Tuesday, March 18, 2025

ကမ္ဘာလည်သလား ငါလည်သလား မပြောတတ်ပြီ...

 ကမ္ဘာလည်သလား ငါလည်သလား မပြောတတ်ပြီ...



🤔
(Weekend မှာ တွေးတောစရာ... (၅)
တကယ်က ကမ္ဘာလည်သလား... ထရမ့်ကပဲ လည်နေသလား... ဆိုပြီး ခေါင်းစဉ်တပ်မလို့...
ဒါပေမယ့် ထရမ့်ဆိုတာက ရှင်းတယ်၊ သူ့ကို မဲပေးသူနဲ့ သူ့ကို ထောက်ခံသူတွေ...။ ကမ္ဘာဆိုတာက သိပ်မရှင်းလှဘူး။
ယေဘုယျပြောမယ်ဆိုရင်တော့ UN - ကုလသမဂ္ဂ ဆိုတာ ကမ္ဘာကို ကိုယ်စားပြုတဲ့အဖွဲ့အစည်းပဲ။ ကုလသမဂ္ဂက ချမှတ်ထားတဲ့ မူဝါဒတွေကို သွေဖီဆန့်ကျင်ရင် ဒါဟာ ကမ္ဘာကိုဆန့်ကျင်တာပဲလို့ ပြောနိုင်မယ်ထင်ပါတယ်...
ဒါပေမယ့် ဒီနေ့ ကမ္ဘာ့အခင်းအကျင်းက အဲလို အဖြူ-အမဲ ကွဲမနေဘူး။ ကုလသမဂ္ဂမှာလည်း အားနည်းချက်တွေက အများကြီးဆိုတော့ ဘယ်သူမှားပြီး ဘယ်သူမှန်တယ်လို့ အတိအကျ ပြောဖို့ခက်ပါတယ်။
သေချာတာကတော့ ICC က ကုလ ဝန်ထမ်းတွေကို အရေးယူတဲ့အဆင့်အထိရောက်လာတယ်ဆိုတာကတော့ နည်းနည်းများသွားပြီ...
...နည်းနည်းလေးတော့လွဲနေတယ်... လွဲလွဲလေးကိုပဲ ထောက်ခံအားပေးနေသူတွေကလည်း အများကြီးဆိုတော့... ပြောရမှာတောင် အားသိပ်မရှိလှဘူး...။
တနည်းအားဖြင့်ပြောမယ်ဆိုရင် ထရမ့် ဒုတိယအကြိမ်အရွေးခံရတာဟာ အမေရိကန် ဒီမိုကရေစီ၊ ထပ်ဖြည့်ပြောမယ်ဆိုရင် ကမ္ဘာ့ဒီမိုကရေစီ ခိုင်မာမှု- ဒီမိုကရေစီ စံချိန်စံညွန်းတွေကို စမ်းသပ်ခြင်းလို့ ဆိုနိုင်မယ်ထင်ပါတယ်...
ရွေးကောက်ခံ သမ္မတ တဦးရဲ့ လုပ်ပိုင်ခွင့်တွေကို အမေရိကန် ဒီမိုကရေစီ အင်စတိကျုးရှင်းတွေက ဘယ်လို ထိန်းကြောင်းနိုင်မလဲ...။ လောလောဆယ်တော့ သူရဲ့ အမိန့်အချို့ကို တရားရေးဌာနက ဝင်တားတာ တွေ့နေရပါတယ်။
လွတ်တော်အမတ်အချို့လည်း ဆန္ဒပြပွဲတွေကို ဦးဆောင်နေတာတွေ့ရပါတယ်။ ဒါဟာ အမေရိကန်စတိုင်လ် ဒီမိုကရေစီလား...
အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးက သီးခြားစီရှိတယ်- တခုကို တခုက ဝင်စွက်လို့မရဘူး... ဒါဟာ အမေရိကန် ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် အများက နားလည်ထားတဲ့ အဓိကအချက်ပဲ...
ဆိုတော့ အခု တရားရေးက သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းဆိုတော့ သူ့ မူနဲ့ မကိုက်တဲ့၊ သိပ် ရုပ်ပျက်ဆင်းပျက်နိုင်တဲ့ ဟာတွေကို ဝင်တားတာမျိုးတွေ့​ေနရပါတယ်။ ဒါပေမယ့် ဘယ်လောက်အထိ တားနိုင်မှာလဲ...
ဥပဒေပြုအမတ်အချို့ကလည်း ဆန္ဒပြပွဲထဲ ဝင်ပါတာတွေ့ရပါတယ်။ ဒါပေမယ့် လွှတ်တော်မှာကျတော့ ဒီမိုကရက်အမတ်တွေက လူနည်းစု... ဆိုတော့ ဘယ်လောက်အထိ တားဆီးနိုင်မှာလဲ...
တနေ့က USAID ရုံးက ဆိုင်းဘုတ် (သံမှုံနဲ့ရိုက်ထားတဲ့ စာလုံးတွေ) ကို ဖြုတ်ချနေတဲ့ ပုံတွေ တွေ့ရပါတယ်။ တရားသူကြီးက ဟန့်တားလို့ ခနဆိုင်းထားတယ်လို့ ဆိုပါတယ်...
ဒါပေမယ့် အဲဒီ USAID ပေးနေတဲ့ ကျန်းမာရေးအကူအညီပေါ် မီခိုနေရတဲ့ မြန်မာအပါဝင် ဆင်းရဲတဲ့နိုင်ငံတွေက လူနာအချိုု့က ဆိုင်းငံ့ထားလို့မရဘူး... ဆေးမရရင် သေမယ့်သဘောရှိတယ်... အဲဒီလူတွေ သေရင် ဘယ်သူ့မှာ တာဝန်ရှိသလဲ...
ပြသာနာက ဝါရှင်တန်မှာရှိတဲ့ အိမ်ဖြူတော်- လွှတ်တော်-နဲ့ တရားရုံး ၃ ခုတည်းရဲ့ ကိစ္စမဟုတ်ဘူး။ တကမ္ဘာလုံးနဲ့ ဆက်စပ်နေတဲ့ ပြသာနာဖြစ်ပါတယ်။
ဆိုတော့... ၃ လကြာရင် ငြိမ်သွားမှာပါ။ နောက်ထပ် ၃ နှစ်နဲ့ ၉ လကြာရင် ပြီးသွားမှာပါဆိုပြီး ခပ်ပေါ့ပေါ့တွေးထားလို့မဖြစ်ဘူး ထင်ပါတယ်။
ဒါဟာ ကမ္ဘာကြီးကသွားနေတဲ့ ...တနည်းအားဖြင့် ကုလသမဂ္ဂက ချမှတ်ထားတဲ့ စံတန်ဖို့းတွေနဲ့ လွဲချော်နေသလား...
အမေရိကန် ပထမ ဆိုပြီး ဦးစားပေးတာ သူ့နိုင်ငံကိစ္စဖြစ်ပေမယ့် ဒါဟာ ကမ္ဘာကြီးကို လှုပ်ခတ်စေတယ်ဆိုတာကို ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။
တဦးချင်းအကျိုးစီးပွားနဲ့ ပါတီအကျိုးစီးပွားယှဉ်ရင် ပါတီအကျိုးကို ဦးစားပေးရမယ်...
ပါတီအကျိုးစီးပွားနဲ့ တိုင်းပြည်အကျိုးစီးပွားယှဉ်ရင် တိုင်းပြည်အကျိုးကို ဦးစားပေးရမယ်... ဒီလို ဆိုကြပါတယ်။
ဆိုတော့ တိုင်းပြည်အကျိုးစီးပွားနဲ့ ကမ္ဘာကြီးရဲ့အကျိုးစီးပွားကိုယှဉ်ရင် ...ဘာကို ဦးစားပေးမှာလဲ...🤔

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More