The Voice Daily, 26-June-2017
ဒုက္ခသည်အများဆုံးတင်ပို့တဲ့ နံပတ် ၈ နိုင်ငံ
ဇွန်လ ၂၀ ရက်နေ့၊ အပြည်ပြည်ဆိုင်ရာ ဒုက္ခသည်များနေ့ (World Refugee Day)မှာ ထုတ်ပြန်တဲ့ ကုလသမဂ္ဂ အစီရင်ခံစာတွေအရ စစ်ပွဲတွေ၊ အကျန်းဖက်မှုတွေ၊ ခွဲခြားဆက်ဆံမှုတွေကြောင့် မူရင်းဒေသကို စွန့်ခွာထွက်ပြေးလာရသူ ၂၀၁၆ အကုန်မှာ ၆၅ သန်းကျော်ရှိတယ်လို့သိရပါတယ်။ အဲဒီထဲမှာ ဒုက္ခသည် (Refugee)၊ ပြည်တွင်း ဒုက္ခသည် (IDP) နဲ့ တခြားနိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့်လျောက်သူ (asylum seeker) တို့ပါဝင်ပါတယ်။
ဒုက္ခသည်အများဆုံးထွက်တဲ့နေရာ ၃ ခုကတော့ ဆီးရီးယား၊ အာဖဂန်နဲ့ တောင်ဆူဒန်တို့ဖြစ်ပါတယ်။ ပြည်တွင်း ဒုက္ခသည်အများဆုံးဖြစ်နေတဲ့နေရာက ကိုလံဘီယာဖြစ်တယ်လို့ဆိုပါတယ်။ ၁၉၉၇ ခုနှစ်စာရင်း အရ ၃၄ သန်းနီးပါး ရှိနေရာကနေ အခု ၂၀၁၇ အစမှာ ၆၆ သန်းနီးပါးရှိလာတဲ့အတွက် နှစ် ၂၀ အတွင်း ဒုက္ခသည်ဦးရေ ၂ ဆ တိုးလာတဲ့ သဘောဖြစ်ပါတယ်။
အရှေ့အလယ်ပိုင်းဒေသနဲ့ အာဖရိကမြောက်ပိုင်းမှာ စစ်ပွဲတွေ ဒီလောက်အကြီး အကျယ်ဖြစ်နေမှတော့ ဒုက္ခသည်တိုးလာတာ သိပ်မထူးဆန်းလှဘူးလို့ထင်စရာပါ။ ဒါပေမဲ့ အဲဒီအစီရင်ခံစာထဲမှာ ဆီးရီးယား၊ အာဖဂန်၊ တောင်ဆူဒန်၊ အီရပ် စသဖြင့် စစ်ပွဲတွေအကြီးအကျယ်ဖြစ်နေတဲ့နိုင်ငံတွေပြိးရင် ငြိမ်းချမ်းရေးဆွေး နွေးနေတဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ဒုက္ခသည်အများဆုံးတင်ပို့တဲ့ နံပတ် ၈ နေရာမှာရှိနေတယ်လို့ဖေါ်ပြ လိုက်တဲ့အခါမှာတော့ အတော် အံ့သြသွားပါတယ်။
စာရင်းအတိအကျကိုပြောရမယ်ဆိုရင် ၂၀၁၅ အကုန်မှာ မြန်မာဒုက္ခသည်ဦးရေ ၄ သိန်း ၅ သောင်းကျော် ရှိနေရာကနေ အခု ၂၀၁၆ အကုနု်မှာ ၄ သိန်း ၉ သောင်းကျော်အထိရှိလာတယ်။ ဒါဟာ မနှစ်ကထက် ဒုက္ခသည် ၄ သောင်းကျော်တိုးလာတဲ့သဘောဖြစ်ပါတယ်။ ဒါ မူရင်းဒေသကနေ ပြည်ပနိုင်ငံတွေဆီရောက် သွားတဲ့၊ အတိအကျပြောရမယ်ဆိုရင် ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ မလေးရှားနဲ့ အိန္ဒီိယနိုင်ငံတွေဆီရောက်သွားတဲ့ စာရင်းသာဖြစ်ပြီး IDP ခေါ် ပြည် တွင်း ဒုက္ခသည်စခန်းကလူတွေ မပါသေးပါဘူး။
၂၀၁၆ အကုန်စာရင်းတွေအရ IDP မှတ်ပုံတင်လုပ်ထားတဲ့ ဦးရေက ၃ သိန်း ၈ သောင်းနီးပါးရှိပါတယ်။ ဒီစာရင်းထဲမှာ ရခိုင်မြောက်ပိုင်း၊ ရှမ်း-မြောက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ ထိုင်း-မြန်မာနယ်စပ် မြန်မာနယ်မြေ ထဲရှိ IDP စခန်းက လူတွေပါဝင်ပါတယ်။ မှတ်ပုံတင်မသွင်းရသေးသူ ဘယ်လောက်ရှိနေသေးသလဲ၊ ဒီ အစီရင်ခံစာနဲ့တချိန်တည်းနီးပါး ထွက်ပေါ်လာတဲ့ ကချင်ပြည်နယ် တနိုင်းဒေသ တိုက်ပွဲအတွင်း နောက်ထပ် IDP ဘယ်လောက်တိုးလာနေသလဲ။ သေချာတာကတော့ ဒုက္ခသည်ဦးရေ၊ IDP ဦးရေတွေဟာ လက်နက် ကိုင်ပဋိပက္ခတွေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ၊ လူမျိုးရေး၊ ဘာသာရေး ပတိပက္ခတွေနဲ့ ဆက်စပ်နေပါ တယ်။
NLD အစိုးလက်ထက်မှာ ဒုက္ခသည်တွေ ပိုတိုးလာ
ပြည်တွင်း-ပြည်ပ မြန်မာမီဒီယာတချို့ရဲ့ မေးခွန်းထုတ်မှုကတော့ ရွေးကောက်ခံအရပ်သားအစိုးရ NLD အာဏာရလာချိန်၊ ၂၁ ပင်လုံညီလာခံတွေ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ မာရသွန်လုပ်နေချိန်မှာ ဒုက္ခသည် ဦးရေက လျော့ကျမသွားတဲ့အပြင် ဘာကြောင့် အရင်အစိုးရလက်ထက်ကထက်တောင် ပိုတိုးလာတာလဲဆို တာပါပဲ။ ဒါဟာ NLD အစိုးရတက်လာရင် တိုင်းပြည် ပိုငြိမ်းချမ်းလာမယ်။ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခ တွေ တစုံတရာပြေလည်သွားမယ်ဆိုပြီး ကြိုတင်မျှော်လင့်ထားတာတွေကြောင့်ဖြစ်နိုင်ပါတယ်။
NLD ထောက်ခံသူတွေကတော့ ဒါဟာ လက်ရှိအစိုးရကြောင့်မဟုတ်ဘူး။ အရင်အစိုးရလက်ထက်က ချန်ထားတဲ့ အမွေဆိုးတွေသာဖြစ်တယ်လို့ ဆင်ခြေပေးနိုင်ပါတယ်။ ဒီဆင်ခြေကို ငြင်းဖို့ခက်ပါတယ်။ ဘာကြောင့်လဲဆို အခု နိုင်ငံတကာမီဒီယာလောက အထူးစိတ်ဝင်စားနေတဲ့ ရခိုင်မြောက်ပိုင်းက ဒုက္ခသည်ပြသာနာဆိုရင် အရင် န၀တ၊ နအဖ စစ်အစိုးရခေတ် နှစ် ၂၀ ကျော်ကာလမှာ လုံးဝငြိမ်နေပြီး NLD အစိုးရ မတိုင်ခင် ဦးသိန်းစိန်အစိုးရလက်ထက်ကျမှ ရုတ်တရက်ပေါ်လာလို့ဖြစ်ပါတယ်။
တခါ IDP ခေါ် ပြည်တွင်းဒုက္ခသည်အများဆုံးရှိနေတဲ့ ကချင်၊ ရှမ်း-မြောက် ဖက်က ပြသာနာဆိုရင်လည်း ၁၉၉၀ ၀န်းကျင် အပစ်အခတ်ရပ်စဲရေး ပထမ ကာလကတည်းက ငြိမ်သက်နေပြီး ဦးသိန်းစိန်အစိုးရခေတ် ၂၀၁၁ နောက်ပိုင်းမှ ရုတ်တရက်ပြန်ပေါ်လာပါတယ်။ အဲဒီတိုက်ပွဲတွေမတိုင်မီအထိ ဒုက္ခသည်လို့ပြော လိုက်ရင် ထိုင်း-မြန်မာနယ်စပ် တလျောက်က စစ်ပြေးဒုက္ခသည်စခန်းတွေကိုသာ ပြေးမြင်လေ့ရှိပါတယ်။ အခုတော့ ပြောင်းသွားပြီ။ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ တနသာင်္ရီ တိုင်း သို့မဟုတ် တောင်ပိုင်းဒေသမှာ တိုက်ပွဲတွေငြိမ်သွားပြီး ကချင်နဲ့ ရှမ်း-မြောက် သို့မဟုတ် မြောက်ပိုင်း ဒေသမှာ တိုက်ပွဲတွေ ပြင်းထန်လာနေပါတယ်။
တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ န၀တ၊ နအဖ စစ်အစိုးရခေတ်တလျောက်လုံး ပြင်းပြင်းထန်ထန် တိုက်ပွဲဖေါ်ခဲ့တဲ့ KNU (ကရင့်အမျိုးသားအစည်းအရုံး)၊ KNPP (ကရင်နီအမျိုးသားတိုးတက်ရေးပါတီ)၊ SSA (ရှမ်းပြည်တပ်မတော်) တို့ဟာ ဦးသိန်းစိန်အစိုးရလက်ထက်မှာ အပစ်ရပ်လက်မှတ်ရေးထိုးလိုက်ပါပြီ။ ဒါပေမဲ့ အရင် စစ်အစိုးရခေတ်တလျောက်လုံး အပစ်ရပ်ထားတဲ့ KIA (ကချင်လွတ်လပ်ရေးတပ်မတော်), SSPP (ရှမ်းပြည်တိုးတက်ရေးပါ တီ), MNDAA (ကိုးကန့်အဖွဲ့), TNLA (တအောင်းလွတ်မြောက်ရေးတပ်မတော်) တို့က အပစ်ရပ်စာချုပ်တွေ ပျက်ပျယ်ပြီး တိုက်ပွဲတွေ ပြန်ဖြစ်လာခဲ့ပါတယ်။
တနည်း အားဖြင့်ပြောမယ်ဆိုရင်တော့ ဦးသိန်းစိန်အစိုးရလက်ထက်က စခဲ့တဲ့ ရခိုင်မြောက်ပိုင်းပြသာနာနဲ့ ကချင်၊ ရှမ်း-မြောက်ဒေသက တိုက်ပွဲပြသာနာတွေကို လက်ရှိ NLD အစိုးရက တာဝန်ယူဖြေရှင်းပေးဖို့ကြိုး စားနေတယ်ဆို ပါတော့။ ဒါပေမဲ့ NLD အစိုးရ တနှစ်ကျော်သက်တန်းကာလအတွင်း သိသာတဲ့ တိုးတက်မှု ဘာမှမတွေ့ရသေးပါ။
၂၁ ပင်လုံ ညီလာခံဆိုပြီး ၆ လ တခါလောက်ကျင်းပနေပေမဲ့ လိုရင်းဆီမရောက်ပဲ တိုင်းရင်းသားတွေဖက်က ဝေဖန်မှုသာ ပိုတိုးလာနေတာတွေ့ရပါတယ်။ တချိန်က NLD ရဲ့ အဓိကမဟာမိတ်၊ CRPP မှာတလျောက်လုံး ပါခဲ့တဲ့ SNLD ရှမ်းအဖွဲ့ ချုပ် ဥက္ကဌ ခွန်ထွန်းဦးတို့လို ပုဂ္ဂိုလ်တွေကိုယ်တိုင်က NLD ရဲ့ တိုင်းရင်းသားတွေပေါ် ထားတဲ့ မူဝါဒနဲ့ ၂၁ ပင်လုံရဲ့ လုပ်နည်းလုပ်ဟန်တွေကို ဗြောင်ဝေဖန်တဲ့အထိ ဖြစ်လာနေပါတယ်။
ဒီကြားထဲ နောက်ထပ် ရှမ်းနိုင်ငံရေးသမားတဦးဖြစ်သူ၊ အပစ်ခတ်ရပ်စဲရေးကိစ္စမှာ ထဲထဲဝင်ဝင်ကူညီပေးနေ သူ EBO ဥရောပ-မြန်မာရုံးမှ စပ်ဟန်ညောင်ရွှေကို NLD အစိုးရက ပြည်ဝင်ခွင့်ဗီဇာ ထပ်မပေးတော့ဘူး ဆိုပြီး သတင်းတွေထွက်လာပြန်ပါတယ်။ (ဗီးဇီးနက် ဗီဖာပိတ်တာသာဖြစ်ပြီး ဆိုရယ်ဗီဇာနဲ့ လာလည်နိုင် တယ်လို့ အစိုးရဖက်ကပြော)။ ဒါတွေဟာ ရှေ့မတိုးတဲ့အပြင် နောက်ပြန်ဆုတ်မှုတွေရဲ့ အစပျိုးမှု၊ တနည်း အားဖြင့် NLD အစိုးရဟာ ငြိမ်းချမ်းရေးရစေချင်တဲ့ ဆန္ဒပဲရှိပြီး နည်းဗျုဟာတွေ၊ လုပ်နည်းလုပ်ဟန်တွေ ဖက်မှာ အရင် ဦးသိန်းစိန်အစိုးရ လောက်တောင် မလုပ်နိုင်သေးဘူးဆိုတာကို သက်သေပြနေပါတယ်။
ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲများ
ဒုက္ခသည်ပြသာနာကို ပြန်ကောက်ရမယ်ဆိုရင် မြန်မာဒုက္ခသည်တွေထဲမှာ စစ်ပွဲဒဏ်ကလွတ်အောင် ထွက်ပြေးလာသူနဲ့ လူမျိုးရေး၊ ဘာသာရေးခွဲခြားဖိနှိပ်မှု ပတိပက္ခကနေ လွတ်အောင်ထွက်ပြေးလာသူ ၂ မျိုးရှိနေတယ်လို့ဆိုနိုင်ပါတယ်။ အရင် စစ်အစိုးရခေတ်ကလို နိုင်ငံရေးအရသဘောထားကွဲလို့၊ နိုင်ငံရေး အရအမြင်မတူလို့ ဖမ်းဆီးခံရမှုဘေးကနေ လွတ်မြောက်အောင်ထွက်ပြေးလာတဲ့ နိုင်ငံရေးဒုက္ခသည် မျိုးတော့ NLD အစိုးရလက်ထက်မှာ မရှိလာနိုင်တော့ဘူးလို့ ယူဆရပါတယ်။ ဒါပေမဲ့ အခု ပုဒ်မ ၆၆ ဃ နဲ့ဖမ်းဆီးမှုအတော်များနေတာကြောင့် အပြတ်ပြောလို့တော့ မရသေးပါ။
ထားတော့။ အရေအတွက် သိန်းနဲ့ချီရှိနေတဲ့ ပထမ ဒုက္ခသည် ၂ မျိုးကိစ္စ ပြေလည်အောင် ဘယ်လိုဖြေရှင်း ကြမလဲ ဆိုတာကိုပဲ အရင်ဆွေးနွေးကြည့်ရအောင်ပါ။ စစ်အစိုးရ ခေတ်တလျောက်လုံး ငြိမ်နေတာပဲ။ အဲဒီနည်းနဲ့ ဆက်ထိမ်းထားရင် မရဘူးလားဆိုပြီး ဆင်ခြေတော့ လာမပေးပါနဲ့။ စစ်တပ်နဲ့ဖိနှိပ်အုပ်ချုပ်ထား တဲ့နည်းမဟုတ်တဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာတဲ့နည်း။ တနည်းအားဖြင့် ပြသာနာတွေ ခေါင်းထောင်ထ မလာနိုင်အောင် ဖိနှိပ်ထားတဲ့နည်းမဟုတ်ပဲ ပြသာနာတွေပြေလည်သွားအောင် ဘယ်လိုဖြေရှင်းနိုင်မလဲ ဆိုတဲ့နည်းကိုသာဆိုလိုပါတယ်။
ဦးသိန်းစိန်အစိုးရရော၊ လက်ရှိအစိုးရရော စုံစမ်းရေးကော်မရှင်အမျိုးမျီုးဖွဲ့ပြီး ဖြေရှင်းဖို့ကြိုးစားနေပေမဲ့ အဖွဲ့တွေသာ တဖွဲ့ပြီးတဖွဲ့ပြောင်းသွားတယ်။ အဖြေက ထွက်မလာသေးပါ။ ဒုက္ခသည်တွေ ထပ်ထွက်ပြေး တာ။ အခုဆို လက်နက်ကိုင်ပတိက္ခတွေတောင်ရှိလာနေပြီး ဖိလပိုင်က အကျန်းဖက်သမားတွေ၊ အာဖဂန်က အကျန်းဖက်သမားတွေစတိုင် လိုင်ဂူတွေတူး၊ စစ်သင်တန်းတွေပေးပြီး စနစ်တကျပြင်ဆင်တိုက်ခိုက်နေ တယ်လို့ အစိုးရဖက်က ထုတ်ပြောလာပါ တယ်။
ခက်တာက အဲဒီမှာ ဘာဖြစ်နေသလဲဆိုတာကို အစိုးရနဲ့ တပ်မတော်ဖက်ကပဲပြောနေပြီး နိုင်ငံတကာ မီဒီယာတွေ၊ ပြည်တွင်းမီဒီယာတွေကို လွတ်လပ်စွာ သတင်းယူခွင့်ပေးမထားပါ။ ကုလသမဂဖက်က စုံစမ်းရေးကော်မရှင်လွတ်မယ်ဆိုတာကိုလဲ မြန်မာအစိုးရဖက်က လက်မခံပါ။ ဒီတော့ အစိုးရနဲ့ တပ်မတော် ဖက်ကပြောတာကို နိုင်ငံတကာ ဖက်က ယုံကြည်ဖို့အတော်ခက်နေပါတယ်။ ဒါက လတ်တလောဖြေရှင်းရ မဲ့ကိစ္စ။
အချိန်ယူဖြေရှင်းရမဲ့ကိစ္စကတော့ နှစ် ၅၀ ကျော် စစ်အုပ်ချုပ်ရေးကြောင့်ဖြစ်စေ၊ ပြင်ပကမ္ဘာနဲ့အဆက်ပြတ်မှု ကြောင့်ဖြစ်စေ မြန်မာလူထု ကြားစွဲကျန်နေတဲ့ လူမျိုးကြီးဝါဒ၊ ဘာသာကြီးဝါဒ၊ လူမျိုးရေးခွဲခြားမှု၊ ဘာသာရေးခွဲခြားမှု၊ အသားအရောင်ခွဲခြားမှု၊ စသဖြင့် အခြေခံလူ့အခွင့်အရေးထဲက အချက်အတော်များ များကိုလိုက်နာလာအောင် ပညာပေးဖို့လိုနေပါတယ်။ ဒါပေမဲ့ NLD ပါတီဝင်တွေအပါဝင် နိုင်ငံရေးသမား အများစုဟာ လူထုကိုပညာပေးဖို့ထက် လူများစုထောက်ခံမှုရရေးဖက်ကိုသာ ဦးစားပေးနေဆဲဖြစ်ပါတယ်။ လူ့အခွင့်အရေးအကြောင်း ပညာပေးဖို့ထက် အမျိုးသားရေးအမြင်၊ လုံခြုံရေးအမြင်ကို ဦးစားပေးတဲ့နေရာမှာ NLD နဲ့ အရင်အစိုးရတွေ သွားတူနေပါတယ်။
ဒါက အတော့်ကို သိမ်သိမ်မွေ့မွေ့ကိုင်တွယ်ရမဲ့ကိစ္စ၊ အချိန်ယူဖြေရှင်းရမဲ့ကိစ္စပါ။ ဒါဖြင့် တရုတ်-မြန်မာ နယ်စပ်ဖက်မှာ တိုက်ပွဲတွေပြင်းထန်လာနေတဲ့ ကချင်၊ ရှမ်း အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးရဖို့ကော အချိန်တို အတွင်း လုပ်နိုင်မလား။ နောက်တကြိမ် ပင်လုံမှာ လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေအားလုံးပါဝင် ဆွေးနွေး နိုင်မဲ့အလားအလာ ရှိလာနေပြီလား။ အားလုံးပါဝင်လာနိုင်ရေးဟာ မျှော်လင့်ချက်အဆင့်မှာပဲရှိနေသေးပြိး လက်တွေ့မှာတော့ ကချင်ပြည်နယ် တနိုင်းဖက်နဲ့ ရှမ်းပြည်နယ် ကွတ်ခိုင်ဖက်မှာ တိုက်ပွဲတွေသာ ပြင်းထန် လာနေပါတယ်။
ရှေ့ပိုင်းမှာ ဗီဇာမပေးဘူးလို့ငြင်းပယ်ခံရသူ စပ်ဟန်ညောင်ရွှေကတော့ အရာရာကို လုံခြုံနဲ့ဆိုင်တယ်ချည်း ပြောပြိး တပ်မတော်က ကြားဝင်ဦးဆောင်နေမဲ့အစား ငြိမ်းချမ်းရေးကိစ္စဟာ လုံခြုံရေးတခုတည်းနဲ့ဆိုင်တာ မဟုတ်ပဲ နိုင်ငံရေးနဲ့ဆိုင်တာဖြစ်တယ်၊ ဒါကြောင့် တပ်မတော်နဲ့စာရင် လူထုကရွေးထားတဲ့ NLD အစိုးရကို ဦးစီးဆောင်ရွက်ခွင့်ပေး သင့်တယ်လို့ ဗီဇာအငြင်းမခံရခင်လေးကလုပ်ခဲ့တဲ့ BBC မြန်မာပိုင်း အင်တာဗျုး တခုမှာပြောခဲ့ဖူးပါတယ်။
ဆိုလိုတာက ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရက ငြိမ်းချမ်းရေးရချင်တဲ့ဆန္ဒ ဘယ်လောက်ပဲပြင်းထန် နေပါစေ၊ တပ်မတော်ဖက်က ပူးပေါင်းဆောင်ရွက်မှုမရဘူးဆိုရင် ဆွေးနွေးတာကတဖွဲ့၊ လာတိုက်တာကတဖွဲ့ ဆက်ဖြစ်နေဦးမှာပါပဲ။ ဒီအတွက် အစိုးရနဲ့ တပ်မတော်အကြား အသေအချာဆွေးနွေးဖို့လိုပါတယ်။ တချိန် တည်းမှာပဲ NLD အစိုးရဖက်ကနေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲဦးဆောင်ပါဝင်နေသူတွေဟာ စေတနာပဲရှိပြီး ဘာမှအတွေ့အကြုံမရှိ။ ဘာမှ မလုပ်တတ်မကိုင်တတ်၊ ဘာမှမလုပ်ရဲ မကိုင်ရဲဖြစ်နေရင်လည်း ဆွေးနွေးပွဲ တွေက ရှေ့တဆင့်တက်ဖို့ ခက်နေပါလိမ့်မယ်။
အနိမ့်ဆုံးအဆင့်အနေနဲ့ကတော့ ရှေ့တဆင့် ဆွေးနွေးပွဲတွေ မစနိုင်သေးရင်တောင် လောလောဆယ် ဒုက္ခသည် ထပ်တိုးမလာစေရေး၊ IDP တပ်တိုးမလာစေရေးအတွက် အစိုးရနဲ့တပ်မတော်ဖက်က ချက်ချင်း အရေးယူဆောင် ရွက်ပေးဖို့လိုနေပါတယ်။ ဒီအတွက် ရခိုင်မြောက်ပိုင်းမှာ အကျန်းဖက်မှုတွေ ဆက်မဖြစ် အောင်နဲ့ ကချင်၊ ရှမ်း-မြောက် ဖက်မှာ တိုက်ပွဲတွေထပ်မဖြစ်အောင် အင်အားစုအားလုံး ၀ိုင်းကြိုးပန်းဖို့လိုနေ ပါတယ်။ ။