Tuesday, March 18, 2025

“Smoked Salmon - မီးခိုးရိုက် ဆော်လမွန် တထုပ်လောက် ဝယ်လာပေးပါ”

 “Smoked Salmon - မီးခိုးရိုက် ဆော်လမွန် တထုပ်လောက် ဝယ်လာပေးပါ”


(Weekend မှာ တွေးတောစရာ... (၈)
ကဲ... နိုင်ငံရေးအကြောင်းပြောရင် ဆိုရှယ်မီဒီယာပိုင်ရှင်တွေ၊ ဂီးဆောင်ဂျောင်းတွေက မကြိုက်ဘူး... Reach ကျတယ်၊ (တမင်ချတယ်) - အစားသောက်ပုံတွေ၊ အလှအပပုံတွေတင်မှ Reach တက်တယ်ဆိုလို့...
ဒီတပတ်တော့ နိုင်ငံရေးရှောင် အစားအသောက်ပုံကို ဗြောင် တင်မယ်ပေါ့...
ဒါပေမယ့် ခက်တာက ပုံတင်မယ်လို့ စိတ်ကူးရချိန်မှာ အစားအသောက်တွေက စားလို့ကုန်ခါနီးနေပြီ...
ဖြစ်ပုံက ဒီလို...
ပြီးခဲ့တဲ့နွေက ထိုင်းကိုခရီးထွက်မယ်ပြင်တော့ ဘန်ကောက်က ရဲဘော်ကြီးတဦးကို လောကွပ်ပြူငှာနဲ့ မေးမိပါတယ်- “ဘာလက်ဆောင် ဝယ်လာပေးရမလဲ အူးလေး”...လို့...။
ငါ မစားရတာကြာပြီ၊ “Smoked Salmon - မီးခိုးရိုက် ဆော်လမွန် တထုပ်လောက် ဝယ်လာပေးပါ”...တဲ့။
ဟ- ဒုက္ခပါပဲ... ကိုယ်ထင်တာက ချောကလက်ဖြစ်ဖြစ်- ဂျုတီဖရီးက ပုလင်းတပြားလောက်ဖြစ်ဖြစ်... ဒီလို ထင်ထားတာ... ။ ဒီလူက ထူးထူးဆန်းဆန်း၊ ကိုယ် နော်ဝေမှာ နေတယ်ဆိုတော့ အထင်တွေကြီးပြီး Smoked Salmon ဝယ်လာပေးပါတဲ့...။
အင်း... တကယ်တန်းပြောရရင် နော်ဝေကိုမရောက်ခင်အထိ ဆော်လမွန်ဆိုတာ ဘာမှန်းမသိ၊ ခင်ဝမ်းသီချင်းထဲက “ဆော်လမွန် ငါးတို့အပြန်”- သီချင်းလောက်ပဲ ကြားဖူးတာ။ ဆော်လမွန်ဟာ နော်ဝေပင်လယ်က ထွက်မှန်းလည်း မသိဘူးရယ်။
ဒီလိုနဲ့ အော်စလိုရောက်ပြီး ၁၀ နှစ်လောက်ကြာပြီးမှ ဆူရှီလိပ်တဲ့ငါးဟာ ဆော်လမွန်ဆိုတာ သိမြင်တော်မူလာပါတယ်။ ဒါကလည်း ဆူရှီစားရင်း သိတာမဟုတ်ဘူး။ ဆူရှီဆိုင်မှာလုပ်တဲ့ မိတ်ဆွေတဦးက ...
“ခင်ဗျားတို့ရုံးမှာ ဘော်ဘော်တွေ ထမင်းစုချက်စားကြတယ်ကြားတယ်။ ကျနော့်ဆီမှာ ငါးခေါင်းတွေကျန်နေတယ်။ အဲဒါလာယူပြီး ငါးခေါင်းဟင်းချက်စားကြပါလား” တဲ့... သတင်းပို့ပါတယ်။
အဲဒီအချိန်အထိ ဆူရှီလိပ်တဲ့ငါးဟာ ဆော်လမွန်မှန်း ကိုယ်က မသိသေး၊ သူတို့ဆိုင်မှာကလည်း ငါးရဲ့ကိုယ်ထည်ကိုပဲယူပြီး ခေါင်းနဲ့အရိုးတွေ၊ ဘေးထွက်အသားစတွေကို မယူဘူး၊ မသုံးဘူးတဲ့... (လွှင့်ပစ်ရမယ့်အတူတူ လာယူပါလားပေ့ါ)
တကူးတကာ့ခေါ်ပေးမှတော့ သွားယူအူးမှပါ- ဆိုပြီးထွက်လာတော့ ငါးခေါင်း ၃ လုံးအပြင် ငါးအသားစတွေကို လုံးပြီး ရေခဲရိုက်ထားတဲ့ အသားတုံးအထုပ်ကြီး တထုပ်ကိုပါ ပေးလိုက်ပါသေးတယ်။
“အဲဒါ ရေခဲ အပျော်ခံပြီးရင် အသားတွေကို ယာမကာနဲ့ မြည်းရင် အရရမ်းမိုက်တယ်၊ ငါးခေါင်းအစပ်က အသားတွေကိုလည်း အဲလိုပဲ လှီးထုတ်ပြီး အစိမ်းလိုက်မြည်းလို့ရတယ်” ...တဲ့၊ သူက အကြံပေးလိုက်ပါတယ်။
ဒီလိုနဲ့တညနေခင်း ရုံးဆင်းချိန်မှာ တယောက် ခရိုနာ ၅၀-၁၀၀ စီလောက် အရက်ဖိုးစုပြီး ပုလင်းထောင်ဖို့ပြင်၊.. ဘာအမြည်းရှိလဲ...ဆိုပြီး ဒိုင်လုပ်သူကမေးတော့ ကျနော့်ဆီမှာ ဒါတွေရှိပါတယ်ပေါ့...
အဲဒါနဲ့ ရေခဲရိုက်ထားတဲ့ ဆော်လမွန်အသားတုံးကြီးကို မြန်မြန်ပျော်အောင်ဆိုပြီး ရေနွေးလောင်း ဖျော်ချလိုက်တာ ဘယ်ပြောကောင်းမလဲ...။ “ဟာ ... အူးလေး- ဆော်လမွန်ငါးကို ရေနွေးလောင်းပြီး အရည်ဖျော်ရတယ်လို့ဗျာ”... ဆိုပြီး ရဲဘော်ကြီးတယောက်က ကျနော့်လက်ကို လာဆွဲ...
“ဆူရှီစားသလို ငါးကို အစိမ်းစားရတာမျိုး၊ ခင်ဗျားလုပ်မှ ငါးပြုတ်အမြည်းဖြစ်တော့မယ်”...တဲ့၊ အဲဒါ ပထမ ဆုံး ဆော်လမွန်နဲ့ ကျနော် တွေ့ဆုံခြင်းပါပဲ။
အဲဒီလို ဗဟုသုတ ပြည့်စုံတော်မူသူကိုမှ ဟိုအူးလေးက မီးခိုးရိုက် ဆော်လမွန် ဝယ်လာပေးပါ လာပြောနေတော့... ဘယ်မှာ သွားရှာဝယ်ရမလဲ...။ ရေခဲရိုက်ထားတဲ့ ဆော်လမွန်ငါးတွေကို စူပါမာကတ်မှာ တွေ့ဖူးပေမယ့် ဈေးကြီးလွန်းလို့ဆိုပြီး တခါမှ မဝယ်စားဖြစ်ပါဘူး။
အဲ... ဘယ်အချိန်မှာမှ မီးခိုးရိုက် ဆော်လမွန်၊ ဆားစိမ်ဆော်လမွန်တွေကို စားဖူးသလဲဆိုတော့... ပြောရင် မယုံချင်စရာကြီး...


အခု စစ်တပ်က အာဏာမသိမ်းခင် ရန်ကုန်မှာ သတင်းထောက်အလုပ် ၃ နှစ်လောက်သွားလုပ်စဉ်အတွင်း ရန်ကုန် နော်ဝေသံရုံးမှာ ကျင်းပတဲ့ နော်ဝေအမျိုးသားနေ့ပွဲမှာ...
နော်ဝေပြန်တွေဆိုပြီး အဲဒါတွေချပေးတော့ ... အင်း ဘယ်ပြောကောင်းမလဲ...။ အလကားရတုန်း ဝါးလိုက်တာ- ရိုးရိုးအစိမ်း ဆော်လမွန်၊ ဆားစိမ်ဆော်လမွန်၊ မီးခိုးရိုက်ဆော်လမွန် အစုံပဲ... အတော်လည်း ကြိုက်မိသွားပါတယ်။
အခု နော်ဝေပြန်ရောက်ပြီး ဆောင်းတွင်းကာလတွေမှာ ဆော်လမွန်အစိမ်းကို ရှာဝယ်ပြီး အမြည်းလုပ်ဖြစ်ပေမယ့် ဆားစိမ်နဲ့ မီးခိုးရိုက်တော့ တခါမှ မတွေ့မိဘူးရယ်။ တကူးတကာ့လည်း လိုက်မရှာမိပါဘူး။
အစိမ်းတောင် အတော်ဈေးကြီးတယ်ဆိုတော့ မီးခိုးရိုက်ဆို ပိုဈေးကြီးလေမလား...။ ဒီလိုနဲ့ မနေ့ကတော့ မီးခိုးရိုက် ဆော်လမွန်တထုပ်တွေ့ပါတယ်။ Expire Date ဖြစ်ခါနီးလို့ ဈေးတဝက်ချထားတယ်တဲ့...။ ဟ- တယ်ဟုတ်ပါလား... ဆွဲမှဆိုပြီး ဒိတ်ကိုကြည့်တော့ ဒီနေ့ နောက်ဆုံးပဲ...



“ဟ- ဒါဆို ဒီတထုပ်လုံး တရက်တည်းနဲ့ ကုန်အောင်မြည်းရမလား...”
သူက မီးခိုးရိုက် ဆော်လမွန်ကို ပါးပါးလေးလှီးပြီး ပါကင်ပိတ်ထားတာဆိုတော့ မြည်းလို့မကုန်ရင် ဟင်းချက်စားဖို့ကလည်း အဆင်ပြေပုံမရဘူး။
ဘာတက်နိုင်မလဲ... ဒီလောက်ဈေးကြီးတဲ့ မီးခိုးရိုက် ဆော်လမွန်ကြီးကို အားနာတဲ့အနေနဲ့ အမြည်းမကုန်မချင်း အရက်ဆက်သောက်ရပေအူးတော့မည်ပေါ့...
“ကဲ... ဘန်ကောက်က အူးလေး။ ... နောက်တခေါက်လာရင်တော့ မီးခိုးရိုက် ဆော်လမွန် တကယ် ဝယ်လာပေးပါ့မယ်၊ အခု ဝယ်တတ်နေပြီဗျ။ ခင်ဗျားဖက်ကသာ ဝန်ကြီးအကြိုက် ရေဂျင်စီလေးသာ ကြိုပြီး သိုလှောင်ထားတော်မူပါ”

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More