Monday, December 28, 2015

ဆောင်းရာသီမှာ စက်ဘီးစီးခြင်း...။

(၁)- ရေခဲပြင်ထဲက ဘော်လုံးကွင်း...။
...
မနေ့ညက နှင်းတွေကျထားလို့ ဒီမနက် ဓတ်ပုံလျောက်ရိုက်မယ်ဆိုပြီး အိမ်နောက်ဖက် တောတန်းထဲက ရေကန်ဆီ ထွက်လာခဲ့ပါတယ်။ ပထမ စိတ်ကူးက ဘောလုံးကွင်းအနီးရှိ ရေကန်ငယ်လေးအနီးက သစ်ပင်တွေပေါ် ကျန်နေဆဲဖြစ်တဲ့ နှင်းတွေကို ရိုက်ဖို့။

နွေရာသီမှာ ကလေးတွေ ဒါဇင်နဲ့ချီဆော့နေတဲ့ ဘောလုံးကွင်းထဲမှာ နှင်းတွေပြည့်နေပြီး သူရဲကောင်းတဦးတည်း ဘော်လုံးဆော့နေတာတွေ့ရပါတယ်။ ညနေပိုင်းမှာ နှင်းတွေကိုပြန် ရှင်းပြီး ကလေးတွေဆော့နိုင်အောင် ပြန်လုပ်ပေးမယ်ထင်ပါရဲ့။ ဒါမှမဟုတ် ဘော်လုံးကွင်း ကနေ စကီးကွင်းအဖြစ် ပြောင်းပေးလိုက်မလား မပြောတတ်။
အဲဒီဘော်လုံးကွင်းနောက်နားရှိ နွေရာသီမှာ ရေကူးနေကြ ရေကန်ဆီရောက်တော့ ဆီးနှင်း တွေဖုံးပြီး ရေကန်က စကီးကွင်းဖြစ်နေပြီ။ ဘယ်လောက်မာသလဲဆိုပြီး ရေထဲဆင်းရပ်ကြည့် တော့ အတော့်ကိုမာနေပြီ။ ရေခဲပြင် စကိတ်စီးလို့ရတဲ့အနေအထားဖြစ်နေပြီ။
ဘေးနားကတောအုပ်ထဲဝင်လိုက်တော့ ထင်းရူးပင်တွေကြားမှာ ဆီနှင်းတွေက လှလှပပ။ တယောက်ထဲဆိုတော့ တောအုပ်ထဲဝင်ရမှာခပ်လန့်လန့်။ အအေးဓတ်ကလည်း အနှုတ် ၃ လောက်ရှိတယ်ဆိုတော့ မတော်လို့ကြွက်တက်ရင် တယောက်ထဲ ဂန့်သွားနိုင်တယ် မဟုတ်ပါလား။
အဲဒီလိုတွေးနေတုန်း ချာတိတ်တယောက် ခွေးတကောင်နဲ့အတူ တောအုပ်ထဲကနေထွက်လာ ပါတယ်။ ပြီးတော့ ကိုယ့်အရင်လျှောက်ထားတဲ့ လူခြေရာ၊ ခွေးခြေရာတွေကိုလဲ ဆီးနှင်းပေါ် တွေ့ရတော့ နည်းနည်းအားရှိလာပါတယ်။ တောလမ်းထဲမှာ လူတွေ တွေ့နိုင်ကောင်းရဲ့ပေါ့။
...
(၂)- ဆောင်းရာသီမှာ စက်ဘီးစီးခြင်း...။
...
ဒီလိုနဲ့ နှစ်ကီလိုနီးပါးဝေးတဲ့ နွေရာသီတုန်းက လမ်းလျောက်ခဲ့ဖူးတဲ့ သောက်ရေကန်ဆီ တကိုယ်တော်ဆက်လျောက်ခဲ့ပါတယ်။ ဆီးနှင်းတွေကြားမှာ ခြေရာတွေတွေ့ပေမဲ့ လူ တော့တဦးမှ မတွေ့မိ။ အအေးဓာတ်ကလည်းအတော်များတဲ့အတွက် ကြွက်တက်ရင် တော့ တယောက်တည်း ဒုက္ခပဲဆိုပြီးတွေးနေတုန်း တောတိုးသံတချက်ကြားလိုက်ရပါတယ်။
ဝက်ဝံထွက်လာရင်တော့ ဒုက္ခပဲဆိုပြီး လှည့်ကြည့်လိုက်တော့ လား၊ လား။ သူရဲကောင်း စက်ဘီးသမား ၃ ဦး ဆောင်းတွင်းစက်ဘီးကြီးစီးလို့ ရုတ်တရက်ထွက်လာပါတယ်။ မြင်တဲ့ အတိုင်း ဧရာမတာရာကြီးနဲ့။ လမ်းတောင်မနည်းလျှောက်နေရတဲ့ ရေခဲတောင်စောင်းမှာ သူတို့မို့ မကြောက်မလန့် စီးရဲတယ်။
ဝတ်စုံကိုလည်းကြည့်လိုက်ဦး။ စက်ဘီးဆိုတာ နွေရာသီအားကစားလို့ မြန်မာနိုင်ငံမှာ နည်းလည်ထားပေမဲ့ ဒီကပုဂ္ဂိုလ်တွေကတော့ ဆောင်းမှာလည်းစက်ဘီးစီးနိုင်ဖို့ အထူး ၀တ်စုံတွေ၊ အထူးစက်ဘီးတွေ ထွင်ထားလေရဲ့။ ၀တ်စုံကတော့ ပရိုဖက်ရှင်နယ် စက်ဘီး သမားတွေဝတ်တဲ့အတိုင်းပါပဲ။ နွေဝတ်စုံနေရာမှာ ဆောင်းဝတ်စုံနဲ့အစားထိုးပေါ့။
နွေဝတ်စုံတောင် ဒေါ်လာ ၁၀၀၀ လောက်ရှိတော့ ဆောင်းဝတ်စုံဆို ၁၅၀၀ ထက် ဘယ်နည်း ပါ့မလဲ။ ဒါပေမဲ့ ရေခဲပြင်စကီးစီးမယ်ဆိုရင်လည်း ၀တ်စုံဖိုးက ဒီထက်မနည်းပါ။ ၀တ်စုံက သိပ်မထူးပေမဲ့ စက်ဘီးကတော့ ဆောင်းရာသီအထူးဘီးပါ။ တာယာက ဆိုင်ကယ်တာယာ လောက်ကြီးပါတယ်။ တချို့ဘီးတွေဆို သံဆူးတွေပါ တပ်ထားပါတယ်။ ဈေးကတော့ ပရိုဖက် ရှင်နယ်စက်ဘီးသမားတွေရဲ့ တာဝေးဘီးတွေလို ဒေါ်လာ ၂၀၀၀ ကနေ ၃၀၀၀ ကြားရှိနိုင် ပါတယ်။

ဒီလိုစက်ဘီးလည်းမ၀ယ်နိုင်၊ ဆောင်းရာသီဝတ်စုံလည်းမ၀ယ်နိုင်လို့ နွေရာသီမှာစီးနေကြ စက်ဘီးစုတ်လေးကို ဂိုထောင်ထဲထည့်သိမ်းပြီး လမ်းလျောက်လေ့ကျင့်ခန်းလောက်သာ လုပ်နိုင်တဲ့ ကျနော့်က သူတို့ပုံတွေကို အမိအရ ရိုက်ကူးပြီး မိတ်ဆွေတွေဆီ မျှဝေပေး လိုက်ပါတယ်။
..........

(၃) လမ်းပေါ်ပွဲတွေ လာတော့မယ်...။
...
ဆောင်းရာသီမှာ စက်ဘီးပွဲမရှိလို့ ခပ်ပျင်းပျင်းရှိနေပေမဲ့ ရှေ့သတင်း ၂ ပတ်မှာ ကမ္ဘာကျော်ပွဲ တွေပြန်စတော့မှာပါ။ 
ဇန်နာဝါရီ ၁၇ ကနေ ၂၄ အထိ သြစတေလျနိုင်ငံ Adelaide မှာကျင်းပမဲ့ Tour Down Under သတင်းတပတ်ကြာပွဲအတွင်း သြစတေလျက နာမည်ကြီးစက်ဘီးသမားတွေ အပြင် ကမ္ဘာ့နာမည်ကြီးအသင်းအားလုံးက ၀င်ပြိုင်ကြမှာဖြစ်ပါတယ်။
ပရိသတ်သိတဲ့ အမည်တချို့ကိုကောက်နှုတ်ဖေါ်ပြရမယ်ဆိုရင် Simon Gerrans က Orica GreenEdge အသင်းကို ဦးဆောင်မှာဖြစ်ပါတယ်။ နောက် နာမည်ကြီး Richie Porte က sky အသင်းကို ဦးဆောင်မှာဖြစ်ပါ တယ်။
တချိန်တည်းစတင်မဲ့ (ဇန်နာဝါရီ ၁၈ မှ ၂၄ အထိ) အာဂျင်တီးနားမှာကျင်းပမဲ့ Tour de San Luis ပွဲ ဖက်လှည့်ရမယ်ဆိုရင် လက်ရှိ ကမ္ဘာ့ချန်ပီယံ ပီတာဆာဂင် Peter Sagan (Tinkoff)၊ ကိုလံဘီယာမှ နည်မည်ကြီး ကင်တားနား Nairo Quintana (Movistar)၊ အီတလီမှ ဆရာကြီး နီဘာလီ Vincenzo Nibali (Astana) တို့ ပါဝင်ကြမှာဖြစ်ပါတယ်။
လာမဲ့သတင်း ၂ ပတ်အတွင်း ပရိုဖက်ရှင်နယ် စက်ဘီးသမားတွေရဲ့ လမ်းပေါ်ပွဲတွေကို ရှုစား ရတော့မှာဖြစ်ပါကြောင်း နှစ်သစ်ကူး သတင်းကောင်းပါး လိုက်ရပါတယ်။ ။

Thursday, December 24, 2015

ရွေးကောက်ပွဲအလွန် စိမ်ခေါ်မှုများ

The Voice Daily, 30-12-2015.

စေစပ်ဆွေးနွေးတဲ့နည်းနဲ့ ထွက်ပေါက်ရှာပါ
ရွေးကောက်ပွဲအလွန်ကာလ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအလားအလာ “Democratisation and Peace in the Post-Election Period’’ လို့ အမည်ပေးထားတဲ့ ဆွေးနွေးပွဲတခု ဒီဇင်ဘာလ ၁၅ ရက်နေ့က နော်ဝေးနိုင်ငံ အော်စ လိုမြို့မှာကျင်းပခဲ့ပါတယ်။ နော်ဝေး-မြန်မာကော်မီတီ NBC ကဦးစီးပြီး စာပေဗိမန် Litteraturhuset မှာကျင်းပတဲ့ ဒီပွဲမှာ အဓိကဆွေးနွေးသူတွေကတော့ ၈၈ အဖွဲ့မှ ဦးကိုကိုကြီး၊ ကရင့်အမျိုး သားအစည်းအရုံး KNU မှ နော်စီပိုး ရာစိန် (Zipporah Sein) နဲ့ Sandhi Institute မှ ဦးခိုင်ဝင်း တို့ဖြစ်ပါတယ်။ 



နိုဝင်ဘာ ရက်နေ့ ရွေးကောက်ပွဲမှာ NLD ပါတီက အပြတ်အသတ်အနိုင်ရသွားတာဟာ စစ်အုပ်ချုပ်ရေး၊ စစ်တ ပိုင်းအုပ်ချုပ်ရေးကို လူတွေကစိတ်ကုန်နေပြီ၊ စစ်တပ်လွှမ်းမိုးမှုအပေါ် “Enough is enough” ဖြစ်သွားပြီဆိုတဲ့ သင်္ကေတဖြစ်တယ်လို့ ကိုကိုကြီးကပြောပါတယ်။ ပြည်ထောင်စုလွှတ်တော်မှာ အမတ်နေရာ ၃၇၈ အထိရသွားတဲ့ NLD ပါတီက အစိုးရဖွဲ့ခွင့်ရသွားတဲ့အကြောင်း၊ ဒါဟာ အရပ်သားနဲ့ ယူနီဖောင်းဝတ်တွေအကြား တရားဝင်မှု အားပြိုင်ပွဲဖြစ်ပြီး ဒီရလာဒ်အပေါ် စစ်ဖက်ကရိုးသားစွာ အသိအမှတ်ပြုဖို့လိုကြောင်း ထောက်ပြပါတယ်။

လောလောဆယ်မှာတော့ စေ့စပ်ဆွေးနွေးတဲ့နည်းနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ တဖက်ကကြိုးစားနေသလို အခြား တဖက်ကလည်း စေ့စပ်ဆွေးနွေးတဲ့နည်းနဲ့ ထွက်ပေါက်ရှာဖို့ကြိုးစားနေပုံရကြောင်း၊ ရွေးကောက်ခံ NLD အစိုးရကို အာဏာလွှဲပေးဖို့ စစ်အုပ်စုဖက်က ပြင်ဆင်နေပေမဲ့ ၂၀၁၆ မတ်လမှာ NLD က အုပ်ချုပ် ရေးအာာဏာကို ချောမွေ့ စွာကိုင်တွယ်ခွင့်ရဖို့ဆိုရင် ဒီနှစ်ဖွဲ့အကြား အပြန်အလှန်ညှိနှိုင်းမှုရှိဖို့လိုနေဆဲလို့ ကိုကိုကြီးက ပြောပါတယ်။

အဓိကညှိနှိုင်းဖို့လိုနေတဲ့အချက်တွေကတော့ ဒီမိုကရေစီဖေါ်ဆောင်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ရေး၊ ပြည်တွင်းစစ်ရပ်စဲရေးနှင့် လူမျိုးရေး၊ ဘာသာရေးပဋိပက္ခပြေလည်စေရေး၊ နိုင်ငံရေးအခြေခံ စီးပွါးရေးကိစ္စတွေ ဖြစ်တဲ့ မြစ်ဆုံဒဏ်၊ မြေသိမ်းပိုက်မှုနဲ့ မူးယစ်ဆေးကိစ္စ၊ ပထ၀ီ နိုင်ငံရေးကိစ္စတွေဖြစ်တယ်လို့ သူကထောက်ပြပါတယ်။



ဒါပေမဲ့ စစ်တပ်ဟာ ၂၀၀၈ ဖွဲ့စည်းပုံကို အသုံးချခြင်းနှင့် ဥပဒေပြင်ပကနေ တိုင်းရင်းသားတွေအပေါ် ထိုးစစ်ဆင်ခြင်း၊ သို့မဟုတ် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခဖန်တီးခြင်း၊ ဗျုရိုကရေစီယန္တယားကိုထိမ်းချုပ်ခြင်းတွေ လုပ်ကောင်းလုပ် နိုင်တဲ့အတွက် ဒါမျိုးမဖြစ်အောင် ဆွေးနွေးအဖြေရှာဖို့လိုတယ်လို့ သူက တိုက်တွန်းပါတယ်။

NLD ဖက်ကိုကြည့်မယ်ဆိုရင်တော့ လူထုလှုပ်ရှားမှုပါတီကနေ အာဏာရပါတီအဖြစ် အသွင်ပြောင်းရဖို့ရှိနေ ကြောင်း၊ ဒါကြောင့် တချိန်က သူနဲ့တဖက်တည်း ရပ်တည်အားပေးခဲ့တဲ့ အရပ်ဖက်အဖွဲ့အစည်းနဲ့ မီဒီယာတွေကို လွတ်လပ်ပြီး အားကောင်းလာအောင်လုပ်ပေးမလား၊ အသွင်မတူတော့တဲ့ ဒီအဖွဲ့တွေကြား ဆက်ဆံမှုပုံစက ဘယ်လိုဖြစ်လာလမလဲဆိုတာဟာ စိတ်ဝင်စားဖွယ်ဖြစ်လာမယ်လို့ ဆိုပါတယ်။

ရေရှည်လုပ်ငန်းစဉ်တွေထဲမှာတော့ လူမျိုးစုအရေးနဲ့ပတ်သက်ပြီး လက်ရှိသွားနေတဲ့ NCA ငြိမ်းချမ်းရေးကိစ္စကို အသေအချာကိုင်တွယ်ဖို့လိုနေကြောင်း၊ ပြီးတော့ တရားဥပဒေစိုးမိုးရေး၊ အားလုံးကို စီးပွါးရေးတန်းတူခွင့်ပေးရေး (ခရိုနီတွေအပေါ် သဘောထား) တွေကို ဆောင်ရွက်ဖို့လိုနေတယ်လို့ ကိုကိုကြီးကပြောပါတယ်။

ဒီအတွက် သူရဲ့အကြံပြုချက်ကတော့ အများပြည်သူတွေပါဝင်ခွင့်ရတဲ့ ဆွေးနွေးငြင်းခုန်မှုတွေ များများလုပ်ပေးဖို့၊ နိုင်ငံတကာဖက်ကလည်း အစိုးရအဖွဲ့အစည်းအရည်ချင်းပြည့်လာအောင်ကူတဲ့အပြင် လူမှုအဖွဲ့အစည်းတွေ အရည် အချင်းပြည့်လာအောင်ပါ ကူဖို့လိုကြောင်း၊ လူသားချင်းစာနာတဲ့ အကူအညီအပြင် ကျမ်းမာရေး၊ ပညာရေးနဲ့ သယ်ယူ ပို့ဆောင်ရေး (PublicTransport System) အတွက် ဖွံ့ဖြိုးမှုအကူအညီတွေကိုပါပေးဖို့လိုတယ်လို့ ကိုကိုကြီးက တိုက်တွန်းသွားပါတယ်။ 

ငြိမ်းချမ်းရေးအတွက် အားလုံးပါဝင်ခွင့်ရှိရမယ်

ဒုတိယ ဆွေးနွေးသူ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ (EAO) ရဲ့ခေါင်းဆောင်၊ KNU အဖွဲ့ရဲ့ ဒုဥက္ကဌ နော်စီဖိုးရာစိန်ကတော့ NCA တနိုင်ငံလုံး အပစ်ရပ်စာချုပ်ကိစ္စကို အားလုံးပါဝင်ခွင့်ရအောင် အချိန်ယူ ပြင်ဆင်သင့်ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ တိုက်ဆိုင်မှုဖြစ်ချင်တော့ သူက အဲဒီလို ပြောနေချိန် မှာ နေပြည်တော်မှာတော့ လက်မှတ်ထိုးလိုက်တဲ့ အဖွဲ့ ဖွဲ့ကနေ ‘’နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်သဘော တူညီချက်ကိုအချောသတ်ပြီး သမ္မတဆီအပ်နှံပွဲ အခမ်းအနား ကျင်းပတဲ့ အချိန်ဖြစ်နေပါတယ်။


ပြီးတော့ ဇန်နာဝါရီလ ၁၅ ရက်မတိုင်ခင် နိုင်ငံရေးဆွေးနွေးမှုတွေ စတင်မယ်။ ဒါဟာ NCA သဘောတူညီချက်ထဲမှာ ပါတဲ့အတိုင်း ရက် ၆၀ အတွင်း နိုင်ငံရေးမူဘောင် အပြီးသတ်ရေးဆွဲပြီး ရက် ၉၀ အတွင်း နိုင်ငံရေးဆွေးနွေးမှုစရ မယ်ဆိုတဲ့ မူအရ လုပ်တာဖြစ်တယ်လို့ ဖွဲ့ပါပုဂ္ဂိုလ်တွေနဲ့ မြန်မာငြိမ်းချမ်းရေးစင်တာ MPC တာဝန်ရှိသူတွေက ပြောပါတယ်။

ဒါပေမဲ့ NCA ဆွေးနွေးပွဲတွေမှာ ထဲထဲဝင်ဝင်ပါခဲ့ပြီး လက်မှတ်ရေးထိုးတဲ့အဖွဲ့ ဖွဲ့ထဲက အဓိကအဖွဲ့တခုဖြစ်တဲ့ KNU ဒုဥက္ကဌကတော့ သတ်မှတ်ချိန်အတိုင်း ဆက်သွားရေးဆိုတဲ့ လုပ်ငန်းစဉ်ထက် အားလုံးပါဝင် လက်မှတ်ထိုး ရေးဆိုတဲ့ အနှစ်သာရက ပိုအရေးကြီးတယ်၊ အသွင်သဏ္ဍန်ထက် အနှစ်သာရကို ဦးစားပေးဖို့လိုတယ် လို့ပြောပါ တယ်။

လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေကို မစောင့်ပဲ၊ အသစ်တက်လာမဲ့ NLD အစိုးရကို မစောင့်ပဲ လက်ရှိဦးသိန်းစိန် အစိုးရသက်တန်းအတွင်း တက်သုတ်ရိုက်ဆောင်ရွက်သွားမယ်ဆိုရင် ပန်းတိုင်ဆီမရောက်ပဲ ရှုတ်ထွေးမှုတွေ ကိုသာ ပိုဖြစ်လာစေမှာဖြစ်တယ်လို့ သတိပေးပြောဆိုခဲ့ပါတယ်။

တချိန်တည်းမှာပဲ ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အဓိကအကူအညီပေးနေတဲ့ နော်ဝေးအပါဝင် နိုင်ငံတကာ အလှူရှင်တွေကိုလည်း သူကဝေဖန်ခဲ့ပါတယ်။ ငြိမ်းချမ်းရေးအတွက်အကူအညီပေးတာကို မူအရ ကန့်ကွက်စရာ မရှိပေမဲ့ နိုင်ငံတကာအလှူရှင်တွေဟာ တကယ့်ကွင်းထဲကအခြေအနေမှန်တွေကို အချိန်ယူ လေ့လာနားထောင် မှုလုပ်ဖို့ ပျက်ကွက်ခဲ့တယ်လို့ထောက်ပြပါတယ်။

အပစ်ရပ်လက်မှတ်ထိုးပြီးတဲ့နောက် ချက်ချင်းဝင်လာမဲ့ များပြားကြီးမားလှတဲ့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေအတွက် EAO ဖက်က အဆင်သင့်မဖြစ်သေးတဲ့အကြောင်း၊ နောက်တခါ နိုင်ငံတကာအဖွဲ့အစည်းတွေဟာ EAO နဲ့ ဒေသခံ တိုင်းရင်းသားတွေဖက်က ဘာတွေလိုအပ်နေသလဲ၊ ဘာတွေဆောင်ရွက်ချင်သလဲဆိုတာကို မေးမြန်းခြင်းမရှိပဲ လှူရှင်နိုင်ငံတွေဖက်က ဘာတွေလုပ်ချင်သလဲဆိုတာကိုသာ လက်ခံဖို့ လာရောက်ပြောဆိုတာမျိုး၊ သူတို့လုပ်ငန်း စဉ်တွေကို တိုင်းရင်းသားနယ်မှာ အကောင်အထည်ဖေါ်ဖို့ ၀င်လာတာမျိုးတွေသာဖြစ်နေတယ်လို့ ထောက်ပြပါ တယ်။ 

အပစ်ရပ်လက်မှတ်ထိုးတယ်ဆိုတာဟာ နိုင်ငံတကာအကူအညီ၊ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု ၀င်လာစေရေးအတွက် လက်မှတ်ထိုးတာမျိုးမဖြစ်သင့်ပဲ ရေရှည်နိုင်ငံရေးပြသာနာ ပြေလည်စေရေးအတွက်ဖြစ်သင့်တယ်လို့ သူက ပြော ပါတယ်။ 

ဒါကြောင့် လက်ရှိအလျင်စလိုသွားနေတဲ့ NCA လုပ်ငန်းစဉ်ကို ဆိုင်းငံ့ထားဖို့၊ လက်မှတ်မထိုးရသေးတဲ့၊ အထူး သဖြင့် ရှမ်းပြည်နဲ့ကချင်ပြည်ဖက်မှာဖြစ်ပွါးနေတဲ့ ထိုးစစ်တွေကို ချက်ချင်းရပ်တန့်ပေးဖို့၊ အသစ်တက်လာမဲ့ အစိုးရ သစ်နဲ့ လက်တွဲဆောင်ရွက်ဖို့၊ NLD နဲ့ EAO ကလိုလားနေတဲ့အတိုင်း ၂၀၀၈ ဖွဲစည်းပုံကို ပြန်လည်ပြင်ဆင် ရေးလုပ်ဖို့၊ ဖက်ဒရယ်ပြည်ထောင်စုကိုဦးတည်ရေးနဲ့ လောလောဆယ်မှာ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေကို အာဏာတိုးပေးဖို့ စသဖြင့် နော်စီဖိုးရာစိန်က အကြံပြုသွားခဲ့ပါတယ်။

လက်ဖက်ရည်ဆိုင်မှာ အချိန်ဖြုန်းမနေသင့်ပါ

နောက်ဆုံးဆွေးနွေးသူ Sandhi Governance Institute မှ ဦးခိုင်ဝင်းကတော့ လက်ရှိအပြောင်းအလဲ အပေါ် သာမန် နိုင်ငံသားတွေရဲ့အမြင်ကိုတင်ပြပါတယ်။လဖက်ရည်ဆိုင်တွေအားလုံး မကြာခင် ပိတ်ရတော့မယ်ဗျလို့ တက္က စီ ဆရာတဦးက သူကိုပြောတော့ သူအံသြသွားကြောင်း၊ ဘာကြောင့်လဲဆိုပြီးမေးကြည့်တော့ဒေါ်စု အစိုးရ တက်လာရင် ကျနော်တို့အားလုံး အလုပ်တွေအများကြီးလုပ်ရတော့မယ်လေ၊ အခုလို အချိန်ဖြုန်းနေလို့မဖြစ် တော့ဘူးဆိုပြီး တက္ကစီဆရာကပြောတယ်လို့ဆိုပါတယ်။ ဒါဟာ သာမန်နိုင်ငံသားများစွာထဲက တဦးရဲ့အမြင်ပါ။



ဒီလို လူတိုင်းအတွက် အလုပ်အကိုင်အသစ်တွေ ဖန်တီးပေးနိုင်ဖို့၊ သာမန်ပြည်သူတွေရဲ့ဘ၀ တိုးတက်လာစေဖို့ဆို ရင် အမျိုးသား (လူမျိုး၊ ဓလေ့၊ ယဉ်ကျေးမှု) တည်ဆောက်ရေးနဲ့ နိုင်ငံရေးတည်ဆောက်ရေး (Nation-building and State-building) ခုစလုံးကို တပြိုင်တည်းဆောင်ရွက်ဖို့လိုတယ်လို့ ဦးခိုင်ဝင်းက ပြောပါတယ်။ ဒီလို တည် ဆောက်ရေးလုပ်နိုင်ဖို့အတွက် ပထမ လိုအပ်တာကတော့ ငြိမ်းချမ်းရေးနဲ့ ဒုတိယက နိုင်ငံသားတွေအတွက် Welfare လူမှုဖူလုံရေးအဆင်ပြေအောင် ဆောင်ရွက်ပေးရေးဖြစ်တယ်လို့ သူက ထောက်ပြပါတယ်။

ဒီအတွက် အစိုးရသစ်လက်ထက်မှာ ငြိမ်းချမ်းရေးကို ဦးစားပေးလုပ်ဖို့လိုနေကြောင်း၊ ရွေးကောက်ခံတရားဝင်မှုဟာ တိုင်းရင်းသားပဋိပက္ခ၊ ငြိမ်းချမ်းရေးကိစ္စတွေမှာ များစွာအထောက်အကူဖြစ်နိုင်ကြောင်း သူကပြောပါတယ်။ NLD အစိုးရသစ်အတွက် အဓိကစိမ်ခေါ်မှုဟာ အရပ်ဖက်-စစ်ဖက်ဆက်ဆံရေးကို ဟန်ချက်ညီအောင်လုပ်ပေးရေးဖြစ် ကြောင်း၊ အဲဒီထဲမှာ စစ်ဖက်က ထိမ်းချုပ်ထားတဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း (ပြည်ထဲရေးနဲ့ ထွေ-အုပ် ဌာန) တွေနဲ့ စစ်ဖက်ကချုပ်ကိုင်ထားတဲ့ နိုင်ငံပိုင်စီးပွါးရေး (ဦပိုင်ကုပ္ဗဏီအပါဝင်) တွေဟာ စိမ်ခေါ်မှုဖြစ်တွေဖြစ်တယ်လို့ ဦးခိုင်ဝင်းကပြောပါတယ်။

စီးပွါးရေးကဏ္ဍကိုပြောတဲ့အခါမှာတော့ အသေးစားစီးပွါးရေးလုပ်ငန်းတွေကို တည်ငြိမ်အောင်ဆက်ထိမ်းထားဖို့၊ အခြားစီးပွါးရေးလုပ်ငန်းကြီးတွေ ဖွံ့ဖြိုးလာအောင်လုပ်ဖို့၊ သဘာဝအရင်းအမြစ်ခွဲဝေရေးနဲ့ ရင်းနှီးမြ့ပ်နှံမှုစာချုပ်ကို ပြန်ရေးဖို့၊ ဈေးကွက်စီးပွါးရေးဆိုင်ရာမူဝါဒတွေကိုပြန်လည်ပြုပြင်ဖို့ကိစ္စတွေပါဝင် ပါတယ်။ 

သံယံဇာတခွဲဝေမှုအတွင်း ပါဝင်နေတဲ့လက်နက်ကိုင်အဖွဲ့တွေထဲမှာ မြန်မာစစ်တပ်အပြင် တိုင်းရင်းသားအဖွဲ့တွေ လည်းပါဝင်နေကြောင်း မကြာသေးခင်ကထွက်လာတဲ့ ကျောက်စိမ်းအစီရင်ခံစာကို ကိုးကားပြီး သူကထောက်ပြ ပါတယ်။ ဒီအတွက် အဲဒီလက်နက်ကိုင်တွေ ကျေလည်အောင်ဆွေးနွေးအဖြေရှာရေးဟာလည်း NLD အတွက် နိုင်ငံရေး-စီးပွါးရေး စိမ်ခေါ်ချက်တခုဖြစ်တယ်လို့ သူကပြောပါတယ်။

အနှစ်ပြန်ချုပ်ရင်တော့ NLD ကိုထောက်ခံမဲပေးထားတဲ့ပြည်သူတွေဟာ အစိုးရသစ်နဲ့ပူးပေါင်းဆောင်ရွက်ဖို့ အဆင် သင့်ဖြစ်နေကြောင်း၊ အလားတူ အရပ်ဖက်အဖွဲ့အစည်းတွေကလည်း အစိုးရသစ်ရဲ့ ပေါ်လစီတွေအပေါ် ဝေဖန်ခွင့်၊ ပြန်လည်တင်ပြခွင့် Feedbak ပေးခွင့်ရဖို့ မျှော်လင့်နေကြောင်း၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှုတွေ ရှိတဲ့ အစိုးရသစ်ကနေတဆင့် လက်ရှိ စစ်ဖက်လွမ်းမိုးဆဲ အုပ်ချုပ်ရေးအခြေနေတွေကို တဖြေးဖြေးပြောင်းလဲ သွားနိုင်လိမ့်မယ်လို့ မျှော်လင့်မိကြောင်း၊ နိုင်ငံတကာဖက်ကလည်း ရွေးကောက်ခံအစိုးရသစ်ကို အပြည့်အ၀ ထောက်ခံမယ် လို့ ယုံကြည်ကြောင်း ဦးခိုင်ဝင်းကပြောပါတယ်။


ဆွေးနွေးပွဲအပြီး မေးခွန်းမေးတဲ့အလှည့်မှာတော့ NCA ငြိမ်းချမ်းရေး ရှေ့အလားအလာ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရသစ်စွမ်းဆောင်ရည်နဲ့ စစ်ဖက်-အရပ်ဖက်ဆက်ဆံရေး ရှေ့အလားအလာတွေကို အတော်မေးကြပါတယ်။ ဖြေ ဆိုသူတွေဖက်ကတော့ အစိုးရသစ်လက်ထဲ အာဏာရောက်ဖို့က နောက်ထပ် လနီးပါးလိုသေးတဲ့အတွက် အသွင် ကူးပြောင်းရေးကာလ ချောမွေဖို့လိုကြောင်း၊ ပြီးရင် အစိုးရသစ်ကို လုပ်ပိုင်ခွင့်ပေးဖို့လိုကြောင်း၊ အဲဒီလိုပေးပြီး ကာလတခုရောက်မှ ဝေဖန်ထောက်ပြသင့်ပါကြောင်း ပြောကြားသွားခဲ့ပါတယ်။          

Wednesday, December 9, 2015

အမျိုးစောင့်ဥပဒေတွေကို လွတ်တော်အသစ်က ဘာဆက်လုပ်မလဲ

အော်စလိုမြို့က ဆွေးနွေးပွဲ

ဗုဒ္ဒဘာသာကို ဥပဒေဖြင့်ကာကွယ်ခြင်း သို့မဟုတ် မြန်မာနိုင်ငံမှ အမျိုးဘာသာ ကာကွယ်ရေး ဥပဒေပြဌဏ်ခြင်း  Protecting Buddhism through Law: Myanmar’s legislation to "protect race and religion" လို့ အမည်ပေးထားတဲ့ ဆွေးနွေးပွဲတခု ဒီဇင်ဘာလ ရက်နေ့က နော်ဝေးနိုင်ငံ အော်စလိုမြို့မှာ ကျင်းပခဲ့ပါတယ်။ ဒါဟာ နိုဝင်ဘာ ရွေးကောက်ပွဲအပြီး ပထမ ဆုံးအကြိမ်ကျင်းပတဲ့ မြန်မာ့အရေးဆွေးနွေးပွဲဖြစ်ပြီး လာမဲ့ ၁၅ ရက်နေ့ မှာလည်း နောက်ထပ်ဆွေးနွေးပွဲတခု လုပ်ဖို့ရှိနေပါတယ်။

Norwegian Centre for Human Rights အဖွဲ့က ဦးစီးကျင်းပတဲ့ ဒီပွဲမှာ အဓိကဆွေးနွေးသူတွေကတော့ PRIO အဖွဲ့မှ Dr. Iselin Frydenlund နဲ့ အင်္ဂလန်နိုင်ငံ Oxford တက္ကသိုလ်မှ Dr. Khin Mar Mar Kyi တို့ဖြစ်ပါတယ်။ ဦးသိန်းစိန်အစိုးရရဲ့ နောက်ဆုံးနေ့တွေမှာ ပြဌဏ်းလိုက်တဲ့ အမျိုးစောင့် ဥပဒေ မျိုးအကြောင်းကို ဒေါက်တာ Frydenlund က ခွဲခြမ်းစိပ်ဖျာ ပြပါတယ်။

ပြီးတော့ ရွေးကောက်ပွဲအလွန် မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်ဟာ လူမျိုးရေး၊ ဘာသာရေး (Ethno-religious) ပဋိပက္ခနဲ့ ဘာသာရေးကို နိုင်ငံရေးအတွက်အသုံးချမှု တိုးပွားနေခြင်း စိမ်ခေါ်မှုတွေကို ရင် ဆိုင်ဖြတ်သန်းနေရတာဖြစ်တယ်လို့ ပြောပါတယ်။ 

ကိုးကွယ်ရာဘာသာကူးပြောင်းခြင်း၊ လက်ထပ်ထိမ်းမြားခြင်း၊ တလင်တမယားစနစ် ကျင့်သုံးခြင်းနဲ့ လူဦးရေတိုးပွါး နှုန်းထိမ်းညှိခြင်းဆိုင်ရာ ဥပဒေ ခုစလုံးဟာ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ မကိုက်ညီကြောင်း။ အထူးသဖြင့် အမျိုးသမီးများအပေါ်ခွဲခြားဆက်ဆံမှု ကာကွယ်ရေး (CEDAW) လူမျိုးရေး၊ ဘာသာရေးအပေါ် ခွဲခြားဆက်ဆံမှု ကာကွယ်ရေး (ICCPR) မူတွေတို့နဲ့ မကိုက်ညီဘူးလို့ သူကထောက်ပြခဲ့ပါတယ်။

ဒါကြောင့် အခု အသစ်တက်လာမဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီ အစိုးရသစ်လက်ထက်မှာ ဒီအမျိုးစောင့် ဥပဒေ မျိုးကို ဆက်ပြီးလက်ခံထားမှာလား။ ပယ်ဖျက်ပစ်မှာလားဆိုတာကို မကြာခင် ဆုံးဖြတ်ချက် ပေးရတော့ မှာဖြစ်တယ်လို့ Frydenlund က ပြောကြားသွားခဲ့ပါတယ်။

လင်မယားကိစ္စမှာ ဘာသာရေးနဲ့ နိုင်ငံတော် ပါဖို့မလိုပါ

ဒုတိယ ဆွေးနွေးသူ ဒေါက်တာ ခင်မာမာကြည်ကတော့ နိုဝင်ဘာရွေးကောက်ပွဲမှာ NLD ပါတီက အပြတ်အသတ် အနိုင်ရသွားလို့ အပြောင်းအလဲတွေဖြစ်လာတော့မယ်ဆိုပြီး အားလုံးက မျှော်လင့်နေပေမဲ့ ရှမ်းပြည်မှာ တိုက်ပွဲတွေ ဖြစ်နေဆဲ၊ အမျိုးသမီးနဲ့ကလေးငယ်အများစုပါတဲ့ ဒုက္ခသည်တွေထွက် ပြေးနေရဆဲ၊ မကြာသေးခင်ကပဲ အဲဒီ ဒေသကနေ သူပြန်လာတယ်။ အခြေနေဆိုးတွေကို သူကိုယ်တိုင်မြင်ခဲ့ရတယ်လို့ ပြောပါတယ်။


တိုင်းရင်းသားအရေးနဲ့ပတ်သက်ပြီး ပြောင်းလဲမှုမရှိသေးသလို အမျိုးသားရေးအစွန်းရောက်တွေ၊ ဘာသာရေး စွန်းရောက်တွေရဲ့ အမြင်တွေကလည်း မပြောင်းသေးတဲ့အကြောင်း၊ အမျိုးစောင့်ဥပဒေဆိုတာ တကယ်တော့ မြန်မာ့ ယဉ်ကျေးမှုမှာ မလိုအပ်ပါဘူးလို့ သူကဆိုပါတယ်။ 

‘’ပုဆိုးတန်းတင် အကြင်လင်မယား’’ ဆိုပြီး လူသိများတဲ့ မြန်မာ့အစဉ်အလာထိမ်းမြားမှုကိစ္စမှာ ရုံးတော်တက်လက် မှတ်ထိုးတာတွေ၊ ဘာသာရေးအရ ဘုရားကျောင်းတက် သစ္စာဆိုတာတွေ အစဉ်အလာ မရှိဘူး။ တနည်းအားဖြင့် မြန်မာတွေ မင်္ဂလာဆောင်တဲ့ကိစ္စမှာ ဘုန်းတော်ကြီးတွေ၊ နိုင်ငံရေးသမားတွေ ပါဝင်ပတ်သက်စရာ အကြောင်း မရှိ ဘူးလို့ပြောပါတယ်။

နှစ်ပေါင်းရာနဲ့ချီပြီး ဒီလိုအစဉ်အလာနဲ့သွားနေတဲ့ မြန်မာအမျိုးသမီးတွေရဲ့ ထိမ်းမြားခြင်းကိစ္စဟာ အခု ၂၀၁၅ ကျမှ ဘာဖြစ်လို့ ဥပဒေပြဌဏ်းကာကွယ်ဖို့လိုလာတာလဲ။ စစ်အစိုးရခေတ်အဆက်ဆက်က ဒါတွေကို ဘယ်သူမှမပြောပဲ ဘာကြောင့် ၂၀၁၂ နောက်ပိုင်းမှာမှ ဒါတွေကို ပြောလာကြတာလဲဆိုပြီး သူက မေးခွန်းထုတ်ပါတယ်။ 

ပြီးတော့ ဒီဥပဒေတွေဟာ အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံတဲ့သဘော၊ တဆင့်နှိမ့်ချထားတဲ့သဘော၊ ဘုန်း တံခိုးရူးတဲ့ စစ်ဗိုလ်တချို့နဲ့ ဘာသာပေါင်းစုံသင့်မြတ်ရေးကိုအလေးမထားတဲ့ မဘသ သံဃာင်္တချို့ရဲ့ အစွန်းရောက် အတွေးအခေါ်ကနေ စတင်လာတာလို့ သူက ထောက်ပြပါတယ်။

စစ်ဗိုလ်တချို့ဟာ အခုချိန်ထိ ဘုန်းတံခိုးဆိုတာကို ယုံနေဆဲဖြစ်ပြီး ဒါဟာ နိုင်ငံတကာအမြင်နဲ့ အတော်လွဲနေ ကြောင်း၊ ဒါကို ပြချင်တဲ့အတွက် ၂၀၀၈ နာဂစ်ကာလက နိုင်ငံတကာအမျိုးသမီးတွေကနေ အတွင်းခံ ဘောင်းဘီ တွေ သောင်းနဲ့ချီပြီး မြန်မာသံရုံးတွေဆီ ပို့ခဲ့ဖူးတယ်လို့ သူကပြောတော့ ပရိသတ်ဆီက ရယ်သံတချို့ ထွက်လာပါ တယ်။

တကယ်တော့ အမျိုးသမီးတွေဟာ ဘာသာရေး၊ လူမှုရေးကိစ္စမှာ ဥပဒေအရ ဒီလိုတားမြစ်ခံရတဲ့အပြင် ကျောင်း ပညာရေးမှာလည်း အမျိုးသားတွေကိုသာဦးစားပေးထားဆဲဖြစ်ကြောင်း၊ ဥပမာ ဆေးပညာ၊ အင်ဂျင်နီယာပညာ အပါဝင် တချို့ပညာရပ်တွေသင်ခွင့်ရဖို့အတွက် အမျိုးသမီးတွေကို အမှတ် ၄၀ ပိုရရမယ်လို့ သတ်မှတ်ထားတာမျိုး ရှိနေဆဲဖြစ်ကြောင်း၊ ဒါတွေကို အမျိုးသမီးတွေကိုယ်တိုင်က မတရားသတ်မှတ်ထားတယ်လို့မမြင်ပဲ အစဉ်အလာ ယဉ်ကျေးမှုအရ ဒါကို လက်ခံသင့်သလိုလို အမြင်ရှိနေဆဲဖြစ်တာ အံသြမိကြောင်း သူက ထောက်ပြခဲ့ပါတယ်။

စစ်သားနဲ့ ဘုန်းကြီးကို စံပြအဖြစ် ထားခဲ့မိလေသလား

ဒေါက်တာ ခင်မာမာကြည်ပြောနေတဲ့ စစ်သားတွေ၊ မဟာအဖိုဝါဒီတွေ ယုံကြည်အလေးထားတယ်ဆိုတဲ့ ဘုန်းကံ အကြောင်းစဉ်းစားရင်းနဲ့ မကြာသေးခင်က ဆွေးနွေးပွဲတခုမှာ ဦးမင်းဇင်ပြောသွားတဲ့ စစ်သားတွေရဲ့ ယုံကြည်မှုအကြောင်း သွားတွေးမိပါတယ်။


သူတွေ့ခဲ့တဲ့ စစ်ဗိုလ်တွေ၊ စစ်ဗိုလ်ဟောင်းတွေအားလုံးမှာ တူတဲ့အချက်ကတော့ စစ်သားတွေလောက် ဘယ်သူမှ စည်းကမ်းမရှိဘူး၊ စစ်တပ်လောက် စနစ်တကျ စုဖွဲ့ထားနိုင်တဲ့ ယန္တယား ဘယ်မှာမှ မရှိဘူးဆိုပြီး စစ်သားအားလုံးက သူ့တို့ကိုယ်သူတို့ စံပြပုဂ္ဂိုလ်အဖြစ် ယုံကြည်ထားတာတွေ့ရတယ်လို့ စစ်ဖက်-အရပ်ဖက် ဆက်ဆံရေးအကြောင်း သုတေသနစာတမ်းပြုစုနေသူ (University of California, Berkeley) မှ ဦးမင်းဇင်ကပြောပါတယ်။

ဒါက စည်ကမ်းနဲ့ဆိုင်တဲ့၊ နိုင်ငံတော်ကာကွယ်ရေးနဲ့ဆိုင်တဲ့အပိုင်း။ ကိုယ်ကျင့်သိက္ခာအပိုင်း၊ အမျိုးဘာသာ ကာ ကွယ်ရေးအပိုင်းကို ပြောမယ်ဆိုရင်တော့ သံဃာင်္တော်တွေ၊ ဗုဒ္ဒဘာသာဘုန်းတော်ကြီးတွေကလည်း သူတို့ လောက် ဘယ်သူမှ သိက္ခာသမာဓိမရှိဘူး၊ သူတို့အဖွဲ့လောက် စနစ်ကျတဲ့ ဘာသာရေးအသင်း ရှိမှာမဟုတ်ဘူးလို့ မြင်ကောင်း မြင်နေနိုင်ပါတယ်။ 

နိုင်ငံတော် ဘတ်ဂျက်ခွဲတန်းကိုအများဆုံးအသုံးပြုပြီးတည်ဆောက်ထားတဲ့ အင်အား သိန်းကျော်ရှိ တပ်မတော်နဲ့ ပြည်သူ့တွေရဲ့အလှူငွေနဲ့ တည်ဆောက်ထားတဲ့ အင်အား သိန်းကျော်ရှိ သံဃာင်္အဖွဲ့အစည်း ခုစလုံးမှာ ဒီလို အမြင်ရှိနေတာကို မှားတယ်လို့ မဆိုသာပါ။ ဒါဟာ အရှိတရား တခုဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလို စည်းကမ်းရှိတာ၊ ဒီလို ကိုယ်ကျင့်တရားကောင်းတာနဲ့တင် တိုင်းပြည်အုပ်ချုပ်ရေးမှာ ပါဝင်ခွင့်ရှိတယ်၊ ဥပဒေပြုခွင့်ရှိတယ်ဆိုပြီး အတွေးဝင်လာတာကတော့ မှားတယ်လို့ ထင်ပါတယ်။ 

နောက်တချက်ကတော့ မြန်မာနိုင်ငံမှာ အင်အားအကြီးဆုံးနဲ့ သြဇာအရှိဆုံး ဒီအဖွဲ့အစည်း ခုစလုံးရဲ့ ခေါင်းဆောင် ပိုင်းတချို့ဆီမှာ အမျိုးသမီးတွေအပေါ် တဆင့်နှိမ်ထားချင်တဲ့သဘော။ အမျိုးသားက အမျိုးသမီးထက်မြင့်မြတ်တယ် ဆိုတဲ့သဘောနဲ့ ဘုန်းတံခိုးကို ယုံကြည်တဲ့နေရာတွေမှာ သွားတူနေ တာကိုတွေ့ရ ပြန်ပါတယ်။

လွှတ်တော်အသစ်နှင့် အစိုးရအသစ်က ဘာဆက်လုပ်မလဲ

ဒီလိုအခြေအနေမျိုးမှာ အသစ်တက်လာမဲ့ လွှတ်တော်အမတ်တွေ ဘာဆက်လုပ်ကြမလဲ။ အရင်ခေတ်က ပြဌဏ်း ထားတဲ့ တရားမျှတမှုမရှိတဲ့ ဥပဒေတွေ၊ အထူးသဖြင့် အခုဆွေးနွေးပွဲမှာတင်ပြနေတဲ့ စစ်သားနဲ့ အမျိုးသားရေး အစွန်းရောက်ပုဂ္ဂိုလ်တွေရဲ့ဖိအားနဲ့တင်ထားတဲ့ အမျိုးစောင့်ဥပဒေ မျိုးကို ဒီတိုင်း လက်ခံထားမှာလား။ ပယ်ဖျက် ပစ်မှာလားဆိုတာဟာ မေးခွန်းဖြစ်လာနေပါတယ်။


ဒီဥပဒေတွေက ဒီမိုကရက်တစ်မဆန်ဘူးလေ။ ဥပဒေတခုလုပ်တယ်ဆိုတာက ကာကွယ်ဖို့လုပ်တယ် ဆိုပေမဲ့ မထင် မှတ်ပဲနဲ့ ပိုဆိုးသွားတတ်မျိုးရှိပါတယ်။ ဒါကြောင့် ဒီဥပဒေကတော့ ပြန်ပြင်မှကို ဖြစ်မှာပါလို့ ဒေါက်တာ ခင်မာမာကြည်ကပြောပါတယ်။

အဲဒီလိုပြင်နိုင်ဖို့အတွက် ဒီဥပဒေ တကယ်ပြန်ဌဏ်းဖို့ လိုမလိုဆိုတာကို အသေအချာ အချိန်ယူသုတေသန လုပ်၊ တကယ့်အောက်ခြေလူထုတွေနဲ့ အသေးစိပ်ဆွေးနွေး၊ အားလုံးသေချာပြီဆိုမှ ပြဌဏ်းမလား၊ ပြန်ဖြုတ်မလားဆိုပြီး ဆုံးဖြတ်သင့်တယ်လို့ သူက အကြံပြုပါတယ်။

ဒါပေမဲ့ လွှတ်တော်က အတည်ပြုထားပြီးသား ဥပဒေတရပ်ကို ပြန်ပြင်ဖို့၊ ပယ်ဖျက်ဖို့ဆိုတာ ချက်ချင်းတော့  ဘယ် လွယ်ပါ့မလဲ။ ပြီးတော့ ဒီထက်အရေးကြီးတဲ့ ပြုပြင်စရာဥပဒေတွေကလည်း အများကြီးရှိနေ ပါသေးတယ်။ အထူးသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ဒီမိုကရက်တစ်နည်းလမ်းမကျတဲ့ ဥပဒေတွေ၊ အတိအကျပြောရမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့်ပိတ်ပင်ထားတဲ့ ပုဒ်မ ၅၉- လိုဥပဒေတွေ၊ ဥပဒေပြင်ခွင့်ကို ကို်ယ်စား လှယ် ၇၅ ရာခိုင်နှုန်းကျော်ထောက်ခံမှပြင်ခွင့်ရှိတယ်ဆိုတဲ့ ပုဒ်မ ၄၃၆ လိုဥပဒေတွေကို အရင်ဦးစားပေးပြင်ဖို့ လိုနေတယ်မဟုတ်ပါလား။


ဒီအတွက် လက်ရှိသမ္မတ၊ လက်ရှိ တပ်-ချုပ်အပြင် နောက်ကွယ်ကကြိုးကိုင်နေသူအဖြစ် အများက ထင်ကြေးပေး ထားတဲ့ တပ်-ချုပ် ဟောင်းနဲ့ပါ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီဖက်က ဆွေးနွေးမှုတွေ လုပ်နေပါတယ်။ ဒီဆွေး နွေးမှုတွေပြီးလို့ ပါလီမန်အသစ်၊ အစိုးရအသစ်လက်ထဲ လုပ်ပိုင်ခွင့်တွေ တကယ်ရောက်လာပြီဆိုရင်တော့ အများ ပြည်သူအတွက် အကျိုးမရှိတဲ့ဥပဒေတွေကို လွှတ်တော်အသစ်က စတင်ပြင်ဆင်လာလိမ့်မယ်လို့ မျှော်လင့်မိ ပါ တယ်။  

Share

Twitter Delicious Facebook Digg Stumbleupon Favorites More