အမေရိကန် ပြည်ထောင်စုသို့ ခရီးသွားခြင်း...(၂)
(၁)- အော်စလိုမှ ဆန်ဖရန်စစ္စကို သို့...
မောင်မောင်ထရမ့် လက်ထက် အမေရိကန်သွားရတာ လွယ်ပါ့မလားဆိုပြီး စိုးရိမ်စိတ်အနည်းငယ်နဲ့ လေယာဉ်ပေါ်ရောက်လာတော့ လေယာဉ်က ခုံလွတ်မရှိအောင် အပြည့်...။
သတင်းတွေအရဆိုရင် မောင်မောင်ထရမ့်က နိုင်ငံခြားသားတွေနဲ့ တိုးရစ်တွေကို စိတ်ညစ်အောင် လျောက်ပြောနေလို့ တိုးရစ်လာနှုန်းတောင် ၂၀ ရာနှုန်း ကျသွားတယ်ဆိုလား...။ ၂၀ ရာနှုံးသာမကျရင် လေယာဉ်ပါ ခုံပိုထိုးရမယ့်ကိန်းပဲ...။
ဆန်ဖရန်စစ္စကို လေဆိပ်ရောက်တော့ နိုင်ငံကြီးတွေရဲ့ ထုံးစံအတိုင်း ဗီဇာ တုံးထုစရာမလို (ထိုင်းနဲ့ မြန်မာဆို အဲလို တုံးထုမှ အားရ)၊ နိုင်ငံကူးလက်မှတ်ကို စကင်ဖတ်လိုက်ရုံ၊ လက်ဗွေနှိပ်လိုက်ရုံပါပဲ။
မနှစ်က သြစီ သွားတဲ့အတွေ့အကြုံရှိပြီးသားဆိုတော့ အေးဆေး။ “ခင်ဗျားတို့ သြစီကလည်း ဗီဇာလျောက်ရမယ်ပြောပြီး လေဆိပ်အဝင်မှာ ဗီဇာ လည်း တောင်းမကြည့်ဘူး” ဆိုပြီး ကိုယ်ကပြောမိတဲ့အထိ။
“ခင်ဗျားက မြန်မာပြည်ထင်နေလို့လား၊ အီးဗီဇာက တောင်းကြည့်စရာမလိုဘူးလေ၊ ကွန်ပြူတာထဲမှာ အကုန်ရှိနေပြီသား၊ မယုံရင် ဗီဇာ မလျောက်ပဲ ခင်ဗျား နောက်တခါ ပြန်လာကြည့်ပါလား”...တဲ့။ ဆစ်ဒနီနေ ရဲဘော်ကြီးတဦးကပြောပါတယ်။
ရန်ကုန်မှာတော့ အဲလို သွားလုပ်လို့မရဘူး။ အီးဗီဇာလည်း ပရင့်ထုတ်ပြီး စာရွက်ယူသွားပြရတာပဲ။ ဒီဂျယ်တယ်ခေတ်ဆိုပြီး ဖုန်းထဲက ပုံကိုသွားပြတာ လက်မခံဘူးဆိုလား... အမေရိကန်က ရဲဘော်တဦး လေဆိပ်ကနေ ပြန်ပို့ခံရတယ် ကြားဖူးတာပဲ။
“အမေရိကားမှာ ဘယ်လောက်ကြာမှာလဲ၊ ဘယ်တွေသွားမှာလဲ”... ဒုက္ခပဲ... အီးဗီဇာ ပြဖို့မလိုကြောင်း စိတ်ကူးလွန်သွားစဉ်မှာ ထူးထူးခြားခြား လဝက အရာရှိ အမျိုးသမီးဆီက ထွက်လာတဲ့အသံ။
သူငယ်ချင်းတွေဆီ အလည်လာတာ၊ ၃ ပတ်ထက် မပိုဘူးဆိုတော့... “တည်းမယ့် လိပ်စာ ပြပါ” တဲ့...။ ဘယ်လိုလဲ... အမေရိကန် လဝက ကလည်း ရန်ကုန် လေဆိပ်က လဝက အတိုင်းပါပဲလား...။
ဒါဟာ အမေရိကန် လဝကရဲ့ ပေါ်လစီလိုတော့ မယူဆပါဘူး။ အာရှရုပ်ပေါက်နေတဲ့ ခရီးသွားကို အာရှနွယ်ဖွား လဝက အရာရှိက တမင် ရစ်တယ်လို့ပဲ ယူဆပါတယ်။ အရင် မြန်မာ နိုင်ငံကူးလက်မှတ်အတုနဲ့ ထိုင်းကနေ ဥရောပမဲဇာကို ခနခန ထွက်တုန်းက ဘန်ကောက်လေယာဉ်ကွင်းမှာ ဒါမျိုူး ခနခန အရစ်ခံထားရဖူးပြီးသားဆိုတော့ ဒီလောက်ကတော့ စာမဖွဲ့လောက်ပါဘူး...။
ဒါက အဆိုးဖက်ကနေတွေးတာ... အကောင်းဖက်ကနေ တွေးမယ်ဆိုရင်တော့ ... “တည်းစရာမရှိရင် ကျမအိမ်လိုက်တည်းပါလား၊ အာရှသားအချင်းချင်းပဲ” လို့ ဖိတ်ချင်လို့ မေးတာလည်းဖြစ်ရင် ဖြစ်မှာပေါ့...။
ဒါက အခု ဆောင်းပါးပြန်ရေးတော့မှ တွေးမိတာ၊ လေယာဉ်ကွင်းမှာကတည်းကသာ အဲလိုတွေးမိရင် ဝတ္တရား နှောက်ယှက်မှုနဲ့ အချုပ်ခန်းထဲ ရောက်နေလောက်ပြီ...။
ထားတော့...။ အာရှမှာမွေးပြီး တတိယ နိုင်ငံမှာကြီးတဲ့ အာရှနွယ်ဖွားတွေရဲ့ အကျင့်ဆိုးတွေပေါ့...။ တတိယနိုင်ငံမှာမွေးပြီး တတိယ နိုင်ငံမှာကြီးတဲ့ GZ တွေမှာတော့ ဒိလို အသားရောင်ခွဲခြားတာမျိုးမရှိတော့ပါဘူး။
ဒါပေမယ့် သိပ်လည်း ချီးကျုးစောလို့မဖြစ်သေးဘူး။ ကာလီဖိုးနီးယားမှာက အာရှ မုန်းတီးရေးရှိတယ်ဆိုလား...။ ပြီးတော့ အမေရိကန်နိုင်ငံသားတွေတောင် လူမှား အဖမ်းခံရမှာစိုးလို့ အမြဲတန်း ID ဆောင်ထားရတယ်ဆိုတော့ ပေါ့လို့မဖြစ်။ တော်ကြာ အမေရိကန်လာလယ်တာ အာဖရိကအထိ အခမဲ့ ပို့ပေးလိုက်ရင် ဒုက္ခရောက်နေအူးမယ်။
---
(၂) ရဲဘော်ဟောင်းတွေနဲ့ တွေ့ဆုံရေးက ဘာကြောင့်အရေးကြီးသလဲ...
လေဆိပ်အပြင်ထွက်တော့ ရဲဘော်ကြီး ကိုကိုလေးက လာကြိုနေပါတယ်။ ဆန်ဖရန်မှာ ကိုယ်သိတာ သူ့တယောက်တည်းဆိုတော့ သူ့ကိုပဲ ဒုက္ခပေးရပါတယ်။ ဒုက္ခပေးတယ်ဆိုတာထက် အခု ခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်ကိုက ရဲဘော်ဟောင်းတွေ၊ မိတ်ဟောင်းဆွေဟောင်းတွေနဲ့ တွေ့ဆုံရေးပဲ မဟုတ်ပါလား။
ဝေဖန်သူတွေကတော့ ပြောပါတယ်။ “ဟောလီးဒေးသွားတာပဲ မရောက်ဖူးတဲ့နေရာ၊ သဘာဝအလှတွေရှိနေတဲ့နေရာဆီ သွားပြီး အနားယူပါလား။ မြန်မာတွေနဲ့ လျောက်တွေ့နေရင် အနားမရပဲ စိတ်ညစ်စရာတွေပဲ ကြားရမှာပေါ့” တဲ့...။
ဒါက သာမန်ခရီးသွားတွေအတွက်တော့ ဟုတ်လောက်တယ်။ တောထဲမှာ အတူနေလာခဲ့ဖူးတဲ့ ရဲဘော်ဟောင်းတွေနဲ့ ပြန်တွေတဲ့အချိန်မှာ ရှေးဟောင်းနှောင်းဖြစ် ပြောရင်းနဲ့ စိတ်ညစ်စရာ ပြောဖို့ အချိန်မရပါ...။
မှတ်မိသလောက် ပြန်ကောက်ရမယ်ဆိုရင် လွန်ခဲ့တဲ့ ၂၅ နှစ်လောက်အတွင်း သွားခဲ့ဖူးတဲ့ နိုင်ငံခြားခရီးစဥၤ ၂၀ လောက်ထဲမှာ ဂရိနဲ့ ပေါ်တူဂီခရီးစဉ်ကလွဲရင် ကျန်ခရီးစဉ် အားလုံးမှာ ရဲဘော်ဟောင်းတွေ၊ မိတ်ဟောင်းဆွေဟောင်းတွေနဲ့ တွေ့ခဲ့တာချည်းပါပဲ။ အခုဆိုရင် ဂရိနဲ့ ပေါ်တူဂီမှာတောင် မြန်မာတွေ ရောက်နေကြပြီလား မသိဘူး။
ရဲဘော်ဟောင်းတွေနဲ့တွေ့တာ ဘာများထူးလို့လဲ...ဆိုရင်...
“ခင်ဗျား တောခိုဖူးမှ၊ တောထဲမှာ နှစ်နဲ့ချီ ဒုက္ခတွေကိုအတူ ဖြတ်သန်းဖူးမှ သိလိမ့်မယ်” လို့ ဖြေရမယ်ထင်ပါတယ်။
မြန်မာပြည်ကျေးလက်ကလူတွေ အခြားဒေသရောက်နေတဲ့ အမျိုးတွေဆီ သွားလည်သလိုမျိုးဖြစ်လေမလား၊ ဆွေမျိုးတွေ ပြန်တွေ့ရလို့ ဝမ်းသာတဲ့ ဝမ်းသာမှုထက် အများကြီးပိုတယ်လို့ ထင်ပါတယ်။
နောက်တခုက ဥရောပမဲဇာကနေ ထိုင်းကိုသွားတဲ့ခရီးစရိတ်နဲ့ အမေရိကားကိုလာတဲ့ ခရီးစရိတ်က အတူတူလောက်ပါပဲ။ လေယာဉ်စီးရတဲ့ အချိန်လည်း ၁၀ နာရီကျော်ကျော်လေး အတူတူနီးပါပဲ။ ဒါပေမယ့် ဟိုတယ်ခနဲ့ ခရီးစရိတ်- စားစရိတ်တွေကတော့ ဈေးကြီးမှာပေါ့။ ထိုင်းသွားသလို ဟိုတယ်မှာတည်းပြီး ဘောစီ လို နေလို့တော့ ဘယ်ရမလဲ...။
ဒီတော့ ဒေသခံရဲဘော်တွေကို ဒုက္ခပေးရမှာပေါ့။ တကယ်ဆို ကိုကိုလေးနဲ့ ကျနော်က ၁၉၈၈ နှောင်ပိုင်း သံလွင်စခန်း အရေးပေါ်ညီလာခံ၊ ၁၉၉၀ အစောပိုင်း မဲဆောက်ရုံး၊ ဘန်ကောက်ရုံးတွေမှာ သွားရင်း-လာရင်းနဲ့ သိဖူးတာ၊ အခုဆို လူချင်းမတွေ့တာ နှစ် ၃၀ ကျော်နေပြီ။
လူချင်းမတွေ့ပေမယ့် FB ပေါ်မှာ၊ အွန်လိုင်းပေါ်မှာ အမြဲတန်းလိုလို တွေ့နေတော့ အဲလောက်ကြာပြီလို့ မထင်ရဘူး။ သူက အခု နွေဦးတော်လှန်ရေးမှာ ဆန်ဖရန် Bay Area က မြေပြင်ကိစ္စတွေအပြင် အွန်လိုင်းပေါ်က ဆွေးနွေးပွဲတွေ၊ ရန်ပုံငွေ ပွဲတွေမှာ ကိုယ့်ထက်အဆများစွာ တက်ကြွစွာ ဆောင်ရွက်နေသူ။
တွေ့တွေ့ချင်း “သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး” စာအုပ် လက်ဆောင်ပေးပြီး ကြော်ညာ ရိုက်ရပါသေးတယ်။ အခုခရီးစဉ်က တနည်းမဟုတ်တနည်း ဒီစာအုပ်နဲ့ ဆက်စပ်နေတယ်မဟုတ်ပါလား။
အဲစာအုပ်ကလည်း ၂၀၁၃ ခုနှစ် ရန်ကုန်သို့ ပထမ အခေါက်ပြန်ခွင့်ရစဉ် အရေးပေါ်ထုတ်ဝေတုန်းက ဝယ်သူ သိပ်မရှိဘူးထင်ရပေမယ့် အခု ၁၂ နှစ်ကြာပြီးချိန်မှာတော့ လက်ဆောင်ပေးဖို့တောင် လက်ကျန်မရှိတော့ပါဘူး။ အမေရိကား ထွက်ခါနီး ဂိုဒေါင်ထဲ လိုက်ရှာတာ လက်ကျန် တအုပ်ပဲတွေ့ပါတော့တယ်။
အဲ... စာအုပ်ကြော်ညာကနေ သဘာဝအခင်းအကျင်းဖက် လှည့်ဦးမှ...။ အမေရိကားမှာ သိပ်ပူတယ်ဆိုပြီး ဘော်ဘော်တွေက ပြောထားလို့ အနွေးထည်မယူလာမိတဲ့ ကိုယ်ဟာ လေယာဉ်ကွင်းအပြင်ရောက်တာနဲ့ လေအေးပက်တာ ခံလိုက်ရပေါ့။
အပူချိန်ကြည့်လိုက်တော့ ၁၇ C တဲ့။ မြူတွေဆိုင်းပြီး အုပ်ဆိုင်းဆိုင်း... အော်စလိုနွေထက်တောင် ဆန်ဖရန်နွေက ပိုအေးနေသေးတယ်။ “ဆန်ဖရန်က ဒီလိုပဲ- ပင်လယ်ဘေးက မြို့လေ၊ အခြားပြည်နယ်တွေရောက်ရင် အမေရိကန် ဘယ်လောက်ပူသလဲဆိုတာ ခင်ဗျားသိလာပါလိမ့်မယ်” တဲ့... ကိုကိုလေးက ပြောပါတယ်။
မြို့ထဲရောက်တော့ ထူးထူးခြားခြား မောင်းသူမဲ့ တက္ကစီတွေကို တွေ့ရပါတယ်။ ကင်မရာ အလုံး ၁၀၀ လောက်တပ်ပြီး မောင်းနေလားမသိဘူး။ ဒါရိုက်ဘာခုံမှာ လူမရှိပေမယ့် နောက်ခုံမှာတော့ ခရီးသည်တဦးကိုတွေ့လိုက်ပါတယ်။
“အတွေ့အကြုံရအောင် ခင်ဗျား စီးကြည့်ပါလား” တဲ့။ ကိုကိုလေးက အချွန်နဲ့ မပါတယ်။ “မလုပ်ပါနက်အူူးလေးရယ်၊ ကိုယ်စီးတဲ့အလှည့်ကျမှ စက်ချို့ယွင်းပြီး GPS မှား မောင်းသွားရင် နော်ေ၀ ပြန်မရောက်ပဲဖြစ်နေအူးမယ်” ဆိုပြီး ငြင်းရပါတယ်။
“ခင်ဗျားတို့ ကယ်လီဖိုးနီးယားက တက်စလာထုတ်တဲ့နေရာဖြစ်ပြီး တက်စလာလည်း သိပ်မတွေ့မိပါဘူး။ နော်ဝေမှာဆိုရင် တက်စလာတွေ များလွန်းလို့ တက္ကစီတောင် ဆွဲနေကြတာ” ဆိုပြီးပြောတော့ ... မောင်မောင်ထရမ့်က ဓတ်ဆီကားပဲ ကြိုက်တယ်ဆိုလား...
ဘက်ထရီကားတွေက ဓာတ်ဆီမဝယ်တော့ ရေနံကုပဏီတွေ စီးပါွးရေးထိခိုက်တယ်၊ နေစွမ်းအင်တွေ၊ လေစွမ်းအင်တွေ၊ ကမ္ဘာကြီးပူးနွေးတာတွေ၊ ရာသီဥတု ဖောက်ပြန်တာတွေ သူစိတ်မဝင်စားဘူး။ ခင်ဗျားတို့ ဥရောပက လူတွေပဲ အဲဒါတွေကို စိတ်ဝင်စားနေကြတာ” လို့ အခြား မိတ်ဆွေတဦးက ဝင်ပြောပါတယ်။
ဆန်ဖရန် မြို့လယ်ရောက်တော့ အရင် တွစ်တာရုံးဟောင်းနဲ့တူတဲ့ အဆောက်ဦကြီးတခုကိုတွေ့မိပါတယ်။ “ဟေ့လူ ဒီအဆောင်ကြီးက တွစ်တာရုံးနဲ့တူလိုက်တာ၊ တွစ်တာတွေ၊ ဖေ့စ်ဘုတ်တွေ၊ Silicon Valley တွေက LA မှာ မဟုတ်ဘူးလား” ဆိုပြီး နုတ်က ထွက်သွားပါတယ်။
“ခင်ဗျားကလည်း LA ကိုပဲ စွတ်အထင်ကြီးနေ၊ ဟောလီးဝုဒ်ကလွဲပြီး အဲမှာ ဘာမှ မရှိဘူး။ နည်းပညာကုပဏီတွေအားလုံး ဆန်ဖရန်မှာချည်းပဲ။ တယ်စလာလည်း ဒီမှာ” ဆိုပြီး ဆန်ဖရန်မြို့စားကြီးက စိတ်ဆိုးပါလေရော...။
ကိုယ်ကလည်း လူခံရှိတဲ့မြို့ဆိုရင် ကြိုတင်လေ့လာတာ၊ ဂိုဂယ်ခေါက်တာတွေ လုပ်လေ့မရှိဘူး။ အဲတော့ ကိုယ်သိတာက ဆန်ဖရန်ရောက်ရင် ဂိုးဒင်းဂိတ် တံတားကြီးဆီ သွားလည်မယ်ပေါ့... ဒီလောက်ပဲ သိထားတာ။
အဲဒီ တံတားဘေးနားမှာ နည်မည်ကြီး ကျွန်း- အကျဉ်းထောင် Alcatraz ရှိတယ်ဆိုတာတောင် လေယာဉ်ပေါ်က ခရီးသွားဖေါ်တယောက်နဲ့ စကားစပ်မိမှ သိတာမျိုး။ အတော် လေ့လာအားကောင်းတဲ့ သတင်းထောက်ကြီးပါပဲ...။
နောက်တနေ့မနက် တံတားကြီးဆီ သွားလယ်တော့ မြူတွေဆိုင်းနေလို့ တံတား တိုင်ထိပ်ကို မမြင်ရဘူး။ ကံကောင်းစွာနဲ့ နေလေးထွက်လာတော့မှ ဓာတ်ပုံကောင်းကောင်း ရိုက်ခွင့်ရပါတယ်။
ဆန်ဖရန်က အတော်လှတဲ့ မြို့။ ပင်လယ်ကမ်းနားမြို့ဖြစ်သလို တဖက်မှာလည်း လွင်ပြင်တွေ၊ တောင်တန်းတွေနဲ့၊ “ဒီတောင်ပေါ်က အိမ်တွေကလည်း ဟောလီးဝုဒ်က အိမ်တွေလိုပဲ သန်းနဲ့ချီတန်တဲ့ အိမ်တွေ” ဆိုပြီး မြို့စားကြီးက ကားမောင်းပြီး သူ့မြို့ရဲ့ အလှအပ နေရာတွေကို လိုက်လံပြသပါတယ်။
တံတားကြီးအပြင် ခင်ဗျား ဘယ်သွားချင်သေးလဲ...မေးတော့... “Silicon Valley ဖက်သွားပြီး X ရုံးတွေ၊ Facebook ရုံးတွေ၊ Google ရုံးတွေရဲ့ ဆိုင်းဘုတ်တွေရှေ့မှာ ဓာတ်ပုံရိုက်ချင်တယ်” ဆိုပြီး ဖြေမိတာကို မြို့စားကြီးက ဟားနေပြီး အဲဒါက နည်းနည်းဝေးတယ်၊ ဒီနေ့သွားလို့ မမီလောက်ဘူးတဲ့။
“ဒါဆိုလည်း ထန်းရည်ဆိုင်မောင်းဗျာ။ ခင်ဗျားတို့ ကယ်လီဖိုးနီးယားကလည်း ထန်းပင်တွေမြင်နေရပြီး ထန်းရည်မရတာတော့ မမိုက်သေးပါဘူး”...ပြောရင်းနဲ့ ဆန်ဖရန်မှာ တညနဲ့ တရက် အချိန်ကုန်သွားခဲ့ပါတယ်။









0 comments:
Post a Comment