Sunday, January 14, 2024

“ပလက်ဝဒေသမှာ စစ်ကောင်စီကင်းစင်ပြီလို့ AA ကြေညာနှင့် တိုက်ပွဲသတင်းများ....”


“ပလက်ဝဒေသမှာ စစ်ကောင်စီကင်းစင်ပြီလို့ AA ကြေညာနှင့် တိုက်ပွဲသတင်းများ....”

(၁၅- ၁- ၂၀၂၄)

ပလက်ဝဒေသမှာ နောက်ဆုံးကျန်နေတဲ့ "နှမဒါ ဗျူဟာ” ကို ဒီနေ့ (ဇန်နဝါရီလ-၁၄) နေ့လည် ၃ နာရီမှာ အပြီးသတ်သိမ်းပိုက်ပြီးတဲ့နောက် ပလက်ဝဒေသတခုလုံးဟာ “စစ်ကောင်စီ လုံးဝကင်းစင်သောဒေသ” ဖြစ်လာခဲ့ပြီ- လို့ ည ၁၁ နာရီခန့်မှာ ရခိုင့်တပ်တော် AA က ကြေညာချက်ထုတ်ပြန်ပါတယ်။

နောက်ဆုံးလက်ကျန်စခန်းတွေထဲက “ခန်ခတောင် ဗျုဟာ” စခန်းကို မနေ့က သိမ်းပြီး ဒီနေ့ "နှမဒါ ဗျူဟာ” ကိုသိမ်းလိုက်တာဖြစ်တယ်။ လက်နက်အများအပြားသိမ်းမိပြီး စစ်ကောင်စီတပ်သားတွေ အိန္ဒိယနိုင်ငံဘက် ထွက်ပြေးသွားတယ်လို့ AA က ပြောပါတယ်။

ပလက်ဝေဒေသ စစ်ဆင်ရေးကို နိုဝင်ဘာလ (၁၃) ရက်နေ့မှာ စတင်ခဲ့ပြီး “တရွန်အိုင်” နှင့် “နှုံးဘူး” ဗျူဟာနှစ်ခုကို အရင်ဆုံးသိမ်းပိုက်နိုင်ခဲ့တယ်။ အဲဒီနောက် စစ်ကောင်စီစခန်းတွေကို တခုပြီးတခုဆက်တိုက်သိမ်းခဲ့ပြီး အခု ပလက်ဝမြို့တစ်မြို့လုံးကို အောင်မြင်စွာထိန်းချုပ်ထားနိုင်ပြီ  ဖြစ်တယ်လို့ ကြေညာချက်က ဆိုပါတယ်။

ပလက်ဝဒေသအပြင် ကျောက်တော်မြို့နယ်ရှိ အမြောက်တပ် “အမတ (၃၇၇) စခန်း”၊ ရသေ့တောင်မြို့နယ်ရှိ “ရီစိုးချောင်း ဗျူဟာကုန်း” စခန်းတွေကိုလည်း ဒီနေ့မနက်ပိုင်းက သိမ်းပိုက်လိုက်ပြီး မြောက်ဦးမြို့နယ်ရှိ လင်းမြွေတောင်စခန်းကိုတော့ ၁၂ ရက်နေ့ကတည်းက သိမ်းထားပြီးဖြစ်တယ်လို့ AA က ပြောပါတယ်။
-----

ရှမ်းမြောက် ဒေသမှာတော့ ဒီနေ့ တိုက်ပွဲမရှိပေမယ့် မိုးကုတ်မြို့နယ်၊ အထက်ညောင်ကုန်းနှင့် ကုန်စံကျေးရွာအနီးသို့ စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်တယ်လို့ TNLA က ပြောပါတယ်။ ဒါ့အပြင် လားရှိုးမြို့နယ်က တအာင်းတပ်မတော် PSLF/TNLA တည်ရှိရာ နာကွန့်ကျေးရွာအနီးကိုလည်း စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။

မူဆယ်မြို့မှာတော့ စစ်ကောင်စီတပ်က လက်နက်နဲ့ လူအင်အားဖြည့်နေတယ်လို့ TNLA က ပြောပါတယ်။ မူဆယ်တပ်စခန်းဆီ ထောက်ပို့လေယာဉ်ဖြင့်  စစ်ကူ-လူအင်အားနှင့် လက်နက်ခဲယမ်းများ ဒီနေ့ ထပ်မံလာရောက်ဖြည့်တင်းတာတွေ့ရတယ်လို့ TNLA ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
---

အညာဒေသမှာတော့ မကွေးတိုင်း ပခုက္ကူမြို့နယ်မှာ (ပြည့်သူ့ကာကွယ်ရေးအဖွဲ့) ပကဖ တပ်ခွဲ(၂) မွမ်းမံသင်တန်းဆင်းပွဲကျင်းပပြီး လက်နက်တပ်ဆင်ပေးခဲ့တယ်လို့ Young Force - UG က ဒီနေ့သတင်းထုတ်ပြန်ပါတယ်။

Local PDF အဖြစ်ကနေ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန Mod အောက်သို့ ပြောင်းလဲတာဝန်ထမ်းပြီးတဲ့နောက်၊ သင်တန်းတွေ အကြိမ်ကြိမ်ပြုလုပ်ပြီးတဲ့နောက် အခုလို သတင်းထုတ်ပြန်တာဖြစ်တယ်လို့ Young Force - UG အဖွဲ့က မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ဖေါ်ပြထားတာတွေ့ရပါတယ်။. ။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More