Saturday, January 31, 2026

ဗန်းမော်က စခန်းငယ်အချို့ KIA သိမ်းပိုက်... ကပစ ၁၆ ရဲ့ ကာကင်းစခန်း AA သိမ...


ဗန်းမော်က စခန်းငယ်အချို့ KIA သိမ်းပိုက်... ကပစ ၁၆ ရဲ့ ကာကင်းစခန်း AA သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၁ ဖေဖေါ်ဝါရီ ၂၀၂၆)

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ ခ.လ.ရ (၄၇) တပ်ရင်းအနီးက ကာကင်းစခန်း ၃ ခုကို KIA ကချင်လွတ်လပ်ရေးတပ်မတော်နဲ့မဟာမိတ်တွေက သိမ်းပိုက်ခဲ့ပြီး တင့်ကား တစီးကိုပါ ဖျက်ဆီးနိုင်ခဲ့တယ်လို့ ကချင်သတင်းဌာနတွေက ဖေါ်ပြပါတယ်။

ဇန်နဝါရီ ၂၉ မှာ သိမ်းပိုက်ခဲ့တာဖြစ်ပြီး ခလရ ၄၇ အနာက်ဘက် သုံးမိုင်၊ ကွက်သစ်ဘေးနားကနေရာတွေဖြစ်တယ်လို့ ဆိုပါတယ်။ စစ်တပ်ဖက်ကတော့ Y-8 လေယာဉ်နဲ့ ခလရ ၄၇ ထဲ ရိက္ခာတွေ ချပေးနေတယ်လို့လည်းဆိုပါတယ်။

ဗန်းမော်က စခန်းသိမ်းတိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး KIA ပြောခွင့်ရဗိုလ်မှူူးကြီးနော်ဘူကို BNN က မေးတဲ့အခါ စခန်းကြီးတွေသိမ်းနိုင်တာမျိုးမရှိသေးဘဲ စစ်တပ်ဖက် ရှေ့ကို ကျွံနေတဲ့ ကာကင်းစခန်းထောက်တွေကို သိမ်းတာမျိုးတော့ ရှိတယ်လို့ပြောပါတယ်။

ဒါ့အပြင်...

- ပန်းတောင်းမြို့နယ်၊ ကပစ ၁၆ ရဲ့ ကာကင်းခစန်း ၆၆၆ ပွိုင့်ကုန်းကို AA အာရက္ခတပ်တော်နဲ့ မဟာမိတ်တွေက သိမ်းပိုက်လိုက်ပြီး စစ်တပ်ဖက်က ထိခိုက်သေဆုံးမှုများ...

- ဖလမ်းမြို့နယ်ရှိ Sumhrang ရွာဖက်မှာ ယာယီစခန်းချထားတဲ့ စစ်ကောင်စီတပ်ကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်က ဝင်တိုက်ရာမှာ စစ်သား ၄ ဦးသေဆုံး...

- အုတ်တွင်းမြို့နယ်၊ အုတ်တွင်း- ပေါက်ခေါင်း လမ်းဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေး တပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်သား ၅၀ ခန့် သေပြီး လက်နက် ၁၀ ခန့် သိမ်းမိ...

- ၂၀၂၅ တနှစ်တာအတွင်း စစ်ကောင်စီတပ်နဲ့ KNLA ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဦးဆောင်တဲ့ တော်လှန်ရေါ်တပ်တွေကြား တိုက်ပွဲ ၂၀၀၀ ကျော်ဖြစ်ပွားပြီး စစ်တပ်ဖက်က ၁၅၀၀ ကျော်သေဆုံး၊ ခစန်းကြီး ၁၇ ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Friday, January 30, 2026

“ရွေးကောက်ပွဲကျင်းပလို့ စစ်တပ်က နိုင်သွားတာမဟုတ်ဘူး၊ ပိုရှုံးသွားတာဖြစ်တယ်”


“ရွေးကောက်ပွဲကျင်းပလို့ စစ်တပ်က နိုင်သွားတာမဟုတ်ဘူး၊ ပိုရှုံးသွားတာဖြစ်တယ်”

- ခွန်မြင့်ထွန်း ( ဥက္ကဌ - ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ - PNFC)

(၃၁ ဇန်နဝါရီ ၂၀၂၆)

“ရွေးကောက်ပွဲကျင်းပလို့ စစ်တပ်က နိုင်သွားတာမဟုတ်ဘူး၊ ပိုရှုံးသွားတာဖြစ်တယ်၊ ဒီရွေးကောက်ပွဲကို ပြည်တွင်း၊ ပြည်ပ ဘယ်အဖွဲ့ကမှ လက်ခံတာမဟုတ်ဘူး။ စစ်အုပ်စုက အမှားကို အမှားနဲ့ထပ်ထပ်ဖုံးနေတဲ့ လုပ်ရပ်တခုသာဖြစ်တယ်” လို့ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ - PNFC ဥက္ကဌ ခွန်မြင့်ထွန်းက ပြောပါတယ်။

စစ်ကောင်စီဖက်က ရွေးကောက်ပွဲကျင်းပပြီး ကြံ့ခိုင်ရေးနဲ့ စစ်တပ် ပူးပေါင်းအစိုးရအဖွဲ့တက်လာရင် အာဆီယံနဲ့ နိုင်ငံတကာဖက်က အသိအမှတ်ပြု ဆက်ဆံသွားနိုင်သလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့်မေးမြန်းချက် ဒုတိယ ပိုင်းမှာ...

- အာဆီယံရဲ့ မူတွေကို လက်မခံတဲ့ စစ်ကောင်စီကို အာဆီယံက ဘယ်လိုအရေးယူမှာလဲ...

- အာဆီယံကပြောနေတဲ့ အားလုံးပါဝင် ဆွေးနွေးရေးဆိုတာ ဖြစ်နိုင်ခြေရှိသေးလား... တော်လှန်ရေးအင်အားစုတွေရဲ့ ဆွေးနွေးရေးအတွက် မူဝါဒက ဘာတွေလဲ...

- အပစ်ရပ်ဆွေးနွေးပွဲ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲ၊ နိုင်ငံရေးဆွေးနွေးပွဲ... ဘာတွေတူပြီး ဘာတွေကွာသလဲ... အခုအာဆီယံကပြောနေတာက ဘယ်လိုဆွေးနွေးပွဲမျိုးလဲ...

- စစ်ကောင်စီရဲ့ရွေးကောက်ပွဲအတုနဲ့ အဲဒီကနေထွက်လာတဲ့ အစိုးရအတုကို ပြည်တွင်း ပြည်ပ ဘယ်အဖွဲ့ကမှ လက်မခံဘူးလို့ ဘာကြောင့်ပြောနိုင်တာလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“ရွှေ့ပြောင်းလုပ်သားတွေရဲ့ လုပ်အား မဖြစ်မနေလိုအပ်တယ်လို့ပြောတဲ့ ပါတီတွေလ...


“ထိုင်းနိုင်ငံ ဖွံ့ဖြိုးရေးအတွက် ရွှေ့ပြောင်းလုပ်သားတွေရဲ့ လုပ်အား မဖြစ်မနေလိုအပ်တယ်လို့ပြောတဲ့ ပါတီတွေလည်း အများကြီးရှိပါတယ်”

- ဦးထူးချစ် (ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း - FED)

(၃၀ ဇန်နဝါရီ ၂၀၂၆)

“ရွှေ့ပြောင်းလုပ်သားတွေအပေါ် မကောင်းမြင်တဲ့ပါတီက အနည်းစုပါ။ ထိုင်းနိုင်ငံ ဖွံ့ဖြိုးရေးအတွက် ရွှေ့ပြောင်းလုပ်သားတွေရဲ့ လုပ်အား မဖြစ်မနေလိုအပ်တယ်လို့ပြောတဲ့ ပါတီတွေလည်း အများကြီးရှိပါတယ်” လို့ ထိုင်းနိုင်ငံတောင်ပိုင်း ဖန်င ဒေသအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း - FED - ညွှန်ကြားရေးမှူး ဦးထူးချစ်က ပြောပါတယ်။

မြန်မာရွှေ့ပြောင်းလုပ်သားတွေနဲ့ အလုပ်သမားတွေကို ကူညီပေးနေတဲ့ NGO တွေကို နှိမ်နှင်းမယ်ဆိုပြီး ထိုင်းနိုင်ငံရေးပါတီသစ်တခုက ပြောဆိုလာတဲ့အတွက် မြန်မာ အလုပ်သမားတွေအပေါ် ထိခိုက်မှုရှိနိုင်သလား...စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ...

- မြန်မာအလုပ်သမားတွေနဲ့ ကူညီပေးနေတဲ့ NGO တွေကို နှိမ်နှင်းမယ်ဆိုပြီး ထိုင်းနိုင်ငံရေးပါတီသစ်တခုက ပြောဆိုလာတာ ဘယ်လောက်အထိ စိုးရိမ်စရာရှိသလဲ...

- ဖေဖေါ်ဝါရီ ၈ ရက် ရွေးကောက်ပွဲမှာ အဲဒီပါတီ အနိုင်ရနိုင်သလား၊ ဘယ်ပါတီတွေ အနိုင်ရရင် မြန်မာအလုပ်သမားတွေ သက်သာရာ ရနိုင်သလဲ...

- မြန်မာအလုပ်သမားတွေ လုပ်ခွင့်မရှိတဲ့ လုပ်ငန်း ၂၀ ကျော်က ဘာတွေလဲ... အလုပ်အမျိုးအစားပေါ် ဘယ်လိုလေ့လာသင့်သလဲ...

- ထိုင်းနိုင်ငံသားတွေနဲ့ မြန်မာအလုပ်သမားတွေကြားမှာ ပြသာနာနည်းအောင် ဘယ်လို နေထိုင် ကျင့်ကြံသင့်သလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Thursday, January 29, 2026

“စကမ ရွေးကောက်ပွဲကို အာဆီယံက အသိအမှတ်မပြုဘူးဆိုတာ ရှင်းနေတာပဲလေ”


“စကမ ရွေးကောက်ပွဲကို အာဆီယံက အသိအမှတ်မပြုဘူးဆိုတာ ရှင်းနေတာပဲလေ”

- ခွန်မြင့်ထွန်း ( ဥက္ကဌ - ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ - PNFC)

(၃၀ ဇန်နဝါရီ ၂၀၂၆)

“အာဆီယံက ရွေးကောက်ပွဲ လေ့လာရေးအဖွဲ့လည်း မလွတ်ဘူး၊ အာဆီယံ မူ ၅ ချက်နဲ့မကိုက်ညီတဲ့ ရွေးကောက်ပွဲကိုလည်း အသိအမှတ်မပြုဘူးဆိုတာ ရှင်းနေတာပဲလေ” လို့ အာဆီယံ အလှည်ကျဥက္ကဌသစ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံတဲ့ တော်လှန်ရေးအင်အားစုထဲ ပါဝင်သူ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ - PNFC ဥက္ကဌ ခွန်မြင့်ထွန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက တွေ့ဆုံခဲ့တဲ့ အာဆီယံ အလှည်ကျဥက္ကဌသစ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရေဆာ လာဇာရိုနဲ့ တော်လှန်ရေးအင်အားစုတွေ တွေ့ဆုံမှု ဘာတွေထူးသလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့်မေးမြန်းချက် ပထမ ပိုင်းမှာ...

- အာဆီယံအလှည်ကျဥက္ကဌသစ်နဲ့ တော်လှန်ရေးအင်အားစုတွေ ဘယ်လိုတွေ့ဆုံကြသလဲ...

- စကမ ရဲ့ ရွေးကောက်ပွဲကို အာဆီယံက အသိအမှတ်မပြုတာ သေချာပြီလား...

- တော်လှန်ရေးအင်အားစုတွေနဲ့ အာဆီယံကြားမှာ ဘယ်လို ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လုပ်ဖို့ရှိသလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ဇန်နဝါရီ ၂၉ နေ့လယ်ပိုင်းမှာ မေးမြန်းထားချက်ဖြစ်ပါတယ်။ ညနေပိုင်း ဝင်လာတဲ့သတင်းတွေအရ စကမ ရဲ့ ရွေးကောက်ပွဲကို အာဆီယံက အသိအမှတ်မပြုဘူးလို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက စီဘူမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအတွင်း ပြောသွားတယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖေါ်ပြထားပါတယ်။

စကမ ရွေးကောက်ပွဲကို အသိအမှတ်မပြုရင် အာဆီယံက ဘာဆက်လုပ်မလဲ... ဆွေေးနွးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Wednesday, January 28, 2026

ရိုဟင်ဂျာကိစ္စ ICJ တရားရုံးက ဘယ်လိုဆုံးဖြတ်မလဲ... နောက်ဆုံးအခြေအနေ တင်ပြ...


ရိုဟင်ဂျာကိစ္စ ICJ တရားရုံးက ဘယ်လိုဆုံးဖြတ်မလဲ... နောက်ဆုံးအခြေအနေ တင်ပြချက်...

(၂၉ ဇန်နဝါရီ ၂၀၂၆)

နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ရှိ ICJ နိုင်ငံတကာတရားရုံးမှာ ဇန်နဝါရီ ၁၂ ကစပြီး ကြားနာနေတဲ့ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က လူမျိုးတုန်းသတ်ဖြတ်မှုရှိ မရှိ ကြားနာမှုဟာ အခု ၂၉ ရက်နေ့၊ မကြာခင် နာရီပိုင်းအတွင်း ပြီးဆုံးတော့မှာဖြစ်ပါတယ်။

ICJ တရားသူကြီးတွေ ဘယ်လိုဆုံးဖြတ်မလဲ... အားလုံးက စိတ်ဝင်တစားစောင့်ကြည့်နေပါတယ်...

ဆုံးဖြတ်ချက်ဘယ်လိုထွက်လာနိုင်သလဲဆိုတာကိုမပြောခင်... ဒီကြားနာမှုအပေါ် စစ်တပ်ထောက်ခံသူတွေနဲ့ ရိုဟင်ဂျာတွေအပေါ် စာနာထောက်ခံသူတွေရဲ့အမြင်ကို အရင် တင်ပြချင်ပါတယ်။

ICJ ရုံးနဲ့ ICJ တရားသူကြီးတွေအပေါ် ဝေဖန်ပုတ်ခတ်တာ မလုပ်ရ၊ ရိုဟင်ဂျာတွေအပေါ် လူမျိုးရေးအရတိုက်ခိုက်တာ၊ အမုန်းပွားစေတာတွေ မပြောရဆိုပြီး ဇန်နဝါရီ ၂၁ မှာ စစ်တပ် ဝါဒဖြန့်ဌာန မြဝတီရုပ်သံကနေ သတိပေးလိုက်ပေမယ့် ၂၇ မွန်းလွဲပိုင်းက ရန်ကုန်မြို့လယ် မဟာဗန္ဒုုလပန်းခြံရှေ့ကျင်းပတဲ့ မဘသ တွေရဲ့ ဆန္ဒပြပွဲမှာတော့ အရင်အတိုင်း ဝေဖန်နေဆဲဖြစ်တယ်ကို ကြားခဲ့ရပါတယ်။

ရိုဟင်ဂျာတွေ၊ ရိုဟင်ဂျာတွေကို စာနာအားပေးသူတွေကလည်း ဇန်နဝါရီ ၂၈ မွန်းလွဲပိုင်းက ICJ တရားရုံးရှေ့မှာ ဆန္ဒပြပွဲတခု ကျင်းပခဲ့တာတွေ့ရပါတယ်။

ဒီလို ၂ ဖက်ကွဲပြားနေတဲ့ တင်ပြချက်တွေအပေါ် ICJ တရားသူကြီးတွေက ဘယ်လိုဆုံးဖြတ်မလဲ... မကြာခင်နာရီပိုင်းအတွင်း ဆုံးဖြတ်ချက်ထွက်လာတော့မှာဖြစ်ပါတယ်။ ဒါမှမဟုတ် အချိန်မလုံလောက်သေးတဲ့အတွက် နောက်တကြိမ် ရုံးချိန် ထပ်ချိန်းတာမျိုးလည်းဖြစ်နိုင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အချက်အလက်တွေအပေါ်အခြေခံပြီး ဥပဒေကြောင်းအရ စနစ်တကျဆုံးဖြတ်မယ့် ICJ တရားသူကြီးတွေရဲ့ ဆုံးဖြတ်ချက်အတိုင်း အားလုံးလိုက်နာဆောင်ရွက်ရမှာဖြစ်တယ်လို့... ဆန္ဒပြပွဲအတွင်းပါဝင်သူ နယ်သာလန်နိုင်ငံရောက် ဒီမိုကရေစီ အရေးတက်ကြွသူ ဦးဌေးတင့်က ပြောကြားခဲ့ပါတယ်။
---
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

ရိုဟင်ဂျာကိစ္စ တရာမျှတမှုရရေးအတွက် ICJ ရုံးရှေ့မှာ ဆန္ဒပြ...


ရိုဟင်ဂျာကိစ္စ တရာမျှတမှုရရေးအတွက် ICJ ရုံးရှေ့မှာ ဆန္ဒပြ...

(၂၈ ဇန်နဝါရီ ၂၀၂၆)

နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ရှိ ICJ နိုင်ငံတကာတရားရုံးမှာ ကြားနာနေတဲ့ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့ ဖိနှိပ်မှုတွေနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချဖို့ ရက်နီးလာလေ၊ ဆန္ဒပြမှုတွေ ပိုများလာနေပါတယ်။

စစ်ကောင်စီကို ထောက်ခံအားပေးသူတွေက ဇန်နဝါရီ ၂၇ မွန်းလွဲပိုင်းက ရန်ကုန်မြို့လယ်မှာ ဆန္ဒပြကြတာကိုတွေ့ရပြီး ရိုဟင်ဂျာတွေအပေါ် စာနာအားပေးသူတွေကတော့ ဇန်နဝါရီ ၂၈၊ ဒေသစံတော်ချိန် မွန်းလွဲ တနာရီခန့်က ICJ တရားရုံးရှေ့မှာ ဆန္ဒပြတာ တွေ့လိုက်ရပါတယ်။

ICJ တရားရုံးရှေ့က ဆန္ဒပြပွဲကို ကောက်နုတ်ဖေါ်ပြလိုက်ပါတယ်။

နှစ်ဖက် ဆန္ဒပြပွဲတွေနဲ့ မနက်ဖန် ဇန်နဝါရီ ၂၉ မွန်းလွဲပိုင်းမှာ ICJ တရားသူကြီးတွေက ဒီအမှုကို ဘယ်လိုဆုံးဖြတ်နိုင်သလဲ... ဝေဖန်သုံးသပ်ချက်ကိုတော့ မနက်ဖန် မနက် ၇ နာရီခွဲမှာ ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်။
---

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Monday, January 26, 2026

ICJ ကြားနားမှု နောက်ဆုံးအခြေအနေ... ဘာတွေဖြစ်လာနိုင်သလဲ...


ICJ ကြားနားမှု နောက်ဆုံးအခြေအနေ... ဘာတွေဖြစ်လာနိုင်သလဲ...

(၂၇ ဇန်နဝါရီ ၂၀၂၆)

နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ရှိ ICJ တရားရုံးက ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က လူမျိုးတုန်းသတ်ဖြတ်မှုရှိ မရှိ ဒုတိယ အကြိမ် စစ်ဆေးမှုကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၂ ရက်မှာ စတင်ပြီး ၂၉ ရက်မှာ ပြီးဆုံးမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

၂၉ ရက်နေ့နီးလာတာနဲ့အမျှ ဒီအမှုအပေါ် မြန်မာပြည်သူတွေရဲ့ စိတ်ဝင်စားမှုတိုးလာနေပြီး စစ်ကောင်စီဖက်ကလည်း ICJ တရားရုံးနဲ့တရားသူကြီးတွေကို ဝေဖန်ပုတ်ခတ်တာမလုပ်ရ၊ ရိုဟင်ဂျာ (စစ်တပ်အခေါ်...  တိုင်းရင်းသားအမျိုးအမည်တွင် မပါဝင်သည့်၊ တိုင်းရင်းအဖြစ် မသတ်မှတ်ထားသည့် လူမျိုး) တွေအပေါ် အမုန်းစကားမပြောရ၊ လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းတွေ မသုံးရဆိုပြီး ဇန်နဝါရီ ၂၁ မှာ အမိန့်ထုတ်ပြန်ထားပါတယ်။

ဒီနေ့ (ဇန်နဝါရီ ၂၇) မွန်းလွဲပိုင်းမှာ ရန်ကုန်နဲ့ မန္တလေးမှာ မဘသတွေ ဦးစီး ကျင်းပဖို့ရှိနေတဲ့ ICJ ဆန့်ကျင်ရေး၊ ဂမ်ဘီယာဆန့်ကျင်ရေး၊ ရိုဟင်ဂျာဆန့်ကျင်ရေးဆန္ဒပြပွဲတွေကိုလည်း ...ဦးကိုကိုလှိုင် ထောက်ခံရေးဆန္ဒပြပွဲအဖြစ် ခေါင်းစဉ်ပြောင်းထားတယ်လို့ သတင်းတွေထွက်နေပါတယ်။

ဆိုတော့... ဇန်နဝါရီ ၂၉ မှာ ICJ တရားရုံးရဲ့ ဆုံးဖြတ်ချက် ဘယ်လိုထွက်လာနိုင်သလဲ...။ ဆုံးဖြတ်ချက်မချသေးပဲ အချိန်ယူပြီး ထပ်မံစစ်ဆေးဦးမှာလား... 

ဇန်နဝါရီ ၁၂ ကနေ ၂၇ အထိ ICJ တရားရုံးရဲ့ ထူးခြားချက်တွေအကြောင်း BNN က စုစည်းတင်ပြထားတာကို ထုတ်လွှင့်ပေးလိုက်ပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Sunday, January 25, 2026

“ICJ နဲ့ နိုင်ငံတကာဥပဒေတွေကို စော်ကားချင်တဲ့စရိုက်ဆိုးက စစ်ဗိုလ်တွေရဲ့ အ...


“ICJ နဲ့ နိုင်ငံတကာဥပဒေတွေကို စော်ကားချင်တဲ့စရိုက်ဆိုးက စစ်ဗိုလ်တွေရဲ့ အတွင်းစိတ်ထဲမှာ ကိန်းအောင်းနေတယ်”

- ဦးတိုးဇော်လတ် - (လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ - IPCM)

(၂၆ ဇန်နဝါရီ ၂၀၂၆)

“ICJ နဲ့ နိုင်ငံတကာဥပဒေကိုရော၊ ပြည်တွင်းဥပဒေတွေကိုပါ စော်ကားချင်တဲ့ စရိုက်ဆိုးက စစ်ဗိုလ်ချုပ်တွေရဲ့ အတွင်းစိတ်ထဲမှာ ကိန်းအောင်းနေတယ်။ ဒါကြောင့် အခု သတိပေးထုတ်ပြန်ချက်က ဟန်ပြသဘောသာဖြစ်တယ်။ စိတ်ဓာတ်မြင့်မားလာအောင် အများကြီး ဆောင်ရွက်ရဦးမယ်” လို့ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ - IPCM- အတွင်းရေးမှူး ဦးတိုးဇော်လတ်က ပြောပါတယ်။

ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး ICJ မှာ တရားရင်ဆိုင်နေရချိန်မှာ ICJ တရားရုံးနဲ့ တရားသူကြီးတွေကို ဝေဖန်ပုတ်ခတ်တာမလုပ်ဖို့၊ လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းနဲ့ ရိုဟင်ဂျာတွေအပေါ် အမုန်းစကားမပြောဖို့ သတိပေးတယ်ဆိုပြီး စစ်ကောင်စီဖက်က ကြေညာချက်ထွက်လာတဲ့အပေါ် ကြိုဆိုပါသလား ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- ICJ တရားရုံးနဲ့ တရားသူကြီးတွေကို ဝေဖန်ပုတ်ခတ်တာမလုပ်ဖို့၊  ရိုဟင်ဂျာတွေအပေါ် အမုန်းစကားမပြောဖို့ သတိပေးချက်ကို စစ်တပ်ထောက်ခံသူတွေက တကယ်လိုက်နာဆောင်ရွက်နိုင်သလား...

- ဘုူးလက်လှဆွေရဲ့ ICJ ကို ဇစ်ဖြုတ်ပြမယ်ဆိုတဲ့သဘောတားက စစ်ဗိုလ်တွေရဲ့ အတွင်းစိတ်သရုပ်မှန်လား...

- ဆိုရှယ်မီဒီယာတွေပေါ်မှာ ပွဲဆူအောင်လုပ်နေသူတွေ၊ အမုန်းစကားကို အမုန်းစကားမှန်းမသိပဲ အလွယ်တကူဖြန့်ဝေနေသူတွေကြောင့် ဒီပြသာနာ ပိုကြီးထွားလာနေတာလား...

- စစ်ဗိုလ်တွေနဲ့ စစ်တပ်ထောက်ခံသူတွေ ယဉ်ကျေးလိမ်မာလာအောင် ဘယ်လို ဆောင်ရွက်သင့်သလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Friday, January 23, 2026

“ပြစ်မှုကျုးလွန်ထားတဲ့ ဗိုလ်ချုပ်တွေကို အရေးယူမှုမလုပ်ပဲနဲ့ အမျိုးသားပြန...


“ပြစ်မှုကျုးလွန်ထားတဲ့ ဗိုလ်ချုပ်တွေကို အရေးယူမှုမလုပ်ပဲနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး သွားလုပ်ရင်တော့...”

- ဦးအောင်ထူး (Human Rights Lawyer & Founder of Legal Aid Network)

(၂၄ ဇန်နဝါရီ ၂၀၂၆)

“၁၉၆၂ ကနေ အခုချိန်အထိ စစ်တပ်ကကျုးလွန်ခဲ့တဲ့၊ ကျုးလွန်နေဆဲဖြစ်တဲ့ ပြစ်မှုတွေကို အရေးယူမှုမလုပ်ပဲနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အရင်သွားလုပ်တော့ ဘာဖြစ်သွားလဲ၊ အဲဒါကို သင်္ခန်းစာယူပေါ့” လို့ ဥပဒေအထောက်အကူပြုကွန်ရက်တည်ထောင်သူ လူ့အခွင့်အရေးရှေ့နေ ဦးအောင်ထူးက ပြောပါတယ်။

နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ကြားနာစစ်ဆေးနေတဲ့ စစ်ကောင်စီတပ်ဖက်က လူမျိုးတုံးသတ်ဖြတ်မှုရှိ မရှိ ဖြစ်စဉ်အပေါ် မြန်မာနိုင်ငံသားတွေ ဘယ်လိုလေ့လာ၊ သင်ခန်းစာယူသင့်သလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...

- ရုရှားသမ္မတတို့၊ အစ္စရေးဝန်ကြီးချုပ်တို့ကို ဖမ်းမိန့်ထုတ်ထားပြီး မဖမ်းနိုင်ဖြစ်နေတဲ့ ကုလသမဂ္ဂက မင်းအောင်လှိုင်ကိုကော ဖမ်းနိုင်စွမ်းရှိပ့ါမလား...

- ၁၉၆၂ နောက်ပိုင်းကနေ ဆက်တိုက်ကျုးလွန်နေတဲ့ စစ်တပ်ရဲ့ ရာဇဝတ်မှုတွေကို မြန်မာနိုင်ငံသားတွေက အချိန်မီမတားဆီးတဲ့အတွက် နိုင်ငံတကာခုံရုံးအထိ အခုလို ရောက်သွားရတာလား...

- ပြစ်မှုကျုးလွန်ထားတဲ့ စစ်ဗိုလ်ချုပ်တွေကို ပြစ်ဒဏ်အရင်စီရင်ပြီးမှ အမျိုးသားပြန်လည်သင့်မြတ်ရေးစားပွဲဆီ ဖိတ်ခေါ်သင့်သလား... အပြစ်အရင်ပေးလိုက်ရင် အမျိုးသားပြန်လည်သင့်မြတ်ရေးက ပျက်သွားနိုင်သလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“နိုင်ငံခြားရေးဌာနထက် လဝက ဌာနက ပိုသြဇာရှိနေတော့ ပြောရခက်တယ်”


“နိုင်ငံခြားရေးဌာနထက် လဝက ဌာနက ပိုသြဇာရှိနေတော့ ပြောရခက်တယ်”

- ဦးတင်မောင်သန်း (နိုင်ငံရေး လေ့လာသုံးသပ်သူ)

(၂၃ ဇန်နဝါရီ ၂၀၂၆)

“မြန်မာနိုင်ငံအပေါ် သဘောထားနဲ့ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနက တမျိုး၊ အမိမြေလုံခြုံရေးဌာနကတဖုံ အမြင် ၂ မျိုုးဖြစ်နေတဲ့အတွက် အတုအယောင်ရွေးကောက်ပွဲကနေတက်လာမယ့် စစ်တပ်နဲ့ ကြံ့ခိုင်ရေး လက်ယာအစွန်းရောက်အဖွဲ့ကို အသိမှတ်ပြုမလား- မပြုဘူးလားဆိုတာ အတိအကျပြောဖို့ခက်ပါတယ်” လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးတင်မောင်သန်းက ပြောပါတယ်။

ဇန်နဝါရီ ၂၀ မှာ သက်တန်းတနှစ်ပြည့်သွားတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ တနှစ်တာအတွင်း မြန်မာနိုင်ငံအပေါ် ဘာတွေကူညီပေးခဲ့သလဲ၊ လက်ရှိကျင်းပနေတဲ့ အတုအယောင်ရွေးကောက်ပွဲအပေါ် ဘယ်လိုသဘောထားနိုင်သလဲ...  စသဖြငု့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...

- ပြီးခဲ့တဲ့ တနှစ်တာအတွင်း သမ္မတထရမ့်က မြန်မာကို ဘာတွေကူညီပေးခဲ့သလဲ... ဘာတွေ ဖြတ်တောက်ခဲ့သလဲ...

- မြန်မာနိုင်ငံက လက်ယာအစွန်းရောက် အမျိုးသားရေးဝါဒီတွေရဲ့ မူဝါဒနဲ့ သမ္မတထရမ့် လက်ရှိကျင့်သုံးနေတဲ့ လက်ယာဝါဒီတွေကြား ဘာတွေတူပြီး- ဘာတွေကွာသလဲ...

- နိင်ငံခြားရေးဝန်ကြီးဌာနထက် လဝက ဝန်ကြီးဌာနက ပိုသြဇာကြီးနေတယ်လို့  ဘာကြောင့်ပြောတာလဲ...

- ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေက လွှတ်တော်ကိုသာ ချည်းကပ်နိုင်ပြီး သမ္မတထရမ့် အစိုးရအဖွဲ့ကို မချည်းကပ်နိုင်သေးတာ ဘာကြောင့်လဲ...

- အတုအယောင်ရွေးကောက်ပွဲကနေ တက်လာနိုင်တဲ့ စစ်တပ်နဲ့ ကြံ့ခိုင်ရေး ပူးတွဲအစိုးရကို သမ္မတထရမ့်အစိုးရအဖွဲ့က ဘယ်လို သဘောထားနိုင်သလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Thursday, January 22, 2026

“ICJ တရားရုံးမှာ စစ်ကောင်စီရှုံးမှ မြန်မာလူထု သက်ရာရမယ်၊ ဒါကို ရှင်းရှင်...


“ICJ တရားရုံးမှာ စစ်ကောင်စီရှုံးမှ မြန်မာလူထု သက်ရာရမယ်၊ ဒါကို ရှင်းရှင်းလင်းလင်း မြင်ဖို့လိုတယ်”

- ဦးအောင်ထူး (Human Rights Lawyer & Founder of Legal Aid Network)

(၂၃ ဇန်နဝါရီ ၂၀၂၆)

“ICJ တရားရုံးမှာ ကြားနာစစ်ဆေးနေတဲ့ ရိုဟင်ဂျာတွေအပေါ် စစ်တပ်ရဲ့ ကျုးလွန်မှုတေနဲ့ပတ်သက်ပြီး စစ်ကောင်စီဖက်က ရှုံးမှ မြန်မာလူထု သက်သာရာရမယ်၊ စစ်ကောင်စီနိုင်သွားရင် လူထုအပေါ်ရက်စက်သတ်ဖြတ်မှုတွေ ပိုဆိုးလာနိုင်တယ်၊ ဒါကို ရှင်းရှင်းလင်းလင်း မြင်ဖို့လိုတယ်” လို့ ဥပဒေအထောက်အကူပြုကွန်ရက်တည်ထောင်သူ လူ့အခွင့်အရေးရှေ့နေ ဦးအောင်ထူးက ပြောပါတယ်။

ဂမ်ဘီယာက တရားစွဲတာဟာ မင်းအောင်လှိုင်နဲ့ စစ်တပ်ကို စွဲတာမဟုတ်ဘူး။ မြန်မာနိုင်ငံကိုစွဲတာဖြစ်တဲ့အတွက် အမျိုးသားရေးတာဝန်အဖြစ် ကာကွယ်ရမယ်ဆိုပြီး စစ်တပ်က ဝါဒဖြန့်မှုအပေါ် လူထုကြားဝေဝါးမှုရှိနေသလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...

- ICJ တရားရုံးမှာ ဂမ်ဘီယာနဲ့ စစ်ကောင်စီ အပြန်အလှန်တင်ပြမှု ဘယ်အနေအထားရောက်နေပြီလဲ...

- ဂမ်ဘီယာက တရားစွဲတာဟာ မြန်မာနိုင်ငံကိုစွဲတာလား... ပြစ်မှုကျုးလွန်တဲ့ စစ်တပ်ကို စွဲတာလား...

- စစ်ကောင်စီရှုံးမှ မြန်မာလူထု သက်ရာရမယ်၊ စစ်ကောင်စီနိုင်ရင် မြန်မာလူထုအပေါ် ဖိနှိပ်သတ်ဖြတ်မှုတွေ ပိုဆိုးလာမယ်ဆိုတာကို သိရဲ့နဲ့ လူအချို့က ဘာကိုတွေဝေနေတာလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ICJ ကြားနာမှုက ဆုံးဖြတ်ချက်မချခင်မှာတောင် စစ်ကောင်စီကို ရိုက်ခတ်မှုရှိနေပြီလား... ဆွေးနွေးချက်ပါတဲ့ ဒုတိယပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Wednesday, January 21, 2026

“အလယ်အလတ် အင်အားစုနိုင်ငံတွေနဲ့ စူပါ ပါဝါနိုင်ငံတွေကြား အားပြိုင်မှုကို ...


“အလယ်အလတ် အင်အားစုနိုင်ငံတွေနဲ့ စူပါ ပါဝါနိုင်ငံတွေကြား အားပြိုင်မှုကို မြင်လာရနိုင်ပါတယ်” 

- ဦးတင်မောင်သန်း (နိုင်ငံရေး လေ့လာသုံးသပ်သူ)

(၂၂ ဇန်နဝါရီ ၂၀၂၆)

“အမေရိကားမှာ အရင်ကရှိနေတဲ့ အာဏာဖွဲ့စည်းပုံ စနစ်တခုလုံးကို သမ္မတထရမ့်က ဖြိုချလိုက်ပြီဖြစ်တဲ့အတွက် ဥပဒေပြုရေးနဲ့ တရားစီရင်ရေးတွေက အုပ်ချုပ်ရေးကို မထိန်းကျောင်းနိုင်တော့ဘူး။ ကမ္ဘာ့အစီစဉ်တွေလည်း ပျက်ကုန်ပြီဖြစ်တဲ့အတွက် အလယ်အလတ်အင်အားစုနိုင်ငံတွေနဲ့ စူပါ ပါဝင်နိုင်ငံတွေကြား အားပြိုင်မှုကို မြင်လာရဖွယ်ရှိနေပါတယ်” လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးတင်မောင်သန်းက ပြောပါတယ်။

ဇန်နဝါရီ ၂၀ မှာ သက်တန်းတနှစ်ပြည့်သွားတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ တနှစ်တာအတွင်း ဆောင်ရွက်မှုတွေအပေါ် နိုင်ငံတကာ အကဲခတ်တွေက ဘယ်လိုရှုမြင်ကြသလဲ... စသဖြငု့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...

- သမ္မတထရမ့်လုပ်ဆောင်နေပါတယ်ဆိုတဲ့ တော်လှန်ရေးဆိုတာကို အကဲခတ်တွေက ဘယ်လိုရှုမြင်ကြသလဲ...

- ဥပဒေပြုရေး- တရားစီရင်ရေး- အုပ်ချုပ်ရေး ဆိုတဲ့ မဏ္ဍိုင် ၃ ရပ် အပြန်အလှန်ထိန်းကျောင်းရေးအခြေခံ အမေရိကန်မှာ ပျက်သွားပြီလား...

- အလယ်အလတ်အင်အားစုနိုင်ငံတွေစုပေါင်းပြီး သမ္မထရမ့်ရဲ့ ရမ်းကားမှုကို ပြန်လည်ထိန်းကျောင်းနိုင်ခြေရှိရဲ့လား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ရွေးကောက်ပွဲအတုကနေ ထွက်ပေါ်လာမယ့် ကြံံခိုင်ရေးပါတီအစိုးရကို သမ္မတထရမ့် အစိုးရက အသိအမှတ်ပြုနိုင်ခြေရှိသလား... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Tuesday, January 20, 2026

ငါန်းဇွန်က ရွေး-ကော် လုံခြုံရေးတပ်ကို PDF တိုက်ခိုက်... လောင်းလုံးက ရွေး...


ငါန်းဇွန်က ရွေး-ကော် လုံခြုံရေးတပ်ကို PDF တိုက်ခိုက်... လောင်းလုံးက ရွေး-ကော် တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂၁ ဇန်နဝါရီ ၂၀၂၆)

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် မြို့သာမြို့ ရွေးကောက်ပွဲလုံခြုံရေးအတွက်  မြို့သာ ရဲစခန်းဆီ အင်အားဖြည့်ဖို့ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက မိုင်းဆွဲ တိုက်ခိုက်ရာမှာ စစ်သား ၁၅ ဦးသေဆုံးတယ်လို့ Special TASK FORCE Ngazun က သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၁၉၊ မနက်ပိုင်းမှာ  မြို့သာစက်မူဇုန် အထိုင်ချ တပ်စခန်းကနေ မြို့သာမြို့  ရဲစခန်းဆီ ထွက်ခွာလာတဲ့  အင်အား ၁၅၀ ခန့်ပါ စစ်ကား ၅ စီးကို စက်မှုဇုန်-မြို့သာလမ်းမကြီးပေါ် မိုင်းဆွဲတိုက်ခိုက်တာလို့ ဆိုပါတယ်။

ဒ့ါအပြင်...

- စစ်ကားတစီး  ကျောက်ပန်းတောင်း - ချောက် ကားလမ်းပေါ် ကင်းလှည့်နေစဉ် တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ ဗိုလ်အဆင့်တဦးအပါဝင် ၁၀ ဦးသေဆုံး...

- ချောင်းဦးမြို့မှာ ရွေး-ကော် အဖွဲ့ဝင်တဦး၊ ရုံးအကူတဦးနဲ့ အခြား ၂ ဦး၊ အားလုံး ၄ ဦးကို အမည်မသိအဖွဲ့တခုက ဖမ်းဆီးသွား...

- ကျောက်တော်မြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်ဒေသရှိ ချောင်းတူကျေးရွာအနီးကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် မကြာခင် ပြန်လွတ်ပေးဖို့ စုထားတဲ့ စစ်ကောင်စီရဲ့ စစ်သုံ့ပန်းတွေနဲ့ မိသားစုဝင်တွေ သေဆုံးခဲ့ရ...

- လောင်းလုံးမြို့နယ်၊ စခန်းကြီးရွာမှာ စစ်တပ်လုံခြုံရေးနဲ့အတူ မဲစာရင်းကောက်နေချိန် ဒရုန်းဗုံး ကျရောက်ပေါက်ကွဲတဲ့အတွက် အရပ်သား ၃ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရ...

- အပိုင်း ၃ ပိုင်းခွဲပြီး ကျင်းပနေတဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို အာဆီယံက အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြား...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Monday, January 19, 2026

ကပစ ၁၆ အနီး AA တိုက်ခိုက်... တောင်သာ မဲရုံလုံခြုံရေးစစ်တပ်ကို PDF တိုက်ခ...


ကပစ ၁၆ အနီး AA တိုက်ခိုက်... တောင်သာက မဲရုံလုံခြုံရေးစစ်တပ်ကို PDF တိုက်ခိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂၀ ဇန်နဝါရီ ၂၀၂၆)

ပဲခူးတိုင်း၊ ဥသျှစ်ပင်မြို့၊ မသုန်ရွာအနီးရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)ကနေ ၆၆၆ ပွိုင့်ကုန်းနဲ့ လေသာတာင်ဖက် ရိက္ခာပို့ဖို့ ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို အာရက္ခတပ်တော် AA နဲ့ မဟာမိတ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်တပ်ဖက်က အထိခိုက်များစွာနဲ့ ပြန်ဆုတ်ပြေးသွားပြီး လား ၃ ကောင်နဲ့ ရိက္ခာထုတ်တွေ သိမ်းမိတယ်လို့  နိရဉ္စရာက ဖေါ်ပြပါတယ်။

ဇန်နဝါရီ ၁၈၊ မနက်ပိုင်းမှာ အင်အား ၁၀၀ ခန့်ပါ ရိက္ခာပို့စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုင်စဉ် အခုလို ဖမ်းမိတာလို့ စစ်ဖက်သတင်းရပ်ကွက်တွေကပြောပါတယ်။

ဒါ့အပြင်...

- ဖလမ်းမြို့နယ် Sumhrang ရွာအနီး စခန်းချထားတဲ့ စစ်ကောင်စီတပ်ရဲ့ ကင်းစခန်း ၂ ခုကို ချင်းတော်လှန်ရေးတပ်တွေက ဇန်နဝါရီ ၁၈ မှာ သိမ်းပိုက်...

- ကသာမြို့မှာ တိုက်ပွဲတွေငြိမ်နေရာကနေ ဇန်နဝါရီ ၁၇ မှာ စစ်တပ်ဖက်က လေယာဉ်နဲ့ဗုံးကြဲရာကနေ ၂ ဖက် တိုက်ပွဲ ပြန်ပြင်းထန်လာနေ...

- တောင်သာမြို့နယ် မဲရုံလုံခြုံရေးအတွက် ကျောက်ပန်းတောင်းဖက်ကနေ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်တပ်ဖက်က ထိခိုက်မှုများပြီး နောက်ပြန်ဆုတ်သွား...

-  နွားထိုးကြီးမြို့နယ်၊ ကနား ရဲစခန်းက ဒုတပ်ကြပ် မျိုမင်းအောင်ကို ခဲယမ်းတွေနဲ့အတူ လက်ရဖမ်းမိ...

- လောင်းလုံးမြို့နယ်၊ ထားဝယ်-မောင်းမကန်ကမ်းခြေသွားလမ်းပေါ်ရှိ ခလရ ၁၀၄ ကို တော်လှန်ရေးတပ်ဖွဲ့တခုက ဒရုန်းဗုံးချ တိုက်ခိုက်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Sunday, January 18, 2026

နတ်ရေကန် ကာကင်းစခန်း AA သိမ်းပိုက်... စစ်ကိုင်းက စစ်တပ်စခန်း PDF ဝင်တိုက...


နတ်ရေကန် ကာကင်းစခန်း AA သိမ်းပိုက်... စစ်ကိုင်းက စစ်တပ်စခန်း PDF ဝင်တိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၁၉ ဇန်နဝါရီ ၂၀၂၆)

‎မကွေးတိုင်း၊ ငဖဲမြို့နယ် ပဇီကျေးရွာရှိ နတ်ရေကန်ဗျူဟာကုန်းရဲ့ ကာကင်းစခန်းတခုကို အာရက္ခတပ်တော် (AA) နဲ့ မဟာမိတ်တွေက သိမ်းပိုက်လိုက်တယ်လို့ ဧရာဝတီတိုင်းမ်က ဖေါ်ပြပါတယ်။

ဇန်နဝါရီ ၁၇ ညနေပိုင်းမှာ သိမ်းလိုက်တာဖြစ်ပြီး လက်နက်ခဲယမ်းတွေ၊ ဒရုံးတွေပါ သိမ်းမိတယ်၊ စစ်တပ်ဖက်က လေကြောင်းပစ်ကူနဲ့ ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင်...

- တောင်သာမြို့နယ်၊ တမိုက်သာကျေးရွာ ပျုစခန်းကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ သီတာယုမွန် ဦးဆောင်တဲ့ ပျုစောထီးအဖွဲ့က ၃ ဦးသေဆုံး...

- စစ်ကိုင်းမြို့ နယ်၊ ပေါက်တောကျေးရွာရှိ စစ်တပ်ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်သား ၁၀ ဦးသေပြီး ၂၀ ခန့်ဒဏ်ရာရ...

- ကော့ကရိတ်မြို့ မြောက်ပိုင်းရှိ အောက်ဘိုတဲ၊ နောင်ကိုင်း လမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဖက်က လေကြောင်းပစ်ကူသုံးနေ...

- ရေးမြို့နယ်မြောက်ပိုင်း၊ အောင်သပြေကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်သား ၃ ဦးသေ၊ ၆ ဦးဒဏ်ရာရ...

- ကျွန်းစုမြို့နယ်၊ ကျောက်တန်းငယ်ကျေးရွာဖက် စစ်သဘောၤ ၃ စီး၊ စက်လှေ ၃ စီးနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ ပျုစောထီး ပူးပေါင်းတပ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်သား ၁၀ ဦးခန့် သေဆုံး...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Saturday, January 17, 2026

“အမေရိကန်ပြည်တွင်း နိုင်ငံရေးအားပြိုင်မှုထဲမှာ မြန်မာ့အရေးက ကြားညှပ်နေတာ”


“အမေရိကန်ပြည်တွင်း နိုင်ငံရေးအားပြိုင်မှုထဲမှာ မြန်မာ့အရေးက ကြားညှပ်နေတာ”

- ဦးရင်အေး (Save Myanmar - USA) 

(၁၈ ဇန်နဝါရီ ၂၀၂၆)

“အမေရိကန်ပြည်တွင်း နိုင်ငံရေးအားပြိုင်မှု၊ လွှတ်တော်နဲ့ အစိုးရကြား အားပြိုင်မှု၊ အထူးသဖြင့် သမ္မတထရမ့်တက်လာပြီးနောက်ပိုင်း မူဝါဒအပြောင်းအလဲတွေကြားမှာ မြန်မာ့အရေးအကူအညီပေးမှုတွေ နှောက်နှေးနေရတာဖြစ်တယ်” လို့ (Save Myanmar - USA) က ဦးရင်အေးက ပြောပါတယ်။

မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ ၁၂၁ သန်း အကူအညီပေးမယ်ဆိုပြီး ဆုံးဖြတ်ချက်တွေချ ချနေပေမယ့် အခုချိန်အထိ မြေပြင်ကို မရောက်သေးတာ ဘာကြောင့်လဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- မြန်မာအတွက် ကူညီမယ့် ဒေါ်လာ ၁၂၁ သန်းက ဘယ်တော့ ရမှာလဲ...

- ဘယ်သူတွေကို ဘယ်အချိန်မှာ ဘယ်လိုပေးမှာလဲ...

- အရင်နှစ်တွေကတည်းက ပေးမယ်ပြောထားတဲ့ ဒေါ်လာ ၁၂၁ သန်းနဲ့ အခု ၁၂၁ သန်းက အတူတူပဲလား... အခုမှ ပထမ အကြိမ် ပေးတာလား...

- နယ်စပ်က ဒုက္ခသည်တွေကိုကူညီပေးမယ်ပြောပြီး အမေရိကားရောက် ဒုက္ခသည်တွေကို ဖမ်းဆီးပြန်ပို့မယ်လို့ပြောနေတဲ့အပေါ် ဘယ်လိုနားလည်သင့်သလဲ...

- ဒီလမကုန်ခင် ဆုံးဖြတ်ချက်ချမယ့် TPS ယာယီနေထိုင်ခွင့် သက်တန်းတိုးရေး၊ စစ်ကောင်စီအပေါ် ဆက်လက်ဒဏ်ခတ်ပိတ်ဆို့မှု သက်တန်းတိုးရေးတွေကို အမေရိကန်တာဝန်ရှိသူတွေက ဘယ်လိုစဉ်းစားထားသလဲ...

- အမေရိကန်အစိုးရက ဒီမိုကရေစီတိုးပွားရေးထက် မြေရှားသတ္တုရရှိရေးကို ပိုစိတ်ဝင်စားနေသလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Friday, January 16, 2026

တောင်တွင်းကြီးတိုက်ပွဲ စစ်တပ်အထိနာ... စစ်ကိုင်းမြို့အဝင်က ကံတလူတိုးဂိတ် ...


တောင်တွင်းကြီးတိုက်ပွဲ စစ်တပ်အထိနာ... စစ်ကိုင်းမြို့အဝင်က ကံတလူတိုးဂိတ် PDF သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၁၇ ဇန်နဝါရီ ၂၀၂၆)

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ပျဉ်းချောင်းကျေးရွာအခြေစိုက် စစ်ကောင်စီတပ်က စစ်သားတွေ လမ်းမကြီးတနေရာမှာ  ဒေသခံလူထုကို ငွေကြေးကောက်ခံနေစဉ် တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ ၄ ဦးသေပြီး သေနတ် ၅ လက်သိမ်းမိတယ်လို့ ပုဏ္ဏဝတီ(တောင်တွင်းကြီး- ပကဖ) က သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၁၄၊ ည ၈ နာရီခန့်မှာ နေပြည်တော် -တောင်တွင်းကြီး ရထားလမ်းဘေးရှိ ကုလားမကျေးရွာလမ်းပေါက်မှာ သစ်လှည်း၊ ဝါးလှည်းတွေကို ဆက်ကြေးကောက်ပြီးအပြန်မှာ စောင့်ကြိုတိုက်ခိုက်တာလို့ ဆိုပါတယ်။

ဒါ့အပြင်...

- စစ်ကိုင်းမြို့အနီး၊ မုံရွာ-မန္တလေး ကားလမ်းပေါ်ရှိ ပြည်သူတွေကို ငွေညှစ်ရမှာနာမည်ကြီးနေတဲ့ ကံတလူတိုးဂိတ်ကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီး...

- ကံမမြို့၊  ရေနံ့သာရဲကင်းစခန်းကနေ ထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်သားနဲ့ ရဲ ၇ ဦးသေဆုံး...

- ရေစကြိုမြို့နယ်၊ ဆင်ချောင်ရွာက နာမည်ကြီး ပျုစောထီးခေါင်းဆောင် ငလင်းနဲ့အဖွဲ့ကို တော်လှန်ရေးတပ်တွေက ဒရုန်းဗုံးချပြီး တိုက်ခိုက်ချေမှုန်း...

- ဗန်းမော်မြို့မှာ တိုက်ပွဲတွေဆက်ဖြစ်နေပေမယ့် တိုက်ပွဲကြီးတွေ မဟုတ်သေးဟု KIA ပြော...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“၂၀၂၄ တုန်းက မြင်ခဲ့ရဖူးတဲ့ အောင်မြင်မှုလိုမျိုးတွေ ၂၀၂၆ မှာ ပြန်မြင်ရဖိ...


“၂၀၂၄ တုန်းက မြင်ခဲ့ရဖူးတဲ့ အောင်မြင်မှုလိုမျိုးတွေ ၂၀၂၆ မှာ ပြန်မြင်ရဖို့မျှော်လင့်တယ်”

- လင်းထက်အောင် (CDM - ဗိုလ်ကြီး )

(၁၇ ဇန်နဝါရီ ၂၀၂၆)

“ပြီးခဲ့တဲ့ ၂၀၂၅ အတွင်း တော်လှန်ရေးဖက်က စစ်ရေးအရ အောင်မြင်မှုတွေ သိပ်မရခဲ့ပေမယ့် အခု ၂၀၂၆ အတွင်းမှာတော့ ၂၀၂၄ တုန်းက မြင်ခဲ့ရဖူးတဲ့ မြို့သိမ်း နယ်သိမ်းတိုက်ပွဲလိုမျိး အောင်မြင်မှုတွေ ပြန်မြင်ရဖို့ မျှော်လင့်တယ်” လို့ CDM - ဗိုလ်ကြီး လင်းထက်အောင်က ပြောပါတယ်။

၂၀၂၆ မှာ တော်လှန်ရေးဖက်က စစ်ရှိန်မြှင့်ပြီး အောင်မြင်မှုတွေ ပြန်ရအောင် ဆောင်ရွက်နိုင်ခြေရှိသလား...စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- ၂၀၂၅ အတွင်း များများဆုံးရှုံးပြီး နည်းနည်းပဲ အောင်မြင်ခဲ့တာ ဘာကြောင့်လဲ...

- ၂၀၂၅ နှစ်ကုန်ပိုင်းမှာ မြင်လာရတဲ့ အညာဒေသက လှုပ်ရှားစစ်၊ စစ်တောင်မြစ်ဝှမ်းက ချေမှုန်းရေးတိုက်ပွဲတွေဟာ ဘယ်လောက်အရေးကြီးသလဲ...

- SRA ပေါ်လာခြင်းက ၂၀၂၆ ရဲ့ အဓိကမျှော်လင့်ချက်တခုလား...

- ၂၀၂၆ မှာ တော်လှန်ရေးဖက်က အောင်ပွဲတွေ ပြန်ရလိမ့်မယ်လို့ ဘာကြောင့်ပြောနိုင်တာလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

အမေရိကန် ပြည်ထောင်စုသို့ ခရီးသွားခြင်း...(၈)

 အမေရိကန် ပြည်ထောင်စုသို့ ခရီးသွားခြင်း...(၈)

(၁၉ - စက်တင်ဘာ - ၂၀၂၅)


(၁) Kansas City ကင်းဆာ့ စီးတီးမှာ ၂ ရက်တာ...

ဒါးလာ့စ် Dallas မြို့ကို လေ့လာပြီးတဲ့နောက် ဒီဒေသတွင်း မင်းသမီးခစန်းက ရဲဘော်ဟောင်းအတော်များများအခြေချရာ နောက်ထပ်တနေရာဖြစ်တဲ့ Kansas City ကင်းဆာ့ စီးတီးကို ကျနော်တို့ရောက်လာပါတယ်။
ထုံးစံအတိုင်း ပထမ ဆုံး ကားရပ်တဲ့နေရာက -မိုးပြာ- Blue Sky- ကုန်စုံ ဆိုင်ပါပဲ။ ဒီ မိုးပြာနဲ့ အမာရီလိုက မိုးပြာက အမည်တင်တူတာမဟုတ်ပဲ လူတွေလည်း အတူတူပါပဲ။ ရှေ့ အခန်းမှာ တင်ပြခဲ့တဲ့အတိုင်း မင်းသမီးစခန်း၊ တပ်ရင်း ၂၀၁၊ တပ်ခွဲ ၃ က တပ်ခွဲမှူး၊ ဒုခွဲမှူး၊ တပ်စုမှုး ၂ ဦး၊ ၄ ဦးပေါင်းပြီး စုပေါင်း စတင်ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းပေါ့။
တောထဲမှာ တာဝန်အတူထမ်းခဲ့ဖူးတဲ့ ရဲဘော်ရဲဘက်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုရဲ့ အောင်မြင်ခြင်းလို့ ဆိုချင်ပါတယ်။ ... ဆိုင်ကြော်ညာတော့ မဝင်တော့ပါဘူး။ သူတို့ဆိုင်မှာ ဟင်နစီ မတွေ့မိသလိုပဲ။ (မတွေ့ဆို ဒီဆိုင်ပိုင်ရှင်တွေက အသောက်အစား မလုပ်ကြတော့ဘူး၊ လူကောင်းတွေဖြစ်ကုန်P)😁
ဆိုင်မှာ ခနထိုင်ပြီးတော့ မြို့တွင်းလေ့လာရေးပေါ့။ ဒီမြို့ရဲ့ အပူချိန်က အမာရီလိုနဲ့ သိပ်မကွာဘူး။ ၃၆ C ရှိတယ်ဆိုပေမယ့် သစ်ပင်တွေ၊ တောကုန်းလေးတွေနဲ့ စိမ်းစိမ်းစိုစိုဖြစ်တော့ အဲလောက် ပူတယ်လို့ မထင်ရဘူး။
အခု ရောက်ခဲ့ဖူူးတဲ့ ပြည်နယ် ၄ ခုထဲမှာ ဒီမြို့က တောင်ကုန်းအများဆုံးမြို့လား မသိဘူး (ရဲဘော်ဟောင်းအများစုနေထိုင်တဲ့ ရပ်ကွက်ကိုပြောတာပါ၊ မြို့လယ်ကို မဆိုလိုပါ)၊ နေရာတိုင်း ကုန်းတက်-ကုန်းဆင်းရှိပြီး နေအိမ်အားလုံးနီးပါး တောင်စောင်းမှာ ကပ်ဆောက်ထားတာ တွေ့ရပါတယ်။
အပေါ်ထပ်ကနေ ဝင်လိုက်ရင် အောက်မှာ နောက်တထပ်ရှိနေမှန်းမသိဘူး။ အောက်ထပ် ကားဂိုဒေါင်ဖက်ကနေဝင်မှ ၂ ထပ်မှန်း သိရတာမျိုး၊ အမာရီလိုနဲ့ အိုကလာဟိုးမားမှာ တထပ်အိမ်တွေများပြီး ဒီမှာက တောင်စောင်း ၂ ထပ်အိမ်လေးတွေ ဆောက်ထားတာ၊ သစ်ပင်ကြီးတွေကြားမှာ တမျိုးလေး လှနေပါတယ်။
“ဟေး... ညနေကျရင် ဥက္ကဌ မိန့်ခွန်းပြောဖို့ရှိတယ်၊ ပြည်ခြား ဘုရားကျောင်းရှေ့က ဘောလုံးကွင်းမှာ စုပေးကြပါ”...တဲ့။ တပ်ခွဲမှုး ကိုဘုန်းကျော်က နီးစပ်ရာ ရဲဘော်တွေကို နောက်ပြီး အော်ပြောနေပါတယ်။

ခနနေတော့ (သူပုန်ကျောင်းသား စာအုပ်ထဲက တပ်ရင်းကျောင်း ဆရာတော်-လူထွက်) ကိုသန်းဇော် ရောက်လာပြီး - “ညနေပွဲက အဝေးကြီးလိုသေးတယ်၊ အခု ကျောက်တိုက်ကို လိုက်ပို့မယ်” တဲ့...။
ကျောက်တိုင်ဆိုတာ ကင်းဆာ့စီးတီး မြို့လယ်ရှိ လွတ်လပ်ရေးကျောက်တိုင်နဲ့ ပြတိုက်တွေ ရှိတဲ့နေရာကို ဆိုလိုတာပါ။ မြို့ကြီးက တကယ်သားနားပါတယ်။ မနေ့က ရောက်ခဲ့တဲ့ Dallas ထက် ပိုကြီးတယ်လို့ ထင်ပါတယ်။
အခု ဆောင်းပါးရေးဖို့ ဂိုဂယ်ပြန်ခေါက်တော့မှ အဲဒီကျောက်တိုင်ရှိတဲ့မြို့ဟာ Kansas City (KCK) ကင်းဆပ်ပြည်နယ်ထဲမှာမဟုတ်ပဲ Kansas City (KCMO) Missouri ပြည်နယ်ထဲမှာဆိုတာ ပြန်တွေ့မိပါတယ်။ Missouri မြစ်ရဲ့ ဟိုဖက် ဒီဖက်ပေါ့။
ထင်တော့ထင်သား၊ အဲဒီမြို့ကို အသွားမှာ မြစ်ကြီးတခုကို ဖြတ်သွားရတဲ့ တံတားကြီးကလည်း အတော်လှပ ရှည်မျောနေတာ သတိထားမိပါတယ်။ ဒါပေမယ့် အဝေးကလာတဲ့ ဥရောပမဲဇာသားမပြောနက်- ဒီအနီးနားမှာနေတဲ့ မြန်မာတွေ အတော်များများတောင် ကင်းဆာ့ကနေ မီဇိုရီ ဖက်ရောက်သွားတာ သတိမထားမိကြဘူးလို့ ဆိုပါတယ်။
ဘာပြောပြော... တံတားလေးဖြတ်ပြီး ဟိုဖက်ကမ်းရောက်တာနဲ့ အခြားပြည်နယ်တခု ထပ်ရောက်တယ်ဆိုတော့ ခရီးစဉ်အတွင်း ပြည်နယ်တခု ထပ်တိုးသွားတာပေါ့။ အခုဆို ကယ်လီဖီုးနီးယား၊ တက္ကဆက်၊ အိုကလာဟိုးမား၊ ကင်းဆပ်၊ မီဇိုရီ- ပြည်နယ် ၅ ခုရှိသွားပြီ...
နောက်ထပ် ၂ ခု ဆက်သွားဦးမယ်၊ အရင်ကလည်း အရှေ့ဖက်ကမ်းက ၃ ပြည်နယ်လောက် ရောက်ဖူးထားတယ်ဆိုတော့ အမေရိကန်ပြည်နယ် ၅၀ မှာ ၁၀ ခုရောက်ဖူးသွားပြီ- ခေသူ မဟုတ်ဘူးပေါ့...။
ကဲ... မြု့ပြတွေအကြောင်း ခနထား... ပြည်ခြားဖက် ပြန်သွားရအောင်၊ ကျောက်တိုင်ရှေ့မှာ နေသိပ်ပူတယ်လေ၊ ဘီယာအေးအေးလေး အမြန်သောက်ချင်ပြီ...ဆိုပြီး ပြန်လာတော့ ...ခုနက ကိုဘုန်းကျော် နောက်ပြီး ပြောတဲ့အတိုင်း ... ကျနော်တို့ ဒီည စခန်းချမယ့် တပ်စုမှုး ကိုကျော်မိုးလွင်ရဲ့ အိမ်ရှိတဲ့ ရပ်ကွက်က ပြည်ခြားနဲ့အတော်ဆင်သား...။

သူ့ အိမ်ဘေးမှာ ဘုရားကျောင်းတခုလည်း ရှိနေပါသေးတယ်။ မြက်ခင်းစိမ်းစိမ်းတွေလည်း ရှိတာမို့ ဘောလုံးကန်ချင်လည်း ကန်လို့ရတဲ့သဘော၊ ဒါပေမယ့် ဒီမြို့က ရဲဘော်တွေကိုကြည့်ရတာ ပြည်ခြားမှာတုန်းကလို ဘောလုံးကန်နိုင်တဲ့ အရွယ်တွေ မဟုတ်တော့ပါဘူး။ 🙂
“ဘာဘီကျုး ရက်ဒီပဲ၊ အသားရော-ငါးရော အစုံပါတယ်တဲ့” အိမ်ရှင် ကိုကျော်မိုးလွင်က ပြောပါတယ်။ “သူချည်းသာလော”- ဆိုတော့... ဘီယာတော့ ရှိတယ်၊ အပြင်းတော့ ဒီက လူတွေ မချတော့ဘူး- တဲ့။ အင်း... ကိုလှဦးဆီက ဟင်နစီ ပုလင်းပြားလေး ယူမလာမိတာ မှားပါပြီလို့ နောင်တရမိပါတယ်။
ဒါပေမယ့် ကျန်းမာရေးနဲ့ညီအောင် အမြည်းများများစားပေါ့- “အမြည်းနော် အူးလေး” ဆိုပြီး သတိပေးစရာမလိုအောင်ကို အမြည်းတွေက များလွန်း- ကောင်းလွန်းလှပါတယ်။
ကနေဒါက ရဲဘော်ကြီးတယောက်က နောက်ပြီးပြောတယ်တဲ့...“ခင်ဗျား တို့မြို့ကို မလာချင်တဲ့အထဲမှာ အဲဒါတွေလည်းပါတယ်၊ ... ဗဟိုကော်မီတီဝင်တွေ၊ စခန်းကော်မီတီဥက္ကဌတွေ၊ ခွဲမှူး-စုမှူးတွေ သိပ်များနေတော့ ကျနော်လို သာမန်ရဲဘော်က တချိန်လုံး အလေးပြုနေရတာနဲ့ လက်မောင်းနာလိမ့်မယ်” ...ဆိုပြီး...😀
အဲဒါ ညနေပိုင်း လူစု၊ ပုလင်းထောင်၊ ဘာဘီကျုး စားတဲ့အချိန် ထွေရာလေးပါး ပြောတဲ့အထဲက လူသိများတဲ့ ပျက်လုံးတခုပါ။ နောက် ပျက်လုံးတခုက ... ဒီပြည်နယ်က ရဲဘော်တွေက အခြားပြည်နယ်က ရဲဘော်တွေထက် ဖက်ဒရယ်စနစ်ကို ပိုယုံကြည်တယ်၊ လက်တွေ့ အသုံးချနေတယ်တဲ့... (နိုင်ငံရေးဖက်ဒရယ်မဟုတ်ဘူးနော်- ကျိုးဖိုးတွေအကြား အချင်းချင်း အထာသိတဲ့ စကားလုံးသာဖြစ်ပါတယ်)
ဒီလို ထွေရာလေးပါး- အကြောင်းမျိုးစုံပေါ့။ မတွေ့ဖြစ်တာ ၁၉၉၇ မင်းသမီးခစန်း ကျပြီးကတည်းကဆိုတော့ နှစ် ၃၀ နီးပါးရှိနေပြီလေ။ ... ဟိုတိုက်ပွဲတုန်းက ဘယ်သူက ဘယ်လို နေရာယူတာ၊ ဟိုရဲဘော်က ဘယ်တိုက်ပွဲမှာ ကျသွားတာ၊ ကျန်ခဲ့တဲ့ ဟိုရဲဘော်က အခု ဘယ်နိုင်ငံကိုရောက်နေတာ၊ ဟိုကောင်ကတော့ မိသားစုနဲ့ အတော်တည်ငြိမ်နေပြီ... ဟိုကောင်ကတော့ အခုထိ သဝေထိုးလို့ကောင်းတုန်း...လူဇိုးဖြစ်နေတုန်း... စသဖြင့် စသဖြင့်...
----

(၂) ငါတို့အားလုံးဟာ ထောက်ပို့ ရဲဘော်လေးတွေပါ...

အဲဒီလို... ထွေရာလေးပါးပြောလို့ကောင်းတုန်း... အလှူခံက ဝင်လာပါတယ်။ ရန်ကုန်က စားသောက်ဆိုင်တွေလို လူကိုယ်တိုင် ဝင်လာတာမျိုးတော့ မဟုတ်ပါဘူး။ အဲ... အွန်လိုင်းခေတ်၊ Zoom ခေတ်ဆိုတော့ အလှူခံက ခေတ်မီသွားပြီ။
“အူးလေးတွေ လုပ်ကြအူးလေ... ကျနော်တို့ချည်း ပစ်မထားနဲ့၊ အဲမှာ လူစုံတုန်း အလှူထည့်ဖို့ နိုးဆော်ပေးပါအူး”...တဲ့ တနသာင်္ရီ ကူ-ထောက် တာဝန်ရှိသူ မောင်မျိုးဝင်းက ဒိန်းမတ်ကနေ မက်ဆင်ဂျာနဲ့ ခေါ်လာပါတယ်။
ဘီယာတောင် အေးဆေး မသောက်ရဘူး။ ကိုယ်တွေ လူစုနေတာ အလှူခံပုဂ္ဂိုလ်ဆီ ဘယ်လို သတင်းပေါက်ကြားသွားလဲ မသိဘူး။ “ဒီဝိုင်းထဲမှာ ဒလန်ရှိနေလားမသိဘူး.”.. ဆိုပြီး တယောက်က နောက်ပါတယ်။
အလှူခံကိစ္စက နည်းနည်းအရေးကြီးပါတယ်။ ဘာကြောင့်လဲဆို... ကျနော်တင်တဲ့ အရက်ပုလင်းပုံတွေ၊ စားကောင်းသောက်ဖွယ်ပုံတွေ၊ ခရီးသွားနေတဲ့ပုံတွေအောက်မှာ အူကြောင်ကြား ရဲဘော်ဟောင်းတဦးက...
“ခင်ဗျားက သူပုန်ကျောင်းသား၊ တော်လှန်ရေးသတင်းသမားလုပ်ပြီး အရက်လေးသောက်လိုက်- ခရီးလေးသွားလိုက်နဲ့ တောထဲက ရဲဘော်တွေကို မေ့နေပြီလား၊ နိုင်ငံခြားမှာ အဆီရစ်နေပြီလား”...တဲ့၊ ကွန်မင့်လာရေးထားပါတယ်။
အဲဒါ ခက်တာပေါ့... တကယ်က အဲလို မဟုတ်ပါဘူး (အဲထက် ပိုဆိုးပါတယ်...တဲ့၊ ပုလင်းထောင်ပြီး အမြည်းစားနေသူတွေက အော်ပြောနေပါတယ်)။ ဆိုရှယ်မီဒီယာပေါ်ကပုံကို အမှန်မယူကြနက်လေ... နောက်ကွယ်မှာ လှုပ်ရှားနေတာတွေ အများကြီးရှိပါတယ်။
သူများတွေလို “ရေဂျင်စီ” သောက်ပြီး ငှက်ကင်အဆင့်ထိ စကားမပြောနိုင်သေးပေမယ့် “ဟင်နစီ” လေးငုံပြီး နုတ်ခမ်းနီ ဖိုးလေး ပုံမှန်ပေးနိုင်အောင်တော့ ဆွေးနွေးနေကြပါတယ်ပေါ့။
တနိုင်ငံလုံးဆိုင်ရာ PRF ဆိုလည်း ဒီက ရဲဘော်တွေ လှူရပါတယ်။ ပြီးတော့ ခုနက အလှူခံဝင်လာတဲ့ တနသာင်္ရီတိုင်း ကူ-ထောက်ကိုလည်း လှူရပါတယ်။ နောက် မြို့နယ်အလိုက်၊ ရပ်ရွာအလိုက်လည်း လှူရပါတယ်။ ဒီကြားထဲ အရေးပေါ် ရေဘေး၊ မီးဘေး၊ စစ်ရှောင် စသဖြင့် ခေါင်းစဉ်အသီးသီးနဲ့ ဒီကလူတွေ လှုူနေရတာ တလတလ နည်းတာမဟုတ်ဘူး။
ဒါပေမယ့် တခုတော့ ရှိတာပေါ့။ ဒီလူတွေက လက်နက်ကိုင်တော်လှန်ရေးနဲ့ တောတွင်း အခက်ခဲတွေကို ၁၀ နှစ်တာ ဖြတ်သန်းလာဖူးခဲ့သူတွေဆိုတော့ ... အလှူငွေတွေကို နိဗ္ဗာန် ရောက်ကြောင်း လှူသလို၊ နဝကမ္မ ပြောပြီး သာဓု ၃ ကြိမ်ခေါ်တာနဲ့တော့ ဘယ်ပြီးမလဲ...
ဒီအလှုငွေလေးကို ဘယ်နေရာ သုံးပါလား၊ ဟိုနေရာမှာ တိုက်ပွဲဖေါ်ပါလား၊ ဘယ်အချိန်မှာ ဘယ်လိုပြင်ဆင်ထားပါလား... ဒီလို အကြံပေးတာ၊ ဆရာလုပ်ချင်တာလေးတွေတော့ ရှိမှာပေါ့လေ။
သူတို့မှာလည်း လူသာ အမေရိကားရောက်နေတာ၊ စိတ်က...ဟိုး... မိုင်တသောင်းလောက်အဝေးက ပြည်ခြား- ငါးတက်မှာ ရှိနေတုန်း... ခုနက တပ်ခွဲမှူး၊ တပ်စုမှူးတွေထဲက တယောက်ဆိုရင် အလုပ်လာတာတောင် စစ်ဂျာကင်နဲ့ စစ်ဘေးလွယ်အိတ် (handbag side) နဲ့...
အခုထိ စိတ်တွေက တောထဲမှာ ရှိနေဆဲ၊ ပြီးတော့ ကျနော်ရောက်သွားချိန်က “ပလ” တိုက်ပွဲဖြစ်နေချိန်ဆိုတော့ မြေပြင်က ရဲဘော်တွေနဲ့ ဒီကလူတွေ တိုက်ရိုက် စကားပြောနေကြတာတောင် ကြားခဲ့ရပါတယ်။
(ဒီဆောင်းပါးရေးရင်းနဲ့ သတိရလာတာက ဒီနေ့ စက်တင်ဘာ ၁၉ ဆိုတာ ကျနော်တို့ အုပ်စုတွေ ၁၉၈၈ တုန်းက တောစခိုတဲ့နေ့ပေါ့) ကျနော်တို့ခေတ်တုန်းကဆို ပြည်ပ ရောက်မြန်မာအလှူရှင်ဆိုလို့ အမေရိကားက ဦးတင်မောင်ဝင်းတို့ရဲ့ CRDB နဲ့ သြစီက ဒေါ်ခင်ပြုံးတို့လောက်ပဲရှိတာ။
အခုက နည်းတာမဟုတ်ဘူး။ ABSDF ရဲဘော်ဟောင်းတွေချည်းတောင် ထောင်နဲ့ချီရှိမယ်ထင်ပါတယ်။ NLD-LA, DPNS ရဲဘော်ဟောင်းတွေ၊ ERO အဖွဲ့အသီးသီးက မိသားစုတွေ၊ နိုင်-ကျဉ်းဟောင်းတွေ၊ ပြီးတော့ အခု နွေဦးတော်လှန်ရေးမှာ ထွက်လာသူတွေ... အပြင် အရင် ရှေးရှေးကတည်းက အကြောင်းမျိုးစုံနဲ့ ရောက်နေသူတွေကလည်း အခု နွေဦးတော်လှန်ရေးကို စုပုံပြီး အလှူငွေ ထည့်နေကြတာ တွေ့ရပါတယ်။
အဲ...ဒါပေမယ့် ရှေ့မှာပြောခဲ့တဲ့အတိုင်း လက်နက်ကိုင်တော်လှန်ရေးထဲ ၁၀ နှစ်လောက်ဖြတ်သန်းလာဖူးတဲ့ တနသာင်္ရီတိုင်းသားဟောင်းတွေကတော့ လက်ရှိ ရဲဘော်သစ် လေးတွေကို နည်းနည်းလေးတော့ ဆရာလုပ်-အကြံပေးချင်ကြတာမျိုးတော့ ရှိမှာပေါ့၊ အဖွဲ့တွေကလည်း များလွန်းတာကိုး၊ တရွာတဖွဲ့လို ဖြစ်နေကြတယ် မဟုတ်လား။
ဘိတ်-ထားဝယ်သားတွေက စကားပြောရင်သာ အသံက မပီတာ၊ သီချင်းဆိုရင် ဘိတ်-ထားဝယ်မှန်း မသိအောင်ကို လုံး၀ ပီနေရောတဲ့၊ အဲ... စာရေးရင်လည်း အတော်ကောင်း- ဆိုပဲ...၊ ဂံသားတွေ ပြန်ပြောတာ ကြားဖူးတာပါ။
အဲဒီလို စာရေးကောင်းတဲ့ ဘိတ်-ထားဝယ်သားတဦးက ဒေသတွင်း လူသိများတဲ့ Dawei Watch မှာ ဝေဖန်ရေး ဆောင်းပါးတပုဒ် (မနှစ် အောက်တိုဘာက) ရေးလိုက်ပြီးနောက်ပိုင်း တနသာင်္ရီတိုင်းက တော်လှန်ရေးအဖွဲ့တွေ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု အတော်အားကောင်းသွားတယ်ဆိုပဲ။
အဲ...ဆောင်းပါးအမည်ကတော့...“ပုဂံဘုရားဖူးနေရသည့် တနသာင်္ရီ တော်လှန်ရေးခရီး” တဲ့...။👍

အမေရိကန် ပြည်ထောင်စုသို့ ခရီးသွားခြင်း...(၇)

 အမေရိကန် ပြည်ထောင်စုသို့ ခရီးသွားခြင်း...(၇)

(၁၄ - စက်တင်ဘာ - ၂၀၂၅)



(၁) Palo Duro Canyon သို့ လေ့လာရေး...

အမာရီလို တတိယနေ့မှာတော့ လူတွေနဲ့တွေ့ဆုံစကားပြောခြင်းကနေ သဘာဝတောတောင်တွေနဲ့ စကားပြောခြင်းဖက် ခြေဦးလှည့်တဲ့အနေနဲ့ Palo Duro Canyon ကို လိုက်ပို့မယ်လို့ ကိုမင်းအောင်က စီစဉ်ပါတယ်။ ဒါဟာ သီတင်းတပတ်ကျော်လာပြီဖြစ်တဲ့ အမေရိကန် ခရီးစဉ်အတွင်း ပထမ ဆုံးအကြိမ် တောတောင် သဘာဝဆီ (မြို့ပြင်ဒေသဆီ) ခရီးထွက်ခြင်းလို့လည်းဆိုနိုင်ပါတယ်။
အမာရီလိုနဲ့ Palo Duro Canyon က မိုင် ၃၀ ဝန်းကျင်ပဲဝေးတယ်၊ တနာရီအတွင်းရောက်တယ်ဆိုတော့ ဒီကိုလာတဲ့ ဧည့်သည်တွေ သွားလယ်သင့်တဲ့နေရာတခုပေါ့။ ခက်ကတာ Canyon ဆိုတာကြီးကို ဘယ်လိုရှင်းပြရမလဲ... (စက်ဘီးသမားတွေ အကြိုက် Canyon စက်ဘီးအကောင်းစားတွေက သန့်သန့်နော်)
“ချောက်ကမ်းပါးကြီး၊ နက်ရှိုင်းတဲ့ ချိုင့်ဝှမ်းကြီး”...စသဖြင့် မြန်မာပြန်ထားတာတွေ့ပေမယ့် လိုရင်းကို မရောက်လောက်ဘူးထင်ပါတယ်။ မြန်မာပြည်မှာကော Canyon ရှိလား... Canyon ကို ကင်ယွန်လို့ပဲ ခေါ်မှ မူလအဓိပါယ်ပေါ်မယ်ထင်ပါတယ်။
ကဲ... ကားနဲ့ ၄၅ မိနစ်မောင်းတော့ Palo Duro Canyon ကိုရောက်သွားပါတယ်။ ဝင်ပေါက်မှာ လက်မှတ်ဝယ်တော့ “မိုးရွာပြီး ရေလျှံ-မြေပြိုထားလို့ ဟိုး...အထဲအထိ လမ်းလျောက်တဲ့နေရာတွေဆီ သွားခွင့်ယာယီ ပိတ်ထားတယ်” တဲ့... လက်မှတ်ရောင်းတဲ့ ကောင်မလလေးက ပြောပါတယ်။
“ခင်ဗျား ကံကောင်းတယ်။ ကျနော်က အဲဒီတောင်ကြားတွေအထိ လမ်းလျောက်ခိုင်းမလို့...။ ဒီကလူတွေက လမ်းလျောက်အတော်ပျင်းကြတာ၊ ကားပေါ်ကဆင်းတာနဲ့ နီးရာ သစ်ပင်အောက် နေနေကြရော။ ကလေးတွေနဲ့ ကျနော်ပဲ လျောက်ဖြစ်တယ်” တဲ့... ကိုမင်းအောင်ကပြောပါတယ်။
မြန်မာပြည်ဖွား ၅၀ ကျော် ၆၀ တန်းတွေပဲဟာ... ဒီလောက်တော့ ရှိမှာပေါ့။ “ကျိုက်ထီးရိုးတောင် လမ်းမလျောက်ပဲ ရင်ပြင်အထိ ကားစီးချင်ကြတဲ့ လူတွေလေ”...လို့ ပြောရင်းနဲ့ တောထဲလမ်းလျောက်ခြင်း Hiking က ကျန်းမာရေးအတွက် အရေးကြီးကြောင်း ပြောဖြစ်ကြပါတယ်။
Viewpoint မှာ ခဏရပ်ကြည့်ပြီး အတွင်းပိုင်းအထိ ကားမောင်းဝင်သွားလို့ရပါတယ်။ မိုးရွာလို့ချောင်းငယ်လေးတွေ ရေလျှံထားတဲ့နေရာတွေရှိပေမယ့် Camping Car တွေ၊ ညဖက် တဲထိုးအိပ်တဲ့နေရာတွေ၊ မီးဖိုတွေ၊ နားခိုစရာ အမိုး မိုးပေးထားတဲ့ ရာတွေ တွေ့ရပါတယ်။
Camping Car တွေ ရပ်ပြီး လူငယ်တွေ တောင်ပေါ်တက်နေကြတဲ့နေရာတခုနား ကိုယ်တွေလည်း ကားရပ်ပြီး တောင်ကုန်းငယ်တွေ လျောက်တက်ပေါ့။ ပြီးတော့ ဟိုဖက် ဒီဖက်ငေးမောပြီး ဓာတ်ပုံရိုက်။
“ကျနော်တို့ ငယ်ငယ်တုန်းက ကျောင်းမှာသင်ဖူးတဲ့ ကန္တရပေါက်ပင်ဆိုတာ ဒါတွေဖြစ်မှာပေါ့”...တဲ့ ကိုမင်းအောင်က ရှားစောင်းပင်ငယ်ပုပုလေးတွေနဲ့ အမျိုးအမည်မသိ အပင်ငယ်တွေကိုပြရင်းပြောပါတယ်။
ဒါဆို ဒီနေရာကြီးက သဲကန္တရဟောင်းလား... လွန်ခဲ့တဲ့ နှစ်သန်း တထောင်လောက်က ပင်လယ်ကြီးလို့ ဆိုတာပဲ။ သဘာဝအလှတွေက ဆန်းကြယ်၊ ကိုယ်တွေလည်း နားမလည်... မှတ်တမ်းအဖြစ် ဓာတ်ပုံရိုက်တာပဲ လုပ်နိုင်ခဲ့တယ်ဆိုပါတော့...။
မြန်မာပြည်မှာကော ဒါမျိုးတွေရှိလား... တကယ်က စစ်ကိုင်းပြတ်ရွေ့ကျောတလျောက်မှာ ရှိနိုင်တာပေါ့။ အညာနဲ့ တောင်ပေါ်ဒေသ အစပ် ပခုက္ကူဖက်ကနေ ချင်းတောင်ဖက်အတက်၊ ချင်းနဲ့ မကွေးအစပ်လမ်းတလျောက်မှာ ဒါမျိုးခင်ဆင်ဆင် အခင်းအကျင်းတွေ တွေ့မိသလိုလို။ ပြီးတော့ ကျောက်ဆည်ဖက်ကနေ ရွာငံဖက် တောင်ကျော်ပြီး တက်တဲ့လမ်းနဲ့ ရှမ်းပြည်ရဲ့ အချို့နေရာတွေ...။
မသေချာပါဘူး။ ဒါကြီးက သစ်ပင်လည်း ခုတ်ရောင်းလို့မရ၊ ကျောက်စိမ်းလည်း တူးလို့မရ၊ ရေနံလည်း တူးလို့မရ၊ မြေရှားလည်း တူးလို့ရတာမဟုတ်ဘူးဆိုတော့ မြန်မာတွေ စိတ်ဝင်စားမယ် မထင်ပါဘူး။
---


(၂) အမာရီလိုမှ ဒါးလာ့စ် Dallas မြို့သို့...
သဘာ၀ တောတောင်အလှကိုလေ့လာပြီးရင် သမိုင်းဆိုင်ရာလေ့လာရေးဖက် လှည့်ရအောင်တဲ့...။ နောက်တရက်မှာတော့ အမာရီလိုက ရဲဘော်တွေကိုနုတ်ဆက်ပြီး ကင်းဆက် ပြည်နယ်က ရဲဘော်တွေနဲ့တွေ့နိုင်ဖို့ ခရီးစဉ်အသစ်အဖြစ် အမာရီလိုကနေ ဒါးလာ့စ် Dallas ဖက် ကိုမင်းအောင်က ခေါ်လာပါတယ်။
ကင်းဆက်ကိုသွားမယ်ဆိုရင် အရင်တနေ့ကလာခဲ့တဲ့ အိုကလာဟိုးမားဖက် ပြန်မောင်းရမှာဖြစ်ပေမယ့် အဲဒီကိုမသွားခင် သမိုင်းဝင်နေရာတခုဖြစ်တဲ့ ဒါးလာ့စ်က သမ္မတဟောင်း ကနေဒီ John Fitzgerald Kennedy ပစ်ခတ်ခံရတဲ့နေရာကို လိုက်ပြမယ်တဲ့...။
ဘယ်လောက်ဝေးလဲ...ဆိုတော့ ၃၆၅ မိုင်၊ ၅ နာရီခွဲလောက် မောင်းရမယ်တဲ့...။
“အူးလေးဟာကလည်း ရန်ကုန်-ထားဝယ်လောက်နီးနီးရှိတယ်၊ ၅ နာရီနဲ့ရောက်ပါ့မလား” ဆိုပြီး ဂိုဂယ်ခေါက်ကြည့်တော့ သိပ်မကွာဘူး။ ရန်ကုန်-ထားဝယ် ၃၈၆ မိုင်၊ ၁၁ နာရီခွဲမောင်းရမယ်တဲ့။ (အခုဆို ရေး- ထားဝယ်လမ်းမှာ တိုက်ပွဲဖြစ်နေလို့ ၁၁ နာရီအစား ၁၁ ရက်လည်းဖြစ်သွားနိင်)
အင်း... ဒီမှာက နိုင်ငံတကာ စံချိန်မီ ဟိုက်ဝေးလမ်း... ဟိုမှာက မြန်မာစံချိန်မီ ဟိုက်-မဝေး တဝေးလမ်းဆိုတော့ ၂ ဆလောက်တော့ ပိုကြာမှာပေါ့။
လမ်းတလျောက် မြင်ကွင်းတွေက တကယ့်ကွင်းပြင်ကြီး၊ တက္ကဆက်မှာ စိုက်ပျိုးရေးဖြစ်ထွန်းတယ်ဆိုတာ ဒီနေရာတွေကိုပြောတာဖြစ်မယ်။ စိုက်ခင်းတွေက မျက်စိတဆုံး၊ မြန်မာပြည်က ပဲခူးကွင်းဆိုတာ ဒီနေရာနဲ့စာရင် မပြောပလောက်တော့ဘူးထင်ပါတယ်။
ရေနံတွင်းတွေလည်း လမ်းဘေးမှာ တခါတရံလှမ်းတွေ့မိပေမယ့် မြန်မာနိုင်ငံနဲ့တခြားစီ၊ (အညာကိုရောက်ဖူးပေမယ့် ရေနံတွင်းကို အနီးကပ်မမြင်ဖူးပါ၊ အညာဒူဘိုင်း ဆောင်းပါးလောက်ပဲ ဖတ်ဖူးပါတယ်)။ မြန်မာပြည်မှာက လက်ယက်တွင်းတွေတောင် လူ ဒါဇင်နဲ့ချီလုပ်နေကြပြီး မီးစက်သံတညံညံ၊ ကားသံတဝီဝီနဲ့ ဆူညံစည်ကားနေတယ်လို့ ကြားဖူးပေမယ့် ဒီမှာက ဘာမှ မရှိဘူး။
လုူ တရပ်စာကျော်ကျော်လောက်ပဲ မြင့်တဲ့ ရေနံတူးစင်လေးက သူဟာသူ အော်တို အပေါ်-အောက်ဆွဲနေပြီး အားလုံးကို အော်တို လုပ်ထားပုံရပါတယ်။ မြန်မာပြည်ဖွား နိုင်ငံခြားသားတဦးရဲ့ စိတ်ထဲမှာ ထင်ထားတာနဲ့ တခြားစီ ဆိုပါတော့။ ပြီးတာ့ အမေရိကန်တွေက အရှေ့အလယ်ပိုင်းကနေသာ ရေနံကို နင်းကန်ဝယ်နေတာ... သူ့ ပြည်တွင်းကျ သိပ်မထုတ်ပဲ ထိန်းထားတယ်လို့လည်း ဆိုပါတယ်။
“ကဲ... ကားမြန်မြန်မောင်းမှ ဆရာ... စိုက်ခင်းတွေ- ရေနံတွင်းတွေအကြောင်းပြောရင်းနဲ့ ဟိုမှာ ပြတိုက် ပိတ်သွားအူးမယ်”...
ဒါးလာ့စ် Dallas မြို့က အကြီးကြီး... နယူးယောက်စတိုင်လိုကို ကြီးတာ...။ “ခင်ဗျားက နယူးယောက် ရောက်ဖူးလို့လား” ဆိုပြီး မေးမလို့လား...။


အတော်ပဲ... ပြီးခဲ့တဲ့အပတ်ဆောင်းပါးမှာ “ကျနော့်ကိုဖိတ်သူက အမေရိကန် သမ္မတဟောင်းမဟုတ်ဘူး။ စခန်းကော်မီတီဥက္ကဌဟောင်းသာဖြစ်တယ်” လို့ရေးပြီးမှ အမေရိကန်သမ္မတ ဘုရှ်ရဲ့ ကတော် Laura Bush က ဖိတ်လို့ နယူးယောက် ကုလသမဂ္ဂရုံးချုပ်မှာ သတင်းသွားယူဖူူးတာ ပြောဖို့ သတိရလာပါတယ်။
၂၀၀၆ ခုနှစ်ကဆိုတော့ နှစ် ၂၀ တောင်ရှိနေပြီ၊ အဲခေတ်က FB လည်းသိပ်မသုံးသေးတော့ ဓာတ်ပုံတွေကို FB ပေါ်မတင်ဖြစ်ခင် ကင်မရာကြီးပျောက်သွားလို့ဗျို့...(နယူးယောက်၊ ဝါရှင်တန်၊ ဘဖရိုးဖက်က ဘော်ဘော်တွေ ပုံဟောင်းရှိရင် ပြန်ရှယ်ကြပါအူး)
အဲ... သမ္မတကတော် First Lady ကြီးကတောင် တကူးတကာ့ ဖိတ်ကြားခံရတဲ့ သတင်းထောက်ကြီးဆိုပြီး စွပ် အထင်ကြီးမနေနက်အူး။ ပုဂ္ဂိုလ်အရ ဖိတ်တာမဟုတ်ဘူး။ နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အဝါတွေကြောင့်ပါ။
အဲဒီအချိန်က DVB-TV လွှင့်ကာစဆိုတော့၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း (အကျယ်ချုပ်ဘဝ- ၅၄ လမ်းနေအိမ်ကနေပြော၊ အခုလို ထောင်ထဲထည့်ထားတာမျိုး မဟုတ်သေး) DVB နားထောင်ကြဖို့ တိုက်တွန်းထားချိန်ဆိုတော့ ထူးထူးခြားခြား DVB ကို အိမ်ဖြူတော်ကနေ ဖိတ်စာပို့လာပါတယ်။
အဲ... ဇတ်လမ်းက ဘေးချော်ထွက်သွားပြန်ပြီ၊ ဒါးလာ့စ် သွားနေရင်းကနေ နယူးယောက်ကို ရောက်သွား၊ ပြောချင်တာက နယူးယောက်နဲ့ ဝါရှင်တန်ဖက်လည်း ရောက်ဖူးပါတယ်၊ စခန်းကော်မီတီဥက္ကဌအပြင် သမ္မတကတော်ဖိတ်တဲ့ မြန်မာ့အရေးဆွေးနွေးပွဲလည်း တက်ခဲ့ဖူးပါတယ်ပေါ့။ (ဒါပေမယ့် တက္ကဆက်မှာမဟုတ်ပဲ နယူးယောက်မှာ တွေ့လို့ဖြစ်မယ်... “Jim beam ဝီစကီနဲ့ အမဲသားကင် မကျက်တကျက်အမြည်း” တော့ မစားခဲ့ရဘူး)😁
ဝီစကီအကြောင်းပြောမှ ကားက ရွာလည်ပြီး လမ်းကြောင်းတွေမှား၊ ကားတွေကများ၊ ကားရပ်မယ့်နေရာက ရှာမတွေ့နဲ့ Texas School Book Depository building ရှေ့ရောက်တော့ ညနေစောင်းနေပြီ၊ ကံက ဆိုးချင်တော့ လုံခြုံရေးအရ သေနတ်သမားပစ်တဲ့နေရာ ၆ ထပ်က အခန်းကို ဒီနေ့ ပိတ်ထားပါတယ်တဲ့။ ပြတိုက်တံခါးမှာ စာတန်းချိတ်ထားတာ တွေ့ရပါတယ်။
ပစ်တဲ့နေရာ ကြည့်ခွင့်မရတော့ အပစ်ခံရတဲ့နေရာ လမ်းမကြီးဘေးကို သွားကြည့်ရတာပေါ့...။ သမ္မတ ကနေဒီရဲ့ ယာဉ်တန်း Dealey Plaza လမ်းမကြီးပေါ်သွားနေစဉ် သေနတ်သမားက အဲဒီ ၆ ထပ်ကနေ လှမ်းပစ်တာတဲ့...
ဖြစ်စဉ်က ကြာပါပြီ၊ စာရေးသူ မမွေးခင်ကတည်းကပါ။ အမေရိကန်ရဲ့ ၃၅ နှစ်မြောက် သမ္မတ၊ သမိုင်းမှာ အသက်ငယ်ဆုံးသမ္မတ John Fitzgerald Kennedy (JFK) ဟာ ၁၉၆၃ နိုဝင်ဘာ ၂၂ မှာ ပစ်ခတ်ခံရတာလို့ ရေးထားတာတွေ့ရပါတယ်။
ဒါပေမယ့် ကြာခဲ့ပြီဆိုပေမယ့်...သမ္မတ ကနေဒီအတွက် အမှတ်ရလုပ်ထားတဲ့ ပန်းခြံငယ်လိုနေရာရှေ့မှာ ဓာတ်ပုံရိုက်ရတာတောင် ကိုယ်က ခပ်လန့်လန့်... သေနတ်ပစ်မှုတွေက အမေရိကားမှာ မကြာခန ဖြစ်နေတယ် မဟုတ်ပါလား။
လက်ရှိသမ္မတတောင် မဲဆွယ်ကာလတုန်းက နားရွက်ကို အပစ်ခံထားရတယ် မဟုတ်လား။ ပြီးတော့ လောလောဆယ် သူ့ကို ထောက်ခံသူ Charlie Kirk သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးသွားလို့ ကမ္ဘာ့သတင်းကြီးအဖြစ် ဟိုးလေးတကျော်ဖြစ်နေတယ် မဟုတ်လား။


တကယ်တော့ သေနတ်ပစ်ဖြေရှင်းတဲ့နည်းက ဟောလီးဝုဒ် ကားတွေထဲမှာပဲ ကောင်းပါတယ်။ လက်တွေ့မြေပြင်မှာကတော့ သေနတ်ထိန်းချုပ်ရေး၊ အယူအဆကွဲလွဲမှုတွေ၊ နိုင်ငံရေးကွဲလွဲမှုတွေကိုတွေ တွေ့ဆုံဆွေးနွေးတဲ့နည်းနဲ့ အဖြေရှာကြဖို့ ယဉ်ကျေးတဲ့ ကမ္ဘာကြီးက တိုက်တွန်းနိုးဆော်သင့်တယ် မဟုတ်ပါလား...။. ။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More