Thursday, January 28, 2016

ဘူဒိုဇာနည်းကို စစ်အစိုးရခေတ်မှာ ထားခဲ့ပါ

The Voice Daily, 28-01-2016.

ဆန့်ကျင်ဖက် သတင်းနှစ်ပုဒ်

အမိမြေနဲ့ဝေးနေသူတွေရဲ့ထုံးစံအတိုင်း နောက်ဆုံးသတင်းတွေကို သိခွင့်ရဖို့ Facebook နဲ့ ပြည်ပ ရေဒီယို တွေကိုပဲ အားကိုးနေရပါတယ်။ ဒီလိုနဲ့ တနေ့ည (ဇန်ဝါရီ ၂၆ ရက်နေ့က) အိမ်ပြန်ရောက်လို့ ဘီဘီစီ (မြန်မာပိုင်း) ကို ဖွင့်လိုက်တဲ့အခါ ထူးခြားတဲ့သတင်း ပုဒ်ကို တပြိုင်တည်းကြားလိုက်ရပါတယ်။


ပထမ တပုဒ်က အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ဆီအသွင်ပြောင်းနေပါတယ်ဆိုတဲ့ မြန်မာနိုင်ငံက သတင်းပါ။ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင် စက်မှုဇုန်ဝင်းအတွင်းရှိ အိမ်ထောင်စု ၅၀၀ ကျော်ကို ကျူးကျော်နေထိုင်သူတွေလို့ဆိုပြီး ရဲတပ်ဖွဲ့နဲ့ အပြာရောင် သံခမောက်ဆောင်း အင်အား ၁၀၀၀ ခန့်က အတင်းဝင်လာပြီး ဘူဒိုဇာတွေနဲ့ ထိုးဖြိုသွားတယ်လို့ဆိုပါတယ်။ 

ဒုတိယ တပုဒ်ကတော့ ဆိုရှယ်ဒီမိုကရက်နိုင်ငံတခုဖြစ်တဲ့ ဥရောပရှိ ဒိန်းမတ်နိုင်ငံက သတင်းပါ။ ဒုက္ခသည်လက်ခံရေးနဲ့ပတ်သက်ပြီး ပိုမိုတင်းကျပ်တဲ့ ဥပဒေတရပ်ကို ဒိန်းမတ်ပါလီမန်မှာ မဲခွဲဆုံးဖြတ်ဖို့ပြင် နေတယ်လို့ဆိုပါတယ်။ သတင်းနှစ်ပုဒ်စလုံးဟာ ဒုက္ခရောက်နေသူတွေနဲ့ဆိုင်တဲ့သတင်းလို့ ဆိုနိုင်ပေမဲ့ တပုဒ်က ပြည်တွင်း ဒုက္ခသည်၊ တပုဒ်က ပြည်ပကနေ၀င်လာမဲ့ ဒုက္ခသည်။

ဆိုလိုတာက လူ့အခွင့်အရေးကိုလေးစားတဲ့ ဥရောပနိုင်ငံကြီးတခုက တခြားနိုင်ငံကနေ ရောက်လာတဲ့ ဒုက္ခသည်တွေကိုလက်ခံရေးနဲ့ပတ်သက်ပြီး ဥပဒေနည်းနည်းတင်းကျပ်လိုက်တဲ့အပေါ် ကမ္ဘာ့မီဒီယာတွေက ၀ိုင်းဝေဖန်ခဲ့ကြပါတယ်။ ဒါပေမဲ့ ကိုယ့်ပြည်သူကိုယ် အကာအကွယ်မပေးပဲ အတင်းအဓမ္မ ဘူဒိုဇာနဲ့ထိုးပြီး နေအိမ်တွေဖြိုလိုက်တဲ့ မြန်မာအစိုးရကိုတော့ နိုင်ငံတကာမီဒီယာတွေက ဖေ၀န်တာမတွေ့မိပါဘူး။

ဘာကြောင့်လဲ။ လူ့အခွင့်ရေးကို လေးစားတဲ့နိုင်ငံတွေမှာပဲ ဒုက္ခရောက်နေသူတွကို ကူညီဖို့တာဝန်ရှိပြီး စစ်တပိုင်း အစိုးရဆိုရင် ဒုက္ခရောက်နေသူတွေကို ကူညီဖို့တာဝန်မရှိဘူးလား။ စိတ်ထင်တိုင်း လုပ်ခွင့်ရှိ သလား။ စဉ်းစား စရာပါပဲ။ 

ဒီထက်ပိုစဉ်းစားဖို့ကောင်းတာက ဒီလို စစ်တပိုင်းအစိုးရရဲ့ ခပ်ရိုင်းရိုင်း လုပ်ရပ်အပေါ် နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားအဖွဲ့တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေဆီက ဝေဖန်ရှုတ်ချတဲ့အသံ သိပ်ကျယ်ကျယ် ထွက် မလာခြင်းပါပဲ။ ဘာကြောင့်လဲ။ အဲဒီလိုဝေဖန်လိုက်ရင် စစ်တပိုင်းအစိုးရက အာဏာမလွဲပေးပဲ ဆက်ယူ ထားမှာကြောက်လို့လား။ အာဏာလွဲဖို့ ရက်ပိုင်းပဲလိုတော့တဲ့အချိန်မှာ ဆိတ်ဆိတ်နေခြင်းက အကောင်းဆုံး လို့ ခံယူထားလိုက်ကြပြီလား။

သမီးလေးရွာဖြစ်စဉ်ကို ပြန်သတိရတယ်

ဘူဒိုဇာနဲ့ထိုးတဲ့သတင်းကို အသေးစိပ်သိချင်လို့ Facebook ပေါ်မှာလိုက်ရှာတော့ ဗွီဒီယို ဖွိုင်နဲ့ပါ တွေ့ပါ တယ်။ အိမ်ဖျက်ခံရလို့ ငိုနေတဲ့ အမျိုးသမီးတွေ၊ နေစရကျောင်း မရှိတော့တဲ့ ကလေးငယ်တွေ၊ ဒီမှာနေလာ တာ နှစ် ၂၀ လောက်ရှိနေပြီလို့ပြောပြီး အော်ငိုနေတဲ့ အမျိုးသားတွေကို ကြည့်ရင်း အတော်စိတ် မကောင်းဖြစ်မိပါတယ်။
(ကျုးကျော်အိမ်တွေကို ဘူဒိုဇာနဲ့ဖြိုနေစဉ်၊ ဓာတ်ပုံ- ဧရာဝတီ)

တဆက်တည်းမှာပဲ လွန်ခဲ့တဲ့ နှစ် ဒီလိုအချိန်မျိုးမှာ (၂၀၁၄ ဖေဖေါ်ဝါရီ ပထမ သတင်းပတ်မှာ) ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းနယ်စပ်ရှိ လှည်းကူးမြို့နယ်ထဲက သမီးလေးကျေးရွာကို အစိုးရဖက်က အလားတူ ဘူဒိုဇာနဲ့ ထိုးဖြိုခဲ့တဲ့ ဗွီဒီယို ဖွိုင်ကို ပြန်ကြည့်မိပါတယ်။

အသုံးပြုတဲ့စက်အမျိုးအစားနဲ့ တာဝန်ယူ ဖြိုဖျက်တဲ့လူတွေ ပြောင်းသွားပေမဲ့ အမိန့်ပေးတဲ့လူ၊ ဒါမှမဟုတ် ဌာနကတော့ အတူတူပဲဖြစ် ပုံရပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီလူတွေဟာလဲ လွန်ခဲ့တဲ့ နှစ်က တာဝန်ယူခဲ့တဲ့လူတွေလိုပဲ မျက်နှာမှာ (လူသားချင်းစာနာတဲ့စိတ်) ဘာခံစားချက်မှမပြပဲ အထက်အမိန့် အရဆိုပြီး အင်အားသုံး ဖြိုဖျက်သွားလို့ပါပဲ။ 

တိုးတက်မှုအဖြစ်တွေ့ရတာကတော့ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ် သမီးလေးရွာ ပထမ အကြိမ်ဖြိုဖျက်ခံရတုန်းက မီဒီယာ က သိပ်မသိသေး။ သိရင်လည်း လွတ်လပ်စွာသတင်းယူခွင့်မရသေးပါ။ အခုတော့ စစ်တပိုင်းအစိုးရပြုတ်ပြီး အရပ်သားအစိုးရတက်ဖို့စောင့်နေချိန်ဆိုတော့ မီဒီယာ လွတ်လပ်ခွင့်အရှိန် အကောင်းဆုံးအချိန်ပေါ့။ ကြိုရောက်နေတဲ့ မီဒီယာတွေ နည်းတာမဟုတ်။ အဲဒီမီဒီယာမျိုးစုံရဲ့ ကင်မရာရှေ့မှာတောင် ဒီလို ဘူဒိုဇာသုံးပြီး အကြမ်းဖက် ရွာဖျက်ရဲတယ်ဆိုတာ နည်းတဲ့သိတ္တိမဟုတ်။

ကင်မရာရှေ့မှာတောင် ဒီလိုဖျက်ရဲရင် ကင်မရာမရှိတဲ့၊ လူသူမမြင်တဲ့ တိုင်းရင်းသားဒေသက ကျေး လက်တွေမှာ၊ စစ်ဆင်ရေးဒေသတွေမှာ ရွာမီးရှို့တယ်ဆိုဟာ ဘယ်ပြောပလောက်တော့မလဲ။ ဒါပေမဲ့ ခက်တာက ဒီလုပ်ရပ်အပေါ် ကျယ်ကျယ်လောင်လောင်မကန့်ကွက်တဲ့အပြင် ဒါဟာ ရာဇ၀တ်မှု ကျုးလွန်ခြင်းဖြစ်တယ်ဆိုတာတောင် ဘယ်သူကမှ မြင်ပုံမရသေးပါ။

ကျုးကျော်ရပ်ကွက်အပေါ် ဘယ်လိုသဘောထားမလဲ

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘယ်သူတွေဘာပြောထားသလဲဆိုတာကို လိုက်ရှာကြည့်တော့ "အခုရှင်းနေတဲ့ ကျုးကျော်တွေက အစိုးရပိုင်မြေတွေအပေါ်မှာဖြစ်လို့ အစိုးရကရှင်းနေတာ။ နောက်အစိုးရလက်ထက် ထားခဲ့ရမယ့်အချိန်မှာ တက်နိုင်သမျှ ကျူးကျော်လိုပြဿနာ အနည်းဆုံးဖြစ်အောင် စိတ်ရင်းစေတနာနဲ့ လုပ်နေတယ်လို့ထင်ပါတယ်" ဆိုပြီး သမ္မတရုံးအကြီးတန်းအရာရှိက မဇျိမသတင်းဌာနကို ဖြေကြား တယ်လို့ တွေ့ရပါတယ်။


အံ့သြလို့မဆုံးပါဘူး။ ဒါမျိုး အင်အားသုံးပြီး မဆင်မခြင်လုပ်တာဟာ အပေါ်က မသိပဲ အောက်ကလူတွေ၊ ဒေသဆိုင်ရာအဆင့်ကလူတွေ လုပ်လိုက်တာဖြစ်မှာပါဆိုတဲ့ ပထမပိုင်း စိတ်ကူး လုံးဝမှားသွားပါတယ်။ ဒါဟာ သမ္မတရုံးရဲ့ညွန် ကြားချက်အရ၊ အစိုးရရဲ့ပေါ်လစီအရ လုပ်တယ်ဆိုတာ ထင်ရှားသွားပါတယ်။ ဒါပေမဲ့ ပေါ်လာတဲ့မေးခွန်းက ဒီလို အင်အားသုံးရှင်းလိုက်တဲ့အတွက် နောက်တက်လာမဲ့အစိုးရသစ်အတွက် ပြသာနာပိုနည်းသွားမှာလား၊ ပြသာနာပိုကြီးလာစေမှာလား ဆိုတာပါပဲ။

‘’မြန်မာလူမျိုးတွေ မြန်မာပြည်ထဲမှာနေတာ နေပိုင်ခွင့်မရှိဘူးလား၊ ကိုယ့်လူမျီုးအချင်းချင်း ဒီလိုပဲ လုပ်ရ သလား’’ လို့ အော်ပြီးငိုနေတဲ့ ဗွီဒီယိုဖွိုင်ထဲက အိမ်ရှင်မတဦးရဲ့အသံကိုသာ ကြားရောင်နေမိပါတယ်။ ဒါပေမဲ့ အံ့သြဖို့ကောင်းတာက ‘’ကျုးကျော်တွေကို ဒီလိုမရှင်းရင် ဘယ်လိုရှင်းမလဲ၊ မရှင်းစေချင်ရင် အစကတည်းက ဒီမှာကျုးကျော်ပြီး လာမနေနဲပေါ့’’ ဆိုတဲ့အမြင်ရှိသူတွေကလည်း မနည်းလှပါ။ 

Facebook က မှတ်ချက်တွေကိုအကြမ်းဖျင်းဖတ်မိသလောက်ဆိုရင် ဒီလိုလူသားမဆန်စွာ ဘူဒိုဇာနဲ့ထိုးပြီး အိမ်ဖြိုတဲ့အပေါ် ပြည်ပရောက် (အထူးသဖြင့် အနောက်တိုင်းရောက်) မြန်မာအများစုက အပြင်းအထန် ကန့်ကွက်ရှုတ်ချကြပေမဲ့ ပြည်တွင်းရှိ တချို့လူတွေကတော့ ကျုးကျော်တွေမှာလဲအပြစ်ရှိတယ်ဆိုတဲ့ပုံစံမျိုးနဲ့ ရေးထားတာတွေ့ရပါတယ်။

တနည်းအားဖြင့် ကျုးကျော်ရပ်ကွက်မှာနေသူတွေကို ဥပဒေမဲ့နေသူတွေ၊ ဥပဒေချိုးဖောက်သူတွေအဖြစ် မြင်နေတဲ့အထဲမှာ အာဏာပိုင်တွေတင်မက သာမန်အရပ်သားတွေလည်း အများကြီးရှိနေဆဲပါ။ ဘာကြောင့်လဲ။ နှစ် ၅၀ လုံး လုံး စစ်အစိုးရရဲ့ ၀ါဒဖြန့်ချီရေးအောက်မှာ နေလာခဲ့ရလို့ အစိုးရပြောသမျှ ဥပဒေဆိုပြီး ဥပဒေနဲ့ အမိန့်ကို မကွဲမပြား ဖြစ်သွားကြလို့လား။ 

ထားတော့။ အစိုးရတွေ၊ အတိုက်အခံတွေကို ဘေးဖယ်ပြီး အချက်အလက်ပေါ်အခြေခံစဉ်းစားကြည့်ရ အောင်ပါ။ ဥပမာ အားဖြင့် နယ်စပ်ဒေသမှာ တိုက်ပွဲဖြစ်လို့ သူပုန်ထိမ်းချုပ်နယ်မြေထဲက ရွာတွေကို စစ်တပ်ကမီးမရှို့ရင်တောင် လူ့အခွင့်အရေးချိုးဖောက်တယ်။ စစ်ရာဇ၀တ်မှု ကျုးလွန်တယ်ဆိုပြီး လူ့အခွင့်အရေးအဖွဲ့တွေက ပြောကြပါတယ်၊ အစီရင်ခံစာတွေ ထုတ်ကြပါတယ်။

အခု ရန်ကုန်မြို့နားမှာ၊ အများပြည်သူမြင်ကွင်းရှေ့မှာ လူနေအိမ်တွေကို ရာနဲ့ချီပြီး ဒီတိုင်းဖြိုချတာကျ လူ့အခွင့် အရေးအဖွဲ့တွေက ဘာလို့ အဲလိုမပြောကြတာလဲ။ စဉ်းစားစရာပါပဲ။

ဘယ်လိုအဖြေရှာမလဲ

အစိုးရအသစ်အဆင်ပြေအောင် ဒီလိုလုပ်ရတာပါဆိုပြီး အစိုးရဟောင်းရဲ့ သမ္မတရုံးကပြောနေပေမဲ့ တကယ်တော့ ဒါဟာ အစိုးရသစ်တက်တက်ချင်း ပထမ ဆုံးကိုင်တွယ်ရမဲ့ ပြသာနာတောင်ဖြစ်လာ နိုင်ပါတယ်။ အခု သိထားတဲ့စာ ရင်းတွေအရဆိုရင် ဒီလိုအတင်းအကျပ်အိမ်တွေဖြိုချခံရ၊ နယ်နှင်ခံရတဲ့ နေရာဟာ မင်္ဂလာဒုံ ပျဉ်းမပင်က အိမ်ခြေ ၅၀၀ ခန့်တည်းမဟုတ်။ ဇန်နဝါရီ ၂၄ ရက်ကလည်း ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ရပ်ကွက် ခုက ကျုးကျော်အိမ်ခြေ ၂၀၀ ကျော်ကို အလားတူရှင်းခဲ့တဲ့အတွက် လူ တထောင်ကျော် အိုးအိမ်မဲ့ဖြစ်နေပါတယ်။ အလားတူ ကျောက်တန်းဖက်မှာလည်း သီလ၀ါအထူးစီးပွါးဇုန်နဲ့ မလွတ်လို့ဆိုပြီး နေအိမ်တချို့ကို ဖြိုဖျက်ဖို့ပြင်နေတယ်လို့ဆိုပါတယ်။


ဒါက ရန်ကုန်တိုင်းအတွင်းက အခုလောလောဆယ် ကြားရသမျှ အရေးပေါ်သတင်းမျှသာရှိပါသေးတယ်။ တခြား ပြည်နယ်-တိုင်းတွေမှာ အလားတူပြသာနာ ဘယ်လောက်ရှိနေမှန်းမသိသေးပါ။ ဒီပြသာနာတွေကို ဘယ်လိုရှင်းမှာလဲ။ ဒီလူတွေကို ဘယ်မှာ ပြန်လည်နေရာချထားပေးမှာလဲ။ အိမ်ဖျက်ခံရသူတွေ အပြောတိုင်းဆိုရင်တော့ အာဏာပိုင်တွေဟာ သူတို့အိမ်တွေကိုဖျက်ချလိုက်ပေမဲ့ သူ့တို့ကို ဘယ်မှာသွားနေ ပါဆိုပြီး ပြန်လည်နေရာချထားပေးမဲ့ အစီစဉ်ဘာမှပြောမသွားဘူးလို့သိရပါတယ်။

လွန်ခဲ့တဲ့ နှစ် သမီးလေးရွာအဖျက်ခံရစဉ်တုန်းကတော့ ကရင်လက်နက်ကိုင်အဖွဲ့မှ ဗိုလ်မှုးဆန်းအောင်တို့ အဖွဲ့ကနေ သူတို့ထိမ်းချုပ်နယ်မြေမှာ လိုက်နေကြပါဆိုပြီး မော်တော်ယဉ်တန်းနဲ့ လာခေါ်သွားတာတွေ့ဖူး ပါတယ်။ အခုလည်း လက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့တွေက အလားတူလာခေါ်ကြမှာလား။ ရန်ကုန် ဆင်ခြေဖုံးမှာနေတဲ့လူတွေက ဟိုနယ်စပ်ကနေရာသစ်ဆီသွားပြီး ဘယ်လိုနေထိုင်ရှာဖွေ စားသောက်ကြ မှာလဲ။

ဒါဟာ မှန်ကန်တဲ့ဖြေရှင်းနည်းတော့ မဟုတ်သေးပါ။ ဒါဖြင့် မှန်ကန်တဲ့နည်းက ဘာလဲ။ ကျုးကျော်တွေ၊ အိုးအိမ်မဲ့တွေကို အိုးနဲ့အိမ်နဲ့ဖြစ်လာအောင် အစိုးရက တာဝန်ယူဆောင်ရွက်ပေးရေးပဲဖြစ်ပါတယ်။ ဒါဟာ အပြောလွယ်သလောက် လက်တွေ့ကတော့ မလွယ်ပါဘူး။ ဒါပေမဲ့ စစ်အစိုးရကနေ အရပ်သားအစိုးရ ဖြစ်လာပြီ၊ ရွေးကောက်ခံ အစိုးရဖြစ်လာပြီဆိုရင်တော့ ဒီပြသာနာကို ဘူဒိုဇာနဲ့ဖြေရှင်းလို့မရတော့ပါ။

တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ စစ်တပ်ကြီးစိုးတဲ့ခေတ်၊ စစ်အတွေးအခေါ်ကြီးစိုးတဲ့ခေတ်မှာလို ‘’ရေဗူးပေါက်တာ မလိုချင်ဘူး၊ ရေပါတယ်ပဲလိုချင်တယ်’’ ဆိုပြီး သွားလုပ်လို့မရတော့ပါ။ ဘာကြောင့် ရေဗူးတွေပေါက်နေရတာလဲဆိုတဲ့ နောက်ခံအကြောင်းရင်းကိုပါ အသေအချာရှာဖွေဖြေရှင်း ပေးဖို့လို ပါတယ်။

ဒါဟာ ရေရှည်လုပ်ငန်းစဉ်ဖြစ်တဲ့အတွက် လောလောဆယ် အဖြေမရှာနိုင်သေးရင်တောင် ဒီလိုတော့ အင်အားသုံး မဖြိုချသင့်ပါ။ လူ့အခွင့်အရေးကိုလေးစားတဲ့နိုင်ငံတွေ၊ ဒီမိုကရေစိအခွင့်အရေးကိုလေးစား တဲ့နိုင်ငံတွေက တခြား နိုင်ငံကနေ ထွက်ပြေးလာသူတွေကို သူတို့နိုင်ငံမှာလက်ခံနိုင်ဖို့ စည်းမျဉ်းစည်းကမ်း တွေရေးဆွဲနေစဉ်မှာ ကျနော်တို့နိုင်ငံကတော့ သူများနိုင်ငံကလာသူကိုလက်ခံဖို့နေနေသာသာ ကိုယ်နိုင်ငံ ထဲကိုယ်နေတဲ့ ကိုယ်ပြည်သူကိုတောင် တာဝန်မယူပဲ လက်လွတ်စပယ် လုပ်နေတာမျိုးကတော့ ရှက်ဖို့ ကောင်းပါတယ်။


ဒါဟာ အစိုးရရဲ့ဂုဏ်သိက္ခာကိုတင်မက မြန်မာအမျိုးသားတရပ်လုံးရဲ့ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေပါတယ်။ စေတနာကောင်းသူတွေ၊ အလှူအတန်းရက်ရောသူတွေ၊ အချင်းချင်း ကူညီရိုင်းပင်းတတ်သူတွေ၊ အမြဲတန်းပြုံးပျော်နေတတ်သူတွေဆိုတဲ့ မြန်မာနိုင်ငံရဲ့ နာမ၀ိသေသနတွေကိုပါ ထိခိုက်လာနိုင်တဲ့အတွက် ဘူဒိုဇာနဲ့ထိုးတဲ့ အင်အားသုံးဖြေရှင်းနည်းကို အမြန်ဆုံးရပ်တန့်သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။           

Monday, January 25, 2016

တိုင်းရင်းသားတွေရဲ့ ခံစားချက်ကို နားလည်ပါ

The Voice Daily, 25-01-2016။

ပြည်နယ်ဝန်ကြီးချုပ်နေရာနှင့် တိုင်းရင်းသားတွေရဲ့ မကျေနပ်ချက်

မကြာခင်အသစ်တက်လာတော့မဲ့ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကနေ ရခိုင်ပြည် နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်အမည်စာရင်းကိုကြေညာလိုက်ပြီးတဲ့နောက် ရခိုင်ပါတီဖက်က ‘’ခံစားချက်မကောင်းတဲ့’’ မကျေမနပ်ပြောဆိုသံတွေ ပေါ်ထွက်လာပါတယ်။ မကြာခင်မှာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရဲ့ ၀န်ကြီးချုပ်အမည်ကိုလည်း အလားတူကြေညာဘွယ်ရှိနေပါတယ်။ 


အဲဒီပြည်နယ် နှစ်ခုမှာ တိုင်းရင်းသားပါတီတွေက အများစုအနိုင်ရထားလို့ ပြည်နယ်ဝန်ကြီးချုပ်တွေအဖြစ် တိုင်းရင်းသားတွေကိုပဲ NLD ဖက်ကခန့်လိမ့်မယ်ဆိုပြီး အကဲခတ်တွေက မျော်လင့်ထားစဉ်မှာ အခုလို သတင်းထွက်ပေါ်လာတာပါ။ NLD ဖက်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုမပြင်နိုင်သေးလို့ (၂၀၀၈ ဖွဲ့စည်းပုံအရ ပြည်နယ်ဝန် ကြီးချုပ်ကို သမ္မတက တိုက်ရိုက်ခန့်ရတာမို့) ဒီလိုလုပ်လိုက်ရတာပါဆိုပြီး ဆင်ခြေပေးတယ်လို့ဆိုပါတယ်။

ဒါပေမဲ့ ဒီကိစ္စဟာ ဒီလိုပြောလိုက်ရုံနဲ့ပြီးမသွားပါ။ ဒါဟာ တိုင်းရင်းသားပါတီတွေ၊ တိုင်းရင်းသားအဖွဲ့ အစည်းတွေအပေါ် NLD အစိုးရနဲ့ NLD ကိုမဲပေးထားတဲ့လူတွေဖက်က ဘယ်လိုသဘောထားသလဲ ဆိုတာကိုပြသတဲ့ သဘောထားညွှန်းကိန်း ဖြစ်သွားနိုင်တာကြာင့် အလွန်သတိထား ကိုယ်တွယ် သင့်ပါတယ်။ 

NLD ရဲ့ လုပ်ရပ်အပေါ် ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်တဲ့ ရခိုင်အမျိုးသားပါတီ (ANP) ကို အစွန်းရောက်တယ်ဆိုပြီး တချို့က ဝေဖန်ကြပါတယ်။ ဒါဖြင့် ရှမ်းပြည်နယ်မှာ အလားတူ NLD ပါတီဝင် ရှမ်းအမတ်တဦးကို ပြည်နယ်ဝန်ကြီးချုပ်ခန့်လို့ SNLD ပါတီက ကန့်ကွက်ရင်လည်း ရှမ်းတွေ အစွန်းရောက်တယ်လို့ ပြောကြဦးမှာလား။ ဒါမှမဟုတ် ရခိုင်ဖက်မှာက ရိုဟင်ဂျာ (အစိုးရအခေါ် ဘင်္ဂလီ) ပြသာနာရှိနေလို့ ရခိုင်အမတ်ကို ၀န်ကြီးချုပ်တာဝန် မပေးပေမဲ့ ရှမ်းဖက်မှာကျရင် ရှမ်းအမတ်ကို ပေးချင်ပေးနိုင်တယ်ဆိုပြီး မျှော်လင့်ချက် ဆက်ပေးထားတဲ့သဘောလား။

သေချာတာတခုကတော့ ဘယ်သူအစွန်း ရောက်တယ်၊ ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ် ဆိုတာမျိုးမပြောခင် ဒီလိုအရေးကြီးတဲ့ ရာထူးနေရာတွေအတွက် ကြေညာချက်မထုတ်ခင်မှာ တနိုင်ငံလုံးအနိုင်ရထားတဲ့ NLD ပါတီနဲ့ နေရာတချို့အနိုင်ရထားတဲ့ တိုင်းရင်းသားပါတီတွေကြား အရင်ဆုံးတွေ့ဆုံဆွေးနွေး သင့်ပါတယ်။ 

ဒါပေမဲ့ မီဒီယာတွေပေါ်မှာ ဖတ်နေရတဲ့သတင်း အသွားအလာတွေအတိုင်းဆိုရင်တော့ NLD ပါတီဟာ တိုင်းရင်းသားပါတီတွေနဲ့ ရွေးကောက်ပွဲမတိုင်ခင် ညှိနှိုင်းမှုမရှိခဲ့သလို အခု ရွေးကောက်ပွဲအပြီး လကျော်ကာလအတွင်းမှာလည်း ညှိနှိုင်းမှု၊ တွေ့ဆုံးဆွေးနွေးမှု မရှိသေးဘူးဆိုတဲ့သဘောမျိုး တွေ့နေရဆဲဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ၊ ဒီမိုက ရေစီဆိုတာ တွေဆုံဆွေးနွေးလေ ပိုအကျိုးရှိလေ မဟုတ်ပါလား။

အသံတူပေမဲ့ အဓိပ္ဗယ်မတူတဲ့ မြန်မာစကားလုံးတွေကို သတိထားပါ

ရွေးကောက်ပွဲမကျင်းပခင် လပိုင်းအလိုကာလနဲ့ ရွေးကောက်ပွဲအလွန်လပိုင်းတွေမှာ NLD ပါတီဖက် ကပြောတဲ့ စကားလုံးတွေထဲ တိုင်းရင်းသားတွေနဲ့လက်တွဲဆောင်ရွက်မယ်၊ တိုင်းရင်းသားတွေကို အရေးကြီးတဲ့ ရာထူးနေရာတွေပေးမယ်ဆိုတာတွေ ပါဝင်ပါတယ်။ ဒါပေမဲ့ အဲဒီတိုင်းရင်းသားဆိုတာ NLD ပါတီဝင် တိုင်းရင်းသားကိုပြောတာလား၊ တိုင်းရင်းသားပါတီဝင် တိုင်းရင်းသားကိုပြောတာလား ဆိုတာကိုတော့ ဘယ်သူကမှ မေးခွန်းထုတ်ဖို့ သတိမရခဲ့ပါ။ 


တိုင်းရင်သားလို့ပြောကတည်းက NLD ပါတီဝင် မဟုတ်သူ၊ ကြံ့ခိုင်ရေးပါတီဝင်မဟုတ်သူ၊ ပြည်မအခြေစိုက် ပါတီကီးတခုခု (ပြည်ထောင်စုပါတီလို့ တချို့ကခေါ်ကြပါတယ်) ရဲ့ပါတီဝင်မဟုတ်သူကိုဆိုလိုတာလို့ အလိုအလျောက်နား လည်ထားလို့ ဒီလိုမေးခွန်းမထုတ်တာလည်းဖြစ်နိုင်ပါတယ်။ ဒါက တိုင်းရင်းသားတွေနဲ့ သူတို့အပေါ်နားလည်သူတွေ၊ သူတို့နဲ့လက်တွဲနေထိုင်ခဲ့ဖူးသူတွေဖက်က အမြင်ကိုပြောတာပါ။

ဒါပေမဲ့ တိုင်းရင်းသားဒေသတွေဆီ မရောက်ဖူးသူ၊ ပြည်တွင်းစစ်ဖြစ်နေတဲ့ နေရာတွေဆီမရောက်ဖူးသူ၊  ‘’မဟာဗမာ’’ ဆိုတဲ့စကားလုံးကို မကြားဖူးသူ၊ ပြည်မရှိလူအများစုကြီးကတော့ ‘’တိုင်းရင်းသားပဲကွာ၊ NLD ပဲဝင်ဝင်၊ ကြံ့ခိုင်ရေးပဲဝင်ဝင်၊ ရှမ်းနဲ့ ရခိုင်ပါတီပဲဝင်ဝင် တိုင်းရင်းသားဟာ တိုင်းရင်းသားပဲပေါ့’’ လို့ ပြောကြပါလိမ့်မယ်။ ဒါလည်းမမှားပါဘူး။ ၀န်ကြီးချုပ်အဖြစ် အမည်တင်သွင်းခံရသူ ဦးညီပုကို NLD ပါတီဝင်ဖြစ်နေလို့ ရခိုင်မဟုတ်တော့ဘူးလို့ မပြောနိုင်ပါ။ ဒါပေမဲ့ သူဟာ ရခိုင်ကိုကိုယ်စားပြုမှာလား၊ NLD ကို ကိုယ်စားပြုမှာလားဆိုတာကိုတော့ မေးခွန်းထုတ်သင့်ပါတယ်။

‘’NLD သာ တိုင်းရင်းသားအရေးကို အပြည့်အ၀ဆောင်ရွက်ပေးမယ်ဆိုရင် ကျနော်တို့က ဘာလို ပါတီထောင်နေဖို့ လိုဦးမလဲဗျာ’’ ဆိုတဲ့ SNLD ပါတီ ခေါင်းဆောင်တဦးရဲ့ ရွေးကောက်ပွဲအလွန် မီဒီယာဆွေးနွေးပွဲတခုက မှတ်ချက်ကိုလည်း အားလုံးသတိရသင့်ပါတယ်။

တခါ သမ္မတဦးသိန်းစိန်နဲ့ တပ်ချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်တို့က ဖက်ဒရယ် ပြည်ထောင်စုစနစ်ကို လက်ခံတယ်လို့ပြောနေပါတယ်။ ဒါပေမဲ့ အသေချာမေးခွန်းထုတ်မယ်ဆိုရင် ဦးသိန်းစိန်ပြောနေတဲ့ ဖက်ဒရယ်နဲ့ နိုင်ဟံသာတို့ UNFC (တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ) နဲ့ ခွန်ထွန်ဦးတို့ရဲ့ UNA (ညီညွတ်သောတိုင်းရင်းသားများ မဟာမိတ်အဖွဲ့) က ပြောနေတဲ့ ဖက်ဒရယ် အဓိပယ်ခြင်း မတူနိုင်ပါဘူး။ ဒီလိုအသံတူပေမဲ့ အဓိပါယ်မတူတဲ့ စကားလုံးတွေကို သဘောတူချက်တခုခုလက်မှတ်မရေးထိုးခင်မှာ တိကျတဲ့ အဓိပယ်ဖွင့်ဆိုမှုလုပ်သင့်ပါတယ်။

ဒီမိုကရေစီအခွင့်အရေးနဲ့ တိုင်းရင်းသားအခွင့်အရေး ဘာကွာသလဲ 

ဒီမေးခွန်းအတွက် လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်၊ လေးလုံးအရေးတော်ပုံအတွင်း ဒီမိုကရေစီတောင်းဆိုခဲ့တဲ့ ထောင်နဲ့ ချီတဲ့ကျောင်းသားတွေ တိုင်းရင်းသားအခွင့်အရေးအတွက် လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ နယ်စပ်ကအဖွဲ့တွေဆီ ရောက်ကာစ နိုင်ငံရေးအခြေအနေကို နည်းနည်းတင်ပြချင်ပါတယ်။ ဒီမိုကရေစီအရေးတိုက်ပွဲဝင်ဖို့ထွက်လာတဲ့ ကျောင်းသားတွေထဲမှာ တိုင်းရင်းသားပေါင်းစုံပါဝင်ပေမဲ့ အများစုဟာ ပြည်မကနေလာသူတွေဆိုတော့ ‘’ဗမာ’’ လို့ပဲ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ သူတို့ထိမ်းချုပ်နယ်မြေတွင်းရှိ ပြည်သူတွေက မြင်ကြပါတယ်။ 


အဲဒီအချိန်မှာ သူတို့က လူများစု၊ ကျောင်းသားတွေက လူနည်းစု။ သူတို့က လက်နက်နဲ့အာဏာရှိသူ၊ ကျောင်းသားတွေက ဘာမှမရှိသေးတဲ့သူ။ အဲဒီအချိန်မှာကြုံရတဲ့ ဗမာနဲ့ တိုင်းရင်းသားတွေကြား သို့ မဟုတ် ဒီမိုကရေစီအုပ်စုနဲ့ တိုင်းရင်းသားအုပ်စုကြား ယုံကြည်မှုမရှိတဲ့ပြသာနာဟာ အတော်ဆိုးပါတယ်။ ကျောင်းသားအများစုက ပြည်မမှာ၊ ဗမာလူမျိုးစုကြီးကြားထဲမှာ ကြီးပြင်းလာသူတွေဆိုတော့ လူနည်းစုရဲ့ခံစားချက်ကို တခါမှမတွေးမိပါ။ အခု တောထဲမှာ ကိုယ်ကလူနည်းစုဖြစ်သွားတော့မှ လူနဲစုရဲ့ခံစားကို နည်းနည်း ကိုယ်ချင်းစာမိသလို ဖြစ်လာပါတယ်။

တိုင်းရင်းသားတွေဖက်က ဗမာတွေအပေါ် ဒီလောက်အထိ မယုံမကြည်ဖြစ်နေတယ်ဆိုတာကို အဲဒီဒေသဆီ မရောက်ဖူးခင်အထိ ကျနော်မသိတာ အမှန်ပါ။ ကျန်တဲ့ကျောင်းသားအများစုလည်း ဒီလိုပဲခံစားရမယ်လို့ ထင်ပါတယ်။ ‘’မဟာဗမာ’’ ဆိုတဲ့စကားလုံးကို ကြားစက ဘယ်လိုမှ နားမခံနိုင်။ နောက်ပိုင်းအချိန်ကြာ လာတော့ သူတို့ရဲ့ ခံစားချက် ကိုတဖြေးဖြေးနားလည်လာပါတယ်။ 

ဒီလိုပြောလိုက်လို့ ဗမာစစ်တပ်နဲ့ ဗမာအစိုးရ (တိုင်းရင်းသားတွေဖက်က ခေါ်တဲ့အသုံးအနှုန်း) ဖက်က တဖက် သတ်ဆိုးပြီး တိုင်းရင်းသားလက်နက်ကိုင်တွေဖက်က လုံးဝ ကောင်းနေတယ်လို့ မယူဆစေချင်ပါ။ လက်နက်ကိုင်ထားသူအားလုံးဟာ ဗမာတပ်ပဲဖြစ်ဖြစ်၊ တိုင်းရင်းသားတပ်ပဲဖြစ်ဖြစ် အင်အားပေါ်အခြေခံပြီး အာဏာကိုတလွဲလုပ် တဲ့နေရာမှာတော့ သိပ်မကွာလှပါဘူး။ 

ဗမာစစ်တပ်နဲ့ ဗမာလူမျိုးကို ခွဲခြားမြင်နိုင်အောင် ပညာပေးမှုမလုပ်ပဲ ဗမာမှန်သမျှကို မုန်းနေအောင် လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တချို့က သူတို့တပ်တွေကို ၀ါဒဖြန့်ထားတဲ့အတွက် ကျနော်တို့ ကျောင်းသားတွေ လူပျောက်စာရင်းဝင်သွားတာ မနည်းလှပါဘူး။

အဲဒီလို ကျောင်းသားတွေ ဘ၀နဲ့ရင်းပြီးရခဲ့တဲ့အတွေ့အကြုံ ဆောင်ပုဒ်၊ နောက်ပိုင်း တပ်ပေါင်းစုဆောင်ပုဒ်အထိ ဖြစ်လာတဲ့ နိုင်ငံရေးဒဿနကတော့ ‘’ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသား အရေးကို တပြိုင်တည်းဖြေရှင်းမှရမယ်၊ ဒီနှစ်ခုဟာ ခေါင်းနဲ့ပန်းလိုတွဲနေတယ်’’ ဆိုတာပါပဲ။ ဒါ လွန်ခဲ့တဲ့ ၂၇ နှစ်ဝန်းကျင်က တော်လှန်ရေးဌာနချုပ် မာနယ်ပလောက အခြေအနေကိုပြောနေတာပါ။ အခုတော့ ကျောင်းသားအဖွဲ့ ABSDF အပါဝင် တချိန်က မာနယ်ပလောမှာ ဒီအခွင့်အရေးတွေအတွက် ဆွေးနွေးငြင်းခုန်ခဲ့ဖူးတဲ့အဖွဲ့အားလုံး အစိုးရနဲ့အပစ်ရပ်ပြီး ငြိမ်းချမ်းရေးညီလာခံတောင် တက်နေကြပါပြီ။

ဒါပေမဲ့ အဲဒီညီလာခံမှာ ‘’ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသားအရေးကို တပြိုင်တည်းဖြေရှင်းမှရမယ်၊ ဒီနှစ်ခုဟာ ခေါင်းနဲ့ပန်းလိုတွဲနေတယ်ဆိုတဲ့ ဆွေးနွေးချက်မျိုး၊ ဆုံးဖြတ်ချက်မျိုးတော့ မကြားမိသေးပါ။ ဘာကြောင့်လဲ။ ABSDF အပါဝင် တခါက မာနယ်ပလောအဖွဲ့တွေအားလုံး အခွင့်အရေးအပြည့်အ၀ ရသွားကြပြီဖြစ်လို့လား။ ဒါမှမဟုတ် တောတွင်းဌာနချုပ်၊ ကိုယ့်အချင်းချင်းကြားမှာပဲ ဒီအခွင့်အရေးတွေကို ကျယ်ကျယ်လောင်လောင်ပြောရဲပြီး စစ်အစိုးရချုပ်ကိုင်ထားတဲ့ နေပြည်တော်မှာကျ မပြောရဲတော့လို့လား။ စဉ်းစားစရာပါပဲ။

တိုင်းရင်းသားတွေ ပါတီထောင်ဖို့လိုသေးလား

ဒါက စစ်အစိုးရခေတ်၊ စစ်တပိုင်းအစိုးရခေတ်မှာမို့ အခြေအနေကို ကြည့်ပြီးပြောနေရတာပါဆိုပြီး ဆင်ခြေပေးမယ်ဆို ပေးလို့ရပါသေးတယ်။ ထားလိုက်တော့ အရင်ကဖြစ်ခဲ့ကိစ္စတွေကို။ အခုက မနက်ဖြန်ကိစ္စကိုပြောနေတာ။ ဖေဖေါ်ဝါရီလ တရက်နေ့မှာ စတင်တော့မဲ့ လွတ်တော်အသစ်နဲ့ မတ်လမှာတက်လာတော့မဲ့ အစိုးရအသစ်လက်ထက်မှာကော ‘’ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသားအရေးကို တပြိုင်တည်းဖြေရှင်းမှရမယ်၊ ဒီနှစ်ခုဟာ ခေါင်းနဲ့ပန်းလို တွဲနေတယ်ဆိုတဲ့ ကြွေးကြော်သံ ပြန်ပေါ်လာနိုင်ပါသလား။


ထပ်ရှင်းအောင်ပြောရမယ်ဆိုရင် ၂၀၁၅ ရွေးကောက်ပွဲမှာ ဒီမိုကရေစီကိုလေးစားတဲ့ NLD ပါတီ အနိုင်ရသွားတာကြောင့် ဒီမိုကရေစီအခွင့်အရေးတော့ တစုံတရာရလာပြီလို့ပြောနိုင်ပါတယ်။ ဒါပေမဲ့ ခေါင်းနဲ့ပန်းလို ဒွန်တွဲနေပါတယ်ဆိုတဲ့ တိုင်းရင်းသားအခွင့်အရေး တစုံတရာရလာပြီလို့ ပြောနိုင်ပါရဲ့လား။ ဒွန်တွဲနေတဲ့ နှစ်ခုမှာ တခုပဲရပြီး တခုကမရပဲကျန်နေတာ ဘာကြောင့်လဲ။ ဒီနှစ်ခုဟာ တူသယောင်ယောင်နဲ့ မတူတဲ့အနှစ်သာရတွေရှိနေလို့လား။

‘’NCA လုပ်ငန်းစဉ်ကြီးရှိနေတာပဲ၊ အဲဒီမှာ တိုင်းရင်းသားအရေး ဆက်ဆွေးနွေးကြပေါ့’’ ဆိုပြီး အလွယ်ပြောကြမယ် ထင်ပါတယ်။ မဖြစ်သင့်ပါ။ အရင် စစ်တပိုင်းအစိုးရခေတ်က လုပ်ခဲ့ဖူးတာတွေကို ထားလိုက်ပါတော့။ အခု ဒီမိုကရေစီ အစိုးရခေတ်မှာတော့ ဒါတွေကို အသေအချာ ကိုယ်တွယ်ဖို့လိုပါတယ်။ တိုင်းရင်းသားတွေကို တန်းတူရည်တူ ဆွေးနွေးဖို့လိုပါတယ်။ ပင်လုံစိတ်စတ်ကို အခြေခံဖို့လိုပါတယ်၊ CRPP (ပြည်သူ့လွတ်တော် ကို်ယ်စားပြုကော်မီတီ) မူတွေကို ပြန်သတိရဖို့လိုပါတယ်၊ တိုင်းရင်းသားတွေကို ရာထူးနဲ့အာဏာ ခွဲပေးဖို့လိုပါတယ်။ 


ဒီလိုဖြစ်လာအောင် ဆွေးနွေးနိုင်ဖို့အတွက် တိုင်းရင်းသားပါတီတွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေ ဆက်ရှိဖို့လိုအပ်နေဆဲဖြစ်ပါတယ်။ တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ ၂၀၁၅ ရွေးကောက်ပွဲအလွန်မှာ ဒီမိုကရေစီအခွင့်အရေး တစုံတရာ လမ်းစမြင်လာရပြီဆိုပေမဲ့ တိုင်းရင်းသားအခွင့်အရေး လမ်းစ မပေါ်သေးပါ။ ဒါကြောင့် ဒီနေ့အခြေအနေမှာ စစ်ဖက်နဲ့ အရပ်ဖက်အကြားနားလည်မှုရှိရေး တည်ဆောက်မှုအပြင် ဗမာလူများစုပါတီကြီးတွေနဲ့ လူနည်းစုတိုင်းရင်း သားပါတီတွေ၊ အဖွဲ့အစည်းတွေကြား နားလည်မှုရအောင် တည်ဆောက်ရေးကိုပါ တပြိုင်တည်းလုပ်ဖို့လိုအပ်နေပါကြောင်း တင်ပြလိုက်ရပါတယ်။           

Share

Twitter Delicious Facebook Digg Stumbleupon Favorites More