Saturday, April 30, 2022

 ခွန်ထွန်ဦးသို့ အမှတ်ရခြင်း...

--------------------------------

(၃၀/၄/၂၀၂၂)

ခွန်ထွန်းဦးနဲ့ စတင်စကားပြောဖူးတာ (တယ်လီဖုန်းနဲ့) ၂၀၀၀ ခုနှစ် ဝန်းကျင်လို့ထင်ပါတယ်။ အဲဒီကာလကလည်း အခုလိုပဲ (အရင်က CRPP အခု CRPH ပေါ့) ၁၉၉၀ ရွေးကောက်ပွဲကို စစ်ကောင်စီက အသိအမှတ်မပြုလို့ လွှတ်တော်ကိုယ်စားလှယ်တွေ စုပေါင်းပြီး ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မီတီ ဖွဲ့ထားချိန်ပေါ့...။


အဲဒီကာလက အခုလို ဆိုရှယ်မီဒီယာမရှိသေး၊ လက်ကိုင်တယ်လီဖုန်းမရှိသေး ဘူးဆိုတော့ တယ်လီဖုန်းပဲ အားကိုးရတာ။ တယ်လီဖုန်းရှိတဲ့ အိမ်ကလည်း ဘယ်လောက်မှ များတာမဟုတ်။ အဲဒီ မများတဲ့ဖုန်းထဲမှာမှ နိုင်ငံခြားကနေ ခေါ်လို့ရတဲ့ဖုန်းက အတော်နည်း၊ အဲဒီလိုနည်းတဲ့အထဲမှာမှ ပြည်ပမီဒီယာကို ပြန်ဖြေရဲတဲ့ ဖုန်းက တဒါဇင်တောင် မပြည့်ဘူးထင်ပါတယ်။


ကျနော် မှတ်မိသလောက်ဆိုရင် အဲဒီကာလ ကျနော်တို့ နော်ဝေး DVB ရေဒီယို ကို ပထမ ဆုံးအင်တာဗျုးပေးသူဟာ ဝါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းဖေပါ။ နဝတ-နအဖ ခေတ် စစ်ထောက်လှမ်းရေး သိပ်သြဇာကြီးနေချိန်မှာ ပြည်ပ မီဒီယာကနေ စစ်ကောင်စီကို ဝေဖန်ဖို့ဆိုတာ တကယ့်စွန့်စားခန်းတခု...။


CRPP ဆိုတာ အခု CRPH လိုပဲ မဲအများစုအနိုင်ရထားတဲ့ NLD ပါတီနဲ့ SNLD အပါဝင် တိုင်းရင်းသားပါတီတွေ စုပေါင်းဖွဲ့စည်းထားတာ။ အဲဒီ တိုင်းရင်းသားခေါင်းဆောင်တွေထဲမှာ ကျနော်တို့ကို အင်တာဗျုးပေးရဲတာက ခွန်ထွန်းဦးပါပဲ။ (အခြား အင်တာဗျုးပေးတဲ့ CRPP ခေါင်းဆောင်တွေကတော့ ... နိုင်ငွေသိန်း၊ ဦးထောင်ကိုထန်၊ ဦးကျင်ရှင်းထန်၊ ဦးအေးသာအောင်...စသဖြင့်)


သူက ရှမ်း တိုင်းရင်းသားဆိုပေမယ့် ရှမ်းတခုတည်းကို ကြည့်တာမဟုတ်။ တနိုင်ငံလုံးကိုကြည့်သူဖြစ်တယ်။ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းကို နားလည်သူဖြစ်တယ်။ မီဒီယာ၊ သံတမန်၊ စီးပွားရေး၊ နိုင်ငံရေး စသဖြင့် အတော်လေ့လာထားပုံရတယ်။ မေးခွန်း ဟ လိုက်တာနဲ့ ဒီသတင်းထောက် ဘာလိုချင်လို့ မေးနေတာလည်းဆိုတာ တန်းသိတယ်။


ဒါကတော့ တရားဝင်ပြောလို့ရတယ်။ ဒါကတော့ အလွတ်သဘောပြောတာဖြစ်တယ်...စသဖြင့် အတော်ဆက်ဆံရေးကောင်းမွန်သူပါ။ CRPP ကိစ္စအပြင် ကုလ အထူးကိုယ်စားလှယ် ရာဇာလေ ခရီးစဉ်တို့၊ ပီညဲရိုးခရီးစဉ်တို့ စသဖြင့် အတော်များများကို သူ့ဆီပဲမေးရတာပါ။


ဒီလို မီဒီယာကိစ္စ၊ သံတမန်ကိစ္စတွေကို ဒီလောက်နားလည်နေသူ။ ဟိုပုဒ်မ- ဒီပုဒ်မနဲ့မငြိအောင် သံတမန်စကားပြောတတ်သူ ခွန်ထွန်းဦးဟာ ၂၀၀၅ ခုနှစ်မှာတော့ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်။ စွဲချက်ကတော့ ရှမ်း အမျိုးသားတွေ (အပစ်ရပ်- အပစ်မရပ် လက်နက်ကိုင်တွေအပါဝင် ရှမ်းပြည်ရှိ တိုင်းရင်းသားအားလုံး) အားလုံးပါတဲ့ အစည်းအဝေးတခု ကျင်းပမိလို့ဖြစ်ပါတယ်။


ထောင်ဒဏ် ၁၀၈ နှစ်လားမသိဘူး။ စစ်ကောင်စီ တရားရုံးကနေချလိုက်တာ။ ကျနော်မှတ်မိသလောက်ဆိုရင် အဲဒီကာလက နှစ်အရှည်ဆုံးချခံရတဲ့ နိုင်ငံရေးအကျဉ်းသားပါပဲ။ 


ဒါပေမယ့် ၂၀၁၂ မှာ သူတို့ပါတီရဲ့ မဟာမိတ် CRPP အဖွဲ့ဝင် NLD ပါတီက ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို ဝင်မယ်လို့ကြေညာချိန်မှာတော့ သူ့အပါဝင် တိုင်းရင်းသားခေါင်းဆောင်တွေ၊ မင်းကိုနိုင်အပါဝင် ကျောင်းသားခေါင်းဆောင်တွေ၊ ဇာဂနာအပါဝင် လူမှုအသိုင်းအဝိုင်းက နိုင်-ကျဉ်း တွေ ရာနဲ့ချီ ပြန်လည် လွတ်မြောက်လာပါတယ်။


ဒါပေမယ့် ရှမ်းပါတီဟာ ၂၀၁၂ ကြားဖြတ်ကို မဝင်ခဲ့ပါဘူး။ ထားတော့...ဒါက နိုင်ငံရေး ဖြတ်သန်းမှုသမိုင်းစဉ်။ ကြားဖြတ်ရွေးကောက်ပွဲ အကျိုးဆက်နဲ့ NLD ပါတီက အမတ် ၄၀ လောက် လွှတ်တော်ထဲရောက်သွားတော့ ကျနော်တို့ ပြည်ပ ရောက်တွေလည်း ပြည်တော်ပြန်ခွင့် ရလာတယ်ဆိုပါတော့...။


၂၀၁၃ ခုနှစ် မေလမှာ ၂၅ နှစ်အတွင်း (၁၉၈၈-စက်တင်ဘာ ၁၈ ရက်နောက်ပိုင်း) ပထမ ဆုံးအကြိမ် ပြည်တော်ပြန်ခွင့်ရတော့ ခွန်ထွန်ဦးကို ၈ မိုင်က သူ့အိမ်မှာ (အဲဒီတုန်းက SNLD ရုံးခန်းလည်းဖြစ်တယ်ထင်ပါတယ်) ကျနော် တကူးတကာ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။


အင်တာဗျုးဖို့မဟုတ်ပါ။ မိုးထဲရေထဲကာလက နှစ်ပေါင်းများစွာ မီဒီယာမှာ စကားပြောဖူးသူ ရဲဘော်ရဲဘက်အနေနဲ့သွားရောက် ဂါရဝပြုတာပါ။ CRPP ခေတ်ကအခြေအနေ၊ လက်ရှိ နိုင်ငံရေးအခြေအနေ၊ တိုင်းရင်းသားအရေး- ငြိမ်းချမ်းရေး စသဖြင့်အတော်များများ ပြောဖြစ်ပါတယ်။


မီဒီယာသမားတဦးရဲ့ ရင်ဖွင့်သံဆိုတာကလည်း အလွတ်သဘောပြောတာတွေကို ပြန်ပြောလို့မဖြစ်၊ တရားဝင်ပြောတာတွေကိုပဲ ပြန်ပြောရတဲ့အမျိုးမဟုတ်ပါလား။ အကြမ်းအားဖြင့်ကတော့ NLD က (CRPP အဖွဲ့ဝင်အချင်းချင်းကြားမှာ) ဘာမှကြိုတင်ဆွေးနွေးမှုမလုပ်ပဲ ၂၀၁၂ ကြားဖြတ်ဝင်သွားတာကို သူ သိပ် ဘဝင်ကျပုံမရ။ သူက လူထက် မူကို အလေးထားတဲ့ ပုဂ္ဂိုလ်မျီုး...။


၂၀၁၅ မှာတော့ သူတို့ပါတီလည်း ရွေးကောက်ပွဲဝင်ပါတယ်။ ရှမ်းပြည်က နေရာအတော်များများမှာ (၁၉၉၀ လိုပဲ) အနိုင်ရပါတယ်။ နောက်ပိုင်းတော့ သူ ကျန်းမာရေးသိပ်မကောင်းလို့ဆိုပြီး လူငယ်တွေကို တာဝန်တွေလွဲပေးတယ်လို့ ကြားရပါတယ်။


၂၀၁၈ မှာ မီဒီယာတာဝန်နဲ့ ကျနော်ရန်ကုန်ပြန်ရောက်ချိန် သူနဲ့ အင်တာဗျုးလုပ်ဖို့ ချိန်းပေမယ့် ကျန်းမာရေးမကောင်းလို့ဆိုပြီး ငြင်းဆိုတဲ့အတွက် မလုပ်ဖြစ်ခဲ့ပါဘူး။ သူရဲ့ အနီးကပ်ရဲဘော် ဒုဥက္ကဌ (အခု ဥက္ကဌ) စိုင်းညွန့်လွင်နဲ့ပဲ ဗျုးခဲ့ရပါတယ်။


အင်တာဗျုးအပြီး သွားနုတ်ဆက်ဖို့ပြင်ပေမယ့် သိပ်နေမကောင်းလို့ဆိုပြီး မတွေ့ဖြစ်လိုက်ဘူး။ ၂၀၁၁ မှာ စစ်တပ်က တဖန် အာဏာသိမ်းပြန်တော့ ကိုယ်တွေလည်း ရန်ကုန်ကနေ ထွက်ခွါ။ ဆိုလိုတာက အဲဒီ ၂၀၁၃ တွေ့ဆုံမှုဟာ သူနဲ့ နောက်ဆုံးတွေဆုံ ခွင့်ရခြင်းဖြစ်သွားခဲ့ပါတယ်။ 


ဒီနေ့တော့ ကျနော်ထပ်တွေ့ခွင့်မရလိုက်တဲ့၊ ကျနော်တို့ ချစ်ခင်လေးစားတဲ့ ရှမ်းခေါင်းဆောင်၊ တိုင်းရင်းသားခေါင်းဆောင်၊ မြန်မာ့နိုင်ငံရေးခေါင်းဆောင်၊ လူထက် မူကို ဦးစားပေးတဲ့ ဝါရင့်နိုင်ငံရေးသမားကြီး ခွန်ထွန်းဦး ကွယ်လွန်သွားပြီဆိုတဲ့ သတင်းဆိုးကို ကြားခဲ့ ရပါတယ်။


ဒီလို သဘောထားကြီးပြီး လူထက် မူကို ဦးစားပေးတဲ့ နိုင်ငံရေးသမား၊ လူငယ်တွေကို နေရာပေးတဲ့နိုင်ငံရေးသမား၊ သမိုင်းခေတ်များစွာကို ဖြတ်သန်းခဲ့ဖူးတဲ့ ဝါရင့်နိုင်ငံရေးသမားတဦးကွယ်လွန်သွားခြင်းဟာ မြန်မာ့နိုင်ငံရေးအတွက် တကယ့်ဆုံးရှုံးမှုဖြစ်ပါတယ်။


ခွန်ထွန်းဦး... ငြိမ်းချမ်းစွာအနားယူပါတော့...


ဖက်ဒရယ်နှင့် ဒီမိုကရေစီရရှိရေးတိုက်ပွဲက ပန်းတိုင်မရောက်သေး...။



ထက်အောင်ကျော်

(၃၀-၄-၂၀၂၂)

Friday, April 29, 2022

Interview with Salai Htet Ni of CNF. part 2.



“မြို့လယ်ကလွဲရင် ကျေးလက်ဒေသအားလုံးကို တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားပါတယ်”

(ဆလိုင်းထက်နီ- CNF ပြောခွင့်ရပုဂ္ဂိုလ်)
--------------------------------------------------------------------------------
(၂၉ /၄/၂၀၂၂)

ချင်းပြည်နယ်တွင်းရှိ CDF ဒေသခံ ကာကွယ်ရေးတပ်တွေ အလွန်အားကောင်းလာပြီး အခုဆိုရင် ပြည်နယ်ရဲ့ မြို့ကြီးတွေမှအပ ကျေးလက်ဒေသအားလုံးနီးပါးကို ဒေသခံ ကာကွယ်ရေးတပ်တွေက ထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့ ချင်းအမျိုးသားတပ်ဦး CNF ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းထက်နီကပြောပါတယ်။

စစ်အာဏာသိမ်းမှုတနှစ်ကျော်၊ တော်လှန်စစ်တနှစ်ကျော်ကာလအတွင်း ချင်းပြည်နယ်က ရုန်းကန် တိုက်ပွဲဝင်မှုအခြေအနေကို BNN သတင်းဌာမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာတော့...
- လက်နက်အင်အားကောင်းတဲ့ စစ်ကောင်စီဖက်က ဘာကြောင့် အကျအဆုံးများနေတာလဲ...
- တော်လှန်ရေးတပ်တွေက နယ်မြေဘယ်လောက်အထိ ထိန်းချုပ်ထားနိုင်နေပြီလဲ...
- ဒီနှစ်မကုန်ခင် တော်လှန်ရေးတပ်တွေဖက်က စစ်ရှိန် မြှင့်တင်နိုင်ခြေ ရှိသလား...
- EAO နဲ့ PDF ကြားမှာ သွေးခွဲဖို့ကြိုုးစားနေတဲ့ စစ်ကောင်စီအကြံကို ဘယ်လို ရိုက်ချိုးနိုင်မလဲ... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာနက်လိုင်း မကာင်းတဲ့အတွက် အရုပ်မကြည်တာ- အသံမကြည်လင်တာတွေအတွက် တောင်းပန်အပ်ပါတယ်)။

Thursday, April 28, 2022

Interview with Salai Htet Ni of CNF. part 1



“ပြည်သူတွေကို ကိုယ်တိုင်က လက်နက်ကိုင်တော်လှန်နေတာဖြစ်တယ်”

(ဆလိုင်းထက်နီ- CNF ပြောခွင့်ရပုဂ္ဂိုလ်)
--------------------------------------------------------------------
(၂၈/၄/၂၀၂၂)

လက်ရှိ မြန်မာ့နိုင်ငံရေးပြသာနာဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကောင်စီကြားမှာဖြစ်နေတဲ့ ပြသာနာမဟုတ်ပဲ ပြည်သူတရပ်လုံးနဲ့ စစ်ကောင်စီကြားမှာဖြစ်နေတဲ့ ပြသာနာဖြစ်တာကြောင့် လက်နက်ကိုင်တော်လှန်နေတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ပါ စစ်ကောင်စီက ဆွေးနွေးဖို့ လိုလိမ့်မယ်လို့ ချင်းအမျိုးသားတပ်ဦး CNF ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းထက်နီကပြောပါတယ်။

မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ သူကိုယ်တိုင်ဆွေးနွေးမယ်ဆိုပြီး ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီဥက္ကဌက ဖိတ်ခေါ်တဲ့အပေါ် BNN သတင်းဌာမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာတော့...
- စစ်ကောင်စီဥက္ကဌရဲ့ ဖိတ်ခေါ်ချက်အပေါ် CNF က ဘယ်လိုသဘောထားသလဲ...
- NCA လမ်းကြောင်းကိုပယ်ပြီး NUCC လမ်းကြောင်းနဲ့သွားနိုင်မှ ဖက်ဒရယ်ဒီမိုကရေစီရမှာလား...
- အသစ်ပေါ်လာတဲ့ CDF တပ်တွေနဲ့ EAO တခုဖြစ်တဲ့ CNF ကြားမှာ ပူးပေါင်းတိုက်ပွဲဝင်နိုင်မှု ဘယ်လိုရှိသလဲ...
- တနှစ်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဖက်က ထိခိုက်ကျဆုံးမှု သိပ်များနေတာ ဘာကြောင့်လဲ... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ချင်းပြည်နယ်အတွင်း ကြားကာလ အုပ်ချုပ်ရေးလုပ်ငန်းတွေဆောင်ရွက်နိုင်မှုအပါဝင် နယ်မြေထိန်းချုပ်နိုင်မှုအကြောင်းပါဝင်တဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်ညမှ ဆက်လက် ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်။
 ...အင်တာနက်လိုင်း သိပ်မကောင်းတဲ့အတွက် အရုပ်မကြည်တာ- အသံမကြည်လင်တာတွေအတွက် တောင်းပန်အပ်ပါတယ်)။

Saturday, April 23, 2022

Interview with Naing Htoo Aung of MOD-NUG.



“မြိုနယ်ပေါင်း ၂၀ ကျော်မှာ ကျနော်တို့ဖက်က အုပ်ချုပ်ရေးချ ဆောင်ရွက်နေပြီဖြစ်ပါတယ်”

(ဦးနိုင်ထူးအောင်- အတွင်းဝန်၊ ကာကွယ်ရေးဝန်ကြီးဌာန- NUG)
----------------------------------------------------------------------------
(၂၃/၄/၂၀၂၂)

တနိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၃၀၀-ကျော်အနက် ၂၀၀-ကျော်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တွေဖွဲ့စည်းထားပြီး မြို့နယ်ပေါင်း ၂၀-ကျော်မှာတော့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တွေဖွဲ့စည်းကာ ကြားကာလဒေသန္တရ အုပ်ချုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပြီဖြစ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူူးအောင်ကပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ဖွဲ့စည်းတည်ထောင်ခြင်း တနှစ်ပြည့်နေ့မှာ ထုတ်ပြန်တဲ့ ဝန်ကြီးချုပ်အစီရင်ခံစာပါ ကာကွယ်ရေးဆိုင်ရာ အချက်အလက်တွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက်ထဲမှာ...
- PDF တပ်တွေက နိုင်ငံရဲ့ ၁၅% ကို ထိန်းချုပ်ထားနိုင်ပြီဆိုတာ ဘယ်လိုအချက်အလက်ပေါ် အခြေခံ ပြောနိုင်တာလဲ...
- PDF တပ် နဲ့ ပကဖ တပ်တွေ ဘယ်လိုကွာခြားပြီး ဘယ်လိုပူးပေါင်းဆောင်ရွက်နေသလဲ...
- EAO တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပေါင်းဖွဲ့ထားတဲ့ C3C အလုပ်ဖြစ်နေပြီလား...
- စစ်ကောင်စီတပ်ထဲကနေ တနှစ်အတွင်း ထွက်ပြေးသူ တသောင်းခန့်နဲ့ ကျဆုံးသူ တသောင်းခန့်ရှိတယ်ဆိုတာ ဘယ်လိုအချက်အလက်ပေါ်အခြေခံပြောတာလဲ...
- NUG ဦးဆောင်တဲ့ နွေဦးတော်လှန်ရေး တနှစ်တာအတွင်း ဘယ်လောက်အထိ ခရီးပေါက်ခဲ့ပြီလဲ... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

Thursday, April 21, 2022

Interview with Bo Nagar. part-2.



“တော်လှန်စစ်ကို အရှိန်မြှင့်လိုက်တာနဲ့ စစ်ကောင်စီ အောက်ခြေတပ်တွေ ကျနော်တို့ဖက် ပူးပေါင်းလာဖို့ရှိနေပါတယ်”

(ဗိုလ်နဂါး- ပုလဲဒေသ PDF ခေါင်းဆောင်)
--------------------------------------------------------------------------------
(၂၁/၄/၂၀၂၂)

လူအင်အား၊ လက်နက်အင်အား ပိုကောင်းလာနေပြီဖြစ်တဲ့ PDF နဲ့ EAO တပ်တွေဖက်က တော်လှန်စစ်ကိုအရှိန်မြှင့်တင်နိုင်မယ်ဆိုရင် စစ်ကောင်စီ အောက်ခြေတပ်သားတွေ တော်လှန်ရေးထဲ ပူးပေါင်းလာလိမ့်မယ်လို့ သူယုံကြည်ကြောင်း စစ်ကိုင်းတိုင်း ပုလဲနယ်က PDF ခေါင်းဆောင် ဗိုလ်နဂါးကပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ဖွဲ့စည်းတည်ထောင်ခြင်း တနှစ်ပြည့်အခြေအနေ၊ မြန်မာ့ နှစ်သစ်ကူးနောက်ပိုင်း ဖြစ်လာနိုင်တဲ့ စစ်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာတော့...
- NUG ကပြောတဲ့ နယ်မြေ ၄၅% ကို တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားနိုင်ပြီဆိုတာ ဘယ်လောက်ဖြစ်နိုင်ခြေရှိသလဲ...
- NUG ရဲ့ စစ်ရေးဦးဆောင်မှုအပေါ် အောက်ခြေ PDF တပ်သားတွေက အားရကျေနပ်ပါရဲ့လား...
- စစ်ကောင်စီတပ်တွင်းမှာ တကယ်ပဲ ပြိုဆင်းနေပြီလား...
- မြန်မာ့နှစ်သစ်မှာ နွေဦးတော်လှန်ရေး အဆင့်သစ်တခုဆီ ထပ်တက်လာနိုင်ခြေရှိသလား... စတဲ့အကြောင်းအရာတွေကို ဆွေးနွေး တင်ပြထားပါတယ်။

(စစ်ကိုင်းတိုင်းအတွင်း အင်တာနက်လိုင်းမကောင်းတဲ့အတွက် အရုပ်-အသံ မကြည်မလင်ဖြစ်နေတာကို တောင်းပန်အပ်ပါတယ်)။

Wednesday, April 20, 2022

Interview with Bo Nagar. part-1



“လက်နက်ကောင်းကောင်းသာရရင် စစ်ကိုင်းတိုင်းမှာရှိတဲ့ PDF အင်အားနဲ့တင် တနိုင်ငံလုံးကို သိမ်းလို့ရတယ်”

(ဗိုလ်နဂါး- ပုလဲဒေသ PDF ခေါင်းဆောင်)
--------------------------------------------------------------------------------
(၂၀/၄/၂၀၂၂)

ခုခံတော်လှန်စစ် တနှစ်နီးပါးကြာလာတဲ့အချိန်မှာ တူးမီးအပြင် ခေတ်မီလက်နက်တွေ အတိုင်းအတာတခုအထိ ရလာနေပြီဖြစ်ပေမယ့် မလုံလောက်သေးဘူး။ ခေတ်မီ လက်နက်အပြည့်အစုံသာရမယ်ဆိုရင် စစ်ကိုင်းတိုင်းမှာရှိတဲ့ တော်လှန်ရေးတပ်သား အင်အားဟာ တနိုင်ငံလုံးကို သိမ်းနိုင်တဲ့အင်အားအထိရှိလာနိုင်တယ်လို့ စစ်ကိုင်းတိုင်း ပုလဲနယ်က PDF ခေါင်းဆောင် ဗိုလ်နဂါးက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ဖွဲ့စည်းတည်ထောင်ခြင်း တနှစ်ပြည့်အခြေအနေ၊ မြန်မာ့ နှစ်သစ်ကူးနောက်ပိုင်း ဖြစ်လာနိုင်တဲ့ စစ်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာတော့...
- နှစ်သစ်ကူး အားပေးစကား...
- စစ်ကိုင်းတိုင်းက တိုက်ပွဲအခြေအနေ...
- PDF တွေမှာ လက်နက်အင်အား တောင့်တင်းလာပြီလား...
- စစ်ကိုင်း၊ မကွေး၊ ချင်းနဲ့ ကချင်နယ်ဒေသတွေမှာ လွတ်မြောက်နယ်မြေ ဘယ်လောက်အထိ ကျယ်ပြန့်လာနေပြီလဲ... စတဲ့အကြောင်းအရာတွေကို ဆွေးနွေး တင်ပြထားပါတယ်။

(NUG ရဲ့ စစ်ရေးဆိုင်ရာဆောင်ရွက်မှုတွေအပေါ် ဒေသခံ PDF တွေက အားရမှုရှိ မရှိ အကြောင်းဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်ညမှာ ဆက်လက် ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)။

Saturday, April 16, 2022

Interview with KNPP. part-2



“စစ်အာဏာရှင်အောက်မှာ မနေချင်ဘူးဆိုရင်တော့ အဆုံးထိ တိုက်ဖို့ လိုပါတယ်”

(ခူဒယ်နီယာ- အတွင်းရေးမှူး ၁- KNPP)
---------------------------------------------------------------
(၁၆/၄/၂၀၂၂)

စစ်အာဏာရှင်အောက်မှာ မနေချင်ဘူး၊ ဖက်ဒရယ်ပြည်ထောင်စုမှာနေချင်တယ်ဆိုရင်တော့ စစ်အာဏာရှင်ပြုတ်ကျတဲ့အထိ တိုက်ပွဲဝင်ဖို့လိုတယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ အတွင်းရေးမှူး ၁- ခူဒယ်နီယာက ပြောပါတယ်။

နွေဦးတော်လှန်ရေး တနှစ်ကြာလာတဲ့အထိ အချို့ တိုင်းရင်းသားလက်ကိုင်အဖွဲ့တွေ ပါမလာသေးတာ၊ တိုက်ပွဲအရှိန်မမြှင့်နိုင်သေးတာတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာတော့...
- ကရင်နီဒေသအတော်များများကို တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားနိုင်ပြီလား...
- အခုတိုက်ပွဲဟာ စစ်အာဏာရှင်နဲ့ ပြည်သူကြားက တိုက်ပွဲဖြစ်တဲ့အတွက် ပြည်သူဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အားလုံး ပါဝင်သင့်ကြောင်း တိုက်တွန်းချက်...
- တိုက်ခိုက်ရေးတပ်တွေအပြင် နိုင်ငံရေးအဖွဲ့အစည်းတွေမှာလည်း ခိုင်မာတဲ့ နိုင်ငံရေး တည်ချက်လိုအပ်ကြောင်း အကြံပြုချက်...
- စစ်အာဏာရှင်အောက်မှာ မနေချင်ဘူး၊ ဖက်ဒရယ်ပြည်ထောင်စုမှာနေချင်တယ်ဆိုရင်တော့ စစ်အာဏာရှင်ပြုတ်ကျတဲ့အထိ တိုက်ပွဲဝင်ရုံမှတပါး အခြားမရှိ... စတဲ့အကြောင်းအရာ တွေကို ဆွေးနွေးတင်ပြထားပါတယ်။

Friday, April 15, 2022

Interview with KNPP. Part-1



“KA, KNDF, PDF တွေ အားလုံး နွေဦးတော်လှန်ရေးမှာပါဝင်ပြီး တိုက်ပွဲဝင်နေပါတယ်”

(ခူဒယ်နီယာ- အတွင်းရေးမှူး ၁- KNPP)
---------------------------------------------------------------
(၁၅/၄/၂၀၂၂)

ကရင်နီဒေသရှိ ကရင်နီတပ် KA ၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF၊ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေအားလုံး  နွေဦးတော်လှန်ရေးမှာပါဝင်ပြီး လက်တွဲတိုက်ပွဲဝင်နေပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး အလားတူပါလာအောင် NUG အမျိုးသားညီညွတ်ရေးအစိုးရက အရှိန်မြင့်ကြိုးစားဖို့လိုနေတယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ အတွင်းရေးမှူး ၁- ခူဒယ်နီယာက ပြောပါတယ်။

နွေဦးတော်လှန်ရေးကို ဦးဆောင်နေတဲ့ NUG အစိုးရ တနှစ်တာ ကာလအတွင်း နိုင်ငံရေး၊ စစ်ရေးစွမ်းဆောင်ရည်အပေါ် အားရမှုရှိ မရှိနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာတော့...
- NUG အစိုးရရဲ့ တနှစ်တာအတွင်း စွမ်းဆောင်ရည်အပေါ် EAO တွေက ဘယ်လိုရှုမြင်ထားသလဲ...
- NUCC မှာ EAO တွေ အားလုံး ပါမလာသေးတာ ဘာကြောင့်လဲ...
- ကရင်နီဒေသဟာ EAO တွေနဲ့ PDF တွေကြား ပူးပေါင်းဆောင်ရွက်မှ အားအကောင်းဆုံးဒေသလို့ ဘာကြောင့်ပြောကြတာလဲ...
- ကရင်နီလူဦးရေ ၅၀% ကျော် နေရပ်စွန့်ထွက်ပြေးနေရမှုအပေါ် ဘယ်သူတွေက ဘယ်လို အကူအညီပေးနေသလဲ... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အခုတော်လှန်ရေးဟာ တိုင်းရင်းသားနဲ့ စစ်အစိုးရကြားမှာဖြစ်နေတာမဟုတ်ဘူး။ လူထုနဲ့ စစ်အာဏာရှင်ကြားမှာဖြစ်နေတာဖြစ်တယ်။ ဒါကြောင့် လူထုထဲမှာပါတဲ့ တိုင်းရင်းသားလက်နက်ကိုင်အားလုံး ဒီတော်လှန်ရေးမှာ ပါဝင်ဖို့လိုတယ်... ဆိုတဲ့ ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ညပိုင်းမှာ ဆက်လက် ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)။

Tuesday, April 12, 2022

Interview with Than Soe Naing about NUG-one year on.



“EAO တွေနဲ့ တပ်ပေါင်းစုဖွဲ့နိုင်မှုဟာ NUG ရဲ့ အဓိက အောင်မြင်မှုဖြစ်ပါတယ်”

(ဦးသန်းစိုးနိုင်- နိုင်ငံရေးဝေဖန်သုံးသပ်သူ)
-------------------------------------------------------------------
(၁၂/၄/၂၀၂၂)

နွေဦးတော်လှန်ရေးကို ဦးဆောင်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ တနှစ်တာကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO တွေနဲ့ တပ်ပေါင်းစုဖွဲ့ပြီး ပူးပေါင်းဆောင်ရွက်နိုင်ခြင်းဟာ အဓိက အောင်မြင်မှုဖြစ်တယ်လို့ နိုင်ငံရေး-စစ်ရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်ကပြောပါတယ်။

လက်နက်ကိုင်တော်လှန်ရေး ၇ လကြာ အခြေအနေ၊ အဲဒီလက်နက်ကိုင်တော်လှန်ရေးကို ဦးဆောင်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဖွဲ့စည်းခြင်း တနှစ်ပြည့် အခြေအနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...
- NUG ရဲ့ တနှစ်တာအတွင်း အအောင်မြင်ဆုံးဆောင်ရွက်နိုင်မှုနဲ့ အဓိက စိန်ခေါ်ချက်က ဘာတွေလဲ...
- တနိုင်ငံလုံးရှိ PDF တွေကို NUG ကာကွယ်ရေးဝန်ကြီးဌာအောက်ရှိ စစ်ဦးစီးချုပ်က အမိန့်ပေးနိုင်နေပြီလား...
- အင်အားတသိန်းရှိ PDF တပ်တွေရဲ့ လက်နက်လိုအပ်ချက်ကို NUG က ဘယ်လို ဖြေရှင်းပေးနေသလဲ...
- မြောက်ပိုင်းဒေသရှိ EAO အချို့ အခုထိ NUCC မှာ ပါမလာသေးတာ ဘာကြောင့်လဲ... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာနက်လိုင်းမကောင်းတဲ့အတွက် အသံ သိပ်မကြည်မလင်ဖြစ်တာကို တောင်းပန်အပ်ပါတယ်)။

Saturday, April 9, 2022

Interview with a local PDF leader in Dawei Region.



ထားဝယ်ခရိုင်၊ တောင်ပျောက်ဒေသ PDF ခေါင်းဆောင်တဦးနှင့် မေးမြန်းချက်
----------------------------------------------------------------
(၉/၄/၂၀၂၂)

ရွာမီးရှို့၊ လူသတ်၊ ဖမ်းဆီးနှိပ်စက်လုပ်နေတဲ့ စစ်ကောင်စီတပ်ကို လက်နက်ကိုင်တော်လှန်တာကလွဲပြီး အခြားနည်းမရှိဘူး။ တနိုင်ငံလုံးအတိုင်းအတာနဲ့ဖြစ်နေတဲ့ တော်လှန်စစ်မှာ ဒေသအသီးသီးက ပူးပေါင်းပါဝင်ဖို့လိုတယ်လို့ ထားဝယ်ခရိုင် တောင်ပျောက်ဒေသရှိ PDF ခေါင်းဆောင်တဦးဖြစ်သူ ရဲဘော်ကျောက်ခဲ က ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက တောင်ပျောက်ဒေသမှာဖြစ်ပွားခဲ့တဲ့ ရွာမီးရှို့ခံရမှု၊ အရပ်သားတွေ သတ်ဖြတ်၊ ဖမ်းဆီးခံရမှုအခြေအနေ၊ နွေဦးတော်လှန်ရေးတနှစ်တာအတွင်း ဒေသတွင်းက ခုခံစစ်ရဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက်ထဲမှာတော့...
- ဧပြီလ ပထမ သီတင်းပတ် ထိုးစစ်အတွင်း စစ်ကောင်စီတပ်က ဒေသခံရွာတွေကို ဘယ်လို မီးရှို့ဖျက်ဆီးသွားသလဲ....
- တောင်ပျောက်ဒေသအပါဝင် တနသာင်္ရီတိုင်းအတွင်းရှိ PDF တွေရဲ့ တိုက်ပွဲဝင်နိုင်မှု အခြေအနေ ဘယ်လိုရှိသလဲ...
- ခုခံတော်လှန်စစ် တနိုင်ငံလုံး ဟန်ချက်ညီ အရှိန်မြင့်လာနိုင်သလား...
- ပြည်တွင်း- ပြည်ပ အကူအညီပေးမှုတွေက ဒေသခံ PDF တွေအပေါ် ဘယ်လို ခွန်အားဖြစ်စေသလဲ...စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

Thursday, April 7, 2022

Interview with Bo Hla Tint of NUG on US Aid.



“အမေရိကန်ရဲ့အကူအညီတွေက နွေဦးတော်လှန်ရေးအတွက် သိပ်အရေးကြီးပါတယ်”

(ဦးဘိုလှတင့်- NUG အာဆီယံဒေသဆိုင်ရာ သံအမတ်)
-----------------------------------------------------------------------
(၈/၄/၂၀၂၂)

မြန်မာနိုင်ငံမှာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးထွန်းကားလာအောင် ဆောင်ရွက်နိုင်ဖို့ ဒေါ်လာ သန်းနဲ့ချီအကူအညီပေးမယ့် အမေရိကန်လွှတ်တော်ရဲ့ဆုံးဖြတ်ချက်တွေဟာ နွေဦးတော်လှန်ရေးအတွက် အရေးကြီးတဲ့အချက်ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အာဆီယံဒေသဆိုင်ရာ သံအမတ် ဦးဘိုလှတင့်ကပြောပါတယ်။

အမေရိကန် အောက်လွှတ်တော်ကနေ Burma Act of 2021 ကို အတည်ပြုလိုက်တာ၊ အရင်ကချမှတ်ထားတဲ့ ကာကွယ်ရေးအသုံးစရိတ်ဆိုင်ရာ ဥပဒေအရ ဒေါ်လာ သန်း ၁၀၀ ကျော် မြန်မာနိုင်ငံအတွက် သုံးစွဲခွင့်ရမယ့် အလားအလာတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက်ထဲမှာတော့....
- Burma Act of 2021 ထဲမှာ ဘာတွေပါသလဲ...
- ဒီဥပဒေနဲ့ အရင် NDAA ဥပဒေ ဘယ်လိုကွာသလဲ...
- ဒီ ဥပဒေ ၂ ရပ်အရ ရရှိလာမယ့် ဒေါ်လာ သန်း ၃၀၀ ကျော်ကို ဘယ်နေရာတွေမှာ သုံးစွဲမှာလဲ...
- ဒီငွေတွေကို ရိက္ခာ၊ ဆေးဝါးနဲ့ လူသားချင်းစာနာမှုနေရာမှာသုံးခွင့်ရတဲ့အတွက် ပြည်ပရောက် မြန်မာတွေရဲ့အလှူငွေကို PDF အတွက် အပြည့်အ၀ သုံးစွဲခွင့်ရလာတော့ မလား... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(မနက်ဖန်မှာတော့ တနသာၤရီတိုင်းက တိုက်ပွဲအခြေအနေ၊ PDF လှုပ်ရှားမှုအခြေအနေအကြောင်း ဒေသခံ PDF ခေါင်းဆောင်တဦးနဲ့ မေးမြန်းချက်ကို ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)။

Tuesday, April 5, 2022

Interview with Aung Moe Zaw of DPNS.



“စစ်အုပ်စုဆန့်ကျင်ရေး အင်အားစုအားလုံး NUCC မှာ ပူးပေါင်းပါဝင်ဖု့ိ လိုပါတယ်”

(ဦးအောင်မိုးဇော်- လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)
--------------------------------------------------------------------------
(၆/၄/၂၀၂၂)

အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေတဲ့ နိုင်ငံရေးအဖွဲ့အစည်းအားလုံး NUCC အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ-မှာ ပါဝင်ပြီး အားလုံးလက်တွဲဆောင်ရွက်ဖို့လို အပ်နေတယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးအောင်မိုးဇော်က ပြောပါတယ်။

နွေဦးတော်လှန်ရေး တနှစ်တာကာလ၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG တနှစ်တာကာလအတွင်း ဆောင်ရွက်နိုင်မှုအခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက်ထဲမှာ...
- လွတ်မြောက်နယ်မြေကို ပြန်ရောက်လာတဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ လှုပ်ရှားမှုအခြေအနေ...
- အချို့လက်နက်ကိုင်အဖွဲ့တွေ NUCC တပ်ပေါင်းစုမှာ ဘာကြောင့် မပါသေးတာလဲ...
- တနှစ်တာအတွင်း စစ်ကောင်စီဖက်က ဘယ်လောက်အထိ ပြိုဆင်းလာနေသလဲ...
- နွေဦးတော်လှန်ရေးအပေါ် နိုင်ငံတကာရဲ့ အားပေးကူညီမှု တိုးတက်လာပြီလား...
- GZ လူငယ်တွေရဲ့ ကြိုးစားမှုအပေါ် အားပေးစကား...စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More