Sunday, December 24, 2023

ခရစ်စမတ်နေ့မှာ ငြိမ်းချမ်းသာယာပါစေ

 ခရစ်စမတ်နေ့မှာ ငြိမ်းချမ်းသာယာပါစေ


(၂၄- ၁၂- ၂၀၂၃)


မနက်ဖန် ဒီဇင်ဘာ ၂၅ မှ ခရစ်စမတ်နေ့ ရောက်မှာဖြစ်ပေမယ့် ဥရောပမဲဇာမှာတော့ ဒီဇင်ဘာ ပထမ သီတင်းပတ်၊ တနင်္ဂနွေ့ကတည်းက ခရစ်စမတ် သစ်ပင်စိုက်နေတာ၊ ခရစ်စမတ် မီးထွန်းတာလုပ်နေကြပါပြီ။





ဒီနှစ် ခရစ်စမတ်က တနလာၤနေ့ဆိုတော့ စနေနေ့ကနေ အင်္ဂါနေ့အထိ ၄ ရက်ဆက်တိုက် ရုံးပိတ်တဲ့အတွက် မဲဇာသားအတော်များများ အော်စလိုကိုစွန့်ပြီး ခရီးထွက်ကုန်ကြပါပြီ။ အချို့က မြေထဲပင်လယ်အရပ်က နည်းနည်းပူနွေးတဲ့အရပ်ဆီ။ အချို့ကတော့ မြို့တွင်းထက် ပိုအေးတဲ့ တောင်ပေါ်က ဆောင်းရာသီ အပန်းခြေအိမ်ယာတွေဆီသွားပြီး စကီးစီးနေလေရဲ့...


အဲ... စာရေးသူကတော့ အဲဒီ ၂ မျိးထဲမပါတဲ့ လူနည်းစု စာရင်းဝင်ဖြစ်မယ်ထင်ပါတယ်။ ထားတော့... ပြောချင်တာက ခရစ်စမတ်နေ့နဲ့ ခရစ်စမတ် သစ်ပင်အကြောင်းပါ။ တနေ့ကတောင် လန်ဒန်က မိတ်ဆွေတယောက် ရေးထားတာတွေ့မိသေးတယ်။ နော်ဝေကနေ လန်ဒါကို နှစ်စဉ် ခရစ်စမတ် သစ်ပင်ပေးပို့တယ်၊ လန်ဒန်မြို့လယ်မှာ နှစ်စဉ်ပြထားတယ်ဆိုတာ...


အခု စာရေးသူနေတာက အော်စလိုမြို့စွန် (ရန်ကုန်မှာဆိုရင်တော့ မင်္ဂလာဒုံလို ထောက်ကြံ့လို နေရာဖြစ်မယ်) တော-တောင်တွေကြားက မြို့ပြင်ရပ်ကွက်ဆိုတော့ အိမ်ပေါ်ကဆင်းပြီး လမ်းလျောက်လိုက်တာနဲ့ သစ်ပင်တွေ၊ တောအုပ်တွေ၊ တောင်တန်းတွေ၊ ရေကန်တွေ ရှိပါတယ်။


ရပ်ကွက်ထဲက တိုက်အမြင့်တွေရှေ့မှာ ခရစ်စမတ်သစ်ပင်ငယ်တွေ စိုက်ထားတာတွေ့ရသလို (ဟောဒီပုံထဲက အတိုင်း) ပေ ၃၀ ကျော်လောက်မြင့်တဲ့ သဘာ၀ ခရစ်စမတ် သစ်ပင်ကြီးကိုလည်း တွေ့ရပါတယ်။ ဒီသစ်ပင်ကြီးကို ဒီဇင်ဘာ ပထမ သီတင်းပတ်ကနေ ဇန်နာဝါရီ လကုန်လောက်အထိ မီးထွန်းထားတာ။


နှင်းကျတဲ့အချိန်ဆို သိပ်လှပါတယ်။ ဘေးနားက လုံးချင်းအိမ်လေးတွေကလည်း နှင်းရောင်ကြးမှာ အဖြူရောင်ဆိုတော့ မြင်ရတာ စိတ်ချမ်းသာပါတယ်။ ဒါကြောင့် ဒီပုံလေးကို ရိုက်ပြီး ခရစ်စမတ် လက်ဆောင် တင်လိုက်ပါတယ်။


နှစ်စဉ် သစ်ပင်ခုတ်ပြီး လုပ်နေမယ့်အစား ဒီလို အပင်လိုက်လုပ်ထားရင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက်လည်း ပိုကောင်းမယ်ထင်တာပါပဲ...

----

ဒါက ဥရောပမဲဇာက ထူးခြားတဲ့ ခရစ်စမတ် သစ်ပင်အကြောင်း...

ခရစ်စမတ်နေ့အကြောင်းကတော့ သိပ်မသိဘူးရယ်။ ဘုရားကျောင်းမှာ အကျွေးအမွေးရှိတယ်- လာအားပေးပါဆိုပေမယ့် တခါမှ မသွားဖြစ်ပါဘူး။ 


ဒါပေမယ့် အဲဒီလိုတကူးတကာ့ဖိတ်တဲ့ ဥရောပမဲဇာကပွဲကိုသာ မသွားဖြစ်တာ။ ဘယ်သူမှမဖိတ်ပဲ အတင်းသွားခဲ့ဖူးတဲ့ ထိုင်း-မြန်မာနယ်စပ် ကရင်ရွာလေးတွေက ခရစ်စမတ်ပွဲတွေကိုတော့ အခုထိ မှတ်မိနေဆဲ၊ သွားချင်နေဆဲဖြစ်ပါတယ်။


ဥရောပကပွဲတွေလို ဟန်ဆောင် ပန်ဆောင် စားနေစရာမလို၊ ဇွန်း-ခရင်းကို စနစ်တကျမကိုင်တတ်တာ၊ သားနားတဲ့ကုတ်အကျီ မဝတ်နိုင်တာတွေမလိုဘူး။ အလှူရှင်တွေပေးတဲ့ ဘေထုပ်ထဲက အကောင်းဆုံးဟာတွေရွေးပြီး မောင်ကျိုးဖိုးတွေ သွားရောက် အားပေးခဲ့ဖူးပေါ့။


အသက် ၂၀ ကျော်အရွယ် မောင်ကျိုးဖိုးတွေဆိုတော့ ကရင်ရွာလေးတွေက မူကနော် တွေကို သွားပုန်းတာလည်း ပါမှာပေ့ါ...။ ကရင်ရွာ ခရစ်စမတ်ပွဲတွေက သူတို့ကျွေးသမျှကို ပြောင်အောင်အားပေးမှ ကြိုက်တာဆိုတော့ အစာငတ်-ရေငတ် ဖြစ်နေတဲ့ ကျိုးဖိုးတွေနဲ့ ကွက်တိပါပဲ။


အဲ... အချိုု့ပွဲတွေမှာဆိုရင် အဲလို ငတ်-ပြတ်နေတဲ့ ကျိုးဖိုးတွေတောင် “အိုခေါ့” ပြောရတဲ့အထိ ကရင်မလေးတွေရဲ့ အကျွေးအမွေးက အလျှံအပယ်။ မစားနိုင်တော့ဘူးဆိုရင် စားပွဲပေါ်က ခွက်ကိုမှောက်ထားတာရတဲ့... အစောပိုင်းကတော့ မသိဘူး။ လာထည့်ပေးသမျှ အားနာနာနဲ့ စားနေတာ... သူတို့က ခွက်မမှောက်မချင်း ထည့်ပေးနေတယ်ဆိုတာ နောက်မှ သိခဲ့ရတာတွေလည်း ရှိခဲ့ဖူးပါ့...


ဒါတွေက တောတွင်းဘ၀ ၁၀ နှစ်လောက်အတွင်း တွေ့ကြုံခဲ့ရတာတွေဖြစ်ပြီး ဘဝမှာ သတိအရဆုံး ခရစ်စမတ်ညတွေလို့ ဆိုချင်ပါတယ်။


အဲ... လက်ရှိ တော်လှန်ရေးအနေအထားအရဆိုရင်တော့ ရှေ့နှစ် ခရစ်စမတ်ရာသီမှာ အဲဒီ ကရင်ရွာလေးတွေဆီ ပြန်ပြီး ငယ်ငယ်တုန်းကလို ခရစ်စမတ်ညတွေ ပြန်နွဲနိုင်မယ် မျှော်လင့်မိပါကြောင်း...

 

“ဒီ အိမ်ပေါ်ကို ကောင်းချီးမင်္ဂလာ ရောက်စေသော်- ရောက်စေသော်...” 


0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More