The Voice Daily, 18-02-2017
နှစ် ၇၀ အခမ်းအနား အရင်ကထက်ပိုထူးခြား
အခုနှစ် ဖေဖေါ်ဝါရီ ၁၂ ရက်မှာ ကျရောက်တဲ့ ပြည်ထောင်စုနေ့ဟာ နှစ် ၇၀ ပြည့်နေ့ (စိန်ရတုရောက်ဖို့ ၅ နှစ်အလို) ဖြစ်တာမို့ အရင်နှစ်တွေထက် ပိုထူးခြားအောင် အစိုးရသစ်က ကျင်းပလိမ့်မယ်လို့မျှော်လင့်ခဲ့ပါ တယ်။ မျှော်လင့်တဲ့အတိုင်းပဲ လွန်ခဲ့တဲ့ နှစ် ၇၀ က ပင်လုံစာချုပ် ချုပ်ဆိုခဲ့တဲ့ ရှမ်းပြည် နယ်ပင်လုံမြို့အထိ အစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်သွားပြီး ထူးခြားတဲ့ ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပခဲ့တာတွေ့လိုက်ရပါတယ်။
ထူးခြားတယ်ဆိုတာ နိုင်ငံရေးအနှစ်သာရကိုပြောတာပါ။ ပြည်ထောင်စုနေ့လို့ပြောလိုက်ရင် တိုင်းရင်းသား လူငယ်တွေ ရိုးယာဝတ်စုံတွေဝတ်ပြီး ကခုန်နေတာ၊ ပြည်မကလူငယ်တွေ အားကစားပြိုင်ပွဲကျင်းပတာ၊ အစိုးရလူကြီးမင်းတွေ ညစာစားပွဲလုပ်တာကိုချည်း လူတွေကပြေးမြင်လေ့ရှိပါတယ်။ တကယ်က အဲဒီပွဲ တွေဟာ ဟန်ပြအဆောင် အယောင်ပွဲတွေသာဖြစ်ပြီး အနှစ်သာရမဟုတ်ပါ။
ပင်လုံစာချုပ်မှာ ဘာတွေပါသလဲ။ အဲဒီစာချုပ်ပါအချက်အလက်တွေကို ညစာစားပွဲတက်နေတဲ့ အစိုးရ လူကြီးမင်းတွေက ဘယ်လောက်အထိ အကောင်အထည်ဖေါ်ပြီးပြီလဲ။ နှစ် ၇၀ ကြာတဲ့အထိ တိုက်ပွဲတွေ ဆက်ဖြစ်နေတာ ဘာကြောင့်လဲ။ မြန်မာနဲ့အပြိုင် လွန်ခဲ့တဲ့နှစ် ၇၀ နီးပါးက လွတ်လပ်ရေးယူခဲ့တဲ့ တခြား အိမ်နီးချင်းနိုင်ငံတွေ အခု ဘယ်အနေအထားရောက်နေသလဲ။ မြန်မာက ဘာကြောင့်နောက်မှာကျန်နေခဲ့ သလဲ။ ဒါမျိုးတွေကို ပြည်ထောင်စုနေ့မှာ ပြန်လည်သုံးသပ်ခြင်းဟာ အနှစ်သာရလို့ထင်ပါတယ်။
အခု ပင်လုံမှာကျင်းပခဲ့တဲ့ ပြည်ထောင်စုနေ့မှာ တိုင်းရင်းသားလူငယ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဆွေးနွေးပွဲ (အမေး-အဖြေ သဘောပိုဆောင်ပေမဲ့) ဟာ ပင်လုံရဲ့ အနှစ်သာရအပေါ် ဆန်းစစ်ဝေဖန်တဲ့ သဘော၊ ရှေ့ဆက်သွားဖို့ နည်းလမ်းရှာတဲ့သဘောလို့ ယူဆနိုင်ပါတယ်။ ဒါပေမဲ့ တခြား ပြည်နယ်-တိုင်း အသီးသီးမှာကျင်းပတဲ့ပွဲတွေကတော့ အရင်နှစ်တွေကအတိုင်း အနှစ်သာရဆီမရောက်ပဲ အားကစားပွဲတွေ၊ ဈေးရောင်းပွဲတွေ၊ တိုင်းရင်းသားအက တွေနဲ့ အချိန်ကုန်နေဆဲပါ။
ဘယ်လိုပဲဖြစ်ဖြစ် အရေးကြီးတာက ပြည်ထောင်စုနေ့အလွန်မှာ ကျင်းပဖို့ပြင်ဆင်ထားတဲ့ ၂၁ ရာစု ပင်လုံ ညီလာခံမှာ တိုင်းရင်းသားတွေ၊ အင်အားစုတွေအားလုံး အစုံအညီတက်ရောက်ဆွေးနွေးခွင့်ရဖို့ဖြစ်ပါတယ်။ ဒီလိုအစုံအညီဆွေးနွေးနိုင်မှသာ ရှေ့မတိုးနိုင်ဖြစ်နေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး အတွက် လမ်စတွေ ထွက်ပေါ်လာမယ် မဟုတ်ပါလား။
ပင်လုံစာချုပ်၊ ကျောင်းစာအုပ်နှင့် လူငယ်တွေရဲ့စဉ်းစားပုံ
အဆောင်အယောက်ဖက်ကနေ အနှစ်သာရဖက် တကယ်လှည့်ပြီဆိုရင်တော့ ပြည်ထောင်စုနေ့ ဘယ်လို ဖြစ်ပေါ်လာသလဲ။ ပင်လုံစာချုပ်မှာ ဘာတွေပါသလဲ။ တိုင်းရင်းသားတွေက ဘာကြောင့် ပင်လုံစာချုပ် အကြောင်း၊ ပင်လုံ ကတိက၀တ်တွေအကြောင်းမကြာခဏပြောနေတာလဲ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ဘာကြောင့် ၂၁ ပင်လုံဆိုတာကို လမ်းကြောင်းတင်လာတာလဲ။ ဒါတွေကို အသေချာဆန်းစစ် ဖို့ လိုပါလိမ့်မယ်။
သမိုင်းစာအုပ်တွေထဲဖတ်မိသလောက်ကတော့ ဗြိတိသျှလက်အောင်ကနေ မြန်မာနိုင်ငံလွတ်လပ်ရေးယူတဲ့ အခါ ပြည်မတခုတည်းမယူပဲ တောင်တန်းဒေသပါ (အဲဒီအချိက ဗမာပြည်လို့ပြောရင် ပြည်မပဲပါပြီး တောင်တန်းဒေသ မပါဝင်ပါ) တစုတစည်းတည်းယူနိုင်ရေးအတွက် တောင်တန်းဒေသကိုယ်စားလှယ်တွေနဲ့ ဗမာအစိုးရကိုယ်စားလှယ် ဗိုလ်ချုပ်အောင်ဆန်းတို့ ရှမ်းပြည်နယ် ပင်လုံမြို့မှာ ဆွေးနွေးရာကနေ ပင်လုံ စာချုပ်နဲ့ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာ တာပါပဲ။
ဒါပေမဲ့ အဲဒီစာချုပ်ထဲမှာဘာတွေပါသလဲ။ ဘယ်လိုအကောင်အထည်ဖေါ်ဖို့လိုသလဲဆိုတာကိုတော့ စာရေး သူတို့ ငယ်ငယ်ကဖတ်ဖူးတဲ့ ကျောင်းသမိုင်းစာအုပ်ထဲမှာ ဘာမှမတွေ့မိပါ။ သိသလောက်က ပြည်ထောင်စု နေ့မှာ ကျောင်းပိတ်လို့ပျော်ပါတယ်။ မနက်အစောကြီးထပြီး လူထုလူတန်း စားအသီးသီးရဲ့ (မဆလ ခေတ်အသုံး) ချီတက်အလေး ပြုပွဲ၊ ထောက်ခံပွဲတက်ရတာကိုတော့ သိပ်မပျော်လှပါ။ ဒါပေမဲ့ နေ့ခင်းဖက် ကျင်းပတဲ့အားကစားပြိုင်ပွဲ၊ ညနေဖက် မှာကျင်းပတဲ့ ပြည်ထောင်စုအကပြိုင်ပွဲ၊ ဈေးရောင်း ပွဲတွေသွားရတာ သိပ်ပျော်ပါတယ်။ ဒါပဲသိပါတယ်။ အခုခေတ် ကျောင်းသားတွေကော ဒီထက်ပိုသိလာကြ ပြီလား။ ကျောင်း သမိုင်းစာအုပ်တွေမှာ ပြည်ထောင်စုနေ့နဲ့ ပင်လုံစာချုပ် ပါအချက်အလက်တွေကို သင်ကြားပေးနေပါပြီလား။
စာရေးသူရဲဇာတိမြေ ထားဝယ်ဒေသရှိ လူငယ်တွေဆီက ကြားမိသလောက်ကတော့ ပြည်ထောင်စုနေ့ကို ဂုဏ်ပြု ကြိုဆိုတဲ့အနေနဲ့ စက်ဘီးပြိုင်ပွဲကျင်းပခဲ့ပါတယ်။ ပြေးခုန်ပစ်ပြိုင်ပွဲတွေ လုပ်ပါတယ်။ ထားဝယ်ရိုး ရာအကအဖွဲ့ နေပြည်တော်ဆီသွားပြီး ပြိုင်ပွဲဝင်ပါတယ်။ လူထုလူတန်းစားအသီးသီးရဲ့ ချီတက်ပွဲလည်း ရှိဦးမယ်ထင်ပါတယ်။ ဒါတွေဟာ နှစ်စဉ်လုပ်နေကြ ပြည်ထောင်စုနေ့ရဲ့ သင်္ကေတတွေပါပဲ။ အခြား ပြည်နယ်-တိုင်းတွေမှာလည်း အလားတူပွဲတွေ လုပ်နေကြမယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။
ဒါပေမဲ့ ဒီနှစ်ပြည်ထောင်စုနေ့မတိုင်မီ အတော်ထူးခြားတဲ့ လှုပ်ရှားမှုတချို့ ထားဝယ်မှာရှိခဲ့တယ်လို့ အဲဒီ လူငယ်တွေက ပြောပါတယ်။ ရှေ့မှာနိဒါန်းချီခဲ့တဲ့ ၂၁ ရာစုပင်လုံညီလာခံအကြိုအဖြစ် “အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ” တခုကို ဇန်နာဝါရီလကုန်ပိုင်းက ထားဝယ်တက္ကသိုလ်မှာကျင်းပခဲ့ပါတယ်။ အခု ရက်ပိုင်းအတွင်းမှာလည်း မြိတ်၊ ပုလောဒေသတွေမှာ ပြည်တွင်းစစ်ရပ်စဲရေး၊ စစ်အသုံးစရိတ်လျော့ချရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် လူထု ဆန္ဒထုတ်ဖေါ်ပွဲတွေလုပ်ခဲ့ကြပါတယ်။ အခြား ပြည်နယ်-တိုင်းတွေ၊ အထူးသဖြင့် သေနတ်သံမတိတ်သေးတဲ့ ပြည် နယ်တွေဖက်မှာ ဒီထက်ကြီးမားတဲ့ လှုပ်ရှားမှုတွေရှိသင့် ပါတယ်။
ကရင်တကျပ်-ဗမာတကျပ်ဆိုတာကို ဘယ်လိုနားလည်ကြသလဲ
ပင်လုံစာချုပ်၊ ပင်လုံစိတ်ဓတ်အကြောင်းပြောပြီဆိုရင် တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌဏ်းခွင့်ကို အလေးထား စဉ်းစားရပါလိမ့်မယ်။ ပင်လုံစာချုပ်ထဲမှာ “နယ်စပ်ဒေသ နယ်သူနယ်သားတို့သည် ဒီမိုကရေစီနိုင်ငံများတွင် အခြေခံများအဖြစ် အသိမှတ်ပြုထားသော အခွင့်အရေးများကို ခံစားခွင့်ရှိနေစရမည်” ဆိုတဲ့အချက် တခုကိုသာ မူဝါဒဆန်ဆန်တွေ့ရပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တောင်တန်းဒေသခေါင်းဆောင်တွေအကြား အဓိကရခဲ့တဲ့သဘောတူညီမှုဟာ အပြန် အလှန် တန်းတူရည်တူ လေးစားစွာဆက်ဆံရေးဖြစ်တယ်လို့ သိရပါတယ်။
အများနားလည်လွယ်အောင်ပြောရမယ်ဆိုရင်တော့ ၁၉၈၈ နောက်ပိုင်း ကျောင်းသားတွေ နယ်စပ်ဒေသဆီ ရောက်စဉ်က ခေတ်စားခဲ့တဲ့ ကရင်တကျပ်-ဗမာတကျပ် ဆိုတဲ့ စကားလုံးအတိုင်းဖြစ်ပါတယ်။ ဗမာက လူများစုဖြစ်လို့ အခွင့် အရေးပိုယူခွင့်မရှိဘူး။ အကိုကြီးနဲ့ညီလေး ဆက်ဆံရေးမျိုး လာလုပ်လို့မရဘူး။ အားလုံးတန်းတူရည်တူရှိရမယ်။ တန်းတူရည်တူလေးလေးစားစား ဆက်ဆံဆွေးနွေးရမယ်လို့ ဆိုလိုပါ တယ်။
ဒါဟာ အပြောလွယ်သလောက် လက်တွေ့ကျင့်ကြံဖို့အတော်ခက်ပါတယ်။ အထူးသဖြင့် ရန်ကုန်၊ မန္တလေး၊ နေပြည် တော်လိုမြို့ပြဒေသမှာနေပြီး တိုင်းရင်းသားပြည်နယ်တွေ၊ စစ်ဖြစ်နေတဲ့ဒေသတွေ၊ သူပုန်စခန်းတွေ၊ ဒုက္ခသည်စခန်း တွေဆီမရောက်ဖူးတဲ့ ပြည်မကလူများစု ဒါကို နားလည်ဖို့မလွယ်ပါဘူး။ မဟာဗမာတွေ၊ ဗမာလူမျိုးကြီးဝါဒါတွေဆိုပြီး တောထဲက တိုင်းရင်းသားသူပုန်တွေပြောနေတာကို မြို့ပြကလူတွေ မကြားဖူး ပါဘူး။
ဒီလိုမကြားဖူးတဲ့အထဲမှာ NLD အမတ်တွေလည်း ပါကောင်းပါနေနိုင်ပါတယ်။ တိုင်းရင်းသားပါတီတခုမှ လွှတ်တော်ကိုယ်စားလှယ်တဦးရဲ့အပြောကို ကိုးကားရမယ်ဆိုရင် “ကြံ့ခိုင်ရေးအစိုးရဆီကနေ NLD အစိုးရဆီ အာဏာပြောင်းသွားလို့ ဒီမိုကရေစီအခွင့်အရေးပိုရလာတာမှန်ပေမဲ့ ဗဟိုချုပ်ကိုင်မှုကတော့ အတူတူပါပဲ“ တဲ့။ ဆိုလိုတာက ပြည် နယ်-တိုင်းတွေ၊ တိုင်းရင်းသားဒေသတွေဆီ အာဏာခွဲဝေပေးဖို့ စိတ်မကူးပဲ ဗဟိုချုပ်ကိုင်မှု အားကောင်းအောင်သာ အစိုးရအဆက်ဆက်က ကြိုးစားနေတယ်လို့ သူက ဆိုလိုပါတယ်။
စာရေးသူရဲ့မိတ်ဆွေ ကရင်တိုင်းရင်းသားသူပုန်ဟောင်းတဦး မကြာခဏပြောလေ့ရှိတဲ့ စကားကိုလည်း ကောက်နှုတ်တင် ပြချင်ပါသေးတယ်။ “ကရင်တကျပ်-ဗမာတကျပ်ကို လက်ခံတယ်ဆိုပြီး ရှမ်းနဲ့တွေ့လည်း ဗမာက တကျပ်ယူ၊ ကချင်နဲ့တွေ့လည်း ဗမာက တကျပ်ယူ။ မွန်နဲ့တွေ့လည်း တကျပ်ယူ။ ရခိုင်နဲ့တွေ့လည်း တကျပ်ယူ၊ ဒီလိုနဲ ဗမာက ၇ တိုင်း၊ တိုင်းရင်းသားက ၇ ပြည်နယ်ဖြစ်လာတာမျိုးကတော့ မဟုတ်သေးဘူး လေ“ တဲ့။ စာဖတ်သူတွေကော ကရင်တကျပ်-ဗမာတကျပ်ဆိုတာကို ဘယ်လိုနားလည်ထားပါသလဲ။
စိန်ရတုအမီ ဖက်ဒရယ်ပြည်ဆီရောက်နိုင်သလား
ဒါတွေက အခု နှစ် ၇၀ ပြည်ထောင်စုနေ့မတိုင်မီအထိ ရှိခဲ့ဖူး၊ မြင်ခဲ့ဖူး၊ ကြားခဲ့ဖူးတာတွေကို ဆွေးနွေးကြည့် တာပါ။ အရေးကြီးတာက အရင်က အမှားတွေ၊ အလွဲတွေကိုအပြစ်ပြောနေရုံနဲ့ အဖြေမှန်ထွက်လာမှာ မဟုတ်ပါ။ အဲဒါတွေကို ပြန်ပြောင်းသုံးသပ် သင်္ခန်းစာယူနိုင်မှ ရှေ့ကိုခရီးဆက်နိုင်မယ်မဟုတ်ပါလား။ တကယ်တော့ နှစ် ၇၀ ဆိုတာ မျိုးဆက် ၃ ခုစာရှိနေပါပြီ။ လူသားတဦးအနေနဲ့ ဘ၀ နေ၀င်ချိန်တောင်နီး နေပြီဖြစ်လို့ နှစ် ၇၀ အတွင်းမှားခဲ့သမျှကို သံဝေဂရပြီး လမ်းကြောင်းမှန်ပေါ် မဖြစ်မနေတက်ရမဲ့ အချိန် ရောက်နေပြီဖြစ်ပါတယ်။
ဒါဖြင့်လမ်းကြောင်းမှန်က ဘာလဲ။ လွန်ခဲ့တဲ့ နှစ် ၇၀ က ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင် တွေ သဘောတူခဲ့တဲ့အတိုင်း ပင်လုံစာချုပ်၊ ပင်လုံစိတ်ဓတ်ကို အကောင်အထည်ဖေါ်ရေးပါပဲ။ လွန်ခဲ့တဲ့နှစ် ၇၀ အတွင်း ဒီလိုအကောင်အထည်ဖေါ်ဖို့အခွင့်အလမ်းမပေါ်ခဲ့တဲ့အတွက် အချင်းချင်းလက်နက်ကိုင်တိုက်ခဲ့ ရသူတွေ အခု စားပွဲဝိုင်းမှာတွေ့ဆုံဆွေးနွေးခွင့်ရနေပြီမဟုတ်ပါလား။ ၂၁ ပင်လုံညီလာခံဆီ တက်ရောက် ဆွေးနွေးအဖြေရှာဖို့ လမ်းစပွင့်နေပြီမဟုတ်ပါလား။
‘’NCA (နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ်) လက်မှတ်မထိုးသေးတဲ့ UNFC (ညီညွတ်သော တိုင်းရင်းသား များ ဖက်ဒရယ်ကောင်စီ) အဖွဲ့ဝင်တွေ၊ မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင်တွေကို တက်ခွင့်မပေးပဲနဲ့ ခင်ဗျား ညီလာခံက ဘာအဓိပ္ဗယ်ရှိမှာလဲ“ ဆိုပြီး မေးခွန်းထုတ်မလို့လား။ အဲဒီ မေးခွန်းကို ညီလာခံတာဝန်ရှိသူတွေ ဖက်က အသေအချာရှင်းပြ သင့်ပါတယ်။ စာရေးသူကတော့ ဒီမေးခွန်းဟာ နည်းနာအရလိုအပ်ချက်သာ ဖြစ်ပြီး မဟာဗျုဟာအရကတော့ ၂၁ ပင်လုံမှာ အားလုံးစုဆုံဆွေးနွေးအဖြေရှာရေးဟာ လမ်းကြောင်းမှန်ပေါ် ရောက်နေပြီလို့မြင်ပါတယ်။
ေ၀၀ဖန်သူတချို့ကတော့ NLD လူကြီးမင်းတွေဟာ ဖြစ်စေချင်တဲ့ စေတနာပဲရှိပြီး တိုင်းသားတွေနဲ့ဆွေးနွေး မှု အတွေ့အကြုံ၊ ဖက်ဒရယ်ပြည်ထောင်စုအပေါ် နားလည်အောင်လေ့လာနိုင်မှုနဲ့ ပတိပက္ခဖြေရှင်းရေး ကဏ္ဍမှာ လုပ်ငန်းကျွမ်းကျင်မှု ဘာမှမရှိဘူးလို့ပြောကြပါတယ်။ စာရေးသူကတော့ ငြိမ်းချမ်းစေချင်တဲ့ စေတနာ (Political Will) ရှိဖို့က အဓိကကျတယ်။ ကျန်တာတွေက လေ့လာသင်ယူလို့ရတယ်လို့ မြင်ပါတယ်။ အရင်အစိုးရအဆက်ဆက်က တာဝန်ယူသူတွေမှာ ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံတွေရှိခဲ့ပေမဲ့ စေတနာ (Political Will) မရှိတာကြောင့် အောင်မြင်မှုပန်းတိုင်ဆီ မရောက်ခဲ့တာလို့ မြင်ပါတယ်။
ဒါပေမဲ့ NLD အစိုးရခေတ်မှာ ရေးပန်းအစားဆုံးစကားလုံးဖြစ်တဲ့ “နှစ် ၅၀ ကျော်ပျက်နေတဲ့ တိုင်းပြည်ကြီး ကို တနှစ်ထဲနဲ့တော့ ဘယ်ပြင်လို့ပြီးမလဲ” ဆိုတဲ့အတိုင်း ဒီညီလာခံဟာ တခါ နှစ်ခါ ဆွေးနွေးရုံနဲ့ ချက်ချင်း အဖြေထွက်လာမှာ မဟုတ်ပါ။ ဒါကြောင့် ပထမ အကြိမ်၊ ဒုတိယအကြိမ်ဆွေးနွေးပွဲတွေမှာ အားလုံးပါဝင်ခွင့် မရလို့ စိတ်ပျက်စရာမရှိပါဘူး။ အရေးကြီးတာက ‘’အားလုံးပါဝင်ခွင့်ရှိစေရမယ်’’ ဆိုတဲ့ မူကိုလက်ကိုင် ထားပြီး အဖြေရတဲ့အထိ စိတ်ရှည်ရှည်နဲ့ ဆွေးနွေးအဖြေရှာဖို့ပဲလိုပါတယ်။
ဒါက ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရဖက်က ဦးစီးဆောင်ရွက်နေတဲ့ငြိမ်းချမ်းရေးညီလာခံအပေါ် အကောင်းမြင်မျှော်လင့်ချက်ပါ။ ဒီနေရာမှာ အားနာနာနဲ့ထည့်ပြောဖို့လိုတာကတော့ ဒီလိုညီလာခံကျင်းပ နေစဉ်မှာ (NLD အစိုး ရ ထိမ်းချုပ်မှုအောက်မှာ တိုက်ရိုက်မရှိသေးတဲ့) တပ်မတော်ကနေ တိုင်းရင်းသား နယ်မြေတွေဆီ ထိုးစစ်သွားမလုပ်မိစေဖိုပါပဲ။ အစိုးရကသွားချင်တဲ့လမ်းပေါ် တပ်မတော်ဖက်က ပူးပေါင်း ဆောင်ရွက်ဖို့တာဝန်ရှိပါတယ်။ တပ်မတော်ဖက်က ပူးပေါင်းဆောင်ရွက်မှုရှိမလာဘူးဆိုရင်တော့ ရှေ့မှာ တင်ပြခဲ့သမျှ ‘’စိန်ရတုအမီ ဖက်ဒရယ်ပြည်ထောင်စုဆီ ချီတက်ရေး’’ ဆိုတာဟာ စိတ်ကူးယဉ်သက်သက် ဖြစ်သွားနိုင်ပါတယ်။ ။
...
(ဒီဆောင်းပါးကို ပြည်ထောင်စုနေ့အမီ ကြိုတင်ရေးသားခဲ့ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် အခုမှ တင်ပြ နိုင်တာကို တောင်းပန် ပါတယ်)။
....
1947 Constitution of Burma English Version by minthukha on Scribd
....