Monday, July 10, 2017

သတင်းသမားတွေကို ထောင်ထဲထည့်ပြီး ဒီမိုကရေစီနိုင်ငံသစ်ဆီ ချီတက်နေသတဲ့လား

The Voice Daily, 10-July-2017

သတင်းသမားများ ဖမ်းဆီးထောင်ချခံရခြင်း

အရင် စစ်အစိုးရခေတ်မှာ သတင်းသမားတွေ၊ နိုင်ငံရေးသမားတွေ၊ တော်လှန်ရေးသမားတွေ ထောင်နဲ့ချီ ဖမ်းဆီးခံခဲ့ရပြီး ကမ္ဘာ့အရက်စက်ဆုံးအစိုးရအဖြစ် စာရင်းဝင်တာ သိပ်မဆန်းပေမဲ့ အခုလို နိုဗယ်ငြိမ်းချမ်း ရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေတဲ့ NLD အစိုးရသစ်လက်ထက်မှာ သတင်းသမားတွေကို ဖမ်းဆီးထောင်ချနေတာကတော့ ကမ္ဘာ့အမြင်မှာ အတော့်ကို ထူးဆန်းနေပါတယ်။


ဒါပေမဲ့ ထူးဆန်းမှုက ဒီလောက်နဲ့မပြီးသေး။ ‘’ဒီလို သတင်းသမား ဦး ဖမ်းဆီးခံရရုံနဲ့ မြန်မာ့မီဒီယာ လွတ်လပ်ခွင့်၊ သတင်းလွတ်လပ်ခွင့်ကို ထိခိုက်မှုမရှိနိုင်ဘူး။ ဒါဟာ သီးခြားစဉ်တခုသာဖြစ်တယ်’’ ဆိုပြီး ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဝင်းထိန်ကပြောလိုက်ပါတယ်။ ပြီးတော့ ဒီသတင်းသမားတွေဟာ (အစိုးရဆီ ခွင့်ပြုချက်မတောင်းခဲ့လို့) တည်ဆဲဥပဒေကိုချိုးဖောက်တာဖြစ်တဲ့အတွက် စစ်တပ်ကအရေးမယူပဲ အစိုးရကတောင် အရေးယူသင့်တယ်လို့ ထပ်ပြောလိုက်ပါသေးတယ်။

ဒါ ဇွန်လ ၂၆ ရက်၊ နိုင်ငံတကာမူးယစ်ဆေးတိုက်ဖျက်ရေးနေ့က ရှမ်းပြည်နယ်အခြေစိုက် တအောင်း-ပလောင် လွတ်မြောက်ရေးတပ်ဖွဲ့ TNLA  စခန်းမှာကျင်းပတဲ့ အခန်းအနားဆီ သတင်းယူပြီးအပြန် စစ်တပ်ရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရတဲ့ ဧရာဝတီနဲ့ DVB သတင်းထောက် ဦးကိစ္စနဲ့ပတ်သက်ပြီးမေးမြန်းစဉ် ဦးဝင်းထိန်က သတင်းထာက်တွေကိုဖြေကြားခဲ့တာဖြစ်ပါတယ်။

ဒီ ဦးမတိုင်ခင် ဖမ်းဆီးထောင်ချခံနေရတဲ့ သတင်းသမားစာရင်းကိုပြောရမယ်ဆိုရင် The Voice သတင်း စာရဲ့ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေအပါဝင် ပုဒ်မ ၆၆ နဲ့ တရားစွဲဖမ်းဆီးခံနေရတဲ့ သတင်းသမား ၁၄ ဦးအထိရှိနေတယ်လို့ မဟာဗျုဟာလေ့လာရေးဌာန Institute for Strategy and Policy- Myanmar ရဲ့ မှတ်တမ်းတခုမှာ ထောက်ပြထားပါတယ်။

ပါတီပြောခွင့်ရပုဂ္ဂိုလ်ရဲ့ အခုလိုဖြေကြားချက်၊ စစ်တပ်နဲ့အစိုးရက သတင်းသမားတွေကို ဆက်တိုက်ဖမ်းဆီး ချက်တွကြောင့် ပြည်တွင်း-ပြည်ပ သတင်းသမားတွေတင်မက နိုင်ငံတကာ အစိုးရတွေ၊ အဖွဲ့အစည်းတွေ ကပါ လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ပါတယ်။ ပြည်တွင်းရှိ သတင်းသမားကာကွယ်ရေးအဖွဲ့တွေ၊ မီဒီယာကောင် စီတွေ၊ သတင်းစာပညာရှင်တွေက ဒီလိုပြောဆိုချက်ကို ၀ိုင်းကန့်ကွက်ပြီး ဖမ်းဆီးခံသတင်းသမားတွေကို ချက်ချင်းလွတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်အဖွဲ့တွေဖြစ်တဲ့ ပြင်သစ်အခြေစိုက် နယ်ခြားမဲ့သတင်းသမား ကာကွယ် ရေးအဖွဲ့ RSF နဲ့ အမေရိကန်အခြေစိုက် သတင်းသမားကာကွယ်ရေးအဖွဲ့ CPJ တို့ကလည်း ကြေညာချက် တွေ ချက်ချင်းထုတ်ပြန်ပြီး သတင်းသမားတွေကို လွတ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ ဒါအပြင် လန်ဒန် အခြေစိုက် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI ကလည်း သတင်းသမားတွေကိုချက်ခြင်းလွတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

တခါ ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးနဲ့ အီးယူ-ဥရောပသမဂ္ဂရုံးတွေကလည်း ကြေညာချက်တွေ ထုတ်ပြီး သတင်းသမားတွေကိုလွတ်ပေးဖို့တောင်းဆိုခဲ့ကြပါတယ်။ လွတ်လပ်စွာထုတ်ဖေါ်ခြင်း၊ တွေးခေါ်ခြင်းတွေဟာ လူသားအားလုံးအတွက်အခြေခံအခွင့်အရေးဖြစ်ပြီး ဒါဟာ ဒီမိုကရက်တစ်လူ့အဖွဲ့ အစည်းတရပ်အတွက် မရှိမဖြစ် အုတ်မြစ်ဖြစ်တယ်လို့ အီးယူ ကပြောထားပါတယ်။ 

သတင်းသမားတွေ၊ လူ့အခွင့်အရေးသမားတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေက အခုလိုဝေဖန်ထောက်ပြ နေပေမဲ့ နိုဗယ်ငြိမ်းချမ်းရေးဆုရှင်ကတော့ အခုချိန်အထိ ဒီကိစ္စအပေါ် ဘာမှထုတ်ပြောခြင်းမရှိသေးပါဘူး။ ဒီလိုရေငုံနှုတ်ပိတ်နေမှုအပေါ် သတင်းသမားတွေ၊ လူ့အခွင့်အရေးသမားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ ကြား အားမလိုအားမရဖြစ်နေကတာကို တွေ့နေရပါတယ်။


တစ္ဆေကြောက်ရောဂါနှင့် အမြင် မျိုး ဝေဒနာရှင်များ

နိုင်ငံတကာအဖွဲ့အစည်းတွေ၊ လွတ်လပ်တဲ့သတင်းသမားတွေက ဖမ်းဆီးခံသတင်းသမားတွေကို ချက်ချင်း လွတ်ပေးပြီး အခြေခံလူ့အခွင့်အရေးကိုလေးစားဖို့ (တပ်မတော်ရဲ့ လောင်းရိပ်ကိုမလွန်ဆန်နိုင်သေးတဲ့) အစိုးရကိုတောင်းဆိုနေပေမဲ့ ပြည်တွင်းက သတင်းသမားတချို့ကြားမှာတော့ ဒီဖမ်းဆီးမှုတွေအပေါ် အမြင် မျိုးဖြစ်နေတာကို ထူးခြားစွာတွေ့လိုက်ရပြန်ပါတယ်။


တမျိုးကတော့ အခု နိုင်ငံတကာအဖွဲ့စည်းတွေကပြောနေသလို မီဒီယာလွတ်လပ်ခွင့် အပြည့်အ၀ပေးဖို့ဆို တာ အထူးရှင်းပြနေရာလိုမယ်မထင်ပါ။ ဒါပေမဲ့ နောက်တမျိုးကတော့ စိုးရိမ်ဖို့ကောင်းပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေဟာ အမေရိကန်လို၊ ဥရောပလို ဒီမိုကရေစီအခြေမခိုင်သေးတဲ့အတွက် အစိုးရက ထုတ်ပြန်ထားတဲ့ တည်ဆဲဥပဒေတွေကို လိုက်နာဖို့လိုတယ်။ အစိုးရဆီက ခွင့်ပြုချက်မယူပဲ သူပုန်နယ်ဆီ သတင်းသွားယူတာဟာ သတင်းထောက်တွေရဲ့အမှားဖြစ်တယ်။ အထူးသဖြင့် အဲဒီသတင်းထောက်တွေကို တာဝန်ပေးလိုက်တဲ့ အယ်ဒီ တာတွေ၊ သတင်းဌာန အုပ်ချုပ်သူတွေမှာ ပိုတာဝန်ရှိတယ်ဆိုတဲ့ အမြင်တမျိုး ပြည်တွင်းက သတင်းသမားတချို့မှာ လွဲမှားစွာ စွဲကပ်နေခြင်းပါပဲ။

ဒီအမြင်ဟာ ရှေ့မှာ ညွှန်းဆိုခဲ့တဲ့ NLD ပြောခွင့်ရပုဂ္ဂိုလ်ရဲ့အမြင်နဲ့တူနေတာကြောင့် ဒီလိုအမြင်ရှိနေသူ အတော်များများကျန်နေဦးမယ်လို့ ခန့်မှန်းနိုင်ပါတယ်။ ဒါဟာ တည်ဆဲဥပဒေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို မကွဲပြားလို့လား။ ဖွဲ့ စည်းပုံအခြေခံဥပဒေက ပေးထားတဲ့အခွင့်အရေးတွေကို တည်းဆဲဥပဒေ၊ ဒေသဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေက လွှမ်းမိုးနိုင်သလား။ တည့်တည့်ပြောရရင်တော့ လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်တဲ့ တပ်မတော်ကို အားလုံးကကြောက်နေရတဲ့အတွက် တပ်ကမကြိုက်တဲ့နေရာမှာ သတင်းသွားယူမိ တာကိုက ဖမ်းဆီးခံ သတင်းသမားတွေရဲ့အမှားလို့ ယူဆရတော့မလား။

နိုင်ငံတကာ သတင်းလောကမှာတော့ သတင်းထောက်တွေကို တစုံတရာ ချွင်းချက်ပေးထားတယ်လို့ နာလည်ရပါတယ်။ ဥပမာအားဖြင့် ၁၉၉၇ တုန်းက အိုစမာဘင်လာဒင် ကို ပထမဆုံး TV အင်ဗျုးလုပ်ခွင့်ရခဲ့ တဲ့ နယူးဇီလန်-အမေရိကန် နိုင်ငံသား သတင်းထောက် Peter Arnett ဟာ ကမ္ဘာ့အန္တရယ်အကြီးဆုံး သူပုန်ခေါင်းဆောင်နဲ့ တွေ့ခွင့်ရဖို့အတွက် ဘယ်အစိုးရဆီကမှ ခွင့်တောင်းသွားခြင်းမရှိပါ။ ဒီလိုခွင့်ပြုချက် မရပဲ သူပုန်နဲ့သွားတွေ့လို့ဆိုပြီး နယူးဇီလန်နဲ့ အမေရိကန်အစိုးရတွေက သူ့ကိုဖမ်းဆီးအရေးယူတာမျိုး မကြားမိပါဘူး။

ဒါက မြန်မာနဲ့ဝေးပါသေးတယ်။ နီးနီးနားနား ထိုင်း-မြန်မာနယ်စပ် သူပုန်စခန်းတွေဆီ သတင်းသွားယူတဲ့ ထိုင်း တင်းထောက်တွေ၊ ထိုင်းအခြေစိုက် နိုင်ငံတကာသတင်းထောက်တွေကိုကော ဘယ်အစိုးရကများ ဖမ်းဆီးအရေးယူတယ်လို့ ကြားမိပါသလဲ။ လေးလုံးကာလက ဘန်ကောက်ရှိ မြန်မာသံရုံးကို ၀င်သိမ်းခဲ့တဲ့ စွမ်းအားမြင့် စစ်သည်တော်များ VBSW အဖွဲ့ခေါင်းဆောင် ကိုဂျော်နီ၊ သူတို့အဖွဲ့ကိုလက်ခံထားတဲ့ ဘုရား သခင်တပ်မတော် God Army ရဲ့ အမွှာညီနောင်တပ်မှုး ဦးရှိရာ ကမာပလောဆီသွားပြီး သတင်းယူတဲ့၊ TV အင်တာဗျုးလုပ်ခဲ့တဲ့ ထိုင်းသတင်းထောက်တွေကို ထိုင်းအစိုးရက ဖမ်းဆီးအရေးယူတယ်လို့ မကြားမိ ပါ။

အစိုးရဆီက ခွင့်ပြုချက်မရပဲ ဒီလိုသတင်းသွားယူမိလို့ အဲဒီသတင်းထောက်မှာအပြစ်ရှိတယ်ဆိုပြီးလည်း ဘယ်သူကမှ မြင်မထားပါ။ စာရေးသူအပါဝင် အဲဒီကာလက ထိုင်းအခြေစိုက် မြန်မာသတင်းထောက်တွေ၊ နိုင်ငံတကာ သတင်းထောက်တွေကြားမှာ အဲဒီအင်တာဗျုးတွေအတွက် အဲဒီထိုင်းသတင်းထောက်က ဂုဏ်ယူဝင့်ကြွားစွာနဲ့ ရပ်တည်ခဲ့တာ မှတ်မိနေပါသေးတယ်။ မြန်မာနိုင်ငံမှာကျမှ ဘယ်လိုဖြစ်လို့ သူပုန် နယ်ဆီသတင်းသွားယူတာ အစိုးရဆီက ခွင့်ပြုချက်ယူရမယ်၊ မယူပွဲသွားတာဟာ တည်ဆဲဥပဒေကို ချိုးဖောက်တာကြောင့်အပြစ်ရှိတယ်။ ပုဒ်မ ၁၇- တရားမ၀င်အသင်းအဖွဲ့တွေနဲ့ဆက်သွယ်မှုနဲ့ညှိတယ်ဆိုပြီး ဖြစ်သွားရတာလဲ။

စစ်တပ်က အာဏာသိမ်းထားတဲ့ ထိုင်းနိုင်ငံ သတင်းလွတ်လပ်ခွင့်က နိုဗယ်ငြိမ်းချမ်းရေးဆုရှင် အစိုးရ အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံ မီဒီယာလွတ်လပ်ခွင့်ထက် ရှေ့ကိုပိုရောက်နေပြီလား။ ဒါမှမဟုတ် တပ်မတော်နဲ့ အာဏာပိုင်အမျိုးမျိုးကို နှစ်ပေါင်း ၅၀ ကျော် ကြောက်လာခဲ့ရတဲ့အကျိုးဆက်အဖြစ် အခုချိန်ထိ တပ်မတော် ကိုမြင်တာနဲ့ တစ္တေခြောက်ခံရသလို အလိုလိုကြောက်ဒူးတုန်နေဆဲလားဆိုတာ မေးခွန်းထုတ်စရာပါ။


ပြည်ပအခြေစိုက် မီဒီယာ လိုအပ်နေဆဲလား

နိုင်ငံတကာအခြေအနေနဲ့ယှဉ်ပြောတိုင်း မြန်မာနိုင်ငံအခြေအနေက အမေရိကန်တို့ ဥရောပတို့လို မဟုတ် သေးဘူး။ အခုမှ ဒီမိုကရေစီစနစ်ဆီအသွင်းပြောင်းဖို့စတင်ကြိုးစားဆဲဆိုတော့ အားလုံးနဲ့အဆင်ပြေအောင်၊ တည့်တည့်ပြောရရင် တပ်မတော်နဲ့ အဆင်ပြေအောင် လိုက်လျောညီထွေလုပ်နိုင်မှ ရှေ့ကိုရွေ့မယ်။ သူတို့ မကြိုက်တာ၊ သူတို့နဲ့ထိပ်တိုက်တိုးတာသွားလုပ်မိရင် ရှေ့မတိုးနိုင်ဖြစ်နေမှာပေါ့ ဆိုတဲ့ လက်နက်ကိုင်တွေကို တစ္ထေကြောက်နေတဲ့ရောဂါဟာ သာမန်ပြည်သူ ကြားမှာတင်မကပဲ သတင်းသမားတချို့ကြားမှာပါ စွဲကပ်နေ တာ စိုးရိမ်စရာပါပဲ။


ဒီအမြင်ဟာ အရင် မဆလ ခေတ်က ရေးပန်းစားခဲ့တဲ့ ‘’မြန်မာ့နည်းမြန်မာ့ဟန် လမ်းစဉ်အောင်ရမည်’’ ဆိုတဲ့ ကြွေးကြော်သံလို ဖြစ်လာနိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ထူးခြားတဲ့ သမိုင်းနောက်ခံ၊ မတူကွဲပြားတဲ့ တိုင်းရင်း သားမျိုးစုံနဲ့ တပ်မတ်ာရဲ့အစဉ်အလာတွေကြောင့် အနောက်တိုင်း ဒီမိုကရေစီလို သွားလို့မဖြစ်ဘူး။ မြန်မာ့ ရေမြေနဲ့ကိုက်ညီတဲ့ ပုံစံနဲ့ သွားမှရမယ်လို့ပြောဆိုနေကတည်းက ဒါဟာ စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်း ကနေ နဲနဲလွဲချော်နေတဲ့ သင်္ကေ ဖြစ်ပါတယ်။

သတင်းသမားတွေဖက်ကိုပြန်လှည့်ရမယ်ဆိုရင် အခုဖမ်းဆီးခံရသူ ဦးစလုံးဟာ အပြင်ကနေပြန်ဝင်လာ တဲ့၊ တနည်းအားဖြင့် ၁၉၈၈ နောက်ပိုင်း နယ်စပ်ကိုရောက်ပြီး တော်လှန်ရေးနဲ့အတူပေါ်ပေါက်လာတဲ့ DVB နဲ့ ဧရာဝတီသတင်းဌာနက သတင်းထောက်တွေချည်းဖြစ်နေတာမို့ ဒီလူတွေကိုမှ တမင်ရွေးဖမ်းပြလိုက်တာ လားဆိုတာ သံသယရှိစရာပါ။ တကယ်လို့ ဒီသတင်းထောက်တွေသာ ရန်ကုန်မှာအခြေမစိုက်ပဲ ချင်းမိုင်နဲ့ ထိုင်းနယ်စပ်မှာပဲ အခြေစိုက်ပြီး နယ်စပ်ကနေ ခိုးဝင်သတင်းယူမယ်ဆို ဒီလိုအဖမ်းခံရဘွယ်မရှိဘူးလို့ ယူဆ နိုင်ပါတယ်။

တနည်းအားဖြင့် သတင်းသမားတွေအပါဝင် နိုင်ငံရေးအင်အားစုအားလုံး တပ်မတော်အောက်ကို ခေါင်းလျှို ၀င်သွားလိုက်ရလို အခုလို ပညာပေးတာခံလိုက်ရလားဆိုတာ စဉ်းစားစရာပါ။ တကယ်တော့ ဒီလိုစဉ်းစားမိ တာကိုက လက်ရှိမြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းမှုအခြေအနေဟာ နိုင်ငံတကာအသွင်ကူးပြောင်းမှု နဲ့မတူဘူး။ တပ်မတော်နဲ့ အာဏာပိုင်အဆင့်ဆင့်ကို မျက်စီမှိတ်ယုံလို့မရသေးဘူး။ သတင်းဌာနတွေရဲ့ အသက်ရှုပေါက်အဖြစ် အပြင်မှာ နဲနဲ ချန်ထားဖို့လိုနေသေးတယ်လို့ သတိပေးလိုက်သလိုဖြစ်သွားစေခဲ့ ပါတယ်။

ဒါပေမဲ့ သတင်းဌာနအားလုံးဟာ ဦးသိန်းစိန်အစိုးရခေတ်မှာကတည်းက ခြေကျွံလက်ကျွံဖြစ်သွားခဲ့ကြပြီး ပါပြီ။ အခု နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အစိုးရခေတ်ရောက်မှ နောက်ပြန် ဆုတ်ရမယ်ဆို လူကြားလို့ ဘယ်ကောင်းပါ့မလဲ။ DVB ဆိုတာ တချိန်က ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီရဲ့ သတင်းဌာနတခု ဖြစ်ခဲ့ဖူးတယ် မဟုတ်ပါလား။ 

တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ ဒီမိုကရေစီ စံချိန်စံညွှန်းတွေနဲ့ပတ်သက်ပြီး ငြင်းခုံကြတဲ့ အခါ မီဒီယာ သမားတွေနဲ့ ဒီမိုကရေစီစံချိန်ကိုအလေးထားတဲ့ နိုင်ငံရေးသမားတွေ ဘက်တခုတည်းမှာ ပြန်စုစည်းဖို့လို လာနေပြီလို့ယူ ဆမိပါတယ်။ ဒါပေမဲ့ ဒီယူဆချက်ဟာ အခုချိန်မှာ စိတ်ကူးယဉ်မှုသက်သက်ဖြစ်နေပြီလား။ ဖမ်းဆီးခံမီဒီယာသမားတွေကို လွတ်ပေးပါလို့ နိုဗယ်ဆုရှင်ကပြောမယ်ဆိုရင် တပ်မတော်နဲ့ NLD အစိုးရ ကြား မိတ်ပျက်စရာဖြစ်သွားနိုင်သလား။ 


သေချာတာကတော့ စတုတ္တမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာတွေရဲ့ အသံကို ဒီလိုအသွင်ကူးပြောင်းရေးကာလမှာ လုံးဝ လျော့ပေးလို့မရပါ။ တပ်မတော်နဲ့ အာဏာပိုင်တွေက ငြိုညင်မှာစိုးလို့ဆိုပြီး သူတို့ပြောတဲ့အတိုင်းသာ ငြိမ်ခံ လိုက်မယ်ဆိုရင် အပြောင်းအလဲဟာ စစ်မှန်တဲ့အပြောင်းအလဲဆီရောက်လာမှာမဟုတ်ပဲ မြန်မာ့နည်းမြန်မာ့ ဟန် ဒီမိုကရေစီစနစ်ဆီ ဦးတည်သွားနိုင်ပါတယ်။ ဒါကြောင့် ဒီမိုကရေစီ စံချိန်စံညွှန်းကိုလေးစားသူတိုင်းက သတင်းသမားတွေ လွတ်မြောက်ရေး၊ သတင်းလွတ်လပ်ခွင့်ရရှိရေးအတွက် အားလုံးလက်တွဲဆောင်ရွက်ဖို့ လိုနေပါတယ်။     

Tuesday, July 4, 2017

ဟောလီးဒေးရာသီနှင့် ၀န်ဆောင်မှု အနုပညာ

The Voice Daily, 03-July-2017.

ဟောလီးဒေးနှင့် ဟောလီးဒေး မန်းနီး 

ဥရောပမှာ နွေရောက်ပြီဆိုတာနဲ့ (ဇွန်-ဇူလိုင်-သြဂုတ်) ဟောလီးဒေးရာသီ၊ ဟောလီးဒေးမန်းနီး ဆိုတဲ့အသံတွေ တခါကျယ်လာပြန်ပါတယ်။ တဆောင်းလုံး ရေခဲအမှတ်အောက်မှာကွေးပြီး ဂူအောင်းနေခဲ့ရသူတွေဆိုတော့ နွေရောက်လို့ နေရောင်ချည်ကို မြင်ရပီဆိုတာနဲ့ အလုပ်နားပြီး ခရီးထွက်ချင်ကြတာ အဆန်းတော့မဟုတ်ပါ။ ဒါပေမဲ့ (မြန်မာတွေအတွက်) ဆန်းနေတာက ခရီးထွက်ဖို့အတွက် တနှစ်တခါပုံမှန်ရနေတဲ့ ဟောလီးဒေးမန်းနီးပါ။


မြန်မာနိုင်ငံမှာအခြေစိုက်တဲ့ နိုင်ငံခြားကုပဏီကြီးတွေ၊ ပြည်ပကနေ ပြန်ဝင်သွားတဲ့ မီဒီယာကုပဏီတွေ၊ INGO, NGO တချို့မှာ အနောက်တိုင်းပုံစံဟောလီးဒေးပေးတဲ့စနစ်၊ ဟောလီးဒေးမန်းနီးပေးတဲ့စနစ် ရှိနေပြီလို့ကြားရပေမဲ့ အစိုးရ၀န်ထမ်းတွေ၊ အများပြည်သူတွေအတွက်တော့ ဟောလီးဒေးရာသီနဲ့ ဟောလီးဒေးမန်းနီးဆိုတာဟာ အစိမ်းသက်သက်ဖြစ်နေဦးမယ်ထင်ပါတယ်။

စာရေးသူရောက်နေတဲ့ နော်ဝေးနိုင်ငံရဲ့ ဟောလီးဒေးရာသီနဲ့ ဟောလီးဒေးမန်းနီးအကြောင်း အကျဉ်းရုံး ပြောရမယ်ဆိုရင် အလုပ်လုပ်သူတိုင်း တနှစ်မှာ တလ ဟောလီးဒေးရပါတယ်။ (ခရစ်စမတ်ရုံးပိတ်ရက်၊ သင်္ကြန်ရုံးပိတ်ရက်လို ပုံမှန်ရုံးပိတ်ရက်တွေနဲ့ ဘာမှမဆိုင်ပါ) အဲဒီတလကို အလုပ်ရှင်နဲ့ညှိပြီး ကြိုက်တဲ့ အချိန်ယူနိုင်ပေမဲ့ အများစုကြီးကတော့ အခုလို နွေရာသီရောက်မှ ယူလေ့ရှိပါတယ်။

ဘာကြောင့် နွေမှာ ခွင့်ယူကြသလဲဆိုရင် ဇွန်လတတိယသီတင်းပတ်လောက်မှာ ဟောလီးဒေးမန်းနီး ၀င်လာလို့ပါပဲ။ အဲဒီငွေက ဘယ်ကနေလာသလဲဆိုရင် အကြမ်းအားဖြင့်ကတော့ ကိုယ့်ဝင်ငွေရဲ့ ၁၂ ရာခိုင်နန်းကို အလုပ်ရှင်က ကိုယ့်ဘဏ်ထဲ ထည့်ပေးလိုက်တဲ့သဘောပါ။ ဥပမာ ကိုယ်က တလ ၁၀ သိန်းဝင်ငွေရှိတယ်ဆိုရင် တနှစ်ဝင်ငွေ သိန်း ၁၂၀ ရဲ့ ၁၂ ရာခိုင်နှုန်းဆိုတော့ ၁၄ သိန်းခန့်ဝင်လာတယ် ဆိုပါတော့။

ဇွန်လထဲမှာ အဲဒီဟောလီးဒေးမန်းနီးအပြင် Tax return ခေါ် အခွန်ပြန်အမ်းငွေကလည်း ၀င်လာပါသေး တယ်။ ဒီနိုင်ငံတွေမှာ အခွန်ကောက်တာ ကြမ်းသလားမမေးနဲ့။ အကြမ်းအားဖြင့်ကတော့ ၀င်ငွေရဲ့ ၂၅ ကနေ ၃၅ ရာခိုင်နှုန်းအထိပေးရပါတယ်။ ၁၀ သိန်းဝင်တယ်ဆိုရင် သိန်းခွဲပဲ ကိုယ့်ဘဏ်ထဲဝင်လာပြီး ကျန် သိန်းခွဲကို အစိုးရက Tax ဖြတ်ထားလိုက်တဲ့သဘောပါ။ အဲဒီလို အခွန်ပေးထားတဲ့အတွက် အခမဲ့ဆေးဝါး ကုသခွင့်၊ အခမဲ့ပညာသင်ကြားခွင့်၊ အလုပ်လက်မဲ့ခံစားခွင့်အပါဝင် အရေးကြီးတဲ့အခွင့်အရေး အတော်များ များခံစားခွင့်ရှိပါတယ်။

ဟောလီးဒေးဖက်ကိုပြန်ကောက်ရမယ်ဆိုရင် အဲဒီ ဟောလီးဒေးမန်းနီးရယ်၊ အခွန်ပြန်အမ်းငွေရယ်ပေါင်း လိုက်ရင် ပုံမှန်တလစာဝင်ငွေရဲ့ ဆ၀န်းကျင်ရှိတာမို့ အိမ်လခ၊ ကားလခ၊ ဘာခ-ညာခ ပုံမှန်ပေးပြီးရင် တောင် တလစာဝင်ငွေ နီးပါးကျန်နေသေးတဲ့အတွက် ဒီလိုနွေရာသီမှာ ဥရောပသားတွေ နင်းကန် ခရီးထွက်ကြတာပေါ့။ နောက်တခါ ဒီက ကျောင်းတွေကလည်း ဇွန်-ဇူလိုင်မှာ နွေရာသီ လလောက် ပိတ်တော့ ကလေးရှိသူတွေ အတော်များများ ဒီရာသီမှာ ခရီးထွက်နေကြတာဖြစ်ပါတယ်။

ဒီလိုခရီးထွက်သူတွေထဲ အနောက်တိုင်းရောက် မြန်မာတွေလဲ ဘယ်နည်းပါ့မလဲ။ နော်ဝေးနိုင်ငံတခု တည်းကတင် ဇွန်-ဇူလိုင်မှာ မြန်မာပြည်ပြန်လည်တဲ့ အဝေးရောက်မြန်မာဦးရေ ၂၀-၃၀ လောက်ရှိမယ်ထင် ပါတယ်။ တခြားနိုင်ငံတွက ပြည်တော်ပြန်မြန်မာတွေပါပေါင်းလိုက်ရင် ရာနဲ့ချီရှိမယ်ဆိုတာ သံသယရှိ စရာမလိုပါဘူး။


မြန်မာ့ဟောလီးဒေးရာသီက ဘယ်လိုလဲ

မြန်မာနိုင်ငံမှာ အခွန်ကောက်တဲ့စနစ်၊ အခွန်ခံစားခွင့်စနစ်အသေအချာမရှိသေးတဲ့အတွက် ဟောလီးဒေးနဲ့ ဟောလီဒေးမန်းနီးစနစ်လဲမရှိသေးပါ။ ဒါဖြင့် မြန်မာတွေ ဟောလီးဒေးမယူကြဘူးလား၊ ဟောလီးဒေး မသွားကြတော့ဘူးလား။ ဒီလိုလဲ မဟုတ်သေးပါ။ သူ့နည်းသူ့ဟန်နဲ့ ဟောလီးဒေးသွားနေသူတွေ အတော်များများရှိနေတာကို တွေ့နေရပါတယ်။



အကြမ်းအားဖြင့်ကတော့ သင်္ကြန်ရုံးပိတ်ရက်မှာ အိမ်နီးချင်းနိုင်ငံတွေဆီခရီးထွက်သူနဲ့ မြန်မာနိုင်ငံတ၀ှမ်း ဘုရားဖူးသွားသူတွေများပါတယ်။ အလွန်ငွေကြေးချမ်းသာသူ လက်တဆုတ်စာလောက်သာ ဥရောပ၊ အမေရိကားနဲ့ သြစတေလျတိုက်တွေဆီ သွားလည်နိုင်တာတွေ့ရပါတယ်။ ကျေးလက်ဒေသနေ လူများစု ကတော့ ၅၄ မြို့ ဘုရားဖူး ဆိုပြီး တနှစ်တခါခရီးသွားနေတာ ဟိုး လွန်ခဲ့တဲ့ နှစ် ၃၀ လောက်ကတည်းကပါ။

ဘာဖြစ်ဖြစ် ကိုယ့်ရပ်ကိုယ့်ရွာထဲမှာ၊ ကိုယ့်ဒေသထဲမှာချည်းကွေးနေတာနဲ့စာရင် ဟောလီးဒေးသွားတာ၊ ခရီးထွက်တာ ကောင်းတာပေါ့။ ပတ်ဝန်းကျင်အပြောင်းအလဲဖြစ်လို့ စိတ်အပြောင်းအလဲဖြစ်တဲ့အတွက် စိတ်ပင်ပန်းမှု သက်သာစေပါတယ်။ တခြားဒေသ၊ တခြားနိုင်ငံကလူတွေ ဘယ်လိုနေထိုင်ကြတယ်၊ ကိုယ်တို့နဲ့သူတို့ ဘယ်နေရာမှာ ဘယ်လိုကွာနေတယ်။ ဘာတွေပြုပြင်လိုက်ရင် ဘယ်လိုတွေကောင်း လာနိုင်တယ် စသဖြင့် အတွေ့အကြုံအသစ်၊ အတွေးအမြင်အသစ်တွေ ရလာနိုင်တာပေါ့။

ဒါက ကိုယ်က တခြားဒေသ၊ တခြားနိုင်ငံဆီသွားလည်ရင် ရလာနိုင်တဲ့ အတွေးအမြင်အသစ်တွေ။ ကိုယ်က မသွားနိုင်သေးခင် တခြားနိုင်ငံ၊ တခြားဒေသကလူတွေ ကိုယ်နိုင်ငံ၊ ကိုယ်ဒေသဆီလာလည်ရင်ကော ကိုယ်ကသူတို့ဆီက ဘာအတွေးအမြင်တွေ ယူထားနိုင်မလဲ။ ဒါကိုလဲ စဉ်းစားသင့်ပါတယ်။ ကမ္ဘာလှည့် ခရီးသည်တွေလာတိုင်း သူတို့ဆီက ဒေါ်လာတွေ၊ ယူရွန်တွေ ဘယ်လိုရအောင်ယူရမလဲဆိုတာချည်း စဉ်းစားနေလို့မဖြစ်ပါ။

ဥရောပနဲ့ အနောက်ကမ္ဘာကို ခဏထားဦး။ စစ်တပ်က အာဏာသိမ်းထားတဲ့ အိမ်နီးချင်းထိုင်းနိုင်ငံမှာ ၂၀၁၆ အကုန် စာရင်းချုပ်တော့ ကမ္ဘာ့လှည့်ခရီးသည် ၃၃ သန်းလာတဲ့အတွက် ဒါဟာ စံချိန်သစ်ဖြစ်တယ်လို့ပြော ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၆ ကို စာရင်းချုပ်တော့ . သန်းပဲ ရှိတယ်ဆိုပါတယ်။ ဒါဟာ ၂၀၁၅ တုန်းက တင်ထားတဲ့စံချိန် . သန်းကနေ ပြန်လျော့ကျသွားတဲ့သဘောလား။ 

ဟိုတယ်-ခရီး တာဝန်ရှိသူတွေဖက်ကပြောတာကတော့ စာရင်းချုပ် လျော့ကျသွားတာမဟုတ်ပဲ စာရင်းတွေ ကို ခေါင်းစဉ်ခွဲလိုက်တာကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။ အဓိပ္ဗယ်က ၂၀၁၅ စာရင်းချုပ် သန်းခွဲဟာ နယ်စပ်ဂိတ်ကနေ တရက်စာလက်မှတ်နဲ့ဝင်လာသူအပါဝင် (နယ်စပ်ဂီတ်က ၀င်သူချည်း သန်းခွဲရှိတယ် ဆိုပါတယ်) လာသမျှနိုင်ငံခြားသားအားလုံးကို စာရင်းသွင်းထားတာဖြစ်ပြီး အခု ၂၀၁၆ စာရင်းကတော့ လေဆိပ်ကနေ၀င်လာသူ၊ တရားဝင် ဗီဇာနဲ့လာသူတွေကိုသာ စာရင်းသွင်းထားတဲ့အတွက် အခုလို နည်းသွားတာလို့ပြောပါတယ်။ 

အစိုးရဟောင်းကနေ အစိုးရသစ်ဆီပြောင်းတဲ့နှစ်ဆိုတော့ ဒီလောက်တော့ အလွဲအချော်ရှိနိင်တာပေါ့။ ဒါပေမဲ့ ၂၀၁၇ ပထမ အတွင်းမှာတင် နိုင်ငံတကာလေဆိပ်တွေကနေ ကမ္ဘာလှည့်ခရီးသည် သိန်း ကျော်ဝင်လာတဲ့အတွက် ခန့်မှန်းထားတဲ့အတိုင်း သန်းအထိရနိုင်တယ်လို့လဲ သူတို့ကဆိုပြန်ပါတယ်။ ဒါပေမဲ့ အရင်အစိုးရခေတ် ၂၀၁၇ အကုန်ခန့်မှန်းချက်ကတော့ သန်းခွဲဖြစ်ပါတယ်။

အရေးကြီးတာက ဘယ်လောက်ပဲလာလာ။ အဲဒီလာပြီးသူတွေ ထပ်လာချင်အောင်၊ မလာသေးသူတွေ များများလာအောင် ဆွဲဆောင်နိုင်ရေးက အဓိကပါ။ ဒီလုပ်ငန်းကနေ တိုင်းပြည်ဝင်ငွေရတဲ့အပြင် ပြည်သူ တွေကိုလဲ အလုပ်အကိုင်အများကြီး ဖန်းတီးပေးနေတယ် မဟုတ်ပါလား။


ထိုင်းကို ၃၃ သန်းလာပြီး မြန်မာကို သန်းလောက်ပဲလာတာ ဘာကြောင့်လဲ

ဒီလို စာရင်းဇယားအတိအကျနဲ့ မေးခွန်းထုတ်လိုက်တော့ ဖြေရတာ အတော်ကြပ်ပါတယ်။ အရင်နှစ်တွေက ဆိုရင်တာ့ ထားလိုက်ပါတော့။ ဘာကြောင့်လဲဆို အဲဒီကာလတွေက ထိုင်းမှာအရပ်သားအစိုးရ အုပ်ချုပ်နေပြီး မြန်မာနိုင်ငံမှာ စစ်အစိုးရအုပ်ချုပ်နေလို့၊ ပြင်ပကမ္ဘာနဲ့အဆက်အသွယ်ဖြတ်ထားလို့ မြန်မာနိုင်ငံဆီ ကမ္ဘာလှည့်ခရီးသည် မလာရဲတာကြောင့် ဒီလိုကွာနေတာလို့ ဆင်ခြေပေးနိုင်ပါတယ်။



အခုတော့ ထိုင်းမှာ စစ်အစိုးရအုပ်ချုပ်နေပြီး မြန်မာနိုင်ငံမှာ အရပ်သားအစိုးရအုပ်ချုပ်နေချိန်ကြီးမှာ ဘာကြောင့် ဒီလိုဆက်ကွာနေသလဲ။ တနည်းအားဖြင့် ကမ္ဘာလှည့်ခရီးသည်အလာများခြင်း နည်းခြင်းဟာ စစ်တပ်အုပ်ချုပ်သလား၊ အရပ်သားအုပ်ချုပ်သလားဆိုတဲ့အချက်တခုတည်းပေါ်တည်နေတာမဟုတ်ပဲ အခြားလိုအပ်ချက်တွေ အများကြီးရှိနနိုင်သေးတယ်ဆိုတဲ့ အဓိပ္ဗာယ်ထွက်ပါတယ်။ 

အဲဒီလိုအပ်ချက်တွေက ဘာတွေဖြစ်မလဲ။ ပညာရှင်တွေ၊ ကျွမ်းကျင်သူတွေ အချိန်ယူဆွေးနွေးသင့်တဲ့ ကိစ္စတခုပါ။ စာရေးသူကတော့ ခရီးသွားတဦးရဲ့ အတွေ့အကြုံကိုသာ ဆွေးနွေးတင်ပြနိုင်မှာဖြစ်ပါတယ်။ ပထမ အချက်က ထိုင်းကိုသွားလည်မယ်ဆိုရင် အနောက်နိုင်ငံသာအားလုံးနီးပါးက ဗီဇာ မလိုပါ။ ဒီတိုင်း သွားရုံပါပဲ။ ဘန်ကောက် လေဆိပ်ရောက်တာနဲ့ ဆိုက်ရောက်ဗီဇာ တလ တခါတည်း တန်းပေးလိုက်ပါ တယ်။

လေယဉ်ကွင်းမှာ လ၀က ၀န်ထမ်းက မျက်နှာထားတင်းတင်းနဲ့ ဆက်ဆံတာ၊ ကာစတန်ဝန်ထမ်းက ငွေညှစ် တာ၊ အထုပ်သည်ပေးတဲ့လူက ငွေတောင်းတာမျိုး၊ တက္ကစီသမားတွေက သူ့ကားမစီးရင် ဆွဲထိုးတော့ မယ့်ပုံစံမျိုးနဲ့ဆက်ဆံတာ မရှိပါ။ မိုးပျံရထား စီးမလား၊ တက္ကစီမီတာ စီးမလား၊ ဘာမှပြသာနာမရှိပါ။ တက္ကစီမီတာတွေမှာ ယဉ်မာင်းသူရဲ့ ဓတ်ပုံနဲ့ ID ပါပြီး ဆက်ဆံရေးကလဲကောင်းမွန်တဲ့အတွက် လုံခြုံရေး အတွက် တခါမှ စိုးရိမ်စိတ်မ၀င်ခဲ့ဖူးပါ။

ဟိုတယ်တွေကလည်း နိုင်ငံခြားသားဆိုပြီး ဈေး ယူတာမရှိပါ။ ဟိုတယ်မှာမတည်းချင်လို့ အသိမိတ်ဆွေ အိမ်မှာတည်းလား၊ ပင်လယ်ကမ်းခြေဖြစ်ဖြစ်၊ တောင်ပေါ်ဒေသဖြစ်ဖြစ်သွားပြီး တဲထိုးအိပ်မလား။ ဘယ်သူကမှ ဧည့်စာရင်းလာ မစစ်ပါ။ နိုင်ငံခြားသားတွေ ဟိုတယ်မှာပဲတည်းရမယ်၊ တခြားနေရာမှာ တည်းခွင့်မရှိဘူး ဆိုတာမျိုး မကြားဖူးပါ။ အစားအသောက်တွေကလဲ ဈေးပေါပြီး လတ်ဆတ်သန့်ပြန့် ပါတယ်။ ဟိုတယ်ခရော၊ အစားအစာတွေရော မြန်မာနိုင်ငံထက် တ၀က်လောက်ဈေးသက်သာပါတယ်။ ရပ်ကွက်တိုင်း၊ ရွာတိုင်းမှာ ဆဲဗင်းအဲလဗင်းလို ၂၄ နာရီဖွင့်တဲ့ ဆိုင်တွေရှိပါတယ်။ 

ပြည်တွင်းလေကြောင်းက နိုင်ငံခြားသားကို ဆယူတာ မရှိပါ။ ဘတ်စ်ကားတွေ၊ ရထားတွေကလည်း မြန်မာထက် ပိုအဆင့်အတန်းမြင့်ပြီး ဈေးသက်သာပါတယ်။ ၁၁၅ မိုင်လို နေရာမျိုးမှာ မဆင်းချင်လို့ ကားပေါ်အိပ်နေလဲ ပြသာနာမရှိပါ။ ထိုင်းတွေ အဂ်လိပ်စကားသိပ်မကောင်းပေမဲ့ စကားပြောစရာမလို လောက်အောင်ကို ဘယ်အချိန် ဘယ်နေရာရောက်မယ်ဆိုတာ ဇယားထဲကအတိုင်း အတိအကျမောင်းပေး ပါတယ်။

တခွန်းတည်းပြောရရင်တော့ Service ၀န်ဆောင်မှုပေးတဲ့နေရာမှာ ထိုင်းနဲ့မြန်မာ ဆီနဲ့ရေလိုကွာနေလို့ ခရိးသည်လာနှုန်း ဒီလိုကွာနေတယ်လို့ပြောရင် မမှားလောက်ဘူးထင်ပါတယ်။ မြန်မာနိုင်ငံမှာ ဒေါ်လာ ၈၀ ကနေ အထက်ပေးရတဲ့ ဟိုတယ်တွေမှအပ ကျန်ဟိုတယ်တွေ၊ တည်းခိုခန်းတွေ၊ ဘတ်စ်ကားတွေ၊ မီးရထား တွေ၊ တက္ကစီဝန်ထမ်းတွေ၊ တိုးရစ် ရဲတွေ၊ လ၀ကတွေ၊ တခြားဆက်စပ်နေတဲ့ အာဏာပိုင်အဖွဲ့အစည်းတွေ က ၀န်ထမ်းတွေအားလုံး Service ၀န်ဆောင်မှုပေးခြင်းအကြောင်း နားမလည်ကြပါ။


တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ ထိုင်းအာဏာပိုင်တွေက ခရီးသည်တွေ သူတို့နိုင်ငံဆီလာလည်ချင် အောင် ဘယ်လို စည်းကမ်းချက်တွေ ဖြေလျော့ပေးရမလဲဆိုတာကိုစဉ်းစားနေပြီး မြန်မာအာဏာပိုင်တွေ ကတော့ စည်းကမ်းချက်တွေ ဘယ်လိုတင်းကျပ်ရမလဲ၊ ဘယ်လို အာဏာပြလိုက်ရမလဲ၊ ကိုယ်ဂွင်ထဲဝင်လာ တုန်း ရသမျှ ဘယ်လိုရိတ်မလဲ ဆိုတဲ့ ခေတ်ဟောင်းက အကျင့်ပျက်အတွေးအခေါ်တွေပေါ် အခြေခံစဉ်းစား နေဆဲဖြစ်ပါတယ်။      

Share

Twitter Delicious Facebook Digg Stumbleupon Favorites More