Friday, January 12, 2024

“အပစ်ရပ်ရေး သဘောတူချက်ရသော်လည်း စစ်ကောင်စီက ဗုံးကြဲနေဆဲ... ”


“အပစ်ရပ်ရေး သဘောတူချက်ရသော်လည်း စစ်ကောင်စီက ဗုံးကြဲနေဆဲ... ”

(၁၃- ၁- ၂၀၂၃)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့ကြားမှာ အပစ်ရပ်ရေး သဘောတူချက်ညီချက်တခု ရခဲ့တယ်လို့ ဇန်နဝါရီ ၁၂ ရက်နေ့ ည ၉ နာရီခွဲမှာ ညီနောင် ၃ ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

တရုတ်နိုင်ငံ၊ ကူမင်းမြိုမှာ ဇန်နဝါရီ (၁၀) နှင့် (၁၁) ရက် ၂ ရက်တာဆွေးနွေးမှူအတွင်း ရရှိခဲ့တဲ့ အဲဒီသဘောတူညီမှုကို "ဟိုင်ဂင်သဘောတူညီမှုများ" လို့ အမည်ပေးထားပါတယ်။

အဲဒီသဘောတူချက်ထဲမှာ အဓိက ၃ ချက်ပါဝင်ပြီး ...
(၁) ဇန်နဝါရီလ(၁၁) ရက်၊ ညနေ (၉) နာရီခန့်မှစတင်၍ နှစ်ဖက်တပ်များ ချက်ချင်းအပစ်ရပ်စဲရေး၊

(၂) နှစ်ဖက်တပ်ဖွဲ့ဝင်အချင်းချင်းကြားတွင် ပစ်ခတ်တိုက်ခိုက်မှုနှင့် ထိတွေ့မှုမရှိစေရေး၊ 

(၃) အကယ်၍ အငြင်းပွားဖွယ်ရာများနှင့် လိုလားချက်များ (ပစ်ခတ်မှုများ) ဖြစ်ပေါ်လာခဲ့ပါက တွေ့ဆုံဆွေးနွေးမှုလမ်းစဉ် ဖြင့်ဖြေရှင်းရေး ...တို့ဖြစ်ပါတယ်။

အဓိပါယ်ကတော့ ညီနောင်မဟာမိတ် (၃) ဖွဲ့က ရှမ်းမြောက်ရှိ (ရှမ်းမြောက်ဒေသရှိ) စစ်ကောင်စီ၏ စခန်းများ၊ ဗျူဟာကုန်းများအား ထိုးစစ်ဆင်တိုက်ခိုက်မှုများကို စတင်မပြုလုပ်ရန် သဘောတူခဲ့ပြီး စစ်ကောင်စီဘက်ကလည်း ရှမ်းမြောက်ဒေသရှိ ညီနောင် ၃ ဖွဲ့ ထိန်းချုပ်၊ သိမ်းပိုက်ထားသောနေရာများအားလုံးသို့ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု မလုပ်ရန် သဘောတူခဲ့ကြသည်... လို့ ကြေညာချက်က ဆိုပါတယ်။

ဒါ့အပြင် တရုတ်-မြန်မာနယ်စပ်ဒေသရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသားများနှင့် မြန်မာနိုင်ငံ အတွင်းရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုံခြုံရေးကို မထိခိုက်ကြစေရန်နှင့် မဖျက်ဆီးကြရန် နှစ်ဖက်စလုံးက သဘောတူညီခဲ့ကြသည်... လို့ ဖေါ်ပြပါတယ်။

ဒါက ည ၉ နာရီခွဲမှာ ထုတ်ပြန်တဲ့ ညီနောင် ၃ ဖွဲ့ကြေညာချက်ပါ။ ဒါပေမယ့် ည ၁၁ နာရီခွဲမှာ ထုတ်ပြန်တဲ့ ၁၀၂၇ စစ်ဆင်ရေး ၇၈ ရက်မြောက် ကြေညာချက်မှာတော့... ရှမ်းမြောက် ဒေသအတွင်းရှိ စစ်ဆင်ရေးနယ်မြေများ၌ စစ်ကောင်စီနှင့် မိမိတို့ကြား နှစ်ဖက်ရင်ဆိုင်ထိတွေ့တိုက်ပွဲများ၊ ထိုးစစ်များ မရှိခဲ့သော်လည်း မိမိတို့၏ အရပ်သားပြည်သူများနှင့် ရပ်ရွာများအား စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကို ဆက်လုပ်နေသည်...လို့ ညီနောင် ၃ ဖွဲ့က ပြောပါတယ်။

အပစ်ခံရတဲ့နေရာတွေကတော့ နမ့်ဆန်၊ ကျောက်မဲနဲ့ လားရှိုးမြို့နယ်တွေမှာဖြစ်တယ်လို့ PSLF/ TNLA တအာင်းတပ်မတော် ပြောခွင့်ရက ပြောပါတယ်....

ရခိုင်ဒေသမှာလည်း မောင်တော၊ မင်းပြား၊ ပေါက်တော၊ အမ်းနဲ့ မြောက်ဦးမြိုနယ်တွေကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်တာ၊ စစ်သဘောၤကနေ ပစ်တာ၊ လေယာဉ်နဲ့ုံဗုံးကြဲတာတွေ ဆက်လုပ်နေတဲ့အတွက် အရပ်သား ၁၀ ဦးခန့်အထိ သေဆုံးတယ်လို့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။

ဒါကြောင့် ရခိုင်လူထုကို ဆယ်စုနှစ်နဲ့ချီ ဒုက္ခပေးနေတဲ့ (ရခိုင်ဒေသရှိ) စစ်ကောင်စီ အထိုင်ချတပ်စခန်းများနှင့် ဗျူဟာကုန်းများကို ရက္ခိုင့်တပ်တော် (AA) က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ၁၀၂၇ စစ်ဆင်ရေး ၇၈ ရက်မြောက် ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More