Tuesday, March 18, 2025

မီဒီယာ ပိုင်ရှင်တွေနဲ့ စတုထ္တမဏ္ဍိုင်က တခြားစီလား...

 မီဒီယာ ပိုင်ရှင်တွေနဲ့ စတုထ္တမဏ္ဍိုင်က တခြားစီလား...



(Weekend မှာ တွေးတောစရာ... (၇)
အစဉ်အလာအားဖြင့်ကတော့ မီဒီယာပိုင်ရှင်လို့ပြောလိုက်ရင် ဂျာနယ်-မဂ္ဂဇင်းတိုက်ပိုင်ရှင်၊ သတင်းစာတိုက်ပိုင်ရှင်၊ ရေဒီယို-ရုပ်သံ ပိုင်ရှင် စတာတွေကို ပြေးမြင်ကြမယ်ထင်ပါတယ်။
ဒါပေမယ့် အခု စာရေးသူရော- စာဖတ်သူရော ရေးနေ-ဖတ်နေတဲ့နေရာက အဲဒီ အစဉ်အလာ မီဒီယာတွေ မဟုတ်တော့ဘူးလေ။ ဆိုရှယ်မီဒီယာလို့ခေါ်ကြတဲ့ အင်တာနက်ပေါ်ပြီးမှ ပေါ်လာတဲ့... အတိအကျပြောရရင် လွန်ခဲ့တဲ့ နှစ် ၂၀ ဝန်းကျင်၊ ၂၀၀၅ ခုနှစ်နောက်ပိုင်းမှာမှ ပေါ်လာတဲ့ ဆယ်ကျော်သက်အရွယ် မီဒီယာလေးပါ...
ဆိုတော့ ဆိုရှယ်မီဒီယာပိုင်ရှင်တွေဟာလည်း ရှေ့မှာပြောခဲတဲ့ အစဉ်အလာ မီဒီယာ Mainstream Media ပိုင်ရှင်တွေလိုပဲ အရေးကြီးသလား...(ပိုတောင်အရေးကြီးလာနေတယ်ထင်)
ဆိုရှယ်မီဒီယာပိုင်ရှင်တွေဟာ မီဒီယာသမားတွေလား... စီးပွားရေးသမားတွေလား... စွန့်ဦးတည်ထွင် လုပ်ငန်းရှင်တွေလား...
စာရေးသူ အတွေ့အကြုံအရဆိုရင်တော့... ပထမ တမျိုးမှာ ထူးချွန်သူဟာ ကျန် ၂ ခုမှာ မထူးချွန်လောက်ဘူးထင်ပါတယ်။ မီဒီယာသမားအများစုဟာ သတင်းကိုပဲ စိတ်ဝင်စားပြီး ငွေကြေးကို ဦးစားပေးလေ့မရှိပါ။
နိဒါန်းက နည်းနည်းရှည်သွားပြီ...
လိုရင်းကိုတည့်ပြောရရင်... ဒီနေ့ မြန်မာတွေအသုံးများဆုံး FB ပိုင်ရှင်နဲ့ X ပိုင်ရှင်တွေဟာ မီဒီယာသမားတွေလား... စီးပွားရေးသမားတွေလား... စွန့်ဦးတည်ထွင် လုပ်ငန်းရှင်တွေလား...။
သူတို့ရဲ့ ရ့ပ်တည်ချက်က ဘာလဲ...
လူသိများ-ထင်ပေါ်ကျော်ကြားပြီး ငွေရဖို့သက်သက်အတွက် အသက်ရှင်နေကြတဲ့ လူတွေလား... သူတို့မှာ နိုင်ငံရေး ရပ်တည်ချက်ရှိသလား...
ရှေ့မှာပြောခဲတဲ့ အစဉ်အလာ မီဒီယာ Mainstream Media တွေမှာကတော့ ဘုတ်အဖွဲ့တွေ၊ အယ်ဒီတိုရီရယ်ပေါ်လစီတွေ ဆိုတာရှိကြပါတယ်။ ဘာသတင်းကို ဘာကြောင့် ထည့်တယ်။ ဘာသတင်းကို ဘာကြောင့်မထည့်ဘူး။ ခိုင်လုံတဲ့အကြောင်းပြချက်ရှိကြပါတယ်။
ဆိုရှယ်မီဒီယာမှာတော့ ဘုတ်အဖွဲ့ ရှိကောင်းရှိနိုင်မယ်ပေမယ့် အယ်ဒီတိုရီရယ်ပေါ်လစီတော့ မရှိဘူးထင်ပါတယ်။ အကြမ်းဖက်တာ- သွေးထွက်တာ- သတ်တာဖြတ်တာ- အမုန်းတရားပွားစေတာ...ဘာညာ သလကာ ပုံတွေ- စကားလုံးတွေ မသုံးသင့်ဘူးဆိုတဲ့ နည်းပညာဆန်တဲ့ ကန့်သတ်ချက်ကလွဲရင်ပေါ့...
ဆိုလိုရင်းက နည်းနည်း ေ၀ဝါးသွားပြန်ပြီနဲ့တူပါတယ်...။
လိုရင်းကို ဒဲ့ပြောရမယ်ဆိုရင် မောင်မောင်ထရမ့် ပထမ သက်တန်းတုန်းက FB ရော၊ X (အဲတုန်းကတော့ တွစ်တာပေါ့) ရောက ဒီပုဂ္ဂိုလ်ရဲ့အရေးသားတွေဟာ အမုန်းတရားပွားစေတယ်၊ သတ်မှတ်စံချိန်နဲ့မညီဘူးဆိုပြီး သုံးခွင့်ပိတ်ပင်ခဲ့ကြဖူးပါတယ်။
ဟော... အခု ဒုတိယ ကြိမ်သက်တန်းကြတော့ ရွေးကောက်ပွဲမနိုင်ခင်ကတည်း ပေါ်တင် ထောက်ခံထားကြတာ၊ သမ္မတသစ် ဧည့်ခံပွဲကို ပေါ်တင်တက်ကြတာ၊ အခုနောက်ဆုံးသတင်းတွေအရဆိုရင် အရင်ခေတ်က ပိတ်ပင်မှုတွေအတွက် တယောက်က ၂၅ သန်းလျော်ကြေးနဲ့ကြေအေးမယ်။ နောက်တယောက်က ၁၀ သန်းနဲ့ ကြေးအေးမယ် ဆိုလား...
ဒါဆိုရင် ဒီပုဂ္ဂိုလ်တွေရဲ့ ရပ်တည်ချက်က ဘာလဲ... ဘယ်အစိုးရတက်တက် နိုင်တဲ့လူဖက်ကိုရပ်မယ်၊ အာဏာရှိတဲ့လူနဲ့ အဆင်ပြေမှ စီးပွားဖြစ်မယ်... ဒီလို ရပ်တည်ချက်မျိုးလား...
အဲလို ရပ်တည်ချက်ရှိတယ်ဆိုရင်တော့ လက်ရှိ လူသုံးအများဆုံးဖြစ်တဲ့ ဆိုရှယ်မီဒီယာ ၂ ခုစလုံးဟာ စတုထ္တမဏ္ဍိုင်နဲ့ မိုင်ပေါင်းများစွာ အဝေးမှာ...။
ဒါက စာရေးသူအမြင်... တနည်းအားဖြင့် သူတို့အခမဲ့ပေးသုံးထားတဲ့ ဆိုရှယ်မီဒီယာပလက်ဖောင်းကို အသုံးပြုနေသူတဦးရဲ့ ပိုင်ရှင်တွေအပေါ် အမြင်... ။ သာမန် လမ်းဘေးက လူတယောက်က ကမ္ဘာ့အချမ်းသာဆုံးလူတယောက်အပေါ်အမြင်ဆိုတော့... သိပ်တော့ အရေးမပါလောက်ပါဘူး...
စတုထ္တမဏ္ဍိုင်အဖြစ်ခံယူထားတဲ့၊ ကြေညာထားတဲ့ Mainstream Media တွေကကော ဒီတကြိမ် မောင်မောင်ထရမ့် တက်လာချိန်မှာ အရင် သမ္မတတွေတုန်းကလို ခပ်လှမ်းလှမ်းကနေ ရပ်ကြည့်ပြီး အားမနာတမ်း ဝေဖန်ထောက်ပြ ရဲကြပါရဲ့လား...
မောင်မောင်ထရမ့်နဲ့ မောင်မောင်မတ် တို့ သြဇာသိပ်ကြီးနေလို့ နှာစေးနေကြတာမျိုး ရှိနေကြပြီလား...။
စတုထ္တမဏ္ဍိုင်အဖြစ် တကယ်ခံယူထားရင်တော့ အခြား မဏ္ဍိုင် ၃ ရပ်ရဲ့ အားနည်းချက်တွေကို အားမနာတမ်း၊ နှာမစေးတမ်း ဝေဖန်ထောက်ပြရမှာပဲ ဖြစ်ပါတယ်။ အထူးသဖြင့် အခုလို အုပ်ချုပ်ရေးအာဏာရလာသူတွေ သိပ်သြဇာကြီးနေတဲ့အချိန် မျိုးမှာပေါ့...။
ပြောသာပြောရတာ... အခု စာရေးသူပြောနေ- ရေးနေတာတွေကို လူ ဘယ်နှစ်ယောက် ဖတ်ခွင့်ရမလဲဆိုတာကလဲ မေးခွန်းထုတ်စရာပါပဲ...
ဆိုရှယ်မီဒီယာတွေ ပေါ်လာကစကတော့ Mainstream Media တွေမှာ ဆင်ဆာရှိတယ်၊ ကန့်သတ်ချက်တွေများတယ်။ ဒါကြောင့် ဆိုရှယ်မီဒီယာမှာ လွတ်လပ်စွာပြောခွင့်ရတယ်... ဒီလိုနည်းလည်ထားကြတာ...
ဟော... အခု နှစ် ၂၀ လောက်လည်း ကြာလာရော... အမြင်တွေက ပြောင်းပြန်ဖြစ်လာနေသလိုပါပဲ...။ ပိုင်ရှင် သို့မဟုတ် ခလုတ်ကိုင်ထားသူက ဒီပို့စ်က ဝေဖန်ချက်တွေ၊ ထင်မြင်ချက်တွေ၊ ဝိဝါဒကွဲတာတွေသိပ်များတယ်... ဘယ်နှစ်ယောက်သာ (လူနည်းနည်းသာ)မြင်စေသတည်း...
ဟို ပို့စ်ကတော့ မဆိုဘူး။ ကောင်မလေးပုံတွေ၊ ရှုခင်းပုံတွေ၊ ထွေရာလေးပါး- အာပလာ နှစ်ပါးသွားများတယ် ... ဒီတော့ ပိုမှန်မြင်နေကြလူတွေထက် အဆများစွာ ပိုမြင်စေသတည်း...ဒီလို ခလုတ်နှိပ်လို့ရတဲ့ ခေတ်ဖြစ်နေပြီလေ...
အဲတော့... ဆိုရှယ်မီဒီယာဆိုတာ ထွေရာလေးပါး ကိစ္စပြောဖို့အတွက် ပလက်ဖောင်းသက်သက်လား...။ ဝေဖန်ဆန်းစစ်ထောက်ပြတဲ့ အလေးအနက်ဆွေးနွေးရမယ့် ကိစ္စတွေပြောရမယ့် ပလက်ဖောင်း မဟုတ်ဘူးလား...
ဒီပို့စ်ကို မနက်ဖန် လူ ဘယ်နှစ်ယောက်ဖတ်ခွင့်ရမလဲ...
အလေးအနက်ထားပြီးဆွေးနွေးတာတွေကို ဆိုရှယ်မီဒီယာပိုင်ရှင်တွေက မကြိုက်ဘူးဆိုရင်တော့... မနက်ဖန်ကစပြီး ရှုခင်းပုံလေးတွေ- အာကလာ- ပါကလာ ပုံလေးတွေပဲ တင်ပါတော့မည်ဖြစ်ပါကြောင်း...။ 😁
ထက်အောင်ကျော်
(၁၅-၂-၂၀၂၅)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More