Wednesday, October 9, 2019

ချောင်းသာမသွားခင် လမ်းကို အရင်ပြင်စေချင်…


ချောင်းသာမသွားခင် လမ်းကို အရင်ပြင်စေချင်…
………………………………………….
သီတင်းကျွတ် (၅)ရက်တာ ရုံးပိတ်ရက်မှာ မိတ်ဆွေ ဘယ်သွားဖို့ စိတ်ကူးထားပါသလဲ။ ရန်ကုန်ဝန်းကျင်က လူတွေ အတော်များများကတော့ အနီးဆုံးပင်လယ်ကမ်းခြေ ချောင်းသာကိုသွားကြမယ်လို့ ထင်ပါတယ်။ ဒါဆိုရင်တော့ -ချောင်းသာမသွားခင် လမ်းကိုအရင်ကြည့်စေချင်- လို့ အကြံပြုချင်ပါတယ်။

ဘာကြောင့်လဲဆို ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းအစပ် ထန်းတပင်မြိုနယ်အထွက်မှာ ကားလမ်းအခြေအနေ အတော်ဆိုးနေလို့ဖြစ်ပါတယ်။ လှိုင်သာယာအဝေးပြေးကားဝင်းကို ကျော်ပြီးကတည်းက စဆိုးလိုက်တဲ့လမ်း ဟာ -ရန်ကုန်တိုင်းမှ နှုတ်ခွန်းဆက်သပါ၏-ဆိုတဲ့ ဆိုင်းဘုတ်အလွန် -ဧရာဝတီတိုင်းမှ ကြိုဆိုပါ၏-ဆိုတဲ့ ဆိုင်းဘုတ်ရောက်တဲ့အထိ မကောင်းသေးပါဘူး။ ညောင်တုန်းမြို့နယ်ထဲက ဆားမလောက်ဒေသအထိ အတော်ဆိုးနေဆဲပါ။

ပထမ တော့ မိုးရွာလို့ လမ်းပျက်တယ်။ နွေရောက်ရင် ပြန်ပြင်မယ်၊ ခဏနေရင်ကောင်းသွားမှာပါလို့ ထင်ခဲ့မိပါ တယ်။ ဘာကြောင့်လဲဆို ဒီလမ်းကနေ ချောင်းသာကိုသွားနေတဲ့ကားတွေက နည်းနည်းနောနောမှ မဟုတ်တာ။ ဒါပေမဲ့ စာရေးသူရောက်ခဲ့တဲ့ အောက်တိုဘာလ (၂)ရက်နေ့အထိ အဲဒီလမ်းက ပြင်ဆင်ခြင်း မရှိသေးပါဘူး။ (အတိအကျပြောရမယ်ဆိုရင်တော့ လမ်းဘေးမှာ ပုံထားတဲ့ကျောက်ပုံတွေရယ်၊ လမ်းကြိတ်စက်တစီးရယ်နဲ့ အလုပ်သမားတချို့တော့ တနေရာမှာတွေ့မိပါတယ်)။ 

ဘယ်အချိန်ကတည်းက ဒီလမ်း စပျက်နေမှန်းမသိရပေမယ့် ပြီးခဲ့တဲ့ သင်္ကြန်ကာလ စာရေးသူ ချောင်းသာ သွားစဉ်ကတော့ လမ်းအခြေအနေ ဒီလောက်မဆိုးသေးပါဘူး။ မဆိုးဘူးဆိုပေမယ့် တခြား ပြည်နယ်-တိုင်း တွေဆီသွားတဲ့ လမ်းနဲ့ ဧရာဝတီတိုင်းဆီသွားတဲ့လမ်း အတော်ကွာတာ၊ ဧရာဝတီဖက်သွားတဲ့လမ်းက ကျဉ်း မြောင်းပြီး မညီမညာ လမ်းကြမ်းဖြစ်နေတာတော့ သတိထားမိပါတယ်။ 

ဘယ်အချိန်ကျမှ လမ်းဆိုးတာ သတိထားမိသလဲဆိုရင် ပြီးခဲ့တဲ့ မိုးတွင်းကာ ဇူလိုင်လ (၃၁)ရက်နေ့က ကျောင်းကုန်းမှာ စပါးစိုက်ပျိုးရေးအကြောင်း ရိုက်ကူးရေးတခုရှိလို့ မနက်အစောကြီးထသွားတော့မှ လမ်း အခြေအနေ ဒီလိုဆိုးနေတယ်ဆိုတာကို စတွေ့မိတာပါ။ ဘယ်လောက်အထိဆိုးသလဲဆိုရင် စာရေးသူတို့ စီးလာတဲ့ကား ဆားမလောက်အ၀င်မှာ ချိုင့်ထဲကျပြီး ခဲချွန်နဲ့ထိုးမိလို့ ကားနောက်ဘီး ပေါက်သွားပါတယ်။ အနီး အနားမှာ ဆိုင်လည်းမရှိတော့ ကားဆရာက အရေးပေါ်ကားဘီးကို သူ့နည်းသူ့ဟန်နဲ့ ဖြုတ်လဲရပါတယ်။

အခြေအနေက ဇာတ်နာဖို့အတော်ကောင်းနေပေမယ့် အင်တာဗျုးရိုက်ရမယ့် အချိန်မီဖို့ကိုသာ စဉ်းစားနေလို့ ကိုယ့်သတင်းကိုယ်လုပ်ဖို့ သတိမရလိုက်ဘူး။ ကားဘီးပေါက်နေတာ၊ လမ်းဆိုးနေတာကို ဓာတ်ပုံရိုက်ဖို့၊ ဗွီဒီယို ရိုက်ဖို့ သတိမရလိုက်ဘူး။ ပြန်လာမှ အေးဆေးရိုက်ပြီး စတိုရီလုပ်မယ်ပေါ့။ ဒါပေမဲ့ အပြန်မှာ မိုးချုပ်သွားလို့ မရိုက်ဖြစ်လိုက်ပါ။

ဆိုလိုတာက အဲဒီ ဇူလိုင် (၃၁)ရက်နေ့ကတည်းက ဆိုးနေတဲ့လမ်းဟာ အခု အောက်တိုဘာ (၂)ရက်နေ့ နှစ်လ ကျော်ကြာတဲ့အထိ ပြင်ဆင်ခြင်းမရှိသေးပဲ ဆိုးမြဲတိုင်း (ပိုတောင်ဆိုးလာ) ဆိုးနေဆဲဖြစ်ပါတယ်။ ဒါနဲ့ ဒီလမ်းကို ရှောင်ပြီးသွားနိုင်တဲ့ တခြားလမ်းများရှိသေးလားဆိုပြီး ကျောင်းကုန်းက မိတ်ဆွေတွေကိုမေးကြည့်မိပါတယ်။ ညောင်းတုန်းကျော်ရင် ဆားမလောက်ဘက်မသွားပဲ မအူပင်လမ်းခွဲဘက်မောင်းသွားပါ၊ မအူပင်မြို့နားရောက်ရင် မြို့ထဲဘက်မသွားဘဲ တွံတေးသို့ ဆိုတဲ့ဘက်မောင်းပါ။ အဲဒါဆို လှိုင်သာယာကို တန်းရောက်သွားမယ်။ (၁၀) မိုင်လောက်ပိုဝေးပေမယ့် လမ်းကောင်းပါတယ်ဆိုပြီး မိတ်ဆွေတဦးက အကြံပေးပါတယ်။

ကျောင်းကုန်းကနေ ပြန်ထွက်လာချိန်က ည (၇) နာရီကျော်နေပြီ။ ကားသမားကလည်း အဲဒီလမ်းကို တခါမှ မသွားဖူးဘူးတဲ့။ စမ်းကြည့်တာပေါ့ဆိုပြီး သူညွှန်တဲ့လမ်းအတိုင်း ညကြီးမင်းကြီးမောင်းလာလိုက်တာ လမ်းက အကွေ့အကောက်အတော်များပေမယ့် မဆိုးပါဘူး။ အဲဒီလိုမှတ်ချက်ပေးလို့မှ မဆုံးသေး။ ရန်ကုန်တိုင်းမှ ကြို ဆိုပါ၏ဆိုတဲ့ ဆိုင်းဘုတ်တွေ့တာနဲ့ လမ်းက အတော်ကျဉ်းသွားပါတယ်။ လမ်းနှစ်ဖက်စလုံးမှာ ရေတွေနဲ့။ ဒါပေ မယ့် လမ်းက ဆားမလောက်ဘက်ကလောက်တော့ မဆိုးပါဘူး။

ဒီတခါမှတ်ချက်ပေးတာလည်း စောသွားပြန်ပါတယ်။ ဘာကြောင့်လဲဆို အဲဒီလမ်းကျဉ်းလေးရဲ့အလွန်၊ တွံတေး တံတားကြီးဘေးကနေ ဖြတ်အထွက် လှိုင်သာယာအ၀င်လမ်းအခြေအနေက ဆားမလောက်နဲ့ ထန်းတပင် နယ် စပ်နီးနီးဆိုးနေလို့ပါ။ နည်းနည်းလေးတော့ သက်သာမလားမသိဘူး။ 


ကံကောင်းထောက်မစွာနဲ့ ကိုယ်တွေရဲ့ ကား ဘီးမပေါက်သော်လည်း အခြားတက္ကတစီတစီး ကိုယ်တွေရှေ့မှာတင် ရှေ့ဘီးပေါက်သွားပါတယ်။ လမ်းမီး က လည်းမလင်း၊ မှောင်မှောင်မည်းမည်းထဲ အဲဒီလူတွေ ဘယ်လိုဆက်လုပ်ကြမလဲ၊ အချိန်ကလည်း ည(၁၀) နာရီနီးနေ ပြီဆိုတော့ ဘာမှမကူနိုင်ပဲ ရန်ကုန်မြို့ဆီအချိန်မီရောက်ဖို့ အရှိန်တင်ခဲ့ရပါတယ်။

ဆိုလိုတာက ချောင်းသာသွားတဲ့လမ်း ဒီလောကဆိုးနေတာ ဘာကြောင့်လဲ …။ တာဝန်ရှိသူတွေဘက်က ဒါတွေကို မသိကြဘူးလား။ သိရဲ့သားနဲ့ ဒီတိုင်းပစ်ထားတာလား။ ဘာကြောင့် အလျင်အမြန် မပြင်ကြတာလဲ…။ 

ဒီလမ်းပြင်ဖို့ ရန်ကုန်တိုင်းအစိုးရ တာဝန်လား၊ ဧရာဝတီတိုင်းအစိုးရ တာဝန်လား။ ပြည်ထောင်စု အစိုးရ တာဝန်လား။ ဒါမှမဟုတ် ထန်းတပင်မြို့နယ်နဲ့ ညောင်တုန်းမြို့နယ် လွှတ်တော် အမတ်တွေရဲ့ တာဝန်လား…။

ဧရာတီတိုင်းကလူတွေကိုမေးကြည့်တော့ ရန်ကုန်တိုင်းအစိုးရမှာ တာဝန်ရှိတယ်။ ဗိုလ်မြတ်ထွန်း တံတားအလွန် ဒီဘက်တခြမ်းလုံးကောင်းအောင် ဧရာဝတီအစိုးရက ဆောင်ရွက်ထားတယ်လို့ သူတို့ကဆိုပါတယ်။ ဒါဖြင့် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး တာဝန်လား။ ဒါတော့ မဖြစ်လောက်ဘူး။ 

ဘာဖြစ်လို့လဲဆိုရင် ကိုယ်ကား ကိုယ်စီးပြီး ရေမြောင်းတွေတောင် နေ့စဉ်လိုက်တူးနေတဲ့ မြို့တော်ဝန်က လမ်းဒီလောက်ဆိုးနေတာ မပြင်ပဲနေ ပါ့မလား…။ ပြီးတော့ သူက စည်ပင် ဧရိယာလောက်ပဲလုပ်ပိုင်ခွင့်ရှိပြီး ဒီလောက်ဝေးရင် သူနဲ့မဆိုင်တော့ဘူး ဆို ပါတယ်။ ဒါဖြင့် လမ်းပမ်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်မှာ တာဝန်ရှိသလား။ ဒါလည်း မသေချာဘူး။ အခုဟာက ရန်ကုန်တိုင်းထဲမှာဆိုပေမယ့် ပြည်ထောင်စု လမ်းမကြီးဖြစ်နေတယ်လို့ မိတ်ဆွေတဦးကပြောပါ တယ်။

ဒါဖြင့် တနိုင်ငံလုံးက လမ်းတွေ၊ တံတားတွေကို လိုက်ဆောက်ပေးနေတဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်မှာ တာဝန်ရှိသလား။ တလောက မိုးရွာလို့ ရေး-ထားဝယ်လမ်းပိုင်းပျက်တော့ သူတို့ဝန်ကြီးဌာနက (၃) ရက်လောက်အတွင်း ဘေလီတံတားတွေကို အပြီးဆောက်ပြီး လမ်းပမ်းဆက်သွယ် ရေး မပြတ်အောင်လုပ်ပေးခဲ့ပါတယ်။ အခုလည်း လမ်းတံတားတွေ ဆောက်ဖို့အတွက် ၀န်ကြိးဌာန ၀က်ဆိုက် မှာ တင်ဒါခေါ်နေတာတွေ့ပါတယ်။ ဒါပေမယ့် အဲဒီလိုခေါ်နေတဲ့ တင်ဒါထဲ ထန်းတပင်-ဆားမလောက် လမ်းပြု ပြင်ရေးအတွက်ခေါ်ထားတာတော့ မတွေ့မိပါဘူး။

ဒါဖြင့် ဒီလမ်းကြီးကို ဘယ်သူက တာဝန်ယူပြင်မှာလဲ။ ဆောက်လုပ်ရေးဝန်ကြီးကလည်း နေပြည်တော်မှာ အနေ များတော့ ချောင်းသာဖက် မရောက်ဖြစ်ဘူးနဲ့တူပါတယ်။ ဒါဖြင့် ရိုးသားကြိုးစား ဧရာဝတီတိုင်းသားလို့ ဆိုင်း ဘုတ်ထောင်ထားတဲ့ (တခြားပြည်နယ်-တိုင်းတွေမှာ ကြိုဆိုပါ၏၊ နှုတ်ခွန်းဆက်သပါ၏ ဆိုတဲ့ ဆိုင်းဘုတ်တွေ သာမြင်ရပြီး ဧရာဝတီတိုင်းကျမှ ကြိုဆိုပါ၏ ဆိုင်းဘုတ်နောက်မှာ ရိုသား-ကြိုးစား ဧရာဝတီသား- ဆိုတာ ထူးခြားစွာ တွေ့မိ) သမ္မတဦးဝင်းမြင့်ဆိုရင်တော့ ဒီလမ်းကိုမရောက်ဖူးဘဲ မနေပါဘူး။ ဘာကြောင့်လဲဆိုရင် သူက မြောင်းမြသားဆိုတော့ အခု သီတင်းကျွတ်မှာ ရွာပြန်ပြီး အလှူလေးဘာလေး လုပ်လေ့ရှိတယ် မဟုတ် ပါလား။ အဲဒါဆို ဒီလောက်ဆိုးနေတဲ့လမ်းကို သူတွေ့သွားနိုင်တာပေါ့။


 ကဲ… သက်ဆိုင်သူအားလုံး ဘယ်သူမှာ တာဝန်ရှိတယ်လို့ အချင်းချင်းလွှဲချမနေဘဲ အမြန်ဆုံးပြုပြင်ဖို့ လိုနေပြီ ဖြစ်ပါကြောင်း နှိုးဆော်လိုက်ရပါတယ်။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More