အမေရိကန် ပြည်ထောင်စုသို့ ခရီးသွားခြင်း...(၅)
(၁) Amarillo - အမာရီလိုမှာ ၃ ရက်တာ...
အမာရီလိုမြို့မှာ စခန်းချဖို့ ချိန်းထားတဲ့နေရာက “မိုးပြာ ကုန်စုံဆိုင်” ဖြစ်ပါတယ်။ မြို့အဝင် ကားလမ်းမကြီးဘေးမှာတင် -Blue Sky - Asian market - ဆိုတဲ့ ဆိုင်းဘုတ်ကို လှမ်းမြင်လိုက်ပါတယ်။
ဆိုင်ရှေ့မှာ ကားရပ်ပြီးဆင်းလိုက်တော့ ဝိုး- အပူချိန်က ၃၇ C တဲ့၊ အမေရိကားမှာ ပူတယ်ဆိုတာ ဒီပြည်နယ်တွေကိုပြောတာဖြစ်တယ်။ ဆန်ဖရန်မှာတုန်းက မြူတွေဆိုင်းပြီး အေးစိမ့်စိမ့်ဖြစ်နေပေမယ့် ပြည်နယ်တခုပြီးတခု အပူချိန်က တဖြေးဖြေးနဲ့တက်လာတာ အခု တက္ကဆပ်ရောက်တော့ “အညာနွေ ပူလွန်းတယ်အစား- အမာရီလိုနွေ ပူလွန်းတယ်” ပြောရတော့မလား...
၃၇ C ဆိုတာ ၉၉ F နီးပါးရှိတာကို တွက်ချက်ပြီး ပြန်ပြောတာ။ အမေရိကားမှာက အပူချိန်ကို ဖာရင်ဟိုက်၊ အလေးချိန်ကို ပေါင်၊ အကွာအဝေးကို မိုင်- ဒီလို သုံးတာ။ မိုင် ၁၀၀ ဆိုင်ရင် ကီလို ၁၅၀ ဝန်းကျင်ဆိုပြီး စက်ဘီးသမားတွေက အလိုလို သိနေပေမယ့် ကျန် ၂ ခုကို ဂိုဂယ်ထဲ ဝင်ပြီး တွက်ချက်ရပါသေးတယ်။ ပေါင်နဲ့ ကီလိုဆိုရင် အခုထိ အလွတ်မရ သေးဘူး။ (ကီလို ၂၀ = ၄၄ ပေါင်လို့အလွယ်မှတ်ထား၊ အဲဒါ လေယာဉ်ပေါ်တက်ခါနီး အရေးကြီး)
ဆိုင်ရှေ့မှာ ကိုမင်းအောင်က လာကြိုပါတယ်။ ဆိုင်ရှင် ကိုလှဦးက ပစ္စည်းသယ်စရာရှိလို့ အခြားမြို့တခုဆီရောက်နေလို့တဲ့၊ ဆိုင်ကောင်တာမှာတော့ ကိုလှဦးရဲ့ မဟေသီ မမာမာအေး (အဆိုတော် ဒေါ်မာမာအေးနဲ့ အမည်တူတာအပြင် သူလည်း ဒီရွာမှာ အဆိုတော်ပဲလို့ ရွာခံတွေကပြောပါတယ်) အလုပ်ရှုပ်နေပါတယ်။ 
ကုန်စုံဆိုင်က အတော်ကြီးပါတယ်။ ရှေ့ပိုင်းမှာတင်ပြခဲ့တဲ့ San Jose က ဂျပန်ဆိုင်ထက်တောင် ပိုကြီးပါတယ်။ ဒီမြို့မှာ မြန်မာဘယ်လောက်များသလဲ၊ အေးရှား ဘယ်လောက်များသလဲ ဆိုတာ ခန့်မှန်းလို့်ရနိုင်ပါတယ်။
ပစ္စည်းတွေကလည်း စုံသလား မမေးနက်၊ ချဉ်ပေါင်ရွက်၊ ဓညင်းသီး၊ ဓန့်ဒလွန်သီး...စတဲ့ အသီးအနှံတွေ လတ်လတ်ဆတ်ဆတ်ရသလို အခြား ဟင်းချက်စရာ- အသုံးအဆောင်ပစ္စည်းအစုံအလင်ပါပဲ။ ဒါပေမယ့် သိတယ်မို့လား- ကိုယ်က အဲဒါတွေကို စိတ်ဝင်စားတာ မဟုတ်ဘူး။
ထမင်းလမ်းပြပုလင်းတွေ ဘယ်ဈေးရှိလဲ... ဥရောပမဲဇာထက်တော့ ဈေးပေါမှာပါလို့ ... ပုလင်းတွေ ကောက်ကိုင်နေတုန်း...တပ်ခွဲမှူး ဗိုလ်လှဦးဆီက ဖုန်းဝင်လာပါတယ်။...“ဘာမှ မပူနက်၊ ညနေ ၆ နာရီနောက်ပိုင်း အစီစဉ်ရှိတယ်၊ ကျနော် နောက်တနာရီလောက်ဆို ပြန်ရောက်မယ်” တဲ့...
ကြည့်ရတာ...ဒီလူတွေ သူ့ဆိုင်ထဲ ဘယ်သူတွေရောက်နေသလဲဆိုတာ ဗီဒီယို ကင်မရာကနေတဆင့် တယ်လီဖုန်းမှာ မြင်ရတဲ့ စင်စတန်လုပ်ထားတာလား မသိဘူး။ အမေရိကားက ဆရာသမားအတော်များများ သူတို့အိမ်တွေ၊ ဆိုင်တွေမှာ အဲဒီနည်းပညာထည့်ထားတာ သတိထားမိပါတယ်။
“ထမင်းလမ်းပြကိစ္စက အဝေးကြီးလိုသေးတယ်၊ အခု နေ့လယ်စာအတွက် ထိုင်းဆိုင်ကို လိုက်ပို့မယ်” တဲ့။ ကိုမင်းအောင်က ကျနော်တို့ တအုပ်လုံးကိုခေါ်ပြီး သူတို့ဆိုင် ဘေးနားကပ်နေတဲ့ ထိုင်း စားသောက်ဆိုင်ဆီ ခေါ်လာပါတယ်။
ဒီဘလော့တခုလုံးက အေးရှားတန်းလို့ပြောရမယ်ထင်တယ်၊ မိုးပြာရဲ့ ဟိုဖက်ဘေးနားမှာ မြန်မာကုန်စုံဆိုင် နောက်တခု၊ ဒီဖက်ဘေးမှာတော့ ထိုင်းစားသောက်ဆိုင်၊ ပြီးရင် အခြား အာရှဆိုင်တွေလည်း ရှိသေးတယ်။
“ဆဝါဒီခပ် ... ဒီမှာ ဧည့်သည်တွေရောက်လာလို့လာပို့တာ...ဘာဟင်းတွေရှိလဲ”... တဲ့ ကိုမင်းအောင်က ထိုင်း လိုနိဒါန်းချီပြီး မြန်မာလိုမေးပါတယ်။ ထိုင်းဆိုင်ဆိုပေမယ့် ဒီဆိုင်က လူငယ်တွေအားလုံးက ကရင်တိုင်းရင်းသားတွေ။
“ဝါလဲဂေး- မူးနော်” ပေါ့... ကိုယ်လည်း ဘယ်ရမလဲ... ထီးခီး-ထီးထာမှာတုန်းက မူကနောတွေနဲ့ စကားပြောဖူးတာပဲဟာ၊ ဒါပေမယ့် ကျနော်တို့နဲ့အတူ ပါလာတဲ့... ဒီမှာ ကြီးတဲ့ ကလေးတွေက -“ဆာဝါဒီခပ်တွေ၊ ဝါလဲဂေးတွေ၊ မင်္ဂလာပါတွေ”- သိပ်နားလည်တာမဟုတ်ဘူး။
ဒီဒေသရဲ့ တရာဝင်စကား အင်္ဂလိပ်ဘာသာ (အချို့နေရာတွေမှာ စပိန်စကားအသုံးများပြီး အင်္ဂလိပ်လို နားမလည်သူ အတော်များများလည်း တွေ့ခဲ့ရပါတယ်) နဲ့ပြောမှပဲ စားချင်တဲ့ မီနူးက အဆင်ပြေသွားပါတယ်။ မြန်မာ စားသောက်ဆိုင်က ဒီမြို့မှာ မရှိေသေးဘူး။ အခြားမြို့ကြီး အတော်များများမှာတော့ ရှိနေပြီလို့ ဆိုပါတယ်။
ဒါပေမယ့် ကိုယ်တွေက ထိုင်းမှာ အနေကြာလာသူတွေဆိုတော့ ဆီပြန် မြန်မာထမင်းဟင်းထက် ထိုင်းစတိုင်လ် ဟင်းတွေကို ပိုကြိုက်နေပြီ ထင်တာပဲ။ ပြည်တွင်းမှာလည်း တနသာင်္ရီတိုင်းသားတွေ ထိုင်းအစာကို အတော်ကြိုက်နေကြတာတွေ့ခဲ့ရပါတယ်။
ဦးသိန်းစိန်အစိုးရခေတ်နဲ့ NLD အစိုးရခေတ် ပြည်တော်ပြန်ခွင့်ရတုန်းက သွားခဲ့ဖူးတဲ့ ကရင်-မွန်-တနသာင်္ရီတလျောက်မှာ ထိုင်း စတိုင်လ်ဆိုင်တွေ အများကြီးလေ၊ ...ထိုင်း ပြန် စားဖိုမှူးတွေလက်ရာက လက်ကုန် မိုက်နေရောပဲ...။ အခုတော့ အဲ စားဖိုမှူးတွေလည်း ထိုင်းကို ပြန်ရောက်နေပြီလား- နွေဦးတော်လှန်ရေးထဲ ရောက်နေကြပြီလား...။
---
(၂) ရွှေတိဂုံစေတီနှင့် မြန်မာ့အစဉ်အလာ ထိန်းသိမ်းရေး
ထမင်းစားပြီးတော့ မိုးပြာဆိုင်ကနေ ၁၀ မီနစ်လောက် ကားမောင်းရတဲ့ ရွှေတိဂုံစေတီ ပုံတူရှိရာ ဘုန်းကြီးကျောင်းဆီ ကိုမင်းအောင်က လိုက်ပို့ပါတယ်။ မင်းသမီးစခန်း ကော်မီတီ ဥက္ကဌဟောင်း၊ AB ဗဟိုကော်မီတီဝင်ဟောင်း ကိုမင်းအောင်ဟာ ဒီမြို့ရဲ့ မြန်မာ ကွန်မြူနတီခေါင်းဆောင်တဦး ဖြစ်နေပုံရပါတယ်။
တွေ့သမျှ မြန်မာတွေနဲ့ သိနေသလို ကျောင်းထိုင်ဆရာတော်၊ ဂေါပကအဖွဲ့ဝင်တွေနဲ့လည်း အတော်ရင်းနှီးနေပုံပါပဲ။ ရွှေတိဂုံစေတီက ပုံသေးတာကလွဲရင် တကယ့်ရွှေတိဂုံ အတိုင်းပါပဲ။ စေတီရဲ့ ဘေးနားမှာ ရေကန်ငယ်နဲ့ သစ်ပင်အချို့တွေ့ရပြီး အဲဒီဘေးမှာ ကျောင်းထိုင်ဆရာတော်ရဲ့ အဆောင်...
ဒီဖက်မှာတော့ ဓမ္မာရုံအသစ်ကြီးက အတော်ကြီးတယ်၊ မြန်မာနိုင်ငံက ဘုန်းကြီးကျောင်းတွေအတိုင်းပါပဲ။ ကျနော်ရောက်သွားချိန်က နွေရာသီကျောင်းပိတ်ချိန်ဆိုတော့ ကလေးငယ် ၁၀ ကျော်ကို ဆရာတော်နဲ့ ဘုန်းတော်ကြီးတွေက ဗုဒ္ဓစာပေအခြေခံ (မြန်မာပြည်အခေါ် ယာဉ်ကျေးလိမ္မာ သင်တန်းလား) သင်ပေးနေတာ တွေ့ရပါတယ်။
ကျနော်တို့ရောက်နေမှန်းသိတော့ ဟိုဖက် ဆွမ်းစားဆောင်နဲ့ စားဖိုဆောင်ဖက်က (ကျောင်းဝင်းက အကျယ်ကြီး) AB ရဲဘော်ဟောင်းတွေပါဝင်တဲ့ သံဃာင်္တော်တွေနဲ့ ကပ္ဗိယတွေလည်း ဓမ္မာရုံဆီရောက်လာကြပါတယ်။ စိတ်ထဲမှာ အမေရိကားရောက်နေတယ်ဆိုတာ မေ့သွားပြီး မာနယ်ပလောက ရဟန်းပျိုသမဂ္ဂ ကျောင်းဆောင်ဆီများ ပြန်ရောက်နေသလိုလို...
“မာနယ်ပလောဆိုမှ ဒီမှာ စိန်ဝင်းမြိုင်ဇတ်အဖွဲ့က လူတွေရှိတယ်၊ ဟိုဖက်မှာလည်း ကရင်ဘုန်းကြီးကျောင်း ၂ ကျောင်းရှိသေးတယ်၊ ပွဲတော်ရာသီတွေ၊ ကျောင်းထိုင်ဆရာတော်မွေးနေ့ ပွဲတွေဆိုရင် ဇာတ်ပွဲတွေပါ ခင်ဗျားကြည့်ရမယ်” တဲ့... ကိုမင်းအောင်က ပြောပါတယ်။
ပြီးတော့ ဇတ်ပွဲတွေ၊ အလှူပွဲတွေ ကျင်းပထားတဲ့ ဓာတ်ပုံမှတ်တမ်းတွေကိုလည်း ကျောင်းနံရံပေါ်မှာ တွေ့ရပါတယ်။ အခု ဒီဆောင်းပါးရေးနေချိန်မှာတောင် (တော်သလင်းလပြည့်နေ့ပွဲ) အလှူပွဲတခု အဲကျောင်းမှာ ကျင်းပနေတဲ့ ဗီဒီယို တွေ့ရပါတယ်။ ပြီးခဲ့တဲ့အပတ်ကလည်း ကရင်ဘုန်းကြီးကျောင်းမှာ ဆရာတော်မွေးနေ့အဖြစ် ဇတ်သဘင် ကနေတဲ့ ဗီဒီယိုလည်း တွေ့လိုက်ရပါသေးတယ်။
ကဲ... ဒီမြို့လေးမှာ မြန်မာ (မြန်မာပြည်ကနေ အမေရိကားမှာအခြေချတဲ့ တိုင်းရင်းသားပေါင်းစုံကိုဆိုလို) ဘယ်လောက်များသလဲ၊ ဘယ်လောက် စုစုစည်းစည်း ရှိကြသလဲ... အဝေးရောက် မြန်မာကွန်မြူနတီတွေအတွက် လေ့လာသင့်စရာတွေပေါ့။
အမာရီလိုက မြန်မာကွန်မြူနတီ စည်းကားတဲ့အကြောင်း ပြောရင်း ဥရောပမဲဇာရောက် မြန်မာဘုန်းကြီးတွေ အထီးကျန်ပုံအကြောင်းလည်း နည်းနည်းပြောချင်ပါတယ်။ ဒီမှာ ရောက်နေတဲ့ သံဃာင်္တော်တွေ အမေရိကား ရောက်ကာစ က ဘယ်လိုဖြတ်သန်း ရုန်းကန်ခဲ့ရသလဲတော့ မမေးဖြစ်ခဲ့ပါ။
ဥရောပမဲဇာမှာကတော့ ဘုန်းကြီးဖြစ်ဖြစ်-လူဖြစ်ဖြစ် ဒုက္ခသည်အစီစဉ်နဲ့ရောက်လာသူတိုင်း ၂ နှစ်တာ ဘာသာစကားနဲ့ လုပ်ငန်းခွင်အကြို ဗဟုသုတသင် (ပြန်လည်နေရာချထားရေးအစီစဉ်လို့ ခေါ်မယ်ထင်) ပြီးရင် လုပ်ငန်းခွင်ဝင်ပေါ့။
အဲချိန်မှာ လူတွေက ပြသာနာမရှိပေမယ့် ဘုန်းကြီး ၂ ပါးက ဘယ်လိုလုပ် လုပ်ငန်းခွင့်ဝင်မှာလဲ...။ အဲချိန်ကျမှ အော်စလိုဝန်းကျင်မှာရှိတဲ့ မြန်မာတွေစုပြီး ဂေါပကဖွဲ့ကြ၊ ဗုဒဘာသာအသင်း မှတ်ပုံတင်ကြ၊ ဘုန်းကြီးကျောင်း ငှားကြ... အရေးပေါ်လုပ်ကြရတာ။
ကောင်းတာကတော့ ဘာသာရေးအသင်းအဖြစ် မှတ်ပုံတင်ပြီးတဲ့အခါ အသင်းဝင်အရေအတွက်ပေါ် မူတည်ပြီး အစိုးရက လစဉ် ထောက်ပံ့ကြေးပေးပါတယ်။ ဆိုလိုတာကတော့ ခေါင်းစဉ်ပြောင်းဖို့လိုတာပေါ့။ ဒုက္ခသည်အဆင့်ကနေ မြန်မာကွန်မြူနတီအတွက် မရှိမဖြစ်လိုအပ်တဲ့ ဘုန်းကြီးကျောင်း၊ ကွန်မြူနတီကို ဝန်ဆောင်မှုပေးမယ့် သံဃာ်တော် ၂ ပါး စသဖြင့်။
ဒါပေမယ့် အခု အမာရီလိုက ကျောင်းလို ကျောင်းအကြီးကြီး ဘယ်ရှိပါ့မလဲ၊ စေတီတည်ဖို့ မြေနေရာလည်း မရှိဘူး။ မြန်မာပြည်ဖွားလည်း ဒီလောက်မများ၊ တကာတွေကလည်း ကျောင်းနဲ့ အလှမ်းဝေးဆိုတော့... ဘုန်းတော်ကြီးတွေဟာ (အလှုပွဲရှိတဲ့ရက်၊ ဆွမ်းလာကပ်သူရှိတဲ့ စနေ-တနင်္ဂနွေမှအပ) ကိုယ့်ဆွမ်းကိုယ် ချက်စားနေရဆဲလို့ ပြောပြတော့ အမေရိကားက လူတွေ အံ့သြနေလေရဲ့...။
နောက်တဆက်တည်း ဆွေးနွေးဖြစ်တာက တတိယနိုင်ငံရောက် မျိုးဆက်သစ်တွေ မြန်မာစာ-မြန်မာစကား (တိုင်းရင်းသားတွေလည်း သက်ဆိုင်ရာ တိုင်းရင်းသား စာ-စကား) ရေးတတ်-ပြောတတ်ဖို့ အရေးကြီးသလား...
ဒါတွေကို တရားဝင်ကျောင်းဖွင့်ပြီး သင်ပေးဖို့မလွယ်ပါ။ ရှေ့မှာတင်ပြခဲ့တဲ့ ဘုန်းကြီးကျောင်းတွေကပဲ ကွန်မြူနတီတာဝန်တခုအဖြစ် ဆောင်ရွက်ပေးရမယ်လို့ ထင်ပါတယ်။
ဥရောပမဲဇာအပါဝင် ကျနော်ရောက်ဖူးတဲ့ နေရာအတော်များများမှာ တတိယနိုင်ငံ ရောက်ကာစ ကာလတွေက ဒီလို မြန်မာစာ သင်ပေးတာတွေ့ရပေမယ့် နောက်ပိုင်းအဖျားရှုးပြီး ရေရှည်လုပ်နိုင်တာမျိုး မတွေ့မိသေးပါ။









0 comments:
Post a Comment