Tuesday, January 16, 2024

“နမ့်ဖတ်ကာမှာ တိုက်လေယာဉ်ကို KIA ပစ်ချ၊ တီးတိန်မှာ ချင်းတော်လှန်ရေးတပ်ပေ...


“နမ့်ဖတ်ကာမှာ တိုက်လေယာဉ်ကို KIA ပစ်ချ၊ တီးတိန်မှာ ချင်းတော်လှန်ရေးတပ်ပေါင်းစုက စခန်းသိမ်းနှင့် တိုက်ပွဲသတင်းများ”

(၁၆- ၁- ၂၀၂၄)

ရှမ်းမြောက်ဒေသ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာတိုက်ပွဲဒေသဆီ ဗုံးလာကြဲတဲ့ စစ်ကောင်စီ ဂျက်ဖိုက်တာ တိုက်လေယာဉ်ကို ရှေ့တန်းတပ်တွေက ပစ်ချလိုက်တယ်လို့ ကချင်လွတ်လပ်ရေးတပ် (KIA) ပြောခွင့်ရက BNN ကို ပြောပါတယ်။

ဒီမနက်ပိုင်းမှာ ပစ်ချတာလို့သာကြားရပြီး ဆက်သွယ်ရေးလိုင်းတွေပြတ်တောက်နေတဲ့အတွက် အသေးစိပ်မပြောနိုင်သေးဘူးလို့ KIA/ KIO ပြန်ကြားရေးအရာရှိ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဒါဟာ သီတင်း နှစ်ပတ်အတွင်း ဒုတိယမြောက် လေယာဉ်ပစ်ချမှုဖြစ်ပါတယ်။ ဇန်နဝါရီ ၃ ရက်ကလည်း လိုင်ဇာဌာနချုပ်အနီးက စစ်စခန်းတခုဆီ ရိက္ခာနဲ့ခဲယမ်းလာပို့တဲ့ Mi-17 အမျိုးအစား ရဟတ်ယာဉ်တစီးကို KIA က ပစ်ချခဲ့ပြီးဖြစ်ပါတယ်။

ကွတ်ခိုင်နဲ့ မူဆယ်-၁၀၅ မိုင်ကြားရှိ နမ့်ဖတ်ကာရွာမှာ ဒီဇင်ဘာလ ကတည်းက တိုက်ပွဲဖြစ်နေပြီး မနေ့ကတော့ စစ်ကောင်စီတပ်စခန်း ခလရ-၁၂၃ ကို KIA က အပြီးသိမ်းပိုက်လိုက်ပြီလို့ သတင်းတွေထွက်ပေါ်ပါတယ်။

ဒါပေမယ့် ဆက်သွယ်ရေးခက်ခဲနေတဲ့အတွက် စခန်းအပြီးသိမ်းပိုက်နိုင်ပြီဆိုတာကိုတော့ ပြောဖို့ခက်နေဆဲဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။

ချင်းပြည်နယ်မှာလည်း တီးတိန်မြို့နယ်ရှိ သိုင်းငင်းစစ်ကောင်စီတပ်စခန်းကို ချင်းတော်လှန်ရေးအဖွဲ့တွေက ဒီနေ့ သိမ်းပိုက်တယ်လို့ ချင်းအမျိုးသားတပ်ဦး ပြောခွင့်ရက BNN ကိုပြောပါတယ်။

ဒီစခန်းဟာ စစ်တိုင်းတိုင်း ကလေးမြို့ကနေ ချင်းပြည်နယ်ကိုအဝင် ပြည်ထောင်စုလမ်းမပေါ်ရှိ အရေးကြီးတပ်စခန်းတခုဖြစ်တယ်၊ စစ်ကောင်စီဖက်က လက်နက်မချတဲ့အတွက် စခန်းတခုလုံးကို ချေမှုန်းလိုက်ရတာဖြစ်တယ်လို့ CNF ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းထက်နီက ပြောပါတယ်။

စစ်ကောင်စီဖက်က ၃၀ ကျော်အထိကျဆုံးပြီး ၆၀ မမ၊ RPG အပါဝင် လက်နက်မျိုးစုံ ၃၀ ကျော် သိမ်းမိတယ်လို့ပြောပါတယ်။

ချင်းပြည်နယ်မှာ စစ်ရှိန်မြင့်နေပြီး တနေ့ကလည်း မြိုံတော် ဟားခါးကို ဝင်ရောက်တိုက်ခိုက်တာရှိတယ်လို့ပြောပါတယ်။ ရခိုင်ဖက်မှာလည်း AA က တိုက်ပွဲအရှိန်မြင့်နေတဲ့အတွက် ရှမ်းမြောက်ဒေသ အပစ်ရပ်မှုကြောင့် နွေဦးတော်လှန်ရေးအရှိန်ကျသွားမလားဆိုတာ စိုးရိမ်စရာမလိုဘူးလို့ ဆလိုင်းထက်နီက ဆက်ပြောပါတယ်။

ကွတ်ခိုင်နဲ့ တီးတိန်ဖက်က တိုက်ပွဲအခြေအနေဖြစ်ပါတယ်။ ရခိုင်ဒေသနဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ဆက်တွဲသတင်းတွေကိုတော့ မနက်ဖန် မနက်ပိုင်းမှာ ဆက်လက်တင်ပြပါ့မယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More