Monday, January 15, 2024

“ရခိုင်မှာ တိုက်ပွဲပြင်းထန်၊ နမ့်ဖတ်ကာရွာ တပ်စခန်းကို KIA သိမ်းပိုက်နှင့...


“ရခိုင်မှာ တိုက်ပွဲပြင်းထန်၊ နမ့်ဖတ်ကာရွာ တပ်စခန်းကို KIA သိမ်းပိုက်နှင့် တိုက်ပွဲသတင်းများ...”

(၁၆- ၁- ၂၀၂၄)

ရခိုင်ပြည်နယ်က မင်းပြား၊ ကျောက်တော်နှင့် ရသေ့တောင်မြို့နယ်ရှိ အရေးပါတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ရက္ခိုင့်တပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် ဒီနေ့ တိုက်ပွဲပြင်းထန်နေတယ်လို့  ည ၁၂ နာရီမှာထုတ်ပြန်တဲ့  ၁၀၂၇ စစ်ဆင်ရေး (၈၁) ရက်မြောက် ကြေညာချက်မှာ ဖေါ်ပြပါတယ်။

စစ်တွေမှာတော့ တိုက်ပွဲဖြစ်ပွားခြင်းမရှိပေမယ့် ဒီမနက်အစောပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၅၀) ကျော် တောကန်ကျေးရွာသို့ ဝင်လာပြီး တရွာလုံးကို မီးရှို့သွားတယ်လို့ AA က ပြောပါတယ်။ အရပ်သား ၂ ဦးသေဆုံးပြီး အိမ် ၈၀ မီးထဲပါသွားတယ်လို့ဆိုပါတယ်။

တချိန်တည်းမှာပဲ AA က သိမ်းပိုက်ထားပြီးဖြစ်တဲ့ ပလက်ဝမြို့နှင့် ပတ်ဝန်းကျင်ကို ဂျက်ဖိုက်တာဖြင့် လာရောက်ပစ်ခတ်တဲ့အတွက် ကျီးလေကျေးရွာက ကလေးတဦးအပါဝင် အရပ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ AA က ပြောပါတယ်။

ဒါ့အပြင် မြောက်ဦးနဲ့ ပေါက်တောမြို့နယ်တို့မှာလည်း အရပ်သားနေရာတွေကို လက်နက်ကြီးနဲ့ပစ်ခတ်တာရှိနေပြီး ရမ်းဗြဲနဲ့ ကျောက်ဖြူမြို့နယ်တို့မှာတော့ ရေတပ်က အရပ်သားတွကို အနိုင်ကျင့်ဖမ်းဆီးတာတွေရှိနေတယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြပါတယ်။

ရှမ်းမြောက်ဒေသ တအာင်းနယ်မြေမှာတော့ ဒီနေ့ တိုက်ပွဲမရှိပေမယ့် အရပ်သားနေရာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်တာ၊ လေယာဉ်နဲ့ဗုံးကြဲတာတွေ နေစဉ်လုပ်နေဆဲဖြစ်တယ်လို့ PSLF/ TNLA က ပြောပါတယ်။

ကျောက်မဲမြို့နယ် ၅၀၂ တပ်စခန်းကနေ  ပါးပုတ်ကျေးရွာသို့ လက်နက်ကြီးဖြင့် (၄)ကြိမ်၊ သံဘိုရွာအနီးတဝိုက်သို့ လက်နက်ကြီးဖြင့် (၅)ကြိမ်၊ နောင်ချိုမြို့နယ် အုမ္မတီးလမ်းခွဲတွင် တပ်စွဲထားသော စစ်ကောင်စီတပ်က  သုံးဆယ်ရွာသို့ (၃)ကြိမ် ပစ်ခတ်ခဲ့တယ်လို့ TNLA က ပြောပါတယ်။

ကွတ်ခိုင်မြို့နယ် မိုင်းယုလေး၊ လွယ်ကန်၊ လွယ်ကုန်ရွာအနီးတဝိုက်ကိုတော့ စစ်ကောင်စီတပ်က Mi35 တိုက်ခိုက်ရေးရဟက်ယာဉ်ဖြင့် (၁)ကြိမ် လာရောက်ဗုံးကြဲတယ်။ ဒါဟာ အပစ်ရပ် သဘောတူမှုကို စစ်ကောင်စီက နေစဉ်ချိုးဖောက်နေတဲ့ အထောက်အထားတွေဖြစ်တယ်လို့ TNLA ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။

ကိုးကန့်ဒေသမှာတော့ စစ်ကောင်စီအုပ်ချုပ်စဉ်က ထုတ်ထားတဲ့ အမိန့်တွေအားလုံးကို ဇန်နဝါရီ ၁၄ ကစပြီး ပျက်ဖျက်လိုက်ပြီလို့ MNDAA က သတင်းထုတ်ပြန်ပါတယ်။ အဲဒီအမိန့်တွေအစား  ကိုးကန့် အထူးဒေသ (၁) ရဲ့ မူလ-ဥပဒေနှင့် နည်းဥပဒေများအား ပြန်လည် အသုံးပြုသွားမှာဖြစ်တယ်လို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ကွတ်ခိုင်မြို့နယ်မှာတော့ နမ့်ဖတ်ကာရွာရှိ စစ်ကောင်စီတပ်စခန်းကို KIA ကချင်လွတ်လပ်ရေးတပ်က တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ဒေသတွင်းမီဒီယာဖြစ်တဲ့ The 74 Media က ဖေါ်ပြပါတယ်။

KIA တပ်မဟာ (၄)၊ (၆)နှင့် (၁၀) တပ်ဖွဲ့ဝင်တွေက နမ့်ဖတ်ကာရှိ ခလရ (၁၂၃) ကို ဒီမနက် ၁၀ နာခန့်မှာအပြီးသိမ်းလိုက်တာလို့ ဆိုပါတယ်။ ဒါပေမယ့် KIA ပြန်ကြားရေးအရာရှိ ဗိုလ်မှူးကြီးနော်ဘူကတော့ သတင်းအသေးစိပ်မရသေးတဲ့အတွက် စခန်းသိမ်းတာကို အတည်ပြုချက် မပေ့းနိုင်သေးဘူးလို့ BNN ကို ပြောပါတယ်။

ပဲခူးတိုင်းမှာတော့ မုန်းမြို့ တိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကို နိုင်ငံတကာဥပဒေများနှင့်အညီ ကောင်းမွန်စွာစောင့်ရှောက်ထားတယ်လို့ ကေအဲန်ယူ−ကရင်အမျိုးသား အစည်းအရုံးက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၉) နှင့် တပ်မိသားစုဝင် (၄၂) ဦးကို ကောင်းမွန်စွာလက်ခံထားတာဖြစ်ပြီး နောက်ထပ် စစ်ကောင်စီတပ်သားတွေ ထွက်ပြေးလာရင်၊ လက်နက်ချလာရင်လည်း ကောင်းမွန်စွာလက်ခံမှာဖြစ်တယ်လို့ KNU ကြေညာချက်မှာ ဖေါ်ပြပါတယ်။

အလားတူ ကရင်နီပြည်နယ်မှာလည်း စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်သားတွေ လက်နက်အပြည့်အစုံနဲ့အတူ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF ထံ ဘတ်ပြောင်းခိုလှုံလာတာတွေ တိုးလာနေတယ်လို့ KNDF က ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကမှ KNDF ထံ ဘတ်ပြောင်းခိုလှုံလာတဲ့  ဘောလခဲမြို့က ရဲမေတဦးက သူ့အတွေ့အကြုံကို ဗီဒီယိုမှတ်တမ်းနဲ့ပြောထားတာကိုလည်းတွေ့ရပါတယ်။ တော်လှန်ရေးတပ်တွေက ဒီလို စနစ်တကျကြိုဆိုနေတဲ့အတွက် စစ်ကောင်စီတပ်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ အမြန်ဆုံးဘက်ပြောင်းကြဖို့ KNDF ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More