ဘလက်ရော- ဂျက်ရော ကြိုက်မိလေသောအခါ...

(Weekend မှာ တွေးတောစရာ... (၆)
အခုကတော့ သူ့ရဲ့ မူဝါဒတွေက ကမ္ဘာ့စံချိန်စံညွှန်းတွေကို ပိုပြီးဆန့်ကျင်လာလို့ နဲနဲ ခပ်စိပ်စိပ် ရေးဖြစ်လာတယ်လို့ ထင်ပါတယ်။
ဒီမိုကရေစီအခြေခံတွေ၊ ဒီမိုကရေစီ အင်စတိကျုးရှင်းတွေကို ယုံကြည်ရင်... သတင်းသမား... ဒီမိုကရေစီလှုပ်ရှားရေးသမားအဖြစ် ခံယူထားတယ်ဆိုရင် ဒါတွေကို ရေးဖို့၊ ပြောဖို့ တာဝန်ရှိတယ်လို့လည်း ခံယူပါတယ်။
ဒါပေမယ့် တချိန်က ကိုယ်လေးစားခဲ့ဖူးတဲ့ မိတ်ဆွေ ရဲဘော်အချီု့ဟာ ဒီလို မူဝါဒတွေပေါ်မှာမရပ်တည်ပဲ အာဏာရှိသူတွေအကြိုက် မြှောက်ထိုး-ပင့်ကော် ရေးသားနေကြတာကိုတော့ အံ့သြမိပါရဲ့...။
ဒါနဲ့ မိတ်ဆွေတယောက်ကမေးပါတယ်။ ဒါတွေ ရေးလို့ ခင်ဗျားအတွက် ဘာအကျိုးရှိမှာလဲ... မတော်- မောင်မောင်ထရမ့်က အမျက်တော်ရှပြီး အရေးယူရင် ဘယ်လိုလုပ်မလဲတဲ့...
ကိုယ်ရေးတဲ့အချက်တွေထဲမှာ မူဝါဒပေါ်အခြေခံတဲ့ သဘောတရားအငြင်းပွားမှူသာဖြစ်ပြီး ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာ၊ ပျက်စီးခြင်းကို ဦးတည်စေတာမပါတဲ့အတွက် ဘာ အမျက်တော်ရှစရာ လိုမလဲပေါ့... သူလည်း ဒီမိုကရေစီ- ကိုယ်လည်း ဒီမိုကရေစီပဲ... လွတ်လပ်စွာပြောဆိုခွင့်တော့ ရှိရမှာပေါ့... မဟုတ်ဘူးလား...
ဒါပေမယ့် အသေချာ စဉ်းစားကြည့်တော့ ကိုယ်က အမေရိကန်မှာသာ မနေတာ၊ အမေရိကန် ကုပ္ဗဏီတွေ၊ အမေရိကန်က ထောက်ပံ့ထားတဲ့ အဖွဲ့အစည်းတွေမှာသာ တာဝန်မထမ်းတာ... နေ့စဉ် သုံးနေတဲ့ ပစ္စည်းတွေက မိတ်အင် အမေရိကန်တွေ အတော်များသား...
အပေါ်က ဓာတ်ပုံထဲမှာပါတဲ့ ဂျက်ဆိုလည်း အတော်ကြိုက်တာ... ကိုင်တာက အိုင်ဖုန်း... ဟော ဗီဒီယို အက်ဒစ်လုပ်တာက ပန်းသီး ကွန်ပြူတာ၊ အခု ပိတ်သတ်ဆီ သတင်းပို့နေတဲ့ FB ဆိုတာကလည်း အမေရိကန် ကုပဏီပဲလေ...။
ပိတ်သတ်အများစုအတွက် အပေါ်ကဟာတွေက သိပ်အရေးမကြီးပေမယ့် FB မရှိရင် အတော်ဒုက္ခများမယ်ထင်ပါတယ်။ မြန်မာပိတ်သတ် အဓိကသုံးနေတာက FB ဆိုတော့ကာ...
FB ဆရာကြီး မောင်မောင်ဇူ တယောက် X ဆရာကြီး မောင်မောင် မတ် လို ထရမ့် အစိုးရထဲ ဝင်မပါတာကိုတောင် ကျေးဇူးတင်ရမယ်။ နိုမို့ဆို FB မသုံးပဲ အခြား ပလက်ဖောင်းကိုပြောင်းသုံးပါလားဆိုရင် မြန်မာတွေ အတော်ဒုက္ခများမှာ...
တနေ့က မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတဦးက မက်ဆေ့စ် ပို့လာပါတယ်။ မြန်မာ့ရေးအကူအညီပေးနေတဲ့ USAID ကို ဖျက်ဖို့ပြောတဲ့ X ပိုင်ရှင်ကို ကန့်ကွက်တဲ့အနေနဲ့ X ပလက်ဖောင်းကိုမသုံးပဲ အခြားတခု ပြောင်းသုံးပါတဲ့...
ကိုယ့်မှာ X အကောင့်ဖွင့်ထားတာ (အရင်ပိုင်ရှင်ဟောင်းခေတ်ကတည်းက) ရှိပေမယ့် မသုံးဖြစ်သလောက်ပါပဲ။ မြန်မာပိတ်သတ်ကြားမှာလည်း X သိပ်မသုံးတော့ ဒါကြီးကို ပိတ်ပြီး အခြားဟာ ပြောင်းသုံးလည်း သိပ်တော့ မထူးလှပါဘူး။
ဒါပေမယ့် သူ့ရဲ့ လုပ်ရပ်ကို ကန့်ကွက်ကြောင်းတော့ တနည်းနည်းနဲ့ ပြကြရမှာပေါ့...။
ဒါက လောလောဆယ် ပွဲဆူနေတဲ့ ပြသာနာ...။
အပေါ်က ဓာတ်ပုံဖက်ကို ပြန်လှည့်ရမယ်ဆိုရင်... အခုထိက တရုတ်သွင်းကုန်တွေကို အခွန်တိုးကောက်တာကလွဲရင် ကနေဒါနဲ့ မက္ကဆီကို တိုးရေးကို ခနဆိုင်းထားတယ်။ ဒါပေမယ့် အီးယူနဲ့ ယူကေ ကိုလည်း မကြာခင် ဗျင်းမယ်လို့ ဆရာကြီးက သတိပေးထားတော့...
အီးယူ ဖက်ကနေလည်း တုန့်ပြန်လာရင် မောင်မောင်ဂျက်များ ထပ်ပြီး ဈေးတက်သွားလေ မလား...။ အမေရိကားရောက် ဘော်ဘော်တွေလည်း ဥရောပကနေ တင်သွင်းရမယ့် မောင်မောင်ဘလက်ကို ဈေးကြီးပေး ဝယ်သောက်ရလေမလား...
ဒါက နေ့စဉ်သုံး အများသိပစ္စည်းတခုကို ဥပမာပေးတာပါ။
ဆိုတော့ သူဟာသူ လက်ရှိ အနေအထားအတိုင်း အဆင်ပြေနေတာကို ဘာကြောင့်များ ပွဲဆူအောင် လုပ်ချင်ကြတာလဲ...။ ဂျက်နဲ့ ဘလက် အတူတကွ ယှဉ်တွဲနေထိုင်နိုင်အောင် နည်းလမ်းရှာကြပါလား...
စိုင်းစိုင်းသီချင်းထဲကလို... မင်း ဘလက်ထက် ငါ့ ဂျက်က ပိုမိုက်တယ်တော့ မလုပ်ကြနက်လေ...။
နိဗာန်ရောက်ရင် အတူတူတွေ့ကြမယ့် လူချည်းပဲကို ...ဘာကြောင့်များ ငါက ပထမ - မင်းက ဒုတိယ လုပ်နေကြတာလဲ...။
ကုလသမဂ္ဂက လက်ခံထားတဲ့ မူဝါဒတွေအတိုင်း အားလုံးအဆင်ပြေအောင် နေထိုင်ကျင့်ကြံကြပါလား...
ကဲ... ကိုယ်လည်း ပြောရင်းနဲ့ တရားဟောဆရာလိုလို ဖြစ်လာနေပြီ...
နှစ်ဖက်စလုံး ကျေနပ်သွားအောင်...
ဒီညနေတော့ ဂျက်တပက်- ဘလက်တပက် သောက်မှဖြစ်တော့မည်...။

0 comments:
Post a Comment