Friday, January 16, 2026

အမေရိကန် ပြည်ထောင်စုသို့ ခရီးသွားခြင်း...(၆)

 အမေရိကန် ပြည်ထောင်စုသို့ ခရီးသွားခြင်း...(၆)

(၁၁ - စက်တင်ဘာ - ၂၀၂၅)


(၁) အမေရိကားရောက် မြန်မာတွေ American Breakfast စားသလား...

ခေါင်းစဉ်ကိုဖတ်ပြီး “ရွာမှာတုန်းက မှန်းရှမ်းန ပိဖုဆီဆမ်း” (ထမင်းကြမ်းနဲ့ ငါးပိဖုတ်) စားလာသူက အခုမှ ကြီးကြီးကျယ်ကျယ် “American Breakfast” တွေ ဘာတွေလာလုပ်နေတယ်ဆိုပြီး အပြစ်တင် မစောကြပါနက်...
မနက်စာ Breakfast မပျက်မကွက်စားဖို့ အရေးကြီးကြောင်း တင်ပြချင်လို့ပါ။ တကယ်က အမေရိကားမှာနေသူတွေ American Breakfast မစားကြဘူးလား မေးခွန်းထုတ်နေသူ ကိုယ်တိုင်လည်း နော်ဝေမှာနေတာ နှစ် ၂၀ ကျော်နေပြီဖြစ်ပေမယ့် Norwegian Breakfast ဘာမှန်းမသိပါ။ တခါမှာလည်း အသေချာ မစားဖူးပါ။
သေချာတာကတော့ မနက်စာအတွက် တခုခုကို စနစ်တကျနဲ့ တစိုက်မတ်မတ် စားဖို့လိုပါတယ်။ ဟိုတယ်တွေမှာကျွေးနေတဲ့ Breakfast တွေဟာ အများက လက်ခံထားတဲ့ စံချိန်မီ မနက်စာဖြစ်မယ်ထင်ပါတယ်။
ဆိုတော့ကာ... အခု အမေရိကားမှာ ပြည်နယ် ၃ ခု ဖြတ်လာပြီးပြီ။ အမေရိကားရောက် ဘော်ဘော်တွေ မနက်စာ ဘာစားကြသလဲ...။ အဆင်ပြေသလို- အလျင်းသင့်သလို စားကြတယ်လို့ပဲ ပြောရမယ်ထင်ပါတယ်။
တခါတရံ မုန့်ဟင်းခါး၊ တခါတရံ ကောက်ညှင်းပေါင်း၊ တခါတရံ ပေါင်မုန့်ကင်၊ တခါတရံ ကော်ဖီတခွက်နဲ့ ရက်ဒီမိတ် မုန့်ခြောက်တွေ... ဒီလို ကြုံခဲ့ရပါတယ်။ အာရဟာအတွက် အရေးကြီးတဲ့ နို့-ကြက်ဥ စားတာ မတွေ့မိဘူးရယ်။
အခု အမာရီလိုမှာတော့ ကိုမင်းအောင်တယောက်က ကျနော်စားတဲ့ မနက်စာနဲ့အတော်တူတဲ့ Breakfast ကိုစားနေတာ တွေ့ရပါတယ်။ ကွေကာအုပ်လိုမျိုး ဂျုံမုန့်တွေကို နွားနို့စိမ်ပြီးစားနေတာကိုပြောတာပါ။ ဒါပေမယ့် ဖီကြမ်းငှက်ပျောသီးမပါဘူး။ ကြက်ဥမပါဘူး။ ဥရောပမဲဇာမှာဆိုရင် (ရာသီဥတု အပူ-အအေး ကွာတာကြောင့်လည်းဖြစ်မယ်) ငါးကြီးဆီ တလုံးပါ ထပ်ဆောင်းထည့်လိုက်ရမှ အိုကေ- ပြတာ။
အဲတော့မှ စွမ်းအင်ရှိလာသလို ခံစားရ၊ စက်ဘီးစီးတဲ့အခါ- ထရေနင်လုပ်တဲ့အခါ- ခွန်အား ထုတ်သုံးရတဲ့အခါမျိုးမှာ ဒါတွေက စကားပြောတယ်ထင်ပါတယ်။ အမေရိကားမှာက ဖီးကြမ်းအပါဝင် ငှက်ပျောသီးမျိုးစုံ၊ အခြားအသီးအနှံမျိုးစုံ အလွယ်တကူ ရနိုင်တယ်။ သစ်သီးများများစားဖို့ တိုက်တွန်းချင်ပါတယ်။
ဘယ်လိုပုံစံနဲ့ပဲ စားစား အာဟာရရှိအောင် စားဖို့လိုပါတယ်။ ကော်ဖီလေးတခွက်သောက်ပြီး ဆေးလိပ်လေးဖွာရင်းနဲ့ Breakfast ကို မပြီးလိုက်ပါဇေနက်... အာဟာရရှိတဲ့ အစာတခုခုကို စနစ်တကျနဲ့ တစိုက်မတ်မတ်စားကြဖို့ တိုက်တွန်းချင်ပါတယ်။ အသက်တွေကလည်း ၆၀ တန်း ရှိနေကြပြီ မဟုတ်ပါလား...။
---


(၂) ထားဝယ်မုန့်ဟင်းခါးနဲ့ ထားဝယ်ဒေသိယစကား

ကဲ... မနက်စာပြီးတော့ နေ့လယ်စာဖက် လှည့်ရအောင်...။ မုန့်ဟင်းခါးကို မနက်စာပဲ စားရမယ်လို့ ဘယ်သူက သတ်မှတ်ထားလို့လဲ။ နေ့လယ်စာ ဒါမှမဟုတ် နေ့ခင်း အဆာပြေစာ အဖြစ်လည်း စားကြတာပဲ မဟုတ်လား။ (ငယ်ငယ်ကဆို အဆာပြေစားတဲ့ မုန်းဟင်းခါးခွက်ထဲ ထမင်းကြမ်းထည့်ပြီးတောင် စားခဲ့ဖူးသေး)
“ထားဝယ်မုန့်ဟင်းခါးနဲ့ ဘူးသီးကြော်” လာစားပါဆိုပြီး ရဲမေဟောင်းတဦးက ဖိတ်ထားလို့တဲ့... ကိုမင်းအောင်က ကျနော်ကိုခေါ်ပြီး ကားနဲ့ထွက်လာပါတယ်။ အမာရီလိုမြို့မှာ မြန်မာတွေ ဘယ်လောက်များလဲ မသိဘူး။ ၅ မီနစ်တခါလောက် ကိုမင်းအောင် ကားရပ်ပြီး လှမ်းနုတ်ဆက်နေတာ တွေ့ ရပါတယ်။
“အားမနာနဲ့ ဘူးသီးက သူ့ခြံထဲက သွားခူးလာတာ၊ ငှက်ပျောပင်လည်း ဒီမှာ စိုက်ထားတာရှိတယ်” တဲ့... အိမ်ရှေ့ ကားရပ်တဲ့နေရာ၊ တမာပင်လိုလို-ထနောင်းပင်လိုလို သစ်ပင်ကြီးတပင်အောက်မှာ စားပွဲထိုးပြီး မုန့်ဟင်းခါးရောင်းနေတဲ့ ရဲမေကြီး ဒေါ်မအပ်က ပြောပါတယ်။
အတော်များများကတော့ ထိုင်မစားပဲ “စိုင်ထုံ” ပါဆယ် ယူသွားကြပါတယ်။ အချို့က အိမ်ကနေလှမ်းမှာလို့ သွားပို့ပေးတာလည်းတွေ့ရပါတယ်။ ပတ်ဝန်းကျင်မှာ အင်္ဂလိပ်အသံ မကြားရပဲ မြန်မာသံ၊ ဘိတ်- ထားဝယ်အသံတွေချည်းကြားနေရပါတယ်။ အမေရိကား ရောက်နေတာကော ဟုတ်ရဲ့လား... မင်းသမီးစခန်းများ ပြန်ရောက်နေသလား...။
“နန်းနို့လည်း လာဇာရှိ ဗျန်းဗျန်လာ၊ လောက်စာရှိ ဖွပ်ဖပ်ဆိဆပ် လောဇာမုဟ”... (မင်းတို့ကလည်း လာစရာရှိ မြန်မြန်လာ၊ လုပ်စရာရှိ မြန်မြန်လုပ်တာ မဟုတ်ဘူး) ဒါက ထားဝယ်ဒေသိယစကား အစစ်ဖြစ်မယ်ထင်တယ်။
အသက် ၉၁ နှစ်ရှိနေပြီဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း ဦးဗဆွေ ခေတ်ကနေ ပြည်ချစ်ခေတ်၊ ၈၈ ခေတ်၊ အခု ၂၀၂၁ ခေတ်အထိ သမိုင်းခေတ်များစွာကို ဖြတ်သန်းလာသူ (သူပုန်ကျောင်းသားစာအုပ်ထဲက ဒီမိုကရေစီကျေးရွာ ဥက္ကဌဟောင်း) ဦးရှိန်က သူ့အိမ်ပေါ်ရောက်လာတဲ့ ကျနော်နဲ့ ကိုမင်းအောင်ကို နုတ်ဆက်လိုက်တဲ့ စကားပါ။
ဦးရှိန်ရဲ့ ထားဝယ်စကားသံကိုကြားတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ ဆရာအောင်မြင့်ရဲ့ ထားဝယ်စကားသံကိုတောင် ပြန်သတိရမိပါတယ်။ သူတို့ပြောတဲ့လေသံက ထားဝယ် ပိုစစ်သလား- တကယ့်ကိုအားရပါးရရှိပြီး ကျနော်တို့ (သူတို့ထက် တခေတ်စာ ငယ်တယ်ပြောရမလား) ပြောတဲ့အသံက ထားဝယ် သိပ်မစစ်တော့သလိုမျိုး စိတ်ထဲ ခံစားမိပါတယ်။
ဦးရှိန်က အသက် ၉၁ နှစ်ရှိနေပြီဆိုပေမယ့် ထားဝယ်သားဝန်ကြီးချုပ် ဦးဗဆွေခေတ်ကနေ ဒီနေ့ခေတ်အထိ အကြောင်းအရာအတော်များများကို လက်တန်းပြောနေနိုင်ဆဲ၊ အချို့ကိစ္စတွေဆို ကျနော်တို့ တောင်မမှတ်မိတော့တဲ့ မင်းသမီးစခန်းနဲ့ တောထဲက အကြောင်းတွေ သူပြောတော့မှ ပြန်အမှတ်ရလာတာမျိုူးး- အဲလောက်အထိ မှတ်ညဏ်ကောင်းနေဆဲ။
နောက်... ကိုမင်းအောင်နဲ့ ကျနော်ဟာလည်း... ဟိုး... ထားဝယ်ကောလိပ်- မော်လမြိုင်တက္ကသိုလ်တွေမှာကတည်းက ကျောင်းအတူတူ တက်လာသူ၊ တောထဲမှာလည်း ၁၀ နှစ်လောက်အတူတူ နေလာခဲ့ဖူးသူဖြစ်ပေမယ့် ဒီလို “ထားဝယ်ဒေသိယစကား” အပါဝင် ဒေသဆိုင်ရာကိစ္စတွေ၊ ယဉ်ကျေးမှု- စာပေကိစ္စတွေ တခါမှ ရင်းရင်းနှီးနှီး စကားမပြောဖြစ်ဘူးရယ်။
စစ်အစိုးရ အဆက်ဆက်က ဝါဒဖြန့်နေသလို...“နယ်ချဲ့အင်္ဂလိပ်က သွေးခွဲအုပ်ချုပ်ခဲ့လို့...” တော့ မဟုတ်လောက်ဘူး။ ထားဝယ်ကောလိပ်မှာတုန်းကဆိုရင် ထားဝယ်သားတွေက ဘိတ်သားတွေကို ကြည့်လို့မရဘူး။ အဲ ထားဝယ်မြို့ပေါ်သားတွေကလည်း လောင်းလုံးဖက်ကနေ ကျောင်းလာတက်တဲ့သူတွေကို ကြည့်လို့မရ၊ “တောသားတွေ” ဆိုပြီး နှိမ်ကြတာ။
ဆိုလိုတာက အချင်းချင်း သိပ်မကြည်ကြဘူး။ ရွာတွေမှာတောင် ဟိုဖက်ရွာနဲ့ ဒီဖက်ရွာ၊ တရွာတည်းမှာတောင် မြောက်ပိုင်းနဲ့ တောင်ပိုင်း မတည့်ကြတဲ့ (မတည့်အောင် လုပ်ထားခံရတဲ့) ခေတ်တခေတ် ရှိခဲ့ဖူးပါတယ်။ မဆလ ခေတ်ပေါ့။
အဲတော့ အခု နှစ် ၄၀ နီးပါးကြာပြီးမှ- ထားဝယ်မြေနဲ့ မိုင်းပေါင်း တသောင်းလောက် အဝေးကိုရောက်လာပြီးမှ ထားဝယ်ဒေသိယ စကားတွေကို အမေရိကန်မြေမှာ၊ တက္ကဆက်တွေရဲ့ ကောင်းဘွိုင်မြေမှာ ပြောဖြစ်ကြတယ် ဆိုပါတော့...။
ပြီးတော့ ကိုမင်းအောင်က ဒီလို ယဉ်ကျေးမှု၊ စာပေ၊ (မြန်မာစာ သတ်ပုံကိစ္စအပါဝင်) ကွန်မြူနတီဖွံ့ဖြိုးရေးကိစ္စတွေ အတော်စိတ်ဝင်စားသူ၊ Resources အတော်ကြွယ်တဲ့လူ။ ဘယ်အကြောင်းအရာကို ပြောပြော အလေးအနက် လေ့လာထားသူအဖြစ် တွေ့ရပါတယ်။
ထားဝယ်ဒေသိယဖက် ပြန်ကောက်ရရင် ပုလော စကားသံက ထားဝယ်စကားနဲ့ ၉၀% လောက်တူတယ်ဆိုတာ အခုမှ သတိထားမိပါတယ်။ အရင်ကတော့ (သူပုန်ကျောင်းသားစာအုပ် ပထမ ပိုင်းမှာဖေါ်ပြမိတဲ့အတိုင်း) ပုလောက မြိတ်ခရိုင်ထဲမှာပါတယ်ဆိုတော့ ပုလောအသံက မြိတ်အသံနဲ့ ပိုနီးစပ်တယ်ဆိုပြီး သတ်မှတ်ထားတာ။
(အရင် မဆလ ခေတ်က လမ်းပန်းဆက်သွယ်ရေးမကောင်းတော့ ပုလောတွေ၊ မြိတ်တွေကိုလည်း ကျနော် မရောက်ဖူးဘူး။ အခု ဦးသိန်းစိန်ခေတ်- NLD ခေတ် ပြန်လယ်ခွင့် ရချိန်မှ ရောက်ဖူးတာပါ)
ထားဝယ်စကားကို ထားဝယ်-လောင်းလုံး-ရေဖြူ-သရက်ချောင်း ၄ မြို့နယ်ပဲပြောတယ်ဆိုပြီး နားလည်ထားတာ။ ဟော... အခု ဒီမှာ ပုလောသားတွေ နည်းတာမဟုတ်ဘူး။ သူတို့လေသံက ထားဝယ်အတိုင်းပဲ။ မြိတ်-လေသံက ဘယ်လိုလဲ... မေးကြအူးမလား...။
ဂံသားတွေ နားလည်ဖို့မလွယ်တဲ့ မြိတ်-ထားဝယ် ဒေသမှာ ထူးခြားတဲ့ ဒေသိယစကားတွေရှိတယ်ဆိုတာကို တင်ပြလိုခြင်းသာဖြစ်ပါတယ်။ (နောက်မှ ဒေသိယစကား အွန်လိုင်း ဆွေးနွေးပွဲ လုပ်ပါအူးမယ်)
---


(၃) အမေရိကားရောက် ရဲဘော်တွေ ဘယ်လိုရုန်းကန် လှုပ်ရှားနေကြသလဲ...
တကယ်က အမေရိကားတခုတည်းမဟုတ်ပါဘူး။ တတိယ နိုင်ငံရောက် ရဲဘော်ဟောင်းတွေ အားလုံးကို ဆိုလိုတာပါ။ မြန်မာပေါကားတွေထဲကလို “မင်္ဂလာဒုံ လေယာဉ်ကွင်းကနေ နိုင်ငံခြားထွက်သွားပြီး ၆ လခန့်ကြာတာနဲ့ ငွေထုတ်ပိုက်ပြီး၊ ကားဝယ်ပြီး ပြန်လာနိုင်တာ” မျိုး တကယ့် လက်တွေ့ မြေပြင်မှာ မရှိပါ။
အားလုံး ဘဝကို “သုည” ကနေ ပြန်စရသူချည်းပါပဲ။ ဥရောပ မဲဇာမှာဆိုရင် ဘာသာ စကားသင်ဖို့၊ လုပ်ငန်းခွင်အကြို ဗဟုသုတလေ့လာဖို့ ၂ နှစ်တာကာလကို Introduction Program အနေနဲ့ဖြတ်သန်းရပါတယ်။ အမေရိကားမှာဆိုရင် ၆ လလောက်ပဲ အချိန်ပေးတယ်လို့ ဆိုပါတယ်။
ပြီးတာနဲ့ လုပ်ငန်းခွင်ဝင်ပြီး ရုန်းပေတော့...။ ကောင်းတာက ဥပဒေတွေ၊ စည်းကမ်းတွေ စနစ်တကျရှိတော့ လုပ်ရင်လုပ်နိုင်သလောက် ဝင်ငွေရ- ကြီးပွားနိုင်တာပေါ့။ ဒါပေမယ့် အိမ်ဝယ်- ကားဝယ်- အာမခံမျိုးစုံဝယ်ပြီး အဲဒါတွေကို လစဉ်အကြွေးဆပ်နေရတာနဲ့ တင် ဘဝဟာ လုံးချာလည်။
ပြီးတော့...သားသမီးတွေ ကျောင်းထားရေး... တဖက်မှာကလည်း အသက်ကတဖြေးဖြေးကြီးလာတော့ ကျန်းမာရေး စောင့်ရှောက်မှု...ကျန်းမာရေးအာမခံ... ဒါတွေကလည်း တကယ့် စိန်ခေါ်မှုတွေပါပဲ။
ဒီလို စိန်ခေါ်မှုတွေကြားမှာ ကိုယ်ပိုင်လုပ်ငန်းတခု ထူထောင်ဖို့ဆိုတာ မလွယ်ပါဘူး။ နေ့ စဉ်ပုံမှန် လစာရနေတဲ့ အလုပ်တွေနဲ့ပဲ လူအများစုက လုံးချာလည်နေတာ။
အဲဒီလို စိန်ခေါ်မှုတွေကြားထဲကနေ ထိုးဖောက်ထွက်လာပြီး ကုန်စုံဆိုင်ဖွင့်နိုင်သူက အခု အမာရိလိုမှာ ၂ ယောက်၊ ကင်းဆပ်စီးတီးမှာ ၃ ယောက်၊ ဘဖလိုးဖက်မှာ တယောက်။ ဒီလောက်ပဲ သတိထားမိပါတယ်။ (မင်းသမီးခစန်းက ရဲဘော်တွေထဲက ကိုယ်သိသလောက်ကို ပြောတာပါ။ အခြားတပ်ရင်းက ရဲဘော်တွေ ကုန်စုံဆိုင်ပိုင်တာ ရှိနိုင်ပါတယ်။ ဆူရှီဆိုင် ပိုင်သူတွေလည်း အတော်များပါတယ်)။
အဓိက ထောက်ပြချင်တာက စုပေါင်းလုပ်ကြတဲ့အခါ ရဲဘော်ရဲဘက်စိတ်ဓတ်က အရေးကြီးတယ်၊ သစ္စာရှိမှုက အရေးကြီးတယ်၊ စွန့်စားရဲတာ- ဆုံးဖြတ်ချက် ပြတ်သားတာတွက အရေးကြီးတယ်ဆိုတာပါ။
ဥရောပမဲဇာမှာလည်း အဲလိုပဲ တောထဲက ထွက်လာတဲ့ ရဲဘော်ဟောင်းတွေစုပြီး စားသောက်ဆိုင်လားမသိဘူး ဖွင့်ကြပါတယ်။ ဒါပေမယ့် သိပ်မကြားဘူး- အရှုံးပေါ်လို့ ဆိုင်ပိတ်၊ အချင်းချင်း သဘေားထားကွဲ၊ သူ့ကြောင့်- ကိုယ်ကြောင့် ဆိုပြီးအပြစ်တင်ရင်းနဲ့ မိတ်ပျက်တဲ့အထိ ဖြစ်ကြတာ တွေ့ရဖူးပါတယ်။
ဒါက စီးပွားရေး၊ ဘ၀ ရပ်တည်ရေး...။ ဘဝဆိုတာ စီးပွားရေးတခုတည်းမှ မဟုတ်ပဲ။ လူမှုရေးကော ဘယ်လိုရှိကြသလဲ...
မြန်မာပေါကားတွေဖက်ကိုပဲ ပြန်လှည့်ရမယ်ထင်ပါတယ်...။ “မိုက်လို့ သောက်တာကွ- ဘယ်ခွေးမှ လူမထင်ဘူး”... အရက်သောက်ရင် ဒီလို ရမ်းကားရမယ်လို့ အဲဒီ ဇတ်ကားတွေက ပညာပေးထားတာကိုး...
“မိန်းမဆိုရင် နှိမ်ထားနိုင်မှ၊ ထမင်းချက်- သန့်ရှင်းရေး - ကလေးထိန်း အကုန်ခိုင်းထားနိုင်မှ...” ဒါတွေလည်း မြန်မာပေါကားတွေမှာ မပါမဖြစ် ပြကွက်တွေပါပဲ။ ဟင်းမကောင်းလို့ဆိုပြီး ထမင်းစားပွဲကို ခြေထောက်နဲ့ ကန်ပစ်လိုက်တဲ့ အခန်းတွေလည်း အခုထိ ပြနေတုန်း ထင်ပါတယ်။
အဲဒီ မြန်မာပေါကားထဲက ပြကွက်တွေကို တတိယ နိုင်ငံသွားဖို့ လေယာဉ်ပေါ်တက်ကတည်းက မေ့ထားလိုက်တော့။ အဲဒီအမှုနဲ့ အိမ်ထောင်ကွဲသွားသူတွေ၊ ထောင်ကျသွားသူတွေ ရှိနေပါတယ်။ ဒီမှာအားလုံးက တန်းတူ- မိန်းမကို သွားနှိမ်လို့ - သွားရိုက်လို့ မရဘူး။
ဥရောပမဲဇာမှာဆိုရင် “မိန်းမ၊ ကလေးနဲ့ ခွေး” ကို သွားမထိနဲ့ဆိုပြီး ပြောလေ့ရှိပါတယ်။ အမေရိကားမှာ ကလေးပြသာနာ မကြားမိပေမယ့် ဥရောပမှာတော့ ကလေးကို မိဘက အလေးမထားလို့၊ ရိုက်နှက်မယ်ဆိုပြီး ခြိမ်းခြောက်ခံရလို့ဆိုပြီး -အစိုးရကနေ ကလေးကို သိမ်းသွားတာ၊ မိဘကို ဖမ်းဆီးထောင်ချတာတွေ ရှိနေပါတယ်။
ဒါလည်း မြန်မာပေါကားတွေရဲ့ အကျိုးဆက်တွေပဲလား...“ဟေ့ စောင်ကလေး... ဘယ်အချိန်ရှိနေပြီလဲ။ အိမ်မပြန်သေးဘူးလား။ တုတ် ကောက်ပြီး ပြန်လာခဲ့”။ “ဒီကလေး ငါရိုက်လိုက်ရရင် သေတော့မှာပဲ” ။ “နင် သေချင်ပြီလား- ငါ့ လုပ်လိုက်ရ”... ဒါတွေက မြန်မာပြည်မှာ ပြောနေကြစကားတွေဖြစ်ပေမယ့် ဒီမှာက ဒါတွေဟာ ခြိမ်းခြောက်မှု မြောက်ပါတယ်။
အဲဒါကြောင့် အမေရိကားရောက် ရဲဘော်ဟောင်းအတော်များများ အသောက်-အစား ပြတ်ပြီး တရားရကုန်ကြတာလား၊ မယက- တွေ၊ မယခ-တွေ ဖြစ်ကုန်ကြတာလား...မသိဘူး။ 😁
ဒါပေမယ့် ဒါက တကယ့်အနည်းစုပါ။ ခုနက စွန့်စားပြီး ကိုယ်ပိုင်စီးပွားရေးလုပ်နိုင်သူ ၁၀၀ မှာ တယောက်၊ ၁၀၀၀ မှာတယောက်ရှိသလိုမျိုး ဒီလို လူဇိုးတွေကလည်း ၁၀၀ မှာ တယောက်လောက်ပဲ ရှိတာမျိုးပါ။
ကျနော်သိရသလောက်ဆိုရင် ABSDF ရဲဘော်ဟောင်းတွေထဲက အဲဒီလို လမ်းမယူပဲ ထင်ရာစိုင်းခဲ့လို့ အိမ်ထောင်ကွဲ၊ ဘဝပျက်နဲ့ နောက်ဆုံး အိမ်ယာမဲ့ ဂေဟာဆီ ရောက်သွားသူ ရဲဘော်ဟောင်းတဦးပဲ ရှိပါတယ်။
အဲတော့... အမေရိကားသွားရေး၊ တတိယ နိုင်ငံသွားရေး ဘာမှ စိတ်ပူမနေနက်...။ ကောင်းတာတွေ ၉၉ % ရှိနေတဲ့အထဲက မကောင်းတာ ၁% ကို ပုံကြီးချဲ့ရေးနေတယ်ဆိုပြီး အူးလေးထရမ့်က စာရေးသူကို စိတ်ဆိုးနေပါအူးမယ်။
အခုတောင် ဟင်နစီလေး ငုံလိုက်၊ အမဲခြောက်လေး ကိုက်လိုက်နဲ့ ဒီစာကိုရေးနေတာ။ အေးဆေးပေါ့။ (အဲ... ဒီနေရာမှာလည်း မြန်မာပေါကားထဲကလို ဈေးပေါပြီး သွေးဆူလွယ်တဲ့ အရက်အတုတွေကို မသောက်နက်၊ ဈေးကြီးပြီး သွေးနွေးတာနဲ့ အိပ်ပျော်သွားတတ်တဲ့ ဟောလီးဝုဒ်ကားထဲက အရက်တွေကိုသာ သောက်သင့်)။ 🙂
အမဲခြောက်ဆိုမှ သွားတွေက မကောင်းတော့ဘူး။ ဥရောပမဲဇာမှာက ကျန်းမာရေးစောင့် ရှောက်မှု ဖရီး-ရတယ်ဆိုပေမယ့် အဲထဲမှာ သွား ကျန်းမာရေး မပါဘူး။
“ကျနော် သွား ၄ ချောင်း စိုက်ဖို့ပြင်တာ တသိန်းလောက်ကုန်မယ်ပြောတယ်ဗျ” တဲ့... အိမ်နီးချင်း ဘော်ဘော်တယောက်က ဒီကိုမလာခင်လေးကပဲ ပြောတာ ပြန် ကြားရောင်မိ။ (ခရိုနာတသိန်း = ကန်ဒေါ်လာ တသောင်း)
အမေရိကားက ဘော်ဘော်တွေအတော်များများကတော့ ကျန်းမာရေး အာမခံ ဝယ်ထားကြတယ်ဆိုပါတယ်။ အမေရိကားနဲ့ ဥရောပ ကျန်းမာရေးစောင့်ရှောက်မှု စနစ်မတူပေမယ့် အသက် ၆၀ တန်းလူတွေ သွားကျိုးတာ၊ သွားအသစ်စိုက်ဖို့ လိုတာတွေကတော့ အတူတူ ပါပဲလေ...။
သွားမကောင်းပေမယ့် အမဲသားကလည်း ကိုက်ချင်သေး...။ ဒါနဲ့ အမဲသားမှာ တက္ကဆက် အမဲသားက နာမည်ကြီးဆိုပဲ...။
“Jim beam ဝီစကီနဲ့ အမဲသားကင် မကျက်တကျက် အမြည်း” ဆိုတာ တက္ကဆက် ပြည်နယ်ရဲ့ နာမည်ကြီး ရိုးယာအစာပဲလေ။ တက္ကဆက်ပြည်နယ်သား သမ္မတ ဘုရှ်တို့ခေတ်ကဆိုရင် အဲဒါနဲ့ပဲ အထူးဧည့်သည်ကို ဧည့်ခံတယ်လို့ ကျနော်ကြားဖူးတယ်”... တဲ့ ... အရက်နဲ့ အမြည်းဆိုင်ရာ ကျွမ်းကျင်သူ နော်ဝေက ဘော်ဘော်တဦးက ပြောပါတယ်။
“ကျနော့်ကို ဖိတ်သူက အမေရိကန် သမ္မတဟောင်း၊ ကာကွယ်ရေးဝန်ကြီးဟောင်းတွေ မဟုတ်ဘူးလေ... အူးလေး၊ ABSDF စခန်းကော်မီတီဥက္ကဌဟောင်းနဲ့ တပ်ခွဲမှူးဟောင်းတွေသာဖြစ်တယ်လေ”...လို့ ပြန်ပြောတော့ သူက အသံထွက်အောင် ရယ်နေပါတယ်။
(တကယ်က တက္ကဆက် အကြောင်း နိဂုံးချုပ် ဘာရေးရမှန်းမသိလို့ Jim beam နဲ့ အမဲသားကင်အကြောင်း ထည့်ထားတာပါ။ အခုသောက်နေတဲ့ Hennessy နဲ့ ကိုးရီးယားဆိုင်က အမဲသားတွေက သမ္မတဟောင်းရဲ့ အရက်တွေ၊ အမြည်းတွေထက် ပိုဈေးကြီး- ပိုအရသာရှိပါကြောင်း ဥက္ကဌဟောင်းနဲ့ တပ်ခွဲမှူးဟောင်းတို့အား အစီရင်ခံ တပ်ပြအပ်)။😉

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More