Tuesday, April 2, 2024

“လွယ်ဂျယ်ရဲစခန်းကို KIA သိမ်းပိုက်... သင်္ကန်းညီနောင်တိုက်ပွဲမှာ စကစ အထိ...


“လွယ်ဂျယ်ရဲစခန်းကို KIA သိမ်းပိုက်... သင်္ကန်းညီနောင်တိုက်ပွဲမှာ စကစ အထိနာ...နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၃- ၄- ၂၀၂၄)

ကချင်ပြည်နယ်၊ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးမြို့က စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်တွေ စခန်းကို စွန့်ခွာထွက်ပြေးသွားတဲ့အတွက် ရဲစခန်းအပါဝင် အရေးပါတဲ့နေရာအတော်များများကို KIA ကချင်လွတ်လပ်ရေးတပ်နဲ့  မဟာမိတ်တွေက ဝင်ရောက် နေရာယူထားလိုက်ပြီလို့ ဒေသတွင်းမီဒီယာ The 74 Media က ဖေါ်ပြပါတယ်။

မတ်လ ၂၈ မှာကတည်းက လွယ်ဂျယ်မြို့ကို  KIA က စတင်ပိတ်ဆို့ထားတာပါ။ ဧပြီ ၁ ရက် ညနေ ၅ နာရီခန့်မှာတော့ ရဲတွေက စခန်းကိုစွန့်ပြီး စစ်တပ်စခန်းဆီထွက်ပြေးသွားတယ်။ မနေ့က မနက် ၇ နာရီမှာ ရဲခစန်းကို KIA က ဝင်ရောက်ရှင်းလင်းခဲ့တယ်လို့ဆိုပါတယ်။

တရုတ်နယ်စပ်နားကပ်နေတဲ့ စစ်တပ်စခန်းကိုတော့ KIA က ဝင်ရောက် တိုက်ခိုက်တာမရှိသေးပါဘူး။ အစောပိုင်းသတင်းတွေအရဆိုရင်တော့ တရုတ်က ဖိအားပေးတဲ့အတွက် KIA ဖက်က လွယ်ဂျယ်မြို့ထဲ တိုက်ပွဲမဖြစ်အောင် ထိန်းနေတာဖြစ်ပြီး စစ်ကောင်စီတပ်တွေ လက်နက်ချအောင် ဖိအားပေးနေတာလို့ ဒေသတွင်း မီဒီယာတွေက ဖေါ်ပြပါတယ်။

တချိန်တည်းမှာပဲ မိုးမောက်မြို့နယ်၊ ကျောက်စခန်းကျေးရွာအနီးရှိ အူဒန်ဘွမ် စစ်ကောင်စီ တပ်စခန်းကို မနေ့ညနေ ၆ နာရီခန့်မှာ (KIA) နဲ့ မဟာမိတ်တွေက သိမ်းပိုက်လိုက်ပြိလည်း  ဖေါ်ပြပါတယ်။

မိုးမောက် - လွယ်ဂျယ် ကားလမ်းပေါ်ရှိ စိန်လုံတောင်နဲ့ ယော်ယုံတောင်အပါဝင် စခန်း ၁၂ ခုကိုသိမ်းပြီးတဲ့နောက် အခု မိုးမောက်မြို့ဖက်က စခန်းတွေကို ဆက်သိမ်းမယ့်သဘောရှိနေတယ်လို့ The 74 Media က ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- ကရင်ပြည်နယ် မြဝတီ/ သင်္ကန်းညီနောင်မှာ KNLA ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်နဲ့ မဟာမိတ်တွေ သိမ်းပိုက်ထားတဲ့ ခမရ (၃၅၅) တပ်စခန်းကို ပြန်လည်ရရှိရေး စစ်ကူလာတဲ့စစ်ကောင်စီ စစ်ကြောင်းကို KNLA -နဲ့ မဟာမိတ်တွေက ကြားဖြတ် တိုက်ခိုက်တဲ့အတွက် စစ်ကောင်စီဖက်က ၂၀ သေဆုံးပြီး လက်နက်ကြီး-ငယ် ၂၀ နီးပါးသိမ်းမိ...

- ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းကို ဆက်ထားတဲ့ အမ်း-ပဒါန်း ကားလမ်းကို ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်တယ်လို့  AA ရခိုင်တပ်တော်က အရေးပေါ် သတင်းထုတ်ပြန်...

- ရေစကြိုအခြေစိုက်  ခလရ ၂၅၈ တပ်က စစ်သားတွေလိုက်ပါလာတဲ့ အိမ်စီးကားကို ဒေသခံတော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်တဲ့အတွက် ၃ ဦးသေပြီး လက်နက်ငယ် ၂ လက် သိမ်းမိ...

- မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မသကျေးရွာက မီးဘေးသင့် နေအိမ် ၃၀၀ ကျော်ကို ကူညီရေးအတွက် ထိုင်းလက်ရွေးစဉ် လူငယ်ဘော်လုံးသမားတဦးက သူရဲ့ ဘော်လုံးကန်အကျီကို လေလံတင်ရောင်းချရာ ဘတ်ငွေ ၃၆ ၅၀၀ အထိရ...

... စတဲ့ သတင်းတွေကို စုစည်း တင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More