Tuesday, March 18, 2025

မနက်စာ Breakfast ဘာစားသင့်သလဲ...

 မနက်စာ Breakfast ဘာစားသင့်သလဲ...



(Weekend မှာ တွေးတောစရာ... (၁၀)
နိုင်ငံရေးအကြောင်းရေးရင် ဆိုရှယ်မီဒီယာ ပိုင်ရှင်တွေက သိပ်မကြိုက်ဘူး၊ ပိတ်သတ်စိတ်ဝင်စားမှုနည်းတယ်၊ အစားအသောက်အကြောင်း- အလှအပတွေအကြောင်းရေးမှ စိတ်ဝင်စားမှုများတယ်- ဆိုလို့ ရေးရင်းရေးရင်းနဲ့ နိုင်ငံရေးဆောင်းပါးရှင်ကနေ အစားအသောက် ဘလော်ဂါ ဖြစ်သွားတော့မလား မသိပါ။
ဒါပေမယ့် နိုင်ငံတကာ အစားအသောက် ဘလော်ဂါတွေလို အစား အသောက်လည်း မချက်တတ်၊ အဟာရ nutrition အကြောင်းလည်း သိပ်မသိဘူးဆိုတော့ မြန်မာဘလော်ဂါတွေနည်းအတိုင်း ထမင်းစားပြမယ်- ဆိုပြီး မချက်ပြပဲ စားပြတာကိုပဲတန်းလုပ်မှနဲ့တူပါတယ်...
ဒါက နိဒါန်း...။ အဓိကပြောချင်တာက ပြီးခဲ့တဲ့အပတ်တွေမှာ ထမင်းလမ်းပြအကြောင်း၊ ခံတွင်းတွေ့ဖို့ထက် အာဟာရရှိတာကို စားသင့်တဲ့အကြောင်းရေးထားတယ်ဆိုတော့ အဲဒီရဲ့ နောက်ဆက်တွဲအဖြစ် မနက်စာ ဘာတွေ စားနေကြသလဲ... ဘာတွေ စားသင့်သလဲ ဆွေးနွေးချင်လို့ပါ...
မနက်စာအကြောင်းမပြောခင် ပထမ တချက် ရှင်းထားဖို့လိုတာက ထမင်းလမ်းပြဆိုတာ ညစာအတွက် လမ်းပြတာကို ဆိုလိုတာပါ။ မနက်စာ စားကတည်းက လမ်းပြလိုနေရင်တော့ အဲလူ မဟုတ်တော့ဘူး...
မြန်မာတွေကလည်း တနေ့ ထမင်း ၃ ခါစားတယ်ဆိုတော့ “ထမင်းလမ်းပြသည် မနက်စာနဲ့ နေ့လည်စာအတွက် မဟုတ်။ ညနေ ၅ နာရီနောက်ပိုင်းစားသော ညစာအတွက်သာ ဖြစ်သည်” ဒီလို ပြောထားမှဖြစ်မယ်။
ကဲ... အခု မနက်စာ ဘာတွေစားနေကြသလဲ...
ကိုယ်ဘာသာပြန်စဉ်းစားကြည့်တော့ အဆင်ပြေသလိုပဲ စားလာခဲ့တဲ့နှစ်တွေ မနည်းတော့ဘူး။ အတိအကျပြောရမယ်ဆိုရင် ဟိုတယ်မှာတည်းတဲ့အချိန် မနက်စာ မှန်မှန်စားဖြစ်တာကလွဲရင် (မစားရင် ပိုက်ဆံပေးထားပြီး ရှုံးတယ်ထင်လို့) ကျန်တဲ့နေ့တွေမှာ ဘာတွေစားဖြစ်မှန်း အသေချာ မမှတ်မိ။
ငယ်ငယ်ကတော့ မနက်စာ ထမင်းကြမ်းနဲ့ ပဲပြုတ်စားခဲ့တယ်ထင်တာပဲ။ ဒါပေမယ့် ပဲပြုတ်သည်မလာခင် လယ်ထဲဆင်းရတဲ့နေ့တွေလည်းရှိတယ်ဆိုတော့ ငါးပိတ်ဖုတ်ဆီဆမ်းကို ကြက်သွန်နီများများနဲ့စားခဲ့တယ်လို့လည်း မှတ်မိနေသလိုလို...
ဟော တက္ကသိုလ်ရောက်တော့ အဆောင်ကကျွေးတဲ့ မနက်စာက ထမင်းကြော်၊ ဒါမှမဟုတ် ပေါင်မုန့် ၂ ချပ်နဲ့ ကြက်ဥတလုံး၊ လဖက်ရည်တခွက်လား... သိပ်မမှတ်မိတော့ဘူး။
အားကစားလုပ်စဉ် အောင်ဆန်းကွင်းကကျွေးတဲ့ မနက်စာနဲ့ တက္ကသိုလ်အဆောင်ကကျွေးတာ သိပ်မကွာဘူး။ ကျောင်းကကျွေးတာမစား - အပြင်ကဆိုင်မှာ စားတယ်ဆိုရင်တော့ မုန့်ဟင်းခါးဖြစ်မယ်ထင်ပါတယ်။ ဒါမှမဟုတ် လဖက်ရည်တခွက်နဲ့ ဆမူဆာ၊ ပလာတာ၊ ပဲပြုတ်နဲ့ နံပြားလည်းဖြစ်နိုင်တာပဲ။
ဟော... တောထဲရောက်တော့ ပထမ ပိုင်းမှာ မနက်စာဆိုတာ မရှိဘူး။ နေ့လည်စာနဲ့ ညစာပဲရှိတယ်။ နောက် စစ်သင်တန်းတွေ ဘာတွေတက်တော့ မနက်စာ ဆန်ပြုတ်သောက်ရတယ်ထင်တာပဲ...။
လက်ဖက်ရည်တို့၊ ကြက်ဥတို့၊ ပေါင်မုန့်တို့၊ မုန်ဟင်းခါးတို့ဝေးစွ... အသက်မသေ- အာဟာရမပြတ်အောင်ဆိုပြီး မြွေတွေ-ကင်းတွေ-ဖားတွေကိုပါ ဖမ်းစားခဲ့ဖူးပေါ့။ ကင်းခြေများအသားက ပုဇွန်လိုပဲ စားလို့ကောင်း- မြွေသားကလည်း ငါးရှည့်လိုပဲ စားလို့ကောင်း- ဖားသားကတော့ တကယ့်ကို စပယ်ရှယ် ထင်ခဲ့မိတာပါပဲ...။
တောထဲကနေ ထိုင်းဖက်ရောက်တော့ ထိုင်းက ဆန်ပြုတ်ကို မနက်စာအဖြစ် အတော်ကြိုက်သွား...။ ထိုင်းမှာ ခရီးဝေး ဘတ်စ်ကားစီးရင်းနဲ့ ညဖက်မှာကြွေးတဲ့ ဆန်ပြုတ်ကို စကြိုက်မိတာကနေ - ခေါက်တို့တွေ- ခေါက်ဖတ်တွေ- ဖတ်ထိုင်းတွေ- အဆင်ပြေသလို ဆွဲခဲ့တာပါပဲ။
ဒီလိုနဲ့ ဥရောပမဲဇာရောက်တော့ ပေါင်မုန့်နဲ့ စတိုးတာပါပဲ။ နော်ဝေကိုရောက်နေတာ ၂၅ နှစ်ကျော်နေပြီဖြစ်ပေမယ့် အခုထိ ပေါင်မုန့်ကို ကောင်းကောင်း မစားတတ်သေး။ မကြိုက်သေးဘူးပြောရမယ်။
အစောပိုင်းမှာ ပေါင်မုန့်ကင်- ယိုသုတ်- ကြက်ဥ ဟတ်ဗွိုင်လေးနဲ့ ကော်ဖီလေးနဲ့ အိုကေပေါ့။ ဒါပေမယ့် ပေါင်မုန့်ချည်း နေ့တိုင်းမစားချင်။ ထမင်းကြော်စားလိုက်၊ ကိတ်မုန့်စားလိုက်၊ အဆင်ပြေသလို... တခါတလေတော့လည်း ကော်ဖီတခွက်နဲ့ မနက်စာက ပြီးရင် ပြီးသွားတာမျိုး။
မနက်စာကို မပျက်မကွက် စနစ်တကျစားဖြစ်တာ ၄ နှစ်လောက်ပဲ ရှိဦးမယ်ထင်ပါတယ်။ ကွေကာအုပ်လိုဟာမျိုုးကို နို့စိမ်ပြီးစားတာ ၄ နှစ်ကြာတဲ့အထိ မအီသွားဘူး။ နေ့စဉ်စားနိုင်တာ နည်းနည်းတော့ ထူးပါတယ်။
တနေ့ကတော့ လူစုံတုန်း မနက်စာ ဘာတွေစားကြသလဲ အိမ်နားက မိတ်ဆွေတွေကိုမေးဖြစ်ပါတယ်။ လူငယ်တယောက်ကပြောပါတယ်- မနက်စာ ကြက်ဥပြုတ် ၃ လုံးစားတယ်။ နွားနို့တခွက်သောက်တယ်။ ပေါင်မုန့်ဝါးတယ်... အဲလိုစားမှ အားရှိပြီး အလုပ်လုပ်နိုင်တယ်တဲ့...
“ဟ- ကြက်ဥ ၃ လုံးတောင်... များလှချည်လား”.. . ဆိုတော့... အကာပဲစားတာ အဝါရောင်အနှစ်တွေကို မစားဘူး...တဲ့။ နော်ဝေက ခလေးတွေ အကာပဲစားပြီး အနှစ်လွှင့်ပစ်နေတာ တွေ့ဖူးပေမယ့် လူကြီးတွေလည်း အဲလိုစားတာ အခုမှ ကိုယ်ကသိ...။
အင်း... ကိုယ်တွေ ငယ်ငယ်က မနက်စာ မပြောနက်- နေ့လည်စာတွေ- ညစာတွေတောင် ကြက်ဥဟင်း တလုံးလောက်နဲ့ အရည်များများထည့်ပြီးစားခဲ့ရတာ။... အခုတော့ မင်းက မနက်စာတောင် ကြက်ဥ ၃ လုံး- အနှစ်ကိုလွှင့်ပစ်ပြီး အကာပဲ စားတယ်ဆိုရင် အရိုက်ခံရမလား မသိပါ။
ဒါပေမယ့် ခေတ်တွေ၊ နေရာတွေကပြောင်းသွားပြီ။ အာဟာရရှိအောင် စားမယ်ဆိုရင်တော့ ဘာတွေစားသင့်သလဲ...။ ဘာတွေ မစားသင့်ဘူးလဲ... လေ့လာပြီး စားသင့်တယ်မဟုတ်ပါလား...။
အဲတော့ ... အသက် ၅၀ ကျော်- ၆၀ တန်း တောထွက်- ထောင်ထွက် ၈၈ မျိုးဆက်များအနေနဲ့ မနက်စာအတွက် ကြက်ဥ၊ နို့၊ သစ်သီး၊ ပေါင်မုန့်မဟုတ်ရင် ကွေ့ကာအုပ်လို တခုခုပေါ့။ ကော်ဖီ- လဖက်ရည်တခွက်လောက်...ဒါဆိုရင် အိုကေမယ်ထင်ပါတယ်။
(ဥရောပမဲဇာမှာက နေရောင်မရတော့ ဆောင်းတွင်း ၅ လလောက် ငါးကြီးဆီ တနေ့ ၂ လုံး သောက်ရသေးတယ်)
အိပ်ယာနိုးတာနဲ့ ဆေးလိပ်တန်းသောက်တာမျိုး၊ ထမင်းလမ်းပြနဲ့ မျက်နှာသစ်တာမျိုး၊ မနက်စာက အရေးကြီးပါဘူး- နေ့လယ်စာနဲ့ ညစာ စားရင် အိုကေ တယ်ဆိုတာမျိုး မလုပ်ပါနက်။ နောက်ကျမှ အိပ်ယာထလို့ မနက်စာ မလိုတော့ဘူးဆိုတာမျိုးလည်း မလုပ်ပါနက်...။
ဒါက နိုင်ငံတကာရောက်နေသူတွေကို ဆိုလိုတာပါ။ မြန်မာပြည်ထဲကလူတွေ- နယ်စပ်မှာရှိနေတဲ့ လူတွေကတော့ အာဟာရရှိဖို့ထက် ရှင်သန်ဖို့က အဓိကဆိုတော့ ဒါတွေသွားပြောရင် အဆဲခံနေရပါအူးမယ်။
စစ်တပ်က အာဏာမသိမ်းခင် မြန်မာနိုင်ငံမှာ ၃ နှစ်လောက် ပြန်နေစဉ်အတွင်း တွေ့မိတဲ့ မနက်စာကတော့... ရန်ကုန်သားအတော်များများက မနက်စာ မုန့်ဟင်းခါး စားလေ့ရှိပါတယ်။
အချီု့ကလည်း လဖက်ရည်ဆိုင်ထိုင်ပြီး ထမင်းကြော်- လဖက်ထမင်း၊ ဆမူဆာ- ပလာတာ စသဖြင့် အဆင်ပြေတာစားပြီး လဖက်ရည် တခွက်သောက်- ဒီလိုနဲ့ စခန်းသွားကြတာ တွေ့ရပါတယ်။
ဘယ်သူမှ နို့သောက်တာ၊ ငှက်ပျောသီးစားတာ၊ ကြက်ဥစားတာ မတွေ့မိဘူးရယ်။ ဆိုင်အတော်များများမှာ နွားနို့ရှာဝယ်လို့မရဘူးး။ ပဲနို့်ပဲရှိတယ်ဆိုပါတယ်။ ငှက်ပျောသီးကတော့ ဖီးကြမ်းသီးတွေ နေရာတိုင်းမှာ ရနိုင်ပါတယ်။ စားလို့လည်း အတော်ကောင်းပါတယ်။
ဒါပေမယ့် စပျစ်သီး၊ လိမော်သီးတွေကြတော့ အစေ့များ- အရသာမရှိလို့ စားလို့အဆင်မပြေဘူးရယ်...။ ဥရောပမဲဇာမှာတော့ အဲဒီ ဖီးကြမ်းငှက်ပျောက လုံးဝရှာမရ။
ပြန်ချုပ်ရရင်... တရက်တာအတွက် ပထမ ဆုံးစားရမယ့်အစားအသောက်ဟာ အတော်အရေးကြီးပါတယ်။ ဒါကြောင့် ၅၀ ကျော် ၆၀ တန်း ဘော်ဘော်ကြီးတွေ စနစ်တကျ လေ့လာ စားသုံးသင့်ပါတယ်။
ပုံတွေကတော့ ဂိုဂယ်မှာခေါက်ပြီးရှာထားတဲ့ မြန်မာ့ရိုးရာ မနက်စာ၊ ထိုင်း ရိုးရာမနက်စာနဲ့ အနောက်တိုင်း မနက်စာပုံတွေဖြစ်ပါတယ်။ ပုံမလာ ပန်းမလာ တပုံကတော့ စာရေးသူ လက်ရှိစားနေတဲ့ မနက်စာပုံ ဖြစ်ပါတယ် (ပုံထဲမှာ ကြက်ဥပြုတ်လုံး ကျန်ခဲ့ပါတယ်)


ကဲ...အာဟာရရှိတဲ့ မနက်စာအကြောင်း ပြောရင်းနဲ့ မနက်စာ အချိန်တောင် ကျော်နေပြီ... ကော်ဖီမအေးခင် အမြန်သောက်အူးမှပါ (မှတ်ချက်- ကော်ဖီကို နို့ဆီနဲ့သောက်တဲ့ အကျင့်က အခုထိ မပျောက်သေး)...😁

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More