Monday, June 27, 2016

အစိုးရသစ်လက်ထက် ပထမဆုံးအကြိမ် ပြန်တော်ပြန်ခြင်း

The Voice Daily, 26-06-2016.

ဗီဇာ လွယ်ပြီလား

တတိယ နိုင်ငံရောက် တောခိုကျောင်းသားဟောင်းတွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ  ပြည်တော်ပြန်မယ်ဆိုရင် ပထမ ဆုံးကြုံရတာက ဗီဇာ လျှောက်ရတာ အဆင်ပြေရဲ့လားဆိုတာပါပဲ။ ဘာကြောင့်လဲဆို ကျနော်ပါဝင်ခဲ့ဖူးတဲ့ ABSDF (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး) အဖွဲ့မှ ဥက္ကဌဟောင်းတွေဖြစ်တဲ့ ကိုမိုးသီးဇွန်နဲ့ ဒေါက်တာနိုင်အောင်တို့ကို အစိုးရသစ်က အခုချိန်ထိ ဗီဇာ ထုတ်မပေးသေးဘူးဆိုပြီး သတင်းတွေ ကြားနေရလို့ဖြစ်ပါတယ်။


ထိုင်းနိုင်ငံရှိ မြန်မာသံရုံးက ဗီဇာထုတ်မပေးလို့ ဂျပန်အထိသွားပြီး ဗီဇာလျောက်နေတဲ့ ကိုမိုးသီးဇွန်ကို (ဇွန်လ ဒုတိယပတ်ကအခြေအနေမေးကြည့်တော့ အခုထိမရသေးဘူးလိုပြောပါတယ်။ ဒါပေမဲ့ နော်ဝေးမှာတော့ မြန်မာသံရုံးက ဗီဇာတွေ ထုတ်ပေးနေကြောင်း၊ ဒီနှစ်အတွင်း အော်စလိုသံရုံးက ဗီဇာ ထုတ်ပေးလိုက်သူ ၁၀၀ ၀န်းကျင်တောင်ရှိနေပြီလို့ ဆိုပါတယ်။

ဥရောပရဲ့ နွေရာသီရုံးပိတ်ရက်၊ ကျောင်းပိတ်ရက် ဇွန်၊ ဇူလိုင်မှာ မြန်မာနိုင်ငံဆီပြန်လည်မဲ့သူ အတော်များပါတယ်။ သူတို့ကိုမေးကြည့်တော့ တခေါက်သွားဖူးပြီးသားဆိုရင် တပတ်အတွင်း ဗီဇာ ရတယ်။ ပထမ အခေါက်သွားမဲ့သူဆို နေပြည်တော်ဆီ တင်ရတဲ့အတွက် ပတ်လောက်ကြာတယ်လို့ဆိုပါတယ်။ လျှောက်လွှာပုံစံတွေကိုတောင်းကြည့် တော့ စာမျက်နှာ မျက်နှာအထိရှိပြီး ဖြည့်စွက်ရမဲ့အချက် ၄၇ ချက်အထိပါဝင်နေတာကိုတွေ့ရပါတယ်။ အစိုးရသစ် လက်ထက်မှာ ဒါမျိုးရှိသင့်သေးသလား။

ဒါကိုပင် အရင် အစိုးရခေတ်နဲ့စာရင် တိုးတက်လာတယ်လို့ပြောနေသူတချို့ရှိပါတယ်။ ဘာကြောင့်လဲဆို အရင် စစ် တပိုင်းအစိုးရခေတ်မှာ အော်စလိုသံရုံးကိုစတင်ဖွှင့်ခဲ့ပေမဲ့ သံရုံးဝန်ထမ်းတွေက သူပုန်ဟောင်းတွေ၊ နိုင်-ကျဉ်း ဟောင်းတွေနဲ့ စကားမပြောရဲပါ။ အခု အစိုးရသစ်တက်တော့မှ၊ တနည်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နိုင်ငံခြားရေးဝန်ကြီးဖြစ်လာတော့မှ သံရုံးတွေက သဘောထားပြောင်းပြီး အဝေးရောက်မြန်မာတွေကိုလည်း ကူညီရမယ်လို့ လေသံပြောင်းလာတာဖြစ်ပါတယ်။

ဒါပေမဲ့ သံရုံးနဲ့မဆက်ဆံချင်သူ၊ စာရွက်ပေါင်းများစွာဖောင်ဖြည့်ရမှာကို စိတ်ကုန်နေသူတွေကတော့  သံရုံးကပေး တဲ့ ဆိုရှယ်ဗီဇာ (Social Visa) အစား အင်တာနက်ပေါ်လျောက်ရတဲ့ E-visa ကို ပိုကြိုက်ကြတယ်လို့ပြောပါတယ်။ ဒေါ်လာ ၅၀ ပေးလိုက်ရင် ၂၄ နာရီအတွင်း ဗီဇာ ရပါတယ်။ သံရုံးမှာလျောက်ရင် Tourist ဗီဇာက ခရိုနာ ၂၅၀ (ဒေါ် လာ ၃၀ ခန့်) ဆိုရှယ်ဗီဇာက ခရိုနာ ၃၅၀ (ဒေါ်လာ ၄၅) မို့ နဲနဲသက်သာပေမဲ့ ၄၇ ချက်ဖောင်ဖြည့်ရမဲ့ ဟာမျိုးကို သူတို့က သိပ်မကြိုက်ကြပါ။

ဒါက နော်ဝေးကအခြေအနေပါ။ တခြားအနောက်နိုင်ငံတွေမှာလည်း အရင်နဲ့စာရင် ဗီဇာကိစ္စ ပိုလွယ်လာတယ်လို့ ABSDF ရဲဘော်ဟောင်းတွေက ပြောပါတယ်။ ဘာဖြစ်ဖြစ် အရင် ဦးသိန်းစိန်အစိုးရခေတ်ကလို ဘန်ကောက်ရောက်မှ ဗီဇာ ၀င်လျှောက်၊ မရ မသေချာလို့ ထိုင်စောင့်ရင်းနဲ့ အချိန်တွေကုန်၊ စရိတ်တွေကုန်တာနဲ့စာရင်တော့ အများကြီးတိုးတက်လာတယ်လို့ ဆိုရမှာပါ။ 

ဒါပေမဲ့ ကိုမိုးသီဇွန်တို့၊ ဒေါက်တာနိုင်အောင်တိုအပါဝင် တချို့ရဲဘော်ဟောင်းတွေကို အခုချိန်ထိ ဗီဇာထုတ်မပေး သေးတာ၊ အစိုးရဟောင်းခေတ်က ထုတ်ထားတဲ့ Black Lists စာရင်းဆိုတာတွေကို အခုထိ မဖျက်နိုင်သေးဘူးဆို တာတွေကတော့ အစိုးရသစ်အပေါ် မေးခွန်းထုတ်စရာရှိနေဆဲပါ။


မြန်မာလေကြောင်း ဘယ်တော့ ကမ္ဘာပတ်နိုင်မလဲ

ဗီဇာ ရပြီဆိုတော့ လေယဉ်လက်မှတ်ဝယ်ရမှာပေါ့။ ဒါက သွားခါနီးမှ ကတိုက်ကရိုက်ထလုပ်လေ့ရှိတဲ့ ကျနော်တို့လို ပုဂ္ဂိုလ်တွေရဲ့ စဉ်းစားချက်ပါ။ ဒီနိုင်ငံကလူအများစုကတော့ ဒီလိုမဟုတ်။ ဒီနှစ် ဇူလိုင်မှာ ဟောလီးဒေးသွားမဲ့အစီစဉ် ကို မနှစ်ဇူလိုင်ကတည်းကကြိုဆွဲထားပြီးသား။ လ၊ တနှစ်လောက်ကြိုပြီး လေယဉ်လက်မှတ်ဝယ်ထားရင် ဈေးက ပုံတပုံ လောက်တောင် သက်သာပါတယ်။ 



ကိုယ်က အဲဒီလို ကြိုမစီစဉ်နိုင်သူဆိုတော့ ဈေးကြီးပေးရမှာပေါ့။ ဒီကြားထဲ တဆင့်ခံ၊ နှစ်ဆစ်ခံ လေယဉ်မပြောင်း ချင်တော့ အော်စလို-ဘန်ကောက် ဒါရိုက်ပြေးတဲ့ ထိုင်းလေကြောင်းကို ၀ယ်လိုက်မိပါတယ်။ ဈေးကကြီးသလား မမေးနဲ့၊ ၀န်ဆောင်မှုအကောင်းဆုံးလေကြောင်းဆိုတော့ ဒေါ်လာ ၁၁၀၀ ပေးရတာ တန်တယ်လို့ပြောရမှာပေါ့လေ။ ဒီနေရာမှာ မြန်မာ့လေကြောင်းလိုင်းများရှိနေရင် ဒီထက်ဈေးသက်သာလေမလားလို့ လိုရာဆွဲတွေးမိပါသေးတယ်။

အရင်အခေါက်တွေတုန်းက ဈေးသက်သာတဲ့ နော်ဝေးလေကြောင်း၊ ဖင်လန်လေကြောင်း၊ ရှုရှားလေကြောင်းတွေ ကိုစီးခဲ့ဖူးပါတယ်။ ဒါပေမဲ့ အနောက်တိုင်းသားတွေဆက်ဆံပုံက အလုပ်သဘော  သိပ်ဆန်ပြီး အာရှသားတွေ၊ အထူးသဖြင့်ထိုင်းတွေဆက်ဆံပုံက မိတ်ဆွေပိုဆန်သလိုစိတ်ထဲခံစား မိသလိုပါပဲ။ ပြီးခဲ့တဲ့အခေါက်က စီးခဲ့ဖူးတဲ့နော်ဝေ လေကြောင်းဆိုရင် ဘာဝန်ဆောင်မှုမှ အခမဲ့မပေးပါ။ ရေကအစ ၀ယ်သောက်ရပါတယ်။ စောင်၊ ခေါင်းအုံး၊ နားကျပ်၊ စားစရာ စသဖြင့် လိုတာအကုန် ထပ်ဝယ်ရပါတယ်။ 

ဝယ်တာတောင် ရိုးရိုးငွေသားနဲ့မရ။ ထိုင်ခုံမှာတပ်ထားတဲ့ စက်ပေါ် ခရက်ဒစ်ကတ်နဲ့ခြစ်ပြီးဝယ်ရပါတယ်။ သိပ်ပြီး စက်ရုပ်ဆန်သွားသလိုပါပဲ။ အခု ထိုင်းလေကြောင်းကတော့ အဲဒီလိုမဟုတ်။ဆ၀ါဒီခပ်ဆိုတဲ့အသံကို ကြားကတည်းက အိမ်နီးချင်းထိုင်းနယ်မြေထဲ ရောက်သွားသလိုခံစားရပါတယ်။ တောခိုကျောင်းသားဟောင်း အတော် များများဟာ ထိုင်းမှာ ဆယ်စုနှစ်နဲ့ချီနေခဲ့ဖူးကြောင့် ထိုင်းရောက်ရင် ကိုယ့်နယ်မြေရောက်သလိုဖြစ်သွားလေ့ရှိပါတယ်။ 

ထိုင်း ကောင်းကြောင်းပြောတာ သိပ်များသွားပြီလားမသိ။ မကောင်းတာတခု ကြုံခဲ့ရတာကိုလည်း တင်ပြချင်ပါတယ်။ အဲဒါကတော့ အော်စလိုလေယဉ်ကွင်း ထိုင်းလေကြောင်းလိုင်းရဲ့ ခရီးသည်နားနေ ခန်းဟာ ကျဉ်းလွန်းပါ တယ်။ ခရီးသည်ရာနဲ့ချီရှိပေမဲ့ Waiting Room က လူ ၃၀ စာလောက်ပဲ ထိုင်ခုံရှိပါတယ်။ ခရီးသည်တွေထဲမှာ နော်ဝေးတ၀က်၊ ထိုင်းက တ၀က်လို့တောင်ပြောရမလားမသိပါ။ ခရီးသွားတဲ့ထိုင်းတွေ အတော်များပါတယ်။ လူဖြူအမျိုးသားတွေ၊ ထိုင်းအမျိုးသမီးတွေ၊ ကပြား ကလေးငယ်တွေက အများစုပေါ့။

ပွင့်လင်းစ မြန်မာနိုင်ငံမှာလည်း ဒီလိုဖြစ်နေပြီလား မပြောတတ်။ ပြီးခဲ့တဲ့ခရီးစဉ်တွေတုန်းကတော့ လူဖြူအမျိုး သားနဲ့ မြန်မာအမျိုးသမီးငယ်တွေ တွဲသွားနေတာမြင်ခဲ့ရပါတယ်။ ဒါဟာ ဂလိုဘယ်လယ်ဇေးရှင်းရဲ့ အကျိုးဆက်တခုပါပဲ။ ဒါကိုဒွန်တွဲတဲ့ ဆိုးဖက်အဖြစ် ရှေးရိုးဆန်သူတွေ ကမြင်လေ့ရှိပါတယ်။ ဒါပေမဲ့ လူ့အခွင့်ရေးကိုလေးစား သူ၊ ခွဲခြားဆက်ဆံခြင်းကို ကန့်ကွက်သူတွေကတော့ ဒါကို တိုးတက်မှုတခုအဖြစ် မြင်နေကြပါတယ်။

လေယဉ်ပေါ် ရောက်ပါပြီ။ ‘’ဆ၀ါဒီခပ်’’ ဆိုတဲ့အသံနဲ့ လက်အုပ်ချီနှုတ်ဆက်တဲ့ ဟန်ပန်အပြင် ဘန်ကောက်ထုတ် The Nation, Bangkok Post နဲ့ ထိုင်း သတင်းစာတွေကိုပါမြင်ရတော့ ထိုင်းထဲတကယ်ရောက်သွားသလိုပါပဲ။ ကျွေးတဲ့အစားအစာကိုလည်း ကြည့်ပါဦး။ အနောက်တိုင်းသားအကြိုက်ဖြစ်အောင် နဲနဲပြုပြင်ထားတဲ့ ထိုင်းအစားစာ တွေ။ နော်ဝေးလေကြာင်းမှာဆို ပိုက်ဆံရှိရင်တောင် ထမင်းက မှာစားလို့မရ။ ပေါင်မုန့်နဲ့ပဲ နှစ်ပါးသွားရမဲ့ကိန်း။ စားအစာတင်မက၊ ယာမကာမှာလဲ ဘီယာဆင်းတို့၊ ဘီယာချန်းတို့ရနေပြီဆိုတော့ ထိုင်းလေယဉ်ပေါ်ရောက်နေ တာဟာ ထိုင်းနယ်မြေထဲရောက်နေသလိုပါပဲ။

မြန်မာလေကြောင်းလိုင်းတွေမှာကော အခု မြန်မာရိုးရာစားစရာတွေကျွေးနေပြီလား။ ပြီးခဲ့တဲ့နှစ် ရန်ကုန်ကနေ ဘန်ကောက်အထွက်မှာ မြန်မာလေကြောင်းလိုင်းကိုစီးဖူးပေမဲ့ ကော်ဖီနဲ့ ကိတ်မုန့် ကိုသာကျွေးပါတယ်။ အခု အစိုးရ သစ်လက်ထက်မှာတော့ နိုင်ငံတော်ဧည့်သည်တွေကို မြန်မာ့ရိုးရာစားစရာဆိုပြီး ကြက် ကာလသားချက်နဲ့ ကျွေးနေပြီဆိုတော့ မြန်မာ့လေကြောင်း အစားအစာတွေလဲ ပြောင်းလောက်နေပြီပေါ့။ 

အဲဒီကတဆင့် မြန်မာလေယဉ်တွေ နိုင်ငံတကာလေယဉ်ကွင်းတွေဆီပြေးတဲ့ အဆင့်ထိ မကြာခင် ဖြစ်လာနိုင်မလား။ ရန်ကုန်က မင်္ဂလာဒုံလေယဉ်ကွင်းလည်း ဘန်ကောက်က သုဝဏဘုမိကွင်းလို၊ စကာင်္ပူက ချန်ဂီလေယဉ်ကွင်းလို အာဆီယံဒေသရဲ့ ဗဟိုချက်ဖြစ်လာနိုင်မလား။ အစိုးရသစ်ရဲ့ ရက် ၁၀၀ စီမံကိန်းထဲ ဒါတွေကိုမတွေ့မိသေး ပေမဲ့ နှစ်တာစီမံကိန်းထဲတော့ ပါကောင်းပါလာနိုင်တယ်လို့ မျှော်လင့်ရပါတယ်။


ဘန်ကောက်မှ ရန်ကုန်သို့အ၀င်

ဟိုတွေး၊ ဒီတွေလုပ်ရင်း မှေးကနဲအိပ်ပျော်သွားပါတယ်။ ဒါပေမဲ့ နှိုက်နှိုက်ချိုင့်ချိုင့်တော့မဟုတ်။ ပထ၀ီအနေ ထားပြောင်းသွားတော့ နေ့နဲ့ညက ပြောင်းပြန် ဖြစ်သွားသလိုလို။ အော်စလိုက စထွက်လာတဲ့အချိန်က ဒေသစံတော်ချိန် စနေနေ့နေ့လည် နာရီ။ ဘန်ကောက်ကိုရောက်မဲ့အချိန်က ဒေသစံတော်ချိန် တနင်္ဂနွေ မနက် နာရီ။ ပြန်သန်းချိန်က ၁၁ နာရီဆိုပေမဲ့ ဘန်ကောက်ရောက်မဲ့အချိန်က အော်စလိုအချိန် ညသန်းခေါင်ယံပေါ့။ အဓိပယ်က လေယဉ်စီးရင်းနဲ့ တရက်တာအချိန် ပျောက်သွားပြီး အိပ်ချိန်မရလိုက်ပါ။ 


တမှေးနိုးလာတော့ ထိုင်းစံတော်ချိန် မနက် နာရီလောက်ရှိနေပြီ။ ပြန်အိပ်မပျော်တာနဲ့ သူများတွေလုပ်နေ သလို ထိုင်ခုံမှ အဆင့်သင့်ရှိနေတဲ့ TV ဖန်သးပြင်ငယ်ပေါ်မှာ ရုပ်ရှင်ကြည့်မိပါတယ်။ တိုက်ဆိုင်ချင်တော့ ကျနော်ကြိုက်တဲ့ ထိုင်းအက်ရှင်မင်းသား Tony Jaa ရဲ့ ‘’တုန့်ယံကူး’’ ဇတ်ကား အမှတ် ဖြစ်နေပါတယ်။ သူ့ဇတ်ကားတွေကို စာဖတ်သူတချို့ ကြည့်ဖူးကောင်းကြည့်ဖူးမယ်ထင်ပါတယ်။ ထိုင်းရိုးရာကို သရုပ်ဖေါ်တဲ့ကားတွေကိုရိုက်ပြီး ထိုင်းစကားပြော၊ အဂ်လိပ်စာတန်းထိုးဖြစ်ပါတယ်။ ဟောလီးဝုဒ်အဆင့်မီ၊ နိုင်ငံတကာ အဆင့်မီတယ်လို့ထင်ပါတယ်။

အခု မီဒီယာပွင့်လင်းစ မြန်မာနိုင်ငံမှာကော (Twilight over Burma ရုပ်ရှင် အပိတ်ခံရသည့်တိုင်) ဒီလို အဆင့်မြင့်ကားတွေ ရိုက်ခွင့်ရလာနိုင်မလား။ ရန်ကုန်ရောက်မှ အသိမိတ်ဆွေ ဒါရိုက်တာကို မေးကြည့်ရ ပါဦးမယ်။ ဟောပြောရင်းဆိုရင်းနဲ့ လေယဉ်က ဘန်ကောက် သူဝဏဘုမိလေယဉ်ကွင်းဆီ ဆင်းနေပါပြီ။ အရင်ကဆိုရင် ဘန်ကောက်မှာ တထောက်နားပြီး မြန်မာသံရုံးမှာ ဗီဇာသွားလျောက်နေကြ။ အခုတော့ ဗီဇာကရပြီးသားဆိုတော့ ဘန်ကောက်ကိုဝင်စရာမလို၊ လေယဉ်ပြောင်းပြီး ရန်ကုန်အထိ ဒါရိုက်သွားနိုင်ပြီ။ အိပ်ငိုက်ငိုက်နဲ့ လျောက်နေရလို့ လားမသိပါဘူး။ Transit နေရာကနေ ရန်ကုန်သွားတဲ့ ကောင်တာဆီလျောက်လိုက်ရတာ မီနစ် ၃၀ လောက်တောင်ကြာပါတယ်။

Waiting Room ထဲမှာ စောင့်နေသူတွေကတော့ အရင်တခေါက်ကနဲ့ သိပ်မထူးခြား။ မြန်မာနိုင်ငံကနေ ဘန်ကောက်မှာ ဆေးဝါးကုသမှုလာခံယူပုံရတဲ့ အသက်ကြီး၊ နာမကျမ်း မိသာစုတချို့။ ငွေကြေး သိပ်ချမ်းသာသူလို့ယူဆရတဲ့ တောက်တောက်ပြောင်ပြောင် စီးပွားရေးသမားတချို့။ လူဖြူတချိုနဲ့ အိန္ဒိယနွယ်ဖွား စီးပွားရေးသမားတချို့ကိုတွေ့ရပါတယ်။ အော်စလို-ဘန်ကောက်လေယဉ်ပေါ် ထိုင်ခုံလွတ် မရှိအောင် လူတွေပြည့်ကျပ်နေပေမဲ့ ဘန်ကောက်-ရန်ကုန်လေယဉ်ပေါ်မှာတော့ ခရီးသည်က တ၀က်လောက်ပဲရှိပါတယ်။

ဒီတော့ ပြူတင်းပေါက်ဘေးနားက လွတ်နေတဲ့ခုံမှာဝင်ထိုင်းပြိး ဘန်ကောက်အတက်နဲ့ ရန်ကုန်အဆင်း ပုံတွေကို အသေချာရိုက်ခွင့်ရခဲ့တယ်ဆိုပါတော့။ ဒါပေမဲ့ ရာသီဥတုက ဥရောပနဲ့ပြောင်းပြန်။ မိုးရာသီ ဆိုတော့ တိမ်နဲနဲရှိနေတဲ့အတွက် မြင်ကွင်းက သိပ်မကောင်းလှပါ။ တိုက်တာအဆောက်ဦးတွေကြားက သုဝဏဘုမိ လေယဉ်ကွင်းနဲ့ နှစ်ထပ်အိမ်လေးတွေ၊ လယ်စောင့်တဲလေးတွေ၊ ရေလွှမ်းနေတဲ့ လယ်ကွင်းတွေဘေးက မင်္ဂလာဒုံကွင်းအခြေအနေဟာ အတော်ကွာနေဆဲဖြစ်ပါတယ်။ လေယဉ်ကွင်းတိုး ချဲ့နေတယ်၊ လေယဉ်ကွင်းအဆောက်ဦတွေ တိုးချဲ့နေတယ်ဆိုပေ မဲ့ သုဝဏဘုမိလို၊ ချန်ဂီ လို အာဆီဒေသ ရဲ့ ဆုံချက်လေယဉ်ကွင်းဖြစ်လာဖို့တော့ အများကြီးဆက်လုပ်ဖို့လိုနေဆဲပါ။

ဒါပေမဲ့ လေယဉ်ကွင်းဝန်ထမ်းတွေရဲ့ ၀န်ဆောင်မှုကတော့ အစိုးရဟောင်းခေတ်ကထက် တိုးတက်လာ တာတွေ့မိပါတယ်။ Passport Control နေရာနဲ့ ကာစတန်စစ်ဆေးတဲ့နေရာတွေမှာ သိသာပါတယ်။ အရင်လို ဆောင့်ကြွားဆောင့်ကြွားနဲ့ ခရီးသည်တွေကြား ဖြတ်လျောက်သွားလေ့ရှိတဲ့ ထောက်လှမ်းရေးတွေ ကို မတွေ့မိတော့ပါ။ ကာစတန်နဲ့ လေယဉ်ကွင်းအထွက်မှာ စစ်တဲ့ X-ray စက်ဘေးမှာရပ်ပြီး အစိမ်း ရွက်လေး (ဒေါ်လာ) ဒေါ်လာ၊ ၁၀ ဒေါ်လာ ပေးပါဆိုပြီးတောင်းတဲ့လူတွေလည်း မရှိတော့ပါ။ တခါ ခရီးဆောင်အိတ်တင်တဲ့ လက်တွန်းလှန်းကို ကူတွန်းပေးပြီး ပိုက်ဆံတောင်းသူလည်း မရှိတော့ပါ။

အဲဒီလို ချီးကျုးလို့မှ မဆုံးသေး။ တက္ကစီငှားမယ်လဲပြင်ရော၊’’မြို့ထဲ ၇၀၀၀’’ ဆိုပြီးရေးထားတဲ့၊ အရင်အခေါက် ကတွေ့ ထားဖူးတဲ့ သတိပေးစာတန်းတွေ မတွေ့မိတော့ပါ။ ဘယ်လိုဖြစ်သွားတာလဲဆိုပြီး တက္ကစီသမားတွေ ကိုမေးကြည့်တော့ စနစ်ပြောင်းလိုက်ပြီ။ လေယဉ်ကွင်းတိုးချဲ့တဲ့အတွက် တက္ကစီတွေ ဂိတ်ဝင်ကြေး ၅၀၀ ပေးရတယ်။ ဒါကြောင့် ဈေးတက်သွားပြီ။ အနည်းဆုံး ၈၀၀၀ ပေးရမယ်လို့ ပြောပါတယ်။ အင်းလောလောဆယ်တော့ သူတောင်းသလောက် ပေးရုံမှတပါး ဘာမှမတတ်နိုင်။ 

မြန်မာ့ Facebook လောကမှာ မကြာခဏဖတ်ဖူးနေတဲ့ လေယဉ်ကွင်းနဲ့ ရန်ကုန်မြို့လယ်ကို မိုးပျံ ရထား လမ်း ဖောက်တော့မယ်၊ အထူးဘတ်စ်ကားတွေ ပြေးတော့မယ်ဆိုတာတွေဟာ ရက် ၁၀၀ အတွင်းတော့ ဘယ်အကောင်အထည်ဖေါ်နိုင်ဦးမလဲလေ။ ဒါဖြင့် ကွမ်းသွေးပေနေတာ၊ ကွမ်းစားတာကို တိုက်ဖျက်မယ်ဆို တာကကော အလုပ်ဖြစ်နေပြီလား။ ထူးထူးခြားခြား ဒီတခေါက် ကျနော်စီးမိတဲ့ တက္ကစီသမားက ကွမ်း မစားသူဖြစ်နေပါတယ်။ 

ဒါပေမဲ့ မီးပိုင့်တနေရာမှာ သူကွမ်းဝယ်တာတွေ့တော့ ‘’ကွမ်းယာတွေ ဖမ်းနေတယ်မဟုတ်လား’’ ဆိုပြီး ကျနော်နှုတ်က အလိုလိုထွက်သွားပါတယ်။မဖမ်းပါဘူး။ ကွမ်းသွေးထွေးတာကိုပဲဖမ်းတာပါ။ ဒါကြောင့် ကျနော်မထွေးပဲငုံထား တာလေဆိုပြီ တက္ကစီဆရာကပြန်ပြောပါတယ်။ ဒီတော့မှ တက္ကစီသမား စကားနဲနေတာ ဒါကြောင့်ကိုးဆိုပြီး သဘောပေါက်ပါတယ်။ ကွမ်းသွေးထွေးသူတွေကို ဖမ်းနေတယ်ဆိုတာ ဟုတ်လောက်ပါတယ်။ အရင်ခရီးစဉ်တွေနဲ့စာရင် တတ္ကစီသမားတွေ မီးပိုင့်မှာရပ်နေတုန်း လမ်းမပေါ် ကွမ်းသွေးထွေးတာ မတွေ့မိတော့သလောက်ပါပဲ။

ရန်ကုန်မြို့ထဲဝင်လာတော့ ပထမ ဆုံးသတိပြုမိတာက မိုင် ကုန်းကျော်တံတားကြီး။ အရင်ခရိးစဉ်တွေ တုန်းက ဒါတွေမရှိသေးဘူးလေ။ လှည်းတန်း၊ ရွှေဂုံတိုင်နဲ့ ဘုရင်နောင် နေရာပဲရှိပါသေးတယ်။ အခုတော့ မိုင်အပြင် ကုက္ကိုင်းလမ်းဆုံနဲ့ တာမွေအ၀ိုင်းကြီးမှာလည်း ကုန်းကျော်တံတားကြီးက နည်းတာမဟုတ်။ ဒါပေမဲ့ ကိစ္စတခုရှိလို့ အဲဒီတံတားဘေးကနေ ကုန်တိုက်ဆီလမ်းလျောက်တဲ့အခါ အရင်ကရှိခဲ့ဖူးတဲ့ ခပ်ကျယ်ကျယ် ပလက်ဖောင်းတွေ အခု မရှိတော့ပါ။ လူသွားလမ်းတွေ၊ လူကူးမျဉ်းကြားတွေလည်း မရှိတော့ပါ။

ဒီတော့ ကားတစီးစာသာသွားနိုင်တဲ့ လမ်းကျဉ်းလေးပေါ်ဆင်းပြီး အရဲစွန့် ဖြတ်လျောက်ခဲ့ရပေါ့။ ခက်တာက ဒီက ကားဆရာတွေက လမ်းလျောက်သူကို ဦးစားပေးရကောင်းမှန်းသိပုံမရသေး။ စက်တပ်ယဉ်နဲ့ လူတွေကြားမှာ ဘယ်သူ့ကိုဦးစားပေးရမယ်ဆိုတဲ့ (Rule and Regulation) လုပ်ထုံးလုပ်နည်း ဒီနိုင်ငံမှာ ရှင်းရှင်းလင်းလင်းရှိပုံမရသေးပါ။ ကားဆရာက ဟွန်းတဒီဒီ တီးတဲ့အချိန်မှာ အမြန်သာခုန်ပျံကျော်လွှား ရှောင်ပေတော့။ နို့မို့လို့ကတော့ ကားတိုက်ခံရနိုင်ပါတယ်။ အနဲဆုံးတော့သေချင်ပြီလား’’ ဆိုပြီး အဆဲခံ ရနိုင်ပါတယ်။ ဒီနိုင်ငံမှာ မိတ်ဖြစ်ဆွေဖြစ် နှုတ်ခွန်းဆက်ဖို့ စကားလုံးရှားသလောက် ဆဲဆိုဖို့စကားလုံး များလွန်းနေတာကလဲ ပြုပြင်ဖို့လိုနေတဲ့ ကိစ္စတခုပါပဲ။

အဲဒီ ကုန်းကျော်တံတားသစ်ကြီးဘေးနားက ကုန်တိုက်သစ်ပေါ်မှာ ထမင်းစားမယ်ပြင်တော့ ထိုင်းစတိုင် စားစရာတွေက ဘန်ကောက်ထက် ဈေးနှစ်ဆများနေပါတယ်။ ထမင်းတပွဲ ၄၅၀၀၊ အအေးတခွက် ၃၀၀၀ တဲ့။ ဘန်ကောက်မှာဆို ဘတ် ၅၀ (၂၀၀၀ ကျပ်ဝန်းကျင်) လောက်သာပေးရတဲ့ ကြက်ဆီထမင်းလိုမျိုး အစာတွေပါ။ ဒါပေမဲ့ အရသာက ဘန်ကောက်ကုန်တိုက်တွေနဲ့ တခြားစီ။ မြန်မာရိုးရာစားစရာများ ရှိမလားဆိုပြိး လိုက်ရှာပေမဲ့ မတွေ့မိပါ။ အာလုံး  နိုင်ငံခြားစားစရာတွေချည်း။ ဈေးကြီးပြီး မူလအရသာကို မမီတဲ့ နိုင်ငံခြားစားစရာတွေအပြင် ဈေးချိုပြီး စံချိန်မီတဲ့ မြန်မာ့ရိုးရာစားစရာတွေကိုပါ ကုန်တိုက်မှာ တင်ရောင်းနိုင်ရင် ပိုမကောင်းပေဘူးလား။

တနည်းအားဖြင့် ပြောမယ်ဆိုရင်တော့ မြန်မာ့ပြုပြင်ပြောင်းလဲရေးဟာ နိုင်ငံရေးလွတ်လပ်ခွင့်၊ စီးပွားရေး လွတ်လပ်ခွင့်ဖက်မှာ တစုံတရာပြောင်းလဲစပြုနေပြီဆိုပေမဲ့ နိုင်ငံသားတဦးချင်းစီရဲ့ စိတ်နေသဘောထား  ကတော့ ပြောင်းလဲမှု မရှိသလောက် နည်းနေဆဲလို့ထင်ပါတယ်။ အာဏာရှိသူ၊ ငွေကြေးချမ်းသာသူကို လူအများစုကြီးက လိုတာထက် ပိုလေးစားပြနေတာမျိုး၊ ကားမောင်းသူကို လမ်းလျောက်သူက ဦးစားပေး နေရတာမျိုး၊ မျဉ်းကြားမှာလမ်းကူးနေသူက စည်းကမ်းမဲ့မောင်းလာတဲ့ ကားသမားကိုကြောက်နေရတာမျိုး၊ အရေးပေါ်လူနာတင်ယဉ်ကို လမ်းမဖယ်ပေးပဲ စစ်ကား၊ လူကြီးကားလာမှ လမ်းပေးတာမျိုး၊ ချိုသာတဲ့စကား လုံးတွေအစား ဆဲဆိုတဲ့စကားလုံးတွေကို အလွယ်တကူ သုံးစွဲနေတာမျိုး အပါဝင် စသဖြင့် နိုင်ငံသား တဦးချင်းဆိုင်ရာ စံချိန်စံညွှန်းတွေကို ပြုပြင်ဖို့လိုနေဆဲဖြစ်ပါတယ်။




အရင်နှစ် ၅၀ လုံးလုံး စစ်အုပ်ချုပ်ရေးအောက်မှာနေခဲ့ရလို့ နိုင်ငံသားတွေရဲ့အဆင့်အတန်း ဒီလိုဖြစ်သွား တယ်ဆိုတာ မှန်ပေမဲ့ အခု စစ်အုပ်ချုပ်ရေးခေတ်မဟုတ်တော့ပါ။ ကမ္ဘာကလေးစားရတဲ့ခေါင်းဆောင်နဲ့ ကမ္ဘာ့ကအသိအမှတ်ပြုထားတဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုခရီးစဉ်ထဲ ကျနော်တို့ရောက်နေတာ ရက် ၁၀၀ နီးပါးရှိနေပါပြီ။ ဒါကြောင့်မို့ စာနဲ့ရေးပြစရာမလိုပဲ၊ ဥပဒေတခုအဖြစ်ထုတ်ပြီး သတိပေး တားမြစ်စရာမလိုပဲ ကိုယ့်အသိစိတ်နဲ့ကိုယ် နိုင်ငံကြီးသား ပီသစွာလိုက်နာကျင့်သုံးသင့်တဲ့ တဦးချင်းဆိုင်ရာ စံချိန်စံညွှန်းတွေကို ကျနော်တို့အားလုံး စတင်လိုက်နာကျင့်ကြံဖို့ လိုနေပြီဖြစ်ပါတယ်။         

Share

Twitter Delicious Facebook Digg Stumbleupon Favorites More