Tuesday, November 30, 2021

Interview with U Than Soe Naing after 10 months of Myanmar coup- Part 1


“မြိုနယ်ပေါင်း ၃၀၀ ကျော်သာရှိပေမယ့် PDF တပ်က ၄၀၀ နီးပါးအထိရှိလာနေပြီဖြစ်တယ်”

(ဦးသန်းစိုးနိုင်- နိုင်ငံရေး ဝေဖန်သုံးသပ်သူ)
------------------------------------------------------
(၃၀-၁၁-၂၀၂၁)

မြန်မာနိုင်ငံမှာ မြိုံနယ်ပေါင်း ၃၀၀ ကျော်သာရှိပေမယ့် ဒေသဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ် PDF အရေအတွက်က ၄၀၀ နီးပါးအထိရှိလာနေပြီး ပြည်သူလူထုရဲ့ ခုခံတော်လှန်မှုက အရှိန်အဟုန်အလွန် ကောင်းလာနေပြီဖြစ်တဲ့အတွက် စစ်ကောင်စီ ဖက်က လူထုတောင်းဆိုချက်ကို လက်ခံဖို့လိုလိမ်မ့ယ်လို့ နိုင်ငံရေးဝေဖန်ဆန်းစစ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

စစ်အာဏာသိမ်းမှု ၁၀ လပြည့်အခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာတော့...အခုတကြိမ် စစ်တပ်က အာဏာသိမ်းမှုနဲ့ အရင် ၆၂၊ ၈၈ အာဏာသိမ်းမှုတွေကြားမှာ ဘယ်လိုကွာခြားချက်ရှိသလဲ၊ EAO တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ PDF အဖွဲ့တွေကြား ပူးပေါင်းဆောင်ရွက်မှုက အားရစရာရှိရဲ့လား၊ တရုတ်က စစ်ကောင်စီကို လက်မခံခြင်းဟာ ဘယ်လောက်အထိအရေးကြီးသလဲ... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ဒီလိုအနေအထားမှာ စစ်ကောင်စီဖက်က အာဆီယံတောင်းဆိုချက်အတိုင်း ဆွေးနွေးရေးကိုလက်ခံသင့်သလား၊ PDF တပ်တွေနဲ့လူထုက လက်နက်ကိုင်နည်းနဲ့ဖြုတ်ချတာကို စောင့်နေသင့်သလား...ဆိုတဲ့ ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ညမှာ ဆက်လက်ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)။

Sunday, November 28, 2021

 “နော်ဝေမှ ထန်တလန်သို့” သို့မဟုတ် စစ်အာဏာသိမ်းပြီး ၁၀ လကြာ အခြေအနေအပေါ် ရှုမြင်ချက်

------------------------------------

(၂၈/၁၁/၂၀၂၁)




(၁) “နော်ဝေမှ ထန်တလန်သို့”

----------------------


“နော်ဝေမှ ထန်တလန်သို့” လို့ အမည်ပေးထားတဲ့ ရန်ပုံငွေ ဈေးရောင်းပွဲတခုကို နော်ဝေနိုင်ငံ အော်စလိုမြို့မှာ မနေ့က (၂၇ နိုဝင်ဘာ) ကျင်းပခဲ့ပါတယ်။ CRPH Support Group, Norway ကဦးစီးကျင်းပတဲ့ အဲဒီပွဲကို ပရိသတ် ၂၀၀ ကျော်၊ ၃၀၀ နီးပါးအထိ တက်ရောက်အားပေးတာတွေ့ရပါတယ်။


ဈေးရောင်းပွဲအပြင် “Thantlang Evening” လို့အမည်ပေးထားတဲ့ တော်လှန်ရေးသီချင်းတွေနဲ့ဖျော်ဖြေတာ၊ ထန်တလန်အကြောင်း မှတ်တမ်းဗွီဒီယိုပြသာတာအပါဝင် ဖျော်ဖြေရေး ပညာပေးအစီစဉ်တခုကိုလည်း တပြိုင်တည်းပြုလုပ်ခဲ့ပါတယ်။


အော်စလို လူငယ်စင်တာခန်းမမှာကျင်းပတဲ့ အဲဒီပွဲမှာ အောက်ထပ်က ဈေးရောင်းပွဲမှာ ရောင်းသမျှအပြောင် အားပေးကြတဲ့အပြင် အပေါ်ထပ်က ဖျော်ဖြေရေးခန်းမမှာလည်း လူတွေ ပြည့်လျှံသွားခဲ့ပါတယ်။


ပွဲအပြီး စာရင်းအကြမ်းအရ ဈေးရောင်းပွဲကနေ ခရိုနာ ၄ သောင်းကျော် (အမေရိကန် ဒေါ်လာ ၅ ထောင်ကျော်) ထန်တလန်သို့ကူညီရန် ရန်ပုံငွေ ရခဲ့တယ်လို့ CRPH Support Group, Norway တာဝန်ရှိသူတဦးကပြောပါတယ်။

===================================== 


(၂) နွေဦးတော်လှန်ရေးနှင့် ပြည်ပက မျိုးဆက်သစ်များ

----------------------------


ဒီပွဲမှာ စာရေးသူသတိထားမိတဲ့ ထူးခြားချက်တခုက “ထန်တလန်အတွက် ရန်ပုံငွေ ဈေးရောင်းပွဲ” ဆိုပေမယ့် ချင်းတိုင်းရင်းသားတွေတင်မကပဲ တိုင်းရင်းပေါင်းစုံ တက်ရောက်အားပေးခြင်းပါ။ တခါ ၈၈ မျိုးဆက် လူကြီး (အခုတော့ လူကြီးဖြစ်ပြီပေါ့ ၅၀ တန်းဆိုတော့)တွေအပြင် မျိုးဆက်သစ် ၂၀ တန်းတွေလည်း အများကြီးတက်ရောက်လာတာတွေ့ရပါတယ်။


ဒါဟာ အခုနွေဦးတော်လှန်ရေးကာလအတွင်း ပြောင်းလဲတိုးတက်လာတဲ့ ထူးခြားချက်တခုဖြစ်ပါတယ်။ အော်စလိုပါလီမန်ရှေ့မှာကျင်းပလေ့ရှိတဲ့ ဆန္ဒပြပွဲတွေမှာလည်း အလားတူ တိုင်းရင်းသားပေါင်းစုံ၊ မျိုးဆက်ပေါင်းစုံ ပါဝင်လာတာတွေ့ရပါတယ်။


ဒီလိုရေးတော့ အရင်က ခွဲခြား ခွဲခြားရှိနေခဲ့သလားလို့ စာဖတ်သူတွေက မေးခွန်းထုတ်နိုင်ပါတယ်။ ဟုတ်ပါတယ်။ အတိအကျထုတ်ပြောဖို့ခက်ပေမယ့် အဲဒီလို ခွဲခြားမှုတွေ တဦးချင်း၊ တဖွဲ့ချင်းစီရဲ့ စိတ်ထဲမှာ ရှိနေတယ်လို့ စာရေးသူက ခံစားရပါတယ်။ 


တဖွဲ့က ဦးစီးလုပ်ရင် အခြားအဖွဲ့တွေက အစုံအညီမတက်တာမျိုး၊ ၈၈ မျိုးဆက်က လုပ်တာကို မျိုးဆက်အသစ်တွေက စိတ်မဝင်စားတာမျိုး သတိထားမိပါတယ်။ အခုတော့ ဒီလိုခွဲခြားဆက်ဆံမှုတွေကို နွေဦးတော်လှန်ရေးက ချေဖျက်ပစ်လိုက်ပါပြီ။


အထူးသဖြင့် နယ်စပ်မှာမွေးတဲ့၊ ပြည်ပမှာမွေးတဲ့ ဆယ်ကျော်သက်တွေ၊ အသက် ၂၀ တန်းလူငယ်တွေဟာ သူ ရောက်ရှိနေတဲ့ နိုင်ငံကလူငယ်တွေလို လွတ်လပ်ပေါ့ပါးစွာ နေနိုင်ခွင့်ရှိပေမယ့် “မြန်မာပြည်က အသက် ၂၀ တန်း GZ တွေရဲ့ အသေခံ တိုက်ပွဲဝင်နေမှုက သူတို့ကို လှုပ်နှိုးခဲ့ပါတယ်” တယ်လို့ စာရေးသူ ထင်ပါတယ်။


အနှစ်ပြန်ချုပ်ရရင် အခု ပြည်ပမှာကျင်းပတဲ့ ဒီမိုကရေစီအရေး၊ ဖက်ဒရယ်အရေး လှုပ်ရှားမှုပွဲတွေဟာ အရင်လို လူအနည်ငယ်သာ ပါဝင်တဲ့ပွဲမျိုးမဟုတ်တော့ဘူး။ တိုင်းရင်းသားပေါင်းစုံ၊ မျိုးဆက်ပေါင်းစုံ၊ ခွဲခြားဆက်ဆံမှုမရှိတော့ပဲ အားလုံးပါဝင်တဲ့ ပွဲတွေ ဖြစ်လာနေပါတယ်။


ဒီပွဲကိုလာတဲ့ တဦးချင်းကိုးမေးကြည့်မယ်ဆိုရင်လည်း “နွေဦးတော်လှန်ရေး ရန်ပုံငွေ” အတွက် တနည်းမဟုတ် တနည်းနဲ့ အကူအညီပေးနေသူတွေချည်းဖြစ်နေမှာ သေချာပါတယ်။ 


အများစုက CRPH Support Group, Norway ကနေတဆင့် အလှူငွေ လစဉ်ပုံမှန်ထည့်နေကြပေမယ့် အချို့ကတော့ သက်ဆိုင်ရာဒေသအလိုက် PDF တပ်တွေကိုကူညီတာ၊ CDM တွေကိုကူညီတာ၊ IDP တွေကိုကူညီတာ စသဖြင့် ရှိနေပါတယ်။ အချို့ဆိုရင် ရှိသမျှ အဖွဲ့အားလုံးကို နည်းနည်းစီခွဲပြီး ကူညီနေတာမျိုးလည်းတွေ့ရပါတယ်။ 


ဆိုလိုတာက ဒီပွဲမှာ ဘာမှမလုပ်ပဲ ဘေးထိုင်-ဘုပြော ရပ်ကြည့်နေသူမရှိပါ။ နိုင်တဲ့နေရာကနေ အားလုံးပါဝင်ကူညီပေးနေတာတွေ့ရပါတယ်။

==================================      


(၃) ထန်တလန်သို့ ရောက်ခဲ့စဉ်က

------------------------ 



တိုက်တိုက်ဆိုင်ဆိုင်ပါပဲ၊  “နော်ဝေမှ ထန်တလန်သို့” ရန်ပုံငွေ ဈေးရောင်းပွဲကျင်းပတဲ့ နေ့ဟာ စာရေးသူ ထန်တလန်သို့ ပထမဆုံးအကြိမ်ရောက်ဖူးခြင်း ၂ နှစ်ပြည့်တဲ့နေ့နဲ့ တိုက်ဆိုင်နေပါတယ်။ (နွေဦးတော်လှန်ရေးအောင်ပွဲခံပြီးရင် နောက်တခေါက် ထပ်သွားမယ်)


ချင်းပြည်နယ်ဟာ မြန်မာနိုင်ငံမှာ ဖွံဖြိုးတက်မှုအနည်းဆုံး၊ လမ်းပန်းဆက်သွယ်ရေး အခက်ခဲဆုံးလို့ဆိုကြပါတယ်။ ဒါကြောင့် သွားရောက်လည်ပတ်သူလည်း သိပ်မရှိပါဘူး။ ဒါပေမယ့် သဘာဝအလှတွေနဲ့ နာမည်ကြီးတဲ့ မင်းတပ်၊ ကန်ပက်လက်ဒေသက နတ်မတောင်ကိုတော့ အတော်များများ သွားကြတာတွေ့ရပါတယ်။


ဒီလို သဘာဝအလှတွေနဲ့နာမည်ကြီးတဲ့ နတ်မတောင် (ဒေသအခေါ်  ခေါနုသုမ်) ကိုသွားဖို့ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၇ ညမှာ စာရေးသူဟာ ပုဂံ-ပခုက္ကူကနေ မင်းတပ်မြို့ဆီ တက်လာခဲ့ပါတယ်။ ခေါင်းစဉ်မှာပါတဲ့ ချင်းပြည်နယ်မြောက်ပိုင်းက ထန်တလန်ဟာ မြေပြန့်ဒေသနဲ့ သိပ်ဝေးတယ်ဆိုနိုင်ပေမယ့် တောင်ပိုင်းက မင်းတပ်၊ ကန်ပက်လက်ကတော့ သိပ်မဝေးပါဘူး။


ပခုက္ကူကနေ ၃ နာခွဲ၊ ၄ နာရီလောက်မောင်းရင် မင်းတပ်ကိုရောက်ပါတယ်။ လမ်းကလည်း သိပ်အဆိုးကြီးမဟုတ်ပါဘူး။ ပခုက္ကူကနေ ကံမကိုဖြတ်၊ ပေါက်မြို့အထိက မြေပြန်သက်သက်လို့ထင်ပါတယ်။ ပေါက်ကနေ ကျောက်ထုအကြားမှာ တောင်ပေါ်နည်းနည်းတက်လာတယ်လို့ထင်ရပေမယ့် သိပ်အမြင့်ကြီးတော့ မဟုတ်ပါ။


ကျောက်ထု အလွန်မှာတော့ ကန်ပက်လက်၊ ဆောဖက်သွားတဲ့လမ်းခွဲ၊ တခါ ထီးလင်း၊ ဂန့်ကောဖက်သွားတဲ့လမ်းခွဲတို့ကိုတွေ့ရပါတယ်။ ကျောက်ထုကနေ မင်းတပ်ကြားမှာတော့ တကယ့်တောင်တက်ပေါ့။ တကယ်ဆို ကျောက်ထုအလွန် မကွေးတိုင်းနယ်စပ်နဲ့ ချင်းပြည်နယ်နယ်စပ်မှတ်တိုင်ကနေ မင်းတပ်အထိက ၇ မိုင်ပဲရှိပါတယ်။ 


အခုပြောခဲ့တဲ့ ပခုက္ကူကနေ ကျောက်ထုအထိ၊ ပြီးတော့ ဆော၊ ဟိုဖက်က ထီးချိုှုင့်၊ ဂန့်ကော အားလုံးဟာ မကွေးတိုင်းထဲမှာ ရှိပါတယ်။ ချင်းပြည်နယ်ထဲမှာတော့ ဒီဖက်မှာ မင်းတပ်၊ ဟိုဖက်မှာ ကန်ပက်လက်ပေါ့။ မင်းတပ်ကိုဖြတ်ပြီးဆက်သွားမယ်ဆိုရင် အပေါ်ဖက်မှာ မတူပီ၊ အနောက်ဖက်ကိုဖြတ်ဆင်းရင် ရခိုင်ရိုးမဖက်က ပလက်ဝကိုရောက်နိုင်ပါတယ်။ ဒါက ချင်းတောင်ရဲ့ တောင်ပိုင်း ပထဝီ အနေအထား။


ပင်လယ်ရေပြင်ရဲ့အထက် အမြင့်ပေ (၄၆၂၀)မှာရှိတဲ့ ထင်းရူးပင်တွေကြားက မင်းတပ်မြို့မှာ မြူခိုးတွေအုပ်ဆိုင်းနေပါတယ်။ မြို့ဝင် ဝင်ချင်း ပထမဆုံးတွေ့မိတာက ဦးဝမ္မသူးမောင်း ပန်းခြံပါ။ (စာရေးသူကို လိုက်ပို့တဲ့ မင်းတပ်အမတ်ကြီးက ဒီနေရာကို ပထမဆုံးရွေးပြတာလည်းဖြစ်နိုင်ပါတယ်။ အခုတော့ မင်းတပ်အမတ်မင်းလည်း နွေဦးတော်လှန်ရေးထဲမှာ)။


အဓိကပြောမှာက ထန်တလန်ဆိုတော့ မင်းတပ်အကြောင်း ဒီလောက်ပါပဲ။ မင်းတပ်ကနေ ဟိုဖက်ထွက်ပြီး တောကိုပြန်ပတ်မောင်းရင် နာမည်ကြီးလှတဲ့ နတ်မတောင် (ဒေသအခေါ်  ခေါနုသုမ်)ကိုရောက်ပါတယ်။ ဒီတောင်ကိုလည်း မြေပြန့်ကလူငယ်တွေ အတော်များများရောက်ဖူးပြီးသားဆိုတော့ အကျယ်မချဲ့တော့ပါ။


အဲဒီတောင်ကနေ မင်းတပ်ဖက်မပြန်ပဲ ဒီဖက်ဆင်းလာမယ်ဆိုရင် ကန်ပက်လက်ကိုရောက်ပါတယ်။ ကန်ပက်လက်ကနေထွက်လာရင် မကွေးတိုင်းထဲ ပြန်ဝင်ပြီး ဆောကိုရောက်ပါတယ်။ ဆောကနေ ပြန်ထွက်ရင် ရှေ့မှာပြောခဲ့တဲ့ မင်းတပ်ကိုသွားစဉ်ကလမ်းခွဲ ကျောက်ထုကို ပြန်ရောက်ပါတယ်။ 


(အခုတော့ ဒီဒေသမှာ စစ်ပွဲတွေဖြစ်နေပြီး မင်းတပ်၊ ကန်ပက်လက်၊ ဆော ဒေသခံ PDF တပ်တွေက ဒေသတခုလုံးကို ကြီးစိုးထားလုက်ပြီလို့ ယူဆရပါတယ်)။


ကျောက်ထုကနေ ပေါက်ကိုဆင်းပြီး ပခုက္ကူပြန်ဆင်းမလား၊ မြိုင်ဖက်ကိုဖြတ်ပြီး စစ်ကိုင်းမန္တလေးဝင်မလား၊ ဒါမှမဟုတ် ရခိုင် အမ်း၊ ကျောက်ဖြူဖက်ဆင်းမလား စသဖြင့် လမ်းခွဲတွေရှိပါတယ်။


စာရေးသူက ထန်တလန်သွားမှာဆိုတော့ ကျောက်ထုကနေ ထီးလင်း၊ ဂန့်ကော လမ်းကြမ်းဖက်ကိုရွေးလိုက်ပါတယ်။ တကယ်ဆို မင်းတပ်ကနေ မတူဖက်သွားပြီး ဟားခါးကိုတက်တဲ့လမ်းအတိုင်းသွားမယ်ဆိုရင် မကွေးတိုင်းထဲ ပြန်ဆင်းစရာမလိုပဲ ဟားခါးကနေ ထန်တလန်ကိုရောက်နိုင်ပါတယ်။ 


ဒါပေမယ့် လမ်းကသိပ်ကြမ်းတယ်ဆိုတဲ့အတွက် မကွေးတိုင်းထဲပြန်ဆင်းပြီး ကျောက်ထု၊ ထီးလင်း၊ ဂန့်ကောလမ်းကိုပဲရွေးလိုက်ပါတယ်။ ဒီလမ်းတလျောက်မှာတော့ ယောချောင်းတလျောက်က ရွာတန်းတွေကိုတွေ့ရပြီး တဖက်မှာ ချင်းတောင်တန်း၊ တဖက်မှာ မကွေးတိုင်းထဲက မြေပြန့်စိုက်ခင်းတွေပေါ့။ ဒီဒေသဟာ ယောနယ်အဖြစ် နာမည်ကြိးပြီး အခုတော့ ယောဒေသ PDF က ကြီးစိုးထားလိုက်ပြီလို့ ယူဆရပါတယ်။


ဂန့်ကောကနေ ဟားခါးဖက် မတက်ပဲ ဆက်မောင်းမယ်ဆိုရင် အခု တိုက်ပွဲတွေအပြင်းအထန်ဖြစ်နေတဲ့ စစ်ကိုင်းတိုင်း ကလေးမြို့ ဖက်ရောက်ပါတယ်။ ဂန်ကောဟာ ဟားခါးနဲ့ ကလေးဖက်သွားတဲ့လမ်းခွဲမြို့ဖြစ်သလို မြေပြန့်ဒေသ ပခုက္ကူ၊ ရေစကြို၊ မုံရွာဖက် ဆင်းနိုင်တဲ့ လမ်းခွဲမြို့လည်းဖြစ်ပါတယ်။


စာရေးသူက ထန်တလန်ကိုသွားမှာဆိုတော့ ဂန်ကောမှာ နေ့လည်စာ စားပြီး ဟားခါးကို ဆက်တက်ပါတယ်။ ဂန့်ကော-ဟားခါးလမ်းကတော့ တကယ့် မဟာတောင်တက်လမ်းပါပဲ။ ချင်းတောင်ပိုင်းက မင်းတပ်၊ ကန်ပက်လက်လမ်းတွေလို တိုတိုလေးတွေ မဟုတ်ဘူး။


တောင်ကမြင့်၊ အကွေ့အကောက်ကများ၊ လမ်းကကျဉ်း၊ ရှည်လျားထွေပြားဆိုတော့ မိုင် ၇၀ သာရှိတဲ့ ဂန့်ကော-ဟားခါးလမ်းကို ၃ နာရီလောက်မောင်းရပါတယ်။ မနက်ထွက်လာတဲ့ မင်းတပ်ကနေပြန်တွက်မယ်ဆိုရင် မင်းတပ်-ဟားခါးဟာ မိုင် ၂၀၀ လောက်ရှိပါတယ်။


ဟားခါးဟာ မင်းတပ်ထက်ပိုမြင့်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် (၆၁၂၀) ပေမှာရှိတဲ့အတွက် မနက်ခင်းဆို တမြို့လုံးကိုမြူဆိုင်းနေတဲ့ပုံက သိပ်လှပါတယ်။ (မင်းတပ်က (၄၆၂၀)ပေသာမြင့်ပါတယ်)။ ပြည်နယ်မြို့တော်ရဲ့ ပါလီမန်အဆောက်ဦသစ်နဲ့ ဟိုး.. တောင်တန်းပေါ်က အိမ်ယာအသစ်တွေကို မြို့အဝင်မှာရှိတဲ့ (ဒုသမ္မတ ဟင်နရီ ဗန်ထီးယူ အမည်နဲ့ဖွင့်ထား) View Point Tower ပေါ်ကနေကြည့်ရတာ သိပ်အရသာရှိပါတယ်။


ဟားခါးနဲ့ ထန်တလန်ဟာ ၂၂ မိုင်သာဝေးတယ်ဆိုပေမယ့် လမ်းကြမ်းပြီး တောင်-အတက်-အဆင်း၊ အကွေ့-အကောက် များလွန်းတာကြောင့် တနာခွဲလောက်မောင်းရပါတယ်။ မြို့လယ်မှာ နိုင်လွန်ကတ္တရာခင်းထားပြီး မြို့လေးက အေးချမ်းငြိမ်သက်လှပါတယ်။


မြို့လယ်မှာ ကြီးမားပြီး ရှေးကျလှတဲ့ ဘုရားကျောင်းတခုကိုတွေ့ရပါတယ်။ စာရေးသူ စခန်းချတဲ့နေရာက မြို့ဟိုဖက်အထွက် တောင်တန်းတွေကြားမှာ ဆောက်တဲ့ Resort အသစ်မှာ။ မြူခိုးတွေဆိုင်းနေပြီး အေးစိမ့်စိမ့်ရာသီဥတု၊ မနက်ခင်းနေရောင်အောက်မှာ လမ်းလျောက်ရတဲ့အရသာက ဥရောပက ဆွင်ဇလန်တို့၊ သြစီတီယားတို့၊ နော်ေ၀ နွေရာသီလိုမျိုး။  ဥရောပသွားတွေ အကြိုက်တွေ့မယ့် နေရာမျိုးပေါ့။


အသစ်ဆောက်နေတဲ့ ဖလမ်းလေဆိပ်သာ ပြီးရင် ထန်တလန်ဒေသဟာ တကယ့် Eco Tourism အတွက် အရေးပါတဲ့နေရာ၊ လူကြိုက်များတဲ့နေရာ ဖြစ်လာမှာ သေချာပါတယ်။  


ဒါပေမယ့် စာရေးသူက ညနေပိုင်းရောက်ပြီး မနက်ပိုင်းပြန်ထွက်လာတာဆိုတော့ မြို့တခွင်ကို အသေချာမလေလာခဲ့ရပါတယ်။ မြို့ကနေ ပြန်အထွက် မြို့အဝင်ဆိုင်းဘုတ်ရှိတဲ့ တောင်ကုန်းပေါ်ကနေ ထန်တလန်ကို ပြန်ကြည့်ရတဲ့ မြင်ကွင်းက သိပ်လှပါတယ်။


အခုတော့ ဒီမြို့လေးဟာ စစ်မြေပြင်ဖြစ်လို့...။ မီးလောင်ခံရတာ ၃ ကြိမ်မက ရှိနေပြီဖြစ်ပြီး (မနေ့ကလည်း တခါ ထပ်မီးရှိုခံရပြန်ဟုသိရ) အိမ်ခြေ ၂၀၀ ကျော်အထိ ပျက်စီးနေပြီလို့သိရပါတယ်။ မြို့လူဦးရေ တသောင်းကျော်ဟာလည်း မြို့ကနေ ထွက်ပြေးပြီး ကျေးလက်ကရွာတွေမှာ တသောင်းခန့်နဲ့ အိန္ဒိယနယ်စပ် မီဇူရမ်မှာ တသောင်းနီးပါး ခိုလှုံနေကြတယ်လို့ ဒေသခံလူ့အခွင့်အရေးအဖွဲ့တွေကပြောပါတယ်။


ဒီမြို့လေးအတွက် ကျနော်တို့ ဘယ်လိုကူညီပေးနိုင်ကြမလဲ...။ တကယ်တော့ ဒီမြို့တခုတည်းမဟုတ်ပါဘူး။ ချင်းပြည်နယ်က မြို့ရွာအတော်များများ စစ်ကောင်စီတပ်တွေရဲ့ မီးရှိုဖျက်ဆီးခြင်းကိုခံနေရတာပါ။ ထန်တလန်ကတော့ အဆိုးဆုံးပေ့ါ။


တခါ ချင်းနဲ့ဆပ်စပ်နေတဲ့ မကွေး၊ စစ်ကိုင်းတိုင်းထဲမှာလည်း စစ်ပွဲတွေက ပြင်းထန်၊ လူနေအိမ်တွေ မီးရှို့ဖျက်ဆီးခံနေရတာ မနည်းမနော။ ပြီးတော့ ကယား။ ကရင်နီဒေသ။


တဖက်မှာ စစ်ဒဏ်ကြောင့် ဒီလိုခံနေရသလို အခြားတဖက်မှာလည်း နွေဦးတော်လှန်ရေးကနေ မွေးထုတ်ပေးလိုက်တဲ့ ဒေသခံ PDF တွေက ဒီဒေသ ၄ ခုမှာ အင်အား အတောင့်တင်းဆုံး။ 



=================================


(၄) အဲတော့ ဘာဆက်ဖြစ်မှာလဲ

------------------------- 


အပျက်အစီးသတင်းတွေ၊ မီးရှို့ခံရတဲ့ပုံတွေ မီဒီယာတွေပေါ်မှာ အတော်များများ တွေ့နေရပေမယ့် နွေဦးတော်လှန်ရေးကနေ မွေးထုတ်ပေးလိုက်တဲ့ ဒေသခံ PDF တွေရဲ့ လှုပ်ရှားမှုကို တွေ့ရဖို့ ခက်ခဲနေဆဲဖြစ်ပါတယ်။


စာရေးသူ တွေ့မိတဲ့ ဓာတ်ပုံ ဗွီဒီယို မှတ်တမ်းတွေအရ ချင်းနဲ့ ကရင်နီဒေသက PDF တပ်တွေဟာ အရင် ၈၈ တုန်းက ကျောင်းသားတပ်မတော်လို နယ်စပ်ကတောတောင်တွေထဲ တိုက်နေတာမျိုးမဟုတ်ပါဘူး။ မြို့ငယ်တွေနဲ့  ကျေးလက်ဒေသတွေကို အသေချာ ထိမ်းချုပ်ပြီး ထောင်ချီတဲ့တပ်အင်အားနဲ့ လူထုနဲ့အတူ ချီတက်နေတာ တွေ့ရပါတယ်။


တချို့နေရာတွေမှာဆိုရင် ကုန်တင်ကားတွေ၊ လေးဘီးယက်ကားတွေနဲ့ PDF တပ်တွေ စစ်ကြောင်းချီတက်နေပုံ၊ IDP အတွက် ရိက္ခာ ဆေးဝါး ပို့ပေးနေပုံက ကျေးလက်ဒေသ အတော်များများကို PDF တွေက ထိမ်းချုပ်ထားတယ်ဆိုတာ ပေါ်လွင်နေပါတယ်။


လေ့လာသူတွေရဲ့အဆိုအရ တနိုင်ငံလုံးမှာ PDF တပ်ဖွဲ့ပေါင်း ၃၀၀ ကျော်အထိရှိနေပြီး (ဒီထဲမှာ ၂ နှစ်တာဝန်ထမ်းရမယ့် NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်က အမြဲတန်း PDF မပါသေးဟုထင်) အင်အား တသိန်းကျော်တယ်လို့သိရပါတယ်။ အစောပိုင်းမှာ တူမီးသေနတ်၊ လက်လုပ်မိုင်းတွေကိုသုံးနေရပေမယ့် အခု မောင်းပြန်သေနတ် အတော်များများရနေပြီလို့ဆိုပါတယ်။


တခါ NUG က ထုတ်ရောင်းတဲ့ ငွေတိုက်စာချုပ်ကိုဝယ်ယူအားပေးမှုကလည်း ထင်ထားတာထက် အများကြီးအားကောင်းနေပြီး ၂၄ နာရီအတွင်း ဒေါ်လာ ၁၀ သန်းအထိ ရရှိခဲ့တယ်ဆိုပါတယ်။ ဒါဟာ ရှေ့မှာပြောခဲ့တဲ့ လစဉ်ထည့်ဝင်နေတဲ့အလှုငွေ၊ ဒေသခံ PDF တွေ၊ IDP တွေ၊ CDM တွေကို လစဉ်အကူအညီပေးနေတာတွေနဲ့ မဆိုင်သေးပါဘူး။ တနည်းအားဖြင့် အဲဒီလို အကူအညီပုံမှန်ပေးနေတဲ့ကြားကကို နောက်ထပ် အကူအညီတွေကို ဒေါ်လာသန်းနဲ့ချီ ဆက်ပေးနေကြတာပါ။


ပြည်ပကလူတွေတင်မက။ ပြည်တွင်းကလူတွေကလည်း ပြည်ပက အသိတွေဆီမေးပြီး ငွေတိုက်စာချုပ်တွေဝယ်နေကြလို့ ဘဏ်တွေကတောင် ဖြေးဖြေးလှူကြပါဆိုပြီး တောင်းပန်နေရတဲ့အထိ။ 


ဆိုလိုတာက နွေဦးတော်လှန်ရေးအပေါ် လူထုထောက်ခံမှုက အရင်ဘယ်တုန်းကနဲ့မှ မတူအောင် အားကောင်းနေပါတယ်။ တနည်းအားဖြင့် စစ်ကောင်စီအပေါ် လူထုရဲ့ မလိုလားမှုက အထင်းသားပေါ်နေပြီး အချိန်ကြာလာတာနဲ့အမျှ မလိုလားမှုကနေ အမြစ်ပြတ် ချေမှုန်းရေးအထိ တာစူနေတဲ့ သင်္ကေတတွေ တွေ့လာနေရပါတယ်။


ဒီအချိန်မှာ စစ်ကောင်စီက ဘာဆက်လုပ်မှာလဲ၊ ၂၀၂၃ မှာရွေးကောက်ပွဲလုပ်ပေးမယ် ပြောထားရုံနဲ့ မရလောက်ဘူးဆိုတာကိုတော့ လူတိုင်းသိလောက်ပါတယ်။ အာဆီယံ အပါဝင် နိုင်ငံတကာရဲ့ ကြားဝင်ဖြန်ဖြေမှုကို စစ်ကောင်စီက လက်ခံမှာလား။


အခုချိန်အထိကတော့ အာဆီယံနဲ့လည်းအဆင်မပြေ၊ တရုတ်နဲ့လည်းအဆင်မပြေ၊ ကုလ နဲ့လည်းအဆင်မပြေတဲ့အတွက် စစ်ကောင်စီဟာ ဆွေးနွေးပွဲလမ်းကို ပိတ်ထားသလိုဖြစ်နေပါတယ်။


ဒါဖြင့် ရင်ဆိုင်တိုက်ပွဲတွေကို ဆက်လုပ်သွားမှာလား၊ အခု ရှိနေတဲ့၊ လူထု ထောက်ခံမှုအားကောင်းလှတဲ့ PDF တပ်တွေကို အပြုတ်တိုက်နိုင်မယ်လို့ စစ်ကောင်စီက ခန့်မှန်းထားပါသလား...။


အာဏာသိမ်း ၁၀ လပြည့်အတွက် စာရေးသူမေးမြန်းထားတဲ့ နိုင်ငံရေးအကဲခတ်တဦးရဲ့ အမြင်ကို ဒီနေရာမှာ တင်ပြချင်ပါတယ်။ သူ့ရဲ့အမြင်တိုင်းဆိုရင် စစ်ကောင်စီအတွက် အကောင်းဆုံးထွက်ပေါက်ဟာ အာဆီယံအပါဝင် နိုင်ငံတကာရဲ့ ကြားဝင်မှုကို လက်ခံပြီး ဆွေးနွေးအဖြေရှာရေးဖြစ်ပါတယ်။


အဲဒါကိုလက်မခံပဲ ဆက်တိုက်နေမယ်ဆိုရင်တော့ ရွေးစရာ ၂ လမ်းပဲရှိပါတယ်။ တလမ်းက အာဏာသိမ်းဥက္ကဌကို ဖြုတ်ချပြီး တပ်မတော်ကနေ လူထုခေါင်းဆောင်တွေနဲ့ ဆွေးနွေးအဖြေရှာရေးနဲ့ နောက်တနည်းကတော့ PDF နဲ့လူထုရဲ့ တဖြေးဖြေးအင်အားကောင်းလာနေတဲ့ စစ်ရေးအရတိုက်ခိုက်ဖြုတ်ချမှုကို စစ်ကောင်စီက ခံယူဖို့ပဲဖြစ်ပါတယ်။



ထက်အောင်ကျော်

(၂၈-၁၁-၂၀၂၁)

Friday, November 26, 2021

Interview with Banya Khung Aung (KHRG) part- 2


“ပြည်နယ်လူဦးရေ သုံးပုံတပုံ စစ်ပြေးဒုက္ခသည်ဖြစ်နေတဲ့အတွက် ပြင်ပက အကူအညီမရရင် မလွယ်ဘူး”

(ဗညားခွန်အောင်- Karenni Human Rights Group)
------------------------------------------------
(၂၇/၁၁/၂၀၂၁)

အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့အကြမ်းဖက်မှုတွေကြောင့် ကရင်နီဒေသခံ တသိန်းကျော်၊ တနည်းအားဖြင့် ဒေသလူဦးရေရဲ့ သုံးပုံတပုံဟာ အိုးအိမ် စွန့်ခွာထွက်ပြေးနေရတဲ့အတွက် ကုလသမဂ္ဂအပါဝင် ပြင်ပကအကူအညီမရဘူးဆိုရင် ဆက်လက်ရပ်တည်ဖို့ မလွယ်ဘူးလို့  ကရင်နီ လူ့အခွင့်အရေးအဖွဲ့က ဗညားခွန်အောင်ကပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး ၁၀ လနီးပါးကြာကာလ စစ်ပြေးဒုက္ခသည်တွေရဲ့အခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။

အခု ထုလွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာတော့... ၁၀ လနီးပါးကြာလာတဲ့အထိ ကုလသမဂ္ဂ အေဂျင်စီတွေက စစ်ပြေးဒုက္ခသည်တွေကို အကူအညီမပေးနိုင်သေးတာ ဘာကြောင့်လဲ၊ NUG နဲ့ ဒေသခံ လက်နက်ကိုင်အဖွဲ့တွေကကော ဒုက္ခသည်တွေကို ဘယ်လိုအကူအညီပေးနေသလဲ၊ ပြည်ပရောက် မြန်မာတွေကကော ဘယ်လို ကူညီပေးနေသလဲ၊ ကရင်နီဒေသ တိုက်ပွဲအခြေအနေ ဘယ်လိုရှိသလဲ၊ ဒုက္ခသည်တွေ ဘယ်တော့ အိမ်ပြန်နိုင်မလဲ... စတဲ့ အကြောင်းတွေကို ဆွေးနွေးတင်ပြထားပါတယ်။

Interview with Banya Khung Aung (KHRG) Part 1



“ပြည်သူမှ ပြည်သူသို့ အကူအညီက ရေရှည်မလွယ်တဲ့အတွက် UN အေဂျင်စီတွေရဲ့ အကူအညီ လိုအပ်နေပါတယ်”

(ဗညားခွန်အောင်- Karenni Human Rights Group)
-----------------------------------------------------
(၂၆/၁၁/၂၀၂၁)

စစ်ကောင်စီတပ်တွေရဲ့ ထိုးစစ်ဆင်မှုကြောင့် ကရင်နီဒေသမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူဦးရေ တသိန်းကျော်အထိရှိလာနေပြီး ရိက္ခာနဲ့ အမိုးအကာအတွက် အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ဗညားခွန်အောင်က ပြောပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီး ၁၀ လနီးပါးကာလအတွင်း ကရင်နီဒေသက စစ်ပြေးဒုက္ခသည်တွေအခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလိုပြောခဲ့တာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာတော့... ပြီးခဲ့တဲ့ ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ လွိုင်ကော်မြို့က ကရုနာဆေးခန်းကို စစ်ကောင်စီတပ်တွေက ဝင်ရောက်စီးနင်းမှုနောက်ဆုံးအခြေအနေ၊ တိုက်ပွဲအခြေအနေနဲ့ စစ်ပြေးဒုက္ခသည်ဦးရေ တိုးလာနေမှု၊ နေအိမ်မီးလောင်မှုနဲ့ ဒုက္ခသည်များသေဆုံးမှု၊ ပြည်သူက ပြည်သူသို့အကူအညီကိုသာအားကိုးနေရပြီး ကုလသမဂ္ဂအဖွဲ့အစည်းတွေက အခုချိန်အထိ အကူအညီ မပေးနိုင်သေးတာ ဘာကြောင့်လဲ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ကရင်နီပြည်နယ်ရဲ့ လူဦးရေ သုံးပုံတပုံ နေရပ်စွန်ခွာထွက်ပြေးနေရတဲ့အပေါ် ဘယ်လို အကူအညီပေးနိုင်မလဲဆိုတဲ့ ဆွေးနွေးချက်ပါဝင်တဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်ညမှာ ဆက်လက် ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်။)

Tuesday, November 23, 2021

Interview with Bo Hla Tin of NUG on China-ASEAN Meeting.



“NUG က နိုင်ငံတကာရဲ့ ယုံကြည်မှုကို ပိုရလာနေပါတယ်”

(ဦးဘိုလှတင့်- NUG ၏ အာဆီယံဆိုင်ရာ သံအမတ်ကြီး)
-----------------------------------------------------
(၂၃/၁၁/၂၀၂၁)

ပြည်သူလူထုတရပ်လုံးက နွေဦးတော်လှန်ရေးအပေါ်  ပြတ်ပြတ်သားသားထောက်ခံ အားပေးလာနေတဲ့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းက စစ်ကောင်စီကို ဘေးဖယ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ပိုပြီး အသိအမှတ်ပြုလာနေတာဖြစ်တယ်လို့ အာဆီယံဒေသဆိုင်ရာ သံအမတ်ကြီး ဦးဘိုလှတင့်ကပြောပါတယ်။

မနေ့ကကျင်းပတဲ့ တရုတ်-အာဆီယံ အစည်းအဝေးမှာ စစ်ကောင်စီ ဥက္ကဌကို တက်ခွင့်မပေးပဲ ချန်ထားခဲ့တာနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သံအမတ်ကြီးက အဲဒီလိုဖြေကြားခဲ့တာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် အသေးစိပ်ထဲမှာတော့... တရုတ်-အာဆီယံ အစည်းအဝေးမှာ စစ်ကောင်စီဥက္ကဌကို မဖိတ်ပဲ ချန်ထားခြင်းက သံတမန်ရေးတိုက်ပွဲမှာ ဘယ်လောက် ထိရောက်မှုရှိသလဲ၊ အာဆီယံဒေသဆိုင်ရာ သဘာဝပတ်ဝန်းကျင်ဆွေးနွေးပွဲအတွက် NUG ဝန်ကြီး တဦးကို ဖိတ်ကြားတာဟာ စစ်ကောင်စီနေရာမှာ NUG ကို အစားထိုးတော့မယ့် သဘောလား၊ NUG က ငွေတိုက်စာချုပ်တွေရောင်းပြီး ရန်ပုံငွေရှာနေရတာဟာ နိုင်ငံတကာဖက်က ငွေကြေးအကူအညီမပေးသေးလို့လား... စတဲ့ ဆွေးနွေးချက်တွေကို ရှုစားနားဆင်ရမှာဖြစ်ပါတယ်။

Saturday, November 20, 2021

Interview with Su Su Swe (Human Right Activist in Dawei)


“တောထဲထွက်ပြေးတော့ အိမ် မီးရှို့ခံရတယ်။ မပြေးပဲနေရင် လူပါ အဖမ်းခံရတယ်”

(မယ်စုစုဆွေ- ထားဝယ်ဒေသ လူ့အခွင့်အရေးလှုပ်ရှားသူ)
-----------------------------------------------
(၂၀/၁၁/၂၀၂၁)

တနသာင်္ရီတိုင်း ထားဝယ်ခရိုင်နဲ့ ပုလောဒေသမှာ စစ်ပြေးဒုက္ခသည် ထောင်နဲ့ချီရှိနေပြီး ကယ်ဆယ်ရေးအကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဒေသဆိုင်ရာ လူ့အခွင့်အရေးလှုပ်ရှားသူ မယ်စုစုဆွေကပြောပါတယ်။ ဒါ့အပြင် စစ်ကောင် စီတပ်တွေက ရွာမှာ လူမရှိတဲ့အိမ်တွေကို မီးရှို့နေတဲ့အတွက် ဒေသခံတွေ အတော်ဒုက္ခရောက်နေတယ်လို့ သိရပါတယ်။

တနသာင်္တိုင်းအတွင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ PDF တပ်တွေကြား တိုက်ပွဲဖြစ်ပြီးနောက် ရွာမီးရှို့ခံရတာ၊ ဖမ်းဆီးသတ်ဖြတ်ခံရတာတွေကြောင့် ရွာသားတွေ ထွက်ပြေးပုန်းအောင်နေရတဲ့အခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူမက အဲဒီလိုဖြေကြားခဲ့တာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက်ထဲမှာတော့... ထားဝယ်ခရိုင်နဲ့ ပုလောဒေသမှာ တိုက်ပွဲငယ်တွေ ဆက်တိုက်ဖြစ်နေတာ၊ တောင်ပျောက်ဒေသမှာ ထောင်နဲ့ချီတဲ့ ရွာသားတွေ တောထဲပြေးပုန်းနေရတာ၊ စကစ က ဖြတ်လေးဖြတ် လုပ်ထားတဲ့အတွက် ရိက္ခာအခက်အခဲဖြစ်နေတာ၊ ပြည်တွင်း-ပြည်ပကနေ အရေးပေါ် အကူအညီပေးအပ်ဖို့ လိုနေတဲ့အကြောင်းတွေကို ဆွေးနွေးတင်ပြထားပါတယ်။

Thursday, November 18, 2021

Interview with Way Poe Ngeal of WLB on NUCC Part-2


“စစ်ကောင်စီ ဖြုတ်ချရေးနဲ့ ဖက်ဒရယ်စနစ် တည်ဆောက်ရေးကို တပြိုင်တည်း ဆောင်ရွက်ဖို့လိုပါတယ်”

(လွေးပိုးငယ်- WLB)
----------------------------------------
(၁၈/၁၁/၂၀၂၁)

အာဏာသိမ်း စစ်ကောင်စီ ဖြုတ်ချရေးတိုက်ပွဲနဲ့ ဖက်ဒရယ်စနစ် တည်ဆောက်ရေးလုပ်ငန်းစဉ်ကို တပြိုင်တည်း ဆောင်ရွက်ဖို့လိုပါတယ်လို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC အဖွဲ့ဝင်ဖြစ်တဲ့ အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ (WLB) မှ လွေးပိုးငယ်ကပြောပါတယ်။

NUCC ဟာ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ဘယ်လိုလုပ်ဆောင်မလဲဆိုတာကို အဓိကမပြောပဲ အာဏာရှင်အလွန် ဖက်ဒရယ်တည်ဆောက်ရေးကို အလေးပေး ပြောလွန်းတယ်ဆိုတဲ့ ဝေဖန်မှုတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူမ က အဲဒီလိုဖြေကြားခဲ့တာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာတော့... စစ်အာဏာရှင်ပြုတ်ကျရေးလုပ်ငန်းစဉ်ထက် အာဏာရှင်အလွန် ဖက်ဒရယ်တည်ဆောက်ရေးအပေါ် ဘာကြောင့် ပိုအလေးပေးပြောနေကြသလဲ၊ အရင် ရွေးကောက်ခံ အမတ်တွေချည်းဖွဲ့ခဲ့တဲ့ အစိုးရတွေထက် လက်ရှိ (De Facto) နဲ့ (De Jure) ပေါင်းစပ်ထားတဲ့ NUG အစိုးရမှာ ဘယ်လိုအားသာချက်တွေရှိနေသလဲ၊ လူငယ်တွေကို ဦးဆောင်မှုပိုပေးလိုက်ရင် ခွဲခြားဆက်ဆံမှုတွေ ပပျောက်သွားမလား... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

Wednesday, November 17, 2021

Interview with Lway Peo Ngeal of WLB on NUCC part-1


“NUCC ဟာ De Facto နဲ့ De Jure ပေါင်းစပ်ထားတဲ့ နိုင်ငံရေးလမ်းကြောင်းသစ်ဖြစ်တယ်”

(လွေးပိုးငယ်- WLB)
-----------------------------------------------
(၁၇/၁၁/၂၀၂၁)

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC ကို ဖွဲ့စည်းခြင်းဟာ လက်တွေ့နယ်မြေတွေကိုအုပ်နေသူတွေ (De Facto) နဲ့ ရွေးကောက်ခံထားရသူတွေ (De Jure) ပေါင်းစပ်ပြီး နိင်ငံရေးလမ်းကြောင်းသစ်အဖြစ် အလုပ်လုပ်နိုင်ဖို့ဖြစ်တယ်လို့ အဲဒီအဖွဲ့မှာ ပါဝင်တဲ့ အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ Women's League of Burma (WLB) က လွေးပိုးငယ်ကပြောပါတယ်။

NUCC ဖွဲ့စည်းကြောင်း မနေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းပွဲနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူမ က အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာတော့... NUCC ကို ဘာကြောင့် ဖွဲ့ဖို့လိုအပ်သလဲ၊ ဘယ်အဖွဲ့တွေ ပါဝင်သလဲ၊ ဘာတွေဆောင်ရွက်သွားမှာလဲ၊ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးက ဘာကြောင့် အခုကတည်းက ကြိုတင်ဆွေးနွေးဖို့လိုအပ်နေသလဲ... စတဲ့အကြောင်းအရာတွေကို ဆွေးနွေး တင်ပြထားပါတယ်။

(အာဏာသိမ်းစစ်ကောင်စီ ကိုအရင်ဖြုတ်ချပြီးမှ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုတာကို ဆွေးနွေးသင့်တယ်မဟုတ်လားဆိုတဲ့ မေးခွန်းထုတ်မှုတွေကိုတော့ မနက်ဖန်ထုတ်လွှင့်ပေးမယ့် ဒုတိယ ပိုင်းမှာ စောင့်မျှော် ကြည့်ရှုနိုင်ပါတယ်)။

Sunday, November 14, 2021

Interview with Honey Thang (CHRO) on Htan Tlang


“ထန်တလန်အတွက် အရေးပေါ်အကူအညီ လိုအပ်နေပါတယ်”

(မဟန်နီထန်း- Chin Human Right Organization)
--------------------------------------
(၁၄/၁၁/၂၀၂၁)

အာဏာသိမ်း စစ်ကောင်စီတပ်ရဲ့ မီးရှို့မှုကြောင့် အိမ်ခြေရာနဲ့ချီမီးလောင်ခဲ့ရပြီး သောင်းနဲ့ချီတဲ့လူတွေ နေရပ်ကိုစွန့်ခွာထွက်ပြေးနေရတဲ့ ချင်းပြည်နယ်က ထန်တလန်မြို့မှာ အရေးပေါ်ကယ်ဆယ်ရေးအကူအညီ လိုအပ်နေတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့က မဟန်နီထန်းကပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က မီးလောင်ခဲ့တဲ့ ထန်တလန်မြို့ နောက်ဆုံးအခြေအနေ၊ ကယ်ဆယ်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူမက အဲဒီလိုပြောဆိုခဲ့တာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက်ထဲမှာတော့... ထန်တလန်မြို့ မီးလောင်မှု နောက်ဆုံးအခြေအနေ၊ ကူညီကယ်ဆယ်ရေးအနေအထား၊ ပြည်တွင်း- ပြည်ပက ဘယ်လို ကူညီပေးနိုင်မလဲ၊ နွေဦးတော်လှန်ရေးမှာ ရှေ့တန်းက ပါဝင်နေတဲ့ ချင်းပြည်သူတွေအပေါ် အားပေးစကား...စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။


Saturday, November 13, 2021

Interview with U Myint Kyaw on Danny Fenster.


“သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင်ခံခြင်းက Professionalism ကိုပါ ဆွဲချသွားသလိုဖြစ်စေပါတယ်”

(ဦးမြင့်ကျော်- သတင်းစာဆရာ)
----------------------------------------------------
(၁၃/၁၁/၂၀၂၁)

အာဏာသိမ်းစစ်ကောင်စီက လွတ်လပ်တဲ့သတင်းဌာနတွေကို ပိတ်ပင်လိုက်ခြင်းဟာ လွတ်လပ်စွာသတင်းရယူခွင့်ကို ထိခိုက်ရုံတင်မကပဲ သတင်းလောကရဲ့ Professionalism ကိုပါ ဆွဲချသွားသလိုဖြစ်စေခဲ့တယ်လို့ ဝါရင့်သတင်းစာဆရာ ဦးမြင့်ကျော်ကပြောပါတယ်။

အမေရိကန်သတင်းသမား Danny Fenster ကို စစ်ကောင်စီတရားရုံးက ထောင်ဒဏ် ၁၁ နှစ်အထိအပြစ်ပေးလိုက်တဲ့အခြေအနေအပါဝင် လက်ရှိ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်အခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက်ထဲမှာတော့ ... အမေရိကန်သတင်းသမားတဦးကို ထောင်ဒဏ် ၁၁ နှစ်အထိချလိုက်တာ သိပ်များမနေဘူးလား၊ ဖမ်းဆီးခံ မြန်မာသတင်းသမားတွေရဲ့ အခြေအနေ ဘယ်လိုရှိသလဲ၊ သတင်းရရေးအတွက် ဆိုရှယ်မီဒီယာတခုတည်းကို အများပြည်သူက အားထားနေရပြီလား၊ လက်ရှိ မီဒီယာတွေရဲ့ သတင်းဖေါ်ပြမှု အဆင့်အတန်းက ဘယ်လိုရှိသလဲ၊ သတင်းလွတ်လပ်ခွင့်ကို ဒီအချိန်မှာ မျှော်လင့်လို့ ရသေးရဲ့လား... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

Wednesday, November 3, 2021

Interview with Aung Thu Nyein- (about Bill Richardson's trip)



“အမေရိကန်ဖက်က သံတမန်ရေးလမ်းကြောင်းဖောက်တယ်လို့ ယူဆပါတယ်”

(ဦးအောင်သူငြိမ်း- နိုင်ငံရေး ဝေဖန်သုံးသပ်သူ)
--------------------------------------------
(၄/၁၁/၂၀၂၁)

အမေရိကန် ဝါရင့်သံတမန် Bill Richardson ရဲ့မြန်မာနိုင်ငံ ခရီးစဉ်ဟာ သာမန်ပုဂ္ဂိုလ်ရေးခရီးစဉ်မဟုတ်ပဲ ၉ လကြာပိတ်ဆို့နေတဲ့ သံတမန်ရေးလမ်းကြောင်းကို လမ်းစ ပြန်ဖေါ်ပေးဖို့ဖြစ်နိုင်တယ်လို့ နိုင်ငံရေးဝေဖန်သုံးသပ်သူ ဦးအောင်သူငြိမ်းကပြောပါတယ်။

စစ်အာဏာသိမ်းမှု ၉ လပြည့်ချိန်၊ အာဆီယံ အထူးကိုယ်စားလှယ်၊ ကုလ အထူးကိုယ်စားလှယ်တွေ မြန်မာနိုင်ငံထဲ ဝင်ခွင့်မရပဲဖြစ်နေချိန်မှာ အမေရိကန် ဝါရင့်သံတမန် Bill Richardson ရဲ့ ထူးခြားတဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်ကမေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက်ထဲမှာတော့ အမေရိကန်သံတမန်ရဲ့ ခရီးစဉ်အပြီးမှာ ဘာတွေထူးခြားမှုရှိလာနိုင်သလဲ၊ အာဆီယံနဲ့ ကုလ အထူးကိုယ်စားလှယ်တွေ မြန်မာနိုင်ငံဆီ လာခွင့်ရလာနိုင်သလား၊ တရုတ်နိုင်ငံဖက်ကကော ဘယ်လိုတုန့်ပြန်လာနိုင်ဖွယ်ရှိနေသလဲ၊ သံတမန်ရေးကြိုးပမ်းမှုတွေက စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကို တားဆီးနိုင်ပါ့မလား... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More