Friday, April 12, 2024

“မောင်တောက ကြိမ်ချောင်း ဗျူဟာကို AA သိမ်းပိုက်... ဖားဆောင်းမှာ စစ်ကောင်စ...


“မောင်တောက ကြိမ်ချောင်း ဗျူဟာကို AA သိမ်းပိုက်... ဖားဆောင်းမှာ စစ်ကောင်စီတပ်သား ၅၀ ကျော် ဖမ်းမိ... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၁၃- ၄- ၂၀၂၄)

ရခိုင်ပြည်နယ်၊ မောင်တောမြို့ ရှိ ကြိမ်ချောင်း ဗျူဟာစခန်းကြီးကို ဧပြီ (၁၂) ရက်မှာ အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီဖြစ်တယ်လို့ AA ရက္ခိုင့်တပ်တော်က သတင်းထုတ်ပြန်ပါတယ်။

ဒီစခန်းကို သိမ်းနိုင်ရေးအတွက် လနဲ့ချီ ဝန်းရံပိတ်ဆို့ခဲ့ပြီး မတ်လ ( ၂၃) မှာ ထိုးစစ် အရှိန် မြှင့်ဆောင်ရွက်ခဲ့တယ်။ အခု ဧပြီ ၁၂ ရက်နေ့မှ အပြီးသိမ်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ စခန်းသိမ်းတိုက်ပွဲအတွင်း ပေးဆပ်စွန့်လွှတ်ခဲ့ရသော အာရက္ခစစ်သည်တော်များကိုလည်း
လေးနက်စွာ ဂါရဝပြုပါတယ်လို့ ဖေါ်ပြထားပါတယ်။

ဒီစခန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀၀) ကျော်၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင် (၄၀၀) ခန့်နဲ့အတူ မိသားစုဝင်များ (၁၅၀) ခန့်ရှိနေပြီး ဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး မင်းစိုးနဲ့ ဒုဗိုလ်မှူးကြီး ရဲမှူးကြီး ဝင်းမြင့်အောင်တို့က ဦးဆောင်ပြီး အသေအလဲခုခံခဲ့တာဖြစ်တယ်လို့ AA က ပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဖက်က အလောင်းတွေ၊ သုံ့ပန်းတွေနဲ့အတူ
မိသားစုအချို့ကိုပါ ဖမ်းဆီးမီပြီး လက်နက်ခဲယမ်းများစွာလည်း သိမ်းမိတယ်လို့ ဖေါ်ပြပါတယ်။

တချိန်တည်းမှာပဲ အမ်း၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေမှာ တိုက်ပွဲပြင်းထန်နေပြီး  အမ်းမြို့ရှိ နပခ (အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်)၊ ဘူးသီးတောင်ရှိ အမှတ် ၁၅- စကခ
(စစ်ဆင်ရေးကွပ်ကဲမှူဌာနချုပ်) နဲ့ တောင်ကုတ်ရှိ စကခ (၅) အပါအဝင် လက်ကျန်စခန်းအားလုံးကို တစ်ခုမကျန် ဆက်လက်ထိုးစစ် ဆင်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

မနေ့က သီးခြားထုတ်ပြန်တဲ့ သတိပေးချက်တခုမှာတော့ သင်္ကြန်ကာလအတွင်း
လူစုလူဝေးမပြုလုပ်ကြဖို့ လူထုကို မေတ္တာရပ်ခံကြောင်း ဖေါ်ပြထားပါတယ်။

စစ်ရှုံးနေတဲ့ စစ်ကောင်စီက လူစုလူဝေးရှိတဲ့နေရာတွေကို လေယာဉ်နဲ့ ဗုံးကြဲနိုင်တဲ့အတွက် အခုလို မေတ္တာရပ်ခံတာဖြစ်ပြီး လူစုပြီး သင်္ကြန်ပွဲလုပ်တာ၊ အလှူပွဲလုပ်တာ၊ ဘုန်းကြီးကျောင်းမှာ လူစုတာ စသဖြင့် ရှောင်ရှားကြဖို့ နှိုးဆော်ထားပါတယ်။

ဒါ့အပြင်...

- ကရင်နီပြည်နယ်မှာတော့ ဘောလခဲမြို့ဘက်ကနေ ဖားဆောင်းမြို့ကို စစ်ကူပေးဖို့ တက်လာတဲ့ အင်အား ၁၀၉ ဦးပါ စစ်ကောင်စီ စစ်ကြောင်းတစ်ခုလုံး ချေမှုန်းခံလိုက်ပြီး ၅၈ ဦး အရှင်ဖမ်းမိ...

- မွန်ပြည်နယ်၊ ကျိုက်မရောမြိုနယ်၊ ကော့ဝမ်းကျေးရွာရှိ ပြည်သူ့စစ်စခန်းကို မွန်တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ပြီး လက်နက်ငယ် ၁၀ လက်နဲ့ လူ ၄ ဦးကို ဖမ်းဆီး...

- ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့မှာတော့ လွယ်ဂျယ်ကို KIA - ကချင်လွတ်လပ်ရေးတပ်က သိမ်းပိုက်ပြီးနောက် တရုတ်နယ်စပ်- နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး တရားဝင်တံခါးပေါက်ကို စတင်ဖွင့်လိုက်ပြီး KIO ရဲ့ အုပ်ချုပ်ရေးယန္တရား ဧပြီ ၁၂ ရက်မှာ စတင်လည်ပတ်နေ...

- ထိုင်းနယ်စပ်ရှိ ကရင်ပြည်နယ်၊ မြဝတီမြို့အခြေအနေကတော့ တရုတ်နယ်စပ် လွယ်ဂျယ်လို ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။ မြဝတီ-မဲဆောက် အမှတ် ၁ တံတားကို ပုံမှန်ဖွင့်ထားတယ်ဆိုပေမယ့် မြဝတီကို ဘယ်အဖွဲ့က အုပ်ချုပ်နေသလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတား အမှတ် ၂ အောက်မှာလည်း ခလ၇ ၂၇၅ က ထွက်ပြေးလာတဲ့ စစ်သား ၁၀၀ ခန့် ဆက်လက်ရှိနေဆဲဖြစ်တယ်လို့ နယ်စပ်သတင်းတွေက ဖေါ်ပြပါတယ်။ ညနေပိုင်းမှာတော့ တော်လှန်ရေးတပ်တွေဖက်ကနေ အဲဒီစစ်သားတွေ ပုန်းအောင်းနေတဲ့နေရာကို ဒရုန်းနဲ့တိုက်ခိုက်မှုလုပ်တယ်လို့ဆိုပါတယ်။ 

တခါ စစ်ကောင်စီ လေယာဉ်တစီး ပျံသန်းလာပြီး ခလရ ၂၇၅ နေရာဟောင်းကို ဗုံးကြဲသွားတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။ 

... စတဲ့ သတင်းတွေကို စုစည်း တင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More