Thursday, April 11, 2024

“မြဝတီ ခလရ -၂၇၅ တပ်ရင်းကို KNLA သိမ်းပိုက်... အေလာလေယာဉ်ကွင်းကို ရှော့တိ...


“မြဝတီ ခလရ -၂၇၅ တပ်ရင်းကို KNLA သိမ်းပိုက်... အေလာလေယာဉ်ကွင်းကို ရှော့တိုက်ဒုံးနဲ့ပစ်... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၁၂- ၄- ၂၀၂၄)

ကရင်ပြည်နယ်၊ မြဝတီမြို့မှာ နောက်ဆုံးကျန်နေတဲ့ မြို့စောင့်တပ် ခလရ−၂၇၅ တပ်စခန်းကို ဧပြီ (၁၁) ရက်နေ့ မနက် ၄ နာရီခွဲခန့်မှာ အပြီးသိမ်းပိုက်လိုက်ပြီလို့ KNU ကရင့်အမျိုးသားအစည်းအရုံး ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

သင်္ကန်းညီနောင် ဗျုဟာလို လက်နက်ချအညံ့ခံရန် အခွင့်အရေးပေးခဲ့ပေမယ့် လက်မခံပဲ 
စစ်ကူတွေလာရောက်နိုင်ရေး ခုခံတိုက်ခိုက်တာကြောင့် ဧပြီ (၈) ရက်မှာ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရတယ်လို့ ကြေညာချက်က ဆိုပါတယ်။

(K.N.L.A) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်က ဦးဆောင်ပြီး ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က အခုလို သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

မြဝတီဒေသရှိ စစ်ကောင်စီ တပ်စခန်းအားလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပြီး ထွက်ပြေးနေတဲ့ အကြွင်းအကျန်တွေကို ရှင်းလင်းမှု ဆက်လက်လုပ်ဆောင်နေတယ်။ ပြည်သူလူထုတွေအနေနဲ့ ထိတ်လန့်ကြောက်ရွံ့မှုမရှိပဲ တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းလုပ်ဆောင်ရန် အသိပေးတယ်လို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

နေ့လယ်ပိုင်းထုတ်ပြန်တဲ့ နောက်ထပ်ကြေညာချက်တခုမှာတော့ ခလရ−၂၇၅ တပ်စခန်းကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ထိုင်း-မြန်မာနယ်စပ်ရှိ မြဝတီတံတားအမှတ် (၂) အောက်မှာ ပုန်းရှောင်နေတယ်လို့ KNU က ဓာတ်ပုံမှတ်တမ်းနဲ့တကွ ဖေါ်ပြထားပါတယ်။

စစ်ရှုံးတဲ့ စစ်ကောင်စီတပ်သားတွေဟာ ထိုင်းနိုင်ငံဖက် ခုံလှုံခွင့်ရရေးကြိုးစားနေပုံရပေမယ့် အခုချိန်အထိ (ဧပြီ ၁၁ ရက် ညနေပိုင်းအထိ) ထိုင်းဖက်က ဝင်ခွင့်မပေးသေးဘူးလို့ဆိုပါတယ်။ ဒါကြောင့် အဲဒီအနီးတဝိုက်ကို လူထုတွေ မသွားကြဖို့၊ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အချိန်မရွေးလုပ်နိုင်လာနိုင်တဲ့အတွက် လူထုတွေ သတိထားကြဖို့ KNU က သတိပေးထားပါတယ်။

ညနေပိုင်းဝင်လာတဲ့ ထိုင်းသတင်းတွေအရတော့ ထိုင်းဖက်က ဝင်ခွင့်မပေးသေးတဲ့အတွက် စစ်ကောင်စီတပ်သား ၁၀၀ ခန့်ဟာ တော်လှန်ရေးတပ်တွေ လာတိုက်မှာစိုးတဲ့အတွက် တံတားအောက်မှာ စာပွဲခုံတွေကို ကာဗာလုပ်၊ အရေးပေါ်ကတုတ်ကျင်းတွေတူးပြီး နေရာယူနေကြတယ်လို့ ဖေါ်ပြပါတယ်။

မနေ့ကဖေါ်ပြခဲ့တဲ့ မော်လမြိုင်-သထုံ-ဘားအံကနေ စစ်ကူ တက်လာနေတဲ့ သံချပ်ကာကားအပါဝင် ယာဉ်အစီး ၂၀ ကျော်နဲ့ အင်အား ၃၀၀ စစ်ကြောင်းကတော့ လမ်းတလျောက်မှာ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကိုခံနေရတယ်လို့ ဒေသတွင်း မီဒီယာတွေက ဖေါ်ပြပါတယ်။

အဲဒီ စစ်ကူအဖွဲ့ ကော့ကရိတ်၊ မြဝတီဖက်မရောက်ခင်မှာ မြဝတီဝန်းကျင်က တပ်စခန်းအားလုံးနဲ့ မြဝတီမြို့ကိုပါ တော်လှန်ရေးတပ်တွေက သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။

ဒါ့အပြင်...

- ကချင်ပြည်နယ် ကျောက်စိမ်းဒေသ ဖားကန့်မြို့နယ်၊ နန့်ယားကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို KIA နဲ့ မဟာမိတ်တွေက သိမ်းပိုက်...

- စစ်ကောင်စီဌာနချုပ် နေပြည်တော်ရှိ အေလာလေဆိပ်ကို ၁၀၇ ရှော့တိုက်ဒုံး ၇ လုံးနဲ့ တိုကခိုက်ခဲ့ပြီး စစ်ကောင်စီဖက်က ထိခိုက်သေဆုံးမှုရှိတယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က သတင်းထုတ်ပြန်...

... စတဲ့ သတင်းတွေကို စုစည်း တင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More