ကော်ဖီအစား လက်ဖက်ရည် (ရေနွေးကြမ်း) သောက်ကြရတော့မလား...
မောင်မောင်ထရမ့် အစိုးရက VOA, RFA အသံလွှင့်ဌာနတွေကိုပိတ်တော့မယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး အင်တာဗျုးတွေမေးရင်းနဲ့ အပေါ်က ခေါင်းစဉ်ပါ အတွေး ခေါင်းထဲဝင်လာတာပါ...
“အမေရိကန်က နောက်ဆုတ်သွားတဲ့နေရာတွေမှာ တရုတ်နဲ့ ရုရှားက ဝင်လာမှာကို စိုးရိမ်ရတယ်” လို့ မီဒီယာဆရာ အတော်များများကပြောကြပါတယ်။
အခု လက်ရှိမှာကော ရန်ကုန်နဲ့ နေပြည်တော်က မီဒီယာလောက အခြေအနေ ဘယ်လိုဖြစ်နေပြီလဲ...
စစ်ကောင်စီက ဖွဲ့ပေးထားတဲ့ မီဒီယာကောင်စီက သတင်းသမားတွေ တရုတ်ပြည်သွားလည်တာ၊ ရုရှားကို သွားဖို့ပြင်နေတာတွေ တွေ့မိပါတယ်။
အရင် အမေရိကန်အကူအညီနဲ့ မြန်မာ့မီဒီယာတွေ ခေတ်ကောင်းစဉ်ကကော တရုတ်နဲ့ ရုရှား မီဒီယာလောကအပေါ် လွှမ်းမိုးမှုက ဘယ်လိုရှိသလဲ...
---
ဒီမိုကရေစီအခွင့်အရေးတွေ၊ မီဒီယာအခွင့်အလမ်းတွေ အတောက်ပဆုံးကာလလို့ပြောနိုင်တဲ့ NLD အစိုးရခေတ် ၂၀၁၈ ကနေ ၂၀၂၀ အစောပိုင်းအထိ ရန်ကုန်မှာ မီဒီယာအလုပ် တာဝန်ယူစဉ် တရုတ်သံရုံးက ဦးစီးကျင်းပတဲ့ မီဒီယာပွဲ ၂ ခုတက်ခဲ့ဖူးပါတယ်။
တပွဲက နွေဦးကာလ လက်ဖက်ရည်သောက်ပွဲ (စကားလုံးအတိအကျ မမှတ်မိတော့ပါ) တဲ့။ တရုတ်သတင်းသမားတွေနဲ့ မြန်မာသတင်းသမားတွေ ဆွေးနွေးကြတာ။
နောက်တပွဲကတော့ နိုင်ငံတကာ ပညာရှင်တွေပါ ပါတဲ့ပွဲ... NLD က တာဝန်ရှိသူတွေပါ တက်ရောက်ပါတယ်။
ဆွေးနွေးချက်တွေကို မမှတ်မိတော့ပေမယ့် တရုတ်လဖက်ခြောက်ကောင်းပုံ (သူတို့တိုက်တဲ့ လဖက်ရည်- ရေနွေးကြမ်းက တကယ့်ကိုကောင်းပါတယ်- ကိုယ်တောင် ရေနွေးကြမ်းသောက်တဲ့အကျင့် ဖြစ်သွားတဲ့အထိပါပဲ) နဲ့ တရုတ်နိုင်ငံရဲ့ကောင်းမွန်ပုံတွေအကြောင်း အတော်များများကဆွေးနွေးကြပါတယ်။
ကိုယ်တွေက သူပုန်လူထွက်သတင်းထောက်ဆိုတော့ သတင်းထောက် စဖြစ်တာက ထိုင်း-မြန်မာနယ်စပ်မှာ၊ သတင်းထောက်ဘ၀ ရှင်သန်ကြီးထွားတာက ထိုင်းနဲ့ အနောက်တိုင်းသားတွေကြားမှာဆိုတော့ ... သတင်းမေးရင် Cross-Question မေးဖို့ သူ့အလိုလို အော်တိုထွက်နေတာ...
ရန်ကုန်က ဆရာသမားတွေက (အားလုံးတော့မဟုတ်ပါ- အဲပွဲမှာ တွေ့တဲ့လူတွေကိုသာဆိုလို) အဲလို မဟုတ်ဘူး။ တရုတ်ကောင်းကြောင်းတွေချည်းပြော၊ တရုတ်နိုင်ငံဆီ မြန်မာသတင်းသမားတွေကိုဖိတ်ခေါ်ဖို့၊ တရုတ်ဘာသာနဲ့ ထုတ်ထားတဲ့ စာအုပ်တွေကို မြန်မာပြန်ပြီး ဘယ်လိုထုတ်ထားတယ်- ဒီလို တရုတ်အကြောင်း မြန်မာသိအောင် လုပ်ပေးနေသူတွေကို တရုတ်ပြည်ကို ဖိတ်ကြားသင့်ပါတယ်... စသဖြင့်...စုံနေတာပါပဲ။
ဆိုလိုတာက ကိုယ်တွေ ထိုင်းနဲ့ နိုင်ငံတကာမှာ တွေ့ဖူးတဲ့ မီဒီယာပွဲတွေနဲ့မတူဘူး။ တရုတ် ဗားရှင်း မီဒီယာပွဲတွေလို့ ဆိုနိုင်ပါတယ်။ ကိုယ်လည်း ပြည်ပနေကနေ ရန်ကုန်ပြန်အဝင် လေယာဉ်ကွင်း ငွေညှစ်သူတွေ အပြောခံရသလို “လူမှုရေး နားမလည်သူ” ဖြစ်သွားခဲ့ရပေါ့...
ဆိုတော့ အခု လွတ်လပ်စွာပြောဆိုခွင့်နဲ့ မီဒီယာ အခန်းကနေ အမေရိကန်တွေ နောက်ဆုတ်မယ်ဆိုတော့ တရုတ်နဲ့ ရုရှားက ဦးစီးကျင်းပမယ့် မီဒီယာ ဆွေးနွေးပွဲတွေကို ပြန်တက်ရတော့မလား...
ကော်ဖီသောက်ရာကနေ ရေနွေးကြမ်း ပြန်သောက်ရတော့မလား...
ဂျက်ဒယ်နီရယ်နေရာမှာ ဗော်လကာနဲ့ အစားထိုးရတော့မလား...
(တရုတ်အရက်က မသောက်ဖူးသေးတော့ ဘာကောင်းမှန်းမသိသေး၊ တရုတ်ရေးရာ ကျွမ်းကျင်သူတွေ လုပ်ပါအူး)
အင်း... မောင်မောင်ထရမ့်တက်လာတာ ၂ လတောင်မပြည့်သေး...
လွတ်လပ်တဲ့ ကမ္ဘာသူကမ္ဘာသားတွေ စိုးရိမ်မှုများစွာနဲ့ အတွေး...ကိုယ်စီဖြစ်နေရပါလား...။
0 comments:
Post a Comment