အမ်းမြို့ကို AA သိမ်းပိုက်... ဗန်းမော်မြို့သိမ်းတိုက်ပွဲ KIA ဆက်အရှိန်မြှင့်... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရသတင်းများ...
(၇- ၁၂- ၂၀၂၄)
ရခိုင်ပြည်နယ်၊ အမ်းမြို့အခြေစိုက် နပခ (အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်) ဒေသရှိ စစ်တပ်စခန်း ၁၈ ခုထဲက ၁၇ ခုကို သိမ်းပိုက်လိုက်ပြီဖြစ်ပြီး နပခ ဌာနချုပ်တခုသာ သိမ်းဖို့ကျန်တော့တယ်လို့ AA (အာရက္ခတပ်တော်) က သတင်းထုတ်ပြန်ပါတယ်။
စခန်း ၁၈ ခုထဲက ၈ ခု သိမ်းတဲ့အကြောင်း နိုဝင်ဘာ ၁၃ မှာ ထုတ်ပြန်ပြီးနောက် နောက်ထပ် သိမ်းမိတဲ့ စခန်း ၉ ခုကတော့ အမှတ် ၉၄၆ ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ခွဲ၊ အမှတ် ၃၇၁ နဲ့ ၃၇၂ ခြေမြန်တပ်ရင်း၊ အမှတ် ၇၅၇/၂ လျှပ်စစ်အလုပ်ရုံတပ်ခွဲ၊ အမှတ် ၉၂၆ ထောက်ပံ့ရေးနှင့်ပို့ဆောင်ရေးတပ်ခွဲ၊ အမှတ် ၉ ဆက် သွယ်ရေးလုံခြုံမှုတပ်ရင်း၊ အမှတ် ၈ အဆင့်မြင့် ဆက်သွယ်ရေးတပ်ရင်း၊ အမှတ် ၁၀ တပ်ထိန်းတပ်ခွဲ၊ အမှတ် ၉၁၉ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းနဲ့ လေဆိပ်အနီးက စခန်းတွေဖြစ် တယ်လို့ ဓာတ်ပုံမှတ်တမ်းနဲ့တကွ ဖော်ပြပါတယ်။
တချိန်တည်းမှာပဲ အမ်းကို ရဟတ်ယာဉ်တွေနဲ့ စစ်ကူ လာချတဲ့ အဖွဲ့တွေကိုလည်း တိုက်ထုတ်ခဲ့တယ် … ရခိုင်ရိုးမကို ဖြတ်ပြီး တက်လာတဲ့ မြေပြင် စစ်ကူတွေကိုလည်း နိုဝင်ဘာ ၂၈ မှာအပြတ် ချေမှုန်းပြီး ၃ ရက်တာ တိုက်ပွဲအတွင်း စစ်သားအလောင်း ၁၀၀ ခန့် ကျန်ခဲ့တယ် … သုံ့ပန်းတွေလည်း ဖမ်းမိတယ် … လက်နက်ခဲယမ်းတွေလည်း ရထားတယ်လို့ AA က ပြောပါတယ်။
အလားတူ ဂွမြို့ဘက်ကို လာတဲ့ စစ်ကူတွေကို နိုဝင်ဘာ ၂၄ မှာ တိုက်ခိုက်ပြီး သံခဲချိုင် ရွာကမ်းခြေနဲ့ ကင်းပုံ ကျေးရွာ အကြားမှာ စစ်သားအလောင်း ၁၂၀ ကျော်ကျန်၊ သုံပန်းတွေ ဖမ်းမိ၊ လက်နက်တွေ ရရှိထားတယ်လို့ ဆိုပါတယ်။
မောင်တောမှာတော့ နခခ ၅ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ စခန်းတခု ကျန်နေဆဲဖြစ်ပြီး စစ်တပ်က ဝေဟင်က ရိက္ခာချပေးတာက လွဲရင် အခြား ဘာမှ မလုပ်နိုင်တော့ဘူးလို့ ဆိုပါတယ်။
အခု ဒီဇင်ဘာ ၆ မှာလည်း အမ်း၊ တောင်ကုတ်၊ ဂွ နဲ့ မောင်တောက လက်ကျန် စခန်းတွေ သိမ်းနိုင်ရေး အရှိန်မြှင့် ဆောင်ရွက်နေတယ်လို့ AA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင်...
- ဗန်းမော်နဲ့ မံစီမြို့ရှိ စစ်ကောင်စီစခန်းတွေကို KIA နဲ့ ပူးပေါင်းတပ်တွေက ၃ ရက် ဆက်တိုက် ထိုးစစ်ဆင်နေပြီး မြို့ခံတွေ စစ် ရှောင်ဖို့ ထွက်ပြေးနေကြ...
- သပိတ်ကျင်း မြို့နယ် တွင်းငယ် ကျေးရွာရဲ့ နေရာအချို့ကနေ TNLA (တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်) နဲ့ PLA (ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်) တို့ ပြန်ခွာပေးလိုက်ရ...
- ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အနောက်ဘက်ကမ်းရှိ ကျွန်းတောကုန်းရွာကနေ နှောပင် ကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့ အင်အား ၅၀ ခန့်ပါ စစ်ကြောင်းကို တော်လှန်ရေး တပ်တွေက ကြားဖြတ် တိုက်ခိုက်ရာမှာ စစ်သား ၂၀ ကျော် သေပြီး ခဲယမ်းအချို့ သိမ်းမိ...
- ထားဝယ်မြို့နဲ့ ၅ မိုင် အကွာရှိ မောင်မယ်ရှောင်နဲ့ ဟားလီကွေ့ရှိ စစ်ကောင်စီစခန်းတွေကို ဒီဇင်ဘာ ၃ ရက်က တိုက်ခိုက်မှုကို ထားဝယ် ဒေသခံ တော်လှန်ရေး တပ်ပေါင်းစုက ဆောင်ရွက်တာဖြစ်တယ်လို့ TPLF (ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်) က သတင်းထုတ်ပြန်...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
သတင်း အင်တာဗျူး youtube ချယ်နယ် https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment