Monday, January 12, 2026

အမေရိကန် ပြည်ထောင်စုသို့ ခရီးသွားခြင်း...(၄)

 အမေရိကန် ပြည်ထောင်စုသို့ ခရီးသွားခြင်း...(၄)


(၄ - စက်တင်ဘာ - ၂၀၂၅)

(၁) ကယ်လီဖိုးနီးယားမှ တက္ကဆက်သို့...
ကယ်လီဖိုးနီးယားရှိ Lathrop မြို့ကနေ ကျနော်တို့ ၂၀၁ တပ်ရင်း မင်းသမီးစခန်းက ရဲဘော်ဟောင်းအတော်များများ စခန်းချ နေထိုင်ရာ တက္ကဆပ်ပြည်နယ် အမာရီလို Amarillo မြို့ကို ဘယ်လိုသွားရင်ကောင်းမလဲ...
“ဂိုဂယ်မှာ မြေပုံ အရင်ကြည့်လိုက်၊ ပြီးရင် ကယ်လီဖိုးနီးယားက တယောက်ကို အရီဇိုးနားဆီ လိုက်ပို့ခိုင်း၊ အရီဇိုးနားကနေ တက္ကဆပ်ထဲဝင်လာရင် ကျနော်တို့မြို့ကို အရင်ဆုံးရောက်လိမ့်မယ်၊ ကျနော်လာကြိုမယ်” တဲ့ ... မင်းသမီးခစန်း ကော်မီတီဥက္ကဌဟောင်း ကိုမင်းအောင်က ပြောပါတယ်။
ဒါပေမယ့် အယ်ရီဇိုးနားက ရဲဘော်တယောက်ကို အချိန်မီဆက်သွယ်လို့မရတာနဲ့ အဲဒီအစီစဉ်က မဖြစ်လိုက်ဘူး။ “ဒါဆို ဘတ်စ်နဲ့လာဗျာ... လမ်းတလျောက် ဗျုးတွေမိုက်တယ်၊ တညအိပ်ခရီးပေါ့” တဲ့...
ပြသာနာက ဟောလီးဝုဒ်ကားတွေကြည့်ထားဖူးလို့လား မသိဘူး။ အမေရိကားမှာ ညဖက် တယောက်တည်း ဘတ်စ်ကား မစီးရဲဘူးဖြစ်နေတယ်။ အံံ့သြဖို့တော့ ကောင်းသား...။
ဟိုး... လုံခြုံရေးသိပ်မကောင်းတဲ့ ထိုင်း-မြန်မာနယ်စပ်မှာ ဘာလက်မှတ်မှမရှိပဲနဲ့တောင်... တောင်ဖက်စွန်း ရနောင်းကနေ မြောက်ဖက် မက်စရီယန်းအထိ ဘတ်စ် စီးဖူူးခဲ့ပါတယ်။
အခု ကမ္ဘာ့အင်အားကြီးနိုင်ငံလည်းဖြစ်၊ လုံခြုံရေးလည်းကောင်း၊ နိုင်ငံကူးလက်မှတ်အပါဝင် အားလုံး ရှိပါရဲ့နဲ့ အမေရိကားမှာ ညဖက် ခရီးမသွားရဲဘူးဆိုရင် အူးလေးကြီးထရမ့် ကြိမ်းမောင်းတာ ခံရတော့မှာပဲ။
ဒါဆိုရင် လေယာဉ်နဲ့သွားမလား...။ လေယာဉ်ခတွကလည်း နီးမှ ကပ်ဝယ်ရင် ဈေးကြီးသလား မမေးနက်...။ အစက မြန်မာအများစုရှိတဲ့ ဖို့ဝေးကို လေယာဉ်နဲ့အရင် သွားမယ်... အဲဒီက အပြန်ကျမှ တက္ကဆပ်ကို ဝင်မယ်ပေါ့။ ဒါပေမယ့် မလွယ်ဘူး။ အမေရိကန်ပြည်တွင်းခရီးစဉ်က နော်ဝေ-အမေရိကန် ခရီးစဉ်ထက် ဈေးပိုများသွားမယ့်သဘောရှိနေပါတယ်။
“ဘာမှ မပူနက်- အူးလေး၊ လက်မှတ်ဖိုး ကျနော်ပေးမယ်၊ အိုကလာဟိုးမားကိုသာ အရင်လာပါ။ အမာရီလိုမှာ လေယာဉ်ကွင်းမရှိဘူး” တဲ့... ရဲဘော်ခင်ဇော် (သရာအီးသာ) က ပြောလာပါတယ်။
လေယာဉ်လက်မှတ်ဈေးတွေက မနက်ပိုင်းနဲ့ ညနေပိုင်း ထက်ဝက်နီးပါးကွာပါတယ်။ ဒီတော့ မနက်စောစော ၆ နာရီ လေယာဉ်အတွက် လေယာဉ်ကွင်းမှာ သွား အိပ်စောင့်မှဖြစ်မှာပေါ့။ အစောကြီး သူများကို လိုက်ပို့ခိုင်းရတာ အားနာစရာကြီး။
ဒီလိုနဲ့ ဆန်ဖရန်လေယာဉ်ကွင်းကို တခါပြန်ရောက်၊ တညလုံး ထိုင်စောင့်ပေါ့။ နိုင်ငံတကာ လေယာဉ်တွေရှိတဲ့ဖက်မှာ ညလုံးပေါက် စည်ကောင်းစည်နေနိုင်ပေမယ့် ပြည်တွင်း လိုင်းတွေဖက်မှာတော့ မနက် ၂ နာရီကနေ ၄ နာရီကြားမှာ ဆိုင်တွေအကုန်ပိတ်၊ လုံး၀ တိတ်ဆိပ်ငြိမ်သက်ဆိုတော့ ကိုယ်မှာ တကိုယ်တည်း ကြောင်တောင်တောင်...
ဘေးနားမှာတော့ ကိုယ်လိုပဲ ညအိပ်လာစောင့်သူ တဦးစ၊ နှစ်ဦးစတော့ တွေ့မိပါတယ်။ ကျောပိုးအိပ်ကို ခေါင်းအုံးပြီး ထိုင်ခေါ်ပေါ်လှဲအိပ်ပေမယ့် မှေး ကနည်းဖြစ်ပြီး ပြန်နိုးလာ... အိပ်မပျော်ဘူးလေ...။ တော်ကြာ အိပ်ပျော်နေတုန်း အိတ်ကို သူများယူသွားရင် ဘယ်လိုလုပ်မလဲ...။
“အူးလေးကလည်း သူ့ကိုယ်သူ အသက် ၂၀ ကျော်အရွယ်၊ တောခိုကာစ လူငယ်လေးလို့များ ထင်နေဆဲလား မသိဘူး။ လေယာဉ်ကွင်းမှာ ညသွားအိပ်ရတယ်လို့၊ လေဆိပ်နားက ဟိုတယ်ကို တညယူလိုက်ရင် ဘာဖြစ်မို့လဲ၊ ကလေးတွေလို လျောက်မလုပ်နက်၊ အသက်ကြီးပြီ”...တဲ့၊ ဘော်ဘော်တယောက်က သတိပေးပါတယ်။
သူပြောမှ ကိုယ်လည်း သတိထားမိ... အသက်က ၆၀ ကျော်ရှိနေပြီ ဆိုတာကို မေ့-မေ့နေတာ၊ ဒါပေမယ့် သူက ဆက်ပြောပါတယ်။ “သိပ် ငယ်ချင်ယောင်ဆောင်မထားနဲ့၊ မြန်မာပြည်ပြန်ရင် ၃၅ နှစ်အောက်ထင်ပြီး စစ်မှုထမ်း အခေါ်ခံနေရအူးမယ်” တဲ့။
မရယ်ကြနက်လေ...၊ ဒီလိုပဲ ကိုယ်ဘာသာ အားပေးရတာ။ ... တကယ်က ဘာမှမဟုတ်ဘူး။ အိပ်မပျာ်လို့ အချိန်မြန်မြန်ကုန်အောင် လေယာဉ်ကွင်း အင်တာနက် ဖရီးရတုန်း ဘော်ဘော်တွေနဲ့ လျောက်ပွားနေတာ။
---



(၂) Las Vegas လေဆိပ်ရောက် တောသားတယောက်...
မနက် ၄ နာရီခွဲလောက်မှာတော့ ခရီးသည်အတော်များများ ဝင်လာကြပါတယ်။ ၆ နာရီအတိမှာ လေယာဉ်စထွက်တော့... ထရန်စစ်က Las Vegas လာ့စ် ဗီးဂပ်စ်မြို့တဲ့၊ တနာရီနဲ့ ၁၅ မိနစ်လောက် စီးရပါတယ်။ ရှေ့ပိုင်းမှာ ပြောခဲ့တဲ့ တယ်လီဖုန်း စင်းကပ်မရှိ- အင်တာနက်မရှိတဲ့ပြသာနာက အဲဒီမြို့ရောက်တာနဲ့ စ ကြုံရတာပါပဲ။
ကိုယ်ကလည်း Boarding Pass ကို ၂ ခုစလုံးစာ တခါတည်းယူမလာမိဘူး။ လေယာဉ်ကွင်းရောက်မှ စခရင်ပေါ်ကြည့်ပြီး သွားမယ်ပေါ့။ ပြသာနာက ဒီ လေယာဉ်ကွင်းက အကြီးကြီး၊ ဆက်ရှင်တွေက အများကြီး၊ အခု ကိုယ်ရောက်နေတဲ့ဖက်မှာ အိုးကလာဟိုးမားဘက် သွားမယ့် လေယာဉ်တစီးမှ မတွေ့ဘူး။
မေးမြန်းဖို့ Information စင်တာလိုက်ရှာတော့လည်း တခုမှ မတွေ့မိ။ လက်မှတ်ဝယ်ပေးထားတဲ့ အူးလေးကို ဖုန်းခေါ်တော့ “လက်မှတ်မှာပါတဲ့ Frontier လေယာဉ်လိုင်းရုံးကိုတွေ့အောင်ရှာပြီး မေးပါ” တဲ့...။ (ဒီမှာက Frontier, Southwest, United စသဖြင့် ပြည်တွင်းလေကြောင်းတွေက အများကြီး၊ ထွက်ခွာ- ဆိုက်ရောက် သူဂိတ်နဲ့သူရှိတာ။ ရန်ကုန်လို မဟုတ်ဘူး)
အဲဒီရုံးခန်းကို ရှာရင်းနဲ့ Arrival အပေါက်ကနေ အပြင်ကိုရောက်သွားတာ သတိမထားလိုက်မိဘူး။ အဲဒီရုံးမှာ သွားမေးတော့ သူတို့ကလည်း အထူးအဆန်း- တောသားတဦးကို တွေ့တဲ့ ပုံစံနဲ့...“ရှင် လုံခြုံရေးစည်းပေါက်သွားပြီ၊ အထဲကို အမြန်ပြန်ဝင်ပါ” ဆိုပြီး Check in ကို တခါ အမြန်ဖြတ်ခိုင်းပါတယ်။ လေယာဉ်က ထွက်ဖို့ မိနစ် ၂၀ တောင် မကျန်တော့ဘူး။
တော်သေးတယ်။ အထဲပြန်ရောက်မှ မောင်းသူမဲ့ ရထားကို ၁၀ မီနစ် ထပ်စီးလိုက်ရပါသေးတယ်။ ပြီးမှ အိုကလာဟိုးမားအပါဝင် ပြည်တွင်းခရီးစဉ် လေယာဉ်တွေကိုတွေ့ရတာ။ ကိုယ့်ကို အထူးဧည့်သည်လိုသဘောထားပြီး ၅ မိနစ်အပို လေယာဉ်က စောင့်ပေးလို့ တော်သေးတာပေါ့။
နောက်မှပြန် သိရတာက အင်ဖွန်မေးရှင်းတွေ အားလုံးကို စမတ်ဖုန်းမှာ အချိန်နဲ့တပြေးညီ စကန့်အလိုက်ပေးပို့နေတဲ့အတွက် အင်ဖွန်မေးရှင်းစင်တာ ဆိုတာမလိုတော့ဘူး။ ဘယ်သူမှလည်း လာမေးမနေတော့ဘူး။ စမတ်ဖုန်းရှိရင် အင်ဖွန်မေးရှင်းစင်တာ မလိုတော့ဘူး ဆိုပဲ...။
အင်း... စမတ်ဖုန်းရှိပြီး အင်တာနက် မရှိတာကျ ဘယ်လိုလုပ်မလဲ၊ လက်မှတ်ဝယ်ပေးသူက တယောက်၊ ခရီးသွားသူက တယောက်ဖြစ်နေတာကလည်း ဒုက္ခ၊ အင်ဖွန်မေးရှင်းတွေက ဝယ်ပေးသူရဲ့ စမတ်ဖုန်းထဲ ပို့ပေးနေတာဖြစ်မှာပေါ့... ခရီးသွားသူက အဲဒါတွေကို မရတော့ ဒီလို ဒုက္ခနဲ့ လှလှနဲ့တွေ့ကြ။
တကယ်က အဲလောက် အသဲအသန်ဖြစ်နေစရာ မလိုပါဘူး။ လေယာဉ်ကျန်ခဲ့လဲ ဘာအရေးလဲ။ တောထဲမှာ စစ်ကြောင်းထွက်ရင်း လှေကျန်၊ ကားကျန် ဖြစ်သလို နေရာစမရှိ၊ စားစရာမရှိ တောကြီးမျက်မဲမှ မဟုတ်ပဲ။
မြို့ထဲသွားပြီး ဟိုတယ်မှာတည်း၊ ကာစီနိုတွေမှာ ကံစမ်းရင်း တညလောက် တည်းလိုက်ရင် ကောင်းသားဆိုတာ နောက်မှစဉ်းစားမိပါတယ်။ တခါတလေကျတော့ လူတွေဟာ ပေးထားတဲ့ဘောင်ထဲမှာပဲ ပတ်ချာလည်ပြေးရင်း ပိတ်မိနေတတ်သလား...။ (တကယ်လို့ ကံစမ်းရင်း ထီပေါက်မယ် သေချာရင်ပြောတာပါ။ ဒီတိုင်းကတော့ ပိုက်ပိုက် အလားကား အချောင်ကုန်မှာပေါ့)
လာ့စ် ဗီးဂပ်စ်ကတော့ ကြော်ညာ တွေ၊ ရုပ်ရှင်တွေထဲမှာ မကြာခနတွေ့ဖူးပြီးသားဆိုတော့ ကြော်ညာတွေထဲက အတိုင်းပါပဲ။ (ဒီမြို့အကြောင်း နောက်ပိုင်း လာပါအူးမည်)
လေယာဉ်ပေါ်ကနေ ရသမျှ ဓာတ်ပုံလှမ်းရိုက်ပေါ့။ သဲကန္တရမှာ ဆောက်ထားတဲ့ မြို့သစ်ကြီးလား...။ သစ်ပင်လည်းမရှိ-တောအုပ်လည်းမမြင်၊ မြစ်-ချောင်းလည်းတွေလည်း
မတွေ့မိ၊ ထိုးထိုးထောင်ထောင် အိမ်သစ်ရာသစ်တွေချည်း ... ရက်ဒီမိတ် အိမ်တွေကို ကွန်တိန်နာ ချသလို ချထား သလိုမျိုးကြီး...
အိုကလာဟိုးမား အဝင်ဖက်ရောက်တော့ သဲကန္တရကနေ စိမ်းစိုတဲ့ မြင်ကွင်းကို တွေ့လာရပါတယ်။ ဓာတ်ပုံလှမ်းရိုက်တော့ ထူးထူးခြားခြား လယ်ကွင်း (ဒီမှာတော့ ဂျုံခင်းပေါ့)တွေက စက်ဝိုင်းပုံ၊ စက်ဝိုင်းချမ်းပုံ၊ ကြိဂံပုံတွေ၊ ကုဗတုံးတွေ... ငယ်ငယ်က သင်ခဲ့ဖူးတဲ့ ဂျီသြမေတြိကိုတောင် ပြန်သတိရမိ။
---



(၃) Oklahoma City မှ Amarillo မြို့သို့...
ပျံသန်းချိန် ၂ နာရီခွဲဆိုတော့... ဆန်ဖရန်- ဗီးဂပ်စ်ပါ ပေါင်းရင် ၃ နာရီခွဲပေါ့။ ဝိုး... အမေရိကားမှာ ပြည်နယ်တခုနဲ့တခု ကူးတာ... ရန်ကုန်- ဘန်ကောက် အသွားအပြန်ထက် ပိုဝေးပါလား။ အော်စလို-ကိုပင်ဟေဂင်ရဲ့ ၃ ဆလောက်ရှိပါလားပေ့ါ။
အိုကလာဟိုးမား ဆိုတာ တကယ်က (အမေရိကန်ပြည်ထောင်စုတဝှမ်းက) ဌာနေတိုင်းရင်းသားတွေကို ပြန်လည်အခြေချပေးထားတဲ့မြို့အဖြစ် လူသိများပါတယ်။ ဒါပေမယ့် သိတဲ့အတိုင်း... ကိုယ်က အဲဒီနေရာတွေကို သွားလယ်ရကောင်းမှန်းမသိဘူး၊ ဘော်ဘော်တွေနဲ့ တွေ့ရေးသာ ဦးစားပေး။



ဒီမြို့မှာ ကျနော်တို့တပ်ရင်းက ရဲဘော် ၂ ယောက်ပဲရှိတယ်။ တယောက်က လေယာဉ်ကွင်းမှာ လာကြိုတဲ့ သရာအီးသာ၊ နောက်တယောက်က ထားဝယ်ကနေ တောခိုစဉ် ကတည်းက ကျနော်နဲ့အတူပါလာတဲ့ အထက်တန်းကျောင်းသားလေး (သူပုန်ကျောင်းသားစာအုပ် အစောပိုင်းမှာ ဖေါ်ပြခဲ့ဖူးတဲ့ ဘိုခေါင်းနီ) ဘိုဘို...
လူချင်းမတွေ့တာ ၁၉၉၇ မင်းသမီးစခန်း ကျပြီးကတည်းကဆိုတော့ နှစ် ၃၀ ပြည့်ဖို့ ၂ နှစ်ပဲလိုတော့တယ်။ အထက်တန်းကျောင်းသားလေးတောင် ဆံပင်ဖြူစပြုနေပြီလား မသိဘူး။
အမေရိကားမှာက အပူချိန်များလို့လား၊ စတိုင်လ်ထုတ်ကြတာလား မသိဘူး။ တွေ့မိသမျှ ရဲဘော်ဟောင်း အတော်များများက ဦးထုပ်ဆောင်းထားကြပါတယ်။ ဒီတော့ ဆံပင်ဖြူနေလား- ဆံပင်ကျွတ်နေသလား... မှန်းဆရ ခက်တာပေါ့လေ...(နောက်တာနော်- တော်ကြာ နောက်တခါ မလာနက်ဆိုပြီး အပြောခံနေရအူးမယ်)
ကိုယ်သွားတဲ့နေရာတွေက တဖြေးဖြေးနဲ့ အအေးပိုင်းကနေ အပူပိုင်းကို ရောက်လာနေသလား မသိဘူး။ ဆန်ဖရန်မှာ ၁၇ C ကနေ Lathrop မှာ ၂၂ C၊ အခု အိုကလာဟိုးမားကျတော့ ၃၄ C တဲ့၊ ဆန်ဖရန်ထက် ၂ ဆပိုပူသွားပြီ။
ရန်ကုန်၊ ဘန်ကောက်ထက်တောင် ပိုပူနေသလို... ဒါပေမယ့် ဒီက အိမ်တွေက တထပ်အိမ် တိုက်ပုလေးတွေဆိုတော့ ... ထားဝယ်-ပုလောဖက်က ခြေတံရှည် သစ်သားအိမ်တွေလိုမျိုး အိမ်အောက်ထပ်မှာ သင်ဗျုးဖျာခင်းပြီး သွားအိပ်နေလို့မရပြန်ဘူး။
အားလုံး အဲကွန်းတွေနဲ့။ ဥရောပမဲဇာမှာ အဲကွန်းမရှိဘူးလေ၊ အနွေးပေးစက် Heater တွေပဲရှိတာ။ ဒီတော့ ဘန်ကောက်စတိုင်လ် ဘောင်းဘီတို- တီရှပ်- ညှပ်ဖိနပ်နဲ့နေနိုင်မှ ဟန်ကျမှာပေါ့။
“အမာရီလိုကို ၅ နာရီလောက်မောင်းရမှာနော်။ မနက်စာ ဝအောင်စားသွားမှ”... တဲ့။ ကိုဘိုဘိုက ကောက်ညှင်းပေါင်းတွေ ကျနော့်ပန်းကန်ထဲ ထည့်ပေးရင်း ပြောပါတယ်။ “ထမင်းထုတ်ပါ ထည့်သွားအူးမလား၊ ကင်းဆင့်ခေါ်ထားပြီးပြီလား... အိုခေါ့ လုပ်မယ့်နေရာအတွက် လမ်းနားနီးနီး အိမ်ကြီးကြီး ရွေးထားပြီးပြီလား” ..ဆိုတော့ ဝိုင်းရယ်ကြပါတယ်။
အမေရိကားသာ ရောက်နေတာ... ပြောနေတဲ့စကားလုံးတွေက တောထဲကနေ မထွက်သေးဘူး။ “အူးလေးဒေကလည်း အမေရိကားလာပြီး တောထဲက အကြောင်းချည်းပြောနေတယ်။ အမေရိကန်ရဲ့ သဘာ၀ အလှအပတွေကိုလည်း လေ့လာကြပါအူး”...တဲ့။ တယောက်က သတိပေးပါတယ်။

အင်း... အခင်းအကျင်းက နည်းနည်းပြောင်းလာသလို...။ ခုနက သဲကန္တရ ဗီးဂပ်စ် ကနေ စိမ်းစိမ်းစိုစို အိုကလာဟိုးမားထဲ ဝင်လာတယ်။ အခု အိုကလာဟိုးမားကနေ ထွက်ပြီး တက္ကဆပ်ဖက်ရောက်လာတော့ သစ်ပင်ကြီးတွေ၊ တောင်တွေနည်းသွားပြီး စိုက်ခင်းတွေ၊ ကွင်းပြင်အကျယ်ကြီးတွေကို မြင်လာရပါတယ်။
လယ်ကွင်းတွေက တမျော်တခေါ်၊ ကျနော်တို့ မြန်မာနိုင်ငံက ပဲခူးကွင်းဆိုတာ ဒီကလယ်ကွင်းတွေနဲ့စာရင် စာမဖွဲ့လောက်တော့ဘူး။ တချို့နေရာမှာတော့ ဂျုံခင်းအပြင် ကြံစိုက်ခင်းတွေ၊ အသီးအနှံစိုက်ခင်းတွေလည်းတွေ့ရပါတယ်။
မွေးမြူရေးနွား မဲမဲကြီးတွေကလည်း မြက်ခင်းခြံကျယ်ကြီးထဲမှာ အများကြီး။... ပဲခူး ဖက်မှာတွေ့ရတဲ့နွားတွေလို ပိန်ညောင်ညောင်တွေ မဟုတ်။ နောက်ကျောမှာ ချေးပေပြီး လမ်းဘေးမှာ လျောက်သွားနေတာမျိုးလည်းမဟုတ်။
ပြီးတော့ လေစွမ်းအင်ထုတ်တဲ့ တာဘိုင်တိုင်ကြီးတွေ၊ နေစွမ်းအင်အတွက် ဆိုလာ စိုက်ခင်း (ဆိုလာပြားတွေကို ဧကနဲ့ချီထောင်ထားတော့ အဝေးကကြည့်ရင် စိုက်ခင်းလိုလို၊ ရေကန်လိုလို ထင်ရတယ်) တွေကလည်း ဟိုတကွက်၊ ဒီတကွက်...
“ရုပ်ရှင်တွေထဲ ကြည့်ဖူးတာက တက္ကဆပ်ဆိုတာ ကောင်းဘိုင်တွေနေတဲ့ တောကြီးမျက်မဲပဲ၊ အခုဟာက ကွင်းပြင်ကြီးဖြစ်နေပါလား”...ဆိုတော့... တက္ကဆပ်က အကျယ်ကြီး၊ မြန်မာပြည်တခုလုံးစာလောက် ကြီးတယ်လို့ ဆိုပါတယ်။
အခုက အမာရီလို Amarillo တောမြို့လေးရဲ့ မြို့အဝင်ပဲ ရှိသေးတာ။ မြိုတော် Austin, Houston, Dallas စသဖြင့် ဧရာမမြို့ကြီးတွေအများကြီး၊ မြစ်ချောင်းတွေ၊ တောတောင်တွေအများကြီ၊ ရေနံတွင်းတွေလည်း အများကြီးတဲ့... ဒေသခံ အူးလေးတွေက ပြောပါတယ်။
ဥပမာအားဖြင့် ကျနော် ဒီကိုမလာခင်လေးမှာတင် (ဇူလိုင်လမှာ) တက္ကဆပ်မှာ ရေးကြီး-မြေပြိုလို့ လူ ၁၀၀ ကျော်သေတဲ့ သတင်းအကြီးကြီးဖြစ်ခဲ့သေးတယ်မို့လား။ အဲဒီနေရာ Hill Country နဲ့ Guadalupe River ကို ဂိုဂယ်ခေါက်ကြည့်တော့ အခု ကျနော်ရောက်နေတဲ့ Amarillo နဲ့ မိုင် ၆၀၀ နီးပါး သို့မဟုတ်၊ ကီလိုမီတာ ၁၀၀၀ နီးပါးဝေးတယ်တဲ့...
မှန်းသာကြည်ပေတော့ ... တက္ကဆပ်ပြည်နယ် ဘယ်လောက်ကြီးသလဲဆိုတာ။ ထားဝယ်နဲ့ မန္တလေးလောက် ဝေးနေတာကြီး၊ တနသာင်္ရီတိုင်းမှာ မိုးသည်းပေမယ့် မန္တလေးတိုင်းမှာ မိုးခေါင်ရင် ခေါင်နေမှာပေါ့။ ဒါတွေကို ကိုယ်က ကြိုမသိဘူး။
“ဟေ့ လူတွေ။ တက္ကဆပ်မှာ ရေကြီးမှုဖြစ်နေတယ်ဆိုတော့ ကျနော်လာလို့ အဆင်ပြေပါမ့လား၊ ခင်ဗျားတို့ကော အခအန စဘိုင် ဖြစ်ရဲ့လား” ပေါ့။ တက္ကဆပ်ဆိုရင် ကောင်းဘိုင်ကားထဲ့အတိုင်း တောကြီးမျက်မဲ နွားကျောင်းသားတွေရှိတဲ့အရပ်လို့ အရိုးစွဲနေတာ။
ဒါပေမယ့် မြင်းစီးပြီးသွားနေကြတဲ့လူတွေ၊ မြေနီလမ်းကြမ်းတွေလည်း မတွေ့မိပါဘူး။ ဟိုက်ဝေးလမ်းတွက ကောင်းသမလား မမေးနက်၊ ဒါပေမယ့် ဥရောပမဲဇာမှာလို ကားလမ်းဘေးတလျောက်မှာ စက်ဘီးလမ်းကို မတွေ့မိသလိုပါပဲ။
မြို့တော် Austin မှာနေတဲ့ Tour de France ၇ ကြိမ် ချန်ပီယံ (ဖြစ်ပြီးမှ ဆုပြန်သိမ်းခံရသူ) Lance Armstrong နဲ့တွေ့မှ မေးကြည့်ရအူးမယ်။
ပြီးတော့ ... ရှေ့မှာပြောခဲတဲ့ ကယ်လီဖိုးနီးယားက တက်စလာ သူဌေး (ကမ္ဘာ့အချမ်းသာဆုံးလူသား) Elon Musk ကလည်း Austin မှာ နေတာတဲ့။ တက်စလာ ဌာနချုပ်ရုံးကလည်း အဲဒီမှာရှိတယ်လို့ သိရပါတယ်။
ဒါပေမယ့် Oklahoma City နဲ့ Amarillo ဝန်းကျင်မှာတော့ တက်စလာကား မတွေ့မိသလောက်ပါပဲ။ ဘာဖြစ်လို့လဲ... သူ့ကားတွေက ဥရောပဈေးကွက်ကိုပဲ အဓိကထားတာလား...။
သူနဲ့ တွေ့ရင် မေးကြည့်အူးမှပါလို့ စဉ်းစားရင်း... တချိန်က ဦးသိန်းစိန်အစိုးရခေတ် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် (အခု စကမ ရဲ့ဖမ်းဆီးခြင်းကိုခံနေရဆဲ) ကပြောတယ်လို့ တဆင့်ပြန်ကြားရတဲ့ ဖြစ်စဉ်လေးကိုတောင် သွားသတိရမိပါတယ်။
“ဝန်ကြီး ကျနော်ကို မမှတ်မိဘူးလား၊ သူငယ်ချင်းဖြစ်နေတာ ကြာပြီလေ” ဆိုပြီး လက်ဖက်ရည်ဆိုင်မှာ လူတယောက်က လာနုတ်ဆက်တယ်ဆိုပါတယ်။ မမှတ်မိဘူးပြောရမှာလည်း အားနာနာနဲ့ ပြုံးပြနေတုန်း... “Facebook ပေါ်မှာ သူငယ်ချင်းဖြစ်နေတာ တနှစ်ကျော်နေပြီလေ” ဆိုမှ ဝိုင်း ရယ်မိကြတယ်ဆိုလား...။
အခုလည်း အဲဒီ ဆရာကြီးကို “ခင်ဗျား ကျနော်ကို မမှတ်မိဘူးလား၊ ခင်ဗျားကို ဖေါ်လိုးလုပ်ထားတာကြာပြီလေ၊ X မပေါ်ခင် Twitter ခေတ်ကတည်းကပါလို့ပြောမိရင် ဝိုင်း ဟားကြမလား... ဒီလို ထွေရာလေးပါး ပြောရင်းနဲ့ သရာအီးသာရဲ့ကားက အမာရီလို Amarillo မြို့လေးထဲ ဝင်ရောက်လာပါတယ်။. ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More