VOA - RFA မြန်မာပိုင်းအစီစဉ်တွေ တကယ်ပဲ ရပ်ရတော့မလား...
(၁)-
တကယ့်ကတော့ သမ္မတထရမ့် ဒုတိယ သက်တန်းအဖြစ် တက်လာပြီးကတည်းက၊ လွှကိုင်ဆရာကြီး မောင်အီလွန်ရဲ့ ဖြတ်တောက်ရေးသြဝါဒတွေကြားမိကတည်းက RFA တော့ ထိလိမ့်မယ်လို့ တွက်ဆထားပြီးသားပါ။
အခုတော့ VOA, RFA အသံလွှင့်ဌာနတွေထက် X အသံလွှင့်ဌာနက ပိုအရေးကြီးသွားသလား... စဉ်းစားစရာတွေပါပဲ။
---
(၂)-
RFA ဆိုတာ DVB နဲ့ခေတ်ပြိုင် ၁၉၉၀ ပြည့်လွန်နှစ်တွေရောက်မှ ပေါ်လာတာဖြစ်ပေမယ့် VOA ဆိုတာ ဟိုး...စာရေးသူတို့ မမွေးခင်ကတည်းက ရှိနေတာ။ ဒုတိယ ကမ္ဘာစစ်ကာလ February 1942 မှာ စတင်တာလို့မှတ်တမ်းထဲ တွေ့ရပါတယ်။
၈ လေးလုံးအရေးတော်ပုံမဖြစ်ခင် စာရေးသူတို့ ကျောင်းသားဘဝကဆို VOA, BBC ရေဒီယိုဆိုတာ အဖိုးကြီးတွေ၊ ပင်စင်စားတွေ နားထောင်တဲ့ ရေဒီယိုတွေပေါ့။ VOA က အသံလွှင့်ဝန်ထမ်းတွေရဲ့အသံကလည်း တကယ့် အဖိုး-အဖွားအသံတွေ၊ မြန်မာစကားကိုလည်း မြန်မာနားမလည်အောင် (စကားမပြောတတ်ပဲ စာပဲဖတ်တတ်သူတွေလို) ပြောတတ်သူတွေ။
ပြီးတော့ မြန်မာ့သတင်းလည်းပါတာမဟုတ်ဘူး။ နိုင်ငံတကာသတင်းတွေ သိချင်လို့သာ လူကြီးတွေကြား တိုးဝှေ့နားထောင်ဖူးခဲ့ပေါ့။ BBC ကတော့ နည်းနည်း ခေတ်မီတယ်ပြောရမယ်။ (BBC ကို ၁၉၂၇ ကတည်းက တည်ထောင်တယ်လို့မှတ်တမ်းထဲ တွေ့ရ) ဦးမောင်မောင်ဆိုသူပေးပို့တဲ့ မြန်မာသတင်း တလတခါလောက် ပါလေ့ရှိပါတယ်။
ဒါက ၈၈ မတိုင်ခင်က အခြေအနေကိုပြောတာပါ။ ၈၈ ကာလမှာတော့ BBC က တကယ်ပေါက်ပါတယ်။ စာရေးသူတို့ဆို BBC နားထောင်ပြီး တော်လှန်ရေးထဲ ပါလာတယ်လို့တောင် ပြောနိင်ပါတယ်။
VOA ကတော့ ၁၉၉၀ ပြည်လွန်နောက်ပိုင်း ၈၈ မျိုးဆက် သတင်းသမားတွေ ရောက်သွားပြီးမှ အတော်လေး တိုးတက်ပြောင်းလဲလာတာ သတိထားမိပါတယ်။ အခု နွေဦးတော်လှန်ရေးမှာ VOA, RFA ဘယ်လောက်အရေးပါသလဲဆိုတာကတော့ အားလုံးသိပြီးသားမို့ အထူးပြောဖို့လိုမယ်မထင်ပါ။
---
(၃)-
ဆိုလိုတာက ဒီလို ရာစုနှစ်နဲ့ချီတည်ရှိလာတဲ့ - လွတ်လပ်စွာပြောဆိုခွင့်အတွက် အရေးပါတဲ့ အသံလွှင့်ဌာနကြီးတခုကို ထရမ့်အစိုးရက တကယ်ပဲ ဖျက်ပစ်တော့မှာလား....
“VOA နဲ့ RFA သတင်းဌာနတွေရဲ့ မိခင်အေဂျင်စီဖြစ်တဲ့ USAGM အပါအဝင် အစိုးရဌာန ၇ ခုမှာ လုပ်ငန်းတွေကို အဆုံးစွန်ဆုံး လျှော့ချပြီး ဝန်ထမ်းတွေကိုလည်း အနည်းဆုံးထားဖို့...
ဥပဒေအရ လိုအပ်တယ်လို့ ပြဌာန်းထားတဲ့ဌာနတွေမှာ လုပ်ငန်းနဲ့ ဝန်ထမ်းတွေကို နည်းနိုင်သမျှ အနည်းဆုံးအထိ လျှော့ချဖို့နဲ့ ဥပဒေအရ လိုအပ်ချက်အဖြစ် ပြဌာန်းမထားတဲ့ လုပ်ငန်းတွေကို ဖျက်သိမ်းရမယ်” ဆိုပြီး သမ္မတ အမိန့်မှာ ပါတယ်လို့ဆိုပါတယ်။
ဆိုတော့ လုံး၀ မဖျက်သေးရင်တောင် ဘတ်ဂျက်လျော့တာ၊ ဝန်ထမ်းလျော့မှာကတော့ သေချာနေပြီပေါ့...။ ဒါကြောင့် ဒီည VOA မြန်မာပိုင်း လိုက်ဖ် အသံမလွှင့်နိုင်တာ ဖြစ်ပုံရပါတယ်။
ဒီလိုဖြစ်တာကို အတော်များများက ဝမ်းနည်းပူဆွေးကြပေမယ့် ဝမ်းသာနေသူအချို့ကိုလည်း ထူးဆန်းစွာတွေ့ရပါတယ်။ ဝမ်းသာနေသူတွေဟာ ဒီမိုကရေစီနဲ့ မီဒီယာလွတ်လပ်ခွင့်ကို မလိုလားသူတွေလား...
အချို့ထောက်ပြသလို USAID က အမေရိကန်ဝန်ထမ်းတွေ ရိုက်စားလုပ်နေကြသလိုမျိုး အခု VOA, RFA မှာလည်းရှိနေနိုင်ပါတယ်။ ဒါကတော့ အမေရိကန်မှ မဟုတ်ပါဘူး။ နေရာတိုင်းမှာ အချောင်သမားတွေ ရှိနေတာပါပဲ။
ဒါကို စီစစ်ဖို့လုပ်တာကိုတော့ မူအရ လက်ခံနိုင်ပါတယ်။ ဒါပေမယ့် မီဒီယာလွတ်လပ်ခွင့်ကို ထိခိုက်တဲ့အထိ လုပ်လာမယ်ဆိုရင်တော့ ဒါဟာ ဒီမိုကရေစီအရေး၊ လွတ်လပ်စွာပြောဆိုခွင့်ရရေး၊ မြန်မာ့နွေဦးတော်လှန်ရေးတွေအတွက် ကောင်းတဲ့ အလားအလာမဟုတ်ပါဘူး။
ဒီအသံလွှင့်ဌာနတွေက မြန်မာ့ဒီမိုကရေစီရေးကို ဘယ်လောက် အထောက်အကူဖြစ်စေသလဲ၊ အမေရိကန်အစိုးရရဲ့ အာဘော်တွေအကြောင်း မြန်မာလူထု ဘယ်လောက်သိခွင့်ရသလဲ...ဒါတွေကို စစ်တမ်းကောက်သင့်တယ်ထင်ပါတယ်။
ပြီးတော့မှ ဘတ်ဂျက်လျော့တာ၊ ဝန်ထမ်းလျော့တာ၊ ခေတ်နဲ့အညီ ပြုပြင်မွန်းမံမှုတွေ လုပ်သင့်တယ်လို့ ထင်ပါတယ်။
အခုဟာက USIAD ကို ချက်ချင်းကြီးရပ်ချသလိုမျိုး အသံလွှင့်ဌာနတွေကို ချက်ချင်းရပ်တန့်လိုက်တာမျိုးကတော့ မဖြစ်သင့်ဘူး ထင်ပါကြောင်း ပိတ်သတ်တဦးရဲ့အမြင်၊ သတင်းသမားတဦးရဲ့ အမြင်ကို တင်ပြလိုက်ရပါတယ်။
0 comments:
Post a Comment