေးထားသလဲဆိုတော့ “ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံဆိုတာ ဆင်းရဲတဲ့သူတွေ ကိုယ်ပိုင်ကားစီးနိုင်တဲ့ နိုင်ငံမဟုတ်ဘူး။ လူချမ်းသာတွေပါ အသုံးပြုနိုင်တဲ့ အများသုံးပို့ဆောင်ရေး စနစ် ရှိတဲ့နိုင်ငံ ဖြစ်တယ်”တဲ့။

ဒီ Post ကို Like လုပ်သူ နှစ်သောင်းနှစ်ထောင် ကျော်၊ Share သူ သုံးထောင့်ငါးရာ ကျော် ရှိပြီး Comment ရေးသူ သုံးရာ နီးပါးရှိပါတယ်။ မြန်မာနိုင်ငံသားတွေ ရဲ့ခံစားချက်နဲ့ ဒီ Post အတော့်ကို ကွက်တိဖြစ်နေပုံ ရပါတယ်။

ဒါပေမယ့် ဒီ Post ကို သူကိုယ်တိုင်ထွင် ပြောတာမဟုတ်ဘဲ ကိုလံဘီယာနိုင်ငံ ဘိုဂိုတာမြို့တော်ဝန်က ပြောတယ်လို့ မူရင်းအဆိုကိုပါ ဟောဒီလို တွဲဖော်ပြထားပါတယ်။
A developed country is not a place where the poor have cars. It’s where the rich use public transportation.” – Gustavo Petro, Mayor of Bogotá.

ကိုလံဘီယာ ဆိုတာ မြန်မာနိုင်ငံလိုပဲ လက်နက်ကိုင် ပဋိပက္ခကြားကနေ ရုန်းထွက်နေရဆဲ နိုင်ငံတခုပါ။ ဒီစကားကို ပြောတဲ့ မြို့တော်ဝန် ကိုယ်တိုင် သူပုန်ဘ၀ကနေ နိုင်ငံရေးသမား ဖြစ်လာသူလို့ သိရပါတယ်။ ဆိုတော့ မြန်မာနိုင်ငံက နိုင်ငံရေးသမားတွေ၊ ကားပါမစ်ယူနေကြတဲ့ သူပုန်ဘ၀ကနေ နိုင်ငံရေးသမားဖြစ်ဖို့ပြင်နေသူတွေ၊ စစ်ဗိုလ်ဘ၀ကနေ ၀န်ကြီး ဖြစ်လာသူတွေ၊ ဘာကြောင့် သူ့လို မစဉ်းစားဖြစ်တာလဲ။

တနည်းအားဖြင် ပြောမယ်ဆိုရင်တော့ နိုင်ငံခြားကနေ ဇိမ်ခံကားတွေချည်း တင်သွင်းမနေဘဲ ဘတ်စ်ကားတွေပါ တင်သွင်းဖို့၊ ဓတ် ရထားတွေပါ တင်သွင်းဖို့ လိုနေပါတယ်။

ထပ်ဖြည့်ပြောရမယ် ဆိုရင်တော့ ငွေရှိရင် လူတိုင်းဝယ်နိုင်တဲ့ ရုပ်ဝတ္တု ပစ္စည်းတွေချည်း တင်သွင်းမနေဘဲ ဘိုဂိုတာမြို့တော်ဝန် စဉ်းစားသလိုမျိုး စွမ်းရည်ရှိတဲ့ တွေးခေါ် စဉ်းစားပုံတွေကိုပါ မြန်မာနိုင်ငံဆီ တင်သွင်းဖို့လိုနေပြီလို့ ထင်မိပါတယ်။     ။

ကလေး လုပ်သားတွေကို စာသင်ခန်း ပြန်ပို့ပါ

သူ့အတွေး သူ့အမြင်

 

ကလေး လုပ်သားတွေကို စာသင်ခန်း ပြန်ပို့ပါ
ကလေးစားပွဲထိုးများကို ရန်ကုန်နှင့် အခြားမြို့ကြီးများတွင် မြင်တွေ့နိုင်သည် (ဓာတ်ပုံ – Bangkoko Post)

တယ်လီနောကုမ္ပဏီက နိုင်ငံတွင်း ကွန်ရက်တည်ဆောက်မှု လုပ်ငန်းခွင် ၃ ခုမှာ ကလေး လုပ်အားအသုံးပြုတာတွေ့ခဲ့ရတယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ တယ်လီနောကုမ္ပဏီက တာဝါတိုင်တွေ စိုက်ရာမှာ သူနဲ့ တွဲဖက်လုပ်တဲ့ မြန်မာကုမ္ပဏီတွေအနေနဲ့ အသက် ၁၅ နှစ် အောက် ကလေးတွေကို အလုပ်မခိုင်းစေဖို့ မေတ္တာရပ်ခံထားပေမယ့် အခု လို ကလေးလုပ်သားအသုံးပြုမှု ရှိတာကို တွေ့ခဲ့ရတာလို့ ဆိုတယ်။
အဲဒီသတင်းဖတ်မိတော့ မြန်မာပြည်အလည်ရောက်ခဲ့တုန်းက တွေ့မြင်မိတဲ့ ကလေးအလုပ်သမားတွေကို ပြန်သတိရမိတယ်။

အမိမြေနဲ့ ၂၅ နှစ်တာဝေးကွာနေရသူ ကျောင်းသားဟောင်းအတော်များများ ရန်ကုန်မြို့ဆီပြန်ရောက်တဲ့အခါ ပထမဆုံးသွားတဲ့နေရာက ရွှေတိဂုံစေတီဖြစ်ပြီး ဒုတိယ နေရာကတော့ အင်းယားကန်စောင်းပဲ ဖြစ်ပါတယ်။ အဲဒီ အင်းယားကန်စောင်းက စားသောက်ဆိုင်တန်းမှာ ကလေးစားပွဲထိုးတွေ တွေ့ရတော့ ပြည်ပမှာ လူ့အခွင့်အရေးနဲ့ ကြီးပြင်းခဲ့ရသူတွေအတွက် အကြီးအကျယ် အံ့အားသင့် ကြေကွဲတုန်လှုပ်မိတယ်။ အတော်များများဟာ အသက် ၁၈ နှစ်မပြည့်သေးတဲ့ လူငယ်တွေပါ။ ”အသက် ဘယ်လောက်ရှိပြီလဲ၊ ကျောင်းမနေကြဘူးလား” ဆိုပြီး မေးကြည့်တော့ သူတို့က သိပ်ဖြေချင်ပုံမရပါ။

စာရေးသူသည် ထိုင်း-မြန်မာ နယ်စပ်တွင် အခြေစိုက်သော ကျောင်းသား လက်နက်ကိုင် ABSDF အဖွဲ့ဝင်ဟောင်း ဖြစ်ပြီး DVB ၏ သတင်းထောက် ဟောင်းလည်း ဖြစ်သည်။ ယခုအခါ နော်ဝေနိုင်ငံတွင် နေထိုင်လျက် ရှိသည်
တရက်မှာတော့ တာမွေအ၀ိုင်းအနီးက နာမည်ကြီးလက်ဖက်ရည်ဆိုင်မှာ သွားထိုင်ရင်းနဲ့ စားပွဲထိုး လူငယ်တွေနဲ့ စကားပြောဖြစ်ပါတယ်။ အသက် ၁၈ နှစ်မပြည့်သေးတဲ့ လူငယ်စားပွဲထိုးချည်း ၁၀ ယောက်လောက် ရှိမယ် ထင်ပါတယ်။ သူတို့ဟာ အညာဒေသကဖြစ်ပြီး ဒီဆိုင်မှာ အလုပ်ရဖို့အရေး အတော်ကြိုးစားခဲ့ရတယ်လို့ ဆိုပါတယ်။ ကျောင်းမနေကြဘူးလားဆိုပြီးမေးတော့ မူလတန်းတော့ အောင်ပြီးပြီ၊ အလယ်တန်းတော့ တ၀က်တပျက်နဲ့ ထွက်လာရတယ်လို့ တဦးကပြောပါတယ်။

ဒါပေမယ့် ဒီလူငယ်လေးရဲ့ သချာင်္စွမ်းရည်ကတော့ လက်ဖျားခါလောက်ပါတယ်။
ဘာကြောင့်လဲဆိုရင် ရန်ကုန်က လဖက်ရည်ဆိုင်နဲ့ စားသောက်ဆိုင်အတော်များများမှာ စားပွဲနံပတ် တွေ၊ bill နံပတ်တွေ၊ bill တွေရေးလေ့မရှိပါ။ လက်ဖက်ရည်တခွက်က ဘယ်လောက်၊ မုန့်တခုက ဘယ်မျှ၊ ကြက်သားဟင်းတခွက်က ဘယ်ပုံ၊ ဆေးလိပ်တဗူးက ဘယ်ရွေ့  စသဖြင့် တခါတည်း စားပွဲ ထိုးပါးစပ်ကနေ တန်းပြောပြိး ပေါင်းသွားလိုက်တာများ ဂဏန်းပေါင်းစက်ရှိမှ အလုပ်လုပ်တတ်တဲ့ အ နောက်တိုင်းသားတွေ အလေးပြုလောက်ပါတယ်။

ဒါက ရန်ကုန်မှာတွေ့ရတဲ့ ကျောင်းဆက်တက်ခွင့်မရတဲ့ ၁၈ နှစ်အောက် လူငယ်အလုပ်သမားလေး တွေရဲ့ အခြေနေပါ။ ပုဂံနဲ့ အင်းလေးဖက်မှာတွေ့ရတဲ့ လူငယ်အလုပ်သမားတွေကျတော့ ရန်ကုန်နဲ့ မတူ ပြန်ဘူး။ ဘာဖြစ်ဖြစ် ရန်ကုန်က စားသောက်ဆိုင်တွေမှာ စားပွဲထိုးလုပ်တာဟာ တရားဝင်လုပ်သား တပိုင်းဖြစ်တဲ့အတွက် သူတို့မှာ လစာရပါတယ်။

ဒါပေမယ့် ဒီ ပုဂံက ရွှေစည်းခုံစေတီ ဘေးမှာတွေ့ရတဲ့ အပျော်တန်းဧည့်လမ်းညွှန် ကလေးငယ်တွေက တော့ လစာရှိပုံမရ။ တရားဝင် လမ်းညွှန်တွေဖြစ်လာအောင်လဲ ဘယ်သူကမှ မြေတောင်မြောက်ပေး မဲ့ ပုံမရှိပါ။ ထူးခြားတာကတော့ ရန်ကုန်စားသောက်ဆိုင်တန်းက ကလေးစားပွဲထိုးတွေ သချာင်္တွက် ကျွမ်းသလို ပုဂံကဧည့်လမ်းညွှန်ကလေးတွေကလည်း အင်္ဂလိပ်စကားပြော ကျွမ်းပါတယ်။ ဘုရားရာဇ၀င် တခုလုံးကို အာဂုံဆောင်ထားနိုင်တာပါ။ တချို့ကလေးတွေဆိုရင် အင်္ဂလိပ်လိုအပြင် ပြင်သစ်၊ ဂျပန်၊ ထိုင်းဘာသာတွေတောင် အတော်အတန် ပြောတတ်နေတာကိုတွေ့မိတော့ မချီးကျုးပဲ မနေနိုင်ပါ။

ခက်တာက ဒီကလေးတွေ ဒီလောက်တော်နေပေမယ့် သူတို့ကို ဘယ်သူကမှ အသိမှတ်ပြုထားတာ မရှိ။ ဧည့်သည်တဦးအတွက် လမ်းညွှန်မှုပေးရင် ဘယ်လောက်ပေးရမယ်ဆိုတဲ့ အခကြေးငွေ သတ်မှတ်ချက်လည်း မရှိပါ။ စေတနာရှိသလောက်သာ ပေးထားခဲ့ပေတော့။ ”နှစ်ထောင်လောက်တော့ ပေးပါ ဦးရယ်။ ဒီက ရတဲ့ငွေနဲ့ မိဘနှစ်ပါးကိုလုပ်ကျွေးနေရတာပါ” လို့ဆိုတော့ ကျနော့်စိတ်ထဲ အတော်မကောင်း ဖြစ်သွားပါတယ်။ ဒါပေမယ့် သူ့လိုတောင်းနေသူတွေက တဒါဇင်မကရှိတယ်။

ပုဂံပြိးရင် ကမ္ဘာလှည့်ခရီးသည် ဒုတိယ အများဆုံးသွားတဲ့နေရာလို့ နာမည်ကြီးနေတဲ့ အင်းလေးကန်ဖက် ရောက်တော့လည်း အခြေနေက နောက်တမျိုး။ ဒီကလေးတွေက ပုဂံဖက်မှာလို ဧည့်လမ်းညွှန်မလုပ်ပဲ ပန်း ရောင်းကြပါတယ်။ ဖောင်တော်ဦးစေတီဘေးမှာ တွေ့ရတဲ့ ကလေးတွေဆီက ထူးထူးခြားခြား ပညာရေးနဲ့ဆိုင်တဲ့ တောင်းဆိုသံတခုကိုကြားရတော့ အတော်အံသြသွားပါတယ်။
”ဦးလေး၊ ဦးလေးက ပန်းမ၀ယ်ရင်လည်း သမီးကျောင်းစာအုပ်ဖိုးအတွက် တထောင်လောက် ပေးခဲ့လေ” လို့ ပန်းသည်ကလေးမတဦးက ပြောပါတယ်။ ဧည့်သည်က ၀ယ်ချင်မှန်းမသိ၊ မ၀ယ်ချင်မှန်းမသိ လမ်းပိတ်ပြီး နင်းကန်ရောင်းနေလို့ စိတ်ညစ်ပြီး ထွက်ပြေးလာတဲ့ ကျနော် တွေဝေသွားပါတယ်။

လှူလိုက်ရင် ကောင်းမလားပေါ့။ ဒါပေမယ့် စိတ်ထဲမှာတော့ ဒါတွေဟာ အစိုးရက ဖြေရှင်းပေးရမယ့် ကိစ္စပဲ။ ၂ ထောင်ပေးလိုက်ရုံနဲ့ ပြေလည်သွားမယ့်ကိစ္စမှ မဟုတ်ပဲ။ ပြီးတော့ သူ့ကို နှစ်ထောင်ပေးရင် ကျန်တဲ့လူတွေလည်း နှစ်ထောင်စီ ကျနော် ထပ်ပေးသင့်သလား။

အဲဒီလို ရန်ကုန်စားသောက်ဆိုင်တန်းကနေ ပုဂံ-အင်းလေး ဘုရားစောင်းတန်းက ပန်းသည် လေးတွေအထိ ပုံစံအမျိုးမျိုးနဲ့ ဘ၀ကို ရုန်းကန်နေရရှာတဲ့ အသက် ၁၈ နှစ်မပြည့်သေးပဲ လုပ်ငန်းခွင်ထဲ ၀င်နေရသူတွေ ဘယ်လောက်များများရှိနေလေမလဲ။ ဘယ်သူကမှ စာရင်းဇယားလုပ်မထားတော့ အတိအကျ မသိနိုင်ပါ။

ဒါပေမယ့် တနိုင်ငံလုံးရှိ လဖက်ရည်ဆိုင်တွေ၊ စေတီပုထိုးတွေ၊ မီးရထားဘူတာရုံ တွေ၊ အဝေးပြေးကားဂိတ်တွေမှာ အလုပ်လုပ်နေရတဲ့ ကလေးတွေကို ပေါင်းလိုက်ရင် အရေအတွက် သိန်းချီရှိမယ်လို့ ခန့်မှန်းနိုင်ပါတယ်။

သူတို့အတွက် ဘာလုပ်ပေးနိုင်သလဲ။ ဘယ်လိုလုပ်ပေးနိုင်သလဲ။ အင်း… ဒီ မေးခွန်းကို မေးရတာကလဲ ခပ်လန့်လန့်။ ဘာကြောင့်လဲဆိုရင် ”ဒီကလေးတွေ ဒီလိုပဲ တသက်လုံးနေ လာတာ အဆန်းလုပ်လို့၊ မင်းက နိုင်ငံခြားကနေပြန်လာမှ ကိန်းကြီးခန်းကြီးနဲ့ လျှောက်ပြောနေတယ်” ဆိုပြီး အပြောခံရလေ့ရှိလို့ဖြစ်ပါတယ်။
သတိမမူ ဂူ မမြင်ဆိုတဲ့အတိုင်း အမှားအယွင်းကြားမှာ နေ့စဉ်နေထိုင်ရှင်သန်နေသူတွေအဖို့ ဒီဟာကို အမှားအယွင်းတခုအဖြစ် မြင်ချင်မှမြင်မိပါလိမ့်မယ်။ ဒါဟာ သူမွေးလာကတည်းက နေ့စဉ်မြင်နေရတဲ့ မြင်ကွင်းဖြစ်တဲ့အတွက် ဒါကို အမှားအယွင်းတခု၊ အားနည်းချက်တခု၊ ပြုပြင်ဖို့ လိုနေတဲ့အချက်တခုအ ဖြစ် မြင်မိဖို့မလွယ်ပါ။ ဒါပေမယ့် ကလေးသူငယ် အခွင့်အရေးတွေကို အလေးထားတဲ့နိုင်ငံက လာတဲ့သူတွေက တော့ ဒါဟာ စနစ်တခုရဲ့ မှားယွင်းချက်၊ အားနည်းချက်အဖြစ် ချက်ချင်းမြင်လေ့ရှိပါတယ်။

ဒီလိုကျောင်းနေခွင့်မရတဲ့ ကလေးငယ်တွေအတွက် ရန်ကုန် NGO တခုက ရွှေ့ပြောင်းကျောင်းတခုကို ထူ ထောင်ပြီး ကလေးစားပွဲထိုးတွေကို သူတို့ဆိုင်တွေအထိသွားပြီး စာသင်ပေးတယ်လို့ သတင်းကြားရပါတယ်။ ဒါဟာ ကောင်းမွန်တဲ့အစီစဉ်ဖြစ်ပေမယ့် အမြစ်ပြတ် ကုထုံး မဟုတ်ပါ။

ဒါဖြင့် အမြစ်ပြတ်ကုထုံးက ဘာလဲ။ အစိုးရဖက်ကနေ ကလေးလုပ်သားမခိုင်းဘူးဆိုတဲ့ နိုင်ငံတကာ စာချုပ်စာတန်း တွေကိုလက်မှတ်ထိုးပြီး ဒီကလေးတွေ ကျောင်းနေနိုင်အောင် အမျိုးသားစီမံကိန်းချကာ လုပ်ဆောင်ဖို့လိုနေပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်နှောင်းပိုင်းက ထွက်ပေါ်လာတဲ့သတင်းတွေ အရဆို ရင်တော့ ILO  ပြဋ္ဌာန်းချက် ၁၈၂ ကို မြန်မာအစိုးရဖက်က လက်မှတ်ထိုးလိုက်ပေမယ့် အနည်းဆုံး အသက်သတ်မှတ်ချက်ဆိုင်ရာ ILO ပြဋ္ဌာန်းချက် ၁၃၈ ကိုတော့ လက်မှတ်ရေးထိုးထားခြင်းမရှိသေးပါဘူး။
အဲဒီလို လက်မှတ်ရေးထိုးထားတယ်ဆိုတာကို အလုပ်ရှင်တွေ၊ ကလေးတွေနဲ့ ကလေးမိဘတွေ သိရှိကြပါရဲ့လား။

လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ကြုံဖူးတဲ့ ထိုင်းနိုင်ငံ မဟာချိုင်ဒေသက မြန်မာကလေးလုပ်သားတွေ ကယ်တင်ရေးစီမံကိန်းတခုကို သွားသတိရမိပါတယ်။ အသက် မပြည့်သေးတဲ့ ကလေးတွေကို မဟာချိုင် ပုဇွန်စက်ရုံမှာခိုင်းစေနေတယ်ဆိုပြီး သတင်းရတဲ့အတွက် NGO တခုနဲ့အတူ ကျနော် သတင်းယူဖို့ လိုက်သွား ပါတယ်။ ကျနော်တို့ကိုမြင်တော့ ထိုင်းအလုပ်ရှင်က မကြိုက်ပါ။ အလုပ်ရုံထဲ ၀င်ကြည့်လို့ရတယ်။ ဓာတ်ပုံရိုက်ခွင့်၊ မေးမြန်းခွင့်တော့ မပေးနိုင်ဘူးလို့ပြောပါတယ်။ ၀င်ကြည့်တော့ အသက် ၁၄-၁၅ ၀န်းကျင် လူ ငယ်တွေအများကြီး။

အဲဒါတွေကို ကျနော်တို့က သတင်းပြန်လုပ်တော့ အလုပ်ရှင်ဖက်က စိတ်ဆိုးတဲ့အပြင် အလုပ်သမားတွေကပါ စိတ်ဆိုးတာခံရတော့ ကျနော် အတော်အံ့သြသွားပါတယ်။ ”ဒီကလေးတွေက ဒီမှာအလုပ် မလုပ်ရင် ဘယ်မှာ သွားလုပ်ရမလဲ။ ခင်ဗျားတို့ ထမင်းကျွေးထားမှာလား” လို့ ကလေးမိဘ အလုပ်သမားတွေက ပြန်ပြောပါတယ်။

ဆိုလိုတာကတော့ ဥပေဒအတိုင်း သွားလုပ်ရုံနဲ့မပြီး။ ဒီကလေးတွေကို အလုပ်ခွင်ထဲကနေ ပြန်ထုတ်ချင်တယ်ဆိုရင် သူတို့ကို ကျောင်းထားပေးနိုင်ဖိှု့၊ အနည်းဆုံးအားဖြင့် သူတို့ရဲ့ စားဝတ်နေရေးကို တာဝန်ယူနိုင်ဖို့ လိုပါတယ်။ ဘာမှ တာဝန်မယူနိုင်ပဲနဲ့ ”မင်းအသက်မပြည့်သေးလို့ အလုပ်ခွင်ထဲ မ၀င်ပါနဲ့” ဆိုပြီး ဥပဒေတခုတည်းနဲ့ သွားတားရင် ထမင်းမငတ်အောင် ရှာစားနေသူရဲ့ ထမင်းလုတ်ကို ပုတ်ချတာနဲ့ တူပါမယ်။  ဒီအတွက် အစိုးရမှာ ဘယ်လို စီမံကိန်းရှိသလဲ။ NGO တွေနဲ့ မလုံလောက်ပါ။

အင်းယားကန်ဘေး စားသောက်ဆိုင်က စားပွဲထိုးကလေးတွေ၊ ပုဂံရွှေစည်းခုံစေတီနဲ့ အင်းလေး ဖေါင် တော်ဦးစေတီက ကလေးဧည့်လမ်းညွှန်တွေ၊ ကလေးပန်းသည်လေးတွေ ကျောင်းစာသင်ခန်းထဲ ပြန်ရောက်နိုင်ဖို့အတွက် ကျနော်တို့ ၀ိုင်းအဖြေရှာဖို့ ဖြေရှင်းဖို့ အမြန်လိုနေပြီဖြစ်ပါတယ်။

Thursday, August 21, 2014

တော်လှန်ရေးသတင်းသမားတဦးရဲ့ ဒိုင်ယာရီ (၂၄)

ဘိလပ်သွား DVB သတင်းသမားများ

အုပ်ချုပ်ရေးဘက်က ပုဂ္ဂိုလ်တွေနဲ့ ဒီလိုအငြင်းပွားလို့ကောင်းတုန်း ၂၀၀၂ ခုနှစ် မေလလယ်လောက်မှာ ဗြိတိန်နိုင်ငံ ဝေလပြည်နယ် ကားဒစ်တက္ကသိုလ်မှာ ဖွင့်လှစ်တဲ့ (Broadcast Journalism) အသံလွှင့် သတင်းပညာ သင်တန်းတက်ဖို့ ကျနော်နဲ့မခင်နှင်းထက်တို့ ခရီးထွက်လာပါတယ်။ အဲဒီအချိန်ထိ မြန်မာ စာအုပ်အတု ကိုင်နေရဆဲဖြစ်ပေမယ့် ဥရောပလေဆိပ်တွေမှာတော့ ထိုင်လေဆိပ်မှာလို စစ်တာ၊ ရစ် တာ သိပ်မရှိပါ။ လန်ဒန်လေဆိပ်ရောက်တော့ ငယ်ငယ်တုန်းက ကျောင်းမှာသင်ဖူးတဲ့ ''ဘိလပ်ပြန် မောင်သောင်းဘေ'' ကို သွားသတိရမိပါတယ်။ ''ရေချမ်းချမ်း တခွက်လောက်ပေးပါ'' လို့ ကိုယ့်ဘာသာ ပြောရင်း ပြုံးမိပါသေးတယ်။ ဒါပေမယ့် ဘိလပ်ရေက နော်ဝေးရေလောက် ဘယ်အေးပါ့မလဲ။

(ကျနော်တို့ငယ်စဉ်ကနေ အခုချိန်ထိ အသုံးများနေဆဲ နေရှယ်နယ်ရေဒီယို)

လေယာဉ်ကွင်းကနေ ကားဒစ်မြို့ဆီ တိုက်ရိုက်မသွားသေးဘဲ DVB အယ်ဒီတာဟောင်း (အဲဒီအချိန်ထိ အပတ်စဉ်ကဏ္ဍတခုဖြစ်တဲ့ စာအုပ်စဉ်အစီစဉ်ကို DVB အတွက် ပုံမှန်ပို့နေဆဲလို့ထင်ပါတယ်) ဒေါက် တာအောင်ခင်ရဲ့ အိမ်ဆီသွားပါတယ်။ သူ့အိမ်က နှစ်ထပ်အိမ်ဖြစ်ပြီး အိမ်နောက်ဖေးမှာ စိုက်ခင်းသေး သေးလေးလည်း ရှိပါတယ်။ သူဟာ စာအလွန်ဖတ်၊ အလုပ်အတော်လုပ်သူဖြစ်ပေမယ့် အားကစားကို လည်း မပျက်မကွက်လုပ်ပုံရပါတယ်။ ရေချိုးခန်းဘေးက အခန်းတခုမှာ အပြေး သို့မဟုတ် လမ်း လျှောက်လေ့ကျင့်တဲ့စက် (Running Machine) ကို တွေ့ရပါတယ်။ အားကစားသမားဖြစ်ခဲ့ဖူးတဲ့ ကျ နော်လည်း ဒီစက်ကိုမြင်မှ ကိုယ်လည်း အားကစားပြန်လုပ်ဦးမှလို့ စဉ်းစားမိပါတယ်။

ညနေပိုင်းမှာတော့ စကားဝိုင်းဖွဲ့ရင်း DVB မှာ သူ တာဝန် ထမ်းစဉ်က အတွေ့အကြုံတွေ၊ လက်ရှိ DVB ရဲ့ အုပ်ချုပ်ရေး၊ သတင်းထုတ်လုပ်မှုနဲ့ အနာဂတ်အလားလာတွေအပေါ် သူ့အမြင်ကို ဒေါက်တာ အောင် ခင်က အတော်ပွင့်ပွင့်လင်းလင်းပြောခဲ့ပါတယ်။ အဓိက အချက်ကတော့ DVB ရဲ့ လက်ရှိအုပ်ချုပ်နေမှု ပုံစံကို သူ အားမရဘူးလို့ ကျနော်နားလည်မိပါတယ်။

နောက်တနေ့မနက်လား၊ ဒါမှမဟုတ် ကားဒစ်ကနေ ပြန်လာလည်ချိန်မှာလားမသိပါ။ BBC အသံလွှင့် ဌာနဆီ ကျနော်တို့ရောက်သွားပါတယ်။ လန်ဒန်ကိုရောက်စဉ် မဖြစ်မနေသွားမယ့်အထဲမှာ ၈ လေးလုံး ကာလတုန်းက အရမ်းနာမည်ကြီးခဲ့တဲ့၊ ငယ်စဉ်ကတည်းကနေ အခုချိန်ထိ နေ့စဉ်နီးပါး မပျက်မကွက် နားထောင်ခဲ့တဲ့ BBC မြန်မာပိုင်းအစီစဉ်ရုံးက ထိပ်ဆုံးမှာပါ ပါတယ်။ အဲဒီအချိန်မှာ ဒေါ်တင်ထားဆွေက ဌာနမှူးဖြစ်နေပြီလို့ ထင်ပါတယ်။ သူအပါဝင် ထိုင်းမှာ တာဝန်ထမ်းစဉ်က သိခဲ့သူတွေကတော့ ကို ကျော်ဇံသာ၊ ကိုမင်းထက်နဲ့ ကိုကိုအောင်တို့ဖြစ်ပါတယ်။

နေမ၀င်အင်ပါယာကို ထူထောင်ခဲ့သူ ဗြိတိသျှတွေရဲ့ သတင်းဌာနကြီးဆိုတော့ DVB နဲ့ ဘယ်လိုမှ နှိုင်း ယှဉ်လို့မရ။ BBC တံဆိပ်ကပ်ထားတဲ့ Bush House အဆောက်ဦကြီးက ခန့်ငြားလှပါတယ်။  အထပ် ပေါင်းများစွာ၊ အခန်းပေါင်းများစွာရှိတဲ့ ဒီရုံးခန်းကြီးကနေ နိုင်ငံတကာဆီ ၂၄ နာရီအသံလွှင့်နေပြီး မြန်မာဌာနဆိုတာ အဲဒီဌာနများစွာထဲက တခုမျှသာ။ ဒါပေမယ့် တခုချင်းနှိုင်းယှဉ်မယ်ဆိုရင်တော့ DVB ရုံးခန်းက မြန်မာဌာနရုံးခန်းထက်တော့ ပိုကျယ်ပါတယ်။ ပြီးတော့ ကျနော်တို့မှာက ရုံးခန်းနဲ့ စတူဒီယိုက နီးနီးလေး။ အသံလွှင့်ခါနီးမှ စတူဒီယိုထဲဝင်သွားရုံပဲ။ ဒါပေမယ့် ဒီမှာက နိုင်ငံတကာ သတင်းဌာနကြီး ဆိုတော့ ရုံးခန်းတွေက စတူဒီယိုတွေနဲ့သီးခြားစီ၊ ဟိုအဝေးကြီး တထပ်စီမှာ။

ပြီးတော့ အင်ဂျင်နီယာ (စက်ဆရာ) က အနောက်တိုင်းသားဆိုတော့ မြန်မာလိုတင်ထားတဲ့ အသံတွေ ကို နားမလည်။ ၁-၂- ၃- ၄ စီထားတဲ့အတိုင်း အသံဖွိုင်တွေကို တန်းစီဖွင့်မှာဖြစ်တဲ့အတွက် ကျနော်တို့ DVB မှာလို ခလုတ်မှားနှိပ်မိရင် အော်ပြောပြီးချက်ချင်း ပြန်ပြင်ဖို့မလွယ်ပါ။ ဒီတော့ တာဝန်ကျ အယ်ဒီတာက အပြင်မှာ အချိန်ပြည့်စောင့်ပေးနေရပါတယ်။ စတူဒီယိုထဲမှာလည်း သတင်းဖတ်သူက ၄ ဦးတောင်ရှိမလားပဲ။ ကျနော်တို့ DVB မှာက အဲဒီအချိန်ထိ အသံလွှင့်ဝန်ထမ်းအားလုံးပေါင်းမှ ၅ ဦး ထက်မပိုပါ။ အဲဒီ ၅ ဦးက ညပိုင်းရော၊ မနက်ပိုင်းကိုပါ တာဝန်ယူထုတ်လုပ်ပေးနေရတယ်ဆိုတော့ BBC ကလူတွေ အံ့သြနေကြလေရဲ့။


ဝေလပြည်ရောက် နိုင်ငံတကာ သတင်းထောက်များ

လန်ဒန်မှာ ၃ ရက်လောက်ကြာပြီးတဲ့နောက် ဝေလပြည်နယ်မြို့တော် ကားဒစ်မြို့ဆီ ကျနော်တို့ရောက် လာပါတယ်။ ကားဒစ်တက္ကသိုလ်မှာ တက်တယ်ဆိုပေမယ့် တကယ်တော့ နွေရာသီတက္ကသိုလ်ပိတ် ထားချိန်မှာ ရက်တိုအထူးသင်တန်းတက်ရတဲ့သဘောပါ။ တက္ကသိုလ်နဲ့ ကျောင်းသားအဆောင်တွေက တမိုင်လောက်ဝေးပြီး မိနစ် ၃၀ မက လမ်းလျှောက်သွားရပါတယ်။

(၂၀၀၂ ခနှစ်ကတွေ့ရတဲ့ DVB သတင်းထောက်များအပါဝင် အသံလွှင့်သတင်းပညာ သင်တန်းသားများ)

မော်လမြိုင်တက္ကသိုလ်က အဆောင်တွေလောက်မှာသာနေခဲ့ဖူးသူတဦးအတွက်တော့ ဒီကျောင်းက အဆောင်က အတော်သားနားနေပါတယ်။ ၄ ထပ်တိုက်အဆောင်မှာ တယောက်အိပ်ခန်း ၄ ခန်းစီပါတဲ့ အခန်း ၄ ခန်းနဲ့ မီးဖိုချောင်တခုကို အခန်းကြီးတခုစီအဖြစ် ကန့်ပေးထားပါတယ်။ တယောက်အိပ်ခန်းထဲ မှာတော့ ကုတင်တလုံး၊ စာကြည့်စားပွဲတလုံးနဲ့ ရေချိုးခန်းနဲ့ အိမ်သာပါ ပါတဲ့အတွက် ဟိုတယ်အခန်း လိုဖြစ်နေပါတယ်။ မြန်မာနိုင်ငံက တက္ကသိုလ်တွေမှာလည်း အခုနောက်ပိုင်း ဒီလိုအခန်းတွေရှိနေပြီလား တော့မပြောတတ်ပါ။

၃ လတာ အထူးသင်တန်းကိုတက်ဖို့ ရောက်လာသူတွေထဲမှာတော့ ဥရောပ၊ အမေရိကားနဲ့ သတင်း လွတ်လပ်ခွင့်ရှိပြီးသားနိုင်ငံတွေက သတင်းထောက်တွေမပါပါ။ သတင်းလွတ်လပ်ခွင့် မရှိသေးတဲ့ အာ ဖရိက၊ အရှေ့အလယ်ပိုင်းနဲ့ အာရှကလူတွေချည်းဖြစ်ပါတယ်။ Broadcast Journalism အသံလွှင့် မီဒီယာနဲ့ Print Journalism ပုံနှိပ်မီဒီယာ လို့ ၂ ပိုင်းခွဲထားပြီး အဲဒီကာလက Online Media ကျယ် ကျယ်ပြန့် ပြန့်မရှိသေးပါ။

ကျနော်တို့တက်ရတဲ့ Broadcast Journalism ထဲက ရေဒီယိုသင်တန်းသားတွေကို ပြောရမယ်ဆိုရင် မြန်မာ ၂ ဦး၊ တိဘက်တဦး၊ ဆိုက်ပရပ်တဦး၊ မာလာဝီ ၂ ဦး၊ ဆီနီဂေါတဦး၊ ဆီလာလီယွန်းတဦးနဲ့ ယူဂန်ဒါကတဦး အပါဝင် ၉ ဦးဖြစ်ပါတယ်။ ရုပ်-သံဘက်မှာတော့ အိန္ဒိယကလူတွေအတော်များပါ တယ်။ သင်တန်းသား ၁၁ ဦးမှာ အိန္ဒိယက ၈ ဦးပါဝင်ပါတယ်။ ကျန် ၃ ဦးထဲမှာတော့ ဖိလစ်ပိုင်တဦး၊ ဂျော်ဒန် တဦးနဲ့ ကျုးဘားတဦးပါဝင်ပါတယ်။ Print Journalism ဘက်မှာတော့ ၈ ဦးသာရှိပြီး မလေး ရှား၊ ပါပူး ၀ါးနယူးဂီနီ၊ ဘာရိန်း၊ ဆိုက်ပရပ်၊ ဘိုင်ရာရု၊ ဇင်ဘာဘွေ၊ မာလာဝီနဲ့ ယူဂန်ဒါမှ တဦးစီပါ ၀င် ပါတယ်။

ဒီသင်တန်းဆီ ရောက်လာသူအတော်များများဟာ သက်ဆိုင်ရာ နိုင်ငံအသီးသီးရှိ British Council မှာ ၀င်ခွင့်စာမေးပွဲအောင်ပြီးမှ စကောလားရှစ်ပုံစံမျိုးနဲ့ ရောက်သူတွေဖြစ်ပါတယ်။ ဥရောပအခြေစိုက် ကျ နော်တို့ DVB ကို အထူးခြွင်းချက်အနေနဲ့ နှစ်စဉ် တဦးကနေ နှစ်ဦးအထိ ၀င်ခွင့်ပေးထားပါတယ်။ ကျ နော်မှတ်မိသလောက်ဆိုရင် မြန်မာနိုင်ငံတွင်းမှ ဆရာကျော်ရင်မြင့်၊ ဆရာဝီလျှံ၊ ဆရာမောင်သစ်ဆင်း တို့လည်း ကျနော်တို့မတက်ခင်ကတည်းက ဒီသင်တန်းကို တက်ဖူးကြပါတယ်။


သင်တန်းတက်တော့ ဘာတွေထူးလာသလဲ

Thomson Foundation ကဦးစီးကျင်းပတဲ့ ဒီသင်တန်းမှာ အဓိကတာဝန်ယူသင်ကြားသူတွေကတော့ BBC က သင်တန်းဆရာတွေဖြစ်ပါတယ်။ Broadcast Journalism (ရေဒီယိုနဲ့ ရုပ်-သံ) က တခန်း၊ Print Journalism (သတင်းစာ) က တခန်းအဖြစ် သီးခြားခွဲသင်ပါတယ်။ ယေဘုယျပြောမယ်ဆိုရင် တော့ ကျနော်တို့ DVB မှာ နေ့စဉ်လုပ်နေတာနဲ့ ဒီမှာသင်တာ ဘာမှသိပ်မကွာပါ။ ဒါပေမယ့် သတင်း ကျင့်ဝတ်ပိုင်းဆိုင်ရာကိစ္စတွေ၊ အသံအရည်သွေးကိစ္စတွေ၊ စတိုရီရှာဖွေဖန်တီးမှုစွမ်းရည်တွေအတွက် တော့ စဉ်းစားစရာတွေ အများကြီးရလာတယ်လို့ ထင်ပါတယ်။


အမှန်တိုင်းဝန်ခံရရင် တက္ကသိုလ်နောက်ဆုံးနှစ် မြန်မာစာကျောင်းသားဘ၀ကနေ ၁၉၈၈ မှာ တောခို လာခဲ့တဲ့ကျနော်ဟာ အဲဒီနောက်ပိုင်း ဘာကျောင်းမှဆက်မတက်ဖြစ်ပါ။ မတက်ဆို တောထဲမှာလည်း တက်စရာ ဘာကျောင်းမှမရှိပါ။ ဒါပေမယ့် အင်္ဂလိပ်စာသင်တန်းအပါဝင် ရက်တိုသင်တန်း အနည်းအ ကျဉ်းတော့ တက်ဖြစ်ပါတယ်။ ဒီလိုသတင်းပညာနဲ့ဆိုင်တဲ့ သင်တန်းဆိုလို့ IMMF (Indochina Media Memorial Foundation) ကပို့ချတဲ့ သတင်း ၂ ပတ်ကြာ သင်တန်းတခုသာ ၁၉၉၈ တုန်းက ထိုင်း နိုင်ငံမှာ တက်ဖူးပါတယ်။ ဒါကြောင့် အခုသင်တန်းဟာ ကျနော်ရဲ့သတင်းသမားဘ၀အတွက် အတော် အရေးပါတယ်လို့ ဆိုနိုင်ပါတယ်။

သင်တန်းသားတွေ အားလုံးဆုံတဲ့ ပထမ ဆုံးနေ့ မိတ်ဆက်ပွဲမှာ သတင်းပညာကို စသင်ပေးလိုက်ပုံ လေးက ပညာသားပါလှပါတယ်။ သင်တန်းသား ၂ ဦးစီကို အချင်းချင်းမိတ်ဆက်ခိုင်းပြီး တဦးအ ကြောင်းတဦးက ပြန်ရှင်းပြရတဲ့ Presentation, Reporting လုပ်ရတဲ့သင်ခန်းစာပါ။ အတွေ့အကြုံ မရှိတဲ့ကျနော်က သင်ခန်းစာလုပ်ခိုင်းမှန်းတောင် မသိလိုက်ပါဘူး။ ကျနော်နဲ့စကားပြောရတဲ့ ပုဂ္ဂိုလ်က နယူးဒေလီအခြေစိုက် ဂျာမန်တီဗွီအတွက် တာဝန်ထမ်းနေသူ။ သူမေးတာကို ဖြေနေရင်းနဲ့ ကိုယ်ပြန် မေးဖို့တောင် အချိန်သိပ်မရလိုက်ပါ။ 

အားလုံးပြီးလို့ Reporting ပြန်လုပ်တော့ သူက ကိုယ့်အကြောင်းပြောသွားလိုက်တာ ၃ မိနစ်စာ ကွက် တိ ရွန်းရွန်းဝေလို့၊ ၈ လေးလုံးအရေးတော်ပုံကနေ တောခိုကျောင်းသားဘ၀၊ တောထဲက ငှက်ဖျားနဲ့ ဒဏ်ရာရရဲဘော်များအခက်ခဲ၊ AK 47 ကတဖက်၊ မိုက်ကရိုဖုန်းက တဖက်ကိုင်ခဲ့ရတဲ့အခြေနေ၊ မိုင် ၅၀၀၀ ကျော်အဝေးကနေ အသံလွှင့်နေရတဲ့ဘ၀ စုံလို့ပါပဲ။ ကျနော့်အလှည့်ကျတော့ ဘာမှတင်ပြ စရာမရှိ။ သူ့အမည်၊ သူ့မိသားစုနဲ့ သူ့တာဝန်လောက်ကိုသာပြောနိုင်ပြီး အချိန်က တမိနစ်တောင် မကြာ လိုက်ပါ။ ဆိုလိုတာကတော့ Interview လုပ်နည်းနဲ့ Reporting လုပ်နည်းကို မသိမသာသင် ပေးလိုက် တာပါပဲ။

နောက်တခု ကျနော်ရဲ့အားနည်းချက်က နိုင်ငံတကာသုံး အင်္ဂလိပ်စကားကို ရာနှုန်းပြည့်နားမလည်ခြင်း ပါ။ ဘန်ကောက်ထုတ် Nation သတင်းစာနဲ့ ဧရာဝတီ အင်္ဂလိပ်ပိုင်းအပါဝင် သတင်းစာတချို့မှာ အင်္ဂ လိပ်ဘာသာနဲ့ ဆောင်းပါးရေးနေတဲ့ ကျနော်ဟာ ကိုယ်ဘာသာ ဒီလောက်ညံ့လိမ့်မယ်လို့ ထင်မထားခဲ့ ပါ။ စာအုပ်ကြီးစာအုပ်ငယ်လှန်ပြီး အေးအေးဆေးဆေး ဆောင်းပါးထိုင်ရေးတာနဲ့ ဒီလို လူချင်းတွေ့၊ အမြန်ပြော၊ အမြန်နည်းလည်ဖို့ကိစ္စ သဘာဝချင်းမတူတာ။ သတင်းစာသုံးနိုင်ငံရေးစကားလုံးကြီးကြီးတွကိုသာ သိပြီး နေစဉ် သုံး ဝေါဟာရတွေကို မသိတာဟာလည်း အားနည်းချက်တခုပါပဲ။

ပထမ ပိုင်းမှာတော့ အိန္ဒိယဘက်ကလာတဲ့လူတွေ ပြောတဲ့ အင်္ဂလိပ်အသံဟာ မပီဘူးဆိုပြီးတောင် ကျနော်က နောက်လိုက်ပါသေးတယ်။ ဒါပေမယ့် သူတို့ပြောတာကို ဆရာတွေက ကောင်းကောင်းနား လည်နေပါတယ်။ ဆိုလိုတာကတော့ နိုင်ငံတကာသင်တန်းတက်မယ်ဆိုရင် ဆရာတွေပြောသမျှကို နား လည်နိုင်တဲ့ အင်္ဂလိပ်စာအဆင့်အတန်းရှိအောင် ကြိုပြင်ထားဖို့တော့ လိုပါတယ်။ နောက်တချက်က အင်္ဂလိပ်ဘာသာနဲ့ စံချိန်ဝင်အောင် သတင်းဖတ်ခြင်းသင်ခန်းစာပါ။ ကျနော်တို့ DVB မှာဆိုရင်တော့ ဇော်ဂျီ ဖောင့်ကို ၁၁ ဆိုက်နဲ့ရိုက်ထားတဲ့ A4 တမျက်နှာကို ၂ မိနစ်ခွဲနဲ့ဝင် အောင် ဖတ်နိုင်ရင် Standard ဆိုတာမျိုးပေါ့။ အင်္ဂလိပ်ဘာသာနဲ့ ရေးထားတဲ့သတင်းကို မြန်မာစာသတင်းဖတ်သလိုမျိုး ဘယ်လိုမှ မြန်မြန်နဲ့မှန်မှန် Standard ၀င်အောင် မဖတ်နိုင်ခဲ့တဲ့အတွက် အတော်စိတ်ပျက်ခဲ့ရပါတယ်။

၃ လတာ သင်တန်းပြီးခါနီးတော့ နိုင်ငံတ၀ှမ်းရှိ BBC ရေဒီယိုတွေဆီ လုပ်ငန်းခွင်လေ့လာရေးဆင်းရပါတယ်။ ကျနော်တာဝန်ကျတဲ့မြို့က အင်္ဂလန်အရှေ့ပိုင်းရှိ Suffolk မြို့။ BBC ဆိုတာ Short Wave (လှိုင်းတို) ရေဒီယိုနဲ့ နိုင်ငံတကာဆီလွှင့်နေတာချည်းမဟုတ်။ သူ့ပြည်တွင်းမှာလည်း BBC FM ရေဒီယိုနဲ့ TV က ထင်ရှားလှပါတယ်။ မိုင်ပေါင်းသောင်းချီ အဝေးကနေလွှင့်နေရတဲ့ လှိုင်းတိုရေဒီယိုက ဈေးကြီးလွန်းပေ မယ့် FM ကတော့ စရိတ်သိပ်မရှိလှဘူးလို့သိရပါတယ်။ ပြီးတော့ Local (ဒေသတွင်း) မှာ လွှင့်တာဆို တော့ ဖမ်းရတာ အသံကြည်လင်တဲ့အပြင် ပရိသတ်ရဲ့ တုံ့ပြန်မှုကိုလည်း ချက်ချင်းရနိုင်ပါတယ်။

သတင်းတပတ်ကြာ အဲဒီရေဒီယိုမှာ လေ့လာမှုအတွင်း ကျနော်မှတ်မှတ်ရရ ဖြစ်နေတာကတော့ အ ထက် တန်းစာမေးပွဲအောင်စာရင်း ထွက်တဲ့နေ့မှာ အထက ကျောင်းတခုဆီသွားပြီး Live သတင်းပို့ တဲ့အစီစဉ်ပါပဲ။ အမှန်တိုင်းဝန်ခံရရင် DVB ရေဒီယိုမှာ တာဝန်ထမ်းနေတာ ၁၀ နှစ်နီးပါးရှိနေပြီဖြစ် ပေမယ့် ရေဒီယိုကား ဆိုတာကို တခါမှမမြင်ဖူးပါ။ ရန်ကုန်က မြန်မာ့အသံမှာတော့ ဒီကားမျိုးရှိလားမသိ ပါဘူး။ ရောက်တဲ့နေရာကနေ Live လွှင့်နိုင်ဖို့ အသံလွှင့်ရုံပါတဲ့ကားလို့ အလွယ်ပြောရမယ်ထင်ပါတယ်။ ကားခေါင်မိုးပေါ်မှာ အဆင့်ဆင့်မြှင့်တင်နိုင်တဲ့ တာဝါတိုင်ပါရှိပြီး ကားထဲမှာတော့ ကွန်ပျူတာနဲ့ အသံ ပို့နိုင်တဲ့စက် တွေဆင်ထားတယ်ဆိုပါတော့။

ဒီလိုပြောလိုက်လို့ ကားဆရာ၊ စက်ဆရာ၊ သတင်းထောက်နဲ့ အသံပိုင်းအင်ဂျင်နီယာတွေ အများကြီး လာတယ်လို့မထင်လိုက်ပါနဲ့။ သတင်းထောက်တဦးတည်းက အဲဒီကားကိုမောင်းလာတာပါ။ အောင်စာ ရင်းဖွင့်ချိန်မှာ ကျောင်းသားနဲ့ ကျောင်းသားမိဘတွေရဲ့ခံစားချက်တွေကို တိုက်ရိုက်ပေးပို့တဲ့ အဲဒီနေ့က မြင်ကွင်းကို အခုထိမြင်နေဆဲဖြစ်ပါတယ်။

အဲဒီကာလက မြန်မာနိုင်ငံမှာ FM ရေဒီယိုတွေမရှိသေးပေမယ့် အခုတော့ FM အတော်များနေပြီလို့ သိရပါတယ်။ ဒါပေမယ့် အခုတင်ပြနေတဲ့ BBC FM လိုမျိုး တနာရီ တခါ ထူးခြားသတင်းတွေကို အချိန်နဲ့ တပြေးညီလွှင့်နိုင်မှုရှိမရှိ၊ သတင်းဖြစ်တဲ့နေရာကနေ တိုက်ရိုက်အသံလွှင့်နိုင်တဲ့ ရေဒီယိုကားရှိ မရှိတော့ ကျနော်မသိပါ။

နောက်တချက်ကတော့ အခု ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအလွန်မှာ မြန်မာ့ နိုင်ငံရေး တိုးတက်ပြောင်းလဲလာပြီး အထူးသဖြင့် မီဒီယာလွတ်လပ်ခွင့် အတော်တိုးတက်လာ တယ်လို့ လေ့လာသူတွေက ပြောကြပါတယ်။ ဒါပေမယ့် ကျနော်သတိထားမိသလောက်ကတော့ Print Journalism လို့ခေါ်တဲ့ စာ-နယ်-ဇင်း ဘက်မှာသာ လွတ်လပ်စွာ ရေးခွင့်ရလာတာဖြစ်ပြီး Broadcast Journalism လို့ခေါ်တဲ့ အသံလွှင့်မီဒီယာ ရေဒီယိုနဲ့ TV ဘက်မှာတော့ အားလုံးကို အစိုးရက ထိန်းချုပ် ထားဆဲဖြစ်တဲ့အတွက် မီဒီယာလွတ်လပ်ခွင့် တ၀က်သာရသေးတယ်လို့ ပြောရမလိုဖြစ်နေပါတယ်။

တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ ပရိတ်သတ် သောင်းဂဏန်းသာရှိတဲ့ စာ-နယ်-ဇင်း (ပုံနှိပ်စာပေ) ကိုသာ လွတ်လပ်ခွင့်ပြုထားပြီး ပရိတ်သတ်သန်းနဲ့ချီရှိနိုင်တဲ့ Mass media သို့မဟုတ် Broadcast Media ဖက်ကိုတော့ အစိုးရက အခိုင်အမာ ထိမ်းချုပ်ထားဆဲဖြစ်တာကို ထင်ရှားစွာ မြင်နေရပါတယ်။      ။

Monday, August 18, 2014

တနင်္သာရီတိုင်းအတွင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာပေးလှုံ့ဆော်မှုလုပ်နေ။

|Dawei Watch| ထားဝယ်၊ သြဂုတ် ၁၆

တနင်္သာရီတိုင်းဒေသကြီးအတွင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပက်သက်၍
အသိပညာပေးလှုံ့ဆောင်မှုများနှင့် စစ်ဆေးအရေးယူမှုများကို
ဆက်တိုက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး
ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီထံမှ သိရသည်။

 (မြိတ်မြို့က ငါးအမုန့်ကြိတ်စက်ရုံတခု)

တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီကို ယခုနှစ်
ဧပြီ လ ၈ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ကော်မတီဖွဲ့စည်းပြီးနောက်
ထားဝယ်ခရိုင်အတွင်းရှိ ဟိန္ဒားသတ္တုတွင်း၊ ဘ၀ပင်သတ္တုတွင်း စသည်တို့အပြင်
မြိတ်မြို့နယ်ရှိ အနံဆိုးများထွက်နေသော ငါးအမှုန့်ကြိတ်စက်ရုံ လေးခုကို
စစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ဒေသတွင်း ရုပ်သံများမှ တဆင့် ပတ်ဝန်ကျင်ထိန်းသိမ်းရေး
အသိပညာပေးခြင်း အစီအစဉ်များကို ထုတ်လွှင့်သွားမည်ဖြစ်ပြီး
အခြေခံပညာကျောင်းများတွင် ဟောပြောပွဲနှင့် အခြား အသိပညာပေးအစီအစဉ်များ
ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရသည်။

“ဥပမာ ဘ၀ပင် မိုင်းမှာဆိုရင် စွန့်ပစ်မြေစာ မကျဖို့ နှုန်းစစ်ကန်တွေ
ဆောက်ထားပေမယ့် ထိရောက်မှုအားနည်းပြီး ချောင်းထဲကျတာတွေ ရှိတယ်” ဟု
ကော်မတီဥက္ကဌဖြစ်သူ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သစ်တောနှင့် သတ္တုဝန်ကြီး
ဦးတင်စိုးက ပြောသည်။

ယင်းသို့ပတ်ဝန်းကျင် ထိခိုက်မှုနှင့် ပက်သက်၍ စစ်ဆေးအရေးယူခြင်းများနှင့်
အသိပညာပေးလှုံဆောင်ခြင်းများကို ယခင်နှစ်က ၀န်ထမ်းအင်အား အခက်အခဲကြောင့်
လုပ်ဆောင်နိုင်ခြင်းမရှိခဲ့ကြောင်း၊ ယခုနှစ်မှ စတင်၍ ဆက်တိုက်လုပ်ဆောင်
သွားမည်ဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရသည်။

“မြိတ်မှာ စစ်ဆေးခဲ့တဲ့ ငါးအမှုတ်ကြိတ်စက်ရုံ လေးခုမှာဆိုရင် တစ်ခုပဲ
အနံထွက်တာ ဆိုးဆိုးရွားရွားဖြစ်နေတာ ရှိတယ်။ အဲဒီတစ်ခုကလည်း
ပြန်လည်ပြင်ဆင်မှုတွေ လုပ်နေပါပြီ။ ကျန်တဲ့ သုံးခုကတော့ စည်းကမ်းအတိုင်း
လုပ်တော့လုပ်ထားတယ်။ ဒါပေမဲ့ အားနည်းချက်တွေရှိနေသေးတယ်” ဟု
ကော်မတီအတွင်းရေးမှူးဖြစ်သူ တိုင်းဒေသကြီးပတ်ဝန်ကျင်ထိန်းသိမ်းရေး
ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ခိုင်စိုးက ဆိုသည်။

ငါးအမှုန့်ကြိတ်စက်ရုံများနှင့် ပက်သက်၍ သက်ဆိုင်ရာ
ငါးလုပ်ငန်းဦးစီးဌာနများကို ကြီးကြပ်ရန် ကော်မတီမှ ညွှန်ကြားထားပြီး
ယင်းဌာနမှလည်း ပြန်လည်ပြင်ဆင်ရန် လိုအပ်သည်များကို စက်ရုံများထံသို့
ပြန်လည်ပြင်ဆင်ရန် ကြီးကြပ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ၎င်းအပြင်
တစ်လအတွင်း ဆောင်ရွက်ပြီးစီးမှုကိုလည်း ကော်မတီထံသို့
ပြန်လည်တင်ပြရမည်ဖြစ်ပြီး တစ်လအတွင်း ဆောင်ရွက်မှုအပေါ်မူတည်၍
လုပ်ငန်းရပ်နားစေခြင်း၊ ဆက်လက်လုပ်ကိုင်စေခြင်း၊ အရေးယူခြင်း စသဖြင့်
ကော်မတီမှ ဆုံးဖြတ်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ကော်မတီ၏ စစ်ဆေးချက်အရ ပတ်ဝန်းကျင်ထိခိုက်နေမှုများကို တွေ့ရှိသည့်
လုပ်ငန်းများ၏ အားနည်းချက်များကို ကော်မတီတွင် ပါဝင်သည့်
သက်ဆိုင်ရာဦးစီးဌာနများထံသို့ စစ်ဆေးကြပ်မတ်ရန်
ညွှန်ကြားချက်များပေးပို့ခြင်း၊ ယင်းဦးစီးဌာနများက စီမံခန့်ခွဲမှု
နည်းလမ်းများအရ ကြီးကြပ်လုပ်ဆောင်ခြင်းတို့ကို အဆင့်ဆင့်
လုပ်ဆောင်သွားမည်ဖြစ်ပြီး လိုက်နာခြင်းမရှိပါက တရားဥပဒေအရ
အရေးယူခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးအောင်ခိုင်စိုးက
ပြောသည်။

၎င်းအပြင် ပတ်ဝန်းကျင် ထိခိုက်မှုနှင့် ပက်သက်၍ သတင်းပို့နိုင်သည့်
ဖုန်းနံပါတ်များပါဝင်သည့် ဆိုင်းဘုတ်များကိုလည်း ထားဝယ်မြို့
လမ်းဆုံလမ်းခွနှင့် ဌာနဆိုင်ရာ ရုံးများ အရှေ့တွင် စိုက်ထူသွားရန်
အစီအစဉ်ရှိကြောင်း ယင်းကော်မတီထံမှ သိရသည်။

တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီတွင်
ပတ်ဝန်းကျင် ထိခိုက်မှုနှင့် သက်ဆိုင်သည့် ဦးစီးဌာနများမှ
တာဝန်ရှိသူများ၊ တက္ကသိုလ်ကျောင်းများမှ ဆရာ၊ဆရာမများ၊ ပညာရှင်များနှင့်
အစိုးရမဟုတ်သည့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများ စုစုပေါင်း ၂၂ ဦး
ပါဝင်ကြောင်း သိရသည်။

Thursday, August 14, 2014

တော်လှန်ရေးသတင်းသမားတဦးရဲ့ ဒိုင်ယာရီ (၂၃)

အော်စလိုရုံးချုပ်ကို အင်အားထပ်ဖြည့်ခြင်း

ကျနော် အော်စလိုရုံးချုပ်ဆီရောက်ပြီး ၆ လလောက်အကြာ၊ မှတ်မှတ်ရရ နယူးယောက်မြို့က Twin Tower တိုက်ခိုက်ခံရတဲ့ ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ (9/11) အလွန် အဖဂန်စစ်ပွဲ စတင်ကာစအချိန်လေးမှာ သတင်းသမားအသစ် ၂ ဦးနဲ့ အုပ်ချုပ်ရေးဌာနအတွက် လူသစ်တဦး ဘန် ကောက်ကနေ အော်စလိုရုံးချုပ် ဆီရောက်လာပါတယ်။ သူတို့နဲ့အတူ ဘန်ကောက်ဗျုရိုတာဝန်ခံ ကိုခင် မောင်ဝင်းလဲ DVB အော်စလိုရုံးအုပ်ချုပ်ရေးအဖွဲ့မှာတာဝန်ယူဖို့ မိသားစုနဲ့အတူပြောင်းလာပါတယ်။ သတင်းသမား ၂ ဦးက ကိုလူမော်နဲ့ မအေးအေးမွန်ဖြစ်ပြီး အုပ်ချုပ်ရေးဌာန၀န်ထမ်းသစ်ကတော့ မမြတ် ဌေးကြည်ဖြစ်ပါတယ်။

(DVB ဆယ်နှစ်ပြည့်အခန်းနားမှာတွေ့ရတဲ့ သတင်းထောက်နဲ့ ဧည့်သည်တော်များ)

ဘန်ကောက်နဲ့နယ်စပ်မှာ အခြေစိုက်ပြီးလှုပ်ရှားရတာ မလွယ်တော့တဲ့အတွက် အော်စလိုရုံးချုပ်မှာ အင် အားတိုးချဲ့မှဖြစ်မယ်ဆိုပြီး အခုလို လူသစ်တွေခေါ်ယူတာလို့ ယူဆရပါတယ်။ နောက်တခါ ဗြိတိန်နိုင်ငံ ဝေလပြည်နယ် ကားဒစ်တက္ကသိုလ်ကပို့ချတဲ့ အသံလွှင့်သတင်းပညာ ၃ လတာသင်တန်းဆီ အော်စလို ရုံးချုပ်မှ သတင်းသမားတွေကို ပို့လေ့ရှိတဲ့အတွက် အဲဒီလိုသွားချိန် အော်စလိုရုံးမှာ လူစားထိုးနိုင်ဖို့ ခေါ် တဲ့သဘောလည်း ဖြစ်နိုင်ပါတယ်။ အယ်ဒီတာ ကိုအေးချမ်းနိုင်ကစပြီး ကိုသိန်းထိုက်ဦး၊ ကိုမွန်းအောင်၊ ကိုဝင်းနိုင်ဦး၊ ကိုကျော်မိုး၊ ကိုမိုးအေး၊ ကိုလော်မာအပါဝင် ကျနော်တို့ရှေ့က သတင်းသမားတိုင်းလိုလို ဒီ သင်တန်းကိုတက်ခဲ့ကြပါတယ်။

နောက်တခါ တိုင်းရင်းသားဘာသာအစီစဉ်က ၀န်ထမ်းတွေကိုလည်း ၃ လတာ လေ့လာရေးခရီးစဉ် အဖြစ် အော်စလိုရုံးဆီ ခေါ်ယူနေချိန်လည်း ဖြစ်ပါတယ်။ ထိုင်းနယ်စပ်ဘက်က ရှမ်း၊ ကရင်နီ၊ ကယန်းနဲ့ မွန်အစီစဉ်မှ ကိုယ်စားလှယ်တွေ။ (ကရင်အစီစဉ်ကိုတော့ စက်ဆရာစောနယ်ဆင်းကူး ကိုယ်တိုင် ထုတ် လုပ်ပါတယ်)။ အိန္ဒိယနယ်စပ်ဘက်မှ ရခိုင်နဲ့ ချင်းအစီစဉ်ကိုယ်စားလှယ်တွေကို အော်စလိုရုံးမှာ တွေ့ရပါတယ်။ တခါ DVB ၁၀ နှစ်ပြည့်အခမ်းအနားလုပ်ဖို့အတွက်လည်း နယ်သတင်းထောက်တွေကို အော်စလိုဆီခေါ်ယူဖို့ ပြင်ဆင်နေချိန်လည်းဖြစ်ပါတယ်။


နော်ဝေးအခြေစိုက် အသံလွှင့်ဌာနမှ မြန်မာ့နည်းမြန်မာ့ဟန် စီမံခန့်ခွဲရေးမှူးများ

သတင်းဌာနတခုမှာ သတင်းတပုဒ်မှားရင်၊ ဒါမှမဟုတ် ရေဒီယိုမှာသတင်းဖတ်သူ၊ TV မှာ သတင်းဖတ် သူ တခုခုမှားရင် ပရိသတ်ကချက်ချင်းသိပေမယ့် အဲဒီသတင်းဌာကို နောက်ကွယ်ကနေ မောင်းနှင်နေ တဲ့ အုပ်ချုပ်ရေးအဖွဲ့က တခုခုမှားရင်တော့ ပရိသတ်က သိဖို့မလွယ်ပါ။ ဒါဟာ သတင်းသမားနဲ့ အုပ်ချုပ် ရေး၊ စီမံခန့်ခွဲရေးကို ကိုင်တွယ်သူတွေကြား အဓိကကွာခြားချက်ပါပဲ။

(ဘုတ်အဖွဲ့ဥက္ကဌ ဒေါက်တာစိန်ဝင်း၊ KNU ဥက္ကဌ ပဒိုဘသင်စိန်၊ KNPP ဥက္ကဌ ထဲဘူးဖဲတို့နဲ့ အတူ DVB သတင်းသမားများကိုတွေ့ရစဉ်)

သတင်းမှားသွားရင် အမှားပြင်ဆင်ချက်ထည့်ပြီး ချက်ချင်းပြန်တောင်းပန်လို့ရပေမယ့် သတင်းဌာနကို အုပ်ချုပ်သူတွေဘက်က တခုခုမှားပြီဆိုရင်တော့ သတင်းမှားသလိုမျိုး ပြန်တောင်းပန်ဖို့မလွယ်ပါ။ သ တင်းမှားလိုမျိုးလည်း အမှားအမှန်ကို ချက်ချင်းမြင်မိဖို့မလွယ်ပါ။ ကျနော်က သူတို့မှားတယ်လို့ထင်ပေ မယ့် သူတို့က သူတို့မှန်နေတယ်လို့ မြင်ကောင်းလည်း မြင်နေနိုင်ပါတယ်။

အဲဒီလို ပရိသတ်မမြင်နိုင်တဲ့ အမှားများစွာထဲက နိုင်ငံရေးရည်ရွယ်ချက်နဲ့ တမင်မှားတာမျိုးမဟုတ်ပဲ မဆလ ခေတ်မှာကြီးပြင်းတဲ့ မြန်မာတွေမှားနေကြအတိုင်း ''ဆွေမျိုးသားချင်း ကောင်းစားရေးဝါဒ'' (Nepotism) အမှားတခုကို ဒီနေရာမှာတင်ပြချင်ပါတယ်။ DVB ဟာ တော်လှန်ရေးသတင်းဌာနဆိုပေမယ့် မဆလ ခေတ်မှာလူဖြစ် လာသူတွေရဲ့ ထုံးစံအတိုင်း ''ဆွေမျိုးသားချင်း ကောင်းစားရေးဝါဒ'' (Nepotism) က တော်လှန်ရေးသမားတွေအထိပါ စွဲကပ်ပါလာတယ်လို့ ထင်ပါတယ်။

ဖြစ်ပုံကဒီလိုပါ။ နယ်စပ်ကနေ အော်စလိုရုံးချုပ်ဆီပြောင်းလာသူတွေရဲ့ မိသားစုကိစ္စကို DVB က အစ-အဆုံး တာဝန်ယူပေးသင့် မသင့်နဲ့ပတ်သက်ပြီး သတင်းသမားတချို့နဲ့ DVB အုပ်ချုပ်ရေးအဖွဲ့အကြား စတင်အငြင်းပွားခဲ့ပါတယ်။ DVB အနေနဲ့ ၀န်ထမ်းကိုပဲ တာဝန်ယူသင့်ပြီး ၀န်ထမ်းမဟုတ်တဲ့မိသားစု ၀င်တွေရဲ့ ခရီးစရိတ်တွေ၊ နေထိုင်စားသောက်စရိတ်တွေ၊ လစာသဘောမျိုးပေးပြီး နှစ်နဲ့ချီလစဉ် ထောက်ပံ့နေမှုတွေဟာ မဖြစ်သင့်ဘူးလို့ ကျနော်တို့ဘက်က တင်ပြပါတယ်။ ဒါပေမယ့် အုပ်ချုပ်ရေးပိုင်း မှာ တာဝန်ယူထားသူတွေကိုယ်တိုင်က မိသားစုခေါ်လာသူဖြစ်နေတော့ ကျနော်တို့ရဲ့တင်ပြချက် မ အောင်မြင်ခဲ့ပါ။

မအောင်မြင်တဲ့အပြင် ဘုတ်အဖွဲ့ရဲ့သြဇာကိုယူပြီး ဒီလိုထောက်ပံ့ပေးမှုဟာ နေ့စဉ်ကိစ္စကို တာဝန်ယူအုပ်ချုပ်နေရသူ သူတို့ ၂ ဦးတည်းက ဆုံးဖြတ်တာမဟုတ်ပဲ ဘုတ်အဖွဲ့ရဲ့ဆုံးဖြတ်ချက် အရ ပေးထားတာဖြစ်တယ်ဆိုတဲ့ ရုံးစာကြီးထွက်လာပါတယ်။ အဲဒီကာလက တော့ ဒီလိုမျိုးပြန်ရေးဖို့လည်း စိတ်ကူးမရှိတော့ သတင်းခန်းကြော်ငြာဘုတ်မှာကတ်ထားတဲ့ အဲဒီစာကို မသိမ်းမိပဲ စိတ်တိုတိုနဲ့ ဆွဲဆုတ်မိလိုက်ပါတယ်။

သာမန်အားဖြင့်ကြည့်မယ်ဆိုရင်တော့ ဒီပြဿနာက ဘာမှမဟုတ်ပါ။ ဒေါ်လာ ၃ သိန်းလာဘ်စားမှုကို တောင် ဘာမှစုံစမ်းဖော်ထုတ်နိုင်ခြင်းမရှိတဲ့ DVB သတင်းဌာနမှာ အခုကျနော်တင်ပြတဲ့အချက်က ဒေါ် လာထောင်ဂဏန်း ၀န်းကျင်သာရှိတဲ့ လာဘ်စားမှု၊ သို့မဟုတ် ဆွေမျိုးသားချင်းတွပေါ် အလိုလိုက်မှုက ဘာမှစာမဖွဲ့  လောက်ပါ။

ဒီလိုစာမဖွဲ့လောက်တဲ့ကိစ္စကို ဘာကြောင့် အခုလိုတကူးတက ပြန်လည်ဖော်ပြနေတာလဲလို့ မေးစရာရှိ နိုင်ပါတယ်။ ဒီလိုပါ။ ကျနော်စဉ်းစားမိတာက လာဘ်စားတဲ့ငွေပမာဏအနည်းအများထက် စဉ်းစားပုံက ပိုအရေးကြီးတယ် ထင်လို့ပါ။ ရှေ့မှာတင်ပြခဲ့တဲ့အတိုင်း တော်လှန်ရေးသမားခံယူချက်နဲ့ ဆွေမျိုး အ သိုင်းဝိုင်း ကောင်းစားရေးဝါဒ (Nepotism) လွန်ဆွဲပွဲမှာ ဒီလိုအမှားတွေစတင်ခဲ့တာလို့ ကျနော်ကယူဆပါတယ်။

နောက်တချက်က ကျနော်တို့ဟာ သာမန်သတင်းထောက်တွေမဟုတ်ပဲ တောခိုကျောင်းသားဟောင်း ကနေ သတင်းထောက်ဖြစ်လာသူတွေ၊ တော်လှန်ရေးသမားကနေ သတင်းသမားဖြစ်လာသူတွေ ဆို တော့ တော်လှန်ရေးစိတ်ဓတ်ကအမြဲတမ်းရှိနေပြီး မဟုတ်တာ၊ မတရားတာမှန်သမျှဖော်ထုတ်၊ တိုက် ထုတ်ရမယ်ဆိုတဲ့ ဉာဉ်က စွဲကပ်နေပါတယ်။

ဒီဉာဉ်အတိုင်း မဟုတ်တာမှန်သမျှ ဝေဖန်ထောက်ပြလေ့ရှိတဲ့ ကျနော်တို့သတင်းသမားတွေနဲ့ ''အားလုံး ကိုအဆင်ပြေစေချင်သူ'' အုပ်ချုပ်ရေးအဖွဲ့ကြား ပြဿနာတက်တော့တာပါပဲ။ ဘာကြောင့်လဲဆိုရင် DVB ဟာ တော်လှန်ရေးသတင်းဌာနဆိုပေမယ့် လုပ်ငန်းသဘောကွာခြားချက်၊ အခြေစိုက်ရာနယ်မြေ (နိုင်ငံ) ကွာခြားချက်ကြောင့် နယ်စပ်ကအဖွဲ့တွေနဲ့ အုပ်ချုပ်ရေးစနစ်မတူပါ။ ဥပမာ DVB ခေါင်းဆောင် ပိုင်းဟာ နယ်စပ်က ABSDF (မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး) ခေါင်း ဆောင်တွေ လို ရွေးကောက်ပွဲနဲ့ရွေးချယ်ထားတာမဟုတ်ပဲ လစာနဲ့ခန့်အပ်ထားသူတွေသာဖြစ်ပါတယ်။

ဒီတော့ ဒီခေါင်းဆောင်တွေကို ရွေးကောက်ပွဲနဲ့ဖြုတ်ချလို့မရ။ နယ်စပ်မှာဆိုရင်တော့ တခုခုအမှားလုပ်မိ တဲ့ခေါင်းဆောင်ကို နောက်တခါရွေးကောက်ပွဲမှာ မဲမပေးပဲနေလိုက်ရုံ။ အဲဒီလူကိုမဲမပေးကြနဲ့လို့ လိုက် ပြောလိုက်ရုံနဲ့ အမှားလုပ်တဲ့ခေါင်းဆောင်ကိုဖြုတ်ချနိုင်စွမ်းရှိပါတယ်။ ဒါပေမယ့် DVB ဟာ အဲဒီလို အဖွဲ့ စည်းမျိုးမဟုတ်တော့။ တော်လှန်ရေးအဖွဲ့ကနေ Professional အဖွဲ့ဆီပြောင်းနေပြီ။ အုပ်ချုပ်ရေးမှူး တွေလည်း Professional ဖြစ်နေပြီလို့ သူတို့ကဆိုပါတယ်။

ဒါပေမယ့် ကျနော်က ဒါကိုလက်မခံနိုင်ပါ။ ကျနော်အပါဝင် DVB သတင်းသမားအားလုံးနီးပါးဟာ သ တင်းပညာနဲ့ ဘွဲရလာသူတွေမဟုတ်ပေမယ့် ရက်တိုသင်တန်းတွေ၊ လုပ်ငန်းအတွေ့အကြုံတွေအရ သ တင်းကို ကောင်းကောင်းလုပ်တတ်နေပြီဖြစ်ပါတယ်။ ဒါပေမယ့် အုပ်ချုပ်ရေးဘက်မှာ တာဝန်ယူသူတွေ ကတော့ စီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီး ဘာမှ အတွေ့အကြုံမရှိသေးပါ။ အသက်အရွယ်နဲ့အတွေ့အကြုံ က လည်း ကျနော်တို့သတင်းသမားတွေထက် သူတို့က ဘာမှသာမနေပါ။ အဲဒီလို အချိန်မျိုးမှာ အုပ်ချုပ် ရေးတာဝန်ယူသူတွေနဲ့ သတင်းတာဝန်ယူတွေကြား ရပိုင်ခွင့်တွေ၊ လုပ်ပိုင်ခွင့်တွေနဲ့ ပတ်သက်ပြီး အခု လို  အ ငြင်းပွားမှုပေါ်ပေါက်ခဲ့တာ သဘာဝကျတယ်လို့ ထင်ပါတယ်။

ပိုရှင်းအောင်ပြောရရင် DVB အသံလွှင့်ဌာနဟာ ၁၉၉၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ကစပြီး နော်ဝေး နိုင်ငံမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ရုံးခန်းဖြစ်ပေမယ့် စီမံခန့်ခွဲမှုစနစ်ကတော့ နော်ဝေးဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေအတိုင်းမဟုတ်ပဲ မြန်မာ့နည်းမြန်မာ့ဟန်နဲ့သွားနေဆဲပါ။ တနည်းအားဖြင့် ပြောရ ရင် စင်ပြိုင်ရေဒီယိုတွေဖြစ်တဲ့ BBC, VOA နဲ့ RFA တို့လို သက်ဆိုင်ရာ ဗြိတိန်နဲ့အမေရိကန်အစိုးရတို့က စီမံကိန်းချ၊ ဘတ်ဂျက်ချပြီး အုပ်ချုပ်ရေးအဖွဲ့တွေ၊ သတင်းထောက်တွေနဲ့ စနစ်တကျစတင်ခဲ့တာမျိုး မဟုတ်ပဲ တော်လှန်ရေး ရေဒီယိုဆိုတဲ့အတိုင်း ရတဲ့အခြေနေကနေ ဖြစ်သလို စတင်ခဲ့ရတာပါ။

DVB ရဲ့ တရားဝင်အမည်ကိုက ''အမျိုးသားညွန့်ပေါင်းအစိုးရ အသံလွှင့်ဌာန၊ ဒီမိုကရက်တစ်မြန်မာ့ အသံ'' ဖြစ်ပါတယ်။ ၀န်ထမ်းတွေအပေါ်မှာ အုပ်ချုပ်ရေးဘုတ်အဖွဲ့ရှိပြီး ဥက္ကဋ္ဌက အမျိုးသားညွန့်ပေါင်း အစိုးရ NCGUB ၀န်ကြီးချုပ် ဒေါက်တာစိန်ဝင်းဖြစ်ပါတယ်။ နော်ဝေးနိုင်ငံသားတချို့နဲ့ ပြည်ပရောက် မြန်မာတချို့ ဘုတ်အဖွဲ့မှာပါဝင်ပေမယ့် သူတို့နဲ့ ကျနော်တို့ဝန်ထမ်းတွေကြား တနှစ်တခါလောက်ပဲ တွေ့ဖြစ်တာကြောင့် ဘုတ်အဖွဲ့မှာ ဘယ်သူတွေပါမှန်း အသေချာမသိပါ။

ဒါကြောင့် နေ့စဉ်သတင်းဌာန လည်ပတ်ရေးကိစ္စကို အဓိကတာဝန်ယူနေသူဟာ ညွှန်ကြားရေးမှုးလို့ ဆိုသင့်ပါတယ်။ အဲဒီကာလ ညွှန်ကြားရေးမှူးက ဦးဟန်ညောင်ရွှေပါ။ ဒါပေမယ့် ညွှန်မှူးက အော်စလို မှာမနေနိုင်ပဲ ဘရာဆဲရှိ အီးယူ-မြန်မာရုံးနဲ့ ကနေဒါမှာသာ အလုပ်များနေ တာကြောင့် နေ့စဉ်စီမံခန့်ခွဲ မှုတွေကို ကိုအေးချမ်းနိုင်နဲ့ ကိုခင်မောင်ဝင်းတို့ ၂ ဦးကသာ အဓိကတာဝန်ယူနေရပါတယ်။

တချိန်တည်းမှာပဲ နယ်စပ်အခြေစိုက် တပ်ပေါင်းစုဖြစ်တဲ့ အမျိုးသားကောင်စီ NCUB ကလည်း DVB ဘုတ်အဖွဲ့ထဲမှာ သူတို့ဆီကကိုယ်စားလှယ်တဦး ပါဖို့လိုအပ်တယ်။ DVB ဟာ တော်လှန်ရေးသတင်းဌာန ဖြစ်တဲ့အတွက် တပ်ပေါင်းစုရဲ့ ဦးဆောင်မှုကိုခံယူဖို့ လိုတယ်လို့ တောင်းဆိုနေချိန်လဲဖြစ်ပါတယ်။        ။

Tuesday, August 12, 2014

Thursday, August 7, 2014

ပြည်တော်ပြန်ဖို့ ဖိတ်ခေါ်ချက်ကို ဦးသိန်းစိန်အစိုးရ မေ့ပစ်လိုက်ပြီလား

သူ့အတွေး သူ့အမြင်


ပြည်တော်ပြန်ဖို့ ဖိတ်ခေါ်ချက်ကို ဦးသိန်းစိန်အစိုးရ မေ့ပစ်လိုက်ပြီလား
ရန်ကုန် နာရေးကူညီမှုအသင်းတွင် ကိုမောင်မောင်ဝမ်း စာသင်ပြပေးစဉ် (ဓာတ်ပုံ – မောင်မောင်ဝမ်း Facebook မှ)

အမေရိကန်နိုင်ငံကနေ မြန်မာနိုင်ငံဆီ ခေတ္တလာရောက်လည်ပတ်တဲ့ ၈၈ ကျောင်းသားဟောင်း ကိုမောင်မောင်ဝမ်းကို မြန်မာအစိုးရက ပြည်နှင်ဒဏ်ပေးလိုက်တယ်ဆိုတဲ့သတင်းကို ဖတ်ရတော့ အတော် အံ့သြတုန်လှုပ်သွားပါတယ်။ သူ့ဇာတိမြေ ရေနံချောင်းမြို့မှာ ခွင့်ပြုချက်မရဘဲ အင်္ဂလိပ်စာသင်ပေးမိလို့ မကွေးတိုင်း လ၀က က ဖမ်းဆီးပြန်ပို့လိုက်တယ်ဆိုတာကို ထပ်သိရတော့ ပိုပြီး မခံမရပ်နိုင်ဖြစ်လာပါတယ်။

နောက်ထပ်ထွက်လာတဲ့ သတင်းတွေထဲမှာတော့ သူ့ကို စာသင်ပေးမှုနဲ့ ပြည်နှင်ဒဏ်ပေးတာမဟုတ်ဘဲ သူ့ရဲ့ ၂၈ ရက်စာ Social Visa သက်တန်းကုန်နေတဲ့အတွက် အခုလို ဖမ်းဆီးပြန်ပို့တာဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးသစ်လည်းဖြစ်၊ သမ္မတဦးသိန်းစိန်ရဲ့ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဦးရဲထွဋ်ကပြောတယ်လို့ ထပ်ဖြည့်ပါလာပါတယ်။
ဒါပေမယ့် ဒီအကြောင်းပြချက်တွေ အားလုံးဟာ မခိုင်လုံပါဘူး။

ပထမ အကြောင်းပြချက်ဖြစ်တဲ့ ခွင်ပြုချက်မရဘဲ စာသင်မှုဆိုတာကတော့ ရှင်းပြဖို့ မလိုအောင်ကို ရှင်းနေ ပြီးဖြစ်တယ်လို့ ယူဆပါတယ်။ ဒုတိယ အကြောင်းပြချက်ဖြစ်တဲ့ Social Visa သက်တန်းကုန်နေလို့ ဆိုတာကိုတော့ ရှင်းပြဖို့လိုပါလိမ့်မယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရန်ကုန်မြို့လယ် ပန်းဆိုးတန်းမှာရှိတဲ့ ”လူဝင်မှုကြီးကြပ်ရေးနှင့် လူဝင်၊ လူပြန်ဝင်နှင့် နေထိုင်ခွင့်ဌာနစု” ရုံးမှာ ကျနော်ကိုယ်တိုင် သွားမေးဖူးပါတယ်။

”အကောင်းဆုံးနည်းကတော့ တရက် ၃ ဒေါ်လာနှုန်းနဲ့ ရန်ကုန်ကအထွက် လေယဉ်ကွင်း လ၀ကမှာ ဒဏ်ငွေဆောင်ခြင်းပါပဲ” လို့ အဲဒီရုံးတာဝန်ရှိသူတွေက ကျနော့်ကို အသေအချာ ရှင်းပြခဲ့ပါတယ်။ ဒီအတွက် ကျနော်ရဲ့ ၂၀၁၃ ခုနှစ်ခရီးစဉ်အတွင်း ၂၈ ရက်အပြင် နောက်ထပ် သတင်းတပတ် ကျော်နေထိုင်ပြီး တရက် ၃ ဒေါ်လာနဲ့ လေယာဉ်ကွင်း လ၀က မှာ ဒဏ်ငွေဆောင်ခဲ့ပါတယ်။ တခြားမိတ်ဆွေ အတော်များများလည်း ဒီလိုပဲ ဒဏ်ငွေဆောင်နေထိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဦးရဲထွဋ်ရဲ့ပြောဆိုချက်ဟာ အကြောင်းပြချက်မခိုင်လုံပါဘူး။

ဒါဖြင့် ဘာကြောင့် အခုလို ပြည်နှင်ဒဏ်ပေးလိုက်တာလဲ။ ပြီးခဲ့တဲ့လပိုင်းအတွင်းကလည်း ၈၈ အထင်ကရ ကျောင်းသားခေါင်းဆောင်ဟောင်း ၂ ဦးဖြစ်တဲ့ ကိုမိုးသီးဇွန်နဲ့ ကိုမိုးဟိန်းတို့ကို မြန်မာအစိုးရက အလားတူ  ပြည်နှင်ဒဏ်ပေးခဲ့ဖူးပါတယ်။ ဘာကြောင့် ဒီလုပ်လုပ်နေတာလဲ။
ဒီလုပ်ရပ်တွေဟာ ပြည်တော်ပြန် တွေတင်မက နိုင်ငံရေးသမားတွေအားလုံး၊ နိုင်ငံရေးစိတ်ဝင်စားသူအားလုံး အလေးအနက် စဉ်းစားသင့်တယ်လို့ ကျနော်ထင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကျနော်တို့တတွေ နိုင်ငံခြားရောက်နေတာ၊ နိုင်ငံခြားသားအဖြစ် ခံယူထားရတယ်ဆိုတာဟာ ပြည်ပမှာနေချင်လွန်းလို့ မဟုတ်ပါ။ ဒါဟာ ၈ လေးလုံး အ ရေးတော်ပုံနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအခြေနေကြီးတခုလုံးနဲ့ ဆက်စပ်နေပါတယ်။ တချိန်တည်းမှာပဲ သက်ဆိုင်ရာ နိုင်ငံခြားအစိုးရ သံရုံးတွေကလည်း ဒါကို တခုခု အရေးယူဖို့ လိုအပ်နေပါတယ်။

နောက်တချက်က ၈ လေးလုံး အရေးတော်ပုံအတွင်း ပါဝင်ခဲ့ဖူးသူတွေထဲက ဒီပုဂ္ဂိုလ် ၃ ဦးကိုမှ ဘာ ကြောင့်ရွေးပြီး ပြည်နှင်ဒဏ်ပေးတာလဲ။ တချို့ပြည်တော်ပြန်တွေကိုဆိုရင် ပြည်နှင်ဒဏ်ပေးဖို့နေနေသာ သမ္မတရုံးအကြံပေးတွေ၊ MPC လို့လူသိများတဲ့ ငြိမ်းချမ်းရေးစင်တာမှာ လစာကောင်းကောင်းပေးပြီး တောင် ဦးသိန်းစိန် အစိုးရက ခန့်ထားလိုက်ပါသေးတယ်။ ဒီလူတွေနဲ့ ဟိုလူတွေကြားမှာ ဘာတွေကွာ နေလို့လဲ။
အစိုးရကို ဖားသူနဲ့ အစိုးရကို ဝေဖန်သူကြား ဒီလိုရပ်တည်ချက် ကွာခြားမှုအပေါ်မူတည်ပြီး ဦးသိန်းစိန်အစိုးရက ခွဲခြားဆက်ဆံနေတာလားဆိုတာဟာ ဒီနေ့ မေးခွန်းထုတ်စရာ ဖြစ်လာနေပါတယ်။

နောက်တချက်က လ၀က ဥပဒေအပါဝင် မြန်မာနိုင်ငံက ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေဟာ ရန်ကုန်နဲ့ နယ်မြို့တွေအကြားမှာ အတော်ကွာခြားနေတာကိုတွေ့ရပါတယ်။ သတင်းထဲမှာ ကိုမောင်မောင်ဝမ်း ရှင်းပြထားတဲ့အတိုင်း ရန်ကုန်မှာနေပြီး အင်္ဂလိပ်စာသင်ပေးစဉ်က ဘာမှပြဿနာရှာခြင်း မခံရပါ။ ရေနံချောင်းရောက်မှ အခုလိုဖြစ်တာဆိုတော့ လ၀က ဥပဒေက ရန်ကုန်မှာတမျိုး၊ နယ်မှာတမျိုးလားဆိုတာဟာ မေးစရာဖြစ်လာပါတယ်။

ဒါဟာ ကိုမောင်မောင်ဝမ်းတယောက်တည်း ကြုံရတာမဟုတ်။ ကျနော်အပါဝင် နယ်မြို့တွေ၊ တောရွာ တွေမှာနေတဲ့ ပြည်တော်ပြန် အားလုံးနီးပါးရင်ဆိုင်ခဲ့ရတာပါ။ ဒါပေမယ့် တချို့ပြည်တော်ပြန်တွေက နောက်တကြိမ် ပြန်ဝင်ခွင့်ဗီဇာမရမှာစိုးလို့၊ ကျေးလက်ဒေသရှိ သူတို့ရဲ့မိသားစုတွေကို အာဏာပိုင်တွေ က ပြဿနာရှာမှာစိုးလို့ ဒါတွေကို ပြန်မပြောချင်တော့ဘူးလို့ ဆိုပါတယ်။ ဒီမိုကရေစီရအောင် အသက်စွန့်တိုက်ခဲ့ဖူးတဲ့လူတွေက ဒီလိုတော့ သွေးမကြောင်သင့်ဘူးလို့ ထင်ပါတယ်။

ကျနော့်အတွေ့အကြုံကို ပြောရမယ်ဆိုရင် ရန်ကုန်မှာနေပြီး တောခိုကျောင်းသား ဘ၀အတွေ့အကြုံ အကြောင်း စာအုပ်ထုတ်တာ၊ နိုင်ငံရေးပါတီရုံးခန်းတွေ သွားတာ၊ သတင်းစာရှင်းပွဲတွေ တက်တာ ဘာမှပြဿနာမရှိပါ။ ဧည့်စာရင်းလည်း တိုင်စရာမလိုပါ၊ ဘယ်ထောက်လှမ်းရေးမှလည်း လာမမေးပါ။ ဒါပေမယ့် ထားဝယ်နယ်က ကျေးလက်တောရွာဆီရောက်တာနဲ့ ထောက်လှမ်းရေးတွေ၊ ရဲတပ်ဖွဲတွေ၊ လ၀က တွေက ချက်ချင်းလာမေးတော့တာပါပဲ။ ပြီးရင် ‘’၁၉၄၈ ခု နိုင်ငံခြားသားများ မှတ်ပုံတင်ရေး စည်းကမ်းဥပဒေ” ဆိုတာကိုပြပြီး မြို့နယ် လ၀က ရုံးမှာ လူကိုယ်တိုင် ဧည့်စာရင်းတိုင်ရမယ်လို့ ဆိုပါတယ်။

ပြီးတော့ “ရပ်ကွက်အတွင်း တည်းခိုတဲ့ နိုင်ငံခြားသား ဧည့်စာရင်း’။ ‘ရပ်ကွက်နေအိမ် အဆောက်အအုံများတွင် တည်းခိုနေထိုင်သည့် နိုင်ငံခြားသားများနှင့် အိမ်ရှင်များ လိုက်နာရမည့် စည်းကမ်းချက်များ” ဆိုတာတွေကိုလည်း ဧည့်သည်ရော၊ အိမ်ရှင်ပါ လက်မှတ်ထိုးရမယ်လို့ ဆိုပါတယ်။

ဒါတွေဟာ တကယ့်လိုအပ်ချက်အရ လုပ်နေတာလား။ ပြည်တော်ပြန်တွေ စိတ်ညစ်ပြီး နောက်ထပ် လာချင်စိတ်ကုန်သွားအောင် အစိုးရဘက်က တမင်ဖန်တီးနေတာလားဆိုတာဟာ မေးခွန်းထုတ်စရာ ဖြစ်လာနေပါတယ်။ မလာစေချင်ရင်လည်း အရင်စစ်အစိုးရခေတ်ကအတိုင်း ပေါ်လစီမပြောင်းသေးဘူးဆိုပြီး ရှင်းရှင်းပြောထားပါတော့လား။ အခုတော့ သမ္မတကိုယ်တိုင်က ပြန်လာကြပါလို့ တရားဝင်ဖိတ်ခေါ် ပြီးမှ အခုလိုလုပ်နေတာကတော့ မသင့်တော်ပါ။

သမ္မတဦးသိန်းစိန် ဘယ်လိုဖိတ်ခေါ်ခဲ့သလဲဆိုတာကို အားလုံးသိအောင်ပြန်ပြောရမယ်ဆိုရင် “ခင်ဗျားတို့တတွေ ဘယ်နိုင်ငံကိုပဲ ရောက်နေနေ၊ ခင်ဗျားတို့ အားလုံးဟာ မြန်မာနိုင်ငံသား တိုင်းရင်းသားတွေ ဖြစ်တယ်။ ကျွန်တော်တို့ အချင်းချင်းကြားမှာ အားလုံးတူညီချင်မှ တူညီကြပါလိမ့်မယ်။ ဒါပေမယ့် ကိုယ့် နိုင်ငံကိုယ်ချစ်တဲ့ စိတ်ကတော့ တူကြပါတယ်။ ဒါကြောင့် မတူတာတွေကို ဘေးဖယ်ပြီး တူတာတွေကို တွဲလုပ်ဖို့ အချိန်တန်နေပြီ။ ပြည်ထောင်စုချစ်စိတ်ပေါ် အခြေခံပြီး ကိုယ့်နိုင်ငံအကျိုးအတွက် တဖက် တလမ်းက လက်တွဲဆောင်ရွက်ကြပါလို့ ဖိတ်ခေါ်ပါတယ်” ဆိုပြီး ၂၀၁၃ ခုနှစ် ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့က နော်ဝေးနိုင်ငံ အော်စလိုမြို့ ပြည်ပရောက်မြန်မာတွေနဲ့ တွေ့ဆုံစဉ်မှာ သမ္မတဦးသိန်းစိန် ပြောသွားတာကို ကျနော် အသေအချာ မှတ်စုရေးထားပါတယ်။

အခုပြန်ကြားရေးဝန်ကြီးဖြစ်လာတဲ့ ဦးရဲထွဋ်၊ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းနဲ့ ၀န်ကြီး၊ ဒုဝန်ကြီးအတော် များများ အဲဒီပွဲမှာပါဝင်တဲ့အတွက် ဒါကို သူတို့ဘက်က ငြင်းမယ်မထင်ပါ။ ဒါဖြင့် ဘာကြောင့် အခုလို လုပ်လိုက်တာလဲ။ သမ္မတရဲ့ဖိတ်ခေါ်ချက်က ကာလအကန့်အသတ်ရှိလို့ အခုသက်တန်းကုန်သွားပြီလား။ အားလုံးကို တပြေးညီဖိတ်ခေါ်တာမဟုတ်ပဲ အစိုးကို ဖားတဲ့လူတွေ၊ အနည်းဆုံးအားဖြင့် အစိုးရကို မဝေဖန်တဲ့လူတွေကိုမှ လက်ခံမယ်ဆိုတဲ့သဘောထားများ ချမှတ်ထားလေသလား။

ပြည်တွင်းအင်အားစုတွေအပေါ် ဖမ်းဆီးဖိနှိပ်မှု တိုးလာနေလို့ အစိုးရရဲ့ ဒီမိုကရေစီပြုပြင်ရေးလမ်းကြောင်း နောက်ပြန်ဆုတ်နေပြီလား ဆိုပြီးမေးခွန်းထုတ်ခံနေရစဉ်မှာ အခုလို ပြည်ပက ၀င်လာသူတွေအပေါ်မှာပါ ပြည်နှင်ဒဏ်ပေးတာ၊ မိသားစုနဲ့အတူ နေထိုင်ခွင့်မရအောင် နည်းမျိုးစုံနဲ့နှောက်ယှက်လာတာ တွေဟာ နောက်ပြန်မဆုတ်ရင်တောင် ရှေ့မတိုးတော့ဘူး။ ဒီကနေ ရှေ့တဆင့်မတက်တော့ဘူးဆိုတာကို ဦးသိန်းစိန်အစိုးရက သက်သေပြနေသလားလို့သာ မေးလိုက်ချင်ပါတယ်။

စာရေးသူသည် ထိုင်း-မြန်မာ နယ်စပ်တွင် အခြေစိုက်သော ကျောင်းသား လက်နက်ကိုင် ABSDF အဖွဲ့ဝင်ဟောင်း ဖြစ်ပြီး DVB ၏ သတင်းထောက် ဟောင်းလည်း ဖြစ်သည်။ ယခုအခါ နော်ဝေနိုင်ငံတွင် နေထိုင်လျက် ရှိသည်။

Wednesday, August 6, 2014

ငွေရတုအလွန် ၈၈ မျိုးဆက်နဲ့ ပေးဆပ်သူတို့ရဲ့အနာဂတ်

မနက်ဖြန်ကျရောက်မဲ့ သြဂုတ်လ ၈ ရက်နေ့ဟာ ၈ လေးလုံးအရေးတော်ပုံ ၂၆ နှစ်မြောက် နှစ်ပတ် လည်နေ့ဖြစ်ပါတယ်။ အားလုံးသိပြီးဖြစ်တဲ့အတိုင်း ၈ လေးလုံးအရေးတော်ပုံဆိုတာဟာ မြန်မာ့သမိုင်း မှာ တခါသာပေါ်ဖူးတဲ့ ကြိးမားလှတဲ့အရေးတော်ပုံမျိုးပါ။ ဒီအရေးတော်ပုံအတွင်း ကျောင်းသားအများ စုပါဝင်တဲ့ လက်နက်မဲ့ဆန္ဒပြသူ ၃၀၀၀ ခန့်သေဆုံးခဲ့တယ်ဆိုပေမဲ့ အခုချိန်ထိ တရားဝင်စုံစမ်းစစ် ဆေး မှုမလုပ်နိုင်သေးပါ။

 (၁၉၈၈ ခုနှစ် ၈၈၈၈ အရေးတော်ပုံကာလက မြင်ကွင်းတခု)

ဒါပေမယ့် ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအလွန်မှာ ပြောင်းလဲစပြုလာတဲ့ နိုင်ငံရေးအခြေနေသစ်တခုကြောင့် ၈ လေးလုံးအရေးတော်ပုံ ၂၅ နှစ်ပြည့်အခန်းနားကို ပထမ ဆုံး အကြိမ်အဖြစ် မနှစ်က ရန်ကုန်မြို့လယ်မှာကျင်းပ ခွင့်ရခဲ့ပါတယ်။

ဒါဟာ လွန်ခဲ့တဲ့ ၂၄ နှစ်လုံးလုံး ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ ထင်ထားခဲ့တဲ့အခြေနေပါ။ အကျဉ်းထောင် အသီးသီးကနေပြန်လွတ်လာကြတဲ့ နှစ်ရှည်နိုင်ငံရေးအကျဉ်းသားဟောင်း မင်းကိုနိုင်အပါဝင် ၈၈ မျိုး ဆက်ကျောင်းသားတွေ၊ နိုင်ငံရေးသမားတွေနဲ့အတူ ၂၄ နှစ်ကြာ လက်နက်ကိုင်တော်လှန်ရေးဝင်ခဲ့တဲ့ ABSDF (မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး) ကျောင်းသားရဲဘော်တွေလဲ ဒီ အခန်းနားဆီ ပထမ ဆုံးအကြိမ်တက်ခွင့်ရခဲ့ပါတယ်။

ဒီထက်ပိုထူးတာကတော့ အဲဒီအခန်းနားဟာ စစ်အစိုးရကိုတော်လှန်တဲ့ ပြည်တွင်း-ပြည်ပ ၈၈ မျိုးဆက် ကျောင်းသားဟောင်းတွေချည်းတက်တဲ့ပွဲမျိုးမဟုတ်ပဲ ကျောင်းသားတွေကို ပစ်ခတ်ဖြိုခွင်းမှုမှာ တာဝန် မကင်းတဲ့၊ အခုချိန်ထိလဲ ဒီကိစ္စအတွက် တောင်းပန်မှုလဲမလုပ်၊ ဘာမှလည်းထုတ်ဖေါ်မပြောသေးတဲ့ အစိုးရဖက်ကပုဂ္ဂိုလ်တွေကပါ ဒီအခန်းနားဆီ လာရောက်ခဲ့ခြင်းပါပဲ။ တချို့က ဒါကို အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် လမ်းစလိြု့မင်ကြပါတယ်။ ဒါပေမယ့် တချို့ကတော့ ဒါဟာ ''တော်လှန်ရေးလမ်း ကြောင်းေ၀၀ါးသွားခြင်း''၊ သူ့လူ ကိုယ့်လူ ရောထွေးသွားခြင်းဖြစ်တယ်လို့ ဝေဖန်ကြပါတယ်။

ဒီလိုရောသွားပြီးနောက်ပိုင်း လူပေါင်းစုံပါဝင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာတွေ အရှိန်ကောင်းလာပါ တယ်။ နေပြည်တော်၊ လော်ခီးလာ၊ လွိုင်ဇာကနေ နိုင်ငံတ၀ှမ်းရှိ ငြိမ်းချမ်းရေးလိုလားတဲ့ လက်နက်ကိုင် သူတွေ၊ သုတေသနပြုသူတွေဟာ ဆွေးနွေးပွဲတွေဆက်တိုက်လုပ်ခဲ့ကြပါတယ်။ ငွေရတုအလွန် ၂၀၁၃ အောက်တိုဘာလမှာ တနိုင်ငံလုံးအပစ်ရပ်နိုင်ဘွယ်ရှိတယ်လို့ MPC လို့လူသိများတဲ့ ငြိမ်းချမ်းရေး စင်တာဖက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် အခု ၂၀၁၄ သြဂုတ်လအထိတော့ လက်မှတ် ထိုးနိုင်မဲ့အရိပ်အရောင်မတွေ့ရသေးပါ။

ဒါက အစိုးရဖက်ကဦးစီးဆောင်ရွက်နေတဲ့ အဓိကလုပ်ငန်းစဉ်တခုရဲ့ တနှစ်စာအတွင်းတိုးတက်မှု အခြေ နေကို ဆန်းစစ်ကြည့်တာပါ။ ဒါဖြင့် အတိုက်ခံအင်အားစုလို့ပြောနိုင်တဲ့ ၈၈ မျိုးဆက် ကျောင်းသား ဟောင်းတွေ မနှစ်က ၈ လေးလုံးငွေရတုအခန်းနားမှာချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက် ၃ ခု တနှစ်ကြာတဲ့ အ ထိ ဘာမှအကောင်ထည်ပေါ်မလာသေးတာကကော ဘာကြောင့်လဲ။

အဲဒီဆုံးဖြတ်ချက် ၃ ခုကိုပြန်ကောက်ရမယ်ဆိုရင်  (၁) ”ကျွန်ုပ်တို့သည် ကိုယ့်ကြမ္မာကိုယ်ပြဋ္ဌာန်းပိုင်ခွင့် ရှိ၍ တန်းတူညီမျှမှုရှိသော ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်သစ်ကို ထူထောင်ရန်လို အပ်သည်”။ (၂) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ သည် အထက်ဖော်ပြပါ ဒီမိုကရက်တစ်ဖက်ဒရယ်ပြည် ထောင်စုနှင့် မကိုက်ညီသည့်အတွက် ပြန်ပြင်ခြင်း သို့မဟုတ် အသစ်ပြန်ရေးခြင်း လုပ်ဖို့လိုသည်။ (၃) ဖက်ဒရယ်ပြည်ထောင်စုပေါ်လာစေရန် “ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည် သော၊ အမျိုးသားအင်အားစု အားလုံးပါဝင်သော ညီလာခံတစ်ရပ်ကိုကျင်းပရန် လိုအပ်သည်” လို့ဖေါ်ပြ ထားတာ တွေ့ရပါတယ်။

(၈ လေးလုံး ငွေရတုအခန်းနားမှာတွေ့ရတဲ့ လူပေါင်းစုံနဲ့ အမျိုးသားသင့်မြတ်ရေး)

အခု ၈ လေးလုံး ၂၆ နှစ်ပြည့်တဲ့အချိန်၊ အဲဒီဆုံးဖြတ်ချက် ၃ ခုချမှတ်ပြီး ၁၂ လတင်းတင်းပြည့်တဲ့အချိန် မှာ တွေ့မိသလောက်ကတော့ ဒီဆုံးဖြတ်ချက်တွေဟာ ချက်ချင်းထလုပ်မဲ့စီမံကိန်းမျိုးမဟုတ်ပဲ အဖွဲ့ ပေါင်းစုံက ကိုယ်စားလှယ်တွေပါဝင်တဲ့ ''ဆုံးဖြတ်ချက်များ အကောင်ထည်ဖေါ်ရေးကော်မီတီ'' က ဆက်လုပ်မယ်ဆိုတဲ့နောက်ထပ်ဆုံးဖြတ်ချက်တခုကိုသာ တွေ့ရပါတယ်။ ဘာကြောင့် ဒီလို အဖျားရှုး သွားတာလဲ။

တကယ်တော့ အဖျားရှုးသွားတယ်ဆိုတာထက် သတ်မှတ်ချိန်အတွင်း၊ တနည်းအားဖြင့် ၂၀၁၅ ရွေး ကောက်ပွဲမတိုင်မှီ ဒီဆုံးဖြတ်ချက်တွေကိုအကောင်ထည်ဖေါ်နိုင်ပါ့မလားလို့ အားမလိုအားမရဖြစ်မိ တယ်ဆိုရင် ပိုမှန်မယ်ထင်ပါတယ်။ ဘာကြောင့်လဲဆိုရင် အကောင်ထည်ဖေါ်ရေးကော်မီတီက လူတွေ အားလုံးမပါနိုင်ပေမဲ့ ၈၈ ငြိမ်း-ပွင့် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့စည်း) က ခေါင်းဆောင်တချို့ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနဲ့ပူးပေါင်းပြီး ၂၀၀၈ ဖွဲ့စည်းပုံပြင်ရေး လူထုဟောပြောပွဲတွေမှာ ပူး ပေါင်းပါဝင်လာတာကို ၈ လေးလုံး ၂၆ နှစ်နီးလာချိန်မှာ မြင်တွေ့လာရလို့ဖြစ်ပါတယ်။

ထားတော့။ ဒီလောက်ကြီးမားတဲ့ နိုင်ငံရေးလုပ်ငန်းစဉ်ကြီးတခုကို တနှစ်အတွင်းအကောင်ဖေါ်ဖို့ဆိုတာ ဘယ်လွယ်ပါ့မလဲ။ ဒါဖြင့် ချက်ချင်းထလုပ်လို့ရနိုင်တဲ့ လုပ်ငန်းစဉ်တွေမရှိတော့ဘူးလား။ ရန်ကုန်က နိုင် ငံရေးအခန်းနားတွေနဲ့ နော်ဝေးရွေးကောက်ပွဲဆီလေ့လာရေးလာခဲ့တဲ့ ၈၈ ငြိမ်း-ပွင့် တွေရဲ့ပြောဆိုချက် အရဆိုရင် ၈ လေးလုံးအရေးတော်ပုံအတွင်းကျဆုံးသွားသူတွေရဲ့ စာရင်းကောက်ယူခြင်း၊ ၈ လေးလုံး သမိုင်းပြခန်းဖွှင့်လှစ်ခြင်းကိစ္စတွေကိုလဲ တနှစ်အတွင်းဆောင်ရွက်ဖို့ဆုံးဖြတ်ချက်ချထားကြောင်း သိရပါ တယ်။

ဒါပေမယ့် အခုတနှစ်ပြည့်တဲ့အထိ စာရင်းကောက်တာရော၊ ပြခန်းဖွင့်တာရော မတွေ့ရသေးပါ။ ဘာ တွေ အားနည်းခဲ့လို့လဲ။ ဒါမှမဟုတ် အစိုးရဖက်က ဖိအားပေးခြင်းတခုခုရှိနေလို့ မဖွင့်လှစ်နိုင်သေးတာ လား။

ကံကောင်းတာတခုကတော့ ၈ လေးလုံးအရေးတော်ပုံ မြို့တွင်းဆန္ဒပြပွဲတွေအတွင်းကျဆုံးသွားတဲ့ ကျောင်သားတွေရဲ့စာရင်းနဲ့ သူတို့အတွက် အမှတ်တရပြတိုက်မလုပ်နိုင်သေးပေမဲ့ ၂၅ နှစ်တာကာလ တောတွင်းတိုက်ပွဲတွေအတွင်းကျဆုံးသွားတဲ့ ကျောင်းသားရဲဘော်တွေအတွက်တော့ စာရင်းပြုစုတာ၊ ဆွမ်းသွပ်အမျှဝေတာ၊ မိဘဆွေမျိုးတွေဆီအသိပေးပြီး ဂုဏ်ပြုမှတ်တန်းပေးအပ်တာတွေ လွန်ခဲ့တဲ့ တ နှစ်တာအတွင်း ကောင်းကောင်းလုပ်ပေးနိုင်ခဲ့တယ်လို့ ABSDF ကပြောပါတယ်။

တောထဲမှာကျဆုံးသွားသူတွေအတွက်တောင် ဒီလိုလုပ်နိုင်သေးရင် မြို့ပေါ်မှာကျဆုံးသွားသူတွေ အ တွက် ဘာလို့မလုပ်နိုင်ပေးရမှာလဲ။ ဘာများအတားအဆီးရှိနေလို့လဲ။

အနှစ်ပြန်ချုပ်ရမယ်ဆိုရင်တော့ သမိုင်းကိုသင်္ခန်းစာထုတ်ယူတဲ့အခါ ရှေ့ဆက်သွားရမဲ့အမျိုးသားပြန် လည်သင့်မြတ်ရေးအတွက် လုပ်ငန်းစဉ်ချဖို့လိုအပ်သလို သမိုင်းသစ်အတွက်ပေးဆပ်သွားသူတွေရဲ့ အ ခန်းကဏ္ဍကိုလဲ အသေချာမှတ်တန်းတင်ထားဖို့လိုပါတယ်။ အခု ငွေရတခုဆုံးဖြတ်ချက်က ရှေ့ဆက် သွားမဲ့ နိုင်ငံရေးလုပ်ငန်းစဉ်ပဲပါရှိပြီး ပေးဆပ်သွားသူတွေအတွက် ဘယ်လိုမှတ်တန်းတင်ဂုဏ်ပြုမယ်၊ ပစ်ခတ်နှိမ်နှင်းမှုမှာပါဝင်ပတ်သက်သူတွေကို ဘယ်လိုအရေးယူဆောင်ရွက်မယ်ဆိုတာ မတွေ့ရပါဘူး။

ဒါကြောင့် မနက်ဖြန်ကျရောက်မဲ့ ၈ လေးလုံး ၂၆ နှစ်ပြည့်အခန်းနားမှာ အရင်နှစ်ကလို နိုင်ငံရေးလုပ် ငန်းစဉ်ကြီးတွေချမှတ်တဲ့အပြင် ချက်ချင်းထလုပ်နိုင်တဲ့၊ ပေးဆပ်သွားသူတွေကိုဂုဏ်ပြုတဲ့ လုပ်ငန်းစဉ် လေးတွေကိုလဲ ထည့်သွင်းဆွေးနွေးကြပါ။ တာဝန်ရှိသူတွေကို အရေးယူဖို့ကိစ္စမပြောနိုင်သေးရင် တောင် အနည်းဆုံးအားဖြင့်တော့ ၈၈ အရေးတော်ပုံအတွင်းကျဆုံးသွားသူတွေရဲ့ စာရင်းများကို ကောက်ယူ မှတ်တမ်းလုပ်ခြင်းနဲ့ ၈ လေးလုံးသမိုင်းပြတိုက်ဖွင့်ခြင်းကို အမြန်ဆုံးဆောင်ရွက်နိုင်အောင် ကြိုးစားသင့်ပါကြောင်း တိုက်တွန်းတင်ပြလိုက်ရပါတယ်။    ။

Tuesday, August 5, 2014

တော်လှန်ရေးသတင်းသမားတဦးရဲ့ ဒိုင်ယာရီ (၂၂)

ဥရောပမဲဇာသို့ ဒုတိယအကြိမ်ခရီးစဉ်

ခဏတာဆိုတဲ့အတွေးနဲ့ ထွက်ခဲ့တဲ့ခရီးတွေထဲမှာ တဘ၀စာဖြစ်သွားတဲ့အဖြစ်ပျက်တွေ ကျနော့်ဘ၀မှာ သိပ်မနည်းလှတော့ပါ။ ၁၉၈၈ စက်တင်ဘာလ ၁၈ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းတော့ အဲဒီ စစ်တပ်ကို လက်နက်ကိုင်တော်လှန်မှရမယ်။ ဒီအတွက် နယ်စပ်ဒေသဆီသွားပြီး စစ်သင်တန်းတက်၊ လက်နက်ယူ၊ ပြန်တိုက်ရမယ်။ အလွန်ဆုံးကြာလှ တပတ်ဆယ်ရက်ဆိုပြီး ထွက်လာခဲ့တဲ့ ခရီးစဉ်ဟာ အခု ၂၆ နှစ်ကြာတဲ့အထိ မပြီးသေးပါဘူး။

(အော်စလိုရုံးချုပ်မှာ တာဝန်ထမ်းခဲ့စဉ်က)

အဲဒီခရီးစဉ်ထဲက ပထမ စုရပ်စခန်းဖြစ်တဲ့ ABSDF (မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး) ၂၀၁ တပ်ရင်း၊ မင်းသမီးခစန်းမှာ ဆယ်နှစ်ကြာခဲ့ပါတယ်။ ၁၉၉၇ ဖေဖော်ဝါရီလမှာ န၀တ ထိုးစစ်ကြောင့် စခန်းကနေဆုတ်ခွာရတော့ ဒါဟာ ယာယီသဘောပဲဖြစ်ပြီး မကြာခင် စခန်းကိုပြန်သိမ်း နိုင်လိမ့်မယ်လို့ ထင်ခဲ့မိပြန်ပါတယ်။ ဒါပေမယ့် အခုချိန်ထိ မင်းသမီးစခန်းဆီ ပြန်မရောက်တော့ပါ။

တောထဲကနေ ဘန်ကောက်ရောက်ပြီးနောက်ပိုင်း ABSDF ရုံးတွေမှာနေကာ စခန်းတာဝန်နဲ့ DVB သ တင်းထောက်တာဝန်ကို ပူးတွဲထမ်းဆောင်နေချိန် ၂၀၀၁ ခုနှစ် မေလမှာတော့ အော်စလိုရုံးချုပ်ဆီ ခရီး ထွက်ရဖို့အခြေနေက တွန်းပို့လာပါတယ်။ ရှေ့အခန်းတွေမှာတင်ပြခဲ့တဲ့အတိုင်း ဘန်ကောက်သံရုံးစီး နင်းမှု၊ ရတ်ချပူရီဆေးရုံစီးနင်းမှု၊ ကမာပုလောစခန်းနဲ့ God Army လက်နက်ချမှု ထူးထူးရှယ်သတင်း တွေပို့ပြီးနောက်ပိုင်း ဘန်ကောက်အခြေစိုက် သတင်းထောက်ဆက်လုပ်ဖို့ အတော်အခက်ခဲဖြစ်လာခဲ့ ပါတယ်။

အရင် ဘာလက်မှတ်မှမရှိပဲ ခိုးနေစဉ်က ဘာစရိတ်မှမကုန်ပေမယ့် အခု မြန်မာစာအုပ်အတု ကိုင်ထား စဉ်မှာတော့ အဲဒီစာအုပ်အသက်ရှင်ဖို့အတွက် တလတခါ ကမ္ဘောဒီယားနဲ့ လာအိုနယ်စပ်သွားပြီး Stay ရှောင်ရတဲ့စရိတ်နဲ့ အချိန်ကမနည်းလှ။ ပြီးတော့ ထိုင်းထောက်လှမ်းရေးနဲ့ ရဲဘက်ကလည်း မကြာခဏ မေးလား၊ မြန်းလား လုပ်လာနေပါတယ်။ ဒီတိုင်းဆိုရင်တော့မဖြစ်ဘူး။ နော်ဝေးနိုင်ငံဆီသွားပြီး ထိုင်းရဲ မဖမ်းနိုင်တဲ့ ခိုင်လုံတဲ့စာအုပ် (ခရီးသွားလက်မှတ်) တခုခုရအောင် လုပ်မှဖြစ်မယ်ဆိုတဲ့ စိတ်ကူးဝင် လာပါတယ်။ ဘာကြောင့်လဲဆိုရင် အဲဒီကာလကတည်းက အမေရိကန်နဲ့အနောက်နိုင်ငံတွေမှာ စာအုပ် ယူပြီး ထိုင်းနယ်စပ်မှာ ပြန်လည်တာဝန်ထမ်းနေတဲ့ ABSDF တပ်ဖွဲ့ဝင်တချို့ရှိနေလို့ ဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီလိုစာအုပ်ရဖို့အတွက် အချိန်ဘယ်လောက်ကြာနိုင်သလဲ။ ဘယ်နိုင်ငံတွေက ဘယ်လို မူ ၀ါဒရှိသလဲဆိုတာတွေကိုတော့ အသေချာ ကြိုတင်မလေ့လာဖြစ်ခဲ့ပါ။  ဒီလိုနဲ့ ခဏတာဆိုတဲ့ နော်ဝေး စာအုပ်ယူရေးခရီးစဉ်ဟာ အချိန် ၁၂ နှစ်ကြာမှာ စာအုပ်ရခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ၂၀၁၃ ခုနှစ်မှာ စာအုပ် ရတော့ နိုင်ငံရေးအခြေနေတွေက လွန်ခဲ့တဲ့ ၁၂ နှစ်နဲ့ဘာမှမဆိုင်တော့။ တချိန်က အကျယ်ချုပ်ကျ ခံနေရတဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အော်စလိုမြို့ဆီ လာသွားခဲ့ပါ ပြီ။

သမ္မတဦးသိန်းစိန်တို့၊ ဦးရွှေမန်းတို့တောင် အော်စလိုဆီရောက်လာခဲ့ကြပြီးပြီ။ တချိန်က အတိုက်ခံ သတင်းဌာနဖြစ်ခဲ့ဖူးတဲ့ DVB တောင် နော်ဝေးကနေ ရန်ကုန်ပြောင်းသွားပြီ။ ထိုင်းမှာ အခြေစိုက်လှုပ် ရှားဖို့အတွက် စာအုပ်ယူဖို့ စိတ်ကူးနဲ့ခရီးထွက်လာတဲ့ကျနော် မှန်းချက်နဲ့နှမ်းထွက် လွဲခဲ့ပြန်ပေါ့။ ဘာဖြစ် ဖြစ် ပြောင်းလဲသွားတဲ့ နိုင်ငံရေးအခြေနေအရ ရန်ကုန် မီဒီယာလောကမှာ ၀င်တိုးကြည့်မလားဆိုပြီး ပြည်တော်ပြန်လေ့လာရေးလုပ်ခဲ့ပေမယ့် ဒီစာအုပ်နဲ့က ရန်ကုန်မှာ အလုပ်မဖြစ်ပြန်ဘူး။ ပြည်တော်ပြန် တွေကို PR (အမြဲတန်းနေထိုင်ခွင့်) ထုတ်ပေးမယ်ဆိုတဲ့ ပြောဆိုချက်ကလည်း လက်တွေ့ဘယ်တော့ ဖြစ်လာမယ်မှန်းမသိသေး။

ရန်သူဟောင်း အစိုးရလက်အောက်မှာလည်း တာဝန်မထမ်းချင်၊ ရန်သူအားပေး ခရိုနီ၊ ခရိုပြာတွေကြီး စိုးတဲ့ မီဒီယာတွေမှာလဲ အလုပ်မလုပ်ချင်၊ ဒိုနာပေးမှရတဲ့ ပရောဂျက်မီဒီယာတွေကိုလဲ စိတ်ကုန်နေ၊ ကိုယ်ပိုင် မီဒီယာထောင်ဖို့ကလဲ အရင်းနှီးကတပြားမှမရှိ။ ဒီလိုနဲ့ နော်ဝေးစာအုပ်ကြီးကိုင်ပြီး ကမ္ဘာပတ် နိုင်တဲ့ကျနော် မြန်မာနိုင်ငံမှာတော့ နေထိုင်အလုပ်လုပ်ဖို့မလွယ်သေးတဲ့အခြေနေပေါ့။

အော်စလိုရုံးချုပ်မှ ၀န်ထမ်းအပြောင်းအလဲများ

ကျနော် အော်စလိုဆီ ဒုတိယအခေါက်ရောက်လာတော့ ပထမ အခေါက် ၁၉၉၉ တုန်းက တွေ့ခဲ့သူ အတော်များများ မရှိတော့ပါ။ DVB ၀န်ထမ်းတွေအတွက် ငှားပေးထားတဲ့ (Frydenlund Gata) ဖီဒါ လွန်ဂါတာ လမ်းထဲက အခန်းမှာအတူနေခဲ့ဖူးတဲ့ ကိုလော်မာ၊ ကိုကျော်မိုး၊ ကိုခင်မောင်လေးတို့ DVB က နေထွက်ပြီး အမေရိကန်နဲ့ကနေဒါဆီ ဒိုးသွားကြကုန်ပြီ။ သံရုံးနဲ့ဆေးရုံသတင်းတွေပို့စဉ်က သတင်း အယ်ဒီတာအဖြစ်တာဝန်ယူနေသူ ကိုဝင်းနိုင်ဦး (နောက်ပိုင်း RFA) လည်း ကျနော်မရောက်ခင်လေး မှာပဲ DVB ကနေ ထွက်သွားတယ်လို့သိရပါတယ်။ 

(၂၀၀၀ ခုနှစ်နှောင်းပိုင်းကတွေ့ရတဲ့ အော်စလိုရုံးချုပ်ဝန်ထမ်းများ)

ဒါဟာ ၁၉၉၆ မှာ ကိုမွန်းအောင်၊ ကိုငြိမ်းဝေ၊ ကိုမောင်မောင်မြင့်အပါဝင် ၅ ဦး နုတ်ထွက်ပြီးနောက်ပိုင်း ဒုတိယအကြိမ် အစုအပြုံလိုက်နုတ်ထွက်မှုဖြစ်တယ်လို့ အော်စလိုရှိ မြန်မာအသိုင်းဝိုင်းကပြောကြပါ တယ်။ ဒါပေမယ့် အားလုံးအထွက်ချည်းတော့ မဟုတ်ပါ။ အသစ်ရောက်နေသူတချို့ကိုလည်း တွေ့ရပါ တယ်။ ၁၉၉၉ ခရီးစဉ်တုန်းက ကျနော်တို့လို သင်တန်းတက်ဖို့ရောက်နေသူတွေထဲက ကိုမိုးအေးနဲ့ မခင်နှင်းထက်တို့ အမြဲတန်းဝန်ထမ်းအဖြစ် ရောက်နေပါတယ်။ တခါ ကိုစိုးဝင်းညိုနဲ့ နန်းခမ်းကယောက် တို့လည်း အသစ်ရောက်နေကြပါတယ်။ အရင်တခေါက်ကနေ အခုအခေါက်အထိ မပြောင်းမလဲကျန် နေသူ ၃ ဦးက တော့ ကိုအေးချမ်းနိုင်၊ မသီတာနဲ့ စက်ဆရာ ကိုဖိုးခွား (နယ်ဆင်ကူး)တို့ဖြစ်ပါတယ်။

ကျနော်မှတ်မိသလောက်ဆိုရင် အဲဒီအချိန်က DVB မှာ တရားဝင်လစာ မပေးသေးပါ။ အခွန်ဆောင် တာတွေ ဘာတွေလည်း မရှိသေးပါ။ နေထိုင်ဖို့အတွက် စုပေါင်းအခန်းငှားထားပေးပြီး ထောက်ပံ့ကြေး အဖြစ် တလခရိုနာ ၃၅၀၀ စီပေးပါတယ်။ တာဝန်ကွာခြားမှုအရ ထောက်ပံ့ငွေ အနည်းအများကွာခြား မှုရှိနိုင်ပေမယ့် ဘယ်တာဝန်က ဘယ်လောက်ရတယ်ဆိုတာမျိုး တရားဝင်ကြေညာခြင်းမရှိပါ။ အဲဒီ ၃၅၀၀ ထဲက ၂၅၀၀ လောက်ကို စားစရိတ်နဲ့သုံးစရိတ် နုတ်လိုက်ရင် ၁၀၀၀ လောက်ကျန်တယ်ဆို တော့ မဆိုးလှ။ ထိုင်းငွေနဲ့တွက်ရင် ၅၀၀၀ နီးပါးတောင် ရှိတယ်ဆိုတော့ နယ်စပ်မှာကျန်နေတဲ့ ဘော် ဘော်တွေနဲ့ တခြားကိစ္စတွေအတွက် ကူနိုင်တာပေါ့။

ဒါပေမယ့် နော်ဝေးနိုင်ငံက အလုပ်သမားတွေ လစာဘယ်လောက်ရပြီး အခွန်ဘယ်လိုဆောင်သလဲ။ ကျမ်းမာရေးစောင့်ရှောက်မှု၊ ပညာရေးအခွင့်အလမ်း၊ အလုပ်သမားအခွင့်ရေး ဘာတွေရှိသလဲဆိုတာကို တော့ လေ့လာဆန်းစစ်ဖို့ အဲဒီအချိန်က ကျနော်တို့စိတ်မ၀င်စားခဲ့ကြပါ။ နော်ဝေးကိုရောက်လာတဲ့ ဒုက္ခ သည်တွေရော၊ ကုပ္ပဏီတွေဝန်ထမ်းတွေပါ အားလုံး နော်ဝေးစာသင်ဖို့လိုအပ်တယ်။ နော်ဝေးဥပေဒ တွေကိုလေ့လာဖို့ လိုအပ်တယ်ဆိုတာကိုလည်း ကျနော်တို့က စိတ်ဝင်စားရကောင်းမှန်း မသိခဲ့ကြပါ။

ထားတော့။ ဒါက အခုမှပြန်စဉ်းစားမိတဲ့ အချက်တွေပါ။ အဲဒီအချိန်ကတော့ တော်လှန်ရေးရေချိန်မြင့် နေဆဲဆိုတော့ နယ်စပ်မပြန်ပဲ နော်ဝေးမှာကြာကြာနေဖို့ တွေးမိရင်တောင် ဖောက်ပြန်တဲ့အတွေး အ ခေါ်၊ တကိုယ်တော်ထွက်ပေါက်ရှာတဲ့ အတွေးအခေါ်လို့ ဝေဖန်ခံရနိုင်ပါတယ်။ နော်ဝေးကိုရောက်လာ တာကိုက တော်လှန်ရေးအသံလွှင့်ဌာနမှာ တာဝန်ထမ်းဖို့ရောက်လာတာဆိုတော့ ဒါတွေကို မစဉ်းစားခဲ့ ရိုး အမှန်ပါ။ ထိုင်းနယ်စပ် တောတွင်းစခန်းက ဘားတိုက်တွေ၊ ဘန်ကောက် ABSDF ရုံးခန်းတွေမှာ စုပြုံအိပ်ခဲ့ရတဲ့ ဘ၀ကနေ အခုလို တယောက်အိပ် သီးခြားအခန်းရှိလာတာ၊ ၀င်ငွေတစုံတရာရှိလာတာ၊ ရိက္ခာခွဲတမ်းအတွက် ပူပင်စရာမလိုတာ၊ ရဲဖမ်းမှာ ပူစရာမလိုတော့တာတွေကိုက တော်လှန်ရေးတာဝန် ကို ၂၄ နာရီ အချိန်ပြည့်ထမ်းနိုင်ဖို့ အခွင့်အခါကောင်းတခု မဟုတ်ပါလား။

နယ်သတင်းထောက်ဘ၀မှ စတူဒီယိုသတင်းထောက်ဘ၀သို့


၂၀၀၁ ခုနှစ် အော်စလိုရုံးဆီကျနော်ရောက်လာတဲ့အချိန်မှာ ကွန်ပျူတာတွေက အဟောင်းတွေအတိုင်း ရှိနေဆဲဖြစ်ပေမယ့် အသံတည်းဖြတ်မှုအတွက်တော့ Dalet Sound Edit System ကိုစတင်အသုံးပြု နေပြီ လို့ထင်ပါတယ်။ ထိုင်းမှာသုံးခဲ့တဲ့ Cool edit ပရိုဂရမ်နဲ့စာရင် ဒီပရိုဂရမ်က အရမ်းအဆင့်မြင့်ပြီး တည်းဖြတ်တဲ့နေရာအပြင် အသံလွှင့်ဖို့အတွက်လည်း အတော်အဆင်ပြေစေပါတယ်။ အသံလွှင့်မဲ့ဖွိုင် တွေကို Clipboard ပေါ်တင်ထားပြီး အစီစဉ်အလိုက် ခလုတ်နှိပ်လိုက်ရုံပါပဲ။ တခါတလေဆိုရင် သ တင်းဖတ်သူက အသံလွှင့်နေစဉ်မှာတောင် အရေးပေါ်သတင်းကို တခြားစတူဒီယိုတခုကနေ ဖုန်းခေါ် မေးမြန်း၊ ချက်ချင်းတည်းဖြတ်ပြီး အသံလွှင့်ချိန်အမီ ထည့်နိုင်ခဲ့ပါတယ်။

(အော်စလိုရုံးချုပ် အသံလွှင့်စတူဒီယိုမှ အသံပိုင်းဆိုင်ရာ ကွန်ပြူတာများ)

အဲဒီကာလ ဦးစားပေးသတင်းတွေဟာ နယ်စပ်တကျောနဲ့ နိုင်ငံတကာရှိ တော်လှန်ရေးအဖွဲ့စည်းတွေရဲ့ လှုပ်ရှားမှုအကြောင်းဖြစ်ပေမယ့် ပြည်တွင်းက နိုင်ငံရေးသမားတွေကို ဆက်သွယ်နိုင်ဖို့ စတင်ကြိုးစား တဲ့ အချိန်လည်း ဖြစ်ပါတယ်။ ကျနော်အမှတ်မမှားဘူးဆိုရင် ဘန်ကောက်ကနေ အော်စလိုဆီမလာခင် တလလောက်အလိုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် တဦးဖြစ်သူ ဦးသန်းထွန်းကို ပထမ ဆုံးအကြိမ် ကျနော်အင်တာဗျုးလုပ်ဖူးပါတယ်။ မေးမြန်းတဲ့ အကြောင်းအရာကို မမှတ်မိတော့ပေမဲ့ ''သြော် နော်ဝေးဆိုတော့ ဟိုးအဝေးကြီးကနေတောင် ခေါ် လာတာပေါ့'' လို့ တအံ့ တသြပြောတဲ့ ဦးသန်းထွန်းအသံကို ကျနော်မှတ်မိနေပါတယ်။

တခါ ကျနော်အော်စလိုဆီမရောက်ခင်လေးမှာ ကိုမိုးအေးက ၀ါရင့်နိုင်ငံရေးသမားများ လုပ်ဖော်ကိုင် ဖက်အဖွဲ့မှ သခင်သိန်းဖေနဲ့ အင်တာဗျုးရလိုက်ပါတယ်။ အပြောအဟောကောင်းပြီး စစ်အစိုးရကို ကလိ တဲ့ သခင်သိန်းဖေရဲ့ အင်တာဗျုးဟာ အတော်ပေါက်သွားပါတယ်။ အကျယ်ချုပ်ဖမ်းဆီးခံနေရတဲ့ ဒေါ် အောင်ဆန်းစုကြည်နဲ့ စစ်အစိုးရအရာရှိတွေရဲ့လုပ်ရပ်ကို ဗုဒ္ဓ၀င်ထဲက သာဓကတွေနဲ့ဥပမာပေးပြီး မင်း သမီးကတော် လွန်းလို့မဟုတ်ဘူး။ လူဆိုးကရက်စက်လွန်းလို့ မင်းသမီးကို လူတွေက ပိုသနားသွား တယ်ဆိုတဲ့ ဥပမာမျိုးပေးခဲ့တာကို မှတ်မိနေပါတယ်။

ဒီအင်တာဗျုးတွေဟာ ပြည်ပအခြေစိုက် မီဒီယာတွေအပေါ် လူထုစိတ်ဝင်စားမှုကို တဆင့်တိုးတက် ပြောင်းလဲစေခဲ့တယ်လို့ ကျနော်ထင်ပါတယ်။ ဘာကြောင့်လဲဆိုရင် အဲဒီအချိန်မှာ ပြည်တွင်းကနေ စစ်အစိုးရကို အာခံပြောရဲသူတဦးမှမရှိပဲ နယ်စပ်နဲ့ပြည်ပရှိလူတွေကသာ ရဲရဲတောက်ဝေဖန်နေချိန်ဖြစ် ပါတယ်။ သခင်သိန်းဖေလိုပုဂ္ဂိုလ်မျိုးက ရေဒီယိုပေါ်တက်လာပြီး န၀တ စစ်အစိုးရကို ဗြောင်ဝေဖန် လိုက်တဲ့အခါမှာတော့ DVB သောတရှင်တွေကြားမှာ စစ်အစိုးရရဲ့မတရားမှုတွေကိုထုတ်ပြောဖို့ ရဲဆေး နည်းနည်းဝင်လာတယ်လို့ထင်မိပါတယ်။ ကျနော်အမှတ်မမှားဘူးဆိုရင် အဲဒီအချိန်အထိ တခြားရေဒီယို တွေ (BBC, VOA, RFA) တွေက ပြည်တွင်းဖုန်းခေါ် အင်တာဗျုးလိုက်တာမရှိသေးပါ။

နောက်ထပ် ထူးထူးခြားခြား ကျနော်မှတ်မိတဲ့အချက်တခုကတော့ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ ဖုန်းမော်နေ့၊ တော်လှန်ရေးနေ့၊ မေလ ၂၇ ရွေးကောက်ပွဲနေ့၊ ဇူလိုင် ရ ရက်နေ့၊ ၈ လေးလုံးနေ့လို နေ့ ကြီးရက်ကြီးတွေဆိုရင် တယ်လီဖုန်းခေါ်ရတာ လက်မလည်တဲ့အဖြစ်နဲ့ သတင်းတွေ များလွန်းလို့ ဘယ် လိုခွဲထည့်ရမှန်းမသိတဲ့အဖြစ်တွေပါ။ ဘာကြောင့်လဲဆိုရင် အဲဒီနေ့တွေရောက်တိုင်း နယ်စပ်က တော် လှန်ရေးအဖွဲ့တွေကအခန်းနားလုပ်ကြသလို ပြည်ပရောက်မြန်မာတွေကလည်း သက်ဆိုင်ရာနိုင်ငံရဲ့ မြန်မာသံရုံးတွေရှေ့မှာဆန္ဒပြပွဲလုပ်ကြတဲ့အတွက် သူတို့ဆန္ဒပြနေစဉ် အချိန်မီ ဖုန်းခေါ်ပြီး သတင်းယူဖို့ တိုက်တွန်းတာ၊ မခေါ်မချင်း ဖုန်းတဂွမ်ဂွမ်ခေါ်ပြီး သတိပေးနေတာ။ သူတို့ကိုအများကြီးမေးပြီး သတင်း မှာ နည်းနည်းပဲထည့်ရသလားဆိုပြီးအတွန့်တက်တာတွေဟာ အခုချိန်ပြန်တွေးရင် တော်လှန်ခေတ်ဦး မီဒီယာဘ၀ကို လွမ်းစရာကြီးဖြစ်နေနိုင်ပါတယ်။    ။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More