အမေရိကန် ပြည်ထောင်စုသို့ ခရီးသွားခြင်း...(၈)
(၁) Kansas City ကင်းဆာ့ စီးတီးမှာ ၂ ရက်တာ...
ဒါးလာ့စ် Dallas မြို့ကို လေ့လာပြီးတဲ့နောက် ဒီဒေသတွင်း မင်းသမီးခစန်းက ရဲဘော်ဟောင်းအတော်များများအခြေချရာ နောက်ထပ်တနေရာဖြစ်တဲ့ Kansas City ကင်းဆာ့ စီးတီးကို ကျနော်တို့ရောက်လာပါတယ်။
ထုံးစံအတိုင်း ပထမ ဆုံး ကားရပ်တဲ့နေရာက -မိုးပြာ- Blue Sky- ကုန်စုံ ဆိုင်ပါပဲ။ ဒီ မိုးပြာနဲ့ အမာရီလိုက မိုးပြာက အမည်တင်တူတာမဟုတ်ပဲ လူတွေလည်း အတူတူပါပဲ။ ရှေ့ အခန်းမှာ တင်ပြခဲ့တဲ့အတိုင်း မင်းသမီးစခန်း၊ တပ်ရင်း ၂၀၁၊ တပ်ခွဲ ၃ က တပ်ခွဲမှူး၊ ဒုခွဲမှူး၊ တပ်စုမှုး ၂ ဦး၊ ၄ ဦးပေါင်းပြီး စုပေါင်း စတင်ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းပေါ့။
တောထဲမှာ တာဝန်အတူထမ်းခဲ့ဖူးတဲ့ ရဲဘော်ရဲဘက်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုရဲ့ အောင်မြင်ခြင်းလို့ ဆိုချင်ပါတယ်။ ... ဆိုင်ကြော်ညာတော့ မဝင်တော့ပါဘူး။ သူတို့ဆိုင်မှာ ဟင်နစီ မတွေ့မိသလိုပဲ။ (မတွေ့ဆို ဒီဆိုင်ပိုင်ရှင်တွေက အသောက်အစား မလုပ်ကြတော့ဘူး၊ လူကောင်းတွေဖြစ်ကုန်P)
ဆိုင်မှာ ခနထိုင်ပြီးတော့ မြို့တွင်းလေ့လာရေးပေါ့။ ဒီမြို့ရဲ့ အပူချိန်က အမာရီလိုနဲ့ သိပ်မကွာဘူး။ ၃၆ C ရှိတယ်ဆိုပေမယ့် သစ်ပင်တွေ၊ တောကုန်းလေးတွေနဲ့ စိမ်းစိမ်းစိုစိုဖြစ်တော့ အဲလောက် ပူတယ်လို့ မထင်ရဘူး။
အခု ရောက်ခဲ့ဖူူးတဲ့ ပြည်နယ် ၄ ခုထဲမှာ ဒီမြို့က တောင်ကုန်းအများဆုံးမြို့လား မသိဘူး (ရဲဘော်ဟောင်းအများစုနေထိုင်တဲ့ ရပ်ကွက်ကိုပြောတာပါ၊ မြို့လယ်ကို မဆိုလိုပါ)၊ နေရာတိုင်း ကုန်းတက်-ကုန်းဆင်းရှိပြီး နေအိမ်အားလုံးနီးပါး တောင်စောင်းမှာ ကပ်ဆောက်ထားတာ တွေ့ရပါတယ်။
အပေါ်ထပ်ကနေ ဝင်လိုက်ရင် အောက်မှာ နောက်တထပ်ရှိနေမှန်းမသိဘူး။ အောက်ထပ် ကားဂိုဒေါင်ဖက်ကနေဝင်မှ ၂ ထပ်မှန်း သိရတာမျိုး၊ အမာရီလိုနဲ့ အိုကလာဟိုးမားမှာ တထပ်အိမ်တွေများပြီး ဒီမှာက တောင်စောင်း ၂ ထပ်အိမ်လေးတွေ ဆောက်ထားတာ၊ သစ်ပင်ကြီးတွေကြားမှာ တမျိုးလေး လှနေပါတယ်။
“ဟေး... ညနေကျရင် ဥက္ကဌ မိန့်ခွန်းပြောဖို့ရှိတယ်၊ ပြည်ခြား ဘုရားကျောင်းရှေ့က ဘောလုံးကွင်းမှာ စုပေးကြပါ”...တဲ့။ တပ်ခွဲမှုး ကိုဘုန်းကျော်က နီးစပ်ရာ ရဲဘော်တွေကို နောက်ပြီး အော်ပြောနေပါတယ်။
ခနနေတော့ (သူပုန်ကျောင်းသား စာအုပ်ထဲက တပ်ရင်းကျောင်း ဆရာတော်-လူထွက်) ကိုသန်းဇော် ရောက်လာပြီး - “ညနေပွဲက အဝေးကြီးလိုသေးတယ်၊ အခု ကျောက်တိုက်ကို လိုက်ပို့မယ်” တဲ့...။
ကျောက်တိုင်ဆိုတာ ကင်းဆာ့စီးတီး မြို့လယ်ရှိ လွတ်လပ်ရေးကျောက်တိုင်နဲ့ ပြတိုက်တွေ ရှိတဲ့နေရာကို ဆိုလိုတာပါ။ မြို့ကြီးက တကယ်သားနားပါတယ်။ မနေ့က ရောက်ခဲ့တဲ့ Dallas ထက် ပိုကြီးတယ်လို့ ထင်ပါတယ်။
အခု ဆောင်းပါးရေးဖို့ ဂိုဂယ်ပြန်ခေါက်တော့မှ အဲဒီကျောက်တိုင်ရှိတဲ့မြို့ဟာ Kansas City (KCK) ကင်းဆပ်ပြည်နယ်ထဲမှာမဟုတ်ပဲ Kansas City (KCMO) Missouri ပြည်နယ်ထဲမှာဆိုတာ ပြန်တွေ့မိပါတယ်။ Missouri မြစ်ရဲ့ ဟိုဖက် ဒီဖက်ပေါ့။
ထင်တော့ထင်သား၊ အဲဒီမြို့ကို အသွားမှာ မြစ်ကြီးတခုကို ဖြတ်သွားရတဲ့ တံတားကြီးကလည်း အတော်လှပ ရှည်မျောနေတာ သတိထားမိပါတယ်။ ဒါပေမယ့် အဝေးကလာတဲ့ ဥရောပမဲဇာသားမပြောနက်- ဒီအနီးနားမှာနေတဲ့ မြန်မာတွေ အတော်များများတောင် ကင်းဆာ့ကနေ မီဇိုရီ ဖက်ရောက်သွားတာ သတိမထားမိကြဘူးလို့ ဆိုပါတယ်။
ဘာပြောပြော... တံတားလေးဖြတ်ပြီး ဟိုဖက်ကမ်းရောက်တာနဲ့ အခြားပြည်နယ်တခု ထပ်ရောက်တယ်ဆိုတော့ ခရီးစဉ်အတွင်း ပြည်နယ်တခု ထပ်တိုးသွားတာပေါ့။ အခုဆို ကယ်လီဖီုးနီးယား၊ တက္ကဆက်၊ အိုကလာဟိုးမား၊ ကင်းဆပ်၊ မီဇိုရီ- ပြည်နယ် ၅ ခုရှိသွားပြီ...
နောက်ထပ် ၂ ခု ဆက်သွားဦးမယ်၊ အရင်ကလည်း အရှေ့ဖက်ကမ်းက ၃ ပြည်နယ်လောက် ရောက်ဖူးထားတယ်ဆိုတော့ အမေရိကန်ပြည်နယ် ၅၀ မှာ ၁၀ ခုရောက်ဖူးသွားပြီ- ခေသူ မဟုတ်ဘူးပေါ့...။
ကဲ... မြု့ပြတွေအကြောင်း ခနထား... ပြည်ခြားဖက် ပြန်သွားရအောင်၊ ကျောက်တိုင်ရှေ့မှာ နေသိပ်ပူတယ်လေ၊ ဘီယာအေးအေးလေး အမြန်သောက်ချင်ပြီ...ဆိုပြီး ပြန်လာတော့ ...ခုနက ကိုဘုန်းကျော် နောက်ပြီး ပြောတဲ့အတိုင်း ... ကျနော်တို့ ဒီည စခန်းချမယ့် တပ်စုမှုး ကိုကျော်မိုးလွင်ရဲ့ အိမ်ရှိတဲ့ ရပ်ကွက်က ပြည်ခြားနဲ့အတော်ဆင်သား...။
သူ့ အိမ်ဘေးမှာ ဘုရားကျောင်းတခုလည်း ရှိနေပါသေးတယ်။ မြက်ခင်းစိမ်းစိမ်းတွေလည်း ရှိတာမို့ ဘောလုံးကန်ချင်လည်း ကန်လို့ရတဲ့သဘော၊ ဒါပေမယ့် ဒီမြို့က ရဲဘော်တွေကိုကြည့်ရတာ ပြည်ခြားမှာတုန်းကလို ဘောလုံးကန်နိုင်တဲ့ အရွယ်တွေ မဟုတ်တော့ပါဘူး။ 
“ဘာဘီကျုး ရက်ဒီပဲ၊ အသားရော-ငါးရော အစုံပါတယ်တဲ့” အိမ်ရှင် ကိုကျော်မိုးလွင်က ပြောပါတယ်။ “သူချည်းသာလော”- ဆိုတော့... ဘီယာတော့ ရှိတယ်၊ အပြင်းတော့ ဒီက လူတွေ မချတော့ဘူး- တဲ့။ အင်း... ကိုလှဦးဆီက ဟင်နစီ ပုလင်းပြားလေး ယူမလာမိတာ မှားပါပြီလို့ နောင်တရမိပါတယ်။
ဒါပေမယ့် ကျန်းမာရေးနဲ့ညီအောင် အမြည်းများများစားပေါ့- “အမြည်းနော် အူးလေး” ဆိုပြီး သတိပေးစရာမလိုအောင်ကို အမြည်းတွေက များလွန်း- ကောင်းလွန်းလှပါတယ်။
ကနေဒါက ရဲဘော်ကြီးတယောက်က နောက်ပြီးပြောတယ်တဲ့...“ခင်ဗျား တို့မြို့ကို မလာချင်တဲ့အထဲမှာ အဲဒါတွေလည်းပါတယ်၊ ... ဗဟိုကော်မီတီဝင်တွေ၊ စခန်းကော်မီတီဥက္ကဌတွေ၊ ခွဲမှူး-စုမှူးတွေ သိပ်များနေတော့ ကျနော်လို သာမန်ရဲဘော်က တချိန်လုံး အလေးပြုနေရတာနဲ့ လက်မောင်းနာလိမ့်မယ်” ...ဆိုပြီး...
အဲဒါ ညနေပိုင်း လူစု၊ ပုလင်းထောင်၊ ဘာဘီကျုး စားတဲ့အချိန် ထွေရာလေးပါး ပြောတဲ့အထဲက လူသိများတဲ့ ပျက်လုံးတခုပါ။ နောက် ပျက်လုံးတခုက ... ဒီပြည်နယ်က ရဲဘော်တွေက အခြားပြည်နယ်က ရဲဘော်တွေထက် ဖက်ဒရယ်စနစ်ကို ပိုယုံကြည်တယ်၊ လက်တွေ့ အသုံးချနေတယ်တဲ့... (နိုင်ငံရေးဖက်ဒရယ်မဟုတ်ဘူးနော်- ကျိုးဖိုးတွေအကြား အချင်းချင်း အထာသိတဲ့ စကားလုံးသာဖြစ်ပါတယ်)
ဒီလို ထွေရာလေးပါး- အကြောင်းမျိုးစုံပေါ့။ မတွေ့ဖြစ်တာ ၁၉၉၇ မင်းသမီးခစန်း ကျပြီးကတည်းကဆိုတော့ နှစ် ၃၀ နီးပါးရှိနေပြီလေ။ ... ဟိုတိုက်ပွဲတုန်းက ဘယ်သူက ဘယ်လို နေရာယူတာ၊ ဟိုရဲဘော်က ဘယ်တိုက်ပွဲမှာ ကျသွားတာ၊ ကျန်ခဲ့တဲ့ ဟိုရဲဘော်က အခု ဘယ်နိုင်ငံကိုရောက်နေတာ၊ ဟိုကောင်ကတော့ မိသားစုနဲ့ အတော်တည်ငြိမ်နေပြီ... ဟိုကောင်ကတော့ အခုထိ သဝေထိုးလို့ကောင်းတုန်း...လူဇိုးဖြစ်နေတုန်း... စသဖြင့် စသဖြင့်...
----
အဲဒီလို... ထွေရာလေးပါးပြောလို့ကောင်းတုန်း... အလှူခံက ဝင်လာပါတယ်။ ရန်ကုန်က စားသောက်ဆိုင်တွေလို လူကိုယ်တိုင် ဝင်လာတာမျိုးတော့ မဟုတ်ပါဘူး။ အဲ... အွန်လိုင်းခေတ်၊ Zoom ခေတ်ဆိုတော့ အလှူခံက ခေတ်မီသွားပြီ။
“အူးလေးတွေ လုပ်ကြအူးလေ... ကျနော်တို့ချည်း ပစ်မထားနဲ့၊ အဲမှာ လူစုံတုန်း အလှူထည့်ဖို့ နိုးဆော်ပေးပါအူး”...တဲ့ တနသာင်္ရီ ကူ-ထောက် တာဝန်ရှိသူ မောင်မျိုးဝင်းက ဒိန်းမတ်ကနေ မက်ဆင်ဂျာနဲ့ ခေါ်လာပါတယ်။
ဘီယာတောင် အေးဆေး မသောက်ရဘူး။ ကိုယ်တွေ လူစုနေတာ အလှူခံပုဂ္ဂိုလ်ဆီ ဘယ်လို သတင်းပေါက်ကြားသွားလဲ မသိဘူး။ “ဒီဝိုင်းထဲမှာ ဒလန်ရှိနေလားမသိဘူး.”.. ဆိုပြီး တယောက်က နောက်ပါတယ်။
အလှူခံကိစ္စက နည်းနည်းအရေးကြီးပါတယ်။ ဘာကြောင့်လဲဆို... ကျနော်တင်တဲ့ အရက်ပုလင်းပုံတွေ၊ စားကောင်းသောက်ဖွယ်ပုံတွေ၊ ခရီးသွားနေတဲ့ပုံတွေအောက်မှာ အူကြောင်ကြား ရဲဘော်ဟောင်းတဦးက...
“ခင်ဗျားက သူပုန်ကျောင်းသား၊ တော်လှန်ရေးသတင်းသမားလုပ်ပြီး အရက်လေးသောက်လိုက်- ခရီးလေးသွားလိုက်နဲ့ တောထဲက ရဲဘော်တွေကို မေ့နေပြီလား၊ နိုင်ငံခြားမှာ အဆီရစ်နေပြီလား”...တဲ့၊ ကွန်မင့်လာရေးထားပါတယ်။
အဲဒါ ခက်တာပေါ့... တကယ်က အဲလို မဟုတ်ပါဘူး (အဲထက် ပိုဆိုးပါတယ်...တဲ့၊ ပုလင်းထောင်ပြီး အမြည်းစားနေသူတွေက အော်ပြောနေပါတယ်)။ ဆိုရှယ်မီဒီယာပေါ်ကပုံကို အမှန်မယူကြနက်လေ... နောက်ကွယ်မှာ လှုပ်ရှားနေတာတွေ အများကြီးရှိပါတယ်။
သူများတွေလို “ရေဂျင်စီ” သောက်ပြီး ငှက်ကင်အဆင့်ထိ စကားမပြောနိုင်သေးပေမယ့် “ဟင်နစီ” လေးငုံပြီး နုတ်ခမ်းနီ ဖိုးလေး ပုံမှန်ပေးနိုင်အောင်တော့ ဆွေးနွေးနေကြပါတယ်ပေါ့။
တနိုင်ငံလုံးဆိုင်ရာ PRF ဆိုလည်း ဒီက ရဲဘော်တွေ လှူရပါတယ်။ ပြီးတော့ ခုနက အလှူခံဝင်လာတဲ့ တနသာင်္ရီတိုင်း ကူ-ထောက်ကိုလည်း လှူရပါတယ်။ နောက် မြို့နယ်အလိုက်၊ ရပ်ရွာအလိုက်လည်း လှူရပါတယ်။ ဒီကြားထဲ အရေးပေါ် ရေဘေး၊ မီးဘေး၊ စစ်ရှောင် စသဖြင့် ခေါင်းစဉ်အသီးသီးနဲ့ ဒီကလူတွေ လှုူနေရတာ တလတလ နည်းတာမဟုတ်ဘူး။
ဒါပေမယ့် တခုတော့ ရှိတာပေါ့။ ဒီလူတွေက လက်နက်ကိုင်တော်လှန်ရေးနဲ့ တောတွင်း အခက်ခဲတွေကို ၁၀ နှစ်တာ ဖြတ်သန်းလာဖူးခဲ့သူတွေဆိုတော့ ... အလှူငွေတွေကို နိဗ္ဗာန် ရောက်ကြောင်း လှူသလို၊ နဝကမ္မ ပြောပြီး သာဓု ၃ ကြိမ်ခေါ်တာနဲ့တော့ ဘယ်ပြီးမလဲ...
ဒီအလှုငွေလေးကို ဘယ်နေရာ သုံးပါလား၊ ဟိုနေရာမှာ တိုက်ပွဲဖေါ်ပါလား၊ ဘယ်အချိန်မှာ ဘယ်လိုပြင်ဆင်ထားပါလား... ဒီလို အကြံပေးတာ၊ ဆရာလုပ်ချင်တာလေးတွေတော့ ရှိမှာပေါ့လေ။
သူတို့မှာလည်း လူသာ အမေရိကားရောက်နေတာ၊ စိတ်က...ဟိုး... မိုင်တသောင်းလောက်အဝေးက ပြည်ခြား- ငါးတက်မှာ ရှိနေတုန်း... ခုနက တပ်ခွဲမှူး၊ တပ်စုမှူးတွေထဲက တယောက်ဆိုရင် အလုပ်လာတာတောင် စစ်ဂျာကင်နဲ့ စစ်ဘေးလွယ်အိတ် (handbag side) နဲ့...
အခုထိ စိတ်တွေက တောထဲမှာ ရှိနေဆဲ၊ ပြီးတော့ ကျနော်ရောက်သွားချိန်က “ပလ” တိုက်ပွဲဖြစ်နေချိန်ဆိုတော့ မြေပြင်က ရဲဘော်တွေနဲ့ ဒီကလူတွေ တိုက်ရိုက် စကားပြောနေကြတာတောင် ကြားခဲ့ရပါတယ်။
(ဒီဆောင်းပါးရေးရင်းနဲ့ သတိရလာတာက ဒီနေ့ စက်တင်ဘာ ၁၉ ဆိုတာ ကျနော်တို့ အုပ်စုတွေ ၁၉၈၈ တုန်းက တောစခိုတဲ့နေ့ပေါ့) ကျနော်တို့ခေတ်တုန်းကဆို ပြည်ပ ရောက်မြန်မာအလှူရှင်ဆိုလို့ အမေရိကားက ဦးတင်မောင်ဝင်းတို့ရဲ့ CRDB နဲ့ သြစီက ဒေါ်ခင်ပြုံးတို့လောက်ပဲရှိတာ။
အခုက နည်းတာမဟုတ်ဘူး။ ABSDF ရဲဘော်ဟောင်းတွေချည်းတောင် ထောင်နဲ့ချီရှိမယ်ထင်ပါတယ်။ NLD-LA, DPNS ရဲဘော်ဟောင်းတွေ၊ ERO အဖွဲ့အသီးသီးက မိသားစုတွေ၊ နိုင်-ကျဉ်းဟောင်းတွေ၊ ပြီးတော့ အခု နွေဦးတော်လှန်ရေးမှာ ထွက်လာသူတွေ... အပြင် အရင် ရှေးရှေးကတည်းက အကြောင်းမျိုးစုံနဲ့ ရောက်နေသူတွေကလည်း အခု နွေဦးတော်လှန်ရေးကို စုပုံပြီး အလှူငွေ ထည့်နေကြတာ တွေ့ရပါတယ်။
အဲ...ဒါပေမယ့် ရှေ့မှာပြောခဲ့တဲ့အတိုင်း လက်နက်ကိုင်တော်လှန်ရေးထဲ ၁၀ နှစ်လောက်ဖြတ်သန်းလာဖူးတဲ့ တနသာင်္ရီတိုင်းသားဟောင်းတွေကတော့ လက်ရှိ ရဲဘော်သစ် လေးတွေကို နည်းနည်းလေးတော့ ဆရာလုပ်-အကြံပေးချင်ကြတာမျိုးတော့ ရှိမှာပေါ့၊ အဖွဲ့တွေကလည်း များလွန်းတာကိုး၊ တရွာတဖွဲ့လို ဖြစ်နေကြတယ် မဟုတ်လား။
ဘိတ်-ထားဝယ်သားတွေက စကားပြောရင်သာ အသံက မပီတာ၊ သီချင်းဆိုရင် ဘိတ်-ထားဝယ်မှန်း မသိအောင်ကို လုံး၀ ပီနေရောတဲ့၊ အဲ... စာရေးရင်လည်း အတော်ကောင်း- ဆိုပဲ...၊ ဂံသားတွေ ပြန်ပြောတာ ကြားဖူးတာပါ။
အဲဒီလို စာရေးကောင်းတဲ့ ဘိတ်-ထားဝယ်သားတဦးက ဒေသတွင်း လူသိများတဲ့ Dawei Watch မှာ ဝေဖန်ရေး ဆောင်းပါးတပုဒ် (မနှစ် အောက်တိုဘာက) ရေးလိုက်ပြီးနောက်ပိုင်း တနသာင်္ရီတိုင်းက တော်လှန်ရေးအဖွဲ့တွေ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု အတော်အားကောင်းသွားတယ်ဆိုပဲ။
အဲ...ဆောင်းပါးအမည်ကတော့...“ပုဂံဘုရားဖူးနေရသည့် တနသာင်္ရီ တော်လှန်ရေးခရီး” တဲ့...။










0 comments:
Post a Comment