နွားထိုးကြီးတိုက်ပွဲ သုံ့ပန်း ၁၄ ဦးနဲ့ လက်နက် ၄၀ ကျော် PDF သိမ်းမိ... စစ်တွေမြို့အနီးအထိ AA ရဲ့ ထိုးစစ်ရောက်လာ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...
၁၂ မတ် ၂၀၂၅
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူး ရဲစခန်းက ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ် တိုက်ခိုက်ရာမှာ ၂၅ ဦး သေပြီး ၁၄ ဦးကို လက်ရဖမ်းမိတယ်၊ လက်နက်မျိုးစုံ ၄၄ လက် ရရှိတယ်လို့ အမှတ် ၁ စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။
မတ်လ ၉ ရက်မှာ ဝက်လူး စခန်းကနေ ထွက်လာတဲ့ တပ်မ ၁၀၁ လက်အောက်ခံ အင်အား ၂၀၀ ခန့်ပါ စစ်ကြောင်းကို ကြားဖြတ် တိုက်တာဖြစ်ပြီး စကောင်စီ တပ်ဘက်က ဂျက်ဖိုက်တာနဲ့ ၂ ကြိမ် ဗုံးလာကြဲတဲ့အထိ တိုက်ပွဲပြင်းထန်တယ်လို့ ဆိုပါတယ်။
နယ်မြေရှင်းတဲ့အခါ စစ်သားအလောင်း ၂၅ လောင်း တွေ့ရပြီး ဗိုလ်မှူးနဲ့ ဗိုလ်ကြီး အပါအဝင် ၁၄ ဦးကို လက်ရဖမ်းမိတယ်၊ ၈၁ မမ၊ ၆၀ မမ စိန်ပြောင်းတွေအပါအဝင် လက်နက်မျိုးစုံ ၄၄ လက်နဲ့ ခဲယမ်းတွေ သိမ်းမိတယ်လို့ ဓာတ်ပုံမှတ်တမ်းနဲ့တကွ ဖော်ပြပါတယ်။
တော်လှန်ရေးဘက်ကလည်း ရဲဘော် ၂ ဦး ကျဆုံးပါတယ်။ ဒီစစ်ဆင်ရေးကို အမှတ် ၁ စစ်ဒေသ၊ မြင်းခြံခရိုင် တပ်ရင်း ၄ နဲ့ တပ်ရင်း ၁၀၊ နွားထိုးကြီးမြို့နယ် ပကဖ နဲ့ ဒေသခံ တပ်တွေ ပူးပေါင်းဆောင်ရွက်တာလို့ ဖော်ပြထားပါတယ်။
ဒါ့အပြင်...
- ငါန်းဇွန်မြို့နယ်၊ ဂျို ကျေးရွာကနေ ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေး တပ်တွေက မိုင်းဆွဲ တိုက်ခိုက်ရာမှာ စစ်သား ၁၅ ဦး သေဆုံး...
- နောင်ချိုမြို့နယ်၊ တောင်ခမ်းနဲ့ အုမ္မတီး ကျေးရွာဘက်မှာ စစ်ကောင်စီတပ်နဲ့ TNLA တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေ...
- အမ်း-ပဒါန်း လမ်းပေါ်က နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေး ဗျူဟာရဲ့ အရေးပါတဲ့ ကာကင်း စခန်းကုန်းတွေကို AA က သိမ်းပိုက်...
- AA ရဲ့ စစ်တွေ မြို့သိမ်းတိုက်ပွဲဟာ ရွှေမင်းဂံ ရေတပ် စခန်းနဲ့ သုံးဆောင်ရွာ အနီးထိ ရောက်လာ...
- ထားဝယ်မြို့ ဆိပ်ကမ်းကနေ သရက်ချောင်းမြို့ ဆင်ဖြူပြင် ဆိပ်ကမ်းဘက် စုန်ဆင်းလာတဲ့ စစ်ကောင်စီရဲ့ စက်လှေတစင်းကို တော်လှန်ရေး တပ်တွေက ကြားဖြတ် တိုက်ခိုက်ရာမှာ စက်လှေ မီးလောင်ပြီး စစ်သား ၂၀ ခန့် သေဆုံး...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
BNN- သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment