အမေရိကန် ပြည်ထောင်စုသို့ ခရီးသွားခြင်း...(၇)
(၁) Palo Duro Canyon သို့ လေ့လာရေး...
အမာရီလို တတိယနေ့မှာတော့ လူတွေနဲ့တွေ့ဆုံစကားပြောခြင်းကနေ သဘာဝတောတောင်တွေနဲ့ စကားပြောခြင်းဖက် ခြေဦးလှည့်တဲ့အနေနဲ့ Palo Duro Canyon ကို လိုက်ပို့မယ်လို့ ကိုမင်းအောင်က စီစဉ်ပါတယ်။ ဒါဟာ သီတင်းတပတ်ကျော်လာပြီဖြစ်တဲ့ အမေရိကန် ခရီးစဉ်အတွင်း ပထမ ဆုံးအကြိမ် တောတောင် သဘာဝဆီ (မြို့ပြင်ဒေသဆီ) ခရီးထွက်ခြင်းလို့လည်းဆိုနိုင်ပါတယ်။
အမာရီလိုနဲ့ Palo Duro Canyon က မိုင် ၃၀ ဝန်းကျင်ပဲဝေးတယ်၊ တနာရီအတွင်းရောက်တယ်ဆိုတော့ ဒီကိုလာတဲ့ ဧည့်သည်တွေ သွားလယ်သင့်တဲ့နေရာတခုပေါ့။ ခက်ကတာ Canyon ဆိုတာကြီးကို ဘယ်လိုရှင်းပြရမလဲ... (စက်ဘီးသမားတွေ အကြိုက် Canyon စက်ဘီးအကောင်းစားတွေက သန့်သန့်နော်)
“ချောက်ကမ်းပါးကြီး၊ နက်ရှိုင်းတဲ့ ချိုင့်ဝှမ်းကြီး”...စသဖြင့် မြန်မာပြန်ထားတာတွေ့ပေမယ့် လိုရင်းကို မရောက်လောက်ဘူးထင်ပါတယ်။ မြန်မာပြည်မှာကော Canyon ရှိလား... Canyon ကို ကင်ယွန်လို့ပဲ ခေါ်မှ မူလအဓိပါယ်ပေါ်မယ်ထင်ပါတယ်။
ကဲ... ကားနဲ့ ၄၅ မိနစ်မောင်းတော့ Palo Duro Canyon ကိုရောက်သွားပါတယ်။ ဝင်ပေါက်မှာ လက်မှတ်ဝယ်တော့ “မိုးရွာပြီး ရေလျှံ-မြေပြိုထားလို့ ဟိုး...အထဲအထိ လမ်းလျောက်တဲ့နေရာတွေဆီ သွားခွင့်ယာယီ ပိတ်ထားတယ်” တဲ့... လက်မှတ်ရောင်းတဲ့ ကောင်မလလေးက ပြောပါတယ်။
“ခင်ဗျား ကံကောင်းတယ်။ ကျနော်က အဲဒီတောင်ကြားတွေအထိ လမ်းလျောက်ခိုင်းမလို့...။ ဒီကလူတွေက လမ်းလျောက်အတော်ပျင်းကြတာ၊ ကားပေါ်ကဆင်းတာနဲ့ နီးရာ သစ်ပင်အောက် နေနေကြရော။ ကလေးတွေနဲ့ ကျနော်ပဲ လျောက်ဖြစ်တယ်” တဲ့... ကိုမင်းအောင်ကပြောပါတယ်။
မြန်မာပြည်ဖွား ၅၀ ကျော် ၆၀ တန်းတွေပဲဟာ... ဒီလောက်တော့ ရှိမှာပေါ့။ “ကျိုက်ထီးရိုးတောင် လမ်းမလျောက်ပဲ ရင်ပြင်အထိ ကားစီးချင်ကြတဲ့ လူတွေလေ”...လို့ ပြောရင်းနဲ့ တောထဲလမ်းလျောက်ခြင်း Hiking က ကျန်းမာရေးအတွက် အရေးကြီးကြောင်း ပြောဖြစ်ကြပါတယ်။
Viewpoint မှာ ခဏရပ်ကြည့်ပြီး အတွင်းပိုင်းအထိ ကားမောင်းဝင်သွားလို့ရပါတယ်။ မိုးရွာလို့ချောင်းငယ်လေးတွေ ရေလျှံထားတဲ့နေရာတွေရှိပေမယ့် Camping Car တွေ၊ ညဖက် တဲထိုးအိပ်တဲ့နေရာတွေ၊ မီးဖိုတွေ၊ နားခိုစရာ အမိုး မိုးပေးထားတဲ့ ရာတွေ တွေ့ရပါတယ်။
Camping Car တွေ ရပ်ပြီး လူငယ်တွေ တောင်ပေါ်တက်နေကြတဲ့နေရာတခုနား ကိုယ်တွေလည်း ကားရပ်ပြီး တောင်ကုန်းငယ်တွေ လျောက်တက်ပေါ့။ ပြီးတော့ ဟိုဖက် ဒီဖက်ငေးမောပြီး ဓာတ်ပုံရိုက်။
“ကျနော်တို့ ငယ်ငယ်တုန်းက ကျောင်းမှာသင်ဖူးတဲ့ ကန္တရပေါက်ပင်ဆိုတာ ဒါတွေဖြစ်မှာပေါ့”...တဲ့ ကိုမင်းအောင်က ရှားစောင်းပင်ငယ်ပုပုလေးတွေနဲ့ အမျိုးအမည်မသိ အပင်ငယ်တွေကိုပြရင်းပြောပါတယ်။
ဒါဆို ဒီနေရာကြီးက သဲကန္တရဟောင်းလား... လွန်ခဲ့တဲ့ နှစ်သန်း တထောင်လောက်က ပင်လယ်ကြီးလို့ ဆိုတာပဲ။ သဘာဝအလှတွေက ဆန်းကြယ်၊ ကိုယ်တွေလည်း နားမလည်... မှတ်တမ်းအဖြစ် ဓာတ်ပုံရိုက်တာပဲ လုပ်နိုင်ခဲ့တယ်ဆိုပါတော့...။
မြန်မာပြည်မှာကော ဒါမျိုးတွေရှိလား... တကယ်က စစ်ကိုင်းပြတ်ရွေ့ကျောတလျောက်မှာ ရှိနိုင်တာပေါ့။ အညာနဲ့ တောင်ပေါ်ဒေသ အစပ် ပခုက္ကူဖက်ကနေ ချင်းတောင်ဖက်အတက်၊ ချင်းနဲ့ မကွေးအစပ်လမ်းတလျောက်မှာ ဒါမျိုးခင်ဆင်ဆင် အခင်းအကျင်းတွေ တွေ့မိသလိုလို။ ပြီးတော့ ကျောက်ဆည်ဖက်ကနေ ရွာငံဖက် တောင်ကျော်ပြီး တက်တဲ့လမ်းနဲ့ ရှမ်းပြည်ရဲ့ အချို့နေရာတွေ...။
မသေချာပါဘူး။ ဒါကြီးက သစ်ပင်လည်း ခုတ်ရောင်းလို့မရ၊ ကျောက်စိမ်းလည်း တူးလို့မရ၊ ရေနံလည်း တူးလို့မရ၊ မြေရှားလည်း တူးလို့ရတာမဟုတ်ဘူးဆိုတော့ မြန်မာတွေ စိတ်ဝင်စားမယ် မထင်ပါဘူး။
---
သဘာ၀ တောတောင်အလှကိုလေ့လာပြီးရင် သမိုင်းဆိုင်ရာလေ့လာရေးဖက် လှည့်ရအောင်တဲ့...။ နောက်တရက်မှာတော့ အမာရီလိုက ရဲဘော်တွေကိုနုတ်ဆက်ပြီး ကင်းဆက် ပြည်နယ်က ရဲဘော်တွေနဲ့တွေ့နိုင်ဖို့ ခရီးစဉ်အသစ်အဖြစ် အမာရီလိုကနေ ဒါးလာ့စ် Dallas ဖက် ကိုမင်းအောင်က ခေါ်လာပါတယ်။
ကင်းဆက်ကိုသွားမယ်ဆိုရင် အရင်တနေ့ကလာခဲ့တဲ့ အိုကလာဟိုးမားဖက် ပြန်မောင်းရမှာဖြစ်ပေမယ့် အဲဒီကိုမသွားခင် သမိုင်းဝင်နေရာတခုဖြစ်တဲ့ ဒါးလာ့စ်က သမ္မတဟောင်း ကနေဒီ John Fitzgerald Kennedy ပစ်ခတ်ခံရတဲ့နေရာကို လိုက်ပြမယ်တဲ့...။
ဘယ်လောက်ဝေးလဲ...ဆိုတော့ ၃၆၅ မိုင်၊ ၅ နာရီခွဲလောက် မောင်းရမယ်တဲ့...။
“အူးလေးဟာကလည်း ရန်ကုန်-ထားဝယ်လောက်နီးနီးရှိတယ်၊ ၅ နာရီနဲ့ရောက်ပါ့မလား” ဆိုပြီး ဂိုဂယ်ခေါက်ကြည့်တော့ သိပ်မကွာဘူး။ ရန်ကုန်-ထားဝယ် ၃၈၆ မိုင်၊ ၁၁ နာရီခွဲမောင်းရမယ်တဲ့။ (အခုဆို ရေး- ထားဝယ်လမ်းမှာ တိုက်ပွဲဖြစ်နေလို့ ၁၁ နာရီအစား ၁၁ ရက်လည်းဖြစ်သွားနိင်)
အင်း... ဒီမှာက နိုင်ငံတကာ စံချိန်မီ ဟိုက်ဝေးလမ်း... ဟိုမှာက မြန်မာစံချိန်မီ ဟိုက်-မဝေး တဝေးလမ်းဆိုတော့ ၂ ဆလောက်တော့ ပိုကြာမှာပေါ့။
လမ်းတလျောက် မြင်ကွင်းတွေက တကယ့်ကွင်းပြင်ကြီး၊ တက္ကဆက်မှာ စိုက်ပျိုးရေးဖြစ်ထွန်းတယ်ဆိုတာ ဒီနေရာတွေကိုပြောတာဖြစ်မယ်။ စိုက်ခင်းတွေက မျက်စိတဆုံး၊ မြန်မာပြည်က ပဲခူးကွင်းဆိုတာ ဒီနေရာနဲ့စာရင် မပြောပလောက်တော့ဘူးထင်ပါတယ်။
ရေနံတွင်းတွေလည်း လမ်းဘေးမှာ တခါတရံလှမ်းတွေ့မိပေမယ့် မြန်မာနိုင်ငံနဲ့တခြားစီ၊ (အညာကိုရောက်ဖူးပေမယ့် ရေနံတွင်းကို အနီးကပ်မမြင်ဖူးပါ၊ အညာဒူဘိုင်း ဆောင်းပါးလောက်ပဲ ဖတ်ဖူးပါတယ်)။ မြန်မာပြည်မှာက လက်ယက်တွင်းတွေတောင် လူ ဒါဇင်နဲ့ချီလုပ်နေကြပြီး မီးစက်သံတညံညံ၊ ကားသံတဝီဝီနဲ့ ဆူညံစည်ကားနေတယ်လို့ ကြားဖူးပေမယ့် ဒီမှာက ဘာမှ မရှိဘူး။
လုူ တရပ်စာကျော်ကျော်လောက်ပဲ မြင့်တဲ့ ရေနံတူးစင်လေးက သူဟာသူ အော်တို အပေါ်-အောက်ဆွဲနေပြီး အားလုံးကို အော်တို လုပ်ထားပုံရပါတယ်။ မြန်မာပြည်ဖွား နိုင်ငံခြားသားတဦးရဲ့ စိတ်ထဲမှာ ထင်ထားတာနဲ့ တခြားစီ ဆိုပါတော့။ ပြီးတာ့ အမေရိကန်တွေက အရှေ့အလယ်ပိုင်းကနေသာ ရေနံကို နင်းကန်ဝယ်နေတာ... သူ့ ပြည်တွင်းကျ သိပ်မထုတ်ပဲ ထိန်းထားတယ်လို့လည်း ဆိုပါတယ်။
“ကဲ... ကားမြန်မြန်မောင်းမှ ဆရာ... စိုက်ခင်းတွေ- ရေနံတွင်းတွေအကြောင်းပြောရင်းနဲ့ ဟိုမှာ ပြတိုက် ပိတ်သွားအူးမယ်”...
ဒါးလာ့စ် Dallas မြို့က အကြီးကြီး... နယူးယောက်စတိုင်လိုကို ကြီးတာ...။ “ခင်ဗျားက နယူးယောက် ရောက်ဖူးလို့လား” ဆိုပြီး မေးမလို့လား...။
အတော်ပဲ... ပြီးခဲ့တဲ့အပတ်ဆောင်းပါးမှာ “ကျနော့်ကိုဖိတ်သူက အမေရိကန် သမ္မတဟောင်းမဟုတ်ဘူး။ စခန်းကော်မီတီဥက္ကဌဟောင်းသာဖြစ်တယ်” လို့ရေးပြီးမှ အမေရိကန်သမ္မတ ဘုရှ်ရဲ့ ကတော် Laura Bush က ဖိတ်လို့ နယူးယောက် ကုလသမဂ္ဂရုံးချုပ်မှာ သတင်းသွားယူဖူူးတာ ပြောဖို့ သတိရလာပါတယ်။
၂၀၀၆ ခုနှစ်ကဆိုတော့ နှစ် ၂၀ တောင်ရှိနေပြီ၊ အဲခေတ်က FB လည်းသိပ်မသုံးသေးတော့ ဓာတ်ပုံတွေကို FB ပေါ်မတင်ဖြစ်ခင် ကင်မရာကြီးပျောက်သွားလို့ဗျို့...(နယူးယောက်၊ ဝါရှင်တန်၊ ဘဖရိုးဖက်က ဘော်ဘော်တွေ ပုံဟောင်းရှိရင် ပြန်ရှယ်ကြပါအူး)
အဲ... သမ္မတကတော် First Lady ကြီးကတောင် တကူးတကာ့ ဖိတ်ကြားခံရတဲ့ သတင်းထောက်ကြီးဆိုပြီး စွပ် အထင်ကြီးမနေနက်အူး။ ပုဂ္ဂိုလ်အရ ဖိတ်တာမဟုတ်ဘူး။ နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အဝါတွေကြောင့်ပါ။
အဲဒီအချိန်က DVB-TV လွှင့်ကာစဆိုတော့၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း (အကျယ်ချုပ်ဘဝ- ၅၄ လမ်းနေအိမ်ကနေပြော၊ အခုလို ထောင်ထဲထည့်ထားတာမျိုး မဟုတ်သေး) DVB နားထောင်ကြဖို့ တိုက်တွန်းထားချိန်ဆိုတော့ ထူးထူးခြားခြား DVB ကို အိမ်ဖြူတော်ကနေ ဖိတ်စာပို့လာပါတယ်။
အဲ... ဇတ်လမ်းက ဘေးချော်ထွက်သွားပြန်ပြီ၊ ဒါးလာ့စ် သွားနေရင်းကနေ နယူးယောက်ကို ရောက်သွား၊ ပြောချင်တာက နယူးယောက်နဲ့ ဝါရှင်တန်ဖက်လည်း ရောက်ဖူးပါတယ်၊ စခန်းကော်မီတီဥက္ကဌအပြင် သမ္မတကတော်ဖိတ်တဲ့ မြန်မာ့အရေးဆွေးနွေးပွဲလည်း တက်ခဲ့ဖူးပါတယ်ပေါ့။ (ဒါပေမယ့် တက္ကဆက်မှာမဟုတ်ပဲ နယူးယောက်မှာ တွေ့လို့ဖြစ်မယ်... “Jim beam ဝီစကီနဲ့ အမဲသားကင် မကျက်တကျက်အမြည်း” တော့ မစားခဲ့ရဘူး)
ဝီစကီအကြောင်းပြောမှ ကားက ရွာလည်ပြီး လမ်းကြောင်းတွေမှား၊ ကားတွေကများ၊ ကားရပ်မယ့်နေရာက ရှာမတွေ့နဲ့ Texas School Book Depository building ရှေ့ရောက်တော့ ညနေစောင်းနေပြီ၊ ကံက ဆိုးချင်တော့ လုံခြုံရေးအရ သေနတ်သမားပစ်တဲ့နေရာ ၆ ထပ်က အခန်းကို ဒီနေ့ ပိတ်ထားပါတယ်တဲ့။ ပြတိုက်တံခါးမှာ စာတန်းချိတ်ထားတာ တွေ့ရပါတယ်။
ပစ်တဲ့နေရာ ကြည့်ခွင့်မရတော့ အပစ်ခံရတဲ့နေရာ လမ်းမကြီးဘေးကို သွားကြည့်ရတာပေါ့...။ သမ္မတ ကနေဒီရဲ့ ယာဉ်တန်း Dealey Plaza လမ်းမကြီးပေါ်သွားနေစဉ် သေနတ်သမားက အဲဒီ ၆ ထပ်ကနေ လှမ်းပစ်တာတဲ့...
ဖြစ်စဉ်က ကြာပါပြီ၊ စာရေးသူ မမွေးခင်ကတည်းကပါ။ အမေရိကန်ရဲ့ ၃၅ နှစ်မြောက် သမ္မတ၊ သမိုင်းမှာ အသက်ငယ်ဆုံးသမ္မတ John Fitzgerald Kennedy (JFK) ဟာ ၁၉၆၃ နိုဝင်ဘာ ၂၂ မှာ ပစ်ခတ်ခံရတာလို့ ရေးထားတာတွေ့ရပါတယ်။
ဒါပေမယ့် ကြာခဲ့ပြီဆိုပေမယ့်...သမ္မတ ကနေဒီအတွက် အမှတ်ရလုပ်ထားတဲ့ ပန်းခြံငယ်လိုနေရာရှေ့မှာ ဓာတ်ပုံရိုက်ရတာတောင် ကိုယ်က ခပ်လန့်လန့်... သေနတ်ပစ်မှုတွေက အမေရိကားမှာ မကြာခန ဖြစ်နေတယ် မဟုတ်ပါလား။
လက်ရှိသမ္မတတောင် မဲဆွယ်ကာလတုန်းက နားရွက်ကို အပစ်ခံထားရတယ် မဟုတ်လား။ ပြီးတော့ လောလောဆယ် သူ့ကို ထောက်ခံသူ Charlie Kirk သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးသွားလို့ ကမ္ဘာ့သတင်းကြီးအဖြစ် ဟိုးလေးတကျော်ဖြစ်နေတယ် မဟုတ်လား။
တကယ်တော့ သေနတ်ပစ်ဖြေရှင်းတဲ့နည်းက ဟောလီးဝုဒ် ကားတွေထဲမှာပဲ ကောင်းပါတယ်။ လက်တွေ့မြေပြင်မှာကတော့ သေနတ်ထိန်းချုပ်ရေး၊ အယူအဆကွဲလွဲမှုတွေ၊ နိုင်ငံရေးကွဲလွဲမှုတွေကိုတွေ တွေ့ဆုံဆွေးနွေးတဲ့နည်းနဲ့ အဖြေရှာကြဖို့ ယဉ်ကျေးတဲ့ ကမ္ဘာကြီးက တိုက်တွန်းနိုးဆော်သင့်တယ် မဟုတ်ပါလား...။. ။











0 comments:
Post a Comment