အမေရိကန် ပြည်ထောင်စုသို့ ခရီးသွားခြင်း...(၃)
(၁)- San Francisco မှ Lathrop သို့...
တကယ်က ဆန်ဖရန်မှာ လျောက်လည်ဖို့ဆိုပြီး ဈေးပေါတဲ့ ဟိုတယ်ကို ၂ ညစာယူထားတာ၊ ဒါပေမယ့် တပ်ရင်း ၂၀၁- မင်းသမီးစခန်းက ရဲဘော်ဟောင်း ကိုဇော်လွင်က သူ့မြို့ Lathrop ကို လိုက်လယ်ဖို့ လာခေါ်တာနဲ့ တခါတည်း တန်းလိုက်သွား...။
သူမြို့မသွားခင် နာမည်ကြီး ကမ်းခြေကို လိုက်ပြမယ်တဲ့...။ Half Moon Bay Beach ကို အရင်သွားပါတယ်။ လေတိုက်နေလို့ ရေကူးသူသိပ်မရှိ၊ ဘေးနားမှာတော့ Camping Car တွေ စခန်းချထားတာတွေ့ရပါတယ်။ နွေရာသီဆို နော်ဝေမှာလည်း ဒီလိုကားတွေနဲ့ ခရီးသွားသူတွေ အများကြီး... သူက ဟိုတယ်ခ မကုန်တော့ဘူး။ ကိုယ့်ကားထဲ ကိုယ်အိပ်လို့ရတယ်။ ကားထဲမှာ အကုန်ပါတယ်- ပြောရမလားပဲ။
ဒါဆို ဘယ်သွားမလဲ...၊ Redwood သွားမလားတဲ့...ကားမောင်းပို့တဲ့ ကိုဇော်လွင်ရဲ့ သားကြီးကမေးပါတယ်။ “ဘာလဲ Redwood” ဆိုတော့... ဝိုး - တကယ်က ကိုယ်သွားချင်နေတဲ့ နေရာတွေထဲက တခု။ ဧရာမသစ်ပင်ကြီးတွေရှိတဲ့နေရာ - ကယ်လီဖီုးနီးယား ခရီးသွား ကြော်ညာထဲမှာ တွေ့ဖူးနေတဲ့နေရာကြီး...။
ဒါပေမယ့် ကိုယ်က အဲဒါကြီး ဒီနားရှိမှန်း မသိပြန်ဘူး။ LA ဖက်မှာလို့ ထင်ထားတာ၊ ဆန်ဖရန်မြို့စားကြီး ကိုကိုလေး ကြားရင်တော့ ထပ် အပြောခံရအူးမယ်။ ဒါပေမယ့် အဲဒါက နည်းနည်းဝေးတယ်။ မိနစ် ၉၀ လောက်မောင်းရမယ်။ အသွား-အပြန်နဲ့ဆို လယ်ဖို့အချိန်ရမှာမဟုတ်ဘူးတဲ့... အသက် ၂၀ ကျော် လူငယ်လေးက စမတ်ဖုန်းထဲက ပုံကိုထောက်ပြီး အသေချာရှင်းပြနေပါတယ်။
လူငယ်နဲ့ စမတ်ဖုန်းဆိုလို့ ပြောရအူးမယ်။ အခု ခေတ်မှာ အဲဒါတွေက သိပ်အရေးကြီးတာ၊ ရှေ့မှာပြောခဲ့သလို ဗီဇာ အပါဝင် အရေးကြီး စာရွက်စာတန်းတွေကို ပရင့်ထုတ်ပြီး စာရွက်နဲ့ကိုင်တာက ကိုယ်တို့လို ၆၀ တန်း ဖိုးသံကီးတွေပဲ ရှိတော့တာ။
လူငယ်တွေအားလုံးက စမတ်ဖုန်းတလုံးရှိရင် အဲဒါ သူတို့ရဲ့ “အရာရာရှိတဲ့ ရတနာ သိုက်ကြီး” ပဲ၊ ဈေးဝယ်လည်း စမတ်ဖုန်း၊ လေယာဉ်လက်မှတ်ဝယ်လဲ စမတ်ဖုန်း၊ လေယာဉ်ပေါ်တက်ခါနီး Boarding Pass ဖြတ်လည်း စမတ်ဖုန်းလေးနဲ့ ဖြတ်သွားရုံပဲ။
ဒါပေမယ့် စမတ်ဖုန်းက အိုင်းဖုန်းမဖြစ်ရင်တောင် ခေတ်မီဖို့တော့ လိုတာပေါ့။ ကိုယ့်မှာပါသွားတဲ့ဖုန်းက ရန်ကုန်မှာတာဝန်ထမ်းစဉ်က အိုင်းဖုန်းပျက်လို့ အရေးပေါ်ဝယ်ထားတဲ့ သာမန်ဖုန်း အစုတ်လေး...
အဲဒါ အမေရိကားမှာ အီး-စင်းကပ် ထည့်လဲမရ၊ ရိုးရိုး စင်းကပ်ထည့်လဲမရနဲ့ ဒုက္ခတွေများလိုက်တာ၊ တယ်လီဖုန်းမရ- အထူးသဖြင့် အင်တာနက်မရဘူးဆိုရင် ဒီခေတ်မှာက ဘာမှ သုံးစားလို့မရတော့ဘူး။ ချိန်းထားတဲ့ လေယာဉ်တွေ- ကားတွေ လွဲသွားနိုင်တဲ့အထိ။
ပြီးတော့ အမေရိကားလာရင် စမတ်ဖုန်းကောင်းဖို့အပြင် ဖုန်းနဲ့ ကွန်ပြူတာအတွက် အဒက်တာ Adapter တွေလည်း ယူလာဖို့ မမေ့ကြနက်၊ ကိုယ့်ဆီမှာ မနှစ်က သြစီက ယူလာတဲ့ အဒက်တာရှိပေမယ့် အမေရိကားက ဥရောပနဲ့ အတူတူပဲထင်ပြီး ယူမလာမိတာ... အဲဒါလည်း ခရီးစဉ်တလျောက်လုံး တကယ့်ပြသာနာပဲ။
---
(၂) San Jose မြို့မှာ ခနတာ...
သွားလို့မမီရင် အိမ်ပြန်ကြတာပေါ့။ အချိန်ကလည်း ညနေ ၅ နာရီလောက်ရှိနေပြီ၊ သူတို့အိမ်ဆီ ပြန်ရင်းနဲ့ ဝင်လယ်မိတဲ့မြို့က San Jose တဲ့၊ ကြားဖူးသလိုလိုရှိပေမယ့် ကိုယ်ဖတ်တဲ့ အသံက မမှန်ဘူး။ “ဆန် ဂျိုး” ဆိုပြီး ဖတ်မိတာကိုး။ တကယ်က ”ဆန် ရို ဆေး” တဲ့။
အဲမှာ ဈေးဝယ်တော့ ထူးထူးခြားခြား ဂျပန် စူပါ မားကတ်တဲ့...။ အမေရိကားမှာ ဂျပန် ဘယ်လောက်များလည်းတော့ မသိဘူး။ ကိုးရီးယား စူပါ မားကတ်တွေဆို ဒီထက်တောင်ကြီးသေးတယ်ပြောတာပဲ။ အမေရိကန် စူပါမားကတ် ဝေါလ်မတ်- တွေလောက်မကြီးပေမယ့် အေးရှားအစာတွေ ဒီလို ဆိုင်တွေမှာ ရတယ်ပေါ့။
ဥရောပမဲဇာမှာက အဲဒါတွေမရှိဘူး။ အေးရှားစာဆိုရင် ထိုင်း-ဗီယက်နမ်-သီရီလကာင်္လောက်ပဲရှိတာ။ နော်ဝေပိုင် စူပါမားကတ်တွေဆိုတာကလည်း ဝေါလ်မတ်-နဲ့ ယှဉ်ရင် တောနဲ့မြို့ လိုပါပဲ။
တောသားမြို့ရောက်ဆိုတာ တင်စားပြီး ပြောတာမဟုတ်ဘူး။ တကယ်ပါ။ နော်ဝေက လူတွေက ဒိန်းမတ်တို့၊ နယ်သာလန်တို့ရောက်ရင် မြို့ရောက်သလို၊ ကျယ်ပြန့်တဲ့ လွင်ပြင်ကြီးထဲ ရောက်သွားသလို ခံစားရတာ။
အခု အမေရိကားက ဒိန်းမတ်၊ နယ်သာလန်ထက် ၁၀ ဆ မက ကျယ်ပြန့်တယ် မဟုတ်ပါလား။ ဒီတော့ ဥရောပမဲဇာမှာ မြင်ခွင့်မရတဲ့ (နေရာတိုင်း တောင်တန်းတွေ ကာနေလို့) ၁၈၀ မြင်ကွင်းကျယ်၊ ၃၆၀ မြင်ကွင်းကျယ်တွေကို အခုမှ အပြည့်အ၀ ကြည့်ခွင့်ရပေါ့...။
ကောင်းကင်ကြီးကလည်း တိမ် တစက်မှမရှိပဲနဲ့ တိမ်ပြာပြာနေ့တွေဖြစ်နေတာ၊ တောင်တွေကလည်း ဟိုးအဝေးကြီးမှာ၊ လမ်းတွေကလည်း အကျယ်ကြီး၊ အိမ်တွေကလည်း ဆောက်ထားတာ သိပ်မကြာသေးသလိုလို၊ တထပ်- နှစ်ထပ် အိမ်တွေက အများစု။
အင်း- ဥရောပသား ကိုလံဘတ်က အမေရိကားတိုက်ကိုတွေ့မိတာ ၁၄၉၂ ဆိုတော့ အခုမှ နှစ် ၅၀၀ ကျော်၊ လွတ်လပ်ရေးရတာက ၁၇၇၆ ဆိုတော့ ခေတ်သစ် အမေရိကန်ပြည်ထောင်စုသက်တန်းက အခုမှ ၂၄၉ နှစ်ပဲ ရှိသေးတာ။
ဥရောပဆိုတာကြီးက ခရစ်မပေါ်မီကတည်းက ရှိနေတဲ့ နေရာကြီး။ အိမ်တွေကလည်း နှစ် ၁၀၀ အထက်မှာအများစု၊ ပြီးတော့ အကြီးကြီးတွေ- တုတ်တုတ်ခိုင်ခိုင်ကြီးတွေ၊
ပထမ ကမ္ဘာစစ်၊ ဒုတိယ ကမ္ဘာစစ်ကိုလည်း ဥရောပက ကြုံခဲ့ရတယ် မဟုတ်ပါလား။ တက်သစ်စ နိုင်ငံကြီးတခုနဲ့ ဝါရင့် သဘာရင့် နိုင်ငံငယ်တွေကြား ကွာခြားမှုမျိုးလား...။
ဒါကြောင့် ဖြစ်မယ်။ အမေရိကားမှာ ကြီးတဲ့ မြန်မာလူငယ်တွေက ဥရောပကို သွားလယ်ချင်နေတာတွေရပြီး မြန်မာ လူကြီးတွေကတော့ မြန်မာ-ထိုင်းနဲ့ အေးရှားကိုပဲ ခနခန သွားလယ်ချင်နေကြတာ သတိထားမိပါတယ်။
နောက်... အမေရိကန်တွေနဲ့ ဥရောပသားတွေ စံ တန်ဖိုးထားပုံခြင်း မတူကြဘူးလို့ ပြောသင့်သလား...။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းတဲ့နေရာမှာလည်း နည်းနည်းကွာတယ်ပြောရမလား...။
ဥရောပမဲဇာမှာဆိုရင် ရေ ပုလင်းတွေက တခါသုံးဆိုပေမယ့် Recyle လုပ်နိုင်ဖို့ အဲပုလင်းတွေကို ပြန်ရောင်းရင် ၂ ခရိုနာ (ဒေါ်လာ ပြား ၂၀) ရတယ်၊ ဒီတော့ လမ်းဘေးမှာ ဘယ်သူမှ ပစ်မထားခဲ့ဘူး။
ပြီးတော့ ဈေးဆိုင်တွေမှာ ပလပ်စတစ်အိတ်တွေ အခမဲ့ပေးနေတာ။ ဥရောပမဲဇာမှာ မရဘူး။ တလုံးယူရင် ၇ ခရိုနာ (ဒေါ်လာပြား ၇၀) ဆိုတော့ ဈေးဝယ်သူအားလုံး ကိုယ့်အိတ်နဲ့ကိုယ်လာရတာ။
နောက်ပြီးတော့ စားကျွင်း စားကျန်တွေကို ပစ်တဲ့ အမှိုက်အိတ် သီးခြားရှိတယ်။ အဲဒီအမှိုက်ကနေ ဇီ၀ လောင်စာထုတ်နေတာ...။
အမေရိကားမှာတော့ အဲလို မတွေ့မိဘူး။ ရေပိုက်ကရေကိုလည်း သောက်နိုင်တဲ့ အဆင့်ရောက်အောင် ဖန်တီးမထားပေးဘူး။ အကုန် ဝယ်သောက်ပဲ။ ရေဖူးလည်း ကုန်ရင် လွှင်ပစ်ပဲ၊ အမှိုက်ကိုလည်း အဲလောက်အထိ စနစ်တကျ စွန့်ပစ် အသုံးချတာ မတွေ့ရသေးဘူး။
လျှပ်စစ်ကားတွေထုတ်နေပြီး လျှပ်စစ်ကား သိပ်မသုံးဘူး။ ဓာတ်ဆီနဲ့ ရိုရိုးလောင်စာကိုသာ အားပေးနေတယ်ဆိုမှတော့ ဒီလောက်တော့ ရှိမှာပေါ့။
တွေ့မိ-မြင်မိတာကို ရေးပြတာပါ။... တော်ကြာ “အမေရိကန် ဂရိတ်အဂိန်းဖြစ်နေတာ ဒီကောင်မသိဘူးလား၊ နောက်တခါလာရင် ဗီဇာ မပေးနက်” ဆိုပြီး မောင်မောင်ထရမ့်က ပြောလိုက်ရင် ဒုက္ခရောက်နေအူးမယ်။
---
(၃) Lathrop မြို့မှာ တရက်တာ...
အဲဒီလို လွယ်ပြင်ကျယ်တွေ၊ ၁၈၀ ဒီဂရိမြင်ကွင်းကျယ်တွေ၊ ဟိုးခပ်ဝေးမှာမြင်နေရတဲ့ တောင်ကတုံးငယ်တွေကိုငေးရင်းနဲ့ ကာလီဖီုးနီးယားရဲ့ တက်စလာ စက်ရုံတွေရှိရာ Fremont မြို့ကို ဖြတ်လာပါတယ်။
ဒီမြို့မှာလည်း မင်းသမီးခစန်းက ရဲဘော်ဟောင်းတယောက်ရှိပါတယ်၊ သူ့ဆီ ဝင်လာဖို့ အကြိမ်ကြိမ်ဖိတ်ခေါ်ထားပေမယ့် သူက ဒီနေ့မအားဘူး။ မနက်ဖန်လည်း မအားဘူး။ ရှေ့မှာပြောခဲ့တဲ့ ဥရောပနဲ့ အမေရိကန်စနစ် ကွာခြားမှူအရ သူဟာ အမေရကန်စတိုင်လ် တရက်မှာ ၁၂ နာရီ၊ တပတ်မှာ ၄ ရက် အလုပ်ဝင်ရတယ်ဆိုလား...
အဲတော့ သူနားတဲ့ ၃ ရက်မှအပ၊ ကျန် ၄ ရက်မှာ ဧည့်သည်နဲ့တွေ့ဖို့ ဘယ်လိုမှ အချိန်မရ...။ ဆူရှီဆိုင်ပိုင်ရှင်တွေ၊ ကုန်စုံဆိုင် ပိုင်ရှင်တွေဆို ပိုတောင်ဆိုးသေး... တပတ်မှာ ၇ ရက်အလုပ်ဝင်၊ နားရက် မရှိဘူးတဲ့...။
“အမေရိကားက လူတွေက တနှစ်တခါ ဟောလီးဒေး မသွားနိုင်ဘူး။ အူးလေးတို့ ဥရောပကလူတွေပဲ တချိန်လုံးသွားနေတာ” ဆိုပြီး ဆူရှီဆိုင်ပိုင်ရှင် ရဲဘော်ကြီးတဦးက ကျနော်ကို ပြောတာ အမှတ်ရနေပါတယ်။
အဲဒီလို ထွေရာလေးပါး ပြောရင်း၊ တောထဲက အကြောင်းတွေပြောရင်းနဲ့ ...ည ၈ နာရီလောက်မှာတော့ Lathrop မြို့ကိုရောက်လာပါတယ်။ ကိုဇော်လွင်တို့အိမ်က ဒီမြို့ရဲ့ ရပ်ကွက်သစ်မှာ...
“ဒီညတော့ ထားဝယ်ပိဖျော်နဲ့ ကျွေးမယ်လေ၊ မှန်းလမ်းပြတော့ မရှိဘူးနော်။ အဲဒါတွေ ကျနော် ဖြတ်လိုက်တာကြာပြီ၊ ဘုရားတရားနဲ့ဖြစ်နေပြီ”...တဲ့ မောင်ဇော်လွင်က ပြောပါတယ်။
အင်း... တပ်ရင်းက လူဆိုးတွေ အားလုံးလူကောင်းဖြစ်ကုန်ကြပြီလား...၊ ခုနက ကားပေါ်မှာ တရားအကြောင်းပြောနေကတည်းက နည်းနည်းတော့ ရိပ်မိသလိုလို...။
“ဒါပေမယ့် မပူနက်- သားငယ်သောက်တဲ့ ဘလက်တလုံးတော့ ကျန်နေသေးတယ်” ဆိုပြီး ဘီဒိုထဲက ပုလင်းလေး ဆွဲထုတ်လာလို့ တော်သေးတာပေါ့။
ထမင်းလမ်းပြက နိုင်ငံတကာသုံး ယာမကာတွေဆိုတော့ စာဖတ်သူတွေအတွက် သိပ်မထူးဆန်းလောက်ပါဘူး။ ဒါပေမယ့် ထားဝယ် ငါးပိ- ဘိတ် ငါးပိ- ဂွေး ငါးပိကတော့ ဒေသခံမဟုတ်သူတွေအတွက် နည်းနည်းထူးမယ်ထင်ပါတယ်။
ထားဝယ်ကနေ မော်လမြိုင်မှာ ကျောင်သွားတက်ကာစကဆို မြန်မာငါးပိရည်ကို ဘယ်လိုမှ စားမရ။ နံ လိုက်သည်ဖြစ်ခြင်း...။ တနသာင်္ရီတိုင်းသားတွေက ဘိတ် ငါးပိလို့ခေါ်တဲ့ ဂွေး (ပုဇွန်သေးသေးလေးတွေ)ငါးပိ၊ အစိမ်းစား ငါးပိပဲ မွေးကတည်းက စားလာတာဆိုတော့ ငါးပိဆိုရင် အဲဒီ ငါးပိကိုပဲသိတာ။
“ဘိတ်ငါးပိ အမေရိကားမှာ ရလား” ဆိုတော့ ဒီမှာအကုန်ရတယ်တဲ့။ LA ဖက်မှာမြန်မာကုန်စုံဆိုင်ကြီးတွေရှိတယ်လို့ ဆိုပါတယ်။ ဟင်းသီးဟင်းရွက်တွေလည်း လတ်လတ်ဆပ်ဆပ် အကုန်ရ၊ ကာလီဖိုးနီးယားနဲ့ တက္ကဆပ်က စိုက်ပျိုးရေးအတော်ဖြစ်ထွန်းတယ်။ မြန်မာတွေတောင် ချဉ်ပေါင်စိုက်ပြီး စီးပွားဖြစ် ရောင်စားနေတယ်လို့ပြောပါတယ်။
ဥရောပမဲဇာသားအတွက်ကတော့ အားလုံးဟာ အထူးအဆန်းတွေ၊ ရာသီဥတုကလည်း ကွာတာကိုး-နော်။ နော်ဝေနွေက အပူဆုံးမှ ၂၅ C လောက်ရှိတာ၊ နွေရာသီကလည်း ဇွန်လကုန်လောက်မှစပြီး အခု သြဂုတ်တောင် မကုန်သေးဘူး။ ဆောင်းဦးဝင်နေပြီ။ အခု ဒီဆောင်းပါးရေးနေချိန်မှာ အော်စလို အပူချိန်က ၁၀ C ပတ်လည်ပဲ ရှိတော့တာ။ ဘယ်လိုမှ စိုက်စား ပျိုးစားလို့မရ...။
နောက်တနေ့ မနက်စောစော လမ်းထွက်လျောက်တော့ ဒီရပ်ကွက်ရဲ့ အပူချိန်က ၂၂ C တဲ့။ ကောင်းကင်တခုလုံး တိမ်တစက်မှ မရှိ။ ဆန်ဖလန်လိုလည်း မအေး၊ ဖိနစ်လိုလည်း မပူပေါ့ (ဆန်ဖရန်က ၁၇ C ပဲရှိပြီး- အာရီဇိုးနား ဖိနစ်က ၄၅ C ရှိတယ်)။ ပြီးတော့ ရေကန်တွေ၊ မြက်ခင်းစိမ်းစိမ်းတွ၊ အားကစားကွင်းတွေလည်း စနစ်တကျ လုပ်ပေးထားတယ်ဆိုတော့ ဒီအူးလေးတို့ရပ်ကွက်က ချစ်စရာ- နေချင်စရာလေး...။
ဒါပေမယ့် ကိုယ်က ကြာကြာနေလို့မရဘူး။ မနက်ဖန် တက္ကဆပ်က ဘော်ဘော်တွေဆီ ခရီးဆက်ရမှာ။ “ဒီမြို့မှာ၊ အနီးနားကမြို့တွေမှာ ငါတို့တပ်ရင်းက ဘယ်သူတွေရှိသေးလဲ” ဆိုပြီး မေးကြည့်တော့ အခု ၂၀၂၁ နောက်ပိုင်း ရောက်လာတဲ့ မြန်မာတွေတော့ အများကြီးပဲ၊ အူးလေးနဲ သိမှာ မဟုတ်ဘူးတဲ့...။
ပြန်ခါနီး အထုပ်အပိုးပြင်တော့မှ... “ဟိုဖက် တနာရီလောက်မောင်းရတဲ့ Sacramento မြို့မှာ ပန်ဆယ်လို ဆိုင်တော့ ရှိတယ်လေ၊ မြန်မာပစ္စည်းတွေလည်း ဝယ်လို့ရတယ်”...တဲ့။
သေရော... စောစောက ဘာလို့မပြောလဲ- ဆိုတော့...။ “အူးလေးက တပ်ရင်းက လူတွေပဲ မေးတာကိုး” တဲ့။
အခုမှတော့ အဲဒီမြို့ဆီ သွားဖို့အချိန်မရတော့ဘူး။ လေယာဉ်က မနက်ဖန် မနက်စောစောဆိုတော့ ဒီည ဆန်ဖရန် လေယာဉ်ကွင်းမှာ သွားအိပ်ဖို့ စီစဉ်ထားပြီးသား...
“ဝေဖန်မှုတွေကတော့ မျိုးစုံကြားနေရတာပဲ... အခြေအနေ ဘယ်လိုလဲ”...ဆိုပြီး တီးခေါက်ကြည့်တော့... “အဝေးကလူတွေက ဘာမှ မသိပဲ ဝေဖန်နေတာပါ။ ဒေသခံတွေ သိပါတယ်။ မဟုတ်တာလုပ်ထားရင် အမေရိကားမှာ ဒီလိုနေ နေလို့ ဘယ်ရမလဲ”...တဲ့။
အင်း... ခေတ်ကိုက ဆိုရှယ်မီဒီယာခေတ်ဆိုတော့လည်း လူတိုင်းက ရေးချင်ရာ ရေး- ပြောချင်ရာပြောနေကြတာဆိုတော့ ဘယ်ဟာမှားပြီး- ဘယ်ဟာမှန်သလဲ... အတည်ပြုနိုင်ဖို့ အတော်ခက်ပါတယ်။
တချို့ဆို မိတ်ဖက် ပဋိပက္ခလား၊ ရန်ဖက် ပဋိပက္ခလားတောင် အသေချာ မစဉ်းစားအား...၊ ရန်ဖက်လို သဘောထားပြီး ရေးချင်ရာရေး- ဆဲချင်ရာဆဲနဲ့ ပွဲဆူနေတာကိုတော့ FB ပါ်မှာ နေစဉ် မြင်နေရတာပါပဲ။
ဒါပေမယ့် Social Influencer - မြန်မာအခေါ် -ဆယ်လီ- ဆိုတာတွေကလည်း အခု နွေဦးတော်လှန်ရေးရောက်မှ ပေါ်လာတာမဟုတ်ပါလား။ တော်လှန်ရေး ရန်ပုံငွေ ရှာဖွေရေးမှာ သူတို့ရဲ့ အခန်းကဏ္ဍကလည်း အတော်အရေးပါနေတယ် မဟုတ်ပါလား။
ဒါပေမယ့် အဲဒါတွေက ကိုယ်ကျွမ်းကျင်တဲ့ ကိစ္စတွေမဟုတ်ပါဘူး။ ကိုယ်သိတာက ဆိုရှယ်မီဒီယာမှာ ဒီမတ်မတ်တွေ စာ တကြောင်းလောက်ရေးလိုက်ရင် ဟိုဖက်က စကစ (အခု စကမ ပေါ့) တွေ၊ စကမ-ဘမ တွေ တခါတည်း တုန်ဆင်းသွားတာပါပဲ။ လိုက်ဖ်ကလည်း 30 K လောက်က အေးဆေး၊ အခြား RCS တွေကလည်း အများကြီး။
ဆိုရှယ်မီဒီယာမှာ ရေးတာချင်းအတူတူ... ကိုယ်တွေမှာ စကားလုံး ၁၀၀၀ လောက်နဲ့ စီကာပတ်ကုန်းရေးပြတာတောင် လိုက်ဖ်က ၁၀၀ မပြည့်ချင်ဘူး။ ဆိုတော့... အဲဒီ မတ်မတ်တွေဆီမှာ “ဆိုရှယ်မီဒီယာပေါ်က မော်ဒန်စာရေးနည်း”- လည်း လေ့လာထားအူးမှပါ။ 
=====
(Half Moon Bay Beach နှင့် Redwood ပုံများကို visit california မှ ကူးယူဖေါ်ပြထားခြင်းဖြစ်ပါသည်)










0 comments:
Post a Comment