Wednesday, May 8, 2024

“ထားဝယ်ဒေသက ပဲဒက် တပ်စခန်းကို KNLA, PDF ပူးပေါင်းတပ်က သိမ်းပိုက်...နောင်...


“ထားဝယ်ဒေသက ပဲဒက် တပ်စခန်းကို KNLA, PDF ပူးပေါင်းတပ်က သိမ်းပိုက်...
နောင်ချိုမှာ တိုက်ပွဲပြင်းထန်... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၉ -၅- ၂၀၂၄)

ထားဝယ်ခရိုင်၊ သရက်ချောင်မြို့နယ်၊ ပဲဒက် စစ်ကောင်စီတပ်စခန်းကို
တော်လှန်ရေးတပ်တွေက မနေ့က မနက်ပိုင်းမှာ အပြီးသိမ်းလိုက်ပြီး စစ်သား ၂၀
ခန့်လက်နက်ချတယ်လို့ ဒေသတွင်းမီဒီယာ Dawei Watch က ဖေါ်ပြပါတယ်။

KNLA ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့  PDF
ပြည်သူ့ကာကွယ်ရေးတပ်တွေက ပဲဒက်စခန်းကို မေလ ၅ ရက်မှာ ထိုးစစ်ဆင်ပြီး ၄
ရက်အကြာ မေ ၈ ရက် မနက် ၈ နာရီခန့်မှာ
အလုံးစုံသိမ်းလိုက်နိုင်ပြီဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဖက်က K8W ဂျက်ဖိုက်တ၊ Mi-2 ရဟတ်ယာဉ်တို့နဲ့ ဗုံးအလုံးရေ ၁၀၀
ကျော် ကြဲတဲ့အပြင် ပဲဝရွာ ပင်လယ်ပြင်ကိုရောက်နေတဲ့ ရေတပ်စစ်သင်္ဘောကလည်း
လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်နေတဲ့ကြားက အခုလို
သိမ်းလိုက်တာဖြစ်ပါတယ်။

ဆိုရှယ်မီဒီယာမှာပြန့်နေတဲ့ ဗီဒီယို ဖွိုင်ထဲမှာတော့ စစ်ကောင်စီဖက်က
အကျအဆုံးများတဲ့အပြင် ၂၀ ခန့်ကို အရှင်ဖမ်းမိတဲ့ပုံတွေ၊ PDF လူငယ်တွေ
အောင်ပွဲခံနေတဲ့ပုံတွေ မြင်ရပါတယ်။ ဒါဟာ နွေဦးတော်လှန်ရေး ၃ နှစ်တာအတွင်း
ထားဝယ်-မြိတ် ကားလမ်းပေါ်က အရေးပါတဲ့ ဗျုဟာကုန်းတခုကို
တော်လှန်ရေးတပ်တွေက သိမ်းပိုက်နိုင်ခြင်းလည်းဖြစ်ပါတယ်။

ညနေပိုင်းဝင်လာတဲ့သတင်းတွေထဲမှာတော့ ပဲဒက်ရွာမှာ စခန်းအသိမ်းခံလိုက်ရ၊
အရှင်ဖမ်းခံလိုက်ရတဲ့ စစ်ကောင်စီဟာ ပဲဒက်ရွာအနီးရှိ ကနက်သီရိကျေးရွာ
စာသင်ကျောင်းကို ညနေ ၄ နာရီလောက်မှာ လေယာဉ်နဲ့ ဗုံးလာကြဲတဲ့အတွက် ကလေးငယ်
၂ ဦးသေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

စာသင်ကျောင်းက ဘောလုံးကွင်းမှာ ဘော်လုံးကန်ဖို့ပြင်နေတဲ့ အသက် ၁၃
နစ်အရွယ် ကလေး ၂ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရတယ်လို့ဆိုပါတယ်။ ဒ့ါအပြင်
အနီးဝန်းကျင် ကျေးရွာတွေဖြစ်တဲ့ ရငဲရွာနဲ့ ကမြိုင်ရွာကြားကိုလည်း
ဗုံးကြဲတဲ့အတွက် ဆေးရုံအဆောင် ပျက်စီးခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

တခါ ပဲဝရွာ ပင်လယ်ဝကို နောက်ထပ် စစ်သင်္ဘော ၄ စီးထပ်ရောက်နေပြီး
ကုန်းပေါ်က စစ်ကူလာတဲ့အဖွဲ့နဲ့ပူးပေါင်းနေတယ်။ တော်လှန်ရေးတပ်ပေါင်းစုနဲ့
တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ Dawei Watch က ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- ကချင်ပြည်နယ်၊ မိုးမောက်မြို့ထဲရှိ စစ်သားတွေ ထွက်ပြေးသွားပေမယ့်
မြို့ပြင်က ခမရ (၄၃၇) မှာတော့ရှိနေဆဲဖြစ်ပြီး  KIA နဲ့ မဟာမိတ်တွေက
မြို့ကို ဝိုင်းထားဆဲဖြစ်...

- နောင်ချိုမြို့နယ် သရက်ကုန်းကျေးရွာမှာဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်း
စစ်ကောင်စီဖက်က ဓာတုအဆိပ်သင့်ဗုံးနဲ့ တိုက်ခိုက်တယ်လို့ PDF- MDY က
သတင်းထုတ်ပြန်...

- တရုတ်နိုင်ငံရဲ့ ကြားဝင်မှုအရ အပစ်ရပ်ထားတဲ့ ရှမ်းမြောက်ဒေသ TNLA -
တအာင်းတပ်မတော်အခြေစိုက်တဲ့ မိုးကုတ်မြို့နယ် ညောင်ကုန်းကျေးရွာကို
စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်...

- ချင်းပြည်နယ်၊ မင်းတပ်မြို့အခြေစိုက် ခလရ (၂၇၄)မှာ တွဲဘက်
တာဝန်‌ထမ်း‌ဆောင်နေတဲ့ ကျောက်ထုမြို့အခြေစိုက် အမတ(၃၆၈) အမြောက်တပ်က
တပ်ကြပ်တဦး လက်နက်ငယ်တလက်နဲ့အတူ တောလှန်ရေးတပ်တွေထံ အလင်းဝင်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More