Monday, October 23, 2017

Oslo-Stromstad- Sandefjord- Oslo ခရီးစဉ်။

Oslo- Stromstad-Sandefjord- Oslo ခရီးစဉ်။
...
နော်ဝေးကနေ ဆွီဒင်နယ်ထဲ ဘတ်စ်နဲ့ဝင်၊ အဲဒီကတဆင့် သဘောင်္စီးပြီး နော်ဝေးထဲပြန်ဝင်တဲ့ခရီးတိုတခု မနေ့က သွားဖြစ်ခဲ့ပါတယ်။


အရင်က နော်ဝေ-ဒိန်းမတ် (Oslo-copenhagen, Oslo-Frederikshavan) နော်ဝေ-ဂျာမဏီ (Oslo-Kiel) ညအိပ်သဘောင်္တွေ စီးခဲ့ဖူးပေမဲ့ အခုလို နေ့ချင်းပြန်ခရီး တခါမှ မသွားဖူးသေး။ ရာသီဥတုကလဲ အပူချိန် ဒီဂရီစင်တီဂရိတ်ပဲရှိ၊ မိုးကလဲ ဖွဲဖွဲလေးရွာနေတော့ ဓာတ်ပုံရိုက် လို့မကောင်းပါ။
ကျနော်နေတဲ့ရပ်ကွက်က လူတွေစုပြီး လတခါ- လတခါ ဒီလိုခရီးသွား လေ့ရှိတယ်ဆိုပါတယ်။ ကိုယ့်အတွက်တော့ ဒါဟာ ပထမဆုံးခရီးစဉ်။ မနက် နာရီကနေ စထွက်တာ ညနေ နာရီခွဲမှ အိမ်ပြန်ရောက်ပါတယ်။

အချိန်လေးစားလိုက်တဲ့လူတွေ။ ဘတ်စ်က နာရီမှထွက်မှာဖြစ်ပေမဲ့ ၁၅ မီနစ် အလိုမှာကတည်းက အားလုံးကားပေါ်ရောက်နေပြီ။ အများစုက ပင် စင်စားတွေ၊ တချို့ဆို တုတ်ကောက်တွေနဲ့။ ကိုယ်က မြန်မာစံတော်ချိန် အတိုင်းအကျင့်ပါနေတော့ နာရီမထိုးခင် မီနစ်အမီတောင် မနည်းပြေး လိုက်ရပါတယ်။

အော်စလိုနဲ့ ဆွီဒင်နယ်စပ်ကို မီနစ် ၉၀ ၀န်းကျင်မောင်းပါတယ်။ ဆွီဒင်က EU အဖွဲ့ဝင်ဆိုတော့ ဈေးတွေက နော်ဝေထက်အများကြီးသက်သာပါ တယ်။ နော်ဝေနယ်စပ်မှာ ဆွီဒင်ကဖွင့်ထားပေးတဲ့ဆိုင်တွေမှာ ဈေးဝယ်နေ တဲ့နော်ဝေတွေ တိုးမပေါက်ပါ။ အသား-ငါးဈေး၊ အ၀တ်အထည်ဈေး အား လုံး ပုံ ပုံကနေ ထက်ဝက်လောက်အထိ သက်သာပါတယ်။

ဒါကြောင့် နော်ဝေးကလူတွေ ရာနဲ့ချီပြီး နေ့စဉ် (အထူးသဖြင့် စနေ-တနင်္ဂ နွေမှာ) ဒီမှာ ဈေးလာဝယ်ကြတယ်ဆိုပါတယ်။ (ဒီလိုဈေးကွာနေမှု အတွက် အီးယူနဲ့ နော်ဝေကြားမှာ ဘယ်လိုဆက်ညှိကြမလဲ မသိပါ) 
...

နော်ဝေက ပုဂိုလ်အတော်များများ (အထူးသဖြင့် အော်စလိုဝန်းကျင်မှာနေ သူတွေ) ဒီဈေးဆိုင်တွေဆီ မရောက်ဖူးသူမရှိသလောက်ပါပဲ။ ကိုယ်လဲ သူ များကားကြုံနဲ့ရောက်ဖူးပြီးသားမို့ ဒီဆိုင်တွေက သိပ်မထူးဆန်း။ ကိုယ်စိတ် ၀င်စားနေတာက ဒီမှာဈေးဝယ်ပြီးနောက်ပိုင်း ဆက်သွားမဲ့ ဆွီဒင်ဆိပ်ကမ်း မြို့ Stromstad ကနေ နော်ဝေး တောင်ပိုင်းရှိ Sandefjord မြို့ဆီသွားမဲ့ ကူးတို့သဘောင်္။

သဘောင်္မောင်းချိန်က နာရီခွဲ၊ ဈေးက ၁၀ ဒေါ်လာလို့ရေးထားပါတယ်။ ကိုယ်တွေကတော့ ရပ်ကွက်ကအစီစဉ်နဲ့လိုက်လာတာဆိုတော့ ဘတ်စ် ရော၊ သဘောင်္ရော အားလုံးပေါင်းမှ ခရိုနာ ၁၀၀ (၁၂ ဒေါ်လာ) တည်းရယ်။ ဘတ်စ်ကားတွေ၊ ကိုယ်ပိုင်ကားတွေအားလုံးတင်ပြီး မောင်းသွားတဲ့ တွက် ဒီသဘောင်္ကလည်း ရှေ့မှာပြောခဲ့တဲ့ ဒိန်းမတ်-ဂျာမဏီပြေးတဲ့ သဘောင်္တွေနီးနီးကြီးပါတယ်။

သဘောင်္ပေါ်မှာ အခွန်လွတ်ဈေးရှိပါတယ်။ ဒိန်းမတ်-ဂျာမဏီ သဘောင်္ပေါ် ဈေးနှုန်းအတိုင်းပါပဲ။ ဥပမာ မြန်မာအကြိုက် Jack Daniel တလီတာဝင် တပုလင်းကို ၂၈၀ ခရိုနာလောက်ပေးရပါတယ်။ (လေယဉ်ကွင်း အခွန် လွတ်မှာ ၁၈၀ လောက်နဲ့ရပြီး အော်စလိုကဆိုင်မှာဆို ၄၈၀ ပေးရ) ဒီတော့ နော်ဝေသားတွေအားလုံး ဆွီဒင်မှာ အသား-ငါးနဲ့ အ၀တ်ထည်ဝယ်။ ဘောင်္ ဂျုတီဖရီးမှာ အရက်နဲ့ဆေးလိပ်ဝယ်ကြပေါ့။

တခြားအပျင်းဖြေလုပ်စရာအနေနဲ့ ကာစီနိုတွေ၊ ကလေးကစားကွင်းတွေ ရှိပါတယ်။ စားသောက်ဆိုင်နဲ့ ကော်ဖီဆိုင်တွေလဲရှိပါတယ်။ အခုချိန်က အပြင်မှာမိုးရွာပြီး အအေးဓတ်များနေပြီမို့ အားလုံး ဆိုင်မှာပဲထိုင်ပြီး တခုခု စားနေကြတာများပါတယ်။ ( နာရီခွဲသဘော်ဆိုတော့ အိပ်ခန်းမရှိပါ)


နွေရာသီဆိုရင် အတော်လှပနေမယ်လို့ထင်ရတဲ့ Sandefjord ဟာ မိုးရွာ ပြီးအုပ်ဆိုင်းဆိုင်းဖြစ်နေလို့ ဘာမှကောင်းကောင်းမြင်ခွင့်မရလိုက်ပါ။ ဒါပေ မဲ့ ဘာဖြစ်ဖြစ် ခရီးစဉ်အသစ်တခုကို သွားခွင့်ရခဲ့တယ်။ တရက်တည်းနဲ့ ဘတ်စ်စီး၊ သဘောင်္စီးပြီး နိုင်ငံသွားနိုင်ခဲ့တယ်ဆိုတော့ ဧည့်သည်လာရင် လိုက်ပို့စရာ လမ်းကြောင်းတခု တိုးလာခဲ့ပြီပေါ့။

Tuesday, October 17, 2017

အော်စလိုမှ ဘာဂင်သို့

The Voice Daily (Travel)
15-Oct-2017    

ဥရောပရဲ့ အလှပဆုံး ရထားခရီးစဉ်

ရန်ကုန်ခရီးစဉ်ကနေ ပြန်လာပြီး တစ်လအကြာ စက်တင်ဘာ ၂၂ မှာ အော်စလိုကနေ ဘာဂင်မြို့ဆီ ခရီး ထွက်ဖြစ်ပါတယ်။ အော်စလိုနဲ့ ဘာဂင်ဟာ ရန်ကုန်နဲ့ မန္တလေးလိုပဲ (နေပြည်တော်က အုပ်ချုပ်ရေးမြို့) ပထမမြို့တော်နဲ့ ဒုတိယမြို့တော်အဖြစ် ထင်ရှားပါတယ်။ အကွာအဝေးကတော့ (ရန်ကုန်နဲ့ မန္တလေးက ၆၂၆ KM) ၄၆၃ ကီလိုရှိပါတယ်။ လေယာဉ်၊ ဘတ်စ်ကားတွေရှိပေမယ့် လူအများစုက ရထားနဲ့သွားဖို့ ရွေးချယ် လေ့ရှိပါတယ်။ ဒါဟာ မြန်မာပြည်နဲ့ နော်ဝေကြား အဓိကကွာခြားချက်ပါပဲ။ 


ရန်ကုန်နဲ့ မန္တလေးကို ဘာနဲ့သွားရင် ကောင်းမလဲဆိုပြီး အင်တာနက်မှာရှာတဲ့အခါ ဘတ်စ်ကားပုံပဲ ရှင်နေ ပြီး ရထားပုံကိုနှီပ်တဲ့အခါ ဘာမှထွက်မလာပါ။ ဒီမှာတော့ ရထားခတွေက လေယာဉ်ခထက် ပိုဈေးများနေ တာတောင် ခရီးသည်တွေက ရထားကိုသာဦးစားပေးရွေးကြပါတယ်။ ဘတ်စ်ကားကတော့ ဘာမှမရမှ နောက်ဆုံး ရွေးချယ်စရာနည်းပေါ့။ မြန်မာနိုင်ငံမှာတော့ အခုနောက်ပိုင်း ရထားစီးသူ အတော်နည်းပြီး အားလုံး ဘတ်စ်ကားတွေပဲ စီးနေကြတာတွေ့ရပါတယ်။

ဘာကြောင့် ဒီလိုဖြစ်သွားတာလဲဆိုတာကို သိချင်လို့ ပြီးခဲ့တဲ့ ၂၀၁၆ ခရီးစဉ်တုန်းက တောင်ငူကနေ ရန်ကုန်မြို့ဆီ ရထားစီးခဲ့ဖူးပါတယ်။ တစ်ဘူတာ လောက်စီးပြီးတာနဲ့ ရထားပေါ်က အမြန်ဆင်းပြေးချင်နေပြီ။ ဒါပေမဲ့ ပန်းတိုင်အထိရောက်အောင် သည်းခံစီးမှဖြစ်မယ်ဆိုပြီး နေလိုက်တာ နံနက် ၁၁ နာရီ ရထားက ည ၈ နာရီကျော်မှ (၂၇၇ ကီလိုကို ၉ နာရီ ကြာပါတယ်။ ဒါပေမဲ့ ရထားခက ၂၀ဝ၀ ကျပ်တည်းပါ) ရန်ကုန်ဘူတာ ကြီးဆီ ဆိုက်ပါတယ်။

အဲလို ရထားမျိုးဆိုရင်တော့ လေယာဉ်ထက်ဈေးကြီးနေလို့ ဘယ်ဖြစ်ပါ့မလဲ။ အော်စလို-ဘာဂင်အတွက် ရထားခက ၈၀ဝ ခရိုနာ (ဒေါ်လာ ၁၀ဝ ခန့်)။ လေယာဉ်စီးမယ်ဆို ၇၀ဝ နဲ့ရမယ်။ မြို့ထဲနဲ့ လေယာဉ်ကွင်း ရထားခထပ်ကုန်တာနဲ့ပေါင်းရင် မြို့လယ်မှာ ဘူတာရှိတဲ့ရထားက ပိုသက်သာတာပေါ့။ ပြီးရင် လမ်းတစ် လျှောက် ရှုခင်းတွေကိုလည်း ရထားပေါ်ကနေ တဝကြီး ကြည့်ခွင့်ရမယ်မဟုတ်ပါလား။

ဒါက အခုဝယ်၊ အခုသွား ဈေးနှုန်းပါ။ လနဲ့ချီ ကြိုဝယ်ထားမယ်ဆိုရင်တော့ ရထားခရော၊ လေယာဉ်ခပါ ၃၉၉ ခရိုနာနဲ့ ရတတ်ပါတယ်။ ခရီးသွား ကုမ္ပဏီတွေရဲ့ အညွန်းအတိုင်းဆိုရင် အော်စလိုနဲ့ ဘာဂင်ကြား ရထား လမ်းဟာ ဥရောပရဲ့ အလှပဆုံးခရီး ဖြစ်ပါတယ်။ အထူးသဖြင့် ယူနက်စကိုကတောင် ရှေးဟောင်း အမွေ အနှစ်အဖြစ် သတ်မှတ်ထားတဲ့ ကမ္ဘာ့အလှပဆုံး ရေလက်ကြားတွေနဲ့ တောင်တန်း၊ တောင်စွယ်တွေကို ဒီရထားလမ်းကနေတစ်ဆင့် သင်္ဘောတွေနဲ့ ရေလက်ကြားအတိုင်းသွားရင် မြင်ရနိုင်ပါတယ်။


(ဓာတ်ပုံ... www.fjords.com မှ)

ဒါက Nutshell အစီအစဉ်အတိုင်း ရထား-ဘတ်စ်-သင်္ဘော သုံးမျိုးတွဲအစီအစဉ်၊ ခရီးစဉ်တစ်ခြမ်းစာကို ခရိုနာ ၁၉၀ဝ ပေးရတဲ့အစီအစဉ်နဲ့မှ မြင်ခွင့်ရမှာပါ။ (ဒီခရီးစဉ်က အော်စလိုကနေ Myrdal အထိ ရထား။ အဲဒီကနေ Flåmbanen အထိ ဘတ်စ်ကား။ Nærøyfjorden ကနေ Gudvangen အထိ ရေလက်ကြား တစ်လျှောက် သင်္ဘော။ ပြီးမှ ဘတ်စ်ကားနဲ့ ရထားပြန်စီးပြီး Bergen သို့ ဝင်ပါတယ်)။ 

အဲလောက် မပေးနိုင်ဘူး။ ၈၀ဝ- ၉၀ဝ လောက်နဲ့ သွားမယ်ဆိုရင်လည်း ရထားလမ်းတစ်လျှောက် မြင်ကွင်း က အတော်လှပါတယ်။ သင်္ဘောမစီးရတာကလွဲရင် ရေခဲတောင်တွေ၊ လှပတဲ့ တောင်တန်းတွေ၊ တောအုပ်တွေ၊ စမ်းချောင်းတွေ၊ အဲ ... အခု အောက်တိုဘာဆို မေပယ်ရွက်ဝါတွေနဲ့လှပနေတဲ့ တော-တောင်တွေဟာ တကယ့် ပန်းချီကား တစ်ချပ်လိုပါပဲ။


ဘာဂင်မြို့မှာ လည်ပတ်စရာ

ဘာဂင်ကိုသွားတဲ့ အဓိက အကြောင်းရင်းက ကမ္ဘာ့ချန်ပီယံ စက်ဘီးပွဲကိုကြည့်ဖို့ပါ။ အားကစားဆိုရင် ဘောလုံးသာ အဓိကဖြစ်နေတဲ့ မြန်မာစာဖတ် ပရိသတ်အတွက် စက်ဘီးပွဲက နည်းနည်း စိမ်းနေနိုင်ပါ တယ်။ ဥရောပမှာတော့ စက်ဘီးပရိသတ်က နည်းတာမဟုတ်။ နှစ်ရာချီပြီး ပွဲတွေအဆက်မပြတ် ကျင်းပ နတဲ့ ပြင်သစ်၊ အီတလီ၊ စပိန်၊ ဘယ်လ်ဂျီယံလို နိုင်ငံတွေအပြင် နှင်းတွေကကျ၊ အအေးဓာတ်ကများ၊ တောင်တွေလည်းမြင့်တဲ့ နော်ဝေလိုနိုင်ငံမှာတောင် ကမ္ဘာ့အဆင့် စက်ဘီးသမား၊ စက်ဘီးအသင်းတွေ ရှိနေပြီ။


ဘာဂင်မြို့မှာ အားပေးနေတဲ့ ပရိသတ်ကိုလည်း ကြည့်ပါဦး။ ရန်ကုန်က ဘုရားပွဲထက် ပိုစည်ပါတယ်။ တစ်အိမ်တစ်ယောက်မကပဲ အိမ်တခါးပိတ်ပြီး တစ်အိမ်လုံး ထွက်အားလာပေးနေကြပုံပါပဲ။ မြို့ထဲမှာ ဒီလောက်များတဲ့လူ တစ်ခါမှ မတွေ့ဖူးသေးဘူးလို့ ဘာဂင်ရှိ မြန်မာတွေက ပြောပါတယ်။ ပရိသတ် သောင်းနဲ့ချီ ရှိမယ်ထင်ပါတယ်။ အထူးသဖြင့် ဆော်လမွန်တောင်ကုန်းနဲ့ ပန်းဝင်တဲ့နေရာမှာဆို ဘယ်လိုမှ တိုးမပေါက်ပါ။ ဒီတော့ စက်ဘီးပွဲကို ကိုယ်တိုင်ကြည့်ချင်လို့ ဘာဂင်အထိလာပါတယ်ဆိုမှ တိုးမပေါက်လို့ ပန်းခြံထဲက ဧရာမ TV စရင်အကြီးကြီး ရှေ့မှာပဲ ရပ်ကြည့်လိုက်ရပါတယ်။

ဒါက နောက်ဆုံးနေ့ (စက်တင်ဘာ ၂၄- တနင်္ဂနွေ) အမျိုးသားပွဲ 267.5km အခြေအနေကိုပြောတာပါ။ ဒီနေ့မတိုင်ခင် သီတင်းတစ်ပတ်ကြာ ကျင်းပတဲ့ အမျိုးသမီး၊ လူငယ်တစ်ဦးချင်း စံချိန်ပြု စသဖြင့် ပွဲစဉ် ၁၂ ခုရှိပြီး ထူးထူးခြားခြား အိမ်နီးချင်း ထိုင်းနိုင်ငံက လူငယ်စက်ဘီးသမားတွေကို အမျိုးသားလူငယ်နဲ့ အမျိုး သမီးလူငယ်ပွဲတွေဆီမှာ တွေ့ရပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံကတော့ အရှေ့တောင်အာရှကိုကျော်ပြီး ကမ္ဘာ့အဆင့်ဆီ (စံချိန်မမီသေးလို့လည်း ဖြစ်နိုင်ပါတယ်) လွှတ်တာ မတွေ့ရသေးပါ။ ကမ္ဘာ့အဆင့်ဆိုတော့ လူတွေကောင်းတဲ့အပြင် စက်ဘီးတွေကလည်း ကောင်းသလား မမေးနဲ့။ ကမ္ဘာ့ချန်ပီယံ ၃ နှစ်ဆက်တိုက် ရသွားတဲ့ ပီတာဆာဂန် Peter Sagan (Slovakia) တို့ စီးတဲ့ဘီးဆိုရင် ယူရို တစ်သောင်းလောက် ဈေးရှိပါ တယ်။


ကံကောင်းတာက နော်ဝေရဲ့ မိုးရာသီမြို့တော် ဘာဂင်ဟာ ဒီသီတင်းပတ်ကျမှ ထူးထူးခြားခြား နေ သာနေပါ တယ်။ နေသာတုန်း ဘာဂင်မြို့ကို အပေါ်စီးကနေ လှမ်းမြင်နိုင်တဲ့ Mount Fløyen တောင်ပေါ် တက်မယ်။ အရင်အခေါက်တွေတုန်းက ကေဘယ်လ်ကားစီးပြီး တက်ဖူးပြီးသားမို့ ဒီတစ်ခေါက်မှာ လမ်းလျှောက်တက် ရင် ကောင်းမလားပေါ့။ တောက်တက်လမ်းက ၃ ကီလိုခွဲလောက်ရှည်ပြီး အမြင့်က ၄၂၅ မီတာ (၁,၃၉၄ ပေ)၊ စောင့်က ၁၀ ဒီဂရီ ရှိတယ်တဲ့။ 

အဲဒါ တစ်နေ့က စံချိန်ပြု စက်ဘီးပွဲမှာ အဲဒီတောင် ထိပ်မှာပန်းဝင်တော့ ပထမရသူ Tom Dumoulin (Netherlands) က ၅ မိနစ်လောက်နဲ့ စီးထားတာ။ စက်ဘီးတောင် စီးပြီးတက်နိုင်သေးတာပဲ။ လမ်း လျှောက်တာကတော့ အပျော့ပေါ့ဆိုပြီး တက်လိုက်တာ ၁ နာရီလောက်ကြာမှ တောင်ထိပ်ရောက်ပါတယ်။ တောင်က မတ်စောင့်ပေမယ့် လူသွားလမ်းကြမ်းနဲ့ သစ်ပင်ကြီးတွေရှိတာမို့ နားလိုက်၊ တောင်အောက်က မြို့ကိုကြည့်ပြီး ဓာတ်ပုံရိုက်လိုက်နဲ့မို့ ဒီလောက်ကြာသွားတာပါ။

ကေဘယ်လ်ကားမစီးဘဲ ကိုယ်လိုပဲ လမ်းလျှောက် တက်နေသူတွေ အများကြီး။ အထူးသဖြင့် ဥရောပ သားတွေနဲ့ ဂျပန်တွေများပါတယ်။ ဘာဂင်ရှိ မြန်မာတွေနဲ့ မြန်မာနိုင်ငံကနေလာလည်သူတွေကို မေးကြည့် မိသလောက်တော့ လမ်းလျှောက်တက်သူ မကြားမိပါ။ မကြားဆို မြန်မာနိုင်ငံက အဓိက လမ်းလျှောက် တက်လို့ အကောင်းဆုံးနေရာ ကျိုက်ထီးရိုးတောင် တောင်ထိပ်အထိ ကားလမ်းပေါက်နေပြီ မဟုတ်ပါလား။ (အခုဆို ကေဘယ်လ်ကားတောင် ပြေးတော့မယ်လို့ ကြားနေရပါတယ်)။

အဲဒီတောင်ထိပ်ကနေ ဘာဂင်မြို့ကိုကြည့်ရတဲ့ မြင်ကွင်းက အတော့်ကို လှပနေပါတယ်။ မန္တလေး တောင် ပေါ်ကနေ မြို့ထဲ ကြည့်ရတဲ့မြင်ကွင်းနဲ့ တူနေလေမလား။ ဒါပေမဲ့ ဒီမှာက ပင်လယ်လည်း ရှိနေတဲ့အတွက် မော်လမြိုင်မြို့ကို တောင်ပေါ်တန်းကနေ ကြည့်ရတာနဲ့ ပိုတူမယ်ထင်ပါတယ်။ ဒီခရီးစဉ်အတွင်း တောင်တက် ဖို့ ဇာတာပါလာတယ်ထင်ပါ့။ ပွဲအပြီး တနင်္လာနေ့ အော်စလို မပြန်ခင်မှာ ဘာဂင်ဒေသရဲ့ အမြင့်ဆုံးတောင် Mount Ulriken ဆီ သွားတက်လိုက်ပါသေးတယ်။ ၆၄၃ မီတာ သို့မဟုတ် ပေ ၂,၁၁၀ တောင် မြင့်တာဆို တော့ လမ်းလျှောက်တက်သူ မရှိလောက်ဘူးထင်ပြီး ကေဘယ်လ်ကားစီး တက်သွားမိပါတယ်။ အပေါ် ရောက်မှ လမ်းလျှောက်တက်သူ၊ စက်ဘီး (မောင်တိန်းဘိုက်နဲ့ ကုန်းဆင်းစီးသူ) စီးသူတွေ အများကြီးတွေ့ရ တော့ တအံ့တဩ ဖြစ်ခဲ့ရပါတယ်။

တောင်တွေ ကာရံထားတဲ့ အလယ်က ဘာဂင်မြို့မှာ တောင် ၇ လုံး ရှိတယ်လို့ ဆိုပါတယ်။ ကျန် ၅ လုံးတော့ နောက်မှပေါ့။ လောလောဆယ်တော့ မြို့ထဲက ယူနက်စကို အသိအမှတ်ပြု ရှေးဟောင်းသစ်သားအိမ်တွေ ဆီ ဦးစားပေးလိုက်ပါတယ်။ အဲ ... ဘာဂင်မှာ မြန်မာ စားသောက်ဆိုင် နှစ်ခုတောင် ရှိတယ်ဆိုပါတယ်။ ကရင်တိုင်းရင်းသားတွေဖွင့်ထားတဲ့ သံလွင်ဆိုင်ကို စက်ဘီးပွဲ ကျင်းပတဲ့လမ်းမှာ တွေ့မိပါတယ်။ ဒါပေမဲ့ ဗိုက်က အတော်ဆာနေပြီဆိုတော့ အဲဒီအထိ မသွားနိုင်တော့ဘဲ သစ်သားအိမ်တွေနဲ့နီးတဲ့ ချင်းမိုင်ဆိုင်မှာပဲ ထိုင်းအစာကို ဝင်ဆွဲမိပါတယ်။


နော်ဝေမှာ တခြားလည်စရာ ဘာရှိသေးလဲ

တကယ်တော့ တောင်တက်တာနဲ့ မြို့ထဲလျှောက်လည်တာအပြင် ရေလက်ကြားတွေဆီ သင်္ဘောစီးပြီး သွားတဲ့ ခရီးစဉ်ကလည်း ဘာဂင်မှာ ထင်ရှားပါတယ်။ ထိုင်းနိုင်ငံကိုဖြတ်ပြီး မြန်မာနိုင်ငံဆီ မကြာခဏ ပြန်လေ့ရှိတဲ့ စာရေးသူဟာ ၂၀၁၆ အတွင်း ထိုင်းနိုင်ငံဆီ ကမ္ဘာလှည့်ခရီးသည် ၃၃ သန်းလာတာကို အထူး အဆန်း ဖော်ပြခဲ့ဖူးပါတယ်။ (မြန်မာနိုင်ငံဆီကို ၃ သန်းကျော်ပဲ လာပါတယ်)။ ဒါပေမဲ့ ကိုယ်လက်ရှိနေထိုင် နေတဲ့ နော်ဝေနိုင်ငံဆီ ကမ္ဘာလှည့်ခရီးသည် ၃၁ သန်းလာတယ်ဆိုတဲ့ စာရင်းကိုတွေ့တော့ အံ့ဩသွားပါ တယ်။ လူတွေဟာ ရာသီဥတုပူနွေးပြီး ပင်လယ်ကမ်းခြေတွေနဲ့ လှပတဲ့နေရာဆီပဲ သွားမယ်ထင်ထားပြီး ဒီလို ဆီးနှင်းတွေကျ၊ အအေးဓာတ်များတဲ့အပြင် ဈေးကလည်းကြီးတဲ့ဒေသဆီ ဒီလောက်လာလိမ့်မယ်လို့ ထင်မထားမိတာ အမှန်ပါ။



နော်ဝေကို လာလည်သူ အများစုဟာ ဥရောပနဲ့ အမေရိကားက ဖြစ်ပေမယ့် အာရှ၊ အထူးသဖြင့် တရုတ်နဲ့ ဂျပန်ကလည်း သိပ်မနည်းလှဘူး ထင်ပါတယ်။ ဘာကြောင့်လဲဆို ခုနက တောင်ပေါ်မှာ လူဖြူတွေအပြင် အာရှသားတွေကိုလည်း တွေ့လို့ နှုတ်ဆက်တော့ ဂျပန်၊ ကိုရီးယားနဲ့ တရုတ်တွေ ဖြစ်နေပါတယ်။ ထိုင်ဝမ် သူ တစ်ဦးရဲ့အပြောကို ကိုးကားရမယ်ဆိုရင် ရှန်ဂန်ဗီဇာ ရလို့ (ဗြိတိန်မှအပ-ဥရောပ တစ်တိုက်လုံးနီးပါး သွားခွင့်ရှိ) ဥရောပကို လာတဲ့အခါ ပထမ ဦးစားပေးက ပြင်သစ်နဲ့ အီတလီလို့ ဆိုပါတယ်။ အဲဒီမှာ ရှေးဟောင်း အမွေအနှစ်တွေကိုလေ့လာပြီး အခု နော်ဝေနဲ့ ဆွီဒင်ဘက်ကိုတော့ သဘာဝ တောတောင် အလှတွေ လေ့လာဖို့ လာတယ်ဆိုပါတယ်။

သူမဟာ ရှေ့မှာတင်ပြခဲ့တဲ့ အော်စလို-ဘာဂင် ရထားကို Nutshell အစီအစဉ်နဲ့စီးလာလို့ အဲဒီက ရေလက် ကြား အလှအပတွေအကြောင်း ပြောလို့မပြီးနိင်တော့ပါ။ မြန်မာအများစုလည်း ဥရောပကိုသွားရင် ပြင်သစ် နဲ့အီတလီကို ဦးစားပေးလေ့ရှိပေမယ့် နော်ဝေဘက် ရောက်လာသူ အတော် နည်းနေပါသေးတယ်။ ဒါပေမဲ့ အရင်ခေတ် (စစ်အစိုးရခေတ်) နဲ့ စာရင်တော့ အတော်လေးတိုးလာနေပါပြီ။ အများစုကတော့ ရှေ့မှာတင် ပြခဲ့တဲ့အတိုင်း ရေလက်ကြားနဲ့ ဘာဂင်မြို့ဆီ အရောက်ပြေးကြပါတယ်။ 

တခြားကော ဘယ်နေရာတွေ ရှိသေးလဲ။ အော်စလို တောင်ဘက်နားက Geiranger Fjord ဆိုတဲ့ သိပ်လှတဲ့ ရေလက်ကြားဒေသ ရှိပါသေးတယ်။ အဲဒီကနေ တောင်ပိုင်းဆက်ဆင်းသွားမယ်ဆိုရင် ရေနံမြို့တော် Stavanger မှာ လှပတဲ့ ရေလက်ကြားနဲ့ Preikestole ဆိုတဲ့ ကျောက်တောင်ရှိပါတယ်။ မြောက်ပိုင်းကို သွားမယ်ဆိုရင်တော့ Tromsø မြို့မှာ သန်းခေါင်ယံ နေ (နွေရာသီ)၊ မြောက်ပိုင်းရောင်ခြည် (ဆောင်းရာသီ) တွေကို မြင်ခွင့်ရနိုင်ပါတယ်။ နှင်းကြည့်ချင်သူ၊ စကိတ်စီးချင်သူတွေ အတွက်တော့ နော်ဝေဆောင်းဟာ သိပ်ပျော်စရာ ကောင်းပါတယ်။



နော်ဝေအပြင် အိမ်နီးချင်းနိုင်ငံတွေဆီ ရောက်ဖူးချင်တယ် (တချို့က နိုင်ငံအရေအတွက် များများ ရောက် ချင်) ဆိုရင်လည်း ခုနက တောင်ပိုင်း-မြောက်ပိုင်း ခရီးစဉ်တွေထက် ဈေးပိုသက်သာတဲ့ ပင်လယ်ကူး ဇိမ်ခံ သင်္ဘောတွေစီးပြီး ဒိန်းမတ်မြို့တော် ကိုပင်ဟေဂင် ကို ၂ ညအိပ်ခရီး၊ တောင်ပိုင်းမြို့ Frederikshavn ဆီ တစ်ညအိပ်ခရီး၊ သို့မဟုတ် ဂျာမနီတောင်ပိုင်းက Kiel မြို့ဆီ၂ ညအိပ်ခရီး သွားနိုင်ပါတယ်။ သင်္ဘောပေါ်မှာ အိပ်တာမို့ ဟိုတယ်ခလည်း ထပ်ကုန်စရာမလိုပဲ နိုင်ငံ ၃ ခုလောက်ကို သီတင်းတစ်ပတ်အတွင်း သွားလည် နိင်မှာဖြစ်ပါတယ်။       ။

Thursday, October 12, 2017

ကမ္ဘာ မှားသလား မြန်မာ မှားသလား

The Voice Daily.
11-Oct-2017.

မတူတဲ့ တုံ့ပြန်မှုများ

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအပေါ် နိုင်ငံတကာအမြင်နဲ့ ပြည်တွင်းအမြင် အတော် ကွာနေတာ၊ ပြောင်းပြန်နီးပါး ဖြစ်နေတာကို စာဖတ်ပရိသတ်တွေ သိပြီးဖြစ်မှာပါ။ ဘာကြောင့် ဒီလို ကွာနေတာလဲဆိုတာကို မပြောခင် ဘယ်လိုကွာနေသလဲ ဆိုတာကို အရင်လေ့လာကြည့်ရအောင်ပါ။


အများမြင်သာတဲ့ ဥပမာကို ထုတ်ပြရမယ်ဆိုရင် နိုင်ငံတကာ မီဒီယာတွေ၊ လူ့အခွင့်အရေးအဖွဲ့တွေ၊ ကုလ သမဂ္ဂ အရာရှိတွေက မြန်မာအစိုးရ ခေါင်းဆောင် (တပ်မတော်ကို အမိန့်ပေးခွင့် ရှိ၊ မရှိက တစ်ပိုင်းပါ) ဒေါ်အောင်ဆန်းစုကြည်အပေါ် အပြင်းအထန် ဝေဖန်နေပြီး အထူးသဖြင့် ဗြိတိန်ဘက်ကဆိုရင် အောက်စဖို့ဒ် တက္ကသိုလ်မှာ ချိတ်ထားတဲ့ပန်းချီကားကို ဖြုတ်ချ၊ င်္Freedom of the City ဆုကို ပြန်ရုပ်သိမ်းတဲ့အထိ ပြင်ဆင်နေပါတယ်။

ဒါက ဂုဏ်သိက္ခာပိုင်းအရ မြန်မာအစိုးရ ခေါင်းဆောင်ပိုင်းအပေါ် ထိခိုက်မှုတွေပါ။ လက်တွေ့ အရေးယူမှု အနေနဲ့ကတော့ ဒီဖြစ်စဉ်မှာ အဓိက တာဝန်ရှိတဲ့ မြန်မာစစ်ခေါင်းဆောင်တွေ၊ ရခိုင်နိုင်ငံရေးသမားတွေကို ပိတ်ဆို့အရေးယူမှု လုပ်ဖို့ အမေရိကန်နဲ့ ဥရောပသမဂ္ဂဘက်က စတင်ကြိုးစားနေပြီလို့ သိရပါတယ်။ 

ဒါပေမဲ့ မြန်မာနိုင်ငံတွင်းက ပြည်သူတချို့ရဲ့ တုံ့ပြန်မှုကတော့ နိုင်ငံတကာ တုံ့ပြန်မှုနဲ့ တကယ့်ကို တခြားစီ။ နိုင်ငံတကာရဲ့ ပြောဆိုမှုတွေကို လက်မခံနိုင်ကြောင်း၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အပြည့်အဝ ထောက်ခံကြောင်း လူထုစုဝေးပွဲ၊ ဟောပြောပွဲတွေ အခုရက်ပိုင်း ဆက်လုပ်နေတာကိုသာ တွေ့နေရပါတယ်။ 

မန္တလေး၊ မကွေးနဲ့ တနင်္သာရီတိုင်းက ဟောပြောပွဲတွေကို လေ့လာမိသလောက်ကတော့ နိုင်ငံတကာ သတင်းဖော်ပြမှုတွေ မှားယွင်းနေတယ်၊ ဘင်္ဂါလီတွေဘက်ကို ဘက်လိုက်မှု ရှိနေတယ်။ ကုလသမဂ္ဂလည်း ဘက်လိုက်နေတယ်။ ဒါကြောင့်မို့ ဆုတွေ ရုပ်သိမ်းလည်း ဂရုမစိုက်ဘူး။ ပြည့်အင်အားဟာ ပြည်တွင်းမှာ သာ ရှိတယ်။ ခေါင်းဆောင်နဲ့ပြည်သူ တစ်သားတည်းရှိရင် နိုင်ငံတကာ ဖိအားကို ဂရုစိုက်စရာ မလိုဘူး။ ဒေါ်အောင်ဆန်းစုကြည်နောက်မှာ အားလုံး အတူတကွ ရပ်ပါ။ We Stand Togather, We Stand with you ဆိုတာတွေကို တွေ့ရပါတယ်။

အရင် စစ်အစိုးရခေတ်ကလည်း နိုင်ငံတကာ ဖိအား များလာရင် ဒီလိုပွဲမျိုး လုပ်လေ့ရှိတာမို့ နည်းနာအသစ် မဟုတ်ပါဘူး။ ဒါပေမဲ့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဦးဆောင်တဲ့ ရွေးကောက်ခံ အစိုးရသစ်က ဘာကြောင့် နည်းဟောင်းကြီးကို ဆက်သုံးနေတာလဲ။ ဒီထက်ကောင်းတဲ့နည်း၊ ဒီထက် ခေတ်မီပြီး ပိုထိရောက်မယ့် နည်း၊ ၂၁ ရာစုနဲ့ နိုင်ငံတကာ အခင်းအကျင်းနဲ့ကိုက်မယ့် နည်းနာသစ်တွေ မရှိတော့ဘူးလား။


ဘယ်လိုမတူတာလဲ

နိုင်ငံတကာနဲ့ မြန်မာတွေအကြား အဓိက မတူတဲ့အချက်ကတော့ ဘင်္ဂါလီတွေ (နိုင်ငံတကာ မီဒီယာ အခေါ် ရိုဟင်ဂျာ) အပေါ် ဘယ်လိုသဘောထားသလဲ ဆိုတဲ့အချက် ဖြစ်ပါတယ်။ နိုင်ငံတကာ လူ့အခွင့် အရေးအဖွဲ့တွေနဲ့ ကုလသမဂ္ဂဘက်က လူသားချင်း စာနာတဲ့ထောင့်သက်သက်ကနေ ပြောနေပြီး မြန်မာတွေဘက်ကတော့ အချုပ်အခြာ အာဏာတို့၊ အမျိုး-ဘာသာ သာသနာတို့ဘက်ကနေ အလေးပေး ပြောနေတယ်လို့ စာရေးသူက မြင်ပါတယ်။ 

ဒီလို အခြေခံရပ်တည်ချက် ကွာတဲ့အတွက် နိုင်ငံတကာ မီဒီယာသမားတစ်ဦးရဲ့အမြင်နဲ့ ဗုဒ္ဓဘာသာ-မြန်မာ မီဒီယာသမားတစ်ဦးရဲ့အမြင် ကွာကောင်း ကွာနေနိုင်ပါတယ်။ တကယ်တော့ မီဒီယာသမားတွေတင် မကပါဘူး။ မြန်မာပညာရှင်တွေ၊ မြန်မာအကဲခတ် ဝေဖန်သူတွေရဲ့လေသံထဲမှာလည်း အချုပ်အခြာအာဏာ၊ အမျိုးဘာသာ-သာသနာ၊ အမျိုးသားရေး စိတ်ဓာတ်တွေရဲ့ အငွေ့အသက်တွေကို တွေ့နေရပါတယ်။

လူထုကိုပညာပေးနေတဲ့ ပညာရှင်တွေ၊ မီဒီယာသမားတွေမှာတောင် ဒီလို အမြင်ရှိနေရင် သာမန် အရပ် သားတွေဆို ပိုဆိုးပြီပေါ့။ စာရေးသူ တွေ့မိသလောက် သာမန် အရပ်သားတွေကတော့ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကိုကြားတာနဲ့ အဲဒီလူမျိုး မြန်မာနိုင်ငံမှာ မရှိဘူး။ ဒီလူတွေကို လက်မခံနိုင်ဘူးဆိုပြီး တန်းပြော တော့တာပါပဲ။ ဆိုတော့ ဒီကိစ္စပြေလည်အောင် ဘယ်လိုဖြေရှင်းရင် ကောင်းမလဲဆိုတဲ့အဆင့်ထိတောင် ဆွေးနွေးလို့ မရခဲ့ပါဘူး။ ဒါ ဒုက္ခသည်အဖြစ် တတိယနိုင်ငံတွေဆီ ရောက်နေတဲ့လူတွေပါ။ မြန်မာနိုင်ငံ အတွင်းမှာနေပြီး အမျိုးသားရေး စိတ်ဓာတ် တက်ကြွနေသူတွေဆို ပိုဆိုးမှာပေါ့။

ဒါက ပဋိပက္ခမှာ ကိုယ်တိုင် ပါဝင်နေသူ (မြန်မာနိုင်ငံသားတိုင်း ဒီပဋိပက္ခမှာ ပါဝင်နေဟုယူဆ)နဲ့ ဘာမှ မဆိုင်ဘဲ ပြင်ပကမ္ဘာကနေ သီးခြား လာပြီး လေ့လာသူတို့အကြား မတူညီတဲ့ စိတ်ပိုင်းဆိုင်ရာ အခြေခံ အချက်ပါ။ ကဲ- သတင်း အချက်အလက်ပေါ် အခြေခံတဲ့ အချက်တွေမှာကော ကမ္ဘာ့သတင်းနဲ့ မြန်မာ့ သတင်းက ဘယ်လို ကွာနေရပြန်တာလဲ။ 

မြန်မာလုံခြုံရေး တပ်ဖွဲ့တွေက တိုက်ခိုက် သတ်ဖြတ်လို့ ဘင်္ဂါလီတွေ ရာနဲ့ချီ သေတာကြောင့် အိုးအိမ်စွန့်ပြီး နယ်စပ်ဖြတ်ကျော် ထွက်ပြေးရတာ အခု ဘင်္ဂလားဒေ့ရှ်ထဲ ၅ သိန်းကျော်နေပြီ။ မြန်မာတပ်သားတွေက အိမ်တွေကိုလည်း မီးရှို့တယ်။ ဘင်္ဂါလီ အမျိုးသမီးတွေကို မုဒိမ်းကျင့်တယ်။ ဒါကြောင့် ထွက်ပြေးကြတာ လမ်းမှာ လှေမြုပ်လို့သေသူ၊ အစာငတ်လို့ သေသူတွေလည်း မနည်းဘူး။ ဒီအတွက် မြန်မာအစိုးရကို အရေးယူမှဖြစ်မယ်လို့ နိုင်ငံတကာ မီဒီယာတွေက ရေးသားဖော်ပြနေကြပါတယ်။

မြန်မာ့အလင်းနဲ့ အစိုးရအာဘော် မီဒီယာတွေကို ကြည့်မယ်ဆိုရင်တော့ ဒီဖြစ်စဉ်ကြီးတစ်ခုလုံးဟာ ARSA (Arakan Rohingya Salvation Army) က ကြိုတင်စီမံ အကွက်ဖော်ခဲ့တာ ဖြစ်တယ်။ ဒီဒေသမှာ မွတ်ဆလင်- လွတ်မြောက်နယ်မြေ ထူထောင်ဖို့ စနစ်တကျ အကွက်ချ ဖော်ဆောင်ခဲ့တာဖြစ်တယ်။ ဘင်္ဂါလီတွေဟာ သူတို့အိမ်သူတို့ မီးရှို့ပြီး ထွက်ပြေးတယ်။ တကယ် နစ်နာသူက ဘင်္ဂါလီတွေ မဟုတ်ဘဲ ရခိုင်တိုင်းရင်းသားတွေသာ ဖြစ်တယ်။ အထူးသဖြင့် ဟိန္ဒူဘာသာဝင်တွေဟာ ရာနဲ့ချီပြီး ARSA ရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရတယ်။ ဟောဒီမှာ အစုအပြုံလိုက်မြှုပ်ထားတဲ့အလောင်း တွေ တွေ့လား။ ဒါတွေကို နိုင်ငံတကာ မီဒီယာတွေက ဘာကြောင့် မဖော်ပြတာလဲဆိုပြီး မေးခွန်းထုတ်ထားတာ တွေ့ရပါလိမ့်မယ်။

စာဖတ်သူတွေကော ဘယ်လို အမြင်ရှိကြပါသလဲ။ ပြည်တွင်းမီဒီယာရော၊ ပြည်ပမီဒီယာပါ နှစ်ခုစလုံး ကြည့်ဖြစ်၊ ဖတ်ဖြစ်ကြပါရဲ့လား။ ပြည်တွင်း- ပြည်ပ သတင်းထောက်တွေက ဘယ်နေရာတွေကနေ သတင်းယူပြီး ရေးသားဖော်ပြနေကြတာလဲ ဆိုတာကိုကော သတိထားမိကြပါရဲ့လား။ ကော့ဘဇား သတင်းထောက်နဲ့ နေပြည်တော်သတင်းထောက်ပဲ များနေပြီး တကယ်ပြဿနာဖြစ်နေတဲ့ ဘူးသီးတောင်၊ မောင်တောမှာ နှစ်ဖက်သတင်းထောက်တွေ မရှိတာဟာ တကယ့် အားနည်းချက်ပါပဲ။


ဘယ်လိုအဖြေရှာမလဲ

သတင်းသမား တစ်ဦးအနေနဲ့ ပြောရမယ်ဆိုရင်တော့ ကော့ဘဇား သတင်းထောက်နဲ့ နေပြည်တော် သတင်းထောက်တွေကို ဘူးသီးတောင်၊ မောင်တောဆီ အရင်ဆုံး သတင်းယူခွင့်ပေးရေးပါ။ သတင်းယူခွင့် မပေးဘဲ BBC လိမ်နေသည်၊ VOA ညာနေသည်ဆိုပြီး စစ်အစိုးရခေတ် လက်ကျန်တီးလုံးတွေနဲ့ ဆက်က နေလို့ မဖြစ်ပါ။ ဒီလို သတင်းယူခွင့်ပေးမှ နိုင်ငံတကာ ပရိသတ်က အဖြစ်မှန်ကို သိခွင့်ရပါလိမ့်မယ်။ ဟောဒီမှာ ဟိန္ဒူအလောင်းတွေ မတွေ့ဘူးလားဆိုပြီး စစ်တပ်ဘက်က သတင်းထုတ်ပြန်နေရုံနဲ့ နိုင်ငံတကာ မီဒီယာရဲ့ စိတ်ဝင်စားမှုကို မရနိုင်ပါ။

ဒုတိယကတော့ ကုလသမဂ္ဂဘက်က တောင်းဆိုနေတဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့ အဲဒီဒေသဆီ ဝင်ခွင့်ပေးရေးပါ။ လောလောဆယ် ဝင်ခွင့်မပေးနိုင်သေးဘူး ဆိုရင်လည်း နိုင်ငံတကာက လက်ခံနိုင် လောက်တဲ့ ဆင်ခြေမျိုးပေးဖို့ လိုပါတယ်။ အဲလိုမဟုတ်ဘဲ အရင်စစ်အစိုးရခေတ်ကနည်းအတိုင်း “ဘူး” ခံနေမယ်ဆိုရင်တော့ မဟုတ်တာလုပ်ထားလို့ UN ကို ဝင်ခွင့်မပေးတာ ဖြစ်မှာပေါ့ဆိုပြီး အရင်ခေတ်လိုပဲ အမြင်ခံနေရဦးမှာ ဖြစ်ပါတယ်။

တတိယကတော့ ဒီဖြစ်စဉ်အပေါ် အပြင်းအထန် ဝေဖန်နေတဲ့ လူ့အခွင့်အရေးသမားတွေ၊ သတင်းမှားတွေ၊ ဘက်လိုက်သတင်းတွေ ဖော်ပြနေတယ်ဆိုတဲ့ မီဒီယာကြီးတွေ၊ နိုင်ငံတကာ အစိုးရတာဝန်ရှိသူတွေကို အစိုးရဘက်က ဖိတ်ခေါ်ပြီး အသေအချာ ဆွေးနွေးတင်ပြသင့်ပါတယ်။ နိုင်ငံတကာဖိအား ဂရုစိုက်စရာ မလိုဘူးဆိုပြီး လူစုအော်ပွဲ လုပ်နေရုံနဲ့ မရပါ။ အဲဒီလူစုအော်ပွဲတွေဟာ နိုင်ငံတကာ ဖိအားကို လျော့ကျ မသွားစေတဲ့အပြင် ဘေးထွက်ဆိုးကျိုးအဖြစ် အမျိုးသားရေး အစွန်းရောက် စိတ်ဓာတ်တွေ များလာစေပြီး စစ်အစိုးရခေတ်ကလို ကိုယ့်ရွာကို ခြံအသေကာတဲ့ စိတ်၊ ခြေရာခွက်ထဲ လသာတဲ့စိတ်၊ Isolationism ခေတ်ဆီ တွန်းပို့သွားနိုင်ပါတယ်။

ဒီအတွက် အစိုးရဘက်က ဘာတွေ ဆောင်ရွက်နေသလဲ။ တစ်လောက (အောက်တိုဘာ ၄ ရက်) တော့ တစ်ချိန်လုံး ငြိမ်သက်နေတဲ့ ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်ကိုယ်တိုင် ရှေ့ထွက်လာပြီး မြန်မာမီဒီယာ သမားတွေနဲ့ ဆွေးနွေးပွဲတစ်ခု လုပ်ခဲ့တာကို တွေ့ရပါတယ်။ နိုင်ငံတကာ မီဒီယာတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေက သတင်းအမှားတွေ၊ လိုရာဆွဲဖော်ပြနေမှုတွေကို ဘယ်လို တုံ့ပြန်ဆောင်ရွက်ရင် ကောင်းမလဲပေါ့။ ဒီလိုဆွေးနွေးဖို့ စိတ်ကူးရတာကို ကြိုဆိုရမှာဖြစ်ပေမယ့် ဘာကြောင့် ဒီလောက်အထိ နောက်ကျခဲ့ရသလဲ ဆိုတာကတော့ မေးခွန်းထုတ်စရာပါ။

တကယ်ဆို ပြန်ကြားရေးအောက်မှာ (ဘေးတိုက်တွဲထားတာလည်း ဖြစ်နိုင်ပါတယ်) စိတ်ဓာတ်စစ်ဆင်င် ရေးနဲ့ ပြည်သူ့ဆက်ဆံရေးဌာနဆိုတာ ရှိပြီးသား မဟုတ်ပါလား။ နိုင်ငံတကာမှာ မြန်မာပြည်ဆိုင်ရာ သတင်းတွေကို ဘယ်လိုရေးသားဖော်ပြနေသလဲ၊ ဘယ်လိုတုံ့ပြန်ရမလဲ၊ တစ်နည်းအားဖြင့် နိုင်ငံတကာ မီဒီယာထိုးနှက်ချက်ကို ဘယ်လိုနည်းနဲ့ စိတ်ဓာတ်စစ်ဆင်ရေး ပြန်လုပ်ရမလဲ။ ဘယ်လို ဝါဒဖြန့်ရမလဲ ဆိုတာကို ဒီဌာနက တစ်ချိန်လုံး ပြင်ဆင်နေရမှာပေါ့။ အခုတော့ အဲလိုမစဉ်းစားဘဲ မြန်မာအချင်းချင်း ကြားမှာ ဝါဒဖြန့်ဖို့လောက်သာ စိတ်ဝင်စားနေလို့ အခုလို ခံရတာဆိုပြီး မိတ်ဆွေ မီဒီယာသမားတချို့က ဝေဖန်ပါတယ်။

ဒါက ပြန်ကြားရေးဝန်ကြီးဌာန။ နိုင်ငံခြားရေး ဝန်ကြီးဌာနကော ဘာတွေ ဆောင်ရွက်နေပါသလဲ။ သူက သံတမန်လုပ်ငန်းဆိုတော့ ပြန်ကြားရေးလို မီဒီယာအပေါ် ထုတ်ပြောဖွယ်မရှိပါ။ ဒါပေမဲ့ လက်တွေ့မှာတော့ နော်ဝေရှိ မြန်မာသံအမတ်တစ်ဦးပဲ ဘင်္ဂါလီအရေးနဲ့ပတ်သက်ပြီး နော်ဝေ မီဒီယာတွေရဲ့အမေးကို ရဲရဲဝံ့ဝံ့ ဖြေကြားသွားတာ တွေ့ရပါသေးတယ်။ တကယ်ပြောရမယ့် အမေရိကန်၊ UN နဲ့ ဗြိတိန်ရှိ မြန်မာသံအမတ် တွေ CNN, BBC တို့ကို ဘာမှပြန်မပြောတာ (ပြောတာကို TV မှာမတွေ့မိ) ဟာ မေးခွန်းထုတ်စရာပါပဲ။

နိုင်ငံတကာမှာရောက်နေတဲ့ သာမန် အရပ်သားတွေတောင် မွတ်ဆလင်- ဘင်္ဂါလီ လူနည်းစုအပေါ် ဗုဒ္ဓဘာသာ မြန်မာ လူအများစုက ဖိနှိပ်ညှဉ်းပန်းနေတယ် ဆိုတဲ့မေးခွန်းတွေနဲ့ နေ့စဉ် ကြုံနေရရင် သံတမန် တွေက ပိုကြုံ ရမှာပေါ့။ ဒီမေးခွန်းကို သူတို့ ဘယ်လိုဖြေဆိုနေကြသလဲ။ ဝေဖန်သူတွေကတော့ အရင် ခေတ်လက်ကျန် သံတမန်တွေဟာ Proactive (ကြိုတင်လှုပ်ရှားမှု) မဖြစ်ဘဲ အပေါ်က အမိန့်လာမှ တာဝန်ကျေအလုပ်လုပ်တဲ့ Reactive သမားတွေ များနေဆဲလို့ ပြောကြပါတယ်။

အနှစ်ပြန်ချုပ်ရရင်တော့ အမျိုးသား ပြန်လည် သင့်မြတ်ရေးဆိုတာဟာ တပ်မတော်နဲ့ NLD ပါတီကြား ပြေလည်ရေးတစ်ခုတည်း မဟုတ်ပါ။ တိုင်းရင်းသားတွေနဲ့ ဆွေးနွေးနေတဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စ အဆင်ပြေအောင် ဆက်လုပ်ဖို့လိုသလို နိုင်ငံတကာနဲ့ ပြေလည်အောင် ဆက်ဆံရေးဟာလည်း အရေးကြီးလှပါတယ်။ အခုပဲ နိုင်ငံတကာဘက်က စီးပွားရေး ပိတ်ဆို့မှု လုပ်မယ်လို့ လေသံပစ်နေပါပြီ။ NLD အစိုးရခေတ်မှာ အနောက်နိုင်ငံတွေနဲ့ အဆင်ပြေမယ်၊ စီးပွားရေး ပိတ်ဆို့မှု မရှိတော့ဘူး၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာတော့မယ် ဆိုတဲ့စိတ်ကူးကို ပျက်သွားစေနိုင်ပါတယ်။ 


ဒီလိုအချိန်မှာ နိုင်ငံတကာဘက်က ပြောချင်ရာပြော၊ ငါတို့ဂရုမစိုက်ဘူးဆိုပြီး လူစုအော်နေလို့မရပါ။ ဘေး ထွက်ဆိုးကျိုးအဖြစ် အမျိုးသားရေး အစွန်းရောက်စိတ်တွေ ထိန်းမနိုင် သိမ်းမရ ဖြစ်လာရင် သက်တမ်း ၂ နှစ် မပြည့်သေးတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ် တစ်ခုလုံး ပျက်စီးသွားနိုင်ပါတယ်။ ဒါကြောင့် ၂၁ ရာစု သံတမန်ဆက်ဆံရေး နည်းနာတွေသုံးပြီး နိုင်ငံတကာနဲ့ ပြေလည်မှု အမြန်ပြန်ရအောင် အင်အားစုအားလုံး လက်တွဲဆောင်ရွက်ဖို့ လိုအပ်နေပါတယ်။ ။

Monday, October 9, 2017

ကြီးထွားလာနေသော အမျိုးသားရေးဝါဒက မြန်မာ့နိုင်ငံရေး မြင်ကွင်းသစ်ကို ပုံဖော်နေသည်

By သန့်မြင့်ဦး 9 October 2017

(အားလုံး ဖတ်သင့်တယ်လို့ ယူဆတဲ့အတွက် ဧရာဝတီမှ ကူးယူဖေါ်ပြထားပါသည်)

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက သိန်းနှင့် ချီသော ဒုက္ခသည်များ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်ပြေးကြခြင်း နှင့် လူမျိုးဖြုတ်သန့်စင်ခြင်း စွပ်စွဲချက်များ အပါအဝင် မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ဒေသမှ ပဋိပက္ခများနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ခြင်းမှတဆင့် မြန်မာနိုင်ငံအရေးကို လတ်တလော ရက်သတ္တပတ်များအတွင်း၌ အာရုံစိုက်လာခဲ့ သည်။


သို့သော်လည်း ဒုက္ခသည်များ နေရပ်သို့ပြန်လာနိုင်ရေး အနာဂတ်ရွေးချယ်စရာများကို ပုံဖော်နိုင်သည်သာမက ဒေသတွင်း တည်ငြိမ်ရေးနှင့် နိုင်ငံအတွင်းမှ ပြည်သူများအားလုံး ပိုမိုကောင်းမွန်သော ဘဝတခုရရှိရေးအတွက် ဖြစ်နိုင်ချေဟူသမျှ ပါဝင်ပြီး ရခိုင်ပြည်နယ် တခုတည်းအတွက်သာဟုတ်ဘဲ ပိုမိုကျယ်ပြန့်စွာ သုံးသပ်သည့် အမြင်က ပျောက်ဆုံးနေသည်။

ရခိုင်ပြည်နယ်ကို ထည့်တွက်ခြင်း မပြုခဲ့လျှင်ပင် မြန်မာနိုင်ငံတွင်းတွင် စစ်ဘေးကြောင့် နေရပ်စွန့်ခွာခဲ့ရသူ နောက်ထပ် အနည်းဆုံး သန်းဝက်ခန့်ရှိပါသည်။ နိုင်ငံ၏ အခြားနေရာများတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၂၀ ကျော် (အကြီးဆုံး လက်နက်ကိုင် အဖွဲ့သည် အင်အား ၂ သောင်းကျော် ရှိသည်) နှင့် ရာနှင့်ချီသော ပြည်သူ့စစ်အဖွဲ့များ ရှိနေ ပါသည်။ စစ်မှန်သော ငြိမ်းချမ်းရေးကို မမြင်တွေ့ရပါ။ ထို့ပြင် ဘဏ်လုပ်ငန်းကဏ္ဍ၏ တည်ငြိမ်မှုက မေးခွန်းထုတ်ဖွယ်ရာ ရှိနေခြင်း၊ ရင်းနှီးမြှုပ်နှံသူတို့၏ ယုံကြည်စိတ်ချမှုကျဆင်းနေခြင်း၊ သန်းနှင့်ချီသော အဆင်းရဲဆုံး ပြည်သူများအတွက် အလားအလာများက မရေမရာ ဖြစ်နေခြင်းနှင့် အတူ စီးပွားရေးကလည်း အခြေအနေကောင်းများနှင့် ဝေးကွာနေသည်။ ထိုအချိန်တွင် တရုတ်အစိုးရက အဓိကကျသည့် အခြေခံ အဆောက်အဦး စီမံကိန်းများ ကမ်းလှမ်းနေပြီး အဆိုပါ စီမံကိန်းများက မြန်မာနိုင်ငံကို တရုတ်နိုင်ငံ၏ အတွင်းပိုင်း ပြည်နယ်များနှင့် ပိုမိုနီးကပ်သွားစေမည် ဖြစ်သလို မြန်မာနိုင်ငံက တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာသို့ တံတားဖြစ်လာစေမည် ဖြစ်သည်။

လက်ရှိအခြေခံဥပဒေက တပ်မတော်ကို လုံခြုံရေးနှင့် ပတ်သက်၍ အရေးပါသော အခွင့်အာဏာကို ပေးထားပြီး ရွေးကောက်ခံ အရပ်သား အစိုးရအနေဖြင့် စီးပွားရေးကိစ္စများနှင့် နိုင်ငံခြား ဆက်ဆံရေးများကိုသာ လွတ်လပ်စွာ စီမံခွင့် ပြုထားသည်။ ထိုသို့ရှိနေခြင်းက စိတ်ကျဉ်းကျပ်ဖွယ်ရာ ပေါင်းစပ်မှုတခု ဖြစ်စေခဲ့သည်။ နောက်လာမည့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် အောင်မြင်ရေးနှင့် နောက်ထပ် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်ရေးတို့က အာမခံချက်ရှိရန် ဝေးကွာနေဆဲ ဖြစ်ပါသည်။

မြန်မာပြည်သူတို့အတွက် လက်ရှိအချိန်သည် စိုးရိမ်ပူပန်စရာ ကာလတခု ဖြစ်ပါသည်။ ပြုပြင်ပြောင်းလဲရေး၏ လျှင်မြန်မှုတွင် သူတို့ မိသားစုများ၏ ဆင်းရဲဒုက္ခများနှင့် အခွင့်အလမ်းများ မရရှိဘဲ သူတို့ကျန်ခဲ့မည်ကို သန်းပေါင်းများစွာသော ပြည်သူများက စိုးရိမ်နေကြသည်။ ယခုအခါ ဤသန်းပေါင်းများစွာသော ပြည်သူများက အင်တာနက်ပေါ်သို့ရောက်ရှိနေပြီ ဖြစ်သည်။ ပြီးခဲ့သည့် ၅ နှစ်ကာလအတွင်း မြန်မာပြည်သူတို့၏ မိုဘိုင်းဖုန်း သုံးစွဲနိုင်မှုက အနည်းငယ်မျှသော ရာခိုင်နှုန်းမှသည် ၇၀ ရာခိုင်နှုန်း ကျော်သို့ခုန်တက်သွားခဲ့သည်။ လျှပ်စစ်ဓာတ်အား၊ သန့်ရှင်းသော ရေ သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်မှု မရရှိနိုင်ခြင်း ကြီးမားစွာရှိနေသော လူဦးရေတခုက ယခုအခါ မြန်မာနိုင်ငံ ၏ တခုတည်းသော ဆိုရှယ်မီဒီယာ ပလက်ဖောင်းဟု ယူဆရနိုင်သည့် facebook ပေါ်သို့ရောက်ရှိလာကြပြီဖြစ်သည်။


မှောင်မိုက်သော ရေစီးကြောင်းသစ်များ

ယခုကဲ့သို့ တနိုင်ငံလုံး အတိုင်းအတာဖြင့် စိုးရိမ် ပူပန်နေရသည့် အချိန်တွင် မြန်မာပြည်၌ ဆိုရှယ်မီဒီယာ၏ အခြေအနေ ပေးမှုက ရခိုင်ပြည်နယ်တွင်ပေါ်ပေါက်လာသည့် ပဋိပက္ခနှင့် ထိုပဋိပက္ခအပေါ် ပြင်ပကမ္ဘာအသိုင်းအဝိုင်း၏ သဘောထား အထူးသဖြင့် ကုလသမဂ္ဂနှင့် အနောက်နိုင်ငံများက မြန်မာနိုင်ငံ၏ ရန်ဘက်များနှင့်အတူ ရပ်တည်နေခြင်းတို့၏ မီးထိုးပေးမှုကြောင့် အမျိုးသားရေးဝါဒ လက်သစ် (neo-nationalism) တခု ပုံပေါ်လာစေခဲ့သည်။

ပြင်ပကမ္ဘာ၏အမြင်က ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်မှ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဖြစ်ရပ်များနှင့် ရိုဟင်ဂျာများအပေါ် အဓိကထားသည့် လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ စွပ်စွဲချက်များကို အလေးပေးသော်လည်း ပြည်တွင်းမှ အမြင်က ကမ္ဘာ့အသိုင်းအဝိုင်း၏ အမြင်နှင့် ကွဲပြားမှုရှိရုံမျှမက လုံးလုံးလျားလျားပင် ဆန့်ကျင်ဖက်ဖြစ်နေသည်။

မြန်မာနိုင်ငံတွင် ပြည်သူလူထုကသာမက အစိုးရပါ ကြီးမားစွာ အလေးထားခဲ့သည်မှာ ရခိုင် ရိုဟင်ဂျာ ကယ်ဆယ်ရေး တပ် မတော် (ARSA)၏ ခြိမ်းခြောက်မှုနှင့် အစ္စလမ်အစွန်းရောက်ဝါဒအပေါ် စိုးရိမ်မှု ဖြစ်သည်။ သြဂုတ်လ ၂၅ ရက်နေ့တွင် ARSA က စတင်တိုက်ခိုက်ခဲ့သည့် အချိန်မှ စ၍ မြန်မာနိုင်ငံ၏ ဆိုရှယ်မီဒီယာတွင် ဗုဒ္ဓဘာသာဝင်နှင့် လူနည်းစု ဟိန္ဒူများ အပေါ်တွင် ကျူးလွန်ခဲ့သည်ဟု ယူဆရသော ARSA ၏ အကြမ်းဖက်မှု သတင်းများနှင့် သောင်းချီသော ဗုဒ္ဓဘာသာဝင်များ နှင့် ဟိန္ဒူများ မွတ်ဆလင်အများစုရှိနေသည့် ရခိုင်ပြည်နယ် မြောက်ပိုင်းမှ တောင်ပိုင်းသို့ ထွက်ပြေးခဲ့ကြသည့် အကြောင်းများဖြင့် ပြည့်နှက်နေခဲ့သည်။

စက်တင်ဘာလနှောင်းပိုင်းတွင် al-Qaeda နှင့် Islamic State (IS) အဖွဲ့ ၂ ခုလုံးက မြန်မာနိုင်ငံတွင် လှုပ်ရှားကြရန် တောင်းဆိုခဲ့ကြခြင်းကြောင့် ရန်ကုန် သို့မဟုတ် မန္တလေးတွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်လာမည်ကို လူထုအတွင်း စိုးရိမ်မှုများ မြင့်တက်ခဲ့သည်။ ကြုံတွေ့ခဲ့ရသည့် ဒုက္ခသည်များ၏ သက်သေခံပြောဆိုမှုများကို အတုအယောင်ထွင် လုံးများ အဖြစ် ပယ်ချခြင်းခံခဲ့ရသည်။ ပြင်ပကမ္ဘာက ရိုဟင်ဂျာတို့၏ လူ့အခွင့်အရေး ကံဆိုးမှုအဖြစ် မြင်ကြသော်လည်း မြန်မာနိုင်ငံအတွင်းတွင် အထူးသဖြင့် ရခိုင်ဗုဒ္ဒဘာသာဝင်များက တရားမဝင် ရောက်ရှိလာသူများအဖြစ်မှ အကြမ်းဖက် သမားများအဖြစ်သို့ ပြောင်းလဲသွားသည့် တိုင်းတပါး ကျူးကျော်မှုတခုဟု မြင်ကြသည်။

ပြန်လည်ပေါ်ပေါက်လာသည့် အမျိုးသားရေးဝါဒ လက်သစ်တခုက ပုံပေါ်လာနေသည်။ သို့သော်လည်း ပီပီပြင်ပြင် ရှိမနေ သေးပါ။ မြန်မာနိုင်ငံမှ များပြားစုံလင်သည့် လူနည်းစုများ၊ ဒီမိုကရက်တစ် အနောက်တိုင်းနှင့် တရုတ်နိုင်ငံတို့နှင့် ဆက်ဆံရေး အပြင် မြန်မာ့ ဒီမိုကရေစီ သဘောတရား အပေါ်တွင် ၎င်းသဘောထားများက မရေရာသေးပါ။


အပယ်ခံ ရခိုင်

ရခိုင်ပြည်နယ်မြောက်ပိုင်းသည် ကမ္ဘာပေါ်တွင် သက်တောင့်သက်သာမရှိဆုံး နေရာများထဲမှ တခုဖြစ်ပါသည်။ ငလျင်ဇုန် အတွင်း ကျရောက်သည့် ဒေသတခု၊ ဖျက်စွမ်းအားကြီးသောဆိုင်ကလုံး မုန်တိုင်းများ ရင်ဆိုင်ရလေ့ ရှိသည့်ဒေသတခု ၊ မုတ်သုံရာသီအတွင်းတွင် တလလျှင် မိုးရေချိန် တမီတာ နီးပါး အထိ ပြင်းထန်စွာ ရွာသွန်းတတ်သည့် ဒေသတခု ဖြစ်ပါ သည်။

၁၉၄၄ ခုနှစ် ဖေဖော်ဝါရီလအတွင်းက အိန္ဒိယ၊ ဂေါ်ရခါး၊ အင်္ဂလိပ်နှင့် အနောက် အာဖရိကသားများက ဂျပန်များနှင့် Admin Box အမည်ရှိတိုက်ပွဲကို တိုက်ခိုက်ခဲ့သည့် နေရာဖြစ်သည်။ ယဉ်ကျေးမှုကွဲပြားခြင်းများ ကာလရှည်ကြာစွာ ရှိခဲ့သည့်နေရာ ဖြစ်သည်။ ရှေးခေတ်နှင့် ဆိုင်သည့် မြန်မာရာဇဝင်များတွင် ထိုဒေသအတွင်း၌ လူသားများနှင့် ဘီလူးများ ရင်ဆိုင် ဆုံတွေခဲ့ကြသည်။ ရှေးခေတ် အိန္ဒိယများအတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်းရှိ Meghna မြစ် အလွန်တွင် ရှိသည့် မြေများသည် Pandava barjita နယ်ဖြစ်သည်။ လူရိုင်းတို့၏ နယ်မြေဖြစ်ပြီး အမျိုးကို မလေးစားသည့် ဟိန္ဒူများသာ သွားကြမည့် ဒေသတခု ဖြစ်သည်။

ကွဲပြားသည့် လက်နက်ကိုင်ပုန်ကန်မှုနှင့် ဒုက္ခသည် ပြဿနာတခု အပြင် ၁၈၂၄ ခုနှစ်တွင် ဗြိတိသျှတို့၏ အရှေ့အိန္ဒိယ ကုမ္ပဏီက မြန်မာ ဘုရင့်နိုင်ငံကို ကျူးကျော်ဝင်ရောက်ခဲ့သည်မှာလည်း ဤနေရာပင် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ရခိုင် ဒေသကို အနောက်တံခါး ဟု ယခုတိုင်သိကြဆဲ ဖြစ်သည်။

ရခိုင်သမိုင်း၏ အစောပိုင်းကို အနည်းငယ်မျှသာ နားလည်ကြသေးသည်။ သို့သော်လည်း သေချာသည်က ၁၄၀၀ နှစ်များ အတွင်း ယနေ့ခေတ် စစ်တကောင်းမှ ကပ္ပလီ ပင်လယ်အထိ ကျယ်ဝန်းသော ဘုရင့် နိုင်ငံငယ်တခု အဖြစ် ရှိနေပြီ ဖြစ်သည်။ ရခိုင်ဘုရင်များက မြန်မာစကားနှင့် အနည်းငယ်ကွဲပြားသည့် ပုံစံမျိုး ဖြစ်သော ရခိုင်စကား ပြောကြသည်။ သူတို့သည် တင့်တယ်လှပသော စေတီပုထိုးများကို တည်ထားခဲ့သော ဗုဒ္ဒဘာသာများလည်း ဖြစ်ကြသည်။ သို့သော်လည်း ရခိုင်ဘုရင်များသည် ကမ္ဘာအရပ်ရပ်နှင့် ဆက်ဆံတတ်သူများ ဖြစ်ကြသည်။ အချို့က ဘင်္ဂါလီ- မွတ်ဆလင် နှင့် မြန်မာ-ပါဠိ ဘွဲ့အမည်များ ၂ လုံး ခံယူခဲ့ကြသည်။ ဒတ်ခ်ျကုန်သည်ကို လက်ခံခဲ့ကြသည်။ အာဖဂန် လေးသမားများနှင့် ဂျပန်နိုင်ငံမှ ရောက်လာသည့် ဆာမူရိုင်းများကို ကိုယ်ရံတော်များအဖြစ် ခန့်အပ်ခဲ့ကြသည်။ သက်တော်စောင့် ခန့်ကြသည်။ ဖမ်းမိလာသည့် ပေါ်တူဂီ ပင်လယ်ဓါးပြများနှင့် ဘင်္ဂါလီ ကျေးကျွန်များကို ယခုအခါ ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ် ဖြစ်လာမည့် ဒေသများသို့ ပို့ ဆောင်ခဲ့ကြသည်။

ဧရာဝတီမြစ်ဝှမ်းမှ ရောက်လာသည့် ဗမာ လူမျိုးများက ၁၇၈၅ ခုနှစ်တွင် ရခိုင်ဒေသကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ထို့နောက် ဗြိတိသျှကိုလိုနီခေတ်ရောက်သည့် အခါ ယခင်ကထက် ပို၍ ဝင်ငွေရရန် စိတ်အားထက်သန်နေသည့် ဗြိတိသျှတို့က ကိုလိုနီခေတ် အရာရှိတဦး ပြောခဲ့သလို“အလွန် ခြိုးခြံ၍ အလုပ် အလွန်ကြိုးစားသော စစ်တကောင်းဒေသမှ ဘင်္ဂလီ မွတ်ဆလင်များ” သိန်းနှင့် ချီ၍ ရွှေ့ပြောင်းဝင်ရောက်လာခြင်းကို အားပေးခဲ့သည်။ မြန်မာနိုင်ငံ၏ အခြားနေရာများမှ လာရောက် အခြေချသူ ဗမာများလည်း ရောက်ရှိလာခဲ့ရာ ၁၉၁၀ ခုနှစ် ရောက်သည့် အချိန်တွင် ရခိုင်လူမျိုးများမှာ သူတို့၏ ကိုယ်ပိုင်မြေပေါ်တွင် လူနည်းစု ဖြစ်လာခဲ့ရသည်။

ယနေ့ခေတ်ဆိုလျှင် ဂလိုဘယ်လိုက်ဇေးရှင်းကို ဆန့်ကျင်ခြင်းနှင့် ရွှေ့ပြောင်း ဝင်ရောက်မှုကို ဆန့်ကျင်ခြင်းဟု ကျနော်တို့ ခေါ်ကောင်းခေါ်နိုင်မည့် မြန်မာအမျိုးသားရေးဝါဒက တချိန်တည်းနီးပါးတွင် မွေးဖွားလာခဲ့သည်။ ၁၉ ရာစု နှောင်းပိုင်းနှင့် ၂၀ ရာစု အစောပိုင်းများတွင် ဘင်္ဂါလီမွတ်ဆလင်များက ရခိုင်ပြည်နယ်အတွင်းသို့ ကုန်းလမ်းမှ ဝင်ရောက်လာကြသလို အိန္ဒိယတိုက်ငယ်အတွင်းမှ အခြားသူ သန်းပေါင်းများစွာကလည်း ပင်လယ်ပြင်မှတဆင့် ရေကြောင်းလမ်းမှ ဝင်ရောက်လာခဲ့ကြသည်။ ကိုလိုနီစီးပွားရေးလည်း ခုန်တက်သွားခဲ့ရသည်။ သို့သော်လည်း မြန်မာများမှာမူ လူမှုအဖွဲ့အစည်းပုံစံသစ်၏ အောက်ခြေနားတွင်သာ ရှိနေခဲ့သည်။

ရခိုင် အမျိုးသားရေးဝါဒက မြန်မာ အမျိုးသားရေးဝါဒနှင့် ဆင်တူခဲ့သည်။ ထေရဝါဒ ဗုဒ္ဒဘာသာအရ ဆက်စပ်မှုများ ရှိနေပြီး ခေတ်ဆန်မှုနှင့် ပြင်ပလူတို့၏ လွှမ်းမိုးမှုကို စိုးရိမ်ရာတွင်လည်း တူညီသည်။ ဂျပန်များ ကျူးကျော်ဝင်ရောက်လာပြီး အရပ်ဖက်အုပ်ချုပ်ရေး ပျက်ပြားသွားရသည့် ၁၉၄၂ ခုနှစ်တွင် ဗုဒ္ဓဘာသာ-မွတ်ဆလင် လူမျိုးရေး ပဋိပက္ခကြောင့် ထောင်နှင့် ချီ၍ သေဆုံးခဲ့ရသည်။ ဂျပန်များက ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးများကို လက်နက်တပ်ဆင်ပေးခဲ့ပြီး ဗြိတိသျှတို့က ကင်းထောက်ရေးနှင့် ပျောက်ကြားစစ်ဆင်ရေးများအတွက် V Force တပ်ဖွဲ့ ဖွဲ့စည်းခြင်း၏ တစိတ်တပိုင်း အဖြစ် မွတ်ဆလင်များကို လက်နက်တပ်ဆင်ပေးခဲ့သည်။

စစ်ပြီးသွားသောအခါ ပြည်တွင်းမှ ဘင်္ဂါလီစကားပြော မွတ်ဆလင်အသိုင်းအဝိုင်း ခေါင်းဆောင်များက ရခိုင်ပြည်နယ် မြောက်ပိုင်းကို ပါကစ္စတန်နှင့် ပူးပေါင်းမည့် စိတ်ကူးကို သွေးတိုးစမ်းခြင်းနှင့်အတူ မြန်မာနိုင်ငံအတွင်း သူတို့၏ ကိုယ်ပိုင် နယ်မြေရရှိရေးကို တောင်းဆိုခဲ့ကြသည်။ နောက်ပိုင်း ဆယ်စုနှစ်များ အတွင်းတွင် မူဂျာဟစ်အပါအဝင် အခြားသော လက်နက်ကိုင် ဆူပူမှုများက တိုးလာလိုက် လျော့သွားလိုက်ဖြင့် ရှိနေခဲ့သည်။ ၁၉၇၈ ခုနှစ်နှင့် ၁၉၉၀ ခုနှစ်များတွင် တပ်မတော်၏ ဖြိုခွင်းတိုက်ခိုက်မှုများကြောင့် သိန်းနှင့် ချီသောမွတ်ဆလင် ဒုက္ခသည်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြသည်။ ၁၉၉၀ ခုနှစ် နောက်ပိုင်းတွင် ရခိုင်ပြည်နယ်သည် အလွန်ဆင်းရဲ၍ အထီးကျန် ဖြစ်နေသော မြန်မာနိုင်ငံအတွင်းတွင် အဆင်းရဲဆုံးနှင့် သီးခြားအဖြစ်ဆုံး နေရာများထဲမှ တခု ဖြစ်လာခဲ့တော့သည်။


တိုင်းရင်းသားအမှတ်သင်္ကေတအတွက် မေးခွန်း

မြန်မာ အမျိုးသားရေးဝါဒီများက သူတို့ရှေ့မှ ဗြိတိသျှ ပညာရှင်များကဲ့သို့ပင် လူမျိုးစုဖြစ်မှုကို (Essentialist view) ထုံးတမ်းစဉ်လာအရ မရှိမဖြစ် သတ်မှတ်ချက်များဖြင့် ချည်းကပ်ကြသည်။ (ကံမကောင်းစွာဖြင့်ပင် ယနေ့ခေတ်မှ နိုင်ငံခြားဆောင်းပါးရှင်များ အားလုံးနီးပါးကဲ့သို့ ဖြစ်သည်။) တိုင်းပြည်ကို ဌာနေတိုင်းရင်းသား (Indegenous) နှင့် အခြားမှရောက်လာသူများ (Alien) ဖြင့် ခွဲခြားကြသည်။ မြန်မာ အမျိုးသားရေးဝါဒ ဗဟိုပြုသည့် အယူအဆတခုမှာ တိုင်းပြည်သည် တရားဝင် အသိအမှတ်ပြုထားသည့် တိုင်းရင်းသားများနှင့်သာ သက်ဆိုင်ပြီး ကျန်သည့်သူများမှာ ဧည့်သည်များ ဟူ၍ ဖြစ်သည်။ ဥပမာအားဖြင့် ရှမ်း နှင့် ကချင်တို့သည် ဌာနေတိုင်းရင်းသားများ ဖြစ်ကြသည်။ ၁၇ ရာစုတွင် မန်ချူးတို့၏ ကျူးကျော်မှုကြောင့် ထွက်ပြေးလာသော တရုတ်လူမျိုးများမှ ဆင်းသက်လာသည့် ကိုးကန့်များ၊ တချိန်တည်းလောက်မှာပင် ဘန်ဂေါလ်ဘုရင်ခံ Mughal မင်းသား Shah Shuja နှင့်အတူ လိုက်ပါသည့် အာဖဂန်နွယ်ဖွားများမှ ဆင်းသက်လာသော ကမန်မွတ်ဆလင်များကို တိုင်းရင်းသားများ အဖြစ် သတ်မှတ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့က ဗြိတိသျှအုပ်ချုပ်ရေး မတိုင်မီ ရောက်ရှိလာသူများ ဖြစ်သောကြောင့်ဖြစ်သည်။ နောက်ပိုင်းမှ ရောက်လာသည့် တမီလ် ခရစ်ယန်များ၊ နီပေါ ဟိန္ဒူများ၊ ယူနန် မွတ်ဆလင်များနှင့် အခြားသူ အများအပြားကိုမူ နေထိုင်ခြင်းကို လက်ခံသော်လည်း သူတို့၏ ယဉ်ကျေးမှုများကို မည်သည့်အချိန်တွင်မှ အလားတူ လက်ခံမည် မဟုတ်ကြောင်း အမျိုးသားရေးဝါဒီများက ပြောကြသည်။

ထို့ကြောင့် ယခုကိစ္စက အမှန်တကယ်တွင် နိုင်ငံသား ကိစ္စမဟုတ်ပါ။ လက်ရှိ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအရ ရွှေ့ပြောင်း ရောက်ရှိလာသူများနှင့် ၎င်းတို့၏ ကလေးငယ်များကို “ဧည့်နိုင်ငံသား” သို့မဟုတ် “နိုင်ငံသား ပြုခွင့်ရသူ” ဟုသာ အသိအမှတ်ပြုခြင်း ခံရမည် ဖြစ်ပြီး နိုင်ငံရေး အခွင့်အရေးများမှ တားဆီးကန့်သတ်ထားသည်။ သို့သော်လည်း တတိယ မျိုးဆက်သို့ ရောက်သည့်အခါ မည့်သည့်လူမျိုးနောက်ခံရှိသူ ဖြစ်စေ (ဥပမာအားဖြင့် ၂၀ရာစု အစောပိုင်းက ရောက်ရှိ လာသည့် ဘင်္ဂလီ မွတ်ဆလင် ရွှေ့ပြောင်း အခြေချသူများ၏ မြေးတော်စပ်သူများ) ကို အပြည့်အဝ နိုင်ငံသား ဖြစ်နိုင်သည့် အခွင့်အရေး ပေးထားသည်။

ယခုပြဿနာမှာ သမိုင်း အယူအဆနှင့် ခွဲခြားမှု ပြဿနာတခုနှင့် ပို၍တူပါသည်။ ယနေ့အချိန်တွင် မြန်မာနိုင်ငံသား အားလုံးနီးပါးက ဘင်္ဂလားဒေ့ရှ် (အရှေ့ပါကစ္စတန်) သည် ကြီးမားသော တရားမဝင် အခြေချမှုများ၏ အရင်းအမြစ်ဟု ယုံကြည်ထားကြသည်။ သူတို့က နယ်စပ်မှ တာဝန်ရှိသူမျာ၏ အကျင့်ပျက်ခြစားမှု နှင့် ဈေးပေါသော အလုပ်သမားများ ရှာဖွေသည့် စီးပွားရေးသမားများ၏ လောဘကို အပြစ်တင်ကြသည်။ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ရှိနေသူ အများအပြားမှာ လတ်တလောတွင် တရားမဝင် ရောက်ရှိလာသူများ ဖြစ်ကြသည်ဟု သူတို့က ပြောသည်။ ဗြိတိသျှ ခေတ် တွင် ရွှေ့ပြောင်း ဝင်ရောက်လာသည့် ဘင်္ဂါလီများမှ ဆင်းသက်လာသူ အများအပြားမှာ နိုင်ငံသား ဖြစ်ရန် အရည်အချင်း ပြည့်မီနိုင်ကြောင်း သူတို့က လက်ခံသော်လည်း ဘင်္ဂါလီများက သူတို့ကိုယ်သူတို့ ရိုဟင်ဂျာဟု သတ်မှတ်ခြင်းကို ခွင့်ပြုရန် ဆန့်ကျင်ကြသည်။

ရိုဟင်ဂျာ ဆိုသည့် စကားလုံးက မြန်မာနိုင်ငံတွင် ရွံမုန်းစရာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဌာနေတိုင်းရင်းသားအဖြစ် တရားဝင် အသိအမှတ်ပြုရန် တောင်းဆိုသည့် သဘောဆောင်သောကြောင့် ဖြစ်သည်။ ၁၇ ရာစုက ကဗျာဆရာ Shah Aloal သို့မဟုတ် ရှေးဟောင်း မြောက်ဦးဘုရင့်နိုင်ငံခေတ်တွင် နန်းတွင်းဆောင်များကို ကြီးကြပ်ရသူနှင့် စစ်ရေးဆိုင်ရာ ဝန်ကြီး ဖြစ်ခဲ့သော Ashraf Khan တို့ကဲ့သို့ ထင်ရှားသော မွတ်ဆလင်များ ရှိခဲ့ခြင်းက အငြင်းပွားစရာ မရှိပါ။ ရခိုင်ပြည်နယ်တွင် ဗြိတိသျှ ခေတ်မတိုင်မီ ရှည်ကြာသော ကာလကတည်းက ကျွန်အဖြစ် ဖမ်းဆီးထားခဲ့သော ဘင်္ဂါလီများက သိသာ မြင်သာသော အရေအတွက်တခုအထိ ရှိခဲ့ခြင်းမှာလည်း ထင်ရှားပါသည်။ မရှင်းလင်းသည်မှာ မည်သူတို့က မည်သူတို့ထံမှ အမှန်တကယ် ဆင်းသက်လာသနည်း ဆိုသည့် ကိစ္စ ဖြစ်သည်။ ဗြိတိသျှတို့က ထိုဒေသအတွင်းမှ မွတ်ဆလင်များကို အာရကန် မဟာမေဒင်များ၊ စစ်တကောင်းသားများ၊ ဇေရဘာဒီများ၊ ကမန်များ၊ ဘင်္ဂါလီ မွတ်ဆလင်များ အစရှိသဖြင့် နာမည် အမျိုးမျိုးဖြင့် ရောထွေးသုံးစွဲခဲ့ကြသည်။

၁၉၅၀ ခုနှစ်များတွင် မွတ်ဆလင်နိုင်ငံရေးသမားများက ကမန်မွတ်ဆလင်များမှ အပ ရခိုင်ဒေသမှ မွတ်ဆလင် အားလုံး အတွက် လူမျိုးစု အမည်အသစ်တခုအဖြစ် ရိုဟင်ဂျာဆိုသော အမည်ကို စတင်သုံးစွဲခဲ့ကြသည်။ ပြီးခဲ့သည့် ဆယ်စုနှစ် အကုန်ပိုင်းတွင် ရိုဟင်ဂျာဆိုသည်မှာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှ မွတ်ဆလင်အားလုံးအတွက် သဘောကျစရာ ဖြစ်လာ ခဲ့သည်။ အနည်းဆုံးတော့ သူတို့ကိုယ်သူတို့ သတ်မှတ်ဖော်ပြရန် ဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းက တိုင်းရင်းသား ဖြစ် ကြောင်း တောင်းဆိုနိုင်ရန် အတွက်ဖြစ်သလို ထိုသို့ တောင်းဆိုခြင်းကြောင့် မြန်မာပြည်သူများကလည်း ပြင်းထန်စွာ ကန့်ကွက် ငြင်းပယ်ခဲ့ကြခြင်း ဖြစ်သည်။


နောက်ဆုံး အခွင့်အလမ်း

လွန်ခဲ့သော ၅ နှစ်က အမေရိကန်သမ္မတ ဘားရက်အိုဘားမားက ရန်ကုန်တက္ကသိုလ်တွင် မြန်မာနိုင်ငံ၏ စုံလင် ကွဲပြားမှု များကို အင်အားတခုအဖြစ် ရှုမြင်ခြင်း၏ အရေးပါပုံ၊ တိုင်းပြည်၏ ပေါ်ထွန်းစ ပြုပြင်ပြောင်းလဲရေးကို လစ်ဘရယ်ကျသည့် အမြင်များနှင့် ပေါင်းစပ်လိမ့်မည်၊ ငြိမ်းချမ်းရေး၊ လွတ်လပ်သော ဈေးကွက်နှင့် ဒီမိုကရေစီသို့ ဦးတည်သော အားထုတ်မှုများကို အားလုံးလက်တွဲ၍ ဆောင်ရွက်သွားလိမ့်မည်ဟု မျှော်လင့်ချက်တခု ရှိနေကြောင်း ပြောကြားခဲ့သည်။ သတိမပြုမိဘဲ ကျန်ရစ်ခဲ့သည်မှာ လူမျိုးကို အခြေပြုသည့် မြန်မာအမျိုးသားရေးဝါဒ ပြန်လည်ပေါ်ထွက်လာခြင်း၏ အင်အားကြီးမားမှု၊ အရင်းရှင် စနစ်နှင့် ပြင်ပကမ္ဘာအပေါ် ရာစုနှစ်နှင့် ချီ၍ ထားရှိခဲ့သော မယုံသင်္ကာဖြစ်ခြင်းများ၊ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့သော ပြည်တွင်းစစ်ကြောင့် ဖြစ်ရသည့် စိတ်ဒဏ်ရာများ၊ အနောက်နိုင်ငံများ၏ အရေးယူ ပိတ်ဆို့မှုနှင့် အထီးကျန်ခြင်းနှင့် ပြည်သူလူထုကို ဝန်ဆောင်ပေးရန်အတွက် ပြောင်းလဲတိုးတက်လာခြင်း မရှိခဲ့သော အစိုးရ အဖွဲ့အစည်းများ၏ သဘောသဘာဝတို့ ဖြစ်သည်။

ဖြည့်ဆည်းရန် ကျန်ရစ်နေသည့် အယူအဆ ကွက်လပ်တခု ရှိပါသည်။ ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်တွင် ပေါ်ပေါက်ခဲ့သော အကြမ်းဖက်မှုများကြောင့် ဗုဒ္ဒဘာသာဝင်များရော မွတ်ဆလင်များပါ ရာနှင့် ချီ၍ သေဆုံးခဲ့ကြပြီး လူ ၁၀၀၀၀၀ ကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ကြသည်။ ဗုဒ္ဓဘာသာနှင့် မွတ်ဆလင် ပဋိပက္ခ၏ ပုံရိပ်များက ကမ္ဘာတလွှားမှ အစ္စလမ် အကြမ်းဖက်ဝါဒ၏ ပုံရိပ်များနှင့် အွန်လိုင်းပေါ်တွင် ပေါင်းသွားခဲ့သည်။ ရခိုင်ပြည်နယ်မှ သောင်းနှင့် ချီသော မွတ်ဆလင်များ ဒုက္ခသည် စခန်းများတွင် ကျန်ရစ်ခဲ့ကြသည်။ သို့မဟုတ် လှေများဖြင့် ထွက်ပြေးရန် တွန်းအား ဖြစ်ခဲ့သည်။ ထို့နောက် ARSA နှင့် လက်ရှိ ကံဆိုးမှုများ ပေါ်လာခဲ့ခြင်းပင်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာနိုင်ငံ ကိစ္စနှင့်ပတ်သက်၍ ဆက်လက် ဆွေးနွေးကြဦးမည် ဖြစ်သည်။ လုံခြုံရေး ကောင်စီက ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော အကြမ်းဖက်မှုများ အဆုံးသတ်ရန်နှင့် အရေးတကြီး လိုအပ်နေသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပို့ဆောင်ပေးရန် အလေးပေးခြင်းက မှန်ကန်ပါသည်။ သို့သော်လည်း မြန်မာနိုင်ငံသည် အရေးကြီးသော အခြေအနေတရပ်တွင် ရောက်ရှိနေကြာင်း သတိပြုမိရန်လည်း အရေးကြီးပါသည်။ မြန်မာနိုင်ငံက အာရှ၏ အချက်အချာ နေရာတွင် လစ်ဘရယ်ဒီမိုကရေစီ နိုင်ငံတခု၊ ငြိမ်းချမ်းပြီး အောင်မြင်သော လမ်းဆုံတခု ဖြစ်လာနိုင်နေဆဲ ဖြစ်ပါသည်။ သို့သော်လည်း နောက်ထပ် ဖြစ်လာနိုင်စရာ အခြား ဇာတ်ကြောင်းတခုလည်း ရှိနေပါသည်။ အကယ်၍ အမျိုးသားရေးဝါဒ လက်သစ်က လစ်ဘရယ် မဟုတ်သော၊ နိုင်ငံခြားသားများကို မုန်းတီးသော အလှည့်အပြောင်းတခုကို ရှင်းရှင်းလင်းလင်း ရယူခဲ့လျှင်၊ ရခိုင်ပြည်နယ်တွင်သာမက အသိုင်းအဝိုင်းများကြားမှ တင်းမာမှုများက မြင့်တက်လာပြီး အကြမ်းဖက် ပဋိပက္ခအဖြစ်သို့ ရောက်ရှိစေခဲ့လျှင်၊ တရုတ် နယ်စပ် တလျှောက်မှ တိုက်ပွဲများ အရှိန်မြင့်တက်လာခြင်းနှင့်အတူ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်က ကစဥ့် ကလျား အခြေအနေသို့ ရောက်ရှိသွားခဲ့လျှင်၊ စီးပွားရေးက ပိုမိုကောင်းမွန်သည့် ဘဝတခု ဖြစ်လာရေး ယောင်ယောင်လေးမျှ လုပ်မပေးနိုင်ခဲ့လျှင် ဒီမိုကရေစီသို့ ပြောင်းလဲရေး၏ ဆွဲဆောင်မှုများက မေးခွန်းထုတ်စရာများ တိုးလာတော့မည် ဖြစ်သည်။

ယခုအချိန်တွင် မြန်မာနိုင်ငံ၏ မိတ်ဆွေများက ဒေသသမိုင်းကို ပိုနားလည်ရန်၊ ပြည်သူတို့၏ အယူအဆ သဘောထားများနှင့် ထိတွေ့ရန်၊ မြန်မာနိုင်ငံကို ကျဉ်းမြောင်းသော လူမျိုးရေးကို အခြေပြုသည့် အမြင်တခုနှင့် ကင်းဝေးစေရေး ကူညီရန်နှင့် မြန်မာနိုင်ငံ၏ ကျယ်ပြန့်သော နောက်ခံကားမှ ခက်ခဲရှုပ်ထွေးမှုများကို အသိအမှတ်ပြုပေးရန် ယခင်ကထက် ပိုမို၍ လိုအပ်နေပါသည်။

Sunday, October 8, 2017

ဘီလူးကျွန်းမှ ဒူဘိုင်းသို့

The Voice Daily, Travel.
08-Oct-2017.

ဘီလူးကျွန်းသို့ ပထမအခေါက်

မုဒုံမှာကျင်းပတဲ့ လေးလုံးဂုဏ်ပြုပွဲပြီးတော့  နေ့လယ် နာရီလောက် ရှိနေပြီ။ မော်လမြိုင်မသွားခင် မုဒုံတစ်ခွင်ကို လှမ်းမြင်နိုင်တဲ့ ကျိုက်ကမော့လေး တောင်ထိပ်ဆီ တက်လိုက်ပါသေးတယ်။ မုဒုံမြို့နဲ့ ကန်ကြီးရေပြင်၊ ပြီးတော့ သံဖြူဇရပ်ဘက်သွားတဲ့ လမ်းတလျှောက်က တောင်တန်းတွေ၊ နောက်ကျော ဘက်ရှိ ကျိုက်မရောမြိုနယ် ဘက်လှည့်ကြည်လိုက်တော့ ရေလျှံနေတဲ့ စပါးခင်းတွေကြားက ထိုးထိုး ထာင်ထောင် ထုံးကျောက်တောင်တွေက ဟိုနား တစ်လုံး ဒီနား တစ်လုံး။ ပတ်ဝန်းကျင်ဟာ စိမ်းစိမ်းစိုစိုနဲ့ ပန်းချီကား တစ်ချပ်လို လှပနေပါတယ်။





မုဒုံကနေ မော်လမြိုင်ဘက် အထွက်မှာတော့ ထိုင်းစတိုင်လ် ကော်ဖီဆိုင်လေးတစ်ခု။ ဈေးသက်သာတဲ့ အပြင် ဆိုင်နောက်ဖေးမှာ ကြက်မောက်၊ မင်းကွတ်နဲ့ တခြားပင်တွေပါဝင်တဲ့ ဥယျာဉ်ခြံကြီးက အပူဒဏ်ကို သက်သာစေပါတယ်။ ကော်ဖီဆိုင်က အထွက်မှာတော့ မနှစ်ကရောက်ခဲ့ဖူးတဲ့ ဝင်းစိန်တောရထဲ ဝင်ပါ တယ်။ တစ်နှစ်အတွင်း ဘာတွေ တိုးတက်ပြောင်းလဲလာသလဲ ဆိုတာကို သိချင်လို့ပါ။ ဝင်ပေါက်လမ်း နည်းနည်း ကောင်းလာတာကလွဲရင် အထဲမှာ ဘာမှ မပြောင်းလဲသေး။ အထူးသဖြင့် အတောင် ၆၀ဝ ရုပ်ပွားတော်ကြီးဟာ မနှစ်ကအတိုင်း ဆောက်လုပ်နေဆဲ အနေအထားမှာပဲ ဆက်ရှိနေပါသေးတယ်။ 

ဘုရားဆီကနေ ကားလှည့်ထွက်မယ်ပြင်တော့ဒီနေရာမှာ မနေ့ကတောင် မွန်-တော်လှန်ရေးနေ့  အခမ်းအနား လုပ်သွားသေးတယ်လေ။ ဥက္ကဋ္ဌ နိုင်ရွှေကျင် အုတ်ဂူလည်း ဟိုတောင်ကုန်းပေါ်မှာရှိတယ်။ ခင်ဗျား စိတ်ဝင်စားလားဆိုပြီး ကျွန်တော့်ကိုလိုက်ပို့တဲ့ သံလွင်တိုင်းမ်ဂျာနယ်မှ မိတ်ဆွေကြီးက ပြောပါ တယ်။ သူပြောမှ မနေ့က ရေးနဲ့မုဒုံကြား ကားလမ်းတစ်လျှောက် တွေ့ခဲ့ရတဲ့ မွန်အလံ တလူလူလွှင့်- မွန် ရိုးရာဝတ်စုံတွေနဲ့ လူငယ်တွေရဲ့ ကားတန်းတွေကို ပြန်သတိထားမိပါတယ်။ 


မနေ့က ဝါခေါင်လပြည့်နေ့ဟာ မွန်တော်လှန်ရေးနေ့။ အဲဒီနေ့ အခမ်းအနားတွေကို အခု ကျွန်တော် ရောက်နေတဲ့ ဝင်းစိန်တောရအပြင် မွန်ပြည်နယ် နေရာ အတော်များများမှာ တစ်ပြိုင်တည်း ကျင်းပခဲ့ကြ တယ်တဲ့။ မွန်ပြည်သစ်ပါတီနဲ့ လေးလုံး ပတ်သက်နေပုံက စိတ်ဝင်စားစရာ။ ၁၉၈၉ ခုနှစ် ကျောင်းသား တွေ တောထဲရောက်ပြီး ပထမဆုံးအကြိမ် ကျင်းပတဲ့ ဘုရားသုံးဆူက လေးလုံး နှစ်ပတ်လည် အခမ်း အနားမှာ မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌ နိုင်နွန်လာ မိန့်ခွန်းပြောရင်း နှလုံးရောဂါတက်ပြီး ကွယ်လွန်ခဲ့ ပါတယ်။

အခု လေးလုံး ၂၉ နှစ်ပြည့်နေ့မှာ မွန်ပြည်သစ်ပါတီဥက္ကဋ္ဌကြီး နိုင်ရွှေကျင် အုတ်ဂူဆီ တောခို ကျောင်းသားဟောင်းတစ်ဦး လာရောက် ဂါရဝပြုနေခဲ့ပေါ့။ နိုင်ရွှေကျင်ရဲ့ အုတ်ဂူနဲ့အတူ အခြားခေါင်း ဆောင်တွေရဲ့ အုတ်ဂူ သုံးခုကိုလည်း တွေ့ရပါတယ်။ အဲဒီ အုတ်ဂူတွေကို ကြည့်ပြီး ဘုရားသုံးဆူ နယ်စပ်က ရဲဘော်တွေကို သတိရနေတုန်း အခြားအုတ်ဂူ ခုလည်း ချောင်းဆုံ (ဘီလူးကျွန်း) မှာ ရှိသေးတယ်ဆိုပြီး သိရပါတယ်။ ချောင်းဆုံဆိုတာ တစ်လောကမှ (ဧပြီလကမှ) တံတားအသစ် ထိုးလိုက်တဲ့နေရာ။ အဲဒီ တံတားကို ဗိုလ်ချုပ်အောင်ဆန်း အမည်ပေးသင့် မသင့်နဲ့ပတ်သက်ပြီး အပြင်းအထန် အငြင်းအခုံ ဖြစ်ခဲ့တဲ့ နေရာပေါ့။

ဒီခရီးစဉ်အတွင်း အဲဒီနေရာကို မသွားလို့ ဘယ်ဖြစ်မလဲ။ မော်လမြိုင်ရောက်တော့ ကမ်းနားလမ်းက ဟိုတယ်ခန်းမှာ အထုပ်အပိုးတွေ အမြန်ချပြီးတဲ့နောက် တံတားသစ်ကြီးဆီ ပြေးရပါတယ်။ တံတားရဲ့ ချောင်းဆုံဘက်ခြမ်းမှာ ကားကို ခဏရပ်။ မော်လမြိုက်ဘက် ဓာတ်ပုံလှမ်းရိုက်တော့ တောင်ဝိုင်း တောင်တန်းပေါ်က စေတီတွေ နောက်ခံနဲ့ လှပနေပါတယ်။ ဟိုဘက်နှားမှာတော့ သံလွင် (မုတ္တမ) တံတား။ ချောင်းဆုံဘက်အဆင်း လယ်ကွင်းတွေကို ဖြတ်ဖောက်ထားတဲ့ လမ်းက (ဒေသအခေါ် နိုင်လွန် ကတ္တရာ) ချောမွေ့နေပါတယ်။ လေတဖြူးဖြူး တိုက်နေတဲ့ကြားမှာ စပါးခင်းတွေကို မိုင်လောက် ဖြတ်ပြီးတဲ့နောက် အရင် (တံတား မဖွင့်ခင်အထိ) ကူးတို့လှေ အဓိက ကူးတဲ့နေရာ ကော့မုပွန်လမ်းခွဲ ကညှော်ရွာကို တွေ့ရပါ တယ်။ 



အဲဒီရွာအလွန် မိုင်မှတ်တိုင်နားမှာတော့ ဟင်္သာရုပ် အဝိုင်းတစ်ခုကို တွေ့ရပါတယ်။ အဲဒီကနေ ညာ
ဘက်ချိုး၊ ကျွန်းကို တစ်ပတ်ပတ်မယ်ပြင်တော့ ပထမဆုံး သတိထားမိတဲ့ရွာက မုဒွန်း။ ဒီဘက်မှာ တွေ့ရတဲ့အိမ်တွေက ထားဝယ်- မော်လမြိုင်လမ်းတစ်လျှောက်မှာ တွေ့မိတဲ့ အိမ်တွေနဲ့ မတူသလိုပဲ။ နည်းနည်း ရှေးကျတဲ့ အိမ်တွေကို ထိန်းထားနိုင်ဆဲလို့ ပြောရမယ် ထင်ပါတယ်။ ဘီလူးကျွန်းဟာ အလယ်ကောင်မှာ တောင်တန်းကြီးနဲ့ တောအုပ်ကြီးရှိနေပြီး ကမ်းနားတစ်လျှောက်မှာ ရွာတွေ တည်ထားတဲ့သဘောလို့ ယူဆရပါတယ်။

မုဒွန်းရွာအလွန်မှာ ကျောက်သင်ပုန်း ထုတ်တဲ့နေရာ ရှိတယ်ဆိုပေမယ့် ကျွန်တော်သွားတဲ့နေ့က ပိတ်ထားလို့ ကြည့်ခွင့်မရလိုက်ပါ။ အခုခေတ်က ကွန်ပျူတာခေတ်ဆိုတော့ ကျောက်သင်ပုန်း ဘယ်ရောင်းကောင်းတော့မလဲ။ ထုတ်လုပ်သူလည်း အရင်လို မရှိတော့ပါ။ အဲဒီကအလွန် နောက်ထပ် ရွာကြီး တစ်ခုအရောက်မှာတော့ ဆေးတံ အကြီးကြီးတစ်ခုကို ရွာလယ်က စင်မြင့်မှာ ဂုဏ်ယူစွာ တင်ထားတာ တွေ့ရပါတယ်။ ရွာအမည်မေးဖို့ မလိုတော့ပါ။ အဲဒီဆေးတံမှာ Made in Ywalut လို့ စာလုံး အကြီးကြီးနဲ့ ရေးထားတာ တွေ့လိုက်ရပါတယ်။ 



တစ်ချိန်က (မဆလ ခေတ်က) ဆိုရင် ဆေးတံတင်မက၊ စက်ဘီးတာယာ၊ ကားတာယာနဲ့ တခြား အသေး စား စက်မှုပစ္စည်း အတော်များများ ဒီရွာလေးကနေ ထုတ်လုပ်ခဲ့လို့ ကမ္ဘာမှာ နာမည်ကြီးခဲ့ဖူးတယ် မဟုတ်ပါလား။ အဲဒီခေတ်ကို တမ်းတရင်း ကျောက်သင်ပုန်းလိုက်ရှာတော့ ဒီဆေးတံကြီးဘေးနားက ဆိုင်မှာ ဒါဇင်နဲ့ချီ တွေ့မိပါတယ်။ အခုခေတ်မှာ ကျောက်သင်ပုန်းသုံးတဲ့ ကလေးတွေ မရှိတော့ပေမယ့် အမှတ်တရအဖြစ် ဝယ်သူ အတော်များများ ရှိသေးတယ်လို့ ဆိုင်ရှင် အမျိုးသမီးငယ်က ပြောပါတယ်။ ဒီတော့ ကိုယ်လည်း  သူငယ်တန်းဘဝ အမှတ်တရအဖြစ် ကျောက်တံ ချောင်းနဲ့ ကျောက်သင်ပုန်း တစ်ချပ်ကိုဝယ်ပြီး နော်ဝေအထိ သယ်ခဲ့မိပါတော့တယ်။


ဒူဘိုင်းမြို့မှာ ခဏတာ

ရန်ကုန်ကနေ အော်စလိုအပြန် Transit အဖြစ်ဝင်ရတဲ့ ဒူဘိုင်းလေဆိပ်ဆီ လေယဉ်ဆင်းတဲ့အချိန်က ညနေ နာရီ။ ဒီတော့ အသွားတုန်းက ညဘက်ကြီးမို့ ဘာမှမြင်ခွင့်မရလိုက်တဲ့ သဲကန္တာရထဲက မြို့တော် အခြေအနေကို အသေအချာ ကြည့်ခွင့်ရခဲ့တယ် ဆိုပါတော့။ အမှန်တိုင်း ဝန်ခံရရင် စာအုပ်ထဲမှာ ဖတ်ဖူး၊ ရုပ်ရှင်ထဲမှာ မြင်ဖူးတာမှအပ သဲကန္တာရဆိုတာကို အပြင်မှာ တစ်ခါမှမမြင်ဖူးပါ။ သဲပြင်ကြီးက နည်း တာမဟုတ်ပဲ။ ပြီးတော့ သစ်ပင်မရှိတဲ့ ကျောက်တောင်တွေ။ ဒီတောင်တွေဆီ မရောက်ခင် ကျော်ဖြတ်လာခဲ့တဲ့ ပင်လယ်ပြင် အရောင်တောင် အာရှမှတွေ့နေရတဲ့ ရေအရောင်နဲ့ မတူပါဘူး။




ကုန်တင်သင်္ဘော၊ ရေနံတင် သင်္ဘောတွေ အတော်များများ အဲဒီရေပြင်ထဲမှာ ရှိနေပါတယ်။ သဲပြင်တွေ အလွန် သစ်ပင်မရှိတဲ့ ကျောက်တောင်တွေကြားက ချောင်းချောက်လိုနေရာဘေးမှာ ရွာလေးတွေကို လေယာဉ်ပေါ်ကနေ ခပ်ဝါးဝါး လှမ်းမြင်ရပါတယ်။ မြန်မာမှုပြုပြီး ချောင်းချောက်လို့ အလွယ် ခေါ်လိုက် ပေမယ့် ဒီဒေသမှာ မိုးရွာမရွာနဲ့ စမ်းချောင်းတွေရှိ မရှိ ကျွန်တော် မသိပါ။ သေချာတာကတော့ အာရှဒေသက မိုးရာသီ စပါးခင်းတွေလို၊ ဥရောပက နွေရာသီဂျုံခင်းတွေလို စိုက်ခင်းမျိုး ဒီဒေသမှာ မတွေ့မိပါ။ (အထူးစီမံထားတဲ့ စိုက်ခင်းတွေ ရှိတယ်လို့တော့ ဆိုပါတယ်)

ဒူဘိုင်းမြို့နား နီးလာတော့ သဲပြင်ကြီးထဲမှာ ခေတ်မီမြို့ပြ အဆောက်အအုံတွေကို မြင်လာရပါတယ်။ သစ်ပင်တွေ၊ တောအုပ်တွေ မရှိတဲ့အတွက် ကြည့်ရတာ တစ်မျိုးကြီးရယ်။ သဲလယ်ကွင်းတွေထဲ  ကုန်သေတ္တာတွေ ချထားတာနဲ့ တူနေမလားပါပဲ။ ခေတ်မီ အိမ်ရာတွေနဲ့အတူ ဧရာမ အဝေးပြေးလမ်း မကြီးတွေ၊ ခေတ်မီ ကားမျိုးစုံတွေကိုပါ မြင်လာရပါတယ်။ အဲဒီလိုငေးလို့ ကောင်းတုန်း လေယာဉ်က ဒူဘိုင်း နိုင်ငံတကာကွင်းဆီ ရောက်လာပါတယ်။ 

ဒူဘိုင်းရှိ ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံ Burj Khalifa တာဝါ (၈၂၉ ဒသမ မီတာ သို့မဟုတ် ,၇၂၂ ပေ မြင့်ပါတယ်) ဆီ ဓာတ်ပုံလှမ်းရိုက်ပေမယ့် အပူရှိန် များလွန်းလို့ သဲတွေ အရောင်ပြန်နေတာလား။ မြူတွေ ဆိုင်းနေတာလား။ ဘာကြောင့်  မှန်းမသိ။ အားလုံးကို ခပ်ဝါးဝါးသာလှမ်းမြင်ရပါတယ်။ 




အစောပိုင်းမှာ အစီရင်ခံထားတဲ့အတိုင်း ဒီခရီး စဉ်က ဘတ်ဂျက်ခရီးစဉ် (ဈေးပေါတဲ့လေယဉ်) ဆို တော့ ဒီလေယာဉ်ကွင်းမှာ ၁၄ နာရီ ထိုင်စောင့်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကံကောင်းချင်တော့ ဒူဘိုင်းကို လေယာဉ် ဆိုက်တဲ့အချိန်က ညနေ နာရီမို့ နေမဝင်သေး။ (ဒူဘိုင်းက ဥရောပဘက် နီးသွားလို့လား မသိပါ။ နွေရာ သီမှာ ဥရောပနီးနီး နေဝင်ချိန် နောက်ကျပါတယ်) ဒူဘိုင်းကနေ အော်စလိုဆီ လေယာဉ်ထွက်မယ့်အချိန်က မနက် နာရီမှ။ ၁၄ နာရီလုံးလုံး လေဆိပ်ထဲ ထိုင်စောင့်နေရရင် ပျင်းစရာကြီး။

အပြင်ထွက်လည်လို့ ရလားဆိုပြီး Information ဌာနမှာ သွားမေးတော့ နော်ဝေ စာအုပ်ဆို ရတယ်။ ဗီဇာမလိုဘူး ပြောပါတယ်။ ဒေသသုံးငွေ Dirham (Arab Emirates Dirham) လဲဖို့ လိုသေးလားဆိုတော့ မလိုဘူး။ တက္ကစီကအစ အားလုံး ခရက်ဒစ်ကတ်နဲ့ ပေးလို့ရတယ်လို့ အာရပ်ခေါင်းပေါင်းနဲ့ ပြန်ကြား ရေးအရာရှိက အသေးစိတ် ရှင်းပြနေပါတယ်။ ထွက်ပေါက် အမြန်ရှာပြီး Passport Control ဖြတ်တော့ လဝက အရာရှိက စာအုပ်ပေါ် တုံး ထုထည့်လိုက်ပါတယ်။ ကိုယ်ထင်ထားတာက ဥရောပလေဆိပ်တွေမှာ ထွက်လည်သလို စာအုပ်ပေါ် တုံးမထုပဲ ဒီတိုင်းထွက်-ဒီတိုင်း ပြန်ဝင်လာလို့ ရမယ်ပေါ့။

ဒူဘိုင်းလေယဉ်ကွင်းက ဘန်ကောက် သုဝဏ္ဏ ဘူမိထက်ကြီးတယ်ဆိုတော့ တစ်နေရာနဲ့တစ်နေရာ သွားရတာ မချောင်ပါဘူး။ နိုင်ငံတကာ ဆိုက်ရောက် နေရာကနေ အခု အပြင်ထွက်တဲ့နေရာအထိ မိနစ် ၃၀ မက ကြာပါတယ်။ အပြင် ရောက်တော့ အပူချိန်က ၄၀ ဒီဂရီစင်တီဂရိတ်။ ဒါတောင် ညနေ နာရီ လောက်ရှိနေပြီ။ နေ့ခင်းဘက်ဆို ဘယ်လောက်များ ပူလေမလည်းမသိ။ ဒါပေမဲ့ ပြဿနာမရှိ။ ဒီနိုင်ငံက တက္ကစီတွေ၊ အဲကွန်းတွေက အတော်ကို အဆင့်မြင့်ပါတယ်။ (တက္ကစီတွေက နော်ဝေထက်တောင် အဆင့်မြင့်ပါတယ်) 

ထူးထူးခြားခြား တက္ကစီသမားက အာရပ်ဝတ်စုံဝတ် အမျိုးသမီးဖြစ်နေပါတယ်။ ဒီမှာအမျိုးသမီး ကားမောင်း ခွင့်ရှိလို့ လားဆိုပြီး မေးကြည့်တော့ ဒီမှာရတယ်။ ဆော်ဒီမှာပဲ မရတာဆိုပြီး အဲဒီအမျိုးသမီးက ချက်ချင်း တုံ့ပြန်ပါတယ်။ မြို့ထဲတစ်လျှောက် ကောင်းလိုက်တဲ့လမ်းတွေ။ ရှေ့မှာပြောခဲ့တဲ့ ချောင်းဆုံက နိုင်လွန် ကတ္တရာလမ်း ငိုလောက်တယ်ပေါ့။ လမ်းကလည်း အသစ်၊ ကားကလည်း အသစ်၊ အဆောက်အအုံတွေ ကလည်း အားလုံး အသစ်စက်စက်လို ဖြစ်နေတော့ မကြာသေးခင်ကမှ ဆောက်ထားတဲ့ မြို့ပြနိုင်ငံသစ် တစ်ခုဆီ ရောက်နေသလိုပါပဲ။

ဒါပေမဲ့ အချိန်ကညနေ နာရီကျော်မို့လား မသိ။ လမ်းပေါ်မှာ လူတွေ သိပ်မတွေ့ရဘဲ ကားတွေပဲ တွေ့နေရ ပါတယ်။ တကယ်ဆို တက္ကစီမစီးဘဲ မိုးပျံရထားဖြစ်ဖြစ်၊ ဘတ်စ်ကားဖြစ်ဖြစ် စီးလိုက်ရင် ဈေးသက်သာတဲ့ အပြင် လူတွေနဲ့လည်း ပိုတွေ့ရမယ်ပေါ့။ အခုတော့ တက္ကစီခက Dirham ၈၀ သို့မဟုတ် ၂၀ ယူရိုတဲ့။ အော်စလိုထက် ဈေးသက်သာပေမယ့် ဘန်ကောက်နဲ့စာရင် အတော်များနေတာပေါ့။ ကားရပ်တဲ့နေရာက ကမ္ဘာ့အမြင့်ဆုံးတာဝါ Burj Khalifa ရှေ့မှာ။ အဲဒီတာဝါဆီ လမ်းလျှောက်သွားပြီး ဘန်ကောက်က Baiyoke ဘိုင်ယုတ်တာဝါလိုအပေါ် တက်ကြည့်လို့ ရမယ်ထင်ထားပေမယ့် အဲဒီလို မဟုတ်ပြန်။ 

ကားပေါ်ကဆင်းတာနဲ့ ၄၃ ဒီဂရီ ရှိတဲ့အပူရှိန်က မျက်နှာကို လာဟပ်ပါတယ်။ ဒီတော့ ကိုယ်ရှေ့က လူတွေ ဝင်သွားတဲ့ ကုန်တိုက်ကြီးထဲပဲ လိုက်ဝင်သွားရပါတယ်။ Wow! လို့ အသံထွက်ပြီး အော်မိတဲ့အထိ ကုန်တိုက်ထဲမှာ လူတွေက နည်းနည်းနောနော မဟုတ်။ အပူရှိန်ပြင်းလွန်းတဲ့အပြင်မှာ လူရှင်းသလောက် ကုန်တိုက်ထဲမှာ လူတွေအားလုံး လာစုနေတယ် ပြောရမလားပါပဲ။ ထူးတာက ဒေသခံတွေ (အာရပ် ခေါင်းပေါင်းနဲ့အမျိုးသား၊ ဝတ်ရုံနက်နဲ့ အမျိုးသမီး) ကို သိပ်မတွေ့ရဘဲ လူဖြူ၊ လူမည်းနဲ့ အာရှသား (အထူးသဖြင့် တောင်အာရှသားတွေ) တွေကို အတော် များများ တွေ့ရခြင်းပါ။

ရောက်ဖူးသမျှ ကုန်တိုက်တွေထဲမှာ ဒီကုန်တိုက်က အကြီးဆုံးလို့ ထင်မိတာပါပဲ။ ကိုယ်က ဈေးဝယ်ဖို့ မဟုတ်ဘဲ တာဝါ ရှိနေတဲ့နေရာဆီ ဒီကုန်တိုက်ထဲကနေ ဖြတ်သွားနေတာဆိုတော့ လိုရင်းနေရာကို တော်ရုံနဲ့ မရောက်နိုင်ဖြစ်နေပါတယ်။ အတော်လေး လျှောက်ပြီး ကုန်တိုက် ဟိုဘက်ထိပ်နားရောက်မှ တာဝါကိုမြင်နိုင်တဲ့ ထွက်ပေါက်ကို တွေ့ပါတယ်။ အဲ ... ကုန်တိုက်ထဲမှာတွေ့တဲ့လူ အတော်များများကလည်း ကိုယ့်လိုပဲ တာဝါကို ရှာနေသူတွေပါလား။ တာဝါရှေ့ ရေပြင်ဘေးမှာ လူအုပ်ကြီးက နည်းတာမဟုတ်။ တစ်ထောင်မက ရှိမယ်ထင်ပါတယ်။

ရေပြင်မှာ ရိုးရာလက်လှော်လှေတွေရှိနေပြီး ရေပန်းတွေကို ရောင်စုံမီးနဲ့ထိုးတဲ့အတွက် ညနေခင်းဟာ လှပနေပါတယ်။ ရေပန်းတွေ အလွန်မှာတော့ ကမ္ဘာ့အမြင့်ဆုံး တာဝါကြီးက မီးရောင်စုံတွေနဲ့ ပြိုးပြိုး ပြက်ပြက်။ ရိုးရာတေးဂီတကိုလည်း အသံငြိမ့်ငြိမ့်လေး ဖွင့်ပေးထားပါသေးတယ်။ လက်ကိုင်ဖုန်း အသီးသီး၊ ကင်မရာ အသီးသီးနဲ့ ရိုက်နေကြတဲ့ ဓာတ်ပုံမီးရောင်တွေက တဖျပ်ဖျပ်။ ဒီမှာ ရောက်နေတဲ့ လူတစ်ထောင် ကျော်စလုံး ကိုယ်လိုပဲ ဧည့်သည်တွေချည်းပေါ့။



ဒီလို မီးရောင်စုံထွန်းပြီး ဂီတာသံနဲ့ ဖျော်ဖြေတာက နာရီဝက်လောက်တော့ ကြာမယ်ထင်ပါတယ်။ ဒါမှမဟုတ် နာရီဝက်ထက်ပိုပြီး လူတွေ အဆောက်အအုံအပြင်မှာ (ပူအိုက်လွန်းလို့) မနေနိုင်လို့လား မသိပါ။ မီးမှိတ်- ဂီတသံ ပိတ်ပြီးချိန်မှာ အားလုံး ကုန်တိုက်ထဲ ပြန်ဝင်လာကြပြန်ပါတယ်။ တာဝါကိုမြင်ရဖို့ အရေး ပြေးရင်းလွှားရင်းနဲ့ ဗိုက်က အတော်ဆာနေပြီ။ ထုံးစံအတိုင်း ထမင်း သို့မဟုတ် ခေါက်ဆွဲရနိုင်တဲ့ ဆိုင်တွေ လိုက်ရှာတော့ ဒူဘိုင်း ကုန်တိုက်ထဲမှာလည်း အာရှဆိုင်တွေက အများကြီး။

Noodle Garden မှာ ထမင်းပါရလို့ အတော် အိုကေ သွားပါတယ်။ ဒါပေမဲ့ ဒီနိုင်ငံမှာ ထမင်းလမ်းပြ (ဘီယာ- ယမကာ) မရတာ အတော်ဆိုးပါတယ်။  အများပြည်သူနဲ့ ဆိုင်တဲ့နေရာတွေမှာ မရတာသာဖြစ်ပြီး ဟိုတယ်တွေ၊ သီးခြား နေရာတွေမှာတော့ လိုသလောက် ရပါတယ်လို့ စားပွဲထိုးက အသေအချာ ရှင်းပြနေ ပါတယ်။ ဒီလောက်ပူတဲ့ ရာသီအောက်မှာ  ရေခဲစိမ် ဘီယာလေး သောက်လိုက်ရရင် ဘယ်လောက်ကောင်း မလဲ။ မရပါဘူးဆိုပါမှ ဘန်ကောက်က စင်းဂါးနဲ့ ရန်ကုန်က မြန်မာဘီယာတွေကို ပိုလွမ်းမိသလိုလို။ ထမင်းကြော်တစ်ပွဲနဲ့ အအေးတစ်ခွက်ကို Dirham ၈၀ ဝန်းကျင် (ဒေါ်လာ ၂၀) ဆိုတော့ ဈေး သိပ်ကြီး တယ်လို့ မဆိုသာပါ။


ဒူဘိုင်းဟာ အရင်က ရေနံက ရတဲ့ဝင်ငွေနဲ့ နာမည်ကြီးခဲ့ပေမယ့် အခုတော့ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း၊ အိမ်ရာ-အဆောက်အအုံ ရောင်းဝယ်-ငှားရမ်း လုပ်ငန်း၊ ငွေကြေးလုပ်ငန်းနဲ့ အခြား ဝန်ဆောင်မှု လုပ်ငန်း တွက အဓိက ထွန်းကားနေတယ်လို့ ဆိုပါတယ်။ ၂၀၁၆ မှာ ကမ္ဘာလှည့်ခရီးသည် ၁၅ သန်းလာပြီး ၂၀၂၀ မှာ သန်း ၂၀ လာဖို့ မှန်းထားကြပါတယ်။ ဒေသခံ လူဦးရေက သန်းတောင် မပြည့်တဲ့အတွက်
ဒသခံဦးရေထက် ဧည့်သည်ဦးရေ ပိုများနေတဲ့ မြို့တော်ဆိုရင်လည်း မမှားပါဘူး။ ၁၅ သန်းထဲမှာ တစ်ဦး အပါဝင်ဖြစ်တဲ့ စာရေးသူကတော့ ဒူဘိုင်းတာဝါနဲ့ ကုန်တိုက်မှာ နာရီနီးပါး လျှောက်ငေး၊ ဓာတ်ပုံတွေ ရိုက်ပြီးတဲ့နောက် ဥရောပမဲဇာဆီ ဦးလှည့်ဖို့ လေယာဉ်ကွင်းဆီ ပြန်လာခဲ့ရပါတယ်။       

Share

Twitter Delicious Facebook Digg Stumbleupon Favorites More