(အမေရိကန်ခရီးစဉ် ဆောင်းပါးတွေက စာဖတ်သူတွေအတွက် တစုံတရာ ဗဟုသုတဖြစ်စေ၊ စဉ်းစားစရာဖြစ်စေ၊ အနည်းဆုံးတော့ သူပုန်ကျောင်းသားထဲက ဇတ်ကောင်တွေ အခု ဘာဆက်လုပ်နေကြသလဲ... မှန်းဆနိုင်မယ်ထင်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးတွေကို တနေရာတည်းမှာ ဖတ်ရှုနိုင်အောင် မှတ်တမ်းအဖြစ် ပြန်လည်တင်ပြထားပါတယ်)
အမေရိကန် ပြည်ထောင်စုသို့ ခရီးသွားခြင်း...(၁)
(၂၄- သြဂုတ်- ၂၀၂၅)
၁- အမေရိကားသွားဖို့ ဗီဇာ လိုသလား...
ခေါင်းစဉ်ကိုဖတ်ပြီး နိုင်ငံတော်အဆင့် ခရီးသွားတယ်လို့ မထင်လိုက်ပါနဲ့၊ လူရှိန်အောင် ခပ်ကြီးကြီး ရေးထားတာပါ။ တကယ်က တကိုယ်တော်ခရီး- အမေရိကားရောက် ရဲဘော်ဟောင်းတွေ၊ မိတ်ဟောင်းဆွေဟောင်းတွေနဲ့ တွေ့ဖို့၊ ဒေသန္တရ ဗဟုသုတလေ့လာဖို့ လောက်သာဖြစ်ပါတယ်။
အမေရိကားသွားမယ်ဆိုတော့ ဗီဇာ လျောက်စရာလိုသလား...။ အရင်နှစ်တွေက အမေရိကားသွားထားတဲ့ နော်ဝေက ဘော်ဘော်တွေကို လိုက်မေးကြည့်တော့ အရင်က မလိုဘူး။ အခုတော့ လိုမယ်ထင်တယ်။ မောင်မောင်ထရမ့် ခေတ်ဆိုတော့... ယူသွားရင် ဘေးကင်းမယ်တဲ့...
ဒါနဲ့ ဂိုဂယ်ခေါက်ကြည့်တော့ အွန်လိုင်း ဗီဇာ လျောက်သွားဖို့ လိုအပ်တယ်ဆိုတာ တွေ့ရပါတယ်။ (လေယာဉ်လိုင်းကလည်း လေယာဉ်ပေါ်မတက်ခင် တပတ်အလိုမှာ ဗီဇာ လိုကြောင်း သတင်းပို့ပါတယ်) ဒါ အခု ထရမ့်လက်ထက်မှ ပေါ်လာတာလား- အရင်အစိုးရတွေခေတ်ကတည်းက ရှိတာလား... အသေချာ မသိပါ။
မနှစ်က သြစီ သွားတုန်းကလည်း အလားတူ လျောက်ထားဖူးတယ်ဆိုတော့ အွန်လိုင်းကနေ လျောက်တာ ဘာမှမခက်...
ကွန်ပြူတာပေါ် လျောက်တာနဲ့စာရင် App ကို တယ်လီဖုန်းထဲ ဆွဲချပြီး လျောက်တာက ပိုတောင်လွယ်သေး။ တယ်လီဖုန်းကင်မရာမှာ Passport ကို ပြလိုက်တာနဲ့ သူ့ဘာသာ စကင်ဖတ်သွားတာ။ ကိုယ်တောင် သိပ်လုပ်စရာမလို။
ဒါပေမယ့် အခုက App ရှိမရှိ မသေချာ။ ကွန်ပြူတာနဲ့လျောက်တာက သေချာတယ်ဆိုတော့ ဖြည့်လိုက်ရတာ အချက်ပေါင်းများစွာ...။ အဲဒီထဲမှာ ကိုယ့်အတွက် အဆင်မပြေတဲ့ မေးခွန်း ၂ ခုကိုကြုံရပါတယ်။ (App နဲ့ဆို အဲမေးခွန်းတွေက ဖြေစရာမလိုဘူး)
---
(၂) ဖြေရခက်တဲ့ မေးခွန်းများ...
ပထမ မေးခွန်းက အလုပ်ရှိသလား... ရှိရင် အလုပ်ရှင်အမည်၊ ကုပဏီလိပ်စာတွေ ဖေါ်ပြပါတဲ့...။ ပြသာနာပဲ...။ အလုပ်က အလွတ်သတင်းထောက်ဆိုတော့ အလုပ်ရှင်က မရှိဘူးရယ်၊ Freelancer တွေ၊ Self-employed ဆိုတဲ့အမည်တွေကိုလည်း ဇယားထဲမှာ မတွေ့မိ။
ဒါနဲ့ ရှိတယ်ကွာ၊ FB တို့ YT တို့မှာ အလုပ်လုပ်နေတယ်၊ ကုပဏီက ကယ်လီဖုန်းနီးယားမှာဆိုပြီး ဖြည့်လိုက်တာ ကွန်ပြူတာက လက်မခံဘူး။ ဒါဆို မရှိဘူးကွာဆိုပြီး ဖြေလိုက်တော့ ... အိုကေ ပြသွားပါတယ်။ နောက် ဆက်တွဲ မေးခွန်းတွေ မလာတော့ပါ။
ဒါပေမယ့် အလုပ်လက်မဲ့တဦးကို အမေရိကန်က ပြည်ဝင်ခွင့်ပေးပါ့မလား...။ တကယ်တန်းစဉ်းစားကြည့်တော့ အလုပ်မရှိရင် အမေရိကန်အစိုးရက အလုပ်ရှာပေးမှာမှ မဟုတ်ပဲ။ အလုပ်ရှိဖို့ထက် ခရီးစရိတ် ရှိရင်၊ အသုံးစရိတ်ရှိရင် ပြီးတာပဲ မဟုတ်လား...။
ဒုတိယ မေးခွန်းက ဖြေရတာ ပိုတောင်ခက်ပါသေးတယ်။ ဆိုရှယ်မီဒီယာ သုံးလား... သုံးရင် ယူဆာနိမ်း ဖေါ်ပြပါတဲ့...။ ပြသာနာပဲ။
ဒီခေတ်ကြီးမှာ ဆိုရှယ်မီဒီယာ မသုံးဘူးပြောရင်လည်း ယုတ္တိက မရှိ။ ဘယ်သူမှ ယုံမှာမဟုတ်။ ဒီတော့ FB, YT, X, ဘာ ညာ ၄-၅ ခုရှိတဲ့အထဲက FB အမည်ကို ရေးပေးလိုက်ရပြန်ပါတယ်။
(အဲလို ရေးပေးပြီးကတည်း မောင်မောင်ထရမ့် ဝေဖန်ရေးကို ၃ လလောက် ရပ်ထားခဲ့ရပေါ့။ အခုမှ ဝေဖန်ရေး ပြန်စရမယ်) 
ဒီလိုနဲ့ အွန်လိုင်းမှာ ဗီဇာ လျောက်လိုက်တော့ ၇၂ နာရီအတွင်း ရမယ်တဲ့။ ဒါပေမယ့် ၂၄ နာရီအတွင်း ဗီဇာ က ချက်ချင်းရပါတယ်၊... ဗီဇာ ရပြီဆိုတော့ လေယာဉ်လက်မှတ်ဝယ်၊ ခရီးစဉ်တွေဆွဲ... အားလုံးက အိုကေ- စိုပြေ ပါပဲ။
ဒါပေမယ့် အဲဒီအချိန်မှာ မောင်မောင်ထရမ့်က တနေ့တမျိုးပြောနေပြီး နိုင်ငံခြားသားတွေကို မောင်းထုတ်နေတယ်၊ မြန်မာတွေကို ပြည်ဝင်ခွင့်မပေးဘူး။ မြန်မာ ၂ ဦးကိုတောင် ဆူဒန် ပို့လိုက်တယ်။
ပြီးတော့ ကျနော်သွားမယ့် ကယ်လီဖိုးနီးယားပြည်နယ်က LA မှာ ဆန္ဒပြပွဲတွေ အကြီးအကျယ်ဖြစ်နေတယ်၊ အီရန်နဲ့ အစ္စရေးကလည်း ထချနေတယ်။ ကောင်းကင်မှာ ဒုံးကျည်တွေ ရှုပ်နေလို့ ဥရောပ လေကြောင်းလိုင်း တချို့ ရပ်ထားရတယ်။
အမေရိကားမှာ အဖမ်းအဆီးများလွန်းလို့ အမေရိကန်နိုင်ငံသားတွေကိုယ်တိုင်တောင် လူမှားအဖမ်းခံရပြီး ပြည်နှင်ဒဏ်ပေးခံရမှာစိုးတာကြောင့် အချိန်တိုင်း Passport ကိုင်ပြီးသွားနေရတယ်... စတဲ့ သတင်းတွေက နေ့စဉ်ဖြစ်နေတော့ ...ဒီအချိန်ကြီး အမေရိကား သွားလို့ အဆင်ပြေပါ့မလား... လေယာဉ်ကွင်းရောက်မှ ပြန်ပို့ခံရမလား... စိတ်ထဲမှာ တကယ့်ကို မတင် မကျကြီးနဲ့ပါ။. ။







0 comments:
Post a Comment