Thursday, March 31, 2022

Interview with Saw Tawni. part-2



“စိုးရိမ်ပါတယ်၊ ဝမ်းနည်းပါတယ်လောက်နဲ့ အလုပ်မဖြစ်တော့ဘူး။ စစ်ရေးအကူအညီပေးဖို့ တောင်ဆိုပါတယ်”

(ပဒိုစောတောနီး- KNU ပြောခွင့်ရပုဂ္ဂိုလ်)
----------------------------------------------------
(၃၁-၃-၂၀၂၂)

နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့အခြေအနေအပေါ်  စိုးရိမ်ပါတယ်၊ ဝမ်းနည်းပါတယ်လောက် ပြောနေရုံနဲ့ အလုပ်မဖြစ်တော့ဘူး။ စစ်ရေးအကူ အညီ ထိရောက်စွာပေးဖို့ လိုအပ်နေပြီလို့ KNU ပြောခွင့်ရပုဂ္ဂိုလ် စောတောနီးက တောင်းဆိုလိုက်ပါတယ်။

နွေဦးတော်လှန်ရေး တနှစ်ကျော်ကြာလာတဲ့အချိန်၊ NUG အစိုးရ တနှစ်နီးပါးကြာလာတဲ့အချိန်မှာ လက်နက်ကိုင်တော်လှန်ရေးအလားအလာတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ပြောဆိုခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာတော့....
- KNU နဲ့ PDF တပ်တွေကြား ပူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေ ဘယ်လိုရှိသလဲ...
- NUG နဲ့ EAO တွေကြား ပူးပေါင်းဆောင်ရွက်နိုင်မှု အားကောင်းလာပြီလား...
- စစ်ကောင်စီတပ်တွေဖက်က စခန်းစွန့်ထွက်ပြေးတာတွေများလာနေပြီး လေကြောင်းပစ်အားအပေါ် ပိုအားထားလာနေတာ ဘာကြောင့်လဲ...
- ဖြတ်လေးဖြတ် စနစ်ကို ဘယ်လိုခုခံမလဲ...
- နိုင်ငံတကာဖက်က လေနဲ့အားပေးနေပြီး လက်တွေ့ အားပေးမှုမလာသေးတာ ဘာကြောင့်လဲ... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

Wednesday, March 30, 2022

Interview with Saw Tawni of KNU. part-1



“KNU နဲ့ PDF ကြား ပူးပေါင်းဆောင်ရွက်နေမှုကို ဖြိုခွဲချင်တဲ့အတွက် စစ်ကောင်စီက ထိုးစစ်ဆင်လာတာဖြစ်တယ်”
(ပဒိုစောတောနီး- KNU ပြောခွင့်ရပုဂ္ဂိုလ်)
----------------------------------------------------
(၃၀-၃-၂၀၂၂)
အခုရက်ပိုင်းအတွင်း KNU နယ်မြေသို့ စစ်ကောင်စီဖက်က ထိုးစစ်ကြီးတွေဆင်လာမှုဟာ KNU နဲ့ PDF ကြား ပူးပေါင်းဆောင်ရွက်နေမှုကို ဖြိုခွဲချင်တာကြောင့်ဖြစ်နိုင်တယ်လို့ KNU ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးက ပြောပါတယ်။
စစ်ကောင်စီဖက်ကနေ မီဒီယာပေါ်မှာ ငြိမ်းချမ်းရေးကမ်လှမ်းပြီး တကယ့်မြေပြင်မှာ စစ်ကြောင်းတွေ ထိုးလာနေတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။
အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာတော့...
- ချင်းမိုင်မှာကျင်းပနေတဲ့ NCA အဖွဲ့များ ညီလာခံသို့ KNU ဥက္ကဌ တက်ရောက်တာ ဘာကြောင့်လဲ...
- NCA လမ်းကြောင်းကို KNU က လုံး၀ ပယ်ချလိုက်ပြီလား...
- တိုင်းရင်းသားလက်နက်ကိုင် EAO အဖွဲ့ ၃ မျိုးရှိတယ်ဆိုတာ ဘာကို ဆိုလိုတာလဲ...
- KNLA တပ်မဟာ ၇ ခုစလုံး PDF တွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်နေပြီလား...
- အခုရက်ပိုင်းအတွင်း စစ်ကောင်စီက ထိုးစစ်အရှိန်မြှင့်လာတာ ဘာကြောင့်လဲ... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးထားပါတယ်။

(နွေဦးတော်လှန်ရေးကို အားပေးတယ်ဆိုရင် လက်နက် ကူညီပါ။ လေနဲ့အားပေးနေလို့မရဘူး- ဆိုတဲ့ အချက်ပါဝင်တဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်ညမှာ ဆက်လက် ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)။

Friday, March 25, 2022

Interview with Bo Than Mani of YMBPDF. 1



စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်က ဗိုလ်သံမဏိနှင့် မေးမြန်းချက် 
----------------------------------------------------------
(၂၅/၃/၂၀၂၂)

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူငယ် ၁၀ ဦး အသတ်ခံရမှုကို NUG စုံစမ်းစစ်ဆေးရေးကော်မီတီက ဆက်လက်စစ်ဆေးနေပြီး သူတို့အဖွဲ့က အပြည့်အ၀ ပူးပေါင်းဆောင်ရွက်နေပါတယ်လို့ ဒီအမှုနဲ့ပတ်သက်ပြီး တာဝန်ရှိသူလို့ စွပ်စွဲခံထားရသူ ဗိုလ်သံမဏိကပြောပါတယ်။

နိုဝင်ဘာလကဖြစ်ပွားခဲ့တဲ့ ဒီအမှုကို သတင်းမထုတ်ပြန်ဘူး၊ အများမသိအောင် ဖုံးကွယ်ထားတယ်ဆိုတဲ့ ဆိုရှယ်မီဒီယာပေါ်က စွပ်စွဲချက်တွေနဲပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက်ထဲမှာ....
- နိုဝင်ဘာလ ၂၆ ရက်နေ့က အမှန်တကယ် ဘာတွေဖြစ်ခဲ့တာလဲ...
- NUG စုံးစမ်းရေးအဖွဲ့က တာဝန်ရှိသူတွေကို အပြစ်ပေးအရေးယူနိုင်ပြီလား...
- ဗိုလ်သံမဏိနဲ့ ယင်းမာပင် ကာကွယ်ရေးတပ်က စစ်ကောင်စီကို ဘယ်လို တိုက်ခိုက်နေသလဲ...
- စစ်ကိုင်းတိုင်းက တိုက်ပွဲနောက်ဆုံးအခြေအနေ ဘယ်လိုရှိသလဲ... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ဗိုလ်သံမဏိရဲ့ မေတ္တာရပ်ခံချက်အရ ဘာသာရေးအသုံးအနှုံးမသုံးပဲ အရပ်သားအခေါ်အဝေါ်များကိုသာ အသုံးပြုထားပါသည်)။

Wednesday, March 23, 2022

Interview with U Ko Naing of NUG-Australia. Part-1


CDM စစ်ဖက်အရာရှိတွေကို သြစတေလျက ဗီဇာ ထုတ်ပေးမှုအကြောင်း မေးမြန်းချက် (၁)
-------------------------------------------------------------------------------------
(၂၃-၃-၂၀၂၂)

အာဏာသိမ်းစစ်ခေါင်းဆောင်တွေရဲ့ လုပ်ရပ်ကို မကြိုက်လို့ တပ်မတော်ကနေ ထွက်ခွာလာသူ စစ်ဖက်အရာရှိအချို့ကို သြစတေလျ အစိုးရက ဗီဇာ ထုတ်ပေးတာဟာ နွေဦးတော်လှန်ရေးအတွက် အားဖြစ်စေတယ်လို့ သြစတေလျနိုင်ငံဆိုရာ NUG ရုံးရဲ့ပြောခွင့်ရသူ ဦးကိုနိုင်က ပြောပါတယ်။

CDM လုပ်ပြီး တပ်မတော်ကနေ ထွက်လာသူ အနည်းဆုံး စစ်ဖက်အဆင့်မြင့်အရာရှိ ၂ ဦးကို သြစတေလျအစိုးရက ဗီဇာ ထုတ်ပေးခဲ့တယ်၊ အခု သြစတေလျနိုင်ငံဆီ ရောက်နေပြီ၊ နောက်ထပ်လည်း ဗီဇာ ဆက်ပေးမယ့်အလားအလာရှိတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာတော့...
- CDM လုပ်ပြီး တပ်မတော်ကနေ ထွက်လာတဲ့ စစ်ဖက်အရာရှိတွေကို သြစတေလျ အစိုးရက ဘယ်လို ဗီဇာ ထုတ်ပေးနေတာလဲ...
- CDM လုပ်မယ့် တပ်မတော်သားတွေက ဗီဇာ ရရေးအတွက် ဘယ်လို အဆင့်ဆင့် ဆောင်ရွက်ဖို့လိုသလဲ...
- တပ်မတော်တွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှု ဘယ်လောက်အထိ ဆိုးနေသလဲ...
- CDM လုပ်ပြီး တပ်မတော်ကနေ ထွက်လာသူတွေကို နွေဦးတော်လှန်ရေးအင်အားစုတွေက ဘယ်လို ကြိုဆိုအားပေးသင့်သလဲ... စတဲ့အကြောင်းအရာတွေကို ဆွေးနွေး တင်ပြထားပါတယ်။

(စစ်ခေါင်းဆောင်တွေကို တရားစွဲဖို့ပြင်နေတာအပါဝင် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ နွေဦးတော်လှန်ရေးအပေါ် အားပေးထောက်ခံမှုအကြောင်းပါဝင်တဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်ညမှာ ဆက်လက် ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)။





Monday, March 21, 2022

ယင်းမာပင် လူသတ်မှုကြီးနောက်ကွယ် (မှတ်တမ်းအဖြစ် သိမ်းထားရန် တင်ထားပါသည်)

 ယင်းမာပင် လူသတ်မှုကြီးနောက်ကွယ်

(ဝေယံမိုးနှင့် အောင်မျိုးထွဋ်တို့ရေးသားသည်)
လူငယ်လေးဦးလိုက်ပါလာသော ဒဗယ်ကက်အဖြူရောင်လေးတစ်စီးသည် စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် သံတောင်လပို့ရွာမှသည် ယင်းမာပင်ဘက်သို့ အမေရေယာဉ်လမ်းမအတိုင်း နိုဝင်ဘာလ ၂၆ ရက်၊ ၂၀၂၁ ခုနှစ် သောကြာနေ့ နံနက်ကမောင်းနှင်သွားသည်။ ကားမောင်းသူက ခရိုင်မီးသတ်ဦးစီးမှူး၏သား ကိုကောင်းခန့်ကျော်ဖြစ်ပြီး ကားပေါ်တွင် တာဝန်ထမ်းဆောင်နေဆဲ မီးသတ်ရဲဘော်များဖြစ်ကြသော ကိုသက်ပိုင်ထွန်းနှင့်ကိုစိုးကိုကိုတို့အပြင် တောင်သူတစ်ဦးဖြစ်သော ကိုအောင်နိုင်လင်းလည်း လိုက်ပါခဲ့သည်။




အလုပ်လုပ်ရင်းမတော်တဆခြေထောက်ဒဏ်ရာရသွားခဲ့သော ကိုသက်ပိုင်ထွန်းကို ယင်းမာပင်မြို့တွင်ဆေးကုရန်အတွက် နံနက် ၉ နာရီခွဲခန့်တွင် ထွက်လာကြခြင်းဖြစ်သည်။ မီးသတ်တံဆိပ်ပါသော ကားပေါ်တွင် အပိုပစ္စည်းဆို၍ ချိုင်းထောက်တစ်ခုသာပါသွားခဲ့သည်။
သူတို့ကားမထွက်ခင်ကတည်းက လမ်းခရီးတွင်ကားကိုမှားယွင်းပြီး မိုင်းမဆွဲမိစေရန် သံတောင်လာပို့ရွာရှိ ကာကွယ်ရေးအဖွဲ့ငယ်ခေါင်းဆောင် ကိုထိုက်မောင်ကို အကြောင်းကြားခဲ့သည်။
သို့သော် ယင်းမာပင်မရောက်ခင်စပ်ကြား ဆက်သွယ်ရေးတာဝါတိုင်တစ်ခုနားအရောက်မှာပင် လက်နက်ကိုင်လူတစ်စုက သူတို့ကားကိုရွေးလို့တားလိုက်ကြသည်။
" ၁၀ နာရီမတ်တင်းကြတော့ ကလေးက ကျမဆီကိုဖုန်းဆက်တာရှင့်။ ကျနော်တို့ကိုတော့တဲ့ PDF ( ကာကွယ်ရေးတပ်) တွေကတားထားတယ်။ တားထားတယ်ဆိုတော့ မင်းတစ်စီးတည်းတားတာလား၊ အများကိုတားတာလားလို့ ကျမကမေးတော့ မဟုတ်ဘူးတဲ့၊ အများမတားဘူး၊ သားတို့တစ်စီးတည်းတာတာတဲ့" ဟု အဖမ်းခံရသူတွေထဲမှ တစ်ဦးဖြစ်သူ၏ ဆွေမျိုးရင်းဖြစ်သူက MCIJ သို့ပြောသည်။
“ အဆင်ပြေမှာပါခင်ဗျားတဲ့။ (ဖမ်းထားတဲ့အဖွဲ့) ဗိုလ်လာရင်ပြေမှာပါတဲ့။ သူကအဲသလိုပြောတော့ ကျမကလည်း အေးအေးဆိုပြီး ဖုန်းတော့ချနေလိုက်တာ။ ” ဟု သူက ဆက်ပြောသည်။
ဖမ်းဆီးသွားသူများမှာ YMB PDF ဟုအတိုကောက်ခေါ်သော ယင်းမာပင်ပြည်သူ့ကာကွယ်ရေးတပ်မှ တပ်ခွဲမှူးအဆင့်ရှိသူ ကိုတိုက်ကောင်းနှင့် ရပ်ကျေးခေါင်းဆောင်တစ်ဦးဖြစ်သော ကိုဇော်လတ်တို့ဖြစ်ကြောင်း နောင်တွင်သိရှိလာခဲ့ကြရသည်။ YMB PDF ကိုဦးဆောင်သူကား သပြေအေးဆရာတော်ဟုလည်း လူသိများသည့် ဗိုလ်သံမဏိဖြစ်သည်။
နံနက် ၁၀ နာရီထိုးတွင် ကိုတိုက်ကောင်းဆိုသူက " ထိုက်မောင်ရေ မင်းတို့ရွာက ကလေးလေးယောက်နဲ့ကားတစ်စီးကိုတော့ ငါခေါ်သွားပြီ" ဟု ဖုန်းဆက်လာတော့သည်။ ဒီဒေသမှာတော့ အဖွဲ့မတူသော်လည်း အာဏာသိမ်း စစ်ကောင်စီတပ်ကိုတော်လှန်သော ကာကွယ်ရေးတပ်ဖွဲ့ဝင်အချင်းချင်းအကြားအဆက်သွယ်ရှိတတ်ကြသည်။
ဖမ်းသွားပြိီဆိုတော့ လူငယ်များကိုပြန်တောင်းယူရန် ကိုထိုက်မောင်၊ ကိုအောင်ကိုဝင်း၊ ကိုသိန်းထွန်းအေး၊ ကိုဝင်းမင်းထက်၊ ကိုသိန်းလွင်ဌေးနှင့် ကိုဗိုလ်ထက်တို့က လက်လှုပ်ရွာသို့ ဆိုင်ကယ်သုံးစီးဖြင့် လိုက်သွားကြသည်။ နှစ်ဦးမှာ သေနတ်တိုနှစ်လက်ပါသွားခဲ့သည်။ ကိုထိုက်မောင်က နယ်ခံကာကွယ်ရေးတပ် Hero Tiger Force အဖွဲ့၏ရပ်ကျေးတာဝန်ခံခေါင်းဆောင်ဖြစ်ပြီး ကိုအောင်ကိုဝင်း၊ ကိုသိန်းထွန်းအေးနှင့် ကိုဗိုလ်ထက်တို့က အဖွဲ့ဝင်များဖြစ်ကြသည်။ ကျန်နှစ်ဦးကတော့ စစ်သင်တန်းတက်ရန်ပြင်ဆင်နေသူများဖြစ်သည်။ Hero Tiger Force အဖွဲ့ငယ်သည် ဗိုလ်နဂါးဦးဆောင်သည့် ထိုစဉ်က ပုလဲပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဟူသော အမည်သာရှိသေးသည့်တပ်ဖွဲ့နှင့် မဟာမိတ်ဖြစ်ကာ စစ်ဆင်ရေးများ ပူးပေါင်းလုပ်ဆောင်လေ့ရှိကြသည်။
နေ့လယ် ၁ နာရီ ၄၅ မိနစ်ခန့်တွင် ကယ်ဆယ်ရန်သွားသူ ခြောက်ယောက်အဖွဲ့၏ တယ်လီဖုန်းများပါ စက်ပိတ်သွားကာ အဆက်သွယ်ပြတ်တောက်သွားတော့သည်။
ကနဦးတွင်တော့ ခေတ္တထိန်းထားသည်ထင်မှတ်ခဲ့သော်လည်း ၄၈ နာရီခန့်ကြာလာသည့်အခါ စိတ်ပူလာပြီး ဗိုလ်နဂါးကိုယ်တိုင်နှင့် သူ၏တပ်ဖွဲ့ဝင် ၁၇၀ ခန့်သည် ဖမ်းဆီးထိန်းသိမ်းထားသည်ဟုသတင်းရသော ကပိုင်စခန်းသို့လိုက်သွားကြသည်။ ကပိုင်ရွာတွင် ကျောင်းဆရာမှသည် ဗိုလ်သံမဏိတပ်ဖွဲ့၏တပ်ရင်း (၄) တပ်ရင်းမှူးဖြစ်လာသော ဆရာစံ (ခ) ဦးစံကျော်လင်းစခန်းချနေထိုင်သည်။
" ကပိုင်ရွာထဲကို ဗိုလ်နဂါးအဖွဲ့တွေကိုပေးမဝင်ဘူး။ လက်နက်ကိုင် ၅၀ လောက်က သေနတ်နဲ့ချိန်စောင့်နေတယ်။ အိမ်တစ်လုံးပေါ်ကနေ ဗိုလ်နဂါးတို့အဖွဲ့ကိုဓာတ်ပုံတွေရိုက်တယ်။ အဲမှာစကားများမလိုဖြစ်ပြီး ဗိုလ်နဂါးတို့ပြန်သွားကြတယ်" ဟု သားကောင်ဖြစ်သွားခဲ့ရသူ၏ ဆွေမျိုးကပြောသည်။
" ကျမတို့ကလေးက ခြေထောက်ကနာနေတာလေ၊ ကျိုးသလားမသိ ဘာလားမသိ။ အဲသလိုလူကို အဲ့ CDM ဝင်ထားတဲ့ ဆရာတစ်ယောက်ကဆေးထိုးပေးတယ်လို့ကျမတို့ကကြားတော့ ကျမတို့ရွာကကောင်ကလေးနဲ့က မယားညီအစ်ကိုတဲ့။ ဆေးထိုးပေးတဲ့ကလေးက ရှိတယ်၊ ခင်ဗျားတို့ကလေးတွေ ကပိုင်စခန်းထဲမယ် စစ်နေတယ်ဆိုတဲ့အခါကျတော့ ညနေကျတော့လည်း လာထိုးလှဲ့ဦးတဲ့။ အဲဒီဆရာလေးနာမည်က ကိုစောမင်းအောင်တဲ့။ ညနေကျတော့ သူကတစ်ခေါက်သွားမထိုးဖြစ်တဲ့အခါကျတော့ ဒီ လာပို့က ကလေးတွေမှန်းလည်းသိတော့ သူတို့ဆရာနေမှာပေါ့၊ ကျနော်ဘယ်အချိန်လာထိုးရမလဲဆိုတော့ ထိုးစရာမလိုတော့ဘူး၊ မလာခဲ့တော့နဲ့ စခန်းပြောင်းလိုက်ပြီလို့ သူ့ကိုလည်း အဲသလိုပဲပြောတာတဲ့" ဟု ဆက်ပြောသည်။
ထို့နောက်မှာတော့ အဖမ်းခံခဲ့ရသူ ၁၀ ယောက်လုံး အသတ်ခံရပြီလား၊ အသက်ရှင်နေသေးလား တိတိကျကျမသိရှိရတော့ဘဲ ဆွေမျိုးသားချင်းများလည်း ရဲရဲမစုံစမ်းဝံ့သည့်အနေအထားဖြစ်နေခဲ့တော့သည်။
ကပိုင်၊ သံတောင်လာပို့နှင့် လက်လှုပ်ရွာများသည် တစ်ရွာနှင့်တစ်ရွာ အစဉ်တိုင်းဖြစ်ကာ ခြောက်မိုင်ခန့်ဝေးပြီး အမေရေယာဉ်လမ်းသည် ၎င်းရွာများနှင့်ယင်းမာပင်မြို့ကိုဆက်စပ်ပေးထားသော လမ်းမဖြစ်သည်။
အကြမ်းဖက်အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်တော်လှန်ရာတွင်အားကောင်းသော စစ်ကိုင်းတိုင်း၏ ယင်းမာပင်နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်များလှသလို စစ်ကောင်စီတပ်ကိုအထိနာစေသောတိုက်ပွဲများလည်းဆင်နွှဲနိုင်ကြသည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ကျေးရွာပေါင်း ၁၆၈ ရွာရှိကာ အိမ်ထောင်စု ၃၀,၀၀၀ နီးပါးရှိသော ယင်းမာပင်မြို့နယ်အတွင်း တပ်ဖွဲ့ဝင်ထောင်ဂဏန်းရှိသော ဗိုလ်သံမဏိအဖွဲ့အပါအဝင် အဖွဲ့ကြီးငယ် ဒါဇင်နှင့်ချီရှိသလို လက်နက်ကိုင်အဖွဲ့တချို့အကြား သင်္ကာမကင်းဖြစ်မှုနှင့် ဥပဒေမဲ့သတ်ဖြတ်မှုတချို့ကြောင့် အရပ်သားများမလုံခြုံမှုကလည်း ရှိနေသည်။
ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကတော့ " ကိုယ့်အဖွဲ့နာမည်နဲ့လှုပ်ရှားတဲ့အဖွဲ့တင် ၆၃ ဖွဲ့ရှိတယ်၊ နာမည်မရှိဘဲ လက်နက်ကိုင်ထားတာတွေလည်းအများကြီးပဲ" ဟု MCIJ ကိုပြောသည်။
ယင်းမာပင်နှင့် ပုလဲမှာ နယ်နမိတ်ထိစပ်နေသော မြို့နယ်များဖြစ်ကြပြီး တော်လှန်ရေးအဖွဲ့ငယ်များမှာ မြို့နယ်ကွဲပေဦးတော့ အလျဉ်းသင့်ရာအဖွဲ့ကြီးများနှင့်ပူးပေါင်းကာ စစ်ဆင်ရေးများဆင်နွှဲတတ်ကြသည်။
ဆယ်ဦးဖမ်းဆီးခံရသည့်အဖြစ်အပျက်မတိုင်မီက Hero Tiger Force အဖွဲ့ဝင်တချို့နှင့် ဗိုလ်သံမဏိတပ်တွင် အင်အားအကောင်းဆုံးဖြစ်သော တပ်ရင်း (၄) အဖွဲ့ဝင်တချို့ အကြား ရန်စဖြစ်စေသောအဖြစ်အပျက်ရှိခဲ့ဖူးသည်။
"၉ လပိုင်းလောက်ကဖြစ်မယ်၊ စစ်ကောင်စီယာဉ်တန်းတွေလာမယ်ကြားလို့ ပုလဲနဲ့ ယင်းမာပင်နယ်စပ်၊ တမာပင်ဂွရွာနဲ့ ပုပ္ပါးရွာကြားမှာ မိုင်းတွေထောင်ကြတာ ကိုထိုက်မောင်တို့်အဖွဲ့ကလည်း မိုင်းတွေထောင်ထားတယ်။ ဆရာစံတို့ တပ်ရင်း (၄) ကလူတွေလည်းမိုင်းတွေထောင်ကြတယ်။ အဲ့မှာ ဆရာစံအဖွဲ့ကသူတွေက မိုင်းလာစစ်တဲ့အချိန် ကိုထိုက်မောင်တို့အဖွဲ့ဘက်က မတော်တဆ မိုင်းကြိုးကို ခလုတ်တိုက်ရာကနေ မိုင်းကွဲသွားတယ်တဲ့။ ဒါပေမယ့် ဆရာစံတို့လူတွေထိခိုက်တာမျိုးမရှိခဲ့ဘူးလို့သိရတယ်။ ဘယ်လိုသိရလဲဆိုရင် တပ်ရင်း (၄) ထဲမှာ အသိတပ်သားတွေရှိတယ်။ သူတို့နဲ့ဆက်သွယ်မိတော့ ပြန်ပြောပြကြတာ။ နောက်ပိုင်းမှာလည်း ဒီကိစ္စကို ဆရာစံတို့ဘက်က ခေါ်တွေ့ပြီး ဒဏ်ငွေရိုက်တယ်ဆိုလားပြန်ကြားရတယ်” ဟု Hero Tiger Force အဖွဲ့ဝင်တစ်ဦးက ပြန်ပြောသည်။
ဆယ်ဦး ကံကြမ္မာ
"သတင်းတွေကြားနေရတာတော့ (နိုဝင်ဘာ) ၂၆ ရက်နေ့ညကိုက အကုန်လုံးသတ်လိုက်တယ်လို့ကြားတာပဲ။ ဒါပေမဲ့ ကိုယ်မြင်တာလည်းမဟုတ်ဘူး၊ ဇစ်မြစ်ကိုလိုက်တော့လည်း ဘယ်သူမှမပြောနိင်ဘူး။ ... အဲဒီညကကိုထုတ်ပြီးတော့ သဲဖြူချောင်းမယ် ၁၀ ယောက်လုံးကို ဓါးနဲ့ခုတ်သတ်တယ်လို့လည်းကြားတယ်ရှင့်" ဟု ကျန်ရစ်သူမိသားစုဝင်တစ်ဦးက ပြောသည်။
ဗိုလ်သံမဏိကတော့ ၁၀ ယောက်လုံး လူ့လောကမှာမရှိတော့ကို ဝန်ခံပြောကြားသည်။
" သူတို့လေးယောက်က အရင် အချုပ်ခန်းထဲထဲ့ခံရတယ်။ လေးယောက်ကို လာထုတ်တဲ့သူတွေက PDF အဖွဲ့ကို မိုင်းဆွဲဘူးတယ်ပြောတယ်၊ အဲ့မှာတွေ့ကြပြီး မေးကြမြန်းကြရင်းနဲ့ နောက်ဆုံး အသက်ဆုံးရှုံးတဲ့အထိ ဖြစ်တယ်၊ ပြောချင်တာကဘာလဲဆိုတော့ ပထမ လေးယောက်၊ နောက်လိုက်ထုတ်တဲ့ခြောက်ယောက်ပေါ့ ၊ ပြောချင်တာကတော့ အဲ့ ၁၀ ယောက်ကမရှိတော့ပါဘူး။ အဲ့လို ပဋိပက္ခဖြစ်ရင်းနဲ့ အသက်ဆုံးရှုံးကြရပါတယ်၊ ဒီအတွက်လည်း စိတ်မကောင်းပါဘူး၊ အခုလိုဖြစ်သွားတဲ့အတွက်၊ နောက်လည်း အခုလိုမဖြစ်အောင် အမိန့်ကြေညာချက်တွေ တိတိကျကျထုတ်ထားပါတယ်။" ဟု ဗိုလ်သံမဏိက MCIJ ကို ပြောသည်။
အသတ်ခံရသူများမှာ
၁။ သက်ပိုင်ထွန်း- မီးသတ်ဝန်ထမ်း (ခြေထောက်ဒဏ်ရာရသူ) ၂၅ နှစ်
၂။ စိုးကိုကို - မီးသတ်ဝန်ထမ်း- ၃၁ နှစ်
၃။ ကောင်းခန့်ကျော်- ကျောင်းသား- ၁၉ နှစ်
၄။ အောင်နိုင်လင်း-တောင်သူ- ၂၅ နှစ်
၅။ ထိုက်မောင်- PDF တပ်ခွဲမှူး- ၃၄ နှစ်
၆။ ဗိုလ်ထက်-PDF တပ်သား- ၃၆ နှစ်
၇။ သိန်းထွန်းအေး- PDF တပ်သား- ၂၇ နှစ်
၈။ အောင်ကိုဝင်း- PDF တပ်သား- ၂၄ နှစ်
၉။ ဝင်းမင်းထက်- PDF တပ်သား- ၂၁ နှစ်
၁၀။ သိန်းလွင်ဌေး-PDF တပ်သား- ၄၀ နှစ်တို့ဖြစ်ကြသည်။
ကိုဝင်းမင်းထက်နှင့် ကိုအောင်နိုင်လင်းတို့မှာ ညီအစ်ကိုအရင်းများဖြစ်ကြပြီး ကိုသိန်းလွင်ဌေးကတော့ သူတို့၏ဝမ်းကွဲအစ်ကိုဖြစ်သည်။ အသတ်ခံရသူများအနက် ရှစ်ဦးမှာ သံတောင်လာပို့ရွာ သားများ ဖြစ်ကြသည်။
အစုလိုက်အသတ်ခံရမှုဖြစ်ပွားအပြီး သုံးလကျော် လေးလနီးပါးအကြာ မတ်လ ၁၄ ရက်၊ ၂၀၂၂ ခုနှစ်တွင် Hero Tiger Force ပါပါဝင်သော စစ်ကိုင်းတိုင်းအတွင်းမှ ကာကွယ်ရေးတပ်ဖွဲ့ ၆၃ ဖွဲ့က ကြေညာချက်တစ်စောင်ထုတ်ပြန်ရာ နွေဦးတော်လှန်ရေးအတွက် ငလျင်ကြီးတစ်ခုလှုတ်ခတ်သွားခဲ့သည်။
ယင်းကြေညာချက်ထဲတွင် " YMB PDF နှင့် ၎င်း၏သစ္စာခံ တပ်ရင်း/တပ်ဖွဲ့များသည် ဒေသခံပြည်သူလူထုကို ခြိမ်းခြောက်၊ နှိပ်စက်၊ ဖမ်းဆီး၊ လုယက်၊ သတ်ဖြတ်နေလျက်ရှိပါသည်။" ဟု စွပ်စွဲချက်ပြင်းပြင်းပါရှိသည်။
ဗိုလ်သံမဏိအဖွဲ့ ကျူးလွန်သော လူသတ်မှုပေါင်း ငါးမှုရှိပြီး စုစုပေါင်း လူ ၂၁ ဦး အသတ်ခံခဲ့ရသည်ဟုကြေညာချက်တွင်ဖော်ပြထားသည်။ အသတ်ခံရသူများတွင် ပြည်သူ ၁၂ ဦး၊ ကာကွယ်ရေးခေါင်းဆောင်တစ်ဦး၊ ကာကွယ်ရေးတပ်သား ခုနှစ်ဦးနှင့် ထောက်ပို့ခေါင်းဆောင်တစ်ဦးတို့ပါဝင်သည်ဟုဆိုသည်။
ပြစ်မှုကျူးလွန်သည်ဟု စွပ်စွဲခံရသူများစာရင်းတွင် စုစုပေါင်း ၁၃ ဦးပါဝင်ပြီး ဗိုလ်သံမဏိကိုယ်တိုင်နှင့် YMB PDF စစ်ဒေသမှူးတစ်ဦး၊ တပ်ရင်းမှူးအဆင့် သုံးဦး၊ တပ်ခွဲမှူးနှစ်ဦး၊ တပ်စုမှူးသုံးဦး၊ နယ်မြေစည်းရုံးရေးတာဝန်ခံတစ်ဦး၊ တပ်သားတစ်ဦးနှင့် ထောက်ပို့တစ်ဦးတို့ပါဝင်သည်။
ဆရာစံ၊ ကိုတိုက်ကောင်းနှင့် ကိုဇော်လတ်တို့ကိုလည်း ကျူးလွန်သူသံယစာရင်းတွင်တွေ့ရသည်။
ဗိုလ်သံမဏိဆိုတာဘယ်သူလဲ
ယင်းမာပင်မြို့နယ် သပြေအေးကျေးရွာဇာတိဘွား အရှင်သောပါကသည် ရန်ကုန်သာသနာ့တက္ကသိုလ်တက်နေခိုက် နိုင်ငံရေးလှုပ်ရှားမှုနှင့်ပတ်သက်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ်ဩဂုတ်လအတွင်း ယခုအခါ စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုထားသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ​ဒေါ်အောင်ဆန်းစုကြည် ကွမ်းခြံကုန်းသို့ စည်းရုံးရေးခရီးစဉ်သွားရာ ရဲနှင့်စစ်ထောက်လှမ်းရေးများက တားမြစ်ပိတ်ဆို့မှုဖြစ်ပွားစဉ် သွားရောက်တွေ့ဆုံအားပေးသော သံဃာတော်များတွင် အရှင်သောပါကလည်းပါဝင်သည်။ ထိုတွေ့ဆုံမှုကြောင့် အရှင်သောပါကသည် သာသနာ့တက္ကသိုလ်မှကျောင်းထုတ်ခံခဲ့ရသည်။ ထို့နောက် ပြည်ပထွက်သွားရာ ဂျာမနီနိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့်ရခဲ့သည်။ ဂျာမနီနိုင်ငံတွင် ကီလိုမီတာ ၁၀၀၀ လမ်းလျှောက်ဆန္ဒပြမှုအပါအဝင်၊ ထိုင်းနိုင်ငံနှင့် အမေရိကန်တို့တွင် မြန်မာပြည်ငြိမ်းချမ်းရေးအတွက် ခရီးရှည်လမ်းလျှောက်ဆန္ဒပြမှုများကြောင့် သတင်းမီဒီယာများတွင်ကျော်ကြားခဲ့သည်။ ၂၀၀၇ အတွင်း Radio Free Asia (RFA) မြန်မာပိုင်းအစီအစဉ်တွင် သံဃာ့ရှုဒေါင့်အစီအစဉ်ကို ထုတ်လုပ်ခဲ့ကာ သံဃာများကို အင်တာဗျူးများထုတ်လုပ်ခဲ့သည်။
၂၀၁၁ ခုနှစ်တွင် မြန်မာပြည်ကိုပြန်လာပြီး မန္တလေးမဟာမြတ်မုနိဘုရားတွင် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရန် ဆန္ဒပြခဲ့သည်။ ထိုဆန္ဒပြမှုကြောင့် " ရွာကိုပြန်ပို့ခံခဲ့ရသည်" ဟု အရှင်သောပါက က MCIJ ကိုပြောသည်။ ရွာတွင် စာကြည့်တိုက်တည်ထောင်ခြင်းနှင့် ကလေးငယ်များပညာရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့အတွက် လုပ်ဆောင်ခဲ့သည်။
ယမန်နှစ် ဖေဖော်ဝါရီလ ၁ ရက်က နေပြည်တော်တွင် စစ်တပ်က အရပ်သားအစိုးရထံက အာဏာသိမ်းသည့်အခါ ဆန္ဒပြမှုများကို ဦးဆောင်ပါဝင်ခဲ့သည်။
" အာဏာရှင်တွေ အာဏာသိမ်းတဲ့ကိစ္စနဲ့တိုးတာ၊ တိုးတဲ့အခါကျ‌တော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆန္ဒပြတာပါပဲ၊ ဧပြီလ ၂ ရက်မှာ စစ်တပ်က အလုံးအရင်းနဲ့ လာဖမ်းတာကို ခုခံစစ် ဆင်နွှဲရင်းနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ ပေါ်ပေါက်လာတာပေါ့။ သပြေအေးကနေစပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျယ်ကျယ်ပျံ့ပျံ့ဖြစ်သွားတာ ၊ ကျုပ်ကတော့ အကြမ်းမဖက်ရေးဝါဒကို ယုံကြည်တာ" ဟု အရှင်သောပါက (သို့မဟုတ်) ဗိုလ်သံမဏိက ပြောသည်။
ယင်းမာပင်နယ်တစ်ကြော၌ ယမန်နှစ် မတ်လဆန်းကတည်းက ကျေးရွာကာကွယ်ရေးတပ်ဖွဲ့များ စတင်ဖွဲ့စည်းရာတွင် ဦးသောပါကသည် စည်းရုံးလှုပ်ရှားကာ ဦးဆောင်ပါဝင်ခဲ့သည်။ တူမီးသေနတ်များဖြင်ပြုလုပ်ရသော အခြေခံစစ်သင်တန်းများဖြစ်မြောက်ရေးတွင် ပါဝင်ကြီးကြပ်ပေးခဲ့သည်။ သင်တန်းကို တိုင်းရင်းသားဒေသများတွင် သွားရောက်သင်ကြားခဲ့သူများက ပြန်လည်ပို့ချခဲ့ခြင်းဖြစ်သည်။
ယင်းမာပင် ပြည်သူ့ကာကွယ်ရေးတပ်ကိုတည်ထောင်သည့်အခါ ဗိုလ်သံမဏိဟူ၍ ဘွဲ့ခံယူခဲ့သည်။
" ပထမဆုံးကတော့ သပြေအေးတိုက်ပွဲပေါ့၊ ထရော်ကျင်းရွာတိုက်ပွဲမှာလည်း စကစတွေအများကြီး ကျခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း တိုက်ပွဲတွေက အများကြီး ဖော်ဆောင်တာ ရှိတယ်။" ဟု ဗိုလ်သံမဏိက ပြောသည်။ သပြေအေးရွာနှင့် ထရော်ကျင်းရွာတို့တွင် ယမန်နှစ် ဧပြီလနှင့် ဇွန်လအတွင်းကဖြစ်ပွားသော စစ်ကောင်စီတပ်နှင့် သူ၏တပ်များအကြားတိုက်ပွဲများကိုရည်ညွှန်းပြောဆိုခဲ့ခြင်းဖြစ်သည်။
စုံစမ်းစစ်ဆေးရေး
ယင်းမာပင် PDF အဖွဲ့က ကျူးလွန်သည်ဆိုသော လူသတ်မှုစွပ်စွဲချက်များနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့သည်။ အင်တာနက်မမှန်၊ တယ်လီဖုန်းမလွယ်သောဒေသများတွင် အဝေးကနေ လနှင့်ချီ၍ ဆက်သွယ်မေးမြန်းခဲ့ရခြင်းဖြစ်သည်။
NUG ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်က " (အသတ်ခံရသူ) သူတို့ပြောသလောက် များချင်မှများလိမ့်မယ်၊... ပြစ်မှုကျူးလွန်မှုတော့ရှိတယ်။ ၁၀ ယောက်တော့ကျိမ်းသေပေါက်ရှိတယ်။ ကျနော်တို့အဲဒါကိုတွေ့ရှိတယ်။" ဟု ပြောသည်။
" ယင်းမာပင် PDF လို့တော့ပြောလို့မရဘူး။ ပုဂ္ဂိုလ်ကိုပဲပြောရမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ယင်းမာပင် PDF ထဲမှာ အဲဒီလူတွေက အဖွဲ့ဝင်ဖြစ်လား မဖြစ်လား။ ... အဲဒီထဲက လူတစ်ချို့က ပြစ်မှုကျူးလွန်နေတာတော့ဟုတ်တယ်။ အဲဒါပေါ်တယ်။" ဟု သူက ပြောသည်။
လူသတ်မှုကျူးလွန်သည်ဆိုသော စွပ်စွဲချက်နှင့်ပတ်သက်၍ ဗိုလ်သံမဏိက "လူသတ်မှုကိစ္စတွေက တိုက်ရိုက်ပါဝင်ပတ်သက်တာ မရှိဘူး၊ ကျုပ်ကိုယ်တိုင် ဒါကို အမိန့်ပေးတာမျိုးလည်း မရှိဘူး၊ ဒီလိုမျိုးမလုပ်ဖို့လည်း ကျုပ်ရဲ့ တပ်ရင်းမှူးတွေအားလုံးကို လမ်းညွှန်မှုတွေ‌ပေးတယ်၊အဲ့အတွက်လည်း ကြေညာချက်ထုတ်ထားတာရှိပါတယ်"ဟု ပြောသည်။
သို့သော် " နိုဝင်ဘာလာ အရှေ့ပိုင်းကဟာတွေတော့ တာဝန်မယူနိုင်ဘူး၊ ဒီလိုမျိုး လက်လွတ်စပယ်မဖြစ်အောင်လည်း တင်းတင်းကျပ်ကျပ်ကိုင်တွယ်နေပါတယ်။" ဟု ပြောသည်။
မငြိမ်းသောမီး
ယင်းမာပင်တွင် ဗိုလ်သံမဏိအဖွဲ့က အင်အားအတောင့်တင်းဆုံးဖြစ်သလို ပုလဲကဗိုလ်နဂါးကလည်း နောက်ပိုင်းတွင် မြန်မာ့တော်ဝင်နဂါးတပ်တော်ဟူ၍အမည်ပြောင်းကာ ဒေသစုံလွှမ်းခြုံရန်ကြိုးစားလာခဲ့သည်။ နှစ်ဖွဲ့လုံးကလည်း တိုက်ရည်ခိုက်ရည်ကောင်းသည်။
ကာကွယ်ရေးတပ်က ဥပဒေမဲ့ လူသတ်မှုများနှင့်ပတ်သက်၍ ဝေဖန်ပြောဆိုရန် အရပ်သားများအကြား မဝံ့မရဲဖြစ်ကြသလို စစ်ကောင်စီအမြတ်ထုတ်မှာကိုလည်း စိုးရိမ်ကြသည်။ သို့သော်လည်း လေးလနီးပါးကြာလာသည့်အခါ လူမှုကွန်ရက်ပေါ် ရောက်လာတော့သည်။
" ကိုယ်တိုင်ကလည်း ဒီကိစ္စဟာ သာမန်မှားယွင်းမှုမဟုတ်တာသိပေမယ့် နောက်ဆက်တွဲပြဿနာတွေသက်သာအောင် မဟာမိတ်တွေကို ထိန်းထားပြီး MOD (အဲန်ယူဂျီကာကွယ်ရေးဝန်ကြီးဌာန) ရဲ့ဦးဆောင်ဖြေရှင်းမှုကိုသာ လိုက်နာဖို့ပြောဆိုညှိုနှိုင်းပြီးတော့ ပြဿနာဖြစ်ပြီး ချက်ခြင်းဆိုသလို ရက်ပိုင်းအတွင်း ခေါင်းဆောင်တချို့အပါအဝင် နစ်နာသူများအချို့နှင့် MOD ကတာဝန်ရှိသူတချို့ကို ကိုယ်တိုင်ချိတ်ဆက်တွေ့ဆုံပေးခဲ့ပါတယ်...အဲဒီလို MOD နဲ့မတွေ့သေးခင်တစ်ရက်မှာလည်းမြေပြင်ခေါင်းဆောင်တွေနဲ့ ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရသည့်ရဲဘော်မိသားစုများအပါအဝင် ကျွန်ုပ်ကိုယ်တိုင်လိုက်ပါ၍ သပြေအေးအဖွဲ့နှင့် ဆွေးနွေးရန်ချိန်းဆိုပြီး ၎င်းတို့အဖွဲ့ချိန်းဆိုရာ၎င်းတို့၏နယ်မြေအတွင်းသို့ သွားရောက်ခဲ့သော်လည်း ကျွန်ုပ်တို့ရောက်ရှိချိန်တွင် သပြေအေးခေါင်းဆောင် ဗိုလ်သံမဏိမှာ တစုံတရာ ဖြေရှင်းခြင်းလည်းမရှိဘဲ ရှောင်ထွက်သွားခဲ့ပါတယ်။ နောက်တစ်ရက်မှာ တစ်နေရာထပ်မံချိန်းဆိုပြီး လာရောက်တွေ့ဆုံဖြေရှင်းရန် ကတိပြုခဲ့ကြသော်လည်း တွေ့ဆုံရန်ကတိဖျက်၍ ရှောင်နေခဲ့တာ ယနေ့ထိပင်ဖြစ်ပါတယ်" ဟု ဗိုလ်နဂါးက မတ်လ ၁၈ ရက်၊ ၂၀၂၂ ခုနှစ်တွင် လူမှုကွန်ရက်တွင်ရေးသားသည်။
" ဒီကိစ္စမျိုးဟာ အပြန်လှန်တွန်းကန်နေကြရပြီဆိုတာကို တဘက်ကသိရင် ဝမ်းသာစရာဖြစ်နိုင်ပေမယ့် မရှင်းဘဲထားပြီး ပိုပိုဆိုးလာရင် ဒါမျိုးဟာ တော်လှန်ရေးကိုကြီးကြီးမားမားထိခိုက်စေနိုင်ပါတယ်။
ဒါကြောင့်လည်း အများကြီးကို စိတ်တွေထိန်းပြီး တိတ်တိတ်လေးနဲ့ပြေလည်သွားအောင် ကြိုးစားဖြေရှင်းနေကြပါတယ်။ အဲလိုဖြေရှင်းနေတဲ့ကြားက သတ်ဖြတ်မှုတွေထပ်ဖြစ်လာတယ်။ ဒါ့အပြင်လွန်ခဲ့တဲ့ရက်ပိုင်းကပဲ ၎င်းတို့သပြေအေးလက်အောက်ကတပ်ရင်းတစ်ခုမှ ဟီးရိုးတိုက်ဂါးအဖွဲ့ရဲဘော်တွေနဲ့ မိသားစုဝင်တွေကို သတ်ဖြတ်မယ်ဆိုတာထိ ခြိမ်းခြောက်လို့ ကျွန်ုပ်ကိုယ်တိုင် ဝင်ပါဖြေရှင်းထားခဲ့ရပါတယ်" ဟု ဆက်လက်ရေးသားထားသည်။
ဒေသခံအဖွဲ့ငယ်တစ်ချို့က ဗိုလ်သံမဏိအဖွဲ့ကို စွပ်စွဲချက်တွင် သစ်မှောင်ခိုလုပ်သည်ဆိုသောစွပ်စွဲချက်လည်းပါသည်။
သို့သော် ဗိုလ်သံမဏိက " သစ်မှောင်ခိုလုပ်တယ်ဆိုတာလည်း မှားတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျုပ်အဖွဲ့က များသောအားဖြင့် သစ်ကိုခိုးတဲ့သူတွေကိုဖမ်းတာ၊ ဘာကြောင့်လဲဆိုတော့ အလောင်းတော်ကဿပနယ်မြေက သစ်တွေခိုးနေသူတွေကိုဖမ်းပြီး ဒဏ်ရိုက်တယ်၊ ဒါကိုမကျေနပ်တဲ့သူတွေက သစ်မှောင်ခိုလုပ်နေတဲ့သူတွေက မကောင်းသတင်းတွေ လွှင့်နေတာလည်း ဖြစ်နိုင်တယ်" ဟု MCIJ ကို ပြောသည်။
" တစ်ဖက်က စွပ်စွဲထားသလို တိုက်ပွဲတွေ မဖော်ဆောင်ဘဲ လက်နက်တွေကိုင်ထားတယ်ဆိုတာက ပြောမယ်ဆိုရင် အဲ့စွပ်စွဲတဲ့သူတွေက သူများတိုက်ပွဲတွေကို လိုင်းပေါ်တင်ပြီး အလှူခံစားနေတဲ့သူတွေ၊ ကျုပ်က အဲ့ဒါကိုသိတယ်၊ သူတို့က မနာလိုဖြစ်ပြီး တမင်သက်သက်စွပ်စွဲချက်တွေ ဖြစ်နေတယ်။ ကျုပ်တို့ရဲ့ မူဝါဒကတော့ ကိုယ်တိုက်ခဲ့တာတွေကို လိုင်းပေါ်တင်ပြီး အလှူခံစားတာမရှိဘူး။ အေးအေးလူလူနဲ့တိုက်ပြီး အသာလေးနေတယ်။ အဲ့တာကိုတော့ ပြတ်ပြတ်သားသားပြောနိုင်တယ်။" ဟုလည်း ပါရှိသည်။
စစ်ကောင်စီတပ် ဘယ်လိုတုံ့ပြန်လဲ
စစ်ကောင်စီတပ်အတွက်တော့ ဗိုလ်နဂါးအဖွဲ့၊ ဗိုလ်သံမဏိအဖွဲ့နှင့် Hero Tiger Force အဖွဲ့များမှာ အခြားသောတော်လှန်ရေးတပ်ဖွဲ့များလိုပင် ရန်သူတော်ဖြစ်သည်။
ဇန်နဝါရီလ ၁၀ ရက်၊ ၂၀၂၂ ခုနှစ်တွင် ဗိုလ်နဂါးရှိကြောင်း သတင်းရ၍ စစ်ကောင်စီတပ်များက ပုလဲမြို့နယ် ဦးနှောက်ရွာကိုဝိုင်းကာ ရဟတ်ယာဉ်သုံးစီးဖြင့်ပစ်ခတ်တိုက်ခဲ့သည်။ ဗိုလ်နဂါးလွတ်မြောက်ခဲ့သော်လည်း ရှစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်။
ဖေဖော်ဝါရီလ ၂၈ ရက်၊ ၂၀၂၂ ခုနှစ်တွင် ဗိုလ်သံမဏိ၏ ယင်းမာပင်မြို့နယ် သပြေအေးရွာကိုလည်း ရဟတ်ယာဉ်များဖြင့်ရောက်လာသော စစ်ကောင်စီတပ်က စီးနင်းတိုက်ခိုက်ပြီး လူနေအိမ်များမီးရှိုရာ ရွာသားနှစ်ဦးသေဆုံးပြီး အိမ် ၁၀၀ ကျော် မီးလောင်သွားသည်။
မတ်လ ၁၂ရက်၊ ၂၀၂၂ ခုနှစ်က ယင်းမာပင်မြို့နယ်အတွင်းရှိ စခန်းအချို့ စစ်ကောင်စီတပ်၏ မီးရှို့ဖျက်စီးခြင်းခံခဲ့ရပြီး နေ့စဉ်သုံးပစ္စည်းများနှင့် တဲများ ဖျက်ဆီးခံလိုက်ရကြောင်း Hero Tiger Force က မတ်လ ၁၅ရက်တွင် ထုတ်ပြန်ခဲ့သည်။
Data for Myanmar က မတ်လ ၁၅ ရက်နေ့အထိ ကောက်ယူထားသောစာရင်းများအရ စစ်ကောင်စီတပ်က နေအိမ်မီးရှို့မှု အများဆုံးကို စစ်ကိုင်းတိုင်းထဲတွင်ပြုလုပ်ထားပြီး နေအိမ် ၄၄၂၆ လုံး ပျက်စီးခဲ့ကာ မကွေးတွင် ၁၁၄၈လုံး၊ ချင်း ၁၁၂၁လုံး၊ ကရင်နီတွင် ၃၅၇လုံး ဖြစ်သည်။
NUG နှင့်အရေးယူဆောင်ရွက်မှု
ကာကွယ်ရေးတပ် ၆၃ ဖွဲ့၏ ကြေညာချက်တွင် " ပြစ်မှုကျူးလွန်သည်ဟု အဓိကသံသယရှိသူများအနေဖြင့် နီးစပ်ရာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွင် လက်နက်ချအညံ့ခံပေးပြီး မျှတသောတရားစီရင်မှု အကောင်အထည်ဖော်နိုင်ရန် ပူးပေါင်းဆောင်ရွက်ပေးစေလိုပါသည်။" ဟု တောင်းဆိုထားသည်။
NUG အတွင်းဝန် ဦးနိုင်ထူးအောင်ကတော့ " ဒီအဖွဲ့က အန်ယူဂျီထဲဝင်ချင်တယ်ဆိုပြီးလျှောက်ထားတယ်။ ဒါပေမဲ့ အန်ယူဂျီရဲ Command (အမိန့်နာခံမှု) အောက်တော့ မရောက်သေးဘူး။"
" MOD ရဲ့ Command အောက်မှာ ကိုယ်ပိုင်နံပါတ်ထွက်ပြီးသားဆို စစ်ခုံရုံးတင်ပြီးစစ်လို့ရတယ်။ အဲဒီနံပါတ်မထွက်သေးခင်မှာ လျှောက်ထားစဲပဲရှိတယ်။ ကျနော်တို့ကသူတို့ကို ဘာမှထုတ်မပေးနိုင်တဲ့ကာလဖြစ်တော့ အရပ်ဘက်တရားစီရင်ရေးနဲ့ စီရင်ရမယ့်သဘောပဲ။"
" ခက်တာက တရားရုံးကတော့ မရှိသေးဘူးပေါ့နော်၊ လောလောဆယ်မှာက ကျနော်တို့။ ဒါပေမဲ့ Transitional justice ဘာညာမှာတော့ ဒီဟာက လုပ်ကိုလုပ်ရမယ့်သဘောပဲ။" ဟု ပြောသည်။
အသတ်ခံရသော လူငယ်တစ်ဦး၏ အဒေါ်ဖြစ်သူကတော့ ယခုထက်ထိသူ၏တူ အသတ်ခံရသည်ဆိုခြင်းကို ခြေခြေမြစ်မြစ်မသိသေးပါ။
“ ကျွန်မတို့ကတော့ ကလေးတွေရှိရင်လည်း ရှိသေးတယ်။ ရှင်းခံရတယ်ဆိုရင်လည်း ရှင်းခံရပြီဆိုတာကိုအတည်ပြုပေးစေချင်တယ်။ ဓလေ့အရလုပ်သင့်တဲ့ဟာတွေလုပ်လို့ရအောင်။ နောက်တစ်ချက်က ဒီရွာသားတွေနဲ့ ကျွန်မတို့ကလေးတွေကို CDM မလုပ်တာနဲ့တင် သတ်လိုက်တာမျိုးဆိုရင်တော့ မကျေနပ်ဘူး။ စုံစမ်းပြီး ဗိုလ်သံမဏိတို့အဖွဲ့ကသတ်တာဆိုရင်သူတို့ကို ထိုက်သင့်တဲ့အပြစ်ပေးအရေးယူတာမျိုးတွေလုပ်စေချင်ပါတယ်” ဟု ပြောသည်။

Saturday, March 19, 2022

Interview with Nai Htoo Aung of NUG. Part-2



ဒေါ်လာ သန်း ၃၀ ကို ဘယ်လိုခွဲဝေသုံးစွဲခဲ့သလဲ...မေးမြန်းချက် (၂)
-------------------------------------------------------------------------
(၁၉/၃/၂၀၂၂)

ခုခံတော်လှန်စစ် ၆-လ တာကာလအတွင်း ကာကွယ်ရေးဝန်ကြီးဌာနအတွက် ဒေါ်လာ သန်း (၃၀)ခန့်သာ ဘတ်ဂျက်ရတဲ့အတွက် လက်နက်တင်ဆင်ဖို့ မလုံမလောက်ဖြစ်နေတယ်၊ ရံပုံငွေထပ်ရှာနေရတယ်လို့ NUG ကာကွယ်ဝန် ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်ကပြောပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၇ ရက်နေ့မှာ စတင်ခဲ့တဲ့ လက်နက်ကိုင်တော်လှန်ရေး ၆ လပြည့် အခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာတော့...
- အင်အားတသိန်းခန့်ရှိတဲ့ PDF တပ်ဖွဲ့ဝင်အားလုံးသို့ ကာကွယ်ရေးဝန်ကြီးဌာနက အမိန့်စီးဆင်းနေပြီလား...
- စစ်ကိုင်းတိုင်းက ဒေသခံ PDF အဖွဲ့တခု အမိန့်နာခံမှု မရှိဘူးဆိုတဲ့အပေါ် ဘယ်လိုအရေးယူနေသလဲ...
- PDF တဦးအတွက် တလ ဒေါ်လာ ၂၀ အလှူငွေ ကောက်ခံရေးလုပ်ငန်းစဉ်က လက်တွေ့ကျရဲ့လား...
- မြို့သိမ်း၊ နယ်သိမ်းတိုက်ပွဲ ဒီနှစ်ထဲ တကယ်ဖြစ်နိုင်သလား... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

Friday, March 18, 2022

Interview with Nai Htoo Aung of NUG. Part 1



“လက်နက်တပ်ဆင်ရေးက အဓိက စိန်ခေါ်ချက်အဖြစ် ရှိနေဆဲပါ”

(ဦးနိုင်ထူးအောင်- အတွင်းဝန်၊ ကာကွယ်ရေးဝန်ကြီးဌာန- NUG)
-------------------------------------------------------------------------
(၁၈/၃/၂၀၂၂)

စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်နေတဲ့ ခုခံတော်လှန်စစ် ၆-လပြည့်သွားတဲ့အချိန်မှာ လက်နက်လိုအပ်ချက်ဟာ အဓိက စိန်ခေါ်ချက်အဖြစ် ရှိနေဆဲဖြစ်တယ်လို့ NUG ကာကွယ်ဝန် ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်ကပြောပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၇ ရက်နေ့မှာ စတင်ခဲ့တဲ့ လက်နက်ကိုင်တော်လှန်ရေး ၆ လပြည့် အခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာတော့...
- ခုခံစစ် ၆ လတာအတွင်း အဓိက အောင်မြင်ချက်နဲ့ စိန်ခေါ်ချက်တွေက ဘာတွေလဲ...
- ဒေါ်လာ သန်း ၃၀ ကို လက်နက်တပ်ဆင်ရေးအတွက် ဘယ်လိုအသုံးပြုခဲ့သလဲ...
- Local PDF တွေ အခုထိ လက်နက်မရသေးတာ ဘာကြောင့်လဲ...
- ၆ လတာ ကာလအတွင်း ၂ ဖက် ထိခိုက် ကျဆုံးစာရင်း ဘယ်လိုရှိသလဲ...
- စစ်ကောင်စီတပ်ကနေ ထွက်ပြေးလာသူတွေကို သြစတေလျ အစိုးရက လက်ခံကြိုဆိုတဲ့ အစီစဉ်က ဘယ်လိုရှိသလဲ... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(PDF တဦးအတွက် တလ ဒေါ်လာ ၂၀ ထည့်ဝင်ရေးအပါဝင် NUG က ဆောင်ရွက်နေတဲ့ ရံပုံငွေရှာရေး အစီစဉ်သစ်အကြောင်းပါဝင်တဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်ညမှာ ဆက်လက် ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)။

(အင်တာဗျုးများကြည့်ပြီးပါက ဒီ youtube ချာနယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်)။

Tuesday, March 15, 2022

Interview with Bo Hla Tint on NDAA. Part-2.


“အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော် ထောက်ပံ့မှုအကြောင်း မေးမြန်းချက် (၂)
----------------------------------------------------------
(၁၅/ ၃/ ၂၀၂၂)

အမေရိကန် ပြည်ထောင်စုရဲ့ ဒေါ်လာသန်း ၁၀၀ ကျော်ထောက်ပံ့မှုအပါဝင် နိုင်ငံတကာ ပါလီမန်တွေက NUG, CRPH, NUCC တို့အပေါ် အသိအမှတ်ပြုမှုတွေဟာ နွေဦးတော်လှန်ရေးအတွက် အရေးကြီးတဲ့ အောင်မြင်မှုတွေဖြစ်တယ်လို့ NUG ရဲ့ အာဆီယံ ဒေသဆိုင်ရာသံအမတ် ဦးဘိုလှတင့်ကပြောပါတယ်။

NUG, CRPH, NUCC တို့ဟာ မြန်မာပြည်သူတွေကို ဒီမိုကရေစီနည်းကျ ကိုယ်စားပြုတဲ့ တရားဝင်အဖွဲ့အစည်းတွေဖြစ်တယ်လို့ အမေရိကန်နဲ့ ဥရောပ ပါလီမန်အပါဝင် နိုင်ငံကြီး အချို့က ဆုံးဖြတ်ချက်ချလိုက်တာနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာတော့...
- NUG, CRPH, NUCC တို့ကို မြန်မာပြည် ကိုယ်စားပြု တရားဝင်အဖွဲ့အစည်းတွေဖြစ်တယ်လို့ ဥရောပ ပါလီမန်နဲ့ နိုင်ငံအချို့က ဆုံးဖြတ်လိုက်တာ ဘယ်လို သက်ရောက်မှုရှိနိုင်သလဲ...
- အာဆီယံနဲ့ ဂျပန်ဖက်က နေပြည်တော်သွားဖို့ပြင်နေတာ ဘာတွေ ထူးလာနိုင်သလဲ...
- အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်ကူညီမှုက နွေဦးတော်လှန်ရေးကို ဘယ်လောက် အားရှိစေမှာလဲ... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ 

(အင်တာဗျုးများကြည့်ပြီးပါက ဒီ youtube ချာနယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်)။


Monday, March 14, 2022

၈၈ နဲ့ ၂၁... အခြေခံမတူတဲ့အတွက် ရလဒ်လည်းမတူနိုင်

 ၈၈ နဲ့ ၂၁... အခြေခံမတူတဲ့အတွက် ရလဒ်လည်းမတူနိုင်

----------------------------------------------------------
(၁၃-၃-၂၀၂၂)
ဖုန်းမော်နေ့အကြောင်းတွေးရင်းနဲ့ ၈၈ ကာလနဲ့ အခုကာလ -ဘာတွေတူပြီး ဘာတွေ မတူဘူးလဲ- ဆိုတာကို စဉ်းစားမိပါတယ်။
လူအတော်များများက ဒီအကြောင်းပြောထားကြပြီးဖြစ်လို့ သိပ်မထူးခြားဘူးလို့လည်းဆိုနိုင်ပါတယ်။ ဒါပေမယ့် နွေဦးတော်လှန်ရေးတနှစ်ပြည့် အင်တာဗျုးတွေလုပ်ရင်း ဒီမေးခွန်းကို မကြာခနမေးနေမိလို့ ကိုယ်ဘာသာပြန်ဖြေကြည့်တာပါ...
သုတေသနလုပ်သူတွေနဲ့ မူဝါဒရေးဆွဲသူတွေ၊ လက်ရှိ တိုက်ပွဲဝင်နေသူတွေအတွက် တစုံတရာ အသုံးတည့်မယ်လို့ မျှော်လင့်ပါတယ်။
-----------------------------------------------------



(၁)- အာဏာသိမ်းမှုနဲ့ ဆန္ဒပြပွဲ...
၁၉၈၈ တုန်းက ဆန္ဒပြပွဲတွေကို ပစ်ခတ်ဖြိုခွင်းပြီး စစ်တပ်က အာဏာသိမ်းခဲ့တာဖြစ်ပါတယ်။ အခုက အာဏာသိမ်းမှုကြောင့် ဆန္ဒပြပွဲတွေပေါ်လာတာပါ။
နောက်ကြောင်းကိုအကျဉ်းပြောရမယ်ဆိုရင် မဆလ ပါတီရဲ့ ၂၆ နှစ်ကြာ စီမံခန့်ခွဲမှု ညံ့ဖျင်းချက်ကြောင့် ကမ္ဘာ့အဆင်းရဲဆုံးစာရင်းဝင်အဖြစ် လျောက်ထားတဲ့အပေါ် လူငယ်ကျောင်းသားတွေက မကျေမနပ်ဖြစ်ရာကနေ၊ တနည်းအားဖြင့် စီးပွားရေး၊ စားဝတ်နေရေး အကျပ်အတည်းကနေ ဆန္ဒပြမှု စခဲ့တယ်လို့ ဆိုချင်ပါတယ်။
အဲဒီမတိုင်ခင် ၁၉၈၇ စက်တင်ဘာမှာကတည်းက ၇၅ ကျပ်တန်ငွေစက္ကူတွေကို သိမ်းလို့ ကျနော်တို့ကျောင်းသားတွေ စတင်ဆန္ဒပြခဲ့ပါတယ်။ အဲဒီမှာကျောင်းတွေပိတ်လိုက်လို့ ၁၉၈၈ မတ်လ ကျောင်းပြန်ဖွင့်ချိန်မှာ ဆန္ဒပြပွဲတွေ ထပ်ဖြစ်လာတာပါ။
ဒါပေမယ့် တပြည်လုံးအနှံဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲတွေ၊ သပိတ်စခန်းတွေဟာ ၁၉၈၈ စက်တင်ဘာမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ၃-၄ လအတွင်း လုံး၀ ငြိမ်သွားပါတယ်။ အခုကတော့ တနှစ်ကျော်ကြာတဲ့အထိ ဆန္ဒပြပွဲတွေရှိနေဆဲဖြစ်ပါတယ်။
-------------------------------------------
(၂)- အာဏာသိမ်းမှုနဲ့ ရွေးကောက်ပွဲ
၁၉၈၈ စက်တင်ဘာမှာ စစ်တပ်က အာဏာသိမ်းတော့ ရွေးကောက်ပွဲဆိုတာကို ကျနော်တို့ လူငယ်တွေ မကြားဖူးပါဘူး။ တပါတီစနစ်ကို ကြိုက်မကြိုက် ဆန္ဒခံယူပွဲလုပ်မယ်ဆိုလား... ဒီလောက်ပဲကြားဖူးပါတယ်။ (မဆလ ခေတ်ရွေးကောက်ပွဲကိုတော့ထားလိုက်၊ ပါတီစုံစနစ် ရွေးကောက်ပွဲကို ဆိုလိုတာပါ)
အာဏာသိမ်းပြီးနောက်ပိုင်းမှာမှ ၁၉၉၀ မေလမှာ ပါတီစုံရွေးကောက်ပွဲ လုပ်ပေးမယ်လို့ နဝတ က ကြေညာခဲ့တာပါ။ အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်အပါဝင် ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးခေါင်းဆောင်တွေ ပေါ်လာပါတယ်။ (ဒေါ်စုက ၁၉၈၈ သြဂုတ်လ ရွှေတိဂုံ ဘုရားရှေ့ဟောပြောပွဲမှာ လူထုရှေ့ စထွက်)
ဆိုလိုတာက ၁၉၈၈ တုန်းက အာဏာသိမ်းပြီး ၂ နှစ်ကြာမှ ရွေးကောက်ပွဲပေါ်လာတာပါ။ ဒါကြောင့် ရွေးကောက်ပွဲကို လူထက မျှော်ခဲ့ပါတယ်။ ကျနော်တို့ တောထဲက ရဲဘော်တွေ တောင် ရွေးကောက်ပွဲမှာ ဒေါ်စု ပါတီနိုင်ရင် အိမ်ပြန်ရတော့မယ်လို့ ပျော်ခဲ့ဖူးတာ အမှတ်ရ နေပါတယ်။
အခုက ရွေးကောက်ပွဲအပြီး၊ အမတ်တွေအားလုံး လွှတ်တော်ထဲရောက်နေပြီး အာဏာလွှဲခါနီးမှ အာဏာသိမ်းလိုက်တာပါ။ ဒါကြောင့် အခုလူတွေအနေနဲ့ ရွေးကောက်ပွဲဆိုတာကို သိဖူးပြီးဖြစ်တဲ့တွက် ၂၀၂၃ ရွေးကောက်ပွဲကို မျှော်လင့်စရာ အကြောင်း ဘာမှမရှိပါ။
------------------------------------
(၃) - အာဏာသိမ်းမှုနှင့် လက်နက်ကိုင်တော်လှန်ရေး
ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို သေနတ်နဲ့ ပစ်သတ်နေတဲ့ စစ်တပ်ကို သေနတ်ကိုင်ပြီး ပြန်တိုက်မှရမယ်ဆိုတဲ့ အယူအဆကတော့ ၈၈ လူငယ်တွေနဲ့ ဒီနေ့ လူငယ်တွေ တူပါတယ်။
မတူတာက ဘယ်လို စနစ်တကျ စုဖွဲ့ပြီး ပြန်ခုခံတော်လှန်ကြမလဲဆိုတဲ့ နေရာမှာလို့ ထင်ပါတယ်။ ဒါကလည်း ဆက်သွယ်ရေးနည်းနာတိုးတက်မှု၊ တောမခိုခင်မှာကတည်းက နိုင်ငံရေး ဦးဆောင်ပါတီရှိပြီးသားဖြစ်မှုတွေကြောင့်လို့ ထင်ပါတယ်။
ဆိုလိုတာက ၁၉၈၈ မှာ ကျနော်တို့ကျောင်းသားတွေတောခိုတော့ ဘယ်သူနဲ့ ဘယ်သူကမှ အဆက်အစပ်မရှိကြပါဘူး။ BBC ရေဒီယိုကိုနားထောင်ပြီး ကိုယ်လုပ်သင့်ထင်တာကို လုပ်ခဲ့ကြတာသာဖြစ်ပြီး အားလုံးမှာ လုပ်ချင်တဲ့ဆန္ဒတူနေတာကြောင့် အားလုံး ဆက်စပ်မိသွားခြင်းသာဖြစ်ပါတယ်။
အခုကတော့ ရွေးကောက်ခံ အစိုးရပါတီကိုယ်တိုင် တောခိုတာဖြစ်ပါတယ်။ (ပါတီ တခုလုံး မဟုတ်ဘူးလို့ ငြင်းချက်ထုတ်နိုင်ပါတယ်။ ဒါပေမယ့် ဦးနု အစိုးရ တောခိုတာမျိုးနဲ့လည်း မတူပြန်ဘူး)။
ဒါက ပါတီအပိုင်းပါ။ လူငယ်အပိုင်းကတော့ ပါတီနဲ့ကို မဆိုင်ဘူး။ စစ်ကောင်စီတပ်တွေရဲ့ ရက်စက်မှုကို မခံနိုင်လို့ နီးစပ်တဲ့လူငယ်တွေစုပြီး တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေဆီ ထွက်ခွာ၊ စစ်သင်တန်းတက် လုပ်ကြ၊ ပြီးရင် မြို့ထဲ ပြန်ဝင်ကြပေါ့...။
ဒီနေရာမှာ ထူးတာကတော့ ကျနော်တို့ ခေတ်က လူငယ်အားလုံး နယ်စပ်ဒေသတွေဆီ ရောက်သွားပြီး နိုဝင်ဘာ ၁ ရက်နေ့မှာ (အာဏာသိမ်းပြီး ၂ လအတွင်း) ABSDF ဆိုတာကို တရားဝင်ကြေညာနိုင်ခဲ့ပါတယ်။ ဒီဇင်ဘာလမှာ DAB တပ်ပေါင်းစုကို ကြေညာနိုင်ခဲ့ပါတယ်။
အခုခေတ်မှာတော့ လူငယ်တွေအားလုံး PDF ဆိုပြီး ဖွဲ့စည်းကြပေမယ့် တမြို့နယ် တဖွဲ့ဖြစ်နေပြီး အပေါ်ကနေ အမိန့်စီးဆင်းမှုမလုပ်နိုင်သေးပါ။ ဒါဟာ စစ်ဆင်ရေးလုပ်ဖို့ အားနည်းချက်ဖြစ်နေတယ်လို့ဆိုနိုင်ပေမယ့် တဖက်မှာကလည်း နယ်စပ်အထိ ထွက်မလာပဲ ကိုယ့်ရွာကိုအခြေခံပြီး တိုက်ခိုက်ရေးလုပ်နေတဲ့အတွက် အားသာချက်လည်း ဖြစ်နေပြန်ပါတယ်။
PDF အင်အားကလည်း ABSDF အင်အားထက် အများကြီးပိုများပြီး နယ်စပ်မှာ မဟုတ်ပဲ သက်ဆိုင်ရာ ကျေးရွာတွေမှာ ဆက်ရှိနေခြင်းက တော်လှန်ရေးကို အားကောင်းစေပါတယ်။ NUG ကာကွယ်ရေးဌာန တာဝန်ရှိသူတွေအပြောအရ PDF အင်အား တသိန်းအထရှိတယ်လို့သိရပါတယ်။
တနည်းအားဖြင့် ၈၈ တုန်းက လူငယ်အားလုံး နယ်စပ်အထိ လာလိုက်တာ နဲနဲခရီးလွန်သွားတယ်။ စစ်သင်တန်းဆင်းပြီး ပြန်တိုက်ချိန်မှာ စစ်တပ်က အချိန်ယူပြင်ဆင်ထားပြီး ဖြစ်တဲ့အတွက် မြို့ပြအထိ ဘယ်လိုမှ ပြန်မထိုးဖောက်နိုင်ပဲဖြစ်သွားပါတယ်။
အခုက နယ်စပ်ကို အချို့ထွက်။ အချို့က ပြည်တွင်းကနေ တိုက်ပွဲဖေါ်နေ၊ ဆန္ဒပြပွဲတွေကလည်း ဆက်ရှိနေတဲ့အတွက် လက်နက်ကိုင်တိုက်ပွဲ အလားအလာအတော်ကောင်းပါတယ်။ ဒါပေမယ့် ပြသာနာက လက်လုပ်သေနတ်ပဲရှိပြီး စစ်ဆင်ရေးသုံး သေနတ် လိုသလောက် မရသေးခြင်းပါပဲ။
ဒီလို သေနတ်မရခြင်းဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အပစ်ရပ်ထားခြင်းနဲ့လည်း ဆက်စပ်နေနိုင်ပါတယ်။ ၁၉၈၈ တုန်းကတော့ အပစ်ရပ်စာချုပ်တွေ၊ ဆွေးနွေးပွဲဆိုတာတွေ၊ NCA တွေဆိုတာ မကြားဖူးသေးပါ။
------------------------------------------------
(၄)- NCG နှင့် NUG ဘာကွာသလဲ...
NCG အမျိုးသားညွန့်ပေါင်းအစိုးရဆိုတာ ၁၉၉၀ ရွေးကောက်ပွဲ ရလာဒ်ကို နဝတ ကလက်မခံတဲ့အတွက် အမတ်အချို့နယ်စပ်ကိုထွက်လာပြီး ၁၉၉၁ ခုနှစ် ဒီဇင်ဘာမှာ မာနယ်ပလော ဌာနချုပ်မှာ ဖွဲ့စည်းခဲ့တဲ့ အစိုးရဖြစ်ပါတယ်။
အဲဒီကာလ အခြေအနေအရ နယ်မြေခံ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေမပါပဲ ရွေးကောက်ခံအမတ်တွေချည်းနဲ့ ဖွဲ့စည်းခဲ့လို့ (သူပုန်ကို ကြောက်နေဆဲဖြစ်လို့) အားနည်းခဲ့ရတယ်လို့ ဝေဖန်သူတွေကဆိုပါတယ်။
အခု NUG အစိုးရကတော့ ၂၀၂၀ ရွေးကောက်ပွဲအပြီးမှာ စစ်တပ်က အာဏာသိမ်းလိုက်လို့ (မွေးဖွားနေရာ အတိအကျမတွေ့ရသေး) အွန်လိုင်းပေါ်မှာ ဖွဲ့စည်းလိုက်တဲ့ အစိုးရ ဖြစ်ပါတယ်။ ၂၀၂၁ ဖေဖေါ်ဝါရီမှာ CRPH ကို နေပြည်တော် စည်ပင်ဝင်းက လွှတ်တော်အမတ်တွေရဲ့အဆောင်မှာ ဖွဲ့စည်းလိုက်တာလို့သိရပြီး NUG ကိုတော့ ဧပြီလ ၁၆ ရက်က အွန်လိုင်းမှာ ဖွဲ့စည်းခဲ့တာလို့ မှတ်တမ်းတွေမှာ တွေ့ရပါတယ်။
ထူးတာကတော့ NUG မှာ ရွေးကောက်ခံအမတ်တွေအပြင် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေရော၊ အရပ်ဖက်အဖွဲ့တွေရော၊ ပညာရှင်တွေပါ ထည့်ထားခြင်းပါ။ ဒါကြောင့် အရင် NCG ခေတ်ထက် ပိုကျယ်ပြန့်တယ်လို့ ဆိုကြပါတယ်။
ဒါ့အပြင် အရင် NCG အစိုးရမှာ လက်နက်ကိုင်တပ် (ABSDF တပ်သားတွေက သူတို့ဟာ NCG ရဲ့ တပ်သားတွေဖြစ်တယ်လို့ ခံယူဖူးသည့်တိုင်) မရှိပါ။ ဒါပေမယ့် အခု အင်အား တသိန်းလောက်ရှိတဲ့ PDF ဟာ NUG ရဲ့ လက်နက်ကိုင်တပ်ဖြစ်ပါတယ်။ ဒါကြောင့် ကာကွယ်ရေးဝန်ကြီးဌာနဟာ အရေးကြီးလာပါတယ်။ အရင် NCG ခေတ်က ကာကွယ်ရေး ဝန်ကြီး ဘယ်သူမှန်းတောင် လူတွေ သတိမထားမိပါ။
တခါ သိပ်မကြာသေးခင်က တပ်ပေါင်းစု NUCC ကိုဖွဲ့စည်းနိုင်ခဲ့ပြီး ဖက်ဒရယ်မူတွေ၊ ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် မတူတာက အရင် ၈၈ တုန်းက နယ်စပ်မှာရှိသမျှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံးနီးပါး (ဗကပ ကနေ ခွဲထွက်ပြီး ၉၁ မှာ အပစ်ရပ်လိုက်တဲ့ တရုတ်နယ်စပ်အဖွဲ့တွေမှအပ) တပ်ပေါင်းစုထဲ ပါပါတယ်။
အခု ၂၁ မှာတော့ NCA လက်မှတ်ထိုးထားတဲ့အဖွဲ့တွေထဲက အချို့ အဖွဲ့တွေ မပါသလို ရှေ့မှာပြောခဲ့တဲ့ တရုတ်နယ်စပ်အဖွဲ့တွေ (၁၉၉၁ တုန်းက အင်အားမရှိသေးပေမယ့် အခုတော့ အင်အားအကြီးဆုံး ဖြစ်နေ) လည်း ပါလာတာ မတွေ့ရသေးပါဘူး။ (မပါပေမယ့် အပြန် အလှန်နားလည်မှုရှိတယ်လို့တော့ အကဲခတ်အချို့က ဆိုပါတယ်)။
ဒါက နယ်စပ် အခြေအနေ။ ပြည်တွင်း လူထုထောက်ခံမှုကတော့ NUG အခြေအနေက အရမ်းကောင်းပါတယ်။ NCG ခေတ်ကဆိုရင် နယ်စပ်နဲ့ ပြည်ပကတော်လှန်ရေးအကြောင်း ပြည်တွင်းက လူတွေ သိခွင့်မရှိ၊ ပြောခွင့်မရှိပါ။
ဒါပေမယ့် နိုင်ငံတကာ ဆက်ဆံရေးမှာတော့ ဒီအစိုးရ ၂ ဖွဲ့စလုံးဟာ တိကျတဲ့ ထောက်ခံမှု မရသေးပါဘူး။ အမေရိကန် အစိုးရးက NUG ကို အသိအမှတ်ပြုရေးအတွက် ဧပြီလမှာ ဆွေးနွေးမယ်ပြောထားပေမယ့် ဘာဖြစ်မလာမလဲဆိုတာ မှန်းဆလို့မရသေးပါဘူး။
ချက်နိုင်ငံက NUG ကို အသိအမှတ်ပြုထားတယ်ဆိုတဲ့အချက်ကလည်း နော်ဝေက NCG ကို လက်ခံပြီး DVB ရေဒီယိုကို အော်စလိုမှာ အခြေစိုက်ခွင့်ပေးတဲ့အဆင့်တောင် မရှိသေးဘူးလို့ ယူဆရပါတယ်။
ဆိုလိုတာက NUG ဟာ ပြည်တွင်းနဲ့ နယ်စပ်မှာ ထောက်ခံမှုရနေပေမယ့် နိုင်ငံတကာမှာတော့ တိကျတဲ့ ထောက်ခံမှုမရသေးပါဘူး။ (ချွင်းချက်အနေနဲ့ ကုလ သံအမတ် ဦးကျော်မိုးထွန်းက NUG ကို ထောက်ခံတဲ့အတွက် ကုလမှာ နေရာရနေပါတယ်)။ ဒါပေမယ့် နိုင်ငံတကာရဲ့အကူအညီ NUG က ရနေပြီလို့ မကြားရသေးပါ။
နိုင်ငံတကာရှိ အဝေးရောက် မြန်မာတွေရဲ့ အကူအညီနဲ့ပဲ အဓိက မောင်းနှင်နေရတာကိုသာ တွေ့နေရပါတယ်။ အဝေးရောက် မြန်မာတွေရဲ့ အင်အား ဒီလောက်ကောင်းတာကလည်း ၈၈ ထက် တကယ့် အားသာချက်ပါပဲ။
------------------------------------------------------------------
(၅)- ပြည်ပရောက် အင်အားစုများ
ပြည်ပရောက် အင်အားစုတွေက ဒီနေ့ပွဲမှာ အရေးကြီးတယ်လို့ထင်ပါတယ်။ ၁၉၈၈ တုန်းက ဒါမျိုးမရှိပါ။ ပြည်ချစ်လက်ကျန် ဦးတင်မောင်ဝင်း ဦးဆောင်တဲ့ (နောက်ပိုင်း ခေတ်ပြိုင်သတင်းစာထုတ်ဝေသူ) CRDB ကလွဲရင် တဦးစ နှစ်ဦးစ တသီးပုဂ္ဂလ အလှူရှင်တွေလောက်ပဲရှိပါတယ်။
အခုကတော့ ၈၈ နောက်ပိုင်း တောခိုကျောင်းသားတွေ၊ ၁၉၉၀ ရွေးကောက်ပွဲ နောက်ပိုင်းထွက်လာတဲ့ NLD ပါတီဝင်တွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ ပြီးတော့ နယ်စပ်ဒေသရှိ ဒုက္ခသည်စခန်းတွေကနေ တတိယ နိုင်ငံခြာအခြေချဦးရေက သိန်းနဲ့ချီရှိပါတယ်။
စာရင်းအတိအကျမရှိပေမယ့် အားလုံးပေါင်းရင် သန်းတဝက်လောက်ရှိမယ်လို့ မှန်းရပါတယ်။ တခါ နိုင်ငံရေးကြောင့်မဟုတ်ပဲ ပညာတော်သင်၊ စီးပွားရေး၊ အခြား အကြောင်းအမျိုး မျီုးကြောင့် ပြည်ပရောက်နေရာကနေသူတွေကလည်း မနည်းပါ။
လက်ရှိအနေအထားမှာ ဒီလူတွေရဲ့ အလှူငွေနဲ့ တော်လှန်ရေးကို အဓိက မောင်းနှင်နေရတယ်လို့ပြောရင် မှားမယ်မထင်ပါ။ ဟိုး...အရှေ့ဗျား ဂျပန်၊ နယူးဇီးလန်ကနေ ဥရောပ အလယ်... အနောက်ဖျား အမေရိကား-ကနေဒါအထိ (အာဖရိကနဲ့ တောင်အမေရိကမှာတော့ မရှိသလောက်ပါပဲ) သိန်းနဲ့ချီရှိတဲ့ ဒီလူတွေက အဓိက အလှူငွေထည့်ဝင်နေပါတယ်။
ဒါဟာ ၈၈ ထက် လုံးဝသာတဲ့ တော်လှန်ရေး ရန်ပုံငွေ ရလမ်းကြီးဖြစ်ပါတယ်။
ဒါပေမယ့် စဉ်းစားစရာတခုရှိတာက ဒီလိုရနေတဲ့အတွက် တော်လှန်ရေးခေါင်းဆောင်ပိုင်းက ဒီပေါ်မှာ အဓိကထားလာပြီး အခြား လမ်းကြောင်းတွေရှာဖို့ အားနည်းသွားသလား၊ နိုင်ငံတကာ ထောက်ခံမှုမရလည်း ဒါနဲ့ အလုပ်ဖြစ်ပါတယ်ဆိုတဲ့ စိတ်ကူးတွေများ ဝင်သွားသလား ဆိုတာကတော့ စဥ်းစားစရာပါ။
-----------------------------------
(၆)- ဆိုရှယ်မီဒီယာနှင့် လက်နက်ကိုင်တော်လှန်ရေး
----------------
ဆိုရှယ်မီဒီယာ ခေတ်ကောင်းတာကလည်း ဒီနေ့ တော်လှန်ရေးရဲ့ ထူးခြားချက်ပါပဲ။ (အားသားချက်လို့ ပြောသင့်သလား)။ အရင်ကဆိုရင် BBC, VOA.လိုင်းတိုရေဒီယို နားထောင်ခြင်းမှအပ ပြင်ပကမ္ဘာနဲ့ ဆက်စပ်မှုဘာမှမရှိ။ ၁၉၉၂-၉၇ နောက်ပိုင်းမှာတော့ . DVB, RFA ရေဒီယိုတွေ ထပ်ပေါ်လာပါတယ်။
တနည်းအားဖြင့် ၁၉၈၈ စက်တင်ဘာ ၁၈ မှာတောခိုလိုက်ကတည်းကနေ ၂၀၁၃ အိမ်ပြန်ခွင့်ရတဲ့အချိန် ၂၅ နှစ်တာလုံးလုံး မိဘများနှင့် တောခိုသား သမီးများ လုံး၀ အဆက်အသွယ် မရှိ။
အခုကတော့ ဆိုရှယ်မီဒီယာခေတ်ကောင်းတော့ တောခိုကျောင်းသားတွေနဲ့ မိဘဆွေမျီုးတွေ၊ မိတ်ဆွေတွေ၊ နိုင်ငံတကာရောက်နေသူတွေကြားမှာ အဆက်အသွယ်မပြတ်ရှိနေတယ် လို့သိရပါတယ်။ ဒါဟာ အားသာချက်ပါပဲ။
အချို့နေရာတွေမှာဆိုရင် ရှေ့တန်းမှာစစ်တိုက်တာတောင် ဆက်သွယ်ရေးစက်မသုံးပဲ (မရှိတာလည်းဖြစ်နိုင်ပါတယ်) မက်ဆင်ဂျာတွေ၊ စင်နယ်တွေနဲ့ သတင်းပို့ကြတယ်လို့ ဆိုပါတယ်။ ဒါကတော့ အားသည်းချက်လား- အားနည်းချက်လား စဉ်းစားစရာဖြစ်လာစေပါတယ်။
နောက်တချက်က လက်နက်ကိုင်တော်လှန်ရေးလုပ်ဖို့ တောခိုသွားသူတွေက တောထဲကနေ ဆယ်ဖီဆွဲပြီး ပုံတွေတင်နေတဲ့အခါ ဆိုရှယ်မီဒီယာဟာ ပြောစရာဖြစ်လာစေပါတယ်။ ရှေ့မှာ တင်ပြခဲ့သလို အမိန့်နာခံမှု စနစ်တကျ မတည်ဆောက်နိုင်သေးတော့ စစ်ဆင်ရေးကာလမှာ ဆိုရှယ်မီဒီယာ သုံးခွင့်မရှိဆိုတာမျီုး အမိန့်မထုတ်နိုင်သေးဘူးလို့ ယူဆရပါတယ်။
ဒါက အားနည်းတဲ့ဖက်က အချက်အချို့ပါ။...အားသာချက်တွေကလည်း အများကြီး။ ခုနကပြောခဲ့သလို မိဘဆွေမျိုး- ပြည်တွင်း-ပြည်ပ အဆက်သွယ်မပြတ်တဲ့အပြင် နိုင်ငံတကာ၊ ပြည်တွင်းနဲ့ အခြား စခန်းက သတင်းတွေကိုလည်း မိနစ်ပိုင်းအလိုက် သိရှိနေခြင်းပါ။
တခါက ကိုယ့်ဖက်က ထုတ်ပြန်ချင်တဲ့သတင်းတွေကိုလည်း ချက်ခြင်း ထုတ်နိုင်ပါတယ်။ အရင်ခေတ်လို ရေဒီယိုမှာ သတင်းပါဖို့အရေး အသဲအသန်ကြိုးစားနေစရာမလိုပါ။ အချို့နေရာတွေဆို တိုက်ပွဲကိုတောင် လိုက်ဖ် လွှင့်နိုင်တဲ့အခြေအနေအထိ တိုးတက်နေပြီဖြစ်ပါတယ်။
ဆိုရှယ်မီဒီယာပေါ်ကနေ တော်လှန်ရေး ရန်ပုံငွေ ရှာနိုင်ခြင်းကလည်း ဒီနေ့ခေတ်ရဲ့ အားသာချက်ပါပဲ။ ဆိုရှယ်မီဒီယာမှာ ထင်ရှားသူတွေ တော်လှန်ရေးမှာ အရေးကြီးတာဝန်တွေ ယူခွင့်ရတဲ့အထိ အခုခေတ်က တိုးတက်ပြောင်းလဲသွားပြီဖြစ်ပါတယ်။
--------------------------------------------------------------------------
(၇)- တော်လှန်ရေးသမား တဦးချင်းရဲ့ စဉ်းစားပုံကွာသလား...
ဒီအချက်ကတော့ တိကျတဲ့အချက်အလက်ပေါ်အခြေခံပြောတာထက် စာရေးသူရဲ့ ထင်မြင်ယူဆက်ချက်အပိုင်းက ပိုများကောင်းများနေနိုင်ပါတယ်။
ကျနော်တို့ ၈၈ မှာတောခိုတော့ တကယ့်ကို အင်ဒီဗက်ကျုရယ်ပါ။ ပါတီလည်းမရှိ၊ အစိုးရလည်းမရှိ၊ ကျောင်းသားသမဂ္ဂတွေရှိတယ်ဆိုပေမယ့် အပေါ်အောက် အမိန့်နာခံမှု သိပ် အားမကောင်းသေးပါ။ ကိုယ့်အသိနဲ့ကိုယ် တောခိုလာကြခြင်းသာဖြစ်ပါတယ်။
အဲဒီတော့ တောထဲရောက်တဲ့အခါမှာလည်း ကိုယ့်အား ကိုယ်ကိုးပါပဲ။ ဗဟိုကိုမျှော်တာ၊ ခေါင်းဆောင်မျှော်တာ၊ အစိုးရကိုမျှော်တာတွေ မရှိခဲ့ဖူးလို့ထင်ပါတယ်။ ဗဟိုကို မမျှော်တာကတော့ သိပ်ချာတယ်။ အဲဒီကာလက စခန်းတွေဟာ အဓိကဖြစ်တဲ့အတွက် စခန်းခေါင်းဆောင်တွေက ဗဟိုခေါင်းဆောင်တွေထက်တောင် ပိုသြဇာရှိခဲ့ပါသေးတယ်။
မဟာမိတ်တွေနဲ့ညှိပြီး ကိုယ့်စခန်းကိုယ်ဆောက်၊ ကိုယ့်သင်တန်းကိုယ်ပေး၊ ကိုယ့်သေနတ် ကိုယ်ရှာ လုပ်ခဲ့ကြပေါ့။ အရေးပေါ် ရိက္ခာနဲ့ ဆေးဝါးတွေကို ဗဟိုကနေ မပေးပဲ သက်ဆိုင်ရာ NGO တွေက စခန်းတွေကို တိုက်ရိုက်ပေးတာကြောင့်လည်း ပါနိုင်သလို ပြည်ပရောက် မြန်မာအလှူရှင်တွေ အခုလို အင်အားမကောင်းသေးတာကြောင့်လည်းဖြစ်နိုင်ပါတယ်။
အခု ၂၁ မှာတော့ လူငယ်တွေအားလုံးနီးပါး အင်ဒီဗယ်ကျုရယ် တောခိုကျတယ်ဆိုပေမယ့် နိုင်ငံရေးဦးဆောင်မှုအပိုင်းမှာ NLD, CRPH, NUG စသဖြင့် ရှိပြီးသားဖြစ်နေပါတယ်။ ဒါဟာ တဖက်မှာ ပါတီဝင်တွေအတွက် အားကောင်းပေမယ့် ပါတီဝင်မဟုတ်သူတွေအတွက်တော့ အခက်ဖြစ်စေတယ်လို့ ထင်ပါတယ်။
စာရေးသူ သိရသလောက်က လက်ရှိ ဝန်ကြီးတွေကနေ ဟိုး- အောက်ခြေ PDF ခေါင်းဆောင်ပိုင်းအထိ ပါတီနဲ့ဆက်စပ်သူတွေက အဓိက နေရာယူထားပါတယ်။ ဒါကလည်း သဘာဝကျပါတယ်။ ဒါပေမယ့် အချို့ပါတီဝင်မဟုတ်သူ အနည်းအကျဉ်းကတော့ သူတို့ဟာ ပါတီတောမခိုခင်ကတည်းက တောခိုပြီး လက်နက်ကိုင်တော်လှန်ရေးလုပ်နေတာဖြစ်တယ်။ အစိုးရအောက်က ပကဖ လက်အောက် မဝင်နိုင်ဘူးဆိုတာမျိုး ရှိနေဆဲဖြစ်ါပတယ်။
ပါတီဝင် ဦးဆောင်တဲ့ ပကဖ မဟုတ်လို့ အစိုးရဆီက လက်နက်ထောက်ပံ့မှု မရသေးဘူးလို့ ပြောသံတွေလည်း ရှိနေပါတယ်။
နောက်တချက်က အပေါ်ထပ် အဆောက်ဦအားကောင်းတဲ့အတွက် အောက်ခြေစခန်းက ရဲဘော်တွေဟာ ၈၈ တုန်းကလို ကိုယ့်စခန်းရိက္ခာ ကိုယ်ရှာရတာမျိုးမဟုတ်ပဲ ဗဟိုကို ပိုအားထားတာ၊ ပြည်ပက မြန်မာတွေကို ပိုအားထားတာတွေ့ရပါတယ်။
ရှေ့အခန်းမှာတင်ပြခဲ့ဖူူးတဲ့ BCG, IRC ကိုရာ၊ စသဖြင့် ထိုင်းအခြေစိုက် နိုင်ငံတကာ NGO တွေရဲ့ ရိက္ခာ၊ ဆေးဝါးထောက်ပံ့မှုက စခန်းတွေဆီ တိုက်ရိုက်မဝင်ပဲ ဗဟို အစိုးရနဲ့ ဝန်ကြီးဌာနဆီ ဝင်နေတာကြောင့်လည်းဖြစ်နိုင်ပါတယ်။
နောက်တချက်က အစိုးရကို အွန်လိုင်းမှာဖွဲသလိုမျိုး (NUG အစိုးရရုံးကို KNU နယ်မြေမှာ အခြေစိုက်တယ်လို့ ယူဆရပေမယ့်) PDF တပ်တွေ၊ စခန်းတွေရဲ့ အစည်းအဝေးတွေကိုလည်း အွန်းလိုင်းကနေပဲ လုပ်နေကြတဲ့အတွက် တကယ့်မြေပြင်အခြေအနေထက် ပိုရိပ်ယောင် အခြေအနေက အဓိကလို ဖြစ်နေတယ်လို့ ခံစားမိပါတယ်။
တခါ ဝန်ကြီးချုပ်မဟုတ်ရင်တောင် ကာကွယ်ရေးဝန်ကြီးနဲ့ တာဝန်ရှိသူတွေဟာ PDF စခန်းတွေဆီ သွားရောက် အားပေးတာမျိုး အခုထိ မတွေ့ရသေးပါ။ NCG ခေတ်တုန်းက ၉၁ မှာ အစိုးရဖွဲ့ပြီး ၉၂ မှာ ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းနဲ့အဖွဲ့ ကျနော်တို့ စခန်းဆီ လာရောက်အားပေးတာ အမှတ်ရနေပါတယ်။
ထိုင်းနိုင်ငံရဲ့ ပေါ်လစီအပြောင်းအလဲကြောင့် နိုင်ငံခြားရေးဝန်ကြီး နိုင်ငံခြားထွက်ခွင့်မရ၊ ကာကွယ်ရေးဝန်ကြီး ရှေ့တန်းထွက်ခွင့်မရတာမျီုးလည်းဖြစ်နိုင်နေနိုင်ပါတယ်။ ဒါမှမဟုတ် လိုင်းမိတဲ့နေရာမှာရှိနေရင်ပြီးတာပဲ။ ဘယ်မှသွားစရာလိုဘူူး၊ အားလုံးကို အွန်လိုင်းကနေ စီမံခန့်ခွဲလိုံ့ရနေတာပဲ လို့ သဘောထားတာကြောင့်လည်းဖြစ်နိုင်ပါတယ်။
-------------------------------------
(၈)- တပ်မတော်ဖက်က ထွက်ပြေးလာသူများနှင့် အကျအဆုံးများမှု
ဒီအချက်ကလည်း အရေးကြီးတယ်လို့ထင်ပါတယ်။ ၈၈ တုန်းက ဆန္ဒပြပွဲမှာပါတဲ့ စစ်သားအချို့ ကျနော်တို့နဲ့အတူ တော်ခိုလာတာကလွဲရင် ဗိုလ်မှူး၊ ဗိုလ်ကြီးအဆင့် တောခိုလာတာ၊ CDM လုပ်တာ မကြားဖူးပါ။
အခု ဒီလိုစာရင်းတွေအတော်များနေပါတယ်။ NUG ရဲ့ စာရင်းအရဆိုရင် တနှစ်အတွင်း စစ်တပ်ဖက်က ကျဆုံးသူ ၇ ထောင်နီးပါးနဲ့ ထွက်ပြေးလာသူ ၃ ထောင်ခန့်ရှိပါတယ်။ ဒါဟာလည်း စစ်ပွဲတခု အရှုံး-အနိုင်အတွက် အရေးကြီးတဲ့အချက်တခု ဖြစ်တာမို့ အလေးထား စဉ်းစားသင့်ပါတယ်။
စစ်တပ်ဖက်က ထွက်လာသူတွေတွေကို ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ကြီးကြီး ပေးရင် စစ်တပ်ဖက်က ထွက်လာမယ့်သူ ပိုများလာမလား... စဉ်းစားသင့်ပါတယ်။
--------------------------------------
(၉ )- အဲတော့ ဘာဆက်ဖြစ်မှာလဲ...
ဒီမေးခွန်းက အမေးလွယ်သလောက် ဖြေရခက်ပါတယ်။ မမှားအောင် ဖြေရမယ်ဆိုရင်တော့... ရှေ့ဖေါ်ပြပါ အချက်ကြီး ၈- ချက်အရ ၈၈ နဲ့ ၂၁ အခြေအနေ မတူတာကြောင့် ၈၈ လို အဖြေထွက်မှာမဟုတ်ဘူးလို့ ဖြေသင့်ပါတယ်။
ဒါဖြင့် အောင်ပွဲရမှာလား...
တိုက်ပွဲဝင်နေသူအားလုံးကတော့ နိုင်မယ်လို့ ယုံကြည်တဲ့အတွက် တိုက်နေကြတာပေါ့။ အားပေးသူတွေကလည်း နိုင်မယ်လို့ ယုံကြည်တဲ့အတွက် အားပေးနေကြတာပေါ့...။
ဒါပေမယ့် အောင်ပွဲဆိုတာ ယုံကြည်ချက်တခုတည်း၊ စွန့်လွှတ်အနစ်နာခံမှု တခုတည်းနဲ့တော့ ဘယ်ရပါ့မလဲ...။ ၁၉၈၈ ကို ဖြတ်သန်းခဲ့ဖူးသူတွေက ပိုသိနိုင်ပါတယ်။ ပိုစဉ်းစားနိုင်ပါလိမ့်မယ်ထင်ပါတယ်။
အောင်ပွဲရဖို့ဆိုရင် ... အောင်ပွဲရလောက်တဲ့ အခြေနေတွေကို ဖန်တီးနိုင်ဖို့ လိုတာပေါ့...။
အထူးသဖြင့် ၈၈ တုန်းက တိုက်ပွဲမဖြစ်ဖူးတဲ့ စစ်ကိုင်း၊ မကွေးနယ်စပ်နဲ့ ချင်းပြည်နယ်တွေရဲ့ လက်ရှိအနေအထားကို တာဝန်ရှိသူတွေ စနစ်တကျ သုံးသပ်ပြီး အမြန်ဆုံး အသုံးချဖို့ လိုမယ်ထင်ပါတယ်။
၂၀၂၃ မှာ စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲကို ဘယ်သူမှ မယုံကြည်ဘူးဆိုပေမယ့် အဲဒီရွေးကောက်ပွဲမတိုင်မီမှာ သိသာတဲ့အပြောင်းအလဲတခုဖြစ်အောင် တော်လှန်ရေး ဦးဆောင်တာဝန်ယူထားသူတွေက လုပ်ပြဖို့လိုနေပါတယ်။
အောင်ပွဲဘယ်တော့မရမလဲဆိုတာဟာ အောင်ပွဲရအောင် ဘယ်လိုလုပ်နေသလဲဆိုတဲ့ အချက်ပေါ်မူတည်နေပါတယ်။
၂၀၂၂ မှာ ခုခံစစ်ကနေ ထိုးစစ်ကိုပြောင်းမယ်ပြောထားတဲ့အတွက်လည်း အခု မတ်လဟာ တော်လှန်ရေးကို အရှိန်တင်ရမယ့်အချိန်ဖြစ်နေပြီလို့ တင်ပြချင်ပါတယ်။
ထက်အောင်ကျော်
(၁၃-၃-၂၀၂၂)
( ဖုန်းမော်ကျဆုံးခြင်း ၃၄- နှစ်ပြည့်နေ့)

Share

Twitter Delicious Facebook Digg Stumbleupon Favorites More