Tuesday, March 18, 2025

ရေခဲအမှတ်အောက်က လွတ်မြောက်ခြင်း

 ရေခဲအမှတ်အောက်က လွတ်မြောက်ခြင်း

(Weekend မှာ တွေးတောစရာ... (၉)


(၁)
မနေ့က မတ်လ ၁ ရက်နေ့ဟာ ပြက္ခဒိန်အရ နွေဦးရာသီ စရောက်တဲ့နေ့ပေါ့။ ဒါပေမယ့် အပူချိန်က သုည - ရေခဲအမှတ်ကို မကျော်သေးတဲ့အတွက် ဒီနေ့ မတ်လ ၂ ရက်နေ့မှ ရေခဲအမှတ်ကို ကျော်နိုင်ပြီ။ အပူချိန် ၅ အထိရောက်ပြီဆိုပြီး ဂုဏ်ယူစွာနဲ့ နွေဦးကိုကြိုဆိုလိုက်တယ်ဆိုပါတော့...
မြန်မာနိုင်ငံမှာတုန်းကတော့ ဆောင်းရာသီဆိုတာကို (ဆီးနှင်းတွေကျ- ရေတွေခဲ- အနုတ် ၂၀ လောက်အထိရှိတဲ့ ရာသီမျိုး) မကြုံဘူးတော့ ရုပ်ရှင်ထဲက ဆီးနှင်းလေးတွေက အတော်လှပါလားပေါ့...
တကယ်တန်း လက်တွေ့မှာတော့ အဲလိုမဟုတ်။ နိုဝင်ဘာ နောက်ဆုံးအပတ်ကနေ အခု မတ်လ ပထမ ပတ်အထိ လုံး၀ ရေခဲအမှတ်အောက်မှာ နေရတာ၊ နှင်းမကျတဲ့နေ့ဆို မှောင်မဲ-အေးခဲနေတာပဲ။
နှင်းကျရင် ဖြူဖွေးပြီး အအေးနည်းနည်းပေါ့ပါတယ်။ ဒါ ဥရောပ မဲဇာမှာ နှစ် ၂၀ လောက် ကိုယ်တိုင်ကြုံခဲ့ရတဲ့ ရာသီဥတုအခြေအနေကိုပြောတာပါ။ အခြား ဥရောပနိုင်ငံတွေ၊ မြောက်အမေရိကားရောက် ဘော်ဘော်တွေ တင်ထားတဲ့ပုံတွေထဲမှာတော့ ဥရောပမဲဇာလောက် မအေးလောက်ဘူး (ဖင်လန်က လွဲရင်ပေါ့)
အဲတော့ ဒီလို အေးခဲတဲ့ ရာသီစက်ဝန်း ၃ လတာကို ဘယ်လိုကျော်ဖြတ်ခဲ့သလဲ...။
---
(၂)
နော်ဝေရဲ့ နှစ် ၂၀ ကျော်မှာ ပထမ ၁၀ နှစ်က DVB မှာ တာဝန်ထမ်းတယ်။ မြို့ထဲမှာ နေတယ်ဆိုတော့ နှင်းကျသလား- နေပူသလား သိပ်မသိလိုက်ဘူး။ တချိန်လုံး ရုံးခန်းထဲမှာပဲများတော့ အပြင်မှာ ပူတာ-အေးတာ သိပ်မသိဘူးပြောရမယ်။
အခု မြို့ပြင်ကိုပြောင်းလာပြီးမှ နော်ဝေရဲ့ တကယ့်ရာသီဥတု အခြေအနေကို ဖြတ်သန်းရတာလို့ ဆိုနိုင်ပါတယ်။ အခြေအနေက မြို့ထဲနဲ့ မြို့ပြင်မတူဘူး။ မြို့ထဲဆို နှင်းကျပြီးတာနဲ့ ခနေ ပြန်ပျော်သွားတာ။ မပျော်ရင်လည်း နှင်းရှင်းစက်တွေနဲ့ ရှင်းပြီးရင် နောက်တရက်ဆို ဘာမှမရှိတော့ဘူး။
အဲတော့ အနွေးထည်ကောင်းကောင်း၊ ဆောင်းစီးဖိနပ်ကောင်းကောင်းတောင် မဝယ်ဖြစ်ပါဘူး။ အဲလိုနဲ့ ၁၀ နှစ်ဖြတ်သန်းခဲ့တာ...။ ပြီးခဲ့တဲ့ ၁၀ နှစ်ကမှ ဈေးကြီးတဲ့ အနွေးထည်ဝယ်ပြီး လွန်ခဲ့တဲ့ ၅ နှစ်ခန့်ကမှ ဆူးပါတဲ့ ဆောင်းဖိနပ်ကို ဝယ်စီးဖြစ်တယ်ဆိုပါတော့...
အဆိုရှိတယ်မို့လား... ရန်ကုန်နဲ့ ဘန်ကောက်မှာနေရင် နွေကို (ပူတာကို) မိတ်ဆွေဖွဲ့ထားနိုင်မှဖြစ်မယ်။ ဥရောပမဲဇာမှာနေရင် ဆောင်းရာသီကို မိတ်ဆွေဖွဲ့ထားနိုင်မှဖြစ်မယ်...
ဆိုတာ့ ဘယ်လိုမိတ်ဆွေဖွဲ့မှာလဲ...။ စကီး (နှင်းလျောစီး) ကလည်း မစီးတတ်၊ အအေးထဲသွားရမှာကလည်း အနွေးထည်ကောင်းကောင်း၊ ဖိနပ်ကောင်းကောင်းမရှိ... ဒီတော့ အိမ်ထဲကွေးပြီး ယာမကာလေးနဲ့ နှံ့နေတာက ပိုပြီး ရာသီဥတုဒဏ်ကို မခံနိုင်ဘူးလား...
အချို့က အဲလို စဉ်းစားကြတယ်ထင်ပါတယ်။ ကိုယ်လည်း ရှေ့မှာပြောခဲတဲ့ ၁၀ နှစ်တာမှာ အဲလိုသွားခဲ့တာ။ ဒါပေမယ့် မြို့ပြင်ကိုရောက်တော့ အဲနည်းနဲ့ ဆက်သွားလို့မဖြစ်... အသက်ကလည်း ၁၀ နှစ်ထပ်ကြီးလာပြီဆိုတော့ကာ...
ဒီတော့ နှင်းဘယ်လောက်ကျကျ- ရာသီဥတုဘယ်လောက်အေးအေး တရက် မိနစ် ၃၀ တော့ မပျက်မကွက်လမ်းလျောက်တဲ့နည်းကို သုံးရပါတယ်။ တကယ်လို့ အပြင်ထွက်ဖို့ လုံး၀ အဆင်မပြေရင် အိမ်အောက်က ဂျင် ခန်းကိုသွားပြီး မိနစ် ၃၀ လေ့ကျင့်ခန်းလုပ်... ဒီနည်းနဲ့ ဖြတ်သန်းခဲ့ရပါတယ်။
ဂျင်-လုပ်တယ်ဆိုမှ ကိုယ့်ဘော်ဘော်တွေ အတော်များများ ဂျင် မ ဆော့ကြတာလား၊ ဆော့ပါရဲ့နဲ့ ပုံမတင်တာလား မပြောတတ်ဘူး။ FB ထဲက အမျိုးသား ဘော်ဒါတွေ အားကစားလုပ်တာ အတွေ့ရနည်းသလောက် အမျိုးသမီးတွေကတော့ ဂျင်ဆော့တဲ့ပုံ တင်သလားမမေးနက်... အချို့ဆို ဗီဒီယိုပါ တင်နေလို့ အနီးကပ်တောင် မကြည့်ရဲ...
---
(၃)


အားကစားလုပ်ဆိုတော့ အသောက်အစား မလုပ်တော့ဘူးလား... ဒီမေးခွန်းက ပြသာနာရှိပါတယ်...။ အရက်အကြောင်း- အမြည်းအကြောင်း မကြာခနရေးနေတယ်ဆိုတော့ မသောက်ပဲနေမလား...
သောက်ပုံသောက်နည်းကလည်း အရေးကြီးတယ်ထင်ပါတယ်၊ အရင် တောတွင်းဘဝတုန်းက အရက်သမားအတော်များများ တတိယ နိုင်ငံရောက်ချိန်မှာ လုံး၀ အရက်ပြတ်၊ ဘုရားတရားနဲ့လုံး၀ လူကောင်းတွေဖြစ်သွားတာ တွေ့ဖူးပါတယ်။
အဲ...တောထဲမှာတုန်းက သူများ အရက်သောက်တာ လိုက်ဖမ်းရတဲ့ စည်းကမ်းထိန်းသိမ်းရေးတာဝန်ခံ ကိုယ်က ထိုင်းနဲ့ တတိယ နိုင်ငံရောက်မှ အရက်သောက်တတ်တာဆိုတော့ အခုမှ အရက်ကို သုတေသနလုပ်လို့ ကောင်းတုန်း...
တခုရှိတာက အရက်ကောင်း- အမြည်းကောင်းရမှ သောက်မယ်၊ တပတ် ဘယ်နှစ်ကြိမ်သောက်မယ်။ တခါသောက်ရင် ဘယ်နှစ်ပက်ထက် မပိုဇေနက်... ဒီလို သတ်မှတ်ထားရင်တော့ အဆင်ပြေမယ်ထင်ပါတယ်။
တတိယ နိုင်ငံရောက် ရဲဘော်ဟောင်းတွေအတွက် အရက်သောက်နည်းကလည်း အတော်အရေးကြီးပုံရပါတယ်။ ဘာကြောင့်လဲဆို တလောက နယ်စပ်ကနေ တာဝန်နဲ့ရောက်လာတဲ့ ရဲဘော်ကြီးတဦးကပြောပါတယ်...
“ရဲဘော်ကြီးတွေနဲ့တွေ့ရင် အရက်လျော့သောက်ဖို့၊ ကျန်းမာအောင်နေဖို့ပဲ တိုက်တွန်းနေရတယ်။ ကျနော်တို့ ၅၀ ကျော်အရွယ်တွေ တဖြုတ်ဖြုတ် ကြွေနေကြပြီလေ” တဲ့...
ဒီလိုပြောလို့ အားလုံးအရက်သမားဖြစ်နေတာမျိုးတော့ မဟုတ်ဘူး။ အချိုု့ဆို ဘာမှမသောက်ပဲနဲ့ကို ရောဂါတွေဖြစ်နေတာ၊ တလောကဆုံးသွားတဲ့ ရဲဘော်တွေဆို အများစုက ကင်ဆာ ဖြစ်ကြတာ။
“ကျနော်တို့ မျိုုးဆက်တွေက ဘဝကို (နော်ဝေနိုင်ငံသားတွေလို) ပုံမှန်ဖြတ်သန်းလာရတာမဟုတ်ဘူးလေ။ ခင်ဗျားတို့ ကျနော်တို့က တောထဲမှာ ၁၀ နှစ်လောက် အဟာရပြတ်ခဲ့သလို နိုင်-ကျဉ်း ဟောင်းတွေကလည်း ၁၀ နှစ်လောက် ထောင်ထဲ ဒုက္ခခံခဲ့ရတာ၊ ဒီတော့ ဒီကလူတွေနဲ့ နှိုင်းလို့မရဘူး”လို့ ဥရောပမဲဇာမှာ သောင်တင်နေတဲ့ ရဲဘော်ကြီးတဦးကပြောပါတယ်။
အဲတော့... သောက်နည်း အဆင့်မြှင့်ဖို့လိုသလို စားနည်းကိုလည်း အဆင့်မြှင့်ဖို့ လိုမယ်ထင်ပါတယ်။ ဥရောသားတွေစာသလို အဟာရရှိတဲ့အစာကို ရွေးစားကြပေါ့...
ရဲဘော်ကြီးတချို့ FB မှာတင်နေသလို... “အားပေးကြပါအူး... ဒီနေ့တော့ ဖြစ်သလို ဝက်သားဆီပြန်ဟင်းလေးနဲ့...။ ဒီနေ့ကတော့ ထူးထူးရှယ် အာပြဲခြောက်၊ ငါးပိရည်- တို့စရာနဲ့”... ဒီလို စားနည်းကားက အလုပ်မဖြစ်ဘူးထင်ပါတယ်။
ကျနော်တို့ မျိုးဆက်အတော်များများက အဟာရရှိတဲ့အစာကို စားဖို့ထက် ခံတွင်းတွေ့တဲ့အစာကိုစားဖို့က ပိုအရေးကြီးတယ်လို့ ခံယူထားပုံရပါတယ်။ တခါတလေကျတော့တော့လည်း ခက်သား...
မရှိဆင်းရဲလို့ စားခဲ့ရတဲ့၊ အရေးပေါ်ကာလမှာ စားခဲ့ရတဲ့ဟာတွေ စွဲလန်းနေတတ်တာ။ လတ်လတ်ဆပ်ဆပ်အစာမရနိုင်လို့ ရေရည်ခံအောင်လုပ်ထားတဲ့အစာတွေကို နှစ်ရှည်လများစားရင်းနဲ့ အဲဒါတွေကို စွဲလန်းသွားတာမျိုး..။
ဘလာချောင်ကြော်နဲ့မှ၊ ငါးပိကြော်၊ ငါးပိရည်လေးပါမှ ထမင်းမြိန်တာမျိုး၊ အဟာရရှိတဲ့ ပင်လယ်ငါးထက် မြန်မာပြည်က တကူးတကာ့မှာထားတဲ့ ငါးခြောက်ဖုတ်ကိုမှ စားချင်တာမျိုုး၊ နိုစိမ်းရှိရဲ့နဲ့ နိုဆီနဲ့မှ ကော်ဖီဖျော်သောက်ချင်တာမျိုး...
ပေါင်မုန့်-ကိတ်မုန့်-ပီဇာတွေရှိရက်နဲ့ လူကိုပိုဝစေတဲ့ ထမင်းကိုမှ စွဲလန်းနေတာမျိုး၊ ထမင်းမစားရရင် အားမရှိသလို ခံစားရတာမျိုးတွေက အစွဲအလန်းကို ဖြစ်နေကြတာ မို့လား...
---
(၄)


ဒါတွေက အတွေ့အကြုံပေါ် အခြေခံပြောနေတာပါ။ တဦးနဲ့တဦး ခန္တာဗေဒ သဘောမတူလောက်တဲ့အတွက် ဆရာဝန်တွေပြောတာကိုသာ နားထောင်တော်မူပါ။ သေချာတာကတော့ အကျင့်ပါနေတဲ့ စားနည်း-သောက်နည်းတွေကို အဆင်မြှင့်ဖို့လိုနေပါတယ်။
အသက်က ၆၀ တန်းဆိုတော့ ပင်စင်ကလည်းနီးလာပြီ။ ဥရောပမဲဇာမှာက ၆၇ မှ ပင်စင်ရမှာတဲ့...။ မြန်မာပြည်က ဘော်ဘော်တွေကတော့ ၅၀ လောက်ဆို အေးဆေးပဲ...၊ ဘာမှ မလုပ်တော့ပဲ ဒီလိုပဲ အိုကေ နေကြတာ။
ရာသီဥတုဖက်ကို ပြန်လှည့်ရမယ်ဆိုရင် အဲဒီ ရေခဲအမှတ်အောက် ၃ လတာက အတော်အေးတော့ အကျောတွေ နာချင်သလိုလို၊ ကိုက်ချင်သလိုလိုဖြစ်လာတယ်။ ဒါက အခု ၆၀ နီးမှဖြစ်လာတာ၊ ဒါပေမယ့် တလလောက် ထိုင်းမှာသွားနေလိုက်ရင် ထိုင်းရောက်တဲ့နေ့က စပြီး အဲဒီ ထုံတာ-ကျင်တာတွေက လုံးဝပျောက် ... သတိတောင်မထားမိတော့ဘူး။
ဒီတော့ အသက်ကြီးလာရင် အေးတဲ့နေရာကိုရှောင်ပြီး နွေးတဲ့နေရာကို ဆောင်ရမလား...။ မြန်မာပြည်ကလည်း ပြန်လို့မရသေး...။ ထိုင်းမှာ ပြန်နေလို့ရရင်တော့ မဆိုးဘူး။
သြစီက ရဲဘော်ကြီးတွေဆိုရင် ဆစ်ဒနီတို့ မဲဘန်းတို့ဖက်မှာ ရာသီဥတု အေးလို့ဆိုပြီး Perth တို့၊ Brisbane တို့ဖက် ပြောင်းနေကြတာတွေ့ရပါတယ်။ ဒါတောင် သူတို့အေးတယ်ပြောတဲ့နေရာတွေက ဆောင်းတွင်းတောင် ၁၅ ဒီဂရီလောက် ရှိနေတာ။ ကိုယ်တွေလို အနုတ် ၁၅ ဆို ဘယ်လိုလုပ်မလဲ...။
ဟော... အမေရိကန်ရောက် ဘော်ဘော်တွေကလည်း ရာသီဥတုပိုနွေးတဲ့ ကယ်လီဖုန်းနီးယားတို့၊ ဖရော်ရီဒါတို့ဖက် ပြောင်းနေဖို့ ပြင်နေကြတယ်တဲ့...။
ဥရောပမဲဇာမှာက ဘယ်ကိုပြောင်းနေရမလဲ...။ အော်စလိုဆိုတာ မြောက်ပိုင်းနဲ့စာရင် အတော် ပူနွေးတဲ့နေရာ။ ပြောင်းချင်သပဆိုရင် မြေထဲပင်လယ်ကမ်းခြေရှိရာ စပိန်တောင်ပိုင်းတို့၊ ဂရိတို့မှာပြောင်းနေမှရမယ်...။
အဲ... စပိန်တောင်ပိုင်းဆိုမှ ... ဘေးနားအိမ်က ပင်စင်စား နော်ေ၀ အဖိုး-အဖွား (တကယ်က ကိုယ်တွေလည်း အဖိုးအဖွား အသက်ဖြစ်နေပြီ) ၂ ယောက်ကတော့ ဆောင်းတွင်းဆို စပိန်မှာသွားနေတယ်။ နွေဆို နော်ဝေမှာ ပြန်နေတာ တွေ့ရပါတယ်။
အဝေးကြီး စဉ်းစားရင် ခေါင်းကိုက်ပါတယ်။ အခု ခေတ်စားနေတဲ့ စကားလုံးအတိုင်း...
“အသက်ရှင်ပါ - မနက်မင်္ဂလာလို့နှုတ်ဆက်ဖို့...” အတွက် ကျနော်တို့ ကြိုးစားကြရပါမယ်။
အဲဒီအတွက်... သောက်နည်း စားနည်းတွေကို အာ့ဒိတ်လုပ်- လိုက်ဖ် စတိုင်လ်ကို အာ့ဒိတ်လုပ်ပြီး ဥရောပ နိုင်ငံကြီးသားတွေလို ကျင့်ကြံနေထိုင်-စားသောက်မှ ဖြစ်မယ်လေ...
ဆိုတော့ အခု အပူချိန် ၇ အထိ တက်လာတဲ့နွေဦးကို ဂုဏ်ပြုတဲ့အနေနဲ့ ၂၀၂၅ ရဲ့ ပွဲဦးထွက် စက်ဘီး ထွက်စီးလိုက်ပါအူးမယ်...
ပြီးမှ... တပက်ထက် မပိုစေသော စကော့ဝီစကီနဲ့ မီးခိုးရိုက်ဆော်လမွန်ကို ထမင်းလမ်းပြအဖြစ် သုံးဆောင်ပြီးသကာလ ... ထမင်းနည်းနည်းနဲ့ ဟင်းများမျာ စားသုံးနိုင်ရေး ဆက်တွေးလိုက်ပါအူးမယ်။. ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More